← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အပိုင်း (၂၀၅) ပဋိပက္ခ (၁)

တော်စမ်းပါ! နင်ကမှ ကြွက်!

ချင်ရှန်ဖေးသည် အံကို ကြိတ်လောက်အောင် မုန်းတီးသွားလေသည်။ သို့သော် သူမသည် လုံးဝ အရေးနိမ့်သွားခဲ့ပြီဖြစ်ပြီး ဤအခြေအနေမှ အလွယ်တကူ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်းကိုလည်း သိရှိနေခဲ့၏။

ယုံးကျားဧကရာဇ်သည် ဒေါသအပြည့် ဖြစ်နေသော်လည်း မယ်တော်ကြီးကျောက်ကို အပြစ်တင်လို့ မဖြစ်ပေ။ ချောင်မိဖရားခေါင်နှင့် လုမင်ယွိ၊ သမီးယောက္ခမ နှစ်ယောက်လုံးက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပြီး လုမင်ယွိမှာ ကိုယ်ဝန်ကို လွယ်ထားရသဖြင့် အကာအကွယ်တစ်ခု ရရှိထားသကဲ့သို့ ဖြစ်နေသည်တွင် ယုံးကျားဧကရာဇ်၏ ဒေါသက သူမထံသို့ ဦးမတည်လာဘဲ မည်သို့ နေပါမည်နည်း။

ချင်ရှန်ဖေးသည် အနောက်နန်းဆောင်တွင် သည်လောက်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ အနိုင်ကျင့်ရန် လွယ်ကူသူတစ်ယောက် မဟုတ်ပေ။ သူမသည် ချက်ချင်း မျက်ရည်များ ဝဲတက်လာကာ ငိုယိုရင်း ပြောလိုက်သည်။ "ချန်ချဲ့ မှားမှန်း သိပါပြီ။ ချန်ချဲ့က မယ်တော်ကြီး ပျော်ရွှင်စေချင်လို့ လုရှီအကြောင်းကို ပါးစပ်များပြီး ပြောလိုက်မိတာပါ"

ထို့နောက် မယ်တော်ကြီးကျောက်ဘက်သို့ လှည့်ကာ ငိုယိုရင်း ထပ်မံလျှောက်တင်ပြန်သည်။ "လုရှီက ရှန်းယန်ဝမ်ရဲ့ ချစ်သမီးတော်ပါ၊ သူ့နောက်မှာ ရှန်းယန်တပ်သား ငါးသောင်းက ထောက်ခံပေးထားတာပါ။ စိတ်ဓာတ်မြင့်မားပြီး မာနကြီးတာကတော့ ရှောင်လွှဲလို့ မရပါဘူး။ အကြီးအကဲတွေနဲ့ စကားပြောတဲ့အခါ မလေးမစား ဖြစ်သွားရင်တောင် နားလည်ခွင့်လွှတ်ပေးသင့်ပါတယ်။ မယ်တော်ကြီးလည်း လုရှီနဲ့ ပြိုင်ပြီး စိတ်ဆိုးမနေပါနဲ့တော့။ အမှားအားလုံးက ချန်ချဲ့ရဲ့ အမှားချည်းပါပဲ။ အရှင်မင်းကြီးကိုသာ ချန်ချဲ့ကို အပြစ်ပေးခိုင်းလိုက်ပါ!"

နောက်ဆုတ်ဟန်ပြလျက် ရှေ့တိုးတိုက်ခိုက်သည့် နည်းလမ်းကို မည်သူက မကျွမ်းကျင်ဘဲ ရှိပါမည်နည်း။ စကားလုံးများထဲတွင် ဓားသွားဝှက်ထားသည်ကို မည်သူက နားမလည်ဘဲ ရှိပါမည်နည်း။

လုမင်ယွိသည် အလျင်စလို ထရပ်ကာ အပြစ်ဝန်ခံခြင်း မပြုဘဲ သက်ပြင်းကို ညင်သာစွာ ချလျက် ပြောလိုက်လေသည်။ "ရှန်ဖေးက မယ်တော်ကြီးအပေါ် ထားတဲ့စိတ်ရဲ့ တစ်ဝက်လောက်ကိုသာ ဖုဟွမ်အပေါ် ထားခဲ့မယ်ဆိုရင် ဖုဟွမ်ကို နံနက်ညီလာခံ ရပ်တန့်တဲ့အထိ ဖြစ်လာစေမှာ မဟုတ်ပါဘူး"

"အနောက်နန်းဆောင်မှာ စကားအခြေအတင် ဖြစ်တာက ဘာမှ ကြီးကြီးမားမား ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အရေးကြီး ကိစ္စရပ်တွေကို ထိခိုက်သွားတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါ"

စကားဆုံးသည်နှင့် သူမသည် နေရာမှထကာ အရိုအသေပေးလိုက်ပြီး တောင်းပန်စကား ဆိုလေသည်။ "အာရှီမှာ အမှားရှိပါတယ်။ အာရှီ မှားသွားတာက အဘွားတော်ကို ပြန်ခံမပြောသင့်ပါဘူး၊ အဘွားတော်ကို ဒေါသထွက်အောင် မလုပ်သင့်ပါဘူး။ အာရှီ ပိုမှားသွားတာက ရွှေလင်းတမန်တော်ခန်းမကို သတင်းသွားပို့တဲ့ ကုန်းကုန်းကို အချိန်မီ မတားဆီးနိုင်ခဲ့လို့ နံနက်ညီလာခံကို အနှောင့်အယှက် ဖြစ်စေခဲ့တာပါ"

"ဖုဟွမ် အပြစ်ပေးတော်မူပါ!"

ယုံးကျားဧကရာဇ်သည် အလိုအလျောက် တုံ့ပြန်လိုက်သည်။ "တော်ပြီ၊ မင်းမှာ ကိုယ်ဝန်ရှိနေတာ၊ အရိုအသေ ပေးမနေနဲ့တော့၊ သန္ဓေသားကို ထိခိုက်သွားဦးမယ်"

မည်သည့်အရာကမှ သားသမီးရတနာလောက် အရေးမကြီးပေ!

ယုံးကျားဧကရာဇ်၏ စိတ်သည် သဘာဝအတိုင်းပင် ဘက်လိုက်သွားခဲ့သည်။ ထို့နောက် ငိုယိုမြည်တမ်းနေသော ချင်ရှန်ဖေးကို လှမ်းကြည့်လိုက်သောအခါ သူ၏ အကြည့်တို့သည် ပိုလို့ပင် အေးစက်တင်းမာလာလေသည်။ "ရှန်ဖေး၊ မင်းက မယ်တော်ကြီးရဲ့ နားထဲကို ပါးစပ်များပြီး အမှားအမှန် မခွဲခြားနိုင်အောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်၊ အကြောင်းမဲ့ ပဋိပက္ခကို ဖြစ်ပွားစေခဲ့တယ်။ ကျန်း ဒီနေ့ မင်းကို ခွင့်လွှတ်ပေးလို့ မဖြစ်တော့ဘူး!"

"ဟွမ်ဟုပ်၊ ဒီနေ့ အမိန့်တော်ကို ရေးဆွဲလိုက်။ ရှန်ဖေးရဲ့ ဘွဲ့တံဆိပ်ကို ရုပ်သိမ်းပြီး ချင်ဖေးအဖြစ် အဆင့်ချလိုက်။ ဝတ်စားဆင်ယင်မှုနဲ့ သုံးစွဲစရိတ် အားလုံးကို သုံးဆယ်ရာခိုင်နှုန်း လျှော့ချပစ်လိုက်"

"နောက်ပြီးတော့၊ ဒီနေ့ကစပြီး ချင်ဖေးက ရုတ်တရက် အအေးမိဖျားနာသွားလို့ အဆောင်တော်ကို ပိတ်ပြီး သုံးလ ငြိမ်သက်စွာ အနားယူရမယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ချင်ဖေး၏ မျက်နှာသည် ဖြူဖျော့သွားလေသည်။

အဆောင်တော်ပိတ်၍ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရခြင်းက ကိစ္စမရှိလှ။ မကြာသေးမီကမှ တိုးမြှင့်ရရှိခဲ့သော ရာထူးအဆင့်အတန်းက သည်လို ပေါ့ပေါ့ပါးပါးပင် ပျောက်ကွယ်သွားခဲ့ရသည်။ ဒါကပင် အပြင်းထန်ဆုံး ထိုးနှက်ချက် ဖြစ်လေသည်!

ချင်ဖေး မျက်ရည်များ သွင်သွင်စီးကျအောင် မငိုကြွေးရသေးမီမှာပင် မယ်တော်ကြီးကျောက်က ဦးစွာ ဒေါသထွက်လာလေသည်။ "ဒီနေ့ကိစ္စက လုရှီနဲ့ ချောင်မိဖုရားခေါင်ကြောင့် ဖြစ်တာ။ အရှင်မင်းကြီးက ဘယ်လိုဖြစ်လို့ ရှန်ဖေးကို လာပြီး အပြစ်ပေးနေရတာလဲ"

"အိုက်ကျားက အရှင်မင်းကြီး လာပြီး အိုက်ကျားဘက်က ရပ်တည်ပေးမလားလို့ မျှော်လင့်နေတာ၊ အရှင်မင်းကြီးကတော့ တော်တော်ကောင်းတယ်၊ လုရှီကို အပြစ်မပေးတဲ့အပြင် ရှန်ဖေးကိုတောင် လာပြီး အပြစ်ပေးနေသေးတယ်။ ဒါက အိုက်ကျားကို အပြစ်ပေးတာနဲ့ ဘာကွာလို့လဲ!"

ချောင်မိဖရားခေါင်သည် အချိန်ကောင်းကို လက်လွတ်မခံဘဲ စကားစကို ဆက်လိုက်သည်။ "မူဟုပ်က ရွှေလိုအဖိုးတန်ခန္ဓာကိုယ်နဲ့သူပါ၊ ချင်ဖေးလို အဆင့်အတန်းမျိုးက ဘယ်လိုလုပ် မူဟုပ်နဲံ နှိုင်းယှဉ်လို့ ရနိုင်မှာလဲ"

လုမင်ယွိသည် စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

"ချင်ဖေး" ဟူသော အခေါ်အဝေါ် ထွက်ပေါ်လာသည်နှင့် ချင်ဖေး အဆင့်ချခံရသည့် ကိစ္စမှာ အတည်ဖြစ်သွားလေပြီ။ သည်ကိစ္စ ပျံ့နှံ့သွားသည်နှင့် မျက်နှာပျက်ရမည်မှာ ချင်ဖေးသာ ဖြစ်သည်။ ချောင်မိဖရားခေါင်၏ ဤစကားနှစ်ခွန်းသည်လည်း အလွန်ပင် ကွက်တိကျလှပေသည်။

ချင်ဖေးက ဘယ်လို အဆင့်အတန်းမျိုးလဲ။

အတိတ်က လီမိသားစု၏ မယားငယ်တစ်ယောက်၊ ယခု အနောက်နန်းဆောင်မှ မိဖုရားငယ်တစ်ပါးသာ ဖြစ်သော်လည်း မယ်တော်ကြီးကျောက်၏ ဆုံးဖြတ်ချက်ကို ချယ်လှယ်နိုင်ပြီး အနောက်နန်းဆောင်တွင် မီးမွှေးပေးနိုင်စွမ်း ရှိလေသည်။

ထင်သည့်အတိုင်းပင်။ ယုံးကျားဧကရာဇ်၏ မျက်နှာအမူအရာသည် ပိုလို့ပင် အေးစက်တင်းမာလာသည်။ "ချင်ဖေး၊ ချက်ချင်း မင်းရဲ့အဆောင်တော်ကို ပြန်တော့! နောက်ထပ် စကားတစ်ခွန်းတောင် ထပ်ပြောရဲ ပြောကြည့်၊ ကျန်း လုံးဝ အလွယ်တကူ ခွင့်လွှတ်မှာ မဟုတ်ဘူး!"

ချင်ဖေးသည် အင်္ကျီလက်နှင့် မျက်နှာကို အုပ်ကာ ငိုယိုရင်း ဆုတ်ခွာရန် ပြင်လိုက်လေသည်။

မယ်တော်ကြီးကျောက်၏ ဒေါသမီးမှာ ပိုပြီး တောက်လောင်လာသည်။ "ရှန်ဖေး နေခဲ့!"

ထို့နောက် ချောင်မိဖရားခေါင်နှင့် လုမင်ယွိကို လက်ညှိုးထိုးကာ- "ကောင်းလိုက်တာ၊ နင်တို့ သမီးယောက္ခမ နှစ်ယောက်က ကောင်းကင်ကို ပုန်ကန်တော့မလို့လား! နင်တို့က အိုက်ကျားကို ဒေါသထွက်ပြီး သေစေချင်နေတာ၊ နောက်ဆိုရင် ဒီအနောက်နန်းဆောင်က နင်တို့ သမီးယောက္ခမ နှစ်ယောက်ရဲ့ လောကြီး ဖြစ်သွားတော့မှာ။ အိုက်ကျားက ဘယ်ဘဝက ဝဋ်ကြွေးတွေ ပါလာလို့လဲ၊ ဒီလို ချွေးမနဲ့ မြေးချွေးမမျိုးကို ရထားရတာ..."

ချောင်မိဖရားခေါင်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ချန်ချဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်ရသလောက် ဒီနှစ်တွေမှာ အရှင်မင်းကြီးအတွက် သားသမီးတွေကို ပြုစုပျိုးထောင်ပေးခဲ့ပြီး အနောက်နန်းဆောင်ကို စီမံခန့်ခွဲခဲ့ရာမှာ ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး။ မယ်တော်ကြီးက ချန်ချဲ့အပေါ် ဒီလောက်တောင် မကျေမနပ် ဖြစ်နေတာက ချန်ချဲ့က ချင်ဖေးရဲ့ လမ်းကို ပိတ်ဆို့ထားလို့ပါပဲ"

"အရှင်မင်းကြီး အမိန့်တော် ထုတ်ပြန်ပြီး ချန်ချဲ့ရဲ့ မိဖုရားခေါင်နေရာကို ဖျက်သိမ်းလိုက်ပါတော့! တစ်နှစ်၊ တစ်နှစ်ခွဲလောက် စောင့်ပြီးရင် ချင်ဖေးကို မိဖုရားခေါင်အဖြစ် တင်မြှောက်လိုက်ပါ။ ဒီလိုဆိုရင် မယ်တော်ကြီးရဲ့ စိတ်တိုင်းလည်းကျ၊ ချင်ဖေးရဲ့ ဆန္ဒလည်း ပြည့်ဝသွားတော့မှာပါ။ ဒီအနောက်နန်းဆောင်လည်း အေးချမ်းသွားမှာပါ"

...

လုမင်ယွိသည်ပင် ချောင်မိဖရားခေါင်၏ သည်စကားများကြောင့် အံ့အားသင့်သွားရသည်။

ဒါသည် သွေးထွက်သံယို မရှိဘဲ လူသတ်နိုင်သော အသည်းခိုက်စေသည့် စကားလုံးများပင်!

ယုံးကျားဧကရာဇ်သည် မယားငယ်များကို မည်မျှပင် မျက်နှာသာပေးစေကာမူ တရားဝင်ဇနီးကို ဖျက်သိမ်းသည့် အဆင့်အထိ မရောက်သေးပေ။

အကြောင်းမှာ ချောင်မိဖုရားခေါင်သည် ကြင်နာသနားတတ်ပြီး ပညာရှိသော တရားဝင်ဇနီး ဖြစ်ရုံသာမက သူမ၏ နောက်ကွယ်တွင် ချောင်ကောလောင် ဦးဆောင်သော အရပ်ဘက်အရာရှိကြီးများ အုပ်စု ရှိနေသောကြောင့်ပင်။ ယုံးကျားဧကရာဇ်သည် ကြီးမားသော ရည်မှန်းချက်များ ရှိသည့် မင်းဆက်သစ် တည်ထောင်သူ ဧကရာဇ်တစ်ပါး ဖြစ်ရာ အမြော်အမြင် ကြီးမားပြီး ရင်ထဲတွင် တိုင်းပြည်ရှိလေသည်။ သူသည် ပထမဇနီးနှင့် တရားဝင်သားတော်တို့၏ အရေးပါမှုကို ကောင်းစွာ သိရှိနားလည်၏။

မုန့်ကွေ့ဖေးပင်လျှင် ချောင်မိဖုရားခေါင်၏ နေရာကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ သာမန် ချင်ဖေးတစ်ယောက်ကတော့ ကျိုးကြောင်းမဲ့လှသည့် အတွေးအကြံ အနည်းငယ်မှလွဲ၍ မိဖုရားခေါင်နေရာကို လောဘတက်ရန် မည်သို့သော အရည်အချင်း ရှိနေပါသနည်း။

သူမသည် မယ်တော်ကြီးကျောက်၏ ထောက်ခံမှုကို အခွင့်ကောင်းယူကာ အခါအားလျော်စွာ ချောင်မိဖုရားခေါင်ကို ဒုက္ခပေးလျက် ယောက္ခမနှင့် ချွေးမကြား သွေးကွဲအောင် ပြုလုပ်နေခြင်းသာ ဖြစ်လေသည်။ ယခုတော့ ချောင်မိဖုရားခေါင်သည် မိမိကိုယ်တိုင် မိဖုရားခေါင်နေရာကို စွန့်လွှတ်လိုကြောင်း နှုတ်ဖွင့်ပြောရသည့်အထိ အကျပ်အတည်း ဖြစ်သွားခဲ့ရပြီ။

ယုံးကျားဧကရာဇ်၏ မျက်နှာသည် သံမဏိကဲ့သို့ မည်းနက်သွားပြီး ချင်ဖေးကို ကြည့်နေသော အကြည့်တို့မှာ အရိုးထဲထိ စိမ့်ဝင်အောင် အေးစက်လျက် လူကိုပင် ဝါးစားတော့မည့်အလားပင်။

ချင်ဖေး၏ မျက်နှာသည် သွေးစက်မရှိအောင် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားလေသည်။ "အရှင်မင်းကြီး စိတ်လျှော့ပါ။ ချန်ချဲ့မှာ ဘယ်တုန်းကမှ ဒီလို သစ္စာမဲ့တဲ့ အတွေးမျိုး မရှိခဲ့ဖူးပါဘူး။ အရှင်မင်းကြီး သေချာ စုံစမ်းတော်မူပါ!"

မယ်တော်ကြီးကျောက်က ဤအချိန်တွင် စကားတစ်ခွန်း ထပ်ပြောလိုက်မည်ဟု မည်သူကမှ ထင်မထားခဲ့ချေ။ "ချောင်ရှီက သူကိုယ်တိုင် မိဖုရားခေါင်နေရာကို စွန့်လွှတ်ချင်နေမှတော့ အရှင်မင်းကြီးက ဘာလို့ သူ့ဆန္ဒကို ဖြည့်ဆည်းမပေးရမှာလဲ!"

ချင်ဖေး: "..."

ချင်ဖေးသည် သွေးအန်ချင်စိတ်ပင် ပေါက်သွားလေသည်။

မယ်တော်ကြီးကျောက်က သူမကို သေစေချင်နေတာပဲ!

သူမ မိဖုရားခေါင် ဖြစ်ချင်တာ မှန်ပါတယ်။ ဒီအနောက်နန်းဆောင်ထဲက မိန်းမတွေ၊ ရာထူးအဆင့်အတန်း မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ၊ ဘယ်သူက မိဖုရားခေါင် မဖြစ်ချင်ဘဲ ရှိမှာလဲ။

သူမ အသက် ဆယ့်ခြောက်နှစ်ကတည်းက လီအိမ်တော်ကို မယားငယ်အဖြစ် လက်ထပ်ဝင်ရောက်လာခဲ့တာ။ စိတ်ထဲမှာ တွေးတောတောင့်တနေခဲ့တာ တရားဝင်ဇနီးနေရာကလွဲလို့ ဘာမှမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီနှစ်တွေမှာ ချောင်မိဖုရားခေါင်က အပြုအမူ အနေအထိုင် အပြစ်ကင်းစင်ပြီး ဘာအမှားအယွင်းမှ မရှိခဲ့ဘူး။ ပြီးတော့ ချောင်ကောလောင်က သာ့ဝေတိုင်းပြည်ရဲ့ ဝန်ကြီးချုပ်၊ အရပ်ဘက်အရာရှိအားလုံးရဲ့ ခေါင်းဆောင်။

ယုံးကျားဧကရာဇ်က အပြင်မှာ စစ်တိုက်ထွက်နေတုန်းက နန်းတွင်းရဲ့ အုပ်ချုပ်ရေးကိစ္စတွေ အားလုံးကို ချောင်ကောလောင် ဦးဆောင်တဲ့ အရပ်ဘက်အရာရှိအဖွဲ့ဆီမှာပဲ အပ်နှံထားခဲ့တာ။ ချောင်မိသားစုရဲ့ မျက်နှာကို ထောက်ထားရင်တောင် ယုံးကျားဧကရာဇ်က ချောင်မိဖုရားခေါင်ရဲ့ ဇာမဏီနေရာကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် ထိခိုက်မှာ မဟုတ်ဘူး။

ဒါကြောင့် ဒီနှစ်တွေမှာ သူမရဲ့ ပစ်မှတ်က တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီ။ သူမမှာ ဇာမဏီနေရာကို လောဘတက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ မယ်တော်ကြီးကျောက်ရဲ့ အရှိန်အဝါကို အခွင့်ကောင်းယူပြီး စတုတ္ထမင်းသားအတွက် အိမ်ရှေ့စံနေရာကို ကြိုးစားရယူပေးနိုင်တယ်။ တကယ်လို့ အောင်မြင်သွားခဲ့ရင် နောင်တစ်ချိန်မှာ သူမလည်း မယ်တော်ကြီး ဖြစ်လာနိုင်တာပဲ။

မယ်တော်ကြီးကျောက်၏ ဒီစကားတစ်ခွန်းက သူမသည် တိတ်တဆိတ် သွေးထိုးလှုံ့ဆော်ခဲ့တဲ့ အမှန်တရားကို အတည်ပြုလိုက်ခြင်းပင်။ ယုံးကျားဧကရာဇ်က သူမကို ကြည့်နေသည့် အကြည့်မှာ အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မလိုပင်။

ချင်ဖေးသည် အားပြင်းပြင်းဖြင့် ဦးခေါင်းကို ဆောင့်ချ အရိုအသေပေးလိုက်ပြီး မကြာမီပင် နဖူးတွင် သွေးများ နီရဲသွားလေသည်။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ! ချန်ချဲ့ ဘယ်တုန်းကမှ ဇာမဏီနေရာကို မတပ်မက်ခဲ့ဖူးပါဘူး၊ အရှင်မင်းကြီး စိတ်လျှော့တော်မူပါ!"

ယုံးကျားဧကရာဇ်သည် ဒေါသထွက်ရလွန်းသဖြင့် တဖန် ရယ်မောလိုက်တော့သည်။ "ဪ? မင်းက ဘယ်တုန်းကမှ ဇာမဏီနေရာကို မတပ်မက်ခဲ့ဖူးဘူး ဟုတ်လား။ ဒါဆို မယ်တော်ကြီးက ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်လာရတာလဲ။ ချင်ဖေး၊ ကျန်း မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာ။ ကျန်း အစက ထင်နေတာ၊ မင်းက မယ်တော်ကြီးကို စိတ်အားထက်သန်စွာ ပြုစုစောင့်ရှောက်တာ၊ မိဘအပေါ် သိတတ်တဲ့စိတ်နဲ့ ကျေးဇူးသိတတ်တဲ့စိတ် နည်းနည်းပါးပါး ရှိလို့ပဲလို့။ အခုမှ သိတော့တယ်၊ မင်းမှာ ဒီလို အတွေးမျိုးတွေ ဖုံးကွယ်ထားခဲ့တာကိုး"

လုမင်ယွိသည် ချက်ချင်း ချောင်မိဖရားခေါင်၏ ဘေးတွင် ဒူးထောက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်တော့သည်။ "အဘွားတော်က ချင်ဖေးရဲ့ ချိုသာတဲ့ စကားလုံးတွေကြောင့် လှည့်ဖြားခံလိုက်ရပြီး တစ်ခဏတာ စကားမှားသွားတာပါ! ဖုဟွမ် ချင်ဖေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါ၊ ဒါမှ အနောက်နန်းဆောင်ကို သတိပေးရာ ရောက်မှာပါ။ ပြီးတော့ ကောလာဟလတွေ ပျံ့နှံ့ပြီး အဘွားတော်ရဲ့ ကြင်နာသနားတတ်တဲ့ နာမည်ကောင်းကို မထိခိုက်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်"

ချင်ဖေး: "..."

...

အပိုင်း (၂၀၆) ပဋိပက္ခ (၂)

ချင်ဖေးသည် ထိတ်လန့်ကြောက်ရွံ့ကာ မျက်နှာတွင်လည်း သွေးမရှိတော့ချေ။ စိတ်ထဲတွင်လည်း လုမင်ယွိကို အံကြိတ်မတတ် မုန်းတီးနေမိလေသည်။

မယ်တော်ကြီးကျောက်သည်လည်း သည်အချိန်ကျမှ မိမိကိုယ်တိုင် စကားမှားသွားခဲ့မှန်း သတိပြုမိလိုက်လေသည်။

ချောင်မိဖရားခေါင်တွင် မည်မျှပင် အမှားအယွင်းများ ရှိနေပါစေ၊ ချောင်မိသားစုက ထောက်ခံပေးထားသဖြင့် မိဖုရားခေါင်နေရာမှ ဖယ်ရှားလိုလျှင် ဖယ်ရှားပစ်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။

ယုံးကျားဧကရာဇ်၏ ပြင်းထန်သော ဒေါသကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရသည်။ မယ်တော်ကြီးကျောက်သည်လည်း ပြဿနာ ဆက်မရှာဝံ့တော့ဘဲ သားတော်ကို ချော့မော့ရန် ပျော့ပျော့ပြောင်းပြောင်း စကားအနည်းငယ် ပြောရန် ကြံရွယ်လိုက်လေသည်။ "အရှင်မင်းကြီး စိတ်လျှော့ပါ၊ အိုက်ကျားက ခုနက ပါးစပ်က လွှတ်ခနဲ ပြောလိုက်မိတာပါ၊ တခြား ဘာအဓိပ္ပာယ်မှ မရှိပါဘူး..."

စကားပင် မဆုံးသေး။ ယုံးကျားဧကရာဇ်က မျက်နှာထားတင်းတင်းဖြင့် မယ်တော်ကြီးကျောက်၏ စကားကို ဖြတ်ပြောလိုက်၏။ "မူဟုပ်၊ ဘာမှ ဆက်မပြောပါနဲ့တော့! ကျန်းက သုံးနှစ်သား ကလေး မဟုတ်ဘူး။ မူဟုပ်က ဒီလို ပေါ့ပေါ့ဆဆ လာချော့နေတာ ကျန်းကို အရူးလို့ ထင်နေတာလား"

ယုံးကျားဧကရာဇ် အမှန်တကယ် ဒေါသထွက်လာသည်နှင့် မယ်တော်ကြီးကျောက်သည်လည်း အားမရှိတော့ဘဲ နာကျင်ခံစားရဟန်ဖြင့် စကားတစ်ခွန်းသာ ပြောလိုက်ရသည်။ "အိုက်ကျား မှားသွားပါတယ်၊ အခုပဲ ရှင့်ကို တောင်းပန်ပါတယ်၊ ဒါတောင် မရသေးဘူးလား"

ယုံးကျားဧကရာဇ်၏ ရင်ထဲတွင် ဒေါသမီးများ ပြည့်နှက်နေသော်လည်း မိခင်အရင်းကို ပေါက်ကွဲလို့ မဖြစ်သဖြင့် ဒေါသအားလုံး ချင်ဖေးထံသို့သာ ဦးတည်သွားလေတော့သည်။ "ဒီနေ့ကစပြီး ချင်ဖေးကို ကျဲယွီအဖြစ် ရာထူးအဆင့်ချလိုက်တယ်။ အဆောင်တော်ကို ပိတ်ပြီး ခြောက်လတိတိ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်စေ၊ နန်းတော်တံခါးဝကနေ ခြေတစ်လှမ်းတောင် အပြင်ထွက်ခွင့် မရှိဘူး။ ကျန်း ကိုယ်တိုင် အမိန့်တော် ထုတ်ပြန်ပြီး နန်းဆောင်ခြောက်ခုလုံးကို ကြေညာမယ်"

ချင်ဖေး၏ တစ်ကိုယ်လုံးသည် ဆန်ခါကဲ့သို့ တဆတ်ဆတ် တုန်ယင်လာပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေတော့သည်။

ကျဲယွီသည် ကျောင်းရုံထက်ပင် အဆင့်တစ်ဆင့် နိမ့်သေးသည်။ အခြေအနေက အဆင့် သုံးဆင့် ဆက်တိုက် ကျဆင်းသွားခြင်းပင်!

ထို့ထက် ပိုပြောရလျှင် ယုံးကျားဧကရာဇ်က ကိုယ်တိုင် အမိန့်တော်မြတ် ထုတ်ပြန်ခြင်း ဖြစ်နေသည်။ သည်ကိစ္စ ပျံ့နှံ့သွားသည်နှင့် ချင်ဖေးမှာ မျက်နှာပြစရာ လုံးဝ မရှိတော့ပေ။ ရှို့နဉ်နန်းဆောင်သည်ပင် မျက်နှာပျက်ရလေသည်။

မယ်တော်ကြီးကျောက်၏ မျက်နှာသည် ပြောင်းလဲသွားပြီး နှုတ်ခမ်းများ လှုပ်ရှားသွားတော့၏။ ယုံးကျားဧကရာဇ်၏ ရေကဲ့သို့ အေးစက်တည်ငြိမ်နေသော မျက်နှာထားကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အသံလဲ မထွက်ရဲတော့ချေ။ ရင်ထဲမှ ဒေါသများအားလုံးသည် သဘာဝအတိုင်းပင် ချောင်မိဖရားခေါင်နှင့် လုမင်ယွိတို့ထံသို့ ဦးတည်သွားလေသည်။

မယ်တော်ကြီးကျောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယောက္ခမနှင့် ချွေးမကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်လေသည်။

ချောင်မိဖရားခေါင်သည် မသိစိတ်က အလိုလို အနည်းငယ် တုန်ယင်သွား၏။

လုမင်ယွိသည် မျက်နှာအမူအရာ မပျက်ဘဲ လက်လှမ်းကာ ချောင်မိဖရားခေါင်ကို တွဲကူလိုက်လေသည်။ ချောင်မိဖရားခေါင်က လျင်မြန်စွာ ခေါင်းလှည့်လာပြီး လေသံတိုးတိုးဖြင့် ညင်သာစွာ မေးလိုက်လေသည်။ "မင်း ဒီလို ဒူးထောက်နေတာ၊ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိရဲ့လား"

လုမင်ယွိက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "ကျွန်မ ဘာမှမဖြစ်ပါဘူး။ မူဟုပ် စိတ်ချပါ"

ယုံးကျားဧကရာဇ်သည် ဒေါသထဲမှ အနည်းငယ် သတိပြန်ဝင်လာပြီး ချောင်မိဖရားခေါင်ကို ပြောလိုက်တော့၏။ "မင်းနဲ့ လုရှီ အရင် ပြန်သွားနှင့်"

ချောင်မိဖရားခေါင်က ဟုတ်ဟု တစ်ချက် ဖြေလိုက်ပြီး လုမင်ယွိ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ကာ သမီးယောက္ခမနှစ်ယောက် အတူတကွ နေရာမှထ၍ နှုတ်ဆက်ထွက်ခွာသွားလေသည်။

....

ဒူးထောက်ထားသည်မှာ အနည်းငယ် ကြာသွားသောကြောင့် ဖြစ်နိုင်သည်။ ချောင်မိဖရားခေါင်၏ ခြေထောက်နှစ်ဖက်သည် အနည်းငယ် ပျော့ခွေနေလေသည်။ ပင်မခန်းဆောင်မှ ထွက်ခွာလာသည့် ခဏမှာပင် တောက်ပသော အလင်းရောင်များက မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။

ချောင်မိဖရားခေါင်သည် မျက်လုံးများကို ခေတ္တ မှိတ်ထားလိုက်ပြီးနောက် လျင်မြန်စွာ ပြန်ဖွင့်လိုက်ရာ အကြည့်တို့သည် ကြည်လင်အေးဆေးသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။ သူမက လုမင်ယွိကို လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ငါနဲ့အတူ ကျောင်းဖန်နန်းဆောင်ကို လိုက်ခဲ့"

လုမင်ယွိက ခေါင်းညိတ်ပြလိုက်၏။

သမီးယောက္ခမနှစ်ယောက်သည် အမှန်တကယ်တွင် စိတ်သဘောထားချင်း တူညီကြသူများ မဟုတ်ဘဲ ယခင်က တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးမှုအရ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခဲ့ကြသည်။ သို့သော် ယနေ့ ကိစ္စရပ်ကို ဖြတ်သန်းပြီးနောက်တွင် နှစ်ဦးသားသည် ပုံမှန်အချိန်များထက် ပိုရင်းနှီးသွားခဲ့ကြလေသည်။

ခြေလှမ်း အနည်းငယ် လျှောက်လှမ်းပြီးနောက်တွင် အကျွမ်းတဝင်ရှိသော အရိပ်တစ်ခုက ရှေ့မှ ကြိုဆိုလာလေသည်။

လီကျင့်ပင်။

ယုံးကျားဧကရာဇ်သည် ရုတ်တရက် နံနက်ညီလာခံကို ရပ်တန့်လိုက်ပြီး ကျင်းလွမ်ခန်းမမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ လီကျင့်သည် စိတ်ထဲတွင် အံ့အားသင့်သွားပြီး များများစားစား မတွေးတောမိဘဲ တစ်ယောက်တည်း ရှို့နဉ်နန်းဆောင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယုံးကျားဧကရာဇ်က ဒေါသပြင်းစွာ ထွက်နေသဖြင့် မည်သူမျှ ရှို့နဉ်နန်းဆောင်အတွင်းသို့ သတင်းပို့ရန် မဝင်ဝံ့ကြပေ။ လီကျင့် မည်မျှပင် စိတ်စောနေပါစေ၊ ရှို့နဉ်နန်းဆောင်၏ အပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရလေသည်။ စောင့်ရင်း စောင့်ရင်းဖြင့် စိတ်မရှည်နိုင်တော့သည့် အချိန်မှသာ ချောင်မိဖရားခေါင်နှင့် လုမင်ယွိတို့၏ အရိပ်ကို တွေ့မြင်လိုက်ရတော့သည်။

လုမင်ယွိကို မြင်လိုက်သည့် ခဏမှာပင် လီကျင့်၏ စိတ်ထဲတွင် အခြေအနေ မကောင်းမှန်း ပိုသိလိုက်တော့သည်။

သူက နှုတ်ဖွင့်ကာ လုမင်ယွိကို မေးလိုက်၏။ "မင်း လုအိမ်တော်မှာ ကောင်းကောင်းမွန်မွန် နေနေတာ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက် နန်းတော်ထဲ ဝင်လာရတာလဲ။ ရှို့နဉ်နန်းဆောင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ မင်း ဘာမှမဖြစ်ပါဘူးနော်!"

လုမင်ယွိက လီကျင့်ကို စိတ်အေးရစေသည့် အကြည့်တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။ "အရင်ဆုံး ကျောင်းဖန်နန်းဆောင်ကို သွားကြရအောင်၊ ကိစ္စရှိရင် ဖြည်းဖြည်းချင်း ပြောကြတာပေါ့"

အမွှေးတိုင်တစ်တိုင် အချိန် ကြာမြင့်ပြီးနောက်တွင် လူ သုံးယောက်သည် ကျောင်းဖန်နန်းဆောင်သို့ ပြန်လည်ရောက်ရှိလာပြီး နေရာယူ ထိုင်လိုက်ကြသည်။

ချောင်မိဖရားခေါင်သည် အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်သေးခင်မှာပင် လုမင်ယွိက စကားအနည်းငယ်ဖြင့် ရှို့နဉ်နန်းဆောင်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြလိုက်လေသည်။

လီကျင့်၏ မျက်ဝန်းထဲတွင် ဒေါသမီးများ တဖြည်းဖြည်း စုပုံလာသည်။ "တော်တော် ဟုတ်နေတဲ့ ချင်ရှန်ဖေးပဲ!"

ကိုက်တတ်သောခွေးသည် မဟောင်တတ်ပေ။ ချင်ရှန်ဖေးသည် ကြည့်လိုက်လျှင် နူးညံ့သိမ်မွေ့ပြီး ဖော်ရွေဟန် ရှိသော်လည်း အမှန်တကယ်တွင် အတွေးအကြံများမှာ အမှောင်ဖုံးပြီး ရက်စက်ကြမ်းကြုတ်လှသည်။ ဒါကလဲ မယ်တော်ကြီးကျောက်ကို တမင်သက်သက် သွေးထိုးလှုံ့ဆော်ပြီး မယ်တော်ကြီးကျောက်၏ လက်ကို အသုံးချကာ လုမင်ယွိကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်း ဖြစ်ပြီး၊ လုမင်ယွိကို စိတ်အေးလက်အေး ကိုယ်ဝန်မလွယ်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းပင်။

လုမင်ယွိက အေးဆေးစွာ ပြုံးလိုက်သည်။ "အခု ရှန်ဖေး မဟုတ်တော့ပါဘူး၊ နောက်ဆိုရင် ချင်ကျဲယွီလို့ ခေါ်ရတော့မှာ"

ဤတစ်ကြိမ်တွင် ချင်ကျဲယွီသည် ကြက်ခိုးမရလိုက်သည့်အပြင် ဆန်တစ်အိတ်ပါ ရှုံးသွားခဲ့ရသည်။ သိုးသား မစားရသည့်အပြင် တစ်ကိုယ်လုံး အညှီနံ့များ စွဲကျန်ရစ်ခဲ့သည်။ လက်ထဲသို့ ရောက်လာသော ရှန်ဖေးနေရာသည် မနွေးထွေးလိုက်ရသေးခင်မှာပင် မျက်စိတစ်မှိတ်အတွင်း အဆင့် သုံးဆင့် ကျဆင်းသွားခဲ့ရသည်။ နောက်ဆိုလျှင် စူးဖေး၏ နောက်တွင် နေရာယူရတော့မည်။ ထို့အပြင် အဆောင်တော်ပိတ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ရသည်မှာ ခြောက်လတိုင်တိုင် ကြာမြင့်ဦးမည်!

လီကျင့်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

ချောင်မိဖရားခေါင်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြောလိုက်၏။ "ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြစို့။ ရှို့နဉ်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတော့ မင်းဖုဟွမ် ဘယ်လောက်ပဲ ဒေါသထွက်ပြီး စိတ်တိုနေပါစေ၊ ဒီကိစ္စကို တခြားလူတွေ ထပ်ပြောတာကို ဘယ်တော့မှ ကြားချင်မှာ မဟုတ်ဘူး။ ပန်ကုံးလည်း တင်းကျပ်တဲ့ အမိန့် ထုတ်ပြန်လိုက်မယ်၊ နန်းတော်ထဲက လူအားလုံး ဒီကိစ္စကို လျှောက်ပြောခွင့် မရှိဘူး"

လုမင်ယွိနှင့် လီကျင့်တို့ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်း ဆုံကြည့်လိုက်ပြီး အတူတကွ သဘောတူလိုက်ကြသည်။

ချောင်မိဖရားခေါင်က သက်ပြင်းရှည်ကြီး တစ်ချက် ထပ်မံ ချလိုက်ပြီး "နေ့လယ်တောင် ရောက်တော့မယ်၊ ပန်ကုံး လူလွှတ်ပြီး စားတော်ပွဲ ပြင်ဆင်ခိုင်းလိုက်မယ်။ မင်းတို့ လင်မယားနှစ်ယောက်၊ ပန်ကုံးနဲ့အတူ နေ့လယ်စာ သုံးဆောင်ပြီးမှ လုအိမ်တော်ကို ပြန်ကြတော့!"

...

မည်သို့ပင်ဖြစ်စေ ချောင်မိဖရားခေါင်သည် နေ့လယ်စာကို စားချင်စိတ် ရှိနေသေးသည်။

ချင်ကျဲယွီမှာတော့ အဆောင်တော်သို့ တွဲကူခေါ်ဆောင်ခြင်း ခံခဲ့ရပြီး မျက်လုံးတစ်စုံလုံးမှာ ငိုကြွေးထားသဖြင့် နီရဲကာ ယောင်ကိုင်းနေလေသည်။

အစားအသောက် စားရန် မဆိုထားနှင့်။ ကြိုးဆွဲချ သေဆုံးလိုက်ချင်စိတ်ပင် ပေါက်နေလေသည်။

စတုတ္ထမင်းသားသည် သတင်းကြားသည်နှင့် အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ချင်ကျဲယွီ၏ သည်လို အတိဒုက္ခရောက်ကာ သနားစဖွယ် ဖြစ်နေသော ပုံစံကို မြင်တွေ့လိုက်ရသောအခါ စိတ်မကောင်း ဖြစ်သွားသလို စိုးရိမ်တကြီးလည်း ဖြစ်သွားတော့သည်။ "မူဖေး၊ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ"

"မနက်စောစော၊ မူဖေး ရှို့နဉ်နန်းဆောင်ကို သွားပြီး အဘွားတော်ကို အဖော်ပြုပေးနေတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အာ့စောင်က ရုတ်တရက် နန်းတော်ထဲ ဝင်လာရတာလဲ။ ဘာဖြစ်လို့ ကုန်းကုန်းက ကျင်းလွမ်ခန်းမကို သတင်းသွားပို့ရတာလဲ၊ ဖုဟွမ်က ညီလာခံတောင် ရပ်လိုက်ရတယ်ဆို။ အခု မူဖေးလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီး ရာထူးအဆင့်တောင် ကျဲယွီအထိ ကျသွားရတယ်လား။ ဒါတွေအားလုံး နောက်ဆုံးတော့ ဘယ်လို ဖြစ်ကုန်တာလဲ"

စကားလုံးတိုင်းသည် ချွန်ထက်သော ဓားသွားများကဲ့သို့ ချင်ကျဲယွီ၏ နှလုံးသားကို ခွဲစိတ်ဖြတ်တောက်လိုက်သကဲ့သို့ နာကျင်ရစေသည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများအားလုံး အပေါက်များ ဖောက်ခံလိုက်ရပြီး အေးစက်သော လေများ တဟူးဟူး တိုက်ခတ်နေသကဲ့သို့ပင်။

ချင်ကျဲယွီသည် စတုတ္ထမင်းသား၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အသက်ပင် မရှူနိုင်လောက်အောင် ငိုကြွေးနေလေသည်။

စတုတ္ထမင်းသားသည် စိုးရိမ်လွန်းသဖြင့် ငိုတော့မယောင်ပင် ဖြစ်သွားတော့သည်။ "မူဖေး၊ တကယ်ပဲ ဘယ်လို ဖြစ်ခဲ့တာလဲ။ မငိုပါနဲ့တော့၊ မြန်မြန် ပြောပြပါဦး! မူဖေးက ကျွန်တော့်ကို စိတ်ပူပြီး သေစေချင်နေတာလား!"

ချင်ကျဲယွီသည် အတန်ကြာ ငိုကြွေးပြီးနောက် မျက်လုံးများနှင့် နှာခေါင်းထိပ်များ နီရဲလာသည်။ နှုတ်ဖွင့်လိုက်သည်နှင့် အသံမှာ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက်ခံထားရသကဲ့သို့ ကြမ်းတမ်း ခြောက်သွေ့နေတော့သည်။ "အားရှန်၊ ငါ သတိလက်လွတ် ဖြစ်သွားခဲ့တာပါ။ ငါ ထင်နေတာ၊ လုမင်ယွိ ကိုယ်ဝန်ရှိသွားတော့ မယ်တော်ကြီးက နည်းနည်းပါးပါး အခက်တွေ့အောင် လုပ်လိုက်ရင် သူ့ကို ဒီလောက် ဂုဏ်ယူဝင့်ကြွားခွင့် ပေးမထားသင့်ဘူးလို့။ ဘယ်သူက သိမှာလဲ..."

ချင်ကျဲယွီသည် ငိုယိုရင်း ပြောဆိုနေသဖြင့် စကားလုံးများမှာ တိတိကျကျ မရှိဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်။

သို့သော်ငြားလည်း သားအမိအရင်းအချာများ ဖြစ်ကြသည့်အတိုင်း သည်လိုအခြေအနေတွင်ပင် စတုတ္ထမင်းသားက နားလည်သဘောပေါက်သွားခဲ့သည်။

စတုတ္ထမင်းသား၏ ခေါင်းများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားပြီး နဖူးကို ပွတ်သပ်ရင်း သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။ "မူဖေး၊ ကျွန်တော် အရင်ကတည်းက ကျွန်တော် ပြောခဲ့ဖူးတယ်။ အာ့စောင်က ဒီလောက် ရင်ဆိုင်ရခက်တာ၊ မူဖေးအနေနဲ့ သူ့ကို အလွယ်တကူ သွားမစပါနဲ့လို့။ မူဖေးက ဘယ်လိုဖြစ်လို့ ကျွန်တော့်စကားကို နားမထောင်ရတာလဲ!"

အခုတော့ ကောင်းရော၊ ကိုယ့်ကျင်း ကိုယ်တူးပြီး ကိုယ့်ခြေထောက်ကို ပြန်ပေါက်မိတာ။ ဒါမျိုးကို ပြောတာပဲ။

ချင်ကျဲယွီ၏ မျက်လုံးတစ်စုံလုံးမှာ မက်မွန်သီးကဲ့သို့ နီရဲယောင်ကိုင်းနေလေသည်။ "ငါက စကားနှစ်ခွန်းလောက် သွေးထိုးပေးပြီး စိတ်ထဲက မကျေနပ်တာတွေကို ဖြေလျှော့ချင်ရုံလေးပါ။ ဘယ်မှာ သိမှာလဲ။ မင်းအဘွားတော်က ဒေါသတွေ ထွက်လာပြီး ဒီအခြေအနေထိ ဖြစ်သွားလိမ့်မယ်လို့"

စတုတ္ထမင်းသားက သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး အသံကို အနည်းငယ် နှိမ့်လိုက်ထားတော့သည်။ "မူဖေးက အမြဲတမ်း နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်တယ်။ အဘွားတော်ကလည်း မူဖေးရဲ့စကားကိုပဲ နားထောင်တယ်။ ဖုဟွမ်က ဒါတွေကို မျက်စိထဲမှာ မြင်နေရတော့ စိတ်ထဲမှာ အစကတည်းက မကျေမနပ် ဖြစ်နေခဲ့တာ။ ဒီတစ်ခါတော့ ဖုဟွမ်က အကြောင်းပြချက်ကို အခွင့်ကောင်းယူပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တာပဲ"

"မူဖေး စိတ်ထဲမှာ နာကျင်ခံစားရပြီး ဝမ်းနည်းနေမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာ မူဖေး ဒီဒေါသကို မျိုသိပ်ထားမှ ရတော့မယ်။ အဆောင်တော်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး ကိုယ့်ဟာကို ပြန်လည်သုံးသပ်နေလိုက်ပါ။ ဖုဟွမ် စိတ်ဆိုးပြေသွားမှ အကျယ်ချုပ်အမိန့်ကို ဖြေဖျောက်ဖို့ နည်းလမ်း ထပ်ရှာကြတာပေါ့။ အခုအချိန်မှာတော့ ဘယ်လိုနည်းနဲ့မှ ထပ်ပြီး ပြဿနာရှာလို့ မဖြစ်တော့ဘူး"

...

အပိုင်း (၂၀၇) မနာလိုမုန်းတီးခြင်း

ချင်ကျဲယွီသည် အရင်ဆုံး ခေါင်းညိမ့်ပြလိုက်ပြီး လက်ရှိအခြေအနေကို စဥ်းစားလိုက်ပြီးနောက် တစ်ဖန် ဝမ်းနည်းပူဆွေးသွားရပြန်သည်။ "ငါက ငြိမ်ငြိမ်လေးမနေဘဲ တခြားဘာများလုပ်နိုင်အုံးမှာလဲ"

“ငါက ကြည့်လိုက်ရင်တော့ ကောင်းမွန်တဲ့ ဘဝလေးတစ်ခုမှာ နေနေတယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီနှစ်တွေမှာ မင်းဖုဟွမ်က ငါ့ကို ဘယ်တုန်းကမှ နှလုံးသားထဲ ထည့်ဖူးတာမဟုတ်ဘူး။ မင်းရဲ့ အဘွားတော်ကသာ ကာကွယ်မပေးထားရင်း ငါတို့သားအမိနှစ်ယောက် ဘယ်လိုဘဝမျိုး နေနေရမလဲတောင်မသိဘူး"

စတုတ္ထမင်းသား၏ နှာခေါင်းထဲတွင် မွှန်သွားသလို ခံစားလိုက်ရပြီး လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။ "လူဆိုတာ ဂုဏ်ရှိပြီး ကျေနပ်နေရတဲ့ အချိန်မျိုးရှိသလို စိတ်ပျက်အားငယ်ရတဲ့ အချိန်မျိုးလဲရှိမှာပဲလေ။ ခဏတာ အကုန်ရှိနေတာက နောက်ဆုံးအထိ ရယ်မောနိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ တခဏတာ အရှိန်အဝါ ကျဆင်းသွားတာကလဲ မကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး"

ချင်ကျဲယွီသည် နီကျဲနေသည့် မျက်လုံးများဖြင့် ပြောလေတော့သည်။ "စိတ်ချပါ။ အမေက ခံနိုင်ရည်ရှိပါသေးတယ်။ မင်းအတွက်ကြောင့် အလွယ်တကူ အရှုံးမပေးနိုင်ဘူး"

ခဏလောက် ရပ်တန့်သွားပြီးမှ သူမက ထပ်ပြောလိုက်ပြန်သည်။ "ဒီနေ့ ဒီအခြေအထိ ဖြစ်သွားမှတော့ မယ်တော်ကြီးကလဲ ချောင်မိဖုရားခေါင်နဲ့ လုမင်ယွိအပေါ် အရိုးထဲစွဲအောင် မုန်းတီးနေပြီး ပြန်ပြီးသင့်မြတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောင်လာမဲ့နေ့ရက်တွေက အရှည်ကြီးကျန်သေးတယ်။ နောက်ဆုံးမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ဘယ်သူမှ ကြိုသိနိုင်တာ မဟုတ်ဘူး"

စတုတ္ထမင်းသားကလဲ စကားအနည်းငယ်ဖြင့် ထပ်မံ မှာကြားလိုက်ပြန်သည်။ "နောက်ပိုင်းကိစ္စတွေကို နောက်မှပဲ ပြောကြတာပေါ့။ လိုရင်းကို ပြောရမယ်ဆိုရင်တော့ အခု အရေးအကြီးဆုံးက ခေါင်းငုံ့အပြစ်ဝန်ခံပြီး အတောင်အလက်တွေကို ဝှက်ထားဖို့ပဲ။ ဖုဟွမ်ကို စိတ်မဆိုးမိအောင် သတိထားနေပါ"

"ဖုဟွမ်က မူဖေးကို အဆောင်ပိတ်ပြီး ကိုယ့်ဟာကို ပြန်သုံးသပ်ခိုင်းထားတော့ မူဖေးက အဆောင်တော်ထဲကနေ ထွက်လို့ မရဘူးလေ။ နောက်ဆိုရင် ကျွန်တော် နေ့တိုင်း မူဖေးဆီ လာပြီးတော့ အဖော်လုပ်ပေးပါ့မယ်"

ချင်ကျဲယွီ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲတက်လာပြီး စတုတ္ထမင်းသားကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်တော့သည်။

ယောက်ျားတွေက လုံးဝအားကိုးလို့ မရဘူး။ အားကိုးလို့ ရနိုင်တာဆိုလို့ ကိုယ့်ရဲ့သားတစ်ယောက်ပဲ ရှိတော့တယ်။

စတုတ္ထမင်းသားသည် ပွေ့ဖက်ခံထားရသဖြင့် တစ်ကိုယ်လုံး မလွတ်မလပ် ဖြစ်နေကာ အနည်းငယ် အားစိုက်ပြီး ရုန်းထွက်လိုက်လေသည်။ ထို့နောက်တွင်တော့ နန်းတွင်းအစေခံများကို နေ့လယ်စာပြင်ဆင်ရန် ပြောလိုက်သည်။ ချင်ကျဲယွီက နည်းနည်းပါးပါး စားသောက်သည်အထိ စောင့်ကြည့်နေလိုက်၏။

ချင်ကျဲယွီသည် စားချင်စိတ်လုံးဝမရှိဘဲ အစားအသောက်က မည်မျှပင် အရသာ ရှိနေသည်ဖြစ်စေ သူမ၏ ပါးစပ်ထဲတွင်တော့ ဘာအရသာမှမရှိသလို ဖြစ်နေတော့သည်။

စားရင်းဖြင့် မျက်ရည်များက တစ်ဖန်ကျဆင်းလာပြန်၏။

သူမသည် ယခုတော့ ရှန်ဖေးမဟုတ်တော့သလို ချင်ဖေးပင်မဟုတ်တော့ဘဲ ကျဲယွီတစ်ယောက်သာ ဖြစ်တော့သည်။ ထို့အပြင် ယုံးကျားဧကရာဇ်ကိုယ်တိုင် အမိန့်တော်ထုတ်ပြန်ကာ သူမ၏ ရားထူးအဆင့်ကို ချပစ်ခဲ့ခြင်းပင် ဖြစ်၏။ နောက်တွင် သူမမှာ လူအများရှေ့ မျက်နှာပြစရာ အဘယ်မှာရှိပါမည်နည်း။

...

ယန်ရှီနန်းဆောင်။

"မင်းရဲ့ ဖုဟွမ်က တကယ်ပဲ ဒေါသထွက်ပြီး နေ့လယ်စာတောင် မစားဘူး ဟုတ်လား" မုန့်ကွေ့ဖေးက မျက်ခုံးပင့်ကာ ပထမမင်းသားကို မေးလိုက်၏။

ပထမမင်းသားကလဲ သက်ပြင်းတစ်ချက်ချလိုက်ကာ "ဟုတ်တယ်။ ကျွန်တော်က ဖုဟွမ်ကို စကားနည်းနည်းလောက် နှစ်သိမ့်ပေးချင်သေးတာ။ ဒါပေမဲ့ ဖုဟွမ်ကတော့ ဒေါသထွက်နေတုန်းဆိုတော့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလေ။ ကျွန်တော်လဲ ဝမ်ဟွားနန်းဆောင်ကနေ ထွက်လာခဲ့ရတယ်"

မုန့်ကွေ့ဖေး၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စွာ ပြုံးလိုက်လေသည်။ "ချင်ရှီဆိုတဲ့ မိန်းမယုတ်က မယ်တော်ကြီးက သူ့အဒေါ်ရင်းမလို့ သူ့စကားပဲ နားယောင်ပြီး ယုံကြည်တာကို အခွင့်ကောင်းယူ လေတွေ ဘယ်လောက်တောင် တိုက်ခဲ့သလဲ မသိဘူး။ စားဖို့ဝတ်ဖို့ နည်းနည်းပါးပါးတောင်းတာ ဒါမှမဟုတ်လည်း ကိုယ်ပိုင်ငွေ နည်းနည်းပါးပါး ရှာတာလောက်ဆိုရင်လည်း ထားလိုက်ပါတော့။ အရှင်မင်းကြီးက ကပ်စေးနဲတဲ့သူ မဟုတ်တော့ သူ့ကိုလဲ နှိမ့်ချဆက်ဆံမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ သူကတော့ နည်းနည်းရရင် ထပ်လိုချင်တယ်။ အခု မယ်တော်ကြီးကို ဒိုင်းလိုအသုံးချရဲတဲ့အထိ ဖြစ်လာတာပဲ။ အရှင်မင်းကြီး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာက တရက်နှစ်ရက်တည်းမှ မဟုတ်တော့တာ။ မနှစ်ကတည်းက ဒီလိုကိစ္စမျိုးကြောင့်ပဲ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ဖူးတာပဲ"

"သူက နောင်တမရဘဲ အရင်နည်းလမ်းကိုပဲ ပြန်သုံးနေတယ်။ ဒီတစ်ခါတော့ သံမဏိပြားကို သွားကိုင်မိတာပေါ့။ မိဖုရားခေါင်ကို ထားလိုက်အုံး။ အဲဒီ့ စွာတေးမလေး လုမင်ယွိတောင်မှ သူသွားပြီးတော့ ရင်ဆိုင်နိုင်တဲ့သူမှ မဟုတ်တာ"

"ခံသင့်တယ်။ ခံလိုက်သင့်တယ်!"

မုန့်ကွေ့ဖေးသည် အားရပါးရ ရယ်မောလိုက်လေသည်။

ချင်ကျဲယွီ၏ ဒုက္ခကို မြင်ယောင်မိသည်တွင် သူမမှာ မပျော်ရွှင်ဘဲ မနေနိုင်တော့ပေ။

ပထမမင်းသားက သက်ပြင်းချပြီး ထပ်ပြောလိုက်သည်။ "တစ်ယောက်ဆင်းရင် တစ်ယောက် တက်လာတာပဲလေ။ ချင်ကျဲယွီ ဒီတစ်ခါတော့ ဒုက္ခရောက်သွားတာ လူတိုင်းက လုရှီရဲ့ လက်ချက်မှန်း လူတိုင်း သိကြတယ်။ သူ့မှာ ကိုယ်ဝန်လဲရှိနေသေးတယ်။ နောက်ဆိုရင် နန်းတော်ထဲမှာ သူက ဗိုလ်ကျနေတော့မှာပဲ"

လုမင်ယွိသည် ဂုဏ်ယူဝင့်ကြွားလေလေ လီကျင့်၏ အရှိန်အဝါ ကြီးမားလာလေလေဖြစ်ပြီး သူ့အတွက်တော့ အကျိုးကျေးဇူး တစ်စက်ကလေးမှမရှိချေ။

မုန့်ကွေ့ဖေးကလဲ အေးစက်စွာ တစ်ချက်ထပ်ပြီး ပြုံးလိုက်လေသည်။ "ဘာကို ကြောက်နေတာလဲ။ ကိုယ်ဝန်လေးရှိတာပဲ။ ယောက်ျားလေးမှ မဟုတ်တာ။ ယောက်ျားလေး ဖြစ်ခဲ့ရင်တောင်မှ အန္တရာယ်ကင်းကင်း မွေးဖွားလာနိုင်မှာ မဟုတ်ဘူး။ မိန်းမတစ်ယောက် ကိုယ်ဝန်ရှိပြီးတဲ့နောက် မတော်တဆမှု နည်းနည်းပါးပါးဖြစ်ပြီး ကိုယ်ဝန်ပျက်ကျသွားတာလဲ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ"

နောက်ဆုံးစကားတစ်ခွန်းထဲတွင် ကောက်ကျစ်စဥ်းလဲသည့် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်လို့နေသည်။

ပထမမင်းသားသည် အမှတ်တမဲ့ ခေါင်းမော့ကာ တစ်ချက် ကြည့်လိုက်သည်တွင် မုန့်ကွေ့ဖေး၏ မျက်ဝန်းထဲက အေးစက်မှုကြောင့် အထိတ်တလန့် ဖြစ်သွားတော့၏။ "မူဖေး လျှောက်မလုပ်နဲ့နော်! ဒါက သားသမီးရတနာနဲ့ ပတ်သက်တဲ့ကိစ္စ တကယ်လို့ ဖုဟွမ်သာသိသွားရင် စိုးရိမ်ရတာက ..."

မုန့်ကွေ့ဖေးကလဲ အနည်းငယ် စိတ်မရှည်ဖြစ်သွားပြီး ပထမမင်းသားကို မျက်စောင်းတစ်ချက် ထိုးလိုက်တော့သည်။ "ငါက ပါးစပ်ကနေ လွှတ်ခနဲ ပြောလိုက်တာပါ။ တကယ် လုပ်မယ်လို့ ကြံစည်နေတာမှ မဟုတ်တာ။ မင်းက ဘာတွေလန့်နေတာလဲ!"

ထိုအခါမှ ပထမမင်းသားသည်လဲ နှုတ်ဆိတ်သွားလေတော့သည်။

...

ယိဟွားနန်းဆောင်ထဲတွင်။

စူးဖေးသည် လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်ကာ တစ်ခစ်ခစ် ရယ်မောနေသည်မှ အသံငြိမ်ကျသွားလေသည်။ တော်တော်လေး ကြိုးစားပြီးမှ ရယ်သံကို ထိန်းချုပ်နိုင်လိုက်သော်ငြားလည်း ခဏအကြာတွင်တော့ နောက်တကြိမ် မနားတမ်း ရယ်မောနေပြန်တော့၏။

လီဟောက်နှင့် လီချန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံးမှာ အနည်းငယ် ကူကယ်ရာမဲ့သလို ဖြစ်သွားကြတော့သည်။

"မူဖေး ရယ်သံကို နည်းနည်းတိုးပါအုံး" လီဟောက်က လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ "အပြင်ကို ပေါက်ကြားသွားလို့ တခြားသူတွေ ကြားသွားရင် မကောင်းဘူး"

လီချန်ကလဲ ခေါင်းညိမ့်ထောက်ခံလိုက်လေသည်။ "ဟုတ်တယ်။ မူဖေး.မရယ်ပါနဲ့တော့"

စူးဖေး၏ မျက်ခုံးများက ပင့်တက်သွားသည်အထိ ပျော်မြူးရယ်မောနေသည်မှာ ပျော်စရာများက မကုန်နိုင်တော့သယောင်ပင်။ "ဒီလိုသတင်းကောင်းမျိုးကို ငါက မရယ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ။ ချင်ကျဲယွီတဲ့လေ ဟားဟားဟား ... စိတ်ရောကိုယ်ပါနှစ်ပြီး ကြံစည်လိုက်ရတာ အတော်လေး ကြိုးစားပြီးမှ ရှန်ဖေး ဖြစ်လာတာ။ အခုတော့ ကျဲယွီ ဖြစ်သွားပြီ။ ငါ့ရဲ့ အရင်က ကျောင်းရုံအဆင့်ကိုတောင် မမှီတော့ဘူး။ ဟားဟားဟားဟား ..."

စူးဖေးသည် နာရီဝက်ကျော်ခန့် ရယ်မောပြီးနောက် နေ့လယ်စာကိုပင် တစ်လုတ် နှစ်လုတ်သာ စားခဲ့လေသည်။

လီဟောက်က အရင်ဆုံး လီချန်ကို အဆောင်သို့ပြန်ပြီး နေ့လယ်စာ စားခိုင်းလိုက်ပြီးနောက် စူးဖေးကို ပြောလိုက်၏။ "မူဖေး ဒီနေ့ ရှို့နဥ်နန်းဆောင်မှာ ဘာကိစ္စတွေ ဖြစ်ခဲ့လဲမသိဘူး။ ဖုဟွမ်က ဘယ်လိုလုပ်ပြီး ရူတ်တရက် ဒီလိုအမိန့်တော်မျိုး ချမှတ်လိုက်တာလဲ"

စူးဖေးသည် အနောက်နန်းဆောင်တွင် လူအင်းအားနည်းပါးလှပြီး ရှို့နဥ်နန်းဆောင်၏ လှုပ်ရှားမှုများကို ပေါ့ပေါ့ဆဆ တိုက်ရိုက်စုံစမ်းခြင်း မပြုဝံ့သဖြင့် ရလဒ်ကိုသာ သိရှိပြီး ဖြစ်စဥ်ကိုတော့ မသိချေ။

စူးဖေးသည်လဲ ဒီကိစ္စကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။ "သူ ဘာကိစ္စပဲရှိရှိ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက ချင်ကျဲယွီ ဒုက္ခရောက်သွားတာကို သိရရင်ပဲ စိတ်ထဲမှာပျော်နေတာ"

လီဟောက် "..."

လီဟောက်သည် တခါတရံ ဘာမှမတတ်နိုင်အောင် ဖြစ်ရလေသည်။

မိခင်ဖြစ်သူက ဒီလိုပျော့ညံ့ပြီး အသိဉာဏ်တိမ်သည့် မိန်းမတစ်ယောက် ဖြစ်နေသည်။ သူနှင့် နက်နဲပြီး ရှုပ်ထွေးသည့်ကိစ္စများကို ဆွေးနွေးချင်သော်ငြား သူသည်လဲ ဘာမှနားလည်သည် မဟုတ်ပေ။

လီဟောက်က စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "လုမင်ယွိ ဒီနေ့ နန်းတော်ထဲကို အခေါ်ခံလိုက်ရတယ်။ နောက်ပိုင်းတော့ မိဖုရားခေါင်က လူလွှတ်ပြီး ကျင်းလွမ်နန်းဆောင်ကို သတင်းပို့ခိုင်းခဲ့တယ်။ ဖုဟွမ်က ညီလာခံကိုရပ်ပြီး ရှို့နဥ်နန်းဆောင်ကို သွားခဲ့တယ်။ အစအဆုံး အားလုံးကို ဆက်စပ်ပြီးတွေးကြည့်လိုက်ရင် ဒီအထဲမှာ ကျွန်တော်တို့ မသိသေးတဲ့ ကိစ္စတစ်ခုကတော့ သေချာပေါက် ရှိနေရမယ်"

စူးဖေးသည် ချင်ကျဲယွီ ဒုက္ခရောက်သည့် သတင်းကောင်းထဲက သတိပြန်ဝင်လာပြီး ခဏလောက် စဥ်းစားလိုက်ပြီးမှ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ "မဟုတ်သေးဘူး! လုမင်ယွိ ကိုယ်ဝန်ရှိသွားတာပဲ ဖြစ်ရမယ်!"

ဒီကောက်ချက်ကို ရရှိဖို့ရန်လဲ မခက်ခဲလှချေ။ ထိုကိစ္စကို သေသေချာချာလေး စဥ်းစားကြည့်လျှင် ချင်ကျဲယွီသည် အကြောင်းအရင်းမရှိဘဲ ဒုက္ခရောက်လိမ့်မည် မဟုတ်ချေ။ လုမင်ယွိအပေါ်တွင်သာ အဓိကအကြောင်းအရာ ရှိရပေမည်။ ဘယ်ကိစ္စကများ ချင်ကျဲယွီကို သည်းမခံနိုင်မဲ့ အရင်ဆုံး လှုပ်ရှားရအောင် လုပ်မိသွားတာလဲ။

လီဟောက်သည် ဒီအချက်ကို အစောကြီးကတည်းက တွေးထားမိပြီး ဖြစ်မှန်းသိသာလှ၏။ သူ၏ ချောမောလှသည့် မျက်ဝန်းထဲတွင် ခါးသီးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။ "ဒီလိုပဲ ဖြစ်သင့်ပါတယ်"

စူးဖေးသည် မနေနိုင်တော့ဘဲ နူးညံ့သိမ်မွေ့လှသည့် မျက်နှာထက်တွင် အေးစက်တင်းမာပြီး လိမ်ကောက်ကာ မုန်းတီးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေတော့သည်။

ဒီလုမင်ယွိ ဒီလောက်တောင် မြန်မြန်ကိုယ်ဝန်ရှိသွားရတယ်လို့။ အရင်ဘဝကထက်တောင်မှ အများကြီးစောနေပါလား။

တကယ်လို့ လုမင်ယွိက တရားဝင်မြေးတော်ကို မွေးဖွားခဲ့ရင် ... လီကျင့်က အစကတည်းက တရားဝင်သားတော်ဆိုတဲ့ အားသာချက်ကို ရရှိထားပြီးသား။ တကယ်လို့ တရားဝင်သားတော်တစ်ယောက် ထပ်ရခဲ့ရင် ယုံးကျားဧကရာဇ်ရဲ့ နှလုံးသားထဲမှာ သူ့ရဲ့အရေးပါမှုက ပိုပြီးတော့ ကြီးမားသွားမှာပဲ။

လီဟောက်၏ စိတ်အခြေအနေမှာ ညှို့မှိုင်းသွားလေတော့သည်။ သားအမိနှစ်ယောက်သည် ကိုယ်စီ ခဏလောက် ငြိမ်သက်သွားတော့၏။ ထို့နောက်တွင်တော့ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များကို တပြိုင်တည်း ဖိနှိပ်ထားလိုက်ကြတော့သည်။

"အားဟောက် နောက်နှစ်ရက်လောက်ဆိုရင် မင်းရဲ့ မင်္ဂလာပွဲကြီး ကျင်းပမဲ့နေ့ပဲ"

စူးဖေးက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အပြုံးတစ်ခုကို ညှစ်ယူလိုက်တော့သည်။ "မတောင်းတသင့်တဲ့အရာကို လုံးဝ တောင့်တမနေနဲ့တော့"

လီဟောက်ကလဲ အေးအေးလူလူဖြင့် ပြန်ဖြေလိုက်လေသည်။ "မူဖေး ပြောစရာမလိုပါဘူး။ ကျွန်တော် နောက်ပိုင်း လျှောက်ရမဲ့လမ်းကို ဘယ်လို လျှောက်ရမယ်ဆိုတာ သိပါတယ်။ မုန့်ယွင်လော်သာ အိမ်တော်ကို ရောက်လာရင် ကျွန်တော် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ"

စူးဖေးသည် အားတင်းထားလိုက်ကာ ပြုံးပြီးပြောလိုက်၏။ "ဒီလိုတွေးတာက မှန်တာပဲလေ" သူမသည် စိတ်အားထက်သန်စွာဖြင့် နောက်ထပ် အမှာစကားများ ပြောလိုက်သေးသည်။

လီဟောက်ကတော့ နှုတ်ဆိတ်စွာ နားထောင်ရင်း စိတ်ထဲတွင် လုမင်ယွိနှင့် လီကျင့်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးရယ်နေကြသည့် မြင်ကွင်းကို ဖျတ်ခနဲ မြင်ယောင်လာမိသည်တွင် နှလုံးသားထဲက ခါးသီးမှုများက သူ့ကို လွှမ်းမိုးသွားလုမတတ်ပင် ဖြစ်သွားတော့သည်။

...

All Chapters