အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အပိုင်း (၁၆၃) ရင်ဆိုင်ရခက်ခဲသူ
လက်ဖက်ရည် ဆက်သပြီးသွားသောအခါ လုမင်ယွိသည် လီကျင့်နှင့်အတူ ဘိုးဘေးဘုရားကျောင်းတော်သို့ လိုက်ပါသွားပြီး ဘိုးဘေးများကို ပူဇော်ကန်တော့ခဲ့သည်။ လီမျိုးနွယ်၏ မျိုးရိုးစဥ်ဆက် မှတ်တမ်းစာအုပ်ထဲတွင် မှတ်တမ်းတစ်ခု ထည့်သွင်းလိုက်လေသည်။ အဆင့်ဆင့် ပြုလုပ်ပြီးသွားသည့်နောက် လုမင်ယွိသည် တရားဝင် ဒုတိယမင်းသားကြင်ရာတော်တစ်ပါး ဖြစ်လာတော့၏။
ဒီနေ့ မွန်းတည့်ချိန် နန်းတွင်းစားသောက်ပွဲကို ကျောင်းဖန်နန်းဆောင်တွင် တည့်ခင်းကျင်းပလေသည်။
မယ်တော်ကြီးကျောက်ကတော့ စိတ်အလိုမကျသဖြင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သည်ဟု အကြောင်းပြကာ တက်ရောက်လာခြင်း မရှိချေ။ မယ်တော်ကြီးကျောက်သည် အေးစက်ခြင်းနှင့် မနှစ်သက်ခြင်းကို သိသိသာသာ ပြသခဲ့လေသည်။ အိမ်တော်သို့ အသစ်ဝင်ရောက်လာသည့် မင်းသားကြင်ရာတော်တစ်ပါးအတွက် ပျော်ရွှင်ဖွယ်ရာ ကိစ္စတစ်ခုမဟုတ်သည်မှာ သိသာပေသည်။ သို့သော်ငြား လုမင်ယွိကတော့ တည်ငြိမ်ပြီးရင်း တည်ငြိမ်လို့နေ၏။
အမှန်ဖြစ်စေ ဟန်ဆောင်သည်ဖြစ်စေ လူတိုင်းကိုတော့ အံ့သြသွားရစေလေသည်။
နန်းတွင်းစားသောက်ပွဲသည် လူနှစ်ဦးအတွက် ကျင်းပပေးခြင်းဖြစ်ကာ သတို့သား သတို့သမီးအသစ်များ ဖြစ်ကြသည့် လုမင်ယွိနှင့် လီကျင့်တို့ကလဲ သဘာဝကျကျပင် တနေရာတည်းတွင် ထိုင်လိုက်ကြ၏။ လီကျင့်က လုမင်ယွိအတွက် မကြာခဏဆိုသလို ဟင်းများညှပ်ထည့်ပေးနေသဖြင့် မကြာခင်မှာပင် ပန်းကန်လုံးတွင် ပြည့်လျှံသွားလေတော့သည်။
ဟွေ့အန်းကုန်းကျူက ထိုအကြောင်းအရာကို မြင်တွေ့လိုက်ရပြီး အမှန်ပင် စိတ်ထဲ၌ မရွှင်မပျဖြစ်သွားလေတော့သည်။ ယခင်က မောင်နှမနှစ်ဦးကြားက ဆက်ဆံရေးသည် အမြဲတမ်း ကောင်းမွန်လာခဲ့၏။ လုမင်ယွိ ပေါ်ပေါက်လာပြီးကတည်းက သူမနှင့် လီကျင့်တို့ကြားတွင်လည်း မကြာခဏ အငြင်းပွားစရာများ ဖြစ်လာခဲ့သည်။ ...
အငြင်းပွားသည်ဟု ဆိုရသည်လျှင်လဲ အမှန်တွင်တော့ သင့်တော်လှသည် မဟုတ်ပေ။
အမှန်တွင်တော့ သူမက ပါးစပ်ဖွင့်ကာရန်ရှာခြင်း သို့မဟုတ် အပြစ်ရှာသည့်အချိန်တိုင်း မောင်အရင်းဖြစ်သူက ပြန်လည်ချေပခြင်းကို ခံခဲ့ရခြင်းပင်။ ထိုအထဲက မကျေမနပ် ဖြစ်ရသည့် ခံစားချက်ကိုတော့ ပြောရန်ပင်မလိုတော့ချေ။
"ကုန်းကျူ ဒါက မင်း အကြိုက်ဆုံး ငန်းခြေထောက်ချက်လေ"
ဝူဖုမာက တိုးညင်းစွာရယ်မောရင်း ပြောလာသည်။ "ကို မင်းအတွက် အများကြီး ညှပ်ထည့်ထားပေးတယ်။ ဖြည်းဖြည်းချင်းစားနော်"
ဟွေ့အန်းကုန်းကျူသည် သတိပြန်ဝင်လာပြီး ပန်းကန်လုံးအပြည့်အလျှံ ဖြစ်နေသည့် ငန်းခြေထောက်ချက်ကို မြင်လိုက်ရသောအခါ ဒေါသထွက်ချင်သလို ရယ်လဲရယ်ချင်သွားတော့သည်။ "ကျွန်မအတွက် ဒီလောက်အများကြီး ညှပ်ထည့်ပေးစရာ လိုလို့လား။ ကျွန်မကို အစားပုတ်များ မှတ်နေလို့လား!"
ဝူဖုမာကလဲ တိုးညင်းစွာ ရယ်မောလိုက်လေသည်။ "မင်းက အာ့တိတို့ဘက်ကို တစ်ချိန်လုံးကြည့်နေတော့ စိတ်ထဲမှာ အာကျနေတာ သိသာတယ်လေ။ ကိုယ်က မင်းရဲ့ယောက်ျားပဲ။ အာ့တိကို ရှုံးလို့ဘယ်ဖြစ်မလဲ"
ဟွေ့အန်းကုန်းကျူက ခပ်တိုးတိုး ရယ်မောလိုက်ကာ ဝူဖုမာကို ဆွဲလိမ်လိုက်လေသည်။
ဝူဖုမာကလဲ ဟန်ဆောင်ပန်ဆောင် တွန့်သွားသလို ပြုလုပ်ပြလိုက်၏။
ဇနီးမောင်နှံနှစ်ယောက်၏ သံယောဇဥ်က မည်သို့မည်ပုံ ရှိသည်ကိုတော့ တစ်ချက်ကြည်ရုံနှင့် သိနိုင်လေသည်။
လုမင်ယွိသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
ဟွေ့အန်းကုန်းကျူက ဗိုလ်ကျပြီး အနိုင်ကျင့်တတ်တယ်။ ဒါကလဲ လူတိုင်းသိကြတာပဲ။ ဝူဖုမာကတော့ ဟွေ့အန်းကုန်းကျူနဲ့ အပေးအယူမျှမျှ နေနိုင်တာက တော်တော်လေးကို ခက်ခဲမှာပဲ။
ပထမမင်းသားကြင်ရာတော်သည်လဲ သည်မြင်ကွင်းကို ကြည့်ရှုပြီး မြန်မြန်ခေါင်းငုံ့ထားလိုက်လေသည်။ သူမ၏ဘေးက မင်းသားကတော့ မျက်လုံးမှိတ်ပြကာ ပြုံးရင်း ပထမမင်းသားကြင်ရာတော်၏ ပန်းကန်လုံးထဲသို့ ဟင်းလျာများကို ခပ်ထည့်ပေးလိုက်တော့သည်။ "မင်းလဲ အခုတလော အများကြီးပိန်သွားတယ်။ များများစားနော်"
ပထမမင်းသားကြင်ရာတော်က ပြုံးကာ သူ့ကိုပျော့ပျောင်းစွာဖြင့် ကျေးဇူးတင်စကား ပြောလေသည်။ "အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်"
ပြီးခဲ့သည့် ၆လအတွင်းတွင် ပထမမင်းသားကြင်ရာတော်သည် ပထမဆုံး ကိုယ်ဝန်ပျက်ကျခဲ့သည်။ ထို့နောက်တွင်တော့ ဆက်တိုက်ဆိုသလို နာမကျန်းဖြစ်ခဲ့လေသည်။ နန်းတွင်းအပျိုတော်ယန်၏ ကိုယ်ဝန်ကလဲ လေးလကျော်လာပြီဖြစ်၏။ နန်းတော်ထဲတွင် သွေးခုန်နှုန်းစမ်းသပ်ရာ နန်းတွင်း တော်ဝင်သမားတော်က နန်းတွင်းသူယန်၏ ကိုယ်ဝန်က သားယောက်ျားလေးဖြစ်ကြောင်း စမ်းသပ်သိရှိခဲ့ရပြီးဖြစ်၏။
ပထမမင်းသားသည် အလွန်ပျော်ရွှင်သွားပြီး မကြာခဏဆိုသလို ယန်ရှီနန်းဆောင်သို့ သွားရောက်ကာ ဂါရဝပြုရင်း နန်းတွင်းအပျိုတော်ယန်ကို အခါအခွင့်သင့်တိုင်း သွားရောက်ကြည့်ရှုလေသည်။
သို့သော်ငြား ပထမမင်းသားသည် ကြင်ရာတော်အပေါ်တွင်တော့ မဆိုးလောက်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ လူရှေ့တွင် နွေးထွေးစွာ သတင်းမေးမြန်းပြီး ဂရုစိုက်ပေးတတ်၏။
...
နန်းတွင်းစားသောက်ပွဲ ပြီးဆုံးသွားသောအခါ ယုံးကျားဧကရာဇ်သည် ဝမ်ဟွားနန်းဆောင်သို့ ပြန်လာပြီး တိုင်းပြည်အရေးကိစ္စများကို ပြန်လည်ဖြေရှင်းခဲ့လေ၏။
မုန့်ကွေ့ဖေးနှင့် တခြားသူများကလဲ တစ်ဦးပြီးတစ်ဦး ထရပ်ကာ နှုတ်ဆက်ထွက်ခွာသွားကြတော့သည်။
နောက်ဆုံးတွင်တော့ ကျောင်းဖန်နန်းဆောင်ထဲတွင် မပြန်သေးဘဲ ကျန်ရစ်နေသူမှာ လုမင်ယွိ၊ လီကျင့်၊ ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သာ ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် တနေ့လုံး စိတ်တင်းကြပ်နေခဲ့ရသော်ငြားလည်း ဒီအခိုက်အတန့်မှာ စိတ်ကို ဖြေလျော့နိုင်လေတော့၏။
ချောင်မိဖုရားခေါင်က ပြုံးကာ ဖွင့်မပြောရသေးခင်မှာပင် ဟွေ့အန်းကုန်းကျူက ပါးစပ်ဖွင့်ကာ လုမင်ယွိကို ပြောလိုက်တော့၏။"လုမင်ယွိ နင် ဘယ်က သတ္တိတွေရလာတာလဲ။ အဘွားတော်ကိုတောင် ဒီလောက်မရိုမသေလုပ်ရဲတယ်"
ကြားရသည့်လေသံက တော်တော်လေးကို ရိုင်းပျလို့နေသည်။
လီကျင့်၏မျက်နှာမှာ မသိမသာ ညိုမည်းသွားကာ ပြန်ချေပတော့မည် ပြင်လိုက်၏။ လုမင်ယွိက သူ့ကို အကြည့်ဖြင့် လှမ်းတားလိုက်တော့သည်။
ဟွေ့အန်းကုန်းကျူကတော့ ကျေးဇူးမတင်သည့်အပြင် သူမက လီကျင့်ကိုပါ ဒေါသဖြင့် စိုက်ကြည့်လိုက်သေးသည်။ "မိန်းမယူလို့ အိမ်ထဲဝင်လာတာတောင် မကြာသေးဘူး။ နင်က နေရာတကာ သူ့ဘက်က လိုက်နေပြီး ငါဆိုတဲ့ အစ်မလုပ်တဲ့သူက တစ်ခွန်းလေးတောင်မှ ပြောလို့မရဘူးလား"
"အဘွားတော်ကလဲ ဒီနေ့လိုမျိုး ဒီလိုအခက်တွေ့အောင် မလုပ်သင့်ဘူးလေ။ ဒါပေမဲ့ သူကလဲ အမြဲတမ်း ဒီလို အကျင့်စရိုက် ရှိနေတာပဲ။ ဒီလောက် နှစ်တွေအကြာကြီး မူဟုပ်ကတောင်မှ သီးခံပြီး အလျော့ပေးခဲ့တာ။ ငါတို့မောင်နှမတွေလဲ အကြောင်းအရင်းကို သိနေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖုဟွမ်က အမြဲတမ်း သိတတ်လိမ်မာပြီး ဘယ်သူ့ကိုမှ အဘွားတော်ကို ဆန့်ကျင် မရိုမသေလုပ်တာမျိုး ခွင်မပြုထားလို့ပဲ"
"ဟွမ်ကျဲရဲ့စကားက ကျိုးကြောင်းဆီလျော်ပါတယ်" လုမင်ယွိကလဲ အလျင်မလိုဘဲ ပြန်ဖြေလိုက်လေသည်။ "ကျွန်မကလဲ ဒီအချက်ကိုပဲ ထည့်သွင်းစဥ်းစားမိလို့ ဒီနေ့မှာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့ပြီး ရိုသေကိုင်းရှိုင်းနေခဲ့တာပါ"
ဟွေ့အန်းကုန်းကျူ "...”
ဟွေ့အန်းကုန်းကျူသည် "နူးညံသိမ့်မွေ့ပြီး ရိုသေကိုင်းရှိုင်း" ဟူသည့် စကားလုံးကြောင့် အနည်းငယ်ဆွံ့အသွားကာ ဒေါသထွက်မည်လား။ ရယ်မောရမည်လားပင် မသိတော့ချေ။
ချောင်မိဖုရားခေါင်ကတော့ ချောင်းတစ်ချက် ဟန့်လိုက်ကာ ပြောလိုက်လေသည်။ "ဟွေ့အန်း အရင် ဆုံးမလောနဲ့ဦး။ လုရှီက အခုမှ ဝင်လာကာစ နင့်ရဲ့ဘွားတော်ရဲ့စရိုက်ကို မသိသေးတော့ တကယ်ပဲ နည်းနည်း လွန်သွားတာတော့ရှိတယ်။ ဒါပေမဲ့ နင့်ဖုဟွမ်က အရေးယူခဲ့တာ မဟုတ်ဘူး။ ဒီကိစ္စကလဲ ပြီးသွားခဲ့ပြီ။ ထပ်မပြောနဲ့တော့!"
ဟွေ့အန်းကုန်းကျူသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဒေါသများက ထောင်းခနဲ ထွက်လာတော့သည်။ "မူဟုပ် မူဟုပ်ကလဲ သူ့ဘက်လိုက်နေတာလား။ ဖုယွမ်က အရေးမယူခဲ့ပါဘူး။ ဒါပေမဲ့ မနက်တုန်းက ဖုယွမ်ရဲ့မျက်နှာ ဘယ်လောက်တောင်မှ ပျက်ယွင်းသွားသလဲဆိုတာ မူဟုပ်လဲ မြင်သားပဲ!"
အခြေအနေ မကောင်းတော့သည်ကို တွေ့ရသည်တွင် ဝူဖုမာသည် ဟွေ့အန်းကုန်းကျူ ၏.အင်္ကျီလက်စကို လှမ်းဆွဲလိုက်လေသည်။ ဟွေ့အန်းကုန်းကျူက ဒေါသထွက်နေသဖြင့် မျက်နှာကိုလှည့်ကာ အော်ဟစ်လိုက်တော့၏။ "ရှင်က ဘာဖြစ်လို့ ကျွန်မအင်္ကျီကို လာဆွဲနေရတာလဲ"
ဝူဖုမာသည် အမှန်တကယ် သဘောထားကောင်းလှပြီး ရယ်ပင် ရယ်နိုင်သေးသည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ အခုလွှတ်လိုက်ပါပြီ"
ဟွေ့အန်းကုန်းကျူသည် ရုတ်တရက် ပြန်လှည့်လာပြီး ဒေါသတကြီးဖြင့် ဆက်ပြေလေသည်။ "ကျွန်မ ပြောတာ ဘာမှားလို့လဲ။ မူဟုပ်က ပုံမှန်ဆိုလျှင် အမြဲတမ်း အရမ်းကို ကြောက်ရွံ့နေတတ်တာ။ အာ့တိကလဲ နူးညံ့သိမ်မွေ့ပြီး နိမ့်နိမ့်ချချရှိတယ်။ ဒါပေမဲ့ အခုတော့ သူ့မှာ အရမ်းကို အင်းအားကြီးတဲ့ သူရှိလာတော့ အဘွားတော်နဲ့တောင်မှ ထိပ်တိုက်ရင်ဆိုင်ရဲတယ်။ ဒီအတိုင်းဆက်သွားနေရင် အနှေးနဲ့အမြန် ပြဿနာတွေ ဖြစ်လာတော့မှာပဲ!"
ချောင်မိဖုရားခေါင်သည် ဒေါသကြီးလွန်းသည့် သမီးဖြစ်သူကို ဘာမှမတတ်နိုင်တော့သဖြင့် စိတ်ရှည်ရှည်နှင့် ချောမော့ရန်သာ ပြင်ဆင်ရတော့သည်။ ထိုအချိန်မှာပင် လုမင်ယွိက ဝင်ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ဟွမ်ကျဲ ကျွန်မက မူဟုပ်နဲ့ အရှင်မင်းသားကို ဒုက္ခပေးမှာ စိုးရိမ်နေတာပါ"
ဟွေ့အန်းကုန်းကျူကလဲ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဟုတ်တယ်လေ! နင်ကတော့ စိတ်ကျေနပ်အောင် ဒေါသထွက်လိုက်ရပြီး အဘွားတော်ကတော့ ဖုဟွမ်ရဲ့ နားထဲမှာ သေချာပေါက် တတွတ်တွတ် ပြောနေတော့မှာပဲ။ နောက်ဆုံးကျတော့လည်း ဒီအပြစ်က မူဟုပ်နဲ့ အာ့တိတို့အပေါ်ပဲ ကျရောက်လာမှာ မဟုတ်ဘူးလား"
လုမင်ယွိကလဲ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "ဟွမ်ကျဲက ဆန့်ကျင်ဘက်တွေ ပြောနေပြန်ပါပြီ။ တကယ်လို့ ကျွန်မကသာ ဒေါသကို မျိုသိပ်ပြီး သည်းခံခဲ့မယ်ဆိုရင် အဲဒါကမှ မူဟုပ်နဲ့ အရှင်မင်းသားကို ဒုက္ခပေးရာရောက်သွားမှာပါ"
"ဒီနေရာမှာ အပြင်လူမရှိဘူး။ ဒီတော့ ကျွန်မ ပွင့်ပွင့်လင်းလင်းနဲ့ပဲ ပြောလိုက်မယ်။ အဘွားတော်ရဲ့ ဒီနေ့အပြုအမူက ဘယ်လိုမှ မတော်တဆဖြစ်တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က ကြားထဲကနေ လှုံ့ဆော်ပေးတာ သေချာတယ်။ တကယ့် ရည်ရွယ်ချက်က အသစ်ဝင်လာတဲ့ မင်းသားကြင်ရာတော်ဖြစ်တဲ့ ကျွန်မကို အရှက်ခွဲဖို့။ ပြီးတော့ တဆက်တည်းမှာ မူဟုပ်နဲ့ အရှင်မင်းသားကို ဖိနှိပ်ထားဖို့ပဲ"
"မူဟုပ်က အလယ်နန်းဆောင်ရဲ့ မိဖုရားခေါင်။ ဖုဟွမ်ရဲ့ တရားဝင် ပထမဇနီးပဲ။ အရှင်မင်းသားက ဖုဟွမ်ရဲ့ တရားဝင်သားတော် အဆင့်အတန်းက တခြားမင်းသားတွေထက် ပိုပြီးတော့ မြင့်မြတ်သာလွန်တယ်"
"ဇနီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက လင်ယောက်ျားအပေါ်မှာ မူတည်တယ်။ ကျွန်မက ဒုတိယမင်းသား ကြင်ရာတော်ရဲ့ အင့်အတန်းက ပထမမင်းသားကြင်ရာတော်နဲ့ မကြာခင် ဝင်ရောက်လာတော့မဲ့ တတိယမင်းသားနဲ့ စတုတ္ထမင်းသား ကြင်ရာတော်တို့တွေထက် ပိုပြီးတော့မြင့်မြတ်တယ်"
"ကျွန်မက ဝင်လာလာချင်းမှာပဲ လူတွေ ဒုက္ခပေး အနိုင်ကျင့်တာကို ဒီအတိုင်း ခံနေရမယ်ဆိုရင် နောက်ကျရင် ဘယ်လိုလုပ်ပြီးတော့ ခေါင်းမော့ပြီးနေနိုင်ပါတော့မလဲ"
"ကျွန်မက အစကတည်းက နေရာတကာ အလျှော့ပေးနေမယ်ဆိုရင် နောက်ကျရင် ဘယ်သူမဆို ကျွန်မကို လာပြီးတက်နင်းသွားလို့ ရတော့မှာပေါ့"
"ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ဘယ်သူက အလယ်နန်းဆောင်ရဲ့ တရားဝင်မျိုးဆက်ကို မျက်စိထဲထည့်တော့မှာလဲ!"
ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် မေးခွန်းများက ဟွေ့အန်းကုန်းကျူကို ဆွံ့အသွားစေတော့သည်။
ချောင်မိဖုရားခေါင်၏ အမူအယာသည်လဲ မသိမသာ ညှိုးငယ်သွားတော့၏။
လီကျင့်သည် သူ၏ ဇနီးအသစ်လေးကို စိုက်ကြည့်ရင်း ဘာမှမပြောချေ။
သူသည် လုမင်ယွိ၏ စိတ်ကူးကို နားလည်ပြီးသာ ဖြစ်လေသည်။
နန်းတော်ညီလာခံက ယောက်ျားတွေရဲ့ စစ်မြေပြင်ပဲ။ တိုင်းပြည်ရဲ့အရေးကြီးကိစ္စတွေ ရှုပ်ထွေးတဲ့ နိုင်ငံရေးအလုပ်တွေ အရပ်ဘက် စစ်ဖက်မှူးမတ်တွေနဲ့ ဆက်ဆံရတာ။ ဒါတွေကလဲ ပြုလုပ်ရမဲ့အလုပ်တွေပဲ။
အနောက်နန်းဆောင်ကတော့ အမျိုးသမီးတွေရဲ့ စစ်မြေပြင်။
သူက အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ ကူညီပေးဖို့တောင် မလိုဘူး!
သူမရဲ့ဘေးမှာ သူရပ်နေသရွေ့ လုံလောက်နေပြီ။
လုမင်ယွိ၏ မျက်ဝန်းများသည် တောက်ပနေပြီး သူမ၏ အသံသည်လဲ ဆုံးဖြတ်ချက် ပြတ်သားကာ ခိုင်မာလို့နေသည်။ "ဒါကြောင့် အစကတည်းက ကိုယ်ရဲ့ထက်မြက်တဲ့အရည်အချင်းကို ထူတ်ပြထားရမယ်။ အခုချိန်ကစပြီး ကျွန်မကို ပြဿနာ လာရှာချင်တဲ့သူတိုင်းက သူတို့မှာ အရည်အချင်းရှိရဲ့လားဆိုတာကို အရင်ဆုံး စဥ်းစားကြည်ရလိမ့်မယ်"
"ကျွန်မက ပြဿနာရှာလို လွယ်တဲ့သူမဟုတ်ဘူးဆိုတာ အားလုံး ကသိသွားရင် ဘယ်သူကမှလည်း ကျွန်မကို.လာပြီးတော့ ရှာရဲတော့မှာ မဟုတ်ဘူး"
...
အပိုင်း (၁၆၄) ရင်ဆိုင်ရခက်သူ
နောက်ဆုံးစကားက အဓိပ္ပါယ် နှစ်ခွ ဖြစ်နေတော့သည်။
ဟွေ့အန်းကုန်းကျူး သည် နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။
အစ်မတော်ဖြစ်သည့် သူမက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကာ အိမ်တော်သို့ အသစ်ဝင်လာသည့် ယောက်မတော်က အရှက်အကြောက်ကြီးပြီး အနိုင်ကျင့်ရလွယ်ကူသည်မဟုတ်ဟု ပြောနေခြင်းသာ ဖြစ်တော့သည်။
ဟွေ့အန်းကုန်းကျူသည် အလိုလိုက် အကြိုက်ဆောင်ခံရခြင်းဖြင့် ကြီးပြင်းလာခဲ့သူဖြစ်၏။ သူမသည် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ကာ အထိန်းအကွပ်လဲ မဲ့လွန်းလှသည်။ တခြားသူများကသာ သူမကို အမြဲတမ်း အလျှော့ပေးရလေသည်။ မထင်မှတ်ဘဲ ယနေ့တွင်တော့ ပိုပြီးရင်ဆိုင်ရခက်သူနှင့် တွေ့ကြုံလာရ၏။
ပိုပြီးဒေါသထွက်စရာကောင်းသည်မှာ သူမ၏ မောင်တော်လီကျင့်က သူ့ဇနီးအသစ်လေးဘက်သို့ တစ်စိတ်တစ်ဝမ်းတည်း ပါဝင်နေခြင်း ဖြစ်တော့သည်။ ချောင်မိဖုရားခေါင်ကပင် ခေါင်းညိမ့်ကာ သဘောတူလိုက်၏။ "လုရှီ ပြောတာမှန်တယ်။ ဒီလိုပဲဖြစ်သင့်တယ်"
ဟွေ့အန်းကုန်းကျူ "..."
ချောင်မိဖုရားခေါင်က တစ်ဖက်လှည့်လာကာ ဟွေ့အန်းကုန်းကျူကို ပြောလိုက်လေသည်။ "ဟွေ့အန်း အချိန်လဲ မစောတော့ဘူး။ အိမ်တော်ပြန်ပြီးတော့ အရင်ဆုံး နားလိုက်အုံး။ မနက်ဖြန်မှ နန်းတော်ထဲကို ဂါရဝပြုဖို့ပြန်လာခဲ့"
ဟွေ့အန်းကုန်းကျူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးအဝိုင်းသားဖြစ်သွားတော့သည်။
မူဟုပ်က သူမကို မောင်းထုတ်နေတာလား။
ချောင်မိဖုရားခေါင်က ဟွေ့အန်းကုန်းကျူ၏ လက်ခုံလေးကို အသာအယာပုတ်ကာ နှစ်သိမ့်ပေးလိုက်တော့လေသည်။ "လုရှီက အခုမှ အိမ်တော်ထဲဝင်လာကာစ နန်းတော်ထဲက အခြေအနေတွေနဲ့ မရင်းနှီးသေးဘူး။ မူဟုပ်က သူ့ကို အကြံညာဏ်တစ်ချို့ ပေးချင်သေးတယ်။ မင်းလဲ ဘေးကနေနားထောင်လဲ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဒီတော့ စောစောပြန်ပြီးနားလိုက်တာ ပိုကောင်းတယ်"
အချိန်တိုင်းအပြစ်ရှာနေခြင်းကလဲ သက်သာသွားပေလိမ့်မည်။
အဓိကအချက်ကတော့ ရန်ပွဲတွင်ကျရှုံးခဲ့ပြီး အမူအယာကလဲ အနည်းငယ်ကြည့်ရဆိုးနေခြင်းပင်။ ဒီအတိုင်း ရှောင်ရှားလိုက်ခြင်းသာ ပိုကောင်းလိမ့်မည်။
ဟွေ့အန်းကုန်းကျူသည် ခဏလောက်တော င့်တားသွားသော်ငြား နောက်ဆုံးတော့လည်း အရင်ဆုံး ပြန်သွားလေတော့သည်။
ဟွေ့အန်းကုန်းကျူသည် ကျောင်းဖန်နန်းဆောင်က ထွက်လာချိန်တွင် သူမ၏ ခြေလှမ်းများက အလွန်လျင်မြန်နေခြင်းတော့ မဟုတ်ချေ။ သူတို့သည် နန်းတော်တံခါးဝသို့ ရောက်လာချိန်တွင် သူတို့၏ ခြေလှမ်းများက ပိုလို့ပင် မြန်ဆန်လာလေတော့သည်။ ကံအားလျော်စွာ ဝူဖုမာက ဟွေ့အန်းကုန်းကျူ၏ ခြေလှမ်းအတိုင်း အမြဲတမ်းအမြန်လိုက်နိုင်ပြီး လှည်းပေါ်သို့ တူတူတက်နိုင်ခဲ့၏။
"ကုန်းကျူ စိတ်မဆိုးပါနဲ့ ..."
"ရှင့်ပါးစပ်ပိတ်ထား!"
လင်မယားနှစ်ယောက်သည် တပြိုင်တည်း ဖွင့်ပြောလိုက်ကြလေသည်။
ဟွေ့အန်းကုန်းကျူသည် ရင်ထဲတွင် မွန်းကျပ်နေပြီး ဒီအခိုက်အတန့်တွင် ဝူဖုမာ၏ ချောမောလှသည့် မျက်နှာကိုပင် ရိုက်ပစ်ချင်စိတ် ဖြစ်နေတော့၏။"ရှင်က ကျွန်မဘက်ကလား ဒါမှမဟုတ် လုမင်ယွိဘက်ကလား"
ဝူဖုမာက ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။ "ကုန်းကျူ ဘယ်လိုလုပ်ပြီးတော့ ဒီလိုစကားမျိုး မေးထွက်ရတာလဲ။ ကိုယ်နဲ့မင်းက ဇနီးမောင်နှံပဲလေ။ မင်းနဲ့ စိတ်နှလုံးတစ်ခုတည်းပဲ။ ဒုတိယမင်းသားကြင်ရာတော်ကတော့ အာ့တိနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှာပေါ့"
ဟွေ့အန်းကုန်းကျူ "..."
"လုရှီက အရမ်းအစွမ်းကြီးလွန်းတယ်။ အဘွားတော်တောင်မှ မျက်နှာပျက်ခဲ့ရတယ်" ဝူဖုမာသည် ဟွေ့အန်းကုန်းကျူ စဥ်းစားနေသည့်အရာကို သေသေချာချာလေး သိနေလေသည်။ "နောက်ပြီးတော့ အာ့တိက လုရှီအတွက် အမြဲတမ်း ရပ်တည်ပေးနေတော့ မင်းလို အစ်မအရင်းကတောင် နောက်ကိုရောက်သွားခဲ့တယ်။ ဒီတော့ မင်းက သိပ်ပြီးမပျော်မရွှင်ဖြစ်နေတာလေ ဟုတ်တယ်မလား"
ဟွေ့အန်းကုန်းကျူသည် သူမ၏ စိတ်ထဲတွင် ရှိနေသည့်အရာကို ထုတ်ပြောခံလိုက်ရသဖြင့် ဟွန့်ခနဲ နှာခေါင်းရှုံ့ကာ ခေါင်းကို တစ်ဖက်လှည့်ထားလိုက်တော့သည်။
ဝူဖုမာက သက်ပြင်းတစ်ချက် ချလိုက်ကာ သိမ်မွေ့သည့်လေသံလေးဖြင့် သူမကို နှစ်သိမ့်ပေးတော့သည်။ "ကုန်းကျူရဲ့စိတ်ထဲက ကိစ္စတွေကို ကိုယ် အားလုံးနားလည်ပါတယ်။ တကယ်တော့ ကိုလဲ လုရှီက အရမ်းရင်ဆိုင်ရခက်ခဲတယ်လို့ ထင်တာပဲ။ တော်ဝင်မိသားစုမှာ မပြောနဲ့ သာမန်မိသားစုတွေမှာတောင် အသစ်ဝင်လာတဲ့ချွေးမက နှိပ်စက်ခံရပြီး စည်းကမ်းသတ်မှတ်ခံရတာ ဖြစ်နေကြကိစ္စပဲလေ"
“ဒါပေမဲ့ အာ့တိက အဲဒါကို ပျော်ပျော်ကြီး လက်ခံထားတာ။ မူဟုပ်ကို ကြည့်ရတာလဲ ကန့်ကွက်တဲ့ပုံမရှိဘူး။ ကုန်းကျူက ဘာကိုဒုက္ခခပြီး လူဆိုးမကြီးလုပ်နေမှာလဲ။ လုရှီနဲ့ ဘာဖြစ်လို့ရင်ဆိုင်နေရမှာလဲ"
"ကုန်းကျူက လက်ထက်ပြီးသွားပြီပဲ။ ဘာဖြစ်လို့ နန်းတော်ထဲက ကိစ္စတွေကို အမြဲတမ်းဝင်ပြီး စွက်ဖက်နေတော့မှာလဲ"
အိမ်ထောင်ကျသွားတဲ့သမီးက အပြင်ကို သွန်လိုက်တဲ့ရေတစ်ခွက်ဟု ဆိုရိုးစကားအတိုင်းပင်။ ဟွေ့အန်းကုန်းကျူတွင်တော့ "အပြင်သို့ သွန်ထုတ်ခြင်းခံလိုက်ရတယ်"ဟူသည့် အသိစိတ်လုံးဝမရှိဘဲ သုံး၊ လေး၊ ငါးရက်တစ်ကြိမ် နန်းတော်သို့ ပြန်လာတတ်ပြီး ကိစ္စတိုင်းကို ဝင်ရောက်မေးမြန်းလိုလေသည်။
ထိုအရာအားလုံးကလဲ အတိတ်က အကြောင်းအရာပင်။ ချောင်မိဖုရားခေါင်သည် သမီးဖြစ်သူကို ချစ်ခင်မြတ်နိုးပြီး လီကျင့်ကလဲ အစ်မကြီးဖြစ်သူကို အလျော့ပေးခဲ့သည်။ ယခုအချိန်တွင်တော့ ယောက်မဖြစ်သူက အိမ်တော်သို့ ဝင်ရောက်လာခဲ့ပြီး သူမသည် အလွန် အရှိန်အဝါကြီးပြီး ဆွဲဆောင်နိုင်သူဖြစ်၏။ ဟွေ့အန်းကုန်းကျူက အဘယ်ကြောင့်များ စိတ်အနှောက်အယှက်အဖြစ်ခံပြီး ပြဿနာသွားရှာရပါမည်နည်း။
ဟွေ့အန်းကုန်းကျူကတော့ ဝူဖုမာ၏ စိတ်ရင်းနှင့် အကြံပေးစကားကို နားမထောင်ချေ။ “ရှင်ဘာမှ ဆက်မပြောနဲ့တော့။ ကျွန်မက မင်းသမီး။ နန်းတော်က ကျွန်မအိမ်ပဲ။ ကျွန်မ ကြိုက်တဲ့အချိန် ပြန်ချင်ပြန်မှာပဲ။ မူဟုပ်နဲ့အာ့တိရဲ့ ကိစ္စကလဲ ကျွန်မကိစ္စပဲ။ ကျွန်မ မမေးမြန်းရင် ဘယ်သူက မေးမြန်းမှာလဲ!"
"ဒီနေ့တော့ သူ့ကို တစ်ကြိမ်တော့ အလျှော့ပေးလိုက်မယ်။ နောက်ပိုင်းကျရင် သူကသာ ဒီလိုထပ်လုပ်အုံးမယ်ဆိုရင် ကျွန်မ သူ့ကို ခွင့်လွတ်မှာမဟုတ်ဘူး!"
...
ကျောင်းဖန်နန်းဆောင်
ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့ ပြန်သွားသည်နှင့်ချက်ချင်း နန်းဆောင်ကြီးသည် ရုတ်တရက် များစွာတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ချောင်မိဖုရားခေါင်က လုမင်ယွိကိုကြည့်ကာ နွေးထွေးစွာဖြင့် ပြောလိုက်လေသည်။ "ဟွေ့အန်းက စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်တဲ့သူ သူက စိတ်ထဲမှာ ဘာပဲတွေးမိထုတ်ပြောတတ်တာပဲ။ တကယ်တမ်းကြတော့ သူ့မှာ မကောင်းတဲ့စိတ်ရင်းမရှိပါဘူး။ စိတ်ထဲမှာမထားနဲ့နော်"
ချောင်မိဖုရားခေါင်သည် သူမ၏ ရင်ထဲတွင် ကြိတ်ပြီးသက်ပြင်းချမိတော့၏။
ချောင်မိဖုရားခေါင်၏ လေသံက နူးညံ့သိမ်မွေ့နေလေသည်။ လုမင်ယွိကလဲ သူမ၏ ထက်ရှလှသည့် ဆူးချွန်များကို သိမ်းဆည်းထားလိုက်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်လေ၏။ "အာရှီ စိတ်မဆိုးပါဘူး။ ဟွမ်ကျဲရဲ့ စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားမှာပဲ စိုးရိမ်မိတာပါ"
ဟွေ့အန်းကုန်းကျူက ဆက်ဆံရခက်ခဲတဲ့သူ ဒါပေမဲ့ လုမင်ယွိနဲ့ ယှဥ်ကြည့်လိုက်ရင် အဆင့်အတန်းက အများကြီးနိမ့်ကျသွားတယ်။ သူမက သားတော်အတွက် ချွေးမကောင်းတစ်ယောက်ရဖို့ အမြဲတမ်း မျှော်လင့်ထားခဲ့မိတာ။
ဒီချွေးမက မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလွယ်တကူ သည်းခံတတ်တဲ့သူတော့ မဟုတ်ဘူး။ ...
ချောင်မိဖုရားခေါင်သည် စိတ်ကို အားတင်းထားလိုက်ကာ ပြောလိုက်တော့၏။ "နန်းတော်ထဲက လူအားလုံးကိုလဲ တွေ့ပြီးသွားပြီ။ ပန်ကုံးက အခု မင်းကို သေသေချာချာ ပြောပြရမယ်"
"မင်းရဲ့ အဘွားတော်က အသက်အရွယ်ကြီးနေပြီ။ လူက အသက်ကြီးလာရင် နည်းနည်းပါးပါး ရှုပ်ထွေးသွားတတ်တာကလဲ သဘာဝပဲ။ ဒီအတိုင်း ရိုရိုသေသေလေးနဲ့ အလျှော့ပေးလိုက်ရုံပါပဲ။ မင်းက ဒီနေ့ မယ်တော်ကြီးကို ရန်စခဲ့မိပြီ။ သူက သေချာပေါက် အခွင့်အရေးရှာပြီး မင်းကို ထပ်ပြီးအရှက်ခွဲလိမ့်အုံးမယ်။ ဒီအတိုင်း သတိလေးနဲ့ရင်ဆိုင်လိုက်ရုံပါပဲ"
ယောက္ခမဖြစ်သူက ဆိုဆုံးမလျှင် ချွေးမလုပ်သူကလဲ မျက်နှာသာ အနည်းငယ်ပေးရပေမည်။ လုမင်ယွိကလဲ တရိုတသေဖြင့်သာ ဟုတ်ကဲ့ဟု ပြန်ဖြေလိုက်တော့သည်။
ချောင်မိဖုရားခေါင်က ထပ်ပြောလာခဲ့သည်။ "မုန့်ကွေ့ဖေးက မျက်နှာသာ အပေးခံရဆုံးသူပဲ။ သူက အလုပ်လုပ်တာရော ပြောစကားတွေမှာပါ အရမ်းကို ပြောရဆိုရခက်တယ်။ ဒီအတိုင်း သူ့ကို နည်းနည်းလေး အလျှော့ပေးလိုက်ပါ"
လုမင်ယွိကလဲ ပြုံးကာပြန်ဖြေလိုက်သည်။
ချောင်မိဖုရားခေါင်က ထပ်မံပြောလာခဲ့သည်။ "ချင်ဖေးကတော့ မယ်တော်ကြီးရဲ့ တူမအရင်းပဲ။ မယ်တော်ကြီးက ချင်ဖေးကို အမြဲတမ်း မျက်နှာသာပေးတယ်။ ချင်ဖေး ဒီလူက ကြည့်လိုက်ရင်တော့ နူးညံ့ပြီးဖော်ရွေတယ်။ စကားပြောတာလဲ ပြောစရာကောင်းတယ်။ တကယ်တော့ သူက အကောက်ကျစ်ဆုံးပဲ။ လျှော့တွက်လို့ရတဲ့သူ မဟုတ်ဘူး။ သူနဲ့ဆက်ဆံရတဲ့အခါ ပိုပြီးသတိထားတာ ကောင်းတယ်"
လုမင်ယွိက ခေါင်းညိမ့်ပြလိုက်သည်။
ခြုံပြီးပြောရမည်ဆိုလျှင်တော့ ခေါင်မိဖုရားခေါင်၏ ကျင့်သုံးနေသည့် စည်းမျဥ်းများမှာ စကားလုံးနှစ်လုံးတည်းသာ ဖြစ်လေသည်။ သည်းခံပြီးရင်း သည်းခံခြင်းပင်။
ဒါက လုမင်ယွိ၏ စိတ်နေသဘောထားနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်လို့နေတော့သည်။ လုမင်ယွိက ပုံမှန်အတိုင်းသာ နားထောင်လိုက်ပြီး လိုက်နာဖို့ရန်တော့ စိတ်ကူးမရှိချေ။ သို့သော်ငြား အပေါ်ယံဟန်ဆောင်မှုကိုတော့ ပြုလုပ်ရပေအုံးမည်။
လီကျင့်ကတော့ လုမင်ယွိနှင့် အလွန်ရင်းနှီးသူဖြစ်၏။ လုမင်ယွိ၏ နာခံကာ နူးညံ့လိမ်မာနေသည့် ရုပ်သွင်လေးကို တွေ့ရသည်တွင် သဘောလဲကျမိသလို ရင်ထဲတွင်လည်း နွေးထွေးသွားတော့သည်။
လုမင်ယွိရဲ့ စရိုက်နဲ့ဆိုရင် ဒီလိုမျိုး ဟန်ဆောင်ရဲတယ်ဆိုတာက တကယ့်ကို မလွယ်တာပဲ။
ချွေးမဖြစ်သူက တော်တော်လေး ရိုကျိုးနေသည်ကို တွေ့လိုက်ရသောအခါ ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အများကြီး သက်သာလာပြီး ထပ်ပြောလိုက်လေသည်။ "စူးကျောင်းရုံကိုတော့ သိပ်ပြီးဂရုစိုက်နေဖို့ မလိုပါဘူး။ သူက မရိုမသေ စကားပြောလာခဲ့ရင်လည်း သူ့ကို ဒီအတိုင်း စာရင်းရှင်းပစ်လိုက်ရုံပဲ!"
လုမင်ယွိ၏ မျက်လုံးများသည် ဖျတ်ခနဲလင်းလက်သွားပြီး မသိမသာ ခေါင်းညိမ့်ပြလိုက်တော့၏။ "အာရှီ မူဟုပ်ပြောတဲ့ စကားတွေအားလုံးကို မှတ်သားထားပါ့မယ်"
ချောင်မိဖုရားခေါင်သည် မျက်ခုံးများကို ဖြေလျော့ထားလိုက်ကာ ပြုံးရယ်ရင်း ပြောလာလေသည်။ "မင်းတို့နှစ်ယောက်လုံး အခုမှ လက်ထပ်ပြီးကာစ နန်းတော်ထဲမှာ နေ့တဝက်လောက်နေသွားရတော့ ပင်ပန်းနေရောပေါ့။ စောစောအိမ်ပြန်ပြီးနားကြတော့။ မနက်ဖြန် နန်းတော်ထဲကို ပြန်ဝင်လာခဲ့ကြ"
လုမင်ယွိကလဲ ပြုံးကာပြန်ဖြေလိုက်၏။
ယောက္ခမနှင့်ချွေးမကြားက ပထမဦးဆုံးစကားဝိုင်းသည် အလွန်သဟဇာတဖြစ်လှလေသည်။
...
နာရီဝက်ကြာပြီးသွားသောအခါ လုမင်ယွိနှင့်လီကျင့်တို့သည်လဲ နှုတ်ဆက်ကာ နန်းတော်ထဲက ထွက်လာကြတော့သည်။
လှည်းပေါ်သို့တက်လိုက်သည်နှင့် လုမင်ယွိမှာ သက်ပြင်းတစ်ချက် ချမိလေတော့သည်။
လီကျင့်၏ မျက်ဝန်းနက်နက်ကလဲ အပြုံးယောင်များသမ်းလာတော့၏။ "ပင်ပန်းနေပြီလား"
လုမင်ယွိက သူမ၏ မျက်ခုံးများကို ပင့်ထားလိုက်ကာ ပြုံးပြလိုက်လေသည်။ "ဒီစစ်ပွဲသေးသေးလေးကို အစောကြီးကတည်းက မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရှင်လေ မင်္ဂလာပွဲနားရက်ပြီးသွားလို့ ညီလာခံတက်ဖို့ နန်းတော်ကို ပြန်သွားရရင်တော့ ရှင့်အဖေရဲ့ ဆုံးမတာကို သေချာပေါက် ခံရအုံးမှာပဲ"
ဒါကလဲ ပုံမှန်ပါပဲ။
ယောက္ခထီးလုပ်သူက ချွေးမကို အပြစ်တင်ရန် အဆင်မပြေလျှင် သားဖြစ်သူကို ဆူပူကြိမ်းမောင်းခြင်းက ကောင်းကင်ဘုံ၏ တရားမျှတမှုပင် ဖြစ်တော့သည်။
လီကျင့်ကလဲ ဂရုမစိုက်ချေ။ "ဖုဟွမ်က ကိုတို့ညီအစ်ကိုတွေကို ဆူပူနေကြပဲလေ။ ဖြစ်နေကြကိစ္စပဲ။ ဒီအတိုင်း အသားကျသွားမှာပါ"
ယုံးကျားဧကရာဇ်သည် မိမိကိုယ်ကို ဖခင်ကောင်းတစ်ယောက်ဟု ဂုဏ်ယူတတ်သော်ငြားလည်း ဒီရက်ပိုင်းအတွင်းတွင် ဖခင်တစ်ဦးက သားဖြစ်သူအပေါ် အရာရာ လိုက်လျောညီထွေ ဖြစ်နေခြင်းကတော့ လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။ ချစ်ခင်လေလေ ပိုပြီးတင်းကြပ်လေလေ ဖြစ်နေတော့၏။
အတိတ်ဘဝတွင် မင်းသားများအကြားတွင် လီကျင့်သည် ဆူပူခံရသည့်အကြိမ်ရေ အနည်းဆုံးဖြစ်လေသည်။ အကြောင်းမှာ သူသည် နှိမ့်ချကာ ရိုကျိုးတတ်ပြီး အပြစ်တင်စရာ ဘာတစ်ခုမှ မရှိခဲ့ခြင်းကြောင့်ပင်။
ယခု ပြန်လည်မွေးဖွားလာခဲ့ပြီး နောက် လီကျင့်၏ စိတ်နေစိတ်ထားတို့က ယခင်ဘဝနှင့် လုံးဝကို ကွာခြားသွားခဲ့ပြီဖြစ်ကာ သူ၏ စကားအပြောအဆို အမူအယာကလဲ ပိုပြီးပြတ်သားလာခဲ့သည်။ ဆူပူခံရသည့်အကြိမ်ရေသည်လဲ သိသိသာသာ တိုးတက်လာလေခဲ့တော့၏။
...
အပိုင်း (၁၆၅) လရောင်အောက်တွင်
လီကျင့်သည် ဤကိစ္စကို လုံးဝပင် အလေးမထားဟန်တူပြီး “မင်း အရှုပ်တွေ ရှင်းရမှာ မကြောက်နဲ့။ မင်းအစား ငါ အဆူခံပေးမယ်” ဟူသော အမူအရာမျိုး ရှိနေလေသည်။
လုမင်ယွိ၏ နှလုံးသားသည် တစ်ချက် လှုပ်ရှားသွားပြီး ရှေးဘဝကို မလွှဲမရှောင်သာဘဲ သတိရမိသွား၏။
ထိုနှစ်က သူမနှင့် လီဟောက်တို့ လက်ထပ်ပြီးနောက် စူးကျောင်းရုံကို ကာကွယ်ပေးရန်အတွက် အနောက်နန်းဆောင်မှ လူများနှင့် ထိပ်တိုက်တွေ့ရခြင်းသည် သာမန်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ လီဟောက်က ကျေးဇူးတင်မိသည်မှာ အမှန်ပင်။ သို့သော် သူသည် သူမကို ကာကွယ်ရန်အတွက် ရှေ့ထွက်ရပ်တည်ပေးခြင်းမျိုး ဘယ်သောအခါမှ မရှိခဲ့ပေ။
သူမကလည်း ထိုအဖြစ်ကို သိပ်ဂရုမစိုက်ခဲ့ပေ။ သူမ၏ မာနနှင့် ထက်မြက်မှုတို့ဖြင့် ရှေ့သို့သာ တစိုက်မတ်မတ် ချီတက်ခဲ့ပြီး မည်သည့်အရာကိုမှ မကြောက်မရွံ့ခဲ့ချေ။
ယခုအထိတိုင်အောင်ပင်။
လက်တစ်ဖက်က သူမ၏ နှလုံးသားစောင်းကြိုးများကို ညင်သာစွာ လာရောက်ခတ်နှိုးလိုက်သလိုပင်။
သူမ ကြောက်ရွံ့ခြင်းကင်းမဲ့ခဲ့သည်က တစ်ပိုင်းဖြစ်ပြီး ခင်ပွန်းသည်က သူမကို ကာကွယ်ပေးခြင်း ရှိ၊ မရှိ ဆိုသည်မှာ နောက်အကြောင်းအရာ တစ်ခုပင်။ တစ်ယောက်တည်း တိုက်ပွဲဝင်ခဲ့ရသော အရသာကို သူမ လုံလောက်စွာ မြည်းစမ်းခဲ့ပြီးသားပင်။ သူမ၏ နောက်တွင် ရပ်တည်လျက် လေပြင်းမုန်တိုင်းများကို ကာဆီးပေးမည့်သူ ရှိနေခြင်း၏ အရသာကတော့ စိမ်းသက်နေပြီး ဆန်းကြယ်သိမ်မွေ့၍လည်း နေပြန်သည်။
လီကျင့်က သူမကို ပြုံးရင်း ကြည့်လိုက်သည်။ “မင်း ဘယ်လိုဖြစ်လို့ ရုတ်တရက် စကားမပြောတော့တာလဲ”
လုမင်ယွိသည် သူနှင့် အကြည့်ချင်း မဆုံလိုက်ဘဲ ဘာမှမဖြစ်သလို ပြန်ဖြေလိုက်၏။ “ကျွန်မ နည်းနည်း ပင်ပန်းနေလို့”
မနေ့ညက အိပ်ချိန် နှစ်နာရီပင် မပြည့်ခဲ့ဘဲ ယနေ့ နန်းတော်ထဲတွင် တစ်နေ့တာ၏ အချိန်အတော်များများကို ရှိနေခဲ့ရရာ အင်မတန် နွမ်းလျပင်ပန်းခဲ့ရသည်။
လီကျင့်ကတော့ သံသယ မဝင်ဘဲ အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်၏။ “ပြန်ရောက်သွားရင် အိပ်ချင်သလောက် အိပ်ပစ်လိုက်”
ဘာပဲဖြစ်ဖြစ် မင်းသားအိမ်တော်မှာက သူတို့ သခင်နှစ်ယောက်ပဲ ရှိတာ။ ဘာလုပ်ချင်လုပ်ချင် ရတာပဲ။
စကားပြောဆိုနေစဉ်မှာပင် ဒုတိယမင်းသား၏ အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။
လီကျင့်သည် လုမင်ယွိကို သူမ၏ အဆောင်အထိ နွေးထွေးစွာ လိုက်ပါပို့ဆောင်ပေးပြီး မျက်နှာပြောင်တိုက်ကာ မနေရစ်ခဲ့ဘဲ စာကြည့်ခန်းဆီသို့ ထွက်ခွာသွားလေသည်။ လုမင်ယွိမှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ခုတင်ပေါ်သို့ တက်ကာ ခေါင်းအုံးနှင့် ခေါင်း ထိလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့၏။
ဤတစ်ရေး အိပ်စက်လိုက်ရခြင်းမှာ အလွန်ပင် ချိုမြိန်လှသည်။
မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ မိုးချုပ်နေလေပြီ။
...
“သခင်မလေး၊ နိုးလာပြီလား” ချီယွင်က ပြုံးရွှင်စွာဖြင့် ဖယောင်းတိုင်များကို ထွန်းညှိလိုက်၏။ တောက်ပသော ဖယောင်းတိုင်မီးရောင်သည် နီရဲနေသော မင်္ဂလာအခန်းသစ်ကို လင်းထိန်သွားစေလေသည်။
လုမင်ယွိသည် အိပ်ရေးဝသွားသဖြင့် လန်းဆန်းတက်ကြွပြီး အလွန်ပင် အားအင်ပြည့်ဝနေသည်။ “ဘယ်အချိန် ရှိသွားပြီလဲ”
ချီယွင်က ပြုံးလျက် ဖြေ၏။ “ခုနလေးတင် ယွီအချိန် (ညနေ ၅ နာရီ) စွန်းစွန်းလေးပဲ ရှိပါသေးတယ်။ ဒုတိယမင်းသားက ရှောင်ယွမ်ကုန်းကုန်းကို အထူးတလည် လွှတ်လိုက်ပါတယ်။ သခင်မလေး နိုးလာတဲ့အခါ သခင်မလေးနဲ့အတူ ညစာ သုံးဆောင်ချင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်”
လုမင်ယွိသည် ‘အင်း’ ဟု တစ်ချက် ညည်းလိုက်ပြီး ခုတင်ပေါ်မှ ထလိုက်သည်။
ချီယွင်က အဝတ်အစားသစ်များကို ယူဆောင်လာပြီး သခင်မလေးကို အဝတ်အစား လဲလှယ်ပေးလေသည်။ အဝတ်အစားများ လဲလှယ်ပြီးသည်နှင့် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ဤအချိန်မျိုးတွင် တံခါးလာခေါက်မည့်သူမှာ ဒုတိယမင်းသားမှလွဲ၍ အခြားသူ မည်သူ ရှိနိုင်ဦးမည်နည်း။
ချက်ချင်းဆိုသလို လုမင်ယွိ၏ အမိန့်ပေးစကားကို မစောင့်ဆိုင်းတော့ဘဲ ချီယွင်က တံခါး သွားဖွင့်ပေးလိုက်သည်။
လီကျင့်သည် ပြုံးကာ ဝင်လာပြီး လုမင်ယွိ၏ အနားသို့ လျှောက်လာကာ သူ၏အကြည့်တို့သည် သူမ၏ ချောမောလှပသော မျက်နှာလေးပေါ်သို့ ကျရောက်သွားသည်။ “ဗိုက်ဆာနေပြီလား။ ညစာ အဆင်သင့် ဖြစ်နေပြီ။ တို့တွေ အတူတူ သွားစားကြမယ်လေ”
ထိုသို့ ပြောရင်း လုမင်ယွိ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ထိုလှုပ်ရှားမှုသည် အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်ပြီး ချောမွေ့လှ၏။
လုမင်ယွိသည် အမှန်ပင် ဗိုက်ဆာနေပြီ ဖြစ်သဖြင့် ပြုံးလျက်သာ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦးသား စားသောက်ခန်းမဆီသို့ အတူတကွ သွားခဲ့ကြသည်။
ဂုဏ်ကျက်သရေရှိလှသော မင်းသားအိမ်တော်၏ စားသောက်ခန်းမတွင် စားပွဲဝိုင်း ဒါဇင်ပေါင်းများစွာ ခင်းကျင်းနိုင်သော ခန်းမကြီးလည်း ရှိသလို၊ လင်မယားနှစ်ယောက် သီးသန့် သုံးဆောင်နိုင်သည့် ခန်းမငယ်လေးလည်း ရှိလေသည်။
ခန်းမငယ်ဟု ဆိုသော်လည်း အလွန်ပင် ကျယ်ဝန်းလှသည်။ ခိုင်ခံ့သော သစ်တော်သား စားပွဲဝိုင်း၏ ဘေးတွင် ထိုင်ခုံ ခြောက်လုံးကို ခင်းကျင်းထား၏။ လုမင်ယွိသည် ထိုင်ခုံတစ်လုံးကို ဖြစ်သလို ရွေးချယ် ထိုင်ချလိုက်ရာ လီကျင့်ကလည်း သူမ၏ ဘေးနားတွင် သဘာဝကျကျလေး ဝင်ထိုင်လိုက်သည်။
ရှောင်ယွမ်ကုန်းကုန်းက စားသောက်ဖွယ်ရာများ တည်ခင်းရန် အမိန့်ပေးလိုက်လေသည်။ မကြာမီပင် သွယ်လျလှပသော နန်းတွင်းအပျိုတော်လေးများသည် ပူပူနွေးနွေး ဟင်းလျာများကို ယူဆောင် တည်ခင်းလာကြသည်။
လက်ရာမြောက်လှသော အအေးပွဲ ရှစ်မျိုး၊ အသားဟင်း ခြောက်မျိုးနှင့် အရွက်ဟင်း ခြောက်မျိုး၊ ဟင်းရည်အစုံအလင်အပြင် ခေါက်ဆွဲနှင့် မုန့်အမျိုးအစားများမှာလည်း အနည်းဆုံး ခုနစ်မျိုး၊ ရှစ်မျိုးခန့် ရှိလေသည်။ ပန်းကန်ကြီးငယ်တို့သည် စားပွဲတစ်ခုလုံးအပြည့် ပြည့်လျှံနေ၏။
လူနှစ်ယောက်အတွက် မဆိုထားနှင့် နောက်ထပ် နှစ်ယောက် ထပ်လာလျှင်ပင် သည်လောက် များပြားသော အစားအစာများကို စားနိုင်ဦးမည် မဟုတ်ပေ။
ဤသည်မှာလည်း နန်းတွင်းမင်းသားတစ်ပါး၏ ရှိသင့်ရှိထိုက်သော ခမ်းနားထည်ဝါမှုပင်။
လုမင်ယွိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ “ထမင်းတစ်နပ်တိုင်းက ဒီလိုချည်းပဲဆိုရင် အရမ်း ဖြုန်းတီးရာ ရောက်တာပေါ့။ တို့လင်မယားနှစ်ယောက်တည်း ရှိတာ။ ဘယ်လိုလုပ် ဒီလောက် အများကြီး စားနိုင်မှာလဲ”
‘လင်မယား’ ဟူသော စကားလုံးနှစ်လုံးသည် ပျားရည်တွင် စိမ်ထားသကဲ့သို့ နှလုံးသားထဲသို့ စိမ့်ဝင်သွားလေသည်။
လီကျင့်၏ နက်မှောင်သော မျက်ဝန်းများထဲတွင် အပြုံးတို့ဖြင့် ပြည့်လျှံသွားပြီး “ကိုက ပုံမှန် နန်းတော်ထဲမှာဆိုရင် ထမင်းဟင်းတွေက ဒီလောက် မများဘူး။ မင်း ဒါကို အသားမကျဘူးဆိုရင် အမိန့်တစ်ခွန်း ပေးလိုက်ရုံပဲလေ။ မီးဖိုဆောင်ကို ပမာဏ နည်းနည်း လျှော့ခိုင်းလိုက်ပေါ့”
ခဏလောက် ရပ်တန့်လိုက်ပြီးနောက် သူက ထပ်မံ ပြုံးကာ ပြောလိုက်သည်။ “နောက်ဆိုရင် အိမ်တော်ထဲက အရာအားလုံးကို မင်းပဲ အဓိက ဆုံးဖြတ်”
လုမင်ယွိက ပေါ့ပေါ့ပါးပါး အပြုံးဖြင့်ပင် မေးလိုက်၏။ “စာကြည့်ခန်းထဲက ကိစ္စတွေကိုရော ကျွန်မ ဝင်ပါလို့ ရလို့လား”
အမျိုးသမီးတစ်ဦးက အတွင်းဆောင်ကို စီမံအုပ်ချုပ်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော အရာတစ်ခုပင်။
စာကြည့်ခန်းဆိုသည်မှာတော့ အမျိုးသားတစ်ဦးက အကြံပေးအရာရှိများကို ခေါ်ယူကာ အပြင်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးတိုင်ပင်သည့် နေရာဖြစ်ပြီး စာအုပ်အနည်းငယ် ထားရှိရုံမျှသာ မဟုတ်ပေ။ ထိုနေရာကို ယောက်ျားသားတို့၏ မည်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ခွင့် မပြုသော သြဇာအာဏာနယ်ပယ်ဟု သတ်မှတ်နိုင်လေသည်။
ယခင်က လီဟောက်သည် သူမအပေါ် အလွန် ချစ်ခင်မြတ်နိုးကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့သည်။ သို့သော် လက်တွေ့တွင်တော့ သူမသည် တတိယမင်းသား၏ ကြင်ရာတော် ဖြစ်လာပြီးနောက် အတွင်းဆောင်ကို အုပ်ချုပ်ခွင့် ရရှိသည်မှလွဲ၍ စာကြည့်ခန်းထဲမှ လူနှင့် ကိစ္စရပ်များကို တစ်ခါဖူးမျှပင် ဝင်ရောက်စွက်ဖက်ခွင့် မရခဲ့ပေ။
ထို့ကြောင့် လုမင်ယွိသည် ဤမေးခွန်းကို သာမန်ကာလျှံကာ မေးလိုက်ခြင်းသာ ဖြစ်ပြီး စမ်းသပ်လိုသော သဘော လုံးဝ မပါဝင်ခဲ့ပေ။
လီကျင့်က လုမင်ယွိကို ကြည့်လိုက်သည်။ “ရတာပေါ့”
လုမင်ယွိသည် တစ်ချက် တောင့်တင်းသွားပြီး လီကျင့်ကို မော့ကြည့်လိုက်မိ၏။
လီကျင့်သည် ကောင်းကင်မြေကြီးကို တိုင်တည်၍ ကျိန်ဆိုခြင်း မပြုသလို၊ ဤအခွင့်အရေးကို အသုံးချကာ သူ၏စိတ်ရင်းကို ဖွင့်ဟဝန်ခံရန်လည်း ရည်ရွယ်ချက် မရှိပေ။ သူက အသာအယာ ပြုံးလျက်သာ ဆိုလေသည်။ “‘ခရီးရှည်မှ မြင်းရဲ့အစွမ်းကို သိနိုင်ပြီး အချိန်ကြာမှ လူ့ရဲ့စိတ်ဓာတ်ကို သိနိုင်တယ်’ တဲ့။ စကားလုံးတွေက ပေါ့ပါးလွန်းတော့ ဘယ်လောက်ပဲ အများကြီး ပြောပြော အသုံးမဝင်ပါဘူး။ နောက်ဆိုရင် မင်း ကို့ကို ယုံလာမှာပါ”
ဟုတ်တယ်လေ။ ဘယ်လောက်ပဲ အများကြီး ပြောပြော၊ သူမက ယုံမှာမှ မဟုတ်တာ။
တကယ်တမ်း ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ နောက်ပိုင်းမှ တဖြည်းဖြည်း သိလာရမှာပေါ့။
လုမင်ယွိက လီကျင့်ကို တစ်ချက် ကြည့်လိုက်သည်။ “စားကြစို့”
...
လုမင်ယွိသည် တစ်နှစ်ပတ်လုံး သိုင်းလေ့ကျင့်သူ ဖြစ်ခဲ့ပြီး အစာစားသော ပမာဏသည်လည်း သာမန် အမျိုးသမီးပျိုလေးများထက် များစွာ ပိုမိုလေသည်။ အနည်းဆုံးတော့ လီကျင့်နှင့် အတူထိုင်စားသည့်အခါ သူ့ထက် နည်းနည်းလေးမှ မလျော့ချေ။
ညစာ စားပြီးနောက် မင်္ဂလာစုံတွဲသစ်တို့သည် အိပ်ဆောင်သို့ ချက်ချင်း ပြန်မနားသေးဘဲ လက်ချင်းချိတ်ကာ ဥယျာဉ်တော်ထဲတွင် အစာကြေ လမ်းလျှောက်ထွက်ခဲ့ကြလေသည်။
နွေဦးရာသီ၏ အစပိုင်း ဖြစ်သည့်အလျောက် ညလေသည် အနည်းငယ် အေးမြနေပြီး ပန်းများနှင့် မြက်ပင်များ၏ ရနံ့တို့နှင့် ရောယှက်လျက် နှလုံးသားထဲသို့ စိမ့်ဝင်စေသည်။
လီကျင့်က အသံတိုးတိုးဖြင့် စနောက်လိုက်၏။ “နောက်ဆို ကိုက တာဝန်ကို သေချာ ထမ်းဆောင်မှ ဖြစ်တော့မယ်။ မဟုတ်ရင် မယားကိုတောင် ကျွေးမွေးနိုင်တော့မှာ မဟုတ်ဘူး”
လုမင်ယွိက ပြုံးလျက် ပြန်လည် ချေပလိုက်သည်။ “ကျွန်မရဲ့ တင်တောင်းပစ္စည်းတွေက ဘဝပေါင်းများစွာ စားသောက်လို့တောင် လောက်တယ်။ ရှင့်ရဲ့ လုပ်ကျွေးတာကို လိုအပ်မှာ မဟုတ်ပါဘူး”
လီကျင့်သည် လောဘကြီးသူ မဟုတ်သလို မယား၏ တင်တောင်းပစ္စည်းများကို မျှော်ကိုးတတ်သူ မဟုတ်သည်မှာ အမှန်ပင်။ သို့သော် လုမင်ယွိ၏ ဆယ်မိုင်တိုင် ရှည်လျားသော တင်တောင်းပစ္စည်းတန်းကြီးကို ပြန်တွေးမိသည့်အခါ သူက သက်ပြင်းချရင်း ဆိုလိုက်မိသည်။ “ယွဲ့ဖုက မင်းကို တကယ် ချစ်တာပဲ။ လုအိမ်ရဲ့ မိသားစုလုပ်ငန်း တစ်ဝက်လောက်ကို မင်းအတွက် တင်တောင်းပစ္စည်းအနေနဲ့ ထည့်ပေးလိုက်တာပဲ”
“ဒါကတော့ ပြောစရာလား” လုမင်ယွိက ဖြစ်သင့်ဖြစ်ထိုက်သော အရာတစ်ခုပမာ ပြန်ဖြေလိုက်သည်။ “ကျွန်မအဖေက ကျွန်မကို မချစ်ရင် ဘယ်သူ့ကို သွားချစ်ရမှာလဲ”
ဤသည်ကား တစ်မိသားစုလုံး၏ အချစ်ကို အပြည့်အဝ ခံယူရင်း ကြီးပြင်းလာခဲ့သော သမီးတစ်ယောက်၏ ရှိနိုင်သော သတ္တိမျိုးပင်။
လီကျင့်သည် သူ့ဖခင်ကို တွေးမိသောအခါ ခဏလောက် တိတ်ဆိတ်သွားတော့သည်။
လုမင်ယွိက လီကျင့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး “ဖုဟွမ် အချစ်ဆုံး သားက ရှင်မဟုတ်တော့ ရှင့်စိတ်ထဲမှာ တော်တော်လေး စိတ်ပျက်မိနေလား”
လီကျင့်က မငြင်းဆန်ခဲ့ပေ။ “ဟုတ်တယ်”
ချက်ချင်းပင် သူက ထပ်ပြောလိုက်၏။ “ဒါက အရင်တုန်းကပါ။ အခုတော့ ကို ဒီအကြောင်းတွေကို မတွေးတော့ဘူး”
မည်မျှပင် ကြိုးစားအားထုတ်စေကာမူ လျစ်လျူရှုခံရခြင်း၏ ပျောက်ဆုံးသွားသော ခံစားချက်...။ ဖခင်၏ အသိအမှတ်ပြုမှုနှင့် ချီးကျူးမှုကို တောင့်တသော်လည်း မရရှိနိုင်ခဲ့သည့် မှိုင်တွေမှု...။ ဖခင်က အစ်ကိုကြီးအပေါ် ဘက်လိုက်ပြီး အချစ်ပိုနေသည်ကို မျက်စိရှေ့မှောက်တွင် တပ်အပ်မြင်နေရသော အရသာ...။
တကယ်ကို လုံလောက်သွားပြီ။
တစ်ခေါက် သေပြီးသွားပြီပဲ။ သူ မစဉ်းစားနိုင် လက်မလွှတ်နိုင်တဲ့အရာ ဘာရှိသေးလို့လဲ။ တစ်ခုတည်းသော လက်မလွှတ်နိုင်တဲ့ အရာကိုတော့ သူက သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးပြီ။
လုမင်ယွိက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ကာ “ရှင် ကျွန်မလက်ကို ကျိုးသွားတဲ့အထိ ဆုပ်ထားမလို့လား”
လီကျင့်မှာ သတိပြန်ဝင်လာပြီး သူ၏လက်ကို အလျင်အမြန် လွှတ်ပေးလိုက်ကာ အနည်းငယ် မျက်နှာပူသွားဟန်ဖြင့် ပြုံးလိုက်လေသည်။ “ကို ရုတ်တရက် အတွေးလွန်သွားလို့ လက်ထဲမှာ အား အရမ်း ထည့်လိုက်မိတယ်။ မင်းလက်တော့ သေချာပေါက် နာသွားတော့မှာပဲ။ ကို မင်းကို နှိပ်နယ်ပေးမယ်လေ”
ပန်းတွေကြား လရောင်အောက်မှာ လက်ကလေးကို နှိပ်နယ်ပေးရင်းနဲ့ အခွင့်အရေးရလို့များ နမ်းလိုက်ရရင် သိပ်ကောင်းမှာပဲ။ အဲ့ဒီမြင်ကွင်းကို နည်းနည်းလေး တွေးကြည့်လိုက်တာနဲ့တင် သွေးတွေက ဆူပွက်လာပြီး တစ်ကိုယ်လုံး ပူလောင်လာသလိုပဲ။
လီကျင့်သည် လုမင်ယွိ၏လက်ကို အာရုံစိုက်ဟန်ဖြင့် နှိပ်နယ်ပေးနေပြီး ခေါင်းငုံ့လိုက်သော အခွင့်အရေးကို အသုံးချကာ တဖြည်းဖြည်း တိုးကပ်သွားလေသည်။
လုမင်ယွိသည်လည်း အချစ်ရေးရာကို နားမလည်သော နုံအပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက် မဟုတ်ရာ သူ၏စိတ်သဘောထားကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ သူမသည် အလိုအလျောက်ပင် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ဘာကြောင့်မှန်း မသိ၊ ခြေထောက်နှစ်ဖက်သည် နေရာမှ လှုပ်ပင် မလှုပ်ခဲ့ပေ။
ပေါ့ပါးသော အနမ်းတစ်ပွင့်သည် သူမ၏ နဖူးပြင်ထက်သို့ ကျရောက်လာလေတော့သည်။
...