← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အပိုင်း (၁၉၀) နှလုံးသားတံခါး

"ဟွမ်ကျဲကို စိတ်မဆိုးပါနဲ့နော်"

တခြားဧည့်ဆောင်တစ်ခုတွင် လီကျင့်က လုမင်ယွိကို လေသံတိုးတိုးဖြင့် ပြောနေလေသည်။ "သူက စိတ်ရင်းမကောင်းတာ မဟုတ်ပါဘူး။ မူဟုပ်က အလိုလိုက်လွန်းလို့ ပျက်စီးသွားတာ။ အရာရာတိုင်းမှာ သူက ထိပ်ဆုံး ကဖြစ်ချင်တာ။ လူတိုင်းက သူ့ကို သုံးပုံတစ်ပုံလောက်တော့ အလျှော့ပေးရမယ်။ မဟုတ်ရင် သူက စိတ်မကြည်မလင် ဖြစ်တော့တာပဲ"

"ကိုယ်တို့နှစ်ယောက် မင်္ဂလာမဆောင်ခင်တုန်းက သူက ကိုယ့်ရှေ့မှာ အကြိမ်တော်တော်များများ ငြီးပြခဲ့ဖူးတယ်။ ကိုကတော့ ဂရုမစိုက်ပါဘူး။ မင်္ဂလာဆောင်ပြီး လက်ဖက်ရည်ကမ်းတဲ့နေ့မှာ သူက စကားနဲ့ ရန်လာစတတ်တယ်လေ။ မူဟုပ်တောင် သူ့ဘက်က မပါခဲ့ဘူး။ ဒါကြောင့် သူ့စိတ်ထဲမှာ ဒီမကျေနပ်ချက်ကို မျိုသိပ်ထားပြီး မင်းနဲ့ အပြိုင်အဆိုင် ဖြစ်ချင်နေတာ"

"ဒီညလဲ သူကပဲ အရင်ဆုံး ရန်စစကားပြောတာ သေချာပါတယ်"

လီကျင့်သည် သူ၏ တကယ့်အစ်မအရင်းကို ကောင်းစွာ နားလည်ထားသူဖြစ်ကြောင်း ဝန်ခံရပေမည်။ နည်းနည်းလေး တွေးဆလိုက်ရုံမျှဖြင့် အကြောင်းရင်းမှန်ကို မှန်းဆမိသွားတော့၏။

လုမင်ယွိက လီကျင့်ကို မော့ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်တော့သည်။ "ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နစ်နာသွားတဲ့သူက ကျွန်မမှ မဟုတ်တာ"

လီကျင့် "..."

ဒါလဲ ဟုတ်ပါတယ်လေ။

ဟွေ့အန်းကုန်းကျူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်ကိုလဲ မပြောလေနှင့်။ လူတိုင်းကလဲ သူမကို အလျှော့ပေးထား၍သာ ဖြစ်လေသည်။ အမှန်တကယ်တွင် သူမ၏ အတွင်းစိတ်က ကောက်ကွေ့ခြင်းလဲ မရှိသလို ကြောင်စရာကောင်းသည့် အစီအစဥ်များလဲမရှိချေ။ သူမ၏ ဂုဏ်ပုဒ်ကို အသုံးချကာ လူကို ဖိနှိပ်ခြင်းသက်သက်သာပင်။

တကယ့်နည်းလမ်းအစစ်ကို ရှင်းရမည်ဆိုလျှင် လုမင်ယွိ တစ်ယောက်တည်းက ဟွေ့အန်းကုန်းကျူ သုံးယောက်ကိုပင် အေးအေးဆေးဆေး ရှင်းပစ်နိုင်စွမ်းရှိလေသည်။

"လီကျင့် ရှင့်စိတ်ထဲမှာ နည်းနည်းလေး မသက်မသာ ဖြစ်နေတယ် မဟုတ်လား"

လုမင်ယွိက လီကျင့်ကို စိုက်ကြည့်ရင်း ခပ်အေးအေးသာ ပြောလိုက်သည်။ "မင်္ဂလာဆောင်ပြီးကတည်းက အဘွားတော်ကိုပဲဖြစ်ဖြစ် မူဟုပ်ကိုပဲဖြစ်ဖြစ် ကျွန်မ တစ်ခါမှ အလျှော့မပေးခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မဘက်ကပဲ ခြိမ်းခြောက်လွန်းပြီး လူကို အကျပ်ကိုင်တဲ့ပုံစံ ဖြစ်နေခဲ့တယ်။ ရှင်က ကျွန်မလက်က ရပ်တည်ပေးတယ်ဆိုတာက အဘွားတော်နဲ့ အမေအရင်းတို့ရဲ့ နှလုံးသားကို နာကျင်စေမိတာပဲ။ အခုလဲ ကျွန်မကြောင့် ဟွမ်ကျဲနဲ့ စိတ်ကသိကအောက် ဖြစ်ရပြန်ပြီ"

"ကျွန်မသာ ရှင့်ကို တကယ်ချစ်တယ်ဆိုရင် နေရာတိုင်းမှာ ရှင့်အတွက် စဥ်းစားပေးသင့်ပြီး ရှင့်အတွက် အလျှော့ပေးသင့်တာ ..."

"အရင်တုန်းက မင်း လီဟောက်အပေါ် ဆက်ဆံခဲ့သလိုပေါ့"

လီကျင့်က စကားကို မြန်မြန်ပင် ဖြတ်ပြောလိုက်လေသည်။ "သူ့အတွက်နဲ့ပဲ မင်း အလျှော့ပေးဖို့ ဆန္ဒရှိခဲ့တယ်။ တစ်လှမ်းပြီးတစ်လှမ်း ချောင်ပိတ်ခံရတဲ့အထိ လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့ရဲ့ ကျေးဇူးတင်တာမှ လှိုက်လှိုက်လှဲလှဲ ဖော်ရွေမှုကိုမှ မရခဲ့ဘူး။ ဒါကို ဖြစ်သင့်ဖြစ်ထိုက်တာပဲလို့ပဲ သတ်မှတ်ခံခဲ့ရပြီး မင်းရဲ့နှလုံးသားကိုလဲ အဆုံးစွန်ထိ အေးစက်သွားစေခဲ့တယ်။ လင်မယားနှစ်ယောက် လမ်းဆုံးကို ရောက်သွားခဲ့တာပဲ"

ရုတ်တရက်ဆန်ဆန် ထုတ်ပြောလာသည့် စကားများက လုမင်ယွိ၏ နှလုံးသားထဲက အမာရွတ်ကို ဆွဲဆုပ်လိုက်သလိုပင်။

လုမင်ယွိသည် မည်မျှပင် ခံနိုင်ရည်ရှိသည်ဖြစ်စေ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားသလို နာကျင်မှုကို ခံစားလိုက်ရတော့သည်။

သူမ၏ မျက်လုံးထဲတွင်လည်း ဒေါသရိပ်များ ဖြတ်ပြေးသွားတော့၏။ "လီကျင့်!"

သို့သော်ငြား လီကျင့်ကတော့ ထုံးစံအတိုင်း ချက်ချင်း ပါးစပ်ပိတ်လိုက်ခြင်း မရှိချေ။

သူက လက်ကို ဆန့်တန်းလိုက်ကာ လုမင်ယွိ၏ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး သူ့လေသံသည်လဲ လေးနက်လို့ နေတော့သည်။ "လုမင်ယွိ မင်းက ကို့ရဲ့ဇနီးပဲ။ ကိုက မင်းကို ဇနီးအဖြစ် လက်ထပ်လိုက်တဲ့နေ့ကစပြီး မင်းနဲ့ကိုက တစ်သားတည်း ဖြစ်သွားပြီ။ မင်းရဲ့ ဂုဏ်သိက္ခာက ကို့ရဲ့ဂုဏ်သိက္ခာပဲ"

"ကို ပြောခဲ့ဖူးတယ်။ မင်းကို ကာကွယ်ပေးမယ်။ မင်းကို နည်းနည်းလေးတောင်မှ မတရားမခံစားရစေဘူးလို့လေ"

"မင်းကို့ကို မယုံတာကို ကို အပြစ်မတင်ပါဘူး။ မင်းအရင်ဘဝက ခံစားခဲ့ရတဲ့ ဒဏ်ရာအမာရွတ်တွေကလဲ အဲဒီ့မှာပဲရှိနေမှာပဲ။ မင်းက ကို့ကို မယုံကြည်တာ မဟုတ်ဘူး။ မင်းက ယောက်ျားတိုင်းကို မယုံကြည်နိုင်တော့တာ။ ဒါကြောင့် မင်းက ကိုယ့်နည်းကိုယ့်လမ်းနဲ့ပဲ ကိုယ့်ဟာကို ကာကွယ်ချင်တယ်။ မင်းက ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်ပြတ်သားတဲ့ပုံစံကို ပြချင်တယ်။ ဘယ်သူမှ မင်းကို မထိရဲအောင်လုပ်ချင်တယ်"

"ဒီလိုလုပ်မှသာ မင်းက လုံခြုံမှုကို ခံစားရမှာလေ။ ဒါဆိုရင်လည်း မင်းရဲ့ သဘောအတိုင်းပဲလုပ်ပါ"

"ကို့ရဲ့ စေတနာတွေကိုတော့ အချိန်ကာလက သက်သေပြသွားပါလိမ့်မယ်။ တနေ့နေ့မှာတော့ မင်း ကို့ကို ယုံကြည်လာမှာပါ"

လီကျင့်၏ အမူအယာသည် ပုံမှန်အတိုင်း ဖြစ်နေသော်ငြားလည်း သူ၏တုန်ယင်နေသည့် လက်ကတော့ သူ့ကို သစ္စာဖောက်လျှက်ရှိ၏။ သူ့စိတ်အခြေအနေသည် အပေါ်ယံတွင် မြင်ရသလောက် တည်ငြိမ်မနေကြောင်း ပြသလို့နေသည်။

လုမင်ယွိ၏ နှလုံးသားသည်လဲ မုန်တိုင်းလေးတစ်ခုလို တိုက်ခတ်သွားလေတော့၏။

သူမက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ထိုအချိန်ကြမှသာ မိမိ၏ မျက်ဝန်းအိမ်များက စိုစွတ်နေသည်ကို သတိထားမိလိုက်တော့သည်။

သူမက ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်တော့၏။

လီကျင့်၏ အသံကလဲ သူမ၏ နားထဲတွင် ထွက်ပေါ်လာတော့သည်။ "ရှောင်ယွိ မင်း ဘာပဲလုပ်ချင်ချင်လုပ်ပါ။ ကိုက မင်းရဲ့ခင်ပွန်းပဲ။ မင်းရဲ့နောက်မှာ တသက်လုံး ရပ်တည်ပေးနေမှာပါ"

အချိန်တော်တော်ကြာပြီးနောက်မှ လုမင်ယွိက အင်းဟု အသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်တော့သည်။

လီကျင့်သည် စကားဆက်မပြောတော့ဘဲ လက်ကိုဆန့်ကာ လုမင်ယွိကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေတော့သည်။

ရင်ဘတ်အရှေ့ခြမ်းတွင် စိုစွတ်မှုအနည်းငယ်ကို ခံစားလိုက်ရသလိုပင်။

သူသည် ခေါင်းငုံ့မကြည့်သလို နှစ်သိမ့်စကားလဲ ထပ်မပြောလိုက်တော့ချေ။

လုမင်ယွိသည် ယောက်ျားတစ်ယောက်၏ အကာအကွယ်ကို စောင့်မျှော်နေသည့် နူးညံ့သော မိန်းမပျိုတစ်ယောက် မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် သူမသည် စိတ်ဓာတ်မာကျောပြီး နည်းလမ်းပြတ်သားကာ နူးညံ့မှုအနည်းငယ် ချို့တဲ့နေခြင်းပင်။ သူမသည် အလွန်မာနကြီးပြီး ခေါင်းမာကာ မိမိ၏ ဒဏ်ရာများကို လူရှေ့တွင် ထုတ်ပြလိုခြင်းမရှိချေ။

သူမသည် မျက်ရည်ကျဖို့ရန်ပင် ဝန်လေးသူ ဖြစ်လေသည်။

အချိန်မည်မျှ ကြာသွားသည် မသိချေ။ ရင်ခွင်ထဲက လုမင်ယွိသည် နောက်ဆုံးတော့ တည်ငြိမ်သွားတော့၏။ "ကျွန်မတို့ ထွက်လာတာ အရမ်းကြာသွားပြီ။ ပြန်ကြရအောင် စားတော်ပွဲကို အချိန်မမီမှာ စိုးရတယ်"

ထိုအခါမှ လီကျင့်ကလဲ ပြုံးကာ ခပ်တိုးတိုး ပြန်ဖြေလိုက်တော့၏။

...

လုမင်ယွိသည် အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် ဘာမှမဖြစ်သလို ပုံစံမျိုးဖြင့် လီကျင့်နှင့်အတူ စားသောက်ခန်းထဲသို့ ပြန်လာခဲ့လေသည်။

ဟွေ့အန်းကုန်းကျူနှင့်ဝူဖုမာတို့က သူတို့ထက် စောပြီး ရောက်နှင့်နေကြ၏။ သို့သော်ငြား ဟွေ့အန်းကုန်းကျူကတော့ အမျိုးသမီးများ စားပွဲဝိုင်းတွင်မထိုင်ဘဲ အမျိုးသား စားပွဲဝိုင်းသို့သွားကာ ဝူဖုမာ၏ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။

ထို့ကြောင့် လီကျင့်ကလဲ လုမင်ယွိ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျက်နှာအမူအယာ အထူးအဆန်း ဖြစ်နေသည့် ပထမမင်းသားကြင်ရာတော်နှင့် ကျင့်အန်းကုန်းကျူတို့ကို ပြုံးကာ ပြောလိုက်သည်။ "သာ့စောင် အာ့မေ့ ကျွန်တော် ဒီမှာထိုင်တာကို စိတ်မဆိုးကြဘူးမလား"

ပထမမင်းသားကြင်ရာတော်ကလဲ အလိုအလျောက်ပင် ပြန်လည်ပြုံးရယ်ကာ ပြောလိုက်တော့သည်။ "စိတ်မဆိုးပါဘူး။ ထိုင်ပါ"

ဟွေ့အန်းကုန်းကျူနှင့် လုမင်ယွိတို့သည် အတူတူ မထိုင်ကြတော့သည်က အကောင်းဆုံးပင်။ သို့မဟုတ်လျှင် ဒီနေ့ည စားသောက်ပွဲကိုတော့ စားသောက်လို့ရတော့မည် မဟုတ်ပေ။

ကျင့်အန်းကုန်းကျူက ပျော့ပျောင်းသည့်လေသံဖြင့် ပြောလိုက်၏။ "ပြောရမယ်ဆိုရင် ညီမတော်လဲ အာ့ကောနဲ့ ဒီလောက်နီးနီးကပ်ကပ် မနေဖြစ်တာတောင် နှစ်အတော်ကြာသွားပြီပဲ"

ကျင့်အန်းကုန်းကျူသည် ယုံးကျားဧကရာဇ်၏ အချစ်ဆုံး သမီးတော်ဖြစ်ပြီး မုန့်ကွေ့ဖေးကြောင့် အချစ်တော် ဖြစ်ရသည့်အပြင် သူမ၏ တည်ငြိမ်အေးဆေးပြီး နူးညံ့သည့်စိတ်ထားသည်လဲ အရေးပါသည့် အကြောင်းအရင်းတစ်ခု ဖြစ်လေသည်။

လိမ်မာပြီး ချစ်စရာကောင်းသည့် မိန်းကလေးကို မည်သူက မချစ်ဘဲနေနိုင်ပါမည်နည်း။

လီကျင့်ကပင် ကျင့်အန်းကုန်းကျူအပေါ် နည်းနည်းလေးမှ မနှစ်သက်သည့်စိတ် မဖြစ်နိုင်ပေ။

လီကျင့်က ကျင့်အန်းကုန်းကျူကို ပြုံးကာပြောလိုက်၏။ "နောက်ဆိုရင် အားတဲ့အခါ အာ့ကောရဲ့ အိမ်တော်ကို အလည်လာခဲ့လေ"

ကျင့်အန်းကုန်းကျူကလဲ နှုတ်ခမ်းလေးကိုစေ့ကာ ပြုံးလိုက်သည်တွင် ပုလဲလုံးများသဖွယ် ညီညာသည့် သွားတန်းလေးများက ပေါ်ထွက်လာတော့သည်။ "ကောင်းပါပြီ။ အဲဒီ့အချိန်ကြရင် အာ့စောင်ဆီကနေ သင်ယူစရာတွေရှိတာ သင်ယူရမယ်။ ကျွန်မလဲ လက်ဖက်ရည်ခွက်ကို လက်ဝါးရာထင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြည့်ချင်သေးတယ်"

အားလုံး "..."

ကျင့်အန်းကုန်းကျူက ပေါ့ပေါ့ပါးပါး ရယ်စရာ ပြောလိုက်သော်ငြားလည်း လုမင်ယွိသည် ဒီလောက် အလိုက်သိမှုကိုပင် မပြနိုင်ဘဲ မနေတော့ချေ။ သူမက ပြုံးလျက် ပြန်ဖြေလိုက်တော့၏။ "ကျွန်မက မွေးရာပါ အားကြီးတာပါ။ ငယ်ငယ်ကဆိုရင် ဘေးနားကပစ္စည်းတွေကို ခဏခဏ ဖျက်ဆီးမိတယ်။ အားကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်အတော်ကြာအောင် လေ့ကျင့်ခဲ့ရတာ။ အာ့မေ့က စိတ်ဝင်စားတယ်ဆိုရင် ကျွန်မဆီကိုသာ လာခဲ့ပါ။ သင်ပေးပါ့မယ်"

ကျင့်အန်းကုန်းကျူကလဲ ပြုံးကာ ကျေးဇူးတင်စကားပြောလိုက်၏။ "ဒါဆိုရင်တော့ အစ်မတော်၂ကို ကြိုပြီးတော့ ကျေးဇူးတင်ထားလိုက်ပါ့မယ်"

ပထမမင်းသားကြင်ရာတော်သည်လဲ ပြုံးကာ စကားဝိုင်းထဲသို့ ဝင်လာခဲ့လေသည်။ "တကယ်တော့ ကျွန်မလဲ ငယ်ငယ်က လက်သိုင်းနဲ့ ခြေသိုင်းတွေကိုတောင် နည်းနည်းပါးပါး လေ့ကျင့်ခဲ့ဖူးသေးတယ်။ ဒါပေမဲ့ အဲဒီ့ အပျော်တမ်းသိုင်းကွက်လေးက အာ့တိမေ့ရဲ့ရှေ့မှာတော့ ပြောပလောက်စရာ မရှိပါဘူး"

လုမင်ယွိကလဲ ပြုံးကာပြောလိုက်၏။ "ကျွန်မတို့က မင်းသားကြင်ရာတော်တွေပဲလေ။ ပုံမှန်ဆိုရင် အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲရတယ်။ ဖုဟွမ်နဲ့မူဟုပ်ကို ဂရုစိုက်ပေးရတယ်။ ခင်ပွန်းကို ပြုစုစောင့်ရှောက်ပေးရတယ်။ နောက်ပိုင်းကျရင်လည်း သားသမီးတွေ မွေးပြီးတော့ ပျိုးထောင်ပေးရအုံးမယ်။ သိုင်းပညာ ကောင်းခြင်းမကောင်းခြင်းက ဘာများအရေးကြီးလို့လဲ။ ကျွန်မက ဝင်လာတာလဲ အချိန်သိပ်မကြာသေးတော့ နားမလည်တာတွေ အများကြီးပဲ။ နောက်ဆိုရင် အာ့စောင်ဆီကနေ အများကြီး သင်ယူရအုံးမှာပါ"

ပထမမင်းသားကြင်ရာတော်ကလဲ ဝမ်းမြောက်ဝမ်းသာဖြင့် ပြုံးကာ တုံ့ပြန်လိုက်၏။

ပြောရမည်ဆိုလျှင်တော့ ပတ်ဝန်းကျင် အငွေ့အသက်သည် အင်မတန် လိုက်လျောညီထွေနေတော့သည်။

တခြားဝိုင်းတွင်လည်း အလားတူပင် စကားသံများဖြင့် ပြုံးရယ်နေကြ၏။ ဝူဖုမာသည် အမှန်ပင် လေးစားစရာကောင်းသူဖြစ်ပြီး သူကိုယ်တိုင် စတေးခံကာ ဒေါသထွက်လွယ်ပြိး ပြဿနာရှာတတ်သည့် ဟွေ့အန်းကုန်းကျူကို ပြန်လည်ပြုံးရွှင်လာအောင် ချော့မြူနိုင်ခဲ့၏။

စားသောက်ပွဲ ပြီးဆုံးသည်အထိနောက်ထပ် ဘာပြဿနာမှ မဖြစ်ပွားတော့ချေ။

လီဟောက်သည် အိမ်ရှင်ဖြစ်သည်နှင့်အညီ မတတ်သာတော့ဘဲ စိတ်အေးသွားကာ သက်ပြင်းချမိတော့သည်။ စားသောက်ပွဲအပြီးတွင် ဧည့်သည်အားလုံးကို ပင်မတံခါးဝဆီသို့ သူကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့၏။

ပထမမင်းသားအိမ်တော်နှင့် ဒုတိယမင်းသားအိမ်တော်တို့သည် မလှမ်းမကမ်းတွင် ရှိကြသဖြင့် ခြေလျင်လျှောက်ပြန်လျှင်လည်း ရလေသည်။ စတုတ္ထမင်းသား၊ ကျင့်အန်းကုန်းကျူနှင့် ပဥ္စမမင်းသားတို့ကတော့ နန်းတော်သို့ အတူတူပြန်သွားကြ၏။ ဟွေ့အန်းကုန်းကျူ၏ အိမ်တော်မှာ အနည်းငယ်ဝေးကွာသဖြင့် မြင်းလှည်းဖြင့် ပြန်ရပေမည်။

တညလုံး ဟွေ့အန်းကုန်းကျူသည် လီကျင့်ကို တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။

ဒီအချိန်တွင် လီကျင့်က ရှေ့သို့တက်လာကာ ဟွေ့အန်းကုန်းကျူကို စကားပြောရန် ကြိုးစားလိုက်တော့၏။ ဟွေ့အန်းကုန်းကျူက လီကျင့်ကို မျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်ပြီး စကားပြောလာခဲ့လေသည်။ "နင်က နင့်မိန်းမကိုပဲ သွားပြီးဂရုစိုက်နေပါတော့လား။ ငါလို အစ်မအရင်းက ဘာမှအရေးမကြီးပါဘူး"

ထိုသို့ပြောလိုက်ပြီးနောက် မြင်းလှည်းပေါ် တက်သွားလေတော့၏။

လီကျင့်ကလဲ စိတ်ပျက်ပျက်ဖြင့် ကျန်ရစ်ပြီး ဘာမှမတတ်နိုင်တော့သလို ပြုံးလိုက်ကာ ဝူဖုမာကို နှုတ်ဆက်စကား ပြောလိုက်လေတော့သည်။

...

အပိုင်း (၁၉၁) တိုင်တောခြင်း

နောက်တစ်နေ့တွင် ဟွေ့အန်းကုန်းကျူသည် နန်းတော်ထဲသို့ ဂါရဝပြုရန် အစောကြီး ဝင်လာခဲ့လေသည်။

"သမီးတော် မူဟုပ်ကို ဂါရဝပြုပါတယ်" ဟွေ့အန်းကုန်းကျူက တင်းမာနေသည့် မျက်နှာလေးဖြင့် အရိုအသေပေးလိုက်သည်။

ဒါက ဘယ်မှာ ဂါရဝပြုခြင်းလို့ ခေါ်နိုင်မည်နည်း။ ဒေါသတစ်ပွကြီးဖြင့် လာပြီး တိုင်တောရန်သာ ဖြစ်နိုင်ချေရှိလေသည်။

ချောင်မိဖုရားခေါင်က ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ထပါတော့။ မင်းရဲ့ မျက်နှာဆူပုတ်ပုတ်ကြီးကိုသာ ကြည့်စမ်း။ သိတဲ့လူတွေကတော့ ပန်ကုံးကို လာဂါရဝပြုတယ်လို့ ထင်ကြမှာပေါ့။ မသိတဲ့လူတွေကတော့ ပန်ကုံးနဲ့ လာပြီး ရန်ဖြစ်တယ်လို့တောင် ထင်သွားကြအုံးမယ်"

ဟွေ့အန်းကုန်းကျူက နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ဟေ။ ဒါ ဘယ်နေရာမှာ အနိုင်ကျင့်ခံလာရပြန်တာလဲ

ချောင်မိဖုရားခေါင်က အနည်းငယ် အံ့ဩသွားပြီး "ဘာဖြစ်လာတာလဲ။ ဘယ်သူက မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လိုက်တာလဲ"

ဟွေ့အန်းကုန်းကျူက နှာခေါင်းထပ်ရှုံ့လိုက်ပြီး "လုရှီကလွဲလို့ တခြားဘယ်သူ ရှိနိုင်ဦးမှာလဲ"

ချောင်မိဖုရားခေါင်: "..."

ဘယ်လိုဖြစ်လို့ လုမင်ယွိနဲ့ ရန်ဖြစ်လာပြန်တာလဲ။

ချောင်မိဖုရားခေါင်သည် နားထင်ကိုဖိနှိပ်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး "ငါ မင်းကို မှာထားတယ်မလား။ မင်းနဲ့ လုရှီက စိတ်သဘောထားချင်း မတိုက်ဆိုင်ဘူးဆိုရင် နည်းနည်းလျော့ပြီး ပေါင်းသင်းဆက်ဆံပေါ့။ တွေ့လိုက်တိုင်း မျက်လုံးဒေါက်ခနဲ ထွက်မတတ် ရန်ဖြစ်နေကြတာ။ အဓိကက မင်းက သူ့ကို ရန်ဖြစ်လို့မှ မနိုင်ဘဲ။ တစ်ခါဖြစ်တိုင်းလဲ ဒေါသတွေထွက်ပြီး ခံစားရတာက မင်းပဲ။ အမှားကနေ သင်ခန်းစာယူရမယ်ဆိုတဲ့ အသိတရားမျိုးကို မင်းက ဘယ်လိုဖြစ်လို့ နားမလည်ရတာလဲ"

ဟွေ့အန်းကုန်းကျူက မျက်လုံးကို ဝင့်လိုက်ပြီး ဒေါသများကြားမှ ဝမ်းနည်းမှုများ ထွက်ပေါ်လာကာ ပြောလေတော့သည်။ "ကျွန်မက သာ့ဝေတိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးလေ။ အာ့တိရဲ့ တစ်အူတုံဆင်း အစ်မအရင်းပဲ။ သူက အခုမှ အိမ်တော်ကို ဝင်လာတဲ့ မောင်ရဲ့ဇနီးတစ်ယောက်ပဲ။ ကျွန်မကို နည်းနည်းလေးမှ ရိုသေလေးစားမှုမရှိဘဲ ကျွန်မကပဲ သူ့ကို နေရာတကာမှာ လိုက်လျောပေးနေရမယ်ဆိုတာ ဘယ်လိုကိုယ်ကျင့်တရားမျိုးလဲ"

ချောင်မိဖုရားခေါင်ကလဲ မတတ်နိုင်တော့သည့် မျက်နှာထားဖြင့် ပြောရတော့သည်။ "ဒါဆို ဘယ်လိုလုပ်လို့ရဦးမှာလဲ။ အားကျင့်က သူ့ဘက်မှာပဲ တစ်စိတ်တစ်ဝမ်းတည်း ရှိနေတာ။ မင်းက သူ့ကို အခက်တွေ့အောင် တမင်လုပ်နေတာက မင်းရဲ့ညီမောင်လေး အာ့တိကို အခက်တွေ့အောင် လုပ်နေတာနဲ့ အတူတူပဲ"

လီကျင့်အကြောင်းကို ပြောမိသည်နှင့် ဟွေ့အန်းကုန်းကျူက ပိုပြီးဒေါသထွက်လာလေသည်။ "အာ့တိအကြောင်းကို လာမပြောနဲ့။ ဒီနှစ်တွေ ဒီလောက်ကြာအောင် သူ့ကို ချစ်ခင်ပေးခဲ့ရတာတွေ အကုန် အလကားအချည်းနှီးပါပဲ။ မိန်းမရပြီးသွားကတည်းက သူ့မျက်လုံးထဲမှာ လုရှီကလွဲလို့ တခြားဘယ်သူ ရှိသေးလို့လဲ"

"မနေ့ညက ကျွန်မနဲ့ လုရှီတို့ ပြဿနာတက်ကြတယ်။ သူကတော့ ကောင်းရော။ တန်းပြီးတော့ လုရှီဘက်မှာပဲ ရပ်နေလိုက်တယ်။ ပွဲပြီးခါနီးအချိန်ကျမှ သူ့မှာ ဟွမ်ကျဲတစ်ယောက် ရှိသေးတယ်ဆိုတာကို သတိရလာတယ်"

"ဒါက ကျွန်မရဲ့ မောင်အရင်းနော်။ သူ့ကို သွားပြီး အားကိုးတကြီးနဲ့ ရင်ဖွင့်မပြောမိတာပဲ ကံကောင်း။ မဟုတ်လို့ရှိရင် သူ့ဆီက ဘယ်လောက်တောင် အဆူအဆဲ ခံရဦးမလဲ မသိဘူး"

"မူဟုပ်ကလဲ ကျွန်မကို ချော့မော့ဖို့အတွက်ပဲ စကားကောင်းတွေ လာပြောမနေနဲ့တော့။ လုရှီက အိမ်တော်ကို ဝင်လာတာ တစ်လတောင် မပြည့်သေးဘူး။ အာ့တိက သူနဲ့ လုံးဝကို တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေပြီ။ နောင်တစ်ချိန်ကျလို့ သူက သားသမီးတွေမွေးပြီး ခြေခိုင်လက်ခိုင် ဖြစ်သွားတဲ့အခါကျရင် မူဟုပ်နဲ့ ကျွန်မကို ပိုပြီးတော့တောင် အဖက်လုပ်တော့မှာ မဟုတ်ဘူး"

ချောင်မိဖုရားခေါင်သည် ထိုစကားများကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် ခံစားမကောင်း ဖြစ်သွားလေသည်။

အရင်တုန်းက သားတော်သည် ရိုသေလေးစားပြီး အလွန်သိတတ်လိမ္မာခဲ့သည်။ မနှစ်က မြို့တော်ကိုပြန်ရောက်ပြီး လုမင်ယွိကို လက်ထပ်မည်ဟု တဇွတ်ထိုး ပြောလာကတည်းက တဖြည်းဖြည်း လူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ မိခင်အရင်းဖြစ်သူ သူမပင် သူ့ကို မရင်းနှီးသလို ခံစားလာရသည်အထိပင်။

သူမအတွက်တော့ အရင်းနှီးဆုံးလူတွေက သားတော်နဲ့ သမီးတော် နှစ်ယောက်သာ။ ယုံးကျားကတောင် တတိယနေရာလောက်မှာသာ ရှိလေ၏။ သမက်တော်နဲ့ ချွေးမတော်တို့ကတော့ အများကြီး ပိုဝေးကွာသေးသည်။ သူမသည် သားသမီးနှစ်ယောက် ချစ်ခင်ရင်းနှီးပြီး သင့်မြတ်စေဖို့ကို အမှန်တကယ် မျှော်လင့်နေခဲ့သည်။

သို့သော် ဖြစ်ချင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။

လုမင်ယွိကြောင့် ဟွေ့အန်းကုန်းကျူနှင့် လီကျင့် မောင်နှမနှစ်ယောက်ကြားတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေပြီ။

ချောင်မိဖုရားခေါင်က စိတ်ထဲတွင် တိတ်တိတ်ကလေး သက်ပြင်းချလိုက်ပြီး အသံတိုးတိုးဖြင့် "ဟွေ့အန်း၊ မင်း ဘာမှဆက်မပြောနဲ့တော့။ အခုက အားကျင့်နဲ့ လုရှီတို့က ကြင်စဦးမို့လို့ အချစ်တွေ ပိုနေတဲ့အချိန်။ မင်း ဘာပဲပြောပြော အားကျင့်က နားထဲဝင်မှာ မဟုတ်ဘူး။ ဒီထက်ပိုပြီး ပြဿနာရှာနေရင် မောင်နှမချင်း သံယောဇဉ်တွေ ထိခိုက်ပြီး အားကျင့်ကို မင်းနဲ့ ပိုဝေးသွားအောင် တွန်းပို့နေသလိုပဲ ဖြစ်သွားလိမ့်မယ်"

"လောလောဆယ်တော့ အားကျင့်ရဲ့စိတ်ဆန္ဒအတိုင်း လိုက်လျောပြီး လုရှီအပေါ်ကို သဘောကောင်းသလိုလေး ဟန်ဆောင်လိုက်ပါ။ နောင်တစ်ချိန်ကျလို့ အချိန်တွေကြာလာတဲ့အခါ လင်မယားကြားက သံယောဇဉ်ဆိုတာကလဲ တစ်နေ့နေ့မှာတော့ ပါးလျသွားနိုင်တာပဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်တွေကွဲပြားသွားနိုင်သလို ရန်သူတွေလိုတောင် ဖြစ်သွားနိုင်သေးတယ်။ ဒါပေမဲ့ သားအမိ မောင်နှမကြားက သံယောဇဉ်ကတော့ အမြဲတမ်း ရှိနေမှာပဲ"

ဟွေ့အန်းကုန်းကျူက မထီမဲ့မြင် ရယ်မောလိုက်ပြီး "မူဟုပ်ကတော့ ပြောတော့ ပြောတတ်သားပဲ။ တကယ်တမ်းကျတော့လဲ အာ့တိကို ဘယ်လိုမှ လုပ်လို့မရဘဲ နေရာတကာမှာ သူ့ကိုပဲ အလျှော့ပေးနေရတာ မဟုတ်ဘူးလား"

ချောင်မိဖုရားခေါင်: "..."

ချောင်မိဖုရားခေါင်သည် အရှိုက်ထိသွားသဖြင့် အနည်းငယ် ဒေါသထွက်သွားကာ မျက်နှာကို တင်းမာထားကာ ပြောလိုက်တော့သည်။ "မင်းက နန်းတော်ထဲကို ငါ့ကို ဂါရဝပြုဖို့ လာတာလား။ ဒါမှမဟုတ် ငါ့ကို ဒေါသထွက်အောင် လာလုပ်တာလား။ ဘာကိစ္စမှ မရှိဘူးဆိုရင် မင်းရဲ့ မင်းသမီးအိမ်တော်ကို ပြန်တော့"

ဟွေ့အန်းကုန်းကျူကလဲ ဒေါသထွက်သွားပြီး "မပြန်ဘူး။ ဒါက ကျွန်မရဲ့ မိဘအိမ်ပဲ။ ဘယ်အချိန်ထိ နေချင်နေချင် နေလို့ရတယ်။ ကြိုက်သလောက် နေမှာ။ ကျောင်းဖန်နန်းဆောင်မှာ နေ့လယ်စာရော ညစာရော စားပြီးတော့မှ ဖုမာက ရုံးတော်ဆင်းတာနဲ့ လာကြိုတဲ့အထိ စောင့်နေဦးမှာ"

ချောင်မိဖုရားခေါင်သည် ဒေါသထွက်နေရာမှ ရယ်ချင်သွားပြီး နားထင်ကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်ပြန်သည်။ "ငါက စိတ်ထားကြီးလို့သာပဲ။ မဟုတ်လို့ရှိရင် မင်းလုပ်တာနဲ့ ငါ သေသွားနိုင်တယ်"

ဟွေ့အန်းကုန်းကျူ၏ ဒေါသက တစ်ခါတစ်ရံ ကောင်းလိုက် တစ်ခါတစ်ရံ ဆိုးလိုက် ဖြစ်တတ်သည်။ အသာစီးရသွားသည့်အခါ စိတ်ပြန်တည်ငြိမ်သွားပြီး ချောင်မိဖုရားခေါင်၏ လက်မောင်းကို ရင်းရင်းနှီးနှီး လာဆွဲကာ ကလေးတစ်ယောက်လို ချွဲနွဲ့နေပြန်တော့သည်။

မိခင်အရင်းဖြစ်သူ တစ်ယောက်အနေဖြင့် သမီးဖြစ်သူ၏ ဤကဲ့သို့ ချစ်ခင်ဖွယ်ရာ အမူအရာကို ဘယ်မှာ တွန်းလှန်နိုင်ပါမည်နည်း။

ချောင်မိဖုရားခေါင်သည် မကြာမီမှာပင် ပြန်လည် ပြုံးရယ်နိုင်သွားလေသည်။

သားအမိနှစ်ယောက် စကားပြောရင်း ရယ်မောနေကြစဉ်မှာပင် နန်းတွင်းအပျိုတော်တစ်ယောက်က လာရောက်လျှောက်တင်သံကို ကြားလိုက်ရသည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ အာ့ဟွမ်စစ်ဖေးက ဂါရဝပြုဖို့ ရောက်ရှိလာပါတယ်"

...

လုမင်ယွိကို ပြောရမည်ဆိုလျှင် တကယ်ကို ထက်မြက်သည့်သူ ဖြစ်သော်ငြားလည်း ပေါ့ပေါ့ဆဆ လုပ်ကိုင်တတ်သူ တစ်ယောက်တော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုမင်ယွိသည် သူမ၏ ထက်မြက်မှုကို အချိန်တိုင်း ထုတ်ပြလေ့မရှိဘဲ သာမန်အချိန်များတွင် ကျင့်ဝတ်စည်းကမ်းများကို အပြည့်အဝ လိုက်နာပြီး နေ့စဉ် နန်းတော်ထဲသို့ ဂါရဝပြုရန် လာရောက်ရာတွင် တစ်ခါမှ နောက်ကျခြင်း မရှိခဲ့ပေ။

ချောင်မိဖုရားခေါင်က ခေါင်းအသာညိတ်လိုက်ပြီး "သူ့ကို ဝင်လာခိုင်းလိုက်ပါ"

ဟွေ့အန်းကုန်းကျူကိုလည်း မှာကြားရန် မမေ့လိုက်ပေ။ "ခဏနေရင် မင်း ပါးစပ်ပိတ်ထားနော်"

ဟွေ့အန်းကုန်းကျူက နှာခေါင်းရှုံ့လိုက်ပြီး "သူကသာ ကျွန်မကို အရင် လာမစရင် ပြီးတာပဲ"

ဟွေ့အန်းကုန်းကျူက ပါးစပ်ကသာ ကြမ်းတမ်းစွာ ပြောဆိုနေသော်လည်း အမှန်တကယ်တော့ မနေ့ညက လက်ရာကြီးကို ပြန်တွေးမိသည်နှင့် စိတ်ထဲတွင် ကြောက်ရွံ့နေမိသည်။ လိုရင်းပြောရလျှင် သူမသည် ဟန်ဆောင်ကာ ကြိမ်းမောင်းနေသည့် စက္ကူကျားတစ်ကောင်သာဖြစ်ပြီး ကျားအစစ်နှင့် တွေ့သည့်အခါတွင်တော့ ဆူညံသောင်းကျန်းရန် သတ္တိမရှိတော့ချေ။

"ကျားအစစ်" သည် မကြာမီ ဝင်ရောက်လာခဲ့လေသည်။

အနီရောင်ရင့်ရင့် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို သပ်ရပ်လှပစွာ ဆံထုံးဖွဲ့ထားကာ ဆံထုံးစွန်းတွင် ဇာမဏီဆံထိုးတစ်ခုကို ထိုးစိုက်ထားသည်။ ဇာမဏီငှက်လို မျက်ဝန်းများ၊ နီရဲသော နှုတ်ခမ်းများ၊ နှင်းလိုဖြူဖွေးသော အသားအရေတို့ဖြင့် လန်းဆန်းတက်ကြွနေတော့၏။

"အာရှီ လုရှီက မူဟုပ်ကို ဂါရဝပြုပါတယ်" လုမင်ယွိက ချောင်မိဖုရားခေါင်ကို ပြုံးလျက် အရိုအသေပေးလိုက်သည်။

ချောင်မိဖုရားခေါင်က ခပ်ရေးရေး ပြုံးလိုက်ပြီး "အရိုအသေပေးဖို့ မလိုပါဘူး။ ထပါ"

လုမင်ယွိက ကျေးဇူးတင်စကားဆိုပြီး မတ်တပ်ထရပ်လိုက်ကာ ပြုံးလျက်ပင် "ဟွမ်ကျဲက ဒီနေ့ စောစောစီးစီး ရောက်နေတာပဲ"

သူက ငါ့ကို အစောကြီးလာပြီး တိုင်တောတယ်လို့ လာလှောင်နေတာလား

ဟွေ့အန်းကုန်းကျူက စိတ်ထဲတွင် ဒေါသထွက်သွားပြီး ခပ်မာမာ ပြန်ပြောလိုက်သည်။ "ငါက စောစောလာချင်လို့ လာတာ။ နင်နဲ့ ဘာဆိုင်လို့လဲ"

လုမင်ယွိက မျက်နှာပျက်သွားခြင်း မရှိဘဲ ပြုံးပြုံးရွှင်ရွှင်ပင် ပြန်ဖြေလိုက်၏။ "ဟွမ်ကျဲက ဒီလောက်အစောကြီး နန်းတော်ထဲ ဝင်လာမယ်မှန်း သိခဲ့ရင် ကျွန်မလဲ ဒီထက်စောစော လာခဲ့မှာပါ။ ချွေးမတော်တစ်ယောက်အနေနဲ့ မူဟုပ်အပေါ်ထားတဲ့ ကျွန်မရဲ့ ရိုသေလေးစားစိတ်က ဟွမ်ကျဲထက် နည်းနည်းလေးမှ မလျော့ပါဘူး"

ဟွေ့အန်းကုန်းကျူသည် စကားတစ်ဆို့သွားတော့သည်။

ချောင်မိဖုရားခေါင်က စိတ်ထဲတွင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။

ကြည့်ပါဦး။ လုမင်ယွိဆိုတာ ဒီလိုနည်းလမ်းတွေ သုံးတာပဲ။ မျက်နှာသာ ပျက်သွားပြီဆိုရင် ဆွေမျိုးသားချင်းတောင် မမှတ်တော့ဘူး။ ဒေါသမထွက်တဲ့ အချိန်တွေမှာဆိုရင်လဲ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျင့်ဝတ်စည်းကမ်းကလဲ နည်းနည်းလေးမှ မချို့ယွင်းဘူး

ပြုံးလိုက်တိုင်း သကြားထက်ပင် ချိုမြနေလေလေ မျက်နှာပျက်သွားသည့်အခါတွင် သွေးအေးပြီး ကြောက်စရာကောင်းလေလေ။ လူတိုင်းကို အလိုအလျောက်ပင် လေးစားစွာဖြင့် ရှောင်ရှားစေပြီး မထီမဲ့မြင် မပြုဝံ့သည့် စိတ်ကို ဖြစ်ပေါ်စေလေသည်။

ဒါမှ တကယ့်ကို ထက်မြက်တာမျိုး။

ဟွေ့အန်းကုန်းကျူက သူမကို ဘယ်လိုလုပ် ယှဉ်နိုင်မှာတဲ့လဲ။

ချောင်မိဖုရားခေါင်က စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး ပြုံးလျက်ပင် "သမီးတော်ကလဲ သိတတ်တယ်။ ချွေးမတော်ကလဲ သိတတ်တယ်။ ကြည့်ရတာ ပန်ကုံးက ကံအကောင်းဆုံးလူ ဖြစ်ပုံရတယ်"

ချောင်မိဖုရားခေါင်က အခြေအနေကို ဝင်ထိန်းရန် စကားစလိုက်သည်နှင့် လုမင်ယွိကလဲ ချက်ချင်း သဘောပေါက်နားလည်ကာ ပြုံးလျက်ပင်။ "မူဟုပ်လိုမျိုး သဘောထားကြီးပြီး လူငယ်တွေအပေါ် နားလည်ပေးတဲ့ ယောက္ခမမျိုးနဲ့ တွေ့ဆုံခွင့်ရတာကမှ အာရှီရဲ့ ကံကောင်းခြင်းပါ"

ဟွေ့အန်းကုန်းကျူက အလိုအလျောက်ပင် မထီမဲ့မြင် ရယ်မောချင်စိတ် ပေါက်သွားသော်လည်း ချောင်မိဖုရားခေါင်၏ တိတ်တဆိတ် လှမ်းကြည့်လိုက်သည့် အကြည့်ကြောင့် အနိုင်နိုင် ပြန်ထိန်းချုပ်လိုက်ရလေသည်။

လုမင်ယွိက ဟွေ့အန်းကုန်းကျူ၏ ဆူပုတ်နေသော မျက်နှာကို မမြင်ချင်ယောင်ဆောင်ကာ ယခင်နေ့များကဲ့သို့ပင် ချောင်မိဖုရားခေါင်နှင့် စကားစမြည် ပြောဆိုနေလေသည်။ ဟွေ့အန်းကုန်းကျူကတော့ မျက်နှာကို တင်းမာထားပြီး လုမင်ယွိနှင့် လုံးဝ စကားမပြောပေ။

မကြာမီမှာပင် နန်းတွင်း အကြီးအကဲတစ်ယောက်က နန်းတွင်းရေးရာကိစ္စများကို လာရောက် သတင်းပို့လေသည်။ လုမင်ယွိကလဲ စကားပြောနေရာမှ ရပ်တန့်လိုက်ပြီး ဘေးတွင် ပြုံးကာသာ ထိုင်နေလိုက်သည်။

လုမင်ယွိက မပြန်သေးသဖြင့် ဟွေ့အန်းကုန်းကျူက ပိုလို့ပင် ပြန်မသွားချင်တော့ပေ။

ဒါက ကျောင်းဖန်နန်းဆောင်လေ။ ဇာမဏီသလွန်ပေါ်မှာ ထိုင်နေတဲ့လူက သူမရဲ့ အမေအရင်းကြီး။ ပြန်မယ်ဆိုရင်တောင် လုမင်ယွိကပဲ ပြန်ရမှာ။ သူမကတော့ မပြန်နိုင်ပါဘူး။

...

အပိုင်း (၁၉၂) ဒေါသထွက်ခြင်း

မွန်းတည့်ချိန်သို့ ရောက်သောအခါ လီကျင့်လဲ ရောက်လာခဲ့လေသည်။

လီကျင့်က လက်နှစ်ဘက်ကိုယှက်ကာ အရိုအသေပြုရင်း ပြောလာခဲ့၏။ "ဒီနေ့ ကျွန်တော်နဲ့ဟွမ်ကျဲတို့ မူဟုပ်ကို အတူတူ အဖော်ပြုပြီးတော့ နေ့လယ်စာ စားမှာပါ"

ဟွေ့အန်းကုန်းကျူသည် လီကျင့်ကို လှည့်မကြည့်ဘဲ အေးစက်စက် စကားနှစ်ခွန်းသာ ပြောလိုက်၏။ "နင့်ရဲ့ ဇနီးကိုပဲခေါ်ပြီး မင်းသားအိမ်တော်ကို ပြန်တော့။ အမေအရင်းနဲ့ အစ်မအရင်းက ဘယ်လောက်ပဲ ရင်းနှီးနေပါစေ ဇနီးလောက်တော့ ဘယ်ရင်နှီးပါ့မလဲ"

လီကျင့် "..."

ဟွေ့အန်းကုန်းကျူသည် အနိုင်ရထားသူပီပီ လက်မလျှော့နိုင်လိုသော ဟန်ပန်ဖြင့် ဆက်ပြောလာခဲ့၏။ "နင် စိတ်ချပါ။ မနေ့ညက ကိစ္စသေးသေးလေးကိုလဲ ငါ စိတ်မဆိုးတော့ဘူး။ မူဟုပ် ပြောတာ မှန်ပါတယ်။ ငါတို့အားလုံးက အရွယ်ရောက်ပြီး လူကြီးတွေဖြစ်ကုန်ပြီပဲ။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်နေပြီ။ နင်က နင့်ရဲ့ဇနီးဘက်ကနာတာ ဘာမှမမှားဘူး။ မှားတာက ငါပဲ။ မောင်နှမသံယောဇဥ်ကို အခွင့်ကောင်းယူပြီးတော့ ရန်မလုပ်သင့်ခဲ့တာလေ"

လီကျင့်ကလဲ အလျင်အမြန် ပြုံးရယ်ကာဖြင့် ပြောလိုက်လေသည်။ "ဟွမ်ကျဲက ဘာဖြစ်လို့ ဒီလိုစကားမျိုးပြောရတာလဲ။ ကျွန်တော်တို့က မောင်နှမအရင်းတွေပါ။ သွေးသားတော်စပ် ရင်းနှီးကြတဲ့သူတွေပါ"

ဟွေ့အန်းကုန်းကျူကတော့ အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ "မောင်နှမအရင်းအကြောင်း ဟုတ်မဟုတ်ကတော့ အိပ်ရာဘေးက လေချိုသွေးတာလောက် ဘယ်အရေးပါပါ့မလဲ"

လီကျင့်သည် ဟွေ့အန်းကုန်းကျူ၏ စိတ်နေစိတ်ထားကို အကျွမ်းတဝင် ရှိပြီးသားဖြစ်သဖြင့် နှာခေါင်းကိုသာ ပွတ်သပ်ရင်း သူမ စိတ်ဆိုးပြေသည်အထိသာ သည်းခံနေလိုက်တော့၏။ သို့သော်ငြား လုမင်ယွိ၏ မျက်ခုံးများကတော့ တစ်ချက်လှုပ်သွားလေသည်။

ဒါက လုမင်ယွိ ဒေါသထွက်တော့မည့် လက္ခဏာပင်။

လီကျင့်တစ်ယောက် စိတ်ထဲတွင်တော့ ဒုက္ခတော့ရောက်ပြီဟု တိတ်တိတ်ကလေး တွေးလိုက်ပြီး အလယ်တွင်ညှပ်ကာ အဆူခံရမည့် ကျားသစ်တစ်ကောင် အဖြစ်မျိုးအတွက် ထပ်မံ ပြင်ဆင်ထားလိုက်တော့သည်။ သို့သော်ငြား မထင်မှတ်ဘဲ လုမင်ယွိက သည်းခံလိုက်ပြီး ထိုနေရာတွင် ချက်ချင်း ဒေါသပေါက်ကွဲခြင်း မပြုခဲ့ချေ။

ဟွေ့အန်းကုန်းကျူက တစ်စုံတစ်ခု ထပ်ပြောရန် ပြင်ဆင်လိုက်သည်တွင် ချောင်မိဖုရားခေါင်ကလဲ ချောင်းတစ်ချက်ဟန့်လိုက်တော့၏။ "ပန်ကုံး အခုပဲ စားတော်ပွဲ ပြင်ဆင်ခိုင်းလိုက်မယ်"

ထို့နောက်တွင်တော့ ဟွေ့အန်းကုန်းကျူဘက်သို့ မျက်စောင်းတစ်ချက် ထိုးလိုက်၏။

စကားအနည်းငယ်ပြောဆိုပြီး စိတ်ထဲကဒေါသများ ပြေလျော့သွားလျှင်လည်း တော်သင့်ပြီ။ အကယ်၍များ တကယ်တမ်း ရန်ဖြစ်ပွားကြလျှင် မည်သို့ အဆုံးသတ်နိုင်ပါမည်နည်း။

ဟွေ့အန်းကုန်းကျူလဲ နောက်ဆုံးတော့ ပါးစပ်ပိတ်လိုက်ရလေတော့သည်။

လီကျင့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်နှာပြောင်တိုက်ကာ ဟွေ့အန်းကုန်းကျူကို ပြုံးကာပြောလိုက်၏။ "ဟွမ်ကျဲ စိတ်မပြေသေဘူးဆိုရင်လည်း ကျွန်တော့်ကို ပါးနှစ်ချက်လောက်ရိုက်ပြီး ဒေါသဖြေလိုက်ပါလား"

ဟွေ့အန်းကုန်းကျူသည် အတော်အတန် ဒေါသပြေသွားပြီဖြစ်သဖြင့် မိမိ၏မောင်တော်ကိုလဲ ပြန်လည်သနားလာမိရာ အပြစ်တင်စကား ဆိုလိုက်လေတော့သည်။ "မင်းသားတစ်ပါး ဖြစ်ပြီးတော့ ဒီလို လူပေလူတေပုံစံမျိုး လာလုပ်ပြနေရတယ်လို့ ရှက်ဖို့ ကောင်းလိုက်တာ"

လီကျင့်ကလဲ ပြုံးပြီးပြောလာသည်။ "ဒီနေရာမှာ ထိုင်နေကြတာက ကျွန်တော့်ဘဝမှာ အရေးကြီးဆုံး အမျိုးသမီးတွေကြီးပဲလေ။ အားလုံးက ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရှိနေမယ်ဆိုရင် ကျွန်တော်ကလဲ လူပေလူတေတစ်ယောက်လို ခဏလောက်လုပ်ရတာ ဘာအရေးလို့လဲ"

ထိုစကားထွက်လာသည်နှင့် လုမင်ယွိပင်လျှင် မထိန်းနိုင်ဘဲ ရယ်မောမိလိုက်လေသည်။

ဒီလို ရယ်မောလိုက်ခြင်းကြောင့် သူတို့ကြားက ကတောက်ကဆ ဖြစ်သွားခြင်းကလဲ တဝက်မက လျော့နည်းသွားတော့၏။

ဟွေ့အန်းကုန်းကျူကလဲ ပြုံးလိုက်လေသည်။ သူမက လုမင်ယွိကို စကားဆက်မပြောသလို လုမင်ယွိကလဲ သူမကို စကားမပြောချေ။ သို့သော် သူတို့နှစ်ဦးလုံးသည် ချောင်မိဖုရားခေါင်နှင့်လီကျင့်တို့ကိုတော့ ပုံမှန်အတိုင်း စကားပြောဆိုနေကြလေသည်။ မည်သို့ပင်ဖြစ်စေ ဒီအခြေအနေက အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှလေသည်။

...

နေ့လယ်စာ သုံးဆောင်ပြီးနောက်တွင် ချောင်မိဖုရားသည် ခဏလောက် အနားယူလိုက်၏။

ဟွေ့အန်းကုန်းကျူသည်လဲ ကျောင်းဖန်နန်းဆောင်တွင် ဆက်ပြီးနေထိုင်ကာ ညနေစာပါစားပြီးမှ နန်းတော်မှထွက်ခွာပြီး အိမ်တော်သို့ပြန်ရန် ကြံရွယ်ထားပုံရလေသည်။

လုမင်ယွိကတော့ နှုတ်ဆက်ကာ နန်းတော်မှ ထွက်ခွာလာခဲ့၏။ လီကျင့်မှာ အားလပ်ချိန်ရှိနေသဖြင့် လုမင်ယွိကို အိမ်တော်သို့ ပြန်လိုက်ပို့ရင်း နေ့လယ်ဘက် တရေးအိပ်ရန် ကြံစည်လိုက်သေးသည်။ ... နောက်ဆုံး မျက်နှာပြောင်တိုက်လှသည့် တောင်းဆိုချက်ကိုတော့ လုမင်ယွိက မျက်စောင်းထိုးကာ တားမြစ်လိုက်တော့၏။

လီကျင့်ကလဲ တိုးတိုးလေး ရယ်မောလိုက်ကာ သူမအနားသို့ကပ်လာပြီး နှုတ်ခမ်းများကို နမ်းရှုံ့လိုက်လေသည်။

အသက်ရှူသံများက လျင်မြန်လာပြီး မြန်ဆန်လာကာ ဖရိုဖရဲ ဖြစ်လာတော့သည်။ လုမင်ယွိသည်မိမိ၏ ထူးကဲလှသော ချုပ်တီးနိုင်စွမ်းကို အားကိုးလျက် လီကျင့်ကို တွန်းထုတ်လိုက်တော့၏။ "အလယ်မှာ ညှပ်ပြီး နှစ်ဖက်ဆူတာခံရတဲ့ ခံစားချက်က ဘယ်လိုနေလဲ"

လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်တော့၏။ "ကိုယ်က အရမ်းလောဘကြီးတယ်လေ။ ဇနီးနဲ့လဲ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ချင်တယ်။ အမေအရင်းနဲ့ အစ်မအရင်းနဲ့လည်း စိတ်ချင်းမဝေးချင်ဘူး။ ဒီလောက် စိတ်ညစ်ညူးတာလေးခံရတာ ဘာများပြောပလောက်လို့လဲ။ ပြီးတော့ လူတိုင်းက ကို့ကို ခေါင်းငုံ့အလျှော့ပေးနိုင်အောင် လုပ်နိုင်တာမှ မဟုတ်တာ"

သူ့ကို စိတ်စေတနာအမှန်ဖြင့် ခေါင်းငုံ့သည်းခံစေနိုင်သူမှာ ထိုအမျိုးသမီးသုံးဦးသာပင်။

တစ်ဦးမှာ သူအချစ်ရဆုံးဇနီးဖြစ်ပြီး တစ်ဦးမှာ သူ့ကို မွေးဖွားစောင့်ရှောက်ပေးခဲ့သည့် မိခင်အရင်းဖြစ်ကာ ကျန်တစ်ဦးကတော့ သူ၏ မောင်နှမသွေးသားရင်း ဖြစ်လေသည်။

ယုံကျားဧကရာဇ်နှင့် မယ်တော်ကြီးကျောက်တို့ကတော့ သူ့စိတ်ထဲတွင် အလွှာတစ်ခုမက လှမ်းကွာနေခဲ့သည်။ ပထမမင်းသားနှင့် တတိယမင်းသားတို့ကတော့ ပြောရန်ပင် မလိုတော့ချေ။ သူတို့သည် ညီအစ်ကိုများဖြစ်သလို ပြိုင်ဘက်များလဲ ဖြစ်နေကြသည်။

လီကျင့်၏ ဂရုမစိုက်သည့်ဟန် ပြုံးနေသောမျက်နှာကိုကြည့်ရင်း လုမင်ယွိ၏ စိတ်ထဲတွင်လည်း အနည်းငယ် လှုပ်ခတ်သွားတော့၏။

လီကျင့်သည် သားလိမ်မာတစ်ဦးဖြစ်သလို မောင်ကောင်းတစ်ယောက်လည်း ဖြစ်သည်။ သို့သော်ငြား သူသည် သွေးသားတော်စပ်မှုကို အကြောင်းပြုပြီး သူမကို အလျှော့ပေးရန် မတောင်းဆိုခဲ့ချေ။ လက်ထပ်ပြီးသည့်အချိန်ကစပြီး ယောက္ခမ၊ ချွေးမ၊ ယောင်းမတို့အကြားတွင် ပဋိပက္ခနှင့် ကတောက်ကဆများ မရှိခဲ့သည်လဲ မဟုတ်။

သို့သော်ငြား အဆူခံရသူမှာ အမြဲတမ်း သူသာ ဖြစ်ခဲ့လေသည်။

သူသာလျှင် သူမအတွက် ဇနီးမယားအသစ်တစ်ဦး ကြုံတွေ့ရမည့် အခက်အခဲများနှင့် ကြမ်းတမ်းမှုများအားလုံးကို တိတ်တဆိတ် တာဝန်ယူပေးခဲ့ခြင်းပင်။

သူမ၏ ခါးကို ဒီလိုမတ်မတ်ထားနိုင်ခြင်းကလဲ တဝက်မှာ လုမိသားစုကြောင့်ဖြစ်ပြီး ကျန်တဝက်မှာ သူ့ကြောင့်ပင်။ သို့မဟုတ်ပါက သူမသည် သိုင်းပညာပြိုင်ဘက်ကင်းနေလျှင်ပင် လူတိုင်းကို အမြဲတမ်း အင်းအားသုံးကာ ဖိနှိပ်ထားနိုင်မည် မဟုတ်ပေ။

"ဘယ်လိုလဲ အရမ်းစိတ်လှုပ်ရှားသွားပြီလား"

လီကျင့်က ပြုံးကာ အနားသို့ကပ်လာခဲ့၏။ "မင်းရဲ့ကိုယ်နဲ့ ပြန်ပေးဆပ်မယ် မဟုတ်လား"

လုမင်ယွိမှာ ဒေါသလဲထွက်မိသလို ရယ်လဲရယ်ချင်လာသဖြင့် လီကျင့်၏ မျက်နှာပြောင်တိုက်လှသည့် ပါးကို ဆွဲလိမ်လိုက်လေတော့သည်။ "ရှင့်ရဲ့ အရေးကြီးကိစ္စကိုသာ မြန်မြန်သွားလုပ်တော့"

အမှန်တွင်တော့ သာ့ဝေတိုင်းပြည်ကို တည်ထောင်သည်မှာ မကြာသေးဘဲ ယုံကျားဧကရာဇ်မှာလဲ အင်အားအကောင်းဆုံးအရွယ်တွင် ရှိနေသေးပြီး အုပ်ချုပ်ရေးနှင့် စစ်ရေးအာဏာများကို လက်ထဲတွင် ဆုပ်ကိုင်ထားဆဲပင်။ လူငယ်မင်းသားများမှာ နေ့စဥ် ညီလာခံသို့ တက်ရောက်ကာ အုပ်ချုပ်ရေးကိစ္စများ နားထောင်ခြင်း၊ ယုံကျားဧကရာဇ်၏ အနီးတွင် စာရေးစုတ်တံများ ကူညီပြင်ဆင်ပေးခြင်း စသည်တို့ကိုသာ ပြုလုပ်ရလေသည်။

နန်းတွင်းအုပ်ချုပ်ရေးကိစ္စများတွင် မင်းသားများ ဝင်ရောက်စွက်ဖက်ရန် အလှည့်မကျသေးချေ။ စစ်ရေးနှင့် စစ်ပွဲကိစ္စများတွင်လည်း သူတို့က ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိချေ။

အရေးအကြီးဆုံးကိစ္စမှာ အုပ်ချုပ်ရေးကို အလေးအနက်ထား နားထောင်သင်ယူသည့် ဟန်ပန်ကိုပြသခြင်း ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် အစွမ်းကုန်ကြိုးစားပြခြင်း နန်းတွင်းမှူးမတ်များ၏ နှစ်သက်မှုကို ရယူခြင်းတို့သာဖြစ်လေသည်။

တစ်နည်းအားဖြင့်ပြောရလျှင် ယုံးကျားဧကရာဇ်သည် ကျန်းမာသန်စွမ်းကာ အသက်၈၀အထိ အသက်ရှည်နိုင်သည့် အခြေအနေမျိုးတွင် မင်းသားများအနေဖြင့် တိတ်တဆိတ် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်လေသည်။

ထီနန်းဆက်ခံခွင့်ကို လုယူရမည့် အချိန်မရောက်သေးချေ။

လီကျင့်သည် ခဏလောက် စနောက်ကျီစယ်ပြီးနောက် ရုံးတော်သို့ ဝင်သွားတော့သည်။

လုမင်ယွိလဲ တစ်ယောက်တည်း နေ့လယ်ပိုင်း တရေးလောက် အိပ်စက်လိုက်ပြီးနောက် နိုးလာသောအခါ လုယီကို ခေါ်လိုက်တော့သည်။

လုယီသည် လုလင်း၏ ကိုယ်ရံတော်ဖြစ်ပြီး စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူဖြစ်၏။ ယခုနှစ်များတွင် ကိုယ်ရံတော်တပ်မှူးအဖြစ် တာဝန်ယူကာ လုမိသားစု၏ ကိုယ်ရံတော်များကို အစွမ်းကုန် အရည်အချင်းရှိလာရန်အတွက် လေ့ကျင့်ပေးခဲ့လေသည်။

လုလင်းသည် လုမင်ယွိအတွက် စိတ်မချနိုင်သဖြင့် လုယီကို သူမ၏ ကိုယ်ရံတော်အဖြစ် အထူးတလည် ထည့်ပေးလိုက်ခြင်းပင်။ ဒီလဝက်ကျော်ကာလအတွင်းတွင် လုယီသည် ဒုတိယမင်းသားအိမ်တော်၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မင်းသားကိုယ်ရံတော်များ၏ လက်ဝဲတပ်မှူးကျော်နှင့် အဆင်ပြေပြေ နေထိုင်လာခဲ့သည်။

လုယီသည် လုမင်ယွိ၏ အမိန့်ကိုသာ တိုက်ရိုက်နားခံသဖြင့် လီကျင့်ကိုယ်တိုင်ပင် သူ့ကိုတွေ့လျှင် အထူးတလည် ယဥ်ကျေးစွာ ဆက်ဆံရလေသည်။

"ကိုယ်ရံတော်တွေ အိမ်မှာနေရတာ အဆင်ပြေရဲ့လား" လုမင်ယွိက လုယီကို ပြုံးကာမေးလိုက်၏။

လုယီကလဲ ပြုံးကာ ပြန်ဖြေလေသည်။ "စားလို့ကောင်း အိပ်လို့ပျော်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်တဲ့အခါ နည်းနည်းတော့ ထိန်းချုပ်ရတော့ အားမရဘူး ဖြစ်နေတယ်"

လုမင်ယွိမှာ အသံထွက်ကာ ရယ်မောမိတော့သည်။

ဒုတိယမင်းသားအိမ်တော်တွင် မင်းသားကိုယ်ရံတော်ပေါင်း ၅၀၀ရှိသည်။ ဒီကိုယ်ရံတော်များမှာ လီကျင့်၏ လူများဖြစ်ကြသည်။ နေ့စဥ် လိုက်ပါစောင့်ရှောက်ခြင်း၊ ကင်းလှည့်ပေးခြင်းနှင့် အိမ်တော်၏ လုံခြုံရေးကို ကာကွယ်ခြင်းတို့ ပြုလုပ်ရပြီး သူတို့ကို စစ်သည်တော်များဟု သတ်မှတ်နိုင်လေသည်။

သို့သော်ငြား ဒီမင်းသားကိုယ်ရံတော် အများစုမှာ စစ်သူကြီးမျိုးနွယ်က သားသမီးများဖြစ်ကြပြီး တဝက်ကျော်မှာ စစ်မြေပြင်သို့ မရောက်ဘူးကြပေ။ ပုံမှန်အချိန်တွင် မည်မျှပင် လေ့ကျင့်ထားစေကာမူ တကယ် ရုတ်ရင်းကြမ်းတမ်းသော သတ်ဖြတ်လိုစိတ် မရှိကြပေ။ လုယီ၏ အမြင်တွင်တော့ ပန်းလက်သီးနှင့် ပန်းခြေထောက်များထက် အနည်းငယ် သာသည်ဟုသာ ယူဆနိုင်လေသည်။

အသစ်ရောက်စဖြစ်ကာ ဖြစ်နေသဖြင့် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေရပြီး မင်းသားကိုယ်ရံတော်များ မျက်နှာမပျက်စေရန်လဲ ရှောင်ကြဥ်နေရလေသည်။ ထို့ကြောင့် မကြာသေးခင်က လေ့ကျင့်မှုများက အတော်လေးပင် နူးညံ့သိမ်မွေ့နေခဲ့၏။

လုမင်ယွိလဲ ခဏလောက် ရယ်မောပြီးမှ ပြောလိုက်တော့သည်။ "မနက်ဖြန် မနက်ကစပြီး ကျွန်မလဲ ရှင်တို့နဲ့ အတူတူလေ့ကျင့်မယ်"

လုယီသည် စိတ်ဓာတ်များ တက်ကြွလာကာ ပြုံးကာ ပြန်ဖြေလိုက်တော့၏။ "ကျွန်တော် ပြန်သွားရင် သူတို့ကို ပြောလိုက်ပါ့မယ်။ အားအင်အပြည့်နဲ့ လေ့ကျင့်ကြဖို့ပါ။ မင်းသားကိုယ်ရံတော်တွေကိုပဲ မျက်စိဖွင့်ပေးလိုက်ရအောင်ပါ။ ကျွန်တော်တို့ ရှင်းယန်တပ်ရဲ့ စွမ်းရည်ကိုလဲ ကြည့်ခိုင်းလိုက်ရမယ်"

လုမင်ယွိက အသံတိုးတိုးဖြင့် ထပ်ပြီးမေးလိုက်လေသည်။ "လျှို့ဝှက်ကိုယ်ရံတော်တပ်ဖွဲ့ဘက်က အခြေအနေ ဘယ်လိုရှိလဲ"

လျှို့ဝှက်ကိုယ်ရံတော် အယောက်၂၀၀၀သည် မည်သည့်နေရာတွင် ထားသည်ဖြစ်စေ လျှော့တွက်လို့မရနိုင်သည့် စစ်အင်အားဖြစ်လေသည်။ ခြေရာဖျောက်ရန်အတွက် ဒီလျှို့ဝှက်ကိုယ်ရံတော် အယောက်၂၀၀၀ကို ယာမြေအိမ်တော်လေးခုတွင် ခွဲဝေပြီး နေရာချထားပေး၏။

လျှို့ဝှက်ကိုယ်ရံတော်၅၀၀လျှင် တပ်စုတစ်စုဖြစ်ပြီး စုစုပေါင်း တပ်စုလေးစု ရှိလေသည်။

လုယီကလဲ အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။ "ကျွန်တော် သခင်မလေးကို ဒီကိစ္စလျှောက်တင်မလို့ဘဲ လျှို့ဝှက်ကိုယ်ရံတော်တပ်က အမှောင်ထဲမှာ ပုန်းအောင်းနေရပြီး အပြင်မှာ ထုတ်ဖော်လို့ မဖြစ်ပါဘူး။ လျှို့ဝှက်ကိုယ်ရံတော် တပ်မှူးလေးယောက်လုံးကလဲ သစ္စာရှိပြီး ယုံကြည်ရတဲ့သူတွေပါ"

"ကျွန်တော် လျှို့ဝှက်ကိုယ်ရံတော် တပ်တွေဆီကို တစ်လှည့်စီ သွားတွေ့ပြီးပါပြီ။ သူတို့လေးယောက်ကလဲ သခင်မလေးကိုတွေ့ဖို့ အခွင့်အရေး ရှာနေကြပါတယ်"

လုမင်ယွိသည် ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်တော့သည်။ "ဒီနေ့ညနေ ကျွန်မကို လာတွေ့ဖို့ သူတို့ကို ပြောလိုက်ပါ"

...

All Chapters