← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အပိုင်း (၁၉၃) အစွမ်းပြခြင်း (၁)

လုမင်ယွိတွင် နံနက်စောစောထ၍ သိုင်းလေ့ကျင့်လေ့ရှိသည့် အကျင့်တစ်ခု ရှိလေသည်။

ယခင်က လုအိမ်တော်တွင် နေထိုင်ချိန်က သူမသည် နေ့စဉ် ငါးချက်တီးတွင် ထကာ သိုင်းလေ့ကျင့်ကွင်းသို့ သွားပြီး မောင်နှမများနှင့်အတူ သိုင်းလေ့ကျင့်ခဲ့သည်။ အိမ်တော်ရှိ ကိုယ်ရံတော်များကလည်း အတူတကွ လေ့ကျင့်ကြလေသည်။

လက်ထပ်ပြီးနောက်တွင်တော့ ဒုတိယမင်းသားအိမ်တော်တွင်းလဲ သိုင်းလေ့ကျင့်ကွင်းရှိသလို သိုင်းလေ့ကျင့်ခန်းမဆောင်လည်း ရှိ၏။ လုမင်ယွိသည် နေ့စဉ် သိုင်းလေ့ကျင့်ခန်းမဆောင်ထဲတွင် တစ်ယောက်တည်း လက်သိုင်း လေ့ကျင့်လာခဲ့သည်။

ထို့ကြောင့် ဒုတိယမင်းသားအိမ်တော်ရှိ ကိုယ်ရံတော်များအားလုံးသည် ဒုတိယမင်းသားကြင်ရာတော်၏ လက်ရည်ကို တစ်ခါမှ မမြင်ဖူးကြသေးချေ။

"တပ်မှူးချုပ်ကျော်၊ ဟွမ်စစ်ဖေးက ဒီမနက် သိုင်းလေ့ကျင့်ကွင်းကို လာမယ်လို့ ကြားတယ်"

ငါးချက်တီးအချိန်တွင် မိုးက မလင်းတလင်းသာ ရှိသေး၏။ ကိုယ်ရံတော်များသည် သိုင်းလေ့ကျင့်ကွင်းထဲသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကာ လေ့ကျင့်ရေးမစမီ ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ထိုအထဲမှ ခေါင်းဆောင်ငယ်တချို့သည် တပ်မှူးချုပ်ကျော်၏ အနားသို့ ကပ်သွားပြီး အခြေအနေကို စုံစမ်းမေးမြန်းကြလေသည်။

"ဟုတ်တယ်၊ ငါလည်း ကြားတယ်။ ဟွမ်စစ်ဖေးမှာ ထူးခြားတဲ့ ခွန်အားတွေရှိပြီး သိုင်းပညာကလည်း ပြောင်မြောက်တယ်လို့ ပြောကြတာပဲ၊ ဘယ်လောက်အထိ တော်လဲတော့ မသိဘူး"

"တပ်မှူးလုကတော့ တကယ်တော်တာ။ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို နိုင်တယ်။ လက်ကလည်း မြန်သလို ရက်စက်ကြမ်းကြုတ်တယ်။ နေ့တိုင်း မနက်ဆိုရင် သူ ကိုယ်ရံတော်တွေကို လေ့ကျင့်ပေးတာ မြင်ရတာနဲ့တင် ငါ ကြက်သီးထချင်တယ်။ ဟွမ်စစ်ဖေးက တပ်မှူးလုရဲ့ လက်ရည်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိဘူး"

"ဒါက တွေးကြည့်စရာတောင် လိုလို့လား။ တပ်မှူးလုကို ဘယ်နိုင်မှာလဲ။ မိန်းမသားပဲ၊ အားက ဘယ်လောက်များများ ရှိမှာမို့လို့လဲ။ လက်ရည်ကောင်းတယ် ဆိုဦးတော့၊ တကယ် သွေးထွက်သံယို မမြင်ဖူးဘဲ၊ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ရတဲ့ အငွေ့အသက်တွေမှ မရှိတာ"

ဤစကားက အကျိုးအကြောင်းခိုင်လုံလှသည်။

လူအများက ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ် လုပ်ကြ၏။

တပ်မှူးချုပ်ကျော်သည်လည်း လုမင်ယွိ၏ လက်ရည်ကို ကိုယ်တိုင် မမြင်ဖူးသေးပေ။ သို့သော် သူသည် ပင်ကိုယ်အားဖြင့် သတိကြီးလွန်းသူဖြစ်ရာ လူအများကို သတိပေးလိုက်လေသည်။ "ခဏနေ ဟွမ်စစ်ဖေး ရောက်လာရင် မင်းတို့အားလုံး သတိထားပြီး နေကြ"

ကြင်ရာတော်၏ အရည်အချင်းက ဘယ်လောက်ရှိသည်ကို မသိသော်လည်း စိတ်ဓာတ်ကတော့ ပထမတန်းစား ပြင်းထန်သည်မှာ အမှန်ပင်။

ချိုင်ကုန်းကုန်း၏ ခုနစ်ရက်လည်ပင် ကျော်သွားပြီ မဟုတ်ပါလား။ မင်းသားကြင်ရာတော်ကို ဒုက္ခပေးချင်သူများ ရှိလျှင်လည်း တိတ်တိတ်ဆိတ်ဆိတ် ငြိမ်နေကြခြင်းက အကောင်းဆုံးပင်။

ဒုတိယမင်းသား၏ ကိုယ်ရံတော်ဖြစ်ပြီး ရာထူးအဆင့် ရှိသူများသည် စစ်မှန်သော စစ်သူကြီးမျိုးနွယ်များမှ ဆင်းသက်လာသူများ ဖြစ်ကြရာ မျိုးရိုးကောင်းပြီး သိုင်းပညာထက်မြက်ကာ မာနကြီးကြသည်မှာ ရှောင်လွှဲ၍ မရပေ။ တပ်မှူးချုပ်ကျော်၏ ပြင်းထန်သော သတိပေးစကားကို တချို့က နားထောင်သော်လည်း တချို့ကတော့ ဂရုမစိုက်ကြချေ။

ထိုအချိန်မှာပင် သိုင်းလေ့ကျင့်ကွင်း ဝင်ပေါက်ဆီမှ ခြေသံများ ထွက်ပေါ်လာသည်။

လူအားလုံးက တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြ၏။

ဦးဆောင်လာသူများမှာ မိုးပြာရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဒုတိယမင်းသား အရှင်မင်းသားနှင့် အနီရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ကြင်ရာတော်တို့ ဖြစ်ကြသည်။ လုယိနှင့် လုအိမ်တော် ကိုယ်ရံတော်တစ်စုသည် ဟွမ်စစ်ဖေး၏ နောက်မှ လိုက်ပါလာကြသည်။

တပ်မှူးချုပ်ကျော်သည် ချက်ချင်းပင် ကိုယ်ရံတော်များကို ဦးဆောင်၍ ရှေ့ထွက်ကာ လက်ဆုပ်ချီနှုတ်ဆက် ကြိုဆိုလိုက်သည်။

လီကျင့်သည်လည်း ငယ်စဉ်ကတည်းက သိုင်းပညာ သင်ယူခဲ့သူ ဖြစ်သော်လည်း သိုင်းပညာတွင် ပါရမီထူးချွန်ခြင်း မရှိသဖြင့် လက်ရည်မှာ သိပ်မကောင်းလှပေ။ ယနေ့ သိုင်းဝတ်စုံ ဝတ်ဆင်ထားသောအခါ ပုံမှန်အချိန်များတွင် တွေ့ရခဲသော သူရဲကောင်းဆန်သည့် အငွေ့အသက် အနည်းငယ် ထွက်ပေါ်နေလေသည်။ "အားလုံး ထကြပါ။ မင်းတို့ ပုံမှန်အတိုင်းပဲ လေ့ကျင့်နေကြ၊ ဂရုစိုက်နေစရာ မလိုဘူး"

စကားကို ထိုသို့ ဆိုလိုက်သော်လည်း သခင်များကို ပစ်ထားပြီး လေ့ကျင့်ရေး သွားလုပ်ဝံ့မည်တဲ့လား။

တပ်မှူးချုပ်ကျော်သည် ချက်ချင်းပင် ပြုံးကာ ပြောလိုက်လေသည်။ "သူတို့က အရှင်မင်းသားရဲ့ အနားမှာပဲ အတူရှိနေချင်ကြတာပါ၊ လုအိမ်တော် ကိုယ်ရံတော်တွေ ဘယ်လို လေ့ကျင့်ကြလဲ ဆိုတာကိုလည်း ကြည့်ချင်ကြလို့ပါ"

အရေးကြီးဆုံးအချက်မှာ သူတို့အားလုံးက ဟွမ်စစ်ဖေး၏ လက်ရည်ကို အလွန် သိချင်နေကြခြင်း ဖြစ်သည်။

လီကျင့်သည် အသက် ၁၇ နှစ်သာ ရှိသေးရာ သူ၏ ကိုယ်ရံတော်များမှာလည်း လူငယ်များသာဖြစ်ကြပြီး အသက်အကြီးဆုံးမှာ ၂၄ နှစ်၊ ၂၅ နှစ်ခန့်သာ ရှိသေးသည်။ မျက်စိရှေ့မှ လူတချို့မှာ ကိုယ်ရံတော်ခေါင်းဆောင်များ ဖြစ်ကြသလို သူ၏ အထိန်းတော်များလည်း ဖြစ်ကြသည်။

လီကျင့်သည် စမ်းသပ်ကြည့်လိုသည့် အရိပ်အယောင်များဖြင့် တောက်ပနေသော မျက်လုံးတစ်စုံစီကို ကြည့်လိုက်ရာ စိတ်ထဲတွင် နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူက တည်ငြိမ်စွာ ပြုံးလိုက်သည်။ "ကောင်းပြီလေ"

ကိုယ်ရံတော်များ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသော အရောင်များ လက်သွားပြီး လုမင်ယွိကို ဝိုင်းကြည့်ကြ၏။

လုမင်ယွိက ဖွဖွလေး ပြုံးလိုက်ပြီး လီကျင့်ကို ပြောလိုက်၏။ "ကျွန်မ သိုင်းလေ့ကျင့်ကွင်းကို ရောက်ဖူးတာ ဒါ ပထမဆုံးပဲ။ ရှင့်ကိုယ်ရံတော်တွေရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ကျွန်မ ကြည့်ချင်သေးတော့ သူတို့ထဲက တချို့ကို ကျွန်မနဲ့ လာပြိုင်ခိုင်းကြည့်ပါလား”

လီကျင့်က ဝမ်းမြောက်ဝမ်းသာ ခေါင်းညိတ်လိုက်သည်။

လုမင်ယွိက လှည့်လာပြီး သူမ၏ မျက်လုံးများက ကိုယ်ရံတော်များ၏ မျက်နှာများပေါ်သို့ ဝေ့ဝဲသွားသည်။ "မင်းတို့အားလုံး ကိုယ့်လက်နက်ကိုယ် သွားရွေးချယ်ကြပြီး သိုင်းလေ့ကျင့်ကွင်းအလယ်က ကွင်းပြင်မှာ ငါ့ကို စောင့်နေ"

ကိုယ်ရံတော်များထဲမှ အသက်အငယ်ဆုံး၊ ၁၆ နှစ်၊ ၁၇ နှစ်ခန့်ရှိပုံရသည့် လူငယ်လေးတစ်ဦးက ရဲတင်းစွာ ပြုံး၍ မေးလိုက်သည်။ "ဟွမ်စစ်ဖေးက မြင့်မြတ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပါ၊ နည်းနည်းလေးတောင် ထိခိုက်လို့ မဖြစ်ပါဘူး။ လက်နက် မသုံးဘဲနေတာ ပိုကောင်းမယ် မထင်ဘူးလား"

လုမင်ယွိက ပြုံးတစ်ချက် မပြုံးတစ်ချက်ဖြင့် နှုတ်ခမ်းထောင့်ကို ကွေးလိုက်သည်။ "အရင်ဆုံး ကြွားမနေနဲ့ဦး။ ငါ့ကို ထိခိုက်အောင် လုပ်ချင်ရင်လည်း မင်းတို့မှာ အဲ့ဒီလောက် အရည်အချင်း ရှိ မရှိကို အရင်ကြည့်ရဦးမယ်။ မင်းတို့ထဲက တချို့၊ ငါ့လက်ထဲမှာ အကွက် ၂၀ တောင် မခံနိုင်ဘူးဆိုရင် နောက်ဆို အရှင်မင်းသားရဲ့ အနားမှာ အတူလိုက်ပါပြီး အမှုထမ်းမနေကြနဲ့တော့။ မတော်တဆ အန္တရာယ်တစ်ခုခု ကြုံလာရရင် မင်းတို့ကိုတောင် အရင် ဂရုစိုက်နေရဦးမယ်"

ဝိုး! ဒီစကားကတော့ တော်တော်လေး စိန်ခေါ်နေတာပဲ။

ကိုယ်ရံတော်များမှာ လူငယ်သွေးဆူချိန်ဖြစ်ရာ သည်လို မခံချင်အောင် ပြောသည်ကို အဘယ်မှာ သည်းခံနိုင်ပါမည်နည်း။ ပါးစပ်မှ ဘာမှ မပြောရဲသော်လည်း မျက်လုံးထဲတွင်တော့ မီးတောက်များ တလက်လက် တောက်လာကြသည်။

လီကျင့်က ကိုယ်ရံတော်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် လုမင်ယွိကို ပြောလိုက်သည်။ "မင်း ခဏနေ တိုက်ခိုက်တဲ့အခါ လက်ဆသိပ်မပြင်းနဲ့ဦး"

လုမင်ယွိက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်၏။ "အလွန်ဆုံး ၃ ရက် ၅ ရက်လောက် လှဲနေရုံပါပဲ"

ကိုယ်ရံတော်များ "..."

ဒါကတော့ တကယ် သည်းမခံနိုင်စရာ ကောင်းလွန်းသည်။

ကိုယ်ရံတော်များသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်ကာ လက်နက် သွားယူကြသည်။

လုမင်ယွိသည်လည်း လက်နက်စင်သို့ သွားကာ ဓားရှည်တစ်လက်ကို ယူလိုက်၏။ ထိုဓားရှည်သည် သူမ၏ ပေါင်ယွိဓားထက် ၃ လက်မခန့် ပိုတိုပြီး ပိုလည်း ပေါ့ပါးလှသည်။ သူမသည် ညာဘက်လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ဓားရှည်သည် ဓားပန်းများစွာ ဖြစ်ပေါ်သွားစေပြီး အလွန် ကျွမ်းကျင် လျင်မြန်လှ၏။

တကယ့် ကျွမ်းကျင်သူတစ်ယောက်ကို သူ့လှုပ်ရှားမှုများဖြင့် တွေ့နိုင်လေသည်။ ကိုယ်ရံတော်များ၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး မထီမဲ့မြင်ပြုမှုနှင့် မကျေနပ်မှုများကို အနည်းငယ် ပြန်သိမ်းဆည်းလိုက်ကြသည်။

ကျန်ရှိသော ကိုယ်ရံတော်များနှင့် အစောင့်များသည် သည်လို ပွဲကောင်းကို တွေ့ရသောအခါ လေ့ကျင့်ရန် စိတ်မပါကြတော့ပေ။ မျက်နှာပြောင်တိုက်ကာ အနားသို့ တိုးလာပြီး အလိုက်တသိဖြင့် စက်ဝိုင်းပုံ ဝိုင်းထားလိုက်ကြလေသည်။

လုယိသည်လည်း လုအိမ်တော် ကိုယ်ရံတော်များကို ပွဲကောင်း ကြည့်ရန် လှမ်းခေါ်လိုက်သည်။

လုအိမ်တော် ကိုယ်ရံတော်များက တီးတိုး ပြောဆိုနေကြသည်။

"မင်း ခန့်မှန်းကြည့်၊ သခင်မလေးက ဒီလူတွေကို အလဲထိုးဖို့ အကွက်ဘယ်လောက် သုံးရမလဲ"

"အကွက် ၅၀ လောက်"

"အကွက် ၂၀ ပဲ"

ထိုတီးတိုးသံက သိပ်မတိုးလှသဖြင့် မင်းသား၏ ကိုယ်ရံတော်များ နားထဲသို့ ပျံ့လွင့်ဝင်ရောက်လာရာ အနည်းငယ် နားခါးသွားတော့သည်။ သူတို့သည် မျက်လုံးများကို ပင့်ကြည့်လာသူ ပင့်ကြည့်။ သို့မဟုတ် မကျေမနပ် နှာခေါင်းရှုံ့ကြလေသည်။

လုအိမ်တော် ကိုယ်ရံတော်များကတော့ ဂရုမစိုက်ဘဲ ဆက်ပြီး ဆွေးနွေးနေကြသည်။ "သခင်မလေးက သူတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခိုင်းမလား၊ ဒါမှမဟုတ် တစ်ယောက်ချင်းစီကို အလဲထိုးမလား"

"တစ်ပြိုင်တည်း တိုက်ခိုက်ခိုင်းတာက ပိုပြီး ဩဇာသက်ရောက်မှု ရှိတယ်"

"တစ်ယောက်ချင်းစီ အလဲထိုးတာက ပိုပြီး ပျော်စရာကောင်းမှာ"

မင်းသား၏ ကိုယ်ရံတော်များ "..."

သည်လိုစကားမျိုးကို ကြားရသည်မှာ စိတ်ထဲတွင် ဒေါသထွက်စရာ ကောင်းလှ၏။

ထိုနေရာတွင် ရပ်နေသူသည် အိမ်တော်၏ သခင်မ ဖြစ်နေသည့်တိုင် မင်းသား၏ ကိုယ်ရံတော်များ ဖြစ်သည့် ဂုဏ်သိက္ခာကို သည်လိုတော့ အနင်းမခံနိုင်ကြပေ။ မည်သူက ရဲတင်းစွာ အော်ဟစ်လိုက်သည်မသိ။ "မင်းတို့အားလုံး ဟွမ်စစ်ဖေးကို မရှုံးစေနဲ့"

ချက်ချင်းပင် ရယ်မောသံများ ဆူညံသွားစေသည်။

လီကျင့်သည်လည်း ပြုံးလိုက်ပြီး ခေါင်းလှည့်ကာ တစ်ချက် ကြည့်လိုက်သည်။ "အားလုံး တိတ်တိတ်နေ"

မကြာမီပင် သိုင်းလေ့ကျင့်ကွင်းထဲတွင် ပြန်လည် တိတ်ဆိတ်သွားသည်။

လုမင်ယွိ၏ မျက်လုံးများက ဝေ့ဝဲသွားပြီး တပ်မှူးချုပ်ကျော်၏ အပေါ်သို့ အရင်ဆုံး ကျရောက်သွားလေသည်။ "တပ်မှူးချုပ်ကျော်၊ ရှင် အရင်ဆုံး ကျွန်မနဲ့ လာပြိုင်"

တပ်မှူးချုပ်ကျော်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ၏ သခင် လီကျင့်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လီကျင့်က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်ရာ တပ်မှူးချုပ်ကျော်သည်လည်း စိတ်အေးသွားပြီး ကျယ်လောင်စွာ အဖြေပေးလိုက်သည်။ သူက ကွင်းလယ်သို့ လျှောက်သွားကာ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခံစစ်အနေအထား ပြင်ထားလိုက်၏။ "ကျွန်တော်မျိုးက အရည်အချင်း မရှိပါဘူး၊ ဟွမ်စစ်ဖေးကို ၃ ကွက် အရင်ပေးပါ့မယ်"

လုအိမ်တော် ကိုယ်ရံတော်များထံမှ အဓိပ္ပာယ်မရှင်းလင်းသော လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။

ငါတို့ သခင်မလေးက မင်း ၃ ကွက် ပေးတာကို လိုအပ်တယ် ထင်နေလား။

ခဏနေရင် မင်း နောင်တဆိုတာ ဘာလဲ သိသွားလိမ့်မယ်။

လုမင်ယွိသည်လည်း အားနာမနေတော့ဘဲ ဓားရှည်ကိုကိုင်ကာ လျင်မြန်စွာ ထိုးနှက်လိုက်သည်။

ထိုဓားချက်သည် လျင်မြန်ပြီး ပြင်းထန်လှကာ လူကို စိတ်ထိတ်လန့်စေသည့် အေးစက်သော အလင်းရောင်များ လက်နေသည်။

တပ်မှူးချုပ်ကျော်သည် ဓားရှည်ဖြင့် လျင်မြန်စွာ ကာကွယ်လိုက်ရာ ဓားသွားနှင့် ဓားဖနောင့်တို့ ထိခတ်မိပြီး နားစည်ကို စူးရှစေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ တပ်မှူးချုပ်ကျော်သည် ဓားကျောဖနောင့်...မှတစ်ဆင့် မခုခံနိုင်လောက်အောင် ကြီးမားသော စွမ်းအားတစ်ခု ကူးစက်လာသည်ကို ခံစားလိုက်ရပြီး လက်ထဲတွင် တုန်ခါသွားသည်။

တပ်မှူးချုပ်ကျော်သည် ထိတ်လန့်သွားချိန် မရလိုက်မီမှာပင် ဒုတိယဓားချက်က ထပ်မံ ထိုးနှက်လာပြန်သည်။

ထို့နောက်တွင် တတိယဓားချက်၊ စတုတ္ထဓားချက်...

မကြာမီပင် တပ်မှူးချုပ်ကျော်၏ နဖူးတွင် ချွေးစေးများ စို့လာလေတော့သည်။

...

အပိုင်း (၁၉၄) အစွမ်းပြခြင်း (၂)

အမွှေးတိုင် တစ်တိုင်စာ အချိန်ခန့် ကြာမြင့်ပြီးနောက်။

တပ်မှူးချုပ်ကျော်သည် တစ်လှမ်းချင်း ဆုတ်ခွာသွားရပြီး ဓားရှည်ကို ကိုင်ထားသည့် ညာဘက်လက်မှာ တရစပ် တုန်ယင်နေလေသည်။ နောက်ဆုံးတွင် သူသည် မခုခံနိုင်တော့ဘဲ ဓားရှည်သည် 'တောင်' ခနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ကျသွားတော့၏။ ထိုတောက်ပနေသည့် ဓားရှည်သည် သူ့ ရင်ဘတ်နှင့် ၃ လက်မအကွာတွင် ရပ်တန့်သွားလေသည်။

တပ်မှူးချုပ်ကျော်သည် ရှက်ရွံ့နေသည့် မျက်နှာဖြင့် အရှုံးပေးလိုက်ရတော့သည်။ "ဟွမ်စစ်ဖေးက လက်ရည်ကောင်းလွန်းပါတယ်၊ ကျွန်တော်မျိုး ရှက်မိပါတယ်!"

လုမင်ယွိသည် တည်ငြိမ်အေးဆေးစွာပင် ပြုံးလိုက်ပြီး ဓားကို ပြန်သိမ်းလိုက်၏။ "ရှင့်လက်ရည်က မဆိုးပါဘူး"

သူမ၏ အားအပြည့်သုံး တိုက်ခိုက်မှုအောက်တွင် အကွက် ၆၀ ကျော် ခုခံနိုင်ခဲ့သည်မှာ တကယ်ပင် မဆိုးလှချေ။ အကယ်၍ သူမထံတွင် ထူးခြားသည့် ခွန်အားသာ မရှိပါက တပ်မှူးချုပ်ကျော်သည် အနည်းဆုံး အကွက် ၁၀၀ ကျော်အထိ ခုခံနိုင်လိမ့်မည်။

တပ်မှူးချုပ်ကျော်သည် ချီးကျူးခံလိုက်ရသော်ငြားလည်း ပိုလို့ပင် ရှက်ရွံ့သွားလေသည်။

သူသည် ဒုတိယမင်းသား၏ ကိုယ်ရံတော်တပ်မှူးချုပ်ဖြစ်ပြီး အရှင်မင်းသား၏ လုံခြုံရေးကို ကာကွယ်ရန် တာဝန်ယူထားသူ ဖြစ်သည်။ သို့သော် အခုတော့ ကြင်ရာတော်၏ လက်ထဲတွင် အကွက် ၁၀၀ ပင် မခံနိုင်ခဲ့ပေ။

လီကျင့်က ပြုံးလိုက်ပြီး တပ်မှူးချုပ်ကျော်ကို နှစ်သိမ့်လိုက်လေသည်။ "မင်း ရှက်နေစရာ မလိုပါဘူး။ ငါသာဆိုရင် ရှောင်ယွိလက်ထဲမှာ အကွက် ၃၀ တောင် ခံနိုင်မှာ မဟုတ်ဘူး"

တပ်မှူးချုပ်ကျော်သည် ရှက်ရွံ့နေသည့် မျက်နှာဖြင့်ပင် တိတ်ဆိတ်စွာ ဆုတ်ခွာသွားသည်။

လုမင်ယွိ၏ မျက်လုံးများက ကြက်သေသေနေသည့် ကိုယ်ရံတော်အချို့၏ မျက်နှာများပေါ်သို့ ကျရောက်သွား၏။ "မင်းတို့အားလုံး တစ်ယောက်ချင်းစီ လာမှာလား၊ ဒါမှမဟုတ် တစ်ပြိုင်တည်း တက်မှာလား"

ယောက်ျားတို့မည်သည် အသက်ကို အရေးမထားသော်လည်း မျက်နှာကို အရေးထားကြသည်။ ပြိုင်ဘက် မဟုတ်သည့်တိုင်အောင် လူအများ ပူးပေါင်းကာ မိန်းမသားတစ်ယောက်ကို ဝိုင်းတိုက်ခိုက်ခြင်းမျိုး မပြုလုပ်နိုင်ပေ။

အသက်အငယ်ဆုံး ကိုယ်ရံတော်က အံကြိတ်ကာ ရှေ့ထွက်လာသည်။ "ကျွန်တော်မျိုးကို ဟွမ်စစ်ဖေးက လမ်းညွှန်ပြသပေးပါ"

လုမင်ယွိသည် အပိုစကားများ ပြောရသည်ကို မနှစ်သက်သဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး "မင်း အရင်စလိုက်လေ၊ မင်းရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ငါ ကြည့်ရအောင်"

သိုင်းကွင်းထဲတွင် အရည်အချင်းကသာ အဓိက ဖြစ်သည်။ ယခင်က လုမင်ယွိအပေါ် ရိုသေလေးစားခြင်းမှာ ရာထူးအဆင့်အတန်း ကွာခြားမှုကြောင့်ပင်။ သည်အချိန် အခါတွင်တော့ ၃ ကွက် အကျောပေးမည် စသဖြင့် မည်သူမျှ ကြွားဝါသောစကား မဆိုဝံ့ကြတော့ချေ။

လူငယ်ကိုယ်ရံတော်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လှံရှည်ကို ကိုင်ကာ ပထမဆုံး လှံကွက်ကို လျင်မြန်စွာ ထိုးထုတ်လိုက်သည်။

တစ်လက်မ ရှည်လျှင် တစ်လက်မ ပိုအားကောင်းပြီး၊ တစ်လက်မ တိုလျှင် တစ်လက်မ ပိုအန္တရာယ်များသည်။

လှံရှည်သည် ပြင်းထန်ပြီး ကြမ်းတမ်းလှသဖြင့် ဓားကဲ့သို့သော လက်နက်တိုများကို ပင်ကိုယ်အားဖြင့် ချုပ်ထိန်းနိုင်စွမ်း ရှိသည်။ ယေဘုယျအားဖြင့် ဓားကိုင်ဆောင်ထားသူသည် လှံရှည်နှင့် တွေ့ပါက ရှောင်တိမ်းခြင်းကိုသာ အဓိကထားလေ့ရှိသည်။

လုမင်ယွိသည် ခြေတစ်လှမ်းမျှ မရွေ့ဘဲ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ ခုခံလိုက်သည်။

လှံရှည်၏ တိုက်ကွက်များက မည်မျှပင် ပြင်းထန်ပြီး စွမ်းအားကြီးမားစေကာမူ ဓားရှည်၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

လူငယ်ကိုယ်ရံတော်၏ မျက်နှာသည် ချက်ချင်း နီရဲသွားသည်။ ဒေါသထွက်၍လည်း မဟုတ်သလို ကြောက်ရွံ့၍လည်း မဟုတ်ဘဲ လှံရှည်နှင့် ဓားရှည်တို့ ထိခတ်မိချိန်တွင် ထိခတ်မိသည့်နေရာမှ ပြင်းထန်သော စွမ်းအားများ တစ်လှိုင်းပြီးတစ်လှိုင်း ကူးစက်လာကာ သူ့ ညာဘက်လက်သည် နာကျင်လွန်းသဖြင့် လှံရှည်ကို လွှတ်ချမိတော့မလို ဖြစ်သွားသောကြောင့်ပင်။

၁၀ ကွက်ကျော်မျှသာ တိုက်ခိုက်ပြီးချိန်တွင် လုမင်ယွိသည် ဟာကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားပြီး လျင်မြန်စွာ လှုပ်ရှားကာ လှံရှည်ကို ဆွဲလုလိုက်ပြီး လူငယ်ကိုယ်ရံတော်ကို ခြေတစ်ဖက်ဖြင့် ကန်ထုတ်လိုက်လေသည်။ သူသည် မီတာအနည်းငယ်အထိ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

လုမင်ယွိက လှံရှည်ကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ရာ လှံရှည်သည် နာကျင်စွာ အော်ဟစ်နေသည့် ကိုယ်ရံတော်၏ ဘေးသို့ တိတိကျကျပင် ကျသွားသည်။

ထို့နောက်တွင် လုမင်ယွိသည် ကျန်ရှိနေသည့် ကိုယ်ရံတော်များကို လှမ်းကြည့်လိုက်သည်။ "နောက်တစ်ယောက် ဘယ်သူလာမလဲ"

ကိုယ်ရံတော်များ "..."

အားလုံးထဲတွင် အရပ်အမောင်း အမြင့်ဆုံး၊ ခန္ဓာကိုယ် အသန်မာဆုံးနှင့် လက်ရည် အကောင်းဆုံး ကိုယ်ရံတော်က ရှေ့ထွက်လာပြီး လက်ထဲတွင် သံချောင်းခရင်းခွကို ကိုင်ဆောင်ထားသည်။ "ကျွန်တော်မျိုးကို ဟွမ်စစ်ဖေးက များများ လမ်းညွှန်ပြသပေးပါ"

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်။

ကိုယ်ရံတော်ခေါင်းဆောင် ၈ ယောက်ထဲမှ ၃ ယောက်မှာ ထမ်းထုတ်သွားရပြီး ကျန် ၅ ယောက်မှာလည်း မျက်နှာများ ဖူးယောင်ကာ နှာခေါင်းသွေးများ ထွက်နေကြတော့သည်။

ဘေးမှ ဝိုင်းဝန်းကြည့်ရှုနေကြသည့် မင်းသား၏ ကိုယ်ရံတော်များမှာ ကြက်သေသေကာ အံ့ဩလွန်းသဖြင့် အသက်ပင် မရှူဝံ့ကြတော့ချေ။

လုမင်ယွိ၏ နဖူးတွင် ချွေးတစ်စက်မှပင် မရှိဘဲ တည်ငြိမ်အေးဆေးစွာ ရှိနေဆဲဖြစ်သော်လည်း သူမ၏ ပါးစပ်မှ ထွက်လာသော စကားများမှာတော့ သိပ်ပြီး နားထောင်ကောင်းလှသည် မဟုတ်ပေ။ "တပ်မှူးချုပ်ကျော်၊ တကယ်လို့ အရှင်မင်းသားက လက်ရည်မြင့်တဲ့ လုပ်ကြံသတ်ဖြတ်သူနဲ့ တွေ့ခဲ့ရင် ရှင်တို့အားလုံးနဲ့ အရှင်မင်းသားကို တကယ် ကာကွယ်နိုင်ရဲ့လား"

တပ်မှူးချုပ်ကျော်သည် အလွန် ရှက်ရွံ့သွားပြီး အတန်ကြာအောင် ဆွံ့အကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။

ရပ်နေနိုင်သေးသည့် အခြား ကိုယ်ရံတော်ခေါင်းဆောင်များမှာလည်း သူတို့၏ ခေါင်းများကို ရင်ဘတ်ထဲသို့ပင် ငုံ့ထားချင်စိတ် ပေါက်သွားကြသည်။

ဟွမ်စစ်ဖေး ပြောသည့်စကားကလဲ အမှန်ပင်။ သူတို့သည် ပုံမှန်အချိန်များတွင် မိမိကိုယ်ကို အထင်ကြီးကာ ထူးချွန်သူများဟု ထင်မှတ်နေခဲ့ကြသည်။ အကယ်၍ ဟွမ်စစ်ဖေးကဲ့သို့ လက်ရည်မြင့်မားသည့် လုပ်ကြံသတ်ဖြတ်သူက ရုတ်တရက် တိုက်ခိုက်လာပါက သူတို့၏ အရည်အချင်းဖြင့် မည်သို့ တားဆီးနိုင်ပါမည်နည်း။

လုမင်ယွိသည် အပြုံးကို ရုပ်သိမ်းလိုက်ပြီး အသံက အေးစက်သွားသည်။ "တကယ်လို့ လုယိတို့သာဆိုရင် တစ်ယောက်ချင်းစီက ကျွန်မလက်ထဲမှာ အနည်းဆုံး အကွက် ၃၀ ခံနိုင်ရမယ်။ ၅ ယောက် ပူးပေါင်းပြီး တိုက်ခိုက်ရေးဗျူဟာဖွဲ့လိုက်ရင် ကျွန်မကို နာရီဝက်လောက် တားထားနိုင်တယ်"

"ဒီနေ့ကစပြီး ကျွန်မကိုယ်တိုင် ရှင်တို့ကို ဦးဆောင်ပြီး အတူတူ လေ့ကျင့်ပေးမယ်၊ ရှင်တို့အားလုံး ကျေနပ်ကြရဲ့လား"

မည်သူက မကျေနပ်ဝံ့ပါမည်နည်း။

ဟုတ်ပါသည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းနှင့် မညီသည့် ကိစ္စ ဖြစ်သည်။ မည်သည့်အိမ်တော်တွင်မှ အိမ်တော်၏ သခင်မက ကိုယ်ရံတော်များနှင့် အစောင့်များကို ကိုယ်တိုင် လေ့ကျင့်ပေးသည့် ထုံးစံ မရှိခဲ့ဖူးပေ။ သို့သော် လုမင်ယွိသည် ယနေ့ လူ ၉ ယောက်ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး လူအားလုံးကို အပြင်းအထန် တုန်လှုပ်သွားစေခဲ့သည်။

ထို့အပြင် ဒုတိယမင်းသား အရှင်မင်းသားကိုယ်တိုင်က ဘာမှ မပြောသဖြင့် သူတို့က ဘာကို ကန့်ကွက်နိုင်ပါမည်နည်း။

တပ်မှူးချုပ်ကျော်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ တွေးတောလိုက်ပြီး ချက်ချင်း အဖြေပေးလိုက်သည်။ "ဟွမ်စစ်ဖေးမှာ ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာ ရှိနေတာမို့ ကျွန်တော်မျိုး စိတ်ရောကိုယ်ပါ လေးစားလက်ခံပါတယ်"

ကိုယ်ရံတော်များအားလုံးက တစ်ပြိုင်တည်း အဖြေပေးလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ စိတ်ရောကိုယ်ပါ လေးစားလက်ခံပါတယ်"

လုမင်ယွိ၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာပြီး လုယိကို အမိန့်ပေးကာ ကိုယ်ရံတော်များအားလုံးကို သိုင်းကွင်းအား ၁၀ ပတ် ပြေးခိုင်းလိုက်သည်။ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ကိုယ်ရံတော်များ အားလုံးသည် လျင်မြန်စွာ တန်းစီလိုက်ကြပြီး တသွေမတိမ်း လိုက်နာကာ စတင် ပြေးကြလေသည်။

သိုင်းကွင်းသည် အလွန် ကျယ်ဝန်းလှပြီး တစ်ပတ်ပြေးလျှင် ၂ လီခန့် ရှိသည်။ ၁၀ ပတ်ဆိုလျှင် ၂၀ လီ။

ကိုယ်ရံတော်များသည် ပုံမှန် လေ့ကျင့်ချိန်တွင် အများဆုံး ၅ ပတ်၊ ၁၀ လီသာ ပြေးရသည်။ ယနေ့ စစချင်းမှာပင် နှစ်ဆ တိုးသွားခဲ့သည်။ ကိုယ်ရံတော်များ အားလုံးသည် စိတ်ထဲတွင် တိတ်တဆိတ် ညည်းတွားနေကြသော်လည်း ပါးစပ်မှတော့ အသံတစ်ချက် မထွက်ဝံ့ကြချေ။

ဘေးတွင် တိတ်တဆိတ် ရပ်ကြည့်နေခဲ့သည့် လီကျင့်သည် လုမင်ယွိ၏ အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး စနောက်လိုက်လေသည်။ "ဒီနေ့ ဟွမ်စစ်ဖေးက တော်တော် တန်ခိုးထွားနေပါလား"

လုမင်ယွိက ပြုံးလိုက်ပြီး သူ့ကို တစ်ချက် ကြည့်လိုက်သည်။ "ကျွန်မက မင်းသားအိမ်တော်က ကိုယ်ရံတော်တွေကို ကိုယ်တိုင် လေ့ကျင့်ပေးနေတာ၊ ရှင်က နည်းနည်းလေးတောင် စိတ်မပူဘူးလား"

အကယ်၍ သူမတွင် မကောင်းသည့် အကြံအစည်များ ရှိနေပါက သည်လို အခွင့်အရေးကို အသုံးချပြီး မတူညီသည့် အုပ်စုများကို ဖယ်ရှားကာ မိမိ၏ လူများကို စုစည်း ထည့်သွင်းနိုင်သည်။ အနည်းဆုံးတော့ လီကျင့်၏ လှုပ်ရှားမှု သွားလာမှုအားလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်လိမ့်မည်။

လီကျင့်က တိုးတိုးလေး ရယ်မောလိုက်၏။ "ဘယ်လို စိတ်မပူဘဲ နေနိုင်မှာလဲ။ စစ်သည်ကို လေ့ကျင့်ပေးတယ်ဆိုတာ တစ်မနက် တစ်ညနေနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ၊ အချိန်ရော စိတ်အားကိုယ်အားရော အများကြီး ကုန်ဆုံးရတာ။ ကိုက မင်း အရမ်း ပင်ပန်းနွမ်းနယ်သွားမှာကို စိတ်ပူနေတာ"

လုမင်ယွိသည် လီကျင့်ကို စူးစိုက်ကြည့်နေပြီး အတန်ကြာမှ ပြုံးလိုက်ပြီး သက်ပြင်းဖွဖွ ချလိုက်၏။ "လီကျင့်၊ ရှင် ကျွန်မကို ဒီလောက်အထိ အလိုလိုက်နေတာ၊ ကျွန်မ တကယ်ပဲ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့မှာ စိုးလာပြီ"

လူသည် သစ္စာဖောက်ဖျက်တတ်သော်လည်း အာဏာကတော့ သစ္စာမဖောက်တတ်ပေ။

မတော်တဆ သူမတွင် ရည်မှန်းချက်ကြီးမားသော စိတ်များ ပေါက်ဖွားလာပြီး ဒုတိယမင်းသားအိမ်တော်၏ အရာအားလုံးကို မိမိလက်ထဲသို့ သိမ်းပိုက်ကာ နောင်တွင် အာဏာလုပြီး နန်းတွင်းအုပ်ချုပ်ရေးကိုပင် ဝင်ရောက်စွက်ဖက်လိုပါက မည်သို့ လုပ်မည်နည်း။ လီကျင့်က သူမကို အဘယ်ကြောင့်များ သည်လို ယုံကြည်ရဲရပါသနည်း။

လီကျင့်က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်ပြီး မျက်တောင် ပုတ်ခတ်လိုက်သည်။ "ဒီနေရာက သိုင်းလေ့ကျင့်ကွင်းလေ၊ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ မကောင်းလောက်ဘူး"

လုမင်ယွိက ပြုံးလိုက်ပြီး သူ့ကို မျက်စပစ်လိုက်တော့သည်။

...

မွန်းလွဲပိုင်းတွင် လုမင်ယွိသည် နန်းတော်ထဲမှ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။

လုယိက အသက်အရွယ်မတူသည့် ယောက်ျား ၄ ယောက်ကို ခေါ်ဆောင်လာခဲ့လေသည်။ "ဟွမ်စစ်ဖေးကို လျှောက်တင်ပါတယ်၊ ဒါက ဟွမ်စစ်ဖေးရဲ့ လက်ဖွဲ့ခြံကြီးတွေက ခြံစောင့်ခေါင်းဆောင်တွေပါပဲ။ ကျွန်တော်မျိုး သူတို့ ၄ ယောက်ကို ဟွမ်စစ်ဖေးဆီ လာပြီး ဂါရဝပြုဖို့ ခေါ်လာခဲ့တာပါ"

လျှို့ဝှက်တပ်ရင်း ၄ ခုမှ တပ်မှူး ၄ ယောက်သည် တစ်ပြိုင်တည်း ဒူးထောက် အရိုအသေ ပေးလိုက်ကြ၏။ "ကျွန်တော်မျိုးတို့ ဟွမ်စစ်ဖေးကို ဂါရဝပြုပါတယ်"

လုမင်ယွိက ဖွဖွလေး ပြုံးလိုက်သည်။ "အားလုံး ထကြပါ"

လူ ၄ ယောက်သည် သခင်ဖြစ်သူကို ကျေးဇူးတင်စကား ပြောလိုက်ကြပြီး မတ်တပ်ရပ်လိုက်ကြ၏။

လျှို့ဝှက်တပ်ရင်း ၄ ခု၏ အပေါ်ယံ သရုပ်မှန်မှာ လယ်ခြံ အငှားတောင်သူများ ဖြစ်ကြသည်။ လျှို့ဝှက်တပ်ရင်း ၄ ခု၏ ခေါင်းဆောင် ၄ ယောက်သည်လည်း ခြံစောင့်ခေါင်းဆောင်များအဖြစ် ဆက်ခံလိုက်ကြသည်။

ယေဘုယျအားဖြင့် ကြီးမားသော လယ်ခြံကြီးများ၏ ခြံစောင့်ခေါင်းဆောင်များသည် သန်မာပြီး စွမ်းဆောင်ရည်ရှိသည့် ယောက်ျားများ ဖြစ်ကြသည်။ လုအိမ်တော်၏ ဓလေ့စရိုက်အရ လက်ရည်မဆိုးလှသည့် အစောင့်အချို့ကို ခြံစောင့်ခေါင်းဆောင်အဖြစ် စေလွှတ်ခြင်းမှာ ထူးဆန်းသည့် ကိစ္စ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လုအိမ်တော်တွင် အိမ်တော်ထိန်းများပင်လျှင် စစ်မြေပြင်သို့ စစ်ထွက်ဖူးသည့် စစ်ပြန်ကြီးများ ဖြစ်ကြသည် မဟုတ်ပါလား။

ထို့ကြောင့် မျက်စိရှေ့မှ "ခြံစောင့်ခေါင်းဆောင်" ၄ ယောက်သည် သန်မာထွားကျိုင်းနေသော်လည်း သိပ်ပြီး ထူးထူးခြားခြား ဆွဲဆောင်စရာ မဖြစ်လှချေ။

လုမင်ယွိသည် သူတို့ကို မြင်ဖူးသည်မှာ သေချာပါသည်။

ယခင်ဘဝကလည်း သူတို့သည် သူမ လက်ထပ်ပြီးနောက်တွင် သခင်မကို လာရောက် တွေ့ဆုံခဲ့ကြသည်။ ထို့နောက်တွင်တော့ သူမသည် သူတို့အားလုံးကို လီဟောက်ထံသို့ အလွယ်တကူ ပေးအပ်ခဲ့သည်။ ယခု ပြန်စဉ်းစားကြည့်မိတော့ တကယ်ပင် မိုက်မဲလွန်းသည့် အပြုအမူ ဖြစ်လေသည်။

မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်မှသာ မိမိ၏ အရာ ဖြစ်ပေမည်။

...

အပိုင်း (၁၉၅) ယုံကြည်မှု

သန်းခေါင်ချိန် ရောက်လုနီးအချိန်မှ လီကျင့်သည် အိမ်တော်သို့ ပြန်လာခဲ့၏။

ရှောင်ယွမ်နှင့် တပ်မှူးကြီးကျော်တို့သည် လီကျင့်၏ နောက်မှ တစ်ဖက်တစ်ချက်စီမှ လိုက်ပါလာကြလေသည်။

တံခါးစောင့် အိမ်တော်ထိန်း လီကုန်းကုန်းသည် ဖော်ရွေပြူငှာစွာ ရှေ့သို့ထွက်ကြိုလိုက်ပြီး မသိမသာ သတင်းစကားဆိုလိုက်၏။ "ဒီနေ့ နေ့လယ်တုန်းက တပ်မှူးလုက ခြံစောင့်ခေါင်းဆောင်လေးယောက်ကို ဟွမ်စစ်ဖေးဆီ လာတွေ့ဖို့ ခေါ်လာခဲ့ပါတယ်။ ကျွန်တော်မျိုး ကြည့်ရတာကတော့ အဲဒီ့ ခြံစောင့်ခေါင်းဆောင်၄ယောက်လုံးက သိုင်းသမားတွေနဲ့တူပါတယ် - "

လီကျင့်၏ ခြေလှမ်းများသည် ခဏလောက် ရပ်တန့်သွားပြီး ယွီကုန်းကုန်းကို တစ်ချက်လှမ်းကြည့်လိုက်၏။

လေအေးများက တဖြူးဖြူးတိုက်ခတ်နေပြီး စင်္ကြန်လမ်းမရှိ မီးအိမ်သည် လေတိုက်နေသဖြင့် အနည်းငယ် ယိမ်းထိုးနေကာ မှိန်ဖျော့ဖျော့ အလင်းရောင်သည်လဲ လှုပ်လီလှုပ်လဲ့ ဖြစ်နေလေသည်။ ထိုအလင်းရောင်တို့သည် လီကျင့်၏ ခန့်မှန်းရခက်သော ချောမောလှသည့် မျက်နှာပေါ်သို့ ကျရောက်လို့နေ၏။

ယွီကုန်းကုန်း၏ စိတ်ထဲတွင်လည်း ထိတ်ခနဲဖြစ်သွားတော့သည်။

လီကျင့်က တည်ငြိမ်စွာပြောလိုက်၏။ "ဟွမ်စစ်ဖေးက ဘာလုပ်လုပ် ဘယ်သူ့ကိုပဲတွေ့တွေ့ ဒါက သူ့ကိစ္စပဲ။ ငါ့ကို လာပြီးတော့ သတင်းပို့စရာမလိုဘူး"

ယွီကုန်းကုန်း၏ နဖူးတွင် ချွေးစေးများစို့လာပြီး ခါးကို ပိုလို့ပင် ကိုင်းညွတ်ထားလိုက်ရတော့သည်။ "အရှင်မင်းသားပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုး စကားများသွားပါတယ်။ ကျွန်တော်မျိုးကို ရိုက်သတ်သင့်ပါတယ်။ ထိုသို့ပြောရင်း သူသည် မိမိ၏ပါးကို နှစ်ချက်လောက် ရိုက်လိုက်လေသည်။

လီကျင့်၏ အသံမှာ အနည်းငယ် ပျော့ပျောင်းသွားတော့၏။ "မင်းက တံခါးစောင့် အိမ်တော်ထိန်းတစ်ယောက်အနေနဲ့ အိမ်တော်ထဲကို ဝင်လာတဲ့လူတွေကို သတိထားစောင့်ကြည့်ရတာက မင်းရဲ့တာဝန်ပဲလေ။ ဘာအမှားရှိလို့လဲ။ ငါက မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ဆိုရင်တော့ ငါ့ကို လာပြီးတော့ သတင်းပို့စရာမလိုဘူး"

ယွီကုန်းကုန်းသည် တိုးညှင်းစွာ ဟုတ်ကဲ့ဟု ပြန်ဖြေလိုက်ပြီး နောက်ထပ် စကားမဆိုဝံ့တော့ချေ။

ရှောင်ယွမ်နှင့် တပ်မှူးချုပ်ကျော်တို့သည် တိတ်ဆိတ်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဘာစကားမှ မပြောလိုက်ကြပေ။

အမှန်တကယ်တွင်တော့ ဒါကလဲ ကြီးကြီးမားမား ကိစ္စတစ်ခု မဟုတ်ချေ။ လုမင်ယွိသည် ဒုတိယမင်းသားအိမ်တော်၏ အိမ်ရှင်သခင်မဖြစ်နေပြီဖြစ်ရာ ခြံစောင့်ခေါင်းဆောင် အနည်းငယ်ကို ခေါ်ယူတွေ့ဆုံခြင်းက ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စသာပင်။

ယွီကုန်းကုန်းပြောသည့် သိုင်းသမားများဆိုသည့် ကိစ္စကတော့ လုအိမ်တော်မှ လက်ဖွဲ့လိုက်သည့် အိမ်တော်ထိန်းများပင် ကြောက်စရာကောင်းလောက်အောင် ကြမ်းတမ်းခက်ထန်နေသည် မဟုတ်ပါလား။ ထူးဆန်းအံ့သြစရာ ဘာရှိပါမည်နည်း။

အဓိက အရေးကြီးဆုံးမှာ သခင်ဖြစ်သူက နည်းနည်းလေးမှ စိတ်ထဲမထားခြင်းပင်။ သူတို့သည်လည်း ဝင်ပြီး စကားများစရာ အကြောင်းမရှိချေ။

-

လီကျင့်သည် ခြေလှမ်းများကိုရွှေ့ကာ အိပ်ဆောင်ထဲသို့ ပြန်ဝင်လာခဲ့၏။

လုမင်ယွိကတော့ ရေချိုးပြီးနေပြီ ဖြစ်သည်။ ပျော့ပျောင်းသည့် အလယ်တစ်ထပ်ဝတ်စုံကို ဝတ်ဆင်ကာ စာအုပ်တစ်အုပ်ကို ကိုင်ပြီးဖတ်ရှုနေလေသည်။

နက်မှောင်လှသည့် ဆံနွယ်ရှည်များက ပုခုံးထက်တွင် ပိုးသားကဲ့သို့ ချောမွေ့စွာ ဖြန့်ချနေလေ၏။ ပျော့ပျောင်းလှသည့်ဝတ်စုံသည် လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းများကို ဖုံးအုပ်ထားသော်ငြားလည်း ဖြူဝင်းနေသည့်လည်တိုင်နှင့် ရင်ဘတ်ရှေ့က ဖြူနုနေသည့် အသားစိုင်ထဲကိုတော့ မြင်တွေ့နေရသေးသည်။

လီကျင့်သည် လည်ချောင်းက ခြောက်ကပ်လာခဲ့ပြီး ခန္ဓာကိုယ်ထဲက သွေးများဆူပွက်လာကာ ပူနွေးသည့် အရှိန်တို့သည်လဲ အောက်ဘက်သို့ တိုးဆင်းသွားလေတော့သည်။

လုမင်ယွိသည် ခြေသံကို ကြားလိုက်သော်ငြားလည်း ထပြီးမကြိုဆိုဘဲ ခေါင်းကိုမော့ကာ တစ်ချက်လှမ်းမေးလိုက်၏။ "ဒီည ရှင်မူးအောင် သောက်ပြန်လာပြန်ပြီလား"

လီကျင့်ကလဲ ခပ်တိုးတိုးလေး ရယ်မောလိုက်လေ၏။ "မသောက်ပါဘူး။ သုံးခွက်ပဲသောက်ခဲ့တာ။ ထပ်မသောက်ခဲ့ဘူး"

ဒီညသည် စာပေပညာရှင်တစ်ဦးက ပွဲကျင်းပကာ လီကျင့်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်လေသည်။ ပွဲတွင် နိုင်ငံရေးအကြောင်းအရာများ မဆွေးနွေးကြဘဲ ကွန်ဖြူးရှပ်နှင့် မန်စီးရှပ်တို့၏ လမ်းစဥ်များကိုသာ အနည်းငယ် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ လီကျင့်သည် အရက်သိပ်မသောက်နိုင်သလို သူ့ကို အရက်လာတိုက်ရဲသူလဲ မရှိချေ။

လီကျင့်က ထိုသို့ပြောရင်း သူမ၏ ပါးပြင်လေးကို နမ်းရှိုက်ရန် တိုးကပ်လာခဲ့၏။

ပူပြင်းလှသည့် နှုတ်ခမ်းတစ်စုံသည် ပါးပြင်ပေါ်သို့ ကျရောက်လာသည်နှင့် အနည်းငယ် ယားယံသွားတော့၏။

လုမင်ယွိ၏ မျက်နှာထက်တွင် နီမြန်းသည့်အရိပ်များ ပျံ့နှံ့သွားတော့သည်။ သူမသည် လီကျင့်ကို လက်ဖြင့် ထုနှက်လိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်တော့၏။ "ရှင့်ကိုယ်ပေါ်မှာ အရက်နံ့တွေချည်းပဲ။ ရေသွားချိုးပြီး အဝတ်လဲပြီးမှ ပြန်လာခဲ့"

အရက်ပွဲတွင် လူတိုင်းအရက်သောက်ကြသဖြင့် လီကျင့် သောက်လာသည်က မများသော်ငြားလည်း တစ်ကိုယ်လုံးတွင် အရက်နံ့များ စွဲကပ်လို့နေသည်။

လီကျင့်ကလဲ အမြန်ဆုံးနှုန်းဖြင့် ရေချိုးအဝတ်အစားလဲပြီးနောက် အိပ်ခန်းဆောင်ထဲသို့ ပြန်ဝင်လာခဲ့၏။ စကားတစ်ခွန်မှ မပြောသေးဘဲ ကုတင်ပေါ်သို့ မြန်မြန်တက်သွားလိုက်တော့သည်။ ထိုအလောတကြီး မျောက်တစ်ကောင်နှင့်တူလှသည့် ပုံစံကြောင့် လုမင်ယွိမှာ ခပ်တိုးတိုး ရယ်မောမိလေတော့သည်။

မကြာမီတွင် ထိုရယ်သံလေးများသည် လောဘကြီးပြီး ပူပြင်းနေသော နှုတ်ခမ်းတစ်စုံ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေတော့သည်။

အချိန်တော်တော်လေး ကြာမြင့်သွားပြီးနောက်မှ ခြင်ထောင်ထဲက လှုပ်ရှားမှုများ အားလုံးက ငြိမ်သက်သွားလေတော့၏။

လီကျင့်သည် ကျေနပ်စွာဖြင့် လုမင်ယွိကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ပြီး ခန္ဓာကိုယ်ချင်းနီးကပ်ကာ စိတ်နှလုံးထဲက ဆာလောင်မှုများကို ဖြေသိမ့်လိုက်လေတော့သည်။

လုမင်ယွိသည်လဲ ဒီလိုရင်းနှီးပူးကပ်စွာ နေရသည်ကို နေသားကျလာပြီဖြစ်ပြီး ခေါင်းချင်းဆိုင်ကာ တီးတိုးပြောလိုက်တော့သည်။ "ဒီနေ့ နေ့လယ်တုန်းက ကျွန်မ ခြံစောင့်ခေါင်းဆောင်၄ယောက်ကို အိမ်တော်ထဲ ခေါ်လိုက်တယ်။ ရှင် ကျွန်မကို ဘာဖြစ်လို့ သူတို့ကို ရုတ်တရက် ခေါ်လိုက်တာလဲဆိုတာ မမေးတော့ဘူးလား"

လီကျင့်ကလဲ အသံမထွက်ဘဲ ပြုံးလိုက်တော့သည်။ "မင်း ပြောချင်ရင် ကိုမမေးဘဲလည်း မင်းပြောမှာပဲလေ။ မင်း မပြောချင်ဘူးဆိုရင်တော့ ကိုမေးလဲ မင်းဖြေမှာ မဟုတ်ဘူး"

လုမင်ယွိကလဲ မရယ်ဘဲ မနေနိုင်တော့ချေ။ "ရှင် အခု ကျန်းထိုက်ကုန်းလို ငါးမျှားနေတာလား"

လီကျင့်ကလဲ ရယ်မောလိုက်လေ၏။ "တကယ်တော့ ခုနက ကိုယ်အိမ်တော်ကို ပြန်ရောက်တာနဲ့ ယွီကုန်ကုန်းက ဒီကိစ္စကို ကို့ကို ပြောပြီးပါပြီ။ အဲဒီ့ ခြံစောင့်၄ယောက်စလုံးက သိုင်းသမားတွေချည်းပဲ ဆိုတာကိုတောင် တမင်ထည့်ပြောသွားသေးတယ်။ ကို သူ့ကိုလည်း ဆူပူလိုက်ပြီးပြီ"

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ဒါက သူ့ရဲ့တာဝန်ပဲလေ။ တကယ်လို့ သူက တစ်ခုခုမှားယွင်းနေတာ သိရက်သားနဲ့ ရှင့်ကို အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် သူက သူ့တာဝန်ကို ပျက်ကွက်ခဲ့တာပဲပေါ့"

ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူမက ဆက်ပြောလိုက်၏။ "ကျွန်မအဖေက စစ်သူကြီးတစ်ယောက်။ တစ်နှစ်ပတ်လုံး စစ်တပ်ကိုဦးဆောင်ပြီး စစ်တိုက်နေရတာ။ စစ်တိုက်တယ်ဆိုမှတော့ သေဆုံးဒဏ်ရာရတတွေက ရှောင်လွှဲလို့မရဘူးပေါ့။ တစ်ချို့ဆိုရင် အဖေရော အမေပါ သေဆုံးသွားကြပြီး နောက်အိမ်ထောင်ပြုသွားကြလို့ သူတို့ကို စောင့်ရှောက်ပေးမဲ့သူ ဘယ်သူမှ မရှိတော့ဘူးလေ။ အဖေက ဒီကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ စပါးတွေကို ထောက်ပံ့ပေးတယ်။ အဲဒီ့ ကလေးတွေကို မွေးစားထားတယ်။ သူတို့ကို စာသင်ပေးသလို သိုင်းပညာလဲ သင်ပေးထားတယ်လေ"

"၁၀နှစ်ကျော် ကြာလာတော့ နည်းနည်းကနေ များလာပြီး အခုဆိုရင် လူနစ်ထောင်တောင် ရှိနေပြီ။ ကျွန်မအဖေက သူတို့ကို လယ်ယာခြံမြေ လေးခုခွဲပြီးတော့ ထည့်ထားတယ်။ အပေါ်ယံမှာတော့ လယ်လုပ်တဲ့ လယ်ငှားတောင်သူတွေလို့ ထင်ရပေမဲ့ တကယ်တော့ သူတို့အားလုံးက ရဲစွမ်းသတ္တိရှိတဲ့ စစ်သားကောင်းတွေကြီးပဲ"

"ဒါက လုအိမ်တော်ကနေ လျှို့ဝှက်အနေနဲ့ အသုံးချနိုင်တဲ့ စစ်အင်အားအားလုံးပဲ"

"ကျွန်မ လက်ထပ်ပြီး ထွက်လာတဲ့နေ့မှာ အဖေက သူတို့အားလုံးကို ကျွန်မဆီ ပေးလိုက်တယ်။ ဒီနေ့ ကျွန်မ ခြံစောင့်ခေါင်းဆောင် ၄ယောက်ကို အိမ်တော်ကို ခေါ်လိုက်တာက ပထမအနေနဲ့ ကျွန်မ သူတို့ကို တွေ့ချင်လို့ပဲ။ ဒုတိယအချက်ကတော့ ဒီလျှို့ဝှက်အဖွဲ့တွေရဲ့ နေ့စဥ်လေ့ကျင့်မှု အခြေအနေကို မေးမြန်းချင်လို့ပဲ"

ဒီကိစ္စများကို ဖုံးကွယ်ထားရန် မလိုအပ်သလို ဖုံးကွယ်ထားလို့လဲ ရမည် မဟုတ်ပေ။

လီကျင့်ကလဲ ပြုံးပြီး ခေါင်းညိမ့်ပြလိုက်၏။ "ယွဲ့ဖုက မင်းကို တကယ်ချစ်တာပဲ။ ဒီလောက်နှစ်တွေ အကြာကြီး စုဆောင်းထားတဲ့မိသားစုရဲ့ အရင်းအနှီးအားလုံးကို မင်းကိုပေးလိုက်တာပဲ"

လုမင်ယွိက မော့ကြည်ကာ လီကျင့်ကို ကြည့်လိုက်လေသည်။ "ဒီလျှို့ဝှက်တပ်ဖွဲ့တွေက ကျွန်မ တစ်ယောက်တည်းရဲ့အမိန့်ကိုပဲ နာခံတာ"

လီကျင့်က ပြုံးလိုက်ပြီး အင်းဟု ခပ်တိုးတိုး ပြောလိုက်လေသည်။ "ဒါက မင်းရဲ့လက်ဖွဲ့ပစ္စည်းပဲလေ။ မင်း ဘယ်လိုသုံးချင်လဲ။ ဘယ်အချိန်မှာ သုံးချင်လဲ။ ဒါတွေအားလုံးက မင်းရဲ့ကိစ္စပါပဲ"

လုမင်ယွိသည် လီကျင့်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်လေ၏။ အတန်ကြာမှ တိုးညှင်းစွာ မေးလိုက်သည်။ "လီကျင့် ရှင် တကယ်ပဲ စိတ်ထဲမှာမထားဘူးလား"

လီကျင့်က လုမင်ယွိနှင့် အကြည့်ချင်းဆုံလိုက်ကာ "ကို နည်းနည်းလေးမှ စိတ်ထဲမထားဘူးလို့ပြောရင် မင်း ယုံမှာမဟုတ်ဘူး။ အရင်က မင်း လျှို့ဝှက်တပ်ဖွဲ့ကို လီဟောက်ကို ပေးခဲ့တယ်။ လီဟောက်က လုမျိုးနွယ်ရဲ့ လျှို့ဝှက်တပ်ဖွဲ့ကိုရခဲ့ပြီး ကျားကိုတောင်ပံတပ်ပေးလိုက်သလိုပဲ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ လီဟောက်က မင်းကို သစ္စာဖောက်သွားခဲ့တယ်လေ"

"ကိုကတော့ သူနဲ့မတူဘူး။ သူက မင်းကိုလဲ လိုချင်တယ်။ လုမျိုးနွယ်ရဲ့ စစ်အင်အားကိုလဲ လိုချင်ခဲ့တာ"

"ကိုကတော့ အစကနေအဆုံးအထိ လိုချင်ခဲ့တာ မင်းတစ်ယောက်တည်းပဲ"

ထိုနက်မှောင်လှသည့် မျက်ဝန်းတစ်စုံသည် သူမ၏ အကြည့်များကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားလေ၏။

သည်အခိုက်အတန့်တွင် ကျောက်တောင်ကဲ့သို့ မာကျောလှသည့် နှလုံးသားပင်လျှင် တုန်ခါယိမ်းယိုင်သွားလေတော့သည်။

လုမင်ယွိသည် အကြည့်ကို အရင်လွှဲထားလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။ "ရှင့်ဘက်က ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်"

လီကျင့်က မသိမသာ ပြုံးလိုက်ကာ သူမကို ရင်ခွင်ထဲတွင် တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်တော့သည်။

သူက သူမကို ယုံကြည်သော်ငြားလည်း သူမကတော့ သူ့ကို အပြည့်အဝ မယုံကြည်သေးပေ။

ကိစ္စတော့ မရှိပါဘူး။ ငါတို့တွေက လင်မယားတွေပဲလေ။ တစ်ဘဝလုံး အချိန်ရှိသေးတာပဲ။ သူစိတ်နှလုံးသားကို ဖြည်းဖြည်းချင်း ဖွင့်လာတဲ့အထိ စောင့်ရမှာပေါ့လေ။

-

အချိန်သည် မြန်မြန်ပင် ကုန်ဆုံးသွားပြီး နောက်ထပ်၅ရက်တာ ကုန်ဆုံးသွားခဲ့လေသည်။ လုမင်ယွိ လက်ထပ်ပြီး တစ်လတိတိ ပြည့်မြောက်သွားသောအခါ သူမသည် လီကျင့်နှင့် လုအိမ်တော်သို့ ရက်အနည်းငယ် ပြန်လည်နေထိုင်ရန် တိုင်ပင်ဆွေးနွေးလေသည်။

လီကျင့်ကလဲ ချက်ချင်းပြောလာခဲ့၏။ "ကို မင်းနဲ့အတူတူ ပြန်လိုက်နေမယ်"

လုမင်ယွိ၏ စိတ်ထဲတွင် နွေးထွေးသွားသော်ငြားလည်း ပါးစပ်ကတော့ ပြောလိုက်သေးသည်။ ဒီကိစ္စကို မူဟုပ်သာ သိသွားရင် စိတ်မကောင်းဖြစ်နေမှာ စိုးရတယ်"

နောက်ဆုံး လီကျင့်၏ အဆင့်အတန်းက ကွာခြားလှသည်။ သူ၏ လှုပ်ရှားမှုတိုင်း စကားလုံးတိုင်သည် လူအများ၏ အာရုံစိုက်ခြင်းကိုခံနေရ၏။ သူတို့ လက်ထပ်ပြီး တစ်လအတွင်းမှာပင် မည်သူက အပြင်ဘက်တွင် ကောလဟလများ လျှောက်လွှင့်နေသည် မသိချေ။ လီကျင့်တွင် ‘မယားကြောက်’ဟူ၍ နာမည်ဆိုးပင် ထွက်နေလေသည်။

လီကျင့်ကတော့ ပြုံးကာ ပြောလိုက်၏။ "မူဟုပ်က အဲလို သဘောထားသေးတဲ့သူမျိုး မဟုတ်ပါဘူး။ ကိုက ယွဲ့ဖုမိသားစုနဲ့ တရင်းတနှီး ရှိနေတာကို သူ ဝမ်းသာမှာ သေချာပါတယ်။ ဒီကိစ္စကို မင်း စိတ်ပူမနေနဲ့တော့။ ကို နန်းတော်ထဲဝင်တဲ့အခါ မူဟုပ်ကို ပြောလိုက်ပါ့မယ်"

ဒါကလဲ လီကျင့်၏ အပါးနပ်ဆုံးအချက်ပင်။

မည်သည့်ကိစ္မမဆို သူကိုယ်တိုင်က ချောင်မိဖုရားခေါင်ထံသို့ သွားရောက် ပြောဆိုတတ်လေသည်။ ထိုသို့ဖြင့် ယောက္ခမနှင့် ချွေးမတို့နှစ်ဦးသည် တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ထဲတွင် မသာမယာ ဖြစ်စရာအကြောင်းများကို ရှောင်ရှားနိုင်ခဲ့လေသည်။

လီကျင့်က ထိုနေ့တွင်ပင် ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ပြီး ချောင်မိဖုရားခေါင်ကို ထိုကိစ္စအား ပြောပြလိုက်တော့၏။

ချောင်မိဖုရားခေါင်သည် အစပိုင်းတွင်တော့ အနည်းငယ် ဆန္ဒမရှိသော်ငြားလည်း သူက ယောက္ခထီးဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့နှင့် ရင်းနှီးလာသည်ဟု လီကျင့်က ပြောလာသည်ကို ကြားလိုက်ရသောအခါ သူမသည်လဲ အလွန်ဝမ်းသာသွားပြီး ပြုံးကာပြောလာတော့သည်။ "ရှင်းယန်ဝမ်က သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီး စစ်သူကြီးတစ်ယောက်ပဲ။ လုဖေးကလဲ လူငယ်မျိုးဆက် စစ်သူကြီးတွေထဲက ခေါင်းဆောင်တစ်ယောက်ပဲ။ လုမိသားစုအိမ်မှာ ခဏလောက်သွားနေတုန်း သူတို့ဆီက အကြံအဉာဏ်တောင်းဖို့လဲ မမေ့နဲ့အုံး"

...

All Chapters