အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အပိုင်း (၁၇၅) ယောက္ခမနှင့် ချွေးမ (၁)
ဒုတိယမင်းသားအိမ်တော်။
"မင်းသားလေး ပြန်မရောက်သေးပါဘူး” ချီယွင်က ပြုံးလိုက်ပြီး မေးလိုက်သည်။ "သခင်မလေး စောင့်ဦးမလား”
လုမင်ယွိက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်၏။ "စောင့်မနေတော့ပါဘူး။ သူ ကျောင်းဖန်နန်းဆောင်မှာပဲ နေခဲ့ပြီး ညစာစားပြီးမှ အိမ်တော်ပြန်လာမှာ သေချာတယ်။ သွားပြီး စားပွဲပြင်ခိုင်းလိုက်တော့”
ချီယွင်သည် အမိန့်နာခံကာ ထွက်ခွာသွားလေသည်။
လုမင်ယွိသည် တစ်ယောက်တည်း ညစာသုံးဆောင်ပြီးနောက် အစာကြေစေရန် ဥယျာဉ်တော်ထဲတွင် လမ်းလျှောက်နေလိုက်၏။
မင်းသားအိမ်တော်များ၏ တည်ဆောက်ပုံမှာ ခပ်ဆင်ဆင်တူလေရာ ဒုတိယမင်းသားအိမ်တော်၏ ဥယျာဉ်သည် တတိယမင်းသားအိမ်တော်၏ ဥယျာဉ်နှင့် များစွာ ကွာခြားခြင်းမရှိလှပေ။ ထူးဆန်းသော တောင်နှင့် ကျောက်ဆောင်များ၊ တံတားငယ်လေးများနှင့် စီးဆင်းနေသော ရေကြည်များ၊ သစ်ပင်ပန်းမန်များ ရှိနေသည်။
ထိုအထဲတွင် သွားလာနေရသည်မှာ ယခင်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ စိတ်ထဲတွင် ထင်ယောင်ထင်မှားပင် ဖြစ်မိလေသည်။
လေပြေညင်းက ဆံနွယ်စများကို ညင်သာစွာ တိုက်ခတ်သွား၏။
လုမင်ယွိသည် သစ်ပင်အောက်တွင် အခိုက်တန့် ငြိမ်သက်စွာ ရပ်နေပြီးနောက် အိပ်ဆောင်အတွင်းသို့ ပြန်ဝင်လာခဲ့သည်။
ရှူးအချိန် (ည ၇ နာရီမှ ၉ နာရီ) အတိတွင်တော့ လီကျင့် ပြန်ရောက်လာခဲ့သည်။
လုမင်ယွိက သူ့ကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။
လီကျင့်သည် အသံထွက် ရယ်မောလိုက်သည်။ "မင်းက ကို့ကို ဘာလို့ ဒီလိုကြီး ကြည့်နေတာလဲ”
လုမင်ယွိက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။ " ရှင့်မျက်နှာမှာ လက်ဝါးရာများ ရှိမရှိ ကြည့်နေတာပါ”
လီကျင့်: "..."
လီကျင့်သည် ဒေါသထွက်ရမည့်အစား ရယ်မောလိုက်မိပြီး ရှေ့သို့တိုးကာ လုမင်ယွိကို ပွေ့ဖက်လိုက်ပြီးနောက် အားရပါးရ နမ်းရှိုက်လိုက်လေသည်။ လုမင်ယွိက ဟန်ဆောင်ပန်ဆောင် တွန်းလိုက်သော်လည်း လက်ထဲတွင် အားမပါသဖြင့် တွန်းထုတ်နိုင်ခြင်း မရှိပေ။
နှုတ်ခမ်းလျှာတို့သည် တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်နွယ်ယှက် သွားကြ၏။
ခန္ဓာကိုယ်ထဲ၌ အပူငွေ့တစ်ခု ချက်ချင်း ပျံ့နှံ့တက်လာတော့သည်။
မူလက 'အပြစ်ပေး' လိုစိတ်သာ ရှိသော်လည်း ယခုမူ မြားသည် လေးကိုင်းပေါ် တင်ပြီးသား ဖြစ်နေပြီဖြစ်ရာ မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
လီကျင့်သည် လုမင်ယွိကို ပွေ့ချီလိုက်ပြီး ကုတင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
လက်ထပ်ပြီး လင်မယား ဖြစ်နေကြပြီဖြစ်သဖြင့် ရှက်ရွံ့ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ လုမင်ယွိသည် ငြင်းဆန်ခြင်း မပြုသည့်အပြင် လီကျင့်၏ ဝတ်ရုံကို ချွတ်ပေးရန် လက်ကိုပင် တက်ကြွစွာ လှမ်းလိုက်လေသည်။
လီကျင့်၏ မျက်လုံးများမှာ အရောင်တောက်လုမတတ် ဖြစ်သွားတော့၏။
...
အချိန်အတော်ကြာပြီးနောက်...
လုမင်ယွိသည် မျက်လုံးများကို မှိတ်ထားရင်း ရှုပ်ထွေးနေသော အသက်ရှူသံများကို ပြန်လည် ထိန်းညှိနေလိုက်သည်။
ဘေးတွင်ရှိသော လီကျင့်သည် သူမ၏ ဦးခေါင်းအနီးသို့ တိုးကပ်လာပြီး သူ၏ အသက်ရှူသံများမှာလည်း အလားတူ ပြင်းထန်လျက်ပင်။ နှုတ်ခမ်းများ ပွင့်ဟလာသည်တွင် အသံမှာ ထူးခြားစွာ တိုးရှနေ၏။ "ရှောင်ယွိ၊ ကို ဒီနေ့ လုပ်ဆောင်တာကို မင်း ကျေနပ်ရဲ့လား”
လုမင်ယွိက မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူနှင့် အကြည့်ချင်းဆုံကာ "အင်း" ဟု ဖြေလိုက်သည်။
လီကျင့်သည် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ပိုင်းဆိုင်ရာတွင်တော့ အလွန်အမင်း ကျေနပ်ရွှင်မြူးလျက်ရှိကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဒါဆို ဒီည မင်းရဲ့ တက်ကြွမှုက ကို့အတွက် ဆုလာဘ်ပေါ့ ဟုတ်လား”
လုမင်ယွိက ပြုံးလိုက်ပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
လီကျင့်သည် သူမ၏ စိတ်နေသဘောထားကို သိသဖြင့် ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ နန်းတော်ထဲမှ အခြေအနေကိုသာ ပြောပြလေသည်။ "... မူဟုပ်က နည်းနည်း စိတ်ဆိုးပြီး ကို့ကို ဆူငေါက်ပြီး လွှတ်လိုက်တယ်။ ကိုလည်း မျက်နှာပြောင်တိုက်ပြီး မူဟုပ် ဆူသမျှ အကုန်ခံလိုက်တယ်လေ။ ပြီးတော့ မူဟုပ်စိတ်ကြိုက် ချော့မော့ဖို့ အချိန်တော်တော် ယူလိုက်ရတယ်။ ညဘက်မှာလည်း မူဟုပ်နဲ့အတူ ညစာစားပြီး အလိုက်သိပြခဲ့တယ်။ မူဟုပ် စိတ်ဆိုးပြေသွားပါပြီ။ မင်း မနက်ဖြန် နန်းတော်ထဲဝင်ပြီး မူဟုပ်ကို ဂါရဝပြုတဲ့အခါ မူဟုပ်က မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်တော့ဘူး”
လီကျင့်သည် ပေါ့ပေါ့ပါးပါး ပြောပြခဲ့ပြီး ညည်းညူခြင်းလည်း မရှိသလို ချဲ့ကားပြောဆိုခြင်းလည်း မပြုခဲ့ပေ။
လုမင်ယွိသည် သူမ၏ နှလုံးသားစောင်းကြိုးကို တစ်စုံတစ်ယောက်က ညင်သာစွာ ဆွဲခတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အမည်မဖော်နိုင်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။
ယောက်ျားတစ်ယောက်က ကိုယ့်အပေါ် ကောင်း၊ မကောင်းဆိုတာ သူ ဘာပြောလဲ နားထောင်စရာမလိုဘဲ ကိုယ့်အတွက် သူ ဘာလုပ်ပေးဖို့ အသင့်ရှိလဲ ဆိုတာကိုပဲ ကြည့်ရမှာ။ ဥပမာ ယောက္ခမနဲ့ ချွေးမကြားက ကိစ္စမျိုးမှာသာ ခင်ပွန်းက ကိုယ့်ဘက်မှာ ရပ်တည်ပေးရင် နေရထိုင်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိမှာပဲ။
အရင်တုန်းက လီဟောက်က ဒီလို မလုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ သူ မလုပ်ချင်ခဲ့တာ။
တစ်နည်းပြောရရင် သူက သူမရဲ့ခံစားချက်ကို လုံလုံလောက်လောက် ဂရုမစိုက်ခဲ့လို့ပဲ။
"လီကျင့်" လုမင်ယွိက အသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။ " ကျေးဇူးတင်ပါတယ်”
လီကျင့်သည် ထိုစကားကို မကြားချင်ပေ။ "မင်း ကို့ကို လက်ထပ်ထားတာလေ၊ မင်းက ကို့ဇနီးပဲ။ ကိုက ကိုယ့်ဇနီးကိုယ် ကာကွယ်တာက ဖြစ်သင့်တဲ့ကိစ္စပဲ။ မင်းက ကိုကို ကျေးဇူးတင်တယ်ဆိုတာ ဘာသဘောလဲ။ ကိုနဲ့ စည်းသားခြားနားပြီး အနေဝေးချင်လို့လား ဟမ်”
လုမင်ယွိသည် ကြားရသည်မှာ ဒေါသထွက်ချင်သလို ရယ်လည်းရယ်ချင်သွားသဖြင့် လီကျင့်ကို လက်ဖြင့် ဆွဲလိမ်လိုက်သည်။ "လျှောက်ပြောနေပြန်ပြီ။ ကျွန်မတို့ လက်ထပ်ပြီးပြီ၊ လင်မယားလည်း ဖြစ်သွားပြီ၊ တရားဝင် ဇနီးမောင်နှံတွေ။ ဘယ်သူက စည်းသားခြားနားပြီး အနေဝေးချင်လို့လဲ။ နောက်ဆို ကျွန်မ နေရာတကာ ဒုက္ခလိုက်ရှာတဲ့အခါ ရှင် ခေါင်းကိုက်ရမယ့် အချိန်တွေ အများကြီး ရှိသေးတယ်”
ထိုစကားကို ကြားသောအခါ လီကျင့်၏ မျက်မှောင်များ ဖြေလျော့သွားပြီး ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ "အင်း၊ မကြောက်ပါနဲ့။ ကောင်းကင်ကြီးကို ထိုးဖောက်လိုက်ရင်တောင် မင်းမှာ ကိုဆိုတဲ့ ယောက်ျားတစ်ယောက်လုံး ရှိနေသေးတာပဲ”
လုမင်ယွိသည် လီကျင့်၏ စိတ်ကျေနပ်မှုအပြည့်နှင့် ရယ်မောနေသော ပုံစံကို ကြည့်ရင်း စိတ်ထဲမှ အမည်မဖော်နိုင်သော နာကျင်မှုများ ပျောက်ကွယ်သွားပြီး ထိုအစား သိမ်မွေ့သော ပျော်ရွှင်မှုတစ်ခု ဝင်ရောက်လာခဲ့သည်။
သူမက အသံတိုးတိုးဖြင့် ပြောလိုက်၏။ "လီကျင့်၊ ရှင် ကျွန်မအပေါ် ကောင်းတာ ကျွန်မ သိပါတယ်။ နောက်ဆို ကျွန်မလည်း ရှင့်အပေါ် ကောင်းမှာပါ”
လီကျင့်သည် စကားတစ်ခွန်းမှ မဆိုဘဲ သူမ၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားတော့မည့်အလား အားကုန် ပွေ့ဖက်ထားလိုက်လေသည်။
...
နောက်တစ်နေ့...
လီကျင့်၏ မင်္ဂလာဆောင် ခွင့်ရက်များ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ယနေ့မှစပြီး ညီလာခံတက်ရတော့မည်။
လုမင်ယွိသည်တွင် အိပ်ရာမှထပြီး သိုင်းလေ့ကျင့်ကွင်းသို့ သွားကာ တစ်နာရီခန့် လေ့ကျင့်ပြီးနောက် ရေချိုးဝတ်စားကာ လီကျင့်နှင့်အတူ နံနက်စာ သုံးဆောင်ပြီးနောက် နန်းတော်ထဲသို့ အတူတူ ဝင်သွားကြလေသည်။
လီကျင့်သည် ကျင်းလွမ်ခန်းမသို့ ညီလာခံတက်ရန် သွားပြီး လုမင်ယွိကတော့ တုန်းဟွားဂိတ်မှတစ်ဆင့် ကျောင်းဖန်နန်းဆောင်သို့ ချောင်မိဖုရားခေါင်အား ဂါရဝပြုရန် ဝင်ရောက်လာခဲ့သည်။
ချွေးမတစ်ယောက်အနေဖြင့် နံနက်ခင်းနှင့် ညနေခင်းတိုင်း ဂါရဝပြုရခြင်းသည် ရှိသင့်ရှိထိုက်သော စည်းကမ်းတစ်ခု ဖြစ်လေသည်။ စည်းကမ်းတင်းကျပ်သော အိမ်များတွင် အိမ်သို့ အသစ်ရောက်လာသော ချွေးမများကို စည်းကမ်းများ သင်ကြားပြသခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။ ဥပမာအားဖြင့် လက်ဖက်ရည် ကမ်းလှမ်းခြင်း၊ ရေငှဲ့ပေးခြင်း၊ ပန်းကန်ခွက်ယောက်များဖြင့် ပြုစုလုပ်ကျွေးခြင်းတို့ပင်။
တော်ဝင်မိသားစု၏ ချွေးမသည်ကား အိမ်တော်သို့ ဝင်ရောက်လာသည်နှင့် မင်းသားကြင်ရာတော် ဖြစ်လာပြီး မင်းသားအိမ်တော်တွင် နေထိုင်ရသဖြင့် သာမန်လူများ၏ ချွေးမထက် များစွာ လွတ်လပ်အဆင်ပြေလှသည်။
ဂါရဝပြုရန် နန်းတော်ထဲသို့ ဝင်ရောက်ရမည်ကတော့ သဘာဝပင်။ သို့သော် နေ့စဉ် ဝင်ရောက်ရန် မလိုအပ်ပေ။ ပုံမှန်အားဖြင့် သုံးရက်တစ်ကြိမ် ဝင်ရောက် ဂါရဝပြုလျှင် လုံလောက်လေသည်။
ပထမင်းသားကြင်ရာတော်ကဲ့သို့ မုန့်ကွေ့ဖေး၏ မျက်နှာသာပေးမှု မရရှိပါက ဆယ်ရက်မှ တစ်ကြိမ်သာ နန်းတော်သို့ ဝင်ရောက် ဂါရဝပြုရသည်။
လုမင်ယွိသည် အသစ်စက်စက် ချွေးမဖြစ်သဖြင့် မိမိကိုယ်ကို ပြသရန် လိုအပ်သောကြောင့် နေ့စဉ် နန်းတော်သို့ ဝင်ရောက် ဂါရဝပြုလေသည်။
"အာရှီ မူဟုပ်ကို ဂါရဝပြုပါတယ်" လုမင်ယွိသည် ပြုံးလိုက်ပြီး ရှေ့သို့တက်ကာ ညင်သာစွာ အရိုအသေပေးလိုက်သည်။
ဇာမဏီသလွန်ထက်တွင် ထိုင်နေသော ချောင်မိဖုရားခေါင်သည် ရှုပ်ထွေးသော အမူအရာဖြင့် လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ ဆိုလိုက်၏။ "ထပါ”
"အာရှီ မူဟုပ်ကို ကျေးဇူးတင်ပါတယ်" လုမင်ယွိသည် ခန့်ညားထည်ဝါစွာ ကျေးဇူးတင်စကားဆိုပြီးနောက် မတ်တပ်ထရပ်လိုက်ရာ သူမ၏ အကြည့်သည် ချောင်မိဖုရားခေါင်၏ အကြည့်နှင့် တည့်တည့်တိုးသွားလေသည်။
ချောင်မိဖုရားခေါင်၏ မျက်နှာတွင် ပျော်ရွှင်မှု များစွာ မတွေ့ရပေ။
ဒါကလည်း အဆန်းတော့ မဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာ ဘယ်ယောက္ခမကမှ သူမလိုမျိုး ခေါင်းမာပြီး ထိန်းချုပ်ရခက်တဲ့အပြင် တော်လွန်းတဲ့ ချွေးမမျိုးကို သဘောကျမှာ မဟုတ်ဘူး။ လီကျင့်အတွက်နဲ့ သည်းခံပေးတာကတောင် တော်တော်လေး စိတ်ဓာတ်မြင့်မြတ်ရာ ရောက်နေပြီ။
ချောင်မိဖုရားခေါင်က စကားမစသဖြင့် လုမင်ယွိက အရင်ဆုံး နှုတ်ဆက်လိုက်သည်။ "မူဟုပ် ဒီနေ့ နံနက်စာ သုံးဆောင်ပြီးပြီလား။ စားဝင်ရဲ့လား။ စိတ်ရော ကြည်လင်ရဲ့လား”
ချောင်မိဖုရားခေါင်သည် 'အင်း' ဟု တစ်ချက် မကျေမချမ်း ဖြေလိုက်ပြီး သားဖြစ်သူ၏ မျက်နှာချိုသွေးသော အပြုံးကို သတိရကာ စကားတစ်ခွန်း ဖြည့်စွက်လိုက်သည်။ "ပန်ကုံးက အမြဲတမ်း စားဝင်ပါတယ်”
လုမင်ယွိက ပြုံးလိုက်ပြီး ပြောလိုက်ပြန်သည်။ "အရှင်မင်းသား ဒီနေ့ ညီလာခံတက်သွားရင်း ကျွန်မကို ပြောသွားတယ်။ မွန်းတည့်ချိန်ကျရင် ကျောင်းဖန်နန်းဆောင်ကို လာပြီး မူဟုပ်ကို အဖော်ပြု စားသောက်မယ်တဲ့။ ချွေးမတော်လည်း ဒီနေ့ မျက်နှာပြောင်တိုက်ပြီး မူဟုပ်ဆီမှာ နေ့လယ်စာ တစ်နပ် လာစားပါရစေ။ မူဟုပ်က ချွေးမတော်ကို စိတ်မရှုပ်ဘူးလို့ မျှော်လင့်ပါတယ်”
ချောင်မိဖုရားခေါင်က စိတ်ထဲတွင် စဉ်းစားလိုက်၏။ မင်း ငါ့ကို စိတ်မဆိုးအောင် မလုပ်ရင်ကို တော်တော် ကောင်းနေပြီ။ မင်းက လုပ်ကျွေးပြုစုတာ ခံရလောက်အောင် ငါက ဘယ်မှာ ကံကောင်းနေလို့လဲ။
သို့သော် ချောင်မိဖုရားခေါင်သည် တည်ငြိမ်ခန့်ညားစွာ နေထိုင်လေ့ရှိပြီး မျက်နှာသာကို အလေးထားသူဖြစ်ရာ ဤကဲ့သို့သော ဂုဏ်သိက္ခာကျဆင်းစေမည့် စကားမျိုးကို မည်သည့်အခါမျှ ပြောဆိုမည် မဟုတ်ပေ။ ထို့ကြောင့် စိတ်မပါတပါဖြင့် ခေါင်းညိတ်လိုက်လေသည်။ "မင်းက ဒီလောက် သိတတ်လိမ္မာနေတာ ပန်ကုံးက ဘယ်လိုလုပ် စိတ်ရှုပ်စရာလို့ ထင်ပါ့မလဲ။ ပန်ကုံးကတောင် မင်း နေ့တိုင်းလာစေချင်တာ”
လုမင်ယွိက နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ "မူဟုပ်က သဘောထားကြီးပြီး မေတ္တာတရားလည်း ကြီးမားလှပါတယ်။ ဒီလို ယောက္ခမမျိုး ရထားတာ အာရှီ ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် ဖြစ်မှာပါ”
မင်းလို ချွေးမမျိုး ရထားတာမှ ပန်ကုံးရဲ့ 'ကုသိုလ်ကံ' အစစ်ပဲလေ။
ချောင်မိဖုရားခေါင်သည် ထိုစကားကို ရင်ထဲတွင်သာ မြိုသိပ်လိုက်ပြီး ဟန်ဆောင်ပြုံးကာ ဆိုလိုက်သည်။ "ပန်ကုံးက ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့ မိန်းကလေးတွေကို အကြိုက်ဆုံးပဲ။ အဲ့ဒီနေ့က မင်းကို မြင်လိုက်ရကတည်းက ပန်ကုံး စိတ်ထဲမှာ ဝမ်းသာနေခဲ့တာ။ မင်းက ပန်ကုံးရဲ့ ချွေးမ ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကြည့်ရတာ ငါတို့မှာ ယောက္ခမနဲ့ ချွေးမ ဖြစ်ရမယ့် ရေစက် ပါလာပုံပဲ”
စိတ်ထဲတွင် မည်သို့ပင် တွေးတောနေစေကာမူ အပေါ်ယံတွင်တော့ ရင်းနှီးဖော်ရွေကာ သဟဇာတဖြစ်လျက် စကားလက်ဆုံ ကျနေကြဟန် ရှိလေတော့သည်။
...
အပိုင်း (၁၇၆) ယောက္ခမနှင့်ချွေးမ (၂)
ချောင်မိဖုရားခေါင်သည် နောက်ဆုံးတော့ ချိုင်ကုန်းကုန်း အကြောင်းကို ဖွင့်ဟပြောဆိုလာတော့သည်။ "... ဟိုအရင်တုန်းက ချိုင်ကုန်းကုန်းက ကျောင်းဖန်နန်းဆောင်မှာ အမှုထမ်းခဲ့ဖူးတယ်။ ပန်ကုံးက သူ အလုပ်လုပ်ကိုင်တာ လျင်လျင်မြန်မြန် ရှိပြီး သစ္စာရှိတဲ့လူလို့မြင်လို့ သူ့ကို အားကျင့်ရဲ့ မင်းသားအိမ်တော်ဆီကို စေလွှတ်လိုက်တာ"
"ဘယ်သူက ထင်ထားမှာလဲ။ သူက သခင်ကျေးဇူးကိုမသိဘဲ တခြားသူတွေနဲ့ပေါင်းပြီး လိမ်ညာဝံ့တယ်။ တိတ်တဆိတ် လက်ဆောင် ကြီးကြီးမားမားတွေကိုယူပြီး အပြင်ကို သတင်းတွေ ပို့နေခဲ့တယ်တဲ့လေ"
ဒီလိုအကောင်မျိုးက သေသွားတောင် နှမျောစရာမရှိပါဘူး"
ချောင်မိဖုရားခေါင်သည် ချွေးမဖြစ်သူ၏ လက်စလက်န ထက်မြက်သည်ကို ဒေါသထွက်နေသော်ငြား ထိုအချိန်က မိမိကိုယ်တိုင် လူမှားကြည့်ခဲ့သည်ကို ပိုပြီး အမျက်ထွက်နေလေသည်။ ချိုင်ကုန်းကုန်းအကြောင်း ပြောမိသည်နှင့် ဒေါသက အထွတ်အထိပ်သို့ ရောက်လာခဲ့တော့၏။ "ပန်ကုံးက သူ့အပေါ် မကောင်းခဲ့ဖူးလို့ မထင်မိပါဘူး။ ဒီဝံပုလွေလို သဘောထားရှိတဲ့အကောင်က ကျေးဇူးတရားကို တစ်စက်မှ မသိတတ်ဘူး။ ပန်ကုံးက အားကျင့်ကို ပြောပြီးသွားပြီ။ ဒီအယုတ်တမာကောင်ကို ဆက်ပြီး မထားနဲ့တော့လို့"
လုမင်ယွိက ချောင်မိဖုရားခေါင်ကို နှစ်သိမ့်စကား ပြောပေးလိုက်တော့သည်။ "မူဟုပ်က နန်းတော်ထဲမှာ နန်းတွင်းက်စ္စတွေနဲ့ အလုပ်များနေတာဆိုတော့ အစေခံတစ်ယောက်ရဲ့ အပြုအမူ အပြောအဆိုကို ဘယ်လိုလုပ်ပြီး အာရုံစိုက်နိုင်မှာလဲ။ ဒီလို ကိစ္စသေးသေးမွှားမွှားကို အာရှီက သေသေချာချာ ဆောင်ရွက်လိုက်ပါ့မယ်။ မူဟုပ် စိတ်မပူပါနဲ့တော့"
ချွေးမဖြစ်သူ ထက်မြက်ခြင်း၏ အကျိုးကျေးဇူး ရှိနေပြန်သည်။ ဒီစကားတစ်ခွန်းက ချောင်မိဖုရားခေါင်၏ နှလုံးသားကို တည့်တည့်တိုးဝင်သွားသည်ဟု ဆိုနိုင်ပေ၏။
ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် ကျေနပ်ရွှင်လန်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။ "မင်း အလုပ်လုပ်တာကို ပန်ကုံးက စိတ်ချပါတယ်"
လုမင်ယွိကလဲ တောင်းပန်နေသည့်ဟန်ဖြင့် ပြုံးလိုက်တော့သည်။ "ပြောရမယ်ဆိုရင်တော့ အာရှီမှာလဲ မှားတဲ့အပိုင်းတွေ ရှိပါတယ်။ ချိုင်ကုန်းကုန်း အကျင့်မကောင်းတာကို အာရှီက မူဟုပ်ကို အရင်ဆုံး သတင်းပို့ပြီးမှ စီရင်သင့်တာပါ"
ချောင်မိဖုရားခေါင်ကလဲ ဆက်ပြီး သဘောထား ကြီးမားပြလိုက်ရတော့သည်။ "ဒီလို ခွေးကျင့်ခွေးကြံနဲ့ အစေခံမျိုးကို ညှာတာနေစရာ မလိုပါဘူး။ ပန်ကုံး သိခဲ့ရင်တောင် သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
လုမင်ယွိကလဲ အလွန်အမင်း စိတ်လှုပ်ရှားသွားဟန်ဖြင့် မတ်တပ်ထရပ်လိုက်ကာ အရိုအသေ ပေးလိုက်တော့သည်။ "မူဟုပ်က စိတ်သဘောထား ကြီးမားလွန်းပါတယ်။ အာရှီ တကယ်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး"
ချောင်မိဖုရားခေါင်သည် ဆက်ပြီး ခပ်ဟဟ ရယ်မောလိုက်တော့၏။ "မင်းနဲ့အားကျင့်တို့ လင်မယားနှစ်ယောက်စလုံး ချစ်ချစ်ခင်ခင်ရှိနေပြီး မျိုးဆက်ကို မြန်မြန်မွေးပေးတာကပဲ ပန်ကုံးအပေါ် အကြီးမားဆုံး သိတတ်ခြင်းပါ"
မျိုးဆက်ကိစ္စကို ပြောလာသည့်အခါ လုမင်ယွိသည် ရှက်ရွံ့တွန့်ဆုတ်မနေဘဲ အလွန်ပွင့်ပွင့်လင်းလင်း ပြုံးကာ ပြောလိုက်တော့သည်။ "အာရှီလဲ သတင်းကောင်း မြန်မြန်ကြားရဖို့ မျှော်လင့်နေပါတယ်"
ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မိမိကိုယ်ကိုမိမိ တိတ်ဆိတ်စွာ နှစ်သိမ့်လိုက်ရတော့သည်။
သူမ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးပါဘူး။ သားတော် ကြိုက်ရင်ပြီးတာပါပဲ။ ချွေးမက နည်းနည်းထက်မြက်တာလဲ မကောင်းတာတော့ မဟုတ်ပြန်ဘူး။ အတွင်းဆောင်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပြီး သားတော်အတွက် အားကိုးရတဲ့ ဇနီးတစ်ယောက် ဖြစ်လာရင် သူမလဲ နည်းနည်းတော့ စိတ်အေးရတာပေါ့လေ။
ဒီကိစ္စသည် ယောက္ခမနှင့် ချွေးမကြားက မျဥ်းတစ်ကြောင်းကို ခြားနားသတ်မှတ်လိုက်သကဲ့သို့ပင်။ မျဥ်းအတွင်းရှိ ကိစ္စများသည် လင်မယားနှစ်ယောက်၏ ကိစ္စများသာ ဖြစ်တော့၏။ သူမကဲ့သို့ ယောက္ခမတစ်ဦးအနေဖြင့် ထိုမျဥ်းကို ကျော်ဖြတ်၍ မဖြစ်တော့ချေ။ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုရန်မလိုအပ်ဘဲ နှစ်ဦးနှစ်ဖက်လုံး စိတ်ထဲတွင် သိရှိနားလည်နေကြလျှင် လုံလောက်လေသည်။
နန်းတွင်းသူ ချိုင်လန်သည် ပြုံးရွှင်စွာဖြင့် ဝင်ရောက်လာပြီး သတင်းလာပို့၏။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ နန်းတော်ထဲက နေရာအသီးသီးက အကြီးအကဲတွေက ဂါရဝပြုဖို့ ရောက်လာကြပါတယ်"
နန်းတွင်းကိစ္စများကို စီမံခန့်ခွဲရမည့်အချိန်သို့ ရောက်ရှိလာပြန်သည်။
ချောင်မိဖုရားခေါင်က အသာအယာ ခေါင်းညိမ့်ပြလိုက်ပြီး လုမင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်၏။
လုမင်ယွိကလဲ ပြုံးကာပြောလာခဲ့သည်။ "မူဟုပ် အားလုံးကို ပုံမှန်အတိုင်းပဲ စီစဥ်ဆောင်ရွက်လိုက်ပါ။ အာရှီကလဲ ဘာအလုပ်မှမရှိတာနဲ့ ဒီနေ့ မူဟုပ်ကို အဖော်ပြုပေးရင်း နန်းတွင်းကိစ္စကို ဘယ်လိုစီမံခန့်ခွဲရသလဲဆိုတာ တခါတည်း လေ့လာချင်လို့ပါ"
ချာင်မိဖုရားခေါင်ကလဲ ဒီလိုကြားရသည်ကို ဝမ်းသာလေသည်။
သူမသားက မိဖုရားခေါင်က မွေးတဲ့သားအကြီးဆုံး အိမ်ရှေ့မင်းသားနေရာကလဲ သူကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး။ သူမရဲ့ ချွေးမက နောင်တချိန်မှာ အိမ်ရှေ့မင်းသားရဲ့ကြင်ရာတော် ပြီးရင် မိဖုရားခေါင်ဖြစ်လာမဲ့သူပဲ။ အခု နန်းတွင်းကိစ္စကို နည်းနည်းပါးပါး လေ့လာထားတော့ နောက်ကျရင် အလုပ်မြန်မြန်တွင်တာပေါ့။
ချောင်မိဖုရားခေါင်ကလဲ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်တော့၏။
လုမင်ယွိသည် နှုတ်ခမ်းထောင့်လေးများကို ခပ်ပါးပါးလေး ကွေးညွှတ်ထားလိုက်လေသည်။
အရင်ဘဝတုန်းက သူမက လီဟောက်တို့ သားအမိအတွက် ချောင်မိဖုရားခေါင်နဲ့ ပြဿနာတွေ အများကြီး တက်ခဲ့ရတာ။ ချောင်မိဖုရားခေါင်ရဲ့ စိတ်နေစိတ်ထားကိုလည်း သူမက ကောင်းကောင်းကြီးသိတာပေါ့။
ချောင်မိဖုရားခေါင်သည် မြင့်မြတ်သည့်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ငယ်စဥ်ကတည်းက စာပေကျန်းဂန်များကို လေ့လာသင်ကြားခဲ့ရာ တည်ငြိမ်ပြီး ယဥ်ကျေးသိမ်မွေ့ကာ မာနလဲ အနည်းငယ်ရှိလေသည်။ နှစ်ပေါင်းများစွာ ခင်ပွန်းသည်၏ အေးစက်မှုကို ခံခဲ့ရသောကြောင့် ချောင်မိဖုရားခေါင်သည် တစ်ခါပြီးတစ်ခါ သည်းခံခဲ့ရပြီး သူမ၏ မာန်မာနများမှာ အစောကြီးကတည်းက တုံးသွားပြီ ဖြစ်လေသည်။
အနည်းငယ် သတ္တိနည်းသည်ဟု ဆိုသည်ဖြစ်စေ စိတ်ဓာတ်မပြတ်မသား ရက်စက်မှုမရှိဟု ဆိုသည်ဖြစ်စေ အချုပ်အားဖြင့်တော့ ချောင်မိဖုရားခေါင်သည် ပြဿနာရှာတတ်ပြီး အစွမ်းထက်သူတော့ မဟုတ်ချေ။ ယခင်ဘဝက သူမသည် ချောင်မိဖုရားခေါင်ကို လုံးဝပင် ဂရုမစိုက်ခဲ့ဖူးချေ။
အခု အဆင့်အတန်းတွေ ပြောင်းလဲသွားတော့ ဒီလိုယောက္ခမမျိုး ရှိနေတာကို သူမက တော်တော်လေး သဘောကျမိပါလားဆိုတာ သတိထားမိတာပဲ။ ပညာလဲတတ်တယ်။ အဆင့်အတန်းလဲရှိတယ်။ စိတ်သဘောထားလဲ ကြီးမားတယ်။ ဒေါသထွက်ရင်တောင် မျက်နှာပျက်အောင် မလုပ်တတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချန်စရာ နေရာလေးတော့ ချန်ထားပေးတယ်။ သားတော်အတွက်ဆိုရင် ထက်မြက်တဲ့ချွေးမကို နည်းနည်းလောက် သည်းခံဖို့လဲ ဝန်မလေးတတ်ဘူး။
သူမသည် တစ်လက်မရလျှင် တစ်ပေလောက် လိုချင်တတ်သူ မဟုတ်ချေ။ ဒီတစ်ကြိမ်တွင် သူမသည် အသာစီးရရှိထားပြီး ယောက္ခမနှင့်ချွေးမတို့ အတူတူထိုင်သည့်အခါ သူမကလဲ ယောက္ခမဖြစ်သူကို မျက်နှာသာ အပြည့်အဝပေးရပေမည်။
...
နန်းတွင်းအကြီးအကဲများသည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာသည့်အခါ သည်လိုမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။ ချောင်မိဖုရားခေါင်သည် အထက်တွင်ထိုင်နေပြီး အသစ်စက်စက် ဝင်ရောက်လာသည့် ဒုတိယမင်းသားကြင်ရာတော်ကတော့ ပြုံးရွှင်စွာဖြင့် ဘေးတွင်ထိုင်နေကာ ပတ်ဝန်းကျင်အနေအထားမှာ ပေါ့ပါးလွပ်လပ်ပြီး သဟဇာတဖြစ်လျှက်ရှိတော့သည်။
အာ့ဟွမ်စစ်ဖေးက ခွန်အားဗလသန်မာပြီး သိုင်းပညာလဲ ထူးချွန်လို့ တော်တော်လေး အစွမ်းထက်တယ်လို့ ကြားတယ်။ ရုပ်ရည်ကို ကြည့်ရတာကတော့ ကောလဟလလောက် ကြောက်စရာမကောင်းပါဘူး။
အကြီးအကဲများ အားလုံးက စိတ်ထဲတွင် တစ်ခေါက် တီးတိုးရေရွတ်လိုက်ကြပြီး ရှေ့သို့တက်လာကာ အရိုအသေပေး လိုက်ကြလေသည်။ "ကျွန်တော်မျိုး/ ကျွန်တော်မျိုးမတို့ ဟွမ်ဟုပ်ညန်ညန်နဲ့ အာ့ဟွမ်စစ်ဖေးတို့ကို ဂါရဝပြုပါတယ်"
ချောင်မိဖုရားခေါင်က အသာအယာ ခေါင်းညိမ့်ပြလိုက်လေသည်။
လုမင်ယွိကလဲ အနည်းငယ် ပြုံးကာပြောလိုက်၏။ "အကြီးအကဲတို့ အားလုံး အရိုအသေပေးတာတွေ ရပ်လိုက်ပါ။ ရှင်တို့က မူဟုပ်ကို သတင်းပို့စရာ ရှိလို့လာကြတာ။ ကျွန်မက အလုပ်မရှိလို့ အပျင်းပြေ နားထောင်နေတာပါ။ ရှင်တို့တွေ ကျွန်မကို ရှိတယ်လို့ သဘောမထားဘဲ သက်တောင့်သက်သာ ပြောဆိုကြပါ"
အကြီးအကဲများအားလုံးကလဲ တလေးတစားဖြင့် ပြန်ဖြေလိုက်ကြ၏။
အမှန်တွင်တော့ နန်းတွင်းကိစ္စများကို စီမံခန့်ခွဲခြင်းနှင့် အတွင်းဆောင်က အသေးအဖွဲ ကိစ္စရပ်များကို စီမံခြင်းမှာ များစွာကွာခြားလှသည်တော့ မဟုတ်ချေ။ နန်းတော်တွင် လူပိုများပြီး အရေးကြီးကိစ္စများက ပိုပြီးရှုပ်ထွေးရုံသာ ရှိလေသည်။
ချောင်မိဖုရားခေါင်သည် နန်းလယ်မိဖုရားခေါင်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး နန်းတွင်းကိစ္စများကို အစီအစဥ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်။ မျှတစွာသုံးသပ်ရလျှင်တော့ ချောင်မိဖုရားခေါင်သည် အရည်အချင်း ပြည့်ဝသည့် ဇနီးတစ်ဦးဖြစ်ပြီး မိဖုရားခေါင်တစ်ဦး၏ စံနှုန်းများဖြင့် ကြည့်လျှင်လည်း ချောင်မိဖုရားခေါင်တွင် သဘောထားကြီးမားမှုနှင့် အရှိန်အဝါတို့ ရှိလေသည်။
လုမင်ယွိသည် ဘေးတွင် တိတ်ဆိတ်စွာထိုင်ရင်း အချိန်အကြာကြီး နားထောင်လာခဲ့၏။
အစမှအဆုံးအထိ အသံတစ်ချက်မှ မထွက်ခဲ့ချေ။
ဒီလို တည်ငြိမ်အေးချမ်းပြီး နေထိုင်တတ်ခြင်းက ချောင်မိဖုရား၏ စိတ်ထဲက မကျေနပ်ချက်များကို အနည်းငယ် ကွယ်ပျောက်သွားစေလေတော့၏။
...
မကြာမီ မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ပြီး မနက်ခင်းညီလာခံ ပြီးဆုံးသွားသဖြင့် လီကျင့်ကလဲ ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိလာခဲ့၏။ ထင်မှတ်မထားသည်မှာ ယုံးကျားဧကရာဇ်သည်လဲ ကျောင်းဖန်နန်းဆောင်သို့ ကြွရောက်လာခဲ့ခြင်းပင်။
ချောင်မိဖုရားခေါင်က အနည်းငယ် အံ့အားသင့်သွားသော်ငြား ပိုပြီးဝမ်းသာသွားခြင်းသာ ဖြစ်တော့သည်။ သူမက ပြုံးကာ ထရပ်လိုက်ပြီး ကြိုဆိုလိုက်၏။ လုမင်ယွိကလဲ ပြုံးရွှင်စွာ ထရပ်လိုက်ပြီး ချောင်မိဖုရားနှင့်အတူ နောက်မှလိုက်ပါလာကာ အရိုအသေပေး နှုတ်ဆက်လိုက်လေသည်။ "အာရှီ လုရှီ၊ ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ယုံးကျားဧကရာဇ်က ခင်ပွန်းကောင်းတစ်ယောက် မဟုတ်ပေမဲ့ ဖခင်ကောင်းတစ်ယောက်တော့ ဟုတ်ပါတယ်။ ချွေးမတစ်ယောက်ရဲ့ ရှု့ထောင့်က ကြည့်ရင်တော့ ပိုပြီးတော့ နားလည်မှုရှိတဲ့ ယောက္ခထီးကောင်းတစ်ယောက်ပါပဲ။
ယုံးကျားဧကရာဇ်က ကြည်လင်ရွှင်ပျနေသည့် မျက်နှာဖြင့် မိန့်ကြားလိုက်၏။ "ထကြပါ။ ကျန်း သိပါတယ်။ မင်းတို့လင်မယား ဒီနေ့ ကျောင်းဖန်နန်းဆောင်မှာ နေ့လယ်စာ စားကြမယ်ဆိုတာလေ။ ဒါနဲ့ စည်စည်ကားကားဖြစ်အောင် လိုက်လာခဲ့တာ"
ချောင်မိဖုရားခေါင်ကလဲ ပြုံးကာ ပြန်လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ကြွလာတာကို ချန်ချဲ့က ဝမ်းသာလို့မဆုံးပါဘူး"
လီကျင့်သည် လုမင်ယွိ၏ ရှေ့သို့လျှောက်သွားလိုက်ပြီး မျက်လုံးများက တစ်ချက်ဝေ့ကာ ကြည့်လိုက်ပြီးနောက် လေသံထဲတွင် စိုးရိမ်ပူပန်မှုများအပြည့်ဖြင့် မေးလိုက်လေသည်။ "မင်း ဒီနေ့ နေ့တစ်ဝက်လုံး ကျောင်းဖန်နန်းဆောင်မှာ အဆင်ပြေရဲ့လား"
လုမင်ယွိက ပြုံးကာပြောလိုက်၏။ "အားလုံး အဆင်ပြေပါတယ်။ မူဟုပ်က ကျွန်မကို နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပါတယ်"
လုမင်ယွိသည် အပြုံးပန်းများဝေဆာနေပြီး ချောင်မိဖုရားခေါင်၏ အမူအယာသည်လဲ နူးညံ့သိမ်မွေ့လို့နေ၏။
ကြည့်ရတာ ဒီနေ့တစ်ဝက်အတွင်းမှာ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး ထင်တယ်။
လီကျင့်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိတော့သည်။
လုမင်ယွိကလဲ သူ ဘာကိုတွေးနေသည်ကို သိမြင်သွားသည့်အလား မျက်ဝန်းထဲတွင် ကျီစယ်လို့သည့် အရိပ်အယောင်တစ်စ ပေါ်ထွက်လာတော့၏။
သူမက စိတ်မြန်လက်မြန်ရှိတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အကောင်းအဆိုး မခွဲခြားတတ်တဲ့အထိတော့ မဟုတ်သေးပါဘူး။ သူက သူမကို လူပုံအလယ်မှာ ချောင်မိဖုရားခေါင်နဲ့ ရန်ဖြစ်နေမလား။ ဒါမှမဟုတ် လက်ပါတဲ့အထိ ဖြစ်နေမလားလို့ ထင်နေတာတဲ့လား။
လီကျင့်သည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သူမ၏ လက်ကိုလှမ်းဆွဲလိုက်တော့သည်။
ယုံးကျားဧကရာဇ်ကလဲ မတိုးမကျယ် ချောင်းတစ်ချက်ဟန့်လိုက်၏။
လူငယ်လင်မယားလေးနှစ်ယောက်က သီးသန့်ရှိနေတဲ့အချိန်မှာ ဘယ်လောက်ပဲ ရင်းရင်းနှီးနှီးနေပါစေ ကိစ္စမရှိပါဘူး။ ကျန်းနဲ့ ချောင်မိဖုရားခေါင် ရှေ့မှာတော့ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း နေသင့်တာပေါ့။
လီကျင့်ကလဲ အင်တင်တင်ဖြင့် လက်ကို ပြန်ရုတ်သိမ်းလိုက်ရတော့သည်။
ချောင်မိဖုရားခေါင်ကလဲ ပြုံးလိုက်ကာ ခေါင်းကို တစ်ဖက်သို့လှည့်ပြီး စားတော်ပွဲပြင်ဆင်ရန် အမိန့်ပေးလိုက်တော့၏။
ဒီနေ့လယ်စာ စားပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်ကို ပြောလာခဲ့လေသည်။ "နောက်ဆိုရင် ကျန်းက သူတို့လင်မယားနှစ်ယောက်နဲ့ အတူတူ စားတော်ပွဲ မတည်တော့ဘူး"
လီကျင့်က သူ့မိန်းမအပေါ် ဂရုတစိုက် မျက်နှာလိုက်နေတဲ့ပုံကိုလဲ ကြည့်လိုက်ပါအုံး။ တကယ်ကို မြင်ရတာ ကြက်သီးထစရာကောင်းပြီး အသည်းယားစရာကောင်းလိုက်တာ။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင်လဲ အနည်းငယ် မနာလို ဖြစ်သွားသော်ငြား ဒီလိုစကားကို ကြားလိုက်ရသည့်အခါတွင်တော့ မကျေမနပ် ဖြစ်သွားတော့သည်။ "မင်္ဂလာဦးလင်မယားတွေက သံယောဇဥ် တိုးပွားနေတုန်းဆိုတော့ နည်းနည်းလေး ပိုရင်းနှီးတာက ရှောင်လွှဲလို့ မရပါဘူး။ အရင်တုန်းက ချန်ချဲ့က အရှင်မင်းကြီးကိုလဲ ချန်ချဲ့အပေါ် ဒီလိုဂရုစိုက်မှုမျိုး ပေးမလားလို့ မျှော်လင့်မိသားပဲ။ ဒါပေမဲ့ ဖြစ်ချင်တော့ ချန်ချဲ့မှာ ဒီလိုကုသိုလ်ကံမျိုး မပါလာခဲ့ဘူးလေ"
ယုံးကျားဧကရာဇ် "..."
...
အပိုင်း (၁၇၇) နေ့စဥ်ဘဝ
ထိုနေ့မှစပြီး လုမင်ယွိသည် နေ့စဥ် နံနက်၅နာရီအချိန်တွင် အိပ်ယာထကာ သိုင်းလေ့ကျင့်တတ်လေသည်။ ထို့နောက်တွင်တော့ ရေမိုးချိုး အဝတ်အစားလဲလှယ်ပြီး မနက်စားသုံးဆောင်ကာ နာရီဝက်လောက် အိမ်အတွင်းရေးကိစ္စများကို စီမံခန့်ခွဲလေ၏။ ထို့နောက်တွင်တော့ ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်ကာ ချောင်မိဖုရားခေါင်ကို ဂါရဝပြုပြီး ခေါင်မိဖုရားခေါင်နှင့်အတူ နေ့လယ်စာသုံးဆောင်ပြီးမှ နန်းတော်ထဲက ထွက်ခွာကာ အိမ်တော်သို့ ပြန်လာလေ့ရှိသည်။
မယ်တော်ကြီးကျောက်၏ ရှို့နဥ်နန်းဆောင်ကိုလဲ သူမက နေ့စဥ် ဂါရဝပြုရန် သွားရောက်လေ့ရှိသည်။ သို့သော်ငြား မယ်တော်ကြီးကျောက်ကတော့ သူမကို တွေ့ဆုံရန် ငြင်းဆန်နေဆဲပင်။ သူမသည် အကြိမ်တိုင်း အဆောင်တော်၏ အပြင်ဘက်မှပင် အရိုအသေပေးလိုက်ပြီး အသာအယာပင် ပြန်ထွက်ခွာလာတတ်သည်။
နန်းတော်ထဲက မုန့်ကွေဖေး ချင်ဖေးနှင့်စူးကျောင်းရုံတို့မှာ လက်ဖက်ရည်ကမ်းသည့်နေ့က သူမ၏ အပြုအမူကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြသဖြင့် အခုအချိန်ထိ ဘယ်သူကမှ သူမကို လာရောက်ရန်စရဲသူ မရှိသေးချေ။
နေ့လယ်ခင်း အချိန်များတွင်တော့ လွတ်လပ်ပေါ့ပါးနေတတ်၏။ လီကျင့်သည် အိမ်တော်တွင် ရှိသည့်အချိန်နည်းပါးပြီး အိမ်တော်တွင် သခင်မအဖြစ် သူမတစ်ဦးတည်းသာ ရှိလေသည်။ ဘယ်အရာကိုမဆို မိမိစိတ်တိုင်းကျ ပြုမူဆောင်ရွက်နိုင်၏။ သူမ၏ သတိပေး ခြောက်လှန့်ခံထားရသည့် အိမ်တော်ထိန်းများနှင့် အစေခံများမှာလဲ အလွန်ယဥ်ကျေးလိမ်မာကြကာ အပိုစကားဆိုရဲသူ မရှိကြချေ။
သူမ၏ အကာအကွယ်ကိုယူရန် လိုအပ်နေသည့် မျက်ရည်လွယ်ပြီး အားငယ်တတ်သော ယောက္ခမလဲမရှိ ထုံထိုင်းပြီး စောင့်ရှောက်ပေးရန်လိုအပ်သည့် မတ်တော်လဲမရှိသလို ခက်ခဲရှုပ်ထွေးလှသည့် ဟွေ့အန်းကုန်းကျူနှင့်လည်း မတွေ့ဆုံရသေးချေ။
ခြုံပြောရမည်ဆိုလျှင်တော့ လုမင်ယွိ၏ မင်္ဂလာဦးဘဝသည် ပြောစမတ်ပြုလောက်အောင် ချောမွေ့သာယာလို့နေလေသည်။
ရှန်းလန်သည် အထူးတလည်ပင် တစ်ခေါက် လာရောက်လည်ပတ်ခဲ့သေး၏။ လုမင်ယွိ၏ မျက်နှာအရောင်ကို အသေးစိတ် အကဲခတ်ကြည့်ရှုပြီးနောက် ချီးကျူးစကားပင် ပြောလာခဲ့သေးသည်။ "နင့်ကိုကြည့်ရတာ ဒီလောက်တောင် အသားအရည် ကြည်လင်နေတာ။ နေထိုင်ရတာ သက်တောင့်သက်သာ ရှိတယ်ဆိုတာ မြင်သာတယ်။ ငါလဲ နင့်အတွက် စိတ်ပူနေစရာမလိုတော့ဘူးပေါ့"
လုမင်ယွိကတော့ မျက်ခုံးပင့်ကာ ပြောလိုက်၏။ "ဘယ်သူက ငါ့ကို ရန်လာစရဲလို့လဲ။ အသက်မရှင်ချင်တော့လို့လား"
ရှန်းလန်သည် သူမ၏ စကားကြောင့် မနေနိုင်ဘဲ ရယ်မောမိတော့သည်။ "ရှောင်ယွိရယ် နင့်လိုမျိုး လက်ဇောင်းထက်တဲ့ မင်္ဂလာဆောင်ကာစ သတို့သမီးကို ငါတော့ ပထထမဦးဆုံး တွေ့ဖူးတော့တာပဲ!"
ရယ်ရယ်မောမော ပြောဆိုပြီးနောက်မှ ရှန်းလန်သည် လုမင်ယွိကို ဒီရက်ပိုင်းအတွင်း အခြေအနေများအား အသေးစိတ် မေးမြန်းလေသည်။ လုမင်ယွိကလဲ ဖုံးကွယ်မထားဘဲ အကြောင်းစုံကို ပြောပြလိုက်၏။
ရှန်းလန်မှာ ဆွံ့အသွားတော့သည်။ "နင်က ချိုင်ကုန်းကုန်းကို ဒီအတိုင်း စီရင်လိုက်တာလား။ အိမ်တော်ကို ရောက်တာမကြာသေးဘဲ မိဖုရားခေါင်ကို မျက်နှာပျက်ရအောင် လုပ်လိုက်တာပေါ့။ နင် မစိုးရိမ်ဘူးလား။ မိဖုရားခေါင်က ရှက်ရှက်နဲ့ ဒေါသထွက်ပြီး ဒုတိယမင်းသားက နင့်အပေါ် စိတ်ပြောင်းသွားမှာကိုလေ"
လုမင်ယွိကတော့ ခပ်ရေးရေးသာ ပြုံးလိုက်၏။ "ငါ ဒီလိုလုပ်တာကလဲ လီကျင့်ကို စမ်းသပ်ကြည့်ချင်လို့ပဲလေ။ ပါးစပ်က ဘယ်လောက် ကောင်းအောင်ပြောနေနေ အသုံးမဝင်ဘူး။ အရေးအကြောင်းကြုံလာမှ သူ ငါ့ဘက်မှာ တကယ်ရပ်တည်လား မရပ်တည်ဘူးလားဆိုတာကို သိရမှာ"
ရှန်းလန်ကတော့ ဒီလိုအပြုအမူမျိုးကို သဘောမတူသည်မှာ သိသာလေသည်။ အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်ပြီး လေသံကိုနှိမ့်ကာ ပြောလာခဲ့၏။ "သားအမိဆိုတာ သံယောဇဥ် ကြီးမားပါတယ်။ မိဘအပေါ် သိတတ်ရတယ်လေ။ နင် ဒီလိုလုပ်တာက မင်းသားကို အခက်တွေ့အောင် လုပ်နေတာမဟုတ်ဘူးလား"
"ဒီတစ်ခါတော့ ထားလိုက်ပါတော့။ မင်းသားကလဲ ဒီကိစ္စကို တာဝန်ယူပေးလိုက်ပြီ။ နောက်တစ်ခါ ဒီလိုကိစ္စမျိုးရှိလာရင် နင်ဒီလောက်အထိ စိတ်လိုက်မာန်ပါ မလုပ်နဲ့တော့"
ရှန်းလန်ကလဲ စေတနာနှင့် ဖြစ်လေသည်။ ထို့ကြောင့် လုမင်ယွိကလဲ ဘာမှထပ်မပြောတော့ဘဲ ပြုံးပြကာ ခေါင်းညိမ့်သဘောတူလိုက်တော့၏။
ရှန်းလန်ကလဲ သူမ၏ စိတ်နေစိတ်ထားကို သိနေသဖြင့် ထိုမျှလောက်သာ စကားဖြတ်ထားလိုက်တော့သည်။
အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျပြီးနောက်တွင် ရရှိရမည့် အရှိန်အဝါဟူသမျှမှာ ခင်ပွန်းသည်က ပေးအပ်ခြင်းသာပင်။ ဒုတိယမင်းသားက လုမင်ယွိဘက်တွင် ရပ်တည်ပေးလိုလျှင် လုမင်ယွိက အနည်းငယ် စည်းကျော်ခဲ့လျှင်ပင် ကိစ္စမရှိချေ။ အကယ်၍ ဒုတိယမင်းသားက မိမိ၏ဇနီးအတွက် ဘာကိုမှ တာဝန်မယူလိုဘဲ ချောင်မိဖုရားခေါင်နှင့်သာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေပါက လုမင်ယွိက ဘယ်လောက်ပင် သတိထားနေထိုင်သည်ဖြစ်စေ သူမ၏ ဘဝကတော့ သာယာဖြောင့်ဖြူးနိုင်လိမ့်မည် မဟုတ်ပေ။
ရှန်းလန်သည် စကားလမ်းကြောင်း မြန်မြန်လွှဲထားလိုက်ပြီး လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောဆိုလိုက်တော့၏။ "ဟုတ်သားပဲ။ နောက်ထပ်ရက်အနည်းငယ်နေရင် တတိယမင်းသားနဲ့ မုန့်ယွင်လော်တို့ မင်္ဂလာဆောင်မဲ့ရက်ပဲ။ ကွမ်းပင်းနယ်စား အိမ်တော်ကို တင်တောင်းပစ္စည်း သွားပို့တဲ့နေ့ကြရင် ငါတို့အတူတူ သွားကြရအောင်"
လုမင်ယွိကလဲ ပြုံးကာ သဘောတူလိုက်တော့သည်။
ရှန်းလန်သည် ဒုတိယမင်းသား အိမ်တော်တွင် နေ့တစ်ဝက်ခန့် အချိန်ဖြုန်းခဲ့ပြီးနောက် ညနေစောင်းမှသာ အိမ်တော်သို့ ပြန်သွားခဲ့တော့၏။
လုမင်ယွိက ရှန်းလန်ကို ညစာစားရန် အမှန်ပင် ဆွဲထားခဲ့သော်ငြားလည်း ရှန်းလန်ကတော့ ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့လေသည်။ "နင်တို့လင်မယားက အခုမှ ကြင်စဦးပဲရှိသေးတယ်။ ကြည်ကြည်နူးနူး နေနေကြတာကို ငါက ဘေးမှာဝင်ပြီး မျက်စိနောက်အောင်တော့ မနေချင်ပါဘူး"
ခဏလောက် တုန့်ဆိုင်းသွားပြီးမှ သူမက မျက်တောင်လေး တစ်ချက်ခတ်ပြလာခဲ့သည်။ "အဓိကကတော့ နင်တို့နှစ်ယောက် တရားလွန်လုပ်ပြနေတာကိုကြည့်ပြီး ထမင်းစားမဝင်မှာစိုးလို့ပဲ"
လုမင်ယွိကလဲ ခပ်ဖွဖွ ပြုံးလိုက်ကာ ရှန်းလန်ကို အသာအယာ လှမ်းတွန်းလိုက်တော့သည်။
...
လီကျင့်သည် မိုးမချုပ်ခင်မှာပင် ပြန်ရောက်လာခဲ့၏။ "အာ့စောင် လာတယ် မဟုတ်လား။ ဘာဖြစ်လို့ စောစောပြန်သွားတာလဲ။ မင်း သူ့ကို ညစာမဖိတ်လိုက်ဘူးလား" လီကျင့်ကလဲ ရယ်မောကာဖြင့် မေးလာသည်။
လုမင်ယွိက တခြားသူ၏စကားကို ပြန်လည်တိုင်တန်းရမည်ကို ရှက်ရွံသဖြင့် အကြောင်းအရာကိုသာ ရည်ရွယ်ပြောဆိုလိုက်တော့၏။ "အိမ်တော်မှာ ဝူမေ့နဲ့ လျိုတိပဲရှိတာလေ။ အာ့စောင်က စိတ်မချလို့ ပြန်သွားခဲ့တာ"
လီကျင့်က ပြုံးစစဖြင့် အနားသို့တိုးကပ်လာပြီး လုမင်ယွိ၏ ပါးလေးကို တစ်ချက်နမ်းရှုံ့လိုက်၏။ "အာ့စောင်က ကိုယ်တို့နှစ်ယောက် အရမ်းရင်းရင်းနှီးနှီး ချစ်နေတာကိုကြည့်ပြီး နေရခက်လို့ ပြန်သွားတာတော့ မဟုတ်ပါဘူးနော်"
လုမင်ယွိ "..."
လီကျင့်သည် အရှက်အကြောက် နည်းနည်းလေးမှမရှိဘဲ ဟားတိုက်ကာ ရယ်မောလေတော့သည်။
လုမင်ယွိက သူ့ကို မျက်စောင်းထိုးလိုက်ချင်သော်ငြား စိတ်မထိန်းနိုင်တော့ဘဲ သူမကိုယ်တိုင်ကလဲ နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားမိတော့သည်။ "ရှင့်ရဲ့ အဲလိုပြုံးရယ်တတ်တဲ့ ကျေးဇူးကြောင့်ပေါ့။ လူရှေ့သူရှေ့မှာ နည်းနည်းပါးပါးလေးတောင်မှ မထိန်းဘူး"
လီကျင့်ကလဲ လုမင်ယွိကို ပွေ့ဖက်ထားလိုက်ပြီး သူ့ခေါင်းကို သူမ၏ ဦးခေါင်းထက်တွင် မှီတင်ထားလိုက်ကာ ကျေနပ်နှစ်သိမ့်နေသည့် လေသံဖြင့် ပြောလာခဲ့သည်။ "ကိုက ဒီလိုအချိန်လေးကို ဘယ်လောက်တောင် စောင့်မျှော်ခဲ့ရသလဲဆိုတာ မင်း သိရဲ့လား။ ဘယ်သူကြည့်ချင်ကြည့် ဘယ်သူက လှောင်ချင်လှောင်ပါစေ၊ ကိုကတော့ ဂရုမစိုက်ပါဘူး"
သူကတော့ လုံးဝကို ထိန်းချုပ်လိုစိတ်မရှိခြင်းပင်။
သူသည် လူအားလုံးကို သူနှင့်ရှောင်ယွိ မည်မျှလိုက်ဖက်ကြောင်း မည်မျှချစ်ခင်ကြကြောင်းကိုသာ သိစေချင်လေသည်။
လုမင်ယွိက လက်သီးကို ဆုပ်လိုက်ပြီး သူ့ကို ဟန်ဆောင်ပန်ဆောင် တစ်ချက်လောက် လှမ်းထိုးလိုက်တော့၏။ လီကျင့်ကလဲ တမင်တကာပင် နာကျင်ဟန်ပြုလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ကို တစ်ကိုယ်လုံး တွယ်ကပ်ကာ မှီထားလိုက်လေသည်။ ၁နာရီခန့်ကြာပြီးနောက်တွင်တော့ နှစ်ဦးသား ညစာစားဖြစ်ကြ၏။
မင်္ဂလာဦး ဇနီးမောင်နှံဆိုသည်မှာ ဒီလိုပင် ရှောင်လွှဲလို့မရနိုင်သည် မဟုတ်ပါလား။
လူငယ်တစ်ယောက်၏ ခွန်အားနှင့်စိတ်ဓာတ်သည် အလွန်တရာ ပြည့်ဝနေပြီး ပျော်ရွှင်မှုတည်းဟူသည့် သာယာမှုမျိုးကို မမောမပန်း တပ်မက်တတ် စမြဲပင်။ ညစာစားပြီးနောက်တွင် လီကျင့်သည် လုမင်ယွိကို ရေချိုးဆောင်သို့ ရေချိုးရန် အတူတကွ ဆွဲခေါ်သွားပြန်သည်။
သန်းခေါင်ယံ ကျရောက်လုအချိန် ခွန်အားများ ကုန်ဆုံးသွားသည့်အခါ အနားယူကာ တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်ထားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားကြလေတော့သည်။
ဒီလို တရင်းတနှီး ပူးကပ်စွာဆက်ဆံခြင်းက လင်မယားနှစ်ဦးကြားက အကွာအဝေးကို မြန်မြန်ဆန်ဆန်ပင် ကျဥ်းမြောင်းသွားစေခဲ့လေသည်။
လုမင်ယွိသည် လီကျင့်၏ နွေးထွေးလှသည့် လက်မောင်းပေါ်တွင် လဲလျောင်းရင်း သူ၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေမိလေသည်။ ခါးမှာ အနည်းငယ် ညောင်းညာနေသော်ငြားလည်း စိတ်နှလုံးကတော့ သဘာဝအတိုင်း တည်ငြိမ်အေးချမ်းနေပြီး ပျော်ရွှင်နေမိတော့သည်။
သူမသည် သူ့အပေါ်တွင် လွှမ်းမိုးနိုင်စွမ်း ရှိလှသည့် ချစ်ခြင်းမေတ္တာမျိုးတော့ မရှိခဲ့ချေ။ သို့သော်ငြား သူ၏ ဇနီးအဖြစ် နေထိုင်ရခြင်းသည် အမှန်တကယ်ပင် ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်စရာ ကောင်းလှလေသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူမသည် ဒုတိယမင်းသားကြင်ရာတော်၏ အဆင့်အတန်းနှင့်ဘဝကို အသားကျနေခဲ့ပြီ ဖြစ်၏။
"ရှောင်ယွိ ကိစ္စတစ်ခု မင်းကို ပြောဖို့ မေ့တော့မလို့" လီကျင့်၏ အသံထဲတွင် ကျေနပ်မှုနှင့်အတူ ပင်ပန်းနွမ်းနယ်မှုတို့ ပါဝင်နေပြီး လေပူငွေ့ငွေ့လေးက သူမ၏ နားနားတွင် ကျီစယ်လို့နေ၏။ "ဒီနေ့ ကွမ်းပင်းနယ်စားက ဖုဟွမ်ကို သွားတွေ့ပြီး စူးကျောင်းရုံကို ရာထူးတိုးပေးဖို့ လျှောက်တင်ခဲ့တယ်"
လုမင်ယွိသည် မျက်လုံးဖွင့်လိုက်ပြီး အင်းဟု တစ်လုံးတည်းသာ တုံ့ပြန်လိုက်၏။
သူမ ယခင်ဘဝတုန်းကလဲ စူးကျောင်းရုံကို သူမနှင့်လီဟောက် စေ့စပ်ပြီးတဲ့နောက်မှာ ဖေးအဆင့် မိဖုရားငယ် တက်သွားခဲ့တာပဲ။
ဒီဘဝမှာတော့ လီဟောက်နှင့် မုန့်ယွင်လော်တို့ စေ့စပ်ကြောင်းလမ်းခဲ့ပေမဲ့ ယုံးကျားဧကရာဇ်က စူးကျောင်းရုံကို ဖေးအဆင့်တိုးမြှင့်ပေးဖို့ နှောင့်နှေးခဲ့တယ်။ ကွမ်းပင်းနယ်စားကလဲ တော်တော်လေး သတ္တိကောင်းလှတာပဲ။ ယုံးကျားဧကရာဇ်ရဲ့ စိတ်ကို ထိခိုက်မှာ မကြောက်ဘဲ တိုက်ရိုက်ကို မျက်နှာချင်းဆိုင် လျှောက်တင်ခဲ့တာတဲ့လေ။
လီကျင့်၏ လက်သည် လုမင်ယွိ၏ ကျောပြင်ပေါ်တွင် ဝေ့ဝဲသွားလာနေရင်း သူ၏ နက်မှောင်လှသည့် မျက်ဝန်းထဲတွင် အလင်းရောင်တစ်စ ဖြတ်ပြေးသွားကာ လေသံနိမ့်နိမ့်ဖြင့် ပြောလာခဲ့သည်။ "ကွမ်းပင်းနယ်စားဆိုတဲ့လူက ကြမ်းတမ်းသလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းကြတော့ တော်တော်လေးကို အကြံအစည်များတဲ့သူပဲ။ သူက ဖုဟွမ်ကို ဒီနေ့ နန်းတော်ထဲမှာ လာတွေ့ပြီး မုန့်အိမ်တော်က သမီးက တတိယမင်းသားနဲ့ လက်ထပ်ရတာ မင်္ဂလာရှိတဲ့ကိစ္စကြီးမလို့ ဖုဟွမ်အနေနဲ့ မုန့်အိမ်တော်ကို မျက်နှာသာနည်းနည်းပေးပေးဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ ဒီလိုဆိုတော့ ဖုဟွမ်ကလဲ ငြင်းလို့မရတော့ဘူးပေါ့"
"အရင်တုန်းက သူနဲ့စူးကျောင်းရုံက အဲလိုမတင့်တယ်တဲ့ အတိတ်တစ်ခု ရှိခဲ့တာလေ။ ဖုဟွမ်က ဘယ်လောက်ပဲ သဘောထားကြီးတယ်ပြောပြော စိတ်ထဲမှာတော့ လုံးဝမခံစားရဘဲ နေနိုင်မှာမဟုတ်ဘူး။ ဒီနှစ်တွေမှာ စူးကျောင်းရုံက ရာထူးနိမ့်ပြီး နန်းတော်ထဲမှာ လူတွေရဲ့ အထင်သေးတာ မထီမဲ့မြင်လုပ်တာကို ခံနေရတာကိုလဲ ဖုဟွမ်က မသိဘဲနေပါ့မလား"
"လီဟောက်က စာပေရော သိုင်းပညာပါ နှစ်မျိုးစလုံးထူးချွန်ပြီး ရဲစွမ်းသတ္တိရှိတယ်။ ဖုဟွမ်က သူ့ကို တကယ်တော့ အမြဲတမ်း သဘောကျနေခဲ့တာ။ တကယ်လို့ နှိုင်းယှဥ်ရမယ်ဆိုရင် သူက ကို့ထက်တောင် နည်းနည်းလေး သာသေးတယ်။ သူက မွေးမိခင်ကြောင့်သာ နန်းတော်ထဲမှာ အခြေအနေ နည်းနည်းလေး ခက်ခဲနေတာ"
သူမ၏ လက်ရှိခင်ပွန်းက ခင်ပွန်းဟောင်းအကြောင်းကို ဆွေးနွေးလာချိန်တွင် လုမင်ယွိသည် ဒီလိုကိစ္စမျိုးကို လုံးဝစိတ်မဝင်စားချေ။
သူမကတော့ စကားများများ မပြောဘဲ အင်းဟု တစ်လုံးတည်းသာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တော့သည်။
လုမင်ယွိက စကားဆက်မပြောလိုတော့သဖြင့် လီကျင့်ကလဲ စကားလမ်းကြောင်းကို လွှဲလိုက်တော့သည်။
"ဖုဟွမ်က ကွမ်းပင်းနယ်စားကို သဘောတူလိုက်ပြီ အလွန်ဆုံး တရက်နှစ်ရက်အတွင်းမှာ မူဟုပ်က အမိန့်ပြန်တမ်းကို ထုတ်ပြန်လိမ့်မယ်။ မနက်ဖြန် နန်းတော်ထဲ ဂါရဝပြုဖို့သွားရင် မင်း သတင်းကြားလောက်ပြီ"
"မင်းအနေနဲ့ စူးကျောင်းရုံကို မုန်းတယ်ဆိုတာ ကိုသိပါတယ်။ အခုအခြေအနေက မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းရမဲ့အချိန် မဟုတ်သေးဘူး။ ခဏလောက်တော့ ဟန်ဆောင်ပြီးတော့ နည်းနည်းပါးပါး ဆက်ဆံပေးလိုက်ပေါ့"
လုမင်ယွိကလဲ အသာအယာ ခေါင်းညိမ့်ပြလိုက်တော့သည်။ "စိတ်ချပါ။ ဒီလောက် အသေးအဖွဲကိစ္စလေးကို ကျွန်မ ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်"
...