← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အပိုင်း (၂၀၂) နောက်ဆက်တွဲ (၂)

တကယ်ပဲ ကိုယ်ဝန်ရှိသွားတာကိုး!

ချင်ဖေး၏ စိတ်သည် လေးလံသွားပြီး ဒေါသအနည်းငယ်ပင် ထွက်လာတော့သည်။ စတုတ္ထမင်းသားက အသက်ငယ်သေးတယ်။ မင်္ဂလာပွဲကို စောစော သတ်မှတ်ထားရင်တောင် အခုထိ လက်မထပ်ရသေးဘူး။ နေ့ရက်တွေကို တွက်ကြည့်လိုက်ရင် စတုတ္ထမင်းသား မင်္ဂလာဆောင်တဲ့အချိန်ကျရင် လုမင်ယွိက သားတောင် မွေးပြီးနေလောက်ပြီ။

တကယ်ပဲ ခြေတစ်လှမ်း နောက်ကျသွားတာနဲ့ ခြေလှမ်းတိုင်း နောက်ကျကုန်တာပဲ။

မယ်တော်ကြီးကျောက်ကို ကြည့်လိုက်တော့ အပြစ်ရှာတတ်သည့် ပုံစံမျိုး ပျောက်ကွယ်သွားပြီး မျက်နှာအပြည့် အပြုံးဖြင့် ပြောလိုက်လေသည်။ "ဪ လုရှီက ကိုယ်ဝန်ရှိသွားတာကိုး။ ဒီလို သတင်းကောင်းကို ဖုံးကွယ်ထားစရာ လိုသေးလို့လား”

ချောင်မိဖုရားခေါင် သက်ပြင်းချခွင့် မရလိုက်ခင်မှာပင် မယ်တော်ကြီးကျောက်က ထပ်ပြောလိုက်ပြန်သည်။ "လုရှီကို နန်းတော်ထဲ လာခိုင်းလိုက်။ အိုက်ကျားက လုရှီကို ကိုယ်တိုင်တွေ့ပြီး ကိုယ်ဝန်ကို သေချာဂရုစိုက်ဖို့ မှာချင်တယ်”

ချောင်မိဖုရားခေါင်သည် စိတ်ထဲမှ တံတွေးထွေးလိုက်မိသည်။ တကယ်သာ လုမင်ယွိကို ကိုယ်ဝန်သေချာဂရုစိုက်စေချင်ရင် နန်းတော်ထဲကို ဂါရဝပြုဖို့ လာခိုင်းတာကို ကင်းလွတ်ခွင့် ပေးထားသင့်တာ။ ဒီလိုလုပ်ရပ်က ဒီအကြောင်းပြချက်ကို အခွင့်ကောင်းယူပြီး လုမင်ယွိကို တမင်သက်သက် ဒုက္ခပေးချင်နေတာပဲ။

ချောင်မိဖုရားခေါင်သည် ပုံမှန်အချိန်တွင် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသော်လည်း ယခုအချိန်တွင် အလျှော့ပေး၍ မဖြစ်မှန်း ကောင်းစွာသိသောကြောင့် ချက်ချင်း ပြုံးကာ ပြောလိုက်သည်။ "မူဟုပ်ရဲ့စေတနာကို အာရှီက လုရှီကိုယ်စား လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ လုရှီက အခုမှ ကိုယ်ဝန်ရှိခါစဆိုတော့ စိတ်ငြိမ်ငြိမ်နဲ့ သန္ဓေသားကို ဂရုစိုက်သင့်ပြီး ခရီးဝေးသွားတာ၊ ပင်ပန်းတာမျိုး မလုပ်သင့်ပါဘူး။ မဟုတ်ရင် သန္ဓေသားကို ထိခိုက်သွားနိုင်ပါတယ်။ မူဟုပ်က လူငယ်တွေအပေါ် အမြဲတမ်း သနားကြင်နာတတ်တာပဲမို့လား၊ ဒီတစ်ခါတော့ လုရှီကို ကိုယ်ဝန်တည်မြဲသွားပြီးမှ နန်းတော်ထဲကို ဂါရဝပြုဖို့ လာခိုင်းလိုက်ပါနော်”

မယ်တော်ကြီးကျောက်၏ မျက်နှာသည် တင်းမာသွားပြီး ချောင်မိဖုရားခေါင်ကို တစ်ချက် စွေကြည့်လိုက်၏။ "ဟွမ်ဟုပ် ဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ။ အိုက်ကျားက စိတ်ထဲမှာ ဝမ်းသာလို့ မြေးချွေးမကို တွေ့ချင်တာကို ဘယ်လိုဖြစ်လို့ မင်းပါးစပ်ထဲ ရောက်သွားတော့ လူငယ်တွေကို မသနားတာ ဖြစ်သွားရတာလဲ။ ဟွမ်ဟုပ်ရဲ့ စိတ်ထဲမှာ အိုက်ကျားက တော်ဝင်မျိုးနွယ်ရဲ့ သားသမီးကိုတောင် ဂရုမစိုက်တဲ့အထိ မူးမေ့နေပြီလို့ ထင်နေတာလား”

တကယ်တော့ ဟုတ်နေတာပဲ မဟုတ်လား။ တကယ်သာ စိတ်ပူပြီး ဂရုစိုက်တတ်ရင် ဒီအချိန်မှာ ဒီလို ရစ်ပြီး ပြဿနာရှာနေမှာ မဟုတ်ဘူး။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် စိတ်တိုဒေါသထွက်နေသော်လည်း မျက်နှာပေါ်တွင်တော့ အပြုံးမပျက် ပြောနိုင်သေးသည်။ "ချွေးမတော်က ဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ မူဟုပ် စိတ်လျှော့ပါ”

မယ်တော်ကြီးကျောက်က လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ဒီလို မဆိုလိုရင်လည်း ပြီးတာပဲ။ ဘာပဲဖြစ်ဖြစ် အိုက်ကျားက လုရှီကို တွေ့ချင်တယ်။ လာကြ၊ အိုက်ကျားရဲ့ အမိန့်ကို သွားဆင့်ခေါ်လိုက်။ လုရှီကို နန်းတော်ထဲ ဝင်ဖို့ ဆင့်ခေါ်လိုက်”

ချောင်မိဖုရားခေါင်သည် ဆက်ပြီး မပြုံးနိုင်တော့ချေ။ "လုရှီက သူ့မိဘအိမ်မှာ ခဏပြန်နေနေတာပါ။ လူက လုအိမ်တော်မှာ..."

"ဒါလည်း ကိစ္စမရှိဘူး" မယ်တော်ကြီးကျောက်က ချောင်မိဖုရားခေါင်၏ စကားကို ဖြတ်ပြောလိုက်၏။ "အိုက်ကျားက လုအိမ်တော်ကို လူတစ်ခေါက် လွှတ်လိုက်ရုံပဲလေ”

မျက်နှာချင်းဆိုင် အခန့်မသင့်ဖြစ်ကြသည်မှလွဲ၍ ချောင်မိဖုရားခေါင်သည် လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

အမှန်တကယ်တွင်တော့ ပြဿနာကြီးကြီးမားမား ဖြစ်လာခဲ့လျှင်ပင် မယ်တော်ကြီးကျောက်သည် သူ၏ ရာထူးအဆင့်အတန်းကို အခွင့်ကောင်းယူကာ ချောင်မိဖုရားခေါင်ကို ကျော်လွန်ပြီး မြေးချွေးမဖြစ်သူ လုမင်ယွိကို နန်းတော်ထဲသို့ တိုက်ရိုက်ဆင့်ခေါ်နိုင်သေးသည်။

မယ်တော်ကြီးကျောက်ကို တားဆီးနိုင်သူမှာ ယုံးကျားဧကရာဇ် တစ်ယောက်တည်းသာ ရှိလေသည်။

ယုံးကျားဧကရာဇ်သည် ယခုအချိန်တွင် ကျင်းလွမ်ခန်းမတွင် နံနက်ညီလာခံ တက်နေဆဲဖြစ်ရာ ယခုအချိန်တွင် ကျင်းလွမ်ခန်းမသို့ လူလွှတ်ပြီး သတင်းပို့လျှင်လည်း အချိန်မီတော့မည် မဟုတ်ပေ။

ခဏတာအတွင်းမှာပင် ချောင်မိဖုရားခေါင်၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားလေသည်။

တားဆီး မရနိုင်မှန်း သိသောအခါ ချောင်မိဖုရားခေါင်သည် ဆက်လက် မတားဆီးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ "ဒီလို ကိစ္စသေးသေးလေးအတွက် မူဟုပ်ကို ဒုက္ခမပေးသင့်ပါဘူး။ ချွေးမတော်ပဲ လုအိမ်တော်ကို လူလွှတ်ပြီး လုရှီကို နန်းတော်ထဲ ဝင်ဖို့ ခေါ်ခိုင်းလိုက်ပါ့မယ်”

ထိုအခါမှ မယ်တော်ကြီးကျောက်သည် ကျေနပ်သွားတော့သည်။

ချင်ဖေး၏ စိတ်ထဲတွင် ကျေနပ်မှုအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး ပြုံးရွှင်သော မျက်နှာဖြင့် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချောင်မိဖုရားခေါင်၏ အေးစက်စက် အကြည့်က ရောက်ရှိလာလေသည်။

တော်တော် ဟုတ်နေတဲ့ ချင်ဖေးပဲ။ နင် ငါ့ကို စောင့်ကြည့်နေလိုက်!

ချင်ဖေး၏ ကျောပြင်တွင် အေးစက်သော ခံစားချက်တစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ဖျားသို့ ရောက်လာသော စကားလုံးများကို ပြန်လည် မျိုချလိုက်ရတော့သည်။

...

လုမင်ယွိသည် သိုင်းလေ့ကျင့်ကွင်းထဲတွင် ထိုင်နေလေသည်။

သူမ၏ ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းပြီး ယခုအချိန်တွင် ကိုယ်ဝန်ဆောင် လက္ခဏာ တစ်စက်မှ မပြသေးသော်ငြားလည်း ကိုယ်ဝန်ဆောင်ခါစ အချိန်ဖြစ်သောကြောင့် သတိထားခြင်းက အကောင်းဆုံးဖြစ်၏။ ထို့ကြောင့် သူမသည် ယနေ့မနက်တွင် သိုင်း မလေ့ကျင့်ခဲ့ပေ။ အလုပ်မရှိသဖြင့် လုမင်ယွဲ့နှင့် လုရွှမ်းတို့ကို သိုင်းပညာ လမ်းညွှန်ပေးနေလိုက်သည်။

"ဝူမေ့၊ လက်သီးထိုးရင် အားပါရမယ်”

"လျို့တိ၊ ခြေစုံရပ်တာကို ခိုင်အောင်ရပ်၊ လက်နှစ်ဖက်ကို ရှေ့တည့်တည့်ဆန့်ထား”

လုရွှမ်းသည် ပျင်းရိနေကျအတိုင်းပင်။ သူ၏ ဘဝတွင် အမုန်းဆုံးအရာမှာ ခြေစုံရပ်သည့် ပုံစံကို လေ့ကျင့်ရခြင်း ဖြစ်သည်။ ခဏလေး ထိုင်ပြီးသည်နှင့် ဝမ်းဗိုက်ကို ပွတ်သပ်ကာ "စစ်မေ့၊ ကျွန်တော် ဗိုက်နာလို့၊ အိမ်သာသွားမှ ဖြစ်မယ်" ဟု ပြောလေသည်။

ဒါကလည်း လုရွှမ်း အမြဲသုံးနေကျ လှည့်ကွက်တစ်ခု ဖြစ်လေသည်။

လုမင်ယွိက အေးဆေးစွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "နာရီဝက်လောက် ကြာမှ နား"

"ကျွန်တော် တော်တော် ဗိုက်နာနေတာ၊ ဒီလောက်အကြာကြီး ဘယ်လိုလုပ် အောင့်ထားနိုင်မှာလဲ" လုရွှမ်းက မျက်နှာငယ်လေးဖြင့် ဝမ်းဗိုက်ကို အုပ်ကိုင်ကာ သနားစဖွယ် တောင်းပန်လေသည်။ "ကျွန်တော့်ရဲ့ စစ်ကျဲလေးရယ်၊ ကျွန်တော် တကယ် မလိမ်ပါဘူး။ ကျွန်တော် ဒီလောက် ကြီးနေပြီ၊ တကယ်လို့ အောင့်မထားနိုင်ရင်... အား! မဖြစ်တော့ဘူး! ကျွန်တော် တကယ် အောင့်မထားနိုင်တော့ဘူး!"

သူသည် ဝမ်းဗိုက်ကို အုပ်ကိုင်ရင်း လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။

လုမင်ယွိ၏ ထက်မြက်သော မျက်လုံးများနှင့်ပင် လုရွှမ်းသည် တကယ် ဗိုက်နာနေသလား သို့မဟုတ် ဟန်ဆောင်နေသလားဆိုသည်ကို ခွဲခြားမမြင်နိုင်ခဲ့ပေ။

လုမင်ယွဲ့သည် လက်သီးကို ရုပ်သိမ်းလိုက်ပြီး လုမင်ယွိ၏ အနားသို့ လျှောက်လာကာ ပြုံးလျက် သက်ပြင်းချလိုက်သည်။ "လျို့တိက ဦးနှောက်ကောင်းတယ်၊ နားလည်မှုစွမ်းရည်လည်း မြန်တယ်။ ဒါပေမဲ့ အရမ်း ပျင်းတာပဲ။ ဆယ်ရက်မှာ သုံးရက်က ခေါင်းကိုက်တယ်၊ လေးရက်က ဗိုက်နာတယ်။ ငါက နေ့တိုင်း သိုင်းလေ့ကျင့်တာ တစ်နာရီကြာတယ်၊ သူက နာရီဝက်လောက် လေ့ကျင့်ရင်ကို တော်တော် ကောင်းနေပြီ”

ဒီလို ပျင်းရိလေးလံတဲ့ ပုံစံက တကယ်ပဲ ဒေါသထွက်စရာလည်း ကောင်းသလို ရယ်စရာလည်း ကောင်းနေသည်။

လုမင်ယွိသည် ယခင်ဘဝက ခြေထောက်ကျိုးသွားပြီး စိတ်ဓာတ်ကျကာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သော ခြောက်ယောက်မြောက် မောင်ဖြစ်သူကို သတိရမိပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ "ထားလိုက်ပါတော့။ ငါက သူ့ကို ဒီလို အပူအပင်မရှိဘဲ ပျင်းရိနေတဲ့ ပုံစံနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်”

လုမင်ယွဲ့သည် မျက်လုံးများကို ဝိုင်းစက်သွားအောင် ဖွင့်လျက် လုမင်ယွိကို ကြည့်လိုက်သည်။

လုမင်ယွိက ရယ်မောလိုက်ပြီး မေးလိုက်၏။ "ဝူမေ့၊ နင် ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ"

လုမင်ယွဲ့က တအံ့တဩ ပြောလိုက်၏။ "မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရှိသွားရင် စိတ်နေစိတ်ထားနဲ့ ဒေါသက အများကြီး ပြောင်းလဲသွားတတ်တယ်လို့ ပြောကြတယ်။ တကယ်ပဲ ဒီလိုကိုး! အရင်တုန်းကသာ ဆိုရင် စစ်ကျဲက လျို့တိရဲ့ နားရွက်ကိုလိမ်ပြီး ခြေထောက်နဲ့ တစ်ချက်ကန်ပြီး သေချာ လေ့ကျင့်ခိုင်းနေလောက်ပြီ။ ဘယ်မှာ သူ့ကို ဒီလို ပျင်းရိခွင့် ပေးမှာလဲ!"

လုမင်ယွိက ရယ်မောလိုက်ပြီး မေးလိုက်သည်။ "ငါက အဲ့ဒီလောက်တောင် ကြမ်းတမ်းလို့လား"

လုမင်ယွဲ့က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

လုမင်ယွိ "..."

ညီအစ်မနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တပြိုင်နက်တည်း ရယ်မောလိုက်ကြလေသည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်း လုကျားသည် အလျင်အမြန် ရောက်ရှိလာပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် စိုးရိမ်လို့နေလေသည်။ "သခင်မလေးကို လျှောက်တင်ပါတယ်။ နန်းတော်ထဲက လူ ရောက်လာပါတယ်။ သခင်မလေးကို နန်းတော်ထဲ ဝင်ဖို့ လာခေါ်တာပါတဲ့”

လီကျင့်၏ ရှေ့တွင် လူတိုင်းက လုမင်ယွိကို ဒုတိယမင်းသားကြင်ရာတော်ဟု ခေါ်ဝေါ်ကြသော်လည်း သီးသန့်ရှိနေချိန်တွင်တော့ ယခင်က ခေါ်ဝေါ်နေကျ အမည်ကိုသာ အကျွမ်းတဝင် ခေါ်ဝေါ်နေကြဆဲ ဖြစ်သည်။

လုမင်ယွိ စကားမပြောရသေးမီမှာပင် လုမင်ယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်လေသည်။ "စစ်ကျဲမှာ ကိုယ်ဝန်ရှိနေတာ၊ စိတ်ငြိမ်ငြိမ်နဲ့ ကိုယ်ဝန်ကို ဂရုစိုက်နေရမှာလေ။ ဘာဖြစ်လို့ နန်းတော်ထဲက လူက စစ်ကျဲကို နန်းတော်ထဲ ဝင်ဖို့ လာခေါ်ရတာလဲ"

လုမင်ယွိ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်မရှင်းမလင်း အေးစက်သည့် အပြုံးတစ်ချက် ပေါ်ပေါက်လာသည်။ "ငါ ကိုယ်ဝန်ရှိတာက ဖုဟွမ်နဲ့ မူဟုပ်အတွက်တော့ သတင်းကောင်းပဲ။ ဒါပေမဲ့ တခြားလူတွေအတွက်တော့ သေချာပေါက် ဟုတ်ချင်မှ ဟုတ်မှာ”

လုမင်ယွဲ့၏ စိတ်ထဲတွင် တင်းကျပ်သွားပြီး "စစ်ကျဲ..."

"စိတ်မပူပါနဲ့၊ ဘာမှ အကြီးအကျယ် ဖြစ်မှာ မဟုတ်ပါဘူး" လုမင်ယွိက လေသံအေးအေးဖြင့် ပြောလိုက်၏။ "ငါ အခုပဲ နန်းတော်ထဲ ဝင်သွားလိုက်မယ်။ နင် သာ့ကျဲတို့ကို ပြောထားလိုက်။ ဒီနေ့ နေ့လယ်စာကို ငါ ပြန်လာမစားတော့ဘူးလို့”

ဒါက နေ့လယ်စာ စားတာ မစားတာ ကိစ္စ မဟုတ်ဘူးလေ!

လုမင်ယွဲ့က တစ်စုံတစ်ခု ထပ်ပြောချင်သေးသော်လည်း လုမင်ယွိသည် နေရာမှထကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

...

လုမင်ယွိကို လာကြိုသူမှာ ချောင်မိဖုရားခေါင်၏ ယုံကြည်ရသော အပျိုတော် ချိုင်လန် ဖြစ်လေသည်။

ချိုင်လန်သည် လုမင်ယွိကို ဂရုတစိုက် တွဲကူကာ မြင်းလှည်းပေါ်သို့ တက်စေပြီးနောက် လုမင်ယွိ သေချာစွာ ထိုင်ပြီးမှ ချိုင်လန်က အဖြစ်အပျက် အကြောင်းစုံကို လေသံတိုးတိုးဖြင့် ပြောပြလေသည်။ "... မယ်တော်ကြီးက အာ့ဟွမ်စစ်ဖေးကို နန်းတော်ထဲ ဝင်ဖို့ အတင်းအကျပ် ဆင့်ခေါ်နေတာပါ။ ဟွမ်ဟုပ်ညန်ညန်က တကယ်ပဲ တားမရတော့လို့ ကျွန်တော်မျိုးမကို လာခေါ်ခိုင်းလိုက်ရတာပါ”

လုမင်ယွိက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "စိတ်ချပါ၊ ငါ ရင်ဆိုင်နိုင်ပါတယ်"

ထို တိုတောင်းလှသော စကားလုံး အနည်းငယ်သည် လူ၏ စိတ်နှလုံးကို တုန်လှုပ်စေနိုင်သော စွမ်းအား ရှိနေသကဲ့သို့ပင်။

မူလက စိုးရိမ်ပူပန်နေသော ချိုင်လန်သည် လုမင်ယွိ၏ တည်ငြိမ်အေးဆေးသော အကြည့်များနှင့် ဆုံတွေ့လိုက်ရသောအခါ ရုတ်တရက် တည်ငြိမ်သွားတော့သည်။

ဟုတ်သားပဲ၊ အာ့ဟွမ်စစ်ဖေးက အနိုင်ကျင့်လို့ လွယ်ကူတဲ့ ပျော့ညံ့ညံ့လူ မဟုတ်ဘူးလေ။ မယ်တော်ကြီးကျောက်က အခက်တွေ့အောင် လုပ်ချင်ရင်တောင် လွယ်ကူတဲ့ ကိစ္စတစ်ခု လုံးဝ မဟုတ်ဘူး။

မြင်းလှည်းသည် တည်ငြိမ်စွာ ရှေ့သို့ ဆက်လက်သွားနေပြီး နန်းတော်တံခါးဝသို့ ရောက်ရှိလာခဲ့၏။

နန်းတွင်းအစေခံတစ်ယောက်က ရှေ့သို့တက်လာပြီး အရိုအသေပေးကာ လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "မိဖုရားခေါင်က မွေ့ရာအခင်းနဲ့ဝေါယာဉ် ပြင်ဆင်ထားပါတယ်။ ဟွမ်စစ်ဖေးကို ဝေါယာဉ်ပေါ် တက်ဖို့ လျှောက်တင်ပါတယ်”

ဒါသည် ချောင်မိဖုရားခေါင်၏ တောင်းပန်မှုနှင့် ဂရုစိုက်မှုပင်။ ချွေးမတစ်ယောက်အနေဖြင့် မယ်တော်ကြီးကျောက်ကို တားဆီးနိုင်စွမ်း မရှိသဖြင့် မိမိ၏ ချွေးမအပေါ်တွင် အနည်းငယ် အားနာစိတ် ဖြစ်ပေါ်လာမိသည်မှာ ရှောင်လွှဲမရနိုင်ပေ။

လုမင်ယွိက မသိမသာ ပြုံးလိုက်ပြီး ဝေါယာဉ်ပေါ်သို့ တက်လိုက်လေတော့သည်။

...

အပိုင်း (၂၀၃) အခက်တွေ့အောင်ပြုလုပ်ခြင်း (၁)

လုမင်ယွိ၏ ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းလျက်ရှိပြီး ကိုယ်ဝန်ဆောင်လက္ခဏာ တစ်စက်လေးမှပင် မပြသေးချေ။

သို့သော်ငြားလည်း ချောင်မိဖုရားခေါင်သည် လူလွှတ်ကာ အိစက်ပျော့ပျောင်းနေသည့် ဝေါယာဥ်ကို ပြင်ဆင်ပြီး လာကြိုခိုင်းခြင်းကလဲ စေတနာတစ်ရပ်ကို ပြသနေခြင်းပင်။ လုမင်ယွိသည် သဘာဝကျကျပင် မငြင်းပယ်လိုက်သဖြင့် အေးဆေးတည်ငြိမ်စွာ လက်ခံကာ အိစက်နေသည့် ဝေါယာဥ်ကို စီးနင်းလိုက်ပါလာရင်း ရှို့နဥ်နန်းဆောင်သို့ ရောက်ရှိလာတော့သည်။

လမ်းတလျှောက်လုံးတွင် တိတ်တဆိတ် ခေါင်းပြူကာ ချောင်းမြောင်းကြည့်ရှုနေကြသည့် နန်းတွင်းသူများနှင့် ကုန်းကုန်းများ၏ အရေအတွက်ကိုပင် မသိနိုင်တော့ချေ။

ထို့ကြောင့် နန်းတော်အတွင်း၌ စစ်မှန်သော လျှို့ဝှက်ချက်ဟူ၍ ဘယ်သောအခါမှ မရှိခဲ့ခြင်းပင်။ ထိုမျှလောက် များပြားလှသည့် မျက်လုံးအစုံတို့က စူးစိုက်ကြည့်ရှုခြင်း၊ ချောင်းမြောင်းခြင်း၊ ခန့်မှန်းတွက်ချက်ခြင်းတို့ ပြုလုပ်နေကြသဖြင့် ဒုတိယမင်းသားကြင်ရာတော် ကိုယ်ဝန်ရှိသည့်ကိစ္စသည်လဲ တိတ်တဆိတ် ပြန့်နှံ့သွားလေတော့၏။

ဒါကလည်း မယ်တော်ကြီးကျောက်က သူမကို တမင်သက်သက် အခက်တွေ့အောင် ပြုလုပ်လိုသည့်ရည်ရွယ်ချက်ပင်။

စိတ်အေးလက်အေးနှင့် ကိုယ်ဝန်ကို ဂရုစိုက်ချင်တာတဲ့လား။ ဘယ်ဖြစ်နိုင်မှာလဲ!

"ကျွန်တော်မျိုးမတို့ အာ့ဟွမ်စစ်ဖေးကို ဂါရဝပြုပါတယ်" ရှို့နဥ်နန်းဆောင် အပြင်ဘက်သို့ ရောက်လာသောအခါ နန်းတွင်းအပျိုတော်များ အားလုံးက တပြိုင်တည်း အရိုအသေပေးကာ နှုတ်ခွန်းဆက်သကြလေသည်။

လုမင်ယွိသည် ချိုင်လန်ကို လှမ်းတွဲကာ ဝေါယာဥ်ပေါ်က ဆင်းလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်၏။ "မယ်တော်ကြီးကို သွားလျှောက်တင်လိုက်ပါ။ မြေးချွေးမတော် လုရှီက အဘွားတော်ကို ဂါရဝပြုဖို့ ရောက်လာပါတယ်လို့"

ဒီတစ်ကြိမ်တွင်တော့ မယ်တော်ကြီးကျောက်သည် သူမကို အပြင်တွင် စောင့်ဆိုင်းချင်မခိုင်းတော့ချေ။

မည်သို့ပင်ဖြစ်စေ ကိုယ်ဝန်ဆောင် မြေးချွေးမတစ်ယောက်ကို အဆောင်တော်အပြင်ဘက်တွင် ရပ်စောင့်ခိုင်းထားခြင်းမှာ အလွန်အမင်း သိသာထင်ရှားလေသည်။ မြေးချွေးမကို အခက်တွေ့အောင် ပြုလုပ်လိုသည့် နည်းလမ်းပေါင်းများစွာ ရှိသေးသည်။ ဒီနည်းလမ်းကတော့ အလွန်ကြမ်းတမ်းပြီး သိသာထင်ရှားလှသည်။

လုမင်ယွိသည် နန်းတွင်းအစေခံ၏ လမ်းညွှန်မှုဖြင့် ရှို့နဥ်နန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့၏။

လုမင်ယွိ၏ မျက်လုံးများက ဝေ့ဝဲကာကြည့်လိုက်သည်တွင် ချောင်မိဖုရားခေါင်၏ စိုးရိမ်ပူပန်မှုထဲတွင် ဖုံးကွယ်နေသည့် ဂရုတစိုက်ရှိသည့် အမူအယာကို အပြည့်အဝ မြင်တွေ့လိုက်ရတော့သည်။ ထိုနောက်တွင်တော့ ဂရုစိုက်ချင်ဟန် ဆောင်နေသော်ငြား အမှန်တကယ်တွင် ပြဇာတ်ကောင်းကြည့်ရန် စောင့်ဆိုင်းနေသည့် ချင်ရှန်ဖေးကို တစ်ချက်စွေကာ ကြည့်လိုက်၏။

ထို့နောက်တွင် ရှေ့သို့တက်လာကာ တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်တော့သည်။

မယ်တော်ကြီးကျောက်က လှိုက်လှိုက်လှဲလှဲ ရယ်မောပြီး ပြောလိုက်လေသည်။ "မြန်မြန်ထပါ။ ထိုင်ပြီးမှ စကားပြောတာပေါ့"

...

လုမင်ယွိက ထိုင်ချလိုက်သည်နှင့် မယ်တော်ကြီးကျောက်၏ ကြင်နာယုယမှု အပြည့်အဝပါစည့် မျက်နှာထားမှာ မမေ့နိုင်စရာပင်။ "မင်း ဒီရက်ထဲ နန်းတော်ထဲကို မဝင်လာတော့ အိုက်ကျား စိတ်ထဲမှာ တော်တော်လေး သတိရနေတာ။ ဟွမ်ဟုပ်ကို မေးကြည့်လိုက်မှပဲ မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရတော့တယ်"

"အိုက်ကျားက ဒီအသက်အရွယ်ရောက်နေပြီ။ မြစ်တော်လေးကိုလဲ အမြန်ဆုံး တွေ့မြင်ရဖို့ မျှော်လင့်နေတာ။ မင်း အခုမှ အိမ်တော်ကို ရောက်လာတာနဲ့ သတင်းကောင်းပါလာတော့ အိုက်ကျား စိတ်ထဲမှာ တကယ့်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်"

စိတ်အားထက်သန်စွာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် မယ်တော်ကြီးကျောက်ကို လုမင်ယွိက သင့်တော်ရုံ ရှက်သွေးဖြာနေသည့် အမူအယာဖြင့် ဝမ်းသာအားရ ပြောလိုက်လေသည်။ "မြေးချွေးမတော်လဲ ဒီလောက် အလျင်အမြန်ကြီး သတင်းကောင်း ကြားရလိမ့်မယ်လို့ မထင်ထားမိပါဘူး။ ဗိုက်ထဲမှာ သားတော်လေးလား သမီးတော်လေးလားဆိုတာကိုလဲ မြေးချွေးမ မသိနိုင်ပါဘူး။ နောင်တချိန်မှာ သမီးတော်လေး မွေးဖွားလာခဲ့ရင်တောင် အဘွားတော်က မငြိုငြင်ဖို့ဘဲ မျှော်လင့်ရပါတယ်"

မယ်တော်ကြီးကျောက်ကတော့ ပြောလိုက်၏။ "အိုက်ကျားကတော့ သေချာပေါက် ပြောရဲတယ်။ ဒီကိုယ်ဝန်က မြစ်တော်လေးပဲ ဖြစ်ရမယ်!"

ဒါသည် မယ်တော်ကြီးတစ်ပါးဖြစ်ရခြင်း၏ အကျိုးကျေးဇူးပင်။ ဘာပဲဖြစ်ဖြစ် သူမက မြစ်တော်လေးပဲ လိုချင်တာလေ။

မင်းက မြေးချွေးမပဲ။ ကိုယ်ဝန်ကို ဂရုစိုက်ရင်း တစ်ဖက်ကလဲ စိုးရိမ်ပူပန်နေလိုက်တော့!

လုမင်ယွိသည် မယ်တော်ကြီးကျောက်၏ ဖုံးကွယ်ထားသော မကောင်းသည့် အကြံအစည်ကို မမြင်တွေ့မိသယောင် ပြုံးရွှင်စွာ ပြန်လည်ဖြေကြားလိုက်လေသည်။ "မိခင်အရင်းတစ်ယောက် ဖြစ်လာရင်တော့ သားတော်ပဲဖြစ်ဖြစ် သမီးတော်ပဲဖြစ်ဖြစ် တစ်ပုံစံတည်း ဝမ်းမြောက်ရတာပါပဲ"

မယ်တော်ကြီးကျောက်က မျက်ခုံးများပင့်ကာ ပြုံးလိုက်ပြီး "ဒါဆိုရင်လည်း သားတော်လေး အရင်မွေးမှ ဖြစ်မှာပေါ့။ သာ့ဟွမ်စစ်ဖေး အိမ်တော်ကို ရောက်လာကတည်းက အိုက်ကျား မျှော်လင့်နေတာ နှစ်တွေလဲကြာလှပြီ။ မြစ်တော်လေးကို မျှော်လို့တောင် မတွေ့ရသေးဘူး။ အခုတော့ မင်းဆီကနေ တစ်ကြိမ်တည်း သားတော်လေးရလာဖို့ မျှော်လင့်နေတော့တာပဲ"

ချောင်မိဖုရားခေါင်မှာ မတတ်သာသည့်အဆုံး ဖွင့်ကာ ပြောရလေတော့သည်။ "ကိုယ်ဝန်ရှိတာက သတင်းကောင်းတစ်ခုပါ။ အခုက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ပြောဖို့ စောလွန်းပါသေးတယ်။ အရင်တုန်းက အာရှီလဲ ဟွေ့အန်းကို အရင်မွေးပြီးတော့ နောက်မှ အားကျင့်ကို မွေးခဲ့တာပဲလေ။ အရင်ဆုံး အပွင့်ပွင့်ပြီးမှ အသီးသီးတာကလဲ မင်္ဂလာရှိတဲ့ကိစ္စတစ်ခုပါပဲ"

မယ်တော်ကြီးကျောက်သည် ကောက်ကျစ်စဥ်းလဲစွာဖြင့် ပြောလိုက်လေသည်။ "ဘာကို အရင်အပွင့်ပွင့်ပြီးမှ အသီးသီးတာလဲ။ ဒါက မင်းရဲ့ဝမ်းဗိုက်က အသုံးမကျလို့ပဲ။ မုန့်ရှီကို ကြည့်လိုက်လေ အိမ်တော်ကို ရောက်တာနဲ့ သားတော်မွေးတယ်။ ချင်ရှီနဲ့ စူးရှီတို့လည်း သားတော်တွေချည်းပဲ မွေးခဲ့တာပဲ"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားတော့သည်။

"အဘွားတော်က ဒီလိုစကားမျိုးပြောတာတော့ မြေးချွေးမတော် တကယ်ပဲ လက်ခံနိုင်စရာမရှိပါဘူး"

လုမင်ယွိ၏ အသံသည် ခပ်တိုးတိုး ပေါ်ထွက်လာလေသည်။ "မူဟုပ်က ဖုဟွမ်ရဲ့ တရားဝင်ဇနီးပါ။ ဘာကို တရားဝင်ဇနီးလို့ခေါ်တာလဲ။ သုံးကြိမ်တောင်းရမ်း၊ ခြောက်ခါတိုင်ပင်၊ ဝေါယာဥ်၈ယောက်ထမ်းပြီး ပို့ဆောင်ခြင်းတို့နဲ့ လက်ထပ်ယူခဲ့တာ။ ဘိုးဘေးဘုရားကျောင်းမှာ ဝင်ကန်တော့ပြီး မျိုးရိုးစဥ်ဆက်မှတ်တမ်းကို ထည့်သွင်းထားသူပါ။ သားသမီး မွေးဖွားခြင်းကလဲ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက အိမ်တော်ရဲ့ အဓိကတာဝန်ကို ထမ်းဆောင်ပြီး အတွင်းရေးကိစ္စရပ်တွေကို စီမံခန့်ခွဲရတာပါ"

"ကိုယ်လုပ်တော်ငယ်လေးတွေကိုတော့ ထည့်ပြောစရာ မလိုပါဘူး။ နောက်မှ အစားထိုးဝင်လာတဲ့ဇနီးတွေတောင်မှ တရားဝင်ဇနီးနဲ့ နှိုင်းယှဥ်လို့ မရနိုင်တာပဲလေ"

မယ်တော်ကြီးကျောက် "..."

နောက်ဆုံးစကားသည် အသည်းနှလုံးကို ထိုးနှက်လိုက်လေတော့သည်!

မယ်တော်ကြီးကျောက်သည် နောက်မှ အစားထိုးဝင်လာသည့် ဇနီး မဟုတ်ပါလား။

ဒီတစ်ကြိမ်တွင်တော့ ဒေါသထွက်လွန်းသဖြင့် မျက်နှာဖြူဖျော့သွားရသူမှာ မယ်တော်ကြီးကျောက် ဖြစ်သွားလေတော့သည်။

မယ်တော်ကြီးကျောက်က စားပွဲကို ဝုန်းခနဲရိုက်ချလိုက်ရာ စားပွဲပေါ်က လက်ဖက်ရည်ခွက်သည် တုန်ခါသွားပြီး ကျယ်လောင်သည့် အသံတစ်ခု ပေါ်ထွက်လာခဲ့လေသည်။ "မိုက်ရိုင်းလိုက်တာ! အိုက်ကျားရဲ့ ရှေ့မှာ ဒီလို စကားမျိုးပြောရဲတယ်! မင်းက အိုက်ကျားကို အိမ်ထောင်မှုကို မထိန်းသိမ်းနိုင်တဲ့မိန်းမလို့ လှောင်ပြောင်နေတာလား!"

ချင်ရှန်ဖေးသည် လောကကြီး ပျက်သုန်းသွားမည်ကို စိုးရိမ်နေသည့်အလား မယ်တော်ကြီးကျောက်ထံသို့ မြန်မြန်တိုးကပ်သွားကာ တွဲကူလိုက်ပြီး နှစ်သိမ့်ဟန်ဆောင်ရင်း မီးလောင်ရာ လေပင့်လေတော့သည်။ "မယ်တော်ကြီး စိတ်လျှော့ပါ။ အာ့ဟွမ်စစ်ဖေးက ဒီလိုဆိုလိုတာမ ဟုတ်မှာ သေချာပါတယ်။ သူက ခဏလောက် စိတ်လောသွားပြီး စကားမှား သွားတာဖြစ်မှာပါ"

ထို့နောက်တွင်တော့ လုမင်ယွိဘက်သို့ လှည့်ကာပြောလိုက်လေသည်။ "မယ်တော်ကြီးကို မြန်မြန်တောင်းပန်လိုက်လေ။ မယ်တော်ကြီးက စိတ်သဘောထား နူးညံ့သိမ်မွေ့တော့ မင်းကို အပြစ်ပေးမှာ မဟုတ်ပါဘူး"

လုမင်ယွိက အပြုံးကို မျိုသိပ်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ "ကိုယ်လုပ်တော်ကတော့ တသက်လုံး ကိုယ်လုပ်တော်ပါပဲ။ တရားဝင်ဇနီးနဲ့ နှိုင်းယှဥ်ဖို့တောင် မထိုက်တန်ပါဘူး။ ဒုတိယဇနီးတွေက ကွယ်လွန်သွားတဲ့ ပထမဇနီးရဲ့ အထိမ်းအမှတ် ကဗ္ဗည်းတိုင်ရှေ့မှာ မယားငယ်ရဲ့ အရိုအသေပေးနည်းအတိုင်း အရိုအသေ ပေးရပါတယ်။ ဒါက အရင်မင်းဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ စည်းမျဥ်းစည်းကမ်းပါပဲ"

"ကျွန်မ ပြောတာတွေ အားလုံးက အမှန်တရားတွေချည်းပါပဲ။ ဘာအမှားရှိနေလို့လဲ မသိဘူး။ ချင်ရှန်ဖေးကပဲ သင်ပြပေးပါအုံး!"

ချင်ဖေးမှာ ဆို့နစ်သွားလေတော့သည်။

မယ်တော်ကြီးကျောက်၏ မျက်လုံးထဲက မီးတောက်များ ထွက်လာလုမတတ် ဖြစ်နေပြီး လုမင်ယွိကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်တော့၏။ "တော်တယ်။ တော်တော်လေးကို တော်တဲ့ လုရှီပဲ! မင်း အိုက်ကျားရဲ့ရှေ့မှာတင် အိုက်ကျားကို ဒုတိယဇနီးလို့ လှောင်ရဲတယ်။ အိုက်ကျားကို မျက်စိထဲ လုံးဝမထည့်ဘူး။ အိုက်ကျား အခုပဲ အရှင်မင်းကြီးဆီကို လူလွှတ်ပြီး သတင်းပို့လိုက်မယ်။ အရှင်မင်းကြီးကို တရားမျှတအောင် ဆုံးဖြတ်ခိုင်းရမယ်"

မယ်တော်ကြီးကျောက်သည် ဘယ်လောက်ပင် ဒေါသထွက်နေသည်ဖြစ်စေ လုမင်ယွိကတော့ ထိုအတိုင်းအတာထိ တည်ငြိမ်လို့ နေလေသည်။

နှစ်ဦးသားကို ယှဥ်ကြည့်လိုက်သည်နှင့် မည်သူက အသားစီးရနေသည်ကို ချက်ချင်း သိရှိနိုင်လေ၏။

သို့သော်ငြား မယ်တော်ကြီးကျောက်ထံတွင်လည်း အဆုံးအဖြတ်ပေးနိုင်သည့် လက်နက်က ရှိနေသေးသည်။ စကားနိုင်မလုနိုင်လျှင် သားတော်ထံ သွားရောက်တိုင်တန်းမည်။ မည်သို့ပင်ဖြစ်စေ လုမင်ယွိ ယနေ့ နှုတ်ကထွက်သွားသော စကားများသည် တားမြစ်ထားသောအချက်ကို အကြီးအကျယ် ချိုးဖောက်သွားခဲ့ပြီ။

အကြောင်းမှာ ယုံးကျားဧကရာဇ်သည်လဲ သူကိုယ်တိုင်က ဒုတိယဇနီးမှ မွေးဖွားလာသူ ဖြစ်သည်ဟူသော အမှန်တရားကို တခြားသူများက ထုတ်ဖော်ပြောဆိုခြင်းကို မနှစ်သက်သောကြောင့်ပင်။

ချောင်မိဖုရားသည်လဲ ဒီအချက်ကို အလိုလို ကောင်းစွာသိထားသဖြင့် နှလုံးသားမှာ အပေါ်သို့ ဆွဲမြှောက်ခံလိုက်ရသလို ခံစားလိုက်ရပြီး လုမင်ယွိကို ဆက်တိုက်ဆိုသလို မျက်ရိပ်ပြနေတော့သည်။

လုမင်ယွိက ချောင်မိဖုရားခေါင်ကို စိတ်အေးအေးထားရန် အမူအယာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မယ်တော်ကြီးကျောက်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ဖုဟွမ်က ညီလာခံတက်နေတုန်းပါ။ တိုင်းပြည်ရဲ့ အရေးကြီးကိစ္စတွေကို ဆောင်ရွက်နေတာပါ။ ဒီလို စကားအချေအတင် ကိစ္စသေးသေးလေးနဲ့ ညီလာခံကို မနှောက်ယှက်သင့်ပါဘူး။ ပြီးတော့ မှူးမတ်တွေရဲ့ နားထဲကို ရောက်သွားရင် အဘွားတော်က အသိဉာဏ်မဲ့တယ်ဆိုပြီး နာမည်ဆိုး ရသွားနိုင်ပါသေးတယ်"

မယ်တော်ကြီးကျောက်သည် ဒေါသအရှိန် မြင့်တက်နေဆဲဖြစ်ကာ မည်သို့ နားဝင်နိုင်ပါမည်နည်း။ အသံအကျယ်ကြီးဖြင့် ကြိမ်းဝါးလေတော့သည်။ "အိုက်ကျား ဘာပဲလုပ်လုပ် မင်း လာပြီးတော့ ဝေဖန်ပေးစရာ မလိုဘူး။ အိုက်ကျားကို ဘယ်သူက စကားတစ်ခွန်းတောင် မကောင်းဘူးလို့ ပြောရဲလဲ။ အိုက်ကျားက ကြည့်ချင်သေးတယ်"

လုမင်ယွိကလဲ မတတ်နိုင်ပါလားဟူသည့် အမူအယာဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ "အဘွားတော်က ဒီလောက်တောင် တင်းမာနေမှတော့ မြေးချွေးမတော်လဲ ဘာမှမတတ်နိုင်တော့ပါဘူး" ထို့နောက်တွင်တော့ ချောင်မိဖုရားခေါင်၏ နောက်တွင်ရပ်နေသည့် ကုန်းကုန်းကို လှမ်းခေါ်လိုက်လေသည်။ "မင်း ကျင်းလွမ်ခန်းမကို သတင်းသွားပို့လိုက်။ မယ်တော်ကြီး ဒေါသထွက်ပြီး စိတ်မကျေမနပ် ဖြစ်နေတယ်။ အရှင်မင်းကြီးကို ချက်ချင်းညီလာခံရပ်ပြီး ရှို့နဥ်နန်းဆောင်ကို လာဖို့ပြောလိုက်"

ထိုကုန်းကုန်းသည် လျင်မြန်သွက်လက်စွာ အမိန့်ကိုနာခံပြီး ပေါ့ပေါ့ပါးပါး ထွက်သွားလေတော့သည်။

အဖြစ်အပျက် အစအဆုံးသည် မြန်ဆန်လွန်းလှသဖြင့် မယ်တော်ကြီးကျောက်ကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးလိုက်သယောင်။

ချောင်မိဖုရားခေါင်သည် ယခုမှ သတိပြန်ဝင်လာပြီး စိတ်ထဲက ကြိတ်ပြီး သက်ပြင်းချမိတော့သည်။

ချင်ရှန်ဖေးသည်လဲ တုံ့ပြန်မှုက မနှေးလှချေ။ အခြေအနေ မကောင်းတော့မှန်း သိလိုက်သည်နှင့် မယ်တော်ကြီးကျောက်ကို အလျင်အမြန် လျှောက်တင်လိုက်တော့သည်။ "မယ်တော်ကြီး စိတ်လျှော့ပါ။ ကုန်းကုန်းကို ပြန်ခေါ်လိုက်တာ ပိုကောင်းပါတယ်!"

အဓိကအချက်မှာ သတင်းသွားပို့သူသည် ကျောင်းဖန်နန်းဆောင်က ကုန်းကုန်း ဖြစ်နေခြင်းပင်။ ကျင်းလွမ်ခန်းမသို့ ရောက်သွားသည့်အခါ မည်သို့မည်ပုံ ချဲ့ကားပြောဆိုမည်ကို မည်သူက သိနိုင်ပါမည်နည်း။

မယ်တော်ကြီးကျောက်သည် ဒေါသထွက်လွန်းသဖြင့် မီးခိုးများ ထွက်လုမတတ် ဖြစ်နေပြီး ဘယ်သူ့စကားကိုမှ နားမထောင်တော့ပေ။ "အိုက်ကျားက အရှင်မင်းကြီးကို တွေ့ချင်တယ်! မင်းလဲ ပါးစပ်ပိတ်ထား!"

ချင်ရှန်ဖေးသည်လဲ မတတ်သာတော့ဘဲ ပါးစပ်ကို ပိတ်ထားလိုက်ပြီး စိတ်ထဲမှ အော်ဟစ်ငြီးတွားနေမိတော့သည်။

သွားပါပြီ!

ဒီနေ့ကိစ္စက ဘယ်လို အဆုံးသတ်မလဲဆိုတာ မသိတော့ဘူး။

ယုံးကျားဧကရာဇ်သည် မိဘအပေါ် သိတတ်သည့် သားတော်တစ်ပါး ဖြစ်သလို တိုင်းပြည်အုပ်ချုပ်ရေးတွင် ကြိုးစားအားထုတ်သည့် ဧကရာဇ်တစ်ပါးပင် ဖြစ်လေသည်။ စကားအခြေအတင်ဖြစ်သည့် ကိစ္စလေးကြောင့် နံနက်ခင်းညီလာခံကို နှောက်ယှက်ပြီး တိုင်းပြည်အရေးကို အနှောက်အယှက်ပေးခဲ့လျှင် ယုံးကျားဧကရာဇ်သည် ဒေါသမထွက်ဘဲ အဘယ်မှာ နေပါမည်နည်း။ အချိန်ကျရောက်လာလျှင် မည်သူသည် ဒေါသဖြေစရာ အပြစ်ပုံချခံရသူ ဖြစ်လာပါမည်နည်း။

...

အပိုင်း (၂၀၄) အခက်တွေ့အောင်ပြုလုပ်ခြင်း (၂)

ချင်ရှန်ဖေးသည် စဥ်းစားလေလေ ပိုပြီး စိတ်မသက်မသာ ဖြစ်လာလေလေဖြစ်ပြီး သူမသည် လုမင်ယွိကို အမှတ်တမဲ့ လှမ်းကြည့်လိုက်မိ၏။ လုမင်ယွိကလဲ အေးတိအေးစက်ဖြင့် ချင်ရှန်ဖေးကို ပြုံးပြလာသည်။

မယ်တော်ကြီးကျောက်က တစ်ဖက်စကားကိုပဲ နားယောင်တတ်ပြီး ယုံလွယ်တယ်။ နည်းနည်းလောက် သွေးထိုးပေးလိုက်တာနဲ့ သုံးလို့ကောင်းတဲ့ ဓားတစ်လက်ပဲ။ ဒါပေမဲ့ ဒီဓားက သိပ်ပြီးတော့ သုံးလို့ ကောင်းလှတာတော့ မဟုတ်ပါဘူး။ အသွားနှစ်ဖက်ပါတော့ နောက်ဆုံး ဘယ်သူ့ကို ထိခိုက်သွားမလဲဆိုတာ ပြောရခက်တယ်။

ချင်ရှန်ဖေး၏ ကျောပြင်သည် အေးစက်သွားပြီး သူမ၏ ဦးခေါင်းထဲက သွေးကြောများမှာလဲ ရုတ်တရက်ဆိုသလို တင်းကြပ်သွားလေတော့သည်။

မယ်တော်ကြီးကျောက်၏ မျက်နှာတွင်တော့ ဒေါသများအပြည့်ဖြစ်နေပြီး ဘာစကားတစ်ခွန်းမှ မပြောချေ။ ပင်မခန်းဆောင်အတွင်းတွင် မည်သူကမှ အသံမထွက်ဝံ့ဘဲ အသက်ရှူမှားလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့နေ၏။

အမွှေးတိုင်နှစ်တိုင်စာ အချိန်ကြာမြင့်သွားပြီးနောက်။

နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားသည့် ယုံးကျားဧကရာဇ်သည် ခြင်္သေ့ကဲ့သို့ အရှိန်ထည်ဝါလှသည့် ခြေလှမ်းများဖြင့် ကြွချီလာခဲ့လေသည်။

ချောင်မိဖုရားခေါင်က ထိုအမွှေးတိုင်နှစ်တိုင်စာ အချိန်အတွင်းတွင် အပြစ်ပေးခံရမည်ကို ကြိုတင် စိတ်ပိုင်းဖြတ်ထားပြီး ပြင်ဆင်ထားပြီးဖြစ်ကာ ယခုအချိန်တွင်တော့ တော်တော်လေးကို တည်ငြိမ်လို့ နေလေသည်။ သူမက အရင်ဆုံး ထရပ်လိုက်ပြီး ယုံးကျားဧကရာဇ်ကို အရိုအသေပေးလိုက်၏။

လုမင်ယွိသည် ချွေးမတစ်ယောက် ဖြစ်သည်နှင့်အညီ ယဥ်ကျေးမှုထုံးတမ်းကို မချိုးဖောက်ပဲ အတူတူ ထရပ်ကာ အရိုအသေပေးလိုက်၏။

ချင်ရှန်ဖေး၏ လှုပ်ရှားမှုမှာ ခြေတစ်လှမ်း အနည်းငယ် နောက်ကျသွားခဲ့လေသည်။ သူမက အရိုအသေပေးလို့ မပြီးသေးခင်မှာပင် မယ်တော်ကြီးကျောက်က ဒေါသတကြီး ဖွင့်ကာပြောလေတော့၏။ "အရှင်မင်းကြီး အိုက်ကျားအတွက် တရားမျှတအောင် ဆုံးဖြတ်ပေးပါအုံး။ အိုက်ကျား ဒီမယ်တော်ကြီးနေရာမှာ ဆက်နေနေလို့ ဘာ အဓိပ္ပါယ် ရှိတော့မှာလဲ။ ချွေးမတော်က အိုက်ကျားကို မျက်စိထဲမထည့်ဘူး။ အခု မြေးချွေးမတော်ကလဲ ပိုဆိုးပြီး အိုက်ကျားကို လူလို့တောင် မထင်တော့ဘူး!"

မယ်တော်ကြီးကျောက်၏ နှုတ်ဖျားတွင်တော့ သူမသည် မြေးချွေးမကို ဂရုတစိုက်ဖြင့် စကားအနည်းငယ် မှာကြားရုံသာရှိသော်ငြားလည်း မြေးချွေးမ၏ ပြန်လည်ခံပြောခြင်းကို ခံရသည်ဟု ဆိုလေသည်။ မြေးချွေးမသည် ဒုတိယဇနီး အစားထိုးမိန်းမဟူသည့် စကားလုံးများဖြင့် သူမကို လှောင်ပြောင်သရော်ခဲ့လေသည်။

မယ်တော်ကြီးကျောက်၏ ရင်ထဲတွင် ပြည့်နှက်နေသော ဒေါသမီးတို့သည် တစ်စတစ်စ ကြီးထွားလာသည့် စွပ်စွဲသံ စကားလုံးများအဖြစ်လို့ ပြောင်းလဲသွားလေတော့၏။ "... အိုက်ကျားက ဒီအသက်အရွယ် ရောက်နေပြီ။ အသက်ကြီးမှ မြေးချွေးမရဲ့မျက်နှာကို ကြည့်ပြီးနေနေရတယ်။ ဒီလို နာကျည်းစရာကောင်းတဲ့ နေ့ရက်တွေကို အိုက်ကျား တကယ်ပဲ ဆက်မဖြတ်သန်းနိုင်တော့ဘူး။ အရှင်မင်းကြီး ကြွလာမှတော့ ဒီနေ့ အိုက်ကျားကို ရှင်းရှင်းလင်းလင်း အဖြေတစ်ခုပေးပါ။ မဟုတ်ရင် အိုက်ကျား နန်းတော်ထဲကနေ ပြောင်းရွှေ့သွားတာကမှ ပိုကောင်းအုံးမယ်"

ယုံးကျားဧကရာဇ်သည် မနက်ခင်းညီလာခံတွင် အနှောက်အယှက် ပေးခံလိုက်ရသဖြင့် စိတ်ထဲတွင် အလွန်အမင်း မကျေမနပ်ဖြစ်နေခဲ့ပြီး မိခင်ဖြစ်သူ၏ ဒီလို ရိုင်းပျကာ တိုင်းတန်းနေခြင်းကြောင့် ပိုလို့ပင် စိတ်ရှုပ်ထွေးသွားရလေတော့သည်။

အနောက်နန်းဆောင်၏ စကားအချေအတင်ကိစ္စက ညီလာခံအထိ ရောက်ရှိလာခဲ့ပြီး မနက်ခင်းညီလာခံကိုပင် အနှောက်အယှက် ဖြစ်ရစေသည်တဲ့။

တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းလေစွ!

ဘာဒုတိယဇနီးလဲ။ ဘာအစားထိုးမိန်းမလဲ။ ဒီလိုစကားတွေကို လူအများရှေ့မှာ ပါးစပ်ကနေ ထုတ်ပြောတာကိုကပဲ အဆင့်အတန်း နိမ့်လှပြီ!

ယုံးကျားဧကရာဇ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်တို့က မျက်နှာအမူအယာ တစ်မျိုးစီဖြစ်နေကြသည့် လူအများထံ ဝေ့ဝဲသွားကာ နောက်ဆုံးတွင်တော့ ချောင်မိဖုရားခေါင်၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။ "ဟွမ်ဟုပ် တကယ်ပဲ ဘယ်လိုဖြစ်ကြတာလဲ"

ယောက္ခထီးတစ်ယောက်အနေဖြင့် ချွေးမတော်ကို တိုက်ရိုက်ပြစ်တင်ရန် မသင့်တော်သဖြင့် အပြစ်တင်စကားဆိုလျှင်ပင် ချောင်မိဖုရားခေါင်ကိုသာ မေးမြန်းရပေမည်။

ချောင်မိဖုရားခေါင်ကလဲ ရှင်းပြမနေဘဲ ခေါင်းငုံ့ကာ အပြစ်ဝန်ခံလိုက်၏။ "ဒါတွေအားလုံး ချန်ချဲ့ရဲ့ အမှားပါ။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"

ဟုတ်တာပေါ့။ ယောက္ခမက ဒေါသထွက်ပြီဆိုရင် ဒါက ချွေးမရဲ့အမှားပဲ ဖြစ်ရမှာပေါ့။

မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အားလုံးကတော့ မင်းရဲ့အမှားပဲ။

မိဘအပေါ် သိတတ်ရမဲ့ကျင့်ဝတ်က ကောင်းကင်ကြီးထက်တောင်မှ ပိုကြီးမားသေးတယ်။ သားဖြစ်သူက အချိန်တိုင်း အနီးအနားမှာ ပြုစုစောင့်ရှောက်နိုင်တာမှ မဟုတ်တာ။ ဇနီးကို လက်ထပ်ယူထားတာကလဲ ကိုယ့်ကိုယ်စား မိခင်းအရင်းကို ပြုစုစောင့်ရှောက်ဖိုပဲပေါ့။ မိခင်က အသက်ကြီးလာတော့ စိတ်သဘောထား နည်းနည်းလေး မရှင်းလင်းဘူးဆိုရင် အလျှော့ပေးပြီး ချော့မြူလို့မရဘူးလား။

ဒါသည် လောကကြီးထဲရှိ ယောက်ျားသားများအားလုံး၏ တူညီသည့် အသိအမြင်နှင့် အတွေးအခေါ်ဖြစ်တန်ရာ၏။

ယုံးကျားဧကရာဇ်သည်လဲ ထိုအစဥ်အလာမှ ကင်းလွတ်နိုင်ခြင်း မရှိချေ။

ချောင်မိဖုရားခေါင်၏ ပြတ်ပြတ်သားသား ခေါင်းငုံ့အပြစ်ဝန်ခံလိုက်ခြင်းက ယုံးကျားဧကရာဇ်၏ ဒေါသမီးကို အနည်းငယ် ငြိမ်းအေးသွားစေတော့သည်။ ယုံကျားဧကရာဇ်၏ မျက်လုံးထောင့်က အကြည့်သည် ချွေးမတော် လုမင်ယွိထံသို့ ဝေ့ခနဲရောက်သွား၏။

လုမင်ယွိမှာ ကိုယ်ဝန်ရှိနေတာ စိတ်တည်ငြိမ်အောင်ထားပြီး ကိုယ်ဝန်ကို ဂရုစိုက်ဖို့က အရေးအကြီးဆုံးပဲ။ သူ့ကိုတော့ အပြစ်မပေးတာ ပိုကောင်းမယ်။ ချောင်မိဖုရားခေါင်ကို နည်းနည်းလေး အပြစ်ပေးလိုက်မယ်။ မယ်တော်ကြီးရဲ့ စိတ်ထဲက ဒေါသတွေ ပြေပျောက်သွားရင် ပြီးတာပါပဲ။

...

ယုံးကျားဧကရာဇ်သည် မည်သို့တွေးတောနေသည်ကို သူ၏မျက်နှာပေါ်တွင် အားလုံးနီးပါး ရေးသားဖော်ပြထားလေသည်။

လုမင်ယွိသည် မိမိကိုယ်တိုင် အပြစ်ဒဏ်မှ လွတ်မြောက်တော့မည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မနေချေ။

ချောင်မိဖုရားခေါင်က အပြစ်ကို ဝန်ခံလိုက်သည်နှင့် ယုံးကျားဧကရာဇ်ကလဲ ချောင်မိဖုရားခေါင်၏ အမှားဖြစ်သည်ဟု ယုတ္တိတန်စွာ တွေးထင်လိုက်လေသည်။ ဒီလိုမြင်ကွင်းသည် သူမ၏ မှတ်ဉာဏ်ထဲက ပုံရိပ်များနှင့် မည်မျှပင် တူညီလိုက်ပါသနည်း။ ခဏတာအတွင်းမှာပင် သူမ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားတော့သည်။

"ဖုဟွမ် အာရှီကို စကားနည်းနည်း ပြောခွင့်ပြုပါ" လုမင်ယွိက ရုတ်တရက် နှုတ်ဖွင့်လာတော့သည်။

ယုံးကျားဧကရာဇ်သည် ငြင်းဆိုခြင်းလဲ မပြုသလို သဘောတူခြင်းလဲ မလုပ်ဘဲ မျက်နှာအမူအယာမှာ သိသိသာသာ ဆိုးရွားလို့နေ၏။

ချောင်မိဖုရားခေါင်မှာ အလန့်တကြားဖြစ်သွားပြီး လုမင်ယွိ၏ စကားကို တားဆီးရန် ကြိုးစားလိုက်တော့၏။ "လုရှီ ဒီလိုနေရာမျိုးမှာ မင်း စကားပြောရမဲ့ နေရာမဟုတ်ဘူး။ မင်း ... "

"သူ့ကို ပြောခိုင်းလိုက်!" ယုံးကျားဧကရာဇ်သည် ခပ်ပြတ်ပြတ်လေသံဖြင့် ထုတ်ပြောလာလေသည်။ "ကျန်းလဲ သူ ဘာပြောချင်လဲဆိုတာ ကြားချင်နေတာ"

မယ်တော်ကြီးကျောက်၏ စိတ်ထဲက မကျေနပ်မှုများက ချက်ချင်း ပျောက်ကွယ်သွားပြီး ထိုအစား သားတော်၏ ထောက်ခံမှုကို ရရှိလိုက်သည့် ကျေနပ်ဝမ်းမြောက်မှုက နေရာယူသွားတော့သည်။ သူမက လုမင်ယွိကို မထီမဲ့မြင် မျက်နှာထားဖြင့် တစ်ချက်စွေ့ကာ ကြည့်လိုက်၏။

ချင်ရှန်ဖေးသည်လဲ ကြိတ်ပြီး သက်ပြင်းချမိတော့သည်။

လုမင်ယွိက ဒီလို ပါးစပ်ဖွင့်လိုက်တာနဲ့ ယုံးကျားဧကရာဇ်ရဲ့ ဒေါသတွေအားလုံး သူ့ဆီကို ဆွဲဆောင်ထားလိုက်တာပဲ။ ကြည့်ရတာ ဒီနေ့ ဒေါသဖြေစရာဖြစ်မဲ့သူက ဘယ်လိုနည်းနဲ့မှ သူမတော့ ဖြစ်မှာ မဟုတ်တော့ဘူး။

ထိုသူတစ်ပါး၏ ကံဆိုးမှုအပေါ် ဝမ်းမြောက်နေသောအတွေးသည် မပြီးဆုံးသေးခင်မှာပင် လုမင်ယွိ၏ အသံက ပေါ်ထွက်လာလေသည်။ "အာရှီ ကိုယ်ဝန်ရှိတဲ့ကိစ္စကို ထုတ်ပြောထားတာမျိုး မရှိခဲ့ပါဘူ။ ဖုဟွမ်နဲ့ မူဟုပ်ပဲ သိထားတာပါ။ အာရှီ တော်တော်လေး အံ့သြမိတာက အဘွားတော်က အာရှီ ကိုယ်ဝန်ရှိနေမှန်း ဘယ်လို ခန့်မှန်းမိသွားတာပါလိမ့်"

ချင်ရှန်ဖေး "..."

ယုံကျားဧကရာဇ်၏ အေးစက်စက်အကြည့်သည် ဝေ့ခနဲ့ ရောက်ရှိလာတော့သည်။ ချင်ရှန်ဖေး၏ ဒူးများမှာ ပျော့ခွေသွားပြီး ဒူးထောက်ကျမတတ်ပင် ဖြစ်သွားလေတော့သည်။

လုမင်ယွိက ဆက်ပြီးပြောလိုက်၏။ "အဘွားတော်က ကြင်နာသနားတတ်တဲ့ စိတ်နှလုံးသားရှိပြီး လူငယ်တွေအပေါ်မှာလည်း အမြဲတမ်း နားလည်မှု ပေးပါတယ်။ အာရှီ ကိုယ်ဝန်ရှိမှန်း သိရင်တောင်မှ နန်းတော်ထဲကို အလျင်စလို ဆင့်ခေါ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ အဘွားတော်က အာရှီကို နန်းတော်ထဲ ဆင့်ခေါ်ရုံတင် မကဘူး။ ဒီကိုယ်ဝန်က သားတော်လေးပဲ ဖြစ်ရမယ်လို့ ဖွင့်ပြောခဲ့ပါတယ်"

"မူဟုပ်က ချွေးမတော် စိတ်မတည်ငြိမ်မှာ စိုးရိမ်ပြီး သန္ဓေသားကို ထိခိုက်သွားမှာစိုးလို့ အရင်ဆုံး အပွင့်ပွင့်ပြီးမှ အသီးသီးတာကလဲ မင်္ဂလာရှိတဲ့ကိစ္စပါလို့ ပြောခဲ့ပါတယ်"

“အဘွားတော်က ကွေ့ဖေး၊ ရှန်ဖေးနဲ့ စူးဖေးတို့က အရင်တုန်းက သားတော်တွေကြီးပဲ မွေးခဲ့တယ်လို့ ပြောပါတယ်။ မူဟုပ်ရဲ့ ဝမ်းဗိုက်က အသုံးမကျဘူးလို့ ငြိုငြင်ခဲ့ပါတယ်။ အာရှီကလဲ မူဟုပ် အခက်တွေ့နေတာကို မကြည့်ရက်လို့ မူဟုပ်ကို ကာကွယ်ပေးဖို့ ပါးစပ်က ဖွင့်ပြီးတော့ မယားငယ်က တရားဝင်ဇနီးနဲ့ နှိုင်းယှဥ်လို့ မရဘူးလို့ ပြောခဲ့ပါတယ်။ ဒုတိယဇနီး အစားထိုးမိန်းမဆိုတဲ့ စကားလုံးတွေက မရည်ရွယ်ဘဲ ပြောမိလိုက်တာဖြစ်ပြီး တကယ်ပဲ မသင့်တော်တဲ့အပိုင်းတွေ ပါသွားခဲ့ပါတယ်"

"ချွေးမတော်က စကားပြောတာ မဆင်ခြင်မိလို့ အဘွားတော်ကို တောင်းပန်ရမှာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စပါ။ အာရှီ စိတ်ထဲမှာ မကျေမနပ် ဖြစ်ရတာက တစ်စုံတစ်ယောက်က အဘွားတော်ရဲ့ နားထဲကို တမင်သက်သက် သွေးထိုးလှုံ့ဆော်ခဲ့လို့ပါ။ အစကတော့ သတင်းကောင်းတစ်ခု ဖြစ်ခဲ့ပေမဲ့ အခုလို အခြေအနေမျိုးအထိ ဖြစ်သွားခဲ့ရတာပါ"

ယုံးကျားဧကရာဇ်သည် ချင်ရှန်ဖေးကို ကြည့်နေသည့် အကြည့်တို့က တဖြေးဖြေး ပိုပြီးအေးစက်လာလေတော့သည်။

ချင်ရှန်ဖေးသည် စိုးရိမ်လွန်းသဖြင့် နဖူးပေါ်တွင် ချွေးများပင် စို့တက်လာတော့၏။ "အရှင်မင်းကြီး စိတ်လျှော့ပါ။ လုရှီက မိဘစကား နားမထောင်ဘဲ အကြီးအကဲကို မလေးစားတာပါ။ အခု ရှက်ရမ်းရမ်းပြီး ပြန်ကိုက်တာ။ ဒီကိစ္စအားလုံးကို ချန်ချဲ့အပေါ် ပုံချနေတာပါ ..."

ယုံကျားဧကရာဇ်ကလဲ အေးစက်စွာ ခနဲ့လိုက်တော့သည်။ "လုရှီပြောတာ မမှန်လို့လား။ မယ်တော်ကြီးရဲ့ နားထဲကို မင်းက ပါးစပ်များပြီး လျှောက်မပြောခဲ့ရင် မယ်တော်ကြီးက ဘယ်လိုလုပ်ပြီးတော့ လုရှီကို နန်းတော်ထဲ ရုတ်တရက် ဆင့်ခေါ်မှာလဲ။ လုရှီမှာ ကိုယ်ဝန်ရှိတာ ဒါက နန်းတော်ရဲ့ သတင်းကောင်းပဲ။ မယ်တော်ကြီးရဲ့ စိတ်သဘောထားအရဆိုရင်လည်း လုရှီကို ဆုလာဘ်တွေ အများကြီး ပေးမှာပဲ။ ဘယ်လိုလုပ်ပြီး အကြောင်းအရင်းမရှိဘဲ စကားအခြေအတင် ဖြစ်ရမှာလဲ"

မယ်တော်ကြီးကျောက်ကတော့ မှားစရာအကြောင်းမရှိဘူး။

ချောင်မိဖုရားခေါင်က အပြစ်ကင်းစင်တယ်။

လုမင်ယွိက ကိုယ်ဝန်လွယ်ထားရတာ။ သူလဲ မှားမှာ မဟုတ်ဘူး။

ဒါဆိုရင် မှားတဲ့လူက ချင်ရှန်ဖေးပဲ ရှိတော့တာပေါ့။

ယုံးကျားဧကရာဇ် ဒေါသထွက်လာသည်နှင့် ချင်ရှန်ဖေးသည် မည်သို့များ ဆက်ပြီး ထိုင်နေနိုင်အုံးပါမည်နည်း။ ချက်ချင်းဆိုသလို မျက်ရည်များ ဝဲတက်လာကာ ဒူးထောက်ချလိုက်လေတော့သည်။ "ချန်ချဲ့ တကယ်ပဲ မှားယွင်းစွပ်စွဲခံရတာပါ။ အရှင်မင်းကြီးက အကြောင်းစုံကို မမေးမြန်းဘဲ ချန်ချဲ့ကို အပြစ်တင်နေတာ။ ချန်ချဲ့ နှလုံးသားကို ဆွဲထုတ်ပြီး အရှင်မင်းကြီးကို ပြလိုက်ချင်စိတ်တောင် ပေါက်မိပါတယ်"

ယုံးကျားဧကရာဇ်က တစ်ဖန် အေးစက်စက် ရယ်မောလိုက်ပြန်သည်။ "မင်း ဘာတွေပြောခဲ့တယ်။ ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းစိတ်ထဲမှာ အသိဆုံးပဲ"

လုမင်ယွိသည် စိတ်ထဲတွင် ခပ်တိုးတိုး ရယ်မောလိုက်တော့၏။

ယုံးကျားဧကရာဇ်က ဉာဏ်ပညာရှိတဲ့ ဧကရာဇ်တစ်ပါးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း ယောက်ျားတွေ အားလုံးမှာ ရှိတတ်တဲ့ တူညီတဲ့ အားနည်းချက်တွေ ရှိတာပါပဲ။ အိမ်တွင်းရေးမီးလောင်ရင် အရင်းအမြစ်ကို စုံးစမ်းဖို့လဲ မလိုလားသလို တွေးလဲမတွေးချင်ဘူး။ မီးတောက်ကို အမြန်ဆုံး ငြှိမ်းသတ်ပြီး အေးချမ်းတည်ငြိမ်မှုကိုပဲ အမြန်ဆုံး ပြန်လိုချင်တာ။

ဒီနေ့ ပြဿနာရဲ့အရင်းအမြစ်က တကယ်တော့ စိတ်ထားသေးသိမ်ပြီး အမြဲတမ်း တွက်ချက်နေတတ်ပြီး ပိုပြီး သွေးထိုးစကား ပြောရတာကိုကြိုက်တဲ့ ချင်ရှန်ဖေးပဲ။ ယုံးကျားဧကရာဇ်ရဲ့ ဒေါသအဖြေကလဲ သူ့ဆီကို ရောက်မသွားမှ ထူးဆန်းနေအုံးမှာ။

မယ်တော်ကြီးကျောက်သည်လဲ အခြေအနေက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားကာ ချင်ရှန်ဖေးထံသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူမသည် ထိတ်လန့်တုန်လှုပ်ကာ ဒေါသတကြီးဖြင့် လုမင်ယွိကို စိုက်ကြည့်လိုက်လေသည်။ "အရှင်မင်းကြီး လုရှီရဲ့ အဖြူအမည်း မခွဲခြားဘဲ လျှောက်ပြောနေတာကို နားမထောင်ပါနဲ့။ ဒီနေ့ကိစ္စက အားလုံး အိုက်ကျားရဲ့ ကိုယ်ပိုင်စိတ်ကူးတွေကြီးပဲ။ ရှန်ဖေးနဲ့ ဘာမှမဆိုင်ဘူး"

လုမင်ယွိကလဲ ရုတ်တရက် သက်ပြင်းချလိုက်ကာ "ရှန်ဖေးမှာ အမှား ရှိတယ်ဆိုပေမဲ့လည်း ကြွက်ကိုလှမ်းပစ်ရင် ကျောက်စိမ်းပုလင်းကို ထိခိုက်သွားလို့ မဖြစ်ပါဘူး။ ဖုဟွမ် အာရှီကိုပဲ အပြစ်ပေးလိုက်ပါတော့!"

...

All Chapters