အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အပိုင်း (၁၇၈) စူးဖေး (၁)
“အရှင်မင်းကြီး တကယ်ပဲ သဘောတူလိုက်ပြီလား”
ကွမ်းပင်းနယ်စား အိမ်တော်အတွင်းမှ ကွမ်းပင်းနယ်စားကတော်၏ အသံထွက်ပေါ်လာလေသည်။
ကွမ်းပင်းနယ်စား မုန့်ဟွေးက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “အရှင်မင်းကြီးက အတိအလင်းတော့ မမိန့်ခဲ့ဘူး။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ မကျေနပ်တဲ့ပုံ မရှိဘူး။ နောက်တစ်ရက် နှစ်ရက်ဆို နန်းတော်ထဲက အမိန့်တော် ထွက်လာလောက်ပြီ”
ကွမ်းပင်းနယ်စားကတော်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမသည် စူးကျောင်းရုံကို အလွန်တရာ မုန်းတီးလျက်ရှိဆဲပင်။
သို့သော်လည်း သမီးဖြစ်သူက တတိယမင်းသားနှင့် လက်ထပ်ရတော့မည်။ စူးကျောင်းရုံသည် တတိယမင်းသား၏ မွေးမိခင်အရင်း ဖြစ်သည့်တိုင် ရာထူးအဆင့်အတန်းက အလွန်နိမ့်ကျနေရာ မုန့်ယွင်လော်သည် နောင်တစ်ချိန် နန်းတော်ထဲတွင် မည်သို့ မျက်နှာပြနိုင်ပါမည်နည်း။ မုန့်မိသားစုအတွက်လည်း မျက်နှာပန်းမလှ ဖြစ်ရသည်။
ထို့ကြောင့် ကွမ်းပင်းနယ်စားကတော်က နှာခေါင်းရှုံ့လျက်ပင် ဤကိစ္စကို ကွမ်းပင်းနယ်စားအား အကြံပြုခဲ့ခြင်း ဖြစ်လေသည်။
ကွမ်းပင်းနယ်စားသည် အလွန်တရာ လျင်မြန်လှ၏။ မနေ့က သဘောတူပြီးသည်နှင့် ယနေ့တွင် နန်းတော်သို့ ဝင်ကာ အရှင်မင်းကြီးအား တွေ့ဆုံခဲ့ပြီး ဤကိစ္စကို အစ အဆုံး ဆောင်ရွက်ခဲ့လေသည်။
ကွမ်းပင်းနယ်စားကတော်သည် ကွမ်းပင်းနယ်စား၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ရင်း မနေနိုင်ဘဲ လှောင်ရယ်သံဖြင့် စကားအနည်းငယ် ပြောလိုက်၏။ “ကျွန်မက စကားများသွားတယ် ထင်ပါရဲ့။ ကျွန်မ မပြောရင်တောင်မှ နယ်စားကြီးက ဒီလိုလုပ်ဖို့ စိတ်ကူးရှိနေနှင့်ပြီးသား ဖြစ်မှာပါ”
ကွမ်းပင်းနယ်စားကလည်း မငြင်းချေ။ “ယွင်လော်က ငါတို့ရဲ့ ရတနာလေးပဲလေ။ စေ့စပ်တုန်းက လက်ဆောင်ပဏ္ဏာကိစ္စနဲ့တင် သူတစ်ခါ အနစ်နာခံခဲ့ရပြီးပြီ။ မင်္ဂလာဆောင်တဲ့အခါကျရင် ဘာအသေးအဖွဲလေးမှ ထပ်ပြီး အနစ်နာခံခိုင်းလို့ မဖြစ်တော့ဘူး။ မင်း မပြောရင်တောင်မှ စူးကျောင်းရုံရဲ့ အဆင့်အတန်းကို နည်းနည်းမြှင့်တင်ပေးဖို့ အရှင်မင်းကြီးကို လျှောက်တင်ဖို့ ငါ တကယ်ပဲ စိတ်ကူးထားပြီးသားပါ”
ကွမ်းပင်းနယ်စားကတော်က မတိုးမကျယ်လေး နှာခေါင်းရှုံ့လိုက်သည်။
ကွမ်းပင်းနယ်စားသည် အသက်အရွယ်ရနေပြီ ဖြစ်သော်လည်း ကြည့်ကောင်းနေဆဲဖြစ်သော မျက်နှာဖြင့် ရှေ့သို့တိုးလိုက်သည်။ “ရှင်မက အရင်ကိစ္စဟောင်းတွေကို ခုထိ သဝန်တိုနေတုန်းပဲလား။ လာ လာ လာ၊ ဒီယောက်ျားက ရှင်မကို ကောင်းကောင်း ပြုစုပါရစေဦး။ ဒီယောက်ျားရဲ့ စိတ်ထဲမှာ ရှင်မတစ်ယောက်ပဲ ရှိတာကို ရှင်းရှင်းလင်းလင်း သိသွားအောင်လို့ပါ”
ကွမ်းပင်းနယ်စားကတော်သည် သည်အမူအရာကို လုံးဝ လက်မခံဘဲ မျက်နှာထားတင်းတင်းဖြင့် ကွမ်းပင်းနယ်စား၏ အီလည်လည် မျက်နှာကြီးကို လက်ဖြင့် တွန်းထုတ်လိုက်ကာ “မလိုပါဘူး။ နယ်စားကြီးမှာ အားတွေ ရှိနေသေးတယ်ဆိုရင် စာကြည့်ခန်းထဲမှာပဲ သွားအပန်းဖြေပါတော့။ ကျွန်မ ယွင်လော်ဆီ သွားပြီး ဒီသတင်းကောင်းကို ပြောလိုက်ဦးမယ်”
ပြောပြီးသည်နှင့် သူမသည် တွန့်ဆုတ်မနေဘဲ လှည့်ထွက်သွားတော့သည်။
ကွမ်းပင်းနယ်စားသည် အနည်းငယ် မျက်နှာပျက်စွာဖြင့် သက်ပြင်းချလိုက်မိ၏။
ဇနီးသည်မှာ အသက်လေးဆယ်နီးပါး ရှိနေပြီဖြစ်၍ နုပျိုလတ်ဆတ်မှု မရှိတော့ဘဲ နွမ်းဖတ်နေသည့် ဂေါ်ဖီထုပ်တစ်လုံးနှင့် တူနေလေပြီ။ သို့သော် ထိုဂေါ်ဖီထုပ်ကိုပင် သူ မကိုက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူသည် ရံဖန်ရံခါ စိတ်ပါလာ၍ ကိုက်ကြည့်ချင်သော်ငြားလည်း ဇနီးသည်ကြီးက သူ့ကို လုံးဝ လှည့်မကြည့်ပေ။
ဤအချက်က မိမိကိုယ်ကို ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသည်ဟု ထင်မှတ်နေသော ကွမ်းပင်းနယ်စားအား အနည်းငယ် နှမြောတသ ဖြစ်စေတော့သည်။
ကွမ်းပင်းနယ်စားကတော်သည် မုန့်ယွင်လော်၏ အိပ်ဆောင်ခန်းဆီသို့ အမြန်လျှောက်သွားလိုက်တော့သည်။
လက်ထပ်ရမည့်ရက် နီးကပ်လာသည်နှင့်အမျှ မုန့်ယွင်လော်သည် ပျော်ရွှင်စိတ်လှုပ်ရှားနေသလို စိုးရိမ်ပူပန်စိတ်လည်း ဖြစ်နေသည်။ သူမက "မူချင်း" ဟု တိုးတိုးလေး နှုတ်ဆက်လိုက်၏။
ကွမ်းပင်းနယ်စားကတော်သည် ခင်ပွန်းဖြစ်သူအပေါ် မျက်နှာထားတင်းမာခဲ့သော်လည်း သမီးဖြစ်သူနှင့် တွေ့သောအခါ မျက်မှောင်ကြုတ်ထားသည်များ ပြေလျော့သွားပြီး အလွန်နူးညံ့စွာ ပြောလေသည်။ “ယွင်လော်၊ အမေ သမီးကို သတင်းတစ်ခု ပြောစရာရှိတယ်”
“သမီးရဲ့ ဖခင်က ဒီနေ့ အရှင်မင်းကြီးကို ဝင်တွေ့ပြီး စူးကျောင်းရုံကို အဆင့်တိုးပေးဖို့ လျှောက်တင်ခဲ့တယ်။ အရှင်မင်းကြီးကလည်း သဘောတူလိုက်ပြီ”
မုန့်ယွင်လော်၏ မျက်လုံးများမှာ အရောင်တောက်သွားသည်။ “မူချင်း တကယ်လား”
“တကယ်ပေါ့ကွယ်” ကွမ်းပင်းနယ်စားကတော်က မုန့်ယွင်လော်၏ ဆံနွယ်များကို ပြုံးကာ သပ်ပေးလိုက်သည်။ “သူက တတိယမင်းသားရဲ့ မွေးမိခင်အရင်းပဲလေ။ တတိယမင်းသားက အရမ်းကို မိဘအပေါ် သိတတ်တာ။ စူးကျောင်းရုံ အဆင့်တိုးတာက မုန့်မိသားစုက ကူညီပေးလို့မှန်း သူ သိသွားရင် မုန့်မိသားစုရဲ့စေတနာကို အသိအမှတ်ပြုလိမ့်မယ်။ သမီးအပေါ်မှာလည်း ကျေးဇူးတင်သွားမှာပဲ”
မုန့်ယွင်လော်က ရှက်သွေးဖြာကာ "အင်း" ဟု တစ်လုံးသာ ဖြေလိုက်သည်။
ရှန့်ယွမ်ပွဲတော်နေ့တုန်းက သူမနှင့် လီဟောက်တို့သည် စိတ်ဆိုးပြီး လမ်းခွဲခဲ့ကြသည်။
ထိုညက ပြန်ရောက်လာပြီးနောက် သူမသည် ဒေါသထွက်လွန်း၍ ငိုယိုခဲ့ရာ မျက်လုံးများပင် နှစ်ရက်တိုင်တိုင် မို့အစ်နေခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် လီဟောက်သည် ကွမ်းပင်းနယ်စား အိမ်တော်သို့ ရောက်လာခဲ့သည်။ နန်းတော်ထဲမှ အရသာရှိလှသော မုန့်များနှင့် သူကိုယ်တိုင်ပြုလုပ်ထားသည့် မီးပုံးတစ်လုံးကို သူနှင့်အတူ ယူဆောင်လာခဲ့၏။
“ယွင်လော်၊ အဲ့ဒီညက ကိုယ်က စကားပြောတာ အရမ်းပြင်းထန်သွားလို့ မင်းကို စိတ်ဆိုးအောင် လုပ်ခဲ့မိတယ်” လီဟောက်က တိုးညှင်းစွာ ပြောလာသည်။ “နောက်ဆို ကိုယ် ဒီလိုမျိုး မဖြစ်စေရတော့ပါဘူး။ ကိုယ့်ကို စိတ်မဆိုးတော့နဲ့နော်၊ ဟုတ်ပြီလား”
ထိုမျက်ဝန်းနက်များ၏ စူးစိုက်ကြည့်ရှုခြင်းကို ခံရသောအခါ မုန့်ယွင်လော်၏ နှလုံးသားသည် ပျားရည်ထဲတွင် စိမ်ထားသလို ချိုမြသွားပြီး အဘယ်မှာ စိတ်ဆိုးနိုင်ပါတော့မည်နည်း။
သူမသည် မျက်နှာများ ရဲနီလျက် တိုးတိုးလေး ပြန်ပြောလိုက်တော့သည်။ “ဒါက ရှင့် အမှားချည်းပဲလို့လည်း မဆိုလိုပါဘူး။ ကျွန်မမှာလည်း မှားသွားပါတယ်။ အကြောင်းအကျိုး သေချာ မမေးဘဲ ရှင့်ကို စိတ်လိုက်မာန်ပါ လုပ်မိတာပါ”
လီဟောက်က လက်ကိုဆန့်ထုတ်ကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး “ဒါဆို တို့နှစ်ယောက် ပြန်အဆင်ပြေသွားပြီနော်၊ ဟုတ်လား”
မုန့်ယွင်လော်၏ ပါးပြင်များမှာ နီရဲသွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ကွမ်းပင်းနယ်စားကတော်သည် သူတို့နှစ်ဦး ပြန်အဆင်ပြေသွားသည်ကို သိသောအခါ စိတ်ထဲတွင် ကျိတ်ပြီး ခေါင်းညိတ်လိုက်တော့သည်။
ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချော့မော့တာက ကောင်းတဲ့ လက္ခဏာပဲ။ တကယ်လို့ ချော့တောင် မချော့တော့ဘူးဆိုမှ ဒါ တကယ် ဆိုးရွားတဲ့ အခြေအနေ။
မုန့်မိသားစုက စူးကျောင်းရုံအတွက် ကူညီပေးခြင်းက လီဟောက်ကို အသိပေးလိုက်ခြင်းပင်။ မုန့်ယွင်လော်၏ နောက်ကွယ်တွင် သူမကို ချစ်မြတ်နိုးသော မိဘများနှင့် မုန့်မိသားစုက ထောက်ခံပေးနေသည်။ နောင်တစ်ချိန် လက်ထပ်ပြီးသည့်အခါ ဇနီးဖြစ်သူကို လျစ်လျူရှုလို့ မရပေ။
နန်းတော်ထဲတွင် သည်လို သတင်းမျိုးသည် အလွန်လျင်မြန်စွာ ပျံ့နှံ့တတ်လေသည်။
ထိုနေ့ညနေတွင် ယုံးကျားဧကရာဇ်သည် ယိဟွားနန်းဆောင်သို့ ကြွချီတော်မူခဲ့၏။ ထို့နောက်တွင်တော့ စူးကျောင်းရုံအား ဖေး အဖြစ် တိုးမြှင့်ပေးတော့မည်ဟူသော သတင်းသည် ပျံ့နှံ့သွားလေတော့သည်။
မုန့်ကွေ့ဖေးမှာ သည်သတင်းကို ကြားသိရသောအခါ နှုတ်ခမ်းမဲ့ကာ အေးစက်စွာ ပြုံးလိုက်တော့သည်။
လီဟောက်နဲ့ သူ့အမေက ဒီလက်ထပ်ပွဲကို ရဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ကြတာ၊ အခုတော့ အကျိုးခံစားရပြီပေါ့။
တော်ပြီ။ မုန့်မိသားစုရဲ့ မျက်နှာကို ထောက်ထားပြီးတော့ သူမ ဝင်မရှုပ်တော့တာပဲ ကောင်းပါတယ်။ မဟုတ်ရင် အစ်ကိုကြီးနဲ့ အစ်မကြီးတို့ စိတ်မသက်မသာ ဖြစ်နေဦးမယ်။
ချင်ဖေးသည် ဤသတင်းကို ကြားသောအခါ သူမလည်း နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။ အနောက်နန်းဆောင်တွင် ဖေး အဆင့်ရှိသော မိဖုရားငယ်များမှာ မုန့်ကွေ့ဖေးနှင့် သူမသာ ရှိသည်။ စူးကျောင်းရုံကို ဖေး အဖြစ် ချီးမြှင့်လိုက်သည်နှင့် သူမနှင့် တန်းတူဖြစ်သွားတော့မည်။ ဤအရာက သူမ၏ စိတ်ကို မည်သို့ သက်သာစေနိုင်မည်နည်း။
မနက်ဖြန် သူမ ရှို့နင်နန်းဆောင်ကို သွားပြီး မယ်တော်ကြီးကျောက် နားထဲကို လေနည်းနည်း သွားသွင်းလိုက်ဦးမယ်။
သူမလည်း ချင်ဖေး ဖြစ်နေတာ နှစ်တွေအများကြီး ကြာနေပြီ။ ဘွဲ့အသစ်တစ်ခုလောက် ထပ်ရသင့်ပြီ မဟုတ်ဘူးလား။
ကွေ့ဖေး ကိုတော့ မမျှော်လင့်ရဲပါဘူး။ ဒါပေမဲ့ တယ်ဖေး၊ ရှန်ဖေး၊ ရှူးဖေး ဆိုရင်လည်း မဆိုးပါဘူး။
ဤကိစ္စသည် ချောင်မိဖုရားခေါင်၏ အသိမြင်မှ လွတ်ကင်းလိမ့်မည် မဟုတ်ပေ။
ချောင်မိဖုရားခေါင်သည် ထိုညတွင် ကောင်းစွာ အိပ်မပျော်ခဲ့ပေ။ နောက်တစ်နေ့ နံနက်စောစော ထသောအခါ မျက်လုံးအောက်တွင် အနည်းငယ် ညိုလို့နေတော့သည်။ အလှပြင်ပေးသော နန်းတွင်းအပျိုတော်က ကျွမ်းကျင်သော လက်များဖြင့် သူမကို မိတ်ကပ်လိမ်းခြယ်ပေးထားရသည်။
အလှပြင်ပြီးနောက် မှန်ထဲတွင် မိမိကိုယ်ကို ပြန်ကြည့်လိုက်သောအခါ ယဉ်ကျေးသိမ်မွေ့ပြီး တည်ကြည်ခန့်ညား လှပသော ချောင်မိဖုရားခေါင်ကို ပြန်လည်တွေ့မြင်ရလေသည်။
ထို့နောက်မှ ချောင်မိဖုရားခေါင်သည် ပင်မခန်းမဆောင်သို့ ထွက်ခွာလာခဲ့၏။
မုန့်ကွေ့ဖေးသည် နံနက်စောစောကတည်းက ဂါရဝပြုရန် ရောက်ရှိနေပြီး ပြုံးရွှင်စွာ ပြောလေသည်။ “ဟွမ်ဟုပ်ညန်ညန်၊ ချန်ချဲ့ ကြားတာ နန်းတော်ထဲမှာ မင်္ဂလာသတင်းတစ်ခု ရှိတယ်ဆို”
ချောင်မိဖုရားခေါင်က မျက်နှာအမူအရာ မပြောင်းဘဲ ခပ်ပေါ့ပေါ့ ပြောလာ၏။ “ဩော်။ ဘယ်က မင်္ဂလာသတင်းလဲ။ ပန်ကုံးတော့ မသိပါလား”
ဟန်ဆောင်နေလိုက်တာ။
မနေ့က ကွမ်းပင်းနယ်စား နန်းတော်ထဲ ဝင်ပြီး အရှင်မင်းကြီးကို ဝင်တွေ့တဲ့သတင်းကို သူမတောင် သိနေပြီ။ ချောင်မိဖုရားခေါင်က နန်းတွင်းရေးရာတွေကို ချုပ်ကိုင်ထားပြီး မျက်စိ နားတွေက အများကြီးပဲ။ သူက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ဒီလို ဟန်ဆောင်နေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။
ဒါကြောင့်လည်း ယုံးကျားဧကရာဇ်က ဇနီးဖြစ်သူကို ရိုသေလေးစားပေမယ့် ချောင်မိဖုရားခေါင်ကို မနှစ်သက်တာပေါ့။ ဒါကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ ဘယ်ယောက်ျားက မျက်နှာကြီး အမြဲတမ်း တင်းမာနေတဲ့ မိန်းမကို နှစ်သက်မှာလဲ။
မုန့်ကွေ့ဖေးသည် စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်သော်လည်း အပေါ်ယံတွင်တော့ ချိုသာသော အသံဖြင့် ပြုံးလျက် ပြောလေသည်။ “ချန်ချဲ့ကလည်း ကောလာဟလ သဘောမျိုးပဲ ကြားမိတာပါ။ အမှန်အမှားတော့ မသိပါဘူး။ ဟွမ်ဟုပ်ညန်ညန်တောင် မသိဘူးဆိုတော့ ချန်ချဲ့က စကားများသွားပြီ ထင်ပါတယ်”
ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့သည် ဆယ်စုနှစ်တစ်ခုကျော်တိုင်တိုင် အားပြိုင်ခဲ့ကြသူများ ဖြစ်ရာ မုန့်ကွေ့ဖေး၏ အမူအကျင့်ကို သူမ ကောင်းစွာ သိရှိပြီးသားပင်။ မုန့်ကွေ့ဖေးက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လာလုပ်မှန်း သိသာနေသဖြင့် သူမကလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။
“မင်္ဂလာသတင်း ရှိ၊ မရှိ ဆိုတာ ဘယ်သူမှ ဆုံးဖြတ်လို့ ရတာ မဟုတ်ဘူး” ချောင်မိဖုရားခေါင်က ခပ်ပေါ့ပေါ့ ပြောလာသည်။ “အရှင်မင်းကြီး နှုတ်ဖွင့် မိန့်ကြားလာတဲ့အခါ ပန်ကုံးက အမိန့်တော် ထုတ်ပြန်ပေးလိုက်ပါ့မယ်။ မင်းက အရမ်း စိတ်စောနေတယ်ဆိုရင်တော့ ဂုဏ်ပြုလက်ဆောင်ကို အခုကတည်းက ကြိုပြင်ထားလည်း ရတာပဲ”
မုန့်ကွေ့ဖေး၏ အပြုံးသည် တစ်ချက် တုန့်ခနဲ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ “ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်”
ချောင်မိဖုရားခေါင်၏ ဘဝတွင် အမုန်းဆုံးအရာမှာ မိမိသည် တရားဝင် ဇနီးမယား ဖြစ်ပါလျက် ခင်ပွန်းဖြစ်သူ၏ နှစ်သက်မြတ်နိုးမှုကို မရရှိခြင်းပင်။
မုန့်ကွေ့ဖေး၏ ဘဝတွင် အမုန်းဆုံးအရာမှာ မိမိသည် ယုံးကျားဧကရာဇ်၏ ချစ်ခင်မြတ်နိုးမှုကို မည်မျှပင် ရရှိထားသော်ငြား မယားငယ်အဆင့်တွင်သာ ရှိနေခြင်းပင်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထိုးနှက်ပြီးနောက် တစ်ချီ ပြီးဆုံးသွားလေသည်။
ခဏအကြာတွင် ချင်ဖေးလည်း ရောက်လာလေသည်။
မိန်းမသုံးယောက် စုမိလျှင် ပွဲတစ်ပွဲ ဖြစ်တတ်စမြဲ။ အနောက်နန်းဆောင်တွင် လူတိုင်းသည် အချင်းချင်း ကောက်ကျစ်နေကြသော်လည်း အပေါ်ယံတွင်တော့ အေးချမ်းနေဟန် ဆောင်နိုင်ကြသည်။
ယုံးကျားဧကရာဇ်နှင့် စူးကျောင်းရုံတို့သည် ကျောင်းဖန်နန်းဆောင်သို့ အတူတကွ ဝင်ရောက်လာသည်ကို မြင်သောအခါ ချောင်မိဖုရားခေါင်၊ မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့ သုံးဦးလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြတော့သည်။
..
အပိုင်း (၁၇၉) စူးဖေး (၂)
စူးကျောင်းရုံသည် မျိုးရိုးမထင်ရှားသူ ဖြစ်ပြီး မင်းသားနှစ်ပါး ဖွားမြင်ခဲ့သော်လည်း သူမကို ဘယ်သူကမှ အရေးမလုပ်ကြပေ။
သို့သော် စူးကျောင်းရုံသည် အလွန်အမင်း နူးညံ့သိမ်မွေ့ပြီး ချောမောလှပသူ ဖြစ်၏။ မုန့်ကွေ့ဖေးပင်လျှင် သူမကို မယှဉ်နိုင်ပေ။ အနောက်နန်းဆောင်၏ နံပါတ်တစ် အလှဆုံးသူဟု ဆိုလျှင်ပင်လွန်မည် မဟုတ်ပေ။ ချောင်မိဖုရားခေါင်ဖြစ်စေ၊ မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့ဖြစ်စေ၊ ပါးစပ်က ထုတ်မပြောသည့်တိုင် စိတ်ထဲတွင် မနာလိုစိတ် အနည်းငယ် မရှိဟု မဆိုနိုင်ပေ။
သို့သော်ငြား ထိုအချက်ကို ဘယ်သူကမှ ဝန်ခံကြမည် မဟုတ်သည်မှာ သေချာလှသည်။
ယခင်က ခေါင်းငုံ့ထားပြီး မျက်နှာချိုသွေးကာ အနိုင်ကျင့်ခံရလျှင်ပင် အသံမထွက်ဝံ့သော စူးကျောင်းရုံသည် ယနေ့တွင် မျက်ခုံးမျက်လုံးများ ပွင့်လန်းကာ အပြုံးများ ဝေဆာနေပြီး အသားအရေမှာလည်း ပုံမှန်ထက် ပိုမို နီမြန်းနေ၏။ မျက်ဝန်းထောင့် မျက်ခုံးစွန်းများမှပင် ကျေနပ်ဝမ်းမြောက်မှုများ ထွက်ပေါ်နေသည်။
တကယ်ကို မျက်စိစပါးမွှေး စူးပြီးရင်း စူးနေတော့တာပဲ။
ယုံးကျားဧကရာဇ်သည် ယမန်နေ့ညက ယိဟွားနန်းဆောင်တွင် ညအိပ်စက်ခဲ့ပြီး ယခုအချိန်တွင် စူးကျောင်းရုံကို ဦးဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ အတူတကွ ရောက်ရှိလာခဲ့သည်။ ချောင်မိဖုရားခေါင်နှင့် အခြားသူများ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း အပြင်သို့ ထုတ်ဖော်ပြသခြင်း မရှိဘဲ ထရပ်ကာ ဂါရဝပြုလိုက်ကြလေသည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ယုံးကျားဧကရာဇ်က ပြုံးကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ညာတစ်ဖက်၊ ဘယ်တစ်ဖက်ဖြင့် ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့ကို တွဲထူလိုက်သည်။ “မလိုပါဘူး။ အားလုံး ထကြပါ”
ချင်ဖေး: “...”
ချင်ဖေးသည် စိတ်ထဲမှ တိတ်တဆိတ် မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။ တစ်ယောက်က နန်းလယ် မိဖုရားခေါင်၊ တစ်ယောက်က အရှင်မင်းကြီးရဲ့ အသည်းအသက်။ သူမက ဘယ်တစ်ယောက်ကိုမှ မယှဉ်နိုင်ဘူး။ မယှဉ်တော့တာပဲ ကောင်းတယ်။
ချင်ဖေးသည် စိတ်ဓာတ်ကို အမြန်ပြန်စုစည်းလိုက်ပြီး ပြုံးလျက် ထရပ်ကာ စတင် စကားပြောလိုက်လေသည်။ “အရှင်မင်းကြီး ဒီနေ့ မျက်နှာတော် အရမ်းကြည်လင်နေတာ... မင်္ဂလာရှိတဲ့ ကိစ္စများ ရှိလို့လား”
ယုံးကျားဧကရာဇ်သည် ယခင်က ချင်ဖေးကို လပေါင်းများစွာ လျစ်လျူရှုထားခဲ့၏။ နှစ်သစ်ကူးပြီးနောက်မှ အနည်းငယ် ပြန်လည် ပျော့ပျောင်းလာသည်။
မည်သို့ပင်ဖြစ်စေ သူမသည် အဒေါ်ဖြစ်သူ၏ တူမတော်စပ်သူ ဖြစ်နေသည်။ မယ်တော်ကြီးကျောက်၏ မျက်နှာကို ထောက်ထားပြီး အနည်းငယ် လိုက်လျောသင့်သည်။ ဤကာလအတောအတွင်းတွင်လည်း ချင်ဖေး၏ အိပ်ဆောင်နန်းတော်သို့ ရံဖန်ရံခါ ညအိပ်စက်ရန် ကြွချီခဲ့သည်။
ချင်ဖေးက ပြုံးရွှင်သော မျက်နှာဖြင့် မျက်နှာချိုသွေးလာရာ ယုံးကျားဧကရာဇ်ကလည်း ပြုံးပြီး စကားဆက်လိုက်၏။ “တကယ်ပဲ မင်္ဂလာသတင်းတစ်ခု ရှိတယ်။ ကျန်း က မိဖုရားခေါင်ကို ပြောမလို့ပဲ”
မုန့်ကွေ့ဖေးက ညုတုတုလေး ပြောလိုက်၏။ “ဘာသတင်းကောင်းရှိလို့လဲ။ အရှင်မင်းကြီး လျှို့ဝှက်မထားပါနဲ့တော့”
ထိုသို့သော မျက်နှာလုပ် ညုတုတုလေသံကို ကြားရသည်တွင် ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် တော်တော်လေး ရွံရှာမိတော့သည်။
ချောင်မိဖုရားခေါင်၏ တည်ကြည်ခန့်ညားသော အမူအရာဖြင့် သည်ဘဝတွင် သည်လို စကားပြောနိုင်မည် မဟုတ်ပေ။ သူမသည် မုန့်ကွေ့ဖေး၏ အမူအကျင့်ကို အထင်မကြီးသလို အလျင်မလိုဘဲ ပြောလိုက်လေသည်။ “အရှင်မင်းကြီး အတိအလင်း မိန့်ကြားတော်မူပါ”
ယုံးကျားဧကရာဇ်သည် မယားနှင့် မိဖုရားငယ်များကြားမှ လျှို့ဝှက်သော လှိုင်းလုံးများကို မသိရှိသလို၊ သိရှိသော်လည်း မသိချင်ယောင်ဆောင်ကာ လူတိုင်းကို ပြုံးပြီး မိန့်ကြားလိုက်လေသည်။ “နောက်ထပ် လဝက်လောက်ဆို တတိယမင်းသားရဲ့ မင်္ဂလာပွဲကြီး ကျင်းပတော့မယ်။ ကျန်း က စူးကျောင်းရုံကို အဆင့်အတန်း နည်းနည်း တိုးမြှင့်ပေးဖို့ စိတ်ကူးထားတယ်။ ဒီကိစ္စကို မိဖုရားခေါင်ကပဲ အမိန့်တော် ထုတ်ပြန်ပြီး တာဝန်ယူ ဆောင်ရွက်လိုက်ပါ”
လူတိုင်းက ဘာဖြစ်မည်ကို ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ကိုယ်တိုင် နားဖြင့် ကြားလိုက်ရသည့် ခံစားချက်မှာတော့ မတူညီပေ။
နန်းတော်ထဲတွင် အဆင့်အတန်း အမြင့်ဆုံးမှာ နန်းလယ် မိဖုရားခေါင်ကြီး ဖြစ်သည်။ ထို့နောက်တွင် ကွေ့ဖေး ဖြစ်ပြီး တယ်ဖေး၊ ရှူ’ဖေး၊ ရှန်ဖေး နေရာများမှာ လစ်လပ်လျက် ရှိလေသည်။ ထို့နောက်တွင်မှ ချင်ဖေး ဖြစ်သည်။
စူးကျောင်းရုံ၏ အဆင့်အတန်းကို ဖေး အဆင့်သို့ တိုးမြှင့်လိုက်သည်နှင့် စားသောက် နေထိုင်မှု အသုံးအဆောင်များ မြင့်တက်သွားရုံသာမက ပိုအရေးကြီးသည်မှာ ဂုဏ်ပုဒ်အရ ပြောင်းလဲသွားခြင်းပင်။ နောင်တွင် စူးဖေးသည် ချင်ဖေးနှင့် တန်းတူ ဖြစ်သွားပေတော့မည်။
အနောက်နန်းဆောင်၏ အခြေအနေမှာလည်း သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ရှိလာခဲ့သည်။
သို့သော်လည်း ယုံးကျားဧကရာဇ်၏ နှုတ်တော်မှ ထွက်လာပြီးသည်နှင့် ဤကိစ္စက အတည်ဖြစ်သွားခဲ့သည်။ ဘယ်သူကမှ အငြင်းစကား ဟူ၍ တစ်လုံး မပြောဝံ့ကြပေ။
ချောင်မိဖုရားခေါင်က နူးညံ့သော အပြုံးဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီးက အမြော်အမြင်ကြီးမားလှပါတယ်။ တတိယမင်းသားလည်း ကြီးပြင်း အရွယ်ရောက်လာပြီ။ ပဉ္စမမင်းသားကလည်း မငယ်တော့ဘူး။ နောက်နှစ်အနည်းငယ်ဆို လက်ထပ်နိုင်ပြီ။ မင်းသားနှစ်ပါးကို ထောက်ထားပြီးတော့ စူးရှီရဲ့ အဆင့်အတန်းကို တိုးမြှင့်ပေးသင့်ပါတယ်။ ချန်ချဲ့ ဒီနေ့ပဲ အမိန့်တော် ထုတ်ပြန်ပြီး အတွင်းဝန်ရုံးကို ဝတ်စုံတော်တွေ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ သန်ဘက်ခါ နန်းတော်ထဲမှာ စားသောက်ပွဲ ကျင်းပပြီး စည်စည်ကားကား လုပ်လိုက်တာပေါ့”
ယုံးကျားဧကရာဇ်က မသိမသာ ခေါင်းညိတ်လိုက်၏။ “မိဖုရားခေါင်ပဲ ကြည့်လုပ်လိုက်ပါ”
နှစ်ပေါင်းများစွာ လင်မယား ဖြစ်လာခဲ့ကြသည့်အလျောက် ချောင်မိဖုရားခေါင်သည် သဘောထားကြီးပြီး အမြော်အမြင်ရှိကာ အသေးအဖွဲ့ကိစ္စရပ်များအားလုံးကို သေသေချာချာ စီမံခန့်ခွဲနိုင်ခဲ့သည်။ ယုံးကျားဧကရာဇ်သည်လည်း ချောင်မိဖုရားခေါင်ကို အင်မတန် ယုံကြည်လှသည်။
စူးကျောင်းရုံသည် စိတ်ထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်လျက် ရှေ့တိုးကာ ရိုသေစွာ ဂါရဝပြုပြီး ကျေးဇူးတင်စကား ပြောလိုက်လေသည်။ “ကျွန်မ ဟွမ်ဟုပ်ညန်ညန်ကို ကျေးဇူးတင်ပါတယ်”
ချောင်မိဖုရားခေါင်က မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်၏။ “ပန်ကုံးက မိဖုရားခေါင်တစ်ယောက်အနေနဲ့ အနောက်နန်းဆောင်က ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲရမှာ ပန်ကုံးရဲ့ တာဝန်ဝတ္တရားတွေပဲ။ ကျေးဇူးတင်စရာ မလိုပါဘူး”
စူးကျောင်းရုံသည် နှိမ့်ချစွာ နေထိုင်လေ့ရှိသူ ဖြစ်ရာ ဤသို့ ပြတ်ပြတ်သားသား ငြင်းဆန်ခံရသော်လည်း မကျေမနပ် မဖြစ်ဝံ့ဘဲ မျက်နှာချိုသွေးကာ ပြောလိုက်လေသည်။ “ဟွမ်ဟုပ်ညန်ညန် ပင်ပန်းသွားပါပြီ။ ချန်ချဲ့ စိတ်ထဲမှာ မကောင်းလို့ပါ။ ဟွမ်ဟုပ်ညန်ညန်... ချန်ချဲ့ကို နောက်တစ်ခါ ဂါရဝပြုခွင့် ပေးပါ”
ပြောရင်းဖြင့် သူမသည် နောက်တစ်ကြိမ် ထပ်မံ ဂါရဝပြုလိုက်လေသည်။
စူးကျောင်းရုံ၏ ဤကဲ့သို့ အရိုးမရှိသည့် အမူအကျင့်ကို လူတိုင်းက အလေ့အကျင့် ဖြစ်နေကြလေပြီ။
ယုံးကျားဧကရာဇ်လည်း ထိုအရာကို ဂရုမစိုက်ဘဲ စကားစမြည် ပြောဆိုပြီးနောက် နံနက်ခင်းညီလာခံသို့ ကြွချီသွားတော့သည်။
...
ယုံးကျားဧကရာဇ် ထွက်ခွာသွားသည်နှင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော မုန့်ကွေ့ဖေးက ပြုံးလျက် စတင် စကားပြောလိုက်လေသည်။ “ဒီနေ့ကစပြီးတော့ ချဲ့တို့က စူးဖေး လို့ ခေါ်ရတော့မယ်”
ချင်ဖေးက လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ကွယ်ကာ ရယ်မောလိုက်သည်။ “နောက်ဆိုရင် ဒီ ယိဟွားနန်းဆောင်က နန်းတွင်းသူတွေက စူးဖေး ညန်ညန် လို့ ပေါ်ပေါ်ထင်ထင် ခေါ်လို့ရပြီပေါ့။ အရင်လို စူးညန်ညန် လို့ အမြဲတမ်း ခေါ်စရာ မလိုတော့ဘူး”
ဒီစကားက အရမ်းကို ယုတ်မာလွန်းတယ်!
အရင်တုန်းက စူးကျောင်းရုံက ကိုယ့်ဘာသာကိုယ် လှည့်စားနေသည့် အပြုအမူကို ပေါ်တင် လှောင်ပြောင်လိုက်ခြင်းပင်။
စူးကျောင်းရုံ၏ အပြုံးသည် တစ်ချက် တောင့်တင်းသွားသော်လည်း စိတ်ထဲမှ ဒေါသကို မျက်နှာပေါ်တွင် မပြသဘဲ ပြုံးလျက်သာ တုံ့ပြန်လိုက်လေသည်။ “ဟုတ်ပါတယ်။ ချဲ့ ဒီနေ့ကို အမြဲတမ်း မျှော်လင့်နေခဲ့တာပါ။ ချဲ့က အသုံးမကျတဲ့သူပါ။ အဆင့်အတန်း မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သိပ်အရေးမကြီးပါဘူး။ အရှင်မင်းကြီးက တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့ရဲ့ မျက်နှာကို ကြည့်ပြီး ချဲ့ကို ဖေး အဆင့် တိုးမြှင့်ပေးခဲ့တာပါ”
“ပဉ္စမမင်းသား ကြင်ရာတော် ရောက်လာတဲ့အခါကျရင် ချဲ့ ချက်ချင်း မျက်စိမှိတ် သေသွားရရင်တောင် စိတ်ကျေနပ်ပါပြီ”
စူးကျောင်းရုံသည် မည်မျှပင် အသုံးမကျစေကာမူ ဗိုက်ကတော့ အလွန်အသုံးကျပြီး မင်းသားနှစ်ပါး ဖွားမြင်ခဲ့သည်။ အထူးသဖြင့် တတိယမင်းသား လီဟောက်သည် ရုပ်ရည်ချောမောကာ စာပေရော စစ်ရေးပါ ထူးချွန်ထက်မြက်လှသည်။
ယောက်ျားကို အားကိုးလို့မရသော်ငြား သားကတော့ ထိပ်တန်းအဆင့် မိဘကို သိတတ်သူ ဖြစ်လေသည်။
စကားပြောနေစဉ်မှာပင် နန်းတွင်းအပျိုတော်တစ်ဦး ဝင်လာပြီး လျှောက်တင်လိုက်၏။ “အာ့ဟွမ်စစ်ဖေးက ဟွမ်ဟုပ်ညန်ညန်ကို ဂါရဝပြုဖို့ ရောက်ရှိလာပါတယ်”
မုန့်ကွေ့ဖေးက အရယ်တစ်ဝက် အပြုံးတစ်ဝက်ဖြင့် ပြောလိုက်လေသည်။ “အာ့ဟွမ်စစ်ဖေးက နေ့တိုင်း နန်းတော်ထဲ လာဂါရဝပြုတာပဲ။ တကယ်ကို ထိပ်တန်းအဆင့် မိဘကို သိတတ်တာပဲ”
ချောင်မိဖုရားခေါင်က ခပ်ပေါ့ပေါ့ ပြုံးလိုက်ကာ “ပန်ကုံး သဘောကျတာက လုရှီရဲ့ မိဘအပေါ် သိတတ်တဲ့ စိတ်ထားပဲ။ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်က လျန်ရှီလည်း နေ့တိုင်း နန်းတော်ထဲ လာဂါရဝပြုတာပဲ။ နှစ်လတောင် မပြည့်ဘူး။ ဆယ်ရက်မှ တစ်ခါ လာဂါရဝပြုရတဲ့ အနေအထား ပြောင်းသွားတယ်။ ချွေးမက မိဘကို သိတတ်တာကို ယောက္ခမက လက်ခံရုံပဲ ရှိတာပေါ့။ မင်းက ကောင်းချီးကို မခံစားချင်ဘဲ အခုမှ ပန်ကုံးကို လာအားကျနေတာလား”
ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် ချင်ဖေးကတော့ သဘာဝကျကျ ဘေးထွက်နေလိုက်သည်။
စူးကျောင်းရုံသည် ယနေ့တွင် စိတ်အခြေအနေ ကောင်းနေသဖြင့် တစ်ခဏတာ မေ့လျော့သွားပြီး ဝင်ပြောလိုက်လေသည်။ “ပထမမင်းသား ကြင်ရာတော်က မနှစ်က ကိုယ်ဝန်ပျက်ကျပြီး နေမကောင်းဖြစ်သွားတာ။ အားအင်တွေ ချိနဲ့သွားလို့ ဖြည်းဖြည်းချင်း ပြန်ကျန်းမာအောင် လုပ်ရဦးမှာပါ”
စကားတစ်ခွန်းတည်းဖြင့် မုန့်ကွေ့ဖေး၏ စိတ်ကို အလွန်တရာ မကျေမနပ် ဖြစ်သွားစေသည်။
သူမသည် သုံးနှစ်ကျော်တိုင်တိုင် မျှော်လင့်တကြီး စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် လျန်ရှီ ကိုယ်ဝန်ရှိလာခဲ့သည်။ ရက်အနည်းငယ် ပျော်ရွှင်ပြီးနောက် လျန်ရှီ ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။ ထိုသတင်းကို ကြားပြီးနောက် သူမသည် ဒေါသထွက်ရလွန်းသဖြင့် တစ်နေ့လုံး ထမင်းမစားနိုင်ခဲ့ပေ။
လျန်ရှီ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး ဆေးညွှန်းပေးခဲ့သော တော်ဝင်သမားတော်က လျန်ရှီသည် အားအင် အလွန်အမင်း ချိနဲ့သွားပြီး အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက် အနားယူရမည်ဟု သွယ်ဝိုက်ကာ အရိပ်အမြွက် ပြောကြားခဲ့သည်။ ကံကောင်းထောက်မစွာ အပျိုးတော်ယန်မှာ ကိုယ်ဝန်ရှိနေပြီး သားယောက်ျားလေး ဖြစ်ကြောင်းလည်း စမ်းသပ်သိရှိခဲ့ရသည်။
တရားဝင် ကြင်ရာတော်မှ ဖြစ်စေ၊ ကိုယ်လုပ်တော်မှ ဖြစ်စေ၊ ဘယ်လိုပဲဖြစ်ဖြစ် ပထမမင်းသားအိမ်တော်က ပထမဆုံး တော်ဝင်မြေးတော်ကို အရင်ဆုံး ဖွားမြင်ရမည်။
မုန့်ကွေ့ဖေးသည် စူးကျောင်းရုံကို လှောင်ပြောင်စကား အနည်းငယ် မပြောရသေးမီမှာပင် လုမင်ယွိသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာခဲ့၏။
လုမင်ယွိက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်သည်။ “အာရှီ လုရှီ၊ မူဟုပ်ကို ဂါရဝပြုပါတယ်”
ချောင်မိဖုရားခေါင်က ပြုံးလျက် ပြောလိုက်၏။ “မလိုပါဘူး။ မြန်မြန်ထပါ”
လုမင်ယွိသည် မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့ကို ထပ်မံ ဂါရဝပြုလိုက်ပြီး နောက်ဆုံးတွင် စူးကျောင်းရုံ၏ အလှည့်သို့ ရောက်လာသည်။ သူမ ပါးစပ် မဖွင့်ရသေးမီမှာပင် ချင်ဖေးက ပြုံးလျက် ပြောလိုက်လေသည်။ “ဒီနေ့ကစပြီး စူးဖေး ညန်ညန် လို့ ခေါ်လို့ရပြီ”
စူးကျောင်းရုံသည် မသိစိတ်ဖြင့် သူမ၏ ခါးကို မတ်မတ်လိုက်မိသည်။
သူမ လုမင်ယွိကို ကြောက်စရာ မလိုဘူး။
အာ့ဟွမ်စစ်ဖေး ဖြစ်တော့ ဘာဖြစ်လဲ။
သူမရဲ့သားက အိမ်ရှေံစံဖြစ်ပြီး နန်းတက်သွားတာနဲ့ ဒီ သာ့ဝေတိုင်းပြည်ကြီးက သူတို့ သားအမိရဲ့ လက်ထဲမှာပဲ။ အခု သူမကို အထင်သေးနေတဲ့ လူတွေ၊ လုမင်ယွိ အပါအဝင် အားလုံး သေ ရမှာပဲ။
...
အပိုင်း (၁၈၀) စူးဖေး (၃)
လုမင်ယွိသည် စူးကျောင်းရုံကို အလွန်အမင်း နားလည်သူ ဖြစ်avသည်။
အကဲခတ်ကြည့်ရှုစရာ မလို တွေးတောမှန်းဆစရာ မလိုဘဲ စူးကျောင်းရုံ ဘာအကြံအစည်ဆိုးများ ကြံစည်နေသည်ကို ခန့်မှန်းနိုင်လေသည်။
လုမင်ယွိ၏ အကြည့်သည် စူးကျောင်းရုံ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး မမြင့်မနိမ့်သော အသံဖြင့် ပြောလိုက်လေသည်။ “စူးကျောင်းရုံကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ အမိန့်တော်က အတိအလင်း မထွက်သေးဘဲ အခုကတည်းက အခေါ်အဝေါ် ပြောင်းလိုက်တာက တကယ်ပဲ မသင့်တော်ဘူး။ စူးကျောင်းရုံလည်း ဒါကို ကိစ္စမထားလောက်ဘူးလို့ ထင်ပါတယ်”
စူးကျောင်းရုံ စုစည်းထားသော သတ္တိအားလုံးသည် လုမင်ယွိ၏ အေးစက်သော ဥပေက္ခာအကြည့်နှင့် ထိတွေ့မိသည့်အခိုက်အတန့်မှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သားရဲတိရစ္ဆာန်၏ စူးစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် ကြောက်ရွံ့ထိတ်လန့်မှုက သူမ၏ ရင်ဘတ်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ အသက်ရှူသံများပင် တစ်ချက် ရပ်တန့်သွား၏။
စူးကျောင်းရုံ၏ ဖြူဖျော့သွားသော မျက်နှာသည် လူတိုင်း၏ စူးရှသော မျက်လုံးများမှ လွတ်ကင်းမသွားခဲ့ပေ။
ချောင်မိဖုရားခေါင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
ပြောရရင်လဲ ထူးဆန်းတယ်။
လုမင်ယွိနဲ့ စူးကျောင်းရုံက ပထမဆုံး တွေ့ဆုံတဲ့ အချိန်ကတည်းက တစ်ခုခု မှားယွင်းနေသလိုပဲ။ အရင်ဘဝက ရန်ငြိုးရှိသူတွေ ပြန်ဆုံကြသလိုပဲ။
လုမင်ယွိ တော်ဝင်မိသားစုထဲသို့ ဝင်ရောက်လာပြီးနောက် လက်ဖက်ရည်ဆက်သသည့်နေ့တွင်သာ စူးကျောင်းရုံနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ဖူးသည်။ တိတိကျကျ ပြောရလျှင် စကားပင် သိပ်မပြောဖြစ်ခဲ့ကြပေ။ ယနေ့ ကျောင်းဖန်နန်းဆောင်ထဲတွင် လူအနည်းငယ်သာ ရှိနေချိန်၌ စူးကျောင်းရုံက လုမင်ယွိအပေါ် ပြသသော ထူးခြားသည့် အမူအရာကို လူတိုင်း သတိပြုမိလိုက်ကြသည်။
ချောင်မိဖုရားခေါင်က မတိုးမကျယ် ချောင်းတစ်ချက် ဟန့်လိုက်၏။
လုမင်ယွိကလည်း အပြုံးနုလေး ပြုံးလိုက်ပြီး စူးကျောင်းရုံကို ဂါရဝပြုလိုက်ကာ ချောင်မိဖုရားခေါင် လက်ဟန်ပြလိုက်သည့်နေရာတွင် ဝင်ထိုင်လိုက်လေသည်။
ချောင်မိဖုရားခေါင်က စူးကျောင်းရုံကို ဖေး အဆင့် တိုးမြှင့်ပေးမည့် ကိစ္စကို နောက်တစ်ကြိမ် ထပ်မံ ပြောကြားလိုက်၏။ “...ပန်ကုံး ခဏနေရင် အမိန့်တော် ထုတ်ပြန်လိုက်မယ်။ နှစ်ရက်နေရင် နန်းတော်ထဲမှာ စားသောက်ပွဲ ရှိတယ်။ မင်းလည်း လက်ဆောင် ထူထူထဲထဲ တစ်ခု ပြင်ဆင်ထားဖို့ မမေ့နဲ့ဦး။ စူးဖေးကို ဂုဏ်ပြုရမှာပေါ့”
လုမင်ယွိက ပြုံးလျက် "ဟုတ်ကဲ့ပါ" ဟု ဖြေလိုက်သည်။
ရိုသေလေးစားပြီး နူးညံ့သိမ်မွေ့သော “ကျွန်မက နားထောင်တတ်တဲ့ ချွေးမတော်တစ်ယောက်ပါ” ဆိုသည့် ပုံစံမျိုးပင်။
စူးကျောင်းရုံသည် စိတ်ထဲမှ အားရပါးရ မျက်စောင်းထိုးလေတော့၏။
မည်သို့ဆိုစေ လုမင်ယွိ ရှိနေလျှင် စူးကျောင်းရုံမှာ ဆက်နေချင်စိတ် မရှိတော့ချေ။ ခဏလောက် ထိုင်ပြီးနောက် သူမသည် ထရပ်ကာ နှုတ်ဆက်ပြီး ပြန်သွားလေသည်။
ချင်ဖေးသည်လည်း အခြားအကြံအစည်များ ရှိနေသဖြင့် မကြာမီပင် ထရပ်ကာ ထွက်ခွာသွားခဲ့သည်။
မုန့်ကွေ့ဖေးက တစ်စုံတစ်ခုကို ရည်ညွှန်းသလို ပြုံးလျက် ပြောလိုက်လေသည်။ “ချင်ဖေးကတော့ ရှို့နင်နန်းဆောင်ကို သွားပြီး မယ်တော်ကြီးကို နေ့လယ်စာ သွားခစားမှာ သေချာတယ်။ ဆယ်နှစ်ကျော်လုံး တစ်ရက်မှ မပျက်ကွက်ဘဲ ရိုသေလေးစားပြီး မိဘကို သိတတ်တာ။ မယ်တော်ကြီးက သူ့ကို ချစ်တာလည်း မဆန်းပါဘူးလေ”
ချောင်မိဖုရားခေါင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ပန်ကုံးက နေ့တိုင်း နန်းတွင်းရေးရာတွေနဲ့ အလုပ်များနေတာ။ ချင်ရှီက ပန်ကုံးကိုယ်စား မယ်တော်ကြီးကို မိဘဝတ္တရား သွားကျေပွန်ပေးတော့ ပန်ကုံးလည်း စိတ်ထဲမှာ အားအင်ဖြစ်ရတာပေါ့”
မုန့်ကွေ့ဖေးက ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် တုံ့ပြန်လိုက်သည်။ “ဟွမ်ဟုပ်ညန်ညညန် ပြောတာ မှန်ပါတယ်။ မကြာခင်မှာ နန်းတော်ထဲမှာ နောက်ထပ် မင်္ဂလာသတင်းတွေ ထပ်ရှိလာနိုင်လောက်တယ်”
ချင်ဖေး၏ အကြံအစည်လေးကို မုန့်ကွေ့ဖေးက မခန့်မှန်းနိုင်ဘဲ အဘယ်မှာ ရှိပါမည်နည်း။
စူးကျောင်းရုံက ဖေး အဆင့် တက်သွားတာနဲ့ ချင်ဖေးနဲ့ တန်းတူ ဖြစ်သွားပြီ။ ချင်ဖေးက စိတ်ထဲမှာ မကျေမနပ် ဖြစ်ပြီး မယ်တော်ကြီးကျောက် နားထဲကို လေသွင်းပြီး ဘွဲ့အသစ်တစ်ခုလောက် တောင်းခံမှာ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စူးကျောင်းရုံကို တစ်ဆင့်တော့ ကျော်လွန်နေမှ ဖြစ်မှာပေါ့လေ။
ချောင်မိဖုရားခေါင်အတွက်တော့ အနောက်နန်းဆောင်မှာ ဘယ်သူ အဆင့်တိုးတိုး သိပ်ပြီး ပျော်ရွှင်စရာ မကောင်းလှပေ။
ချောင်မိဖုရားခေါင်က မုန့်ကွေ့ဖေးကို တစ်ချက်စိုက်ကြည့်ကာ ပေါ့ပေါးပါးပါး ပြောလိုက်လေသည်။ “ပန်ကုံးကလည်း နန်းတော်ထဲမှာ မင်္ဂလာသတင်းတွေ များများရှိဖို့ မျှော်လင့်ပါတယ်”
မုန့်ကွေ့ဖေးက ထပ်ပြီး သွေးထိုးလှုံ့ဆော်ရန် ကြံရွယ်နေစဉ်မှာပင် လုမင်ယွိ၏ အသံ ထွက်ပေါ်လာခဲ့သည်။ “အပျိုတော်ယန်က ယန်ရှီနန်းဆောင်မှာ နေနေတယ်လို့ ကြားမိပါတယ်။ ကွေ့ဖေးညန်ညန်က ဒီနေ့ ဘာလို့ အပျိုတော်ယန်ကို တစ်ခါတည်း ခေါ်မလာခဲ့တာလဲ”
မုန့်ကွေ့ဖေး: “...”
ဤသို့ ရုတ်တရက် ဝင်ရောက်လာသော စကားကြောင့် မုန့်ကွေ့ဖေး၏ အပြုံးသည် တစ်ချက် တောင့်တင်းသွားတော့၏။ သတိပြန်ဝင်လာသောအခါ စိတ်ထဲတွင် တော်တော်လေး မကျေမနပ် ဖြစ်သွားတော့သည်။
အပျိုတော်ယန်ကို ယန်ရှီနန်းဆောင်သို့ ခေါ်ဆောင်ပြီး ကိုယ်ဝန်ကို စောင့်ရှောက်စေသည့် ကိစ္စသည် ပြောရမည်ဆိုလျှင် နန်းတွင်းစည်းကမ်းနှင့် မညီညွတ်ပေ။ မုန့်ကွေ့ဖေးသည် မိမိက လက်ရှည်ပြီး သားဖြစ်သူ၏ အတွင်းရေးရာများထဲ ဝင်ရောက်ကာ မွှေနှောက်နေသည်ကို ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပေ။
ထို့ကြောင့် မုန့်ကွေ့ဖေးသည် အပျိုတော်ယန် ကိုယ်ဝန်ရှိသည့် ကိစ္စအတွက် ဂုဏ်ယူနေသော်လည်း အခြားသူများက ဤအကြောင်းအရာကို ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြောပြောလိုက်မည်ကိုတော့ မလိုလားပေ။
လုမင်ယွိ၏ အေးအေးဆေးဆေး စိန်ခေါ်နေသော အမူအရာကိုတော့ ပြောစရာပင် မလိုတော့ချေ။
မုန့်ကွေ့ဖေးက လုမင်ယွိကို ဘာမှအမှုမထားသလို တစ်ချက်စိုက်ကြည့်လိုက်ပြီး “ငါနဲ့ မိဖုရားခေါင်တို့ စကားပြောနေတာ။ လူငယ်တစ်ယောက် ဝင်ပြောလို့ရတဲ့ နေရာမှ မဟုတ်တာ။ အာ့ဟွမ်စစ်ဖေးလည်း စည်းကမ်းတွေကို သေချာ ပြန်သင်ယူထားသင့်တယ်”
သာမန်အိမ်တော်များတွင်ဆိုလျှင် အိမ်ဦးနတ်၏ ကိုယ်လုပ်တော်၊ ကွေ့ချဲ့(မယားငယ်) အဆင့်ပင် ဖြစ်လင့်ကစား တရားဝင် ချွေးမတော်၏ ရှေ့မှောက်တွင် လူကြီလူကောင်းပုံစံမျိုး မလုပ်နိုင်ပေ။
သို့သော် တော်ဝင်မိသားစုတွင်တော့ နန်းတွင်းမိဖုရားငယ်များအားလုံးတွင် အဆင့်အတန်းများ ရှိကြသည်။ မုန့်ကွေ့ဖေးသည် ချောင်မိဖုရားခေါင်ကိုပင် မျက်စိထဲ မထားရာ လုမင်ယွိကို အနည်းငယ် သတိထားမိသော်လည်း ဘယ်သောအခါမှ နောက်ဆုတ်မည် မဟုတ်ပေ။
လုမင်ယွိက ဖြည်းညင်းစွာ ပြုံးပြီး ပြောလိုက်လေသည်။ “ကျွန်မ လက်မထပ်ခင်ကတည်းက နန်းတွင်းစည်းကမ်းတွေကို သင်ယူခဲ့ပြီးသားပါ။ လက်ထပ်ပြီးနောက်မှာလည်း မူဟုပ်က ကျွန်မကို အပြစ်တင်တာမျိုး၊ မနှစ်သက်တာမျိုး မရှိခဲ့ပါဘူး။ ကွေ့ဖေး ညန်ညန်က စည်းကမ်းတွေကို ဒီလောက် အလေးထားတာ မြင်ရတော့ တကယ်ပဲ အံ့ဩမိပါတယ်”
“နန်းတွင်းစည်းကမ်းတွေအရ ပထမမင်းသားအိမ်တော်မှာ ကိုယ်ဝန်ရှိနေတဲ့ နန်းတွင်းသူဟာ ပထမမင်းသားအိမ်တော်မှာပဲ ကိုယ်ဝန်ကို စောင့်ရှောက်ရမှာပါ။ နန်းတော်ထဲကို ဝင်လာစရာ အကြောင်းမရှိပါဘူး”
“ဒါမှမဟုတ်... ဒါက ယန်ရှီနန်းဆောင်ရဲ့ သီးသန့်စည်းကမ်းများလား”
မုန့်ကွေ့ဖေး၏ မျက်နှာသည် အနည်းငယ် တင်းမာသွားပြီး လုမင်ယွိကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
လုမင်ယွိက မြင်နေသော်လည်း မမြင်ချင်ယောင်ဆောင်ကာ ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ပြီး စူးစမ်းလိုစိတ်အပြည့် မျက်နှာဖြင့် မေးလိုက်လေသည်။ “မူဟုပ်၊ အာရှီ နန်းတော်ထဲ ဝင်လာတာ အချိန်သိပ်မကြာသေးတော့ အများကြီး နားမလည်သေးပါဘူး။ ယန်ရှီနန်းဆောင်က စည်းကမ်းတွေက တခြားနေရာတွေနဲ့ မတူဘူးလားဟင်”
ချောင်မိဖုရားခေါင်သည် မုန့်ကွေ့ဖေး၏ သိပ်မလှပသော မျက်နှာကို ကြည့်ရင်း စိတ်ထဲတွင် အလွန်တရာ ကျေနပ်သွားပြီး နူးညံ့သော မျက်နှာထားဖြင့် ဖြေကြားလိုက်သည်။ “နန်းတွင်းစည်းကမ်းတွေက ပန်ကုံးက ယခင်မင်းဆက်တွေကို ကိုးကားပြီး တစ်ခုချင်းစီ သတ်မှတ်ထားတာ။ အရှင်မင်းကြီးရဲ့ သဘောတူညီချက်လည်း ရပြီးသားပဲ။ နန်းတော်ထဲက နေရာတိုင်းက နန်းတွင်းစည်းကမ်းအတိုင်း လိုက်နာရမယ်။ ယန်ရှီနန်းဆောင်ကလည်း ခြွင်းချက် မဖြစ်နိုင်ပါဘူး”
လုမင်ယွိက အသိဉာဏ်ပွင့်သွားသော အမူအရာကို ပြုလုပ်လိုက်ပြီး မုန့်ကွေ့ဖေးကို မပြုံးတပြုံးလေး ကြည့်လိုက်လေသည်။
မုန့်ကွေ့ဖေးသည် ယောက္ခမနှင့် ချွေးမ နှစ်ယောက်ပေါင်းပြီး ဖိအားပေးခြင်းကို ခံရသဖြင့် ဒေါသများ တဟုန်ထိုး ထလာတော့၏။
ချောင်မိဖုရားခေါင်၏ နည်းလမ်းများသည် နူးညံ့သော်လည်း အနိုင်ကျင့်ရန် လွယ်ကူသူ မဟုတ်ပေ။
အရင်ကဆိုလျှင် နှစ်ဦးသား အနိုင်အရှုံး မတိမ်းမယိမ်းဖြင့် ပြီးဆုံးသွားလေ့ရှိသည်။ ယခုတော့ လျှာစောင်းထက်လှသည့် လုမင်ယွိ တစ်ယောက် တိုးလာပြီး ယောက္ခမနှင့် ချွေးမ နှစ်ယောက်သား အပေးအယူမျှနေကြပြီး သူမမှာ ချက်ချင်း အရေးနိမ့်သွားစေတော့သည်။
မုန့်ကွေ့ဖေးက ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် တုံ့ပြန်လိုက်၏။ “ဒီကိစ္စတွေအားလုံးက အရှင်မင်းကြီး သဘောတူပြီးသားတွေချည်းပဲ။ ယန်ရှီနန်းဆောင်က စည်းကမ်းတွေက နန်းတော်ထဲက တခြားနေရာတွေနဲ့တော့ နည်းနည်း ကွာခြားတာပေါ့”
သည်တစ်ကြိမ်တွင်တော့ ချောင်မိဖုရားခေါင် ဒေါသထွက်ရသည့်အလှည့် ဖြစ်သွားသည်။
မုန့်ကွေ့ဖေးက မျက်နှာသာပေးခံရတာကို အခွင့်ကောင်းယူပြီး ယုံးကျားဧကရာဇ်ဆိုတဲ့ အလံကြီးကို ထုတ်သုံးပြီး လူတွေကို ဖိနှိပ်နေတာပဲ။
တကယ်တမ်းတော့ မုန့်ကွေ့ဖေး ပြောသည်မှာလည်း မမှားပေ။ အနောက်နန်းဆောင်တွင် ယန်ရှီနန်းဆောင်သည် ယုံးကျားဧကရာဇ်၏ ကာကွယ်မှုကို ရရှိထားပြီး စည်းကမ်းများစွာကို လိုက်နာရန် မလိုအပ်ပေ။
လုမင်ယွိက ခပ်ပေါ့ပေါ့ ပြုံးလိုက်ကာ “ပန်းပွင့်ဆိုတာ ရက်တစ်ရာ မခံနိုင်သလို၊ လူဆိုတာလည်း နေ့ရက်တိုင်း ကောင်းနေမှာ မဟုတ်ဘူး။ နုပျိုတဲ့ အလှတရားက အလွယ်တကူ အိုမင်းသွားတတ်သလို၊ အလှတရားတွေ မှေးမှိန်သွားတဲ့ နေ့ဆိုတာလည်း ရှိလာမှာပဲ။ လူတွေက အဆင်ပြေနေတဲ့ အချိန်မှာ အနာဂတ်ကိုလည်း ကြိုတွေးထားသင့်တယ်။ ဒါမှ အဆင်မပြေဖြစ်သွားတဲ့ အချိန်ကျရင် ခံနိုင်ရည် ရှိမှာပေါ့။ ကွေ့ဖေး ညန်ညန်၊ ရှင် ပြောကြည့်လေ... ဟုတ်တယ်မဟုတ်လား”
မုန့်ကွေ့ဖေး၏ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
နုပျိုတဲ့ အလှတရားက အလွယ်တကူ အိုမင်းသွားတတ်သလို၊ အလှတရားတွေ မှေးမှိန်သွားတဲ့ နေ့ဆိုတာလည်း ရှိလာမှာပဲ။
ထိုစကားသည် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ သူမ၏ နှလုံးသားထဲသို့ တည့်တည့် ထိုးစိုက်ဝင်သွားခဲ့သည်။
သူမ၏ ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့် ဩဇာအာဏာအားလုံးသည် ယုံးကျားဧကရာဇ်၏ ကာကွယ်မှုနှင့် ချစ်ခင်မြတ်နိုးမှုတို့မှ လာလေသည်။ အရှိန်အဝါ တောက်ပနေချိန်တွင် စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ မရှိဟု မဆိုနိုင်ပေ။ သူမသည် အသက်သုံးဆယ်ကျော် ရှိနေပြီဖြစ်ပြီး မည်သို့ပင် ထိန်းသိမ်းစေကာမူ လတ်ဆတ်နုပျိုမှုများ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။
ယုံးကျားဧကရာဇ်မှာတော့ အင်အားအပြည့်ဝဆုံး အရွယ်ဖြစ်ပြီး သာ့ဝေတိုင်းပြည်၏ ဧကရာဇ်လည်း ဖြစ်သည်။ အနောက်နန်းဆောင်မှ အလှအပများကို ပိုင်ဆိုင်နိုင်သည်။ အကယ်၍ တစ်နေ့နေ့တွင် ယုံးကျားဧကရာဇ်၏ စိတ် ပြောင်းလဲသွားခဲ့လျှင်... ထိုအချိန်ကျလျှင်တော့ ...
လုမင်ယွိက ပြုံးကာ မေးလိုက်သည်။ “ကွေ့ဖေး ညန်ညန်ရဲ့ မျက်နှာက ဘာလို့ ရုတ်တရက် ဒီလောက်တောင် ပျက်သွားရတာလဲ။ မဟုတ်မှလွဲရော... ကျွန်မ ခုနက ပြောလိုက်တဲ့ စကားတွေထဲမှာ မသင့်တော်တာများ ပါသွားလို့လား”
မုန့်ကွေ့ဖေးသည် ဝုန်းခနဲ ထရပ်လိုက်ပြီး လုမင်ယွိကို မျက်လုံးများဖြင့် သေမတတ် စိုက်ကြည့်လေတော့၏။
လုမင်ယွိက လှုပ်ပင် မလှုပ်ဘဲ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာကို ပြလိုက်ကာ “ဒီအတိုင်း အပျင်းပြေ ပြောကြတာပါ။ ကွေ့ဖေး ညန်ညန်က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားသွားရတာလဲ။ တကယ်လို့ ကျွန်မ ပြောတာ မှားသွားတယ်ဆိုရင် ကွေ့ဖေး ညန်ညန်က ရှင်းရှင်းလင်းလင်း ပြောပြလို့ ရပါတယ်။ ကျွန်မ ကွေ့ဖေး ညန်ညန်ကို ချက်ချင်း တောင်းပန်လိုက်ပါ့မယ်။ ကွေ့ဖေး ညန်ညန်က လူကြီးတစ်ယောက်ပါ။ ကျွန်မလို လူငယ်တစ်ယောက်နဲ့ ယှဉ်ပြိုင်နေမှာမဟုတ်ပါဘူး”
...