အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အပိုင်း (၁၉၆) ခဏတာနေထိုင်ခြင်း
လီကျင့်သည် အင်းအားများစွာ အသုံးပြုစရာမလိုဘဲ ချောင်မိဖုရားခေါင်ကို နားချနိုင်ခဲ့လေသည်။
လုမင်ယွိ၏ စိတ်ထဲတွင်လည်း ပျော်ရွှင်ကြည်နူးနေမိ၏။
သူမသည် နှုတ်ရေးကြွယ်ဝသည့် လူအများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မကြောက်ရွံ့သူ ဖြစ်ပေသည်။ သို့သော်ငြားလည်း ပြဿနာများကို အေးချမ်းစွာ ဖြေရှင်းနိုင်မည်ဆိုလျှင်တော့ မည်သူကမှ တနေ့လုံး ဆူးအပြည့် ထောင်ထားချင်မည် မဟုတ်ပေ။
ချီယွင်သည် အစေခံမိန်းကလေးများကို ဦးဆောင်ကာ အဝတ်အစား ပစ္စည်းသေတ္တာများကို ထုပ်ပိုးသိမ်းဆည်းပြီး မြင်းလှည်းတစ်စီးအပြည့် ဖြစ်သွားတော့သည်။ လုမင်ယွိသည် လက်ထပ်ပြီးနောက်တွင် မြင်းစီးကာ ခရီးထွက်ခြင်းနည်းပါးသွားပြီး မြင်းလှည်းကိုသာ အစီးများလာလေသည်။ ယနေ့ လုအိမ်တော်သို့ ပြန်ရမည်ဖြစ်သဖြင့် စိတ်အခြေအနေမှာ အလွန်တရာကောင်းမွန်နေပြီး အနီရောင်သိုင်းဝတ်စုံလေးကို ဝတ်ဆင်ကာ နီညိုရောင်မြင်းကြီးကို စီးနင်းလိုက်ပါလာသည်။ ထိုတက်ကြွနေသည့် ဟန်ပန်မှာ ကြည့်ရှုသူကို အလွန်ဆွဲဆောင်နိုင်လေသည်။
လီကျင့်သည် သူ၏ ကြင်စဦးဇနီးချောလေးကို ကြည့်ရင်း မျက်ဝန်းထဲက အပြုံးရိပ်တို့မှာ လျှံကျတော့မတတ်ပင်။
ထိုအချိန်မှာပင် တတိယမင်းသား အိမ်တော်၏ ပင်မတံခါးသည်လဲ ပွင့်လာခဲ့၏။ အကျွမ်းတဝင်ရှိနေသည့် အရိပ်တစ်ခုက မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့တော့သည်။
လီဟောက်သည် မြင်းကြီးတစ်ကောင်ကို ဆွဲကာ ထွက်လာခဲခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ မြင်းစီးပြီး ပျော်ပွဲစားထွက်ရန် သို့မဟုတ် အမဲလိုက်ထွက်ရန် ပြင်နေပုံရ၏။ အိမ်နီးချင်းအဖြစ် နေထိုင်ရခြင်းမှာ ဤကဲ့သို့ပင်။ မျက်နှာချင်းဆိုင် တွေ့နေရသည်ဖြစ်သဖြင့် လုံးဝရှောင်ရှားနိုင်ရန်က မဖြစ်နိုင်ပေ။
လီကျင့်က အဝေးမှ တစ်ချက် လှမ်းကြည့်လိုက်ပြီး လုမင်ယွိကို ပြောလိုက်၏။ "ကို စန်းတိကို သွားနှုတ်ဆက်လိုက်အုံးမယ်"
လုမင်ယွိကလဲ ပြုံးကာ အသာအယာ ခေါင်းညိမ့်ပြလိုက်ပြီး အတူတူ လိုက်သွားလိုသည့် အရိပ်အယောင်မရှိသည်မှာ ထင်ရှားလေသည်။
လီကျင့်သည်လဲ အတင်းအကျပ် မတိုက်တွန်းတော့ဘဲ မိမိဘာသာ တတိယမင်းသား အိမ်တော်တံခါးရှေ့သို့သွားကာ လီဟောက်နှင့် စကားစမြည်ပြောဆိုလိုက်၏။ "အာ့တိက ဘယ်သွားမလို့လဲ"
လီဟောက်ကလဲ ပြုံးပြီးပြန်ဖြေလာသည်။ "ဒီနေ့က နားရက်လေ။ ဘာလုပ်စရာမှ မရှိတာနဲ့ ကျွန်တော် စစ်တိနဲ့ ဝူတိတို့ကို ချိန်းထားတယ်။ အတူတူ မြင်းစီးပြီး အမဲလိုက်ထွက်မလို့" ခဏလောက် ရပ်တန့်လိုက်ပြီးမှ လီကျင့်ကို ပြုံးကာ မေးလာသည်။ "အာ့ကောက အာ့စောင်ကို အိမ်ပြန်ပို့မလို့လား"
လီကျင့်ကလဲ ရယ်မောလိုက်ကာ "ပြန်ပို့တာ မဟုတ်ပါဘူး။ သူနဲ့အတူတူ လုအိမ်တော်မှာ ရက်နည်းနည်းလောက် သွားနေပြီးမှ ပြန်လာမှာ"
လီဟောက်သည် လုမင်ယွိရှိရာသို့ လှည့်မကြည့်မိစေရန် စိတ်ကို ထိန်းထားရင်း လီကျင့်ကို ပြုံးကာပြောလိုက်၏။ "အာ့ကောနဲ့အာ့စောင်က ဒီလောက်ချစ်ခင်နေကြတာ အားကျစရာကောင်းလိုက်တာ"
"နောက်ထပ် ရက်အနည်းငယ်နေရင်လည်း မင်းလဲ မင်္ဂလာဆောင်တော့မှာပဲလေ" လီကျင့်က မျက်နှာအရောင် ပြောင်းလဲမသွားဘဲ ပြုံးကာ ပြောလိုက်လေသည်။ "အဲဒီ့အခါကျရင် တခြားလူတွေက မင်းတို့ကို အားကျရမဲ့အလှည့် ရောက်လာမှာပေါ့"
လီဟောက်က ဖွဖွကလေး ပြုံးလိုက်၏။ "အာ့ကောရဲ့ မင်္ဂလာစကားကို လက်ခံထားလိုက်ပါ့မယ်"
အခင်မင်ဆုံး မိတ်ဆွေနဲ့ အရက်သောက်လျှင် ခွက်တစ်ထောင်ပင် နည်းသည်ဟု ဆိုသော်ငြားလည်း အပေါက်အလမ်း မတည့်သူနှင့်တော့ စကားတစ်ခွန်း ပြောရသည်ကပင် များလှပေသည်။ ညီအစ်ကိုနှစ်ယောက်သည် ဟန်ဆောင်ပန်ဆောင် စကားအနည်းငယ် ပြောဆိုပြီးနောက် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကာ လမ်းခွဲလိုက်ကြတော့၏။
လီဟောက်သည် မြင်းကြီးပေါ်သို့ တက်လိုက်ပြီး ရှေ့သို့ တန်းတန်းမတ်မတ် စီးနင်းသွားကာ လုမင်ယွိကို လှည့်မကြည့်လာချေ။ ရင်ဘတ်ထဲတွင် ဆူပွက်နေသည့် သွေးများနှင့်အတူ အကျွမ်းတဝင်ရှိလှသည့် မကျေနပ်ချက်ဒေါသနှင့် မဆုံးနိုင်သော ခံစားချက်တို့က ရောနှောနေတော့သည်။ မျက်နှာကို တိုက်ခတ်လာသည့် နွေဦးလေပြေကပင် အလွန်ထက်ရှနေသလို ထင်ရတော့၏။ တစ်စချင်း တစ်စချင်း သူ၏ နှလုံးသားကို ထိုးခွဲနေသယောင်ပင်။
မြင်းစီးပြီး နန်းတော်တံခါး အပြင်ဘက်သို့ ရောက်လာသောအခါ စတုတ္ထမင်းသား လီရှန်နှင့် ပဥ္စမမင်းသား လီချန်တို့ ထွက်လာသည်ကို ကြုံကြိုက်သွားတော့သည်။
"စန်းကော မျက်နှာက ဘာလို့ သိပ်မကောင်းသလိုဖြစ်နေတာလဲ" လီချန်၏ အဆီများဖြင့် ပိတ်နေသည့် မျက်လုံးသေးသေးများက တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် အစ်ကိုဖြစ်သူက မူမမှန်ဖြစ်နေသည်ကို သိသွားတော့သည်။ "ဘာများဖြစ်လို့လဲ"
စတုတ္ထမင်းသားကတော့ လီဟောက်ကိုကြည့်ရင်း မျက်လုံးထဲတွင် ပွဲကြည့်ချင်သည့် အရိပ်အယောင်များ အပြည့်ဖြင့် ပြောလိုက်တော့သည်။ "မင်္ဂလာကိစ္စ ကြုံရတဲ့သူက စိတ်ရွှင်လန်းနေရမှာလေ။ စန်းကောက မကြာခင် မင်္ဂလာဆောင်ရတော့မှာဆိုတော့ ပျော်ရွှင်တက်ကြွနေရမှာပေါ့။ မျက်နှာက ဘာဖြစ်လို့ ဒီလောက်တောင် ညှိုးနွမ်းနေတာလဲ"
လီဟောက်က စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး ပြုံးလိုက်ကာ "မနေ့ညက အိပ်တာနောက်ကျသွားလို့ မျက်နှာသိပ်မကောင်းတာပါ။ အရေးကြီးတဲ့ကိစ္စ ဘာမှမရှိပါဘူး"
လီချန်သည် အစ်ကိုဖြစ်သူ၏ စကားကို အလွန်နားထောင်သူဖြစ်ရာ ချက်ချင်း ပါးစပ်ပိတ်ထားလိုက်ပြီး ဆက်မမေးတော့ချေ။ စတုတ္ထမင်းသားသည်လဲ အတင်းလိုက်မေးခြင်း မရှိသော်ငြားလည်း သူ့အကြည့်ထဲတွင်တော့ အဓိပ္ပါယ် များစွာ ပါဝင်လို့နေ၏။
လီဟောက်က မမြင်ချင်ယောင်ဆောင်လိုက်ပြီး နှစ်ယောက်လုံးကို မြင်းပေါ်တက်ရန် ပြုံးပြီးပြောလိုက်တော့သည်။ လူတိုင်း၏နောက်တွင် ကိုယ်ရံတော်များ ဒါဇင်နှင့်ချီပြီးရှိနေကာ ဝတ်စုံသစ်များ ဝတ်ဆင်ထားပြီး မြင်းများကိုစီးနင်းကာ လွတ်လပ်ပေါ့ပါးစွာ ရှိနေကြတော့၏။
...
လုအိမ်တော်
ပင်မတံခါးမကြီးကို ကျယ်ဝန်းစွာဖွင့်ထားပြီး လုလင်းသည် သူ၏သား ချွေးမတို့နှင့်အတူ တံခါးဝတွင် လုမင်ယွိ ပြန်အလာကို စောင့်မျှော်နေလေကြ၏။
လုဖေးက ရှန့်လန်ကို ဂရုတစ်စိုက် တွဲထားလေသည်။
ရှန့်လန်ကလဲ တိုးတိုးလေးရယ်မောကာ ကျီစယ်ကာ ပြောလိုက်၏။ "ကျွန်မက ကိုယ်ဝန်ရှိနေတာပါ။ နေမကောင်း ဖြစ်နေတာမှ မဟုတ်တာ ဒီလောက် တွဲထားစရာ လိုလို့လား။ လူတွေ လှောင်ရယ်မှာ မစိုးရိမ်ဘူးလား"
မနေ့က ရှန့်လန်သည် သမားတော်ကို ပင့်ဖိတ်ပြီး သွေးကြောစမ်းသပ်ကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း အမှန်တကယ်ပင် စမ်းသပ်တွေ့ရှိခဲ့ရ၏။ လုဖေးသည် ညနေပိုင်း အိမ်သို့ ပြန်ရောက်လာသောအခါ သတင်းကောင်းကို ကြားသိရပြီး ဝမ်းသာလွန်းသဖြင့် တညလုံးနီးပါး မအိပ်နိုင်ခဲ့ပေ။ ယနေ့ မနက်စောစော ထလာကတည်းက ရှန့်လန်၏ နောက်သို့ တကောက်ကောက် လိုက်နေပြီး အလွန်ဂရုစိုက်နေသည်မှာ ပြောဖွယ်ရာပင် မရှိတော့ချေ။
"ရယ်ချင်တဲ့သူ ရယ်ပါစေ။ ကိုကတော့ ဂရုမစိုက်ပါဘူး" လုဖေး၏ ပါးစပ်မှာ နားရွက် တက်ချိတ်တော့ မတတ်ပင် ဖြစ်နေတော့၏။ "စစ်မေ့ ဒီနေ့ပြန်လာတာ မင်း ကိုယ်ဝန်ရှိနေတာကိုသိရင် တကယ်ဝမ်းသာသွားမှာပဲ"
ရှန့်လန်ကလဲ နှုတ်ခမ်းကိုစေ့ထားပြီး ပြုံးလိုက်လေသည်။ "ပြီးခဲ့တဲ့ရက် အနည်းငယ်တုန်းက မုန့်အိမ်တော်ကို လက်ဖွဲ့သွားပေးရင်း ကျွန်မ စစ်မေ့ကို ဒီကိစ္စပြောပြီးသွားပြီ။ စစ်မေ့က သိတာကြာလှပေါ့"
လုဖေး "..."
သမီးယောက်မများကြားတွင် ယေဘုယျအားဖြင့် အဆင်ပြေစွာနေထိုင်ရန် ခက်ခဲလှလေသည်။ တခြားသူများမှာ မိမိ၏ဇနီးနှင့်ညီမတို့ အဆင်ပြေစွာ နေထိုင်ရေးအတွက် စိတ်ပူပန်နေရသော်ငြားလည်း သူ့အလှည့်ရောက်မှ ပြောင်းပြန်ဖြစ်လေတော့၏။ ရှန့်လန်နှင့် လုမင်ယွိတို့သည် အလွန်ရင်းနှီးချစ်ခင်ကြပြီး မပြောနိုင်သည့်စကားကလဲ မရှိသလောက်ပင်။ သူက ကောင်းသည်ထက်ပင် ပိုနေသေးသည်။
လုဖေးသည် စိတ်ထဲတွင် ဝမ်းသာသော်လည်း အပေါ်ယံတွင်တော့ မကျေမနပ် ဖြစ်ဟန်ဆောင်ကာ ပြောလိုက်၏။ "ဒီလိုသတင်းကောင်းကို ကိုက ပထမဦးဆုံး သိရမှာလေ။ ဘာဖြစ်လို့ စစ်မေ့ကို အရင်ပြောလိုက်ရတာလဲ"
ရှန့်လန်က ပြုံးလိုက်ပြီး သူ့ကို မျက်စောင်းထိုးလိုက်ကာ "ရှင်က နေ့တိုင်း စစ်တပ်ထဲမှာ နေနေတာ။ ၅ရက်မှ တခါပြန်လာတာလေ။ ကျွန်မက ရှင့်ကို ပြောချင်ရင်တောင် ရှင်ပြန်လာတာကို စောင့်ရအုံးမှာ"
လုဖေးကလဲ ချက်ချင်းဆိုသလို အလျှော့ပေးလိုက်ရတော့၏။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ အားလုံး ကိုယ့်အမှားတွေချည်းပါပဲ"
ရှန့်လန်က ရယ်မောရလွန်းသဖြင့် လက်ဖြင့် သူ့ကို ထုရိုက်လိုက်ပြီး လုဖေးကလဲ ရှန့်လန်၏လက်ကို ဆုပ်ကိုင်ထားလိုက်လေသည်။ ဇနီးမောင်နှံနှစ်ဦးသည် တီးတိုးစကားပြောဆိုရင်း အလွန်ရင်းနှီးချစ်ခင်နေကြတော့၏။
လုလင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပီတိဖြစ်မိလေ၏။ ချွေးမတွင် သတင်းကောင်းရှိနေပြီး သမီးကလဲ အိမ်တော်သို့ ခေတ္တ ပြန်လည်နေထိုင်မည်ဖြစ်ကာ မင်္ဂလာနှစ်ပါး တစ်ပြိုင်တည်း ဆိုက်ရောက်လာခြင်းပင်။
"ယိဖု မြန်မြန်ကြည့်ပါအုံး။ စစ်ကျဲ ပြန်လာပြီ!" လုရွှမ်းသည် အရပ်အပုဆုံးဖြစ်ကာ ခြေဖျားထောက်ပြီး လှမ်းမျှော်ကြည့်ရင်း အဝေးက မြင်းစီးပြီး တက်ကြွစွာ လာနေသည့်အရိပ်ကို မြင်လိုက်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ ပြောဆိုလိုက်၏။
လုလင်းက လုရွှမ်းထက် ခေါင်းတစ်လုံး ပိုမြင့်ပြီး အမြင်အာရုံစူးရှသဖြင့် လုရွှမ်းထက် စောစီးစွာပင် လုမင်ယွိ၏ အရိပ်ကို တွေ့မြင်ခဲ့လေသည်။ ချက်ချင်းဆိုသလို သူ့မျက်နှာသည် ဝင်းပသွားပြီး ခြေလှမ်းကျဲများဖြင့် ရှေ့တက်ကာ ကြိုဆိုလိုက်၏။
လုမင်ယွိသည် မြင်းကို စီးနှင်းလာပြီး ဇက်ကြိုးကို တင်းနေအောင် ဆွဲလိုက်ကာ မြင်းပေါ်မှ ခုန်ဆင်းလိုက်လေသည်။ "အဖေ!"
လီကျင့်က ခြေတစ်လှမ်း နောက်ကျပြီးမှ မြင်းပေါ်က မြန်မြန်ဆင်းလာကာ "ယွဲ့ဖု"ဟု နှုတ်ဆက်လိုက်တော့သည်။
လုလင်းသည် ကျယ်လောင်စွာ နှစ်ကြိမ်တိုင်တိုင် ပြန်ထူးလိုက်ရာ အားလုံးမှာ ရယ်မောလိုက်ကြတော့သည်။
ရှန့်လန်သည်လဲ ခြေလှမ်းကျဲများဖြင့် ရှေ့ထွက်ကာ ကြိုဆိုချင်သော်ငြား လုဖေးက သားငယ်ကို ကာကွယ်နေသည့် ကြက်မကြီးလို ပြောလိုက်လေသည်။ "ဖြည်းဖြည်းလျှောက်ပါ။ အိုး ... ဖြည်းဖြည်းလျှောက်ပါ။ ကိုယ်ဝန်ကို ထိခိုက်ပြီး ကိုယ့်ဟာကို ဒဏ်ရာရသွားအုံးမယ်"
ထိုပုံမှာ တော်တော်လေးကို ကြည့်ရဆိုးလှလေသည်။
လုမင်ယွိက ပြုံးပြီး အစ်ကိုဖြစ်သူကို စနောက်လေတော့၏။ "အာ့ကော နင်ကလဲ အရမ်းအပိုတွေ လုပ်နေတာပဲ"
လီကျင့်က ချက်ချင်းပင် ရယ်မောကာ ပြောလိုက်တော့သည်။ "တကယ်လို့ မင်းသာ ကိုယ်ဝန်ရှိရင် ကိုလဲ မင်းကို ခြေတစ်လှမ်းတောင် လျှောက်ခိုင်းမှာ မဟုတ်ဘူး။ ဘယ်သွားချင်လဲ လူတွေကို ဝေါယာဥ်နဲ့ ထမ်းပြီးတော့ပို့ခိုင်းမှာ"
ထိုစကား ထွက်လာသည်နှင့် လူအားလုံးမှာ တသောသော ရယ်မောကြတော့သည်။
...
မိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်းက ပြောမဆုံးနိုင်သည့် ပျော်ရွှင်မှုများကို ယူဆောင်လာပေးလေသည်။
ပင်မခန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး တစ်ယောက်တစ်နေရာစီ နေရာယူလိုက်ကြလေသည်။ လုမင်ယွိက ရှန့်လန်ကို အရင်ဆုံး မေးလိုက်၏။ "အာ့စောင် သမားတော်ကို သွေးကြောစမ်းခိုင်းသေးလား"
ရှန့်လန်၏ ပါးပြင်သည် အနည်းငယ် နီမြန်းသွားပြီး မျက်ဝန်းနက်နက်များထဲတွင်လည်း ဝမ်းမြောက်သည့် အရိပ်အယောင်များ တောက်ပလို့နေ၏။ "အင်း သမားတော်ကို သွေးကြော စမ်းခိုင်းပြီးပြီ။ ကိုယ်ဝန်ရှိနေတာ သေချာသွားပြီ။ သမားတော်က သွေးကြောက ပုံမှန်ပါပဲတဲ့။ အားဆးတွေ သောက်စရာမလိုဘဲ သွားလာနေထိုင်တာကို ဂရုစိုက်ရုံပဲတဲ့"
လုမင်ယွိသည် စိတ်ထဲတွင် ကျေနပ်ကာ ဝမ်းသာမိလေသည်။
အရင်ဘဝတုန်းက မရှိခဲ့တဲ့သတ္တဝါလေးက လုမျိုးနွယ်နာမည်ကို ဆက်ခံပြီး လုအိမ်တော်ရဲ့မျိုးဆက်ကို သယ်ဆောင်သွားတော့မှာပဲ။
လီကျင့်၏ အကြည့်များသည်လဲ လုမင်ယွိ၏ ပြားချပ်နေသည့် ဝမ်းဗိုက်လေးပေါ်သို့ ကျရောက်သွားလေသည်။
လုမင်ယွိမှာ အနည်းငယ် ရယ်ချင်စိတ် ဖြစ်သွားတော့၏။ "ရှင်က ကျွန်မကို ဘာကြည့်တာလဲ"
တခြား ဘာဖြစ်နိုင်အုံးမှာလဲ။
လီကျင့်က ပြုံးသော်ငြားလည်း စကားမပြောလိုက်ချေ။
လုရွှမ်းကလဲ နှုတ်သွက်သူဖြစ်ကာ အလောတကြီး ပြောလိုက်လေသည်။ "စစ်ကျဲဖူက စစ်ကျဲလဲ အာ့စောင်ရဲ့ မင်္ဂလာရှိတဲ့ အငွေ့အသက်တွေ ကူးစက်ပြီး မကြာခင် ကိုယ်ဝန်ရှိနိုင်ဖို့ တွေးနေတာဖြစ်မှာပေါ့"
လုမင်ယွိက ပြုံးကာ လုရွှမ်းကို မျက်စောင်းထိုး လိုက်သော်ငြားလည်း စိတ်ထဲတွင်တော့ ထူးဆန်းသည့် ခံစားချက်တစ်ခု တိုးထွက်လာတော့၏။
လက်မထပ်ခင် ရက်အနည်းငယ်တုန်းက သူမ ဓမ္မတာ လာခဲ့သည်။ လီကျင့်နဲ့ လက်ထပ်ပြီး တစ်လအတွင်း နေ့စဥ် အတူတူအိပ်ယာဝင်ခဲ့ကြပြီး ရင်းနှီးပူးကပ်သည့်ကိစ္စများ မည်မျှလုပ်ခဲ့ကြသည်ကို မသိနိုင်ချေ။ ရက်တွက်ကြည့်မည်ဆိုလျှင်တော့ သူမ၏ ဓမ္မတာ လာရမည့်ရက်သည်လဲ အနည်းငယ် ကျော်လွန်နေခဲ့လေသည်..
...
အပိုင်း (၁၉၇) လေးရှည်
ခဏအကြာတွင် လုမင်ဖန်းနှင့် လုမင်ဟွားတို့သည်လည်း မိမိတို့၏ ခင်ပွန်းသည်များနှင့်အတူ လုအိမ်တော်သို့ ပြန်လည် ရောက်ရှိလာကြလေသည်။
လုမင်ဖန်းသည် အဆော့သန်လှသည့် သားငယ်နှစ်ယောက်ကို ခေါ်ဆောင်လာခဲ့ပြီး အဝတ်အစား၊ ပစ္စည်းပစ္စယများမှာ မြင်းလှည်းတစ်စီးစာပင် ရှိနေကာ အကြာကြီးနေထိုင်ပြီးမှ ပြန်မည့်ဟန်ပန်မျိုး ဖြစ်နေ၏။ လုမင်ဟွားတွင်လည်း ရက်အနည်းငယ်ကြာ နေထိုင်ရန် အစီအစဉ် ရှိလေသည်။
ရှန်းလန်တွင် ကိုယ်ဝန်ရှိနေကြောင်း ကြားသိရသောအခါ လုမင်ဖန်းနှင့် လုမင်ဟွားတို့သည်လည်း မျက်နှာများ ဝင်းပကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
သူတို့မောင်နှမ ခြောက်ယောက်သည် သွေးမတော် သားမစပ်ကြသော်လည်း မောင်နှမအရင်းအချာများကဲ့သို့ပင်။ သူတို့အားလုံး အိမ်ထောင်ကျသွားကြပြီဖြစ်ပြီး လုရွှမ်းမှာလည်း ငယ်သေးသဖြင့် လုဖေးတွင် မျိုးဆက်ရှိလာကာ လုကျားမျိုးနွယ်၏ မီးခိုးအမွေကို ဆက်ခံနိုင်ခြင်းသည် သူတို့အတွက် ကြီးမားလှသော ပျော်ရွှင်စရာ သတင်းကြီးပင် ဖြစ်လေသည်။
"အာ့တိမေ့..." လုမင်ဖန်းက ရှန်းလန်၏လက်ကို ပြုံးရွှင်စွာ ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ "မင်း စိတ်အေးလက်အေးနဲ့ ကိုယ်ဝန်ကို ဂရုစိုက်လိုက်ပါ။ ပထမဆုံး ကိုယ်ဝန်မှာ သားယောက်ျားလေး ဖောင်းဖောင်းကစ်ကစ်လေး တစ်ယောက် မွေးနိုင်အောင် ကြိုးစား"
ရှန်းလန်က စကားတစ်ခွန်းမှ မဆိုရသေးမီမှာပင် လုမင်ယွိက ပြုံးကာ ကြားဖြတ်ပြောလိုက်လေသည်။ "သားပဲဖြစ်ဖြစ်၊ သမီးပဲဖြစ်ဖြစ်၊ ကျွန်မတို့အားလုံးက အတူတူပဲ ဝမ်းသာကြမှာပါ"
လုမင်ဖန်းသည်လည်း မိမိ စကားမှားသွားမှန်း သတိပြုမိသွားပြီး အကြိမ်ကြိမ် ရယ်မောကာ ပြောလိုက်၏။ "စစ်မေ့ ပြောတာ မှန်ပါတယ်"
ကလေးသည် ဝမ်းဗိုက်ထဲတွင် ရှိနေဆဲဖြစ်ရာ ယောက်ျားလေးလား၊ မိန်းကလေးလား မသိနိုင်သေးပေ။ ယခု ပါးစပ်ဖွင့်လိုက်တိုင်း မျိုးဆက်အကြောင်း ပြောနေခြင်းက ရှန်းလန်အပေါ် ဖိအားများ တိုးစေမည် မဟုတ်ပါလား။
ရှန်းလန်က နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်မိပြီး စိတ်ထဲတွင်လည်း တိတ်တိတ်လေး ကြည်နူးသွားမိ၏။ အချို့စကားများကို ချွေးမတစ်ယောက်၊ ညီမငယ်တစ်ယောက်ဖြစ်သည့် သူမအနေဖြင့် ဝင်ရောက်ပြောဆိုရန် အဆင်မပြေလှပေ။ ကံကောင်းထောက်မစွာဖြင့် လုမင်ယွိက အသေးစိတ်ကအစ နားလည်ပေးတတ်ပြီး သူမအတွက် ကြိုတင် ဖြေရှင်းပေးခဲ့လေသည်။
လုမင်ယွိက ရှန်းလန်ကို ပြုံးပြလိုက်ပြီးနောက် လုမင်ဟွားဘက်သို့ စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။ "စန်းကျဲ... မတွေ့ရတာကြာပြီ။ နင့်ကျန်းမာရေး ဘယ်လိုနေသေးလဲ။ ကိုယ်ဝန်ဆောင်တုန်း ဗိုက်အောင့်တာတွေ ဆိုးဆိုးရွားရွား ခံစားနေရလား"
လုမင်ဟွားသည် ကိုယ်ဝန် သုံးလ ရှိနေပြီဖြစ်ပြီး ဝမ်းဗိုက်သည် အနည်းငယ် ပူထွက်နေလေသည်။ ပွပွချောင်ချောင် ဂါဝန်ကို ဝတ်ဆင်ထားသဖြင့် ကိုယ်ဝန်ရှိမှန်း လုံးဝ မသိသာပေ။ သူမ၏ မျက်နှာသည် ပြည့်တင်းမလာသည့်အပြင် ယခင်ကထက်ပင် အနည်းငယ် ပိန်ကျသွားသယောင် ထင်ရသည်။
လုမင်ဟွားက ပြုံးကာ သက်ပြင်းချကာ ပြောလိုက်၏။ "ဒီအတောအတွင်းမှာ ငါ စားလိုက်တာနဲ့ ပြန်အန်နေရတာပဲ။ အသားငါး အနံ့ကို နည်းနည်းလေးတောင် မခံနိုင်ဘူး။ အသားနံ့လေး နည်းနည်းရလိုက်တာနဲ့ တစ်ခါထဲ ပြန်အန်ချင်တော့တာ"
လုမင်ဖန်းကလည်း ထောက်ခံလိုက်သည်။ "အရင်တုန်းက ငါ သာ့ပေါင်ကို လွယ်ထားရတုန်းကလည်း ဒီအတိုင်းပဲ။ နှစ်လလောက် အန်လိုက်ရတာ၊ ကိုယ်ဝန် သုံးလကျော်လောက်ကျမှ အစားနည်းနည်း ပြန်စားနိုင်တော့တယ်။ ဒါပေမဲ့... ကိုယ်ဝန်ဆောင်တုန်း အန်တာတွေ ရပ်သွားတာနဲ့ အစားစားချင်စိတ်ကလည်း အရမ်းကောင်းလာရော။ နင့်တို့ရဲ့ သာ့ကျဲဖူ စားတာတောင် ငါ့လောက် မစားနိုင်ဘူး"
ထိုစကားကြောင့် လူအားလုံး ဟာခနဲ ရယ်မောလိုက်ကြသည်။
သားသမီးများအားလုံး မျက်စိရှေ့တွင် စုံစုံလင်လင် ရှိနေပြီး ရယ်မောသံများဖြင့် ပြည့်နှက်နေသည်ကို မြင်ရသဖြင့် လုလင်းသည် အလွန်အမင်း ကျေနပ်ပီတိဖြစ်ကာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "မင်းတို့အားလုံး ပြန်ရောက်လာကြပြီဆိုတော့ ရက်နည်းနည်းလောက် ပိုနေပြီးမှ ပြန်ကြပေါ့"
သမီးများတွင် ကန့်ကွက်စရာ မရှိကြပေ။ သမက်များကတော့ တစ်ယောက်ထက်တစ်ယောက် ပိုလို့ပင် ဖော်ရွေကြင်နာ ရှိကြလေသည်။
ကျန်းကျုံးက ပြုံးလိုက်ပြီး ပြောလာလေသည်။ "ကျွန်တော် အမေနဲ့ ပြောခဲ့ပြီးပါပြီ။ မင်ဖန်းက သာ့ပေါင်နဲ့ ရှောင်းပေါင်ကို ခေါ်ပြီး ဒီမှာ နေခဲ့လိမ့်မယ်။ နောက်ရက်နည်းနည်းကြာလို့ ကျွန်တော် အားတဲ့အခါ စစ်စခန်းကနေ ပြန်လာမှ သူတို့သားအမိ သုံးယောက်ကို အိမ်တော်ပြန်ခေါ်သွားပါ့မယ်"
ဒုတိယသမက် ကျိုးလီကလည်း ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော်လည်း နေ့တိုင်း ရုံးဆင်းတာနဲ့ ဒီကို တန်းတန်းမတ်မတ် လာခဲ့ပါ့မယ်"
လုမင်ဟွားသည် အိမ်ထောင်ကျပြီးနောက်ပိုင်း ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာ ရှိလှ၏။ မိဘအိမ်သို့ ရက်အနည်းငယ် ပြန်လည်နေထိုင်ခြင်းကို သခင်ကြီးကျိုးနှင့် သခင်မကြီးကျိုးတို့က အလိုရှိနေကြသဖြင့် အနည်းငယ်မျှပင် တားဆီးခြင်း မရှိခဲ့ပေ။ ကျိုးလီ၏ တာဝန်မှာလည်း အေးအေးဆေးဆေးဖြစ်သဖြင့် ယောက္ခမအိမ်တော်တွင် အတူတကွ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ထင်မှတ်မထားသည်မှာ လီကျင့်ကပါ ပြုံးလိုက်ပြီး ပြောလာခြင်းပင်။ "ကျွန်တော်လည်း မူဟုပ်ကို ပြောခဲ့ပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း ကျွန်တော်နဲ့ ရှောင်ယွိ လုအိမ်တော်မှာပဲ အတူတကွ နေပါ့မယ်"
လုလင်းသည် စိတ်ထဲတွင် အလွန်အမင်း ကျေနပ်သွားခဲ့ပြီး အထူးသဖြင့် လီကျင့်အပေါ်တွင် ဖြစ်လေသည်။ မင်းသားတစ်ပါး ဖြစ်ပါလျက်နှင့် ယောက္ခမအိမ်တော်တွင် လာရောက်နေထိုင်ရန် ဆန္ဒရှိနေသည်ပင်။ ဤအချက်ကပင် သူသည် ရှောင်ယွိအပေါ် မည်မျှ အလေးအနက် ထားကြောင်း ပြသနေလေသည်။
လူစုံတက်စုံဖြင့် နာရီဝက်ခန့် စကားပြောဆိုကြပြီးနောက် အတူတကွ နေ့လယ်စာ သုံးဆောင်ကြသည်။
နေ့လယ်စာ စားပြီးနောက်တွင် လုလင်း၊ လုဖေးနှင့် ကျန်းကျုံးတို့သည် စစ်စခန်းသို့ သွားကြလေသည်။ ကျိုးလီက ရုံးတော်သို့ တာဝန်ထမ်းဆောင်ရန် သွား၏။ လီကျင့်သည် အမှန်တကယ်တွင် အလုပ်မရှိသော်လည်း လုမင်ယွိက သူ့ကို မျက်စိရှေ့တွင် လျှောက်သွားနေသည်ကို မျက်စိနောက်သဖြင့် နန်းတော်ထဲသို့ ပြန်လွှတ်လိုက်လေသည်။
ယောက်ျားများအားလုံး ထွက်သွားကြသောအခါ ညီအစ်မများ၊ ယောက်မများကြားတွင် ပြောဆိုကြသည့် စကားဝိုင်းသည် ပိုလို့ပင် ပွင့်လင်းလွတ်လပ်လာခဲ့သည်။
"ရှောင်ယွိ... အရှင်မင်းသားက နင့်အပေါ် တကယ်ကောင်းတာပဲ" လုမင်ဖန်း၏ မျက်လုံးများထဲတွင် ကျေနပ်မှုများ အပြည့်ရှိနေသည်။ "နင့်ကို ကိုယ်တိုင် ပြန်လိုက်ပို့တာ မဟုတ်ဘဲ မင်းနဲ့အတူတူ ယောက္ခမအိမ်တော်မှာ လာနေမယ်တဲ့"
လုမင်ဟွားက ပြုံးလိုက်ပြီး စကားဆက်ပြောသည်။ "ဟုတ်ပ။ အရှင်မင်းသားက စစ်မေ့အပေါ်မှာ သံယောဇဉ်ကြီးပြီး တာဝန်ကျေပွန်တယ်"
လုမင်ယွိက ရယ်မောလိုက်ပြီး "နင်တို့ သူ့ကွယ်ရာမှာ ချီးကျူးတာက ထားလိုက်ပါတော့။ သူ့ရှေ့မှာတော့ အဲ့ဒီလို သွားမပြောနဲ့။ မဟုတ်ရင် သူက ကျွန်မ သူ့အပေါ် ဘယ်လောက်တောင် ကျေနပ်နေလဲလို့ ထင်သွားဦးမယ်"
ရှန်းလန်က ခွိခနဲ ရယ်လိုက်မိလေသည်။ "ငါပြောရရင်တော့ နင်လည်း အရမ်းမလွန်လွန်းပါနဲ့။ တစ်နေ့လုံး ကိုယ့်ခင်ပွန်းကို အနိုင်ကျင့်နေတာ"
လုမင်ယွိကတော့ ဝန်မခံပေ။ "ငါက သူ့ကို ဘယ်တုန်းက အနိုင်ကျင့်နေလို့လဲ"
သုံးယောက်လုံးက သူမကို နှာခေါင်းရှုံ့သံ တပြိုင်နက်တည်း အသံပေးကြလေသည်။
လုမင်ယွိက နှာခေါင်းကို ပွတ်လိုက်ပြီး မျက်နှာပိုးမသေဘဲ ပြောလိုက်၏။ "ငါ သူ့အပေါ် အရမ်းကောင်းပါတယ်။ တကယ် အနိုင်မကျင့်ပါဘူး။ နင်တို့ မယုံရင် ညစာစားတဲ့အချိန်ကျမှ သူ့ကို ကိုယ်တိုင်မေးကြည့်လိုက်"
ဒါကို မေးစရာ လိုသေးလို့လား။
အားလုံး၏ မျက်လုံးများသည် မှန်တစ်ချပ်ကဲ့သို့ ကြည်လင်လို့နေသည်။
အချစ်ရေးတွင် ယောက်ျားက မြတ်ပြီး မိန်းမက နိမ့်သည်ဟူ၍ မရှိပေ။ မည်သူက ပိုပြီး နက်နက်ရှိုင်းရှိုင်း ကျရှုံးမိပြီး၊ မည်သူက ပိုပြီး အလေးအနက် ထားမိသည်။ ထိုသူက အရေးနိမ့်မည်မှာ သဘာဝပင်။
လီကျင့်၏ မျက်လုံးများထဲတွင် လုမင်ယွိ တစ်ယောက်တည်းသာ ရှိသည်။ လုမင်ယွိကရော... လီကျင့်အပေါ် မကောင်းဟု မဆိုနိုင်ပေ။ သို့သော် လီကျင့်နှင့် နှိုင်းယှဉ်လိုက်ပါက ရှင်းလင်းစွာပင် လိုအပ်ချက်များ ရှိနေသေးသည်။
လုမင်ဖန်းက ပြုံးလိုက်ပြီး ပြောလိုက်၏။ "ငါတို့က နင့်ကို သတိပေးစကား ပြောပြတာပါ။ အရှင်မင်းသားက နင့်အပေါ် စိတ်ရင်းအမှန်နဲ့ ဆက်ဆံပြီး နေရာတိုင်းမှာ နင့်အတွက်ပဲ စဉ်းစားပေးနေတာ။ နင်လည်း အရှင်မင်းသားအပေါ် နည်းနည်း ပိုကောင်းသင့်တယ်။ မဟုတ်ရင် သူ့နှလုံးသားလေး အေးစက်သွားမှာ စိုးရတယ်"
လုမင်ဟွားက ခေါင်းညိတ် ထောက်ခံ၏။ "သာ့ကျဲ ပြောတာ မှန်တယ်"
ရှန်းလန်ကလည်း ခေါင်းညိတ်၏။ "သာ့ကျဲ ပြောတာ မှန်ပါတယ်"
လုမင်ယွိ "..."
လုမင်ယွိသည် ခဏလောက် အလေးအနက် ပြန်လည်သုံးသပ်လိုက်ပြီး "ဒီလောက်တောင် သိသာနေတာလား"
သုံးယောက်လုံးက တစ်ပြိုင်နက် ခေါင်းညိတ်ပြကြ၏။
ဒါပေါ့။ ဒီလောက် သိသာနေတာ။
လုမင်ယွိက အနည်းငယ် မျက်နှာပူသလို ပြုံးလိုက်ပြီး "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါ နင်တို့စကား နားထောင်ပါ့မယ် ဟုတ်ပြီလား။ နောက်ဆိုရင် သူ့အပေါ် နည်းနည်းပိုကောင်းပြီး ဂရုစိုက်လိုက်ပါ့မယ်။ သူ နန်းတော်ထဲ မဝင်ချင်ဘဲ ငါ့မျက်စိရှေ့မှာ ပတ်ချာလည် လျှောက်သွားချင်နေရင်လည်း သူ့သဘောအတိုင်း ခွင့်ပြုလိုက်မယ်"
လုမင်ဖန်းတို့ သုံးယောက်မှာ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောကြသည်။
လုမင်ယွိသည်လည်း လိုက်ရယ်မောမိတော့သည်။
...
ညနေစောင်းသို့ ရောက်သောအခါ လီကျင့်သည် ကိုယ်ရံတော်တစ်ယောက်ကို စာပို့လွှတ်လိုက်ပြီး နန်းတော်တွင် ချောင်မိဖုရားခေါင်နှင့်အတူ ညစာသုံးဆောင်မည်ဖြစ်ကြောင်း အကြောင်းကြားလေသည်။
သားတစ်ယောက်အနေဖြင့် မိခင်အရင်းအပေါ် တာဝန်ကျေပွန်ခြင်းသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။ ထားလိုက်ပါတော့... လုအိမ်တော်တွင် လူများများနှင့် ပျော်စရာကောင်းနေသည်မို့ သူမလည်း လုမင်ဖန်း၊ ရှန်းလန်တို့နှင့်အတူ ညစာ သုံးဆောင်လိုက်ရုံသာ ရှိသည်။
ရှုအချိန်ရောက်မှသာ လီကျင့်သည် နန်းတော်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။
လီကျင့်သည် လုမင်ယွိ၏ အိပ်ဆောင်ခန်းထဲသို့ ခြေလှမ်းဝင်လာခဲ့သည်။
နောက်ဆုံးတစ်ကြိမ် သည်အိပ်ဆောင်ခန်းထဲသို့ ဝင်ခဲ့သည်မှာ မင်္ဂလာဆောင်ပြီး သုံးရက်မြောက်နေ့ အိမ်ပြန်လက်ဆောင်ပေးပွဲနေ့က ဖြစ်သည်။ ထိုစဉ်က သူသည် မူးပြီး မှတ်ဉာဏ်များပင် ဝေဝါးနေခဲ့သည်။ ယနေ့ညတွင်တော့ အခန်းကို သေချာ အသေးစိတ် ကြည့်ရှုရန် စိတ်ခံစားချက် ရှိနေလေ၏။
လီကျင့်သည် စိတ်အားထက်သန်စွာဖြင့် အခန်းထဲတွင် တစ်ပတ် လှည့်ပတ်ကြည့်ရှုပြီးနောက် လုမင်ယွိကို မေးလိုက်တော့သည်။ "ဒါနဲ့... မင်းရဲ့ အဲ့ဒီ ကျွဲချိုလေးရှည်ကော ဘယ်မှာလဲ"
လုမင်ယွိ "..."
မကောင်းမှုလုပ်ထားမိလို့ တစ်သက်လုံး ခေါင်းမဖော်နိုင်တော့သလို ခံစားချက်မျိုးပဲ!
လုမင်ယွိက လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။ "သိမ်းထားလိုက်ပြီ"
ဒီဘဝမှာ ဘယ်တော့မှ ပြန်ထုတ်မသုံးချင်တော့ဘူး။
လီကျင့်ကတော့ အမှတ်ရနေဟန်ဖြင့် ပြုံးလိုက်ပြီး တိုက်တွန်းလိုက်သည်။ "သိမ်းထားစရာလား။ ချီယွင်ကို အဲ့ဒီ ကျွဲချိုလေးရှည် သွားယူခိုင်းလိုက်ပါဦး။ ကို သေချာလေး ကြည့်ချင်လို့"
လုမင်ယွိက စိတ်မပါ့တပါဖြင့် ပြောလိုက်၏။ "ဘာတွေ ကြည့်စရာ ရှိနေလို့လဲ"
လီကျင့်က လွမ်းဆွတ်သလို မျက်နှာပေးဖြင့် ပြောလေသည်။ "ကိုက အဲ့လောက်တောင် ကိုယ်ကို ညွှတ်ထားခဲ့ရတာ၊ အဲ့ဒီ ကျွဲချိုလေးရှည်က ဘယ်လိုပုံစံရှိလဲဆိုတာကိုတောင် သေချာ မကြည့်ဖူးလိုက်ဘူး"
လုမင်ယွိသည် အပြင်သို့ထွက်ကာ အမိန့်ပေးလိုက်ရတော့သည်။
ချီယွင်က အံ့အားသင့်စွာဖြင့် သခင်မဖြစ်သူကို ကြည့်လိုက်ပြီး "ဒီလောက် ညဉ့်နက်နေမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွဲချိုလေးရှည်ကို လိုချင်ရတာလဲ။ အမဲလိုက်ဖို့ သုံးမယ်ဆိုရင်တောင် မနက်ဖြန်မနက်မှ ဂိုဒေါင်ထဲက သွားယူလည်း နောက်မကျပါဘူး"
လုမင်ယွိက ရှင်းပြမနေတော့ပေ။ " သွားယူဆို သွားယူလိုက်ပါ"
ချီယွင်သည် စိတ်ထဲတွင် ရှုပ်ထွေးသွားသော်လည်း ထွက်သွားလေသည်။ အမွှေးတိုင် တစ်တိုင်လောင်စာ အချိန်ခန့် ကြာမှ ကျွဲချိုလေးရှည်ကို ယူဆောင်လာခဲ့သည်။
ဤကျွဲချိုလေးရှည်သည် အလွန်ပင် လေးလံလှသည်။ ကံကောင်းထောက်မစွာ ချီယွင်သည်လည်း သိုင်းပညာ အနည်းငယ် သင်ယူထားဖူးသဖြင့် အားအင်မှာ မသေးလှပေ။ သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဒုတိယမင်းသား အရှင်မင်းသားက ထိုင်နေရာမှ ထလာကာ လွမ်းဆွတ်တသပြီး ဝမ်းမြောက်နေသည့် မျက်နှာပေးဖြင့် လေးရှည်ကို လှမ်းယူလိုက်သည်ကို တွေ့လိုက်ရလေသည်။
ချီယွင် "..."
သခင်တွေ ဘာတွေ စဉ်းစားနေကြမှန်း သူမတကယ် နားမလည်နိုင်တော့ဘူး။
...
အပိုင်း (၁၉၈) ပျော်ရွှင်စရာသတင်း (၁)
ချီယွင်တစ်ယောက် စိတ်ထဲတွင် နားမလည်နိုင်သော မေးခွန်းများဖြင့် ပြည့်နှက်လျက် ထွက်လာခဲ့လေသည်။
လီကျင့်သည် ကျွဲချိုလေးကို ပွေ့ပိုက်ကာ စားပွဲဆီသို့ သွားပြီးနောက် တောက်ပသော ဖယောင်းတိုင်မီးအောက်တွင် အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်၏။ "ဒီကျွဲချိုလေးက အပေါ်ယံကြည့်ရင် သာမန်ပဲ။ ဒါပေမဲ့ အလေးချိန်က သာမန်လေးတွေထက် နှစ်ဆလောက် ပိုလေးတယ်။ လက်ထဲမှာ ကိုင်ကြည့်ရတာလည်း ထူးထူးခြားခြား ကောင်းတယ်"
ဒါက ပြောနေစရာတောင် လိုသေးလို့လား။
ဒါက မီတာ ၃၀၀ အထိ ပစ်နိုင်တဲ့ လေးအားကောင်းတစ်ခုလေ။
လုမင်ယွိက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "ရှင် ဒီလောက်တောင် သဘောကျနေရင် ရှင့်ကို ပေးလိုက်တော့မယ်"
လီကျင့်က လုမင်ယွိဘက်သို့ လှည့်ကြည့်လိုက်ပြီး "ကိုက ဒီကျွဲချိုလေးကို လေးကိုင်းတင်နိုင်မယ်လို့ မင်းက ထင်နေတာလား"
လုမင်ယွိ : "..."
လီကျင့်သည် အဖြစ်မှန်ကိုသာ ပြောခြင်းဖြစ်ပြီး လှောင်ပြောင်သည့် အရိပ်အယောင် နည်းနည်းလေးမှ မပါဝင်ချေ။ သို့သော် လုမင်ယွိကိုယ်တိုင်က စိတ်ထဲတွင် မလုံမလဲ ဖြစ်နေသဖြင့် ထိုကဲ့သို့သော စကားမျိုးက နားမခံသာစရာပင်။ ထို့ကြောင့် သူမ၏ ချောမောလှပသော မျက်နှာလေးသည် အလိုလို တင်းမာသွားခဲ့လေသည်။
လီကျင့်သည် အသံတိတ် ရယ်မောလိုက်ပြီး လေးကို ချကာ လုမင်ယွိ၏ အနားတွင် ထိုင်ချလိုက်ပြီး သူမကို ပွေ့ဖက်လိုက်သည်။ "ဘာလဲ၊ စိတ်ဆိုးသွားတာလား"
လုမင်ယွိ၏ သုန်မှုန်သွားသည့်ခံစားချက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။ "စိတ်မဆိုးပါဘူး။ ဒီအတိုင်း ဟိုးအရင်က အဖြစ်အပျက်တွေကို ပြန်သတိရပြီး စိတ်ထဲမှာ အနေခက်သွားလို့ပါ။ ဘာပြောရမှန်းတောင် မသိတော့ဘူး"
"ဒီကျွဲချိုလေးကို လူခိုင်းပြီး ဂိုဒေါင်ထဲ သိမ်းခိုင်းထားခဲ့သာ။ ရှင်သာ ဖွင့်မပြောခဲ့ရင် ကျွန်မ ဒီကျွဲချိုလေးကို ဘယ်တော့မှ ပြန်ထုတ်လာမှာ မဟုတ်ဘူး"
ဤကျွဲချိုလေးသည် သူမ၏ အမှောင်မိုက်ဆုံးသော အတိတ်ကို ကိုယ်စားပြုပြီး သူမ ကျူးလွန်ခဲ့သည့် ကမ္ဘာပျက်လောက်သော အမှားကြီးကို သက်သေခံနေခဲ့သည်။ ထို့ကြောင့် သူမသည် ထိုပစ္စည်းကို လုံးဝ မမြင်တွေ့လိုတော့ခြင်းပင်။
လီကျင့်သည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။ "လေးကို သိမ်းထားလိုက်ပါတော့။ နောက်ဆို ကို ဘယ်တော့မှ ထပ်မပြောတော့ဘူး"
လုမင်ယွိက စိတ်ကို ပြန်စုစည်းလိုက်ပြီး "မလိုပါဘူး။ ယူတောင် ယူထုတ်လာပြီးပြီပဲ၊ ဘာလို့ ပြန်သိမ်းထားရမှာလဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် လိမ်ညာတာပဲ ဖြစ်နေမှာပေါ့။ ခုနက ကျွန်မ လေသံမကောင်းတာကို ရှင် စိတ်ထဲ မထားပါနဲ့"
"ဒီကျွဲချိုလေးက ကျွန်မအဖေက လက်သမားဆရာတွေကို အကောင်းဆုံး ပစ္စည်းတွေနဲ့ သီးသန့်လုပ်ခိုင်းထားတာ။ ကျွန်မအဖေတောင်မှ လေးကို အပြည့် မတင်နိုင်ဘူး။ လေးကို အပြည့်တင်နိုင်တာ ကျွန်မတစ်ယောက်ပဲ ရှိတယ်"
ပြောရင်းဆိုရင်း သူမသည် ထလိုက်ကာ စားပွဲဆီသို့ လျှောက်သွားကာ လက်ဆန့်ပြီး လေးကို ဆုပ်ကိုင်လိုက်လေသည်။ လေးကို လက်ထဲသို့ ဆုပ်ကိုင်လိုက်သည့် ခဏ ရင်းနှီးကျွမ်းဝင်လှသော ခံစားမှုကြီးသည် နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့၏။
ထိုခံစားမှုသည် ဘဝထဲမှ ပျောက်ဆုံးနေသော အစိတ်အပိုင်းတစ်ခု ပြန်လည် ရောက်ရှိလာသကဲ့သို့ပင်။ လုမင်ယွိသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး လက်ထဲတွင် အားထည့်ကာ ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။
လီကျင့်သည်လည်း သူမအနားသို့ ရောက်ရှိလာပြီး အနောက်မှနေ၍ သူမကို သိုင်းဖက်လိုက်ကာ သူ့ညာလက်ကို သူမ၏ လက်ပေါ်တွင် တင်လျက် သူမနှင့်အတူ လေးကို ဆုပ်ကိုင်လိုက်၏။ "ကိုတို့ ပြန်ကြတဲ့အခါ ဒီလေးကို တစ်ခါတည်း ယူသွားကြရအောင်"
သူမသည် တစ်နှစ်ပတ်လုံး သိုင်းလေ့ကျင့်သူဖြစ်ရာ လက်များသည် သာမန်မိန်းကလေးများထက် ပိုရှည်သွယ်ပြီး အားရှိသည်။ လီကျင့်၏ လက်သည် သူမထက် နည်းနည်းလေး ပိုကြီးပြီး ယောက်ျားလေးများထဲတွင် အသားအရေ ဖြူသောဘက်တွင် ပါဝင်ကာ လက်ဖဝါးတွင် အမာရွတ်ပါးပါးလေးများ ရှိနေပြီး သူမ၏ လက်ကို သူ့လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလေသည်။
လုမင်ယွိက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ပြောစရာ ရှိသည်များကို ပြောဆိုပြီးသွားပြီး ဖြစ်သဖြင့် ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ပေ။ ကျွဲချိုလေးကို ယူသွားတာလဲ ကောင်းပါတယ်။ အားတဲ့အချိန်ကျရင် မြားပစ်လေ့ကျင့်လို့ ရတာပေါ့။ ဘယ်အချိန် အသုံးဝင်လာမလဲမှ မသိတာ။
...
ပါးလွှာသော နွေဦးဝတ်စုံသည် အချင်းချင်း၏ ကိုယ်ငွေ့ကို မတားဆီးနိုင်ခဲ့ပေ။ ခန္ဓာကိုယ်ချင်း သည်လောက် နီးကပ်နေသောအခါ ရမ္မက်ဆန္ဒတို့သည် လျင်မြန်စွာ ပေါ်ပေါက်လာလေသည်။
လီကျင့်၏ အသက်ရှူသံများ ပြင်းထန်လာပြီး ခေါင်းကို တိုးကပ်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
လုမင်ယွိသည် နောက်ဆုတ်ပြီး ရှောင်တိမ်းလိုက်လေသည်။ လီကျင့်က လက်မလျှော့ဘဲ ထပ်ပြီး တိုးကပ်လာရာ လုမင်ယွိ၏ လက်ဖြင့် တားဆီးခြင်းကို ခံလိုက်ရသည်။
ဒါ ဘာဖြစ်တာလဲ။ မင်္ဂလာဦးညပြီးကတည်းက သူတို့လင်မယားနှစ်ယောက် အိပ်ဆောင်ထဲမှာ အမြဲတမ်း အဆင်ပြေနေခဲ့တာလေ။ သူက ငါ့ရဲ့ တောင်းဆိုမှုကို တစ်ခါမှ မငြင်းဖူးဘူး။ ဒီည တကယ်ပဲ လေးကိစ္စကြောင့် စိတ်ဆိုးနေတာလား။
လီကျင့်သည် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းမော့ကာ မျက်လုံးဖြင့် မေးခွန်းထုတ်လိုက်လေသည်။
လုမင်ယွိသည် ခဏလောက် တွန့်ဆုတ်သွားပြီးမှ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကျွန်မတို့ လက်ထပ်တာ တစ်လရှိပြီ၊ ကျွန်မ ဓမ္မတာ မလာသေးဘူး"
လီကျင့်သည် ဦးစွာ ခဏလောက် ကြောင်ငေးသွားပြီးနောက် လျင်မြန်စွာ သဘောပေါက်သွားကာ သူ၏ နက်မှောင်သော မျက်ဝန်းတစ်စုံသည် ရုတ်တရက် အရောင်တောက်လာပြီး အသံများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေတော့၏။ "ရှောင်ယွိ၊ မင်း... မင်းမှာ ကိုယ်ဝန် ရှိနေပြီလား"
လီကျင့်၏ ကြီးမားလှသော ပျော်ရွှင်မှုသည် အလွန် ကူးစက်နိုင်စွမ်း ရှိလေသည်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို စေ့ထားကာ ခပ်ဖွဖွ ပြုံးလိုက်ပြီး "ရက်တွက်ကြည့်တာတော့ ၅ ရက် ၆ ရက်လောက် နောက်ကျနေပြီ။ အခုထိတော့ အတိအကျ မပြောရဲသေးဘူး။ ရှင်လည်း လျှောက်ပြောမနေနဲ့ဦး။ နောက်ထပ် ရက်အနည်းငယ်ကြာမှ သမားတော်တစ်ယောက် ပင့်ပြီး သွေးခုန်နှုန်း စမ်းကြည့်မှ ကိုယ်ဝန်ရှိမရှိ အတည်ပြုနိုင်မှာ"
"ဒါပေမဲ့ ကျွန်မ ခံစားမိသလောက်တော့ ၁၀ မှာ ၈ ပုံ ၉ ပုံလောက်က ကိုယ်ဝန်ရှိနေပြီ။ ဒါကြောင့် ကျွန်မတို့ နည်းနည်း သတိထားရမယ်"
လီကျင့်၏ မျက်လုံးနှစ်စုံသည် တလက်လက် တောက်ပနေပြီး ပါးစပ်မှာလည်း နားရွက်တက်ချိန်မတတ်ဖြစ်နေကာ ကြောင်အအလေးနှင့် အကြာကြီး ရယ်မောနေခဲ့သည်။ ထို့နောက်တွင် သူ့လက်ကို လုမင်ယွိ၏ ပြားချပ်နေသည့် ဝမ်းဗိုက်လေးပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီး ကမ္ဘာပေါ်တွင် ရှားပါးလှသော ရတနာတစ်ခုကို ပွတ်သပ်နေသကဲ့သို့ အပြန်ပြန်အလှန်လှန် ပွတ်သပ်နေလေသည်။
လုမင်ယွိသည် ပွတ်သပ်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ယားယံလာပြီး မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။ "ကိုယ်ဝန်ရှိတယ် ဆိုဦးတော့၊ အခုက သေးသေးလေးပဲ ရှိသေးတာ။ ရှင် ဒီလို ပွတ်သပ်နေတိုင်း တစ်ခုခု စမ်းမိမှာ ကျနေတာပဲ"
လီကျင့်ကတော့ ဆက်ပြီး အရူးလို ပြုံးနေကာ လက်အောက်မှ လှုပ်ရှားမှုများသည် ပိုလို့ပင် နူးညံ့သွားသည်။ "ကို ဒီလို ပွတ်သပ်နေရတာ စိတ်ထဲမှာ ပျော်လို့ပါ"
သူ သည်လို ပျော်ရွှင်နေသည်ကိုလည်း အပြစ်ဆိုဖွယ် မရှိပေ။ ယခင်ဘဝနှင့် ယခုဘဝ နှစ်ဘဝပေါင်းပြီး သူသည် ပထမဆုံးအကြိမ် ဖခင်ဖြစ်ဖူးခြင်းပင်။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို ကွေးတင်ထားလိုက်၏။ သူမ၏ ဦးနှောက်ထဲတွင် အရိပ်ငယ်လေးတစ်ခု ဖြတ်ခနဲ ပေါ်လာပြီး ပျော်ရွှင်မှုကြားတွင် ခါးသီးမှု အနည်းငယ် ရောယှက်လို့နေသည်။ သို့သော် မည်မျှပင် သတိတရ ရှိနေပါစေ၊ စိတ်ကို အပြတ်ဖြတ်ကာ စွန့်လွှတ်ရပေမည်။ လီကျင့်၏ ရှေ့တွင်တော့ အနည်းငယ်မျှပင် မပေါ်လွင်စေသင့်ပေ။
လီကျင့်ကတော့ အစောပိုင်းက အလွန်အမင်း ပျော်ရွှင်မှုမှ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သူမကို ပြောလိုက်၏။ "ဒီကလေးက သမီးလေးဆိုရင် နာမည်ကို ကို ပေးမယ်။ သားလေးဆိုရင်တော့ လီယန့် လို့ ခေါ်ကြရအောင်"
လုမင်ယွိ၏ ခန္ဓာကိုယ်သည် တစ်ချက် တုန်သွားပြီး လှည့်ကာ လီကျင့်နှင့် မျက်လုံးချင်း ဆုံလိုက်၏။
လီကျင့်၏ အကြည့်သည် တည်ငြိမ်နေပြီး အတင်းအကျပ် ပြုလုပ်ထားခြင်း မရှိပေ။ "ရှောင်ယွိ၊ မင်း လီဟောက်တို့ သားအမိကို မုန်းတယ်။ ဒါပေမဲ့ ယန့်အာက မင်း ရတနာတစ်ခုလို ချစ်မြတ်နိုးရတဲ့ သွေးသားပဲ။ မင်း စိတ်ထဲမှာ စွန့်လွှတ်ရခက်နေမှာ သေချာတယ်"
"ဒီဘဝမှာ မင်း လီဟောက်နဲ့ လက်မထပ်ခဲ့ဘူး၊ ယန့်အာလည်း မွေးဖွားလာနိုင်မှာ မဟုတ်တော့ဘူး။ မင်း စိတ်ထဲမှာ နှမြောတသ ဖြစ်နေမှာပဲ။ ကိုတို့ရဲ့ ပထမဆုံး သားလေးကို ယန့်အာလို့ နာမည်ပေးလိုက်ကြမယ်!"
ဒီလိုဆိုရင် မိခင်တစ်ယောက်ရဲ့ နှမြောတသဖြစ်မှုကို အနည်းငယ် ကုစားပေးနိုင်လိမ့်မယ်။
လုမင်ယွိ၏ မျက်ဝန်းအိမ်သည် နီရဲလာပြီး နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
လီကျင့်သည် ခေါင်းငုံ့ကာ သူမ၏နှုတ်ခမ်းပေါ်တွင် နူးညံ့စွာ အနမ်းခြွေလိုက်လေသည်။
ထိုအနမ်းသည် သူ၏ အချစ်များကဲ့သို့ နူးညံ့ပြီး သိပ်သည်းကာ သူမ၏ အထီးကျန် ဆွေးမြေ့နေသော နှလုံးသားကို တဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးနေသကဲ့သို့ပင်။ မျိုးစေ့တစ်စေ့ တိတ်ဆိတ်စွာ ကျရောက်ပြီး တဖြည်းဖြည်း အညှောင့်ပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။
...
ထိုညတွင် သူတို့နှစ်ယောက်သည် အလွန်အမင်း ရင်းနှီးခြင်း မရှိဘဲ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်၍သာ အိပ်စက်ခဲ့ကြသည်။
နံနက်ခင်းတွင် နိုးထလာသောအခါ လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ လင်မယားများအတွက်သာ သီးသန့်ရှိသော ရင်းနှီးမှုနှင့် တစ်သားတည်းကျမှုတို့သည် တိတ်ဆိတ်စွာ စီးဆင်းနေလေသည်။
"ဒီရက်ပိုင်း ကျွန်မ နန်းတော်ထဲဝင်ပြီး မူဟုပ် ဂါရဝပြုဖို့ မသွားတော့ဘူး" လုမင်ယွိက ပြုံးကာ ပြောလိုက်၏။ "ရှင် နန်းတော်ထဲမှာ မူဟုပ် အဖော်ပိုလုပ်ပေးပြီး ညဘက် နောက်ကျမှ ပြန်လာလည်း ရပါတယ်"
ချောင်မိဖုရားခေါင်သည် အမြဲတမ်း အထီးကျန်နေခဲ့သည်။ တစ်လအတွင်းတွင် ယုံးကျားဧကရာဇ်သည် လဆန်း ၁ ရက်နှင့် ၁၅ ရက်နေ့များတွင်သာ ကျောင်းဖန်နန်းဆောင်သို့ ကြွချီလေ့ရှိသည်။ ယခင်က သားသမီးများ အဖော်ပြုပေးခဲ့သော်လည်း ယခုအခါ ဟွေ့အန်းကုန်းကျူနှင့် လီကျင့်တို့သည် နန်းတော်မှ ထွက်ခွာသွားကြပြီဖြစ်၍ ကျောင်းဖန်နန်းဆောင်သည် ပိုပြီးပင် အေးစက်ခြောက်ကပ်သွားခဲ့သည်။
လီကျင့်က ညစာစားပွဲတွင် အဖော်ပြုပေးလျှင် ချောင်မိဖုရားခေါင်၏ အထီးကျန်မှုကို နှစ်သိမ့်ပေးနိုင်လိမ့်မည်။
လီကျင့်သည် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
လုမင်ယွိက ထပ်ပြီး မှာကြားလိုက်လေသည်။ "ကိုယ်ဝန်ကိစ္စက အခုထိ မသေချာသေးဘူး၊ ရှင် မူဟုပ် အရင် မပြောပြလိုက်နဲ့ဦး"
လီကျင့်သည် အလွန် ပျော်ရွှင်စွာ ခေါင်းညိတ် သဘောတူလိုက်သည်။
သို့သော် ဤကဲ့သို့သော သတင်းကောင်းကြီးကို မည်မျှပင် ထိန်းချုပ်ထားစေကာမူ မျက်ဝန်းထောင့်နှင့် မျက်ခုံးစွန်းတို့မှ ပျော်ရွှင်မှု အရိပ်အယောင်များကိုတော့ လူများထံမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။
ညီလာခံမှ အပြန်တွင် ယုံးကျားဧကရာဇ်က လွယ်လွယ်ကူကူပင် မေးလိုက်သည်။ "အာ့ကျင့်၊ သတင်းကောင်း တစ်ခုခု ရှိလို့လား"
လီကျင့်က ပျော်ရွှင်မြူးတူးစွာဖြင့် ပြန်ဖြေလိုက်သည်။ "ဘာမှမရှိပါဘူး"
ယုံးကျားဧကရာဇ်သည် သားဖြစ်သူကို တစ်ချက် စွေကြည့်လိုက်ပြီး ထပ်မမေးတော့ပေ။
လီကျင့်သည် မွန်းတည့်ချိန်တွင် ကျောင်းဖန်နန်းဆောင်သို့ သွားပြီး ချောင်မိဖုရားခေါင်နှင့်အတူ နေ့လယ်စာ စားလိုက်သည်။ တွေ့တွေ့ချင်းပင် ချောင်မိဖုရားခေါင်က မေးလိုက်လာ၏။ "အားကျင့်၊ မင်း မျက်နှာက အပျော်တွေ ပြည့်လျှံနေတာပဲ၊ သတင်းကောင်း ရှိလို့လား"
လီကျင့်က ပြုံးဖြီးကာ ပြောလိုက်လေသည်။ "မရှိပါဘူး"
ချောင်မိဖုရားခေါင် : "..."
...