အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း (၄၇၅) နတ်ဘုရားလက်နက်အိမ်တော်။ မိစ္ဆာနှိမ်နင်းရေး နတ်ဘုရားလက်နက်။ (၃)
မိစ္ဆာသတ် နတ်ဘုရားလက်နက် ဆိုသည်မှာ နတ်ဘုရားလက်နက်အိမ်တော်အတွင်း၌ ပြောဆိုရန် တားမြစ်ထားသော အကြောင်းအရာတစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာသတ် နတ်ဘုရားလက်နက်သည် မိစ္ဆာနတ်ဆိုးများ၏ အမတကိုယ်ခန္ဓာကို နှိမ်နင်းနိုင်စွမ်း ရှိသဖြင့် ၎င်းမှာ ထိုနတ်ဆိုးများ၏ ရန်ငြိုးဖွဲ့မှုကို ခံရမည်မှာ သေချာလှသည်။ ထို့ကြောင့် ရှေးယခင်ကတည်းက နတ်ဘုရားလက်နက်အိမ်တော်သည် မိစ္ဆာနှိမ်နင်းရေး နတ်ဘုရားလက်နက်ကို မည်သည့်အခါမျှ သွန်းလုပ်ခြင်း မရှိခဲ့သလို ထိုအရာကို ပြုလုပ်နိုင်သည်ဟုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။
အကယ်၍ အင်အားကြီးသော မိစ္ဆာနတ်ဆိုးများ၏ ခြောက်လန့်မှုကို ခံရမည်ဆိုပါက တစ်အိမ်တော်လုံး ပျက်စီးသွားနိုင်သည့် အန္တရာယ် ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
လုယာ သက်ပြင်းချကာ ပြုံးလျက် ပြောလိုက်သည်။ "မိတ်ဆွေလေးစူး... ဒီကိစ္စကို ငါနဲ့ပဲ ပြောတာ ကောင်းလိမ့်မယ်။ မိစ္ဆာသတ် နတ်ဘုရားလက်နက်ဆိုတာ... ငါ့အဆင့်ကို ထားလိုက်ဦး။ ငါတို့ရဲ့ အိမ်တော်သခင်ကိုယ်တိုင်တောင် မလုပ်နိုင်ဘူး။ အဲဒါက ဘယ်လိုမျိုးလဲ၊ ဘယ်လို ထူးခြားတဲ့ စွမ်းအင်တွေ ရှိသလဲဆိုတာကို ငါလည်း လုံးဝ မသိဘူး။"
"အဲ့လိုလား..."
ထိုစကားကို ကြားရသောအခါ စူးချန်ခုန်း အနည်းငယ် စိတ်ပျက်သွားသည်။ လုယာက လိမ်ညာနေတာလား ဒါမှမဟုတ် နတ်ဘုရားလက်နက်အိမ်တော်က အမှန်တကယ်ပင် မသွန်းလုပ်နိုင်တာလား ဆိုသည်ကို သူ မဝေခွဲနိုင်ချေ။
...
"ကျွန်တော် နတ်ဘုရားလက်နက်အိမ်တော်မှာ ခဏလောက် အလုပ်လုပ်လို့ ရမလား။ ကျွန်တော် လက်နက်သွန်းလုပ်တာကို တကယ် ဝါသနာပါတာပါ။ နောင်တစ်ချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက်နဲ့ မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်"
နောက်ဆုံးတွင် စူးချန်ခုန်းသည် လိုက်လျောမှုပြုကာ အလွန်ပင် ရိုးသားစွာ တောင်းဆိုလိုက်သည်။
နတ်ဘုရားလက်နက်အိမ်တော်၌ မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်နိုင်သော နည်းပညာနှင့် စွမ်းရည် မရှိဟု လုယာက ပြောသော်လည်း သူတို့၏ လက်နက်များကို ကြည့်ရုံဖြင့် သူတို့၏ သွန်းလုပ်မှု အတတ်ပညာမှာ အလွန်ပင် ထူးကဲကြောင်း စူးချန်ခုန်း သိခဲ့သည်။ ထို့ကြောင့် သူသည် အိမ်တော်အတွင်း၌ အချိန်အတန်ကြာ အလုပ်လုပ်ရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
စူးချန်ခုန်းသည် လက်နက်သွန်းလုပ်ခြင်းကို အမှန်တကယ်ပင် မြတ်နိုးသူဖြစ်ပြီး နောင်တစ်ချိန်တွင် မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်နိုင်ရန်အတွက် ခိုင်မာသော ပန်းပဲပညာရှိရန် လိုအပ်သည်ကို သူသိသည်။ ကြိုတင်ပြင်ဆင်ခြင်းမှာ အကောင်းဆုံးဖြစ်သဖြင့် လက်နက်သွန်းလုပ်ခြင်းကို လေ့ကျင့်ခြင်းက သူ့အတွက် အကျိုးရှိပေလိမ့်မည်။
ထို့ပြင် ပန်းပဲပညာမှာ ကိရိယာတန်ဆာပလာများ ပြုလုပ်ခြင်းသက်သက် မဟုတ်ချေ။ စူးချန်ခုန်းသည် ယခင်က သူ၏ ပန်းပဲအတတ်ပညာကို အသုံးပြုကာ ဓားစွမ်းအားမှ ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲအောင် ကျင့်ကြံခဲ့ဖူးသည်။
လောကရှိ နည်းစနစ်အားလုံးမှာ ဆက်နွယ်နေကြသည်။ မိမိ၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော မည်သည့်အရာကိုမဆို သိုင်းပညာ၏ ပြင်ပသို့ ရောက်နေသည်ဟု မဆိုနိုင်ချေ။
ဓားသမားအချို့သည် စာလုံးအလှရေးခြင်းကို လေ့ကျင့်သကဲ့သို့ပင် အခြေခံရည်ရွယ်ချက်မှာ အခြားသော အတတ်ပညာများမှတစ်ဆင့် သိုင်းပညာကို နားလည်သဘောပေါက်နိုင်ရန်ပင် ဖြစ်သည်။
စူးချန်ခုန်းတွင် အခြားသော မကောင်းသည့် ရည်ရွယ်ချက်များ မရှိဘဲ ပန်းပဲပညာရပ်ကိုသာ သင်ယူလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ပွင့်လင်းရိုးသားစွာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူက တစ်ခုခုကို ဖုံးကွယ်ပြီး အကြောင်းပြချက်များ ပေးနေမည်ဆိုပါက သံသယဖြစ်ဖွယ်သာ ကောင်းပေမည်။ မိမိ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပြခြင်းမှာ အကောင်းဆုံး ဖြစ်သည်။
ထိုစကားများကြောင့် လုယာသည် မျက်မှောင်ကြုတ်သွားလေ၏။ သူ၏ အမြင်အရ ရှေ့မှ ခပ်ချောချောလူငယ်လေးမှာ သာမန်လူတစ်ယောက်ကဲ့သို့ပင် ထင်ရသော်လည်း သူသည် ထူးခြားသော ပန်းပဲပညာရှိရုံသာမက မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်ရန်အထိ ရည်မှန်းချက် ရှိနေခြင်းက သူသည် သာမန်လူ မဟုတ်ကြောင်း သက်သေပြနေသည်။
ဒီလို လျှို့ဝှက်ဆန်းကျယ်တဲ့ လူငယ်လေးက နတ်ဘုရားလက်နက်အိမ်တော်မှာ နေလိုတယ်တဲ့လား။
စူးချန်ခုန်း၏ ရိုးသားသော အမူအရာကို မြင်သောအခါ လုယာက နောက်ဆုံးတွင် ပြောလိုက်သည်။ "ဒီကိစ္စကို အိမ်တော်သခင်ကို အရင် တိုင်ပင်ကြည့်ရဦးမယ်"
"ဒီလိုဆိုရင် ကျေးဇူးတင်ပါတယ်" စူးချန်ခုန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
ထို့နောက် လုယာသည် စူးချန်ခုန်းကို စောင့်ဆိုင်းခိုင်းကာ နတ်ဘုရားလက်နက်အိမ်တော်၏ အိမ်တော်အရှင်ကို သွားရောက်ရှာဖွေခဲ့သည်။
နတ်ဘုရားလက်နက်အိမ်တော်အတွင်းရှိ လက်နက်သွန်းလုပ်ရေး အခန်းတစ်ခုအတွင်း၌ မြေပြင်ပေါ်ရှိ မြောင်းများအတွင်း မြေအောက်မီးများ စီးဆင်းနေသည်။ အခန်းတွင်း အပူချိန်မှာ အလွန်ပင် ပြင်းထန်လှရာ ခဏအတွင်း၌ပင် လူတစ်ယောက်ကို ရေဓာတ်ကုန်ခမ်းကာ ထိတ်လန့်သွားစေနိုင်လောက်သည်။
"ဒေါင်... ဒေါင်... ဒေါင်..."
သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦးသည် လေးလံသော တူကို အသုံးပြုကာ ပေပေါ်ရှိ လက်နက်ကို အဆက်မပြတ် ထုရိုက်နေသည်။ သူ၏ ကြွက်သားတက်နေသော လက်မောင်းများမှာ အားအင်အပြည့် ရှိနေပြီး တူချက်တိုင်းက တစ်အိမ်လုံးကို တုန်ခါသွားစေသကဲ့သို့ပင်။
ထိုအမျိုးသားမှာ အရပ်ရှည်ပြီး ဗလကောင်းသူ ဖြစ်ကာ အသက် ၄၀ ဝန်းကျင်ခန့် ရှိပြီး နက်မှောင်သော မုတ်ဆိတ်ကွေးများ၊ ထူထဲသော မျက်ခုံးများနှင့် မျက်လုံးအစုံမှာလည်း ကြီးမားလှရာ သူ၏ ရုပ်သွင်မှာ ကြမ်းတမ်းသော်လည်း အမိန့်ပေးနိုင်သော အရှိန်အဝါ ရှိသည်။
"ဦးလေးလု... ဘာများ လိုအပ်လို့လား"
တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ထိုအမျိုးသားသည် လက်နက်သွန်းလုပ်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် အရက်အိုးကို လှမ်းယူကာ အငမ်းမရ သောက်လိုက်ပြီးနောက် တံခါးဝ၌ စောင့်ဆိုင်းနေသော လုယာကို ကြည့်ကာ မေးလိုက်သည်။
ဤအမျိုးသားမှာ အခြားသူမဟုတ်ဘဲ နတ်ဘုရားလက်နက်အိမ်တော်၏ အိမ်တော်သခင် နန်ကုန်းမင်ပင် ဖြစ်သည်။
နန်ကုန်းမင်သည် ထူးခြားသော လက်နက်သွန်းလုပ်မှု စွမ်းရည်ရှိသည့် 'နတ်ဘုရားပန်းပဲဆရာ' တစ်ဦး ဖြစ်ရုံသာမက ခန့်မှန်းရခက်သော သိုင်းပညာအဆင့်အတန်း ရှိသည့် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။ မဟာမီးလျှံအင်ပါယာ တော်ဝင်မိသားစုပင်လျှင် သူ့ကို အကြိမ်ကြိမ် လာရောက် ဖိတ်ခေါ်ခဲ့ဖူးသည်။
သို့သော်လည်း နန်ကုန်းမင်က ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ သူ၏ ဘိုးဘွားများ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော မျိုးရိုးစဉ်ဆက် လုပ်ငန်းကို ပြင်ပလူများက ဝင်ရောက်စွက်ဖက်ခြင်း မပြုလိုသောကြောင့် ဖြစ်သည်။
"ဒီနေ့ စူးထိုက်လိုင်ဆိုတဲ့ လူငယ်လေးတစ်ယောက် အိမ်တော်ကို ရောက်လာတယ်..."
လုယာသည် စူးချန်ခုန်း ရောက်ရှိလာပုံနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နန်ကုန်းမင်အား ပြောပြလိုက်သည်။
"သူက ထူးခြားတဲ့ ပန်းပဲပညာရှိရုံတင်မကဘဲ လက်နက်တွေကို ကြည့်ရုံ၊ ထိရုံနဲ့ သွန်းလုပ်မှု ဖြစ်စဉ်ကို ခန့်မှန်းနိုင်တယ် ဟုတ်လား။ ပြီးတော့ သူကိုယ်တိုင် မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်ချင်တယ်လို့ ပြောတယ်ပေါ့။"
ထိုစကားကို ကြားရသောအခါ နန်ကုန်းမင်၏ မျက်လုံးများတွင် စိတ်ဝင်စားဟန်များ ဖြတ်ပြေးသွားလေ၏။
မိစ္ဆာသတ် နတ်ဘုရားလက်နက်ဆိုသည်မှာ မည်သည့် ပန်းပဲဆရာမဆို အိပ်မက်မက်ကြသော မိမိတို့၏ အသက်နှင့်လဲ၍ သွန်းလုပ်လိုကြသော အမြင့်ဆုံး လက်ရာမွန်ကြီးပင် ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်းထောင်ချီ ကျော်ကြားမည့် ဒဏ္ဍာရီလာ ဓားများကို သွန်းလုပ်ရန်အတွက် မိမိတို့၏ ဆွေမျိုးသားချင်းများ သို့မဟုတ် မိမိကိုယ်ကိုယ်ပင် သွေးဖြင့် ယဇ်ပူဇော်ခဲ့ကြသော ဆရာကြီးများစွာ ရှိခဲ့ဖူးသည်။
"သူက နောင်တစ်ချိန်မှာ သူ့ကိုယ်ပိုင်လက်နဲ့ မိစ္ဆာသတ် နတ်ဘုရားလက်နက်ကို သွန်းလုပ်ချင်တယ် ဟုတ်လား။ တကယ်လို့ အဲ့ဒီလူငယ်မှာ ပါရမီနဲ့ ရည်မှန်းချက် ရှိတယ်ဆိုရင် သူ့ကို နေခွင့်ပေးလိုက်ပါ"
ခဏလောက် တွေးတောပြီးနောက် နန်ကုန်းမင်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး အားရပါးရ ရယ်မောလိုက်သည်။
"ဟုတ်ကဲ့ပါ"
နန်ကုန်းမင် သဘောတူတာကို မြင်တော့ လုယာက ခေါင်းညိတ်လိုက်သည်။
နန်ကုန်းမင် သဘောတူလိုက်ခြင်းမှာ ထိုလူငယ်၏ မိစ္ဆာသတ် နတ်ဘုရားလက်နက် သွန်းလုပ်လိုသော ဆန္ဒကြောင့် ဖြစ်ကြောင်း လုယာ သိလိုက်သည်။ နန်ကုန်းမင်ကိုယ်တိုင်လည်း နတ်ဘုရားလက်နက်အိမ်တော်သခင်အဖြစ် သိုင်းပညာရှင်များစွာအတွက် လက်နက်များစွာ သွန်းလုပ်ပေးခဲ့သော်လည်း သူ မသေဆုံးမီ မိစ္ဆာသတ် နတ်ဘုရားလက်နက် တစ်ခုကို သွန်းလုပ်လိုသည်မှာ သူ၏ တစ်သက်တာ ဆန္ဒပင် ဖြစ်သည်။
မိမိနှင့် ရည်မှန်းချက် တူညီသော လူငယ်တစ်ဦးကို တွေ့ရှိသောအခါ နန်ကုန်းမင်သည် အလိုလိုပင် ကူညီလိုစိတ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားလက်နက်အိမ်တော်၏ ဧည့်ခန်းအတွင်း၌ လုယာသည် ပြန်လည်ရောက်ရှိလာပြီး စူးချန်ခုန်းနှင့် တွေ့ဆုံလိုက်သည်။
"မိတ်ဆွေလေးစူး... အိမ်တော်သခင်က မင်းကို နတ်ဘုရားလက်နက်အိမ်တော်မှာ နေထိုင်ဖို့ သဘောတူလိုက်ပြီ။ သတ်မှတ်ချက်တွေကတော့ အိမ်တော်ထဲက တခြားသူတွေနဲ့ အတူတူပါပဲ။ ရရှိတဲ့ အကျိုးအမြတ်ရဲ့ လေးဆယ်ရာခိုင်နှုန်းကိုတော့ အိမ်တော်ကို ပေးဆောင်ရပါမယ်" လုယာက စူးချန်ခုန်းကို ရှင်းပြလိုက်သည်။
"အကြီးအကဲလုနဲ့ အိမ်တော်သခင် နန်ကုန်းကို ကျေးဇူးတင်ပါတယ်။"
စူးချန်ခုန်း၏ မျက်လုံးများမှာ တောက်ပသွားပြီး ကျေးဇူးတင်ကြောင်း ဆိုလိုက်သည်။
နန်ကုန်းမင်က သူ့ကို အလွယ်တကူ နေထိုင်ခွင့် ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူသည် နန်ကုန်းမင်နှင့် မတွေ့ရသေးသော်လည်း နန်ကုန်းမင်မှာ ကိစ္စသေးသေးမွှားမွှားလေးများကို ဂရုမစိုက်ဘဲ ကျယ်ပြန့်သော စိတ်နှလုံးရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
အခန်း (၄၇၆) ပါရမီရှင်စွမ်းရည်။ နတ်ဘုရားအသိစိတ်ဖြင့် ဓားကို သန့်စင်ခြင်း။ (၁)
လုယာသည် စူးချန်ခုန်းအတွက် နေထိုင်စရာနေရာကို ကိုယ်တိုင်စီစဉ်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် အိမ်တော်အကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့သည်။ "ဒီအိမ်တော်ဝင်းကတော့ အနားယူဖို့နေရာပဲ။ လက်နက်သွန်းလုပ်တဲ့အခန်းကတော့ ဟိုးအပေါ်က တောင်ထိပ်ပေါ်မှာ ရှိတာ။ အဲဒီနေရာက မြေအောက်မီးရဲ့ အရှိန်ကို အပြည့်အဝရရှိနိုင်တာကြောင့် လက်နက်သွန်းလုပ်ရတာ ပိုပြီးတော့ အဆင်ပြေစေတယ်"
"ဒါကြောင့်ကိုး"
စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လုယာသည် စူးချန်ခုန်းကို တောင်ထိပ်ပေါ်ရှိ လက်နက်သွန်းလုပ်ရေးအခန်းများဆီသို့ လိုက်လံပြသခဲ့သည်။
တောင်ထိပ်ပေါ်ရှိ လက်နက်သွန်းလုပ်ရေးအခန်းအတွင်း၌ မီးဖိုကြီးများ တည်ရှိနေပြီး ၎င်းတို့၏အောက်တွင် ပူပြင်းလှသော ချော်ရည်များ စီးဆင်းနေသည်ကို စူးချန်ခုန်း မြင်တွေ့ခဲ့ရသည်။
"ဒေါင်... ဒေါင်... ဒေါင်..."
...
သန်မာထွားကြိုင်းသော အမျိုးသားများစွာသည် သူတို့၏ အပေါ်ပိုင်း ကိုယ်ဗလာနှင့် ပူပြင်းလှသော အခန်းအတွင်း၌ လက်နက်များကို သွန်းလုပ်နေကြသည်။
ထိုသူများမှာ သာမန်ပန်းပဲဆရာများ မဟုတ်ကြဘဲ တစ်ဦးချင်းစီမှာ ခန္ဓာကိုယ်သန်မာကာ ချီသွေးစွမ်းအား ပြည့်ဝနေကြသူများ ဖြစ်သည်။ အမှန်တကယ်တွင် မြေအောက်မီးအထက်၌ ရှိနေသော လက်နက်သွန်းလုပ်ရေးအခန်းမှာ အလွန်ပင် ပူပြင်းလှရာ သာမန်လူများအနေဖြင့် ထိုနေရာ၌ အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။
နတ်ဘုရားလက်နက်အိမ်တော်မှာ အမှန်တကယ်ပင် ကြွယ်ဝချမ်းသာပြီး အင်အားကြီးမားလှရာ သူတို့၏ အခြေခံအုတ်မြစ်မှာ သိုင်းပညာဂိုဏ်းကြီးများထက် မနိမ့်ကျချေ။
"လူသစ် ရောက်လာတာလား"
စူးချန်ခုန်း ရောက်ရှိလာခြင်းက ပန်းပဲဆရာများ၏ အာရုံကို ဖမ်းစားလိုက်ပြီး အားလုံးက စိတ်ဝင်တစား ရှိနေကြသည်။
နတ်ဘုရားလက်နက်အိမ်တော်၌ ပန်းပဲဆရာ အရေအတွက်မှာ အများကြီးမရှိဘဲ တစ်ရာကျော်ခန့်သာ ရှိသည်။ သူတို့သည် အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေးကြပြီး တစ်ဦးချင်းစီမှာလည်း အတော်လေး ထူးကဲကြသည်။ သူတို့သည် အရည်အချင်းမရှိသူ အမြောက်အမြားထက် အရည်အချင်းရှိသူ အနည်းငယ်ကိုသာ ပိုမိုနှစ်သက်ကြသည်။ စူးချန်ခုန်းကဲ့သို့သော လူငယ်တစ်ဦး နတ်ဘုရားလက်နက်အိမ်တော်သို့ ဝင်ရောက်လာခြင်းမှာ အမှန်တကယ်ပင် ရှားပါးလှသည်။
ထိုနေ့မွန်းလွဲပိုင်းမှာပင် လုယာ၏ စီစဉ်ပေးမှုဖြင့် စူးချန်ခုန်းသည် ဓားများသွန်းလုပ်ခြင်းဖြင့် အလုပ်စတင်ခဲ့သည်။
ထို့ပြင် နန်ကုန်းမင်၏ မှာကြားချက်ကြောင့် လုယာသည် စူးချန်ခုန်းကို ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့သည်။ စူးချန်ခုန်းသည် မေးခွန်းမေးလိုသည့်အခါတိုင်း လုယာကို မေးမြန်းရန် ဝန်မလေးခဲ့ဘဲ လုယာထံမှ ပညာရပ်များကို သင်ယူခဲ့သည်။
"ကိုးကြိမ်ပြန် အအေးခံနည်းစနစ်၊ အကြိမ်တစ်ရာ ခေါက်ရိုက်သံမဏိနည်းစနစ်၊ အကြိမ်တစ်သောင်းသန့်စင် ပျော့ပျောင်းနည်းစနစ်..."
နတ်ဘုရားလက်နက်အိမ်တော်၌ စူးချန်ခုန်းသည် သူတစ်ခါမှ မသင်ယူဖူးသော အဆင့်မြင့်ပညာရပ်များစွာနှင့် ထိတွေ့ခွင့်ရခဲ့သည်။
အေးစက်သော စိမ့်စမ်းရေကို အသုံးပြုကာ ထပ်တလဲလဲ အအေးခံခြင်းဖြင့် ဓားသွား၏ ထက်မြက်မှုကို မြှင့်တင်ခြင်း၊ လိပ်ပြာတောင်ပံပုံစံ သံမဏိသားများ ပေါ်ထွက်လာစေသည့် သွန်းလုပ်နည်းနှင့် သံမဏိကို လက်ချောင်းတွင် ပတ်ထားနိုင်လောက်အောင် ပျော့ပျောင်းသွားစေသည့် သွန်းလုပ်နည်းများအထိ ပါဝင်သည်။
နတ်ဘုရားလက်နက်အိမ်တော်သည် တကယ့်ကို ကျွမ်းကျင်ပညာရှင်များဖြစ်ကြောင်း စူးချန်ခုန်း မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။ နှစ်ပေါင်းထောင်ချီအောင် လက်နက်အမျိုးမျိုးကို သွန်းလုပ်ရန် အာရုံစိုက်လာခဲ့ကြသဖြင့် သူတို့ သုတေသနပြုထားသော နည်းစနစ်များမှာ သာမန်လူများအနေဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
စူးချန်ခုန်းမှာ ရေမြှုပ်တစ်ခုကဲ့သို့ပင် ထိုအတွေ့အကြုံများကို စုပ်ယူကာ ပြန်လည်အသုံးချနိုင်ရန် ကြိုးပမ်းသည်။ သူ၏ ခိုင်မာသော ပန်းပဲအခြေခံကြောင့် ဤနည်းစနစ်များကို မြင်ရုံမျှဖြင့် ကျွမ်းကျင်အောင် သင်ယူနိုင်ခဲ့သည်။
"ဒီစူးထိုက်လိုင်က... တကယ့်ကို ထူးခြားတာပဲ။ သူ သင်ယူတာ မြန်လွန်းတယ်။ အခက်ခဲဆုံး ပညာရပ်တွေကိုတောင် သူက အလွယ်တကူ သင်ယူနိုင်ပြီး ကျွမ်းကျင်သွားတယ်။ မကြာခင်မှာ သူ့ကို သင်ပေးစရာ ဘာမှကျန်တော့မှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းမိတယ်။ သူက တကယ့်ကို နှစ်ပေါင်းတစ်ရာမှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ ပန်းပဲပါရမီရှင်ပဲ။"
စူးချန်ခုန်း ပိုင်ဆိုင်ထားသော နှစ်ပေါင်းတစ်ရာတွင် တစ်ခါသာ တွေ့ရခဲသည့် ထိတ်လန့်ဖွယ် ပါရမီကြောင့် လုယာပင်လျှင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။
မူလက လုယာသည် စူးချန်ခုန်း၏ နောက်ခံကို စိုးရိမ်မိပြီး နတ်ဘုရားလက်နက်အိမ်တော်တွင် နေထိုင်လိုခြင်းမှာ အခြားသော မကောင်းသည့် ရည်ရွယ်ချက်များ ရှိမည်ကို ကြောက်ရွံ့သဖြင့် အထူးသတိထား စောင့်ကြည့်ခဲ့သည်။ သို့သော် စူးချန်ခုန်း ပြသသော ပါရမီကို မြင်လိုက်ရသောအခါ စူးချန်ခုန်းသည် ပန်းပဲပညာကို အမှန်တကယ်ပင် မြတ်နိုးသူဖြစ်ပြီး သူ၏ ပါရမီမှာလည်း ထူးကဲလှကြောင်း လုယာ နားလည်သွားခဲ့သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော တိုးတက်မှုမျိုး ရရှိရန်မှာ မဖြစ်နိုင်ချေ။
ပန်းပဲပညာ (အဋ္ဌမနယ်ပယ်၊ သဘာဝလွန်အဆင့် ၁၉%)
နတ်ဘုရားလက်နက်အိမ်တော်၌ လေ့လာခဲ့သည်မှာ လဝက်ခန့်သာ ရှိသေးသော်လည်း စူးချန်ခုန်း၏ လက်နက်သွန်းလုပ်မှု စွမ်းရည်မှာ အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
"ထိုက်လိုင်... ဒီနေ့ အလုပ်သစ်တစ်ခု ရှိတယ်"
လဝက်အကြာတွင် လက်နက်သွန်းလုပ်ရေးအခန်းကို စီမံခန့်ခွဲသူ လုယာက စူးချန်ခုန်းကို ပြုံးလျက် ပြောလိုက်သည်။
"ဘာအလုပ်လဲဗျ။" စူးချန်ခုန်းက နားမလည်သဖြင့် မေးလိုက်သည်။
လုယာသည် သေတ္တာတစ်လုံးကို ထုတ်ယူကာ စူးချန်ခုန်း၏ ရှေ့တွင် ချထားပြီး ဖွင့်ပြလိုက်သည်။
သေတ္တာအတွင်း၌ ကွင်းကိုးကွင်းပါသော ဓားမကြီးတစ်လက် ရှိနေသည်။ ထိုဓားမှာ အလျား လေးပေခန့် ရှိသဖြင့် ၎င်း၏ ပိုင်ရှင်မှာ အရပ်ရှည်ပြီး သန်မာထွားကြိုင်းသူ ဖြစ်မှာ သိသာပါသည်။ ထို့ပြင် ဓားတစ်ချောင်းလုံးကို ရှာဖွေရန် ခက်ခဲလှသော ထူးခြားသည့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ မှိန်ဖျော့သော အလင်းတန်းများ တောက်ပနေပြီး ဖျောက်ဖျက်၍မရသော သွေးညှီနံ့များလည်း ထွက်ပေါ်နေရာ လူပေါင်းများစွာ၏ အသက်ကို နှုတ်ယူထားသော ဓားဖြစ်ကြောင်း သိသာလှသည်။
သို့သော် ထိုဓားမှာ ကျိုးနေပြီး နှစ်ပိုင်း ပြတ်နေ၏။
ပုံမှန်အားဖြင့် သိုင်းပညာရှင်တစ်ဦး၏ လက်နက် ပျက်စီးသွားပါက သူတို့သည် အသစ်လဲလှယ်လေ့ ရှိကြသည်။ သို့သော် ဤကွင်းကိုးကွင်းပါ ဓားမကြီး၏ ကုန်ကြမ်းပစ္စည်းမှာ အလွန်ပင် ထူးခြားလှသဖြင့် ၎င်းကို နဂိုအတိုင်း ပြန်လည်ပြုပြင်ခြင်းမှာ အချိန်ကုန်ဆုံးမှု အနည်းဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။
လုယာက ပြောသည်။ "ဒါက 'အာဏာရှင်ဓားဂိုဏ်း' ရဲ့ ဂိုဏ်းချုပ် ကိုင်တဲ့ လက်နက်ပဲ။ အင်အားကြီးတဲ့ ရန်သူတစ်ယောက်နဲ့ တိုက်ပွဲဖြစ်ရင်း ကျိုးသွားတာ။ ဒါကို ပြန်ပြင်ပေးဖို့ နတ်ဘုရားလက်နက်အိမ်တော်ကို ပို့လိုက်တာပဲ။ အခကြေးငွေအနေနဲ့တော့ ဝိညာဉ်ကျောက်တုံး ၂၀ကို မင်း ရလိမ့်မယ်"
"နားလည်ပါပြီ။ ကျွန်တော် ဂရိုစိုက်လိုက်ပါ့မယ်။"
စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုအလုပ်ကို လက်ခံလိုက်သည်။
အာဏာရှင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ မူလနယ်ပယ်သိုင်းပညာရှင် ဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လက်နက်မှာ သာမန်လူများ ပြုပြင်နိုင်သည့် အဆင့်ထက် ကျော်လွန်နေတာ မထူးဆန်းပေ။ ထို့ကြောင့်ပင် နတ်ဘုရားလက်နက်အိမ်တော်သို့ ယုံကြည်စွာ လာရောက်အပ်နှံပြီး အိမ်တော်ရှိ ပန်းပဲဆရာတစ်ဦးကို ပြုပြင်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ ပေးဆောင်သော အခကြေးငွေမှာလည်း ငွေကြေးဖြင့် အလွယ်တကူ ဝယ်ယူ၍မရသော ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
စူးချန်ခုန်း ရရှိမည့် နတ်ဝိညာဉ်ကျောက်တုံး ၂၀ မှာ အတော်ပင် များပြားသော ပမာဏ ဖြစ်သည်။
"ဒီဓားကို 'မီးတောက်အီရီဒီယမ်' နဲ့ လုပ်ထားတာပဲ။ နတ်ဘုရားလက်နက်အိမ်တော်မှာလည်း မီးအီရီဒီယမ် ရှိနေတာပဲ။ ဒါကို ပြုပြင်ဖို့ အဲဒီသတ္တုကိုပဲ သုံးရမယ်။"
(အီရီဒီယမ် = မာ၍ဖြူသော သတ္တုဒြပ်စင်)
ထို့နောက် စူးချန်ခုန်းသည် ကွင်းကိုးကွင်းပါ ဓားမကြီးကို အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည်။
မီးတောက်အီရီဒီယမ်မှာ အလွန်ပင် ရှားပါးလှသော သတ္တုဖြစ်ပြီး ကြယ်ပုံစံရွှေထက်ပင် ပိုမိုရှားပါးလှသည်။ မဟာမီးလျှံအင်ပါယာ၏ နံပါတ်တစ် လက်နက်သွန်းလုပ်ရေးအိမ်တော်ဖြစ်သော နတ်ဘုရားလက်နက်အိမ်တော်၌ မီးတောက်အီရီဒီယမ် အပါအဝင် ရှားပါးသတ္တုများစွာ ရှိနေသည်မှာ မထူးဆန်းချေ။
စူးချန်ခုန်းသည် လိုအပ်သော မီးတောက်အီရီဒီယမ် ပမာဏကို ထုတ်ယူကာ မီးဖိုအနီးသို့ သွားပြီး ဓားမကြီးကို စတင်ပြုပြင်တော့သည်။
မီးတောက်အီရီဒီယမ်၏ အရည်ပျော်မှတ်မှာ အလွန်ပင် မြင့်မားလှရာ ၎င်းကို အရည်ပျော်စေရန်အတွက် အထူးကုန်ကြမ်းပစ္စည်းများကို ထည့်သွင်းပေးရရုံသာမက လက်နက်သွန်းလုပ်ရေးခန်းအောက်ရှိ မြေအောက်မီး၏ အပူရှိန်ကိုလည်း အသုံးပြုရသည်။
"ဝုန်း"
မီးဖိုအတွင်း၌ မီးလျှံများ တောက်လောင်နေပြီး မီးတောက်အီရီဒီယမ်မှာ တဖြည်းဖြည်းနှင့် ပျော့ပျောင်းသော သံရည်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ စူးချန်ခုန်းသည် ထိုသံရည်များကို ကျိုးနေသော ဓားမကြီး၏ အပိုင်းအစများပေါ်သို့ လောင်းချလိုက်ပြီး ၎င်းတို့ အေးခဲကာ ကပ်တွဲသွားစေရန် စောင့်ဆိုင်းလိုက်သည်။ ထို့နောက် တူဖြင့် ခေါက်ရိုက်ရင်း မီးတောက်အီရစ်ဒီယမ် သံရည်များကို ဆက်လက်လောင်းချပေးခဲ့ရာ နှစ်ပိုင်းပြတ်နေသော ဓားမကြီးမှာ အပြည့်အဝ ပြန်လည်ဆက်သွားသည်အထိ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပြုပြင်နေစဉ်အတွင်း အံ့ဩစရာကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခန်း (၄၇၇) ပါရမီရှင်စွမ်းရည်။ နတ်ဘုရားအသိစိတ်ဖြင့် ဓားကို သန့်စင်ခြင်း။ (၂)
"ဒေါင်... ဒေါင်... ဒေါင်..."
စူးချန်ခုန်း၏ တူချက်များမှာ အဆက်မပြတ် ကျရောက်နေပြီး သူ၏ အာရုံစူးစိုက်မှုမှာလည်း အပြည့်အဝပင်။ ထိုစဉ် ကွင်းကိုးကွင်းပါ ဓားမကြီးအတွင်း၌ ဖော်ပြ၍မရသော စွမ်းအင်တစ်ခု စီးဆင်းနေသည်ကို သူ ခံစားလိုက်ရသည်။ သူသည် ထိုစွမ်းအင်ကို ထိတွေ့ရန် ကြိုးပမ်းလိုက်သောအခါ အံ့ဩစရာကောင်းလောက်အောင်ပင် သူ၏ မျက်စိရှေ့၌ ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော အမျိုးသားတစ်ဦးသည် ကွင်းကိုးကွင်းပါ ဓားမကြီးကို ကိုင်ဆောင်ကာ ဓားသိုင်းကို လေ့ကျင့်နေသည်။ သူသည် ပူပြင်းသော နွေရာသီနှင့် အေးစက်သော ဆောင်းရာသီတို့တွင် မနားမနေ လေ့ကျင့်ခဲ့ပြီး အခြေခံအဆင့်မှ ထူးချွန်အဆင့်အထိ၊ ဓားတွင် သွေးတစ်စက်မျှ မစွန်းဖူးသည့် အခြေအနေမှ လူပေါင်းများစွာကို သတ်ဖြတ်နိုင်သည်အထိ ရောက်ရှိလာခဲ့ပုံများကို မြင်တွေ့ရသည်။
ထိုအမျိုးသား၏ ဓားသိုင်းမှာ အလွန်ပင် ပြင်းထန်ပြီး အရှိန်အဝါကြီးလှရာ အင်အားကြီးသော ရန်သူပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။
"ဒါက... ဒါက အာဏာရှင်ဓားဂိုဏ်းချုပ်ရဲ့ ဓားထဲမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ်နဲ့ အသိစိတ်တွေလား။ ငါက ဓားထဲမှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေကို တကယ်ပဲ နားလည်နိုင်စွမ်း ရှိနေတာလား"
ဤမြင်ကွင်းကြောင့် စူးချန်ခုန်း အလွန်ပင် အံ့အားသင့်သွားသော်လည်း နောက်ကွယ်မှ အကြောင်းရင်းကို မကြာမီမှာပင် သူ သဘောပေါက်သွားခဲ့သည်။
ဤကွင်းကိုးကွင်းပါ ဓားမကြီး၏ ပိုင်ရှင်မှာ အာဏာရှင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူသည် ဗဟိုပြည်နယ်၌ ထင်ရှားသော အရှိန်အဝါရှိသည့် မူလနယ်ပယ်သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ ကိုယ်ပိုင်လက်နက်မှာ သဘာဝအတိုင်းပင် တောင်မြောက် တိုက်ပွဲပေါင်းများစွာတွင် သူနှင့်အတူ လိုက်ပါခဲ့ပေလိမ့်မည်။
ဓားသိုင်းကို လေ့ကျင့်သည်ဖြစ်စေ၊ ရန်သူများကို သတ်ဖြတ်သည်ဖြစ်စေ အာဏာရှင်ဓားဂိုဏ်းချုပ်သည် ဤဓားမကြီးကိုသာ အမြဲအသုံးပြုခဲ့သည်။ အလေ့အကျင့် များလာသည်နှင့်အမျှ ကျွမ်းကျင်မှု ရှိလာသည်ဟူသော စကားအတိုင်း ဂိုဏ်းချုပ်သည် ထိုကဲ့သို့သော အဆင့်သို့ ရောက်ရှိလာခြင်းနှင့် ဤလက်နက်မှာ သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခြင်းတို့ကြောင့် ဤဓားထဲတွင် ဂိုဏ်းချုပ်၏ ဓားသိုင်းအပေါ် နားလည်မှုနှင့် သူ၏ စိတ်ဆန္ဒများ ကိန်းအောင်းသွားခြင်းမှာ သဘာဝပင် ဖြစ်သည်။
စူးချန်ခုန်းကိုယ်တိုင်မှာလည်း နက်ရှိုင်းသော ဓားသိုင်းပညာရပ်များကို ကျွမ်းကျင်သူတစ်ဦး ဖြစ်ရုံသာမက သူ၏ စွမ်းရည်ရမှတ်မှာလည်း ၅၁ အထိ ရှိနေသဖြင့် လက်နက်အတွင်း ကျန်ရှိနေသော စိတ်ဝိညာဉ်နှင့် အသိစိတ်များမှတစ်ဆင့် အာဏာရှင်ဓားဂိုဏ်းချုပ်၏ ဓားသိုင်းပညာကို မြင်တွေ့နိုင်ကာ နားလည်သဘောပေါက်နိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့။
"မဆိုးဘူး... အာဏာရှင်ဓားဂိုဏ်းချုပ်ရဲ့ ဓားသိုင်းက တကယ့်ကို ထူးခြားတာပဲ။ ရဲရင့်ပြီး တားဆီးလို့ မရနိုင်ဘူး။"
စူးချန်ခုန်းသည် မိမိရှေ့ရှိ ဓားမကြီးကို သွန်းလုပ်နေစဉ် အာဏာရှင်ဓားဂိုဏ်းချုပ်က 'အာဏာရှင်ဓားသိုင်း' ကို အသုံးပြုနေသည့် ပုံရိပ်များမှာ သူ၏ စိတ်ထဲတွင် အဆက်မပြတ် ပေါ်ပေါ်လာခဲ့သည်။
"ဒီအာဏာရှင်ဓားဂိုဏ်းချုပ်ရဲ့ ဓားသွားနယ်ပယ် ငါ့ထက် မသာလွန်နိုင်ပေမဲ့ လူတစ်ယောက်ရဲ့ အမြင်က အကန့်အသတ် ရှိနိုင်ပေမဲ့ အသိဉာဏ်ကတော့ အကန့်အသတ် မရှိဘူး။ ငါ့ရဲ့ ဓားသိုင်းတွေကလည်း လုံးဝ ပြည့်စုံနေပြီလို့ မဆိုနိုင်ဘူး။ တစ်ဦးရဲ့ အားသာချက်ကို တစ်ဦးက သင်ယူတာဟာ တိုးတက်မှုရဲ့ မြစ်ဖျားခံရာပဲ။"
စူးချန်ခုန်း၏ မျက်လုံးများ တလက်လက် တောက်ပနေ၏။
အခြားသော အင်အားကြီး သိုင်းပညာရှင်များ၏ လက်နက်များကို ထိတွေ့ခြင်းဖြင့်လည်းကောင်း၊ သူ၏ ထူးကဲလှသော သိမြင်နားလည်နိုင်စွမ်းဖြင့်လည်းကောင်း စူးချန်ခုန်းသည် ထိုလက်နက်ပိုင်ရှင်များ၏ သိုင်းပညာနှင့် ထူးခြားချက်များကို နားလည်နိုင်စွမ်း ရှိလာသည်။
"ဒါက... ငါ့ရဲ့ ဓားသိုင်းကို ပိုပြီး ထက်မြက်အောင် လုပ်နိုင်မယ့် နည်းလမ်းပဲ။"
စူးချန်ခုန်းသည် ဓားမကြီးကို ပြုပြင်ရင်း အာဏာရှင်ဓားဂိုဏ်းချုပ် ချန်ထားခဲ့သော စိတ်ဝိညာဉ်နှင့် အသိစိတ်များကို ဆင်ခြင်သုံးသပ်နေသဖြင့် သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထန်နေ၏။
မိုးချုပ်သွားပြီး အနားယူချိန် ရောက်လာသောအခါ လူတိုင်းမှာ အလုပ်ကို ရပ်နားလိုက်ကြပြီး တောင်လယ်ရှိ အိမ်တော်သို့ ပြန်ကာ စားသောက် အနားယူကြသည်။
စားသောက်ပြီးနောက် စူးချန်ခုန်းသည် ဝူချင်းရှီကို ခဏမျှ လေ့ကျင့်လိုက်ပြီးနောက် သူ၏ နေအိမ်သို့ စောစောပြန်ကာ အနားယူရန် သို့မဟုတ် ပို၍ တိကျစွာ ပြောရလျှင် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
တိတ်ဆိတ်သော ဝန်းအတွင်း၌ စူးချန်ခုန်းသည် မျက်လုံးများကို တင်းတင်းပိတ်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူသည် အာရုံကို နက်ရှိုင်းစွာ စုစည်းလိုက်ပြီး အာဏာရှင်ဓားဂိုဏ်းချုပ်၏ ဓားသိုင်းကို စဉ်ဆက်မပြတ် ပြန်လည် မြင်ယောင်နေခဲ့သည်။
စူးချန်ခုန်း၏ ရှေ့တွင် အရိပ်တစ်ခု ဝိုးတဝါးနှင့် တဖြည်းဖြည်း ပေါ်လာလေ၏။ ထိုသူမှာ အရပ်ရှည်ပြီး ဗလကောင်းကာ နက်မှောင်သော ဆံပင်များမှာ လွတ်လပ်စွာ ဝဲပျံနေပြီး ကွင်းကိုးကွင်းပါ ဓားမကြီးကို ကိုင်ဆောင်ထားသည်။ သူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ထိုသူမှာ စူးချန်ခုန်း ဓားအတွင်း၌ မြင်တွေ့ခဲ့ရသော အာဏာရှင်ဓားဂိုဏ်းချုပ်ပင် ဖြစ်သည်။
"ရွှမ်း... ရွှမ်း..."
ထိုသန်မာသော အရိပ်သည် သူ၏ နက်မှောင်သော ဆံပင်များကို ဝဲဖြန့်လျက် ကြမ်းတမ်းသော အရှိန်အဝါဖြင့် ဓားမကြီးကို ကိုင်ဆောင်ကာ ထိုင်နေသော စူးချန်ခုန်းထံသို့ ပြင်းထန်သော ခုတ်ချက်တစ်ခု ပစ်လွှတ်လိုက်သည်။ ဓားရှိ ကွင်းများ၏ ထိခိုက်သံမှာ ကြည်လင်စွာ ထွက်ပေါ်လာပြီး ပြင်းထန်သော ဓားလေအဟုန်ဖြင့် တရားထိုင်နေသော စူးချန်ခုန်းကို နှစ်ပိုင်းပိုင်းရန် ခြိမ်းခြောက်နေသကဲ့သို့ အရှိန်အဝါမှာ ကြီးမားလှသည်။
ဝီး... ဝီး...
သို့သော်လည်း စူးချန်ခုန်း၏ ရှေ့တွင် အနက်ရောင်နှင့် အရိပ်တစ်ခု ပေါ်ထွက်လာပြီး သံဖြတ်ဓားကို ကိုင်ဆောင်လိုက်သည်။ ၎င်းမှာ စူးချန်ခုန်း၏ ကိုယ်ပိုင်စိတ်အာရုံ ပုံရိပ်ယောင်ပင် ဖြစ်သည်။
စူးချန်ခုန်း၏ အရိပ်သည် ရှေ့သို့ ထွက်လာကာ သံဖြတ်ဓားသိုင်းကို အသုံးပြုလိုက်သည်။ ရိုးရှင်းသော ခုတ်ချက်တစ်ခုမှာ သဘာဝအတိုင်း အားစိုက်ရန် မလိုဘဲ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ပါဝင်နေကာ ထိုသန်မာသော အရိပ်ကို ရင်ဆိုင်လိုက်သည်။
"ချလွမ်း"
သတ္တုချင်း ထိခိုက်သံမှာ ကြည်လင်စွာ ထွက်ပေါ်လာပြီး စူးချန်ခုန်း တစ်ဦးတည်းသာ ကြားနိုင်သောအသံ ဖြစ်သည်။
အရိပ်နှစ်ခုမှာ ထိတွေ့ပြီးနောက် ချက်ချင်းပင် ပြန်ခွာသွားကြသော်လည်း ထို့နောက်တွင် ချက်ချင်းပင် ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်ကြတော့သည်။ တစ်ဦးမှာ ပြင်းထန်သော အာဏာစက်ဖြင့် ခွန်အားကို အသုံးပြု၍ ဖိနှိပ်ရန် ကြိုးစားနေပြီး အခြားတစ်ဦးမှာ ရေခဲကဲ့သို့ တည်ငြိမ်ကာ အတားအဆီးအားလုံးကို ချေမှုန်းနေသည်။ ၎င်းမှာ ဓားသိုင်းဆရာကြီး နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အသေအကြေ တိုက်ခိုက်နေကြသည့်အလား။
"ခလွမ်း"
ဒုတိယအကြိမ် တိုက်ခိုက်မှုမှာလည်း အရှုံးအနိုင် မပေါ်သော်လည်း ထိုသန်မာသော အရိပ်၏ အာဏာရှင်ဓားအသိစိတ်မှာ စတင်၍ အားနည်းလာခဲ့သည်။
"ရွှီး"
တတိယအကြိမ် တိုက်ခိုက်မှုတွင် ထိုသန်မာသော အရိပ်၏ ဓားမှာ စူးချန်ခုန်း၏ စိတ်အာရုံမှ ပုံဖော်ထားသော အရိပ်၏ ပခုံးကို လှီးဖြတ်သွားသော်လည်း စူးချန်ခုန်း၏ အရိပ်မှ သံဖြတ်ဓားမှာမူ ထိုသန်မာသော အရိပ်၏ လည်ပင်းကို ခုတ်ဖြတ်လိုက်နိုင်သည်။
အသံတစ်ခုနှင့်အတူ ထိုသန်မာသော အရိပ်၏ လည်ပင်းမှာ ပြတ်တောက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စူးချန်ခုန်း၏ ပခုံးပေါ်ရှိ နာကျင်မှုမှာ ပြင်းထန်လာပြီး ဒဏ်ရာတစ်ခု ပွင့်ထွက်ကာ လတ်ဆတ်သော သွေးများ စိမ့်ထွက်လာ၏။
"အသိစိတ်ကို ပုံဖော်ခြင်းအားဖြင့် ငါဟာ ငါ့ရဲ့ စိတ်အာရုံထဲကနေ အာဏာရှင်ဓားဂိုဏ်းချုပ်ကို ဖန်တီးခဲ့ပြီး သူ့ရဲ့ အာဏာရှင်ဓားအသိစိတ်နယ်ပယ်ကို နားလည်နိုင်ဖို့ ငါနဲ့ ပြန်တိုက်ခိုင်းခဲ့တာပဲ။ ဒါက ဓားသိုင်းဆရာကြီး တစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ပြီး အသက်နဲ့လဲ တိုက်ခိုက်နေရသလိုမျိုးပဲ။"
စူးချန်ခုန်းသည် စိုးရိမ်ခြင်း မရှိဘဲ ဝမ်းသာအားရ ဖြစ်နေပြီး သူ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။
စူးချန်ခုန်းသည် 'နတ်ဆိုးစွမ်းအင်ပုံစံအတတ်' ကို လေ့လာခဲ့ပြီး ယင်း၏ အနှစ်သာရကို သူ၏ ဝူချင်းရှီနှင့် ပေါင်းစပ်ကာ အသိစိတ်ကို ပုံဖော်သည့် နည်းလမ်းကို ကျွမ်းကျင်ခဲ့သည်။
ယနေ့တွင် အာဏာရှင်ဓားဂိုဏ်းချုပ်၏ ကိုယ်ပိုင်လက်နက်ကို ပြုပြင်နေစဉ် စူးချန်ခုန်းသည် ဓားထဲတွင် ကျန်ရှိနေသော စိတ်ဝိညာဉ်မှတစ်ဆင့် ဂိုဏ်းချုပ်၏ ဓားသိုင်းကို နားလည်ခဲ့သည်။ ထို့ကြောင့် သူသည် အသိစိတ်ကို ပုံဖော်ခြင်းအားဖြင့် အာဏာရှင်ဓားဂိုဏ်းချုပ်ကို တူအောင် ဖန်တီးကာ မိမိကိုယ်တိုင်၏ အရိပ်နှင့် တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။
သိုင်းပညာ စွမ်းရည်များကို လျင်မြန်စွာ တိုးတက်စေမည့် အရှင်းလင်းဆုံး နည်းလမ်းမှာ လက်တွေ့ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် သေရေးရှင်ရေး တိုက်ပွဲများတွင် ဖြစ်သည်။
စူးချန်ခုန်းအနေဖြင့် ၎င်းကို အနိုင်ယူရန် ခုတ်ချက် သုံးချက်သာ လိုအပ်ခဲ့သော်လည်း သူ၏ ပခုံး၌ ဒဏ်ရာရခဲ့သည်။
ဤအချက်က ယင်း၏ အသုံးဝင်မှုကို သက်သေပြနေသည်။ စူးချန်ခုန်းသည် ဓားသိုင်းဆရာကြီး တစ်ဦးနှင့် သေရေးရှင်ရေး တိုက်ပွဲဝင်ခဲ့သကဲ့သို့ပင်။ သူသည် ဓားသိုင်း၏ ထူးခြားချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့ပြီး သူ၏ သိမြင်မှုမှာ သိသိသာသာ မြင့်မားလာခဲ့သည်။
အမှန်စင်စစ် ဤအရာမှာ စူးချန်ခုန်းအနေဖြင့် အစစ်အမှန် အာဏာရှင်ဓားဂိုဏ်းချုပ်ကို ခုတ်ချက် သုံးချက်တည်းနှင့် အနိုင်ယူနိုင်မည်ဟု သက်သေပြနေခြင်း မဟုတ်ပေ။ နှစ်ဦးစလုံးမှာ စူးချန်ခုန်း၏ စိတ်အာရုံမှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဓားသိုင်းပညာရပ်ကိုသာ ပြသနေခြင်း ဖြစ်သည်။
သိုင်းပညာရှင်တစ်ဦးသည် ဓားသိုင်းတစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။ သူတို့၏ ကျင့်ကြံမှု နယ်ပယ်၊ လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ၊ ကျင့်စဉ်များနှင့် ကိုယ်ဖော့ပညာများ အားလုံး ပေါင်းစပ်လိုက်မှသာ သူတို့၏ အစစ်အမှန် ခွန်အား ဖြစ်လာခြင်းပင် ဖြစ်သည်။