← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အပိုင်း (၂၁၁) ဒေါသထွက်ခြင်း

သတို့သား သတို့သမီးနှစ်ဦးသည် လူအများရဲ့ အာရုံစိုက်ကြည့်ရှုခြင်းအောက်တွင် ပင်မခန်းဆောင်ထဲသို့ ခြေလှမ်းကာ ဝင်ရောက်လာကြလေသည်။ လီဟောက်သည် တောက်ပသော အဝါရောင်မင်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောတောင့်တင်းကာ တက်ကြွလန်းဆန်းလျှက်ရှိ၏။ သူ့ဘေးက သတို့သမီးအသစ်လေး မုန့်ယွင်လော်၏ မျက်နှာထက်တွင်လည်း တောက်ပသည့် အလင်းရောင်လေးတစ်လွှာ ဖုံးလွှမ်းနေကာ မျက်ဝန်းများက လှုပ်ရှားပြေးလွှားနေပြီး ရှက်ရွံ့မှုထဲတွင် ပထမဦးဆုံးအကြိမ် ဇနီးသည်ဖြစ်လာရခြင်း၏ စွဲမက်ဖွယ်ရာ အလှတရားများ ထွက်ပေါ်လို့နေသည်။

စူးဖေးသည် သူမ၏ သားနှင့်ချွေးမကိုကြည့်ရင်း စိတ်ထဲက ပျော်ရွှင်မှုများက ရင်ဘတ်ထဲက လျှံထွက်လုမတတ် ဖြစ်နေတော့သည်။

နောက်ဆုံးတော့ အခက်အခဲတွေကုန်ပြီး အချိုမြိန်ဆုံးအချိန်ကို ရောက်လာခဲ့ပြီ

လီဟောက်နှင့် မုန့်ယွင်လော်တို့သည် အတူတူ ရှေ့သို့ တိုးလာကြပြီး မယ်တော်ကြီးကျောက်ကို ဦးချဂါရဝပြုပြီးနောက် လက်ဖက်ရည်ကမ်းလေသည်။

မယ်တော်ကြီးကျောက်၏ စိတ်ထဲတွင် လုမင်ယွိကို တမင်တကာ စိတ်အနှောက်အယှက် ဖြစ်စေလိုသဖြင့် အသစ်ဝင်ရောက်လာသည့် မြေးချွေးမ မုန့်ယွင်လော်အပေါ် အထူးတလည် သနားကြင်နာပြကာ ဘာစည်းကမ်းမှမထုတ်ဘဲ ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်ကို လက်ခံလိုက်ပြီး တစ်ငုံသောက်လိုက်ပြီးနောက် မုန့်ယွင်လော်၏ ချောမောလှပမှုနှင့် သိတတ်လိမ်မာမှုတို့ကို ချီးကျူးလေသည်။

ပေးအပ်ချီးမြှင့်သည့် နှုတ်ဆက်လက်ဆောင်သည်လဲ ထိုနေ့က လုမင်ယွိကို ပေးအပ်ခဲ့သည်ထက် များစွာပိုပြီး တန်ဖိုးကြီးမားလေသည်။

ဘက်လိုက်ခြင်းအားဖြင့် နာမည်ကြီးသော မယ်တော်ကြီးကျောက်ပင်။ လူကို မအီမသာဖြစ်အောင်လုပ်သည့် နည်းလမ်းမှာလည်း ပြောင်းလဲခြင်း မရှိချေ။

နည်းလမ်းက ရိုးရှင်းသော်ငြားလည်း ထိရောက်မှုရှိလေသည်။

စူးဖေးသည် ပျော်ရွှင်မြူးတူးနေပြီး မုန့်ကွေ့ဖေးနှင့် ချောင်မိဖုရားခေါင်တို့ကတော့ တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် မကျေမချမ်းဖြစ်သွားကြတော့၏။

မုန့်ကွေ့ဖေးကတော့ တော်သေးသည်ဟု ဆိုနိုင်သည်။ ပထမမင်းသားကြင်ရာတော် အိမ်တော်သို့ ဝင်ရောက်လာသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်၏။ လုမင်ယွိကတော့ အိမ်တော်သို့ ဝင်ရောက်လာသည်မှာ တစ်လကျော်သာရှိသေးသည်။ လက်ဖက်ရည်ကမ်းသည့်နေ့က အခက်တွေ့အောင် ဆက်ဆံခံခဲ့ရခြင်းနှင့် ရက်စက်စွာ ဆက်ဆံခံခဲ့ရခြင်းတို့မှာ မျက်စိထဲတွင် ထင်ထင်ရှားရှား မြင်ယောင်နေဆဲပင်။ ယနေ့နှင့် အလွန်ကွာခြားလွန်းနေတော့သည်။

ချောင်မိဖုရားသည် ဒေါသကို ထိန်းချုပ်ထားရင်း ယုံကျားဧကရာဇ်ကို တစ်ချက်စောင်းကာ ကြည့်လိုက်၏။

ယုံးကျားဧကရာဇ်သည် လောကထဲက ယောက်ျားသားများအားလုံးကဲ့သို့ပင် မိခင်ဖြစ်သူက ချွေးမအပေါ် ရက်စက်စွာ အနိုင်ကျင့်နေချိန်တွင် မကြားသလို မမြင်သလို ဟန်ဆောင်နေပြီး ချောင်မိဖုရားခေါင်၏ ဒေါသကိုလဲ မသိချင်ယောင်ဆောင်နေလိုက်သည်။

မုန့်ယွင်လော်သည် ဒူးထောက်ကာ လက်ဖက်ရည်ကမ်းလိုက်သည်တွင် ယုံးကျားဧကရာဇ်ကလဲ ပြုံးကာ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်ပြီး တစ်ငုံသောက်လိုက်ပြီးနောက် နှုတ်ဆက်လက်ဆောင် ချီးမြှင့်လိုက်သည်။

ထို့နောက်တွင်တော့ သတို့သမီးအသစ်လေးသည် ချောင်မိဖုရားခေါင်ကို လက်ဖက်ရည်ကမ်းရမည့်အလှည့် ဖြစ်လာသည်။

"အာရှီ မူဟုပ်ကို လက်ဖက်ရည်ကမ်းပါတယ်"

မိဖုရားငယ်မှမွေးလာသော ချွေးမသည် တရားဝင်မိခင်ကို တွေ့သည့်အခါ မူဟုပ်ဟု အတူတူခေါ်ဝေါ်ရလေသည်။ မုန့်ယွင်လော်သည် လက်မထပ်ခင်က ကွမ်းပင်းနယ်စားကတော်၏ အကြိမ်ကြိမ် သင်ကြားပြသခြင်းကို ခံခဲ့ရသဖြင့် ယနေ့ လက်ဖက်ရည်ကမ်းရာတွင်လည်း အမှားအယွင်း တစ်စုံတစ်ရာမရှိခဲ့ချေ။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်ငြားလည်း တခြားသူများအပေါ် ဒေါသပုံချတတ်သည့်အကျင့်မှာ မရှိလေရာ လေသံအနည်းငယ် အေးစက်သွားခြင်းသာရှိလေသည်။ "အရိုအသေမပြုနဲ့တော့ ထပါတော့" သူမသည် ဘာပြဿနာတစ်ခုမှမရှာဘဲ လက်ဖက်ရည်ကို လက်ခံလိုက်၏။

မုန့်ယွင်လော်သည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချမိတော့သည်။ ထရပ်လိုက်ချိန်တွင် ခြေထောက်နှစ်ဖက်မှာ အနည်းငယ် အားနည်းချိနဲ့သွားတော့၏။ ဘေးက လက်တစ်ဖက်ဆန့်တန်းလာပြီး သူမ၏ လက်မောင်းကို ထိန်းကိုင်ပေးလိုက်ကာ နားထဲတွင်လည်း အိမ်ထောင်ရှင်အသစ် ခင်ပွန်းသည်၏ နက်ရှိုင်းသည့် စိုးရိမ်မှုပါနေသည့်အသံကို ကြားလိုက်ရ၏။ "သတိထား။ သေချာရပ်"

မုန့်ယွင်လော်၏ ဦးနှောက်ထဲတွင် အချိန်အခါမဟုတ်ဘဲ မနေ့ညက ပြင်းပြပြီး ရှုပ်ထွေးကာ ရှက်ရွံ့စရာမြင်ကွင်များ ပေါ်လာခဲ့သည်တွင် ပါးပြင်နှစ်ဖက်မှာ နီမြန်းသွားလေတော့သည်။

ကြင်စဦးဇနီးမောင်နှံဆိုသည်မှာ လူရှေ့တွင် အနည်းငယ် ရင်းနှီးပွင့်လင်းစွာ နေထိုင်မိခြင်းကလဲ ရှောင်လွဲ၍ မရနိုင်ပေ။

လူအများသည် စိတ်ကောင်းရှိသည်ဖြစ်စေ စိတ်ကောင်းမရှိသည်ဖြစ်စေ တစ်ကြိမ်တော့ ရယ်မောလိုက်ကြ၏။

မုန့်ယွင်လော်သည် နီမြန်းနေကာ ချောမောသည့်မျက်နှာလေးဖြင့် ဆက်ပြီး အဒေါ်အရင်းဖြစ်သူ မုန့်ကွေ့ဖေးကို ဂါရဝပြုလေသည်။

မုန့်ကွေ့ဖေးက စူးဖေးတို့ သားအမိကိုသာ မုန်းတီးခြင်းဖြစ်ပြီး မိမိ၏ တူမအပေါ်တွင်တော့ အလွန်ရင်းနှီးချစ်ခင်လှသဖြင့် ပြုံးကာ ကျီစယ်ပြီးပြောလိုက်၏။ "မင်းတို့ဇနီးမောင်နှံနှစ်ယောက် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနေကြတာကို မြင်ရတော့ ပန်ကုံးရဲ့ စိတ်ထဲမှာလည်း တော်တော်လေး ပျော်ရွှင်မိပါတယ်။ နောက်ဆိုရင် နန်းတော်ထဲ ဂါရဝပြုဖို့လာတဲ့အခါ ယန်ရှီနန်းဆောင်ကို လှည့်လာဖို့မမေ့နဲ့အုံးနော်"

မုန့်ယွင်လော်၏ စိတ်ထဲတွင် နွေးထွေးမှုများဖြစ်ပေါ်လာပြီး ပြုံးကာသဘောတူလိုက်တော့သည်။

-

စူးဖေးသည် ထိုအချင်းအရာကို မြင်လိုက်ရသည်တွင် စိတ်ထဲ၌ မရွှင်မပျဖြစ်သွားလေတော့၏။

ယခင်ဘဝက မုန့်ယွင်လော်သည် မုန့်ကွေ့ဖေးနှင့်ရင်းနှီးစွာ သွားလာဆက်ဆံခဲ့ပြီး ချောင်မိဖုရားခေါင်နှင့်တော့ အေးစက်စိမ်းကားခဲ့လေသည်။ သူမသည် အပင်ပန်းခံ ကြိုးစားပမ်းစား သားဖြစ်သူအတွက် မုန့်ယွင်လော်ကို တောင်းယူပေးခဲ့ခြင်းမှာ မုန့်ကွေ့ဖေး အချောင်ဝင်ယူသွားမည်ကို မလိုချင်သောကြောင့်ပင်။

မုန့်ယွင်လော်က စူးဖေးကို အရိုအသေပေးသည့်အခါ စူးဖေးကလဲ အထူးတလည် ရင်းနှီးဖော်ရွေစွာပြုမူပြီး မုန့်ယွင်လော်၏ လက်ကိုဆုပ်ကိုင်ရင်း ပြုံးကာပြောလိုက်၏။ "မင်းနဲ့အားဟောက်တို့ အတူတူရပ်နေတာက တကယ့်ကို ကောင်းကင်ဘုံက ဖန်ဆင်းပေးထားတဲ့ လက်ဖက်ညီတဲ့အတွဲလေးပဲ။ နောက်ဆိုရင် မင်းတို့ဇနီးမောင်နှံ တစ်စိတ်တစ်ဝမ်းတည်းနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်သွားတာကလဲ ပန်ကုံးကို သိတတ်လိမ်မာရာရောက်တာပဲ"

မုန့်ယွင်လော်၏ အပြုံးသည် အနည်းငယ်တန့်သွားပြီး မသိစိတ်က ချောင်မိဖုရားခေါင်ကို တစ်ချက်လှမ်းကြည့်လိုက်မိ၏။

စူးဖေးက ဒီလိုပြောလိုက်ခြင်းမှာ အမှန်တကယ်တွင်တော့ ရာထူးအဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။ နောက်ကွယ်တွင် မည်သို့မည်ပုံပြောသည်က ကိစ္စမရှိသော်ငြားလည်း နန်းတော်အလယ် ချောင်မိဖုရားခေါင်ကြီး၏ ရှေ့မှောက်တွင် သိတတ်လိမ်မာခြင်းဟု ပြောဆိုခြင်းက ချောင်မိဖုရားခေါင်ကြီးကို မျက်ကွယ်ပြုလိုက်ခြင်းပင် မဟုတ်ပါလား။

ထင်ထားသည့်အတိုင်းပင် ချောင်မိဖုရားခေါင်၏ မျက်နှာအမူအယာမှာ အနည်းငယ် တင်းမာသွားပြီး မျက်ဝန်းထဲတွင်လည်း အေးစက်သည့် အရိပ်အယောင်များ ပေါ်လာတော့၏။

လီဟောက်ကလဲ ပြုံးကာ စကားကို ဆက်ပြောလိုက်တော့သည်။ "မူဖေး ပြောတာ မှန်ပါတယ်။ နောက်ဆိုရင် ကျွန်တော်နဲ့မုန့်ယွင်လော်က အဘွားတော်ကိုရော ဖုဟွမ်နဲ့မူဟုပ်ကိုရော မူဖေးကိုပါ သေချာပေါက် သိတတ်လိမ်မာပြီး ပြုစုပါမယ်"

ဟုတ်တာပေါ့။ ဒီလိုအစဥ်အတိုင်းမှပဲ မှန်ကန်တော့မှာပေါ့။

စူးဖေးသည်လဲ ယခုအချိန်ကြမှ မိမိစကားမှားမှန်း သတိထားမိသွားပြီး မြန်မြန်ပင် ပြုံးကာ စကားကို ပြင်ဆင်လိုက်လေသည်။ "ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ကြည့်ပါအုံး။ ပန်ကုံးက တခါပြောလိုက်တာနဲ့ အရာရာကိုမေ့ပြီး စကားပြောတာတောင် မပြည့်စုံတော့ဘူး"

ချောင်မိဖုရားခေါင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။ "တတိယမင်းသား လက်ထပ်ပွဲကြီးက ပျော်စရာကိစ္စတစ်ခုပဲ။ စူးဖေးစိတ်ထဲမှာ ပျော်ရွှင်နေတာကလဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲပျော်နေပါစေ အရာရာကို မေ့သွားလို့တော့မဖြစ်ဘူးလေ။ တခါတလေ စကားပြောတာ မပြည့်စုံတာကို ပန်ကုံးကလဲ စိတ်ထဲမှာ မထားပါဘူး။ တကယ်လို့ ခဏခဏ မပြည့်စုံနေမယ်ဆိုရင်တော့ ပန်ကုံးအနေနဲ့ သံသယမဝင်ဘဲနေဖို့က ခက်သွားလိမ့်မယ်"

မိဖုရားခေါင်ကြီးတစ်ပါးအဖြစ် နန်းဆောင်ခြောက်ခုလုံးကို အုပ်ချုပ်ပြီး မိဖုရားခေါင်ငယ်များကို သင်ကြားပြသရန် တာဝန်နှင့်အခွင့်အာဏာ ရှိလေသည်။

ယုံးကျားဧကရာဇ်ကပင် ချောင်မိဖုရားခေါင်၏ မျက်နှာကို မငဲ့ကွက်ဘဲ ပါးစပ်ဖွင့်ကာ စူးဖေးကို ကာကွယ်ပေးမည် မဟုတ်ပေ။

စူးဖေးသည် အနေရခက်သွားသည့်မျက်နှာဖြင့် ထကာ အရိုအသေ ပြုလိုက်တော့၏။ "ချန်ချဲ့ ခဏတာ စကားမှားသွားတာပါ။ ဟွမ်ဟုပ်ညန်ညန်ကို စော်ကားဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဟွမ်ဟုပ်ညန်ညန်က သဘောထားကြီးမားလှပါတယ်။ ဒီတစ်ကြိမ်တော့ ချန်ချဲ့ကို ခွင့်လွှတ်ပေးပါ"

ချောင်မိဖုရားခေါင်သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်သော်ငြားလည်း အသံထွက်လာခြင်းတော့မရှိချေ။

စူးဖေးသည် မကျေမနပ်နှင့်ပင် တောင်းပန်သည့် အမူအယာအတိုင်း.ဆက်လက်နေနေရတော့သည်။ သာမန်နေ့ရက်များတွင်ဆိုလျှင်တော့ ရှိပါစေတော့။ ယနေ့သည် ချွေးမက အိမ်တော်သို့ ဝင်ရောက်လာပြီး လက်ဖက်ရည်ကမ်းသည့်နေ့ ဖြစ်သည်တွင် သူမလို ယောက္ခမတစ်ဦးအနေဖြင့် ချွေးမ၏ရှေ့တွင် မည်သို့မျက်နှာပြရဲပါအုံးမည်နည်း။

လီဟောက်၏ နှုတ်ခမ်းများကလဲ တင်းကြပ်သွားတော့သည်။

မုန့်ယွင်လော်၏ စိတ်ထဲတွင် ရှက်ရွံ့ခြင်းနှင့် အရှက်ရခြင်းကိုသာ ခံစားလိုက်ရပြီး မြန်မြန်ခေါင်းငုံ့ထားလိုက်ကာ မျက်နှာတစ်ခုလုံး ပူလောင်လာပြီး နားအနောက်ဖက်အထိပင် ပူရှိန်းနေသလို ဖြစ်သွားတော့သည်။

ချောင်မိဖုရားခေါင်က သူမကို အခက်တွေ့အောင် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူမကို ရက်ရက်စက်စက် ဆက်ဆံတာထက် ပိုပြီးတော့တောင် အရှက်ရစေသေးတယ်။

စူးဖေး - အဲဒီ့မျက်နှာလေး ကြည့်ကောင်းနေတာကလွဲလို့ စကားပြောတာ အမူအယာတွေက တကယ်ကို စည်းစနစ်မရှိတာပဲ။ ကိုယ်က ဘယ်လိုဂုဏ်ပုဒ်မျိုးလဲဆိုတာကို စိတ်ထဲမှာ နားမလည်ဘူးလား။ သူမ လက်ဖက်ရည်ကမ်းတဲ့ အချိန်ကြမှ ထပြီးတော့ ပေါ်လာရတယ်လို့။ အခုတော့ ကောင်းရော။ စူးဖေးက ဒီလောက်ကြီး အရှက်ရအောင်လုပ်လိုက်တော့ အပြစ်တင်ခံရတာက အသစ်ဝင်လာတဲ့ သူမလို ချွေးမကပါ လိုက်ပြီးတော့ မျက်နှာပျက်ရပြီ!

ခဏအကြာတွင်တော့ ချောင်မိဖုရားခေါင်က ပြောလာလေသည်။ "တော်ပါပြီ ထပါ။ ဒီနေ့ မုန့်ရှီ လက်ဖက်ရည်ကမ်းတဲ့နေ့ပဲ မုန့်ရှီကို ဦးလေးတွေ အစ်ကိုတွေ ယောင်းမတွေနဲ့ အစ်မ ညီမတွေကို မိတ်ဆက်ပေးလိုက်အုံး။ မင်းလဲ ပြန်ထိုင်ပါတော့!"

စူးဖေးသည် ခြောက်ကပ်စွာဖြင့် မိဖုရားခေါင်ကြီး၏ ကျေးဇူးကို ချီးကျူးစကားပြောလိုက်ပြီးနောက် ထကာ ပြန်ထိုင်လိုက်လေသည်။ နဖူးထက်တွင် ချွေးစက်သေးသေးလေးများ စို့နေပြီး.ကြည့်ရသည်မှာ အနည်းငယ် အခြေအနေမကောင်းလှချေ။

-

ဒီပြဇာတ်ကောင်းတစ်ခန်းကို လုမင်ယွိသည် အရသာခံကာ ကြည့်ရှုခဲ့၏။ ယခင်ဘဝက သူမ အိမ်တော်သို့ ဝင်ရောက်ပြီး လက်ဖက်ရည်ကမ်းစဥ်တွင် စူးဖေးသည်လဲ ဒီလိုအပြုအမူမျိုး ပြုလုပ်ခဲ့သဖြင့် ချောင်မိဖုရားခေါင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရလေသည်။ သူမလို ချွေးမသည် ချက်ချင်းရှေ့ထွက်ရပ်ကာ စူးဖေးဘက်မှ ကာကွယ်ပေးခဲ့သည်။

မုန့်ယွင်လော်ကတော့ ထိုမျှလောက်လည်း အစွမ်းအစမရှိသလို စူးဖေးဘက်က ကာကွယ်ပေးမည့် အရိပ်အယောင်လဲမရှိချေ။ စူးဖေးသည် မကျေမနပ်နှင့်ပင် ခံစားလိုက်ရလေတော့သည်။

လီဟောက်၏ စိတ်အခြေအနေသည်လဲ သိပ်မကောင်းလှချေ။ သူသည် မျက်နှာပေါ်တွင် မပေါ်လွင်စေလိုသဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ကြင်စဦးဇနီးမောင်နှံသည် မျိုးဆက်တူ သက်တူရွယ်တူများနှင့် တစ်ဦးချင်းစီ တွေ့ဆုံနှုတ်ဆက်လိုက်လေသည်။

မကြာခင်မှာပင် လုမင်ယွိ၏ ရှေ့သို့ ရောက်လာခဲ့၏။

လီဟောက်၏ မျက်ဝန်းနက်နက်များသည် လုမင်ယွိ၏ မျက်နှာကို ဖြတ်ကျော်ကြည့်လိုက်ပြီးနောက် မုန့်ယွင်လော်ဘက်သို့ လှည့်ကာ ပြုံးပြီးပြောလိုက်၏။ "ယွင်လော် ဒါက အာ့စောင်ပါ"

မုန့်ယွင်လော်၏ မျက်နှာလေးသည် နီမြန်းနေဆဲ ဖြစ်သော်ငြားလည်း ရှက်သွေးဖြာနေခြင်းကြောင့်လား။ သို့တည်းမဟုတ် ဒေါသထွက်ပြီး အရှက်ရနေခြင်းကြောင့်လားတော့ ပြောရန်ခက်ခဲလှ၏။ "အာ့စောင်"

"စန်းတိမေ့(တတိယယောက်မ)" ဟု တစ်ခွန်းပြန်ခေါ်လိုက်ပြီး ဓလေ့ထုံးစံများအားလုံး ပြီးပြည့်စုံသွားတော့သည်။

လက်ဖက်ရည်ကမ်းပြီးနောက်တွင် ထုံးစံအတိုင်း ဘိုးဘွားတို၏ ဘုရားကျောင်းသို့ သွားရောက်ကာ ပူဇော်ရလေသည်။ မွန်းတည့်ချိန် နန်းတွင်းစားသောက်ပွဲကိုလည်း ကျောင်းဖန်နန်းဆောင်တွင်ပင် ကျင်းပပြုလုပ်၏။ နန်းတွင်းစားသောက်ပွဲ ပြီးဆုံးသွားသောအခါ လုမင်ယွိနှင့်လီကျင့်တို့သည် နန်းတော်က ထွက်ခွာလာပြီး အိမ်တော်သို့ ပြန်ခဲ့ကြလေသည်။

လီဟောက်ကတော့ သတို့သမီးအသစ်လေးကို ဦးဆောင်ကာ မိခင်ဖြစ်သူ စူးဖေး၏ ယိဟွားနန်းဆောင်သို့ သွားရောက်ခဲ့လေသည်။

မုန့်ယွင်လော်သည် သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် စူးဖေး၏ "မိုးစက်များအောက်တွင် သစ်တော်ပန်းပွင့်လေးများ နုနယ်စွာ ငိုကြွေးနေသည့်" ဟန်ပန်ကို တွေ့မြင်လိုက်ရလေတော့သည်။

...

အပိုင်း (၂၁၂) ဒေါသထွက်ရခြင်း (၂)

"... အားဟောက် မင်း အိမ်ထောင်ပြုလိုက်တော့ အမေက တကယ်ဝမ်းသာပါတယ်။ ဒါပေမဲ့ တစ်ချို့လူတွေကတော့ အမေပျော်နေတာကို မနာလိုဖြစ်ပြီး မြင်မကောင်းကြဘူး။ လူပုံအလယ်မှာ အမေ့ကို တမင်သက်သက် အရှက်ခွဲကြတယ်။ မင်းတို့လင်မယားနှစ်ယောက်ပါ မျက်နှာပျက်ရအောင်ကို လုပ်တာ။ အမေ တကယ်ညံ့ဖျင်းလို့ပါ ... "

စူးဖေးသည် လီဟောက်၏ လက်ကိုဆုပ်ကိုင်ကာ ဝမ်းနည်းပူဆွေးသည့်မျက်နှာဖြင့် ငိုကြွေးကာ မိမိ၏ဒုက္ခကို ဖွင့်ဟတိုင်တန်းလိုက်လေသည်။

သူမသည် ရုပ်ရည်ချောမောလှသူတစ်ဦး ဖြစ်သည့်အလျောက် ငိုကြွေးနေသည့် ဟန်ပန်မှာလည်း အထူးတလည် သနားစဖွယ်ပင် ကောင်းလှလေတော့သည်။ မျက်ရည်စက်တို့သည် မျက်ဝန်းထောင့်မှနေ၍ လိမ့်ဆင်းလာကာ မျက်ရည်လမ်းကြောင်းများ ထင်ကျန်နေရစ်၏။ ဒီလို ငိုကြွေးနေသည့်တိုင် စကားပြောဆိုနေသည့်ပုံစံကိုတော့ မထိခိုက်သည်ကတော့ အံ့သြစရာပင်။

လီဟောက်ကတော့ မိခင်ဖြစ်သူ၏ ဒီလို အမူအယာကို ကျင့်သားရနေသဖြင့် လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်တော့၏။ "ဒါလေးက သိပ်အရေးမကြီးပါဘူး။.မူဖေး စိတ်ထဲမှာ မထားပါနဲ့တော့။ ဒီနေ့ ယွင်လော် လက်ဖက်ရည်ကမ်းတဲ့ပွဲက တော်တော်လေးကို အဆင်ပြေချောမွေ့သွားပါပြီ။ ပြီးခဲ့တဲ့ တစ်လကျော်တုန်းက အာ့စောင် လက်ဖက်ရည်ကမ်းတဲ့နေ့တုန်းက ဘယ်လိုတွေတောင် ဆူညံပွက်လောရိုက်သွားသလဲဆိုတာ ပြန်တွေးကြည့်လိုက်လို့ရပါတယ်"

စူးဖေးသည် မျက်လုံးများနီရဲလျက်ပင် အငိုမတိတ်နိုင် ဖြစ်နေဆဲပင်။

လီဟောက်သည် မိခင်ဖြစ်သူကို စိတ်ရှည်လက်ရှည် ဆက်ပြီးနှစ်သိမ့်နေရလေသည်။

မုန့်ယွင်လော်က ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် ဒေါသများ တရှိန်းရှိန်းထွက်လာပြီး မထိန်းနိုင်တော့ဘဲ ဖွင့်ပြောလိုက်လေတော့၏။ "တကယ်တော့ ... ဒီလိုနေရာမျိုးမှာ စကားများရင် အမှားပါတတ်တာမလို့ စကားကို လျှော့ပြောလိုက်ရင် တခြားသူတွေရဲ့ အပြစ်တင်စကား ပြောစရာကွက်လဲ ရှာမရတော့ဘူးလေ"

သူမ၏ စကားသံအဆုံးတွင် လီဟောက်သည် ချက်ချင်းလှည့်ကြည့်လာလေသည်။

ထိုမည်းနက်လှသည့် မျက်ဝန်းထဲတွင် အပြုံးရိပ်တစွန်းတစမှမရှိဘဲ မကျေနပ်မှုတို့ကသာ မသိမသာ ပေါ်လွင်လို့နေ၏။

စူးဖေး၏ ရပ်တန့်လုနီးပါးဖြစ်နေသော ငိုရှိုက်သံမှာ တစ်ဖန် ပြန်လည်ထွက်ပေါ်လာတော့သည်။ "ငါ သိပါတယ်။ ငါက အသုံးမကျဘူး။ စကားလဲ အပြောမတတ်ဘူးလေ။ မင်းတို့လင်မယားကိုပါ ဒုက္ခရောက်စေရပြီ။ မင်းတို့က ငါ့ကို မနှစ်မျို့တာလဲ မဆန်းတော့ပါဘူး"

မုန့်ယွင်လော်သည် စိတ်ထဲက မကျေနပ်ချက်ကို မျိုသိပ်ထားကာ ယောက္ခမဖြစ်သူကို တောင်းပန်စကား ဆိုလိုက်ရတော့၏။ "အာရှီက ဒီလိုပြောချင်တာ မဟုတ်ပါဘူး မူဖေး။ မူဖေး နားလည်မှုလွဲသွားတာပါ"

စူးဖေးကလဲ ငိုရှိုက်ကာ ပြောလိုက်လေသည်။ "မုန့်ရှီ ငါမင်းကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ငါလို ယောက္ခမမျိုးက နန်းတော်ထဲမှာ ရာထူးအဆင့်အတန်းလဲ မမြင့်ဘူး။ မယ်တော်ကြီးကျောက်နဲ့ အရှင်မင်းကြီး မိဖုရားခေါင်တို့ ရှေ့မှောက်မှာလည်း ဘာမျက်နှာမှမရှိဘူးလေ။ နောက်ဆိုရင် ငါက စကားနည်းနည်းပဲပြောပြီး မင်းတို့ကို ဒုက္ခမပေးတော့ပါဘူး"

မုန့်ယွင်လော်သည် စိတ်ထဲတွင် အခြေအနေမကောင်းတော့ဘူးဟု တွေးလိုက်မိပြီး မြန်မြန်ပင် ရှင်းပြရတော့၏။ "မူဖေး စိတ်မဆိုးပါနဲ့။ ကျွန်မက မူဖေးကို အပြစ်တင်တဲ့သဘော မဟုတ်ပါဘူး။ ကျွန်မ ဆိုလိုချင်တာက နန်းတော်ထဲမှာ လူတိုင်းက ကောင်းတဲ့လူတွေ မဟုတ်ဘူးလေ။ မူဖေးအနေနဲ့ ကိုယ့်ဟာကို ကာကွယ်တဲ့နည်းလမ်းကို သိထားသင့်တယ်လို့ ပြောချင်တာပါ"

စူးဖေးကလဲ မျက်ရည်များစီးကျလာရင်း "မင်း ပြောတာမှန်ပါတယ်။ ငါက စကားမပြောတတ်ဘူး။ အစကတည်းက ပါးစပ်ကို မဖွင့်သင့်တာ။ ဒီနေ့ ငါ စကားပြောတာ မသင့်တော်လို့ ဟွမ်ဟုပ်ညန်ညန်ရဲ့ ဆူပူကြိမ်းမောင်းတာကိုခံရတာပါ။ ကိုယ့်အရှက်ကို ခွဲပစ်တာပါပဲ။ မင်းတို့ကိုပါ မျက်နှာပျက်ရစေတယ်။ အားလုံး ငါ့အမှားတွေပါ"

မုန့်ယွင်လော် "..."

လီဟောက်၏ မျက်လုံးတို့သည် အနည်းငယ် နက်ရှိုင်းသွားပြီး မုန့်ယွင်လော်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မြန်မြန်ပင် အကြည့်လွှဲလိုက်ကာ စူးဖေးကို ဆက်ပြီးချော့မော့ပြန်လေသည်။

မုန့်ယွင်လော်၏ စိတ်ထဲတွင် မတရားသလို ခံစားလိုက်ရတော့၏။

သူမက ဘာတွေများမှားမိလို့လဲ။ သူမပြောတဲ့စကားကရော ဘာမှားသွားလို့လဲ။

လီဟောက်ရဲ့သဘောထားကရော ဘာလဲ။

ထိုထက်ပိုပြီး ဒေါသထွက်စရာကောင်းသည့်စကားက နောက်မှဆက်ပြီး ပေါ်ထွက်လာလေသည်။ စူးဖေးက မရပ်မနား ငိုကြွေးနေပြီး လီဟောက်ကလဲ လှည့်ပင်မကြည့်ဘဲ ပြောလိုက်၏။ "မင်းအရင် ပြန်နှင့်လိုက်တော့။ ငါ မူဖေးနဲ့ သီးသန့် ခဏလောက်နေလိုက်အုံးမယ်"

မုန့်ယွင်လော်သည်လဲ ရွှေလို တန်ဖိုးထားကာ အမြတ်တနိုး ပြုစုပျိုးထောင်ခြင်းခံခဲ့ရသူ ဖြစ်လေသည်။ ဒီလို မတရားမှုကို မည်သို့ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူမသည် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး ဝုန်းခနဲထရပ်ကာ ထွက်ခွာသွားလေတော့၏။ သူမ၏ ကျောဘက်မှ စူးဖေး၏ တိုးတိုး ပြတ်တောင်းပြတ်တောင်းအသံ ထွက်ပေါ်လာလေသည်။ "အားဟောက် ... ဒီကိစ္စက ယွင်လော်ကို အပြစ်တင်လို့ မရပါဘူး။ မင်း သူ့ကို စိတ်မဆိုးပါနဲ ..."

မုန့်ယွင်လော်မှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။

ဘယ်သူကမှ အရူးမဟုတ်ပါဘူး။ စူးဖေးရဲ့ ရည်ရွယ်ချက်တွေကိုလည်း သူမက ခပ်ရေးရေး သတိထားမိပြီးသားပါ။ စူးဖေးက သားဖြစ်သူ လက်ထပ်ပြီးသွားရင် စိတ်ထဲမှာ ချွေးမတစ်ယောက်ပဲ ရှိတော့မှာကို စိုးရိမ်တာမလို့ သားဖြစ်သူရဲ့စိတ်ထဲမှာ ဆူးတစ်ချောင်း စိုက်ဝင်သွားအောင် တမင်တကာ ကြံရွယ်နေတာ။

ဒါက သူမတို့လင်မယား ချစ်ချစ်ခင်ခင် နေနေကြတာကို မနာလိုဖြစ်နေတာပဲ!

...

မုန့်ယွင်လော်သည် အိပ်ဆောင်တံခါးအပြင်ဘက်တွင် ခဏလောက်ရပ်နေလိုက်ပြီး အင်္ကျီလက်ဖြင့် မျက်ဝန်းထောင့်ကို သုတ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တော့သည်။ သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားပြီး စင်္ကြန်လမ်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားလိုက်တော့၏။

မျက်လုံးကျဥ်းကျဥ်း လုံးလုံးဝဖိုင့်ဖိုင့် ရိုးသားလှဟန်တူသည့် လူငယ်လေးတစ်ယောက်သည် အနားသို့ရောက်လာကာ လေသံတိုးတိုးဖြင့် ခေါ်လိုက်လေသည်။ "စန်းစောင်"

ထိုလူငယ်မှာ လီဟောက်နှင့် အမေတစ်ယောက်တည်းက မွေးဖွားလာသည့်ညီအရင်း သာ့ဝေတိုင်းပြည်၏ ပဥ္စမမင်းသား လီချန်ပင်။

မုန့်ယွင်လော်သည် ယခင်က နန်းတော်ထဲသို့ မကြာခဏ ဝင်ထွက်ခဲ့ဖူးသဖြင့် လီချန်နှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူး၏။ ဒီလို အရပ်ပုပု ဝကစ်ကစ်နှင့် သာမန်ရုပ်ရည်သာရှိသည့် ပဥ္စမမင်းသားအပေါ် သူမတွင် နည်းနည်းလေးမှ အကောင်းမြင်စိတ်မရှိချေ။ ယခုအချိန်တွင် သူမသည် လီဟောက်နှင့်လက်ထပ်ကာ လီချန်၏ စန်းစောင်ဖြစ်လာခဲ့သောကြောင့် ဂရုမစိုက်ဘဲလည်း နေလို့မဖြစ်နိုင်တော့ချေ။

"ဝူတိ" မုန့်ယွင်လော်က အပြုံးတစ်ခုကို အားယူကာ ဖန်တီးလိုက်ရတော့သည်။ "အဆောင်မှာမနေဘဲ ဘာဖြစ်လို့ ဒီဘက်ကို ရောက်လာတာလဲ"

လီချန်သည် မုန့်ယွင်လော်ကို ဖြည်းညင်းစွာ တစ်ချက်ကြည့်လိုက်ပြီး "မူဖေးက ဒီနေ့ မတရားခံလိုက်ရတာဆိုတော့ မနည်းဆုံး ၁နာရီ ၂နာရီလောက်တော့ ငိုနေအုံးမှာ။ ကျွန်တော်စိတ်မချလို့ လာကြည့်တာပါ"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်သည် မိမိအနေဖြင့် ဘယ်လိုမျက်နှာအမူအယာ ထားရမည်ကိုပင် မသိတော့ချေ။

လီချန်က ခဏလောက် စောင့်နေသော်ငြားလည်း တတိယမရီးထံက တုံ့ပြန်မှုမရရှိသဖြင့် ပါးစပ်ကိုဖွင့်ဟကာ မေးလိုက်တော့သည်။ "စန်းစောင် မသွားဘူးလား"

သူမ အခုလေးတင်ပဲ နှင်ထုတ်ခံလိုက်ရတာလေ။ ဘာလိုသွားရမှာလဲ။

မုန့်ယွင်လော်သည် စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲနေသော်ငြားလည်း အားတင်းကာ ပြန်ဖြေလိုက်ရ၏။ "မင်း အရင်သွားနှင့်လိုက်ပါ။ ကျွန်မ ခဏနေမှ လိုက်လာခဲ့မယ်"

လီချန်ကလဲ ခေါင်းညိမ့်ပြီး လှည့်ထွက်သွားလေတော့သည်။

မုန့်ယွင်လော်မှာ ထိုနေရာတွင် အတော်ကြာအောင် ရပ်နေမိတော့၏။ ကြင်စဦးမင်္ဂလာမောင်နှံ၏ ပျော်ရွှင်မှုသည် ကြီးမားလှသည့် အရိပ်မည်းတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။ စိတ်ထဲက ရှက်သွေးဖြာပြီး ပျော်ရွှင်မှုတို့မှာ ဒီရေအလား တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့၏။ ထိုနေရာတွင် ဖော်မပြနိုင်သည့် ဝမ်းနည်းမှုနှင့် စိတ်မလုံခြုံမှုတို့သာ အစားထိုးဝင်ရောက်လာတော့သည်။

အချိန်မည်မျှ ကြာသွားသည်ပင် မသိချေ။ သူမ၏ နောက်ကျောဘက်က တည်ငြိမ်နေသည့် ခြေသံတစ်စုံ ထွက်ပေါ်လာခဲ့လေသည်။ ရင်းနှီးနေသည့်အသံက နားနားကပ်ကာ ထွက်ပေါ်လာခဲ့၏။ "ယွင်လော်"

မုန့်ယွင်လော်သည် လေသံတိုးတိုးဖြင့် ပြန်ထူးလိုက်လေသည်။ သူမ၏ မျက်ဝန်းများထဲတွင် ရုတ်တရက်ဆိုသလို မျက်ရည်များ ဝဲတက်လာတော့၏။

လီဟောက်က ရှေ့သို့တိုးလာပြီး သူမ၏ လက်ကို ဆုပ်ကိုင်ကာ အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "ယွင်လော် ခုနက မင်းကို ဝမ်းနည်းအောင်လုပ်ခဲ့မိတယ်"

"မူဖေးက စာအများကြီး ဖတ်ခဲ့ရတာ မဟုတ်ဘူး။ မျိုးရိုးကလဲ နိမ့်ကျတော့ နန်းတော်ထဲမှာ ကြောက်ကြောက်ရွံ့ရွံနဲ့ နေလာခဲ့ရပြီး တခြားသူတွေရဲ့ လှောင်ပြောင်သရော်တာကိုလည်း အမြဲတမ်း ခံခဲ့ရတယ်။ သူက စိတ်ထားပျော့ညံ့တော့ မတရားခံရပြီဆိုတာနဲ့ ငိုတတ်တော့တာပဲ။ ဒီနှစ်တွေမှာ ငါနဲ့ဝူတိလဲ ဒါကို ကျင့်သားရနေပါပြီ"

"မင်းက အခုမှ အိမ်တော်ကို ဝင်ကာစပဲရှိသေးတယ်။ ဒီလိုကိစ္စမျိုးနဲ့ ကြုံစေရလို့ စိတ်ထဲမှာ တကယ်ပဲ အားနာမိပါတယ်"

မုန့်ယွင်လော်၏ မျက်ဝန်းအိမ်များသည် တိတ်တိတ်ကလေး နီရဲလာကာ အသံတိုးတိုးဖြင့် ပြောလိုက်တော့၏။ "ကျွန်မ ခုနက ပြောလိုက်တာတွေက မူဖေးကို မနှစ်သက်လို့ မဟုတ်ပါဘူး။ မူဖေးက နားလည်မှုလွဲသွားတာပါ။ ရှင်လဲ အတူတူပါပဲ။ ကျွန်မဘက်ကနေ စကားမပြောပေးတဲ့အပြင် ကျွန်မကိုတောင်မှ နှင်ထုတ်လိုက်သေးတယ်။ တကယ့်ကို နှလုံးသားမဲ့တာပဲ"

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါက အသိစိတ်မရှိတဲ့ကောင်ပါ"

လီဟောက်ကလဲ လေသံတိုးတိုးဖြင့် ချောမော့လေသည်။ "ငါခုနက မူဖေးကို ချော့ရလွန်းလို့ အာခေါင်တွေတောင် ခြောက်နေပြီ။ မင်းလဲ ထပ်မငိုပါနဲ့တော့။ မဟုတ်ရင် တကယ့်ကို ချော့ဖို့ အားမရှိတော့ဘူး။ နောက်နေ့မှ ငိုလို့မရဘူးလား"

မုန့်ယွင်လော်မှာ ရယ်ချင်စိတ်ဖြစ်သွားပြီး သူမ၏ လက်သီးကိုမြှောက်ကာ လီဟောက်၏ ရင်ဘတ်ကို အသာအယာ ထုလိုက်လေသည်။ "မုန်းစရာကောင်းလိုက်တာ။ ရှင်က ကျွန်မကိုပဲ အနိုင်ကျင့်တတ်တာပဲ!"

လီဟောက်သည် မုန့်ယွင်လော်၏ လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်ထားလိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ အနားနားကပ်ပြီး တိုးတိုးလေး ရယ်မောကာပြောလိုက်လေသည်။ မည်သည့်အကြောင်းအရာကို ပြောလိုက်သည်မသိ မုန့်ယွင်လော်မှာ ရှက်သွေးဖြာသွားကာ ပါးပြင်မှာ နီရဲတက်လာပြီး လီဟောက်ကို နောက်တစ်ချက် ထပ်ထုလိုက်လေ၏။

ယခင်က ခံစားခဲ့ရသည့် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများအားလုံးမှာ အခိုးအငွေ့ပမာ လွင့်ပျယ်သွားလေတော့သည်။

လီဟောက်သည် ကြင်စဦးဇနီးသည်လေးကို နူးညံ့စွာစိုက်ကြည့်ပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်တော့၏။ "ယွင်လော် မင်း ငါ့မျက်နှာကို ထောက်ထားပြီး မူဖေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါနော်။ ပုံမှန်အချိန်တွေမှာ သူ့ကို များများလေး ချော့ပေးလိုက်ပေါ့။ သူက စကားပြောတာ အပြုအမူတွေလုပ်တာ မသင့်တော်ဘူးဆိုရင် မင်းက ချွေးမတစ်ယောက်အနေနဲ့ သူ့အစား ဖုံးဖိပေးလိုက်ပါ။ ဖုံးဖိလို့မရတော့တဲ့ အခြေအနေမျိုးမှာလည်း မင်းနည်းနည်းလောက် သည်းခံပေးလိုက်ပါနော်"

ကြင်စဦးခင်ပွန်းသည်လေး၏ ဒီလို ချော့မော့ပြောဆိုခြင်းခံရသည့်အခါ မုန့်ယွင်လော်သည် မည်သို့ ငြင်းဆန်နိုင်ပါအုံးမည်နည်း။

ထို့အပြင် ချွေးမက ယောက္ခမကို သိတတ်လိမ်မာစွာ ပြုစုစောင့်ရှောက်ရခြင်းသည် မိုးမြေက သတ်မှတ်ထားသည့် တာဝန်တစ်ခုပင်။ ခင်ပွန်းဖြစ်သူက နန်းတွင်းညီလာခံ တက်ရောက်ခြင်း.တာဝန်ထမ်းဆောင်ခြင်း အနာဂတ်တွင်လည်း ကြိုးပမ်းအားထုတ်ခြင်းတို့ဖြင့် အလုပ်များနေချိန်တွင် ဇနီးသည်တစ်ယောက်အနေဖြင့် ခင်ပွန်းကိုယ်စား မိဘဝတ္တရားကျေပွန်အောင် ဖြည့်ဆည်းးပေးရမည်မဟုတ်ပါလား။

မုန့်ယွင်လော်ကလဲ မြန်မြန်ပင် သဘောတူလိုက်တော့သည်။ "ကောင်းပါပြီ။ ရှင်စိတ်ချလက်ချသာနေပါ။ နောက်ဆိုရင် ကျွန်မ နေ့တိုင်းနန်းတော်ထဲသွားပြီး မူဖေးကို ဂါရဝပြုပါမယ်။ ဘာကိစ္စပဲကြုံကြုံ ကျွန်မက ရှေ့ကနေ ကာကွယ်ပေးလိုက်ပါ့မယ်။ မူဖေးကို မတရားခံရအောင် အဖြစ်ခံမှာ မဟုတ်ပါဘူး"

လီဟောက်၏ မျက်ဝန်းနက်နက်ထဲတွင် အပြုံးရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်ပြေးသွားပြီး နွေဦးလေပြေက ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားသလိုပင်။ "ကျေးဇူးတင်ပါတယ် ယွင်လော်။ မယ်တော်က ငါ့ကို ပြုစုပျိုးထောင်ပြီး ကြီးပြင်းလာအောင် မွေးမြူခဲ့ရတာ။ တကယ်မလွယ်ကူခဲ့ဘူး။ ငါ အမြဲတမ်း တွေးထားခဲ့တာ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ဇနီးတစ်ယောက်ကို လက်ထပ်ပြီး နောင်တစ်ချိန်မှာ ငါနဲ့အတူတူ မူဖေးကို သိတတ်လိမ်မာပြီး ပြုစုစောင့်ရှောက်စေချင်တယ်လို့လေ။ မင်းကို ဇနီးအဖြစ် လက်ထပ်ခွင့်ရတာ ငါ့ဘဝရဲ့ အကြီးမားဆုံးကံကောင်းခြင်းပဲ"

...

အပိုင်း (၂၁၃) ကိုယ်ဝန်ကို စောင့်ရှောက်ခြင်း (၁)

ယိဟွားနန်းဆောင်ထဲမှ ဤမြင်ကွင်းကို လုမင်ယွိသည် မတွေးဘဲနှင့်ပင် ခန့်မှန်းနိုင်လေသည်။

လီဟောက်၏ လျှို့ဝှက်နက်နဲပြီး အကြံကြီးသော စိတ်သဘောထားဖြင့် မုန့်ယွင်လော်တစ်ယောက်ကို ချော့မော့ရန်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ပင် လွယ်ကူလှ၏။ စူးဖေးအနေနှင့်မူ ချွေးမဖြစ်သူကို ထိန်းချုပ်နိုင်ရန် နည်းလမ်းပေါင်းစုံ ရှိနေလေသည်။

ကံကောင်းသည်မှာ ဤအရာအားလုံးသည် ယခုအချိန်တွင် သူမနှင့် ဘာမျှမသက်ဆိုင်တော့ခြင်းပင်။

သူမသည် နေ့လယ်ခင်းတွင် နှစ်ခြိုက်စွာ အိပ်စက်လိုက်ရာ နိုးလာချိန်တွင် ညနေစောင်းပင် ဖြစ်နေလေပြီ။ သူမသည် ရယ်မောရင်း မိမိကိုယ်ကို လှောင်ပြောင်လိုက်မိသည်။ "ငါဖြင့် ကိုယ်ဝန်ရှိလာမှပဲ ဝက်နဲ့ တော်တော်တူလာတာပဲ၊ စားနိုင်အိပ်နိုင်လိုက်တာ"

ကိုယ်ဝန်ဆောင်ကာလ အစပိုင်းဖြစ်သဖြင့် ကိုယ်ဝန်ဆောင် လက္ခဏာများ မပြသေးဘဲ အစားအသောက် အလွန်စားကောင်းကာ အိပ်စက်လို့လည်း အလွန်ကောင်းနေလေသည်။

လီကျင့်သည် အသံထွက် ရယ်မောလိုက်ပြီး သူမ၏ ပါးပြင်လေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နက်ရှိုင်းစွာ နမ်းရှိုက်လိုက်၏။ ထို့နောက်တွင်မှ ခေါင်းမော့ကာ ရယ်မောရင် ပြောလိုက်၏။ "ကိုက မင်း စားနိုင်အိပ်နိုင်တာကိုပဲ လိုလားနေတာ"

လုမင်ယွိက ရယ်မောရင်း သူ့ကို လက်ဝါးဖြင့် တစ်ချက် ပုတ်လိုက်ကာ "ဟာလေ ကျွန်မကို တကယ် ဝက်လို့ ထင်နေတာလား"

လီကျင့်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ရယ်မောကာ စနောက်လိုက်လေသည်။ "ဝက်က ဘာမကောင်းလို့လဲ။ စားနိုင်တယ်၊ အိပ်နိုင်တယ်၊ မွေးနိုင်တယ်။ တစ်ခါမွေးရင် ခုနစ်ကောင် ရှစ်ကောင်တောင် မွေးနိုင်... အား!"

အရှိန်ပြင်းပြင်းဖြင့် ထုနှက်ခံလိုက်ရသဖြင့် ရင်ဘတ်တစ်ခုလုံး အောင့်သက်သွားမတတ်ပင်။

လင်မယားနှစ်ယောက်သည် ခဏလောက် ရယ်မောစနောက်ပြီးနောက် ကိုယ်စီထကာ အဝတ်အစားများ ဝတ်ဆင်လိုက်ကြသည်။

ချီယွင်ကလည်း ပြုံးရွှင်စွာ ဝင်လာပြီး သတင်းပို့လေသည်။ "အမင်းသားနဲ့ ဟွမ်စစ်ဖေးညန်ညန်ကို လျှောက်တင်ပါတယ်။ ရှင်းယန်ဝမ်နဲ့ ဒုတိယသခင်လေးတို့ အိမ်တော်ကို ပြန်ရောက်နေပါပြီ"

လုမင်ယွိ၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် ရယ်မောကာ ပြောလိုက်သည်။ "ကျွန်မ အခုပဲ သွားလိုက်မယ်"

...

လုလင်းနှင့် လုဖေးတို့သည် နေ့စဉ် စစ်စခန်းတွင် ရှိနေပြီး ငါးရက်လျှင် တစ်ညသာ အိမ်တော်သို့ ပြန်လာကြသည်။ နောက်တစ်နေ့ မိုးမလင်းမီတွင် မြင်းကို အရှိန်တင်နှင်ကာ စစ်စခန်းသို့ ပြန်လည် တက်ရောက်ကြရလေသည်။

ယန်နှင့်ချူကို တိုက်ခိုက်ရန် စစ်ပွဲကြီးကို အစီအစဉ် မဆွဲရသေးသော်လည်း သာ့ဝေတိုင်းပြည်၏ စစ်စခန်းများအားလုံးသည် စစ်သားများ ခေါ်ယူစုဆောင်းကာ အရေးပေါ် လေ့ကျင့်လျက်ရှိပြီး နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ပေ။

ထို့ကြောင့်ပင် လုလင်းသည် သမီးဖြစ်သူ ကိုယ်ဝန်ရှိနေပြီဟူသော သတင်းကောင်းကို ကြားသိရသော်လည်း ဝမ်းမြောက်မှုကို ချုပ်တည်းထားရကာ ယနေ့မှသာ အိမ်တော်သို့ ပြန်လာနိုင်ခဲ့သည်။

"အဖေ" လုမင်ယွိက ခြေလှမ်းသွက်သွက်ဖြင့် ရှေ့သို့တိုးကာ ကြိုဆိုလိုက်သည်။

လုလင်းသည် သွာများပေါ်သည်အထိ ရယ်မောလိုက်သည်။ "ဖြည်းဖြည်းလာပါ။ သမီးက ကိုယ်ဝန်နဲ့ဆိုတော့ အနေအထိုင် အသွားအလာ အားလုံးကို ဂရုစိုက်ရမယ်"

လုမင်ယွိက ရယ်မောရင်း ပြန်ဖြေလိုက်သည်။ "သိပါပြီ။ ဒီရက်ပိုင်း သမီး သိုင်းလေ့ကျင့်ကွင်းကိုတောင် မသွားဖြစ်ဘူး၊ မြင်းလည်း မစီးဖြစ်ပါဘူး"

"ကလေးမမွေးခင်အထိ မြင်းစီးတာ၊ လေးပစ်တာတွေ လုံးဝမလုပ်နဲ့တော့” လုလင်းသည် ချက်ချင်းပင် စကားကို ဆက်လိုက်၏။ "သိုင်းလေ့ကျင့်ကွင်း သွားဖို့လည်း စိတ်မကူးနဲ့တော့။ အရာအားလုံးက ကလေးကိုပဲ အဓိကထားရမယ်"

'ယွဲ့ဖုက တကယ် ကောင်းတာပဲ။ ကျွန်တော် ပြောဖို့ အဆင်မပြေဖြစ်နေတဲ့ စကားတွေကို အကုန် ပြောထုတ်သွားတာပဲ'

ဒါကလဲ လုလင်းပြောလိုက်လို့သာ လုမင်ယွိက စိတ်မဆိုးတာလေ။ တခြားသူတစ်ယောက်ယောက်သာ ဝင်ပြောကြည့်ပါလား။

လီကျင့်သည် ကျေးဇူးတင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ "ယွဲ့ဖုက တကယ် ပညာရှိတာပဲ"

လုမင်ယွိက ရယ်မောရင်း လီကျင့်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ကာ "ကြည့်ရတာ ရှင့်စိတ်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေပုံပဲ"

လီကျင့်ကလည်း ချက်ချင်းပင် ရယ်မောလိုက်၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကိုက မင်းရဲ့ကျန်းမာရေးကို စိတ်ပူလို့ပါ။ ယောက်ျားတွေက ကလေးမမွေးနိုင်တာကိုပဲ စိတ်ညစ်မိတယ်။ မဟုတ်ရင် ကိုကသာ ဒီကိုယ်ဝန်ကို လွယ်ထားချင်တာ"

လူအားလုံးသည် ခါးပင် မတ်မတ်မရပ်နိုင်တော့သည်အထိ ရယ်မောလိုက်ကြလေသည်။

လုမင်ယွိသည်လည်း အသံထွက်အောင် ရယ်မောမိပြီး အကျင့်ပါနေသည့်အတိုင်း လီကျင့်ကို လက်ဖြင့် လှမ်းထုရန် ပြင်လိုက်သည်။

လုလင်းက မျက်စောင်းဖြင့် တစ်ချက် ကြည့်လိုက်၏။

လုမင်ယွိသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လက်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ရတော့သည်။ ဤသေးငယ်သော အမူအရာလေးကြောင့် လုဖေးနှင့် အခြားသူများမှာ တဝါးဝါး ရယ်မောလိုက်ကြပြန်သည်။

မိသားစု ပြန်လည်ဆုံစည်းကြသည့်အခါ ပြောမကုန်နိုင်သော စကားများ ရှိနေတတ်စမြဲပင်။

ညစာစားပြီးနောက် လုလင်းသည် လုမင်ယွိကို စာကြည့်ခန်းထဲသို့ ခေါ်ယူကာ အသေအချာ မှာကြားစကား ဆိုလေသည်။

လုမင်ယွိသည်လည်း အနည်းငယ် အံ့အားသင့်သွားတော့၏။ "အဖေ၊ အဖေက ဘယ်လိုဖြစ်လို့ အရာအားလုံးကို သိနေရတာလဲ။ မိန်းကလေးတွေ ကိုယ်ဝန်စောင့်ရှောက်ရမယ့် ကိစ္စတွေကိုတောင် ရှင်းရှင်းလင်းလင်း သိနေတာပဲ"

လုလင်း၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်တမ်းတမှုနှင့် အတိတ်ကို ပြန်လည်အမှတ်ရသော အရိပ်အယောင်များ ထင်ဟပ်လာခဲ့၏။ "အရင်တုန်းက သမီးအမေ ကိုယ်ဝန်ရှိတုန်းကလေ၊ သမီးအဘိုးက စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်တိုက်နေရတော့ အဖေက အိမ်တော်မှာကျန်ခဲ့ပြီး သမီးအမေကို ပြုစုစောင့်ရှောက်ခဲ့တယ်။ အဲ့ဒီတုန်းက အိမ်တော်ကို သမားတော်တစ်ယောက် ပင့်ဖိတ်ထားတယ်။ အဖေက နေ့တိုင်း သမားတော်ဆီမှာ မေးမြန်းသင်ယူပြီး ကိုယ်တိုင် ချက်ပြုတ်ပြီး သမီးအမေကို ကျွေးခဲ့တာ။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေက ကိုယ်ဝန်ကို ဘယ်လိုစောင့်ရှောက်ရမယ်။ ဘယ်လို အစားအသောက်တွေ စားသောက်ရမယ်ဆိုတာ အဖေ အကုန် နားလည်တယ်"

ခဏလောက် ရပ်တန့်ပြီးနောက် အသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။ "တကယ်တော့ အဖေက မိန်းမတွေ မီးတွင်းထဲမှာ နေရင် ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတာကိုပါ သီးသန့် လေ့လာထားခဲ့သေးတယ်။ ဒါပေမဲ့ သမီးအမေက သမီးကို မွေးပြီးတာနဲ့ ဆုံးသွားခဲ့တာ... အဖေ အချိန်အကြာကြီး သင်ယူခဲ့တဲ့ ချက်ပြုတ်နည်းပညာတွေက အသုံးမဝင်ခဲ့တော့ဘူး"

လုမင်ယွိ၏ နှာသီးဖျားတွင် အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်။

မိခင်ဖြစ်သူသည် စောစောစီးစီးပင် ထွက်ခွာသွားခဲ့သည်။ ဖခင်ဖြစ်သူသည် မိခင်အပေါ် ထားရှိသော လွမ်းဆွတ်တမ်းတမှုများကို ပိုက်ထွေးလျက် သည်လိုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသည်။

သားအဖနှစ်ယောက်သည် တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အတော်ကြာမှ လုလင်းက ရယ်မောရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။ " ဟိုးအရင်က အဖြစ်အပျက်တွေအကြောင်း မပြောတော့တာပဲ ကောင်းပါတယ်။ ဒါနဲ့ သမီးက ကိုယ်ဝန်နဲ့ဆိုတော့ အနေအထိုင် အသွားအလာ အိပ်စက်တာကအစ အကုန်လုံးကို သတိထားရမယ်"

လုမင်ယွိက ခေါင်းညိတ်လိုက်သည်။

လုလင်းသည် သမီးဖြစ်သူကို ကြည့်လျက် အဓိပ္ပာယ်နက်နဲစွာဖြင့် စကားတစ်ခွန်း ဆိုလိုက်သည်။ "ကလေးကို အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့က အခုလက်ရှိမှာ အရေးအကြီးဆုံး ကိစ္စပဲ"

ပထမမင်းသား ကြင်ရာတော်သည် အိမ်တော်သို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ သားသမီး မထွန်းကားသေးပေ။ အပျိုတော်ယန်သည် သားတစ်ယောက် မွေးဖွားခဲ့သော်လည်း သားအငယ်သာ ဖြစ်သည်။ အကယ်၍ လုမင်ယွိသာ သားတစ်ယောက် မွေးဖွားခဲ့ပါက ဒုတိယမင်းသား၏ မျိုးဆက်အတွက် မုချဧကန်ပင် ကြီးကျယ်သော မင်္ဂလာသတင်းတစ်ခု ဖြစ်ပေလိမ့်မည်။

လုမင်ယွိသည် ဖခင်ဖြစ်သူကို မျက်စောင်းဖြင့် တစ်ချက် ကြည့်လိုက်ကာ "ကလေးက ဗိုက်ထဲမှာပဲ ရှိသေးတာ၊ ယောက်ျားလေးလား မိန်းကလေးလား မသိပါဘူး"

လုလင်းက ယုံကြည်မှုအပြည့် ရှိသော မျက်နှာထားဖြင့် ပြောလေ၏။ "ယောက်ျားလေးပဲ ဖြစ်မှာပါ"

လုမင်ယွိကလဲ ခပ်တိုးတိုး နှာခေါင်းရှုံ့တော့သည်။ "အဖေကတော့ ပါးစပ်ကနေ အဖေ့မှာ သမီးတစ်ယောက်ရှိတာနဲ့တင် လုံလောက်ပါပြီလို့ အမြဲပြောနေတာ။ ဒါတွေအားလုံးက သမီးကို ချော့မော့ပြောနေတာပဲ ဖြစ်မယ်"

လုလင်းက အသံထွက်အောင် ရယ်မောလိုက်ပြီး "ဒါက ဘယ်လိုလုပ် တူနိုင်မှာလဲ။ အဖေ့မှာ သမီးတစ်ယောက်ပဲ ရှိတာ။ သမီးက ကောင်းကင်ပေါ်က လမင်းကြီးကို လိုချင်တယ်ဆိုရင်တောင် အဖေက လှေကားတစ်စင်း ရှာပြီး တက်ခူးပေးရမှာပဲ။ တကယ်လို့ သမီးသာ သာမန်ခင်ပွန်းတစ်ယောက်ကို လက်ထပ်ခဲ့မယ်ဆိုရင် ကလေးမမွေးချင်ဘူး ဆိုရင်တောင် သမီးသဘောအတိုင်းပဲ နေခိုင်းလိုက်မှာ။ ဒါပေမဲ့ အခု သမီးက ဒုတိယမင်းသားရဲ့ ကြင်ရာတော်လေ၊ သားသမီးကိစ္စက အရေးအကြီးဆုံး ကိစ္စ ဖြစ်လာပြီ"

"အဖေက သမီးရဲ့ ကိစ္စအားလုံး အဆင်ပြေချောမွေ့စေချင်တယ်။ ပထမဆုံးကိုယ်ဝန်က သားလေးဖြစ်တာ အကောင်းဆုံးပဲ"

"တကယ်တော့ လှလှပပ ချစ်စရာကောင်းတဲ့ မြေးမလေးတစ်ယောက် မွေးရင်လည်း အဖေ့စိတ်ထဲမှာ အတူတူ ဝမ်းသာမှာပါ"

ထိုအခါမှ လုမင်ယွိသည် မျက်နှာဆူပုပ်နေရာမှ ပြုံးရွှင်သွားတော့သည်။ "ဒီလိုကျတော့မှ တော်သေးတာပေါ့"

လုလင်းသည်လည်း ပြုံးလိုက်လေသည်။

မိန်းကလေးများသည် ကိုယ်ဝန်ဆောင်ပြီးနောက် စိတ်နေစိတ်ထားနှင့် အမူအကျင့်များ အနည်းငယ် ပြောင်းလဲသွားတတ်စမြဲပင်။ ရှောင်ယွိသည် ယခင်က ပွင့်လင်းရွှင်လန်းသူ ဖြစ်သော်လည်း ယခုအခါတွင်တော့ ကလေးဆန်စွာ ဆိုးနွဲ့တတ်လာခဲ့ပြီ။

လုလင်းသည် ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြီး မှာကြားလိုက်သည်။ "သမီးက လုအိမ်တော်မှာ ကိုယ်ဝန်ကို စောင့်ရှောက်တာက အလုံခြုံဆုံးပဲ။ ဒါပေမဲ့ ဒီမှာ အမြဲတမ်း နေသွားလို့တော့ မဖြစ်နိုင်ဘူး။ ကိုယ်ဝန် တည်ငြိမ်သွားပြီဆိုရင် မင်းသားအိမ်တော်ကို ပြန်ရမှာပဲ။ ပြန်သွားပြီးရင်တော့ အထူးတလည် သတိထားရလိမ့်မယ်"

နန်းတော်ထဲတွင် မယ်တော်ကြီးကျောက်က မျက်စိဒေါက်ထောက် ကြည့်နေသလို မုန့်ကွေ့ဖေးနှင့် စူးဖေးတို့သည်လည်း အညံ့စားများ မဟုတ်ကြပေ။ ချင်ကျဲယွီသည် အကျယ်ချုပ်ခြောက်လ ကျခံနေရသော်လည်း မယ်တော်ကြီးကျောက်၏ စိတ်သဘောထားအရ သည်လောက်ကြာအောင် သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

တစ်လ၊ နှစ်လခန့် ကြာလျှင် အိပ်ဆောင်ထဲမှ ပြန်ထွက်လာနိုင်ဖွယ် ရှိသည်။ ထို့အပြင် ပထမမင်းသား ကြင်ရာတော် လျန်ရှီနှင့် တတိယမင်းသားကြင်ရာတော် မုန့်ရှီတို့လည်း ရှိသေးသည်။

အချုပ်အားဖြင့် ဆိုရလျှင် ချောင်မိဖုရားခေါင်နှင့် ဟွေ့အန်းကုန်းကျူကလွဲလျှင် မည်သူ့ကိုမှ ယုံကြည်၍ မရပေ။

လုမင်ယွိ၏ မျက်ဝန်းများထဲတွင် အရောင်တစ်ချက် လက်သွားပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။ "အဖေ စိတ်ချပါ။ ဘယ်သူပဲ အိမ်တော်ထဲကို လက်လှမ်းဝံ့တယ်ဆိုရင် ကျွန်မ သူ့လက်ကို ရအောင် ဖြတ်ပစ်မယ်"

လုလင်းက ချီးကျူးသော အပြုံးဖြင့် ပြုံးလိုက်သည်။ "မှန်တယ်။ ဒါမှ ငါ လုလင်းရဲ့သမီး ပီသတာပေါ့"

...

နာရီဝက်ခန့် ကြာပြီးနောက် လုမင်ယွိသည် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။

ည၏ အလှသည် ရေပြင်ကဲ့သို့ ကြည်လင်နေပြီး လရောင်သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

အရပ်မြင့်မြင့်၊ သွယ်လျသော အရိပ်တစ်ခုသည် လရောင်အောက်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် တိတ်ဆိတ်စွာ ရပ်စောင့်နေခဲ့သည်။ လုမင်ယွိကို မြင်လိုက်သည့် ခဏမှာပင် ထိုနက်မှောင်သော မျက်ဝန်းအစုံသည် နွေးထွေးသော အပြုံးရိပ်တို့ဖြင့် အရောင်လက်သွား၏။

လုမင်ယွိ၏ စိတ်ထဲတွင်လည်း နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။ "ကျွန်မ ရှင့်ကို အဆောင်ကို အရင် ပြန်သွားနှင့်ပါလို့ ပြောထားတယ် မဟုတ်လား။ ဘာလို့ ဒီနေရာမှာ တောက်လျှောက်ကြီး စောင့်နေတာလဲ"

လီကျင့်က လက်လှမ်းကာ သူမ၏ ပခုံးကို ဆွဲဖက်လိုက်ပြီး အသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။ "တစ်ယောက်တည်း ပြန်သွားရတာက ဘာမှထူးတာမှ မဟုတ်တာ။ အဲ့ဒီအစား မင်းကို လာစောင့်နေတာကမှ ပိုကောင်းဦးမယ်"

လုမင်ယွိသည် သည်လို ရင်းနှီးပွေ့ဖက်မှုများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သဖြင့် သူ့ကို ပြုံးပြရင်း တစ်ချက် ကြည့်လိုက်ပြီး လူငယ်လင်မယားနှစ်ယောက်သည် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းသွားကြလေသည်။

လီကျင့်သည် အပိုစကားများ မေးမြန်းခြင်း မရှိသော်လည်း လုမင်ယွိကတော့ စာကြည့်ခန်းထဲတွင် ဖခင်ဖြစ်သူနှင့် ပြောဆိုခဲ့သော စကားဝိုင်းအကြောင်းကို သူ့အား အရင် ဖွင့်ဟပြောပြလိုက်လေသည်။

ယောက္ခထီး၏ အကြံပြုချက်ကို လီကျင့်က အလွန် သဘောတူလေသည်။ "ယွဲ့ဖု ပြောတာ မှန်တယ်။ လုအိမ်တော်မှာ ကိုယ်ဝန်စောင့်ရှောက်တာက ပိုပြီး စိတ်ချရတယ်။ မင်း စိတ်အေးလက်အေးသာ နေပါ။ ကို မနက်ဖြန် နန်းတော်ထဲဝင်ပြီး မူဟုပ်နဲ့ ဒီကိစ္စကို သွားဆွေးနွေးလိုက်မယ်"

...

All Chapters