← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အပိုင်း (၁၇၂) ဩဇာအာဏာတည်ဆောက်ခြင်း

အိမ်တော်ထိန်းအားလုံး၏ စိတ်နှလုံးထဲတွင် အေးစိမ့်သော လေများ တိုက်ခတ်သွားတော့သည်။

ချိုင်ကုန်းကုန်းက အိမ်တွင်းစား အိမ်ပြင်နား လုပ်တာ၊ သေသွားလဲ နှမြောစရာမရှိဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ချောင်မိဖုရားခေါင်ရဲ့ လူလေ။ အာ့ဟွမ်စစ်ဖေးက ချွေးမတစ်ယောက်အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သနားညှာတာသင့်တာပေါ့!

ဒီအချက် ၆၀ သာ ရိုက်လိုက်ရင် ချိုင်ကုန်းကုန်း မသေရင်တောင် အသက်တစ်ဝက်လောက် ထွက်သွားမှာပဲ။

ဒါက သူတို့ကို ဩဇာပြနေတာမှ မဟုတ်တာ။ ဒါက မိဖုရားခေါင်ကြီးကို ဩဇာပြနေတာ!

အိမ်တော်ထိန်းများပင်လျှင် ဤအချက်ကို မြင်နိုင်သည်ဆိုလျှင် လီကျင့်ကရော အဘယ်မှာ မသိဘဲ ရှိမည်နည်း။

သူက လုမင်ယွိကို ကြည့်လိုက်လေသည်။

လုမင်ယွိ၏ မျက်နှာလေးကို သူ၏စိတ်ထဲတွင် အကြိမ်မည်မျှ ပုံဖော်ခဲ့ဖူးသည်မသိ၊ အလွန်အမင်း ရင်းနှီးနေခဲ့ပြီးဖြစ်သည်။ ထိုတောက်ပနေသည့် မျက်ဝန်းနက်များထဲတွင် ယခုအချိန်၌ ခပ်ရေးရေး ထက်မြက်စူးရှမှု အရိပ်အယောင်တို့ ပေါ်လွင်နေ၏။

ချိုင်ကုန်းကုန်း သေသေရှင်ရှင် အရေးမကြီးဘူး။ အရေးကြီးတာက ဒီကိစ္စမှာ သူ ဘယ်လိုသဘောထားရှိလဲဆိုတာကို ပြရမှာပဲ။ မယားဘက်မှာ ရပ်တည်မှာလား၊ ဒါမှမဟုတ် ကိုယ့်အမေအရင်းဘက်ကို လိုက်မှာလား။

လီကျင့်သည် ကြိုတင်ပြင်ဆင်ထားပြီးသား ဆိုသော်ငြား ဒီအချိန်မှာတော့ အနည်းငယ် ခေါင်းကိုက်ရသေးသည်။

လုမင်ယွိက အတိတ်ဘဝက အကြောင်းတွေကြောင့် ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေးအပေါ်မှာ အင်မတန် အာရုံခံစားလွယ်တယ်။ သူသာ ဒီအချက် ၆၀ ကို သဘောမတူလိုက်ရင် လုမင်ယွိက "လောကကြီးမှာ ယောက်ျားတွေအားလုံးက တစ်ပုံစံတည်းပဲ၊ ဘယ်လောက်ပဲ ကောင်းကောင်းတွေ ပြောနေပါစေ၊ အရေးကြီးတဲ့အချိန်ရောက်လာရင် ကိုယ့်အမေအရင်းဘက်ကိုပဲ ပါကြတာ" ဆိုပြီး တွေးတော့မှာ သေချာတယ်။ တစ်နေ့တခြား နီးကပ်လာတဲ့ နှလုံးသားနှစ်ခုကြားမှာ ချက်ချင်းပဲ အတားအဆီးတစ်ခု ဖြစ်သွားလိမ့်မယ်။

သူ သဘောတူလိုက်ပြန်ရင်လဲ ချောင်မိဖုရားခေါင်ကို မျက်နှာအကြီးအကျယ် ပျက်စေလိမ့်မယ်။

စက္ကန့်ပိုင်းအတွင်းမှာပင် လီကျင့်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး နှုတ်ဖွင့်ပြောလိုက်လေသည်။ "အရင်ဆုံး အချက် ၃၀ ရိုက်ထားလိုက်။ လုယီက လူတွေကို ခေါ်လာပြီးတဲ့အထိ စောင့်၊ ရှင်းရှင်းလင်းလင်း မေးမြန်းပြီးတော့မှ ကျန်တဲ့ အချက် ၃၀ ကို ထပ်ဖြည့်လိုက်။ ပြီးတော့၊ ခဏနေရင် ကို နန်းတော်ထဲဝင်ပြီး မူဟုပ်ကို နှစ်သိမ့်လိုက်မယ်။ မူဟုပ်က သူ့ကို ဒီလောက်တောင် အလေးထားခဲ့တာကို သူက မူဟုပ်ရဲ့ ယုံကြည်မှုကို သစ္စာဖောက်ရဲတယ်။ သားတစ်ယောက်အနေနဲ့ ကိုက မူဟုပ်အစား ဒီဒေါသကို ဖြေရှင်းပေးရမှာပေါ့!"

လုမင်ယွိက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "ကောင်းပြီလေ" ဟု ဆိုလိုက်သည်။

သူမက လီကျင့် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်ချင်လို့ ခုနက တမင်တကာ လုပ်လိုက်တာ။ တော်သေးတာပေါ့၊ လီကျင့်က လူကို စိတ်မပျက်စေခဲ့ဘူး။

ဟုတ်ပါသည်။ လီကျင့်သည် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ရန် နည်းဗျူဟာကိုလည်း ကြံဆထားပြီးဖြစ်ကာ အများပြည်သူကို ပြောဆိုမည့် စကားလုံးများကိုပင် စဉ်းစားထားပြီးဖြစ်၏။ သူ ခုလေးတင် ပြောလိုက်သည့်စကားများမှာ အနည်းဆုံးတော့ အပေါ်ယံအားဖြင့် အမြင်လှလေသည်။

...

စူးရှလှသည့် အော်ဟစ်သံများနှင့်အတူ တုတ်ပြားက ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည့် တုန်ခါမှုကြောင့် ထွက်ပေါ်လာသော အသံတို့သည် အတွင်းခန်းမဆောင်ထဲသို့ ပျံ့လွင့်ဝင်ရောက်လာခဲ့သည်။ လုမင်ယွိသည် စကားတစ်ခွန်းမှ မဆိုဘဲ သူမ၏ အကြည့်များက လူတိုင်း၏ကိုယ်ပေါ်တွင် ဝေ့ဝဲပျံသန်းနေ၏။ အိမ်တော်ထိန်းများထဲမှ မည်သူကမှ ခေါင်းမော့မကြည့်ရဲကြပေ။ သတ္တိအနည်းငယ် နည်းပါးသူများခမျာ တဆတ်ဆတ် တုန်ယင်နေကြပြီဖြစ်သည်။

အချက် ၃၀ သည် လက်ဖက်ရည်တစ်ခွက်သောက်ခန့် အချိန်အတွင်းမှာပင် ပြီးဆုံးသွားလေသည်။ တပ်မှူးလေးကျော်သည် လျင်မြန်စွာ ပြန်လာပြီး လျှောက်တင်လေသည်။ "မင်းသားလေးနဲ့ မင်းသားကြင်ရာတော်ကို လျှောက်တင်ပါတယ်၊ အချက် ၃၀ ရိုက်ပြီးပါပြီ၊ ချိုင်ကုန်းကုန်းက သတိလစ်မေ့မြောသွားပါပြီ"

လီကျင့်က ခပ်ပြတ်ပြတ် ပြောလိုက်၏။ "ရေအေးနဲ့ ပက်ပြီး သတိပြန်လည်အောင်လုပ်၊ ပြီးတော့ အတွင်းခန်းမထဲကို သယ်လာခဲ့"

တပ်မှူးလေးကျော်သည် အမိန့်ကို လက်ခံလိုက်ပြီး မကြာမီမှာပင် အရေပြားများ စုတ်ပြဲကာ အသားများ လန်ထွက်ပြီး သွေးသံရဲရဲ ဖြစ်နေသည့် ချိုင်ကုန်းကုန်းကို အတွင်းခန်းမထဲသို့ သယ်ဆောင်လာခဲ့သည်။ ရေအေးဖြင့် ပက်ဖြန်းခံလိုက်ရသဖြင့် သတိပြန်လည်လာသည့် ချိုင်ကုန်းကုန်းသည် နာကျင်လွန်းသဖြင့် မျက်ရည် နှာရည်များ ယိုစီးကျလာကာ အသက်ချမ်းသာပေးရန် တောင်းပန်သည့် စကားများပင် မဆိုနိုင်တော့ချေ။

အတွင်းခန်းမထဲတွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။

အတိ တိတ်ဆိတ်ငြိမ်သက်ခြင်းပင်။

လုမင်ယွိ၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ "တံခါးစောင့်ကုန်းကုန်း ဘယ်မှာလဲ"

တံခါးစောင့် ယွီကုန်းကုန်းသည် ကျန်အိမ်တော်ထိန်းများ၏ "တိတ်ဆိတ်စွာ ဝမ်းနည်းခြင်းဖြင့် နောက်ဆုံးခရီး လိုက်ပို့နေသည့်" အကြည့်များအောက်တွင် တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့တက်လာပြီး တိုက်ရိုက် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်သည်။ "ကျွန်တော်မျိုး ဟွမ်စစ်ဖေးကို ဂါရဝပြုပါတယ်"

ကောင်းလိုက်တာ၊ မျောက်ကိုသတ်ပြီး ကြက်ကိုခြောက်တဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး ကောင်းမွန်တာပဲ!

လုမင်ယွိက ခပ်ပြတ်ပြတ် အမူအယာဖြင့် ဆိုလိုက်သည်။ "ထပြီး ပြန်ဖြေပါ"

ယွီအိမ်တော်ထိန်းသည် အသက်ရှူချိန်ပင် မဆိုင်းဝံ့ဘဲ ချက်ချင်း ကျေးဇူးတင်စကားဆိုကာ ထရပ်လိုက်သည်။ ထို့နောက် လက်များကို စည်းကမ်းတကျ ရှေ့တွင်ယှက်လျက် မတ်တပ်ရပ်နေ၏။

လုမင်ယွိသည် သူ့ကို အခက်တွေ့အောင် မလုပ်ဘဲ တံခါးစောင့်တာဝန်နှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် ပြောလိုက်၏။ "အရင်တုန်းက မင်းသားလေးက နန်းတော်ထဲမှာ နေခဲ့တော့ ဒုတိယမင်းသားအိမ်တော်ရဲ့ တံခါးစောင့်တာဝန်က အေးဆေးတယ်။ နောက်ဆိုရင် လူတွေ အဝင်အထွက် များလာမှာ၊ ဧည့်တွေ့ခွင့်တောင်းလွှာ လာပို့တဲ့လူတွေလည်း မနည်းမနော ရှိလာလိမ့်မယ်။ ကျွန်မမှာ စည်းကမ်းနှစ်ချက်ရှိတယ်၊ ရှင် ဒါကို သေချာမှတ်ထားရမယ်။ ပထမတစ်ချက်၊ ဧည့်တွေ့ခွင့်တောင်းလွှာ အားလုံးကို ချန်မထားရဘူး၊ အကုန်လုံး အပေါ်ကို တင်ပြရမယ်။ ဒုတိယတစ်ချက်၊ ဘယ်သူ့ဆီကမှ ငွေတောင်းခံတာမျိုး မလုပ်ရဘူး၊ ကျွန်မသာ သိလိုက်လို့ကတော့ သူ့လက်ကို ဖြတ်ပစ်မယ်။ အိမ်တော်ထိန်းယွီ၊ ဒီစည်းကမ်းနှစ်ချက်ကို ရှင် ရှင်းရှင်းလင်းလင်း နားလည်ရဲ့လား"

ယွီအိမ်တော်ထိန်းက နားမလည်ဘဲ အဘယ်မှာ နေဝံ့မည်နည်း။ "ကျွန်တော်မျိုး နားလည်ပါတယ်။ ကျွန်တော်မျိုး ပြန်ရောက်တာနဲ့ တံခါးစောင့်တဲ့လူတွေကို တစ်နေရာတည်းမှာ စုခေါ်ပြီး ဒီစည်းကမ်းနှစ်ချက်စလုံးကို သူတို့ကို ပြောပြလိုက်ပါ့မယ်"

လုမင်ယွိသည် အင်း ဟု တစ်ချက်ဆိုလိုက်ပြီး နောက်တစ်ယောက်ကို ခေါ်လိုက်သည်။ "မီးဖိုချောင် ဝယ်ယူရေးတာဝန်ခံ အိမ်တော်ထိန်း ဘယ်မှာလဲ"

ခန္ဓာကိုယ် အနည်းငယ် ပြည့်တင်းသည့် အရွယ် ၄၀ ခန့် နန်းတွင်းအမျိုးသမီးတစ်ဦးသည် ရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် တက်လာပြီး အရိုအသေပေးလိုက်သည်။ "ကျွန်တော်မျိုးမက ထောင်မျိုးရိုးပါ။ အရင်က နန်းတွင်းရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဒုတိယမင်းသားအိမ်တော်ကို ရောက်လာခဲ့တာပါ"

လုမင်ယွိသည် စကားများများမပြောဘဲ အလွန်တရာ လိုရင်းတိုရှင်းဖြင့်သာ ပြောလိုက်လေသည်။ "အရင်တုန်းက စာရင်းတွေကို ကျွန်မ ဘာတစ်ခုမှ စစ်ဆေးမနေတော့ဘူး။ ဒီနေ့ကစပြီး ၅ ရက်တစ်ခါ မီးဖိုချောင်ရဲ့ စာရင်းစာအုပ်ကို အပေါ်ကို တင်ပြရမယ်။ ပေါ့ဆမှုတစ်စုံတစ်ရာ ရှိခဲ့ရင် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

အမှန်တကယ် မည်သို့ ခွင့်မလွှတ်မည်ကိုတော့ ချိုင်ကုန်းကုန်း၏ အဆုံးသတ်ကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။

အထိန်းတော်ထောင်သည် ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူလိုက်သည်။

အိမ်တော်ထိန်း ၂၀ ကျော်တို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တက်လာကြသည်။ လူတိုင်းကို စကားအနည်းငယ်စီသာ ပြောကြားခဲ့လေသည်။ အိမ်တော်ထိန်းများ၏ မျက်နှာပေါ်မှ အမူအယာများကို ကြည့်ရသည်မှာ လုမင်ယွိ ပြောခဲ့သည့် စကားလုံးတိုင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ စိတ်ထဲတွင် အလွတ်ကျက်မှတ်ထားလိုသည့်နှယ် ဖြစ်နေတော့သည်။ နာရီဝက်ခန့် အချိန်အတွင်းမှာပင် လုမင်ယွိသည် အိမ်တော်ထိန်းအားလုံးကို တစ်ကြိမ် မှတ်သားလိုက်လေပြီ။

"ဒီနေ့က ပထမဆုံး တွေ့ဆုံခြင်းပဲ၊ ကျွန်မ အရင်ဆုံး တာဝန်ထမ်းဆောင်ရမယ့် စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း ပြောထားမယ်” လုမင်ယွိ၏ စကားသံက အေးစက်နေကာ ကြားရသူတိုင်း၏ စိတ်ထဲတွင် အေးစိမ့်သွားစေ၏။ "ရှင်တို့ ကောင်းကောင်းမွန်မွန် တာဝန်ထမ်းဆောင်ကြ၊ ကျွန်မ ရှင်တို့ကို နစ်နာအောင် လုပ်မှာမဟုတ်ဘူး။ လိမ်လည် သစ္စာဖောက်လုပ်ပြီး သခင်ကို သစ္စာဖောက်တဲ့သူရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာကိုလဲ ရှင်တို့ မြင်ပြီးလောက်ပြီ။ မနက်ဖြန်ကစပြီး နေ့တိုင်း မနက် ၇ နာရီ ၁၅ မိနစ်မှာ အတွင်းခန်းမကို လာပြီး ကိစ္စရပ်တွေကို တင်ပြရမယ်”

အိမ်တော်ထိန်းအားလုံးသည် တညီတညွတ်တည်း "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်ကြပြီးနောက် တန်းစီကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ချိုင်ကုန်းကုန်း၏ ဘေးမှ ဖြတ်သွားသည့်အခါတွင် အိမ်တော်ထိန်းအားလုံးသည် မျက်စိကို ရှေ့တည့်တည့်သာ ကြည့်သွားကြပြီး သွေးများစွန်းထင်းကာ သေလုမျောပါး ဖြစ်နေသည့် ချိုင်ကုန်းကုန်းကို မမြင်မိသည့်နှယ်ပင်။

...

အတွင်းခန်းမဆောင်မှ အတော်ဝေးဝေးသို့ ထွက်ခွာလာပြီးမှသာ ယွီကုန်းကုန်းမှာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချနိုင်တော့သည်။ သူ၏ဘေးမှ အထိန်းတော်ထောင်၏ မျက်နှာသည်လည်း သိပ်မကောင်းလှဘဲ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဒီအာ့ဟွမ်စစ်ဖေးက တကယ်ကို အရမ်းတော်ပြီး ကြောက်စရာကောင်းတာပဲ!"

အကြိမ်တစ်ရာ ကြားရခြင်းသည် တစ်ကြိမ် တွေ့မြင်ရခြင်းလောက် မကောင်းပေ။ တွေ့ဆုံလိုက်ရသည့်အခါတွင်တော့ ကျော်ကြားသည့်သတင်းထက်ပင် ပိုပြီး ထက်မြက်လွန်းလှပေ၏!

ယွီကုန်းကုန်းသည် အထိန်းတော်ထောင်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး "နောက်ဆို မီးဖိုချောင်ရဲ့ စာရင်းတွေကို နင် သေချာဂရုစိုက်လုပ်တော့၊ အမှားမလုပ်မိစေနဲ့။ ချိုင်ကုန်းကုန်းက သူ့မှာ မိဖုရားခေါင်ကြီးရဲ့ ကျောထောက်နောက်ခံ ရှိနေတာတောင် အရိုက်ခံလိုက်ရတာ။ နင်နဲ့ငါလို လူမျိုးတွေကသာ အမှားတစ်ခုခု လုပ်မိလို့ကတော့ သခင်က ငါတို့အသက်ကို ယူချင်ရင် စကားတစ်ခွန်း ပြောလိုက်ရုံပဲ"

ချိုင်ကုန်းကုန်းသည် တစ်ချိန်က ကျောင်းဖန်နန်းဆောင်တွင် အမှုထမ်းခဲ့ဖူးသူဖြစ်ပြီး ချောင်မိဖုရားခေါင်၏လူ ဖြစ်သည်။ အာ့ဟွမ်စစ်ဖေးသည် ချိုင်ကုန်းကုန်းကိုပင် အရေးမထားခဲ့လျှင် နန်းတွင်းရေးရာဌာနမှ ထွက်လာသည့် သူတို့နှစ်ဦးလို ကျွန်မျိုးကို ဆိုလျှင် ပြောစရာပင် လိုတော့မည်မထင်။

အထိန်းတော်ထောင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်လေသည်။ "ကျွန်မကလဲ ဘာမှမသိတဲ့ ၃-၄ နှစ်အရွယ် ကလေးမလေးမှ မဟုတ်တာ၊ ဒီကိစ္စရဲ့ အရေးကြီးပုံကို မသိဘဲနေမလား။ ရှင်လဲ ဂရုစိုက်။ နောက်ဆို ဧည့်တွေ့ခွင့်တောင်းလွှာ လာပို့တဲ့လူရှိရင် ကိုယ့်သဘောနဲ့ကိုယ် လူကို တားတာမျိုး မလုပ်နဲ့။ အခွင့်အရေးယူပြီး ငွေတောင်းတဲ့အလုပ်မျိုးတွေလဲ မလုပ်နဲ့တော့"

ယွီကုန်းကုန်းက သူ၏အင်္ကျီလက်စဖြင့် နဖူးပြင်ပေါ်မှ ချွေးစေးများကို သုတ်လိုက်ပြီး အသံကိုနှိမ့်ကာ မေးလိုက်၏။ "ချိုင်ကုန်းကုန်းမှာ အပြင်မှာ ကိုယ်ပိုင်ခြံဝင်းရှိတဲ့ကိစ္စ၊ နင် အရင်က သိလား"

အထိန်းတော်ထောင်သည် အနည်းငယ် စိတ်တိုသွားတော့သည်။ "ကျွန်မတို့နှစ်ယောက်က စားဖော် တွေ ဖြစ်လာတာ နှစ်တွေ ဒီလောက်တောင် ကြာနေပြီ၊ ကျွန်မက အားလပ်ချိန်ရတိုင်း ရှင့်အတွက် အဝတ်အစားတွေ၊ ခြေအိတ်တွေ ချုပ်ပေးနေရတာ။ ချိုင်ကုန်းကုန်း ဘာလုပ်နေလဲဆိုတာကို လိုက်ပြီး ဂရုစိုက်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ"

ယွီကုန်းကုန်းသည် လက်ကိုမြှောက်လိုက်ပြီး သူ့ကိုယ်သူ မပြင်းမကျယ်ဖြင့် တစ်ချက်ရိုက်လိုက်ကာ "စကားကို လျှောက်မပြောနဲ့လို့ ပြောထားတယ်လေ"

အထိန်းတော်ထောင်သည် မူလက အနည်းငယ် စိတ်ဆိုးနေသော်လည်း ယွီကုန်းကုန်းက သည်လိုစနောက်လိုက်သဖြင့် ပြန်လည် ရယ်မောလိုက်မိသည်။ ခဏတာ ရယ်မောပြီးနောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။ "တော်ပါပြီ၊ နောက်ဆို ကျွန်မတို့ အကျိုးမရှိတဲ့စကားတွေ နည်းနည်းလျှော့ပြောပြီး တာဝန်ကိုပဲ စိတ်နှစ်ပြီး ထမ်းဆောင်ကြတာပေါ့။ အသက်ကြီးမှ တုတ်နဲ့ အရိုက်ခံရဖို့ အပြင်ကို ဆွဲထုတ်ခံရတာမျိုး မဖြစ်ချင်ဘူး"

မဟုတ်ပါလား။

ယွီကုန်းကုန်းသည်လည်း ထပ်တူထပ်မျှ ခံစားလိုက်ရသဖြင့် အကျိုးမရှိသော စကားများ ဆက်ပြောရန် စိတ်မရှိတော့ဘဲ တံခါးစောင့်သည့်နေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။

...

အပိုင်း (၁၇၃) သားအမိ (၁)

အိမ်တော်ထိန်းများ ထွက်သွားသည်နှင့် အတွင်းခန်းမဆောင်သည် အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။ မြေပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေသည့် ချိုင်ကုန်းကုန်းမှာ တစ်ကိုယ်လုံး ရေအေးများဖြင့် စိုရွှဲနေပြီး ကျောပြင်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေ၏။ သခင့်အား အသက်ချမ်းသာပေးရန် တောင်းပန်ဖို့ ပါးစပ်ဟရန်ပင် အင်အားမရှိတော့ဘဲ ကြည့်ရသည်မှာ အမှန်ပင် သနားစရာကောင်းလှသည်။

လုမင်ယွိနှင့် လီကျင့်တို့ကတော့ သူ့ကို သနားကြင်နာမိသည့် သဘောထား လုံးဝမရှိကြသည်မှာ သေချာလှသည်။ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ လက်ချင်းချိတ်ကာ စားတော်ဆောင်ဆီသို့ ထွက်ခွာသွားကြလေသည်။

နေ့တစ်ဝက်နီးပါး အလုပ်များနေခဲ့သဖြင့် ဗိုက်ကလဲ ဆာနေလေပြီ။ အရင်ဆုံး ဗိုက်ဖြည့်ပြီးမှ ကျန်တာဆက်ပြောကြတော့မည်။

လမ်းတစ်လျှောက်တွင် လီကျင့်သည် အသံတိုးတိုးဖြင့် စနောက်သည့်စကားများကို မပြောဘဲမနေနိုင်တော့ပေ။ "အာ့ဟွမ်စစ်ဖေးက ဒီနေ့တော့ တကယ့်ကို ဩဇာအာဏာကြီးမားပြီး လူတိုင်းကို လေးစားခန့်ညားသွားစေတာပဲ။ နောက်ဆို ဒီအိမ်တော်တစ်ခုလုံးက အာ့ဟွမ်စစ်ဖေးကိုပဲ စိတ်ရောကိုယ်ပါ လေးစားလိုက်နာကြတော့မှာ သေချာတယ်"

လုမင်ယွိသည် ပြုံးလျက် လီကျင့်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ကာ "ဒုတိယမင်းသားလေးက ဇနီးသည်ရဲ့ဩဇာ လွှမ်းမိုးသွားမှာကို မကြောက်ဘူးလား"

လီကျင့်သည် ပွင့်ပွင့်လင်းလင်းပင် ရယ်မောလိုက်ပြီး "စေ့စပ်ကြောင်းလမ်းလိုက်တဲ့ နေ့ကတည်းက ကိုက ဒီတစ်သက်လုံး ဖိနှိပ်ခံဖို့ ပြင်ဆင်ထားပြီးသားပါ"

လုမင်ယွိ: "..."

လုမင်ယွိသည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားသည်။ "ကြည့်ရတာ ရှင့်စိတ်ထဲမှာ ကျွန်မက ကျားမကြီးတစ်ကောင် ဖြစ်နေတာကိုး"

လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ကျားမကြီးပဲ ဖြစ်နေဦးတော့၊ အလှဆုံး ကျားမကြီးတစ်ကောင်ပေါ့"

"ထွီ!" လုမင်ယွိသည် ပြုံးရယ်လျက် သူ့ကို စကားဖြင့် ပက်လိုက်လေသည်။

နောက်မှ တိတ်တဆိတ် လိုက်ပါလာသည့် ချီယွင်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

အရင်တုန်းက အတွင်းခန်းမဆောင်ထဲမှာ သခင်မလေးက ဩဇာအာဏာ အပြည့်ပြသပြီး မိုးကြိုးပစ်ချလိုက်သလိုမျိုး အင်အားသုံးပြီး ချိုင်ကုန်းကုန်းကို အပြစ်ပေးလိုက်တယ်။ ပြီးတော့ အိမ်တော်ထိန်းအားလုံးကိုလဲ အသက်တောင် ကျယ်ကျယ်မရှူရဲတဲ့အထိ ဖိနှိပ်ထားနိုင်ခဲ့တယ်။

သူမလို အစေခံတစ်ယောက်အနေနဲ့တော့ သခင်မလေးအတွက် အရမ်းကို ဂုဏ်ယူမိတာပေါ့! ဒါပေမဲ့လဲ ဒုတိယမင်းသားလေးက စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားမှာကို တိတ်တိတ်လေး စိုးရိမ်နေမိတယ်။

တော်သေးတာပေါ့၊ သခင်လေးနဲ့ သခင်မလေးက မင်္ဂလာဆောင်ကာစ လင်မယားတွေဆိုတော့ ပျားရည်လို ချိုမြိန်တဲ့ အချစ်တွေ ပြင်းထန်နေဆဲ အချိန်ပဲ။ ကိုယ့်သခင်မလေးက နည်းနည်းလောက် ကြမ်းတမ်းပြလိုက်ပေမဲ့ လင်မယားကြားက ချစ်ခင်မှုကို မထိခိုက်စေခဲ့ဘူး။

...

နေ့လယ်စာ စားသောက်ပြီးနောက်တွင် တပ်မှူးကျော်သည်လည်း ပြန်လည်ရောက်ရှိလာသည်။ ခြံဝင်းထဲမှ လူအားလုံး၊ ချောမောလှပသည့် ချိုင်ကတော် နှင့် သန်မာထွားကြိုင်းသည့် ချိုင်သခင်လေး အပါအဝင် အားလုံးကို ခေါ်ဆောင်လာခဲ့သည်။

လုမင်ယွိသည် ဝင်ရောက်စွက်ဖက် မေးမြန်းခြင်း မပြုတော့ပေ။ "ကျွန်မ နည်းနည်း မောနေပြီ၊ ခဏလောက် သွားနားလိုက်ဦးမယ်"

သူမသည် သည်ကိစ္စကို လီကျင့်အား ဖြေရှင်းရန် ချန်ထားခဲ့လိုက်သည်။

လီကျင့်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

လုမင်ယွိသည် အိပ်ဆောင်သို့ သွားရောက် အနားယူလိုက်ရာ တစ်ခါတည်း ၂ နာရီတိတိ အိပ်စက်လိုက်မိသည်။ အိပ်ရေးဝသွားသဖြင့် လန်းဆန်းတက်ကြွလာပြီး ချီယွင်ကို နှုတ်ဖွင့်မေးလိုက်လေသည်။ "မင်းသားလေး ဘယ်နေရာမှာလဲ"

ချီယွင်သည် အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "လွန်ခဲ့တဲ့ နာရီဝက်လောက်က မင်းသားလေးက ရှောင်ယွမ်ကုန်းကုန်းကို သတင်းစကား ပါးခိုင်းလိုက်ပါသေးတယ်။ သခင်မလေး အိပ်ပျော်နေတုန်းမို့လို့ ကျွန်မက သခင်မလေးကို မနှိုးလိုက်တာပါ။ မင်းသားလေးက ချိုင်ကုန်းကုန်းကို ကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးတော့ လူတွေကို ချိုင်ကုန်းကုန်းကို နောက်ထပ် အချက် ၃၀ ထပ်ရိုက်ခိုင်းလိုက်ပါတယ်။ အခု နန်းတော်ထဲကို ဝင်သွားပါပြီ"

ကျွန်တစ်ယောက်ကို အပြစ်ပေးခြင်းသည် ကြီးမားသည့်ကိစ္စဟု မဆိုနိုင်ပေ။ သို့သော် ချိုင်ကုန်းကုန်းသည် ဘယ်လိုပဲဖြစ်ဖြစ် ချောင်မိဖုရားခေါင်၏ လူ ဖြစ်နေသည်။ လီကျင့်သည် ချောင်မိဖုရားခေါင်ထံ သည်ကိစ္စကို ရှင်းပြရန်အတွက် နန်းတော်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်သွားရမည်မှာ သဘာဝကျပေသည်။

လုမင်ယွိသည် ခေါင်းညိတ်လိုက်ပြီး ထွေထွေထူးထူး စကားမဆိုတော့ပေ။

ချီယွင်ကတော့ မရယ်ဘဲ မနေနိုင်ဖြစ်ကာ ပြောလိုက်တော့၏။ "မင်းသားလေးက သခင်မလေးအပေါ်မှာ တကယ့်ကို ဂရုတစိုက်ရှိပြီး အသေးစိတ်ကျတာပဲနော်! သခင်မလေးကို နည်းနည်းလေးတောင်မှ မတရားခံစားရအောင် မလုပ်ဘူး"

မဟုတ်လျှင် သည်ကိစ္စသာ နန်းတော်ထဲသို့ ပေါက်ကြားသွားပါက ချောင်မိဖုရားခေါင်သည် ဧကန်မလွဲ မျက်နှာပျက်ကာ စိတ်ထဲတွင် ဒေါသထွက်ပေလိမ့်မည်။ ချိုင်ကုန်းကုန်းသည် သေဒဏ်နှင့် ထိုက်တန်သည် ဆိုဦးတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ယောက္ခမဖြစ်သူက စေလွှတ်လိုက်သည့်လူ ဖြစ်သည် မဟုတ်ပါလား။ ယောက္ခမကို အသိမပေးဘဲ အရင်ဆုံး အပြစ်ပေးလိုက်ရသည့် ကျိုးကြောင်းဆီလျော်မှုမျိုး ဘယ်မှာ ရှိမည်နည်း။

လုမင်ယွိသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ခုကို ရည်ညွှန်းသည့်နှယ် ပြောလိုက်၏။ "မင်္ဂလာဆောင်ကာစ အချိန်ဆိုတော့ ငါ့အပေါ်မှာ အရာရာ အကောင်းဆုံးတွေချည်းပဲပေါ့။ တကယ်တမ်း ဘယ်လိုလဲဆိုတာကိုတော့ နောက်ပိုင်းကျမှပဲ ကြည့်ရမှာ"

အရင်ဘဝတုန်းက သူမနဲ့ လီဟောက်တို့ မင်္ဂလာဆောင်ကာစမှာလဲ ချိုမြိန်ပြီး ချစ်ခင်ကြင်နာခဲ့ကြတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပဲ။ နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲဆိုတာကတော့ မပြောလဲ သိနေပြီ။

ချီယွင်သည် လုမင်ယွိ၏ စကားထဲမှ အတွင်းသဘောကို နားမလည်သည်မှာ သဘာဝကျလေသည်။ သူမက ပြုံးလျက် ပြန်ဖြေလိုက်၏။ "နောက်ပိုင်းကိစ္စကိုတော့ နောက်မှပဲ ပြောကြတာပေါ့! ဘာပဲဖြစ်ဖြစ် အခုလက်ရှိမှာတော့ မင်းသားလေးက သခင်မလေးအပေါ်မှာ အရမ်းကို ကောင်းတာပဲ"

ယောက်ျားတစ်ယောက်က ကိုယ့်ဇနီးအပေါ် ဒီအခြေအနေအထိ လုပ်ပေးနိုင်တယ်ဆိုတာက တကယ်ကို ကောင်းလွန်းနေပါပြီ။

လုမင်ယွိသည် ခပ်ရေးရေး ပြုံးလိုက်တော့သည်။

ဒီနေ့ သူမက တမင်တကာ လုပ်လိုက်တာ မှန်တယ်။ ဒါကို စမ်းသပ်တယ်လို့ပဲ ပြောပြော၊ အခွင့်အရေးယူပြီး ဩဇာအာဏာ တည်ဆောက်တယ်လို့ပဲ ဆိုဆို။ အတိုချုပ်ပြောရရင် ဒီကိစ္စကို အကြောင်းပြပြီးတော့ ကိုယ့်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကို အရင်ဆုံး ထုတ်ပြလိုက်တာပဲ။ အခုတော့ ချောင်မိဖုရားခေါင်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုပဲ ကြည့်ရတော့မှာ။

...

ကျောင်းဖန်နန်းဆောင်ထဲမှ ချောင်မိဖုရားခေါင်၏ အံ့အားသင့်သွားကာ အော်သံ ထွက်ပေါ်လာသည်။ "မင်း ဘာပြောလိုက်တယ။ ချိုင်ကုန်းကုန်းက ကိုယ်ကျိုးရှာပြီး ငွေလက်ခံရဲတယ်၊ ပြီးတော့ အိမ်တော်ထဲက သတင်းတွေကို အပြင်ကို ပေါက်ကြားစေတယ် ဟုတ်လား"

လီကျင့်၏ ချောမောသော မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ "ဟုတ်ပါတယ်။ ကျွန်တော် ရှင်းရှင်းလင်းလင်း မေးမြန်းပြီးပါပြီ။ နန်းတွင်းရေးရာဌာနက ကော်ကုန်းကုန်းက သူ့ကို ကိုယ်ပိုင်ခြံဝင်းတစ်ခု လျှို့ဝှက်ပြီး လက်ဆောင်ပေးခဲ့တယ်။ အဲ့ဒီခြံဝင်းက ငွေ ၂,၀၀၀ တန်တယ်။ ခြံဝင်းထဲက အစေခံမိန်းကလေးတွေ၊ အိမ်ဖော်တွေ၊ ပြီးတော့ ကတော် နဲ့ သခင်လေး တွေကလဲ ကော်ကုန်းကုန်းက တစ်ခါတည်း ပို့ပေးလိုက်တာပါ။ ချိုင်ကုန်းကုန်းက ပါးစပ်ကတော့ သစ္စာစောင့်သိပါတယ် ပြောနေပြီး နောက်ကွယ်မှာတော့ ကော်ကုန်းကုန်းနဲ့ ခပ်စိပ်စိပ် အဆက်အသွယ်လုပ်နေခဲ့တယ်။ အိမ်တော်ထဲက ကိစ္စတွေကို ကော်ကုန်းကုန်းကို လျှို့ဝှက်ပြီး ပြောပြခဲ့တယ်။ ဒီ ၂ နှစ်လုံး ကျွန်တော်က နန်းတော်ထဲမှာ နေနေလို့၊ မဟုတ်ရင် ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းက တခြားသူတွေရဲ့ မျက်စိအောက်ကို ရောက်နေလောက်ပြီ”

“ဒီလို သခင်ကို သစ္စာဖောက်တဲ့ ကျွန်မျိုးကို ဘယ်လိုမှ ထားလို့မဖြစ်ဘူး။ ကျွန်တော် လူတွေကို သူ့ကို အချက် ၆၀ ရိုက်ခိုင်းပြီး အိမ်တော်က မြေအောက်ထောင်ထဲကို ပိတ်ထားလိုက်ပြီ။ အဲ့ဒါကို ကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလား ဆိုတာကတော့ သူ့ရဲ့ကံတရား မာမမာပေါ်မှာပဲ မူတည်တော့တယ်"

ချောင်မိဖုရားခေါင်သည် သည်စကားများကို ကြားလိုက်ရသဖြင့် ဒေါသကြောင့် မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားတော့သည်။

သူမ၏ဦးနှောက်ထဲသို့ ပထမဆုံး အပြေးအလွှား ဝင်ရောက်လာသည်မှာ သဘာဝအတိုင်းပင် သစ္စာဖောက် ကျွန်ယုတ်တစ်ယောက်အပေါ် အမျက်ထွက်ခြင်းပင်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က မင်းသားအိမ်တော်များ တည်ဆောက်ပြီးစီးသွားသည့်နောက်တွင် နန်းတော်ထဲမှ မုန့်ကွေ့ဖေးက အရင်ဆုံး ယုံးကျားဧကရာဇ်ထံ တောင်းဆိုခဲ့ပြီး သူမ၏ စိတ်ချရသော လူယုံကို ပထမမင်းသားအိမ်တော်ထဲသို့ ထည့်သွင်းခဲ့သည်။ ထို့နောက်တွင်တော့ ချင်ဖေးကလည်း မုန့်ကွေ့ဖေးကို အတုခိုးပြီး မယ်တော်ကြီးကျောက်၏ နားထဲသို့ အဆက်မပြတ် လေတိုက်ပေးခဲ့သည်။ မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်ကို ကျော်လွန်ပြီး လူများကို စတုတ္ထမင်းသားအိမ်တော်သို့ သွားရန် တိုက်ရိုက် ရွေးချယ်စေလွှတ်ခဲ့သည်။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ဘာနည်းလမ်းမှ မရှိဘဲ ကျောင်းဖန်နန်းဆောင်ထဲမှ သစ္စာစောင့်သိပြီး စိတ်ချရသည့် ချိုင်ကုန်းကုန်းကို ရွေးချယ်လိုက်ရသည်။ စူးကျောင်းရုံကို ကြည့်ရသည်မှာတော့ ပါးစပ်ဟပြီး ပြောချင်ဟန်တူသော်လည်း စကားစလေး ပေါ်လာသည်နှင့် ချောင်မိဖုရားခေါင်၏ "ဘာလဲ။ ပန်ကုံး ရွေးလိုက်တဲ့လူကို မင်းက မယုံကြည်ဘူး ဆိုတဲ့သဘောလား" ဟူသော မညှာမတာ ပိတ်ပြောမှုကြောင့် နောက်ပြန်ဆုတ်သွားရသည်။

စူးကျောင်းရုံတွင် ကျောထောက်နောက်ခံပေးမည့်သူ မရှိသဖြင့် စကားအများကြီး မပြောဝံ့တော့ချေ။

မည်သို့မှ မထင်မှတ်ထားသည်မှာ သူမက လူမှားရွေးမိခဲ့ပြီး မျက်နှာတွင် သစ္စာရှိဟန်ဆောင်ကာ နောက်ကွယ်တွင် ကောက်ကျစ်ပြီး သခင်ကို သစ္စာဖောက်သည့် ခွေးကျွန်စုတ်တစ်ကောင်ကို ရွေးချယ်မိခဲ့ခြင်းပင်!

"ဒီလိုလူကို သူ့ကို ဆက်ထားနေဖို့ ဘာလိုသေးလဲ။" ချောင်မိဖုရားခေါင်သည် ဒေါသတကြီးဖြင့် အော်ပြောလိုက်တော့၏။ "ချက်ချင်း သူ့ကို တုတ်နဲ့ရိုက်သတ်ပစ်လိုက်!"

လီကျင့်က လေးနက်သည့်အသံဖြင့် ပြောလိုက်လေသည်။ "မူဟုပ် ဒေါသကို အရင်လျှော့ပါ။ ကျွန်တော် ကိုယ့်ဟာကို ဖြေရှင်းပါ့မယ်"

ချောင်မိဖုရားခေါင်က ဒေါသကို အဘယ်မှာ လျှော့နိုင်မည်နည်း။ စဉ်းစားလေလေ ပိုပြီး ဒေါသထွက်လေဖြစ်ကာ စားပွဲကို အားဖြင့် ရိုက်ချလိုက်တော့သည်။ "တကယ်ကို စက်ဆုပ်ဖို့ကောင်းလိုက်တာ! အဲ့ဒီ ကော်ကုန်းကုန်းက မုန့်ကွေ့ဖေးရဲ့ လူဖြစ်ရမယ်။ သူကလွဲရင် ဘယ်သူကမှ နန်းတော်အပြင်ဘက်ကို လက်လှမ်းရဲပြီး ဒုတိယမင်းသားအိမ်တော်ထဲအထိ လက်သွင်းရဲမှာ မဟုတ်ဘူး။ ကံကောင်းလို့ မင်းက စောစောစီးစီး သိလိုက်ရတယ်၊ ဘာပြဿနာမှ မဖြစ်ပွားလိုက်လို့ပဲ"

ခဏနေဦး!

ချောင်မိဖုရားခေါင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လီကျင့်ကို သံသယဖြစ်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ "ချိုင်ကုန်းကုန်းက ကော်ကုန်းကုန်းနဲ့ နောက်ကွယ်မှာ အဆက်အသွယ် လုပ်နေတဲ့ကိစ္စကို မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"

လီကျင့်က မျက်နှာအမူအယာမပြောင်းဘဲ ပြန်ဖြေလိုက်၏။ "ပြောရမယ်ဆိုရင် ဒီကိစ္စက အားလုံးက ရှောင်ယွိရဲ့ ကျေးဇူးတွေပါ"

ချောင်မိဖုရားခေါင်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်တော့သည်။ "နောက်ဆုံးတော့ ဘယ်လိုဖြစ်တာလဲ"

သို့ဖြင့် လီကျင့်၏ ပါးစပ်ဖျားတွင် သူ့အတွက် တစ်ဦးတည်း စဉ်းစားပေးတတ်ပြီး မင်္ဂလာမဆောင်မီကတည်းက သူ့အတွက် စိုးရိမ်ပူပန်ပေးတတ်သည့် ချွေးမကောင်းလေး လုမင်ယွိ တစ်ယောက် ဖြစ်လာတော့သည်။ "... စေ့စပ်ပြီးကတည်းက ရှောင်ယွိက ကျွန်တော့်အတွက် အိမ်တွင်းရေးရာတွေကို စီမံခန့်ခွဲပေးပြီး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စဉ်းစားပြီး ဒုတိယမင်းသားအိမ်တော်ထဲက လူတွေနဲ့ ကိစ္စတွေကို လူလွှတ်ပြီး သတိထား စောင့်ကြည့်ခိုင်းခဲ့တယ်။ ချိုင်ကုန်းကုန်းက ကိုယ်ပိုင်ခြံဝင်းကို သွားတဲ့ကိစ္စက သူ ရှာတွေ့ခဲ့တာပဲ။ အဲ့ဒီတုန်းက သူက စကားထွက်ပြောဖို့ အဆင်မပြေဘူး၊ ဒါနဲ့ ချိုင်ကုန်းကုန်းကို စောင့်ကြည့်ထားဖို့ပဲ လူတွေကို အမိန့်ပေးထားခဲ့တယ်။ ဒီနေ့မနက်အထိ စောင့်ပြီးမှ ကျွန်တော့်ကို ပြောပြခဲ့တာ"

"ကျွန်တော်က ဒေါသတကြီးနဲ့ ချက်ချင်း တပ်မှူးကျော်ကို လူတွေခေါ်ပြီး အဲ့ဒီခြံဝင်းကို လွှတ်လိုက်တယ်။ ခြံဝင်းထဲက လူအားလုံးကို အိမ်တော်ထဲကို ခေါ်လာခဲ့ပြီး ဒီလို စစ်ဆေးမေးမြန်းလိုက်တော့ တကယ်ပဲ နည်းနည်းလေးမှ မလွဲဘူးဆိုတာ တွေ့လိုက်ရတယ်။ ချိုင်ကုန်းကုန်းက ပါးစပ်ကတော့ သစ္စာရှိပါတယ် ပြောနေပြီး တကယ်တမ်းတော့ သခင်ကို သစ္စာဖောက်ပြီး သစ္စာမဲ့တဲ့သူ ဖြစ်နေတယ်။ ကျွန်တော်က မင်းသားအိမ်တော်ကို ပြောင်းလာတာမှ လဝက်ပဲ ရှိသေးတယ်၊ ဘာအရေးကြီးတဲ့ ကိစ္စမှ မရှိသေးဘူး၊ ဒီလိုအခြေအနေမှာတောင် သူက သတင်းကို နှစ်ခါတောင် အပြင်ကို ပေါက်ကြားအောင် လုပ်ခဲ့ပြီးပြီ။ ရှောင်ယွိ့ကြောင့်သာ မဟုတ်ရင် ကျွန်တော် အခုချိန်ထိ ဒီကျွန်ယုတ်ရဲ့ လိမ်ညာတာကို ခံနေရပြီး ဘာမှမသိဘဲ နေမိမှာ"

ချောင်မိဖုရားခေါင်: "..."

....

အပိုင်း (၁၇၄) သားအမိ (၂)

ချောင်မိဖုရားခေါင်သည် ဘာမှမပြောဘဲ သားဖြစ်သူကို နှုတ်ဆိတ်ကာသာ ကြည့်နေမိလေသည်။

လီကျင့်ကတော့ မျက်နှာပြောင်တိုက်ကာ ဆက်လက်ပြောလာခဲ့သည်။ "ရှောင်ယွိက ကျွန်တော့်အတွက် တစ်ခုတည်း စဥ်းစားပေးခဲ့တာပါ။ ဒီစေတနာကို ကျွန်တော်က မသိကျိုးကျွံပြုလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်တော့ မူဟုပ်ရဲ့ မျက်နှာကို နည်းနည်းပျက်သွားစေသလို ဖြစ်သွားတယ်။ ကျွန်တော် ဒီနေ့ နန်းတော်ထဲဝင်လာတာက ဒီကိစ္စကို မူဟုပ်ကို အထူးတလည် ရှင်းပြချင်လို့ပါ။ မဟုတ်ရင် မူဟုပ်က နားလည်မှုလွဲသွားမှာ စိုးလို့ပါ"

ချောင်မိဖုရားခေါင်သည် ဒီတစ်ကြိမ်တွင်လည်း စကားမဆိုသေးဘဲ သားဖြစ်သူကိုသာ နှုတ်ဆိတ်ကာ ဆက်ကြည့်နေဆဲပင်။

လီကျင့်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "မူဟုပ်က ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလိုကြည့်နေတာလဲ"

ချောင်မိဖုရားခေါင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။ "ပန်ကုံးက မင်း ဒီစကားတွေ ပြောနေတဲ့အချိန်မှာ မင်းရဲ့မျက်နှာ နီသွားသလား။ နည်းနည်းလေးတောင်မှ မလုံမလဲ ဖြစ်မသွားဘူးလားဆိုတာကို သိချင်လို့ပါ"

လီကျင့် "..."

ချောင်မိဖုရားခေါင်သည် နူးညံ့သိမ်မွေ့ပြီး တည်ကြည်သူဖြစ်ကာ ခက်ထန်ကြမ်းတမ်းခြင်းလဲ မရှိသလို ဆိုးသွမ်းနေခြင်းလဲမရှိချေ။ ဒေါသထွက်လျှင်ပင် အများဆုံးတော့ မျက်နှာထား တင်းမာနေခြင်းသာ ဖြစ်သည်။ ကြမ်းကြမ်းတမ်းတမ်း စကားလုံးများကို ပြောဆိုလေ့မရှိချေ။ သူမသည် သားသမီး ၂ယောက်လုံးအပေါ် အလွန်အမင်း ချစ်ခင်ကြင်နာပြီး စကားလုံး ပြင်းပြင်းထန်ထန် တစ်ခွန်းပင် ပြောရက်သူမဟုတ်ချေ။ ယခုကဲ့သို့ အမူအယာမှာ ဒေါသထွက်နေကြောင်း ပြသနေခြင်းပင် ဖြစ်တော့သည်။

လီကျင့်ကလဲ ကိုယ့်ဟာကို မြန်မြန်နှိမ့်ချထားလိုက်ကာ လေသံကို ပျော့ပျောင်းထားလိုက်၏။ "မူဟုပ် အရင်ဆုံး ဒေါသမထွက်ပါနဲ့အုံး။ ကျွန်တော် ဖြည်းဖြည်းချင်း ရှင်းပြတာကို နားထောင်ပါအုံး ..."

"ဒါက ရှင်းပြစရာ လိုသေးလို့လား" ချောင်မိဖုရားခေါင်၏ မျက်နှာအမူအယာသည် တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီး လီကျင့်၏ စကားကို မနှေးလွန်းမမြန်လွန်း ဖြတ်ပြောလိုက်လေသည်။ "တစ်ခုပဲ လုမင်ယွိက အိမ်တော်ကို အုပ်ချုပ်ချင်လို့ ဒီနေ့ကိုရွေးပြီး ချိုင်ကုန်းကုန်းရဲ့ကိစ္စကို ဖွင့်ချလိုက်တာက အိမ်တော်က အိမ်တော်ထိန်းတွေ အားလုံးကို သြဇာပြလိုက်တာပဲ။ သူက ပန်ကုံးရဲ့လူကိုတောင် မျက်စိထဲမထည့်တာ။ မင်းလို ဒုတိယမင်းသားလေးကလဲ သူ့ဘက်ကနေ ကျောထောက်နောက်ခံ ပေးနေသေးတယ်။ အိမ်တော်ကလူတွေက ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ ဘယ်သူက သေးငယ်တဲ့အတွေးလေးတွေ ရှိရဲတော့မှာလဲ။ တစ်ယောက်ချင်းစီတိုင်းက ကြောက်ရွံ့တုန်လှုပ်ပြီး ခေါင်းငုံ့ အမိန့်နာခံနေကြတော့မှာပေါ့"

"မင်းက အလျင်စလို နန်းတော်ထဲဝင်လာပြီး ပန်ကုံးကို အကြောင်းစုံ ရှင်းပြတာက ပန်ကုံးက ဒီကိစ္စကို ကြားပြီးတဲ့နောက်မှာ လုမင်ယွိအပေါ် စိတ်ထဲ မကျေမနပ်ဖြစ်သွားမှာကို စိုးရိမ်လို့မဟုတ်လား။ ပန်ကုံးက မေးခွန်းထုတ်တဲ့အချိန်မှာ လုမင်ယွိက နည်းနည်းလေးမှ ရိုသေလေးစားမှုလဲမပြဘဲ ပန်ကုံးကို ဒေါသထွက်အောင် ဆွပေးပြီး ယောက္ခမနဲ့ချွေးမကြားမှာ စိတ်ဝမ်းကွဲသွားမှာကို မင်းက ပိုပြီးတော့တောင်မှ စိုးရိမ်နေသေးတယ်"

"မင်းစိတ်ပူပေးတာကို ကျေးဇူးတင်ပါတယ်။ ပန်ကုံးက တကယ်ကိုပဲ သားလိမ်မာပြီး ဂရုစိုက်တတ်တဲ့ သားကောင်းလေးတစ်ယောက် မွေးထားမိတာပဲ! နေရာတိုင်းမှာ ပန်ကုံးအတွက် ထည့်သွင်းစဥ်းစားပေးနေတာပဲ!"

လီကျင့် "..."

လီကျင့်သည် မျက်မှောင်ကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "မူဟုပ် စိတ်မဆိုးပါနဲ့တော့။ ကျွန်တော်က မူဟုပ်ကို လိမ်ညာဖုံးကွယ်ထားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချိုင်ကုန်းကုန်းက သခင်ကို သစ္စာဖောက်တဲ့ကိစ္စက စောစောစီးစီး ဖွင့်ချလိုက်တာလဲ ကောင်းပါတယ်။ ရှောင်ယွိက မူဟုပ်ကို မရိုမသေလုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ သူက ကျွန်တော့် လုံခြုံရေးကို ပိုပြီးဂရုစိုက်လို့ပါ"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်ရမည့်အစား ပြုံးရယ်လိုက်တော့သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းရဲ့ဇနီးက ဘာမဆို အကောင်းချည်းပဲ။ အဓိကက အမေအရင်းဖြစ်တဲ့ ပန်ကုံးကပဲ ဂရုမစိုက်တတ်ဘဲ ဒီလို နှမ်းစေ့လောက်ကိစ္စလေးကို အပြစ်ရှာနေခဲ့မိတာ။ မင်းလဲ ပန်ကုံးရဲ့ ဒီကျောင်းဖန်နန်းဆောင်ထဲမှာ ဆက်မနေနဲ့တော့။ မင်းဇနီးဆီကို မြန်မြန်ပြန်တော့။ မဟုတ်ရင် အမေအရင်းဖြစ်တဲ့ ပန်ကုံးက မျက်နှာကြီးစူပုတ်ထားလို့ လူမုန်းစရာဖြစ်နေအုံးမယ်"

ထိုသို့ပြောလိုက်ပြီးနောက် ထရပ်ကာ အိပ်ဆောင်သို့ ပြန်ရန်ပြင်လိုက်လေသည်။

...

လီကျင့်ကလဲ ခြေလှမ်းကြီးများဖြင့် ရှေ့သို့တက်လာကာ ဒေါသတကြီးဖြစ်နေသည့် ချောင်မိဖုရားခေါင်ကို တားဆီးထားလိုက်၏။ "မူဟုပ်မှာ ဒေါသထွက်စရာ ရှိသမျှအကုန်လုံး သားတော်ရဲ့ ခေါင်းပေါ်ပဲ ပုံချလိုက်ပါ။ လုပ်ပါ။ ပါးနှစ်ချက်လောက်ရိုက်ပြီး ဒေါသဖြေလိုက်ပါ"

ပြောရင်းဆိုရင်း သူ၏ ချောမောလှပသည့်မျက်နှာကို အမေအရင်းရှေ့သို့ တိုးကပ်ပေးလိုက်လေသည်။ ချောင်မိဖုရားခေါင်ကလဲ ဒေါသထွက်နေဆဲဖြစ်သဖြင့် တုံ့ပြန်မှုအရ လက်ကိုမြှောက်လိုက်သော်ငြား လက်သည် လေထဲတွင် တဝက်တပျက်သာ ရောက်နေပြီး လွှဲမချနိုင်ခဲ့ချေ။

သားသည် အမေအချစ်တော်ဟု ဆိုကြလေသည်။ ဒီစကားကလဲ နည်းနည်းလေးမှ မမှားချေ။ ဆယ်လလွယ်ခဲ့ပြီး အခက်အခဲများစွာဖြင့် မွေးဖွားခဲ့ရသည့် ဒီသွေးသား ငိုသံလေးကစပြီး တဖြည်းဖြည်း ပြုစုပျိုးထောင်ခဲ့ရသည်။ ထိုအတောအတွင်း ဘယ်လောက်ပင် စွမ်းအားနှင့် နှလုံးသွေးများ ကုန်ဆုံးခဲ့ရသည်မသိပေ။

"အခုတော့ ဘာအသုံးဝင်သေးလို့လဲ"

မင်္ဂလာဆောင်ပြီးသွားတာနဲ့ နှလုံးသားတစ်စုံလုံးက ကိုယ့်ဇနီးဆီကို လုံးလုံးရောက်သွားပြီ။ အမေအရင်းကို လိမ်ညာဖုံးကွယ်ဖို့ အကျိုးမရှိတဲ့စကားတွေပဲ လာပြောနေတယ်!

ချောင်မိဖုရားခေါင်သည် အံကို တင်းနေအောင် ကြိတ်ထားလိုက်ပြီး မကျေမနပ်ဖြင့် လက်ကို ပြန်ချထားလိုက်တော့၏။ "လမ်းဖယ်။ ပန်ကုံးကို မတားနဲ့"

လီကျင့်က မည်သို့များ ဆန္ဒရှိပါမည်နည်း။ "မူဟုပ် ကျွန်တော့်ကို နည်းနည်းလောက် ရိုက်လိုက်ပါ။ ဒေါသပြေသွားတော့မှ ကျွန်တော် လမ်းဖယ်ပေးပါ့မယ်"

ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို မကျေမနပ်ဖြင့် အကြိမ်အနည်းငယ် ထုရိုက်လိုက်ပြီး သူမ၏ မျက်ဝန်းမှာတော့ နီရဲသွားတော့သည်။ "သားမွေးထားတာ ဘာအသုံးဝင်လို့လဲ။ အမေအရင်းကို ကျေးဇူးဆပ်ရကောင်းမှန်း မသိဘဲ ဒေါသထွက်အောင်ပဲ လုပ်တတ်တယ်"

.”လုမင်ယွိရဲ့ စိတ်ဓာတ်ကို ပန်ကုံး မသိဘူးလို့ မှတ်နေလား။ လက်ဖက်ရည်ကမ်းတဲ့နေ့က မင်းရဲ့ အဘွားတော်က သူ့ကို အနိုင်ကျင့်တာတောင် သူက လူပုံအလယ်မှာ ပြန်ခံပြောရဲတာ။ ဒီလောက်တောင် ကြောက်စရာကောင်းနေတာ။ အိမ်တော်ကို ရောက်ရောက်ချင်း အရင်ဆုံး ချိုင်ကုန်းကုန်းကို အပြစ်ပေးလိုက်တာက ပန်ကုံးလို ယောက္ခမမျိုးကို မျက်စိထဲမထည့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။ သူကပဲ မျက်နှာလိုချင်ရတာလား။ ပန်ကုံးကရော မျက်နှာမလိုချင်လို့လား”

"ဒီကိစ္စက လူတွေကို ဖုံးပွယ်ထားလို့မရဘူး။ သိပ်မကြာခင် သတင်းပြန့်သွားမှာပဲ။ အဲဒီ့အချိန်ကျရင် လူတွေက ဘယ်လိုထင်ကြမလဲ။ တခြားသူတွေက ချွေးမရတော့ ချွေးမက ရိုသေလေးစားပြီး ကျိုးနွံတာကို စောင့်ကြည့်နေကြရတာ။ ပန်ကုံးကတော့ ဘိုးဘွားတစ်ဆူကို ပင့်ထားရသလို ဖြစ်နေပြီမဟုတ်ဘူးလား!"

"မင်းကတော့ ပါးစပ်ကနေ သူ့အတွက်ပဲ အဆက်မပြတ် ဖုံးကွယ်ပေးနေတယ်။ နည်းနည်းလောက်တောင်မှ မစဥ်းစားကြည့်တတ်ဘူး။ သူ မင်္ဂလာမဆောင်ခင်ကတည်းက ဒုတိယမင်းသား အိမ်တော်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတာ။ ချိုင်ကုန်းကုန်းနဲ့ ကော်ကုန်းကုန်းတို့ နောက်ကွယ်မှာ အဆက်အသွယ် လုပ်နေတာကို အရင်က ဘယ်သူမှ မသိခဲ့ဘူး။ သူကတော့ ရှင်းရှင်းလင်းလင်း စုံစမ်းပြီး သိထားခဲ့တယ်။ ဒီလိုနည်းလမ်းမျိုးက သာမန်အမျိုးသမီးတစ်ယောက်မှာ ဘယ်မှာရှိမှာလဲ။ မင်းက သူ့ကို နည်းနည်းလေးတောင်မှ မဖိနှိပ်ဘဲ ဒီလိုမျိုး လိုက်လျောနေတာက သူ့ကို ကောင်းကင်ပေါ်တက်သွားတဲ့အထိ အလိုလိုက်မလို့လား။ မင်းက. မယားကြောက်ဆိုတဲ့ နာမည်ဆိုးရမှာ မကြောက်ဘူးလား။ နောက်ဆိုရင် ဇနီးသည်ရဲ့ သြဇာလွှမ်းမိုးသွားသွားမှာကို မစိုးရိမ်ဘူးလား"

လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "သူက ဘယ်လိုစိတ်ဓာတ်မျိုး ရှိတယ်ဆိုတာကို ကျွန်တော် အမြဲတမ်း ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ကျွန်တော်က သူ့ကို ယူဖို့ ဆုံးဖြတ်လာပြီးကတည်းက ဒီကိစ္စတွေကို ဂရုစိုက်တော့မှာ မဟုတ်ဘူး"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်ထွက်ဖြင့် လီကျင့်ကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်လေတော့သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းကပဲ မွေးရာပါ အချစ်ကြီးတဲ့သူ။ ဒီအမေအရင်းက မဟုတ်ဘူး။ မင်း ပန်ကုံး ဆီလာပြီး မြှောက်ပင့်ပြောမနေနဲ့။ မင်းက အနိုင်ကျင့်ခံချင်တာ မင်းကိစ္စ။ မင်းအမေကပါ မင်းနဲ့အတူတူ အောင့်အီးသည်းခံပြီး မျိုသိပ်နေလိမ့်မယ်လို့တော့ မထင်နဲ့။

လီကျင့်ကလဲ သူ့အမှားကို ဆက်ပြီးဝင်ခံလေသည်။ "ဟုတ်ကဲ့ပါ။ ဒါတွေအားလုံးက ကျွန်တော့်အမှားတွေချည်းပါ"

ချောင်မိဖုရားခေါင်မှာ ဒေါသထွက်ရပြီး တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာပြီးနောက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားတော့သည်။ "ပန်ကုံးက ဒေါသထွက်နေလို့ လက်ဆကို မထိန်းနိုင်ခဲ့ဘူး။ ခုနက မင်းကိုရိုက်လိုက်တာ နာသွားလား"

လီကျင့်ကလဲ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ "မူဟုပ်သာ ဒေါသပြေမယ်ဆိုရင် ကျွန်တော့်ကို နောက်တစ်ခေါက် ထပ်ရိုက်လဲရပါတယ်"

ချောင်မိဖုရားခေါင်သည် ဒေါသလဲထွက် စိတ်လဲပူကာ ဘာလုပ်ရမည်မသိ ဖြစ်သွားတော့သည်။ အတန်ကြာမှ သက်ပြင်းချကာ ပြောလာခဲ့၏။ "တော်ပါပြီ။ သားသမီးဆိုတာ ကြီးလာရင် အမေက ထိန်းလို့မရတော့ဘူး။ မင်းကိုယ်တိုင်တောင်မှ ဂရုမစိုက်တာ။ ပန်ကုံးက လိုက်ပြီး ဒေါသထွက်နေလို့ ဘာအသုံးဝင်မှာလဲ။ မင်းလဲ ပန်ကုံးဆီမှာ ဆက်ပြီး အချိန်ဖြုန်းမနေနဲ့တော့။ ပြန်တော့! မနက်ဖြန် လုမင်ယွိ နန်းတော်ထဲကို ဂါရဝပြုလာတဲ့အခါ ပန်ကုံး သူ့ကို အခက်တွေ့အော င်မလုပ်ပါဘူး"

မဟုတ်ရင်ရော ဘာတတ်နိုင်အုံးမှာမလို့လဲ"

သားဖြစ်သူကို ကြားမှာညှပ်ထားပြီး နှစ်ဖက်စလုံးက အနိုင်ကျင့်တာကို ခံခိုင်းရမှာတဲ့လား။

လီကျင့်သည် စိတ်ထဲတွင် လှုပ်ရှားသွားပြီး မျက်ဝန်းများကပင် အနည်းငယ် နီရဲလာတော့သည်။ "မူဟုပ်က သားတော်ကို စိတ်ပူပေးတာ သားတော် အားလုံးနားလည်ပါတယ်။ စိတ်ထဲမှာလဲ မူဟုပ်နဲ့ ရှောင်ယွိတို့ နှစ်ယောက်စလုံးက အရေးကြီးကြတဲ့သူတွေပါ”

ချောင်မိဖုရားခေါင်ကတော့ ဒေါသဖြင့် တစ်ချက် စောင်းကြည့်လိုက်လေသည်။

လီကျင့်ကလဲ ချက်ချင်းဆိုသလို ထပ်ဖြည့်စွက်ပြောလိုက်သည်။ "ပြီးတော့ ဟွမ်ကျဲလဲ ရှိပါသေးတယ်"

ဒါမှတော်သေးတယ်။

ချောင်မိဖုရားခေါင်သည် မနေနိုင်ဘဲ စကားအနည်းငယ် ထပ်ပြောလိုက်လေတော့သည်။ "ပန်ကုံးက မင်းတို့ မောင်နှမ၂ယောက်ကိုပဲ မွေးထားတာ။ မင်းတို့က အမေတစ်ယောက်တည်းက မွေးလာတဲ့ တော်ဝင်မောင်နှမအရင်းတွေပဲ။ သွေးက ရေထက် ပိုပျစ်တယ်။ ဒီလောကကြီးမှာ မင်းတို့ မောင်နှမနှစ်ယောက်ထက် ပိုပြီးရင်းနှီးတဲ့သူ ဘယ်သူရှိအုံးမှာလဲ"

လီကျင့်သည် ဒီအချိန်တွင် ပြန်ခံပြောမည် မဟုတ်သည်ကတော့ သေချာပေသည်။ သူက လိမ်လိမ်မာမာဖြင့် ခေါင်းညိမ့်ပြကာ ပြောလိုက်၏။ "မူဟုပ် ပြောတာမှန်ပါတယ်။ နောက်ဆိုရင် ကျွန်တော်နဲ့ ရှောင်ယွိတို့ အမေ့ကို ကျေးဇူးဆပ်ပြီး အစ်မတော်အပေါ်မှာလဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"

ချောင်မိဖုရားခေါင်၏ စိတ်အခြေအနေသည် အနည်းငယ် ပြောလျော့သွားပြီး မိမိကိုယ်ကို သရော်လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်တော့၏။ "လိမ်မာသိတတ်တာတွေ ကျေးဇူးဆပ်တာတွေ ဘာမှမလိုဘူး။ ပန်ကုံးကို ဒေါသထွက်အောင် မလုပ်ရင် တော်ပါပြီ"

လီကျင့်ကလဲ ကျီစယ်သလို ပြုံးရယ်ကာ ပြောလိုက်လေသည်။ "မူဟုပ်က သားကောင်းလေးတစ်ယောက် မွေးထားတာလေ။ သူက ကျွန်တော့လိုလူကို ရထားတာ။ သူက ကျေးဇူးမဆပ်ဘဲ ဘယ်လိုလုပ်ပြီး နေမှာလဲ"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်နေရာမှ ရယ်မောမိသွားပြီး လက်ကိုဆန့်ကာ သားဖြစ်သူ၏ မျက်နှာကို ဆွဲညှစ်လိုက်လေတော့သည်။ "အရင်တုန်းက မင်း ဒီလောက် ပါးစပ်ချိုတတ်မှန်း တခါမှ မမြင်ဖူးဘူး။ အခု မိန်းမရသွားတော့မှ စကားတွေတတ်လာခဲ့တာပဲ"

ဒါပေါ့လေ။ ခင်ပွန်းကောင်းတစ်ယောက်၊ သားကောင်းတစ်ယောက် ဖြစ်ချင်ရင် မျက်နှာပြောင်တိုက်ပြီး မကြောက်မရွံ့နဲ့ သတ္တိမျိုးကို ထုတ်သုံးရမှာပေါ့။ နှစ်ဖက်စလုံးဆီကနေ အနိုင်ကျင့်ခံရတာက ဘာမှမဟုတ်ဘူးလေ!

လီကျင့်ကလဲ ပြုံးရယ်ကာ ပြောလိုက်၏။ "မူဟုပ် ကျွန်တော်က နန်းတော်ထဲမှာ နေနေကျဆိုတော့ အိမ်တော်မှာနေရတာ မူဟုပ်ကို အမြဲတမ်း မတွေ့ရတော့ တကယ်ကို အသားမကျဘူး ဖြစ်နေတာ။ ဒီညတော့ ကျွန်တော် ကျောင်းဖန်နန်းဆောင်မှာပဲနေပြီး မူဟုပ်နဲ့အတူတူ ညစာသုံးဆောင်ပါ့မယ်!"

ချောင်မိဖုရားခေါင်၏ နှလုံးသားလေးသည် ရုတ်တရက်ဆိုသလို နူးညံ့သိမ်မွေ့လှသည့် ရေကန်ငယ်လေးတစ်ခုအသွင် ပျော့ပျောင်းသွားလေတော့သည်။ "ဟုတ်ပါပြီ"

...

All Chapters