အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အပိုင်း (၁၈၄) နောက်ကျမှ ရောက်ရှိလာခြင်း
မယ်တော်ကြီးကျောက်သည် ဤသို့ အပြစ်ရှာရန် အခွင့်ကောင်းရသည့် အခိုက်အတန့်ကို အဘယ်မှာ လက်လွှတ်မည်နည်း။
"ဒီနေ့က ချင်ရှန်ဖေးနဲ့ စူးဖေးတို့ရဲ့ နေ့ကောင်းရက်သာပဲ၊ အိုက်ကျားတောင် စောစောစီးစီး ရောက်နေပြီ” မယ်တော်ကြီးကျောက်သည် ယုံးကျားဧကရာဇ်ဘက်သို့ ဦးခေါင်းလှည့်ကာ မိန့်ကြားလိုက်လေသည်။ "ဒုတိယမင်းသားနဲ့ လုရှီတို့ကတော့ ခုထိ ရောက်မလာသေးဘူး၊ ဒါဟာ အိုက်ကျားနဲ့ ဧကရာဇ်ကို အရေးမထားတာ ထင်ရှားနေတာပဲ။ ချင်ရှန်ဖေးနဲ့ စူးဖေးကိုတော့ ပြောမနေနဲ့တော့”
မယ်တော်ကြီးကျောက်၏ မျက်နှာတော်သည် မသာမယာဖြစ်နေပြီး သူမ၏ စကားလုံးတိုင်းတွင် မကျေနပ်မှုများ အပြည့်ဖြစ်နေ၏။
မယ်တော်ကြီးကျောက်၏ ဂုဏ်ပုဒ်နှင့် အဆင့်အတန်းအရ မည်သူ့ကိုမဆို အပြစ်တင်လိုလျှင် နှုတ်ဖွင့်လိုက်ရုံသာဖြစ်ပြီး မည်သည့်အရာကိုမှ ထောက်ထားစရာမလိုပေ။ သို့သော်လည်း ထိုကြေမွသွားခဲ့သော လက်ဖက်ရည်ခွက်ကို ပြန်လည်တွေးမိကြသည့်အခါ လူတိုင်းသည် အကြောင်းရင်းမသိဘဲ တိတ်တဆိတ် ချွေးစေးများ ပြန်လာကြလေသည်။
ယုံးကျားဧကရာဇ်က မကျေမနပ်ဖြစ်နေသော မယ်တော်ကြီးကျောက်ကို ပြုံးလျက် နှစ်သိမ့်လိုက်သည်။ "တစ်ခုခု ကြန့်ကြာနေလို့ ဖြစ်ပါလိမ့်မယ်”
"ဒီကိစ္စထက် အရေးကြီးတာ ဘာရှိသေးလို့လဲ” မယ်တော်ကြီးကျောက်၏ လေသံသည် ခက်ထန်နေ၏။ လက်ဖက်ရည်ဆက်သသည့်နေ့က ခံစားခဲ့ရသော မကျေနပ်မှုများကို ဤအခါသမယတွင် အဆုံးစွန်ထိ ပေါက်ကွဲထုတ်ရန် အကွက်ချောင်းနေပုံရလေသည်။ "ဒါဟာ လူကြီးသူမကို မလေးစားတာ သက်သက်ပဲ”
ချောင်မိဖုရားခေါင်၏ မျက်ခုံးများ တစ်ချက်လှုပ်သွားပြီး နူးညံ့သော အသံဖြင့် လျှောက်တင်လိုက်သည်။ "မူဟုပ် အရင် စိတ်မဆိုးပါနဲ့ဦး။ သူတို့လင်မယားနှစ်ယောက် ရောက်လာတဲ့အခါ မေးကြည့်လိုက်ရင် အကြောင်းစုံ သိရမှာပါ”
မယ်တော်ကြီးကျောက်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ချောင်မိဖုရားခေါင်ကို ခပ်စောင်းစောင်း ကြည့်လိုက်ကာ "မိဖုရားခေါင်က အိုက်ကျားရဲ့ ချွေးမအဖြစ် နှစ်ပေါင်း ၂၀ ကြာအောင် နေလာခဲ့တာ၊ အိုက်ကျားကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဖူးဘူး။ ခုတော့ ကိုယ့်ချွေးမ ဝင်လာပြီ၊ မိဖုရားခေါင်က ယောက္ခမအရသာကို မခံစားရတဲ့အပြင် ချွေးမအတွက်တောင် စိတ်ပူပြီး ဖုံးကွယ်ပေးနေရသေးတယ်။ ကြည့်ရတာ၊ အိုက်ကျားက မိဖုရားခေါင်ထက် ပိုကုသိုလ်ထူးပုံပဲ”
မယ်တော်ကြီးကျောက်သည် စာပေပညာ သိပ်မတတ်မြောက်သော်လည်း လူ၏နှလုံးသားကို ထိုးနှက်နိုင်စွမ်းကတော့ အမှန်တကယ်ပင် ပထမတန်းစား ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် စိတ်နှလုံးထဲတွင် ဒေါသထွက်နေသော်လည်း လူအများရှေ့တွင် မယ်တော်ကြီးကျောက်နှင့် ပြန်လှန် ငြင်းခုံ၍မဖြစ်ပေ။ "ကုသိုလ်ကံအရာမှာတော့ အာရှီက မူဟုပ့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
မယ်တော်ကြီးကျောက်သည် မပွင့်တပွင့် ကျေနပ်အားရဟန်ဖြင့် ဦးခေါင်းကို မော့ထားလိုက်၏။
ဟုတ်တာပေါ့။
သာမန်မယားငယ်ရဲ့ သမီးတစ်ယောက်ဘဝကနေ လီအိမ်တော်သခင်ကြီးရဲ့ မယားငယ်ဖြစ်လာခဲ့တယ်။ ပြီးတော့ တရားဝင်သားဦးလေး မွေးပြီး ခြေကုပ်ရခဲ့တယ်။ အဲဒီတုန်းက သူမရဲ့ အကြီးမားဆုံးဆန္ဒက သားတော်က အိမ်တော်ရဲ့အမွေကို စောစောဆက်ခံနိုင်ဖို့ပဲ။ သားတော်က ဒီလောက် အရည်အချင်းရှိရှိနဲ့ ပုန်ကန်ထကြွပြီး ဧကရာဇ်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူမလည်း အလိုလို မယ်တော်ကြီး ဖြစ်လာခဲ့တာပဲ။
သူမဟာ လောကမှာ ကံအကောင်းဆုံး မိန်းမပဲလေ။ ဘယ်သူက သူမကို ယှဉ်နိုင်မှာလဲ။
ချင်ရှန်ဖေးသည် မယ်တော်ကြီးကျောက်အား မြှောက်ပင့်ပြောဆိုနေကျဖြစ်ရာ ချက်ချင်းပင် ပြုံးရယ်လျက် စကားဆက်လိုက်လေသည်။ "ချန်ချဲ့ ရှို့နဉ်နန်းဆောင်ကို ခဏခဏ သွားနေတာက မယ်တော်ကြီးရဲ့ ကံကောင်းခြင်းတွေကို နည်းနည်းလောက် ကူးစက်ခံချင်လို့ပါပဲ”
မြှောက်ပင့်နေလိုက်တာ။
မုန့်ကွေ့ဖေးသည် စိတ်ထဲတွင် နှုတ်ခမ်းတွန့်ကာ မထီမဲ့မြင် ပြုံးလိုက်သော်လည်း နှုတ်ကတော့ ရယ်မောလျက် ဆိုလေသည်။ "မယ်တော်ကြီးရဲ့ ကောင်းချီးမင်္ဂလာက ကြီးမားနက်ရှိုင်းလွန်းတော့ လူတိုင်းက ကူးစက်ချင်တိုင်း ကူးစက်လို့ရတာမှ မဟုတ်တာ။ ချန်ချဲ့အထင်တော့ ချင်ရှန်ဖေးက နောက်ထပ် ၁၀ နှစ် ၈ နှစ်လောက် ကျင့်ကြံဦးမှ ရမယ်ထင်တယ်”
ချင်ရှန်ဖေးသည် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေရာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်လေသည်။ "ချန်ချဲ့က မြေခွေးမ ပူးကပ်နေတာမှ မဟုတ်တာ၊ ဘာတွေ ကျင့်ကြံနေရမှာလဲ။ ကျင့်ကြံလိုက်လို့ မြေခွေးအမြီး ထွက်လာမှာ ကျနေတာပဲ”
ထိုစကားသည် ပျော်ရွှင်ဖွယ်ရာ ကောင်းလှသဖြင့် လူအများစုမှာ တပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။
ဘေးတွင် ထိုင်နေသော စူးဖေးကတော့ စိတ်ထဲတွင် မည်မျှပင် မွန်းကျပ်နေသည်ကို ပြောရန်မလိုတော့ချေ။
နည်းနည်းလေးမှ မထူးဆန်းဘူး။ ချင်ရှန်ဖေးက သူမရဲ့ အရှိန်အဝါအားလုံးကို လုယူသွားပြန်ပြီ။ သူမ ဒီမှာ ထိုင်နေတာကို လူတွေက မြင်တောင် မမြင်ကြသလိုပဲ။
စူးဖေးသည် တိတ်ဆိတ်မှုကို မခံရပ်နိုင်ဘဲ ပြုံးရယ်ကာ ပြောလိုက်၏။ "ချန်ချဲ့လည်း ရှို့နဉ်နန်းဆောင်ကို သွားပြီး မယ်တော်ကြီးကို လုပ်ကျွေးပြုစုချင်လိုက်တာ။ နောက်တစ်ခါ မျက်နှာပြောင်တိုက်ပြီး ချင်ရှန်ဖေးနဲ့ အတူတူ လိုက်ခဲ့ရမယ်။ မယ်တော်ကြီးက ချန်ချဲ့ကို မောင်းမထုတ်ရင် တော်ပါပြီ”
မယ်တော်ကြီးကျောက် အထင်သေးဆုံးသူမှာ စူးဖေးပင်။
အလှနဲ့ လာဘ်ထိုးတဲ့ ကချေသည်မတစ်ယောက်။ ယောက်ျား ဘယ်နှယောက်နဲ့ အိပ်ဖူးမှန်းတောင် မသိဘူး။ တစ်နေ့လုံး နုနုနယ်နယ်၊ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မျက်ရည်သုတ် နှာရည်ရှုံ့နေတဲ့ ပုံစံနဲ့၊ ဘယ်ကလာတဲ့ မျက်နှာနဲ့များ ကိုယ့်ကိုယ်ကိုယ် နစ်နာတယ်လို့ ခံစားနေမှန်း မသိဘူး။
ဟို ကွမ်းပင်းနယ်စားလည်း ကောင်းတဲ့ဟာ မဟုတ်ဘူး။ စူးရှီက လီအိမ်တော်ကို မဝင်ခင်ကတည်းက ကွမ်းပင်းနယ်စားနဲ့ ရှုပ်ရှုပ်ရှက်ရှက် ဖြစ်ခဲ့တာ။ ခုတော့ ကောင်းရော။ သားသမီးချင်း သမက်ဆက်လုပ်ရုံမကဘူး။ စူးရှီကို ရာထူးတိုးပေးဖို့တောင် လျှောက်တင်သေးတယ်။
ထွီ။
မယ်တော်ကြီးကျောက်သည် အနောက်နန်းဆောင်တွင် မိမိတစ်ဦးတည်းသာ အကြီးအကဲလုပ်၍ ကျင့်သားရနေပြီဖြစ်ရာ မည်သူ့မျက်နှာကိုမှ ထောက်ထားခြင်းမရှိဘဲ ချက်ချင်း နှုတ်ဖွင့် မိန့်လိုက်လေသည်။ "အိုက်ကျားက တိတ်ဆိတ်တာကို ကြိုက်တယ်။ လူများရင် ဆူညံပြီး ခေါင်းကိုက်တယ်။ မင်း ယိဟွားနန်းဆောင်မှာပဲ ကောင်းကောင်းနေ၊ ရှို့နဉ်နန်းဆောင်ကို လာဖို့မလိုဘူး”
စူးဖေး: "..."
စူးဖေး၏ မျက်နှာသည် ရုတ်ခြည်း နီရဲတက်သွားလေသည်။
မုန့်ကွေ့ဖေးနှင့် ရှန်ဖေးတို့သည် လက်ပိုက်လျက် ပွဲကြည့်နေကြ၏။ ချောင်မိဖုရားခေါင်တွင်လည်း စူးဖေးအတွက် ဝင်ရောက် ဖြေရှင်းပေးလိုသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။
မူလအားဖြင့် သည်လို အခမ်းအနားမျိုးတွင် မျိုးဆက်ငယ်များ ဝင်ရောက် စကားပြောခွင့် မရှိချေ။
သို့သော် လီဟောက်သည် မိမိ၏ မယ်တော်အရင်း မျက်နှာပျက်ရသည်ကို မည်သို့ မျက်စိမှိတ် ကြည့်နေနိုင်မည်နည်း။ သူသည် ချက်ချင်း နှုတ်ဖွင့် လျှောက်တင်လိုက်သည်။ "မူဖေးရဲ့ သိတတ်တဲ့စိတ်က ချီးကျူးစရာပါပဲ။ ဒါပေမဲ့ ဘွားတော်က ပုံမှန်ဆို ရှန်ဖေးရဲ့ ပြုစုမှုကိုပဲ ကျင့်သားရနေတာပါ။ မူဟုပ်နဲ့ ကွေ့ဖေးတောင်မှ ရှို့နဉ်နန်းဆောင်ကို သိပ်မသွားကြတာဆိုတော့ မူဖေးလည်း ဘွားတော်ရဲ့ တိတ်ဆိတ်မှုကို မနှောင့်ယှက်တာ ပိုကောင်းပါတယ်”
အမှန်ပင်။ မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးကိုပင် တွေ့လိုစိတ်မရှိရာ သူမ ရှို့နဉ်နန်းဆောင်သို့ မသွားနိုင်ရုံဖြင့် အရှက်ရစရာ အဘယ်အကြောင်း ရှိမည်နည်း။
စူးဖေး၏ မျက်နှာရောင်သည် အနည်းငယ် ပြေလျော့သွားပြီး သားတော်ကို ကြည့်ကာ ပြုံးပြလိုက်၏။
လီဟောက်၏ စိတ်နှလုံးသည်လည်း နေရာတကျ ပြန်ဖြစ်သွားလေသည်။
မယ်တော်ကြီးကျောက်က စူးဖေးနှင့် အခြားသူများကို အရှက်ခွဲခြင်းမှာ သာမန်အဖြစ်အပျက်တစ်ခု ဖြစ်သော်လည်း၊ မြေးတော်များအပေါ်တွင်မူ စိတ်နေစိတ်ထား ပိုမိုပျော့ပြောင်းလေသည်။ လီဟောက်က စူးဖေးအတွက် ဝင်ရောက် ဖြေရှင်းပေးသော်လည်း မယ်တော်ကြီးကျောက်သည် နှုတ်ခမ်းတွန့်လိုက်ရုံမှလွဲ၍ ဆက်ပြီး အကျပ်ကိုင်ခြင်း မပြုတော့ပေ။
ထိုအခိုက်တွင် နန်းတွင်းအပျိုတော်တစ်ဦး ဝင်ရောက် လျှောက်တင်လာသည်။
"ဒုတိယမင်းသားနဲ့ မင်းသားကြင်ရာတော်တို့ ကြွရောက်လာပါတယ်"
မယ်တော်ကြီးကျောက်သည် နှာခေါင်းထဲမှ မထီမဲ့မြင် ရယ်သံတစ်ချက် ပြုလိုက်၏။
ဟော။ ကြည့်စရာ ပွဲကောင်းတစ်ခု ထပ်လာပြန်ပြီ။
စိုးရိမ်ပူပန်နေသော ချောင်မိဖုရားခေါင်မှလွဲလျှင် ကျန်လူအားလုံးသည် ပွဲကြည့်မည့် မျက်နှာထားများဖြင့် ပြင်ဆင်လိုက်ကြသည်။ ဟွေ့အန်းကုန်းကျူပင်လျှင် အေးဆေးတည်ငြိမ်စွာဖြင့် ပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေလေ၏။
လုမင်ယွိက သိပ်တော်တယ် မဟုတ်လား။ ဒီနေ့တော့ မယ်တော်ကြီးကျောက်ကို သူ ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
...
ခဏအကြာတွင် လီကျင့်နှင့် လုမင်ယွိတို့ ဇနီးမောင်နှံသည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြလေသည်။
လူအများ၏ အကြည့်များသည် တစ်ပြိုင်နက်တည်း ထိုနေရာသို့ စုပြုံရောက်ရှိသွား၏။
ဤသို့ ကြည့်လိုက်သည့်အခါတွင်တော့ ထူးခြားမှုအချို့ကို ချက်ချင်း သတိပြုမိလိုက်ကြလေသည်။
လုမင်ယွိသည် မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော်လည်း သူမ၏ မျက်နှာအသွေးအမွေးသည် နှင်းစက်များဖြင့် လန်းဆန်းနေသော ပန်းပွင့်တစ်ပွင့်ကဲ့သို့ အထူးတလည် နီမြန်းတောက်ပလျက် ချစ်စဖွယ်ကောင်းနေ၏။ လီကျင့်သည်လည်း ထိုနည်းတူစွာ လန်းဆန်းတက်ကြွနေသော်လည်း သူ၏ ခြေလှမ်းအချို့ကတော့ အနည်းငယ် ယိမ်းယိုင်ကာ အားမရှိသကဲ့သို့...။
လီဟောက်သည် ဤမြင်ကွင်းကြောင့် မျက်စိထဲ စူးရှသွားကာ ပထမဆုံး အကြည့်လွှဲလိုက်တော့သည်။
မယ်တော်ကြီးကျောက်သည် မုဆိုးမဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကာ များများစားစား မတွေးမိဘဲ ချက်ချင်း နှုတ်ဖွင့် မေးလိုက်သည်။ "လုရှီ၊ မင်း ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျမှ ရောက်လာရတာလဲ”
လုမင်ယွိ မည်မျှပင် မျက်နှာထူသည်ဖြစ်စေ အဖြစ်မှန်ကို နှုတ်မှ ထုတ်ဖော်ပြောဆိုရန် ခက်ခဲလှသည်။ လီကျင့်က တာဝန်ကို ရှောင်လွှဲမရနိုင်မှန်းသိနေသဖြင့် ရှေ့သို့ထွက်ကာ ဖြေကြားလိုက်သည်။ "အားလုံး ကျွန်တော့် အပြစ်ပါ။ မနေ့ညက အိပ်တာ နောက်ကျသွားတော့ ဒီမနက် အိပ်ရာထတာလည်း နောက်ကျသွားတယ်။ ဒါကြောင့် နောက်ကျမှ ရောက်လာရတာပါ”
မင်္ဂလာဆောင်ကာစ ဇနီးမောင်နှံက နောက်ကျမှ အိပ်ရာဝင်ပြီး နောက်ကျမှ အိပ်ရာထ...
မယ်တော်ကြီးကျောက်သည် နောက်ဆုံးတွင် သဘောပေါက်သွားကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စကားဆက်ပြောရန် မကောင်းတတ်တော့ချေ။
မင်္ဂလာဦးအချိန်ဆိုတော့ ပျော်ပါးမှုမှာ နစ်မျောတာက ရှောင်လွှဲလို့မရပါဘူးလေ။ မြေးချွေးမရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး "မြေခွေးမ" လို့ ပြောလို့မှ မဖြစ်တာ။
မယ်တော်ကြီးကျောက်သည် အပြစ်ရှာခြင်းနှင့် ခက်ထန်ခြင်းကို နှစ်သက်သော်လည်း ဤအခြေအနေအထိ အကျိုးအကြောင်းမဲ့ ပေါက်ကွဲသူမျိုးတော့ မဟုတ်ပေ။
ဟွေ့အန်းကုန်းကျူကတော့ စကားပိုပြောချင်စိတ် ရှိနေသော်လည်း ချောင်မိဖုရားခေါင်က အချိန်မီ မျက်စောင်းတစ်ချက် လှမ်းထိုးလိုက်သည်။ ဟွေ့အန်းကုန်းကျူသည် နှုတ်ခမ်းအနည်းငယ် စူလိုက်ပြီး လည်ချောင်းဝသို့ ရောက်နေသော စကားများကို ပြန်လည် မျိုချလိုက်ရ၏။
လူအများ၏ နက်နဲသော အဓိပ္ပာယ်သက်ရောက်သည့် အကြည့်များဖြင့် အကဲဖြတ်ခြင်းကို ခံနေရသဖြင့် အကယ်၍ မျက်နှာအရည်ပါးသူတစ်ဦးသာ ဖြစ်ခဲ့ပါက ယခုအချိန်တွင် မြေတွင်းထဲသို့ တိုးဝင်ရန်သာ ကြိုးစားနေလိမ့်မည်။
လုမင်ယွိသည် စိတ်ထဲတွင် သူမက တကယ်ပဲ အလှတရားမှာ နစ်မျောပြီး မွှန်သွားတာပဲ ဟု မိမိကိုယ်မိမိ တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ ပုံမှန်အတိုင်း ပြုံးရွှင်စွာဖြင့် ရှေ့တက် ဂါရဝပြုလိုက်၏။ ထို့နောက် ချင်ရှန်ဖေးနှင့် စူးဖေးတို့ကို ဂုဏ်ပြုစကားဆိုကာ မနည်းမများ တင့်တောင်းတင့်တယ်ရှိသော လက်ဆောင်ပဏ္ဏာများကို ဆက်သလေသည်။
ချင်ရှန်ဖေးက လက်ဆောင်များကို လက်ခံသိမ်းဆည်းခိုင်းလိုက်ပြီး လုမင်ယွိကို ရင်းနှီးခင်မင်စွာ ပြုံးလျက် ပြောလိုက်၏။ "လင်မယားချင်း ချစ်ခင်ကြင်နာတာက ကောင်းတဲ့ကိစ္စပါ။ မကြာခင်မှာ သတင်းကောင်း ကြားရတော့မယ် ထင်တယ်”
လုမင်ယွိသည် ကျက်သရေရှိစွာ ပြုံးလိုက်၏။ "ရှန်ဖေးရဲ့ မင်္ဂလာစကားအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်မလည်း သတင်းကောင်း စောစော ကြားရဖို့ မျှော်လင့်နေတာပါ”
သူမသာ အနေမခက်ရင် အနေခက်ရမှာက တခြားလူတွေပဲ။
လုမင်ယွိက သည်လို ပွင့်လင်းစွာ တုံ့ပြန်လိုက်သဖြင့် အခြားသူများလည်း ဤကိစ္စကို ဆက်ပြီး နောက်ပြောင်ရန် မကောင်းတော့ပေ။
ဤသို့ဖြင့် နောက်ကျမှ ရောက်ရှိလာခြင်းဟူသော အဖြစ်အပျက်လေးသည် ဤမျှနှင့်ပင် ပြီးဆုံးသွားခဲ့ပြီး ဘယ်သူကမှ ထပ်မပြောဆိုကြတော့ချေ။
...
အပိုင်း (၁၈၅) လိုက်ပါပို့ဆောင်ခြင်း
နန်းတွင်းစားသောက်ပွဲသည် မကြာမီမှာပင် စတင်ခဲ့လေသည်။
ယုံးကျားဧကရာဇ်သည် မယ်တော်ကြီးကျောက်နှင့်အတူ အပေါ်ဆုံးနေရာတွင် ထိုင်တော်မူ၏။ ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့သည် တစ်ဦးလျှင် တစ်နေရာစီ သီးသန့်ထိုင်ကြပြီး ချင်ရှန်ဖေးသည်လည်း စူးဖေးနှင့် အတူထိုင်ရန် မနှစ်မြို့သဖြင့် သီးသန့်တစ်နေရာစီ နေရာယူကြလေသည်။
မျိုးဆက်သစ် လူငယ်များ၏ အလှည့်သို့ ရောက်သောအခါတွင်တော့ နှစ်ဦးလျှင် တစ်နေရာနှုန်းဖြင့် ထိုင်ကြရ၏။
လီကျင့်က လုမင်ယွိအတွက် ဟင်းလျာများကို အားတက်သရော ညှပ်ယူပေးရင်း "ဒါ မင်း အကြိုက်ဆုံးပဲ။ များများစား"
အခြားသူများက လုမင်ယွိကို ပုံမှန်အတိုင်း ပြုံးရယ်နေသည်ဟု ထင်မြင်ကြသော်လည်း လုမင်ယွိ၏ စိတ်နေသဘောထားကို အကျွမ်းတဝင်ရှိသူ လီကျင့်ကတော့ သူမ၏စိတ်ထဲတွင် ရှက်ရွံ့ဒေါသထွက်နေရသည်ကို ကောင်းစွာ သိရှိနေသည်။ ယခု ကြည့်ရသည်မှာ ဘာမှမဖြစ်သလိုပင်။ သို့သော် နန်းတွင်းစားသောက်ပွဲ အပြီး အိမ်ပြန်ရောက်လျှင်တော့ သူ ကောင်းကောင်းကြီး ခံရပေတော့မည်။
ဟွေ့အန်းကုန်းကျူသည် မိမိမောင်တော်၏ အားတက်သရော ဂရုတစိုက်ရှိလှသော အမူအရာကို ကြည့်မရနိုင်ဖြစ်နေသော်လည်း လူအများရှေ့တွင် ဘာမှပြောဆို၍မရသဖြင့် အကြည့်ကိုသာ လွှဲဖယ်ထားရလေသည်။
ချင်ရှန်ဖေးက ပြုံးလိုက်ပြီး ထရပ်လိုက်ကာ အရက်ခွက်ကို ကိုင်မြှောက်ရင်း လျှောက်တင်လေ၏။ "ချန်ချဲ့ အရှင်မင်းကြီးကို အရက်တစ်ခွက် ဆက်သခွင့်ပြုပါ။ အရှင်မင်းကြီး မျက်နှာသာပေးတော်မူပါ"
ယုံးကျားဧကရာဇ်သည် ခွက်ထဲမှ အရက်ကို မဆိုင်းမတွပင် မော့သောက်တော်မူလိုက်သည်။
စူးဖေးကလည်း အလျင်အမြန် ထရပ်ကာ အရက်ဆက်သလေသည်။
ယုံးကျားဧကရာဇ်သည် စူးဖေးကို မျက်နှာသာမပေးဘဲ မနေချေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ပြီး မိန့်တော်မူလိုက်သည်။ "စူးဖေးက အရက်သိပ်မသောက်နိုင်ဘူး မဟုတ်လား။ မူးမသွားစေနဲ့ဦး"
စူးဖေးက ညင်သာစွာ ပြုံးရယ်လျက်ပင်။ "အရှင်မင်းကြီးက ချန်ချဲ့ကို ဒီလို ဂရုဏာတော်ထားတာ ချန်ချဲ့ အလွန်ပဲ ကျေးဇူးတင်လှပါတယ်။ အရက်မူးသွားရင်တောင်မှ စိတ်ထဲမှာ ပျော်ရွှင်နေမှာပါ"
ယုံးကျားဧကရာဇ်သည် ပြုံးလိုက်ပြီး ခွက်ထဲမှ အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်လေသည်။
ဤအခိုက်အတန့်တွင် စူးဖေးသည် နောက်ဆုံးတွင်တော့ မျက်နှာပန်းပွင့်ရခြင်းဟူသော ချိုမြိန်သည့် အရသာကို မြည်းစမ်းလိုက်ရလေပြီ။ သို့သော်ငြား သူမ မျက်နှာပွင့်လန်းနေသည်ကို မနာလိုဝန်တိုသူတစ်ဦး ရှိနေခဲ့ပြီး ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် စကားတစ်ခွန်း ထိုးနှက်လာခဲ့၏။ "စူးဖေးက အကတော့ ကျွမ်းကျင်ပေမဲ့ အရက်မသောက်နိုင်ဘူးဆိုတာ တကယ်ပဲ စိတ်ဝင်စားစရာကောင်းသား"
ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် စူးဖေးအား ကချေသည်ဘဝမှ လာပြီး မကြာခဏ အရက်ငှဲ့ပေးခဲ့ရသူဟု သွယ်ဝိုက်လှောင်ပြောင်ရဲသူမှာ မုန့်ကွေ့ဖေးမှလွဲ၍ အခြားမည်သူမျှ မရှိနိုင်ပေ။
မုန့်ကွေ့ဖေးအဖို့ စူးဖေး 'ဖေး'အဆင့်တက်သည်ကို သူမ သည်းခံနိုင်သေးသည်။ သို့သော် လူအများရှေ့တွင် ယုံးကျားဧကရာဇ်နှင့် မျက်လုံးချင်း စကားပြောနေသည်ကိုတော့ သူမ လုံးဝ သည်းမခံနိုင်ချေ။ သူမသည် လူအများရှေ့တွင် စူးဖေးကို လှောင်ပြောင်ပြီး မည်သူက ယုံးကျားဧကရာဇ် အလေးထားရဆုံးသူ ဖြစ်သည်ကို အားလုံးသိမြင်စေချင်သည်။
အမှန်ပင် စူးဖေး၏ အပြုံးမှာ တောင့်တင်းသွားတော့သည်။ ယုံးကျားဧကရာဇ်ကလည်း စူးဖေးဘက်မှ ဝင်ရောက်ဖြေရှင်းပေးခြင်းမရှိဘဲ မုန့်ကွေ့ဖေးဘက်သို့ လှည့်ကာ ပြုံးလိုက်ပြီး "ကွေ့ဖေးက အရက်သောက်နိုင်တာပဲ။ ကျန်းက ကွေ့ဖေးနဲ့ တစ်ခွက် သောက်ရမယ်"
မုန့်ကွေ့ဖေးသည် ချက်ချင်းပင် အမျက်ပြေကာ ပျော်ရွှင်သွားပြီး ပြုံးလိုက်ပြီး "အရှင်မင်းကြီး ချန်ချဲ့ကို မြှောက်ပင့်မနေပါနဲ့ရှင်။ ချန်ချဲ့ကသာ အရှင်မင်းကြီးကို အရက်ဆက်သရမှာပါ"
သို့သော် သူမသည် ထမရပ်ဘဲ ထိုင်လျက်ပင် အရက်ခွက်ကို မြှောက်ကာ ယုံးကျားဧကရာဇ်ကို ယစ်မူးဖွယ်ရာ ပြုံးပြလိုက်လေသည်။
ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေးအပေါ်တွင် အမှန်တကယ်ပင် မတူညီစွာ ဆက်ဆံတော်မူသည်။ မုန့်ကွေ့ဖေးက ရိုင်းပြသော်လည်း သူ ဒေါသမထွက်ဘဲ ဟားတိုက်ရယ်မောကာ အရက်ကို မော့သောက်လိုက်ပြီး သူ၏ ရှေ့မှ ဟင်းလျာတစ်ပွဲကိုပင် မုန့်ကွေ့ဖေးအား ချီးမြှင့်လိုက်သေး၏။
မုန့်ကွေ့ဖေးသည် အခက်အခဲမရှိ အားလုံး၏ အာရုံစိုက်မှုကို လွှမ်းမိုးသွားခဲ့သည်။
ချင်ရှန်ဖေး၏ အပြုံးက မလျော့သွားသော်လည်း စိတ်ထဲတွင်တော့ မခံမရပ်နိုင်အောင် ဒေါသထွက်နေမိတော့သည်။ ဒါ မုန့်ကွေ့ဖေးက သူမကို တမင်သက်သက် မျက်နှာပြောင်တိုက်နေတာပဲ။
ခဏလေးအတွင်း အရှက်ခွဲခံလိုက်ရသော စူးဖေးမှာမူ ပို၍ပင် မကျေမနပ် ဖြစ်သွားတော့သည်။ တစ်ယောက်ပြီးတစ်ယောက် ငါ့အလှည့်ကို လုယူနေကြတယ်။ တကယ်ပဲ မုန်းစရာကောင်းလိုက်တာ။
သို့သော်လည်း မည်သူက ဂရုစိုက်နေမည်နည်း။
အနည်းဆုံးတော့ ယုံးကျားဧကရာဇ်သည် ဂရုမစိုက်ခဲ့ပေ။
ချောင်မိဖုရားခေါင်၏ မျက်ဝန်းအစုံသည် အနည်းငယ် မှောင်ကျသွား၏။ သူမသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကျင့်သားရနေခဲ့ပါပြီ။ မယားကြီးတစ်ယောက်အနေဖြင့် ခင်ပွန်းသည်၏ လျစ်လျူရှုခြင်းကို မကြာခဏ ခံခဲ့ရသည်။ သူမသည် မိမိ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ပြီး ကိုယ်လုပ်တော်များနှင့် အပြိုင် မျက်နှာသာ လုယူနိုင်မည်မဟုတ်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ဤသို့သော မြင်ကွင်းသည် စိတ်ချမ်းမြေ့ဖွယ်ရာတော့ မဟုတ်ခဲ့ချေ။
မင်းသားများနှင့် မင်းသမီးများသည် လူကြီးများ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သဖြင့် အသီးသီး တိတ်ဆိတ်စွာပင် စားသောက်နေကြလေသည်။
...
နေ့လယ်စာသုံးဆောင်ပြီးနောက်တွင် အကအလှများဖြင့် အချိန်ခဏ ဖျော်ဖြေပြီးနောက် နန်းတွင်းစားသောက်ပွဲသည်လည်း ပြီးဆုံးသွားတော့သည်။
ချင်ရှန်ဖေးက မယ်တော်ကြီးကျောက်ကို ရှို့နင်နန်းဆောင်သို့ တွဲပို့ပေးလိုက်၏။
အရက်ရှိန် အနည်းငယ်တက်နေသော ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် မနေရစ်ခဲ့ဘဲ ယန်ရှီနန်းဆောင်သို့ ကြွချီသွားခဲ့သည်။
စူးဖေးသည် တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မကျေမနပ်ဖြစ်ဟန် အနည်းငယ် ပြသကာ ထရပ်ပြီး နှုတ်ဆက်လိုက်လေသည်။ "အရှင်မင်းကြီးအနားမှာ ကွေ့ဖေးညန်ညန် ရှိနေပြီဆိုတော့ ချန်ချဲ့လည်း ပြန်သင့်ပါပြီ"
ဤသည်မှာ ချောင်မိဖုရားခေါင်ကို တမင်သက်သက် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး ဖြစ်တော့ရော ဘာဖြစ်လဲ။ အရှင်မင်းကြီး အချစ်ဆုံးမိန်းမက ရှင်မှ မဟုတ်တာ။ ရှင့်မှာ မိဖုရားခေါင်ဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် တခြားသူတွေထက် သာလွန်တာ ဘာမှမရှိဘူးလေ။
ချောင်မိဖုရားခေါင်သည် စူးဖေး၏ မဖြစ်စလောက် အတွေးအခေါ်ကို ကောင်းစွာ နားလည်ထားသဖြင့် တုံ့ပြန်ရန်ပင် မထိုက်တန်ဟု မှတ်လိုက်တော့သည်။
လုမင်ယွိသည် ထရပ်လိုက်ပြီး "အာရှီက မူဟုပ်ကိုယ်စား စူးဖေးညန်ညန်ကို လိုက်ပို့ပေးပါ့မယ်"
စူးဖေးသည် ဆူးဖြင့် အထိုးခံလိုက်ရသကဲ့သို့ တုံ့ပြန်လိုက်၏။ "မလိုပါဘူး။ မင်း လိုက်ပို့စရာ မလိုဘူး" သူမ၏ လုမင်ယွိအပေါ် ထားရှိသော သတိကြီးမှုနှင့် ကြောက်ရွံ့မှုတို့သည် တစ်ချက်ကြည့်ရုံဖြင့် သိသာလှ၏။
ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင်တော့ လှုပ်ရှားသွားခဲ့သည်။ ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ စူးဖေးက လုမင်ယွိကို အကြောင်းပြချက်မရှိ ကြောက်ရွံ့နေတာပဲ။ လုမင်ယွိက လိုက်ပို့မယ် ပြောတာတောင် စူးဖေးက မခံယူရဲဘူး။
လုမင်ယွိသည် ထရပ်ပြီးမှတော့ ပြန်ထိုင်ရန် အစီအစဉ်မရှိတော့ဘဲ တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်ပြီး "ကျွန်မ စူးဖေးညန်ညန်ကို အဆောင်တော် ပြန်ပို့ပြီးတာနဲ့ ချက်ချင်း ပြန်လာမှာပါ။ ယိဟွားနန်းဆောင်မှာ ညစာ ဝင်စားမလို့ မဟုတ်ပါဘူး။ စူးဖေးညန်ညန် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး"
ချောင်မိဖုရားခေါင်သည် ရယ်မောလိုက်ရတော့သည်။ "တော်ပါတော့။ လုရှီက စေတနာနဲ့ လိုက်ပို့ချင်နေတာ။ စူးဖေးလည်း မငြင်းတော့ပါနဲ့"
စူးဖေး: "..."
စူးဖေးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ထိတ်လန့်ကြောက်ရွံ့နေသော စိတ်ခံစားချက်များကို စုစည်းကာ အပြုံးတစ်ခုကို အားယူဖန်တီးလိုက်ရတော့သည်။ "ဒါဆိုရင်တော့ အာ့ဟွမ်စစ်ဖေးကို ဒုက္ခပေးရတော့မယ်"
လုမင်ယွိသည် ပြုံးလိုက်ပြီး ရှေ့သို့တက်ကာ စူးဖေး၏ လက်မောင်းကိုပင် လှမ်းဆွဲလိုက်သည်။ "စူးဖေးညန်ညန် ကြွပါ"
စူးဖေးညန်ညန်သည် ထိန်းချုပ်မရနိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင်သွား၏။ လူပုံအလယ်မှာ လုမင်ယွိ သူမကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး။ ထိတ်လန့်စရာမလိုဘူး။ တည်တည်ငြိမ်ငြိမ်နေ။ လုမင်ယွိ သူမကို လက်ဖျားနဲ့တောင် ထိရဲမှာ မဟုတ်ဘူး။
စူးဖေးသည် နောက်တစ်ကြိမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်သွားသည်။ သူမသည် ပုံမှန်အားဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်လေ့ရှိသော်လည်း ယခုအခါတွင်တော့ အလွန်လျင်မြန်နေပြီး သူမအနားမှ လုမင်ယွိကို ချက်ချင်း ခါချပစ်လိုက်ချင်နေတော့သည်။
သို့သော်ငြား လုမင်ယွိသည် အရပ်မြင့်ပြီး ခြေတံရှည်သူဖြစ်ရာ သူမ၏ ခြေတစ်လှမ်းသည် စူးဖေး၏ နှစ်လှမ်းစာခန့် ရှိလေသည်။ သူမ မည်မျှပင် မြန်မြန်လျှောက်နေပါစေ လုမင်ယွိကို ခါချ၍ မရနိုင်ခဲ့ပေ။
လုမင်ယွိ၏ လက်သည် သူမ၏ လက်မောင်းပေါ်သို့ ကျရောက်နေပြီး နွေဦးဝတ်ရုံကို ဖြတ်သန်းကာ စကားလုံးမဲ့ ခြိမ်းခြောက်မှုတစ်ခုကို ပေးပို့နေသယောင်ပင်။
စူးဖေးသည် တုန်ယင်ချင်စိတ်ကို အတင်းအကျပ် ချုပ်တည်းထားပြီး တည်ငြိမ်ဟန်ဆောင်ကာ ရှေ့သို့ ဆက်လျှောက်နေရလေသည်။ သူမ၏ နားထဲတွင်တော့ လုမင်ယွိ၏ တစ္ဆေခြောက်သံကဲ့သို့သော အသံကို ကြားလာရသည်။ "စူးဖေးညန်ညန်က နူးညံ့သိမ်မွေ့တဲ့ပုံ ပေါက်ပေမဲ့ လမ်းလျှောက်တာတော့ တော်တော်မြန်တာပဲနော်"
စူးဖေးသည် ခေါင်းမလှည့်ဘဲ သွားကြားထဲမှ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်သည်။ "ငါ အစောကြီး ပြန်နားချင်လို့"
ဤလဝက်ကျော် ကာလအတွင်း စူးဖေးနှင့် လုမင်ယွိတို့ တွေ့ဆုံတိုင်း လူအများရှေ့တွင်သာ ဖြစ်လေသည်။ ယခုအချိန်တွင် အနား၌ နန်းတွင်းအပျိုတော် အနည်းငယ်သာ ရှိသဖြင့် ဤသည်မှာ အနီးကပ်ဆုံး တွေ့ဆုံရခြင်းပင် ဖြစ်၏။
လုမင်ယွိသည် စူးဖေး၏ ကြောက်လန့်တကြားဖြစ်နေသော ပုံစံကို ဖြည်းညင်းစွာ အကဲခတ်ကြည့်ရှုရင်း "စူးဖေးညန်ညန် 'ဖေး'အဆင့် တက်သွားပြီဆိုတော့ ဆန္ဒတွေ ပြည့်ဝသွားပြီပေါ့။ ကျွန်မက စူးဖေးညန်ညန်ကို ဂုဏ်ပြုစကား ပြောရမှာပေါ့"
စူးဖေးသည် ဟန်ဆောင်ပြုံးလိုက်ပြီး စကားထပ်မပြောလိုတော့ပေ။
ဘဝဟောင်းတုန်းက လီဟောက်နဲ့ လုမင်ယွိ စေ့စပ်တော့ ယုံးကျားဧကရာဇ်က လုမိသားစုကို မျက်နှာသာပေးပြီး သူမရဲ့ အဆင့်ကို မြန်မြန်တိုးမြှင့်ပေးခဲ့တယ်။ ဒီဘဝမှာတော့ လဝက်လောက်တောင် နောက်ကျနေပြီ။ လုမင်ယွိက ဒီလိုပြောတာ သူမကို သက်သက် လှောင်ပြောင်နေတာပဲ။
နောက်ဆုံးတွင် ယိဟွားနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
စူးဖေးသည် သိသိသာသာပင် သက်ပြင်းချလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်ကာ လုမင်ယွိကို ပြောလိုက်တော့သည်။ "မင်းက မိဖုရားခေါင်ကြီးကို ညစာအတွက် သွားကူညီလုပ်ကိုင်ပေးရဦးမှာမလား။ ငါ မင်းကို မတားထားတော့ဘူး" မြန်မြန် လက်လွှတ်လိုက်တော့လေ။
လုမင်ယွိသည် စူးဖေးကို စူးစိုက်ကြည့်လိုက်လေသည်။
စူးဖေး၏ ကျောပြင်သည် ချွေးစေးများ ပြန်လာပြန်သည်။ ခဏလောက် စောင့်ဆိုင်းပြီးနောက် လုမင်ယွိသည် နောက်ဆုံးတွင် လက်ကို လွှတ်ပေးလိုက်သည်။ "နောက်ပိုင်း အားလပ်တဲ့အခါကျရင် ကျွန်မ ယိဟွားနန်းဆောင်ကို ထပ်လာခဲ့ပြီး စူးဖေးညန်ညန်နဲ့ ရင်းရင်းနှီးနှီး နေပါဦးမယ်"
ဤသိမ်မွေ့သော ခြိမ်းခြောက်မှုသည် စူးဖေး၏ အမွေးအမှင်များကို ထောင်ထသွားစေလေ၏။ မလာနဲ့။ ဘယ်သူက မင်းနဲ့ ရင်းရင်းနှီးနှီး နေချင်လို့လဲ။
စူးဖေးသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး စိတ်မပါစွာဖြင့် "ကောင်းသားပဲ"
လုမင်ယွိသည် စူးဖေးကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
စူးဖေးသည် မိမိ၏ ဝတ်ရုံလက်စဖြင့် ချွေးသုတ်ပစ်ချင်စိတ်ကို အတင်းအကျပ် ချုပ်တည်းထားပြီး ယိဟွားနန်းဆောင်ထဲသို့ အမြန်ပြေးဝင်သွားခဲ့သည်။ သူမ၏ အနီးအနားမှ နန်းတွင်းသူများအားလုံးကို မောင်းထုတ်လိုက်ပြီးနောက်တွင်မှ အားအင်ကုန်ခန်းစွာဖြင့် ထိုင်ခုံပေါ်သို့ ပျော့ခွေကျသွားလေတော့သည်။
နှလုံးခုန်သံသည် တစ်ချက်မြန်လိုက် တစ်ချက်နှေးလိုက် ဖြစ်နေပြီး ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ပြည့်နှက်နေ၏။
ဒီ လုမင်ယွိက တကယ့်ကို သူမဘဝရဲ့ နတ်ဆိုးအတားအဆီးပဲ။ လုမင်ယွိကိုသာ မဖယ်ရှားနိုင်ရင် သူမ အိပ်လို့စားလို့ရမှာ မဟုတ်သလို ကျောမှာ ဆူးစိုက်နေသလို ခံစားနေရမှာပဲ။
...
အပိုင်း (၁၈၆) လက်ဖွဲ့
ကျောင်းဖန်နန်းဆောင်ထဲတွင် ချောင်မိဖုရားခေါင်သည် အတွေးနယ်ချဲ့နေသည့် မျက်နှာထားဖြင့် လီကျင့်ကို ကြည့်နေလေသည်။
"မူဟုပ်က ကျွန်တော့်ကို ဘာလို့ ဒီလိုကြီး ကြည့်နေတာလဲ” လီကျင့်က ရယ်မောလိုက်၏။ "ကျွန်တော့်မှာများ တစ်ခုခုမှားနေလို့လား”
ချောင်မိဖုရားခေါင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းကတော့ ဘာမှမဖြစ်ပါဘူး။ ပန်ကုံးက လုရှီနဲ့ စူးဖေးကြားမှာ တစ်ခုခု မရှင်းမရှင်း ဖြစ်နေသလို ခံစားမိလို့”
လီကျင့်ကလည်း အတွေးနက်သည့် အမူအရာ ဖြစ်သွားတော့သည်။ "သူတို့က မွေးရာပါ ရန်ဘက်တွေ ဖြစ်နေလို့ နေမှာပေါ့။ ရှောင်ယွိက ဒီလိုစိတ်ဓာတ်မျိုးပဲ။ သူ့မျက်စိထဲ ဝင်သွားရင်တော့ အကောင်းဆုံးပေါ့။ မျက်စိထဲ မဝင်သွားရင်တော့ ဘယ်လိုကြည့်ကြည့် အဆင်မပြေတော့ဘူး”
ချောင်မိဖုရားခေါင်က လီကျင့်ကို မယုံသင်္ကာဖြင့် တစ်ချက် ကြည့်လိုက်သည်။ "တကယ်ပဲ ဒီလောက် ရိုးရှင်းတယ်လား”
"မဟုတ်ရင်ကော။ တခြား ဘာဖြစ်နိုင်ဦးမှာလဲ” လီကျင့်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုပမာ ပြုံးလျက် ပြောလိုက်လေသည်။
"ရှောင်ယွိက စန်းတိအပေါ်မှာ ယောက်ျားမိန်းမ သံယောဇဉ် မရှိပါဘူး။ မဟုတ်ရင် အဲဒီတုန်းက စန်းတိကို သူ ငြင်းခဲ့မှာ မဟုတ်ဘူး။ စူးဖေးက ဒီကိစ္စကြောင့် ရှောင်ယွိကို မကျေမနပ် ဖြစ်နေပြီး ရှောင်ယွိကလည်း စူးဖေးကို လုံးဝ သဘောမကျဘူးပေါ့။ ခုနက စူးဖေးက အရင် စကားမှားပြောခဲ့တာ။ ရှောင်ယွိက မူဟုပ်အစား ဒေါသထွက်ပြီး စူးဖေးကို လိုက်ပို့မယ်လို့ တမင်သက်သက် ပြောလိုက်တာ”
ချောင်မိဖုရားခေါင်၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားပြီး ခေါင်းအနည်းငယ် ညိတ်လိုက်တော့သည်။ "လုရှီက စိတ်ဓာတ် နည်းနည်း ခက်ထန်တယ် ဆိုပေမဲ့ သူ့မှာလည်း သူ့အားသာချက်နဲ့သူ ရှိပါတယ်”
ယခင်က သူမတစ်ယောက်တည်း မယ်တော်ကြီးကျောက်ကို ရင်ဆိုင်ဖြေရှင်းရပြီး မုန့်ကွေ့ဖေး၊ ချင်ရှန်ဖေးနှင့် စူးဖေးတို့ကို ဖိနှိပ်ထားရရာ အမြဲတစေ အင်အားမရှိသလို ခံစားခဲ့ရသည်။ ယခုတော့ စစ်သူကြီးမျိုးနွယ်မှ ဆင်းသက်လာပြီး စစ်အင်အားရော ပါးစပ်အစွမ်းပါ ထက်မြက်လှသည့် ချွေးမတော် လုမင်ယွိ ရောက်ရှိလာသဖြင့် သူမ၏ ပခုံးထက်မှ ဖိအားများသည် ရုတ်တရက် ထက်ဝက်မက လျော့ကျသွားလေသည်။
သစ်တစ်ပင်တည်းဖြင့် အိမ်ကို ထောက်မနိုင်သော်လည်း ယောက္ခမနှင့် ချွေးမ ပူးပေါင်းလိုက်သည့်အခါတွင်တော့ အခြေအနေက မတူညီတော့ချေ။
လီကျင့်က ပြုံးလျက် စကားဆက်လိုက်၏။ "အရည်အချင်းရှိပြီး စွမ်းရည်ရှိတဲ့ မိန်းကလေးတွေက နည်းနည်းပါးပါး စိတ်ဓာတ်မာတာမျိုးကတော့ ရှိမှာပဲလေ။ တခြားသူတွေအပေါ်မှာ ထက်မြက်ပြီး ကျွန်တော်တို့ သားအမိရှေ့မှာကျမှ ပျော့ပြောင်းနေရမယ်လို့ တောင်းဆိုလို့မှ မရတာ။ လောကကြီးမှာ ဒီလို ကျင့်ဝတ်မျိုး မရှိပါဘူး”
ချောင်မိဖုရားခေါင်မှာ ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားတော့သည်။ "တော်ပါတော့။ မင်းရဲ့ဇနီးက နေရာတိုင်းမှာ အကောင်းဆုံးပဲ ဟုတ်ပြီလား။ ပန်ကုံး နားနားမှာ လာပြီး ပွစိပွစိ လုပ်မနေနဲ့တော့။ ပန်ကုံးက သူ့ကို မကောင်းပြောနေတာမှ မဟုတ်တာ”
ခဏရပ်လိုက်ပြီးမှ အသံနှိမ့်ကာ ပြောလိုက်လေသည်။ "ဒီနေ့ မင်းတို့ နောက်ကျတယ်။ နောင်ဆို နန်းတော်ထဲမှာ ဘာကိစ္စပဲရှိရှိ နောက်မကျစေနဲ့တော့”
ဤကဲ့သို့သော စကားမျိုးသည် မိမိ၏ သားတော်ကိုသာ တိုက်ရိုက် သတိပေးနိုင်လေသည်။ ချွေးမတော်ကိုတော့ မျက်နှာချင်းဆိုင်ကာ သည်လိုစကားမျိုးက ပြောထွက်ရန် ခက်ခဲလှ၏။
လီကျင့်က မျက်နှာပူပူဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ဟုတ်ကဲ့ပါ။ ကျွန်တော်က ရှောင်ယွိကို မြန်မြန် ကိုယ်ဝန်ရစေချင်လို့ အလျင်လိုနေတာပါ”
ချောင်မိဖုရားခေါင်: "..."
ချောင်မိဖုရားခေါင်သည် နားထင်ကို နှိပ်နယ်လိုက်လေသည်။
ဤသည်မှာ သူမ၏ သားအရင်း ဖြစ်နေသောကြောင့်သာ၊ သို့မဟုတ်ပါက သူမသည် ဒေါသထွက်ကာ လူကို နှင်ထုတ်လိုက်မိပေတော့မည်။ 'အရင်တုန်းကဆို သိမ်မွေ့ပြီး ရိုသေလေးစားလိုက်တာ။ ဘယ့်နှယ် အိမ်ထောင်ကျသွားမှ ဒီလောက်တောင် အရှက်မရှိ ဖြစ်သွားရတာလဲ။'
စကားပြော ရယ်မောနေကြစဉ်မှာပင် လုမင်ယွိလည်း ပြန်ရောက်ရှိလာခဲ့သည်။
ချောင်မိဖုရားခေါင်က လုမင်ယွိကို ပြုံးလျက် တစ်ချက် ကြည့်လိုက်ပြီး "စူးဖေးက ယိဟွားနန်းဆောင်ကို ပြန်သွားပြီလား”
လုမင်ယွိက အပြုံးမပျက် ဖြေကြားလိုက်၏။ "ဟုတ်ကဲ့။ ကျွန်မက မူဟုပ့်ဆီ ပြန်လာပြီး အဖော်ပြုပေးချင်လို့ပါ။ စူးဖေးက ကျွန်မကို ညစာစားဖို့ ယိဟွားနန်းဆောင်မှာ နေခိုင်းသေးတယ်။ ကျွန်မ ငြင်းလိုက်တယ်”
နန်းတော်ထဲတွင် လူတွေ့လျှင် လူစကားပြောပြီး တစ္ဆေတွေ့လျှင် တစ္ဆေစကားပြောရသည်။ မျက်တောင်မခတ်တမ်း လိမ်ညာတတ်ရပြီး မျက်နှာလွှဲလိုက်သည်နှင့် မျက်နှာပြောင်းတတ်ရကာ ပါးစပ်က ပျားရည်သဖွယ် ချိုနေသော်လည်း ရင်ထဲတွင် ဓားသွားသဖွယ် ခက်ထန်ရသည်။ ဤသည်မှာ လူတိုင်း တတ်မြောက်ထားရမည့် အခြေခံ အရည်အချင်းပင် ဖြစ်လေသည်။
ချောင်မိဖုရားခေါင်သည် လုမင်ယွိကို တစ်ချက် ကြည့်လိုက်ပြီး သာမန်မျှသာ 'အင်း' ဟု အသံပြုလိုက်သည်။
နန်းတွင်းစားသောက်ပွဲ ပြီးဆုံးပြီးနောက် မကြာမီပင် မုန့်ယွင်လော်၏ လက်ဖွဲ့မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာတော့သည်။
လုမင်ယွိနှင့် မုန့်ယွင်လော်တို့သည် မူလကတည်းက သိကျွမ်းခဲ့ကြပြီး နောင်တွင်လည်း လင်ညီအစ်မအဖြစ် ပေါင်းသင်းရမည်ဖြစ်ရာ လက်ဖွဲ့မင်္ဂလာပွဲနေ့တွင် သဘာဝအတိုင်း သွားရောက်ရမည်ဖြစ်ပြီး လက်ဖွဲ့ပစ္စည်းကိုလည်း တန်ဖိုးရှိရှိ ပြင်ဆင်ရပေမည်။
လုမင်ယွိသည် ရှန်းလန်နှင့် အတူတကွ သွားရန် ချိန်းဆိုထားပြီးဖြစ်သဖြင့် မြင်းလှည်းဖြင့် လုအိမ်တော်သို့ အရင်ပြန်လာခဲ့သည်။
လုမင်ယွဲ့နှင့် လုရွှမ်းတို့က ဝမ်းမြောက်ဝမ်းသာဖြင့် ဝိုင်းလာကြသည်။ "စစ်ကျဲ။ ဒီနေ့ စစ်ကျဲ ပြန်လာမယ်မှန်း သိလို့ ကျွန်မ မနက်အစောကြီးတည်းက ထစောင့်နေတာ”
"မတွေ့ရတာကြာလို့လား မသိဘူး။ စစ်ကျဲရဲ့ အသားအရေက ပိုပြီး ကြည်လင်လာတယ်နော်”
အမှန်တကယ်တော့ သူမ အိမ်ထောင်ကျသည်မှာ လတစ်ဝက်ကျော်မျှသာ ရှိသေးသည်။ ဤအချိန်တွင် လုအိမ်တော်သို့ ပြန်လာကာ ပဉ္စမညီမနှင့် ဆဋ္ဌမမောင်လေးတို့၏ ရင်းနှီးနေသော အပြုံးမျက်နှာများကို မြင်တွေ့ရချိန်တွင် လုမင်ယွိ၏ စိတ်ထဲတွင် နွေးထွေးမှုလှိုင်းများ လှိုက်တက်လာခဲ့သည်။
"ငါ အိမ်တော်မှာ မရှိတဲ့အချိန် မင်းတို့ အာ့စောင်စကားကို နားထောင်ရမယ်” လုမင်ယွိက ပြုံးလျက် မှာကြားလိုက်သည်။ "အထူးသဖြင့် လျို့တိနော်။ တစ်နေ့လုံး ဆော့မနေနဲ့”
လုရွှမ်းက အာမခံလိုက်၏။ "ပြောဖို့ လိုသေးလို့လား။ ဒီတစ်လောလုံး ကျွန်တော် နေ့တိုင်း မနက်စောစောထပြီး သိုင်းသင်တယ် စာကျက်တယ်။ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူး။ မယုံရင် အာ့စောင်ကို မေးကြည့်”
လုမင်ယွိက ရှန်းလန်ကို လှမ်းကြည့်လိုက်သည်။
ရှန်းလန်က နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ "ဟုတ်ပါတယ်။ လျို့တိက လုံးဝမဆော့ဘူး။ ငါ့ကိုတောင် ခဏခဏ ကူညီသေးတယ်”
လုမင်ယွိက ရှန်းလန်ကို မျက်ခုံးပင့်ပြလိုက်သည်။ "တကယ်ပဲ ဒီလောက် လိမ္မာသွားတာလား။ ငါ့ကို တမင်သက်သက် ချော့ပြောနေတာ မဟုတ်ပါဘူးနော်”
ရှန်းလန် စကားမပြောမီမှာပင် လုရွှမ်းက ကန့်ကွက်လေတော့သည်။ "စစ်ကျဲက ဘာလို့ ကျွန်တော့်ကို ဒီလောက် မယုံရတာလဲ။ ကျွန်တော်က အမြဲတမ်း လိမ္မာပြီး စကားနားထောင်ပါတယ်”
လုမင်ယွဲ့က အရင်ဆုံး ရယ်မောလိုက်သည်။ ထို့နောက် လုမင်ယွိကို ပြောလိုက်၏။ "စစ်ကျဲ။ အိမ်ထောင်ကျတာ တစ်လပြည့်ရင် အိမ်တော်ကို ရက်အနည်းငယ်လောက် ပြန်လာနေလို့ မရဘူးလား။ ကျွန်မရော လျို့တိရော စစ်ကျဲကို လွမ်းနေကြပြီ။ ယိဖုက ပါးစပ်က မပြောပေမဲ့ စိတ်ထဲမှာတော့ စစ်ကျဲကို သတိရနေမှာ သေချာတယ်”
ဤသည်မှာလည်း ထိုခေတ်၏ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်သည်။ အမျိုးသမီးတစ်ဦး လက်ထပ်ပြီးလျှင် ခင်ပွန်း၏ အိမ်တွင် တစ်လအပြည့် နေထိုင်ပြီးမှသာ မိဘအိမ်သို့ ခေတ္တ ပြန်လည် နေထိုင်ခွင့်ရှိသည်။
လုမင်ယွိက ပြုံးကာ ခေါင်းညိတ်လိုက်၏။ "ဒါကတော့ ပြောစရာမလိုပါဘူး။ ငါ လီကျင့်ကို ကြိုပြောထားပြီးသား။ အဲဒီအချိန်ကျရင် ငါ ၇ ရက် ၈ ရက်လောက် ပြန်လာနေပြီးမှ ပြန်မယ်လို့”
လုရွှမ်းက မျက်စိတစ်ဖက် မှိတ်ပြလျက် ပြုံးစစဖြင့် ပြောလိုက်သည်။ "စစ်ကျဲဖူက စစ်ကျဲကို တစ်ရက်လေးတောင် ခွဲနိုင်တာ မဟုတ်ဘူး။ သူလည်း အတူတူ လိုက်လာဦးမှာ”
အတန်ကြာ စကားပြော ရယ်မောပြီးနောက် လုမင်ယွိနှင့် ရှန်းလန်တို့သည် ကွမ်းပင်းနယ်စား အိမ်တော်သို့ အတူတကွ ထွက်ခွာလာခဲ့ကြလေသည်။
...
မုန့်အိမ်တော်သည်လည်း ဤနေ့တွင် အထူးတလည် စည်ကားသိုက်မြိုက်နေလေသည်။
ရှင်းယန်ဝမ် လုလင်းသည် ယခင်မင်းဆက်က စစ်သူကြီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်၆နှစ်က ယုံးကျားဧကရာဇ်ထံတွင် သစ္စာခံခဲ့သည်။
ကွမ်းပင်းနယ်စား မုန့်ဟွေးမှာမူ စစ်ထွက်သည့် အချိန်ကတည်းက ယုံးကျားဧကရာဇ်ကို နောက်တော်မှ လိုက်ပါခဲ့ပြီး နဂါးနောက်လိုက် ဂုဏ်ပုဒ်ကို ရရှိထားသည်။ ထို့အပြင် မုန့်ကွေ့ဖေးသည် ယုံးကျားဧကရာဇ်၏ အချစ်တော်ဖြစ်ပြီး အကြီးဆုံးသားတော်မှာလည်း ယုံးကျားဧကရာဇ် အနှစ်သက်ဆုံး သားဦး ဖြစ်လေသည်။
ကွမ်းပင်းနယ်စား အိမ်တော်သည် ဒီရေအလား တိုးတက်လာခဲ့ပြီး သာ့ဝေတိုင်းပြည်၏ မျိုးရိုးမြင့်တစ်ခုလို ဖြစ်နေတော့သည်။ စာပေမျိုးရိုးဖြစ်သော ချောင်အိမ်တော်နှင့် နှိုင်းယှဉ်လျှင်ပင် ဩဇာအာဏာက ပိုပြီး ကြီးမားလေသည်။
ယခုအခါ မုန့်ယွင်လော်သည် တော်ဝင်မိသားစုထဲသို့ တတိယမင်းသားကြင်ရာတော်အဖြစ် လက်ထပ်ရတော့မည်ဖြစ်ရာ လက်ဖွဲ့မင်္ဂလာပွဲနေ့သည် သဘာဝအတိုင်း စည်ကားနေတော့သည်။ လက်ဖွဲ့ပစ္စည်းများ ပေးအပ်ရန် လာရောက်ကြသည့် အမျိုးသမီးဧည့်သည်တော်များသည်လည်း မရပ်မနား တဖွဲဖွဲ ရောက်ရှိနေကြသည်။
ကွမ်းပင်းနယ်စားကတော်သည် မျက်နှာတောက်ပလျက် ဧည့်သည်များကို ပြုံးရွှင်စွာဖြင့် ဧည့်ခံနေလေသည်။
လုမင်ယွိနှင့် ရှန်းလန်တို့ အတူတကွ ရောက်ရှိလာသောအခါ ကွမ်းပင်းနယ်စားကတော်က ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုရင်း ပြောလိုက်၏။ "အာ့ဟွမ်စစ်ဖေးနဲ့ လုအိမ်တော် အာ့ဖူးရန်တို့ ကိုယ်တိုင် ကြွရောက်လာတာဟာ မုန့်အိမ်တော်အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲရှင်”
လုမင်ယွိ၏ မြင့်မြတ်လှသော ဂုဏ်ပုဒ်ကို ထွေထွေထူးထူး ပြောရန်မလိုပေ။ ရှန်းလန်ပင်လျှင် ယခု လုအိမ်တော်၏ အာ့ဖူးရန်၊ ရှင်းယန်ဝမ်၏ အနာဂတ် အမွေဆက်ခံသူ ကြင်ယာတော် ဖြစ်လာမည်ဖြစ်ရာ ပေါ့ပေါ့ဆဆ သဘောထား၍ မရချေ။
လုမင်ယွိက ပြုံးလျက် ဖြေကြားလိုက်သည်။ "ကျွန်မနဲ့ ယွင်လော်က သိကျွမ်းလာတာ နှစ်တွေကြာပါပြီ။ အစကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ နောက်ရက်အနည်းငယ်ဆို ကျွန်မတို့က လင်ညီအစ်မ ဖြစ်ကြတော့မှာ။ ဒီနေ့ လက်ဖွဲ့ပစ္စည်း လာပေးတာကလည်း လုပ်သင့်လုပ်ထိုက်တာမို့ပါ”
ရှန်းလန်က အပြုံးဖြင့် စကားဆက်လိုက်သည်။ "ဟုတ်ပါတယ်။ ဒီနေ့ အိမ်တော်မှာ ဧည့်သည်တွေများပြီး အလုပ်ရှုပ်နေမှာဆိုတော့ ကျွန်မတို့ကို အထူးတလည် ဧည့်ခံနေစရာ မလိုပါဘူးရှင်”
သို့သော်လည်း ကွမ်းပင်းနယ်စားကတော်သည် သူတို့နှစ်ဦးကို မုန့်ယွင်လော်၏ အိပ်ဆောင်ခန်းသို့ ကိုယ်တိုင် လိုက်ပို့ပြီးမှ ပြန်လည် ထွက်ခွာသွားလေသည်။
လက်ဖွဲ့ပစ္စည်းများ လာပေးကြသည့် မြို့တော်မှ သခင်မလေးများသည် မုန့်ယွင်လော်၏ ဘေးတွင် ဝိုင်းရံလျက် စကားပြော ရယ်မောနေကြသည်။ မုန့်ယွင်လော်၏ မျက်နှာတွင် အနည်းငယ် ရှက်ရွံ့နေဟန် ရှိသော်လည်း ဝမ်းသာနေသည့် ဟန်ပန်က ပိုထင်ရှားနေပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် ချိုမြိန်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်နေလေသည်။
လုမင်ယွိ ဝင်လာသည်နှင့် မိန်းမပျိုအားလုံးသည် ချက်ချင်း ထရပ်ကာ အရိုအသေ ပေးကြလေသည်။
"မြန်မြန်ထကြပါ” လုမင်ယွိက ပြုံးလျက် ပြောလိုက်သည်။ "ဒီနေ့က မုန့်ကျဲကျဲရဲ့ လက်ဖွဲ့မင်္ဂလာပွဲနေ့လေ။ ကျွန်မကြောင့် အာရုံစိုက်မှုတွေ ရသွားလို့ မုန့်ကျဲကျဲက ကျွန်မကို အပြစ်တင်နေပါဦးမယ်”
မုန့်ယွင်လော်သည် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားသည်။ "လုမင်ယွိ။ နင်ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ။ နင့်မျက်စိထဲမှာ ငါက တခြားသူတွေ ထင်ပေါ်ကျော်ကြားတာကို မနာလိုတဲ့ လူစားမျိုး ဖြစ်နေတာလား”
"မဟုတ်လို့လား” လုမင်ယွိက အံ့ဩချင်ဟန်ဆောင်လိုက်၏။ လူအားလုံးက သူမ၏ စကားကြောင့် တခစ်ခစ် ရယ်မောလိုက်ကြသည်။
အကယ်၍သာ သာမန်အချိန်မျိုးတွင် ဆိုပါက မုန့်ယွင်လော်သည် စိတ်ဆိုးနေလောက်ပြီ ဖြစ်သည်။
ယနေ့ကဲ့သို့ မင်္ဂလာရှိသော နေ့တွင်တော့ မုန့်ယွင်လော်သည် စိတ်ဆိုးချင်သော်လည်း စိတ်ဆိုး၍ မရဘဲ လုမင်ယွိကို ပြုံးလျက်သာ နှာခေါင်းရှုံ့လိုက်ပြီး စကားဖြတ်ကာ အဆုံးသတ်လိုက်ရတော့သည်။
...