← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အပိုင်း (၂၀၈) ကိုယ်ဝန်

ထိုနေ့ညက မရေမတွက်နိုင်ကြသည့် လူအများအပြားသည် အိပ်ရာပေါ်တွင် လူးလွန့်ကာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရလေသည်။

လုမင်ယွိကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက်ရှိသည်။

သူမသည် အိမ်မက်တစ်ခုကို မက်လေသည်။

အိမ်မက်ထဲတွင် ဝတုတ်တုတ် ကလေးငယ်လေးတစ်ဦးက ဝါးခနဲ အော်ဟစ်ငိုယိုလျက်ရှိ၏။ သူမက ထပြီး ပွေ့ချီရန် ကြိုးစားသော်ငြားလည်း ဘာအကြောင်းကြောင့်မှန်းမသိ ဒီလောက်နီးကပ်နေပါလျက် ကလေးငယ်လေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

သူမ၏ စိတ်ထဲတွင် ရုတ်တရက် စိုးရိမ်ပူပန်သွားပြီး ပါးစပ်က အော်ဟစ်လိုက်မိတော့သည်။ "ယန့်အာ။ ယန့်အာ"

ထိုသို့ အော်ဟစ်လိုက်ခြင်းက မြူခိုးများကို ရှင်းလင်းလိုက်သလိုပင်။ ကလေးငယ်၏ မျက်နှာလေးသည် ရုတ်တရက် ရှင်းလင်းသွားလေသည်။ မျက်ဝန်းနက်နက်တစ်စုံက သူမကို စူးစိုက်စွာကြည့်နေပြီး ပါးစပ်က အမေဟု တစ်လုံးတည်း.အော်ခေါ်လိုက်၏။

မဟုတ်ဘူး။ ဒါက ယန့်အာ မဟုတ်ဘူး။ ယန့်အာက မျက်ခုံး မျက်လုံးကောင်းပြီး ချောမောတာ။ ဒီကလေးလေးက ကြည်ကြည်လင်လင် ရှိပေမဲ့လည်း မျက်ခုံးမျက်လုံးက ယန့်အာနဲ့ မတူဘူး။ ဒါပေမဲ့ မည်းနက်နေတဲ့ မျက်ဝန်းတွေထဲမှာ တက်ကြွပြီးတော့ တွယ်တာမှုတွေကတော့ တစ်ထပ်တည်းပဲ။

အမေ!

ထိုကလေးငယ်လေးသည် ပါးစပ်ကလေးဟကာ သူမကို တစ်လုံးတည်း အော်ခေါ်နေလေသည်။

ပြင်းထန်လှသည့် ခံစားချက်များက နှလုံးသားထဲတွင် မရပ်မနား တရိပ်ရိပ် လှုပ်ရှားနေတော့၏။

"ရှောင်ယွိ" နားထဲတွင် ရင်းနှီးနေသည့်အသံတစ်ခုက သူမ၏ အိမ်မက်ကို ဖြိုခွဲလိုက်လေသည်။ "ဘာဖြစ်လို့ မျက်ရည်ကျနေတာလဲ။ အိမ်မက်ဆိုးမက်လို့လား"

လုမင်ယွိသည် မျက်လုံးများ ဖွင့်လိုက်သည့်အခိုက်တွင် အနည်းငယ် ငေးကြောင်နေသေးပြီး လီကျင့်၏ စိုးရိမ်တကြီးကြည့်နေသည့် မျက်ဝန်းနက်များနှင့်ဆုံပြီးမှ တဖြည်းဖြည်း ပြန်သတိဝင်လာတော့သည်။

သူမက လက်ကိုဆန့်ကာ မျက်ဝန်းထောင့်မှ မျက်ရည်စများကို သုတ်ရင်း ခပ်တိုးတိုး ပြောလိုက်လေသည်။ "ကျွန်မ ယန့်အာကို အိမ်မက်မက်လို့ပါ"

လီကျင့်သည် မနာလိုလဲမဖြစ်မိသလို ဘာမှလည်းမပြောဘဲ သူမကို ရင်ခွင်ထဲတွင် နူးညံ့စွာ ပွေ့ဖက်ပေးထားလိုက်၏။

ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီးတို့၏ စိတ်ခံစားချက်သည် သာမန်အချိန်များထက် များစွာပျော့ညံ့ပြီး ထိရှလွယ်နေခြင်း ဖြစ်နိုင်သည်။ သူမသည် ရင်းနှီးနေသော ရင်ခွင်ကျယ်ကို မှီတွယ်လိုက်သည်တွင် မျက်ရည်များက ထိန်းမနိုင်သိမ်းမရ တသွင်သွင် စီးကျလာပြီး မကြာမှီတွင် သူ့ရင်ဘတ်ရှေ့တွင် အကွက်ငယ်လေးတစ်ခု စိုစွတ်သွားခဲ့၏။

လီကျင့်က သူမ၏ ဆံပင်များနှင့်ကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးရင်း နှုတ်ဆိတ်စွာ နှစ်သိမ့်ပေးလိုက်လေသည်။

အတန်ကြာမှ လုမင်ယွိ၏ စိတ်ခံစားချက်များသည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာတော့သည်။

"အခု နည်းနည်းသက်သာသွားပြီလား" အာရုံတက်ချိန် အလင်းရောင်ဖျော့ဖျော့တွင် လီကျင့်၏ အသံသည် လေးနက်ပြီး နွေးထွေးလို့နေသည်။

လုမင်ယွိက အင်းဟု တစ်ချက်ငြီးငြူလိုက်ပြီး တော်တော်လေး သက်သာသွားပါပြီဟု ပြောလိုက်၏။ ခဏလောက် ရပ်လိုက်ပြီးမှ ကိုယ့်ဟာကို သရော်ကာ ဆက်ပြောလိုက်ပြန်သည်။ "ကျွန်မ ကိုယ့်ဟာကို သန်မာတယ်လို့ ထင်တာ။ ဘာကမှ ဖျက်ဆီးလို့မရဘူးလို့ ထင်ထားတာ။ တကယ်တော့ စိတ်ထဲမှာ အထိခိုက်မခံနိုင်ဘဲ ပျော့ညံ့တဲ့နေရာလေးတွေ ရှိနေသေးတာပဲ"

ဘဝဆိုတာ ပြီးပြည့်စုံနေတာမှ မဟုတ်တာ။ ပြန်မွေးဖွားလာခွင့်ကို ရခဲ့ပေမဲ့ ယန့်အာကတော့ ပြန်ရှိလာတော့မှာ မဟုတ်ဘူး။

လီကျင့်က စကားဟောင်းများကို ပြန်ဆက်ပြောလိုက်လေသည်။ "ကို မင်းကို အရင်က ပြောခဲ့ဖူးတယ်လေ။ ကလေးမွေးလာလို့ သားလေးဖြစ်ခဲ့ရင် လီယန့်လို့ နာမည်ပေးမယ်"

လုမင်ယွိသည် ခေါင်းမော့လာပြီး လီကျင့်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "မလိုပါဘူး။ ယန့်အာက ပြန်လာမှာ မဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်ဟာကို မလိမ်ညာနေချင်ဘူး။ ပြီးတော့ ဒီလိုလုပ်တာက ကျွန်မတို့ ကလေးအတွက်လည်း မတရားရာကျတယ်"

အားလုံးကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့မယ်။ ဆုံးရှုံးသွားတာကို နှလုံးသားထဲမှာပဲ ထာဝရသိမ်းဆည်းထားလိုက်ရုံပဲ။

လီကျင့်သည် သနားကြင်နာစွာဖြင့် ခေါင်းငုံ့ကာ သူမ၏ မျက်ဝန်းထဲက မျက်ရည်စများကို နမ်းရှိုက်ရင်း ပြောလိုက်၏။ "ကောင်းပြီလေ။ မင်းသဘောအတိုင်းပါပဲ"

ဇနီးမောင်နှံနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်မှီတွယ်ကာ ခန္ဓာကိုယ်ချင်း ထိကပ်နေသည့် အပူငွေ့များက နှလုံးသားထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့၏။ စိတ်ထဲက နာကျင်ခံစားမှုနှင့် နှမျောတသမှုများကို တဖြည်းဖြည်းချင်း မောင်းထုတ်လိုက်လေတော့သည်။

လီကျင့်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ "ကို မနေ့က မူဟုပ်ကို ပြောပြီးသွားပြီ။ မင်းက ကိုယ်ဝန်လွယ်ထားရတော့ လုအိမ်တော်မှာ ရက်နည်းနည်းလေး ပိုနေပြီး ကိုယ်ဝန်ကို အေးအေးဆေးဆေး ဂရုစိုက်လိုက်။ နန်းတော်ထဲကို ဂါရဝပြုဖို့ လာစရာမလိုဘူး"

လုမင်ယွိက အင်းဟု ခပ်တိုးတိုး တစ်ချက်ငြီးလိုက်လေသည်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ကာစအချိန်တွင် သွားလာနေထိုင်မှုတိုင်းကို အထူးသတိထားရပေမည်။ ယခု အခြေအနေတွင် နန်းတော်ထဲ မဝင်ခြင်းကလဲ အမှန်ပင် သင့်တော်လေသည်။

ချောင်မိဖုရားခေါင် ရှိသည့်နေရာတွင် အနှောက်အယှက် မရှိသော်ငြားလည်း နန်းတော်ထဲတွင် ဒေါသအပြည့်နှင့် သူမအပေါ် အလွန်အမင်း မကျေမနပ်ဖြစ်နေသည့် မယ်တော်ကြီးကျောက်၊ သူမကို အရိုးထဲစွဲအောင် မုန်းတီးနေသည့် စူးဖေး၊ သူမကို ကြောက်ရွံ့နေသည့် မုန့်ကွေ့ဖေး၊ ထို့အပြင် အကျယ်ချုပ်ခံထားရသည့် ချင်ကျဲယွီ ...တို့ရှိနေသေးသည်။

လိုရင်းကို ပြောရမည်ဆိုလျှင်တော့ အနောက်နန်းဆောင်ထဲတွင် ရန်သူများပေါများလှကာ သတိထားခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။

လီကျင့်သည် နေ့စဥ် နန်းတော်သို့ ညီလာခံတက်ရန် သွားရမည်ဖြစ်သဖြင့် မြန်မြန်ပင် ထထိုင်လိုက်၏။

လုမင်ယွိကလဲ လိုက်ထရန်ပြင်လိုက်သောအခါ လီကျင့်က ပြုံးရင်းပြောလာလေသည်။ "ဒီနှစ်လလုံးလုံးတော့ မင်း သိုင်းလေ့ကျင့်ကွင်းကို မသွားနဲ့တော့။ ကုတင်ပေါ်မှာပဲ ခဏလောက် ပိုအိပ်လိုက်အုံး"

လုမင်ယွိကလဲ ပြုံးကာ သဘောတူလိုက်တော့သည်။

သိုသော်ငြား သူမသည် အိပ်ရာထနောက်ကျခြင်းကို မကြိုက်သဖြင့် နာရီဝက်လောက်သာ ပိုလဲလျောင်းလိုက်ပြီးနောက် အိပ်ရာထလိုက်တော့သည်။

လုမင်ဖန်းသည် လုမင်ယွိကို မြင်လိုက်ရသည်တွင် သတင်းမေးလေတော့သည်။ "မနေ့က မယ်တော်ကြီးက နင့်ကို ဘာဖြစ်လို့ ရုတ်တရက် နန်းတော်ထဲ ခေါ်တွေ့တာလဲ"

စိုးရိမ်နေသည့် မျက်ဝန်းအစုံတို့က သူမထံသို့ တပြိုင်နက်တည်း ကြည့်လာကြလေသည်။

လုမင်ယွိက လူတိုင်းကို သူမအတွက် စိတ်မပူစေလိုသဖြင့် ပေါ့ပေါ့ပါးပါးပင် ပြုံးရင်းပြောလိုက်တော့သည်။ "နန်းတော်ထဲက သတင်းမြန်တယ်လေ။ ငါ ကိုယ်ဝန်ရှိတဲ့ကိစ္စကို အဘွားတော်လဲ သိသွားပြီ။ မနေ့က ငါ့ကို နန်းတော်ထဲခေါ်ဝင်ပြီး ကိုယ်ဝန်ကို အေးအေးဆေးဆေး ဂရုစိုက်ဖို့မှာကြားတာပါ"

ချင်ကျဲယွီ ရာထူးသုံးဆင့် ဆက်တိုက်လျှော့ချခံရသည့်ကိစ္စက လောလောဆယ် နန်းတော်ထဲမှာ သတင်းမထွက်သေးချေ။

လုမင်ဖန်းသည် မည်သည့်နေရာတွင် ထူးခြားနေသည်ကို မရိပ်မိဘဲ ပြုံးရင်း အမှာစကား ပြောလိုက်၏။ "နင်က ပုံမှန်ဆိုရင် ကျန်းမာပေမဲ့ ကိုယ်ဝန်လွယ်ထားရတော့ ပိုပြီးဂရုစိုက်ရမယ်။ မြင်းစီးတာ၊ သိုင်းလေ့ကျင့်တာ၊ မြှားပစ်တာတွေ အကုန်လုံးကို ရပ်ထားလိုက်။ အိမ်တော်ထဲက တတ်နိုင်သလောက် မထွက်နဲ့။ သုံးလကျော်လို့ ကိုယ်ဝန်မြဲသွားမှပဲ အိမ်တော်အပြင်ထွက်လဲ နောက်မကျပါဘူး"

လုမင်ယွိကလဲ ပြုံးကာခေါင်းညိမ့်ပြလိုက်၏။

လုမင်ဟွားက ကိုယ်ဝန်သုံးလကျော် ရှန့်လန်က ကိုယ်ဝန်နှစ်လ လုမင်ယွိက ကိုယ်ဝန်ရှိနေပြီ။ လုအိမ်တော်မှာ ရုတ်တရက် ကိုယ်ဝန်ဆောင်သုံးဦး ရှိလာသဖြင့် အိမ်တော်ထိန်းနှင့်အပျိုတော်များပင် လမ်းလျှောက်ပင်လျှင် ပျော်ရွှင်တက်ကြွလျက်ရှိတော့သည်။

အိမ်တော်ထိန်းချုပ် လုကျားက အထူးတလည်ပင် မြို့တော်က နာမည်ကြီး သမားတော်တစ်ဦးကို အိမ်တွင် လာရောက်နေထိုင်ရန် ပင့်ဖိတ်ထားသဖြင့် နေ့စဥ် ကျန်းမာရေးစစ်ဆေးရန် အဆင်ပြေလှလေသည်။ ထို့အပြင် စားသောက်သည့် အရာများတွင်လည်း အထူးဂရုစိုက်ရ၏။ ပါးစပ်ထဲသို့ ဝင်သမျှအားလုံးကိုလည်း အလွန်အမင်း သတိထားရလေသည်။

ဒီအချက်ကိုကြည့်လျှင် လုအိမ်တော်တွင်း နေထိုင်ခြင်းသည် ဒုတိယမင်းသားအိမ်တော်ထက် အမှန်ပင် ပိုပြီးစိတ်ချရလေ၏။

ဒုတိယမင်းသားအိမ်တော်ထဲတွင် နန်းတွင်းအစေခံများနှင့် နန်းတွင်းသူများ များပြားလှပြီး သူတို့၏ လာရင်းကလဲ ရှုပ်ထွေးလှလေသည်။ တစ်လအတွင်း လုမင်ယွိသည် ၂ကြိမ်တိုင်တိုင် ရှင်းလင်းခဲ့ရပြီး တစ်ချို့ကို မောင်းထုတ်ခဲ့ရ၏။ သို့သော် ကျန်ရစ်နေသူများထဲတွင် သစ္စာမရှိသူများ ပါတော့မည်မဟုတ်ဟု အတိအကျပြောရန် ခက်ခဲလှသည်။

လုအိမ်တော်တွင် နေထိုင်လျှင်တော့ ဒီလို စိုးရိမ်ပူပန်မှုမျိုး မရှိတော့ချေ။ လုအိမ်တော် အပေါ်အောက် တစ်ခွင်လုံးသည် သံပြားတစ်ချပ်ကဲသို့ စည်းလုံးပြီး ရေစက်ကလေးပင် မဝင်နိုင်ပေ။ ချောင်မိဖုရားခေါင်ကလဲ ဒီအချက်ကို ကောင်းစွာသိထား၏။ ထို့ကြောင့် လုမင်ယွိကို ဒုတိယမင်းသားအိမ်တော်သို့ ပြန်ရန် မတိုက်တွန်းသည့်အပြင် လုအိမ်တော်တွင်သာ နေထိုင်ပြီး ကိုယ်ဝန်ကို အေးချမ်းစွာလွယ်ရန် အမိန့်ပေးခဲ့ခြင်းပင်။

...

မျက်စိတစ်မှိတ်အတွင်းမှာပင် လီဟောက်၏ မင်္ဂလာပွဲကြီးကျင်းပမည့် နေ့ထူးနေ့မြတ်သို့ ရောက်ရှိလာလေသည်။

နံနက်အစောတွင် လုမင်ယွိသည် လီကျင့်နှင့်အတူ တတိယမင်းသားအိမ်တော်သို့ သွားရောက်ခဲ့၏။

မင်းသားတစ်ပါး၏ မင်္ဂလာပွဲကြီးဖြစ်သဖြင့် ဓလေ့ထုံးတမ်းဌာနနှင့် နန်းတွင်းရေးရာဌာနတို့က ပူးပေါင်းတာဝန်ယူရသည်။ လီကျင့်တို့ ညီအစ်ကိုတစ်စုသည် လီဟောက်နှင့်အတူ သတို့သမီးကို သွားရောက်ကြိုဆိုကြ၏။ လုမင်ယွိကတော့ ယောက်မကြီးတစ်ယောက် ဖြစ်သည့်အလျောက် မင်းသားအိမ်တော်တွင် ဧည့်သည်များကို ကူညီဧည့်ခံရန် ကျန်ခဲ့ခြင်းကလဲ ဖြစ်သင့်ဖြစ်ထိုက်သည့် အပြုအမူပင်။

ဇနီးမောင်နှံနှစ်ဦး ပေါ်လာသည်နှင့် လူအများ၏မျက်လုံးများက သူတို့ထံသို့ တပြိုင်တည်း ကျရောက်လာခဲ့ကြသည်။

လုမင်ယွိ ကိုယ်ဝန်ရှိသည့်ကိစ္စကို အတိအလင်း မကြေငြာရသေးချေ။ သို့သော်ငြားလည်း သိသင့်သိထိုက်သူများကတော့ အားလုံး သိရှိနေပြီ ဖြစ်၏။

လွန်ခဲ့သည့်၂ရက်က ရှို့နဥ်နန်းဆောင်တွင် အမှန်တကယ် မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို ဘယ်သူကမှ ပါးစပ်ဆော့ပြီး စုံးစမ်းမေးမြန်းခြင်း မပြုဝံ့သော်ငြားလည်း နောက်ကွယ်တွင် အဓိပ္ပါယ် အမျိုးမျိုး တွေးတောကြံဆသည်မှာကတော့ မလွဲနိုင်ချေ။ လူအများက လုမင်ယွိကို တစ်ဖန် ထပ်ကြည့်လိုက်သောအခါ စိတ်ထဲတွင် ကြောက်ရွံ့ရိုသေမှုတစ်လွှာ ပိုတိုးလာလေတော့၏။

၂ရက်တာကာလအတွင်း စတုတ္ထမင်းသားသည် မျက်မြင်အားဖြင့် အနည်းငယ် ပိန်လှီသွားခဲ့ပြီး မျက်နှာတွင်လည်း ညှိုးနွမ်းနေသည့် အရိပ်အယောင်များ ထင်ဟပ်လို့နေသည်။ မျက်နှာပေါ်တွင် အပြုံးများ မည်မျှပင် ဝေဆာနေစေကာမူ အားတင်းကာ ဟန်ဆောင်ရယ်မောနေရသည့်သဘော သက်ရောက်နေ၏။

မိခင်ဖြစ်သူသည် ရာထူးသုံးဆင့် ဆက်တိုက် လျှော့ချခံခဲ့ရပြီး နန်းဆောင်ကိုပိတ်ကာ မိမိကိုယ်ကိုမိမိ ပြန်လည်သုံးသပ်နေရပြီး ကိုယ်ဟာကို အပြစ်တင်လျက် မျက်ရည်ဖြင့် မျက်နှာသစ်နေရသည်။ စတုတ္ထမင်းသားသည် သည်၂ရက်အတွင်းတွင် အာပေါက်မတတ် ချော့မော့ခဲ့သော်ငြားလည်း မိခင်ဖြစ်သူကို စိတ်ကျေနပ်အောင် မလုပ်နိုင်ခဲ့ချေ။ ညှိုးနွမ်းမနေလျှင် ထူးဆန်းနေပေအုံးမည်။

ပထမမင်းသားကြင်ရာတော်သည် လုမင်ယွိ၏ ပြားချပ်နေသည့် ဝမ်းဗိုက်ကို ခဏလောက်ခိုးကြည့်ရင်း စိတ်ထဲတွင် ချဥ်လွန်းသဖြင့် ခါးသီးနေမိတော့၏။

သူမသာ ကိုယ်ဝန်ပျက်မကျခဲ့ဘူးဆိုရင် ကလေးကတောင် ၈လ ၉လလောက် ရှိနေလောက်ပြီ။ မွေးတောင် မွေးတော့မှာပဲ။ အခုတော့ သူမက လုမင်ယွိ ထင်ပေါ်ကျော်ကြားနေတာကိုပဲ တိတ်တဆိတ် ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။

ယခင်က အမြဲတမ်း ပြဿနာရှာလေ့ရှိပြီး လုမင်ယွိနှင့် လုံးဝမတည့်သည့် ဟွေ့အန်းကုန်းကျူကပင် ယနေ့တွင်တော့ မျက်နှာများလန်းဆန်းကာ လုမင်ယွိကို တွေ့လိုက်ရချိန်တွင် အထူးတလည် ရင်းနှီးဖော်ရွေ ပြနေလေသည်။

ဟွေ့အန်းကုန်းကျူက ရှေ့သို့တိုးလာပြီး လုမင်ယွိ၏ လက်ကိုဆွဲကိုင်ကာ အထူးတလည် မေးမြန်းလေ၏။ "အာ့တိမေ့ ဘာဖြစ်လို့ ခဏလောက် ပိုမအိပ်ဘဲနဲ့ ဒီလောက်အစောကြီး လာရတာလဲ။ ဟုတ်သားပဲ။ ဒီ၂ရက်အတွင်း အစားအသောက်ရော စားလို့ဝင်ရဲ့လား။ တစ်ခုခု သီးသန့် စားကြည့်ချင်တာမျိုးရော ရှိလား။ ကိုယ်ဝန်ဆောင် ပျို့အန်တာမျိုးရော ဖြစ်သေးလား"

လုမင်ယွီ: "..."

လူအားလုံး "..."

…

အပိုင်း (၂၀၉) ကွာခြားချက်

ဟွေ့အန်းကုန်းကျူ၏ ဤသို့သော ယောက်မတစ်ယောက် ပုံစံသည် အမှန်တကယ်ပင် မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော်လည်း အတန်ငယ် ချစ်စရာကောင်းသလိုပင် ရှိနေတော့သည်။

လီကျင့်နဲ့ လက်ထပ်ပြီး... မဟုတ်သေးဘူး။ လီကျင့်နဲ့ စေ့စပ်လိုက်တဲ့ အချိန်ကစပြီး ဟွေ့အန်းကုန်းကျူက အမြဲလိုလို အပြစ်ရှာ နှာခေါင်းရှုံ့ မျက်မှောင်ကြုတ်ထာပြီး အသာစီး ရသည်ဖြစ်စေ မရသည်ဖြစ်စေ လိုရင်းကို ပြောရမယ်ဆိုရင် လုမင်ယွိအပေါ် ဘယ်တုန်းကမှ စကားကောင်းကောင်း မပြောခဲ့ဖူးဘူးလေ။

ဒီနေ့တော့ မတူတော့ဘူး။

ဟွေ့အန်းကုန်းကျူသည် လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားရင်း မျက်လုံးများက လုမင်ယွိ၏ ဝမ်းဗိုက်ဆီသို့ မကြာခဏ ဝေ့ဝဲကြည့်နေလေသည်။ နောက်တစ်ခဏတွင်ပင် ဝတုတ်ဖြူဥပြီး တက်ကြွလှပသော တူလေးတစ်ယောက် ထွက်ပေါ်လာတော့မလိုပင်။

အမယ်လေး၊ ပါးစပ်တောင် ပိတ်မရအောင် ပြုံးနေလိုက်တာ။

လုမင်ယွိလည်း စိတ်အခြေအနေကို ပြင်လိုက်ပြီး ဟွေ့အန်းကုန်းကျူဘက်ကို ပြုံးပြကာ ပြောလိုက်တော့သည်။ “ဟွမ်ကျဲ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မက ကိုယ်ဝန်သက်တမ်း နုသေးတော့ လောလောဆယ် ဘာမှမဖြစ်သေးဘူး။ ပျို့တာအန်တာလည်း မရှိဘူး၊ သီးသန့် စားချင်တာလည်း မရှိပါဘူး”

ဟွေ့အန်းကုန်းကျူက ချက်ချင်း ပြုံးရယ်လိုက်လေသည်။ “အခုက အချိန်မတန်သေးလို့ပါ။ နင်က ခန္ဓာကိုယ် ကြံ့ခိုင်တယ်ဆိုပေမဲ့ ကိုယ်ဝန်ဆောင် လက္ခဏာက သာမန်မိန်းကလေးတွေထက် ပိုဆိုးချင် ဆိုးနေမှာ။ ပြောရရင်တော့ ဂရုစိုက်ရမှာပဲ။ အထူးသဖြင့် ပါးစပ်ထဲဝင်မဲ့ အစားအသောက်ကို ပိုသတိထားရမယ်။ တစ်ညသိပ်တွေကို ပါးစပ်ထဲ မထည့်နဲ့၊ မလတ်ဆတ်တာတွေ မစားနဲ့။ တချို့အရာတွေက သက်သက်စီစားရင် ကိစ္စမရှိပေမဲ့ ရောစားလိုက်ရင် မရတော့ဘူး...”

ဟွေ့အန်းကုန်းကျူ ကိုယ်တိုင်လည်း ကလေးမမွေးဖူးသော်လည်း ခန္ဓာကိုယ်ကို အမြဲတစေ ပြုပြင်ထိန်းသိမ်းနေသူ ဖြစ်လေသည်။ ကိုယ်ဝန်ဆောင်စဉ် သတိထားရမည့် အကြောင်းအရာများကို ပြောသည့်အခါတွင်တော့ ချက်ကျလက်ချ ရှိလှ၏။ ဟွေ့အန်းကုန်းကျူသည် အသေးစိတ် အချက်အလက်များစွာကို တစ်သီတစ်တန်းကြီး ပြောလိုက်လေသည်။

လုမင်ယွိက ပြုံးကာ နားထောင်ရင်း အချက်တိုင်းကို ခေါင်းညိတ်လက်ခံလိုက်သည်။ သမီးယောက်မနှစ်ယောက် သဟဇာတဖြစ်ဖြစ် ဆက်ဆံနေသည့် မြင်ကွင်းသည် အမှန်တကယ်ပင် တွေ့ရခဲလှ၏။

လီကျင့်သည် စိတ်ခံစားချက် အလွန်ကောင်းမွန်လျက် မျက်ဝန်းထဲတွင် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။ လူအများကလည်း လျင်မြန်စွာပင် ပြုံးရယ်ကာ ကျီစယ်ကြလေသည်။

“ဟွမ်ကျဲက ဒီနေ့ စိတ်ခံစားချက် တော်တော်ကောင်းနေတာပဲ၊ စကားပြောတာတောင် အထူးတလည် ရင်းနှီးဖော်ရွေနေတယ်”

“ဟုတ်သားပဲ။ အရင်တစ်ခေါက်ကတောင် အာ့စောင်ကို မျက်မှောင်ကြုတ် မျက်စောင်းထိုးနေသေးတာ၊ ဒီနေ့ကျတော့ ဖော်ရွေပြနေလိုက်တာ”

ဟွေ့အန်းကုန်းကျူက ပြုံးရင်း စတုတ္ထမင်းသားကို မျက်စောင်းထိုးလိုက်လေသည်။ “မင်းလည်း မကြာခင် လက်ထပ်ရတော့မဲ့လူပဲ၊ ဘယ်လိုဖြစ်လို့ မိန်းမတွေထက်တောင် အာဘောင်အာရင်း သန်နေရတာလဲ”

စတုတ္ထမင်းသားသည် အငြင်းခံလိုက်ရသဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်၏။ လူအများက ဟားတိုက် ရယ်မောလိုက်ကြသည်။ တိုတိုပြောရလျှင် ချင်ကျဲယွီအကြောင်းကို ဘယ်သူကမှ အလိုက်မသိစွာ ထည့်မပြောကြပေ။ စတုတ္ထမင်းသား ကိုယ်တိုင်ပင်လျှင် လုံးဝ နှုတ်မဖွင့်ဘဲ လီကျင့်နှင့် စကားပြောသည့်အခါတွင်လည်း ယခင်အတိုင်း ရင်းနှီးနွေးထွေးလျက် အမုန်းတရား သို့မဟုတ် မကျေနပ်ချက် အရိပ်အယောင် စိုးစဉ်းမျှပင် မမြင်တွေ့ရချေ။

ပထမမင်းသား ကြင်ရာတော်သည် စိတ်ထဲမှ ချဉ်တူးတူး ခါးသီးမှုများကို သိမ်းဆည်းလိုက်ပြီး ပြုံးကာ ရှေ့တိုးလာပြီး လုမင်ယွိနှင့် စကားစမြည် ပြောဆိုသည်။ “အာ့တိမေ့က အိမ်တော်ကို ဝင်လာတာနဲ့ သတင်းကောင်းကြားရတော့ တခြားသူတွေ အားကျရလောက်အောင်ပါပဲ”

ဟန်ဆောင်နေရန် မလိုဘဲ စကားလုံးများထဲတွင် ပြင်းထန်သော အားကျမှုများ ထွက်ပေါ်လျက်ရှိ၏။

ထို 'အားကျနေသော တခြားသူ' ဆိုသည်မှာ သာ့ဟွမ်စစ်ဖေး ကိုယ်တိုင်ပင် ဖြစ်သည်ကတော့ ထင်ရှားလေသည်။

လုမင်ယွိသည် နားမလည်သလို ဟန်မဆောင်ဘဲ ပထမမင်းသား ကြင်ရာတော်ကို ကြည့်ကာ ပြောလိုက်တော့သည်။ “လူတစ်ယောက်ချင်းစီမှာ သူ့ကံကြမ္မာနဲ့သူ ရှိတာပါပဲ။ သာ့စောင်ရဲ့ ကောင်းချီးမင်္ဂလာကလည်း မကြာခင် ရောက်လာနိုင်တာပါပဲ”

ပထမမင်းသား ကြင်ရာတော်က မိမိကိုယ်ကိုယ် သရော်သလို ပြုံးလိုက်လေသည်။ “ကျွန်မဝမ်းက အသုံးမကျပါဘူး။ ကံကောင်းတာက အပျိုတော်ယန်က နောက်လအနည်းငယ်နေရင် မွေးတော့မယ်။ ဒီတစ်ခါ သားလေးမွေးလာရင် အရှင်မင်းသားမှာ မျိုးဆက်ရှိသွားပြီပဲ”

သို့သော် မုန့်ကွေ့ဖေးက အပျိုတော်ယန်ကို ယန်ရှီနန်းဆောင်တွင် အမြဲတစေ ထားရှိပြီး သူမကို ဝင်ရောက်စွက်ဖက်ခွင့် လုံးဝ မပေးခဲ့ပေ။ နောင်တွင် အပျိုတော်ယန်က သားလေးမွေးလျှင်ပင် ယန်ရှီနန်းဆောင်၌သာ မွေးမြူခြင်း ခံရမည်ကို စိုးရိမ်ရသည်။ ထိုသို့ဖြစ်လာလျှင် သူမသည် 'တရားဝင် မိခင်' ဟူသော ဂုဏ်ပုဒ်အမည်ခံသက်သက်သာ ရှိနေပေတော့မည်။

သည်အကြောင်းအရာများကို တွေးမိလိုက်သည်နှင့် နောင်လာမည့် နေ့ရက်များသည် အလင်းရောင် ကင်းမဲ့ မှောင်မိုက်နေတော့သည်။ သူမမှာ ဘယ်လိုမှ ပြုံးနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

လုမင်ယွိကတော့ ဘာမှမပြောလိုက်ပေ။ သူမသည် ပထမမင်းသား ကြင်ရာတော်အပေါ် မကောင်းမြင်စိတ် မရှိချေ။ သို့သော် တစ်ဦးနှင့်တစ်ဦး ရပ်တည်ချက် မတူညီဘဲ မွေးရာပါ ဆန့်ကျင်ဘက်များ ဖြစ်နေကြသည်။ အလွန် နက်ရှိုင်းသော ခင်မင်မှုမျိုး မတည်ဆောက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုအခိုက်မှာပင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့် လူရွယ်တစ်ဦးသည် လူအများ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

ထိုသူမှာ ယနေ့၏ သတို့သားလောင်း လီဟောက် ပင်။

လူတိုင်းက လီဟောက်ကို ကြည့်နေကြရာ လုမင်ယွိလည်း မလွှဲမရှောင်သာဘဲ တစ်ချက် လှမ်းကြည့်လိုက်မိသည်။

လီဟောက်သည် ဓားသဖွယ် မျက်ခုံး၊ ကြယ်ပွင့်သဖွယ် မျက်လုံးများ ပိုင်ဆိုင်ထားပြီး ကြည့်လိုက်လျှင် တင့်တယ် ခန့်ညားလှကာ တွေ့ရခဲသော ချောမောသည့် လူရွယ်တစ်ဦး ဖြစ်သည်။ ယနေ့ သူသည် အနီရင့်ရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားရာ ချောမောသော မျက်နှာထက်တွင် ပျော်ရွှင်မှု အနည်းငယ် တိုးလာသည်။ ဤသို့သော လီဟောက်ကို လုမင်ယွိသည် သေချာပေါက် မြင်ခဲ့ဖူးလေ၏။ ထို့ပြင် ထိုအထဲမှ သိမ်မွေ့သော ကွာခြားချက်များကိုလည်း လျင်မြန်စွာ ခွဲခြားသိမြင်နိုင်လေသည်။

ယခင်ဘဝက သူတို့ လက်ထပ်ခဲ့ကြသည့် နေ့ရက်တွင် လီဟောက်၏ မျက်ဝန်းထဲ၌ ပျော်ရွှင်မှု အရောင်များ တောက်ပလျက် နွေဦးလေပြေကဲ့သို့ မူးယစ်စေခဲ့သည်။ ယခု သည်အချိန်တွင်တော့ လီဟောက်၏ ပျော်ရွှင်မှုသည် အများစုမှာ ဟန်ဆောင်ထားခြင်းသာ ဖြစ်လေသည်။

လီဟောက်နှင့် လုမင်ယွိတို့၏ အကြည့်တို့သည် လေထဲတွင် ဆုံမိသွားရာ သူ့မျက်ဝန်းအိမ် နက်ရှိုင်းရာမှ နာကျင်မှု အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

လုမင်ယွိသည်လည်း မြန်မြန် အကြည့်လွှဲထားလိုက်တော့သည်။

ယနေ့ သူနှင့် သူမ ပထမဆုံးအကြိမ် မျက်လုံးချင်း ဆုံမိခြင်းဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်ပေလိမ့်မည်။

...

မွန်းတည့်ချိန် မင်္ဂလာပွဲကြီးသည် အလွန်ပင် စည်ကားလှသည်။ လီဟောက်သည် သတို့သားလောင်း ဖြစ်သည့်အလျောက် ယနေ့တွင် လူအများ၏ အာရုံစိုက်ခြင်းကို ပိုခံနေရသည်။ မင်္ဂလာပွဲ ပြီးသည်နှင့် ပထမမင်းသား အစရှိသည့် လူများ၏ အဖော်ပြုမှုဖြင့် မုန့်အိမ်တော်သို့ သတို့သမီးကို သွားရောက် ကြိုဆိုကြသည်။

အစွမ်းပြရသည်ကို ကြိုက်ပြီး အကြံပေးရသည်ကို ဝါသနာပါသော ဟွေ့အန်းကုန်းကျူ ရှိနေသဖြင့် အိမ်တော်မှ အိမ်တော်ထိန်းများမှာ တစ်စုံတစ်ခု တင်ပြစရာ ရှိလျှင်ပင် ဟွေ့အန်းကုန်းကျူထံသို့သာ သွားရောက် ရှာဖွေကြသည်သာ များလေသည်။

လုမင်ယွိသည် အေးအေးလူလူ နေရသည်ကို သဘောကျလျက် ပထမမင်းသား ကြင်ရာတော်၊ ကျင့်အန်းကုန်းကျူ တို့နှင့်အတူ တစ်နေရာတည်းတွင် ထိုင်ကာ ရံဖန်ရံခါ စကားစမြည် ပြောဆိုရင်း အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။

ညနေစောင်းအချိန်တွင် သတို့သမီး ကြိုဆိုသူများ ပြန်ရောက်လာကြ၏။ ဗြောက်အိုးဖောက်သံများက ကောင်းကင်တစ်ခုလုံးကို တုန်ဟီးသွားစေ၏။

လူအများသည် စိတ်အားထက်သန်စွာဖြင့် အတူတကွ ထွက်လာကာ ပွဲကြည့်ကြလေသည်။

ဟွေ့အန်းကုန်းကျူက အတန်ငယ် အာဏာဆန်ဆန်ပင် လုမင်ယွိကို တားထားလိုက်သည်။ “မင်းက ကိုယ်ဝန်လွယ်ထားတာ၊ ရက်ကလည်း နုသေးတော့ သတိထားတာ အကောင်းဆုံးပဲ။ အပြင်မှာ လူတွေလည်းများ၊ ဆူလည်းဆူညံနေတာ၊ မင်း ထွက်ပြီး ပွဲမကြည့်နဲ့တော့”

လုမင်ယွိသည် ရှားရှားပါးပါး နူးညံ့သိမ်မွေ့စွာ ပြောလိုက်တော့သည်။ “ဟွမ်ကျဲ ပြောတာလည်း ဟုတ်တာပဲ။ ဒါဆို ကျွန်မ မထွက်တော့ပါဘူး”

ဘာပဲဖြစ်ဖြစ်၊ သူမကလည်း အစကတည်းက ဒီပွဲကို ကြည့်ချင်နေတာ မဟုတ်ဘူးလေ။

ဟွေ့အန်းကုန်းကျူသည် ယနေ့တွင် လုမင်ယွိကို နေရာတိုင်း၌ မျက်စိစပါးမွေး စူးခြင်းမရှိဘဲ ပြုံးရွှင်စွာဖြင့် လုမင်ယွိ၏ လက်ဖမိုးကို ပုတ်လိုက်ပြီးနောက် အရင်ဆုံး ထွက်ခွာသွားလေသည်။

ပင်မခန်းဆောင်ကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်၏။ သတို့သား သတို့သမီးနှစ်ဦးကို ဝန်းရံကာ ဝင်ရောက်လာပြီးနောက် စည်ကားသိုက်မြိုက်သော ကန်တော့ပွဲ အခမ်းအနားပင် ဖြစ်လေသည်။ ပင်မခန်းဆောင်ထဲတွင် ပြည့်ကျပ်နေသော လူများ အလွန်များပြားလှသဖြင့် လုမင်ယွိသည် ပင်မခန်းဆောင်ထဲမှ ထွက်လာခဲ့လိုက်သည်။

မကြာမီမှာပင် လီကျင့်ကလည်း ထွက်လာပြီး ရှာဖွေလေသည်။

သတို့သမီးကို အဖော်လိုက် ကြိုဆိုရခြင်းသည်လည်း ပင်ပန်းသော တာဝန်တစ်ခုပင်။ လီကျင့်သည် တစ်နေ့လုံး အလုပ်များပြီး ပြေးလွှားနေခဲ့ရရာ ယခုအချိန်တွင် နဖူးပေါ် ချွေးများ အနည်းငယ် စို့နေ၏။ မျက်ဝန်းနက်များထဲတွင် စိုးရိမ်မှုများဖြင့် တောက်ပနေပြီး မေးလေသည်။ “မင်း ဘာလို့ ပင်မခန်းဆောင်ထဲမှာ မနေတာလဲ၊ လူတွေများလို့ နေလို့မကောင်း ဖြစ်သွားတာလား”

လုမင်ယွိက ပြုံးကာသာ ဖြေလိုက်လေသည်။ “တကယ်ပဲ နေလို့မကောင်းဘူး။ လူတွေများပြီး ကျပ်တာအပြင် ချွေးနံ့တွေကလည်း ပြင်းတယ်။ ကျွန်မ နေရတာ မွန်းကျပ်ပြီး မသက်မသာ ဖြစ်လာလို့ ထွက်လာလိုက်တာ”

လီကျင့်က ချက်ချင်း ပြောလာ၏။ “ဘာပဲဖြစ်ဖြစ် တခြားကိစ္စလည်း မရှိတော့ဘူး။ ကို မင်းနဲ့အတူ စင်္ကြံလမ်းမှာ ခဏလောက် သွားနေပေးမယ်”

သတို့သား သတို့သမီး နှစ်ဦးသည် ကန်တော့ပွဲ ပြီးစီးကာ မင်္ဂလာခန်းမဆောင်သို့ ဝင်သွားကြလေပြီ။ သူတို့ ဇနီးမောင်နှံနှစ်ဦး အလုပ်ရှောင်ပြီး အေးအေးလူလူ နေချင်သည်ကိုလည်း ဘယ်သူကမှ အတင်းပြောလိမ့်မည် မဟုတ်ပေ။

လုမင်ယွိက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ပြုံးကာ လီကျင့်နှင့် လက်ချင်းချိတ်ရင်း စင်္ကြံလမ်းထဲသို့ သွားရောက်လေသည်။

သည်နေရာသည် အမှန်တကယ်ပင် ပိုပြီး တိတ်ဆိတ်အေးချမ်းလှ၏။

လီကျင့်က ပြုံးကာ မေးလိုက်သည်။ “မင်း ဒီနေ့ ပင်ပန်းနေပြီးလား”

လုမင်ယွိက ပေါ့ပေါ့ပါးပါး ပခုံးတွန့်လိုက်ကာ “ဒီနေ့ အလုပ်အားလုံးကို ဟွမ်ကျဲက ယူသွားတာ။ ကျွန်မ ဘာအလုပ်မှ မလုပ်ရဘဲ အေးအေးဆေးဆေး ထိုင်စားနေတာ၊ နည်းနည်းလေးမှ မပင်ပန်းဘူး”

လီကျင့်မှာ စကားမပြောနိုင်အောင် ဖြစ်သွားပြီးမှ ရယ်မောလိုက်တော့သည်။ “ဟွမ်ကျဲရဲ့ စိတ်ဓာတ်က နည်းနည်းတော့ အာဏာဆန်တာ မှန်တယ်။ ဒါပေမဲ့ သူက မင်းနဲ့ ကို့အတွက်ကိုလည်း တကယ်ကို စိတ်ရင်းနဲ့ ပျော်ပေးနေတာပါ”

မည်သို့ပင်ဖြစ်စေ သူတို့သည် မောင်နှမအရင်းအချာများ ဖြစ်ကြသည်။ သာမန်အချိန်များတွင် စကားများ ရန်ဖြစ်ကာ မပျော်မရွှင် ဖြစ်တတ်သော်လည်း အရေးကြီးသည့် အချိန်သို့ ရောက်သောအခါ ကွာခြားချက်ကို မြင်တွေ့နိုင်လေသည်။ ဟွေ့အန်းကုန်းကျူမှလွဲလျှင် လုမင်ယွိ ကိုယ်ဝန်ရှိသည့် ကိစ္စအတွက် အခြားမည်သူက သည်လောက် စိတ်ရင်းအမှန်ဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဦးမည်နည်း။

လုမင်ယွိကလဲ ပြုံးကာဖြင့် လီကျင့်ကို တစ်ချက် စွေကြည့်လိုက်သည်။ “စိတ်ချပါ! ကျွန်မက အကောင်းအဆိုး နားမလည်တဲ့သူမှ မဟုတ်တာ။ အရင်က စကားများတာက သူက ကျွန်မကို အရင် လာစလို့၊ ကျွန်မက အနိုင်ကျင့်ခံပြီး ငြိမ်မနေချင်လို့။ ဒီနေ့ ဟွမ်ကျဲက အရင်ဆုံး စိတ်ကောင်းပြတယ်၊ ပြီးတော့ ကျွန်မကို စိတ်ရင်းနဲ့ ဂရုစိုက်ပေးတယ်၊ ကျွန်မက ဘာလို့ သူ့စေတနာကို နားမလည်ဘဲ နေရမှာလဲ”

စေတနာကို နားလည်ရင် ပြီးတာပါပဲ။

လီကျင့်သည် သွားဖြဲကာ ပြုံးလိုက်လေသည်။

သူ့မှာ အလယ်တွင် အသားညှပ်ပေါင်မုန့်သဖွယ် ညှပ်နေရပြီး နှစ်ဖက်လုံးမှ ဖိအားပေးခံရခြင်းကိုတော့ စကားထဲ ထည့်ပြောဖွယ်မရှိပေ။ သို့သော် သမီးယောက်မနှစ်ဦး သင့်မြတ်စွာ နေထိုင်ခြင်းက ပိုပြီး ပျော်ရွှင်စရာ ကောင်းသော ကိစ္စဖြစ်လေတော့သည်။

...

အပိုင်း (၂၁၀) အခက်တွေ့အောင်လုပ်ခြင်း

သန်းခေါင်နီးပါးအချိန်မှ ပွဲတော်သည် ပြီးဆုံးသွားသည်။ မင်းသား မင်းသမီးများအားလုံးလည်း တစ်ဦးချင်းစီ မိမိတို့၏ အိမ်တော်များသို့ ပြန်သွားကြလေသည်။

လုမင်ယွိနှင့် လီကျင့်တို့သည်လည်း မြင်းလှည်းကို စီးလာပြီး လုအိမ်တော်သို့ ဖြည်းညှင်းစွာ ပြန်လာကာ အနားယူလိုက်ကြ၏။ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ဇနီးမောင်နှံနှစ်ဦးသည် အတူတကွ မြင်းလှည်းစီးကာ နန်းတော်ထဲသို့ ဝင်ခဲ့ကြသည်။

လုမင်ယွိသည် ကိုယ်ဝန်ဆောင်ခါစဖြစ်ပြီး ပြေးလွှားနေရပြီး ပင်ပင်ပန်းပန်းလည်း မပြုသင့်ပေ။ သို့သော် ယနေ့သည် မုန့်ယွင်လော် အိမ်တော်သို့ဝင်ရောက်ပြီး လက်ဖက်ရည်ကမ်းရမည့် နေ့ဖြစ်သဖြင့် သူမကဲ့သို့ ယောက်မတော် တစ်ယောက်အနေဖြင့် ပျက်ကွက်ရန် မသင့်တော်ပေ။

ပါးစပ်မှ ထုတ်မပြောသာသော အကြောင်းရင်းတစ်ခုမှာ သူမနှင့် လီဟောက်တို့၏ အတိတ်က ကိစ္စရပ်များကို နန်းတော်ထဲတွင် လူတိုင်း သိရှိနေခြင်းကြောင့်ပင်။ အကယ်၍ သူမ ရှောင်ဖယ်ပြီး မလာခဲ့လျှင် လူဘယ်နှစ်ယောက်များ အတင်းတုပ်ကြမည်ကို မသိနိုင်ပေ။ သူမက တခြားသူများ မည်သို့ပြောသည်ကို ဂရုမစိုက်သော်လည်း လီကျင့်ကိုတော့ ထိုအထဲတွင် ပါဝင်မပတ်သက်စေလိုပေ။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် နောက်ဆုံးတွင် နန်းတော်ထဲသို့ ဝင်လာခဲ့လေသည်။

လမ်းတစ်လျှောက်လုံးတွင် လီကျင့်က တရစပ် မှာကြားလို့နေသည်။ “ဒီနေ့ နန်းတော်ထဲရောက်ရင် အဘွားတော် ဘာပဲပြောပြော အားလုံးကို ကိုပဲ ရင်ဆိုင်လိုက်မယ်။ မင်း စိတ်မတိုလိုက်နဲ့နော်”

ချင်ကျဲယွီ ကံဆိုးမိုးမှောင်ကျသွားခဲ့ရာ မယ်တော်ကြီးကျောက်၏ စိတ်ထဲတွင် ဘယ်လောက် နာကြည်းနေမည်ကို မသိနိုင်ပေ။ ယနေ့ အခမ်းအနားကို ရှောင်လွှဲ မရနိုင်သောကြောင့်သာ။ မဟုတ်လျှင် သူသည် လုမင်ယွိနှင့် မယ်တော်ကြီးကျောက်တို့ကို မျက်နှာချင်းဆိုင် တွေ့ဆုံစေမည် မဟုတ်ပေ။

လုမင်ယွိ အလွန် ထက်မြက်ပါသော်လည်း သူမသည် မြေးချွေးမသာ ဖြစ်လေသည်။ အဘွားတော်နှင့် မျက်နှာချင်းဆိုင် တွေ့သည့်အခါ ရာထူးဂုဏ်ရှိန်အရ အမြဲတစေ နိမ့်ကျနေရမည်သာ။ မယ်တော်ကြီးကျောက်သည်လည်း အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သော စိတ်ဓာတ်ရှိရာ ပြဿနာဖြစ်ပွားလာလျှင် အဆုံးသတ်ရန် မလွယ်ကူတော့ပေ။

လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြုံးကာ သဘောတူလိုက်သည်။ လီကျင့်သည် စိတ်မချနိုင်သေးဘဲ နန်းတော်တံခါးဝသို့ ရောက်သောအခါ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

“အာ့တိ! အာ့တိမေ့!”

ဇနီးမောင်နှံနှစ်ဦး နန်းတော်တံခါးမကြီးကို ဖြတ်ကျော်ဝင်လိုက်သည်နှင့် နောက်ကျောမှ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။ လုမင်ယွိနှင့် လီကျင့်တို့ အတူတကွ လှည့်ကြည့်လိုက်ရာ တောက်ပလန်းဆန်းစွာ ဝတ်ဆင်ထားသော ဟွေ့အန်းကုန်းကျူက တက်ကြွစွာဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ ဝူဖုမာသည် အပြာရောင်တောက်တောက် ပိုးသားဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားကာ သိမ်မွေ့ကြင်နာသော ဟန်ပန် ရှိလှသည်။

ဟွေ့အန်းကုန်းကျူက တရင်းတနှီး လီကျင့်ကို ဝင်တိုးလိုက်ကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ပြီး ပြုံးကာ ပြောလေသည်။ “တကယ်ကို တိုက်ဆိုင်တာပဲ၊ နန်းတော်တံခါးဝမှာတင် ဆုံကြတယ်။ ငါတို့ အတူတူ နန်းတော်ထဲ ဝင်သွားကြတာပေါ့”

လုမင်ယွိကလဲ ပြုံးပြလိုက်ပြီး ကောင်းပါပြီဟုသာ ဖြေလိုက်၏။

လီကျင့်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ “ဟွမ်ကျဲ၊ အတူတူ နန်းတော်ထဲ ဝင်တာက ကိစ္စမရှိပါဘူး၊ ဘာလို့ ကျွန်တော့်ကို ဖယ်ထုတ်လိုက်ရတာလဲ”

ဟွေ့အန်းကုန်းကျူသည် ယခင်က လုမင်ယွိကို အလွန်ပင် မျက်စိစပါးမွေး စူးခဲ့သလောက် ယခုတော့ သူမကို ထိုမျှလောက်ပင် မျက်စိထဲတွင် တည့်နေလေရာ လီကျင့်ကို မျက်စောင်းထိုးလိုက်ရင်း ပြောလေသည်။ “ငါက အာ့တိမေ့နဲ့ စကားပြောမလို့၊ မင်း နည်းနည်း ရှောင်နေစမ်းပါ”

လီကျင့်: “...”

လုမင်ယွိသည် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။

ဟွေ့အန်းကုန်းကျူ ဆိုသည့်လူသည် တစ်ကိုယ်လုံးတွင် အပြစ်အနာအဆာများ မရေမတွက်နိုင်အောင် ရှိသော်လည်း ပွင့်လင်းပြတ်သားသောအခြမ်းလည်း ရှိပေသည်။ ယခုအချိန်တွင် သူမ ကိုယ်ဝန်ရှိနေသောကြောင့် မလိုမုန်းထားသည့်စိတ်ကို ဘေးဖယ်ထားပြီး သူမထံ ချဉ်းကပ်လာခြင်းမှာ ထင်ရှားလှသည်။

လူဆိုတာ ပြီးပြည့်စုံတဲ့သူ မရှိပါဘူး။ လီကျင့်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အသေးစိတ် လိုက်မစစ်တော့ပါဘူးလေ။ အပေါ်ယံမှာ သင့်သင့်မြတ်မြတ် နေနိုင်တာကလည်း တော်တော်လေး ကောင်းနေပါပြီ။

ဝူဖုမာက ပြုံးကာ ကျီစယ်လိုက်လေသည်။ “အရှင်မင်းသား ကျွန်တော်နဲ့ပဲ အတူလိုက်ခဲ့ပါတော့။ ကုန်းကျူကို စိတ်မဆိုးအောင် မလုပ်ပါနဲ့။ မဟုတ်ရင် ကျွန်တော်မျိုး ဖုမာကလည်း အာပေါက်မတတ် လိုက်ချော့ရဦးမယ်”

ဟွေ့အန်းကုန်းကျူက ပြုံးရင်း ဝူဖုမာကို စနောက်လိုက်လေသည်။

...

လူတစ်စုသည် စကားတပြောပြော ရယ်မောလျက် ရှို့နင်နန်းဆောင်သို့ ရောက်လာခဲ့ကြသည်။

ယနေ့ သတို့သမီးသစ်က အိမ်တော်သို့ ဝင်ရောက်ပြီး လက်ဖက်ရည်ကမ်းရမည်ဖြစ်သဖြင့် လူအားလုံး ရှို့နင်နန်းဆောင်တွင် စုဝေးနေကြသည်။

နန်းတော်တံခါးကို စောင့်နေသော အပျိုတော်က ပထမမင်းသား ဇနီးမောင်နှံကို ပြုံးရွှင်စွာဖြင့် ခန်းမဆောင်ထဲသို့ ကြိုဆိုလိုက်ပြီး တစ်ချက်လှည့်ကြည့်လိုက်ရာ ဒုတိယမင်းသား ဇနီးမောင်နှံနှင့် ဟွေ့အန်းကုန်းကျူ ဇနီးမောင်နှံတို့ ရောက်လာသည်ကို တွေ့သဖြင့် အပျိုတော်သည် အလျင်အမြန် ပြုံးကာ ကြိုဆိုလိုက်လေသည်။

ထို့နောက်တွင်တော့ ဖွင့်ဟပြောဆိုရန် အတန်ငယ် ခက်ခဲသော အမူအရာဖြင့် ဒုတိယမင်းသား လီကျင့်ကို တစ်ချက် ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလေ၏။ “အရှင်မင်းသား၊ မယ်တော်ကြီးက အထူးတလည် မှာကြားထားပါတယ်။ ဒီနေ့က စန်းဟွမ်စစ်ဖေးညန်ညန် (တတိယမင်းသားကြင်ရာတော်) လက်ဖက်ရည်ကမ်းရမယ့် နေ့ကောင်းနေ့မြတ် ဖြစ်ပါတယ်။ အာ့ဟွမ်စစ်ဖေးညန်ညန်ကို ခဏလောက် ရှောင်ပေးစေလိုပြီး ရှို့နင်နန်းဆောင်ထဲကို မဝင်စေနဲ့တော့လို့ ပြောပါတယ်”

စကားဆုံးသည်နှင့် ခေါင်းပင် မဖော်ဝံ့တော့ပေ။

လီကျင့်၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားပြီး အပြုံးအရယ် လုံးဝ ကင်းမဲ့လျက် အသံထဲတွင် အေးစက်မှုများ ပါဝင်နေသည်။ “မိုက်ရိုင်းလိုက်တာ! အဘွားတော်က စိတ်ထားကောင်းပြီး သဘောထားကြီးတယ်။ လူငယ်တွေအပေါ်မှာ အမြဲတမ်း သနားကြင်နာတတ်တာ၊ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်မှာလဲ။ ဒါ မင်းက အဘွားတော်ရဲ့ အမိန့်ကို လိမ်ညာပြီး တမင်တကာ အခက်အခဲ ဖြစ်အောင် လုပ်တာပဲ ဖြစ်ရမယ်”

စကားသံ မဆုံးသေးမီမှာပင် ဟွေ့အန်းကုန်းကျူ၏ မျက်ခုံးများ ထောင်တက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဖယ်စမ်း! နောက်တစ်ခါ ထပ်တားရဲ တားကြည့်၊ နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်မလား စောင့်ကြည့်နေ”

ဟွေ့အန်းကုန်းကျူသည် ဇီဇာကြောင်ပြီး အနိုင်ကျင့်တတ်သည်ကို နန်းတော်ထဲတွင် မသိသူ မရှိပေ။ အပျိုတော်သည် စိတ်ထဲတွင် တိတ်တဆိတ် မြည်တမ်းနေရင်း ဆက်လက် မတားဆီးဝံ့တော့ဘဲ လူတစ်စု ရှို့နင်နန်းဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို မျက်လုံးပြူးလျက် ကြည့်နေရတော့သည်။

ဘေးမှ အပျိုတော်တစ်ဦးက အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။ “မယ်တော်ကြီးက အမိန့်ပေးထားတာ၊ ငါတို့လည်း မယ်တော်ကြီး အမိန့်အတိုင်း တားပြီးပြီပဲ။ ကုန်းကျူနဲ့ ဒုတိယအရှင်မင်းသားတို့က အဆင့်အတန်းမြင့်တဲ့သူတွေ၊ ငါတို့လို လူတွေက ဘယ်လိုလုပ် တားနိုင်မှာလဲ”

မယ်တော်ကြီးကျောက်က ဒီလိုအမိန့်မျိုး ပေးတယ်ဆိုတာ အာ့ဟွမ်စစ်ဖေးညန်ညန်ကို တမင်တကာ မအီမသာ ဖြစ်အောင် လုပ်တာ ထင်ရှားနေတာပဲ။ အာ့ဟွမ်စစ်ဖေးညန်ညန်ရဲ့ ထက်မြက်ပြီး ပြတ်သားတဲ့ ပုံစံနဲ့၊ ဒီလောက် လွယ်လွယ်ကူကူ အတားခံရဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုအပျိုတော်သည် ညှိုးငယ်သော မျက်နှာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။ “နင် ပြောတာတွေကို ငါ မသိတာမှ မဟုတ်တာ။ ဒါပေမဲ့ မယ်တော်ကြီးက ဒေါသထွက်ပြီး အပြစ်တင်လာတဲ့အခါ၊ ကံဆိုးမိုးမှောင် ကျရမှာက ငါတို့ပဲ မဟုတ်ဘူးလား”

သခင်တွေ အချင်းချင်း တိုက်ခိုက်ကြတဲ့အခါ ကံဆိုးရတာက အမြဲတမ်း အစေခံတွေချည်းပါပဲ။

အပျိုတော်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း အတူတကွ သက်ပြင်းရှည်ကြီး ချလိုက်ကြလေသည်။

သည်အချိန်တွင် လီကျင့်၏ စိတ်အခြေအနေသည်လည်း သိပ်မကောင်းလှပေ။ အပျိုတော်လေးများ တွေးမိသည့် ကိစ္စတွေကို သူကတော့ ကြိုတင် တွေးထားပြီးသား ဖြစ်သည်။ တွေးမိခဲ့လျှင်ပင် သူ တတ်နိုင်သည်မှာ တွေးမိရုံလောက်ပင်။

ရှို့နင်နန်းဆောင်၏ ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်သွားပြီး ထိပ်ဆုံးတွင် ထိုင်ကာ ပြုံးရွှင်နေသော မယ်တော်ကြီးကျောက်ကို မြင်သောအခါ လီကျင့်သည် စိတ်ထဲမှ မကျေမနပ် ဖြစ်နေသော ဒေါသကို မြိုသိပ်ကာ ရှေ့သို့တိုးလာပြီး အရိုအသေပေး လျှောက်တင်လိုက်သည်။ “အဘွားတော်ကို ဂါရဝပြုပါတယ်”

လုမင်ယွိသည်လည်း သူ့နောက်မှ အတူတကွ အရိုအသေပေးလိုက်သည်။

မယ်တော်ကြီးကျောက်သည် လုမင်ယွိကို မြင်လိုက်သည်နှင့် ဒေါသက အလိုလို ထွက်လာပြီး အပြုံးမမည်သော အပြုံးဖြင့် ပြောလေသည်။ “လုရှီက ကိုယ်ဝန်လွယ်ထားရတာ၊ ဘာလို့ လုအိမ်တော်မှာ အေးအေးဆေးဆေး ကိုယ်ဝန်ကို မစောင့်ရှောက်ဘဲ နန်းတော်ထဲ ပြေးလာပြန်တာလဲ။ အိုက်ကျားက တမင်တကာတောင် တံခါးစောင့် အပျိုတော်တွေကို မှာထားရတယ်၊ သူတို့ကို လုရှီကို တားထားလိုက်၊ မဝင်ခိုင်းနဲ့လို့။ မဟုတ်ရင် ကိုယ်ဝန်ကို ထိခိုက်သွားမှ အိုက်ကျားရဲ့ အမှား ဖြစ်သွားဦးမယ်”

သည်လို သွယ်ဝိုက်သည့် စကားများက ကြားရသူ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်စေသည်။

လုမင်ယွိ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး သူမ စကားမဆိုမီမှာပင် ဘေးမှ လီကျင့်က ပြုံးကာ ဖြေကြားလိုက်၏။ “အဘွားတော်က သာ့ဝေတိုင်းပြည်ရဲ့ မယ်တော်ကြီး ဖြစ်သလို ဒီလောကမှာ ဂုဏ်အရှိဆုံးနဲ့ ကံအကောင်းဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒီ ရှို့နင်နန်းဆောင်ကလည်း နန်းတော်ထဲမှာ အတိတ်နိမိတ် အကောင်းဆုံး နေရာတစ်ခုပါ”

“ဒါ့အပြင် အဘွားတော်က လူငယ်တွေအပေါ် အမြဲတမ်း သဘောထားကြီးတတ်ပါတယ်။ ရှောင်ယွိ ရှို့နင်နန်းဆောင်ကို ဝင်လာတာ စိတ်ထဲမှာ ပျော်ရွှင်ဝမ်းမြောက်နေတာ၊ ဘယ်လိုလုပ် ကိုယ်ဝန်ကို ထိခိုက်နိုင်မှာလဲ။ အဘွားတော်က တကယ်ကို အပူလုံးကြီးနေတာပါ”

ဟွေ့အန်းကုန်းကျူကလဲ ပြုံးကာ စကားစကို ဆက်လိုက်လေသည်။ “အာ့တိ ပြောတာ မှန်တယ်။ ခုနက အပျိုတော်က ပါးစပ်ဖွင့်ပြီး တားဖို့လုပ်တော့ ကျွန်မ ကြားလိုက်တာနဲ့ နည်းနည်း စိတ်တိုသွားလို့ နည်းနည်း ဆူပူလိုက်တယ်။ ကျွန်မက ငယ်ငယ်ကတည်းက ဒီလို စိတ်ဆိုးလွယ်တဲ့ အကျင့်ရှိတာ။ အဘွားတော် စိတ်ထဲမှာ မပျော်ဘူးဆိုရင် ကျွန်မကိုပဲ ဆူငေါက်ပြီး ဒေါသဖြေလိုက်ပါ”

မယ်တော်ကြီးကျောက်: “...”

သူမက စကားနှစ်ခွန်းပဲ ပြောလိုက်ရသေးတယ်။ မောင်နှမနှစ်ယောက်က တရစပ် ပြန်ပြောလိုက်ကြတာ အများကြီးပဲ။

လုမင်ယွိသည် ရှားရှားပါးပါး တိတ်ဆိတ်နေလျက် နှုတ်ခမ်းထောင့်တွင် အပြုံးလေး အနည်းငယ် ဆင်မြန်းထားလေသည်။

သူမကိုယ်တိုင် တိုက်ခိုက်ပြီးတော့ ရန်သူတွေကို အနိုင်ယူရတာက တကယ်ကို ပျော်စရာကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး တစ်ယောက်ယောက်က နောက်ကနေ ကာကွယ်ပေးထားတဲ့ ခံစားချက်ကလည်း ထင်မထားလောက်အောင် ကောင်းမွန်နေတာပဲ။

မယ်တော်ကြီးကျောက်သည် မြေးယောက်ျား၊ မြေးမတို့အပေါ် ဒေါသထွက်လို့ မရသလို လူအများရှေ့တွင် လုမင်ယွိကို အမှန်တကယ် မောင်းထုတ်လို့လည်း မဖြစ်သဖြင့် မကျေမနပ်ဖြင့် နှာခေါင်း တစ်ချက် ရှုံ့လိုက်ရတော့သည်။

စကားပြောရယ်တာ ကြိုက်ပြီး အခြေအနေကို ထိန်းသိမ်းကာ မယ်တော်ကြီးကျောက်ကို ချော့မော့ နှစ်သိမ့်ပေးနိုင်သော ချင်ကျဲယွီ မရှိတော့သဖြင့် ရှို့နင်နန်းဆောင်ထဲမှ အငွေ့အသက်သည် လျင်မြန်စွာ အေးစက်သွားလေသည်။

ကံကောင်းထောက်မစွာ မကြာမီမှာပင် ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့ ရောက်ရှိလာကြလေသည်။ လူများလာသောအခါ ပတ်ဝန်းကျင်သည်လည်း သဘာဝကျကျ စည်ကားလာတော့သည်။ ခဏအကြာတွင် ယုံးကျားဧကရာဇ်နှင့် စူးဖေးတို့ အတူတကွ ကြွရောက်လာကြလေသည်။

ချင်ကျဲယွီ ကံဆိုးသွားခဲ့ပြီး ယနေ့ကဲ့သို့ နေ့ကောင်းနေ့မြတ်တွင် မျက်နှာပင် မပြနိုင်ခဲ့ပေ။

စူးဖေးကတော့ နွေဦးလေပြေကဲ့သို့ ရွှင်လန်းတက်ကြွကာ မျက်နှာထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လို့နေလေသည်။

မုန့်ကွေ့ဖေးသည် စူးဖေးကို တစ်ချက် စွေကြည့်လိုက်ပြီး စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်တော့၏။

မနေ့က တတိယမင်းသား လီဟောက်၏ မင်္ဂလာပွဲကြီးတွင် ယုံးကျားဧကရာဇ်သည် ယိဟွားနန်းဆောင်သို့ သွားရောက်ကာ ညအိပ်ခဲ့လေသည်။

စူးဖေးဆိုတဲ့ ဒီမြေခွေးမက ငိုယိုပြီး မျက်ရည်သုတ်တာကလွဲရင် ယောက်ျားတွေကို ဖျားယောင်းတဲ့ ပညာမှာလည်း တစ်ဖက်ကမ်းခတ် တော်တာပဲ။ အခု ချင်ကျဲယွီ အကျယ်ချုပ်ကျနေတော့ ယုံးကျားဧကရာဇ်ကလည်း ချင်ကျဲယွီရဲ့ အိပ်ဆောင်ကို မသွားတော့ဘူး။ စူးဖေးက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ဖျားယောင်းတော့တာပဲ။

...

All Chapters