အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း (၄၆၆) မူလအဆင့်လိပ်အသက်ရှူခြင်း။ မူလနယ်ပယ်သို့ ပြန်လည်ရောက်ရှိခြင်း။ (၄)
ဖုန်းရိယွဲ့၏ မျက်လုံးများမှာ သွေးချင်းရဲရဲနီနေလျက်။ သူ အပင်ပန်းခံ ရယူဖို့ ကြိုးစားထားရသော နတ်ဘုရားမျိုးစေ့ကို သူစိမ်းတစ်ယောက်က အလွယ်တကူ လုယူသွားသည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။ သူ၏ တုန်လှုပ်နေသော စိတ်ကို ပြန်လည် တည်ငြိမ်စေရန်အတွက် အသက်ကို ပြင်းပြင်းရှူသွင်းကာ အချိန်အတော်ကြာ ကြိုးစားခဲ့ရသည်။
"သွားကြစို့... ဟုန်ရှန့်... မင်း လွယ်လွယ်နဲ့ သေမသွားဖို့ ဆုတောင်းထားလိုက်ပါဦး။ အသက်ခြွေအဖွဲ့အစည်းကို သစ္စာဖောက်တဲ့အတွက် အဖွဲ့ခေါင်းဆောင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
နတ်ဘုရားမျိုးစေ့ကို ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ယူဆောင်သွားခဲ့ပြီး တောင်ကြားအောက်ခြေရှိ ချီနဂါးခန်းမမှာလည်း ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းရိယွဲ့သည် ထိုနေရာတွင် ကြာရှည်မနေတော့ဘဲ ရေခဲရုပ်တုများအဖြစ် အေးခဲနေသော ကျုံးယွဲ့နှင့် ဟုန်ကျန်းရှန့်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ပြီး သူ၏ စိတ်ထဲမှလည်း ရှုံ့ချလိုက်မိသည်။
ဟုန်ရှန့်နှင့် သူ့ကို ကူညီခဲ့သော လူငယ်ကြားတွင် မည်သို့သော ပတ်သက်မှု ရှိသည်ကို သူ မသိသော်လည်း ထိုအရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့လေပြီ။ အမည်ပင် မသိရသော ထိုလူသားသိုင်းပညာရှင်သည် ရေခဲနန်းတော်၏ အောက်ခြေတွင် မြုပ်နှံခံလိုက်ရပြီ ဖြစ်သည်။ ယခုအခါ ဟုန်ရှန့်သည် အသက်ခြွေအဖွဲ့အစည်းကို သစ္စာဖောက်ရဲသောကြောင့် ဖုန်းရိယွဲ့က သူ့ကို အဖွဲ့ခေါင်းဆောင်ထံ ပြန်ခေါ်သွားကာ အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"နှမြောစရာပဲ... ငါတို့လည်း သွားကြစို့"
တောင်ကြားဝင်ပေါက်တစ်ခုလုံး ပြိုကျပျက်စီးသွားသည်ကို ကြည့်ရင်း ပိုင်ယွင်ဟယ်မှာလည်း အသက်ကို ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။ ချီနဂါးခန်းမသို့ ပြန်သွားရန် စိတ်ကူးကိုလည်း လွှတ်ချလိုက်ရသည်။ အခြေအနေအရ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။
"ဟိုလူငယ်လေးအတွက်တော့ နှမြောစရာပဲ... အသက် သုံးဆယ်ဝန်းကျင်ပဲ ရှိသေးပုံရပေမယ့် ဒီနေရာမှာပဲ အသက်ပျောက်သွားရပြီ။ ငါတို့ သူ့နာမည်တောင် မသိလိုက်ရဘူး"
ပိုင်ယွင်ဟယ်သည် သူ၏အကြီးအကဲအတွက် ဝမ်းနည်းနေသော်လည်း အနက်ရောင်ဝတ်စုံနှင့် သိုင်းပညာရှင်လေးကိုလည်း မမေ့နိုင် ဖြစ်နေသည်။ ထိုမျှထူးချွန်သော ပါရမီရှင်တစ်ဦးသည် မူလနယ်ပယ်သို့ပင် မရောက်သေးသော်လည်း ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာလူသားကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိခြင်းမှာ ပြိုင်ဘက်ကင်း စွမ်းဆောင်ချက်ပင် ဖြစ်သည်။ သို့သော် သူသည်လည်း ချီနဂါးခန်းမအတွင်း၌ပင် သေဆုံးသွားခဲ့ရလေပြီ။
ထိုကဲ့သို့သော အခြေအနေမျိုးမှာ များစွာ ရှိခဲ့ဖူးသည်။ သိုင်းပညာလောကတွင် ပါရမီထူးချွန်သူများစွာမှာ အသက်ငယ်ငယ်လေးနှင့် ပျက်စီးသွားတတ်ကြသည်။ နှစ်အနည်းငယ် ကြာလျှင် သူတို့၏ နာမည်များကိုလည်း လူတို့ မေ့လျော့သွားကြမည်သာ။ နှစ်ပေါင်း ထောင်ချီတိုင်အောင် နာမည်ကျန်ရစ်သူဟူသည် အလွန်ပင် နည်းပါးလှသည်။
"နတ်ဘုရားမျိုးစေ့ ပေါ်ထွက်လာတာက မိစ္ဆာလူသားတွေနဲ့ အရှေ့တိမ်တိုက်ဂိုဏ်းကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် နှင်းလင်းယုန်ကို စီးလာတဲ့ အမျိုးသမီးကပဲ ယူသွားနိုင်ခဲ့တယ်ပေါ့"
"နှစ်ပေါင်း နှစ်ထောင် သုံးထောင်လောက် ကျော်ကြားခဲ့တဲ့ ချီနဂါးခန်းမကို ငါ အမှန်တကယ် တွေ့ချင်မိသား။"
နှင်းချောက်နက်တောင်တန်းတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့ကြသော သိုင်းပညာရှင်များမှာလည်း ဖြစ်ပျက်ခဲ့သမျှကို ကြားသိရသောအခါ တုန်လှုပ်သွားကြသည်။ အချို့မှာ ချီနဂါးခန်းမအတွင်းသို့ ဝင်ကြည့်ချင်ကြသော်လည်း ယခုအခါ တောင်ကြားတစ်ခုလုံး ပြိုကျသွားသဖြင့် ချီနဂါးခန်းမမှာလည်း သမိုင်းထဲတွင် မြေမြုပ်သင်္ဂြိုဟ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
နှင်းချောက်နက်တောင်တန်းတွင် နတ်ဘုရားမျိုးစေ့ ပေါ်ထွက်လာသော သတင်းမှာ မဟာမီးလျှံအင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ထိုနေရာ၌ မြေမြုပ်ခံလိုက်ရသူများ အကြောင်းကိုမူ မည်သူမျှ ဂရုစိုက်ကြမည် မဟုတ်ပေ။
...
အေးစက်လှသည်။ အလွန်အမင်း အေးစက်လှသည်။
နတ်ဘုရားမျိုးစေ့၏ စွမ်းအားကြောင့် ထွက်ပေါ်လာသော အအေးဒဏ်ကို စတင်ထိတွေ့လိုက်ရချိန်တွင် စူးချန်ခုန်း ခံစားလိုက်ရသော ပထမဆုံး အာရုံခံစားမှုမှာ ထိုသို့ ဖြစ်သည်။ ထို့နောက်တွင် တောင်များ ပြိုကျပျက်စီးသံ၊ မြေကမ္ဘာ အက်ကွဲသံများနှင့်အတူ ချီနဂါးခန်းမနှင့် စူးချန်ခုန်းတို့မှာ ရေခဲများအောက်တွင် မြုပ်နှံခြင်း ခံလိုက်ရသည်။ ကမ္ဘာကြီးမှာ အမှောင်ထုအတွင်းသို့ နက်ရှိုင်းစွာ ကျရေက်သွားပြီး ကိုယ့်ရှေ့က ကိုယ့်လက်ကိုပင် မမြင်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
စူးချန်ခုန်းသည် သူ၏အတွင်းအားကို အသုံးပြုကာ ရေခဲများကို ခွဲထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ ဖုန်းရိယွဲ့ပင်လျှင် ထိုရေခဲများကို မခွဲနိုင်ခဲ့။ စူးချန်ခုန်းသည် စွမ်းအင်များကို အတင်းအဓမ္မ ထုတ်ယူသုံးစွဲခဲ့ရသဖြင့် ကိုယ်ခန္ဓာမှာ အလွန်အမင်း အားနည်းနေသည်။ သူ၏ အတွင်းအားမှာလည်း ခဲနေသကဲ့သို့ ဖြစ်နေပြီး လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ချေ။ ထိုအခြေအနေကြောင့် သူသည် နာကျင်မှုကိုပင် မခံစားရတော့ပေ။
ပြင်းထန်သော အအေးဒဏ်မှာ စူးချန်ခုန်း၏ အသက်စွမ်းအင်ကို တဖြည်းဖြည်း ဝါးမျိုနေပြီး သွေးများနှင့် ဆဲလ်များကိုပင် အေးခဲစေကာ သေဆုံးစေရန် ခြိမ်းခြောက်နေသည်။
"ငါ ဒီနေရာမှာပဲ မြေမြုပ်ခံလိုက်ရတော့မှာလား"
စူးချန်ခုန်း၏ အတွေးနှင့် အသိစိတ်များမှာပင် ဝေဝါးလာ၏။ အတိတ်ကို ပြန်လည် မြင်ယောင်လာမိသည်။ သံနက်အိမ်တော်တွင် စတင်စဉ်ကတည်းက သိုင်းပညာကို မပျက်မကွက် ကြိုးစားအားထုတ်ခဲ့ပုံ၊ မသေမျိုးအဆင့်သို့ ရောက်ရန် ရည်မှန်းခဲ့ပုံတို့ကို ပြန်လည် မြင်ယောင်မိသည်။ သို့သော် ယခုအခါ သူသည်လည်း အခြားသော လူများကဲ့သို့ပင် ဤခရီးလမ်းတွင် ကျဆုံးသွားရတော့မည့်ပုံ ရှိနေသည်။
အကယ်၍ သူသာ ပြန်လည် ရွေးချယ်ခွင့် ရမည်ဆိုလျှင်လည်း သူ နောင်တရမည် မဟုတ်ပေ။ သူငယ်ချင်းဖြစ်သူ ဟုန်ကျန်းရှန့်ကို ပစ်ပယ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့မည် မဟုတ်သော်လည်း ယခုကဲ့သို့ အဆုံးသတ်ရမည်ကိုလည်း သူ မလိုလားပေ။ ဤနေရာ၌ သေဆုံးသွားရမည်ကို သူ မလိုလားသလို သူ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီး ဖြစ်သွားရမည်ကိုလည်း သူ မလိုလားပေ။
"လိပ်အသက်ရှူနည်းပညာ... ငါသာ လိပ်တစ်ကောင်လို ဆောင်းခိုအိပ်စက်တဲ့ အခြေအနေကို ရောက်နိုင်မယ်ဆိုရင် နည်းနည်းတော့ ပိုခံနိုင်ရည် ရှိဦးမလားပဲ" သူ၏ ဝေဝါးနေသော စိတ်ထဲမှ တွေးတောမိကာ လိပ်အသက်ရှူနည်းပညာကို စတင် အသုံးပြုရန် ကြိုးပမ်းလိုက်သည်။
လိပ်အသက်ရှူနည်းပညာသည် ကျန်းမာရေးအတွက် လေ့ကျင့်သော အတတ်ပညာ ဖြစ်သော်လည်း ယင်းတွင် ပုန်းကွယ်ခြင်း၊ ကိုယ်ခန္ဓာကို ကျုံ့စေခြင်း၊ အသက်ရှူခြင်းကို ထိန်းချုပ်ခြင်းနှင့် ဆောင်းခိုအိပ်စက်ခြင်း စသည့် နည်းလမ်းမျိုးစုံ ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စူးချန်ခုန်းသည် ရေအောက်နက်ရှိုင်းသော နေရာတွင် ထိုအတတ်ကို အဆင့်ကိုးအထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ဖူးသည်။
ဆောင်းခိုအိပ်စက်သည့် အခြေအနေသို့ ရောက်ရှိသွားပါက ကိုယ်ခန္ဓာ၏ လုပ်ဆောင်ချက်များမှာ အလွန်နှေးကွေးသွားပြီး စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချပေးကာ အခြေခံ အသက်ရှင်သန်မှုကို ထိန်းသိမ်းပေးနိုင်သည်။ အစားအစာနှင့်ရေ မရှိသော်လည်း နှစ်အတော်ကြာအောင် အသက်ရှင်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
ထိုအခြေအနေသည် ယခုကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေတွင် သူ အသုံးပြုနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
စူးချန်ခုန်းသည် တစ်စက္ကန့်မျှ ပို၍ အသက်ရှင်နိုင်ရန်အတွက် ရှိသမျှ ခွန်အားများဖြင့် ကြိုးစားနေသည်။ အသက်ရှူလိုက်စမ်း... အသက်ရှူလိုက်စမ်း...။
စူးချန်ခုန်းသည် လိပ်အသက်ရှူနည်းပညာကို အသုံးပြုရန် အပြင်းအထန် ကြိုးစားနေသော်လည်း သွေးများမှာ အေးခဲနေပြီး မျက်ခုံးကိုပင် မလှုပ်နိုင်တော့ချေ။ နှလုံးခုန်သံမှာလည်း ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။ ရေခဲထုအတွင်း၌ လေထုဟူ၍လည်း မရှိတော့ချေ။ သူ ခံစားနေရသည်မှာ ဝိညာဉ်ကိုပင် အေးခဲစေသော အအေးဓာတ်သာ ဖြစ်သည်။
စူးချန်ခုန်းသည် သေခါနီး အခြေအနေသို့ ရောက်ရှိနေသော်လည်း သူ၏ ပြင်းပြသော စိတ်ဆန္ဒကြောင့် လိပ်အသက်ရှူနည်းပညာကို ဆက်လက် ကြိုးပမ်းနေမိသည်။ အကယ်၍ သူသာ သေမသွားခဲ့လျှင် အခွင့်အရေး တစ်ခုခု ရှိလာနိုင်သည်ဟု သူ မျှော်လင့်ထားသည်။
ရေခဲထုအတွင်း၌ ပိတ်မိနေသော စူးချန်ခုန်းသည် အတွေးအမြင်များ မရှိတော့သော်လည်း သူ၏ ကိုယ်ခန္ဓာဗီဇကမူ နေ့စဉ်လေ့ကျင့်ထားသော လိပ်အသက်ရှူနည်းပညာကို အလိုအလျောက် လုပ်ဆောင်နေခဲ့သည်။
အချိန် မည်မျှ ကြာသွားသည်ကို မသိနိုင်သော်လည်း အေးစက်သော ငရဲလို နေရာတွင် သူသည် နွေးထွေးမှုကို စတင် ခံစားလိုက်ရသည်။ ထိုနွေးထွေးမှုသည် တဖြည်းဖြည်း ကြီးထွားလာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ရာ ရေပူစမ်းတွင် စိမ်နေရသကဲ့သို့ ခံစားလိုက်ရသည်။ စူးချန်ခုန်းသည် ၎င်းမှာ သေခါနီးတွင် ခံစားရသော အာရုံမှားတစ်ခုလား သို့မဟုတ် အစစ်အမှန်လား ဆိုတာ သူ မသိနိုင်တော့ပေ။ အလွန်အမင်း အေးစက်လာသောအခါ ကိုယ်ခန္ဓာမှာ ပြန်လည် နွေးထွေးလာတတ်သည်ဟု သူ ကြားဖူးသည်။
အချိန်များ ကုန်လွန်သွားခဲ့ပြီး စူးချန်ခုန်း၏ ပြင်ပလောကနှင့် အဆက်အသွယ်မှာလည်း လုံးဝ ပြတ်တောက်သွားခဲ့သည်။ သူ ခံစားနေရသည်မှာ နွေးထွေးမှုနှင့် သက်တောင့်သက်သာ ရှိမှုသာ ဖြစ်သည်။ ထိုခံစားချက်သည် မိခင်ဝမ်းအတွင်း၌ ပြန်လည် ရောက်ရှိနေသကဲ့သို့ ဖြစ်ပြီး အသက်ဇီဝနှင့် အသိဉာဏ်ကို ပြန်လည် မွေးဖွားပေးနေသကဲ့သို့ပင်။
၎င်းမှာ အလွန် ထူးခြားသော ခံစားချက် ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ယခုအခါ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားနေရပြီး သူ၏ ကိုယ်ခန္ဓာမှာလည်း မူလသဘာဝ ပင်ကိုယ်အဆင့်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စူးချန်ခုန်း အေးခဲနေသဖြင့် အသုံးမပြုနိုင်ခဲ့သော လိပ်အသက်ရှူနည်း ချီစွမ်းအားများမှာလည်း ယခုအခါ ဖြည်းညင်းစွာ စတင် စီးဆင်းလာခဲ့သည်။ ထိုချီစွမ်းအင်မျှင်ကလေးမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း အားကောင်းလာပြီး ပို၍ ထင်ရှားလာသည်။
၎င်းမှာ ရေခဲပြင်ကြီးအောက်တွင် မြစ်ရေများ ဖြည်းညင်းစွာ စီးဆင်းနေသကဲ့သို့ပင်။ ဆောင်းရာသီ ကုန်ဆုံး၍ နွေဦးရာသီ ရောက်လာသောအခါ ရေခဲထုကို ဖောက်ထွက်ကာ ထွက်ပေါ်လာတော့မည့်သယောင်။
အခန်း (၄၆၇) မူလနယ်ပယ်သို့ တက်လှမ်းခြင်း။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော လိပ်အသက်ရှူနည်းပညာ။ (၂)
လိပ်အသက်ရှူနည်းချီစွမ်းအားများ ဖြည်းညင်းစွာ စီးဆင်းလာသည်နှင့်အမျှ စူးချန်ခုန်း၏ ကိုယ်ခန္ဓာမှာ နွေးထွေးလာခဲ့ပြီး အေးခဲနေသော သွေးသားများနှင့် အတွင်းအားများမှာလည်း တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။
ရှူး...
နတ်ပိုးချည်ချီစွမ်းအားမှာလည်း အလိုအလျောက် လည်ပတ်လာပြီး သဘာဝဝိညာဉ်စွမ်းအင်များကို အတင်းအဓမ္မ ဆွဲယူခဲ့စဉ်က ပေါက်ပြဲသွားခဲ့သော အကြောများနှင့် ပျက်စီးသွားသော အသားမျှင်များကို အံ့အားသင့်ဖွယ် မြန်ဆန်သောနှုန်းဖြင့် ပြန်လည်ပြုပြင်ပေးနေသည်။ ၎င်းမှာ နတ်ပိုးချည်ကျင့်စဉ်၏ အခြေခံသဘောတရားဖြစ်သော ပျက်စီးခြင်းမှ အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ခြင်းနှင့် ကိုက်ညီပေသည်။
"ငါ... ငါမသေသေးဘူးလား” စူးချန်ခုန်း အံ့အားသင့်သွားမိသည်။ ပြန့်လွင့်လုနီးပါးဖြစ်နေသော သူ၏ အသိစိတ်နှင့် အတွေးအမြင်များမှာ ပြန်လည်ကြည်လင်လာခဲ့သည်။
သူသေမသွားသေးရုံသာမက သူ၏ အခြေအနေမှာလည်း ထူးခြားစွာ ကောင်းမွန်နေသည်။ မြေအောက်နက်ရှိုင်းသော နေရာတွင် အသက်စွမ်းအင်ကို ဝါးမျိုနိုင်သော ရေခဲထုအတွင်း ပိတ်မိနေသော်လည်း စူးချန်ခုန်းမှာ အအေးဒဏ်ကို မခံစားရဘဲ ရေပူစမ်းတွင် စိမ်နေရသကဲ့သို့ နွေးထွေးမှုကိုသာ ခံစားနေရသည်။
"ငါ့ရဲ့ ကိုယ်ခန္ဓာက ပြောင်းလဲမှုတွေ ဖြစ်နေတယ်။ ဒါက အောင်မြင်ပြီးမြောက်တဲ့ အဆင့်ကနေ မူလသဘာဝ ပင်ကိုယ်အဆင့်ကို ကူးပြောင်းနေတာလား။ ဒါပေမဲ့ ငါ ဘယ်မူလချီစွမ်းအားကိုမှ မသန့်စင်ရသေးဘူးလေ..."
စူးချန်ခုန်းကို ပို၍ အံ့အားသင့်စေသည်မှာ သူ၏ ကိုယ်ခန္ဓာ တဖြည်းဖြည်း ပြောင်းလဲလာခြင်းပင် ဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှုကို တစ်ခါမျှ မကြုံဖူးသော်လည်း ၎င်းမှာ မူလသဘာဝ ပင်ကိုယ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်းဖြစ်ကြောင်း စူးချန်ခုန်း ချက်ချင်း သိလိုက်သည်။ သဘာဝလောက၏ စွမ်းအင်များကို အာရုံခံနိုင်စွမ်းမှာလည်း ပို၍ ထင်ရှားလာခဲ့သည်။
သိုင်းပညာရှင်တစ်ဦးက မူလနယ်ပယ်သို့ ရောက်ရန်အတွက် မူလချီစွမ်းအားကို သန့်စင်ဖို့ လိုအပ်တာ မဟုတ်ဘူးလား။
"လိပ်အသက်ရှူနည်းပညာ... ဒါ ငါ့ရဲ့ လိပ်အသက်ရှူနည်းပညာကြောင့်ပဲ။ အခု အခြေအနေမှာ ငါ့ရဲ့ လိပ်အသက်ရှူနည်းပညာက ကလေးငယ်တစ်ယောက်ရဲ့ အသက်ရှူနှုန်းလိုမျိုး 'ကလေးငယ်အသက်ရှူခြင်း' အဆင့်ကို ရောက်သွားပြီး မူလသဘာဝအတိုင်း ပြန်ဖြစ်သွားတာပဲ"
မိမိကိုယ်အတွင်း၌ ညင်သာစွာ စီးဆင်းနေသော လိပ်အသက်ရှူနည်းချီစွမ်းအားကို ခံစားရင်း စူးချန်ခုန်းမှာ တဖြည်းဖြည်း သဘောပေါက် နားလည်လာခဲ့သည်။
စူးချန်ခုန်း ရင်ဆိုင်ခဲ့ရသော အခြေအနေမှာ အလွန်ပင် ဆိုးရွားလှသော်လည်း လိပ်အသက်ရှူနည်းပညာကို အသုံးပြုခြင်းအားဖြင့် ‘ကလေးငယ်အသက်ရှူခြင်း' ဟုခေါ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
လူသားတို့သည် မမွေးဖွားမီ အချိန်၌ မူလနယ်ပယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြသော်လည်း မွေးဖွားပြီးနောက်တွင် လောက၏ မစင်ကြယ်သော လေထုကြောင့် ထိုစွမ်းအင်များ ပျောက်ကွယ်သွားရသည်ဟု ဆိုကြသည်။
သို့သော် အမှန်စင်စစ်အားဖြင့် မူလချီစွမ်းအင်ဟူသည် လုံးဝပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ဘဲ မရှိသလောက် အားနည်းသွားခြင်းသာ ဖြစ်သည်။ အကယ်၍ ထိုမျိုးစေ့ကို အမြစ်တွယ်ကာ ပြန်လည်ရှင်သန်အောင် လုပ်နိုင်ပါက ပြင်ပမှ မည်သည့် မူလချီစွမ်းအားကိုမျှ အသုံးမပြုဘဲ မူလနယ်ပယ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။
အမှန်တော့ သိုင်းပညာကို လေ့ကျင့်ခြင်းသက်သက်ဖြင့် မူလချီစွမ်းအားကို သန့်စင်ဖို့ မလိုဘဲ မူလနယ်ပယ်အဆင့်သို့ ရောက်ရှိရန် ဖြစ်နိုင်ပါသည်။
သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန်မှာ သာမန်လူတို့အတွက် မဖြစ်နိုင်ဘဲ သန်းပေါင်းများစွာသော သိုင်းပညာရှင်များထဲမှ ပါရမီရှင်များသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။ ပြင်ပမှ မူလချီစွမ်းအားကို ယူကာ ထိုအဆင့်သို့ တက်လှမ်းခြင်းမှာ အမှန်တကယ်တွင် ဖြတ်လမ်းကို အသုံးပြုခြင်း ဖြစ်သည်။
ရှေးဦးခေတ်က မူလချီစွမ်းအားများ မရှိသည့်တိုင်အောင် ထိုခေတ်မှ သိုင်းပညာရှင်များသည် သိုင်းပညာကို လေ့ကျင့်ခြင်းအားဖြင့် စစ်မှန်သော မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်ဟု စူးချန်ခုန်း ခံစားမိသည်။
"သိုင်းပညာဆိုတာ ဘာလို့ အခက်အခဲတွေ အများကြီး ရှိနေရမှာလဲ။ မူလချီစွမ်းအားကို မသန့်စင်ဘဲနဲ့လည်း မူလနယ်ပယ်ကို တက်လှမ်းနိုင်တာပဲ။"
စူးချန်ခုန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားမိသည်။ မူလချီစွမ်းအင်ကို အားမကိုးဘဲ မူလနယ်ပယ်သို့ တက်လှမ်းခြင်းမှာ ရှေးကျပြီး အခြေခံအကျဆုံး နည်းလမ်းပင် ဖြစ်သည်။
သဘောတရားအရ လူသားဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သို့မဟုတ် အပင်ဖြစ်စေ သက်ရှိမှန်သမျှသည် မူလသဘာဝ ပင်ကိုယ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်စွမ်း ရှိကြသည်။ အချို့သော ဆေးပင်များမှာ ထူးခြားသော အစွမ်းသတ္တိများ ရှိနေခြင်းမှာလည်း ၎င်းတို့သည် ထိုအဆင့်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။
နတ်ဘုရားမျိုးစေ့ကို အသုံးပြုကာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ တက်လှမ်းခြင်းမှာပင် ဖြတ်လမ်းတစ်ခုသာ ဖြစ်သည်။
နတ်ဘုရားမျိုးစေ့ကို အသုံးပြုလျှင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်နိုင်သော်လည်း ယင်းကို အသုံးမပြုဘဲနှင့်လည်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်နိုင်ပါသည်။ အခြားသူများမှာ ထိုအဆင့်သို့ရောက်အောင် သိုင်းပညာကို မလေ့ကျင့်နိုင်ကြခြင်းသာ ဖြစ်သည်။
သိုင်းပညာဟူသည် အကန့်အသတ်များကို ကျော်ဖြတ်ခြင်း၊ မဖြစ်နိုင်သည်ကို ဖြစ်အောင်လုပ်ခြင်းနှင့် အတားအဆီးအားလုံးကို ဖျက်ဆီးပစ်ခြင်းသာ ဖြစ်သည်။
စူးချန်ခုန်းသည် သူ၏ အတွေးများကို စုစည်းကာ လိပ်အသက်ရှူနည်းပညာကို ဆက်လက် လေ့ကျင့်နေခဲ့သည်။ သူသည် မိခင်ဝမ်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရပြီး သဘာဝတရားကို အသုံးပြုကာ မိမိကိုယ်ကို ပြုစုပျိုးထောင်နေသည်။ သူ၏ ကိုယ်ခန္ဓာအတွင်း၌ စွမ်းအင်များ လည်ပတ်နေကာ မူလနယ်ပယ်သို့ ပြန်လည်ကူးပြောင်းနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ရေခဲထုမှာ စူးချန်ခုန်း၏ အသက်ဇီဝကို ဖျက်ဆီးရန် ပြင်းထန်သော အအေးဒဏ်ကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေသည်။ နတ်ဘုရားမျိုးစေ့၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ထိုရေခဲထုအတွင်း ပိတ်မိပါက မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင်လျှင် အသက်ရှင်ရန် ခဲယဉ်းလှသည်။
စူးချန်ခုန်းမှာမူ နတ်ပိုးချည်ချီစွမ်းအားကို အသုံးပြုကာ ပျက်စီးသွားသော အသားမျှင်များကို ပြန်လည်ပြုပြင်နေပြီး ထိုအအေးဒဏ်ကို တန်ပြန်ခုခံကာ ဟန်ချက်ညီအောင် ထိန်းထားသည်။
နတ်ပိုးချည်ကျင့်စဉ်၊ အဆုံးမဲ့သော အသက်စွမ်းအား။
ဤကဲ့သို့ ဆိုးရွားလှသော ပတ်ဝန်းကျင်သည် နတ်ပိုးချည်ကျင့်စဉ်ကို လေ့ကျင့်ရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။ စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ်မှာ သိသိသာသာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ချီစွမ်းအင်များမှာလည်း ပွင့်လန်းနေသော ပန်းများကဲ့သို့ လန်းဆန်းလာကာ စူးချန်ခုန်း၏ ကိုယ်ခန္ဓာကို ပြုစုပျိုးထောင်ပေးနေသည်။
လိပ်အသက်ရှူနည်းပညာကို လည်ပတ်စေရင်း အချိန် မည်မျှကုန်လွန်သွားသည်ကို သူ မသိတော့ပါ။ အချိန်ကို အာရုံခံ၍ မရသော ထိုနေရာ၌ လအနည်းငယ် သို့မဟုတ် နှစ်အတော်ကြာသွားတာလည်း ဖြစ်နိုင်သည်။
စူးချန်ခုန်း၏ သဘာဝစွမ်းအင်များကို အာရုံခံနိုင်စွမ်းမှာ ပို၍ ကြည်လင်လာပြီး မိမိကိုယ်အတွင်းမှ တစ်စုံတစ်ခု နိုးထလာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ လူသားကိုယ်ခန္ဓာအတွင်း၌ ရှိသော အကြောမကြီးတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာ၏ အရင်းအမြစ်နှင့် ခွန်အားတို့၏ အခြေခံလည်း ဖြစ်သည်။
"ကောင်းကင်သွေးကြော၊ ဒါက ကောင်းကင်ကြောပဲ။ ငါ မူလနယ်ပယ်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီ။ ကောင်းကင်သွေးကြောကိုလည်း ဖွင့်နိုင်ခဲ့ပြီ" စူးချန်ခုန်း ဝမ်းသာအားရ ဖြစ်သွားလေ၏။ သူသည် မူလနယ်ပယ်သို့ တရားဝင် ရောက်ရှိသွားခဲ့လေပြီ။
သဘာဝစွမ်းအင်များသည် ကြမ်းတမ်းလှသဖြင့် တိုက်ရိုက်စုပ်ယူပါက ကိုယ်ခန္ဓာကို ထိခိုက်စေနိုင်သော်လည်း ကောင်းကင်ကြောသည် ထိုစွမ်းအင်များကို သန့်စင်ပေးပြီး ကိုယ်ခန္ဓာကို သန်မာလာအောင် ပြုလုပ်ပေးနိုင်သည်။ ထို့ကြောင့် မူလနယ်ပယ် သိုင်းပညာရှင်များသည် ကိုယ်ခန္ဓာခွန်အား အလွန်ကြီးမားကြပြီး သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေကြခြင်း ဖြစ်သည်။
အခန်း (၄၆၈) မူလနယ်ပယ်သို့ တက်လှမ်းခြင်း။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော လိပ်အသက်ရှူနည်းပညာ။ (၃)
ကောင်းကင်နှင့် မြေကြီးကြားရှိ နေရာအနှံ့အပြားမှ သဘာဝစွမ်းအင်များသည် စုစည်းလာပြီး ရေခဲလွှာများကို ဖောက်ထွက်ကာ စူးချန်ခုန်း၏ ကိုယ်ခန္ဓာအတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ သူ၏ ကောင်းကင်သွေးကြောမှတစ်ဆင့် သန့်စင်ပြီးနောက်တွင် ထိုစွမ်းအင်များသည် နူးညံ့သော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ကိုယ်ခန္ဓာသည် ထိုသန့်စင်ပြီးသော သဘာဝစွမ်းအင်များကို ငတ်မွတ်နေသော မြေရိုင်းကြီးက မိုးရေစက်များကို သောက်သုံးသကဲ့သို့ လောဘတကြီး စုပ်ယူနေခဲ့သည်။
စူးချန်ခုန်း၏ ကိုယ်ခန္ဓာသည် အံ့အားသင့်ဖွယ် မြန်ဆန်သောနှုန်းဖြင့် သန်မာလာပြီး အကြောများမှာလည်း ပို၍ ခံနိုင်ရည်ရှိလာခဲ့ရာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။ စူးချန်ခုန်းအတွင်းရှိ 'အနှစ်သာရ' များမှာ လျင်မြန်စွာ ကြီးထွားလာပြီး ချီသွေးစွမ်းအင်များမှာလည်း အသွင်ပြောင်းလဲကာ အဖူးအပွင့်ကလေးတစ်ခုမှသည် အစိမ်းရောင် ပန်းပွင့်တစ်ပွင့်အဖြစ်သို့ ပွင့်လန်းသွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ အတုအယောင် မူလနယ်ပယ် မဟုတ်တော့ချေ။ သူသည် စစ်မှန်သော မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့လေပြီ။ ထို့ပြင် သူသည် ပြင်ပမှ မူလချီစွမ်းအင်ကို ယူခဲ့ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့်သာ ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော နည်းလမ်းဖြင့် မူလနယ်ပယ်သို့ ရောက်ရှိသူမှာ လောကတွင် သူတစ်ယောက်တည်း မဟုတ်နိုင်သော်လည်း မူလချီစွမ်းအင်ကို အသုံးမပြုဘဲ မိမိ၏ ကျင့်စဉ်သက်သက်ဖြင့် တက်လှမ်းနိုင်ခြင်းမှာမူ အလွန်ပင် ရှားပါးလှသော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။
စူးချန်ခုန်း၏ ကိုယ်တွင်းရှိ အပြာရောင် လိပ်အသက်ရှူနည်းချီစွမ်းအင်မှာ အတားအဆီးတစ်ခုကို ဖောက်ထွက်သွားသကဲ့သို့ တည်ငြိမ်စွာ စီးဆင်းနေသော်လည်း ၎င်း၏ အရည်အသွေးမှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ဝိညာဉ်စွမ်းအင်များ ရရှိလာသကဲ့သို့ ခံစားရသည်။
လိပ်အသက်ရှူနည်းပညာ (ဒသမနယ်ပယ် ၁ ရာခိုင်နှုန်း)
...
အခြေအနေကို အကဲခတ်လိုက်သောအခါ စူးချန်ခုန်းသည် သူ၏ လိပ်အသက်ရှူနည်းပညာမှာ အမှန်တကယ်ပင် အဆင့်တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
အောင်မြင်ပြီးမြောက်သောအဆင့်မှ မူလနယ်ပယ်အဆင့်သို့ ရောက်ရှိသွားသော အခိုက်အတန့်တွင် သူ၏ လိပ်အသက်ရှူနည်းပညာမှာလည်း အဆင့် ၉ မှ အဆင့် ၁၀ ဖြစ်သော 'ပင်ကိုယ်လိပ်အသက်ရှူအတတ်' သို့ သဘာဝအလျောက် တိုးတက်သွားခဲ့သည်။
အမည် - စူးချန်ခုန်း (အသက် ၂၄ နှစ်)
အသက်တမ်း - ၂၇၅ နှစ်
စွမ်းရည်ရမှတ် - ၅၁ မှတ်
၎င်းအပြင် သူ၏ အသက်တမ်းမှာလည်း နှစ်ပေါင်း ၃၀ ခန့် ထပ်မံတိုးလာခဲ့ပြီး စွမ်းရည်ရမှတ်မှာလည်း ၄၆ မှတ်မှ ၅၁ မှတ်သို့ ခုန်တက်သွားခဲ့သည်။
အသက်တမ်း နှစ်ပေါင်း ၃၀ တိုးလာခြင်းမှာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်း၊ ကောင်းကင်သွေးကြောကို ဖွင့်နိုင်ခြင်းနှင့် လိပ်အသက်ရှူနည်းပညာ အဆင့်တက်ခြင်းတို့ကြောင့် ဖြစ်သည်။ စူးချန်ခုန်းကဲ့သို့သော သူတစ်ဦးအတွက် သက်တမ်း ဤမျှအထိ တိုးလာခြင်းမှာ အလွန်ပင် ရှားပါးလှသော အခွင့်အရေး ဖြစ်သည်။
"တော်သေးတာပေါ့... အချိန်က နှစ်ဝက် ဒါမှမဟုတ် တစ်နှစ်လောက်ပဲ ရှိဦးမှာ။" သူ၏ အသက် ၂၄ နှစ် ဖြစ်နေသည်ကို ကြည့်ကာ စူးချန်ခုန်း တွေးလိုက်မိသည်။ သူသည် မြေအောက်ထဲတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သော်လည်း ဆယ်စုနှစ်ချီ၍ ကြာသွားခြင်းမျိုး မဟုတ်သည်ကို သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
စူးချန်ခုန်းသည် အဆင့် ၁၀ သို့ ရောက်ရှိသွားသော သူ၏ လိပ်အသက်ရှူနည်းပညာကို စမ်းသပ်ကြည့်ချင်သော်လည်း ရေခဲထုအတွင်း ပိတ်မိနေသဖြင့် လောလောဆယ်တွင် ထိုအစီအစဉ်ကို ခေတ္တဘေးဖယ်ထားလိုက်ရသည်။
လိပ်အသက်ရှူနည်းပညာနှင့် မူလနယ်ပယ်သို့ ရောက်ရှိခြင်းအပြင် စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ်မှာလည်း လျင်မြန်စွာ တိုးတက်နေခဲ့သည်။
နတ်ပိုးချည်ကျင့်စဉ် (သတ္တမနယ်ပယ်၊ နက်နဲသောအဆင့် ၈၁ ရာခိုင်နှုန်း)
၎င်းမှာ အအေးဒဏ်ကို တန်ပြန်ခုခံပေးနေသော နတ်ပိုးချည်ချီစွမ်းအား၏ အစွမ်းကြောင့်ပင် ဖြစ်သည်။ ဤစမ်းသပ်မှုအတွင်းမှာပင် နတ်ပိုးချည်ကျင့်စဉ်မှာ အဆင့် ၈ သို့ ရောက်ရှိရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
မကုန်ခမ်းနိုင်ပုံရသော အဖြူရောင် နတ်ပိုးချည်ချီစွမ်းအားများသည် အရာအားလုံးကို ပြုစုပျိုးထောင်ပေးနိုင်ပြီး သွေးသားကို အသက်ဝင်စေကာ အသားမျှင်များကို ပြန်လည်ရှင်သန်စေနိုင်သည်။ နတ်ပိုးချည်ချီစွမ်းအား တစ်မျှင်မျှ ရှိနေရုံဖြင့် အသက်ဇီဝကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
"အရင်ဆုံး ဒီရေခဲထုထဲကနေ လွတ်အောင် လုပ်ရမယ်။ အချိန် ဘယ်လောက်တောင် ကုန်သွားပြီလဲ မသိဘူး" ဟု စူးချန်ခုန်း တွေးလိုက်သည်။ သူသည် မူလနယ်ပယ်သို့ ရောက်ရှိပြီး လိပ်အသက်ရှူနည်းပညာမှာလည်း အဆင့် ၁၀ သို့ ရောက်သွားပြီဖြစ်ရာ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်။ သို့သော် အရေးကြီးဆုံးမှာ ဤရေခဲများကို ဖျက်ဆီးကာ ထွက်ခွာနိုင်ရန် ဖြစ်သည်။
၎င်းမှာ အလွန်ခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေသည်။ စူးချန်ခုန်းကို ပိတ်လှောင်ထားသော ရေခဲထုမှာ နတ်ဘုရားမျိုးစေ့အတွင်းမှ ထွက်ပေါ်လာသော နတ်ဘုရားစွမ်းအားဖြစ်ပြီး ဖုန်းရိယွဲ့ပင်လျှင် မဖျက်ဆီးနိုင်သော အရာဖြစ်သည်။ စူးချန်ခုန်းသည် မူလနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ၎င်းကို အင်အားသုံး၍ ခွဲထွက်ရန် ကြိုးစားခြင်းမှာ မိုက်မဲရာ ရောက်ပေလိမ့်မည်။
နတ်ဘုရားစွမ်းရည်ဟူသည် သာမန်သိုင်းပညာရှင်များ၏ အဆင့်ထက် ကျော်လွန်သော အခြားကမ္ဘာတစ်ခုမှ စွမ်းအားကဲ့သို့ပင် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤရေခဲထုမှာ တဖြည်းဖြည်း အရည်ပျော်သွားနိုင်သော်လည်း နှစ်ပေါင်း မည်မျှကြာမည်ကိုမူ စူးချန်ခုန်း မခန့်မှန်းနိုင်ချေ။ သူသည် ကံကြမ္မာကို အပ်နှံကာ စောင့်ဆိုင်းမနေနိုင်ပေ။ နတ်ဘုရားစွမ်းအားဖြင့် ဖန်တီးထားသော ဤရေခဲထုကို ဖျက်ဆီးနိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
အင်အားသုံး၍ မရပါက နည်းစနစ်ကို အသုံးပြုရမည် ဖြစ်သည်။
"ပြောစကားအရဆိုရင် သန်မာတဲ့ အပင်ပေါက်ကလေးက သူ့အပေါ်မှာ ဖိထားတဲ့ လေးလံတဲ့ အုတ်ခဲတွေကို ဖယ်ရှားပြီး ကြီးထွားလာနိုင်တယ်တဲ့။ ကျောက်တုံးတွေအောက်မှာ ပေါက်တဲ့ အပင်အချို့ဆိုရင်လည်း နေ့အလင်းရောင်ကို မြင်တွေ့ဖို့ ကျောက်လွှာတွေကို ဖောက်ထွက်နိုင်ကြတယ်။ ဒါဟာ အသက်ဇီဝရဲ့ ထူးခြားချက်ပဲ။ အသက်ဇီဝရဲ့ ခွန်အားပဲ။ အဲဒီလိုဆိုရင် ငါလည်း ငါ့ရဲ့ နတ်ပိုးချည်ကျင့်စဉ်ကို အသုံးပြုပြီး ဆက်တိုက် ကြီးထွားလာအောင် လုပ်ပြီး ဒီရေခဲထုကို ခွဲထုတ်ပစ်ရမယ်"
စူးချန်ခုန်းသည် ပိတ်မိနေသော နေရာမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။
အသက်ဇီဝ၏ ခွန်အားမှာ ကြီးမားလှပြီး အံ့ဖွယ်အရာများကို ဖန်တီးနိုင်သည်။ စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ်မှာလည်း 'အသက်စွမ်းအား' ကြောင့် လူသိများသည်။ သူသည် နတ်ပိုးချည် ချီစွမ်းအင်ကို အသုံးပြုကာ အပင်ပေါက်ကလေးကဲ့သို့ ကြီးထွားလာအောင် လုပ်ဆောင်ပြီး မိမိကို ပိတ်လှောင်ထားသော 'ကျောက်တုံး' ကို ခွဲထွက်ရန် ကြိုးစားလိုက်သည်။
စူးချန်ခုန်းသည် ရေခဲထုအတွင်း လဲလျောင်းနေရင်း နတ်ပိုးချည်ချီစွမ်းအင်ကို လှုံ့ဆော်လိုက်ရာ သူ၏ အရေပြားနှင့် ချွေးပေါက်များမှတစ်ဆင့် ချီစွမ်းအင်မျှင်ကလေးများ ထွက်ပေါ်လာပြီး စဉ်ဆက်မပြတ် ကြီးထွားလာကာ မိမိကို ပိတ်လှောင်ထားသော ရေခဲထုကို တွန်းကန် တိုက်ခိုက်နေခဲ့သည်။
စူးချန်ခုန်းကို ပိတ်လှောင်ထားသော ရေခဲထုမှာ ပိုးအိမ်တစ်ခုကဲ့သို့ ဖြစ်နေပြီး သူ လုပ်ဆောင်ရမည့်အရာမှာ ထိုပိုးအိမ်ကို ဖောက်ထွက်ရန် ဖြစ်သည်။
စူးချန်ခုန်း၏ ကိုယ်ခန္ဓာအတွင်းမှ ထွက်ပေါ်လာသော အမြောက်အမြားရှိသော နတ်ပိုးချည်ချီစွမ်းအင်များသည် ရေခဲထုကို အဖြူရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး အပင်ပေါက်ကလေးများစွာနှင့် တူနေသည်။ နတ်ဘုရားစွမ်းအားဖြင့် ဖန်တီးထားသော ရေခဲထုနှင့် ယှဉ်လျှင် ထိုချီစွမ်းအား အမျှင်ကလေးများမှာ နူးညံ့နေပုံရသော်လည်း 'ရေစက်ကလေးများက ကျောက်တုံးကို ဖောက်နိုင်သည်' ဟူသော စကားအတိုင်းပင် ဖြစ်သည်။ စဉ်ဆက်မပြတ် ကြီးထွားနေသော အပင်ပေါက်ကလေးများသည် နောက်ဆုံးတွင် ကြီးမားသော သစ်ပင်ကြီးများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ လမ်းတွင်ရှိသော ကျောက်တုံးများကို ဖောက်ထွက်နိုင်ကြမည်သာ ဖြစ်သည်။
နတ်ပိုးချည်ကျင့်စဉ် (သတ္တမနယ်ပယ်၊ နက်နဲသောအဆင့် ၈၂ ရာခိုင်နှုန်း)၊ နတ်ပိုးချည်ကျင့်စဉ် (သတ္တမနယ်ပယ်၊ နက်နဲသောအဆင့် ၈၃ ရာခိုင်နှုန်း) ...
စူးချန်ခုန်းသည် မလျှော့သော ဇွဲဖြင့် ဆက်လက် ကြိုးပမ်းနေခဲ့သည်။ အားကောင်းသော နတ်ပိုးချည်ချီစွမ်းအားများသည် ရေခဲထုအတွင်း၌ စဉ်ဆက်မပြတ် ကြီးထွားနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ နတ်ပိုးချည်အတတ်မှာလည်း ပိုမိုတိုးတက်လာခဲ့သည်။
စူးချန်ခုန်းသည် ၎င်းမှာ နတ်ပိုးချည်ကျင့်စဉ်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ပြင် သူ၏ အသက်တမ်းနှင့် ပါရမီအမှတ်များ တိုးလာခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ နတ်ပိုးချည်ကျင့်စဉ်ကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိအောင် တွန်းတင်နိုင်ခြင်း ဖြစ်သည်။