စီးပွားရေး စလုပ်ခြင်း
Vol. 2 Ch. 18
" ဧည့်သည်တော်တို့..ဘာများ မှာယူချင်ပါသလဲရှင့်.."
လင်းဖန်နဲ့ မိုရှင်းယာတို့က ခြံဝန်းထဲရှိ စားပွဲဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် အပြာရောင်နှင့် အဖြူရောင် ချိပါအို ဝတ်စုံ ဝတ်ထားသော လှပသည့် စားပွဲထိုးမလေးက လေးလေးစားစားဖြင့် မေးလိုက်သည်။
မိုရှင်းယာကို လှည့်ကြည့်ကာ လင်းဖန်ပြောလိုက်၏။
"ရှင်ယား..မင်းပဲ မှာလိုက်တော့.."
မှာယူမှုကို သူမအား လုံးဝ လွှဲအပ်လိုက်သည်။
မိုရှင်းယာက ခေါင်းတစ်ချက် ညိမ့်ပြလိုက်ပြီး ချက်ချင်းပင် အဆင့်မြင့် ဟင်းပွဲများကို ကျွမ်းကျင်စွာ မှာကြားလိုက်သည်။
“ဟင်းပွဲစုံံတစ်မျိုး၊အမဲသားဟင်းနှစ်မျိုး၊ ကြက်အရေခွံဟင်း၊ ငါးကြီးအန်ဖက်ဟင်း၊ ကဏန်းဥ မှိုလတ်ဟင်း၊ ဒန်းလင်းကြက်၊ ရွက်လှ ပုဇွန်၊သက်သက်လွတ်ဟင်း တစ်မျိုးစီ လိုချင်ပါတယ်.. ဒါ့အပြင် အနှစ် ၃၀ သက်တမ်းရှိတဲ့ ကျွမ်းယွမ်ဟုန် ဝိုင်ကိုလည်း တစ်ခွက် ထပ်ထည့်ပေးပါ..”
"ဟုတ်ကဲ့ပါရှင်.."
တစ်ချိန်တည်းမှာပင် လင်းဖန်က စားပွဲပေါ်မှ အနုပညာလက်ရာကဲ့သို့ သပ်ရပ်လှပသည့် မီနူးစာအုပ်ကို စူးစမ်းလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်သည်။ စာမျက်နှာများကို သေချာကြည့်ရင်း သူ့မျက်နှာပေါ်တွင် အံအားသင့်မူများ ပေါ်လာ၏။
မီနူးကို အပိုင်းများစွာ ခွဲထားရာ ပထမအပိုင်းတွင် ကျန်းဆူး၊ ကျဲ့ကျန်း၊ ကွမ်တုန်း၊ မန်ချူး၊ ပေကျင်းနှင့် ရှန်တုန်းဟင်းပွဲများ စုစုပေါင်း ၁၁၈ မျိုး ပါဝင်နေသည်။လင်းဖန် မှတ်မိတာက ဒါတွေဟာ ရှေးခေတ် မန်ချူးနှင့် ဟန်ဧကရာဇ်မင်းများ၏ စားသောက်ပွဲတွင် ပါဝင်သည့် စံသတ်မှတ်ထားသော ဟင်းပွဲအရေအတွက်ပဲ ဖြစ်၏။
နောက်ထပ် စာမျက်နှာများတွင် တရုတ်နိုင်ငံ၏ ထင်ရှားသော အဓိက ဟင်းလျာကြီး ရှစ်မျိုး အပြင် ပြင်သစ်၊ ရုရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံတကာဟင်းပွဲ အမျိုးမျိုးကိုပါ သီးခြား ပြသထားသည်။
ဒီနေရာက တောင်ပိုင်းဒေသရဲ့ အဆင့်အမြင့်ဆုံး နေရာဖြစ်တာကို ထပ်မံအတည်ပြုနေသလိုပင်။
ဒီ တစ်နပ်စာ ဟင်းပွဲ ရှစ်ပွဲနှင့် ဝိုင်တစ်အိုး တန်ဖိုးက ယွမ် ၂၆၀,၀၀၀ ကျပြီး နှစ် ၃၀ ကျွမ်းယွမ်ဟုန် ဝိုင်တစ်မျိုးတည်းကပင် ယွမ် ၆၀၀,၀၀၀ တန်ဖိုး ရှိနေသည်။ သို့သော် ဝိုင်ကလည်း ကောင်းလွန်းလှပြီး အစားအသောက်ကလည်း အရသာ ထူးကဲလွန်းသည်မို့ လင်းဖန် စားသောက်ရသည်မှာ အရ သာခံစားမှုရဲ့ အမြင့်ဆုံးကို ရောက်ရှိနေသည်။
"ဟေး ပိုက်ဆံရှိတာ ကောင်းလိုက်တာကွာ"
လင်းဖန်က အမှတ်မထင် ရေရွတ်လိုက်၏။
ဘေးနားမှာ ထိုင်နေသော မိုရှင်းယာက ထိုစကားကို ကြားသောအခါ သူမ၏ ပါးစပ်ထောင့်များ တွန့်သွားသည်။
" ဖွီး..ဒီလူက ချမ်းသာနေတာကိုတောင် ဘာကြောင့် ကြွားဝါချင်နေရတာလဲ တော်တော် ရိုက်ချင်စရာကောင်းလိုက်တာ "
သူမ စိတ်ထဲကနေ အမြင်ကပ်စွာ ရေရွတ်လိုက်သည်။
"ဒါနဲ့ သူဋေး မာဆာရာတီ 4S စတိုးနဲ့ မာစီးဒီး 4S စတိုးတို့ဆီက ဖုန်းဝင်ထားပါတယ်..သူတို့က အခု ဝယ်ယူထားတဲ့ ကားတွေအတွက် သီးသန့်လိုင်စင်နံပါတ်ပြား လိုမလို မေးပါတယ်.."
လင်းဖန်က နည်းနည်း ရှုပ်ထွေးနေဟန်ရှိသည်။
"ဘာ သီးသန့်လိုင်စင်နံပါတ်ပြားလဲ.."
မိုရှင်ယားက အကျင့်ဖြစ်နေသည့်အတိုင်း ရှင်းပြလိုက်ရာ လင်းဖန်က ချက်ချင်းဆိုသလို
“ကောင်းပြီ.. သူတို့ကို အထူးနံပါတ်ပြားတွေ လုပ်ခိုင်း လိုက်.. တခြားလူတွေ ငါ့ကို မှတ်မိသွားတာပေါ့ ဟား..”
ပြောရင်း သူ၏မေးစေ့ကို ပွတ်သပ်လိုက်ရာ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ပွင့် ပေါ်လာသည်။
တရုတ်နိုင်ငံလို နေရာမျိုးမှာ အာဏာရှိတဲ့ လိုင်စင်နံပါတ်ပြားတွေက ရှုပ်ထွေးမှုများစွာကို ရှောင်ရှားနိုင်တာကြောင့် ယွမ်ငွေ သန်းပေါင်းများစွာ သုံးစွဲပြီးမှတော့ ဒီလို အပိုအခွင့်အရေးတွေကို ယူကိုယူရမည်လို့ လင်းဖန် တွေးလိုက်သည်။
"ဟုတ်ကဲ့ပါ..သူဋေး.."
"ဒါ့အပြင်..ICBC ဘဏ်ခွဲမန်နေဂျာကို ဆက်သွယ်ပြီး သူတို့မှာ စတော့ရှယ်ယာရောင်းဝယ်ရေး ဝန်ဆောင်မှုတွေ ရှိမရှိ မေးခိုင်းလိုက်ပါ.."
လင်းဖန်း ရုတ်တရက် အရေးကြီးတာ တစ်ခုကို သတိရသွားတာကြောင့် ဖြစ်သည်။ သူရရှိထားသော ဆိုရော့စ်၏ ကြွယ်ဝမှုအမွေ ထဲက စတော့ရှယ်ရာ ပညာရပ်ကို သူတစ်ခါမှ အသုံးမပြုရသေးပေ။သူ့တွင် လက်ရှိ၌ ရန်ပုံငွေ အဆင်သင့်ရှိနေပြီဖြစ်ရာ စနစ်ရဲ့ စွမ်းအားကို စမ်းသပ်ရန် အချိန်တန်ပြီလေ။
မိုရှင်ယားက လင်းဖန်ကို လှည့်ကြည့်ပြီး အံ့ဩဟန်ဖြင့် ပြောလိုက်သည်။
“သူဋေး စတော့ကစားဖို့ကို ဘာလို့ ICBC ကို သွားမေးရမှာလဲ.. ကျွန်မတို့မှာ သီးသန့် ဘဏ္ဍာရေးအဖွဲ့ ရှိတယ်ဆိုတာ မေ့သွားပြီလား.."
လင်းဖန်က နားမလည်နိုင်စွာ မေးလိုက်သည်။
"အမ် ငါ့ရဲ့ ဘဏ္ဍာရေးအဖွဲ့မှာ အကြံပေးတွေပဲ ရှိတာ မဟုတ်ဘူးလား.."
မိုရှင်ယားက လင်းဖန်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ရှင်းပြလိုက်သည်။
"သူဋေး ..သူဋေးရဲ့ . ဘဏ္ဍာရေးအဖွဲ့မှာ စုစု ပေါင်း ၁၂၄ ယောက်ရှိပြီး ပိုင်ဆိုင်မှုကို စီမံခန့်ခွဲသူ၊ ငွေသား လည်ပတ်သူ၊ အခွန်တွေ စီမံသူ အစရှိတာတွေ အကုန်ပါဝင်ပါတယ်.."
မိုရှင်းယာက ထိုသို့ရှင်းပြလိုက်မှ လင်းဖန် သဘောပေါက်သွားပြီး ခဏစဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။
"ဒါဆို ငါ့ရဲ့ ဘဏ္ဍာရေးအဖွဲ့ထဲကနေ လူ ၂၀ ရွေးပြီး လေးဖွဲ့ခွဲလိုက်ပါ..သူတို့ကို ကွန်ပျူတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အပြည့်အစုံ တပ်ဆင်ပေးလိုက်.. ပဲပုပ်၊ ဆီနဲ့ ရွှေ တို့ကို တစ်ချိန်တည်း ငါ ရောင်းဝယ်ချင်တယ်..."
လင်းဖန်က နိုင်ငံတကာအခြေအနေကို သုံးသပ်နေသည်။ ဗီဇပြောင်းလဲထားသော ပဲပုပ်များကို နိုင်ငံအများစုက တားမြစ်ထားတာကြောင့် လာမည့် သုံးလအတွင်း ပဲပုပ်ဈေးကွက်တွင် ကြီးမားသော အတက်အကျများ ဖြစ်လာနိုင်ပေသည်။ အမေရိကန်တွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ဖြစ်ပွားနေသဖြင့် ဆီနှင့် ရွှေ စျေးနူန်း ပြောင်းလဲမှုများကလည်း ပိုမိုကြီးမားလာတော့မည်လေ။
လင်းဖန် ဒီအခွင့်အရေးကို အသုံးချ၍ သူ့ရဲ့ ပိုင်ဆိုင်မှုကို မြှင့်တင်ရန်နှင့် စနစ်ရဲ့ စွမ်းအားကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်းပဲ ဖြစ်သည်။
မိုရှင်းယာလည်း လိုအပ်သော ဝန်ထမ်းများကို စီစဉ်ရန်အတွက် ချက်ခြင်းပဲ ဖုန်းခေါ်ဆိုလိုက်တော့သည်။