အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အပိုင်း (၁၈၇) ဝမ်းသာစရာသတင်း
လုမင်ယွိသည် ကွမ်းပင်းနယ်စားအိမ်တော်၌ စားသောက်ပွဲ တက်ရောက်ပြီးနောက် မုန့်ယွင်လော်ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။
ယနေ့တွင် လူအများ ရှိနေပြီး စကားသံများ ရှုပ်ထွေးနေသဖြင့် မုန့်ယွင်လော်သည် လုမင်ယွိနှင့် သီးသန့်တွေ့ဆုံရန် အခွင့်အရေး မရရှိခဲ့ပေ။ ဤအချိန်တွင်မှ နောက်ဆုံးတွင် တစ်ယောက်တည်း သီးသန့် စကားပြောဆိုရန် အချိန် ရရှိသွားလေသည်။
"လုမင်ယွိ” မုန့်ယွင်လော်သည် လုမင်ယွိ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် လျင်မြန်စွာ ပြောလိုက်သည်။ "နောက်ထပ် ရက်အနည်းငယ်ဆိုရင် ငါ လီဟောက်နဲ့ လက်ထပ်တော့မှာ။ နောင်ဆိုရင် သူက ငါ့ခင်ပွန်း ဖြစ်လာတော့မယ်။ သူ့ရဲ့ မျက်လုံးထဲမှာရော စိတ်ထဲမှာပါ ငါ တစ်ယောက်တည်းပဲ ရှိရလိမ့်မယ်”
လုမင်ယွိ၏ အမူအရာက ပေါ့ပါးလျက်ပင်။ "နင် ပြောတာ မမှားပါဘူး။ နင်တို့လင်မယား ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ သစ္စာမဖောက်ဘဲ နေနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
အဘယ်ကြောင့်မှန်း မသိသော်လည်း နောက်ဆုံး စကားလုံးလေးလုံးသည် ကြားရသူအဖို့ ထူးဆန်းစွာ အေးစက်ပြီး သရော်လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေလေသည်။
မုန့်ယွင်လော်၏ မျက်လုံးထဲတွင် မီးတောက်တစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။
လုမင်ယွိက မပြုံးတပြုံး အမူအရာဖြင့် သူမကို တစ်ချက် ကြည့်လိုက်သည်။ "မုန့်ယွင်လော်။ ငါ နင့်ကို သရော်နေတာ မဟုတ်ဘူး။ ငါက စိတ်ရင်းအမှန်နဲ့ နင့်ကို ဆုတောင်းပေးနေတာ”
အင်း... မုန့်ယွင်လော်နဲ့ လီဟောက်က တကယ်ကို လိုက်ဖက်ကြပါတယ်။
တစ်ယောက်က အစစအရာရာ ထိပ်ဆုံးက ဖြစ်ချင်ပြီး သဘောထား သေးသိမ်တယ်။ နောက်တစ်ယောက်ကလည်း အကြံအစည် နက်နဲပြီး ရက်စက် ယုတ်မာတယ်။ ဒီထက် လိုက်ဖက်တာ မရှိတော့ဘူး။
မုန့်ယွင်လော်သည် နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး အသံက အနည်းငယ် တင်းမာနေသည်။ "ဒုတိယမင်းသားက နင့်အပေါ် အရမ်းကောင်းတယ်လို့ ကြားတယ်။ နင် ပန်းကန်ထဲကဟာကို စားနေရင်းနဲ့ အိုးထဲကဟာကို မျှော်မနေနဲ့”
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးထားလိုက်လေသည်။ "တကယ်လို့သာ ငါက လီဟောက်ကို လက်ထပ်ချင်ခဲ့မယ်ဆိုရင် နင့်အလှည့်တောင် ရောက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် နင် စိတ်ပူစရာ မလိုပါဘူး။ လီဟောက်က နင့်အိုးထဲမှာပဲ အမြဲ ရှိနေမှာပါ။ နောင်တစ်ချိန်မှာ သူ့ကို တခြားသူက လာပြီး တပ်မက်ခဲ့ရင်တောင် အဲဒီလူက ငါ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”
မုန့်ယွင်လော်၏ မျက်လုံးထဲမှ မီးတောက်သည် ပိုလို့ပင် မြင့်တက်လာပြန်သည်။
သို့သော် လုမင်ယွိသည် သူမနှင့် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားအငြင်းအခုံကို ဆက်လုပ်ရန် စိတ်မပါတော့သဖြင့် စကားတစ်ခွန်းကိုသာ ချန်ခဲ့လိုက်တော့သည်။ "ငါ့ကို ရန်သူတစ်ယောက်လို သဘောမထားနဲ့။ မဟုတ်ရင် နောင်တစ်ချိန်ကျရင် နင် သေချာပေါက် နောင်တရလိမ့်မယ်”
ထို့နောက် လှည့်ထွက်သွားတော့သည်။
မုန့်ယွင်လော်မှာ လုမင်ယွိ၏ နောက်ကျောကို စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင် ဒေါသနှင့် မကျေနပ်မှုတို့ ဖြတ်ပြေးသွားတော့၏။
...
"နင် မုန့်ယွင်လော်ကို နောက်ဆုံးမှ ဘာတွေ ပြောလိုက်တာလဲ”
မြင်းလှည်းသည် ရှေ့သို့ ပြေပြေပြစ်ပြစ်လေး ရွေ့လျားနေစဉ် ရှန်းလန်က ရယ်မောလျက် ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
လုမင်ယွိက ပခုံးတွန့်ပြလိုက်ကာ "လီဟောက်က အရင်တုန်းက ငါ့ကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ကိစ္စက သူ့ကို မကျေမနပ် ဖြစ်စေတာပေါ့။ သူက ငါ့ကို ရန်သူအဖြစ် သတ်မှတ်ဖို့ ဇွတ်တောင်းဆိုနေတာ။ ငါ သူ့ကို ပြောသင့်တာတော့ ပြောပြီးပြီ။ နားထောင်မထောင်ကတော့ သူ့အပိုင်းပဲ”
ရှန်းလန်က ရယ်မောရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒါကိုလည်း သူ့ကိုချည်း အပြစ်ပြောလို့တော့ မရပါဘူး။ ကိုယ့်ရဲ့အနာဂတ်ခင်ပွန်းလောင်း စိတ်ထဲမှာ တခြားတစ်ယောက် ရှိနေမှန်း သိရတာ၊ စေ့စပ်ထားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်ထဲမှာ ဘယ်လိုလုပ် မခံစားရဘဲ နေနိုင်မှာလဲ။ ဒါပေမဲ့ သူက သဘောထားး သေးသိမ်လွန်းတယ်။ ဒီကိစ္စက နင့်ကို အပြစ်တင်လို့မှ မရတာ”
လီဟောက်က လုမင်ယွိအပေါ်မှာ သံယောဇဉ် မပြတ်သေးတာပဲ။ ဒါက လုမင်ယွိနဲ့ ဘာဆိုင်လို့လဲ။
လုမင်ယွိသည်လည်း လီဟောက်အကြောင်းကို ဆက်မပြောလိုသဖြင့် စကားလမ်းကြောင်းကို အမြန် လွှဲလိုက်တော့သည်။ "နောက်ထပ် ရက်အနည်းငယ်ဆိုရင် ငါ အိမ်တော်ကို ခဏ ပြန်လာနေတော့မယ်”
ရှန်းလန်ကလည်း လိုက်လျောညီထွေစွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "နင့်ရဲ့ အဆောင်ကို နေ့တိုင်း လူတွေ သန့်ရှင်းရေး လုပ်ထားတယ်။ သန့်ရှင်းသပ်ရပ်နေတာပဲ။ ဘယ်အချိန်ပဲ ပြန်လာနေနေ အဆင်ပြေပါတယ်”
ခဏရပ်လိုက်ပြီးမှ အသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ "ငါ နင့်ကို မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ဒီလ... ငါ့ရဲ့ ဓမ္မတာ မလာသေးဘူး”
လုမင်ယွိ၏ မျက်လုံးများက တောက်ပသွားတော့သည်။ "နင်... ကိုယ်ဝန်ရှိသွားပြီလား”
ကောင်းလိုက်တာ။
ရှန်းလန်က အသံကို နှိမ့်လိုက်ပြီး ရယ်မောကာ ပြောလိုက်လေသည်။ "အခု ဓမ္မတာ နောက်ကျနေတာ ၇ ရက် ၈ ရက်လောက်ပဲ ရှိသေးတော့ သေချာတယ်လို့ မပြောရဲသေးဘူး။ နောက်ထပ် ရက်အနည်းငယ်လောက်နေမှ သမားတော် ပင့်ပြီး သွေးခုန်နှုန်း စမ်းခိုင်းမှပဲ ကိုယ်ဝန်ရှိမရှိ သေချာမှာ”
စကားကို ထိုသို့ဆိုငြားသော်လည်း ရှန်းလန်၏ မျက်လုံးထဲတွင် တောက်ပနေသည်မှာ သံသယဝင်ဖွယ်မရှိသော ဝမ်းမြောက်မှုပင် ဖြစ်လေသည်။
ခန္ဓာကိုယ်၏ သိမ်မွေ့သော ပြောင်းလဲမှုကို မိမိကိုယ်တိုင်ထက် ပိုသိသူ မရှိပေ။ ဤသည်မှာ သက်ရှိသစ်တစ်ခု ရောက်ရှိလာခြင်း၏ အံ့ဩဝမ်းမြောက်မှုဖြစ်သလို မိခင်တစ်ဦး ဖြစ်ရတော့မည့် ကြီးမားသော ပီတိချမ်းမြေ့မှုလည်း ဖြစ်လေသည်။
လုမင်ယွိကလည်း စိတ်ရင်းအမှန်ဖြင့် ဝမ်းသာသွားသည်။ "ဒါဆို အရမ်းကောင်းတာပေါ့။ ငါ့အဖေက အဘိုးဖြစ်ချင်လို့ မျှော်နေတာ ကြာလှပြီ။ ငါလည်း အဒေါ် ဖြစ်ရတော့မယ်”
ရှန်းလန်၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားပြီး သတိပေးစကား ပြောလိုက်သည်။ "လောလောဆယ်တော့ ဘယ်သူ့ကိုမှ မပြောလိုက်နဲ့ဦး။ သမားတော်က သွေးခုန်နှုန်း စမ်းကြည့်ပြီး ကိုယ်ဝန်ရှိတာ သေချာမှ ယောက္ခမကြီးကို သတင်းကောင်း သွားပြောရမယ်”
လုမင်ယွိက အဆက်မပြတ် ခေါင်းညိတ်ကာ ရယ်မောလိုက်လေသည်။ ထို့နောက် ပြောမပြတတ်အောင် ဝမ်းမြောက်နေသည့် မျက်ဝန်းများဖြင့် ရှန်းလန်၏ ချပ်ရပ်နေသော ဝမ်းဗိုက်ကို ကြည့်လိုက်မိ၏။ သူမ၏ အကြည့်များက အလွန် စိတ်အားထက်သန်နေသဖြင့် ရှန်းလန်မှာ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး "ရှောင်ယွိ။ နင် ငါ့ကို ရယ်အောင် မလုပ်နဲ့တော့။ နင့်ပုံစံကိုသာ ကြည့်ပါဦး။ မသိတဲ့သူတွေဆို နင် ကိုယ်ဝန်ရှိနေပြီလို့တောင် ထင်သွားဦးမယ်”
လုမင်ယွိက တစ်စုံတစ်ခုကို ရည်ညွှန်းသကဲ့သို့ ပြုံးလိုက်သည်။ "ဒါက ငါ ကိုယ်ဝန်ရှိတာထက်တောင် ငါ့ကို ပိုပြီး ဝမ်းသာစေတယ်”
အရင်ဘဝတုန်းက လုဖေးက တစ်ကိုယ်တည်း နေသွားပြီး လုရွှမ်းကလည်း အိမ်ထောင်မပြုခဲ့ဘူး။
ဒီဘဝမှာတော့ လုဖေးက ရှန်းလန်နဲ့ လက်ထပ်ခဲ့ပြီး ရှန်းလန်မှာ ကိုယ်ဝန်တောင် ရှိနေပြီ။ သူတို့ရဲ့ ကလေးက လုကျား မိသားစုရဲ့ မျိုးဆက်သစ် ဖြစ်လာပြီး လုကျား မိသားစုရဲ့ မျိုးစေ့ကို ဆက်လက် သယ်ဆောင်သွားတော့မှာ။
ဒီကိစ္စက သူမကို ဘယ်လိုလုပ် မဝမ်းသာဘဲ နေနိုင်မှာလဲ။
သူမ ပြန်လည် မွေးဖွားလာတာက ပြောင်းလဲမှုတွေ အများကြီး ယူဆောင်လာပေးခဲ့တာပဲ။
ဒါပေမဲ့... သူမရဲ့ ယန့်အာကတော့ ဒီဘဝမှာ ထပ်ပြီး မွေးဖွားလာဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။
လုမင်ယွိသည် မိမိ၏ ရုတ်တရက် ဝမ်းနည်းမှုနှင့် စိတ်မကောင်းခြင်းတို့ကို ရှန်းလန် မြင်တွေ့သွားမည်ကို မလိုလားသဖြင့် ခေါင်းကို တိတ်တဆိတ် တဖက်သို့ လှည့်လိုက်လေသည်။
ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူမ ယန့်အာကို သတိမရအောင် စိတ်ကို အမြဲ ထိန်းချုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သတိရနေလည်း အသုံးမဝင်တော့လို့ပဲ။ သူမနဲ့ လီဟောက်က ဘယ်လိုမှ လင်မယားအဖြစ် ပြန်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ယန့်အာကလည်း မွေးဖွားလာဖို့ အခွင့်အရေး မရှိတော့ဘူး။
ယန့်အာ... အမေ့ကို ရက်စက်တယ်လို့ အပြစ် မတင်ပါနဲ့။
ရှန်းလန်သည် အသေးစိတ်ကို ဂရုပြုတတ်ပြီး ထက်မြက်သူ ဖြစ်ရာ လုမင်ယွိ၏ ပုံမှန်နှင့်မတူဘဲ စိတ်လှုပ်ရှားနေပုံကို သတိပြုမိသွားသဖြင့် ရယ်မောကာ စနောက်လိုက်သည်။ "ငါ့မှာ ကိုယ်ဝန်ရှိတာ မြင်တော့ နင်လည်း စိတ်တွေ လောနေပြီ မဟုတ်လား။ နင် ဒုတိယမင်းသားနဲ့ လက်ထပ်တာ တစ်လတောင် မပြည့်သေးဘူး။ ဝင်ဝင်ချင်း ရတဲ့ ကိုယ်ဝန်ဆိုရင်တောင် နောက်လလောက်မှ တော်ဝင်သမားတော်ကို ပင့်လို့ ရဦးမှာ။ စိတ်မလောပါနဲ့လေ”
လုမင်ယွိသည် စိတ်ထဲမှ ဝမ်းနည်းမှုများကို ဖယ်ရှားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ငါကတော့ လုံးဝ မလောပါဘူး”
သူမနဲ့ လီကျင့်က ကျန်းကျန်းမာမာ ရှိကြတယ်။ ချစ်ချစ်ခင်ခင်နဲ့ သဟဇာတ ဖြစ်ကြတယ်ဆိုတော့ ကလေးဆိုတာ မကြာခင် ဒါမှမဟုတ် နောင်တစ်ချိန်မှာ ရလာမှာပါပဲ။
လုမင်ယွိသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မှာကြားလိုက်လေသည်။ "နင် အခု ကိုယ်ဝန်နဲ့ဆိုတော့ ပင်ပန်းတဲ့အလုပ်တွေ မလုပ်သင့်ဘူး။ ကိုယ်ဝန်ကိုပဲ အဓိက ဂရုစိုက်။ အိမ်တော်ထဲက အသေးအမွှား ကိစ္စတွေကို ဝူမေ့နဲ့ လျို့တိကို နည်းနည်း ခွဲခိုင်းလိုက်”
ရှန်းလန်က ပြုံးလျက် သဘောတူလိုက်သည်။
လုမင်ယွဲ့က အသက် ၁၃ နှစ်တောင် ရှိနေပြီ။ ဒီအသက်အရွယ်က မငယ်တော့ဘူး။ လုမင်ယွိတောင် ၈ နှစ်သမီးကတည်းက အိမ်တွင်းရေးရာတွေကို စီမံခန့်ခွဲနေရပြီပဲ။
...
ရှန်းလန် ကိုယ်ဝန်ရှိသည့် သတင်းကောင်းကြောင့် လုမင်ယွိ၏ စိတ်သည် အထူးတလည် ကြည်နူး ပျော်ရွှင်နေလေသည်။
ရှန်းလန်ကို အိမ်တော်သို့ ပြန်ပို့ပြီးနောက် လုမင်ယွိသည် မြင်းလှည်းဖြင့် ဒုတိယမင်းသား အိမ်တော်သို့ ပြန်လာခဲ့သည်။ မြင်းလှည်းက ရပ်တန့်လိုက်သည်နှင့် တစ်ဖက်ကပ်လျက် အိမ်တော်မှ လှုပ်ရှားသံများကို ကြားလိုက်ရသည်။ လုမင်ယွိသည် မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး မထူးဆန်းသကဲ့သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။
တတိယမင်းသား အိမ်တော်၏ ပင်မတံခါးမကြီးမှာ ပွင့်လျက်ရှိပြီး ကုန်းကုန်းများနှင့် အပျိုတော်များက တံခါးဝတွင် ရိုသေစွာ ရပ်စောင့်နေကြသည်။
ဒီလို အခမ်းအနားမျိုးကို ကြည့်တာနဲ့ ဘာဖြစ်နေလဲဆိုတာ တစ်ခါတည်း သိလိုက်ရတယ်။
လီဟောက်က မကြာခင် လက်ထပ်တော့မှာ။ မင်္ဂလာပွဲ မတိုင်ခင်မှာ နန်းတော်ကနေ ထွက်ပြီး တတိယမင်းသား အိမ်တော်ကို ပြောင်းလာနေသင့်ပြီလေ။
ဆူညံနေသော မြင်းခွာသံများသည် အဝေးမှ အနီးသို့ တဖြည်းဖြည်း နီးကပ်လာသည်။ လူတစ်စုသည် မျက်စိရှေ့တွင် လျင်မြန်စွာ ပေါ်ထွက်လာပြီး ရှေ့ဆုံးမှ လူငယ်လေးမှာ အနက်ရောင်ဝတ်စုံ၊ အနက်ရောင်မြင်း၊ ဓားသဖွယ် မျက်ခုံးများ၊ ကြယ်တာရာပမာ မျက်လုံးများနှင့် တောက်ပနေသော မျက်ဝန်းနက်များ ပိုင်ဆိုင်ထားလေသည်။
ထိုသူမှာ လီဟောက်ပင် ဖြစ်လေသည်။
မီတာ ဆယ်ပေါင်းများစွာ အကွာအဝေးမှပင် နှစ်ဦးသား၏ အကြည့်တို့သည် လေဟာနယ်တွင် ဆုံဆည်းသွားကြလေသည်။
ဒီလောက် ဝေးနေတာ၊ တကယ်တမ်း တစ်ယောက်မျက်နှာ တစ်ယောက်တောင် သေချာ မမြင်ရဘူး။ ဒါပေမဲ့ သူမ သေချာ သိလိုက်ပါတယ်။ လီဟောက်က သူမကို စူးစိုက်ကြည့်နေတယ်ဆိုတာ။ သူမကတော့ သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ချင်ဘူး။
လုမင်ယွိသည် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အိမ်တော်ထဲသို့ ဝင်ရန် ခြေလှမ်းပြင်လိုက်သည်။
လီဟောက်သည် မြင်းကို စီးနင်းကာ ရောက်ရှိလာပြီး ဒုတိယမင်းသား အိမ်တော်ရှေ့တွင် မြင်းပေါ်မှ ဆင်းကာ လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေပေးကာ "အာ့စောင်" ဟု နှုတ်ဆက်လိုက်လေသည်။
လုမင်ယွိသည် သဘာဝအတိုင်း ရှောင်မသွားဘဲ လီဟောက်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်တော့၏။ "ဒါဆို ရှင် ဒီနေ့ နန်းတော်ကနေ မင်းသားအိမ်တော်ကို ပြောင်းလာတာပေါ့”
လီဟောက်သည် လုမင်ယွိကို စူးစိုက်စွာ တစ်ချက် ကြည့်လိုက်ကာ "ဟုတ်တယ်။ ဒီနေ့ကစပြီး ကျွန်တော် တတိယမင်းသား အိမ်တော်မှာ နေတော့မယ်။ ကျွန်တော် နန်းတော်ထဲမှာ သာ့ကော၊ အာ့ကော၊ စစ်တိနဲ့ ဝူတိတို့ကို ပြောပြီးပြီ။ သူတို့ကို အိမ်သစ်တက်ပွဲအတွက် လာဖို့ ဖိတ်ထားတယ်။ ဒီည အာ့စောင်လည်း တစ်ခါတည်း လာခဲ့ပါလား”
လုမင်ယွိက မငြင်းဆန်လိုက်ပေ။ "ကောင်းပြီလေ။ ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်။ တခြား ကိစ္စ ရှိသေးလို့လား”
မရှိတော့ချေ။
အသက်အရွယ် မတိမ်းမယိမ်း ဖြစ်သော မတ်လေးနှင့် မရီးတို့ကြားတွင် အတိုင်းအတာတစ်ခုအထိ အကွာအဝေး ထားရှိသင့်လေသည်။
သူ၏ ယခု လုပ်ရပ်သည်ပင်လျှင် အမှန်တကယ်တော့ အနည်းငယ် မဆင်မခြင်နိုင်ရာ ရောက်လေသည်။
လီဟောက်၏ မျက်ဝန်းနက်များထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး လက်နှစ်ဖက်ကိုယှည်ကာ နှုတ်ဆက်လိုက်တော့သည်။ "အာ့စောင်။ ဒါဆို ကျွန်တော် အရင် ပြန်လိုက်ပါဦးမယ်”
လုမင်ယွိကလည်း တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ကျွန်မ အရှင်မင်းသား အိမ်တော်ကို ပြန်လာတာကို စောင့်ပြီးမှ သူနဲ့အတူ တတိယမင်းသား အိမ်တော်ကို သွားလိုက်ပါ့မယ်”
...
အပိုင်း (၁၈၈) အပြိုင်အဆိုင် (၁)
ညနေမစောင်းခင်မှာပင် လီကျင့်သည် အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
"ဘာဖြစ်လို့ ဒီလောက်အစောကြီး ပြန်ရောက်လာတာလဲ" လုမင်ယွိက ပြုံးကာမေးလိုက်၏။
လီကျင့်ကလဲ ပြုံးကာ ပြန်ဖြေလိုက်သည်။ "ဒီည စန်းတိရဲ့ အိမ်သစ်တက်ပွဲကို သွားသောက်ရမှာမလို့ အိမ်ကို အစောကြီး ပြန်လာခဲ့တာ"
လီဟောက်သည် နန်းတော်မှ ထွက်ခွာကာ မင်းသားအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်သဖြင့် အိမ်သစ်တက်ပွဲ ကျင်းပရခြင်းဖြစ်လေသည်။ ဖိတ်ကြားထားသည်မှာလဲ သူစိမ်းသူများမဟုတ်ဘဲ မိမိတို့၏ ညီအစ်ကိုများသာ ဖြစ်လေ၏။ မင်းသားများအပြင် ဟွေ့အန်းကုန်းကျူနှ င့်ဝူဖုမာတို့သည်လဲ ပါဝင်ပြီး နန်းတွင်းထဲက ကျင့်အန်းကုန်းကျူလဲ ရောက်လာပေလိမ့်မည်။
လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "နေ့ခင်းဘက် ကျွန်မ ပြန်လာတော့ တံခါးဝမှာ လီဟောက်နဲ့ တွေ့သေးတယ်။ သူက ကျွန်မကို အိမ်သစ်တက်ပွဲ အတူတူလာဖို့ ဖိတ်တာနဲ့ ကျွန်မလဲ လက်ခံလိုက်တယ်"
လီကျင့် “...”
လုမင်ယွိသည် လီကျင့်ကို ပြုံးစစလေးဖြင့် တစ်ချက် လှမ်းကြည့်လိုက်ကာ "တတိယမင်းသားရဲ့ အိမ်တော်က ခြံချင်းကပ်ရပ်ပဲလေ။ နောက်ဆိုရင်လည်း အမြဲတမ်း သွားလာဆက်ဆံရမဲ့ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်။ ရှင့်ကို ရှာလကာရည်တစ်အိုးလုံး ယူလာပေးရမှာလား။ သဘောကျ သောက်လို့ရတယ်လေ"
လီကျင့်ကလဲ သဝန်တိုနေသည်ကို ဝန်ခံရန် ငြင်းပယ်လေသည်။ "ကို့ရဲ့ ကျယ်ပြောလှတဲ့ ရင်ဘတ်ကြီးနဲ့ ဒီလိုသဝန်တိုတဲ့ကိစ္စမျိုးကို လုပ်မယ် ထင်လို့လား"
လုမင်ယွိကလဲ ပြုံးလိုက်ကာ သူမ၏ လက်ချောင်းလေးများကို ဆန့်တန်းလိုက်ပြီး လီကျင့်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
လီကျင့်က ရယ်မောရင်း သူမ၏ လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး စနောက်သည့်သဘောဖြင့် တစ်ချက်နမ်းရှုံ့လိုက်တော့၏။
လုမင်ယွိ၏ ပါးပြင်မှာ နီမြန်းသွားကာ သူ့ကို မျက်စောင်းတစ်ချက် ထိုးမိတော့သည်။
လီကျင့်ကလဲ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလာလိုက်ပြီးနောက် သူမကို ပွေ့ချီကာ ကုတင်ပေါ်သို့ တင်ထားလိုက်တော့သည်။
လုမင်ယွိက ရယ်မောရင်း သူ့ကို ကန်ကျောက်လေတော့၏။ "မဟုတ်တာ မလုပ်နဲ့နော်။ ခဏနေရင် အိမ်သစ်တက်ပွဲ သွားရအုံးမှာ"
လီကျင့်၏ မသဲမကွဲအသံက ခန်းဆီးနောက်ကွယ်မှ ထွက်ပေါ်လာတော့သည်။ "ကိစ္စမရှိပါဘူး။ နည်းနည်းလေး နောက်ကျသွားလည်း ဘယ်သူမှ အပိုစကားပြောမှာ မဟုတ်ဘူး ... "
...
သူ့ကို ယုံမိတဲ့ ငါ့ကိုပဲ အပြစ်တင်ရတော့မယ်!
၁နာရီခန့်ကြာပြီးသွားသောအခါ ကောင်းကင်သည်လဲ လုံးဝကို အမှောင်ကျသွားလေသည်။ တတိယမင်းသား အိမ်တော်မှ အိမ်တော်ထိန်းသည် ၂ကြိမ်တိုင်တိုင် လာရောက်ပင့်ဖိတ်ပြီးမှ လုမင်ယွိနှင့်လီကျင့်တို့ လင်မယားနှစ်ယောက်ကလဲ နှေးကွေးစွာဖြင့် ထွက်ခွာလာခဲ့ကြတော့၏။
ကံကောင်းသည်မှာ တတိယမင်းသား၏ အိမ်တော်သည် အိမ်ချင်းကပ်လျက် ဖြစ်နေသဖြင့် လင်မယားနှစ်ယောက် ခြေကျင်လျှောက်သွားလျှင်ပင် လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်မျှသာ ကြာမြင့်လေသည်။
လီကျင့်၏ မျက်နှာထားကတော့ ကြည်လင်လန်းဆန်းနေပြီး ငါးကို ဝဝလင်လင် စားသောက်ထားရသည့် ကြောင်တစ်ကောင်နှယ် ကျေနပ်နှစ်သိမ့်နေသည့် အရိပ်အယောင်များ ပြည့်နေတော့၏။
ရိုက်ချင်စရာကောင်းလှသည့် အမူအယာကို မြင်လိုက်သည်တွင် လုမင်ယွိမှာ လက်ယားလာလေတော့သည်။ သူမက လက်ကိုဆန့်ကာ အားကို သုံးပုံလောက် ထည့်လိုက်ပြီး သူ့ကို တစ်ချက် ထုရိုက်လိုက်တော့၏။ လီကျင့်ကလဲ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် ထိုရိုက်ချက်ကြောင့် အသက်ရှူပင် မှားတော့မတတ် တရစပ် ချောင်းဆိုးလေတော့သည်။
လုမင်ယွိကတော့ သူ့ကို သနားကြင်နာရမည့်အစား ပြုံးရယ်ကာဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ "နောက်တခါ ထပ်ပြီးဟန်ဆောင်ကြည့် ဒီတစ်ခါ သုံးပုံပဲ ပါတာ။ နောက်တစ်ခါဆိုရင် အားကို ငါးပုံထည့်ပစ်လိုက်မယ်"
လီကျင့်သည် မိမိ၏ရင်ဘတ်ကို ပွတ်သပ်ရင်း ကူကယ်ရာမဲ့စွာ ပြုံးလေတော့သည်။ "ကို့ရဲ့ ဟွမ်စစ်ဖေးလေးရယ် မင်းရဲ့ အားသုံးပုံက မင်းရဲ့ ခင်ပွန်းဖြစ်တဲ့ ကို့ကို အသက်ရှုမဝအောင် ဖြစ်ရစေတယ်။ တကယ်လို့ အားကိုသာ ငါးပုံလောက် သုံးလိုက်မယ်ဆိုရင်တော့ မင်းနေ့တိုင်း ကို့ကို ဆေးတိုက်ကျွေးနေရတော့မှာပဲ"
စကားတတ်လိုက်တာ!
လုမင်ယွိသည် အသံထွက်ကာ ရယ်မောလိုက်ပြီး စိတ်ထဲက မကျေနပ်ချက်များက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
လီဟောက်ကတော့ တံခါးဝတွင် ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုလေသည်။
လုမင်ယွိနှင့် လီကျင့်တို့ လက်ချင်းချိတ်ကာ အချင်းချင်း ပြုံးရယ်ရင်း ဝင်လာသည့် ရင်းနှီးလှသောမြင်ကွင်းသည် မြင်ရသူအဖို့ အလွန်အမင်း မနာလိုဝန်တိုဖွယ်ရာ ဖြစ်နေတော့သည်။ လီဟောက်သည် မိမိ၏ စိတ်ထဲတွင် လှုပ်ခါသွားသည့် မကျေနပ်ချက်မီးစကို ချုပ်တီးထားလိုက်ကာ ပြုံးပြီးပြောလိုက်၏။ "အာ့ကောနဲ့ အာ့စောင်က အနီးဆုံးမှာနေပြီးတော့ နောက်အကျဆုံး ရောက်လာတာပဲ။ ဒီည မင်းတို့ကို ဒဏ်ပေးတဲ့အနေနဲ့ သုံးခွက်သောက်ခိုင်းမှ ဖြစ်တော့မယ်!"
လီကျင့်ကလဲ ဟားတိုက်ကာ ရယ်မောလိုက်၏။ "ကောင်းပြီလေ။ ဒီပြစ်ဒဏ်ကို လက်ခံပါ့မယ်"
လုမင်ယွိသည် ထိုစကားကို ကြားလိုက်ရသောအခါ ရယ်လဲရယ်ချင်သလို စိတ်လဲတိုမိတော့သည်။
ဒီလေသံကို ကြားရင်ပဲ သူဘယ်လောက်တောင် သောက်နိုင်တယ်လို့ ထင်နေမလဲ မသိဘူး။ တကယ်တမ်းကျတော့ အရက်တစ်အိုးတောင် မကုန်ခင် မူးလဲသွားမှာပဲကို။ တကယ်လို့ အရက်သောက်နိုင်တာကို ယှဥ်ပြောရရင် သူမကတောင်မှ လီကျင့်ထက် ပိုသောက်နိုင်သေးတယ်။
သို့သော်ငြား ယောက်ျားမှန်သမျှ မျက်နှာပန်း လှချင်သည်ပင်။ လီဟောက်ရှေ့တွင် လုမင်ယွိသည် လီကျင့်ကို အရှက်ခွဲလိမ့်မည် မဟုတ်ပေ။
အိမ်သစ်တက်ပွဲသို့ တက်ရောက်လာကြသည့် မင်းသား၊ မင်းသမီးများသည် စားသောက်ခန်းမအတွင်းတွင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြလေသည်။
လုမင်ယွိနှင့်လီကျင့်တို့ ပေါ်လာသည်နှင့် လူတိုင်းထံမှ ရယ်မောကာ ကျီစယ်သံများ ထွက်ပေါ်လာတော့၏။ ယနေ့ညတွင် လူကြီးများမရှိသဖြင့် အားလုံးကလဲ စည်းကမ်းတင်းကြပ်မှုမရှိဘဲ ပိုပြီးလွတ်လပ်ပေါ့ပါးစွာ ပြောဆိုကြတော့သည်။
လီကျင့်က ညီအစ်ကိုများ၏ နောက်ပြောင်ကျီစယ်သမျှကို လက်ခံလိုက်တော့၏။
လုမင်ယွိကိုတော့ သူမ၏ အစ်ကိုတော်များနှင့် ညီတော်များက ပြောင်ပြောင်တင်းတင်း စနောက်ရဲကြခြင်းမရှိချေ။ ပထမင်းသား ကြင်ရာတော် လျန်ရှီသည် တည်ငြိမ်ပြီး စကားနည်းသူဖြစ်ကာ ကျင့်အန်းကုန်းကျူသည်လဲ စကားပြောခြင်းကို မနှစ်သက်လှချေ။
သူမကို ကျီစယ်ရန် သတ္တိရှိသူမှာ ဟွေ့အန်းကုန်းကျူ တစ်ဦးတည်းသာ ရှိတော့သည်။
...
"မင်းနဲ့ အာ့တိတို့က အခုမှလက်ထပ်ခါစ ချစ်မဝသေးပဲဖြစ်နေတာကို လူတိုင်းသိပါတယ်"
ဟွေ့အန်းကုန်းကျူသည် လုမင်ယွိကို ပြုံးပြီးကြည့်ကာ ပြောဆိုလိုက်သော်ငြားလည်း ထွက်လာသည့် စကားလုံးများကတော့ နားဝင်ချိုလှသည် မဟုတ်ပေ။ "ဒါပေမဲ့ ဘယ်လောက်ပဲ ရင်းနှီးကြင်နာနေကြပါစေ။ ဒါက ကိုယ်ရေးကိုယ်တာကိစ္စပဲလေ။ လူပုံအလယ်မှာတော့ နည်းနည်းပါးပါး ထိန်းချုပ်ထားသင့်တာပေါ့"
"ဟိုတနေ့က နန်းတော်ထဲဝင်တော့လည်း မင်းတို့နှစ်ယောက် နောက်ကျမှ ရောက်လာတယ်။ ဒီည အိမ်သစ်တက်ပွဲကိုလည်း နောက်အကျဆုံး ရောက်လာကြပြန်တယ်။ လူတွေကတော့ အာ့တိကိုပဲ ပါးစပ်ကနေ ဝိုင်းပြီးကျီစယ်ကြပေမဲ့ အာ့တိမေ့ဖြစ်တဲ့ အာ့ဟွမ်စစ်ဖေးကိုတော့ ပါးစပ်က မပြောရဲပေမဲ့ စိတ်ထဲကနေ မရယ်ဘဲနေကြမှာမဟုတ်ဘူး"
"ငါက အာ့တိမေ့ (ဒုတိယယောင်းမ)ကို စကားလက်ဆောင်လေး ပါးလိုက်ပါအုံးမယ်။ နောက်ဆိုရင် အာ့တိကို နည်းနည်းလောက် တားမြစ်အုံး။ အဲဒီ့လို ပေါ့ပျက်ပျက်နေတဲ့ အမူအကျင့်မျိုး မလုပ်ခိုင်းနဲ့"
လီကျင့်သည် ပထမမင်းသားနှင့် တခြားသူများ၏ ဆွဲခေါ်ရာသို့ပါသွားကာ ယောက်ျားများ ထိုင်သည့်ဝိုင်းသို့ လိုက်ပါသွားရလေသည်။ အမျိုးသမီးများ ထိုင်သည့်ဝိုင်းတွင်တော့ သူတို့လေးယောက်သာ ကျန်ရစ်ခဲ့၏။
ယခုမှ အိမ်တော်သို့ အသစ်ရောက်လာသည့် ညီမတော်တစ်ဦးအပေါ် ဒီလိုစကားမျိုးပြောဆိုခြင်းက ဟွေ့အန်းကုန်းကျူ၏ ရက်စက်မှုကို ပြသနေသလိုပင်။
လုမင်ယွိ၏ မျက်နှာပေါ်က အပြုံးသည် မှေးမှိန်သွားပြီး ဟွေ့အန်းကုန်းကျူကို တစ်ချက်စွေကြည့်လိုက်၏။
ဟွေ့အန်းကုန်းကျူက ထိုအကြည့်ကိုပင် သတိမထားမိဘဲ ဆက်ပြီး တရစပ် ပြောဆိုနေပြန်သည်။ "နောက်တစ်ခုက အာ့တိမေ့ရဲ့ တဇွတ်ထိုးနိုင်တဲ့စရိုက်ကိုလည်း ပြင်သင့်ရင်ပြင်ရမယ်။ အာ့တိမေ့က လုအိမ်တော်မှာ အလိုလိုက် အကြိုက်ဆောင်ခံရပြီး ကြီးပြင်းလာတာကို ငါ သိပါတယ်။ ဒါပေမဲ့ ချွေးမတစ်ယောက်ရဲ့ဘဝနဲ့ အပျိုဘဝက ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ"
"ချွေးမတစ်ယောက်ဖြစ်လာရင် တောက္ခမတွေကို ရိုသေလေးစားရမယ်။ လူကြီးသူမတွေကိုလည်း လေးစားရမယ်။ လူကြီးတွေက စကားနည်းနည်း ပြောဆိုဆုံးမတာနဲ့ ပြန်ပြီး မချေမငံ မပြောသင့်ဘူးလေ။ နောက်ပြီးတော့ ငါတို့ မောင်နှမ၇ယောက်က အမြဲတမ်း သင့်သင့်မြတ်မြတ် နေထိုင်လာကြတာ။ အာ့တိမေ့က ငါ့လို ယောင်းမတစ်ယောက်ကို ဘယ်လိုဆက်ဆံရမယ်လို့ မပြောလိုပါဘူး။ အနည်းဆုံးတော့ ရိုသေလေးစားမှုတော့ ရှိသင့်တာပေါ့"
"ဇနီးတစ်ယောက်အနေနဲ့ ကိုယ့်ခင်ပွန်းကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သင့်တယ် ..."
လုမင်ယွိသည် ဟွေ့အန်းကုန်းကျူ၏ စကားကို အေးစက်စက်ဖြင့် ဖြတ်ပြောလိုက်တော့သည်။ "ချွေးမတစ်ယောက်ရဲ့တာဝန်၊ ဇနီးတစ်ယောက်ရဲ့တာဝန်ကို တခြားသူတွေက ကျွန်မကို လာသင်ကြားပေးတာဆိုရင်တော့ ကျွန်မက လက်ခံပါတယ်။ ဒါပေမဲ့ ဟွမ်ကျဲက ဘယ်လိုအတွေ့အကြုံမျိုးနဲ့ ကျွန်မကို လာပြီးတော့ ဆုံးမနေရတာလဲ"
ဟွေ့အန်းကုန်းကျူ “...”
ဟွေ့အန်းကုန်းကျူသည် ထိုစကားကြောင့် မျက်နှာပျက်သွားပြီး လုမင်ယွိကို စူးစုးရဲရဲ စိုက်ကြည့်လိုက်လေတော့သည်။ "လုမင်ယွိ နင် အခု ဘာစကားပြောလိုက်တာလဲ"
လုမင်ယွိကတော့ အေးအေးလူလူဖြင့် ပြုံးပြလိုက်ကာ "ဟွမ်ကျဲ ဘာဖြစ်လို့ ရှက်ပြီးဒေါသထွက်နေတာလဲ။ ကျွန်မက မွေးကတည်းက ဖြောင့်မတ်ပြီး မြင်တာကို မြင်တဲ့အတိုင်း ပြောတတ်တဲ့သူပါ။ ကြားရတာတော့ ဟွမ်ကျဲက ဝူဖုမာနဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်း.ယောက္ခမတွေအပေါ် မောက်မာပြီး မလေးမစား ဆက်ဆံတယ်တဲ့။ ဝူမိသားစုတစ်ခုလုံးကလဲ ဟွမ်ကျဲကို ရိုရိုသေသေ ဆက်ဆံရတယ်ဆို။ ဒီလိုဖြစ်နေတာတောင်မှ ဟွမ်ကျဲက အချိန်မရွေး လူပုံအလယ်မှာ မျက်နှာထား တင်းမာပြတတ်သေးတယ်တဲ့လေ"
"တကယ်လို့ မောက်မာတာကို ယှဥ်ပြီးပြောရမယ်ဆိုရင်တော့ ကျွန်မက ဟွမ်ကျဲကို မမှီနိုင်ပါဘူး!"
ပထမမင်းသား ကြင်ရာတော်သည် ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်ကာ နှုတ်ခမ်းထောင့်မှ အပြုံးကို ဖုံးကွယ်ထားလိုက်လေသည်။ ဟွေ့အန်းကုန်းကျူသည် ယုံးကျားဧကရာဇ်၏ အချစ်ဆုံး သမီးတော်ကြီးဖြစ်ပြီး မျက်လုံးများကလဲ ယောင်းမဖြစ်သူများအပေါ် အမြဲတမ်း အထင်သေးကာ ကြည့်တတ်လေသည်။ သူမကဲ့သို့သော ယောင်းမဖြစ်သူကို အမြဲတမ်း နှိမ့်ချဆက်ဆံလေ့ရှိ၏။ ယခင်က ဆက်ဆံရသည့်အခါတိုင်းတွင်လည်း သူမကို မကြာခဏဆိုသလို လှောင်ပြောင်သရော်ခြင်းများလဲ ပြုလုပ်ခဲ့ဖူးလေသည်။
သူမကိုယ်တိုင်ကလဲ ဟွေ့အန်းကုန်းကျူနှင့် ရင်ဆိုင်ယှဥ်ပြိုင်နိုင်သည့် နောက်ခံအင်အားမရှိသဖြင့် အမြဲလိုလို နှုတ်ဆိတ်ကာ သည်းခံခဲ့ရ၏။ လုမင်ယွိက ဟွေ့အန်းကုန်းကျူကို ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်ကို ကြားလိုက်ရသည်တွင် သူမမှာ စိတ်ထဲတွင် အလွန်ကျေနပ်မိလေတော့သည်။
ကျင့်အန်းကုန်းကျူကတော့ လုမင်ယွိကို ဘာမှမပြောဘဲ ကြည့်လိုက်ပြီး စိတ်ထဲတွင်သာ အသာလေးတွေးနေမိတော့သည်။
ဒီအာ့စောင်က တကယ်ကို အစွမ်းထက်တာပဲ။ ဟွမ်ကျဲရဲ့ ဒီလိုစရိုက်ကို ပုံမှန်ဆို ဘယ်သူကမှ သွားပြီးရန်စရဲလို့လဲ။ ဒါပေမဲ့ အာ့စောင်ကတော့ ရဲရဲတင်းတင်းပဲ ပြန်ခံပြောလိုက်တော့တာပဲ။
ဟွေ့အန်းကုန်းကျူသည် ဒေါသကြောင့် မျက်နှာများပင် ဖြူဖွေးသွားကာ လီကျင့်ကို လှမ်းခေါ်ရန် ပြင်လိုက်တော့သည်။ "ဟွမ်ကျဲက အရှင်မင်းသားကို လှမ်းခေါ်ပြီး အဆုံးအဖြတ် ပေးခိုင်းမလို့လား။ ဒါမှမဟုတ် ဖုမာကို ခေါ်ပြီးတော့ အားဖြည့်ခိုင်းမလို့လား" လုမင်ယွိကတော့ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ကျွန်မတို့ ယောင်းမတွေချည်းပဲ အတူတူစကားပြောတာ ပျော်စရာကြီးကို သူတို့ကို ဝင်မပါခိုင်းတာပဲ ကောင်းပါတယ်"
"တကယ်လို့ ဟွမ်ကျဲက တကယ်ပဲ စိတ်ဆိုးနေတုန်းပဲဆိုရင်တော့ ကျွန်မကပဲ ဟွမ်ကျဲကို တောင်းပန်လိုက်ပါ့မယ်"
"ပြောရမယ်ဆိုရင်လည်း ဟွမ်ကျဲက မင်းသမီးတစ်ပါးပဲလေ။ ဝူအိမ်တော်ကို လက်ဆက်လိုက်တာက ဝူအိမ်တော်အတွက် ကံကောင်းခြင်းတစ်ခုပဲပေါ့။ ဝူအိမ်တော်က ဟွမ်ကျဲကို တမ်ဖိုးထား မြှောက်စားတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါပဲ။ ကျွန်မကတော့ သာမာန်စစ်သူကြီးတစ်ယောက်ရဲ့ သမီးလေးပဲလေ။ မင်းသားတစ်ပါးနဲ့ လက်ဆက်ခွင့်ရတာက ကျွန်မအနေနဲ့ ဘဝပေါင်းများစွာက ပြုခဲ့တဲ့ကုသိုလ်လေးကြောင့်ပါ"
"ကျွန်မမှာ ကျေးဇူးတင်မဆုံးဖြစ်ပြီး တုန်တုန်ယင်ယင်လေးနဲ့ ဖြစ်နေရမှာပါ။ ဒါပေမဲ့ အရှင်မင်းသားက ကျွန်မအပေါ် အရမ်းကောင်းနေတာကိုး။ ကျွန်မကို အမြဲတမ်း အလိုလိုက်ပြီး မြှောက်စားနေတော့ ... အို ... တကယ်ပဲ ဘယ်လိုမှ မတတ်နိုင်တော့ဘူး"
ဟွေ့အန်းကုန်းကျူ “...”
...
အပိုင်း (၁၈၉) အပြိုင်အဆိုင် (၂)
ဟွေ့အန်းကုန်းကျူသည် အလွန်ဒေါသထွက်သွားပြီး သူမ၏မျက်နှာမှာ စိမ်းဖန့်သွားလေတော့သည်။
သူမသည် ကလေးဘဝကတည်းက ဒီမိသားစု၏ အကြီးဆုံးသမီးဖြစ်ခဲ့ကာ နောက်ပိုင်းတွင်လည်း သာ့ဝေတိုင်းပြည်၏ မင်းသမီးတစ်ပါး ဖြစ်လာခဲ့သည်။ သူမ၏ မောင်နှမများ အားလုံးကလဲ သူမကို ရိုသေလေးစားကြရပြီး သူမသည် မောက်မာထောင်လွှားကာ အမြဲတမ်း နိုင်လိုမင်းထက် ပြုမူခဲ့လေသည်။ ကျိုးကြောင့်သင့်ခြင်းမရှိသည့်တိုင် သူမသည် အနိုင်ပိုင်းတတ်ပြီး ဒီလို သိသိသာသာ အရှုံးကို တခါမှ မတွေ့ကြုံခဲ့ဘူးချေ။
ကျင့်အန်းကုန်းကျူသည် ဆက်ပြီးထိုင်မနေနိုင်တော့ဘဲ နူးညံ့သည့်လေသံဖြင့် မြန်မြန်ပြောရတော့သည်။ "ဟွမ်ကျဲ ဒီနေ့က စန်းကောရဲ့ အိမ်တက်မင်္ဂလာပွဲလေ။ ကျွန်မတို့တွေ အတူတူထိုင်ရတာ ကြာလှပြီ။ လူကြီးတွေလဲမရှိဘဲနဲ့ စကားပြောနောက်ပြောင်တာက အရေးမကြီးပါဘူး။ ဟွမ်ကျဲက စိတ်မဆိုးပါနဲ့"
ပထမမင်းသား ကြင်ရာတော်သည်လဲ နှစ်သိမ့်ပေးဟန်နှင့် တူသော်ငြားလည်း အမှန်တွင်တော့ မီးလောင်ရာလေပင့်နေခြင်းပင်။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အာ့တိမေ့က ပွင့်လင်းပြီး ပေါ့ပေါ့ပါးပါး နိုင်လွန်းလို့ ပါးစပ်က ပြောလိုက်ပေမဲ့လည်း စိတ်ထဲမှာမရှိပါဘူး။ ဟွမ်ကျဲကို တမင်သက်သက် စိတ်ဆိုးအောင်လုပ်တာ မဟုတ်ပါဘူး"
ဟွေ့အန်းကုန်းကျူ၏ မျက်လုံးထဲက ဒေါသမီးတောက်များမှာ ထွက်ပေါ်လာပြီး အေးစက်စက် ရယ်မောလိုက်လေတော့သည်။ "တမင်သက်သက် စိတ်ဆိုးအောင် လုပ်မလုပ်ဆိုတာ သူ့ဟာသူ အသိဆုံးနေမှာပါ"
လုမင်ယွိသည် တည်ငြိမ်နေသည့် အမူအယာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "လူကောင်းတစ်ယောက်က ကြင်နာသနားမှုကို မြင်သလို ပညာရှိတစ်ယောက်ကလဲ ဉာဏ်ပညာကိုမြင်မှာပါ။ တမင်သက်သက် အပြစ်ရှာပြီး ကြမ်းတမ်းတဲ့သူကတော့ ဘယ်သူ့ကိုပဲတွေ့တွေ့ ရန်စတယ်လို့ပဲ ထင်မှာပေါ့"
ဟွေ့အန်းကုန်းကျူသည် ဒေါသတကြီးဖြင့် စားပွဲကို ဝုန်းခနဲ ရိုက်ချလိုက်တော့သည်။ "လုမင်ယွိ!"
ဘုတ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး စားပွဲကပင် တုန်ခါသွားကာ ဟွေ့အန်းကုန်းကျူသည် အမှန်တကယ် အားအများကြီး သုံးလိုက်သည်မှာ သိသာလေသည်။
လုမင်ယွိက မျက်လုံးများကို မှေးစင်းထားလိုက်ပြီး လက်ကိုဆန့်တန်းကာ စားပွဲကို တစ်ချက်ရိုက်လိုက်လေသည်။
ဘာအသံမှ မကြားလိုက်ရဘဲ ဒီလို ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်ရုံမျှဖြင့် ခိုင်ခန့်နေသည့် စားပွဲမျက်နှာပြင်ထက်တွင် လက်ရာတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ သစ်သားအစအနများသည် လေထဲတွင် ဖြည်းဖြည်းချင်း လွင့်စင်သွားတော့သည်။
အားလုံး "..."
ဒီလိုလှုပ်ရှားမှုမျိုးကို တစ်ခြားဝိုင်းတွင် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည့် မင်းသားတစ်ချို့ကို ချက်ချင်း ဆွဲဆောင်လိုက်လေသည်။
လီကျင့်၏ လှုပ်ရှားမှုကတော့ အမြန်ဆုံးဖြစ်ပြီး ချက်ချင်းထရပ်ကာ မြန်မြန်လျှောက်လာခဲ့တော့၏။ သူ့အကြည့်သည် လုမင်ယွိ၏ ရှေ့က လက်ရာပုံစံ အပေါက်လေးကို မြန်မြန်ဝေ့ကြည့်လိုက်ပြီးနောက် ဟွေ့အန်းကုန်းကျူး၏ ဒေါသနှင့်ရောနှောနေသည့် ထိတ်လန့်နေသည့် မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။
လီကျင့်က ပါးစပ်မဖွင့်ရသေးခင်မှာပင် လီဟောက်နှင့် တခြားသူများကလဲ ဝိုင်းအုံလာကြတော့သည်။
ထို့နောက်တွင်တော့ အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြတော့၏။
လုမင်ယွိ လက်ဖက်ရည်ကမ်းသည့်နေ့က လက်ဖက်ရည်ခွက်ကို လက်ဖြင့် ဆုပ်ကိုင်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ပြုလုပ်ခဲ့ခြင်းသည် လူတိုင်းကို အလွန်အမင်း တုန်လှုပ်စေခဲ့လေသည်။ သို့သော်ငြား ထိုအရာက နောက်ဆုံးတွင်တော့ ကြွေလက်ဖက်ရည်ခွက် တစ်လုံးသာပင်။
ယခုမျက်စိရှေ့တွင်တော့ ခိုင်ခန့်လှသည့် သစ်တော်သား စားပွဲဝိုင်းကြီးပင် ဖြစ်နေ၏။
လုမင်ယွိသည် အံ့သြစရာကောင်းလောက်သည့် စွမ်းအားရှိရုံသာမက အားအသုံးပြုပုံကိုလည်း ထိန်းချုပ်နိုင်စွမ်းမှာ အသေးစိတ်ကျကာ ပထမတန်းစား ဆန်နေတော့သည်။
ဟွေ့အန်းကုန်းကျူသည် မည်သည့်နေရာက သတ္တိများရလာသည် မသိချေ။ လုမင်မင်ယွိနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရဲဝံ့သည်တဲ့!
...
"ဟွမ်ကျဲ။ ရှောင်ယွိ။ မင်းတို့နှစ်ယောက်စလုံး စနောက်တာက စနောက်တာပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ လက်ပါကုန်ကြတာလဲ"
နောက်ဆုံးတွင်တော့ လီကျင့်သည် အမြန်ဆုံး တုံ့ပြန်နိုင်စွမ်းရှိသူပင်။ အမှန်တကယ်တွင် အရေးကြီးဆုံးအချက်မှာ ဒေါသတကြီး အပြန်အလှန် ကြည့်နေကြသည့် လူနှစ်ယောက်စလုံးက သူ၏ အရင်းနှီးဆုံး ဆွေမျိုးများ ဖြစ်နေသောကြောင့်ပင်။ လီကျင့်သည် စကားပြောရင်း ရယ်မောကာ အခြေအနေကို ပေါ့ပေါ့ပါးပါး ဖြေရှင်းရန် ကြိုးစားလိုက်တော့၏။
လုမင်ယွိကတော့ အလိုက်တသိ တောင်းပန်သည့်အမူအယာ ပြသလိုက်ကာ "အားလုံးက ကျွန်မ မကောင်းလို့ပါ။ စိတ်လှုပ်ရှားသွားတော့ လက်က အတိုင်းအဆ မသိတော့ဘူး။ စားပွဲကိုတောင် ရိုက်ချိုးမိသွားပြီ။ မနက်ဖြန် အာ့တိဆီကို စားပွဲသစ်တစ်လုံး သေချာပေါက် ပို့ပေးပါ့မယ်"
လီဟောက်က ပြုံးကာ ပြန်ဖြေလိုက်လေသည်။ "အာ့စောင်က အားနာတတ်လွန်းပါပြီ။ စားပွဲတစ်လုံး မပြောနဲ့ စားပွဲ၈လုံး ၁၀လုံးလောက် ရိုက်ချိုးရင်တောင် ကျွန်တော်က တတ်နိုင်ပါတယ်"
စတုတ္ထမင်းသားကလဲ ချက်ချင်းရယ်မောကာ စကားကို ဆက်ပြောလိုက်တော့၏။ "နောက်တခါ ကျွန်တော် အိမ်သစ်တက်မင်္ဂလာပွဲလုပ်ရင် အာ့စောင်အတွက် သံစားပွဲတစ်လုံး ပြင်ဆင်ထားပေးပါ့မယ်။ ဒါနဲ့ အာ့စောင် သံစားပွဲကိုတောင် လက်ရာထင်အောင် ရိုက်နိုင်တာတော့ မဟုတ်လောက်ပါဘူးနော်"
လူတိုင်းကလဲ အလိုက်တသိ ရယ်မောလိုက်ကြလေသည်။
မူလက အေးစက်ပြီး အနေရခက်နေသည့် အခြေအနေမှာ နောက်ဆုံးတော့ အနည်းငယ် ပြေလျော့သွားတော့၏။
ဟွေ့အန်းကုန်းကျူသည် မည်မျှပင် စိတ်ဆိုးဒေါသထွက်နေသည်ဖြစ်စေ လူအများရှေ့တွင် မျက်နှာပျက်ရန် မသင့်တော်သဖြင့် အေးစက်စက် မျက်နှာထားဖြင့် ထရပ်ကာ ပြောလိုက်၏။ "ငါ အဝတ်အစား သွားလဲလိုက်အုံးမယ်။ ခဏနေမှ ပြန်လာခဲ့မယ်"
ဝူဖုမာသည် စဥ်းစားမနေတော့ဘဲ ရှေ့သို့တက်လာကာ ဟွေ့အန်းကုန်းကျူ၏ လက်ကို လှမ်းတွဲလိုက်တော့သည်။ "ကျွန်တော် မင်းသမီးနဲ့အတူ အဖော်လိုက်ခဲ့ပါမယ်"
ဟွေ့အန်းကုန်းကျူသည် မျက်နှာကို စူပုတ်ထားကာ ဝူဖုမာနှင့်အတူ ထွက်ခွာသွားတော့၏။
လီကျင့်က လုမင်ယွိ၏ ဘေးသို့လျှောက်သွားလိုက်ပြီး အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်တော့သည်။ "ရှောင်ယွိ အဝတ်အစားလဲဖို့ ကိုယ်နဲ့ အဖော်လိုက်ခဲ့ပေးပါအုံး" ထိုသို့ပြောရင်း လုမင်ယွိကို မျက်စိမှိတ်ပြလိုက်လေသည်။
လူအများရှေ့တွင် ယောက်ျားဖြစ်သူကို မျက်နှာသာ အနည်းငယ်ပေးပါအုံး ဟူသည့် သဘောပင်။
လုမင်ယွိက လီကျင့်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မတ်တပ်ထရပ်လိုက်တော့၏။
လီကျင့်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်ကာ လုမင်ယွိ၏ လက်ကို ပြုံးကာတွဲပြီး ထွက်ခွာလာခဲ့တော့သည်။
လင်မယားနှစ်ယောက် ထွက်ခွာသွားသည်နှင့်ချက်ချင်း အားလုံးမှာလည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြတော့သည်။
"ဘယ်လိုဖြစ်ကြတာလဲ" ပထမမင်းသားက ပထမမင်းသား ကြင်ရာတော်ကို မေးလိုက်၏။
ပထမမင်းသား ကြင်ရာတော်ကတော့ ခုဏက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မြန်မြန်ရှင်းပြလိုက်လေသည်။ သူမ၏ မှတ်ဉာဏ်ကောင်းမှုကြောင့် တစ်လုံးမကျန် ပြန်လည်ပြောပြနိုင်ခဲ့၏။ အားလုံးကလဲ ထိုစကားများကို ကြားလိုက်ရသောအခါ အခိင်းချင်း ကြည့်လိုက်မိကြတော့သည်။
ဟွေ့အန်းကုန်းကျူက အရင်ရန်စခဲ့သည်မှာ မမှားသော်ငြားလည်း လုမင်ယွိဆိုသည့် ယောင်းမတော်သည်လဲ အမှန်တကယ် မာကြောလွန်းလှပြီး တစ်လက်မပင် အလျှော့မပေးခဲ့ချေ။ ဒုတိယမင်းသား လီကျင့်သည် ကြားတွင်ညှပ်နေသဖြင့် နှစ်ဖက်အခက်တွေ့မည်မှာ စိုးရိမ်မိကြလေသည်။
...
"ကျွန်မကို မဆွဲထားနဲ့တော့"
ဟွေ့အန်းကုန်းကျူသည် လမ်းတစ်လျှောက်လုံး သည်းခံလာခဲ့ပြီး အဝတ်အစားလဲသည့်အခန်းသို့ ရောက်လာသောအခါ နောက်ဆုံးတော့ ပေါက်ကွဲသွားတော့သည်။ "ရှင်ဒီလို ပျော့ညံ့ပြီး သတ္တိနည်းတဲ့သူ! ကျွန်မ ဒီလို အနိုင်ကျင့်ခံနေရတာကိုကြည့်ပြီး တစ်ခွန်းမှမဟဘဲ ကျွန်မကို အတင်းဆွဲထုတ်လာခဲ့တယ်"
ဟွေ့အန်းကုန်းကျူသည် ဗိုလ်ကျနိုင်လွန်းသော်ငြားလည်း ဝူဖုမာအပေါ် ကြမ်းတမ်းသော စကားများကို ပြောဆိုသည်ကတော့ အလွန်နည်းပါးလေသည်။ ငယ်စဥ်ကတည်းက ပေါင်းသင်းခဲ့သည့် ဇနီးမောင်နှံဖြစ်ပြီး သံယောဇဥ်ကတော့ အနည်းငယ် ရှိကြလေ၏။ ဝူဖုမာက စိတ်ထားနူးညံ့ပြီး လူကို ကောင်းစွာချော့မော့တတ်လေသည်။
ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးသည် အမြဲတမ်း ကောင်းမွန်နေခဲ့၏။
ဟွေ့အန်းကုန်းကျူက ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေပြီး ထုတ်ဖော်ပြောဆိုစရာ နေရာမရှိသဖြင့် ပါးစပ်ဖွင့်လိုက်သည်နှင့် ဒေါသများကို ဝူဖုမာအပေါ်သို့ ပုံချလေတော့သည်။
ဝူဖုမာကလဲ မည်မျှပင် နူးညံ့သိမ်မွေ့စေကာမူ ယောက်ျားတစ်ယောက် ဖြစ်သေးသည်။ လက်ညှိုးငေါက်ငေါက်ထိုးကာ "ပျော့ညံ့ညံ့ သတ္တိနည်းတဲ့လူ" ဟု အဆဲခံလိုက်ရသဖြင့် စိတ်ထဲတွင်တော့ မကောင်းလှချေ။ သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ "မင်းသမီး အရင်ဆုံး စိတ်လျှော့ပါအုံး"
"ဒီနေ့က တတိယမင်းသားရဲ့ အိမ်သစ်တက်ပွဲမင်္ဂလာလေ။ ပြဿနာတက်သွားရင် မကောင်းဘူး။ နောက်ပြီး တကယ်လို့ ပြဿနာဖြစ်လာရင် အာ့တိက မင်းသမီးဘက်မှာ ရပ်တည်ပေးမှာ မဟုတ်ဘူး" ဒီလို သွယ်ဝိုက်ပြောဆိုလိုက်သည့်စကားက ဟွေ့အန်းကုန်းကျူကို ပိုလို့ပင် ဒေါသထွက်ရစေတော့သည်။
ဟွေ့အန်းကုန်းကျူက တရစပ် သရော်လှောင်ပြောင်ကာ ပြောလေတော့၏။ "ရှင် တည့်တည့်ပဲ ပြောလိုက်စမ်းပါ။ လီကျင့်က လုမင်ယွိကြောင့် ကြောင်အ,သွားတာ ကြာလှပြီ။ ကျွန်မနဲ့ လုမင်ယွိ စကားများတာကို သူက ဘယ်လိုလုပ်ပြီး ကျွန်မဘက်မှာ ရှိနေမှာလဲ။ ကျွန်မလို အစ်မတော်တစ်ယောက်က အလိုက်တသိ ညီမတော်နဲ့ မယှဥ်ပြိုင်သင့်ဘူး။ ဒီကိစ္စတိုင်းမှာ သူ့ကို မြှောက်ပင့်ပေးထားရမယ်။ နောင်တစ်ချိန် သူက ကျွန်မကို မျက်နှာသာပေးဖို့ မျှော်လင့်နေရမယ်ပေါ့လေ ဟုတ်လား"
နောက်ဆုံး စကားတစ်ခွန်းသည် တံတွေးစက်များနှင့်အတူ ထွက်ပေါ်လာသလားပင်။
ဝူဖုမာမှာ မတတ်သာတော့ဘဲ လက်ကိုဆန့်ကာ သူ့နှာခေါင်းပေါ်က တံတွေးများကို သုတ်လိုက်ရတော့သည်။ "မင်းသမီး စိတ်ထဲမှာမပျော်ရင် ကျွန်တော့်ကို ဆဲဆိုပြီးတော့ ဒေါသဖွင့်ချလိုက်ပါ။ ဘယ်အချိန်ဒေါ သပြေသွားမလဲ။ အဲဒီ့အချိန်ကျမှ ပြန်ထွက်သွားလဲ နောက်မကျပါဘူး"
ဟွေ့အန်းကုန်းကျူသည် သူ့ကို မည်သို့ အားနာနေပါမည်နည်း။ အမှန်တကယ်ပင် ဆူပူကြိမ်းမောင်းလေတော့သည်။
ဝူဖုမာကလဲ ဘာမှမပြောဘဲ နားထောင်ရင်း သူ၏ စိတ်ထဲတွင်တော့ ကွန်ဖြူးရှပ်၏ နာမည်ကြီးအဆိုများကို ရေရွတ်နေလိုက်လေသည်။
အမျိုးသမီးတွေနဲ့ လူယုတ်မာတွေကိုသာ အထိန်းသိမ်းရခက်ဆုံးပဲ။
အကြိမ်ငါးရာတိုင်အောင် တိတ်တဆိတ်ရေရွတ်ပြီးမှ ဟွေ့အန်းကုန်းကျူမှာ ရပ်တန့်သွားလေတော့သည်။
ဝူဖုမာက အားတင်းကာ ပြုံးရင်း မေးလာခဲ့၏။ "မင်းသမီး ဒေါသပြေသွားပြီလား"
ဟွေ့အန်းကုန်းကျူသည် တဝကြီးဆဲဆိုပြီးနောက် စိတ်ထဲမှာ မကျေနပ်မှု အများစုကို ထုတ်ဖော်ပြီးသွားပြီဖြစ်၏။
ဝူဖုမာ၏ သနားစဖွယ် ရုပ်သွင်လေးကို မြင်ရသည်တွင် သူမသည် တစ်ဖန် အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ အပြစ်တင်သည့်လေသံဖြင့် ပြောလိုက်လေသည်။ "ဒီကိစ္စက ရှင့်အမှားမှ မဟုတ်တာ။ ကျွန်မက လုမင်ယွိကို စိတ်ဆိုးတာ။ ပြီးတော့ အမှားအမှန်မခွဲခြားဘဲ လက်က အပြင်ဘက်ကိုလှမ်းနေတဲ့ အာ့တိကို စိတ်ဆိုးတာ။ ရှင်နဲ့ ဘာဆိုင်လို့လဲ။ ရှင်က ဘာမှမဆိုင်ဘဲ ဝင်ပါပြီး ကျွန်မ ဆဲဆိုတာကိုလဲ အလကားသက်သက် ခံလိုက်ရသေးတယ်"
ဟွေ့အန်းကုန်းကျူသည် မိမိကိုယ်ကို အကြောင်းပြချက်မရှိဘဲ ပြဿနာရှာကာ အခြားသူအပေါ် ဒေါသပုံချနေမှန်း သိနေသည်ဟု ဆိုလိုရင်းသဘောပင်။
သို့သော်ငြား ဒေါသထွက်လာသည့်အခါတိုင်း သူမကိုယ်တိုင်ပင် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
ဝူဖုမာကတော့ ခပ်ယဲ့ယဲ့လေးပြုံးကာ ဟွေ့အန်းကုန်းကျူး၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်၏။ "လင်မယားဆိုတာ ဘာကိုပြောတာလဲ။ အခက်အခဲကို အတူတူမျှဝေပြီး အတူတူရှင်သန်ပြီး အတူတူ သေဆုံးရမှာလေ။ ကျွန်တော်က ဒီလောက် အသေးအဖွဲလေးကိုတောင် သည်းမခံနိုင်ဘူးဆိုရင် မင်းသမီးရဲ့ နှစ်သက်မြတ်နိုးမှုကိုခံရပြီး မင်းသမီးရဲ့ဖုမာ ဘာဖြစ်လို့ ဖြစ်လာရမှာလဲ"
ဟွေ့အန်းကုန်းကျူ၏ မျက်လုံးအိမ်များသည် အနည်းငယ် နီရဲသွားပြီး လက်ကိုဆန့်တန်းကာ ဝူဖုမာကို တစ်ချက်လောက် လှမ်းထုလိုက်လေသည်။ "ကျွန်မကို ချော့ဖို့ပဲတတ်တယ်"
ပေါ့ပါးပြီး နူးညံ့လှသည့် လက်သီးချက်သည် ဝူဖုမာကို နည်းနည်းလေးမှ မထိခိုက်စေနိုင်သည်မှာ သိသာလေသည်။
ဝူဖုမာကလဲ ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်၏။ "စိတ်မဆိုးတော့ဘူးမလား!"
ဟွေ့အန်းကုန်းကျူကလဲ အင်းဟု ခပ်တိုးတိုး ပြန်ဖြေလိုက်လေတော့သည်။
...