← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉) မူလနယ်ပယ်သို့ တက်လှမ်းခြင်း။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော လိပ်အသက်ရှူနည်းပညာ။ (၄)

အချိန်များမှာ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်နေ၏။ နတ်ဘုရားစွမ်းအားဖြင့် ဖန်တီးထားသော ရေခဲထုမှာ အမှန်တကယ်ပင် ဖျက်ဆီးရန် ခက်ခဲလှသော်လည်း စူးချန်ခုန်း လုပ်နိုင်တာက လက်မလျှော့ဘဲ ဆက်ကြိုးစားနေရန်သာ။

နတ်ပိုးချည်မျှင်များ ကြီးထွားလာသည်နှင့်အမျှ ရေခဲထုကို အဆက်မပြတ် တိုက်ခိုက်နေပြီး နတ်ပိုးချည်ချီစွမ်းအင်မှာလည်း အအေးဒဏ်ကြောင့် ပျက်စီးသွားသော စူးချန်ခုန်း၏ ကိုယ်ခန္ဓာကို အစဉ်တစိုက် ပြန်လည်ပြုပြင်ပေးနေသည်။

အချိန် မည်မျှပင် ကုန်လွန်သွားသည်ကို မည်သူမျှ မသိနိုင်သော်လည်း စူးချန်ခုန်း၏ နတ်ပိုးချည်ချီစွမ်းအင်မှာ မူလ မီးခိုးရောင်သန်းသော အဖြူရောင်မှသည် တဖြည်းဖြည်း ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထွက်ပေါ်လာသော နတ်ပိုးချည်မျှင်များမှာလည်း တောက်ပသော ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်အမင်း ပျော့ပျောင်းသော်လည်း အလေးချိန်များစွာကို ခံနိုင်ရည်ရှိလာခဲ့သည်။ ထို့ပြင် ၎င်းကို မာအောင် ပြုလုပ်လိုက်ပါက သံနှင့် ကျောက်တုံးများကိုပင် မြားတစ်စင်းကဲ့သို့ ဖောက်ထွက်နိုင်စွမ်း ရှိလာသည်။

နတ်ပိုးချည်ကျင့်စဉ် (အဋ္ဌမအဆင့်၊ သဘာဝလွန်နယ်ပယ် ၁ %)

မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ စူးချန်ခုန်း၏ နတ်ပိုးချည်ကျင့်စဉ်မှာ ယခုကဲ့သို့သော ပတ်ဝန်းကျင်အတွင်းမှာပင် အဆင့် ၈ သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

နတ်ပိုးချည်ကျင့်စဉ်ကို အထူးပြုလေ့ကျင့်သော အကြီးအကဲ ချီရှစ်ပင်လျှင် ယခုအချိန်တွင် စူးချန်ခုန်း ရောက်ရှိနေသော အဆင့်မျိုးသို့ ရောက်နိုင်မည် မဟုတ်ပေ။

...

"ဂျွတ် ဂျွတ် ဂျွတ်"

ငွေရောင် နတ်ပိုးချည်မျှင်များမှာ တစ်စထက်တစ်စ ပိုမိုကြီးထွားလာရာ စူးချန်ခုန်းသည် အက်ကွဲသံများကို ကြားလိုက်ရသည်။ မိမိကို ပိတ်လှောင်ထားသော ရေခဲထု၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာပြီးနောက် ဖန်သားပြင်တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေ၏။

ပိုးအိမ်မှ ဖောက်ထွက်နိုင်ခဲ့လေပြီ။

"နောက်ဆုံးတော့... လွတ်ပြီကွ။"

စူးချန်ခုန်းသည် သူ၏ စိတ်နှလုံးအတွင်း၌ အတိုင်းမသိ ဝမ်းသာမိသည်။

နတ်ဘုရားမျိုးစေ့၏ နတ်ဘုရားစွမ်းရည်များမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ နတ်ဘုရားမျိုးစေ့မှ ထွက်ပေါ်လာသော သဘာဝစွမ်းအင် ပေါက်ကွဲအားကပင် သူ့ကို အဓိက ဦးတည်ထားခြင်း မဟုတ်ပါဘဲနှင့် စူးချန်ခုန်းမှာ မနည်းရုန်းကန်ကာ အသက်ရှင်ခဲ့ရသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုနတ်ဘုရားမျိုးစေ့ကို အောင်မြင်စွာ ပိုင်ဆိုင်ပြီး နတ်ဘုရားစွမ်းရည်များကို စနစ်တကျ ထိန်းချုပ်နိုင်မည်ဆိုပါက ထိုစွမ်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုအဆင့်ရှိသူကို 'သိုင်းဝိဇ္ဇာသူတော်စင်' ဟု ခေါ်ဆိုကြသည်။ မဟာမီးလျှံအင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်မှာလည်း ဤအဆင့်သို့ ရောက်ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

"စစ်သူကြီးဟုန်ကို ဖုန်းရိယွဲ့က ခေါ်သွားပြီ။ အခု သူ ဘယ်လိုအခြေအနေ ရှိနေလဲ မသိဘူး။ အန္တရာယ်ကင်းပါစေလို့ပဲ မျှော်လင့်တယ်... ဖုန်းရိယွဲ့ကိုတော့ ငါ ကိုယ်တိုင် အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"

ထို့နောက်တွင် စူးချန်ခုန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်နှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့လေ၏။

ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းအတွက် အသက်ဘေးကိုပင် ဂရုမစိုက်ဘဲ ဖုန်းရိယွဲ့ကို ရင်ဆိုင်ခဲ့သည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် နတ်ဘုရားမျိုးစေ့မှ စွမ်းအားများ ထွက်ပေါ်မလာမီမှာပင် စူးချန်ခုန်းမှာ ကျရှုံးသွားခဲ့နိုင်သည်။

ရေခဲရုပ်တုအဖြစ် ပိတ်မိနေစဉ်အတွင်း စူးချန်ခုန်း၏ ပြင်ပအာရုံခံစားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ နတ်ဘုရားမျိုးစေ့ ပျံသန်းထွက်ခွာသွားသည်ကို သူ မြင်တွေ့ခဲ့ရသလို၊ ဖုန်းရိယွဲ့က ရေခဲရုပ်တု ဖြစ်နေသော ကျုံးယွဲ့နှင့် ဟုန်ကျန်းရှန့်တို့အား ခေါ်ဆောင်သွားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ဟုန်ကျန်းရှန့်သည် မိမိအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းမှာ သစ္စာဖောက်သည့် လုပ်ရပ် ဖြစ်သည်။ ထိုသို့သော အပြုအမူကို မည်သည့်အဖွဲ့အစည်းကမျှ အလွယ်တကူ လွှတ်ထားမည် မဟုတ်ပေ။ သူ အသက်ရှင်နေသေးဖို့ စူးချန်ခုန်း ဆုတောင်းရုံသာ။

ဖုန်းရိယွဲ့နှင့် ကျုံးယွဲ့တို့ကသာ သူ့ကို ဇွဲနပဲဖြင့် လိုက်လံမတိုက်ခိုက်ခဲ့လျှင် ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။ စူးချန်ခုန်းသည် သူတို့အပေါ် သတ်ဖြတ်လိုစိတ်တို့ ပြင်းပြနေ၏။ သူတို့က မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဘယ်မှာနေကြောင်းကို စုံစမ်းပြီး သူတို့ကို အနိုင်ယူနိုင်မည့် ယုံကြည်ချက် ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့ကို ကြီးကြီးမားမား ပေးဆပ်စေမည်။

ချီနဂါးခန်းမမှာ တောင်ကြားပြိုကျမှုကြောင့် ပျက်စီးသွားခဲ့သော်လည်း အဆောက်အအုံ အပျက်အစီးများက အမိုးကဲ့သို့ ထောက်ကူပေးထားသဖြင့် စူးချန်ခုန်း ရှိနေသော နေရာ၌ လှုပ်ရှားရန် နေရာလွတ် အနည်းငယ် ရှိနေသည်။ သူသည် အပေါ်သို့ တဖြည်းဖြည်း တူးဖောက်ကာ ထွက်ပေါက်ရှာရန် စီစဉ်လိုက်သည်။ ၎င်းမှာ အချိန်နှင့် ခွန်အားများစွာ ကုန်ဆုံးနိုင်သော်လည်း နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

"ဟင်…ဟိုဘက်မှာ ဘာလဲ..."

ရုတ်တရက်ဆိုသလို စူးချန်ခုန်းသည် သူ၏ ကိုယ်တွင်းရှိ လိပ်အသက်ရှူနည်းချီစွမ်းအင်များသည် တစ်စုံတစ်ခုကြောင့် လှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။ သူသည် လိပ်အသက်ရှူနည်းချီစွမ်းအင်များ တုံ့ပြန်နေသော ဘက်သို့ ဦးတည်ကာ သွားလိုက်သည်။

မကြာမီမှာပင် စူးချန်ခုန်းသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး သူ၏လက်ကို အေးစက်သော ရေခဲပြင်ပေါ်သို့ တင်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏ ဦးခေါင်းအထက်တွင် စိမ်းပြာရောင် ပန်းလေးတစ်ပွင့် ပွင့်လန်းလာပြီး အလင်းရောင် ထုတ်လွှတ်ပေးလိုက်ရာ အမှောင်ထုအတွင်းရှိ ထိုအရာကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

၎င်းမှာ လူပုံသဏ္ဍာန် ရေခဲရုပ်တုတစ်ခု ဖြစ်သည်။ ရေခဲထုအတွင်း၌ မီးခိုးရောင်ဝတ်စုံနှင့် လူတစ်ယောက်မှာ အေးခဲနေ၏။ သူ၏ မျက်နှာမှာ ထိတ်လန့်နေပုံရပြီး မျက်လုံးများမှာလည်း အသက်ကင်းမဲ့နေကာ ထိုအခိုက်အတန့်၌ပင် အစဉ်အမြဲ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

"ဒါ အရှေ့တိမ်တိုက်ဂိုဏ်းက အကြီးအကဲစွန်း မဟုတ်လား"

စူးချန်ခုန်းသည် ထိုလူ၏ အမည်ကို ချက်ချင်း မှတ်မိလိုက်သည်။

နတ်ဘုရားမျိုးစေ့မှ စွမ်းအားများ ထွက်ပေါ်လာစဉ်က ဖုန်းရိယွဲ့နှင့် အရှေ့တိမ်တိုက်ဂိုဏ်းမှ ဒုတိယဂိုဏ်းချုပ် ပိုင်ယွင်ဟယ်တို့ နှစ်ဦးသာ အန္တရာယ်ကင်းခဲ့ကြသည်။ ဖုန်းရိယွဲ့က ကျုံးယွဲ့နှင့် ဟုန်ကျန်းရှန့်တို့ကို ခေါ်ဆောင်သွားစဉ် ပိုင်ယွင်ဟယ်မှာလည်း သူ၏လူ နှစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။ ပိုင်ယွင်ဟယ်သည် စူးချန်ခုန်းနှင့် အကြီးအကဲစွန်းတို့ကိုပါ ပြန်လည်ခေါ်ထုတ်ရန် စီစဉ်ခဲ့သော်လည်း တောင်ပြိုမှုကြောင့် ချီနဂါးခန်းမ မြေမြုပ်သွားသဖြင့် အကြီးအကဲစွန်းကို ချန်ထားခဲ့ရခြင်း ဖြစ်သည်။

"သူ သေသွားပြီပဲ"

အကြီးအကဲစွန်း သေဆုံးသွားတာ မည်မျှကြာပြီမှန်း မသိနိုင်တော့ပေ။ စူးချန်ခုန်းသည်ပင်လျှင် လိပ်အသက်ရှူနည်းပညာနှင့် နတ်ပိုးချည်အတတ်ကို အသုံးပြုကာ မနည်းရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။ အကြီးအကဲစွန်းမှာမူ ရေခဲအတွင်း ပိတ်မိပြီးနောက် မကြာမီမှာပင် အသက်ဇီဝ ကုန်ဆုံးကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

"သူက သေတောင် သေနေပြီကို ငါ့ရဲ့ လိပ်အသက်ရှူနည်း ချီစွမ်းအင်က ဘာလို့ သူ့အပေါ် တုံ့ပြန်နေရတာလဲ"

ရေခဲရုပ်တုရှေ့တွင် ရပ်နေရင်း စူးချန်ခုန်း ဇဝေဇဝါ ဖြစ်နေမိသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် စူးချန်ခုန်းသည် သူ၏ လက်ဖဝါးကို ရေခဲရုပ်တုပေါ်သို့ တင်ကာ လိပ်အသက်ရှူနည်းပညာကို အသုံးပြုလိုက်သည်။

ထိုအခါ အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စုပ်ယူမှုအားတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရပြီး ရေခဲရုပ်တုအတွင်းရှိ အကြီးအကဲစွန်း၏ ကိုယ်ခန္ဓာမှ အဖြူရောင် အမျှင်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအမျှင်လေးမှာ ရေခဲထုအတွင်းမှ ဖောက်ထွက်လာပြီး စူးချန်ခုန်း၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိလာသည်။

"ဒါက... မူလချီစွမ်းအင်လား" စူးချန်ခုန်း၏ လက်ဖဝါးအတွင်းရှိ ထိုအဖြူရောင် အမျှင်မှာ အလွန်ပင် ကြည်လင်နေ၏။ စူးချန်ခုန်း အတန်ငယ် အံ့အားသင့်သွားမိသည်။ ၎င်းမှာ အမှန်တကယ်ပင် မူလချီစွမ်းအင် ဖြစ်နေသည်။

မူလနယ်ပယ် သိုင်းပညာရှင်များ၏ ကိုယ်ခန္ဓာအတွင်း၌ မူလချီစွမ်းအင်များ ရှိနေတတ်ပြီး ၎င်းတို့သည် သေဆုံးပြီးနောက်တွင်လည်း ကိုယ်ခန္ဓာကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးထားနိုင်သည်။ ထို့ပြင် မကောင်းသော အဖွဲ့အစည်းများမှာလည်း လူသေအလောင်းများထံမှ မူလချီစွမ်းအင်များကို ထုတ်ယူနိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားကြသဖြင့် မူလနယ်ပယ်သိုင်းပညာရှင်များ၏ အလောင်းများကို ဈေးကြီးပေးကာ ဝယ်ယူလေ့ရှိကြသည်။

ယခုအခါ စူးချန်ခုန်းသည် လိပ်အသက်ရှူနည်းပညာကို အသုံးပြုကာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး သူ၏ လိပ်အသက်ရှူနည်းပညာမှာလည်း အဆင့် ၁၀ သို့ ရောက်ရှိသွားပြီဖြစ်ရာ သေဆုံးသွားသော မူလနယ်ပယ် သိုင်းပညာရှင်များ၏ ကိုယ်ခန္ဓာမှ မူလချီစွမ်းအင်များကို အလွယ်တကူ ထုတ်ယူနိုင်စွမ်း ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

အခန်း (၄၇၀) မူလနယ်ပယ်သို့ တက်လှမ်းခြင်း။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော လိပ်အသက်ရှူနည်းပညာ။ (၅)

ထိုမျှသာ မကသေးပေ။

"ငါ့ရဲ့ လိပ်အသက်ရှူနည်းချီစွမ်းအင်တွေက လှုပ်ရှားနေတယ်။ ဒီမူလနယ်ပယ် ချီစွမ်းအင် အမျှင်လေးကို စုပ်ယူချင်နေတဲ့ပုံပဲ။ ဒါဆိုရင်..."

စူးချန်ခုန်း၏ အတွေးများ လှုပ်ခတ်သွားပြီး ထိုမူလချီစွမ်းအင်မျှင်လေးကို သူ၏ကိုယ်တွင်းသို့ စုပ်ယူရန် ကြိုးစားလိုက်သည်။

ရှူး...

မူလချီစွမ်းအင်မျှင်လေးသည် စူးချန်ခုန်း၏ လက်ဖဝါးရှိ အကြောများမှတစ်ဆင့် ကိုယ်တွင်းသို့ စီးဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လိပ်အသက်ရှူနည်း ချီစွမ်းအင်ကလည်း လည်ပတ်လာပြီး ထိုမူလချီစွမ်းအင်ကို ဝန်းရံကာ သန့်စင်လိုက်သည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း စူးချန်ခုန်း၏ လိပ်အသက်ရှူနည်း ချီစွမ်းအင်မှာ သိသိသာသာ အားကောင်းလာခဲ့သည်။ ပိုမိုသန်မာပြီး စစ်မှန်လာခဲ့ရာ အပြာရောင် လိပ်အသက်ရှူနည်း ချီစွမ်းအင်မှာ အရာအားလုံးကို လက်ခံနိုင်သော သမုဒ္ဒရာကြီးသဖွယ် ဖြစ်လာလေ၏။

...

"အဆင့် ၁၀ လိပ်အသက်ရှူနည်းပညာက မူလချီစွမ်းအင်ကို သန့်စင်ပြီး အတွင်းအားကို တိုးတက်အောင် လုပ်နိုင်တာလား"

စူးချန်ခုန်း၏ မျက်လုံးများအတွင်း အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး သူ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

လူသားတို့၏ ကိုယ်ခန္ဓာတွင် မူလချီစွမ်းအင် အနည်းငယ် ပါရှိသော်လည်း ၎င်းမှာ မရှိသလောက် အားနည်းလှသည်။ လူအနည်းငယ်သာလျှင် ထိုအတွင်းအားကို ကြီးထွားလာအောင် လုပ်ဆောင်နိုင်ပြီး အောင်မြင်ပြီးမြောက်သောအဆင့်မှ မူလနယ်ပယ်သို့ ပြန်လည်ရောက်ရှိနိုင်ကြသည်။

ထို့ပြင် သဘာဝဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော နေရာများတွင်လည်း မူလချီစွမ်းအင်များ ဖြစ်ပေါ်တတ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် မူလချီစွမ်းအင်သည်လည်း သဘာဝစွမ်းအင် တစ်မျိုးပင် ဖြစ်သည်။ ၎င်းမှာ သဘာဝစွမ်းအင်မှ ပေါက်ဖွားလာပြီး ပိုမိုသန့်စင်ကာ အဆင့်မြင့်သော စွမ်းအင်တစ်မျိုး ဖြစ်သဖြင့် အလွန်ပင် ရှားပါးလှသည်။

သိုင်းပညာရှင်များအတွက် မူလချီစွမ်းအင်၏ အခန်းကဏ္ဍမှာ လမ်းဖြတ်ကို အသုံးပြု၍ မူလနယ်ပယ်သို့ လွယ်ကူစွာ တက်လှမ်းနိုင်ရန်သာ ဖြစ်ပြီး ၎င်းအပြင် အခြား အသုံးဝင်မှု မရှိချေ။

သို့သော်လည်း 'ပင်ကိုယ်လိပ်အသက်ရှူအတတ်' ဟုခေါ်သော အဆင့် ၁၀ သို့ ရောက်ရှိထားသည့် စူးချန်ခုန်းအတွက်မူ မူလချီစွမ်းအင်ကို တိုက်ရိုက်သန့်စင် စုပ်ယူကာ မိမိ၏ ကျင့်စဉ်အဆင့်ကို တိုးတက်စေနိုင်ခြင်းပင် ဖြစ်သည်။

ဤမူလချီစွမ်းအင်မျှင်လေးကို သန့်စင်လိုက်ခြင်းသည် လိပ်အသက်ရှူနည်းပညာအတွက် အားဆေးကြီးတစ်ခွက်ကို သောက်သုံးလိုက်ရသကဲ့သို့ ဖြစ်ပြီး အတွင်းအား၏ အရည်အသွေးမှာလည်း လျင်မြန်စွာ မြင့်တက်လာမည် ဖြစ်သည်။

ယခုအခါ သူ၏ လိပ်အသက်ရှူနည်းချီစွမ်းအင်ကို 'ပင်ကိုယ်လိပ်အသက်ရှူအတတ်' ဟု ခေါ်ဆိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။

"တကယ်လို့... ငါ့မှာ မူလချီစွမ်းအင်တွေ အများကြီး ရှိနေပြီး လိပ်အသက်ရှူနည်းပညာနဲ့ သန့်စင်လိုက်မယ်ဆိုရင် ငါ့ရဲ့ လိပ်အသက်ရှူနည်းပညာနဲ့က ဘယ်လောက်အထိ ရောက်သွားလောက်မလဲ"

စူးချန်ခုန်း၏ စိတ်အတွင်း တုန်လှုပ်သွားမိသည်။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော အဆင့် ၁၀ ရှိ လိပ်အသက်ရှူနည်းပညာမှာ ယခုပင်လျှင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ ၎င်းမှာ ခုခံမှုကို အဓိကထားပြီး သာမန် မူလနယ်ပယ် သိုင်းပညာရှင်များ လုံးဝ မရောက်နိုင်သော အဆင့်ဖြစ်သည်။ သို့သော်လည်း ထိုထက်မက တိုးတက်နိုင်သော နေရာလွတ်များ ရှိနေသေးသည်။

လုံလောက်သော မူလချီစွမ်းအင် ရှိနေသရွေ့ လိပ်အသက်ရှူနည်းချီစွမ်းအင်၏ အရည်အသွေးမှာ ဆက်လက် မြင့်တက်နေမည် ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ပြောင်းလဲမှုတစ်ခု ထပ်မံ ဖြစ်ပေါ်လာမည်မှာ သေချာလှသည်။

"ဒီချီနဂါးခန်းမထဲမှာ မူလချီစွမ်းအင်တွေ ထပ်ရှိနေဦးမှာပဲ..."

စူးချန်ခုန်းသည် အကြီးအကဲစွန်း၏ ကိုယ်တွင်းမှ ထုတ်ယူထားသော မူလချီစွမ်းအင်ကို သန့်စင်နေရင်း ပတ်ဝန်းကျင်ကို လှည့်လည် ရှာဖွေလိုက်သည်။

ချီနဂါးခန်းမအတွင်း၌ မူလနယ်ပယ်သိုင်းပညာရှင် လေးငါးဆယ်ခန့် သေဆုံးခဲ့သည်။ နှစ်ပေါင်း ထောင်ချီ ကြာပြီးနောက်တွင် သူတို့၏ ကိုယ်တွင်းရှိ မူလချီစွမ်းအင်များသည် သဘာဝတရားအတွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး အသွင်သဏ္ဍာန်ရှိသော မူလချီစွမ်းအင်များအဖြစ် ပြန်လည် မွေးဖွားလာခဲ့သည်။ အချို့ကို နှင်းချောက်နက်တောင်တန်းသို့ လာကြသော သိုင်းပညာရှင်များက ရသွားခဲ့ကြသော်လည်း အချို့မှာ ချီနဂါးခန်းမအတွင်း၌ ကျန်ရှိနေသေးသည်။

ယခင်က စူးချန်ခုန်းသည် မူလချီစွမ်းအင် တစ်မျှင်ကို တွေ့ခဲ့သော်လည်း ကျုံးယွဲ့က လုယူသွားခဲ့သည်။ သို့သော် ချီနဂါးခန်းမအတွင်း၌ အခြားသော မူလချီစွမ်းအင်များ ကျန်ရှိနေရန် အခွင့်အလမ်း အလွန်များပါသည်။

တုံ့ဆိုင်းမနေတော့ဘဲ ပြိုကျပျက်စီးနေသော နေရာများကြောင့် စူးချန်ခုန်း ကိုယ်တိုင် သွားလာ၍ မရသော နေရာများသို့ သူ၏ နတ်ပိုးချည်မျှင်များကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ကာ ရှာဖွေလိုက်သည်။

နတ်ပိုးချည်မျှင်များသည် သူ၏ ခြေလက်အင်္ဂါများကဲ့သို့ပင် လှုပ်ရှားနေပြီး စူးချန်ခုန်း၏ ကိုယ်ခန္ဓာကို တိုးချဲ့ပေးကာ ပတ်ဝန်းကျင်ကို စမ်းသပ် အာရုံခံနိုင်စွမ်း ရှိသည်။

"တွေ့ပြီ"

ရုတ်တရက်ဆိုသလို စူးချန်ခုန်း၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက တောင်ပြိုမှုအတွင်း ပျက်စီးသွားခဲ့သော လူပုံစံ ရေခဲရုပ်တုတစ်ခုထံမှ မူလချီစွမ်းအင်မျှင်လေး တစ်မျှင် ထွက်ပေါ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ချီနဂါးခန်းမမှ မူလနယ်ပယ်အကြီးအကဲတစ်ဦး၏ မူလချီစွမ်းအား ဖြစ်ရမည်။

နတ်ပိုးချည်မျှင်သည် ထိုမူလချီစွမ်းအင်ကို ဝန်းရံကာ ပြန်လည် ဆွဲယူလာခဲ့သည်။

"နောက်တစ်မျှင် ထပ်တွေ့ပြန်ပြီ။"

မကြာမီမှာပင် စူးချန်ခုန်းသည် ဒုတိယမြောက် မူလချီစွမ်းအင်ကို ထပ်မံ တွေ့ရှိလိုက်သည်။

စူးချန်ခုန်းသည် ပြိုကျနေသော ချီနဂါးခန်းမအတွင်း၌ နတ်ပိုးချည်မျှင်များကို အသုံးပြုကာ ဆက်လက် ရှာဖွေနေခဲ့သည်။ သီအိုရီအရ စူးချန်ခုန်း၏ နတ်ပိုးချည်အတွင်းအား လုံလောက်နေသရွေ့ သူ၏ နတ်ပိုးချည်မျှင်များသည် မိုင်ပေါင်းများစွာအထိ ဖြန့်ကျက်နိုင်စွမ်း ရှိသည်။

စူးချန်ခုန်း၏ အာရုံခံစားမှုအတွင်း၌ နတ်ပိုးချည်မျှင်များမှာ ချီနဂါးခန်းမတစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးနောက် ဘာမျှ ထပ်မတွေ့တော့သဖြင့် သူ ရပ်တန့်လိုက်သည်။

သို့သော် ရရှိခဲ့သော အရာမှာ အလွန်ပင် တန်ဖိုးရှိလှသည်။

"မူလချီစွမ်းအင် ကိုးမျှင်တောင်လား။"

စူးချန်ခုန်း၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလျက်။ သူ၏ လက်ထဲတွင် မူလချီစွမ်းအင် ကိုးမျှင်ထက်မနည်း ရှိနေခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ စွမ်းအင်ကြွယ်ဝသော ကျုံးလင်တောင်၌ပင် နှစ်ပေါင်း တစ်ရာလျှင် မူလချီစွမ်းအင် လေးငါးမျှင်ခန့်သာ ထွက်ပေါ်တတ်သည်။

ချီနဂါးခန်းမအတွင်း၌ ဤမျှအထိ မူလချီစွမ်းအင်များ ရှိနေရခြင်းမှာ မူလနယ်ပယ်စစ်သည်တော် လေးငါးဆယ်ခန့်သည် ဤနေရာ၌ ကျင့်ကြံနေရင်း တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ကြခြင်းကြောင့် ဖြစ်သည်။

"ဒီမူလချီစွမ်းအင်တွေကို သန့်စင်ပြီးရင် ငါ ထွက်သွားတော့မယ်"

ဤနေရာတွင် အချိန်အတော်ကြာ ကြန့်ကြာခဲ့ပြီးဖြစ်ရာ စူးချန်ခုန်းမှာ ထပ်ပြီး အချိန်မဖြုန်းလိုတော့ပေ။ သူ တင်ပျဉ်ခွေထိုင်ကာ လိပ်အသက်ရှူနည်းပညာကို အသုံးပြုပြီး ထိုမူလချီစွမ်းအင်များကို စတင် သန့်စင်လိုက်သည်။

မူလချီစွမ်းအင်သည် အလွန်ပင် တန်ဖိုးကြီးလှသည်။ အတိုင်းအတာတစ်ခုအထိ ပြောရမည်ဆိုလျှင် ဂိုဏ်းကြီးများအတွက် မူလချီစွမ်းအင် တစ်မျှင်သည် မူလနယ်ပယ်သိုင်းပညာရှင် တစ်ဦးနှင့် ညီမျှသည်။ ဂိုဏ်းကြီးများရှိ သိုင်းပညာရှင် အမြောက်အမြားမှာ ချီသွေးနယ်ပယ်မှာပင် ပိတ်မိနေကြပြီး မူလချီစွမ်းအင် တစ်မျှင်ကို ရရှိရန် အလွန်ပင် တောင့်တနေကြသည်။

သို့သော်လည်း စူးချန်ခုန်းအတွက်မူ မူလချီစွမ်းအင်သည် မည်မျှပင် တန်ဖိုးရှိစေကာမူ ၎င်း၏ အနှစ်သာရမှာ မိမိ၏ ခွန်အားကို မြှင့်တင်ရန်အတွက်သာ ဖြစ်ပြီး ခွန်အားသည်သာ အခြေခံအကျဆုံး ဖြစ်သည်။

အဖိုးတန်လှသော မူလချီစွမ်းအင်များမှာ တစ်မျှင်ပြီးတစ်မျှင် စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာဖြင့် သန့်စင်ခြင်း ခံလိုက်ရပြီး လိပ်အသက်ရှူနည်း ချီစွမ်းအင်အတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။ ချီစွမ်းအား၏ အရည်အသွေးမှာလည်း ဆက်လက် မြင့်တက်နေခဲ့သည်။

အစဉ်အမြဲ ကျယ်ပြန့်လာသော ရေကန်ကြီးတစ်ခုကဲ့သို့ပင် ချီစွမ်းအားများမှာ ပိုမိုသန့်စင်ပြီး ပိုမိုသန်မာလာခဲ့သည်။

အချိန်အတော်ကြာ သန့်စင်ပြီးနောက်တွင် စူးချန်ခုန်းသည် မူလချီစွမ်းအင် ဆယ်မျှင်ခန့်ကို အသုံးပြုလိုက်ပြီးဖြစ်ရာ သူ၏ လိပ်အသက်ရှူနည်းချီစွမ်းအားမှာ ယခင်ကထက် အနည်းဆုံး သုံးဆယ်မှ လေးဆယ် ရာခိုင်နှုန်းခန့် ပိုမိုအားကောင်းလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ အတွင်းအားအဆင့်အရ သုံးဆယ်မှ လေးဆယ် ရာခိုင်နှုန်း တိုးတက်လာခြင်းမှာ အလွန်ပင် ကြီးမားသော တိုးတက်မှု ဖြစ်သည်။

လိပ်အသက်ရှူနည်းပညာ (ဒသမအဆင့်၊ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေခြင်း ၁၀%)

လိပ်အသက်ရှူနည်းပညာ၏ ကျင့်စဉ်တိုးတက်မှုမှာလည်း ၁၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

"ဒါက... ရှေ့ကို ဆက်သွားလေလေ ပိုခက်ခဲလာလေလေပဲ။ လိပ်အသက်ရှူနည်းပညာကို နောက်ထပ် အဆင့်တက်အောင် လုပ်ဖို့ဆိုရင် မူလနယ်ပယ်ချီစွမ်းအင်တွေ ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး လိုမှာ မဟုတ်လား။"

အခန်း (၄၇၁) မူလနယ်ပယ်သို့ တက်လှမ်းခြင်း။ လောကကို တုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော လိပ်အသက်ရှူနည်းပညာ။ (၅)

စူးချန်ခုန်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားသည်။ လိပ်အသက်ရှူနည်းပညာကို နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရန်မှာ အလွန်ပင် ခက်ခဲသော ခရီးတစ်ခုဖြစ်မည်ကို သူ သိလိုက်လေပြီ။

သို့သော်လည်း စူးချန်ခုန်းမှာ မမျှော်လင့်ဘဲ မနေနိုင်ချေ။ လိပ်အသက်ရှူနည်းပညာ အဆင့် ၁၀ သို့ ရောက်ရှိခြင်းမှာပင် မူလနယ်ပယ်သို့ ပြန်လည်ရောက်ရှိစေကာ မူလနယ်ပယ်ချီစွမ်းအင်များကို သန့်စင်ပြီး အတွင်းအားကို မြှင့်တင်ပေးနိုင်သည်။ အကယ်၍ အဆင့် ၁၁ သို့သာ ရောက်ရှိသွားမည်ဆိုပါက ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာမည်မှာ ဧကန်မလွဲပင်။

"သွားမယ်"

စူးချန်ခုန်း မတ်တပ်ရပ်လိုက်သည်။ ချီနဂါးခန်းမအတွင်းမှ ရရှိသော မူလနယ်ပယ် ချီစွမ်းအင်အားလုံးကို သန့်စင်ပြီးနောက် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့သဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

တောင်ပြိုကျမှုကြောင့် တောင်ထိပ်မှာ နိမ့်ဆင်းသွားခဲ့ပြီး ချီနဂါးခန်းမမှာလည်း မြေမြုပ်သွားခဲ့ရာ လမ်းကြောင်းအားလုံး ပိတ်ဆို့နေသည်။ စူးချန်ခုန်း လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ လက်နှစ်ဖက်ကို အသုံးပြုကာ အပေါ်သို့ တိုက်ရိုက် လမ်းကြောင်းဖောက်ပြီး တူးဖောက်ထွက်ခွာရန်ပင် ဖြစ်သည်။

"ရွှီး ရွှီး"

သူ၏ လက်ဖဝါးများကို လက်သည်းများသဖွယ် ပြုလုပ်ကာ အပေါ်ဘက်ရှိ ကျောက်လွှာများကို စတင်တူးဆွလိုက်သည်။ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းနှင့် ကောင်းကင်ကြောကို ဖွင့်နိုင်ခြင်းတို့ကြောင့် သဘာဝစွမ်းအင်များမှာ သူ၏ကိုယ်ခန္ဓာကို ပိုမိုသန်မာစေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာခွန်အားမှာ ယခင်နှင့် မယှဉ်နိုင်အောင် သန်မာနေပြီး မာကျောလှသော ကျောက်တုံးများကို တူးဆွရာတွင် ပဲပြားကို လှီးဖြတ်နေရသကဲ့သို့ပင် လွယ်ကူနေသည်။

စူးချန်ခုန်းသည် လူတစ်ကိုယ်စာ ဝင်ဆံ့နိုင်သော လမ်းကြောင်းတစ်ခုကို ဖောက်ကာ အပေါ်သို့ တဖြည်းဖြည်း တက်လာခဲ့သည်။

စူးချန်ခုန်း၏ ခန့်မှန်းချက်အရ သူသည် ရက်အနည်းငယ်ကြာအောင် တူးဆွခဲ့ရပြီး အမြင့် မီတာ တစ်ထောင်ကျော်အထိ ရောက်ရှိလာခဲ့သည်။ နောက်ဆုံးတွင် အပေါ်ဘက်မှ လတ်ဆတ်သော လေထုနှင့် ကျဆင်းနေသော နှင်းစက်များကို ခံစားလိုက်ရချိန်တွင် သူသည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်ရသည်။

"ဟူး... ဟူး...ဟူး"

တူးထားသော လမ်းကြောင်းအတွင်းမှ ထွက်ပေါ်လာပြီးနောက် စူးချန်ခုန်းသည် လတ်ဆတ်သော လေထုကို ဝဝလင်လင် ရှူရှိုက်လိုက်သည်။ နှင်းဖုံးနေသော ဤနေရာ၌ အေးစက်လှသော လေထုဖြစ်သော်လည်း သူသည် အလွန်ပင် စိတ်လှုပ်ရှားနေလေ၏။

ညအချိန်ဖြစ်သဖြင့် နှင်းချောက်နက်တောင်တန်း တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး လူရိပ်လူခြေ မရှိချေ။ လွင့်စင်ကျလာသော နှင်းစက်ကလေးများသာ ရှိနေပြီး ဤဖြူလွလွ ကမ္ဘာကြီးထဲတွင် စူးချန်ခုန်း တစ်ဦးတည်းသာ ရပ်နေသည်။

နေရောင်မရသော မြေအောက်အမှောင်ထဲတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သဖြင့် မြေပြင်ပေါ်သို့ ပြန်ရောက်ချိန်တွင် စူးချန်ခုန်း ပထမဆုံး လုပ်ဆောင်လိုက်သည်မှာ အားရပါးရ အော်ဟစ်လိုက်ခြင်းပင် ဖြစ်သည်။

"အား..."

စူးချန်ခုန်း၏ အော်သံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားခဲ့ပြီး ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ပြင်းထန်လှရာ ကျဆင်းနေသော နှင်းစက်များပင် ထိုအသံလှိုင်းကြောင့် အမှုန့်ဖြစ်သွားခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း"

မလှမ်းမကမ်းရှိ တောင်ထိပ်တစ်ခုမှာ သူ၏ အော်သံကြောင့် တုန်ခါသွားပြီး နှင်းများ လျှောကျလာခဲ့သည်။ ဖြူဖွေးသော နှင်းထုကြီးမှာ တောင်စောင်းအတိုင်း စစ်တပ်ကြီးတစ်ခု ချီတက်လာသကဲ့သို့ တဝုန်းဝုန်းနှင့် အောက်သို့ လိမ့်ဆင်းလာခဲ့သည်။ ၎င်းမှာ လူသားတို့ မတွန်းလှန်နိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုပင်။

သို့သော်လည်း စူးချန်ခုန်းမှာမူ နောက်ဆုတ်မသွားဘဲ ပြင်းထန်စွာ လျှောကျလာသော ထိုနှင်းများဆီသို့ တိုက်ရိုက် ပြေးဝင်လိုက်သည်။ သူသည် လိပ်အသက်ရှူနည်းပညာကို အသုံးပြုကာ လိပ်အသက်ရှူနည်းချီစွမ်းအင်များကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်သည်။

"ရွှီး..."

ဖျော့တော့သော အပြာရောင် လိပ်အသက်ရှူနည်း ချီစွမ်းအင်များသည် ဒီရေကဲ့သို့ ပေါက်ကွဲထွက်လာပြီး သူ၏ ကိုယ်ခန္ဓာပတ်လည် လေးငါးမီတာအထိ ဖြန့်ကျက်သွားသည်။ အဆောက်အအုံမြင့်ကြီးများကိုပင် အလွယ်တကူ ဖြိုလဲနိုင်သော နှင်းထုကြီးသည် စူးချန်ခုန်း ထုတ်လွှတ်လိုက်သော လိပ်အသက်ရှူနည်းချီစွမ်းအင်နှင့် ထိတွေ့မိသောအခါ နောက်သို့ ပြန်လည် လွင့်စင်သွားခဲ့ရသည်။

၎င်းမှာ အဖြူရောင် ရေတံခွန်ကြီးတစ်ခု အပေါ်သို့ ပြန်လည် ဆန်တက်သွားသည့်အလား။

ဤမြင်ကွင်းမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပြီး လူသားတစ်ဦး၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ခွန်အားဟုပင် မယုံကြည်နိုင်စရာပင်။

"သတ်"

စူးချန်ခုန်းသည် သူ၏ စိတ်ကျဉ်းကျပ်မှုများကို ဖွင့်ထုတ်ရန်နှင့် သူ၏ လက်ရှိခွန်အားကို စမ်းသပ်ရန် လိုအပ်နေသည်။ သူသည် သံဖြတ်ဓားကို ဆွဲထုတ်ကာ အပေါ်သို့ ခုန်တက်လိုက်ပြီး ဓားစွမ်းအင်များကို စုစည်းလိုက်သည်။ သူ၏ ဓားချက်များမှာ အပေါ်သို့ ပင့်ခုတ်ခြင်း၊ ဘေးတိုက် ပိုင်းဖြတ်ခြင်းနှင့် ထောင်လိုက်ခွဲထုတ်ခြင်းများ ဖြစ်ကာ ဓားချက်တိုင်းမှာ ကောင်းကင်ယံ၌ သောင်းကျန်းနေသော ငွေရောင်နဂါးတစ်ကောင်ကဲ့သို့ ထက်မြက်လှသည်။

"ရွှီး ရွှီး ရွှီး"

စူးချန်ခုန်း၏ ဓားချက်များကြောင့် အပေါ်သို့ လွင့်တက်သွားသော နှင်းထုကြီးမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲကာ အောက်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။

ဓားသိုင်းကကွက်များကို ထုတ်ပြပြီးနောက် စူးချန်ခုန်းသည် သံဖြတ်ဓားကို ပစ်လွှတ်လိုက်ရာ နတ်ပိုးချည် ချီစွမ်းအားများမှာ အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားရိုးကို ဝန်းရံလိုက်သည်။ သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်ရုံဖြင့် သံဖြတ်ဓားမှာ အသက်ဝင်လာသကဲ့သို့ ဖြစ်လာပြီး မီတာရာပေါင်းများစွာ အကွာအဝေးရှိ သစ်ပင်များကို ဘေးတိုက် ပိုင်းဖြတ်ပစ်လိုက်သည်။

ဤအမှောင်ထုအတွင်း စူးချန်ခုန်း၏ လှုပ်ရှားမှုမှာ ဒဏ္ဍာရီလာ 'ဓားပျံသိုင်း' နှင့်ပင် ဆင်တူနေသည်။ နတ်ပိုးချည်မျှင်များသည် ဓားရိုးကို ထိန်းချုပ်ထားသဖြင့် သံဖြတ်ဓားမှာ သူ၏ လက်မောင်းတစ်ခုကဲ့သို့ပင် စိတ်တိုင်းကျ လှုပ်ရှားနေသည်။

နှင်းထုအတွင်း အားရပါးရ စမ်းသပ်ပြီးနောက် စူးချန်ခုန်း ရပ်တန့်လိုက်သည်။ သူ၏ အသက်ရှူသံမှာ မှန်မှန်ဖြစ်လာပြီး မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိခြင်းအတွက် ဝမ်းမြောက်နေသော စိတ်မှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

နှင်းချောက်နက်တောင်တန်းသို့ လာခဲ့သော ခရီးစဉ်မှာ အံ့အားသင့်စရာများနှင့် ပြည့်နှက်နေခဲ့သည်။ စူးချန်ခုန်းသည် မူလချီစွမ်းအင် တစ်မျှင်ရယူရန်သာ ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ တောင်အတွင်း၌ မူလချီစွမ်းအင်ထက် အဆပေါင်းများစွာ ပိုမိုရှားပါးသော နတ်ဘုရားမျိုးစေ့ ရှိနေခဲ့သည်။ ထို့ကြောင့် ဖုန်းရိယွဲ့နှင့် အခြားသူများမှာ အပြင်းအထန် လုယူခဲ့ကြခြင်း ဖြစ်သည်။ သူသည် ထိုပဋိပက္ခကြားတွင် ပါသွားခဲ့ရပြီး နတ်ဘုရားမျိုးစေ့၏ စွမ်းအားကြောင့် အေးခဲသွားခဲ့ရာမှ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

"ငါ့ရဲ့ လက်ရှိခွန်အားကတော့ အသစ်တစ်ဖန် ပြန်မွေးဖွားလာသလိုပဲ။ အနည်းဆုံးတော့ ကျုံးယွဲ့လိုလူမျိုးက ငါ့ရှေ့မှာဆိုရင် စက္ကူပါးလေးလို ဖြစ်နေမှာပဲ။ ဘယ်လိုမှ ပြန်တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ မိစ္ဆာလူသား ဖုန်းရိယွဲ့နဲ့ ယှဉ်ရင်တော့ ငါ့မှာ အားနည်းချက်တွေ ရှိနေဦးမယ်လို့ ထင်တယ်"

စူးချန်ခုန်းသည် သူ၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်လိုက်သည်။

မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းနှင့် လိပ်အသက်ရှူနည်းပညာ အဆင့် ၁၀ သို့ ရောက်ရှိသွားခြင်းတို့ကြောင့် သူသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဖုန်းရိယွဲ့မှာ မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရုံသာမက အလယ်အလတ်အဆင့်ရှိ နတ်ဆိုးအမြုတေကိုလည်း သန့်စင်ထားသူ ဖြစ်သည်။ သူ၏ မသေမျိုး ကိုယ်ခန္ဓာတစ်ခုတည်းနှင့်ပင် တူညီသောအဆင့်ရှိ သိုင်းပညာရှင်များအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေသည်။

ထို့ပြင် ထိုအချိန်က ဖုန်းရိယွဲ့သည် နေမိစ္ဆာကိုယ်ခန္ဓာနှင့် လမိစ္ဆာကိုယ်ခန္ဓာများအဖြစ်သို့ အသွင်ပြောင်းလဲနိုင်သည်။ နေမိစ္ဆာကိုယ်ခန္ဓာ တစ်ခုတည်းမှာပင် စူးချန်ခုန်းနှင့် ဟုန်ကျန်းရှန့်တို့အတွက် ရင်ဆိုင်ရန် အလွန်ခက်ခဲခဲ့သည်။ အကယ်၍ ထိုမိစ္ဆာကိုယ်ခန္ဓာနှစ်ခုလုံး ပေါင်းစည်းသွားမည်ဆိုပါက ပို၍ ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာလှသည်။

လက်ရှိအခြေအနေအရ စူးချန်ခုန်းသည် သူ့ကို ရင်ဆိုင်ပါက ရှုံးနိမ့်ရန် အခွင့်အလမ်း ပိုများနေသေးသည်။

သို့သော်လည်း စူးချန်ခုန်းသည် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ သူသည် မူလနယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး လိပ်အသက်ရှူနည်းပညာမှာလည်း အဆင့်တက်သွားခဲ့သည်။ သူ၏ အသက်တမ်းနှင့် စွမ်းရည်ရမှတ်များလည်း တိုးလာခဲ့ပြီ ဖြစ်သည်။ အတားအဆီးများ မရှိတော့သဖြင့် သူ၏ တိုးတက်မှုမှာ အလွန်ပင် လျင်မြန်နေမည် ဖြစ်သည်။ ဖုန်းရိယွဲ့ကို နောက်ဆုံးတော့ အနိုင်ယူနိုင်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။

"အရင်ဆုံး ဝိညာဉ်လမ်းစဉ်ဂိုဏ်းကို ပြန်ရမယ်..."

စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်ရန်အတွက် ခရီးစတင်လိုက်သည်။

သူသည် အလျင်အမြန် ခရီးနှင်ခဲ့ပြီး အမြဲတမ်း နှင်းဖုံးနေသော နှင်းချောက်နက်တောင်တန်းမှ ထွက်ခွာလာခဲ့သည်။ ရက်သတ္တပတ်ခန့် ကြာပြီးနောက်တွင် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းဂိုဏ်း တည်ရှိရာ ကျုံးလင်တောင်သို့ ရောက်ရှိလာခဲ့သည်။

All Chapters