← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အပိုင်း (၁၉၉) ပျော်ရွှင်စရာသတင်း (၂)

မရှိဘူးဆိုရင် ထူးဆန်းရာကျနေတော့မှာပေါ့။

ချောင်မိဖုရားခေါင်သည် ပြုံးကာ သားတော်ကို မျက်စောင်းထိုးလိုက်၏။ "ငါ့ရှေ့မှာတောင် ဖုံးဖုံးကွယ်ကွယ် လုပ်နေသေးတယ်။ ဘာကိစ္စရှိလို့လဲ။ တည့်တည့်သာပြော"

လီကျင့်သည် ပြောမထွက်ဘဲ အချိန်ဆွဲနေလေသည်။ "ရှောင်ယွိက ကျွန်တော့်ကို မပြောခိုင်းလို့ပါ"

ချောင်မိဖုရားခေါင်သည် အတွေ့အကြုံရှိသူဖြစ်သည်တွင် ကြားလိုက်ရသည့်စကားကို ချက်ချင်း သဘောပေါက်သွားပြီး မျှော်လင့်မထားသော ဝမ်းသာမှုဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်တော့၏။ "လုရှီမှာ ဝမ်းသာစရာသတင်း ရှိနေပြီလား"

လီကျင့်သည် တော်တော်လေးကို အမြင်မတင့်တယ်သည့် အရူးအမူး နိုင်လှသော အပြုံးနှင့် ပြန်လည်ပြုံးပြလိုက်သည်။ "မူဟုပ် ဘယ်လို သိသွားတာလဲ။ ရှောင်ယွိက ရက်တိုတောင်းနေသေးတယ်။ နောက်တရက် အနည်းငယ်ကြာလို့ သန္ဓေတည်တဲ့သွေးခုန်နှုန်း စမ်းသပ်လို့ရမှ သမားတော် ပင့်ခိုင်းမယ်တဲ့။ ဒီနေ့မနက်တောင် ကျွန်တော့်ကို သတိပေးလိုက်သေးတယ်။ လူရှေ့မှာ ထုတ်မပြောနဲ့။ မူဟုပ်ကိုလဲ မပြောပြနဲ့အုံးတဲ့။ တကယ်မရှိဘဲ ဝမ်းသာမိမှာစိုးလို့တဲ့ ..."

ချောင်မိဖုရားခေါင်သည် လီကျင့်၏ စကားကို ပြုံးကာဖြတ်ပြောလိုက်တော့သည်။ "ဘာကို တကယ်မရှိဘဲ ဝမ်းသာရမှာလဲ။ ဒါက သေချာပေါက် ကိုယ်ဝန်ရှိနေတာပဲ!"

ဒီအခိုက်အတန့်တွင် ချောင်မိဖုရားခေါင်သည် ချွေးမဖြစ်သူကို လက်စွမ်းထက်သည်ဟုလည်း မထင်တော့သလို အာဏာစက် ပြင်းသည်ဟုလည်း မခံစားရတော့ချေ။ သူမသည် လီကျင့်ကို အလျင်အမြန်ပင် တိုက်တွန်းလိုက်တော့သည်။ "ကိုယ်ဝန်ရှိနေမှတော့ မြန်မြန်အိမ်တော်ကို ပြန်ခေါ်ထားလိုက်တော့လေ။ တော်ဝင်သမားတော်ကိုလဲ သူ့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ခိုင်းရမယ်"

လီကျင့်က ပြုံးကာ ပြောလိုက်၏။ "အလျင်လိုဖို့ မလိုသေးပါဘူး။ သူ ပြန်သွားတာပဲလေ။ နောက်ထပ် ရက်နည်းနည်းလောက် နေပြီးမှဘဲ အိမ်တော်ကို ပြန်လာလဲ နောက်မကျပါဘူး။ လုအိမ်တော်မှာ နေနေတော့လည်း အစ်မတွေ ယောင်းမတွေက သူ့ကို အဖော်ပြုပေးတော့ သူလဲ ပိုပြီးတော့ စိတ်ချမ်းသာတာပေါ့"

ချောင်မိဖုရားခေါင်ကလဲ လွယ်လွယ်ကူကူနဲ့ လက်ခံလိုက်လေသည်။ "ဒါလဲ ဟုတ်တာပဲ။ ဒါဆိုရင်တော့ သူ့ကို လုအိမ်တော်မှာ ရက်နည်းနည်းလောက် ကောင်းကောင်း နေခိုင်းလိုက်အုံး။ အပြင်မှာ ဘာသမားတော်မှ မပင့်နဲ့။ တော်ဝင်သမားတော်ကို လုအိမ်တော်ဆီ သွားပြီးတော့ သွေးခုန်နှုန်းစမ်းခိုင်းလိုက်"

"ရက်က တိုနေသေးတော့ စမ်းလို့မရမှာ စိုးရိမ်တာ ..."

"တော်ဝင်သမားတော်ချုပ်ကျိုးက ဆေးပညာမြင့်မားတယ်။ ရက်တိုလည်း သန္ဓေသားရဲ့ သွေးခုန်နှုန်းကို စမ်းသပ်နိုင်မှာပါ" ချောင်မိဖုရားခေါင်သည် လုံးဝကို စိတ်မထိန်းနိုင်တော့ဘဲ ချက်ချင်းဆိုသလို တတွတ်တွတ် မှာကြားလေတော့သည်။ "မင်းက တခြားသူတွေကို မသိစေချင်ဘူးဆိုရင်လည်း အပြင်မှာ လုရှီ နည်းနည်းနေမကောင်းဘူးလို့ပဲ ပြောလိုက်။ ဟုတ်သားပဲလေ။ ငါ ချိုင်လန်ကို လုရှီဆီ တစ်ခေါက် သွားကြည့်ခိုင်းပြီး အကောင်းဆုံးက သွေးငှက်သိုက်တစ်ချို့ ယူသွားခိုင်းလိုက်မယ်"

လီကျင့် "..."

လီကျင့်မှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး သူမကို အကြိမ်ကြိမ်အခါခါ တားမြစ်ရတော့သည်။ "ဒီလိုလှုပ်ရှားမှုတွေ လုပ်လိုက်တာနဲ့ ဘယ်သူက ခန့်မှန်းလို့ မရဘဲနေတော့မှာလဲ။ မူဟုပ် မူဟုပ်က အရင်ဆုံး စိတ်မလှုပ်ရှားနဲ့အုံး။ နောက်ထပ် ရက်အနည်းငယ်နေမှ ပြန်ပြောကြတာပေါ့"

ချောင်မိဖုရားခေါင်၏ မီးသွေးခဲလို ပူလောင်နေသည့် နှလုံးသားသည် လုံးဝအေးငြိမ်းသွားနိုင်ခြင်း မရှိချေ။

သူမက ပြုံးကာဖြင့် မျက်စောင်းထိုးပြလိုက်လေသည်။ "တော်ပါတော့။ ငါ ပြောသလိုသာလုပ် မင်းက ငယ်သေးတယ်။ လုရှီကလဲ ပထမဦးဆုံး ကိုယ်ဝန်လွယ်ရတာဆိုတော့ ကိစ္စတော်တော်များများကို နားလည်မှာ သေချာပေါက် မဟုတ်ဘူး။ ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ပဲကြီးကြီး သားသမီးရတနာလောက် အရေးမကြီးပါဘူး"

ထို့နောက်တွင်တော့ သူမသည် တစ်စုံတစ်ယောက်၏ ကန့်ကွက်မှုကို လက်မခံဘဲ တော်ဝင်သမားတော်ချုပ်ကျိုးကို လာရောက်ရန် အမိန့်တော် ဆင့်ခိုင်းလိုက်တော့သည်။

လီကျင့်တစ်ယောက်မှာ တားဆီးမရနိုင်တော့ဘဲ စိတ်ထဲတွင် ခါးသက်စွာ ပြုံးမိလိုက်တော့၏။

သွားပြီ။ ရှောင်ယွိရဲ့ စိတ်ဓာတ်နဲ့ဆိုရင် ငါ့ကို သေချာပေါက် စိတ်ဆိုးတော့မှာပဲ။ ဒါကလည်း သူ့ကိုသူပဲ အပြစ်တင်ရတော့မှာ။ ဘာဖြစ်လို့ ကိုယ့်ပါးစပ်ကိုများ မထိန်းမိပါလိမ့်။

လီကျင့်သည် ချောင်မိဖုရားခေါင်ကို မတားဆီးနိုင်တော့သဖြင့် တစ်ဆင့်လျှော့ကာ ပြောလိုက်ရတော့သည်။ "ဒီလိုဆိုမှတော့ ကျွန်တော် တော်ဝင်သမားတော်ချုပ်ကျိုးနဲ့အတူ လုအိမ်တော်ကို လိုက်သွားလိုက်ပါ့မယ်။ လုအိမ်တော်က နန်းတော်နဲ့ သိပ်မဝေးပါဘူး။ အသွားအပြန် အချိန်အများကြီး မကုန်ပါဘူး"

ချောင်မိဖုရားခေါင်ကလဲ ပြုံးရွှင်စွာ ခေါင်းညိမ့်လိုက်လေသည်။

...

သို့နှင့် နေ့လယ်စာ စားပြီးခါစ ဥယျာဥ်ထဲတွင် လမ်းလျှောက်ပြီး အစာကြေအောင်လုပ်ရန် ရည်ရွယ်နေသည့် လုမင်ယွိသည် တံခါးစောင့်အိမ်တော်ထိန်း၏ သတင်းပို့သံကို ကြားလိုက်ရလေသည်။ "ဒုတိယမင်းသား အရှင်မင်းသားက တော်ဝင်သမားတော်ချုပ်ကျိုးကို ခေါ်ပြီးတော့ ရောက်ရှိလာပါတယ်"

လုမင်ယွိ "..."

ဒီလီကျင့်တစ်ယောက်! ပါးစပ်ဖွာလိုက်တာ!

လုမင်ဖန်းသည် အနည်းငယ် အံ့အားသင့်သွားပြီး လုမင်ယွိကို ပြုံးကာ ကြည့်လိုက်တော့သည်။ "အရှင်မင်းသားက ဘာဖြစ်လို့ ရုတ်တရက် နေ့ခင်းကြောင်တောင် ပြန်လာရတာလဲ"

ဒါ့အပြင် တော်ဝင်သမားတော်ချုပ်ကျိုးကိုတောင် ခေါ်လာသေးတယ်။

ရှန်းလန်နှင့် တခြားသူများအားလုံးသည် တချက်လောက် ငေးကြောင်သွားကြပြီး လုမင်ယွိကို ဝိုင်းကြည့်လိုက်ကြလေသည်။

ဒီအချိန် ရောက်မှတော့မဖြင့် လုမင်ယွိသည်လဲ ဖုံးကွယ်ထားချင်သော်ငြား ဖုံးကွယ်ထားလို့ မရနိုင်တော့ရာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရတော့သည်။ " လက်ထက်ပြီးကတည်းက ဓမ္မတာမလာသေးဘူး။ သူ့ကို ဆူဆူညံညံ မလုပ်ပါနဲ့အုံးလို့ ပြောထားရက်သားနဲ့။ နောက်ထပ် ရက်အနည်းငယ်ကြာမှ သမားတော်ကို ပင့်ခိုင်းမလို့ဘဲ။ သူက ပါးစပ်မလုံဘဲ နန်းတော်ထဲမှာ ဖွင့်ပြောလိုက်တာ သေချာတယ်"

လုမင်ဖန်းနှင့် တခြားသူများကလဲ တစ်ဖန် ဝမ်းသာသွားကြပြန်သည်။ "စစ်မေ့ နင် ကိုယ်ဝန်ရှိနေပြီလား"

"အိမ်တော်ဝင်ဝင်ချင်း ကိုယ်ဝန်ရှိတာ ဒီထက်ပိုပြီးမင်္ဂလာရှိတာတောင် မရှိတော့ဘူး"

"အာ့စောင်နဲ့ စန်းကျဲတို့လည်း ကိုယ်ဝန်ရှိနေကြပြီ။ အခု စစ်ကျဲကိုပါ ထပ်ပေါင်းလိုက်တော့ ဝိုး ဒီနှစ် နှစ်သစ်ကူးရင် ကျွန်တော် အန်ပေါင်းသုံးခုတောင် ပိုပြင်ဆင်ရတော့မှာပေါ့"

နောင်ဆုံးစကား အနည်းငယ်ကတော့ လုရွှမ်းက မစဥ်းမစား ပြောလိုက်သည်မှာ သိသာသဖြင့် လူတိုင်းက ရယ်မောသွားတော့သည်။

ရယ်သံများကြားတွင် လီကျင့်သည် သမားတော်ချုပ်ကျိုးကို ဦးဆောင်ကာ ဝင်ရောက်လာခဲ့၏။

လီကျင့်၏ မလုံမလဲဖြစ်နေသည့် အမူအယာကိုလဲ မြင်တွေ့နိုင်လေသည်။ သူသည် အရင်ဆုံး အားလုံးကို လက်နှစ်ဖက်ယှက်ကာ တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်ပြီးနောက် လုမင်ယွိ၏ အနားသို မြန်မြန် လျှောက်သွားလိုက်ပြီး မျက်နှာချိုသွေးကာ ပြောလေတော့သည်။ "ရှောင်ယွိ။ ကို ပြန်လာပြီ"

လုမင်ယွိကလဲ အပြုံးတစ်ဝက်ဖြင့်သာ ပြန်ဖြေလိုက်လေသည်။

လီကျင့်က ချောင်းတစ်ချက်ဟန့်ပြီး ပြောလာခဲ့၏။ "မူဟုပ်က မင်းရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ တော်ဝင်သမားတော်ချုပ်ကျိုးကို သီးသန့် လာကြည့်ခိုင်းလိုက်တာ။ မင်းစိတ်ထဲမှာ ဘာမှလျှောက်မတွေးနဲ့နော်"

လုမင်ယွိကလဲ အင်းဟု တစ်လုံးတည်းသာ ပြန်ပြောလေသည်။

လီကျင့်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး လေသံကို ပျော့ပျောင်းထားလိုက်ရတော့သည်။ "ဒီနေ့ ကို နန်းတော်ထဲဝင်တော့ တကယ် ဘာမှမပြောပါဘူး။ မူဟုပ်က ကိုယ့်မျက်နှာမှာ ပျော်ရွှင်မှုတွေ ပြည့်နေတာကို ကြည့်ပြီး ကို့ကို တစ်ခွန်းမေးလိုက်တာ။ ကိုကလဲ ပါးစပ်က ဖွင့်မပြောပေမဲ့ မူဟုပ်က သူ့ဟာသူ ခန့်မှန်းမိသွားတာလေ"

လုမင်ဖန်းက ပြုံးကာ လုမင်ယွိကို ပြစ်တင်လေတော့သည်။ "စစ်မေ့ ဒါက သတင်းကောင်းပဲဟာ အရှင်မင်းသားက စိတ်မထိန်းနိုင်ဘဲ မိဖုရားခေါင်ကြီးကို ပြောပြလိုက်တာကို အရှင်မင်းသားကို အပြစ်ပြောလို့ မရဘူးလေ။ နင်က အရှင်မင်းသားက နင့်အပေါ် ကောင်းတာကို အခွင့်ကောင်းယူပြီး အရှင်မင်းသားကို အနိုင်မကျင့်နဲ့"

လုမင်ယွိသည် ဒေါသကြီးသူ ဖြစ်လေသည်။

အိမ်တော်တစ်ခုလုံးတွင် လုမင်ယွိကို ဝေဖန်ရဲသူမှာ အကြီဆုံးအစ်မ လုမင်ဖန်းတစ်ယောက်သာ ရှိ၏။

မှန်ပါသည်။ လုမင်ဖန်းက ပါးစပ်ဖွင့်လိုက်သည်နှင့် လုမင်ယွိသည်လဲ ပြုံးနေသည်ကို ရပ်ထားလိုက်ကာ ပြောလာတော့၏။ "ငါက သူ့ကို သတိပေးထားပြီးသား။ ဆူဆူညံညံ မလုပ်ပါနဲ့အုံးလို့။ သူကတော့ ဟုတ်နေတာပဲ။ မျက်နှာလွှဲလိုက်တာနဲ့ မူဟုပ်ကို သွားပြောပြလိုက်တယ်"

လုမင်ဖန်းက ရယ်မောကာ ပြောတော့သည်။ "ပြောပြလိုက်တော့ ဘာဖြစ်သွားလို့လဲ။ သားတစ်ယောက်အနေနဲ့ ဒီလိုသတင်းကောင်းမျိုးကို ကိုယ့်မွေးမိခင်ကိုတောင် မပြောပြရတော့ဘူးလား။ နောက်ပိုင်းကျရင် သာ့ပေါင်နဲ့ ရှောင်းပေါင်တို့ လက်ထပ်တဲ့အခါ သူတို့မိန်းမကိုပဲ စိတ်ထဲမှာထားပြီး ငါ့လိုမွေးမိခင်ကို ဘာမှမပြဘူးဆိုရင်တော့ ငါ သူတို့ညီအစ်ကိုတွေကို ရိုက်ပစ်ဖို့ပဲ ရှိတော့တယ်"

"ဟုတ်ပါပြီ။ နင် မြန်မြန်ထိုင်လိုက်တော့ တော်ဝင်သမားတော်ချုပ်ကျိုးကို သွေးခုန်နှုန်း စမ်းခိုင်းလိုက်အုံး။ တကယ်ပဲ ဝမ်းသာစရာ သွေးခုန်နှုန်းဆိုရင်တော့ ကောင်းကောင်းကြီး ဂုဏ်ပြုပေးရမှာပဲ"

လီကျင့်သည် မျက်ရည်များ ဝဲလာမတတ် စိတ်လှုပ်ရှားသွားတော့သည်။ "သာ့ကျဲက တကယ်ပဲ နားလည်မှု အပြည့်ရှိတာပဲ"

လုမင်ဖန်းသည် ခင်ပွန်းဖြစ်သူ ကျန်းကျုံး၏ ရံဖန်ရံခါ ပျော်ရွှင်အောင် စနောက်ကျီစယ်မှုများကို ကျင့်သားရနေပြီ ဖြစ်လေသည်။ လီကျင့်က မည်မျှပင် နှိမ့်ချဖော်ရွေစေကာမူ မင်းသားတစ်ပါး ဖြစ်နေဆဲဖြစ်ကာ ဂုဏ်သရေကလဲ မြင့်မားလှလေသည်။ သာမန်အချိန်တွင် သူနှင့် စကားပြောသည့်အခါတိုင်း အားလုံးက လွတ်လွတ်လပ်လပ် မနေရဲဘဲ ထိန်းချုပ်ထားသည့်အချိန်များကတော့ ရှောင်လွှဲလို့မရပေ။

လုမင်ဖန်းက လီကျီ၏ ဒီလို အပြုအမူကို ပထမဦးဆုံး တွေ့မြင်ရခြင်းဖြစ်ကာ အလွန် အသစ်အဆန်းဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားမိလိုက်၏။ ထိုသို့နှင့် ပြုံးကာ ပြောလိုက်တော့သည်။ "စစ်မေ့က ဒီလိုစိတ်ဓာတ်မျိုးပဲ။ ရှင်ကသာ သူ့ကို တစ်ဖက်သက် အလျှော့ပေးနေမယ်ဆိုရင် သူက ရှင့်ကို နံရံထောင့်ထဲ တွန်းပို့ထားလိမ့်မယ်"

လီကျင့်က ခေါင်းညိမ့်ချင်လိုက်သော်ငြားလည်း လုမင်ယွိ၏ မျက်လုံးကို အနည်းငယ် မှေးထားလိုက်သည့် အမူအယာကို မြင်တွေ့ရသဖြင့် ချက်ချင်းဆိုသလို ခေါင်းခါလိုက်တော့သည်။ "ဒါတော့ မဟုတ်သေးပါဘူး။ ရှောင်ယွိက ကြည့်ရတာ နည်းနည်းလေး ဆိုးတယ်လို့ထင်ရပေမဲ့ တကယ်တော့ စိတ်ထားအပျော့ဆုံးပါ"

လုရွှမ်းကတော့ သနားသော အမူအယာလေးဖြင့် ပြောလာတော့သည်။ "စစ်ကျဲဖူက တကယ် သနားစရာကောင်းတာပဲ။ စစ်ကျဲနဲ့ လက်ထပ်ပြီးကတည်းက စကားအမှန်တောင်မှ ထုတ်မပြောရဲတော့ဘူး"

အားလုံးက ဝါးလုံးကွဲကာ ရယ်မောလိုက်ကြလေသည်။

လုမင်ယွိမှာ ဒေါသထွက်ရမလို ရယ်ရမလိုပင် ဖြစ်သွားပြီး လက်ကို လှမ်းကာ လုရွှမ်း၏ နောက်စေ့တည့်တည့်ကို လှမ်းရိုက်လိုက်ပြီး သူ့မှာလည်း နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ အားလုံးကို ထပ်ပြီးရယ်မောရစေလေသည်။

တော်ဝင်သမားတော်ချုပ်ကျိုးက ပြုံးကာ ရှေ့သို့တက်လာပြီး သွေခုန်နှုန်းကို စမ်းသပ်ခွင့်တောင်းလိုက်သည်။

လုမင်ယွိသည် တော်ဝင်သမားတော်ချုပ်ကျိုးကို အခက်တွေ့အောင် လုပ်မည့်သူ မဟုတ်သဖြင့် တည်တည်ငြိမ်ငြိမ် ထိုင်နေလိုက်ပြီး ညာဘက်လက်ကို ဆန့်ထုတ်ပေးလိုက်တော့သည်။ တော်ဝင်သမားတော်ချုပ်ကျိုးသည် အာရုံစူးစိုက်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်၏။ အားလုံး၏ အကြည့်များက တော်ဝင်သမားတော်ချုပ်ကျိုး၏ မျက်နှာပေါ်သို့ တညီတညွှတ်တည်း ကျရောက်နေကြတော့သည်။

တော်ဝင်သမားတော်ချုပ်ကျိုးသည် နှစ်ပေါင်းများစွာ သမားတော်ချုပ်အဖြစ် တာဝန်ထမ်းဆောင် လာခဲ့သူပီပီ ဆေးပညာတွင် ကျွမ်းကျင်ပိုင်နိုင်လှပြီး အားလုံး၏ စူးရှသည့်အကြည့်အောက်တွင် တည်ငြိမ်အေးဆေးစွာ ရှိနေခဲ့လေသည်။ ခဏလောက် စမ်းသပ်ပြီးနောက် တော်ဝင်သမားတော်ချုပ်က လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မုတ်ဆိတ်မွှေးကိုသပ်ကာ ပြုံးပြီးပြောလာခဲ့၏။ "အာ့ဟွမ်စစ်ဖေးကို ဂုဏ်ပြုပါတယ်။ ရက်က တိုနေသေးပေမဲ့လည်း သေချာပေါက် ဝမ်းသာစရာ သွေးခုန်နှုန်းပါပဲ"

ဒီသတင်းကောင်းကို ကြားလိုက်ရသောအခါ စိတ်အလှုပ်ရှားဆုံး သူမှာ လုမင်ယွိ မဟုတ်ဘဲ လီကျင့်သာ ဖြစ်လေတော့၏။

လီကျင့်သည် အလွန်ဝမ်းသာသွားပြီး ခန္ဓာကိုယ်တွင် အမြဲဆောင်ထားသည့် ကျောက်စိမ်းဆွဲပြားကို တော်ဝင်သမားတော်ချုပ်ကျိုးအား ဆုအဖြစ် ချီးမြှင့်လိုက်လေတော့သည်။

တော်ဝင်သမားတော်ချုပ်ကျိုးကလဲ ပြုံးကာ ကျေးဇူးတင်စကား ပြောလိုက်၏။

လီကျင့်၏ ချောမောလှသည့် မျက်နှာသည် အရောင်များပင် တောက်ပလုမတတ် ဖြစ်နေပြီး စကားပြောသံမှာလည်း လျင်မြန်နေလေတော့၏။ "လာကြအုံး။ နန်းတော်ထဲဝင်ပြီး ချက်ချင်းသတင်းကောင်း သွားပို့လိုက်။ ပြီးတော့ စစ်စခန်းကိုလည်း လူလွှတ်ပြီးတော့ ဒီသတင်းကောင်းကို ယွဲ့ဖုနဲ့ ကျဲဖူတို့ကိုလည်း သွားပြောခိုင်းလိုက်"

...

အပိုင်း (၂၀၀) ပျော်ရွှင်စရာသတင်း (၃)

ရှင်းယန်တပ်၏ စစ်စခန်းသည် မြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးတွင်တည်ရှိပြီး မြင်းဖြင့် အမြန်ဆုံးသွားလျှင် အသွားအပြန် နေ့တစ်ဝက်မက ကြာမြင့်လေသည်။

နန်းတော်ထဲသို့ သတင်းပို့ဆောင်ခြင်းကတော့ အများကြီး ပိုပြီးလျင်မြန်သည်။ အတွင်းဆောင် ရှောင်ယွမ်ကုန်းကုန်းသည် သခင်၏ အမိန့်ကိုလိုက်နာလျက် သတင်းကောင်းပို့ရန် နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့၏။ အမွှေးတိုင်နှစ်တိုင် အကုန်မှီအချိန်အတွင်းတွင် ရှောင်ယွမ်သည် ကျောင်းဖန်နန်းဆောင်သို့ ရောက်ရှိသွားလေသည်။

ချောင်မိဖုရားခေါင်သည် ယနေ့နေ့လယ်ခင်း အိပ်စက်ခြင်းမပြုဘဲ သတင်းကောင်းကိုသာ စောင့်မျှော်လျက်ရှိ၏။

ရှောင်ယွမ်သည် ပျော်ရွှင်မြူးတူးစွာဖြင့် ဒူးထောက်လိုက်ကာ ဂုဏ်ပြုစကားကို လျှောက်တင်လိုက်တော့သည်။ "ဟွမ်ဟုပ်ညန်ညန်ကို လျှောက်တင်ပါတယ်။ အရှင်မင်းသားက ကျွန်တော်မျိုးကို သတင်းကောင်း လာပို့ခိုင်းလိုက်ပါတယ်။ အာ့ဟွမ်စစ်ဖေးမှာ ပျော်ရွှင်စရာသတင်း ရှိနေပါပြီ"

ချောင်မိဖုရားခေါင်၏ နှလုံးသားသည် ချက်ချင်းပင် အေးချမ်းတည်ငြိမ်သွားပြီး တင့်တယ်လှပသော မျက်နှာတော်ထက်တွင်လည်း ပျော်ရွှင်နေသည့် အပြုံးများဖြင့် ပြည့်နှက်သွားတော့၏။ "ကောင်းတယ် ကောင်းတယ်။ တော်လိုက်တာ! လာကြအုံး။ ရှောင်ယွမ်ကို ဆုတော်ချီးမြှင့်လိုက်"

ချိုင်လန်သည် ပြုံးရွှင်စွာဖြင့် အန်ပေါင်းအိတ်ကြီးနှစ်ခုကို ယူဆောင်လာကာ ရှောင်ယွမ်ကလဲ ပြုံးဖြီးစွာဖြင့် ထူထဲလှသည့်ဆုတော်ငွေကို လက်ခံလိုက်တော့သည်။ "ဟွမ်ဟုပ်ညန်ညန်က ဆုတော်ချီးမြှင့်ပေးလို့ ကျေးဇူးတင်ပါတယ်"

ချောင်မိဖုရားခေါင်က ထပ်မမေးရသေးခင်မှာပင် သူသည် တော်ဝင်သမားတော်ချုပ်ကျိုးက လုမင်ယွိကို ကြည့်ရှုပေးခဲ့သည့် အခြေအနေကို အသေးစိတ် ပြောပြလာတော့၏။ "... တော်ဝင်သမားတော်ချုပ်ကျိုးက ပြောပါတယ်။ ရက်က တိုတောင်းနေသေးပေမဲ့ သေချာပေါက် ပျော်ရွှင်စရာ သွေးခုန်နှုန်းပါတဲ့။ အရှင်မင်းသာက ဝမ်းသာလွန်းလို့ စကားတောင် ကောင်းကောင်း မပြောနိုင်တော့ပါဘူး။ ဟွမ်စစ်ဖေးကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေပါတယ်"

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် အေးချမ်းသွားပြီး ချက်ချင်းဆိုသလို ပြုံးကာပြောလိုက်တော့သည်။ "ပျော်ရွှင်စရာသတင်း ရှိလာပြီဆိုတော့ မိခင်လောင်းက သူ့စိတ်ထဲမှာ သိပြီးသားပဲလေ။ ယောက်ျားတွေလို အံ့အားသင့်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာက သဘာဝကျပါတယ်"

လိုရင်းကို ပြောရလျှင်ဖြင့် ချွေးမဖြစ်သူသည် အိမ်တော်သို့ ဝင်ဝင်ချင်းမှာပင် ပျော်ရွှင်စရာသတင်းကောင်း ရှိလာခြင်းက ပထမအဆင့် ကြီးမားသည့် ကုသိုလ်ရှင်ပင် ဖြစ်လေသည်။ စိတ်ဓာတ်မာကျောခြင်း အာဏာစက်ပြင်းခြင်း အစရှိသည်တို့သည် သည်အခိုက်အတန့်တွင်တော့ ဘာမှမဟုတ်တော့ချေ။

ရှောင်ယွမ် ပြန်လည်ထွက်ခွာသွားပြီးနောက် ချောင်မိဖုရားခေါင်သည် ကျောင်းဖန်နန်းဆောင်ထဲတွင် ထိုင်မရဖြစ်လာပြီး နောက်ဆုံးတွင်တော့ ထကာ ဝမ်ဟွားနန်းဆောင်သို့ သွားရန်ပြင်လေတော့သည်။

...

ချောင်မိဖုရားခေါင်သည် အမြဲလိုလို တင့်တယ်တည်ငြိမ်ပြီး စည်းကမ်းတကျ နေထိုင်တတ်သူဖြစ်ကာ မည်သည့်အခါမှ အုပ်ချုပ်ရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိချေ။ သူမသည် ဝမ်ဟွားနန်းဆောင်သို့ နောက်ဆုံးတစ်ကြိမ် လာရောက်ခဲ့သည်မှာ လီကျင့်နှင့် လီဟောက်တို့ ညီအစ်ကိုနှစ်ယောက် ရှေ့တော်မှောက်တွင် လက်ပါမိကြသဖြင့် အပြစ်ပေးခံရစဥ်ကဖြစ်လေသည်။

တနှစ်တာကာလ ကြာမြင့်ပြီးနောက် ချောင်မိဖရားခေါင်သည် ဝမ်ဟွားနန်းဆောင်သို့ နောက်တစ်ကြိမ် ခြေချမိသောအခါ စိတ်ခံစားချက်မှာ ကောင်းကင်နှင့်မြေကြီးလို ကွာခြားနေတော့သည်။

ယုံးကျားဧကရာဇ်ကတော့ လျှောက်တင်လွှာများကို ကြည့်ရှုစစ်ဆေးနေပြီး ချောင်မိဖုရားခေါင် ရောက်ရှိလာကြောင်း ကြားသိရသောအခါ အနည်းငယ် အံ့အားသင့်သွားတော့သည်။ သူသည် ချောင်မိဖုရားခေါင်၏ စိတ်ထားကို ကောင်းစွာ သိထားလေသည်။ အရေးကြီးကိစ္စမရှိလျှင် သူမသည် ဝမ်ဟွားနန်းဆောင်သို့ အလွယ်တကူ ခြေချလိမ့်မည်မဟုတ်ပေ။

"ဟွမ်ဟုပ်ကို အထဲကို ဆင့်ခေါ်လိုက်ပါ" ယုံးကျားဧကရာဇ်သည် လက်ထဲက လျှောက်တင်လွှာကို ချထားလိုက်ပြီး လျှိုကုန်ကုန်းကို အမိန့်ပေးလိုက်၏။ ခဏအကြာတွင် ချောင်မိဖုရားခေါင်သည် ပြုံးရွှင်စွာဖြင့် ဝမ်ဟွားနန်းဆောင်သို့ ဝင်ရောက်လာတော့၏။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယုံးကျားဧကရာဇ်ကလဲ ပြုံးကာ "ထပါ။ ဟွမ်ဟုပ်က ကျန်းကို သီးသန့်လာတွေ့တာ။ ပြီးတော့ မျက်နှာတစ်ခုလုံးပြုံးလို့ သတင်းကောင်းတစ်ခုခု ရှိလို့လား"

ချောင်မိဖုရားခေါင်သည် ကောင်းမွန်သည့် စိတ်အခြေအနေတစ်ခု ဖြစ်နေသည်မှာ သိသာလေသည်။ မျက်ဝန်းထဲက အပြုံးရိပ်များမှာ လျှံကျမတတ်ပင်။ "ဟုတ်ပါတယ်။ ချန်ချဲ့က အရှင်မင်ကြီးကို သတင်းကောင်းလာပို့တာပါ"

ယုံးကျားဧကရာဇ်သည် စိတ်ဝင်စားသွားသည့် အမူအယာဖြင့် မေးလိုက်၏။ "သြော်။ ဘယ်ကသတင်းကောင်းလဲ"

"လုရှီမှာ ကိုယ်ဝန်ရှိနေပါပြီ" ချောင်မိဖုရားခေါင်က ပြုံးကာ ဆက်ပြောလိုက်လေသည်။ "အိမ်တော်ထဲကို ဝင်ဝင်ချင်း သန္ဓေတည်တာ ဒါက သတင်းကောင်းကြီးတစ်ခု မဟုတ်ဘူးလား"

ယုံးကျားဧကရာဇ်သည်လဲ ချက်ချင်းပင် မျက်နှာတော် ဝင်းပသွားတော့၏။ "တကယ့်ကို သတင်းကောင်းတစ်ခုပဲ"

ပထမမင်းသားကြင်ရာတော်၏ ကိုယ်ဝန်ပျက်ကျမှုသည် မြေးတော်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေသည့် ယုံးကျားဧကရာဇ်ကို အတော်လေး စိတ်ပျက်စေခဲ့ရသည်။ ထို့နောက်တွင်တော့ အပျိုတော်ယန်တွင်လဲ ကိုယ်ဝန်ရှိလာခဲ့သည်။ သို့သော်ငြား မွေးမိခင်၏ မျိုးရိုးမှာ နိမ့်ကျလှသဖြင့် မြေးတော်တစ်ပါး မွေးဖွားခဲ့လျှင်ပင် သာမန်မျိုးဆက်သာဖြစ်ပေမည်။

ယုံးကျားဧကရာဇ်သည် နှုတ်က ထုတ်မပြောသော်ငြားလည်း စိတ်ထဲတွင်တော့ မိဖုရားခေါင်က မွေးသောမျိုးဆက်နှင့် သာမန်မျိုးဆက်ကို အလွန်အလေးထားလေ၏။ ယခုအခါ မိဖုရားခေါင်၏ ချွေးမတော် အိမ်တော်သို့ ဝင်ဝင်လာချင်း သန္ဓေတည်လာသဖြင့် ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ တရားဝင် မိဖုရားခေါင်၏ သွေးသားမျိုးဆက်သာ ဖြစ်ပေသည်။ မပျော်ရွှင်ပဲ အဘယ်မှာ ရှိနိုင်ပါမည်နည်း။

ချောင်မိဖုရားခေါင်က ပြုံးကာပြောလိုက်၏။ "ချန်ချဲ့စိတ်ထဲမှာလည်း အရမ်းကို ပျော်ရွှင်မိပါတယ်။ စိတ်ထဲကအတိုင်း ပြောရမယ်ဆိုရင် မင်းသားငါးပါးလုံးက မိဖုရားခေါင်က မွေးတာဖြစ်ဖြစ် သာမန်မိဖုရားက မွေးတာဖြစ်ဖြစ် အားလုံးက ချန်ချဲ့ရဲ့သားတွေပါပဲ။ ချန်ချဲ့က သူတို့အပေါ် ထားတဲ့စိတ်ကလဲ အတူတူပါပဲ။ ပထမမင်းသား လက်ထပ်တာ နှစ်တွေကြာနေပြီ။ အခု သားသမီး မထွန်းကားသေးတော့ ချန်ချဲ့စိတ်ထဲမှာလည်း ပူပန်မိပါတယ်"

"လုရှီ ကိုယ်ဝန်ရှိလာတော့ ဒါက တကယ့်တရားဝင် မျိုးဆက်သစ်ပါပဲ။ ချန်ချဲ့ရဲ့ ပျော်ရွှင်မှုက တစ်ဆင့်တောင် တိုးသွားသေးတယ်"

ယုံးကျားဧကရာဇ်သည်လဲ အလွန်သဘောကျသွားပြီး ဒီလိုအမှန်အတိုင်း ဖွင့်ဟဝန်ခံသောစကားကို ကြားလိုက်ရသော်ငြားလည်း နည်းနည်းလေးမှ စိတ်ဆိုးခြင်းမရှိဘဲ ရယ်မောလိုက်တော့သည်။ "ဒါကလဲ လူ့သဘာဝပဲလေ။ ကျန်းမှာ သားတွေ အများကြီးရှိပေမဲ့ မိဖုရားခေါင်ကမွေးထားတဲ့ သားကတော့ အားကျင့်တစ်ယောက်ပဲ ရှိတာ။ ကျန်းလဲ သူ အမြန်ဆုံး သားသမီးထွန်းကားတာကို မျှော်လင့်မိတာ"

အကောင်းဆုံးကတော့ ပထမဦးဆုံး ကိုယ်ဝန်မှာတင် မိဖုရားခေါင်ရဲ့သွေးသား မြေးတော်လေးတစ်ပါး မွေးဖွားလာဖို့ပဲ။

ယုံးကျားဧကရာဇ်သည် တွေးလေလေ ပျော်ရွှင်လာလေလေဖြစ်ပြီး ပြုံးကာပြောလိုက်တော့သည်။ "လုရှီက အကျိုးဆောင်ခဲ့တာပဲ။ မိဖုရားခေါင်က ထိုက်တန်တဲ့ ဆုချီးမြှင့်ရမယ်"

ချောင်မိဖုရားခေါင်ကလဲ ပြုံးကာ ပြန်လျှောက်တင်လိုက်လေသည်။ "ရက်က တိုတောင်းနေသေးတော့ အသံကျယ်ကျယ် မလုပ်တာ ပိုကောင်းပါတယ်။ ကလေးရဲ့ ကံကောင်းမှုကို ထိခိုက်သွားမှာစိုးလို့ပါ။ ဒါ့ကြောင့် ချန်ချဲ့ကလဲ အရှင်မင်းကြီးကိုပဲ တိတ်တဆိတ် လာလျှောင်တင်တာပါ။ လုရှီရဲ့ ကိုယ်ဝန်က တည်ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ သတင်းကောင်းကြေငြာလည်း နောက်မကျပါဘူး"

ဒါလဲဟုတ်တာပဲ။

သာ့ဟွမ်စစ်ဖေး ကိုယ်ဝန်ရှိတာနဲ့ ပထမမင်းသားက စိတ်မထိန်းနိုင်ဘဲ သတင်းကောင်း ပို့လိုက်တာ။ နန်းတော်ထဲရော အပြင်မှာပါ လူတိုင်း သိသွားကြတယ်။ ဒါက ကလေးရဲ့ကံကောင်းခြင်းကို ထိခိုက်သွားတာ မဟုတ်ဘူးလား။

ယုံးကျားဧကရာဇ်သည် တလေးတနက် သဘောတူလိုက်ပြီး ချက်ချင်းပင် စကားကို ပြောင်းပြောလိုက်တော့သည်။ "မိဖုရားခေါင် ပြောတာမှန်တယ်။ ဒီကိစ္စကို မင်းနဲ့ကျန်းပဲ သိထားကြတာပေါ့။ ရှို့နဥ်နန်းဆောင်ဘက်ကိုတောင် လောလောဆယ် အသံမကြားစေနဲ့အုံး"

ချောင်မိဖုရားခေါင်ကလဲ ပြုံးကာ တုံ့ပြန်လိုက်တော့သည်။

...

ဤသို့သော သတင်းကောင်းမျိုးသည် အသံကျယ်ကျယ် မပြောဆိုရန် တားမြစ်ထားသော်ငြားလည်း လူအများကို မည်သို့ဖုံးကွယ်နိုင်ပါမည်နည်း။

အနောက်နန်းဆောင်ထဲတွင် မုန့်ကွေ့ဖေးသည် ထိုကိစ္စကို ပထမဦးဆုံး သိရှိသွားသူဖြစ်တော့သည်။

မုန့်ကွေ့ဖေးသည် နှစ်ပေါင်းများစွာ မျက်နှာသာပေးခံရသူဖြစ်ရာ ယုံးကျားဧကရာဇ်၏ အနီးရှိ အစေခံတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို တိတ်တဆိတ် သိမးသွင်းထားခြင်းမှာလည်း ခက်ခဲသည့်ကိစ္စမဟုတ်ပေ။ ချောင်မိဖုရားခေါင်က ဝမ်ဟွားနန်းဆောင်သို့ သွားသည့်ကိစ္စသည် မုန့်ကွေ့ဖေး၏ နားထဲသို့ လျင်မြန်စွာပင် ရောက်ရှိသွားခဲ့လေသည်။

တော်ဝင်သမားတော်ချုပ်ကျိုးသည် လုအိမ်တော်သို့ သွားခဲ့ပြီး ရှောင်ယွမ်က နန်းတော်ထဲသို့ ပြန်လည်သတင်းပို့ခဲ့၏။ ချောင်မိဖုရားခေါင်၏ မျက်နှာသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

အနည်းငယ် ဆက်စပ်စဥ်းစားလိုက်သည်နှင့် မည်သို့သောကိစ္စ ဖြစ်သည်ကို သိရှိနိုင်ပေ၏။ မုန့်ကွေ့ဖေးသည် စိတ်ထဲတွင် အံကြိတ်မိမတတ် မုန်းတီးသွားတော့သည်။

ပထမမင်းသားကြင်ရာတော်သည် အိမ်တော်သို့ ဝင်လာသည်မှာ သုံးနှစ်ကြာပြီ ဖြစ်သော်ငြားလည်း ဝမ်းဗိုက်ကတော့ ပြားချပ်နေဆဲပင်။ လုမင်ယွိကတော့ ယခုမှ အိမ်တော်သို့ဝင်လာပြီး မကြာမှီမှာပင် သတင်းကောင်း ရရှိလာခဲ့သည်။ ဒီလိုနှိုင်းယှဥ်လိုက်သောအခါ အဆင့်အတန်း ကွာခြားမှုသည် ချက်ချင်းပင် ထင်ရှားသွားလေတော့၏။

အပျိုတော်ယန်က မြေးတော်တစ်ပါး မွေးဖွားခဲ့လျှင်တောင် သာမန်မျိုးဆက်ရဲ့ သားတစ်ယောက်ပဲ ဖြစ်မှာ။ မိဖုရားခေါင်ရဲ့ သွေးသားမြေးတော်လောက် ဘယ်လိုလုပ်ပြီးတော့ အဖိုးတန်နိုင်မှာလဲ။

မုန့်ကွေ့ဖေးသည် တွေးလေလေ စိတ်ညစ်ညူးလာလေလေဖြစ်ပြီး ပထမမင်းသားကို သွားရောက်ခေါ်ဆောင်ရန် လူလွှတ်လိုက်လေတော့သည်။ သူမက ပါးစပ်မဖွင့်ရသေးခင်မှာပင် ပထမမင်းသားက နှုတ်ဆက်လာတော့၏။ "မူဖေး သားတော် မူဖေးနဲ့ တိုင်ပင်စရာကိစ္စတစ်ခုရှိတယ်"

"လျန်ရှီရဲ့ ကျန်းမာရေးက အများကြီးသက်သာလာပြီ။ အခုဆိုရင် အိမ်တော်ရဲ့ အတွင်းရေးကိစ္စတွေကိုလည်း စီမံခန့်ခွဲနိုင်ပါပြီ။ အပျိုတော်ယန်ကို အိမ်တော်ပြန်ခေါ်ပြီး ကိုယ်ဝန်ကို စောင့်ရှောက်ခိုင်းတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ မူဖေး ပင်ပန်းမှာစိုးလို့ပါ"

မုန့်ကွေ့ဖေး၏ မျက်ခုံးများသည် ထောင်တက်သွားပြီး အေးစက်စွာ ရယ်မောလိုက်တော့၏။ "ဒါက လျန်ရှီရဲ့ အကြံပဲ မဟုတ်လား"

ပထမမင်းသားကလဲ ချောင်းတစ်ချက် ဟန့်လိုက်ကာ "မူဖေး.စိတ်မဆိုးပါနဲ့။ ဒါက သားတော်ရဲ့အကြံပါ ..."

"ထွီ!" မုန့်ကွေ့ဖေးသည် ဒေါသတကြီး ပြောလိုက်တော့သည်။ "မင်းရဲ့ မွေးမိခင်ရှေ့မှာတောင် လာပြီးတော့ ပရိယာယ်များ နေသေးတယ်။ ငါက မင်းကို တကယ် အလကားမွေးခဲ့တာပဲ! လျန်ရှီ။ အဲဒီ့ ‘ကျွန်’မက နားနားကပ်ပြီး လေချိုသွေးလိုက်တာနဲ့ မင်းက ဝက်ဆီဖတ်စားပြီး ဦးနှောက်ဖုံးသွားတာပဲ။ ငါ့ရှေ့မှာလာပြီး ဆူညံဆူညံ လုပ်နေသေးတယ်"

"မင်းပြန်သွားပြီးတော့ ငါ့ကိုယ်စား သူ့ကိုပြောလိုက်။ အပျိုတော်ယန်က ယန်ရှီနန်းဆောင်ထဲမှာပဲ နေမှာ။ ကလေးမွေးပြီးရင်တောင် ငါ့ရှေ့မှာပဲ မွေးရမှာ။ သူ မကျေနပ်ရင် သူကိုယ်တိုင်လာပြီး ငါနဲ့စကားပြောခိုင်းလိုက်"

"ကိုယ့်ဝမ်းဗိုက်က အသုံးမကျဘဲနဲ့။ အတွေးသေးသေးလေးတွေကတော့ တော်တော်များသားပဲ။ လုမင်ယွိကို ကြည့်လိုက်အုံး။ ခုမှ အိမ်တော်ကို ဝင်လာတာ ကိုယ်ဝန်ရှိသွားပြီ။ နောက်ကျလို့ လုမင်ယွိက မိဖုရားခေါင်ရဲ့ သွေးသားမြေးတော်ကို မွေးဖွားလာရင် ဒုတိယမင်းသား အိမ်တော်က ပထမမင်းသား အိမ်တော်ကို အပြတ်အသတ် အနိုင်ယူသွားလိမ့်မယ်"

ဆိုးဆိုးရွားရွား ဆူဆဲခံလိုက်ရသည့် ပထမမင်းသားသည် နောက်ဆုံးစကား အနည်းငယ်ကို ကြားလိုက်ရသောအခါ မျက်နှာအမူအယာမှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတော့၏။ "မူဖေးပြောတာ တကယ်ပဲလား။ လုရှီမှာ ကိုယ်ဝန်ရှိနေပြီလား"

မုန့်ကွေ့ဖေးက နောက်တကြိမ် ထပ်မံ မြည်တွန်တောက်တီး လိုက်တော့သည်။ "ဒီလောက် အရေးကြီးတဲ့ကိစ္စကို ငါက မင်းကို လိမ်ညာပြီး ပြောနေရအုံးမှာလား။ တနေ့လုံး.မင်းရဲ့ ဖုဟွမ်နားမှာ မျက်နှာချိုသွေးနေတာ ဘာအသုံးဝင်လို့လဲ။ လုရှီမှာ ကိုယ်ဝန်ရှိတာနဲ့ မင်းရဲ့ ဖုဟွမ်က လီကျင့်ကို ချက်ချင်း အမြတ်တနိုးနဲ့ ကြည့်တော့မှာ။ မင်း စောင့်သာကြည့်နေလိုက်တော့"

ပထမမင်းသား၏ မျက်နှာမှာ ညိုမည်းသွားလေတော့သည်။

မိဖုရားခေါင်၏သွေးသားနှင့် သာမန်မိဖုရားတို့၏သွေးသား ကွဲပြားခြားနားလေသည်။ ဒီအမှန်တရားကိုလည်း သူ ငယ်စဥ်ကတည်းက သိရှိထားခဲ့၏။

ဖုဟွမ်က သူ့ကို မည်မျှပင် ချစ်မြတ်နိုးစေကာမူ ညီတော်၏ နေရာကိုတော့ မထိခိုက်နိုင်ခဲ့ချေ။

ဤအရာအားလုံးသည် သူက သာမန်မိဖုရားမှ မွေးလာသည့်သား ဖြစ်သောကြောင့်ပင်။ သူ၏ နှုတ်က မိဖုရားခေါင်၏သွေးသားနှင့် သာမန်မိဖုရားက သွေးသားအကြောင်း မည်သည့်အခါမှ ထုတ်မပြောသော်ငြားလည်း စိတ်ထဲတွင်တော့ သာမန်မိဖုရားများထက် မိဖုရားခေါင်၏ သွေးသားကို ပိုပြီးအလေးထားလေသည်။

ဒီကိစ္စနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက အပျိုတော်ယန် မည်သည့်နေရာတွင် ကိုယ်ဝန်ကို စောင့်ရှောက်နေသည် ဟူသည့်ကိစ္စက ပြောပလောက်သော အရာပင် မဟုတ်တော့ပေ။

...

အပိုင်း (၂၀၁) နောက်ဆက်တွဲ (၁)

"ရှင် နန်းတော်ထဲမဝင်ဘူးလား"

"မသွားတော့ဘူး"

နေ့လယ်ခင်း တစ်ပိုင်းလုံး လီကျင့်သည် ဘယ်နေရာကိုမှ မသွားဘဲ လုမင်ယွိ၏ အနီးအနားတွင်သာ တဝဲလည်လည် လုပ်နေလေသည်။ လုမင်ယွိက သူ့ကို နှင်ထုတ်ချင်သော်ငြားလည်း နှင်ထုတ်လို့ လုံးဝမရခဲ့ပေ။

လုမင်ယွိသည် ထိတ်လန့်ဝမ်းမြောက်မှုမှ အတန်ငယ် သတိပြန်ဝင်လာခဲ့ပြီဖြစ်၏။ စိတ်လှုပ်ရှားတက်ကြွမှုတွင် နစ်မွန်းနေဆဲဖြစ်သော လီကျင့်ကို ကြည့်ရင်း သူမ အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားရ၏။ "ကလေးက ဝမ်းထဲမှာ ရှိနေတာပါ။ အခုက သေးသေးလေးပဲ ရှိသေးတယ်။ ဖြည်းဖြည်းချင်း ကြီးလာပြီး အချိန်တန်မှ မွေးမှာလေ။ ရှင် အခု ကျွန်မဘေးမှာ နေနေလို့ရော ဘာအသုံးဝင်မှာလဲ"

လီကျင့်ကတော့ ဖခင်တစ်ယောက် စဖြစ်ခါစ လူတစ်ယောက်သည် မည်သည့်အတိုင်းအတာအထိ မိုက်မဲနိုင်သည်ကို အပြည့်အဝ ဖော်ပြနေလေသည်။ "ကို့စိတ်ထဲမှာ အခု မင်းနဲ့ ကလေးပဲ အပြည့်ရှိနေတာ။ ဘယ်မှ မသွားချင်ဘူး။ မူဟုပ်က နားလည်ပေးမှာပါ။ မင်း စိတ်ချထားလိုက်"

လုမင်ယွိသည် သူ့သဘောအတိုင်းသာ နေခွင့်ပေးလိုက်ရတော့သည်။

ညစာ စားသည့်အချိန် ရောက်သောအခါ ရယ်စရာကိစ္စများ ထပ်မံဖြစ်ပွားပြန်လေသည်။

လီကျင့်သည် လုမင်ယွိ၏ ဘေးတွင်သာ ထိုင်ရန် တောင်းဆိုလေသည်။ လုမင်ယွိ၏ အကြည့်က မည်သည့်နေရာသို့ ကျရောက်သွားသည်ဖြစ်စေ သူက ချက်ချင်း တူကို လှမ်းယူပြီး လုမင်ယွိ၏ ပန်းကန်ထဲသို့ အပြည့်အသိပ် ထည့်ပေးတော့၏။

လုမင်ဖန်းနှင့် တခြားသူများသည် မရယ်မိအောင် မနည်းထိန်းထားရလေသည်။

လုမင်ယွိကတော့ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး "ကျွန်မ ဒီလောက်အများကြီး ဘယ်လိုလုပ် စားနိုင်မှာလဲ"

လီကျင့်ကတော့ သွားဖြီးကာ ရယ်လျက် ပြောလိုက်သည်။ "ဖြည်းဖြည်းစားလေ။ များများစား”

ထိုအပြုံးသည် လူတစ်ယောက်၏ မျက်လုံးများကိုပင် မျက်စိစူးအောင် ထိုးနှက်နိုင်လောက်သည်အထိ တောက်ပနေ၏။

ညစာစားပြီးနောက် လုမင်ယွိသည် ထုံးစံအတိုင်း ဥယျာဉ်တော်ထဲတွင် အစာကြေအောင် လမ်းလျှောက်ရန် သွားရလေသည်။ လီကျင့်က လုမင်ယွိ၏ လက်မောင်းကို ဂရုတစိုက် တွဲကူပေးထားပြီး ထိုပုံစံမှာ ရှောင်ယွမ်ထက်ပင် ပိုပြီး စံချိန်မီနေသေးသည်။

လုမင်ယွိသည် စိတ်ထဲတွင် အလွန်ကျေနပ်နေသော်ငြားလည်း နှုတ်ကတော့ ရယ်မောကာ စနောက်လိုက်၏။ "ရှင့်ရဲ့ ဒီပုံစံကို မူဟုပ် မြင်မသွားစေနဲ့ဦး။ မဟုတ်ရင် ရှင့်ကို သူ ဘယ်လောက်တောင် သနားနေမလဲ မသိဘူး!"

လီကျင့်က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "မင်း ဒီလိုပြောတာက မူဟုပ်ကို လုံးဝ နားမလည်သေးလို့ပဲ။ မင်း အိမ်တော်ကို ရောက်တာနဲ့ ကိုယ်ဝန်ရှိလာတာ၊ မူဟုပ်တောင်မှ မင်းကို လက်ဖဝါးပေါ် တင်ထားချင်နေလောက်ပြီ"

"မယုံရင် မင်း စောင့်ကြည့်နေလိုက်"

လုမင်ယွိသည် နှုတ်ခမ်းကိုစေ့ကာ အနည်းငယ် ပြုံးလိုက်လေသည်။

သူမ ယခင်ဘဝက ကိုယ်ဝန်ရှိခဲ့စဉ်အခါက စူးဖေးသည်လည်း အလွန်အမင်း ဝမ်းမြောက်ခဲ့လေသည်။ တစ်နေ့လုံး သူမ၏ နေရေးထိုင်ရေးကို ဂရုတစိုက် မေးမြန်းပြီး အလွန်အမင်း ရင်းနှီးဖော်ရွေခဲ့၏။ ထိုအချိန်က သူမသည် စူးဖေး၏ ပုံစံအမှန်ကို မမြင်နိုင်သေးဘဲ မိမိကိုယ်တိုင် ယောက္ခမကောင်းတစ်ယောက် ရရှိခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူနေခဲ့မိသည်။

ယခု ပြန်စဉ်းစားကြည့်မိမှ ယောက္ခမနှင့် ချွေးမကြားတွင် သားအမိအရင်းကဲ့သို့ ရင်းနှီးမှုမျိုး ဘယ်သောအခါမှ ဖြစ်နိုင်မည်မဟုတ်ကြောင်း သဘောပေါက်မိတော့သည်။ သင့်တော်သော အကွာအဝေးတစ်ခုတွင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားနားလည်နိုင်ခြင်း၊ သားဖြစ်သူ သို့မဟုတ် ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ထောက်ထား၍ အနည်းငယ် သည်းခံခွင့်လွှတ်ပေးနိုင်ခြင်းသည်ပင် အလွန်ကံကောင်းလှသည်ဟု ဆိုရပေမည်။

လီကျင့်သည် လုမင်ယွိက မယုံကြည်သည်ကို တွေ့သော်လည်း စကားအများကြီး ထပ်မပြောတော့ချေ။ သူက လုမင်ယွိကို တွဲကူရင်း ဥယျာဉ်တော်ထဲတွင် နာရီဝက်ခန့် လမ်းလျှောက်နေလိုက်သည်။

လုမင်ယွိ ရေချိုးမည့်အချိန်တွင် လီကျင့်က လိုက်ဝင်ရန် ကြံစည်နေသေးသဖြင့် သည်းမခံနိုင်ဖြစ်လာသည့် လုမင်ယွိ၏ နှင်ထုတ်ခြင်းကို ခံလိုက်ရလေတော့သည်။ "ထွက်သွား! ဆက်ပြီး ကပ်မနေနဲ့တော့။ မဟုတ်ရင် ကျွန်မ တကယ် လက်ပါတော့မှာနော်"

လီကျင့်က ချက်ချင်း ရယ်မောလိုက်ပြီး "ကို အခု ထွက်သွားပါ့မယ်။ မင်း စိတ်မဆိုးပါနဲ့။ သန္ဓေသားကို ထိခိုက်သွားဦးမယ်"

လုမင်ယွိသည် မှန်မကြည့်မိခဲ့သောကြောင့် သူမ၏ မျက်ဝန်းထဲတွင် ဝေဆာနေသော အပြုံးရိပ်တို့ကို သူမကိုယ်တိုင် မမြင်တွေ့လိုက်ရပေ။

...

ထိုညမှာပင် ပထမမင်းသားနှင့် ကြင်ရာတော်တို့မှာ မျက်နှာထားတင်းတင်းဖြင့် တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်နေကြပြီး နှစ်ဦးစလုံး စိတ်အနှောင့်အယှက် ဖြစ်နေကြလေသည်။

ပထမမင်းသားသည် အကျိုးအမြတ်မရှိဘဲ ပြန်လာခဲ့ရသဖြင့် ပထမမင်းသား ကြင်ရာတော်၏ စိတ်ထဲတွင် ကျေနပ်မှုမရှိဘဲ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ မြည်တွန်တောက်တီးနေလေသည်။

ပထမမင်းသားသည် စိတ်မကြည်မလင် ဖြစ်နေသဖြင့် ချက်ချင်းပင် စကားနာထိုးလိုက်လေသည်။ "အပျိုတော်ယန်က သားတော် မွေးရင်တောင်မှ မယားငယ်ကမွေးတဲ့ သားပဲ ဖြစ်မှာ။ မင်းမှာ ဒီကိစ္စကို တွေးတောနေဖို့ အချိန်ရှိနေရင် ကိုယ်တိုင်က တရားဝင်သားတော်ကို ဘယ်လို အမြန်ဆုံး မွေးနိုင်မလဲဆိုတာ စဉ်းစားနေတာကမှ ပိုကောင်းဦးမယ်"

ပထမမင်းသား ကြင်ရာတော်သည် အသည်းနှလုံးကို စကားနာထိုးခံလိုက်ရသဖြင့် ချက်ချင်း မျက်ရည်များ ဝဲတက်လာကာ ငိုကြွေးလေတော့သည်။

သူမကရော မလိုချင်လို့လား။

အတော်လေး ကြိုးစားပြီးမှ ကိုယ်ဝန်တစ်ခါ ရခဲ့သော်လည်း စိုးရိမ်ပူပန်မှု လွန်ကဲသောကြောင့် ကိုယ်ဝန်ပျက်ကျကာ ခန္ဓာကိုယ်ကို ထိခိုက်သွားခဲ့ရသည်။ နန်းတွင်းအပျိုတော်တစ်ယောက် ကိုယ်ဝန်ရှိလာသည်ကို မျက်စိရှေ့မှောက်တွင် မြင်တွေ့နေရသည့်အပြင် စိတ်ရင်းမကောင်းသော မုန့်ကွေ့ဖေးက နန်းတော်ထဲသို့ ခေါ်ဆောင်ကာ အနီးကပ် ပြုစုစောင့်ရှောက် ထားပြန်သည်။ စိတ်ထဲတွင် ဆီပူလောင်ခံနေရသူမှာ သူမသာ ဖြစ်လေ၏။

သို့သော် ပထမမင်းသားက သူမ၏ ဒဏ်ရာပေါ်သို့ ဆားဖြူးလိုက်ပြန်သည်။ "လုရှီက အိမ်တော်ကို ရောက်တာနဲ့ ကိုယ်ဝန်ရှိနေပြီ။ သမီးတော်မွေးရင် တရားဝင် မြေးမတော်အကြီးဆုံး ဖြစ်မယ်။ သားတော်မွေးရင် တရားဝင် မြေးတော် ဖြစ်လာမှာ။ ငါတို့နှစ်ယောက် လက်ထပ်ထားတာ ၃ နှစ်ကျော်နေပြီ။ ဒါပေမဲ့ သားသမီးရတနာ ကိစ္စမှာတော့ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ"

ဘယ်လို။ လုမင်ယွိ ကိုယ်ဝန်ရှိသွားပြီ ဟုတ်လား။

သာ့ဟွမ်စစ်ဖေးသည် ဆက်လက်ငိုကြွေးရန် မတတ်နိုင်တော့ဘဲ မျက်ရည်များကို ဖြစ်သလို သုတ်ပစ်လိုက်ပြီး "အရှင်မင်းသား ပြောတာတွေ အမှန်ပဲလား။ လုမင်ယွိ ကိုယ်ဝန်ရှိသွားပြီလား"

"ဒီလိုကိစ္စမျိုးကို ငါက လျှောက်ပြောလို့ရမလား" ပထမမင်းသားက နှာခေါင်းတစ်ချက်ရှုံ့ကာ မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။ "လီကျင့်က အသံမထွက်ထားဘူး။ ကျောင်းဖန်နန်းဆောင်ကိုပဲ လူလွှတ်ပြီး သတင်းပို့ထားတာ။ မိဖုရားခေါင်က ဝမ်ဟွားနန်းဆောင်ကို သွားခဲ့တယ်။ မူဖေးက တစ်ချက်ကြည့်လိုက်တာနဲ့ ဘာဖြစ်နေမှန်း ချက်ချင်း သိလိုက်တာ"

"ငါ မူဖေးဆီ သွားတွေ့ပြီး အပျိုတော်ယန်ကို အိမ်တော်ခေါ်ပြန်ဖို့ ကြိုးစားသေးတယ်။ စကားနှစ်ခွန်းတောင် မပြောရသေးဘူး။ မူဖေးရဲ့ ဆူငေါက်တာကို ခံလိုက်ရတယ်"

"မယ်တော်က ဒေါသထွက်နေတုန်းပဲ။ မင်းလည်း ဒီအတွေးကို ဖျောက်လိုက်တော့"

"ဒီလိုအတွေးတွေ တွေးနေမယ့်အစား ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်နေတာက ပိုကောင်းဦးမယ်။ အမြန်ဆုံး ကိုယ်ဝန်ရအောင်လုပ်ပြီး သားသမီး မွေးဖွားပေး။ မဟုတ်ရင် မင်းလို ချွေးမအကြီးဆုံးက လုရှီရဲ့ ရှေ့မှာ ဘယ်လိုလုပ် မျက်နှာပြောင်တိုက်နိုင်တော့မှာလဲ။ ငါလည်း အာ့တိရဲ့ ရှေ့မှာ မျက်နှာငယ်ရလိမ့်မယ်"

သာ့ဟွမ်စစ်ဖေးသည် ရက်စက်ကြမ်းတမ်းသော စကားလုံးများကို သုံးနှုန်းနေသည့် ပထမမင်းသားကို အံ့အားသင့်စွာ ကြည့်နေမိလေသည်။

ပထမမင်းသားသည် သူ့ကြင်ရာတော်၏ ဝမ်းနည်းကြေကွဲနေသော အမူအရာကို လုံးဝ သတိမထားမိဘဲ ဆက်လက်ပြောကြားလိုက်သည်။ "နန်းတော်ထဲမှာ ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ဖို့ ကျွမ်းကျင်တဲ့ တော်ဝင်သမားတော်တွေ ရှိတယ်။ ငါ ဖုဟွမ်ဆီ သွားတောင်းဆိုပြီး တော်ဝင်သမားတော်ကို အိမ်တော် ခေါ်ထားလိုက်မယ်။ မင်း စိတ်အေးလက်အေးနဲ့ ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်နေ။ တခြားကိစ္စတွေကိုတော့ များများတွေးမနေနဲ့တော့"

စကားဆုံးသည်နှင့် ပထမမင်းသားသည် နေရာမှထကာ ထွက်ခွာသွားလေတော့သည်။

သာ့ဟွမ်စစ်ဖေးသည် ပထမမင်းသား၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ သူမ၏ နှလုံးသားထဲမှ ခါးသီးမှုများက လျင်မြန်စွာ ပျံ့နှံ့လာပြီး လျှာဖျားထက်တွင်ပင် ခါးသက်မှုကို ခံစားနေရလေသည်။

...

ထိုညတွင် ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်တွင် ညအိပ်စက် အနားယူခဲ့လေသည်။

လဆန်း ၁ ရက်နေ့လည်း မဟုတ်သလို၊ လပြည့် ၁၅ ရက်နေ့လည်း မဟုတ်ပေ။

အနောက်နန်းဆောင်တွင် မျက်နှာသာ အပေးခံရဆုံးဖြစ်သော မုန့်ကွေ့ဖေးသည် ဒေါသထွက်လွန်းသဖြင့် တစ်ညလုံးနီးပါး အိပ်မပျော်နိုင်ခဲ့ချေ။

အတွေးမြန်လှသော ချင်ဖေးသည် ထိုကိစ္စကို သိရှိသွားပြီးနောက် သေသေချာချာ တွေးတောသုံးသပ်လိုက်လေသည်။ နောက်တစ်နေ့ ရှို့နင်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်သည့်အခါ ရည်ရွယ်ချက်ရှိရှိဖြင့် သွယ်ဝိုက်ကာ စကားစလိုက်သည်။ "... မနေ့က မိဖုရားခေါင်က ဝမ်ဟွားနန်းဆောင်ကို သွားခဲ့ပြီး ညဘက်မှာ အရှင်မင်းကြီးကလည်း ကျောင်းဖန်နန်းဆောင်ကို ကြွချီသွားတယ်လို့ ကြားပါတယ်။ ကြည့်ရတာ သတင်းကောင်းတစ်ခုခု ရှိနေပုံပါပဲ"

မယ်တော်ကြီးကျောက်သည် အလုပ်အကိုင်မရှိ ပျင်းရိနေသဖြင့် ချက်ချင်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာလေသည်။ "ဘယ်လို သတင်းကောင်းမျိုး ဖြစ်နိုင်မှာလဲ။ နောက်နှစ်ရက်နေရင် တတိယမင်းသား မင်္ဂလာဆောင်တော့မယ့် ကိစ္စကြောင့်များလား"

ဒါလည်း မဖြစ်နိုင်ဘူးလေ။

လီဟောက် လက်ထပ်ထိမ်းမြားခြင်းကို ချောင်မိဖုရားခေါင်က အဘယ်ကြောင့် သည်လောက် ဝမ်းမြောက်နေရမည်နည်း။ ယုံးကျားဧကရာဇ်သည်လည်း စူးဖေး၏ အဆောင်တော်သို့သာ သွားသင့်သည် မဟုတ်ပါလား။

ချင်ဖေးက အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။ "ဒါတော့ ချန်ချဲ့လည်း မသိပါဘူး။ ချန်ချဲ့မှာ မိဖုရားခေါင်ကို သွားမေးရဲလောက်တဲ့ သတ္တိလည်း မရှိပါဘူး"

ထိုကိစ္စသည် မယ်တော်ကြီးကျောက်အတွက်တော့ ပြဿနာတစ်ခု မဟုတ်ပေ။

မယ်တော်ကြီးကျောက်က ချက်ချင်း အမိန့်ပေးလိုက်သည်။ "ဘယ်သူရှိလဲ။ အိုက်ကျားရဲ့ အမိန့်တော်ကို သွားဆင့်ခေါ်လိုက်။ မိဖုရားခေါင်ကို ရှို့နင်နန်းဆောင်ကို တစ်ခေါက်လာခဲ့ဖို့ ပြောလိုက်"

ယောက္ခမက ချွေးမကို တွေ့လိုလျှင် ချွေးမက မလာဘဲ နေခွင့်မရှိပေ။ ချောင်မိဖုရားခေါင်သည် လာရမည်သာမက ရိုသေစွာ ဂါရဝပြုပြီး မယ်တော်ကြီးကျောက်၏ အခက်တွေ့အောင် ပြုလုပ်ခြင်းနှင့် ရက်စက်ကြမ်းတမ်းသော စကားများကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရဦးမည်။

မယ်တော်ကြီးကျောက်သည်လည်း သွယ်ဝိုက်မနေတော့ဘဲ ချက်ချင်း နှုတ်ဖွင့်မေးလိုက်သည်။ "မနေ့က ကျောင်းဖန်နန်းဆောင်မှာ ဘာသတင်းကောင်း ရှိနေတာလဲ"

ချောင်မိဖုရားခေါင်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ချင်ဖေးကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။

ချင်ဖေးက ချက်ချင်း တောင်းပန်တိုးလျှိုးသော အပြုံးဖြင့် ပြောလိုက်သည်။ "ဒါတွေအားလုံးက ချန်ချဲ့က ပါးစပ်များသွားလို့ပါ။ ခုနက မယ်တော်ကြီးရဲ့ ရှေ့မှောက်မှာ စကားစလိုက်မိတာပါ။ မယ်တော်ကြီးက စူးစမ်းလိုစိတ် ဖြစ်လာပြီး မိဖုရားခေါင်ကို ခေါ်ယူမေးမြန်းဖို့ ဆင့်ခေါ်လိုက်တာပါ"

မယ်တော်ကြီးကျောက်၏ မျက်နှာသည် အနည်းငယ် တင်းမာသွားပြီး ချောင်မိဖုရားခေါင်ကို မကျေမနပ် တစ်ချက် လှမ်းကြည့်လိုက်သည်။ "ဘာလဲ။ အိုက်ကျားကိုတောင် မပြောပြနိုင်တဲ့ ကိစ္စ ရှိနေလို့လား"

သာ့ဟွမ်စစ်ဖေး လျန်ရှီရဲ့ ကိစ္စက အရင်က နမူနာ ရှိထားတာ။ လုမင်ယွိ ကိုယ်ဝန်ရှိတဲ့ သတင်းကောင်းကို ငါက အစောကြီး မကြေညာချင်သေးဘူး။ တောက်! ဒီမိန်းမယုတ် ချင်ဖေး! သူက အကြောင်းစုံကို ခန့်မှန်းမိပြီး မယ်တော်ကြီးကျောက်ကို အသုံးချပြီး ငါ့ကို အနှောင့်အယှက် လာပေးနေတာပဲ။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် တိတ်တဆိတ် ဒေါသထွက်နေမိသည်။ သို့သော် မယ်တော်ကြီးကျောက်က ကျားရဲတစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်နေသဖြင့် သူမက မဖြေကြားဘဲ နေလို့မရပေ။ မည်သို့ပင်ဖြစ်စေ လုမင်ယွိ ကိုယ်ဝန်ရှိသော ကိစ္စကို အမြဲတမ်း ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ချောင်မိဖုရားခေါင်သည် ဤသို့သာ ပြောလိုက်ရတော့သည်။ "တကယ်တော့ သတင်းကောင်းတစ်ခု ရှိနေတာ အမှန်ပါ။ လုရှီက အိမ်တော်ကို ရောက်တာနဲ့ ကိုယ်ဝန်ရှိလာပြီး သန္ဓေရှိနေမှန်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်က စောလွန်းသေးတော့ ဒီကိုယ်ဝန်က မခိုင်သေးဘူး။ ဒါကြောင့် ချွေးမတော်က သတင်းကောင်း လာမပို့သေးတာပါ"

...

All Chapters