အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အပိုင်း (၁၈၁) ဒေါသကို လွှဲချခြင်း
နှုတ်ရေးရာ တိုက်ပွဲတွင်တော့ ဒေါသထွက်လာသူသည် ရှုံးနိမ့်သူပင် ဖြစ်လေသည်။
မုန့်ကွေ့ဖေးသည် သက်ပြင်းရှည်တစ်ချက်ကို ခက်ခက်ခဲခဲ ရှိုက်ထုတ်လိုက်ပြီးနောက် "ကျွန်မ ရုတ်တရက် နေမကောင်းသလို ဖြစ်လာလို့ ခွင့်ပြုပါဦး" ဟူသော စကားတစ်ခွန်းကိုသာ ပစ်ချခဲ့ပြီးနောက် အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားလေသည်။
လုမင်ယွိသည် မုန့်ကွေ့ဖေးကို ဒေါသထွက်အောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ပုံမှန်အတိုင်းပင် တည်ငြိမ်ရွှင်လန်းသော မျက်နှာထားဖြင့် ချောင်မိဖုရားခေါင်ဘက်သို့ လှည့်ကာ ပြုံးလျက် လျှောက်တင်လိုက်၏။ "ရာသီဥတုက မပူသေးပေမဲ့ ကွေ့ဖေးညန်ညန်ရဲ့ စိတ်ကတော့ အရင်ကထက် ပိုပြီး ဆတ်လာသလိုပဲနော်။ စကားစမြည် နည်းနည်းပါးပါး ပြောမိတာကိုတောင် ဒီလောက်ထိ ဒေါသထွက်သွားရတယ်လို့"
ချောင်မိဖုရားခေါင်: "... ..."
ဒီချွေးမတော်လေးက တကယ်ပဲ လက်စွမ်းထက်လှပါပေတယ်!
မယ်တော်ကြီးကျောက်ကို ရင်ဆိုင်ရတော့လည်း လေးစားသမှုရှိဟန်ပြရင်း တကယ်တမ်းတော့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်လိုက်တယ်။ ကြောက်တတ်တဲ့ စူးကျောင်းရုံကိုကျတော့လည်း စကားလုံးထက်ထက်တွေနဲ့ ညှာတာမှုမရှိဘူး။ မျက်နှာသာပေးခံနေရတဲ့ မုန့်ကွေ့ဖေးကိုကျတော့လည်း ရယ်ရယ်မောမောနဲ့ စကားစစ်ထိုးပြီး ဓားသွားပါတဲ့ စကားလုံးတွေနဲ့ တစ်ခွန်းပြီးတစ်ခွန်း တိုက်ခိုက်ခဲ့တယ်။
တော်သေးတာပေါ့ ဒီလောက်တော်တဲ့ လုမင်ယွိက သူမရဲ့ ချွေးမတော် ဖြစ်လာခဲ့ပေလို့ပဲ။
သူမအတွက်ကတော့ ဒါဟာ ကျားတစ်ကောင်ကို အတောင်ပံ တပ်ဆင်ပေးလိုက်သလို မဟုတ်ဘဲ ကျားတစ်ကောင်လုံးကို အပိုင်ရလိုက်သလိုပါပဲ!
ချောင်မိဖုရားခေါင်သည် သူမ၏ ရှုပ်ထွေးလှသော စိတ်အစဉ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး လုမင်ယွိကို အသိပေးသည့်အနေဖြင့် သတိပေးစကား အနည်းငယ် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ယန်ရှီနန်းဆောင်ကို အလေးပေး မြှောက်စားနေတော့ မုန့်ကွေ့ဖေးရဲ့ စိတ်က နည်းနည်းတော့ ကြီးနေမှာပဲ။ မင်းက လူငယ်ဆိုတော့ နောက်ပိုင်း မုန့်ကွေ့ဖေးနဲ့ တွေ့တဲ့အခါ စကားပြောတာ နည်းနည်း ယဉ်ကျေးလိုက်ပေါ့။ မဟုတ်ရင် သူက အရှင်မင်းကြီးဆီ သွားတိုင်ကြားတဲ့အခါ အရှင်မင်းကြီးက မင်းအပေါ် အပြစ်တင်လိမ့်မယ်"
အဓိကကတော့ လီကျင့်အပေါ်ကို ဒေါသလွှဲချခံရမှာ စိုးရိမ်နေတာ မဟုတ်လား!
လုမင်ယွိသည် စိတ်ထဲတွင် ရှင်းလင်းစွာ သဘောပေါက်သွားသော်လည်း နှုတ်ကတော့ ပြုံးရွှင်စွာပင် သဘောတူလိုက်လေသည်။
ယောက္ခမနှင့် ချွေးမတော် နှစ်ယောက်သားသည် အလွန်တရာ ရင်းနှီးချစ်ခင်လှသည်ဟု မဆိုနိုင်သကဲ့သို့ တစ်ယောက်ကိုတစ်ယောက် အလွန်နှစ်သက်နေကြသည်ဟုလည်း မဆိုနိုင်ပေ။ သည်အခိုက်တွင်တော့ တစ်ဖက်တည်း အတူတကွ ရပ်တည်ကာ အပေါ်ယံအားဖြင့် သင့်မြတ်နေနိုင်ခြင်းသည်ပင်လျှင် မဆိုးလှသော အခြေအနေတစ်ခုဟု သတ်မှတ်ရပေမည်။
မုန့်ကွေ့ဖေးသည် အနောက်နန်းဆောင်တွင် ဗိုလ်ကျစိုးမိုးနေခဲ့သည်မှာ ကြာပြီဖြစ်၍ ယနေ့လို အငြင်းပွားမှုမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ သူမသည် ယန်ရှီနန်းဆောင်သို့ ပြန်ရာလမ်းတစ်လျှောက်လုံး မျက်နှာထားတင်းမာနေခဲ့၏။ စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်လာကာ အဆောင်တော်အတွင်းရှိ ပန်းအိုးများနှင့် လက်ဖက်ရည်ခွက်များကို တစ်စစီ ရိုက်ခွဲပစ်လိုက်လေတော့သည်။
နန်းတွင်းသူများမှာ ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်သက်တိတ်ဆိတ်နေကြပြီး တုန်လှုပ်ချောက်ချားလျက် ရှိကြ၏။ နှစ်သိမ့်စကား ဆိုရန် မဆိုထားနှင့်၊ အနားသို့ ကပ်ဝံ့သူပင် တစ်ယောက်မှ မရှိခဲ့ပေ။
သို့သော် ကံဆိုးမိုးမှောင်ကျစွာပင် ထိုအချိန်တွင် အပျိုတော်ယန်သည် ထပ်ပြီး ပြဿနာရှာလေတော့သည်။
ပြောရမည်ဆိုလျှင် အပျိုတော်ယန်၏ ကံကြမ္မာသည် အမှန်တကယ်ပင် ကောင်းမွန်လှ၏။ သူမသည် ယန်ရှီနန်းဆောင်မှ နန်းတွင်းအပျိုတော်တစ်ဦးဖြစ်ပြီး ရုပ်ရည်မှာ အလယ်အလတ်တန်းစားသာ ရှိသည်။ သို့သော် ကိုယ်လုံးကိုယ်ပေါက် လှပတင့်တယ်ပြီး သားယောက်ျားလေး ဖွားမြင်နိုင်သည့် လက္ခဏာရှိသောကြောင့်သာ မုန့်ကွေ့ဖေးက သူမကို ရွေးချယ်ကာ ပထမမင်းသားထံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပထမမင်းသား ကြင်ရာတော် ကိုယ်ဝန်ပျက်ကျသွားချိန်တွင် အပျိုတော်ယန်သည် အချိန်မီ ကိုယ်ဝန်လွယ်ထားနိုင်ခဲ့ပြီး သားယောက်ျားလေးပင် ဖြစ်နေခဲ့သည်။ မုန့်ကွေ့ဖေးသည် ဝမ်းသာလွန်းသဖြင့် အပျိုတော်ယန်ကို နန်းတော်အတွင်းသို့ ပြန်လည်ခေါ်ယူကာ ကိုယ်ဝန်ကို စောင့်ရှောက်စေခဲ့သည်။ ပထမမင်းသားသည်လည်း ဤကိုယ်ဝန်ကို အလွန်အလေးထားပြီး အပျိုတော်ယန်ကို မကြာခဏ လာရောက် ကြည့်ရှုလေ့ရှိသည်။
ယန်ရှီနန်းဆောင်ရှိ လူတိုင်းသည် အပျိုတော်ယန်တစ်ယောက် မကြာမီ သားရတနာဖြင့် အဆင့်အတန်း တက်လှမ်းရတော့မည်ကို သိရှိနေကြသည်။ ဝမ်းဗိုက်ထဲမှ တော်ဝင်မြေးတော်လေး ဖွားမြင်လာသည်နှင့် တစ်ပြိုင်နက် သူမကို ကိုယ်လုပ်တော်အဖြစ် မြှောက်စားခံရပေလိမ့်မည်။
ရိုးသားအေးဆေးဟန်ရှိသော အပျိုတော်ယန်သည် ယန်ရှီနန်းဆောင်တွင် သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လူအများ၏ မြှောက်ပင့်မှုကြောင့်ပင် သူမသည် တဖြည်းဖြည်း မာနထောင်လွှားလာခဲ့လေသည်။
လူတစ်ယောက် မာန်တက်လာသည်နှင့် သူ၏ အပြောအဆို အမူအကျင့်တို့သည်လည်း ပြောင်းလဲသွားတတ်သည်။ ယနေ့တွင် သစ်သီးခြောက်အချဉ်များ စားလိုကြောင်း တောင်းဆိုပြီး နက်ဖြန်တွင်တော့ ပိုနူးညံ့သော စောင်ကို ပြောင်းလဲပေးရန် တောင်းဆိုပြန်သည်။ တိုတိုပြောရလျှင် သူမ၏ တောင်းဆိုချက်များမှာ တဖြည်းဖြည်း များပြားလာခဲ့သည်။
ယနေ့တွင်တော့ အပျိုတော်ယန်သည် သူမအား သွေးခုန်နှုန်း စမ်းသပ်ပေးပြီး ကိုယ်ဝန်တည်မြဲစေရန် ဆေးညွှန်းပေးသော တော်ဝင်သမားတော်သည် သာမန်သမားတော်တစ်ဦးသာ ဖြစ်သည်ကို မကျေမနပ် ဖြစ်နေခြင်းပင်။
သူမ၏ ဝမ်းဗိုက်ထဲတွင် လွယ်ထားရသည်မှာ တော်ဝင်အကြီးဆုံး မြေးတော် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဆေးပညာကျွမ်းကျင်သော တော်ဝင်သမားတော်ချုပ်ကျိုး သို့မဟုတ် တော်ဝင်သမားတော်တု တို့ကို လာရောက် စမ်းသပ်စေသင့်သည် မဟုတ်ပါလား။
မုန့်ကွေ့ဖေးသည် ဒေါသထွက်နေချိန်တွင် နန်းတွင်းသူတစ်ဦး၏ တုန်တုန်ယင်ယင် လျှောက်တင်သံကို ကြားလိုက်ရသဖြင့် လှပချောမောသော မျက်နှာသည် ရုတ်တရက် ရှုံ့မဲ့သွားပြီး အေးစက်စွာ နှစ်ချက် ရယ်မောလိုက်သည်။ "ပန်ကုံး ကိုယ်တိုင် သွားကြည့်လိုက်မယ်!"
ထို့နောက် သူမသည် မျက်နှာထားတင်းတင်းဖြင့် အပျိုတော်ယန်၏ အိပ်ဆောင်သို့ ထွက်ခွာသွားလေသည်။
အပျိုတော်ယန်သည် ငါးလကျော်အရွယ် ကိုယ်ဝန်ကို လွယ်ထားရပြီး နန်းတော်ထဲတွင် ကောင်းမွန်စွာ စားသောက်ခဲ့ရသဖြင့် တစ်ကိုယ်လုံး ဝဖြိုးဖြူဖွေးလို့နေသည်။ သူမအနေဖြင့် ယန်ရှီနန်းဆောင်တွင် ကိုယ်ဝန်စောင့်ရှောက်နေရခြင်းမှာ အမှန်တကယ်တွင် စည်းကမ်းနှင့် မညီပေ။ ထို့ကြောင့် သူမသည် ယန်ရှီနန်းဆောင်မှ တစ်ဖဝါးမျှ မခွာဘဲ နန်းတော်တွင်းမှ နောက်ဆုံးရ သတင်းများကိုလည်း မသိရှိခဲ့ပေ။
မုန့်ကွေ့ဖေး ရောက်ရှိလာသည်ဟု ကြားသောအခါ အပျိုတော်ယန်သည် ကွေ့ဖေးညန်ညန်က သူမကို အထူးတလည် လာရောက် နှစ်သိမ့်ပေးသည်ဟု ထင်မှတ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့၏။ သူမသည် ဝမ်းနည်းပူဆွေးဟန်ကို အထူးတလည် ဟန်ဆောင်လိုက်ပြီး မျက်ရည်များ မကျလာမီမှာပင် မုန့်ကွေ့ဖေး၏ ပြင်းထန်သော ဆဲဆိုကြိမ်းမောင်းသံများကို ကြားလိုက်ရလေသည်။
"နင်... ဒီ ကျေးဇူးကန်းတဲ့ ‘ကျွန်’မ!"
"ကိုယ်ဝန်လွယ်ထားပြီးတော့ ကိုယ်ဝန်ကို သေသေချာချာ မစောင့်ရှောက်ဘဲ တစ်နေ့လုံး ပြဿနာတွေပဲ ရှာနေတယ်။ အခု သမားတော်ကိုတောင် ရွေးချယ်ဝံ့တယ် ဟုတ်လား! ယန်ရှီနန်းဆောင်မှာ နေရတာကို မကျေနပ်ဘူးဆိုရင် အခုချက်ချင်း နန်းတော်ထဲက ထွက်သွား၊ ပထမမင်းသားစံအိမ်ကို ထွက်သွား! နောက်ဆို ပန်ကုံးရဲ့ ရှေ့မှောက်ကို ဘယ်တော့မှ ပေါ်မလာနဲ့တော့!"
အပျိုတော်ယန်သည် ဆဲဆိုသံများကြောင့် လုံးဝ ကြက်သေသေသွားပြီး မြေပြင်ပေါ်သို့ ဘုတ် ခနဲ ဒူးထောက်ကျကာ မျက်ရည်များ စီးကျလျက် မိမိကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားလေသည်။ "ကွေ့ဖေးညန်ညန် စိတ်လျှော့တော်မူပါ! ကျွန်တော်မျိုးမက ဝမ်းဗိုက်ထဲက ကလေးကို အလေးထားလွန်းလို့ တစ်ခဏတာ အတွေးမှားသွားတာပါ၊ တခြား မရိုးသားတဲ့ စိတ် လုံးဝ မရှိပါဘူး"
ဤကဲ့သို့သော ပရိယာယ်များကို မုန့်ကွေ့ဖေး ကစားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အသုံးမဝင်တော့ပေ။
မုန့်ကွေ့ဖေးသည် နောက်တစ်ကြိမ် အေးစက်စွာ ရယ်မောလိုက်ပြန်သည်။ "တခြားစိတ် ရှိ၊ မရှိ ဆိုတာကို နင့်စိတ်ထဲမှာ အသိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ရှိတယ် ထင်ပြီး တခြားသူတွေကို အရူးလို့ ထင်မနေနဲ့။ ပန်ကုံး နင့်ကို သတိပေးလိုက်မယ်၊ ကိုယ်ဝန်ကို သေသေချာချာ စောင့်ရှောက်ပြီး တော်ဝင်မြေးတော်ကို အန္တရာယ်ကင်းကင်း ဖွားမြင်ပေး၊ ပန်ကုံး နင့်ကို ဆုလာဘ်ကောင်းကောင်း ပေးမယ်။ တကယ်လို့များ မဟုတ်ကဟုတ်ကတွေ လျှောက်လုပ်ပြီး ကိုယ်ဝန်ကို ထိခိုက်အောင် လုပ်ခဲ့မယ်ဆိုရင်တော့ ပန်ကုံး နင့်ရဲ့ အရေခွံကို ဆွဲခွာပစ်မယ်!"
အပျိုတော်ယန်သည် ဆဲဆိုကြိမ်းမောင်းခံရသဖြင့် မျက်နှာသည် ဖြူရော်သွားပြီး မရပ်မနား ငိုယိုကာ ဦးခိုက်လျက် အသက်ဘေးမှ လွတ်ကင်းခွင့် တောင်းပန်လေတော့သည်။
မုန့်ကွေ့ဖေးသည် မျက်နှာထားတင်းမာစွာဖြင့် နန်းတွင်းသူများကို ဒူးထောက်နေသော အပျိုတော်ယန်အား ဆွဲထူရန် အမိန့်ပေးလိုက်ပြီး ဆက်လက်ပြီး မိန့်ကြားလိုက်သည်။ "ဒီနေ့ကစပြီး ပန်ကုံးရဲ့ အမိန့်မရှိဘဲ အပျိုတော်ယန်ကို အိပ်ဆောင်ထဲက ခြေတစ်လှမ်းတောင် ထွက်ခွင့်မပြုဘူး"
ကံဆိုးလှသော အပျိုတော်ယန်သည် ငိုငိုယိုယိုဖြင့် အိပ်ဆောင်အတွင်းသို့ ပြန်လည် တွဲခေါ်ခြင်း ခံသွားရလေသည်။
မုန့်ကွေ့ဖေးသည် ထိုမျှနှင့် ကျေနပ်ခြင်း မရှိသေးပေ။
ညီလာခံအပြီးတွင် မုန့်ကွေ့ဖေးသည် လူလွှတ်ကာ ပထမမင်းသားထံသို့ သတင်းစကား ပို့ခိုင်းလိုက်လေသည်။ ပထမမင်းသား ရောက်ရှိလာသောအခါ မုန့်ကွေ့ဖေးသည် နောက်တစ်ကြိမ် ထပ်ပြီး ပြင်းထန်စွာ ဆဲဆိုကြိမ်းမောင်းလေတော့သည်။
အမှန်စင်စစ် မုန့်ကွေ့ဖေးသည် ဤတစ်ကြိမ်တွင် အပျိုတော်ယန်ကို ဆဲဆိုနေခြင်း မဟုတ်ဘဲ လုမင်ယွိနှင့် ချောင်မိဖုရားခေါင်တို့ကို ဆဲဆိုနေခြင်း ဖြစ်လေသည်။
ပထမမင်းသားသည် အစပိုင်းတွင် နားမလည်နိုင် ဖြစ်သွားသော်လည်း နောက်ပိုင်းတွင်မှ အကြောင်းစုံကို သဘောပေါက်သွားတော့၏။ သူသည် မတတ်သာသည့်အဆုံး ပါးစပ်ဖွင့်ကာ နှစ်သိမ့်လိုက်ရသည်။ "လုရှိ၊ အဲ့ဒီ အပေါက်ဆိုးတဲ့မိန်းမက အဘွားတော်ကိုတောင် အရှက်ခွဲရဲတာပဲ။ မူဖေး သူ့ကို ရှောင်နေလိုက်တာက ပိုကောင်းတာပေါ့၊ စိတ်ရှုပ်ခံပြီး ဘာလို့ သူနဲ့ ပြိုင်နေမှာလဲ"
နိုင်အောင် မပြိုင်နိုင်ဘဲ ဒေါသထွက်နေတယ်။
ဒေါသထွက်တော့လည်း တခြားသူတွေအပေါ် လွှဲချတယ်။
ဘာလို့ ဒီလောက်တောင် ပင်ပန်းခံနေရတာလဲ!
မုန့်ကွေ့ဖေး၏ မျက်ခုံးများသည် ထောင်တက်သွားပြီး အသံအကျယ်ကြီး ပြောလေတော့သည်။ "ပြောတော့ လွယ်လိုက်တာ။ ပန်ကုံးက ဂုဏ်သိက္ခာကြီးမားတဲ့ ကွေ့ဖေးတစ်ယောက်၊ ဘာလို့ မင်းသားကြင်ရာတော်တစ်ယောက်ကို ရှောင်ပေးရမှာလဲ!"
"နောက်ပြီး ဒီနေ့ ရှောင်လိုက်၊ နက်ဖြန် လွှတ်ပေးလိုက်နဲ့ဆိုရင် တခြားသူတွေ မျက်စိထဲမှာ ပန်ကုံးက လုမင်ယွိကို ကြောက်နေတယ်လို့ ထင်သွားကြလိမ့်မယ်။ ဒီလေသံကို ပန်ကုံး ဘယ်လိုလုပ် မျိုသိပ်ထားနိုင်မှာလဲ!"
ပထမမင်းသားသည်လည်း အနည်းငယ် ကူကယ်ရာမဲ့လေတော့သည်။ "မူဖေးက မရှောင်ချင်ဘူး၊ မလွှတ်ပေးချင်ဘူးဆိုရင်လည်း မရှောင်နဲ့ပေါ့၊ လုရှီနဲ့ တစ်ပွဲတစ်လမ်း အနိုင်ပြိုင်လိုက်ပေါ့"
မုန့်ကွေ့ဖေးသည် ပိုဒေါသထွက်လာပြီး စားပွဲကို လက်ဖြင့် အားကုန် ရိုက်ချလိုက်လေသည်။ "ဒါက မင်း ပြောနေစရာ လိုသေးလို့လား! မင်း ကြည့်ဦး၊ ပန်ကုံးမှာက တစ်ယောက်တည်း၊ ပါးစပ်တစ်ပေါက်တည်း။ လုရှီနဲ့ မိဖုရားခေါင်၊ ယောက္ခမနဲ့ ချွေးမတော် နှစ်ယောက်သား တစ်ယောက်တစ်ပေါက်နဲ့။ ပန်ကုံးက သူတို့နှစ်ယောက်ရဲ့ ထက်မြက်တဲ့ ပါးစပ်တွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ!"
ပြောရင်းဆိုရင်း သူမသည် ချွေးမတော်ဖြစ်သူ လျန်ရှီကိုပါ ဆက်လက် ကြိမ်းမောင်းလေတော့သည်။ "လုရှီက ချွေးမတော်တစ်ယောက်အနေနဲ့ ဘယ်လိုပြုမူနေလဲဆိုတာ ကြည့်စမ်းပါဦး။ နန်းတော်ထဲ ဝင်လာတာနဲ့ သူ့ယောက္ခမအတွက် မျက်နှာသာရအောင် လုပ်ပေးပြီး အားပေးကူညီတယ်၊ နေရာတကာမှာ မိဖုရားခေါင်ဘက်က ရပ်တည်ပေးတယ်။ လျန်ရှီကျတော့ ကောင်းရော၊ တစ်နေ့လုံး ဖျားနာချင်ယောင်ဆောင်နေပြီး လူရိပ်လူယောင်တောင် မမြင်ရဘူး။ ပန်ကုံးက ဒီလို ချွေးမတော်မျိုး ရထားမယ့်အစား မရှိတာကမှ ပိုကောင်းဦးမယ်!"
ပထမမင်းသားသည် ပွစိပွစိ ပြောဆိုသံများကြောင့် ခေါင်းကိုက်လာလေသည်။ "လျန်ရှီက ကိုယ်ဝန်ပျက်ကျပြီးကတည်းက ကျန်းမာရေးက တစ်ခါတည်း မကောင်းတော့တာပါ။ ပြီးတော့ သူက နူးညံ့သိမ်မွေ့တဲ့သူမျိုး၊ နန်းတော်ထဲ ဝင်လာပြီး မူဖေးနဲ့ တစ်စိတ်တည်း ဖြစ်နေရင်တောင်မှ သူ့ပါးစပ်တစ်ပေါက်က လုရှီကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ လုရှီက သူ့ကို ဒေါသထွက်အောင် လုပ်လိုက်လို့ နေမကောင်းဖြစ်သွားမှာတောင် စိုးရိမ်ရသေးတယ်"
မုန့်ကွေ့ဖေးသည် သားဖြစ်သူကို မျက်နှာလွှဲကာ ပက်ခနဲ ပြန်ပြောလေသည်။ "မင်းရဲ့မိန်းမကမှ အသည်းအသက် နှလုံးသားလေး ဖြစ်နေတာ! ထိလို့လည်းမရ၊ ပြောလို့လည်းမရ၊ ဒေါသထွက်အောင် လုပ်လို့လည်းမရဘူး! မင်းရဲ့ အမေအရင်းကတော့ ကံကြမ္မာ ကြမ်းတမ်းတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေါသထွက်လို့ သေသွားမှာ မဟုတ်ဘူး၊ မင်း ဂရုစိုက်စရာ မလိုပါဘူး"
ပထမမင်းသား:"... ..."
ဟုတ်နေပါပြီ။ မူဖေးက သူ့အပေါ်ကို ဒေါသလွှဲချနေတာပဲ!
ပထမမင်းသားသည် အလကားသက်သက် အဆူခံလိုက်ရသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားတော့သည်။ အပျိုတော်ယန်က သမားတော် ပြောင်းပေးရန် ပြဿနာရှာနေသည်ကို ကြားသိရသောအခါ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အပျိုတော်ယန်ကို တစ်ချက်မှပင် လှည့်မကြည့်တော့ဘဲ ပထမမင်းသားစံအိမ်တော်သို့ ချက်ချင်း ပြန်သွားလေတော့သည်။
...
အပိုင်း (၁၈၂) ရာထူးတိုးခြင်း
ပထမမင်းသားနှင့် ပထမမင်းသားကြင်ရာတော်တို့သည် လက်ထပ်ခဲ့ပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကာ သူတို့၏ အခမ်းနားဆုံး ချစ်ခြင်းကာလသည်လဲ ကျော်လွန်လာခဲ့ပြီဖြစ်၏။ ကိုယ်ဝန်ပျက်ကျသည့်ကိစ္စက သူတို့နှစ်ဦးကြားက အထုံးတစ်ခုလို ဖြစ်လာတော့သည်။
ပထမမင်းသားကြင်ရာတော်သည် အပျိုတော်ယန်က ယန်ရှီနန်းဆောင်ထဲတွင် ကိုယ်ဝန်ဆောင်နေချိန်တွင် မပျော်မရွှင် ဖြစ်နေသော်ငြား ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှလည်း မတတ်နိုင်ချေ။
"အရှင်မင်းသား ဘာဖြစ်လို့ အစောကြီးပြန်လာတာလဲ" ပထမမင်းသားကြင်ရာတော်သည် မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် နှုတ်ဆက်လိုက်၏။
ပထမမင်းသားကလဲ သက်ပြက်းချကာ နန်းတော်ထဲတွင် ဖြစ်ပျက်သည့် အကြောင်းအရာများကို ပြန်ပြောပြလိုက်တော့သည်။ "... မူဖေးက မာနကြီးပြီး စိတ်နေမြင့်တယ်။ သူက မိဖုရားခေါင်နဲ့ ပတ်သက်လာရင် ဘယ်တော့မှ အလျှော့ပေးတာမဟုတ်ဘူး။ ဒီနေတော့ လုရှီရဲ့ လက်ထဲမှာ တော်တော်လေးကို အထိနာသွားခဲ့တယ်လေ။ သူက စိတ်မပျော်မရွှင် ဖြစ်နေတာကို အပျိုတော်ယန်ကလဲ စိုးရိမ်ပူပန်မပေးတတ်ဘူး။ သူက တော်ဝင်သမားတော်ကို ပြောင်းပေးဖို့တောင် ပြဿနာရှာနေသေးတယ်။ မူဖေးရဲ့ ဆဲခံလိုက်ရတယ်လေ"
အပျိုတော်ယန်အကြောင်းကို ထုတ်ပြောလိုက်သည်တွင် ပထမမင်းသားကြင်ရာတော်၏ မျက်လုံးများမှာ မည်းမှောင်သွားတော့သည်။ သူမက လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။ "အရှင်မင်းသားကလဲ မူဖေးကို အကြံပေးသင့်တယ်။ အပျိုတော်ယန်က ကိုယ်ဝန်ရှိနေတာလေ။ သူက ကလေးမွေးဖို့နဲ့ သန္ဓေသားကိုလဲ ဂရုစိုက်ရသေးတယ်။ မူဖေးက စိတ်မရွှင်ပျဘူးဆိုရင် သူ့အနေနဲ့ အရှင်မင်းသားနဲ့ ချန်ချဲ့တို့အပေါ် ဒေါသဖွင့်ချဖို့ အဆင်ပြေပေမဲ့လည်း အပျိုတော်ယန်ကိုတော့ ကြောက်လန့်သွားအောင် လုပ်လို့မဖြစ်ဘူးလေ။ သန္ဓေသားကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"
ပထမမင်းသာက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "မူဖေးက အရမ်းဒေါသထွက်နေတာလေ။ ငါကလဲ သူ့ကို ဘယ်လိုလုပ်ပြီးတော့ နားဝင်အောင်ပြောနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ်ပါ ရက်အနည်းငယ်လောက် နေရင်တော့ အပျိုတော်ယန်ကို အိမ်ကိုခေါ်ပြန်လာပြီးတော့ပဲ အိမ်မှာ ကလေးမွေးခိုင်းတော့မယ်။ မင်းက ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးမယ်ဆိုရင် ငါလဲ စိတ်ချရတာပေါ့"
ပထမမင်းသားကြင်ရာတော်ကလဲ ပြုံးကာ ပြန်ဖြေလိုက်တော့သည်။ "အရှင်မင်းသားပြောတာ မှန်ပါတယ်။ ဒါက အစကတည်းက ချန်ချဲ့ရဲ့ တာဝန်ပါပဲ။ ချန်ချဲ့ရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးမကောင်းလို့သာ မူဖေးနဲ့ အရှင်မင်းသားတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်အောင် လုပ်ခဲ့မိတာ။ အခုတော့ ချန်ချဲ့လဲ ကိုယ့်ဟာကို ဂရုစိုက်နိုင်သွားပြီဆိုတော့ အပျိုတော်ယန်ကို အိမ်ပြန်လာခိုင်းလိုက်ပါ။ ကလေးမွေးပြီးသွားတဲ့ အချိန်ကျရင်လည်း ချန်ချဲ့ကိုယ်တိုင် ပြုစုပျိုးထောင်ပေးမှာပါ"
ဒါမှ အကျင့်သီလဖြူစင်ပြီး သိမ်မွေ့တဲ့ ဇနီးသည်တစ်ယောက်ပဲ။
ပထမမင်းသားသည် အလွန်ကျေနပ်စွာ နားထောင်နေလိုက်ပြီး ပထမမင်းသားကြင်ရာတော်၏ အနည်းငယ် ပိန်လှီသွားသည့် ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ကာ သနားညှာတာစွာဖြင့် ပြောလိုက်လေသည်။ "အခုလောလောဆယ်တော့ ဒီကိစ္စကို အလျင်လိုစရာ မလိုသေးပါဘူး။ ကလေးက ဘယ်လောက်ပဲ အရေးကြီးပါစေ မင်းရဲ့ခန္ဓာကိုယ်လောက်တော့ အရေးမကြီးသေးဘူးလေ"
ပထမမင်းသားကြင်ရာတော်ကလဲ ရင်ထဲတွင် လှုပ်ရှားသွားသည့် အမူအယာလေးတစ်ခု ထုတ်ပြလိုက်ကာ သူမ၏ ခေါင်းကို ပထမမင်းသား၏ ရင်ခွင်ထဲတွင် တိုးဝှေ့ထားလိုက်တော့သည်။ "အရှင်မင်းသားနဲ့ လက်ဆက်ခွင့်ရတာ ဘယ်နှစ်ဘဝများ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့လဲ မသိပါဘူး"
ပထမမင်းသားကလဲ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ "ငါကမှ မင်းလို ဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ကံကောင်းတာပါ"
ပထမမင်းသားကြင်ရာတော်သည် သူမ၏ နှုတ်ခမ်းကို စေ့ထားလိုက်ကာ ပြုံးပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ချန်ချဲ့လဲ ကျန်းမာရေးကောင်းအောင် ပြုစုပြီး တတ်နိုင်သလောက် မြန်မြန်ကိုယ်ဝန်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အရှင်မင်းသားအတွက် တရားဝင်သားတော်တစ်ပါး မွေးဖွားပေးချင်ပါတယ်"
ပထမမင်းသားကလဲ စဥ်းစားမနေဘဲ ပြန်ပြောလိုက်တော့သည်။ "ငါတို့တွေက ငယ်ပါသေးတယ်။ အချိန်တွေ အများကြီးရှိသေးတဲ့ဟာ ကလေးမရှိမှာ ပူပန်နေရသေးလို့လား"
အပျိုတော်ယန်က ဒီလောက်မြန်မြန်ဆန်ဆန် ကိုယ်ဝန်ရလာတာက သူက ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းတယ်။ ပြဿနာမရှိဘူးဆိုတာ သက်သေပြနေတာပဲလေ။ ပထမမင်းသားကြင်ရာတော် ကိုယ်ဝန်ပျက်ကျသွားတယ်။ ဒါကလဲ တကယ်သနားစရာပါပဲ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ဖို့ အမြဲတမ်း အခွင့်အရေးရှိသေးတာပဲလေ။
ဟုတ်ပါတယ်။ ပထမမင်းသားကလဲ သားတော်တစ်ယောက်ကို လိုချင်တာပါပဲ။
ဒါပေမဲ့လည်း နန်းတွင်းသူတစ်ယောက်ကနေ မွေးလာတဲ့ကလေးက တရားဝင်သားနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။
လင်မယားနှစ်ယောက်သည် နူးညံ့သိမ်မွေ့သည့် စကားဝိုင်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပထမမင်းသားကြင်ရာတော်က ထပ်မံ ထုတ်ပြောလိုက်လေသည်။ "မူဖေး စိတ်ပြေလျော့သွားတဲ့အချိန်ကျရင် အရှင်မင်းသားက မူဖေးကို ပြောပြီးတော့ အပျိုတော်ယန်ကို ခေါ်ပြန်လာလိုက်ပါ!"
ပထမမင်းသားသည် အများကြီး စဥ်းစားမနေတော့ဘဲ ပါးစပ်ဖွင့်ကာ ပြန်ဖြေလိုက်တော့သည်။
ပထမမင်းသားကြင်ရာတော်ကတော့ သူမ၏ မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွားသည့် အေးစက်မှုကို ဖုံးကွယ်ဖို့ရန် မျက်လွှာချထားလိုက်လေသည်။
မုန့်ကွေ့ဖေးရဲ့လက်တွေက အရမ်းရှည်လွန်းတယ်။ ပထမမင်းသား အိမ်တော်အထိတောင် တိုက်ရိုက်ရောက်နိုင်တယ်။ မုန့်ကွေ့ဖေးရဲ့ လူဖြစ်တဲ့ အပျိုတော်ယန်က ကိုယ်ဝန်ရှိသွားပြီး ယန်ရှီနန်းဆောင်ကို ခေါ်သွားခံလိုက်ရတယ်။ တကယ်လို့ သူသာ အနာဂတ်မှာ ပထမမင်းသားအတွက် သားဦးလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့မယ်ဆိုရင် မုန့်ကွေ့ဖေးရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် သူမလို ပထမဇနီးသည်က ချောင်မိဖုရားခေါင်နဲ့ တူညီတဲ့ အခြေအနေထဲ ကျရောက်သွားတော့မှာ မဟုတ်ဘူးလား။
သူမကတော့ ဒီလိုပဲ အားနည်းချက်ကို သည်းခံနိုင်လိမ့်မှာ မဟုတ်ဘူး။
တကယ်လို့ သူမကသာ ပြန်မတိုက်ခိုက်ဘူးဆိုရင် အနာဂတ်မှာ ပထမမင်းသားကြင်ရာတော်ဆိုတဲ့ အမည်ပဲ ခံရလိမ့်တော့မယ်။
...
နောက်တနေ့တွင် ချောင်မိဖုရားခေါင်သည် အမိန့်တော်တစ်စောင် ထုတ်ပြန်ဖို့ရန်အတွက် ဌာန၆ခုကို သတင်းပို့လိုက်တော့သည်။
စူးကျောင်းရုံကို ဖေးအဆင့် တိုးမြှင့်ပေးခဲ့ပြီး သူမသည် ယခုချိန်ကစပြီး စူးဖေး ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ချင်ဖေးကိုလဲ တစ်ဆင့်ပိုမြှင့်သည့် ရာထူးတစ်ခုကို တိုးမြှင့်ပေးကာ ရှန်ဟူသည့် ဘွဲ့တံဆိပ်ကို အပ်နှင်းပေးခဲ့ပြီး ယခုချိန်ကစပြီး သူမသည်လဲ ချင်ရှန်ဖေး ဖြစ်လာပေလိမ့်မည်။
ဟုတ်ပါသည်။ ဒီကိစ္စနှင့်ပတ်သက်ပြီး မယ်တော်ကြီးကျောက်၏ ကြိုးစားအားထုတ်မှုကလဲ မပါမဖြစ်ပင်။
မယ်တော်ကြီးကျောက်က ယုံးကျားဧကရာဇ်ကို တိုက်ရိုက်ဆင့်ခေါ်ခဲ့၏။ "စူးကျောင်းရုံရဲ့ နောက်ခံက ဖေးတစ်ယောက်ဖြစ်လာဖို့ ထိုက်တန်တာ မဟုတ်ဘူး။ အရှင်မင်းကြီးကသာ မုန့်မိသားစုကို စဥ်းစားတွေးတောပေးလို့ သူ့ကို ဖေးအဆင့် မိဖုရားအရာ တိုးပေးခဲ့တာ။ အိုက်ကျားကလဲ အရှင်မင်းကြီးကို မတားပါဘူး"
"အိုက်ကျား စဥ်းစားနေတာက ချင်ဖေးက လိမ်မာပါးနပ်တယ်။ တနှစ်လုံးလဲ ရိုသေလေးစားမှု ရှိလာခဲ့တယ်။ အိုက်ကျားအပေါ်လဲ နေ့တိုင်းကို လာပြီးတော့ ပြုစုစောင့်ရှောက်ပေးတယ်။ ဒါကလဲ ကြိုးစားအားထုတ်မှု တစ်ခုပါပဲ။ ကလေးမလေးယွီကိုလဲ ဒီနှစ်ကုန်ရင် လက်ထပ်ပေးတော့မှာပဲလေ။ ဒီတော့ အရှင်မင်းကြီးကလဲ ကျောက်မိသားစုကို လေးစားမှုပြသတဲ့အနေနဲ့ ချင်ဖေးကိုလဲ ရာထူးတစ်ခု တိုးမြှင့်ပေးလိုက်ပါ!"
လိုရင်းကို ပြောရမည်ဆိုလျှင်တော့ စူးကျောင်းရုံသည် ချင်ဖေးနှင့် တန်းတူအဆင့်အတန်းရှိဖို့ရန် မထိုက်တန်ခြင်းပင်။
ယုံးကျားဧကရာဇ်ကလဲ နာနာခံခံဖြင့်သာ ခေါင်းညိမ့်ပြလိုက်တော့သည်။
မယ်တော်ကြီးကျောက်က ချက်ချင်းဆိုသလို ထပ်ပြောလိုက်၏။ "ကွေ့၊ တယ်၊ ရှန်၊ ရှူး ဆိုတဲ့ အစဥ်အတိုင်းဆိုရင် မုန့်ရှီက ကွေ့ဖေးဖြစ်နေပြီပဲ။ ချင်ရှီကို တယ်ဖေးအဖြစ် တိုးမြှင့်ပေးလိုက်တာ ကောင်းတယ်"
ယုံးကျားဧကရာဇ်ကတော့ စိတ်မပါလှချေ။
ချင်ဖေးသည် အတွေးများပြီး စကားပြေလျှင် လိမ်မာပါးနပ်သော်ငြား အသိဉာဏ်တုံးအလှသည့် မယ်တော်ကြီးကျောက်ကိုသာ လှည့်ပတ် ချော့မော့နိုင်စွမ်းရှိပြီး ယုံးကျားဧကရာဇ်ကိုတော့ လှည့်စားနိုင်စွမ်းမရှိချေ။ ယုံးကျားဧကရာဇ်၏ ချင်ဖေးအပေါ်ထားရှိသည့် သံယောဇဥ်ကလဲ သာမန်မျှသာ ဖြစ်လေသည်။ မယ်တော်ကြီးကျောက်၏ မျက်နှာကို ထောက်ထား၍သာ ချင်ဖေးကို မြှောက်စားနေခြင်း ဖြစ်တော့၏။
တယ်ဖေးဟူသည့် ဒီဘွဲ့ထူးကို ချင်ဖေးအား ပေးအပ်လိုက်ခြင်းသည် အမှန်တကယ်ပင် ဖြုန်းတီးရာကျလွန်းလေသည်။
ယုံးကျားဧကရာဇ်က ပြောလိုက်တော့၏။ "လောလောဆယ် ရှန်ဖေးအဆင့်ပဲ တိုးမြှင့်လိုက်ပါ!"
မယ်တော်ကြီးကျောက်က အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ချက်ချင်းပြောလိုက်၏။ "ရှန်ဖေးက တယ်ဖေးလောက် ဘယ်ကောင်းပါ့မလဲ။ ချင်ဖေးက အိုက်ကျားဘေးမှာ နေတိုင်းပြုစုစောင့်ရှောက်ပြီး အိုက်ကျားအပေါ် သိတတ်လိမ်မာတယ်။ စတုတ္ထမင်းသားကလဲ ထက်မြတ်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်ပဲ။ ဒီအချက်နှစ်ချက်ကို ထောက်ထားပြီး တယ်ဖေးအဆင့်တော့ တိုးမြှင့်ပေးလိုက်သင့်တာပေါ့"
ယုံးကျားဧကရာဇ်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်တော့သည်။ "ချင်ရှီက မူဟုပ်အပေါ် သိတတ်လိမ်မာတော့ ‘ရှန်’ဆိုတဲ့စကားလုံးနဲ့ သင့်တော်လှပါတယ်။ သူ့ရဲ့ ကိုယ်ကျင့်တရားက ဘယ်လောက်တောင် ထူးကဲမြင့်မြတ်နေလဲဆိုတာကို ကျန်း တကယ်ပဲ မမြင်မိသေးဘူးလေ"
ထိုသို့ပြောဆိုရင်း သူ့မျက်နှာသည် တင်းမာလာလေတော့သည်။
မယ်တော်ကြီးကျောက်သည်လဲ မတတ်သာတော့ဘဲ အခြေအနေကို လက်ခံလိုက်ရတော့၏။ ""တော်ပါပြီ။ အရှင်မင်းကြီးက ရှန်ဖေးဆိုရင်လည်း ရှန်ဖေးပေါ့" သို့သော်ငြား စကားအနည်းငယ် ထပ်ပြောဖို့ရန်တော့ မမေ့သေးချေ။ "နောက်နှစ်နှစ်လောက်နေမှ တယ်ဖေးအဖြစ် ထပ်တိုးပေးလဲ နောက်မကျပါဘူး"
ယုံးကျားဧကရာဇ်က နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး လျိုကုန်းကုန်းကို ကျောင်းဖန်နန်းဆောင်သို့ သွားရောက်သတင်းပို့ရန် အမိန့်ပေးလိုက်လေသည်။
ဘာပဲဖြစ်ဖြစ်လေ ဒါက ကြီးကြီးမားမား ကိစ္စမှမဟုတ်တာ။ မယ်တော်ကြီးကျောက်ကို စကားနည်းနည်းလောက် ပြောခွင့်ပေးထားလိုက်တာပေါ့ ...
လျိုကုန်းကုန်းသည် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ကာ အမိန့်တော်ကို ဆက်သချိန်တွင် ချောင်မိဖုရားခေါင်သည် အပေါ်ယံတွင် ပုံမှန်အတိုင်း ပြောနေသော်ငြားလည်း စိတ်ထဲတွင်တော့ အကြီးအကျယ် ဒေါသထွက်မိလေတော့သည်။
ဒီလောက် စိတ်ပျက်ဖွယ်ကောင်းသည့်ယောက္ခမ။ ထို့အပြင် ဘက်လိုက်တတ်သည့် ခင်ပွန်းသည်နှင့် တွေ့ကြုံနေရသဖြင့် သူမလို မိဖုရားခေါင်တစ်ပါးပင်လျှင် ဘာမှမတတ်နိုင်ခဲ့ချေ။ ဒေါသထွက်ခဲ့ရပြီးနောက်တွင်တော့ စိတ်ကို တည်ငြိမ်အောင်ပြန်ထားပြီး အမိန့်တော်ကို ရေးသားရန် စီစဥ်ရပြန်သည်။
ချင်ရှန်ဖေးနှင့် စူးဖေးတို့သည် ဝမ်းမြှောက်ဝမ်းသာဖြစ်နေသော မျက်နှာထားဖြင့် ကျေးဇူးတင်စကား လာရောက် လျှောက်တင်ကြတော့၏။
ချောင်မိဖုရားခေါင်ကလဲ အိန္ဒြေကို ပြန်ဆည်ထားကာ နွေးထွေးသည့်အပြုံးဖြင့် ပြောရလေသည်။ "ဒါက အရှင်မင်းကြီးက မင်းတို့အပေါ် ချီးမြှင့်ထားတဲ့ မေတ္တာတရားပဲလေ။ မင်းတို့ ကျေးဇူးတင်ချင်ရင်တောင် အရှင်မင်းကြီးကိုပဲ သွားပြီး ကျေးဇူးတင်သင့်ပါတယ်"
ချင်ရှန်ဖေးကလဲ မြန်မြန်ပြုံးကာ ပြောလိုက်တော့၏။ "ဟွမ်ဟုပ်ညန်ညန်က အနောက်နန်းဆောင်ကို အုပ်ချုပ်ရတာ ပင်ပန်းလွန်းလှပါတယ်။ ချန်ချဲ့နဲ့စူးဖေးတို့ရဲ့ကိစ္စကိုလဲ မယ်မယ်ကပဲ စိတ်ပူပေးရပြန်ပြီ။ ချန်ချဲ့က မိုက်မဲပြီး မယ်မယ်အတွက် အပူတွေ မမျှဝေပေးနိုင်တာကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်"
အတိတ်ဘဝတုန်းက ချင်ဖေးက ကျောက်ယွီနဲ့လက်ဆက်ပေးပြီးမှ ရှန်ဖေးအဆင့်ကို တိုးမြှင့်ခံခဲ့ရတာ။ ဒီဘဝမှာ တစ်နှစ်တောင် ကြိုပြီးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ လမ်းတဝက်ကနေ ဝက်သတ်ပြီး သူမရဲ့နာမည်ကောင်း သတင်းကျော်ကြားမှုကို တဝက်ကျော် လုယူသွားလိုက်သေးတယ်။
စူးဖေးသည် စိတ်ထဲတွင် အံကြိတ်မတတ် မုန်းတီးသော်ငြားလည်း အပြင်ဘက်တွင်တော့ ထုတ်ဖော်ပြသမဝံ့ဘဲ ပြုံးကာသာ ထောက်ခံစကား ဆိုလိုက်ရတော့သည်။ "ချန်ချဲ့က စကားအပြောမတတ်တော့ ရှန်ဖေး ပြောသလောက်တော့ မကောင်းပါဘူး။ ဒါပေမဲ့ ချန်ချဲ့ရဲ့ ဆန္ဒကလဲ ရှန်ဖေးနဲ့ တထပ်တည်းပါပဲ"
ချောင်မိဖုရားခေါင်သည် သူတို့နှစ်ယောက်ကို တချက်လောက် လှမ်းကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်၏။ "မင်းတို့နှစ်ယောက် တစ်ချိန်တည်း ရာထူးတိုးတာကလဲ နန်းတော်ထဲက မင်္ဂလာသတင်းတစ်ခုပဲလေ။ ဒါကြောင့် နန်းတွင်းစားသောက်ပွဲကို တစ်ခါတည်းကျင်းပပြီး အားလုံးအတူတူ ပျော်ရွှင်စည်ကားအောင် ပြုလုပ်လိုက်ကြတာပေါ့"
ချင်ရှန်ဖေးက ပြုံးကာဖြင့် ပြန်ဖြေလိုက်၏။ "ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်။ ချန်ချဲ့လဲ စူးဖေးနဲ့အတူ နန်းတွင်းစားသောက်ပွဲ ကျင်းပပြီး ဂုဏ်ပြုပေးချင်ပါတယ်"
စူးဖေးသည် ဘာများတတ်နိုင်ပါအုံးမည်နည်း။
သူမကတော့ လုံးဝမနှစ်မြို့သော်ငြားလည်း အပြုံးတစ်ခုကိုသာ အားယူပြီး ညှစ်ထုတ်လိုက်ရတော့သည်။ "ချန်ချဲ့လဲ ဒီအကြံကောင်းတယ်လို့ ထင်ပါတယ်"
ဘာကောင်းတာလဲ နင်တို့ပဲ ကောင်းလိုက်ကြ!
ခက်ခက်ခဲခဲမှာ မျက်နှာပြပြီး နာမည်ရခါနီး ခက်ခက်ခဲခဲမှာ ဂုဏ်ယူဝင့်ကြွားရမဲ့ အခွင့်အရေးလေးကို ဒီချင်ရှီဆိုတဲ့ မိန်းမယုတ်က ဒီအတိုင်းပဲ ဝင်မွှေသွားခဲ့တယ်။ နှစ်ယောက်အတူတူ နန်းတွင်းစားသောက်ပွဲကို ကျင်းပပြီး ဂုဏ်ပြုခံရတယ်ဆိုရင်လည်း ဦးစားပေးခံရတဲ့သူ တစ်ယောက်ကတော့ သေချာပေါက် ထွက်လာမှာပဲလေ။ သူမက ချင်မိသားစုလောက် မမြင့်မားဘူးဆိုတော့ ဖိနှိပ်ခံရအုံးမှာ မဟုတ်ဘူးလား။
...
အပိုင်း (၁၈၃) ပြဇာတ်တစ်ပုဒ်
စူးဖေးသည် စိတ်ထဲတွင် အဆိုးဝါးဆုံး စကားလုံးများဖြင့် ချင်ရှန်ဖေးကို ကြိမ်ဆဲကြိမ်မောင်းနေလေတော့သည်။
မွန်းတည့်ချိန်တွင် လီဟောက်နှင့်လီချန်တို့ ညီအစ်ကိုနှစ်ယောက်သည် ယိဟွားနန်းဆောင်သို့ ရောက်လာကာ စူးဖေးနှင့်အတူ နေ့လည်စာသုံးဆောင်ရန် ရောက်ရှိလာကြ၏။
စူးဖေးကို မြင်လိုက်သည်နှင့် လီဟောက်သည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်တော့သည်။ "ရာထူးတိုးတာ ဝမ်းသာစရာ ကိစ္စကြီးလေ။ မူချင်းက ဘာဖြစ်လို့ မျက်ရည်တွေ သုတ်နေပြန်တာလဲ"
စူးဖေး၏ မျက်ဝန်းအစုံသည် နီရဲလျက်ရှိရာ ကြည့်ရုံဖြင့် ငိုထားမှန်းသိသာလေသည်။
စူးဖေးသည် လက်ကိုဆန့်ကာ လီဟောက်၏ အင်္ကျီဝတ်ရုံစကို လှမ်းဆွဲလိုက်ပြီး ရှိုက်ငိုကာ တိုင်တန်းလေတော့သည်။ "အားဟောက် အားဟောက် ငါ ဒီလောက်နှစ်တွေအကြာကြီး သည်းခံလာခဲ့ပြီးမှ နောက်ဆုံးတော့ ‘ဖေး’အဆင့်ကို ရောက်လာခဲ့ပြီ။ ငါ့ကိုငါ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘာအရေးကြီးမှာလဲ။ ဒီလောက် ဂရုစိုက်နေတာက မင်းတို့ညီအစ်ကိုကို တခြားသူတွေ အထင်သေးမှာစိုးလို့ပါ"
"ဒီအနောက်နန်းဆောင်ထဲမှာ စိတ်ရင်းကောင်းတဲ့သူ တစ်ယောက်မှမရှိဘူး။ ချင်ဖေးက ငါ ရာထူးတိုးတာကို မြင်တာနဲ့ ချက်ချင်းပဲ မယ်တော်ကြီးကျောက်ဆီကို သွားတောင်းဆိုတယ်။ မယ်တော်ကြီးကျောက်က ပါးစပ်ဟလိုက်တာနဲ့ အရှင်မင်းကြီးက သူ့ကို ရှန်ဖေးအဖြစ် တိုးမြှင့်ပေးလိုက်တယ်။ ဒါက ငါ့ကို အပေါ်စီးကနေ ဖိထားချင်လို့ တမင်သက်သက်လုပ်နေတာ သိသာတယ်"
"မနက်ဖြန် နန်းတော်ထဲမှာ စားသောက်ပွဲကျင်းပပြီး ဂုဏ်ပြုကြတဲ့အခါ ချင်ရှန်ဖေးက ရှေ့မှာရှိနေမှာ။ ငါဆိုတဲ့ ဒီစူးဖေးက ဘာမျက်နှာရှိအုံးမှာလဲ"
မျက်လုံးထဲက အရည်ကြည်များသည် ချက်ချင်းဆိုသလို မျက်ရည်များအဖြစ် မျက်နှာပေါ်မှ စီးကျလာလေတော့သည်။
လီဟောက်၏ မျက်လုံးများမှာ တချက်လင်းလက်သွားပြီး သူ့အသံကလဲ နက်ရှိုင်းသွားတော့၏။ "ဖြစ်ပြီးသွားမှတော့ ဘာနည်းလမ်းကောင်းမှ မရှိတော့ဘူး။ မူချင်းလဲ အတွေးလွန်မနေပါနဲ့တော့။ ကောင်းတဲ့ဘက်က ပြန်တွေးကြည့်လိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မူချင်း ရထူးတိုးတာက ကောင်းတဲ့ကိစ္စတစ်ခုပဲလေ"
လီချန်သည်လဲ အနားသို့ တိုးကပ်လာကာ ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ "စန်းကော ပြောတာ မှန်ပါတယ်။ နောက်ဆိုရင် ကျွန်တော်လဲ မူဖေးလို့ တရားဝင်ခေါ်လို့ရပြီလေ"
စူးဖေးက ငိုယိုကာဖြင့် ပြောလေသည်။ "မင်းတို့က ငါ့စိတ်ထဲက ဒုက္ခတွေကို ဘယ်လိုလုပ်ပြီးသိမှာလဲ။ ဒီနှစ်တွေအတွင်းမှာ သူတို့တွေက ငါ့ကို တစ်ယောက်ပြီးတစ်ယောက် အထင်သေးခဲ့ကြတာ။ လှောင်ပြောင်သရော်တာက အမြဲတမ်း ကြုံနေကြအရာပဲ။ ငါ ကောင်းစားသွားမှာကို လုံးဝမကြည့်ရက်ကြဘူး။ ငါလဲ ခါးကိုမတ်မတ်ထားပြီး မျက်နှာပွင့်လန်းခံရမဲ့အချိန်ကို မျှော်လင့်နေခဲ့ရတာ။ ချင်ဖေးက တမင်သက်သက် ငါနဲ့ရန်ဖြစ်ပြီး ငါ့ကို နင်းချင်နေတာ ..."
စူးဖေးသည် နာရီဝက်အထိ မရပ်မနား ငိုနေလေတော့သည်။
လီဟောက်ကလဲ အတွေ့အကြုံရှိသူပီပီ လီချန်ကို မျက်ရိပ်ပြလိုက်၏။
လီချန်က ခေါင်းညိမ့်ပြလိုက်ကာ အနီးတွင် ခစားနေကြသည့် နန်းတွင်းသူအားလုံးကို ဆုတ်ခွာခိုင်းလိုက်ပြီး တံခါးကိုပါ ပိတ်လိုက်တော့သည်။ စူးဖေးကို စိတ်တိုင်းကျ ငိုကြွေးခိုင်းထားလိုက်တော့၏။
စူးဖေးသည် လီဟောက်၏ လက်မောင်းကို တင်းတင်းဆုပ်ထားရင်း တရှုံ့ရှုံ့ငိုလျက် ပြောဆိုလာပြန်သည်။ "အားဟောက် ငါနဲ့အားချန် နောက်ဆိုရင် မင်းကိုပဲ အားကိုးရတော့မှာ။ မင်းက နောက်လဆိုရင် မင်္ဂလာပွဲကြီးကျင်းပရတော့မယ်။ မုန့်ရှီ ရောက်လာတဲ့အခါ မင်း သူ့ကို ကောင်းကောင်းဆက်ဆံရမယ်။ မုန့်မိသားစုကို ဆွဲဆောင်စည်းရုံးထားရမယ်။ ကွမ်းပင်းနယ်စားကသာ အစွမ်းကုန်ကူညီပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ..."
"မူဖေး!" လီဟောက်သည် စူးဖေး၏ စကားကို ဖြတ်ပြောလိုက်၏။ "စကားကို ဆင်ခြင်ပြောပါ!"
တစ်ချို့သော ကိစ္စများကို စိတ်ထဲတွင် တွေးတောနိုင်သော်ငြားလည်း နှုတ်မှ ထုတ်ဖော်ပြောဆို၍ မဖြစ်ချေ။
စူးဖေးသည် အင်္ကျီလက်စဖြင့် မျက်ရည်များကိုသုတ်လိုက်ပြီး ခပ်တိုးတိုးပြောလာခဲ့၏။ "ဘာပဲဖြစ်ဖြစ် မင်းစိတ်ထဲမှာ နားလည်ရင်ပြီးတာပဲ။ ဒီနန်းတော်ထဲမှာ မင်းကောင်းစားတာကို လိုလားတဲ့သူ တစ်ယောက်မှမရှိဘူး။ ငါတို့သားအမိသုံးယောက်ပဲ တကယ့် သွေးသားအရင်းအချာတွေ"
"မင်းရဲ့ ဖုဟွမ်ကလဲ မင်းကို ချစ်ရှာပါတယ်။ ဒါပေမဲ့ မင်းရဲ့ ဖုဟွမ်မှာ သားငါးယောက်နဲ့ သမီးနှစ်ယောက်ရှိတယ်။ သူအချစ်ဆုံးက မင်းရဲ့ အစ်ကိုအကြီးဆုံးပဲ။ မင်းရဲ့ အစ်ကိုတော်နှစ်က တရားဝင်သားတော် ရာထူးအဆင့်အတန်းက မင်းထက် အများကြီး သာလွန်တယ်"
"မင်းသာ လူတစ်လုံးသူတစ်လုံး ဖြစ်ချင်တယ်ဆိုရင် မင်းရဲ့ ဖုဟွမ်ကို အားကိုးနေလို့ မဖြစ်ဘူး"
လီဟောက်၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာပြီး ခဏအကြာတွင်တော့ ပြောလိုက်လေသည်။ "မူဖေး ဘာမှမပြောပါနဲ့တော့။ ကျွန်တော် ဘယ်လိုလုပ်ရမယ်ဆိုတာ သိပါတယ်" ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူက ဆက်ပြောလာခဲ့၏။ "မနက်ဖြန် နန်းတွင်းစားသောက်ပွဲမှာ မူဖေး စိတ်မကြည်မလင် ဖြစ်နေရင်တောင် ခဏလောက် သည်းခံထားလိုက်ပါ။ အပြင်မှာ မပေါ်လွင်စေနဲ့"
စူးကျောင်းရုံသည် နီရဲနေသည့် မျက်လုံးများဖြင့် ပြောလာတော့သည်။ "စိတ်ချပါ! ဒီနှစ်တွေအကြာကြီး ခံစားခဲ့ရတဲ့ မတရားမှုတွေကိုတောင် သည်းခံလာနိုင်ခဲ့တာပဲ။ ဒီလောက် အရှက်ခွဲခံရတာလေးက ဘာမှမဟုတ်တော့ပါဘူး"
...
လုမင်ယွိသည် ဒီကိစ္စကို မြန်မြန်သိရှိသွားပြီး နှုတ်ခမ်းထောင့်များက မသိမသာ ကွေးတက်သွားတော့သည်။
စူးဖေးက မျိုးရိုးနိမ့်ကျပြီး အနောက်နန်းဆောင်မှာ ရာထူးအဆင့်အတန်းနိမ့်ကျတော့ လူတိုင်းက သူ့ကို တစ်ချက်လောက် နင်းချသွားမှ ကျေနပ်ကြတာ။ ရှေ့က ကွမ်းပင်းနယ်စားက နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးနဲ့ တွေ့သွားတာနဲ့ နောက်က ချင်ရှန်ဖေးကလဲ သူ့ကို မျက်နှာဖြတ်ရိုက်ဖို့ ချက်ချင်းပဲ မစောင့်နိုင်တော့ဘူး။
မနက်ဖြန် နန်းတွင်းစားသောက်ပွဲမှာ ကြည့်ရတာ ပွဲကောင်းတစ်ကောင်းတော့ ရှိအုံးမှာပဲ။
"မနက်ဖြန် နန်းတော်စားသောက်ပွဲ ရှိတယ်။ ကိုနဲ့မင်း နန်းတော်ထဲ အတူတူဝင်ကြတာပေါ့" နွေးထွေးသည့် ခန္ဓာကိုယ်တစ်ခုသည် အနားသို့ တိုးကပ်လာပြီး လက်မောင်းများကို ဆန့်တန်းကာ သူမကို ရင်ခွင်ထဲတွင် ဆွဲသွင်းကာ ပွေ့ဖက်လိုက်လေသည်။
လက်ထပ်ထားသည်မှာ လဝက်ခန့်ရှိပြီဖြစ်ရာ နေ့စဥ်အတူတူ ပူးကပ်နေသဖြင့် တစ်ဦး၏ ခန္ဓာကိုယ်ကို တစ်ဦးက လျင်မြန်စွာ အသားတကျဖြစ်လာခဲ့ကြလေသည်။
လုမင်ယွိသည် ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး လွတ်ပေးလိုက်ပြီး လီကျင့်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မှီထားလိုက်တော့၏။ "မနက်ဖြန် ပွဲတော်မတက်ရဘူးလား"
လီကျင့်က ရယ်မောရင်း အင်းဟု ပြန်ပြောလိုက်၏။ "ချင်ရှန်ဖေးနဲ့ စူးဖေးက တစ်ကြိမ်တည်း ရာထူးတိုးတာ အနောက်နန်းဆောင်ရဲ့ မင်္ဂလာသတင်းပဲလေ။ ဖုဟွမ်က ပွဲတော်ကို တစ်ရက်နားပြီး စားသောက်ပွဲ အတူတူတက်ရမှာ"
အကယ်၍ စူးဖေး တစ်ဗယာက်တည်းအတွက်သာ စားသောက်ပွဲ ကျင်းပမည်ဆိုလျှင် ယုံးကျားဧကရာဇ်သည် တက်ရောက်လိမ့်မည်မဟုတ်ပေ။ ယခုအခါ ချင်ရှန်ဖေးပါ တပါတည်း ပါလာသည်တွင်တော့ ယုံးကျားဧကရာဇ်သည် မဖြစ်မနေ တက်ရောက်ရပေတော့မည်။
"ကောင်းပြီလေ။ ဒါဆို ကျွန်မတို့ မနက်ဖြန် စောစောထကြတာပေါ့" လုမင်ယွိသည် ခေါင်းကို အနည်းငယ်လှည့်ကာ လီကျင့်ကို ကြည့်လိုက်လေသည်။
ပန်းလေးတစ်ပွင့်နှယ် နုဖတ်လှသည့် မျက်နှာလေးသည် လက်တစ်ကမ်းအလိုတွင် ရှိနေလေ၏။
လီကျင့်၏ နှလုံးသားသည် ရုတ်တရက် ပူးနွေးသွားပြီး လက်အောက်က အနည်းငယ် အားထည့်လိုက်ကာ ဦးခေါင်းလေးကို ငုံ့ပြီး သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေတော့သည်။
နုပျိုပြီး ပူလောင်တက်ကြွလှသည့် ခန္ဓာကိုယ်နှစ်ခုသည် ထိတွေ့လိုက်သည်နှင့် လျှပ်စီးလက်သလို တုန်လှုပ်သွားကြလေတော့၏။
နောက်တနေ့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် မိုးပင်လင်းနေပြီ ဖြစ်သည်။
စောစော ထမယ်လို့ တွေးထားတာပဲ။ ဘယ်လိုလုပ်ပြီးတော့ စောနိုင်ပါတော့မလဲ။
လီကျင့်က ဟန်ဆောင်ပန်ဆောင်ဖြင့် သူ့ခါးကို နှိပ်နယ်ရင်းပြောလာသည်။ "ခဏနေရင် မီးဖိုဆောင်မှာ အားရှိစေမည့် အားဆေးဟင်းရည် တစ်မျိုးလောက် ချက်ခိုင်းထားအုံးမယ်။ ဒီည ပြန်လာရင် တစ်ပန်းကန်လောက် သောက်မှဖြစ်တော့မယ်"
ဟွန့်!
အရှက်မရှိလိုက်တာ!
လုမင်ယွိသည် ရယ်မောရင်း နှာခေါင်းရှုံ့ကာ မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ "ဒီည ရှင် စာကြည့်ခန်းထဲမှာ သွားအိပ်ချည်"
လီကျင့်ကလဲ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ ထိုနတ်ဘုရားတစ်ပါးကဲ့သို့ ချောမောခံ့ညားသော မျက်နှာလေးသည် ပျင်းရိကာ ကျေနပ်နေသည့် အရောင်အဝါများ ဖုံးလွှမ်းလို့နေ၏။ ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းသဖြင့် တညလုံးနီးပါး သောင်းကျန်းခဲ့သော်ငြားလည်း ယခုအချိန်တွင် မျက်ကွင်းညိုခြင်း အရိပ်အယောင်လေးကိုပင် မတွေ့ရချေ။
လုမင်ယွိကတော့ မျက်နှာလေးသည် ကြည်လင်တောက်ပလျက်ရှိပြီး နီထွေးနေသည့် နှုတ်ခမ်းလေးများကလဲ အရည်ရွှန်းကာ စိုလဲ့နေသယောင်ပင်။ နူးညံ့လှသည့် အနီရောင် ဂွမ်းစောင်လေးက ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး လည်တိုင်နှင့် ဖြူဖွေးနုနယ်နေသည့် အသားစိုင် တစ်စိတ်တစ်ပိုင်းကိုသာ မြင်တွေ့ရလေသည်။ ...
လီကျင့်၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသည့် အလင်းရောင်များ တောက်ပလာတော့၏။
လုမင်ယွိမှာ ဒေါသလဲထွက်သလို ရယ်လဲရယ်ချင်သွားပြီး လီကျင့်ကို ခြေထောက်ဖြင့် တစ်ချက် ကန်ကျောက်လိုက်တော့သည်။ "မြန်မြန်။ သန့်စင်ပြီး အဝတ်အစားလဲတော့။ မဟုတ်ရင် နန်းတော်ထဲဝင်ရတာ တကယ်နောက်ကျနေတော့မယ်"
လီကျင့်ကတော့ မကျေနပ်သည့်ဟန်ဖြင့် သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အိပ်ယာပေါ်မှ အရင်ဆုံး ဆင်းလိုက်လေတော့သည်။
သူသည် ငယ်စဥ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရပြီး အသက်၈နှစ်တွင် မင်းသားတစ်ပါး ဖြစ်လာခဲ့ရာ သူ့ဘေးတွင် ပြုစုစောင့်ရှောက်သူများကလဲ အမြဲတမ်းရှိနေခဲ့လေသည်။ သူသည် ယခင်က ရှောင်ယွမ်ကို အနီးကပ် ပြုစုစောင့်ရှောက်ခိုင်းလေ့ရှိသည်။
သို့သော်ငြား လက်ဆက်ပြီးနောက်တွင်တော့ ဒီအကျင့်က ပြောင်းလဲသွားတော့၏။
ရှောင်ယွမ်သည် ယောကျ်ားတစ်ပိုင်းသာပင်။ သို့တိုင်အောင် သူသည် ရှောင်ယွမ်ကို အိပ်ဆောင်ထဲသို့ ဝင်ခွင့်မပြုလိုဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမှလဲ လုမင်ယွိ၏ အိပ်ယာပေါ်တွင် လဲလျောင်းနေသည့် ကျော့ရှင်းလှပသော ပုံစံလေးကို မမြင်စေလိုချေ။
လီကျင့်က အိပ်ယာကို ကျောခိုင်းကာ အဝတ်အစားများကို ဝတ်ဆင်လိုက်တော့၏။
လုမင်ယွိ၏ အကြည့်များသည် အလိုလိုပင် ထိုနေရာသို့ ရောက်ရှိသွားတော့၏။ သန်မာပြီး ဗလာကျင်း ဖြစ်နေသည့်ကျောပြင်၊ အနည်းငယ် ကော့တက်နေသည့်တင်ပါး၊ ဖြောင့်စင်းရှည်လျားလှသည့် ခြေတံရှည်များ။ ဒီမြင်ကွင်းကို မျက်စိပသာဒဖြစ်စရာဟူသည့် စကားလုံးများဖြင့် ဖော်ပြလျှင်ပင် လွန်မည်မထင် ...
လီကျင့်သည် စိတ်ချင်းဆက်သွယ်နေသလို ရုတ်တရက် လှည့်ကြည့်လိုက်ရာ လုမင်ယွိ၏ မရုတ်သိမ်းရသေးသည့် အကြည့်များကို ဆုံမိသွားတော့သည်။
လုမင်ယွိ "..."
လီကျင့်က ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ သူ၏ ချောမောလှသည့် မျက်နှာသည်လဲ အသည်းယားစရာကောင်းနေသလို ထိုးဆိတ်ချင်စရာလဲ ကောင်းနေတော့သည်။ "ဒါမှမဟုတ် ... ကိုတို့တွေ နန်းတော်ထဲကို နည်းနည်းလောက်နောက်ကျမှ ဝင်ကြမလား"
သူ့ကို တုံ့ပြန်လာသည့် အဖြေမှာ ပျံသန်းလာသည့် ခေါင်းအုံးတစ်လုံးသာ ဖြစ်တော့၏။
...
ဒီတကြိမ် နန်းတွင်းစားသောက်ပွဲကိုလဲ ကျောင်းဖန်နန်းဆောင်တွင်ပင် ကျင်းပလေသည်။
သာမန်အချိန်များတွင် မယ်တော်ကြီးကျောက်သည် ကျောင်းဖန်နန်းဆောင်သို့ လာရောက်လေ့ မရှိသလောက်ပင်။ ချင်ရှန်ဖေးက မယ်တော်ကြီးကျောက်ကို မည်သို့ ပြောဆိုဖြောင်းဖြလိုက်သည်မသိ။ ဒီနေ့တွင်တော့ စောစောစီးစီးပင် ရောက်ရှိလာခဲ့လေသည်။
မယ်တော်ကြီးကျောက် ရောက်ရှိလာသည်နှင့် ချောင်မိဖုရားခေါင်က အမြင့်ဆုံးနေရာကို အလိုလို ဖယ်ပေးရတော့သည်။
ချင်ရှန်ဖေးက ပျော်ရွှင်စွာဖြင့် မယ်တော်ကြီးကျောက်ကို အမြင့်ဆုံးနေရာတွင် တွဲကာ ထိုင်ခိုင်းလိုက်၏။ မယ်တော်ကြီးကျောက်က ချင်ရှန်ဖေး၏ လက်ကို အလိုက်သင့်ဆွဲယူပြီး သူမ၏ ဘေးတွင် ထိုင်စေချင်ဟန်တူလေသည်။
ချောင်မိဖုရားခေါင်က လေသံအေးအေးဖြင့်ပင် တစ်ချက်စွေစောင်းကာ ကြည့်လိုက်လေသည်။
မုန့်ကွေ့ဖေးကလဲ ပေါ့ပေါ့ပါးပါး တစ်ချက်လှမ်းကြည့်လာ၏။ ချင်ရှန်ဖေးသည် ချက်ချင်းဆိုသလို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ကာ ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့၏အောက်ဖက် မိမိ၏နေရာတွင် နာနာခံခံလေး ဝင်ထိုင်လိုက်တော့သည်။ စူးဖေးကတော့ အောက်ဖက်တွင် ဆက်လက်နေရာယူရသည်မှာ ပြောရန်မလိုချေ။
ရာထူးအဆင့်အတန်းများ ပြောင်းလဲသွားသော်ငြားလည်း အနောက်နန်းဆောင်မှ လူအားလုံး၏ ထိုင်သည့်နေရာ အစဥ်လိုက်ကတော့ ပြောင်းလဲသွားခြင်း မရှိချေ။
ဟွေ့အန်းကုန်းကျူနှင့် ဝူဖုမာတို့သည် နန်းတော်ထဲသို့ စောစောစီးစီး ရောက်ရှိလာခဲ့ကြပြီး ပထမမင်းသား ဇနီးမောင်နှံတို့သည်လဲ အတူတူရောက်ရှိလာကြကာ မင်းသား၊ မင်းသမီးများ အားလုံးလဲ ရောက်ရှိနေကြပြီ ဖြစ်လေသည်။ ယုံကျားဧကရာဇ်ပင် ရောက်ရှိနေပြီ ဖြစ်၏။
လီကျင့်နှင့် လုမင်ယွိတို့သာ အချိန်နောက်ကျသည်အထိ ပေါ်ထွက်လာခြင်း မရှိကြသေးချေ။
...