← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အပိုင်း (၂၁၄) ကိုယ်ဝန်ကို စောင့်ရှောက်ခြင်း (၂)

လီကျင့်သည် နေ့စဉ် နန်းတော်သို့ တက်ရောက်၍ ညီလာခံကိစ္စများကို နားထောင်ပြီး ဝမ်ဟွာခန်းမဆောင်တွင် စာပေကိစ္စများဖြင့် ခစားရလေသည်။

မွန်းတည့်ချိန်တွင်တော့ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်ကာ ချောင်မိဖုရားခေါင်နှင့်အတူ နေ့လယ်စာ သုံးဆောင်လေ့ ရှိ၏။

ချောင်မိဖုရားခေါင်သည် မိဖုရားခေါင်ကြီးတစ်ပါး ဖြစ်သည်နှင့်အညီ ဝတ်စားသုံးစွဲမှု အရာရာတိုင်းသည် အကောင်းဆုံးများသာ ဖြစ်ကြပြီး ကျောင်းဖန်နန်းဆောင်တွင် ခစားနေကြသော နန်းတွင်းသူ နန်းတွင်းသားများမှာ တစ်ရာမရှိလျှင်တောင် အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိလေသည်။ သို့သော် ကျောင်းဖန်နန်းဆောင်ကတော့ အနည်းငယ် အေးစက်ခြောက်ကပ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသယောင် ထင်ရ၏။

အကြောင်းမှာ ယုံးကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ခြေချတော်မူခြင်း ရှားပါးသောကြောင့် ဖြစ်ဟန်တူသည်။

သားဖြစ်သူက နေ့စဉ် မွန်းတည့်ချိန်တိုင်း မိမိအနားသို့ လာရောက် အဖော်ပြုပေးသဖြင့် ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင် နှစ်သိမ့်ကျေနပ်ကာ ဝမ်းမြောက်မိလေသည်။ သားတော်သည် ချွေးမအပေါ် အလွန်အမင်း အလိုလိုက်လွန်းနေသော်လည်း မိခင်အရင်းဖြစ်သူကိုတော့ မမေ့လျော့သေးပေ။

"မနေ့က ရှို့နဉ်နန်းဆောင်မှာ စူးဖေးက စကားအပြောအဆို အမူအကျင့် မဆင်ခြင်လို့ ပန်ကုံးက သူ့ကို နည်းနည်း ဆုံးမလိုက်တယ်"

နေ့လယ်စာ သုံးဆောင်ပြီးနောက် သားအမိနှစ်ယောက် အတူတကွ အေးဆေးစွာ စကားပြောဆိုနေကြရင်း ချောင်မိဖုရားခေါင်က စူးဖေးအကြောင်းကို စကားစပ်မိပြီး ပြောလိုက်သည်။ "နန်းတွင်းစားသောက်ပွဲ ပြီးသွားတော့ လီဟောက်တို့ လင်မယားနှစ်ယောက် ယိဟွားနန်းဆောင်ကို သွားကြတယ်။ ညစာပါ သုံးဆောင်ပြီးမှ ပြန်သွားကြတာ။ ကြည့်ရတာ စူးဖေးရဲ့ ငိုယိုဆူပူတဲ့ပညာက ပိုပြီး တိုးတက်လာပြန်ပြီနဲ့ တူတယ်"

ယခင်ဘဝက ရက်စက်ကြမ်းကြုတ်လှသော မယ်တော်ကြီးစူးကို တွေးမိသည့်အခါ လီကျင့်၏ မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားပြီး စကားနှစ်ခွဖြင့် ပြောလိုက်လေသည်။ "လူကို အပေါ်ယံကြည့်လို့ မရဘူးပဲ။ နူးညံ့ပြီး အနိုင်ကျင့်လို့ လွယ်တယ်လို့ ထင်ရတဲ့သူက တကယ်တမ်းကျတော့ စိတ်ထဲမှာ အဆိပ်အတောက်တွေ ဖုံးကွယ်ထားတတ်တယ်။ မူဟုပ်လည်း အရမ်းပေါ့ဆလို့ မဖြစ်ဘူးနော်"

ချောင်မိဖုရားခေါင်သည် ထိုစကားကို ဂရုမစိုက်သည့်အပြင် အနည်းငယ် မထီမဲ့မြင်ပြုသော လေသံဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "စိတ်ချပါ။ သူ့လိုလူမျိုးနဲ့တော့ ဘာလှိုင်းမှ လှုပ်အောင် မလုပ်နိုင်ပါဘူး"

လီကျင့်သည် ချောင်မိဖုရားခေါင်ကို တိတ်ဆိတ်စွာ တစ်ချက် ကြည့်လိုက်၏။

ချောင်မိဖုရားခေါင်၏ မာနကြီးပြီး မိမိကိုယ်ကို အထင်ကြီးတတ်သော စိတ်ထားအရ ယောက်ျားများကို ပြုစုခြင်းမှလွဲလျှင် အခြားမည်သည့်အရာမှ မတတ်ကျွမ်းသော ကချေသည်မျိုးရိုးမှ ဆင်းသက်လာသည့် စူးဖေးကို အမြင်ကောင်းမည် မဟုတ်သည်မှာ သဘာဝကျလှသည်။ သို့သော် ယခင်ဘဝတွင်တော့ ချောင်မိဖုရားခေါင်သည် စူးဖေး၏ လက်ထဲတွင်ပင် အသက်ပျောက်ခဲ့ရသည် မဟုတ်ပါလား။

ချောင်မိဖုရားခေါင်သည် စူးဖေးအကြောင်းကို ဆက်မပြောတော့ဘဲ ရယ်မောကာ မေးလိုက်သည်။ "လုရှီ နေကောင်းရဲ့လား"

လီကျင့်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပြုံးလျက် ဖြေလိုက်သည်။ "ရှောင်ယွိက အစားအသောက် အရမ်းစားကောင်းနေတယ်။ မနေ့ညကဆို ကျွန်တော့်ထက်တောင် ပိုစားသေးတယ်"

ချောင်မိဖုရားခေါင်သည် ထိုစကားကြောင့် ရယ်မောသွားသည်။ "အစားစားနိုင်တာ ကောင်းတာပေါ့။ ဒါပေမဲ့ အချိန်နည်းနည်းပဲ ရှိသေးလို့ ကိုယ်ဝန်ဆောင် လက္ခဏာ မပြသေးတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဂရုတော့စိုက်ရမှာပဲ"

လီကျင့်သည် ရယ်မောရင်း သဘောတူလိုက်ပြီး ကိုယ်ဝန်စောင့်ရှောက်ခြင်း ကိစ္စကို အဆင်သင့်သလို ပြောလိုက်သည်။ "ကျွန်တော်က နေ့တိုင်း နန်းတော်ထဲမှာပဲ ရှိနေရတော့ ရှောင်ယွိ တစ်ယောက်တည်း ကိုယ်ဝန်စောင့်ရှောက်နေရတာကို စိတ်မချဘူး ဖြစ်နေတယ်။ အဲ့ဒီအစား လုအိမ်တော်မှာပဲ ရက်နည်းနည်းလောက် ပိုနေပြီး သူ့ရဲ့ အာ့စောင်နဲ့အတူတူ ကိုယ်ဝန်စောင့်ရှောက်တာက ပိုကောင်းမလားလို့ပါ"

ချောင်မိဖုရားခေါင်သည် နည်းနည်းလေး ကန့်ကွက်သည့် အရိပ်အယောင် မရှိပေ။ "ဒီလိုဆိုလည်း ကောင်းတာပဲ။ ဘာပဲပြောပြော ကိုယ့်ရဲ့ မိဘအိမ်ပဲလေ၊ အရာရာတိုင်းနဲ့ အကျွမ်းတဝင်ရှိတော့ နေရတာလည်း စိတ်ချရတာပေါ့" ခဏလောက် ရပ်တန့်ပြီးနောက် ဆက်ပြောပြန်သည်။ "ဒါပေမဲ့ မိဘအိမ်မှာ အမြဲတမ်း နေနေလို့တော့ မဖြစ်ဘူးလေ။ လုရှီ ကိုယ်ဝန် သုံးလပြည့်သွားရင်တော့ အိမ်တော်ကို ပြန်ရမှာပေါ့"

"ဒီအချိန်အတောအတွင်းမှာ မင်းအိမ်တော်ထဲက လူတွေကို တစ်ခါတည်း ရှင်းလင်းလိုက်။ သံသယဖြစ်စရာ နောက်ကြောင်းရာဇဝင်ရှိတဲ့သူတွေ၊ မရိုးမသား လှုပ်ရှားနေတဲ့သူတွေ အကုန်လုံးကို ရှင်းထုတ်လိုက်"

နောက်ဆုံး စကားနှစ်ခွန်းကို ပြောလိုက်ချိန်တွင် ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အနည်းငယ် တင်းမာသွားပြီး အသံထဲတွင် အေးစက်မှုတို့ ပါဝင်နေ၏။

လီကျင့်ကလဲ ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

...

လုမင်ဖန်းနှင့် လုမင်ဟွားတို့သည် မိဘအိမ်တွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် ပြန်သွားကြလေသည်။

လုမင်ယွိကတော့ လုအိမ်တော်တွင် နေထိုင်ရင်း ကိုယ်ဝန်ကို စောင့်ရှောက်နေပြီး နေ့စဉ် ရှန်းလန်နှင့် အဖော်ပြုနေရသည်။ ကိုယ်ဝန်ဆောင်နှစ်ယောက် အတူတူရှိနေခြင်းကလည်း ပျော်စရာ ကောင်းလှ၏။

ရှန်းလန်သည် မကြာမီမှာပင် ကိုယ်ဝန်ဆောင် လက္ခဏာများ ပြသလာပြီး တစ်နေ့ သုံးနပ် မစားလျှင် မဖြစ်ပေ။ ဗိုက်ထဲသို့ စားသောက်ပြီးသည်နှင့် အမွှေးတိုင်တစ်တိုင်လောက် အချိန်ပင် မကြာလိုက်ဘဲ အားလုံးကို ပြန်လည်အန်ထုတ်ပစ်လေသည်။

လဝက်ပင် မပြည့်သေးမီမှာပင် လူသည် ချက်ချင်းဆိုသလို တစ်ပတ်စာ ပိန်ကျသွားတော့သည်။

လုမင်ယွိ၏ တုံ့ပြန်မှုကတော့ ပြောင်းပြန်ဖြစ်နေပြီး တစ်ကြိမ်တစ်ခါမှပင် မအန်ခဲ့ပေ။ အစားအသောက် စားချင်စိတ်ကတော့ အလွန်ထူးဆန်းနေ၏။ တနေ့က ရုတ်တရက် ချဉ်ချဉ်လေး စားချင်လာပြီး ဆီးသီးစိမ်း တစ်ပန်းကန်လုံး ကုန်အောင် စားနိုင်ခဲ့သည်။ မနေ့ကတော့ ရုတ်တရက် အစပ်များ စားချင်လာပြန်ရာ နီရဲနေသော ငရုတ်သီးနှင့် ကြက်သားဟင်းကို ပန်းကန်လုံးကြီးတစ်လုံး အပြည့် စားနိုင်ခဲ့ပြန်သည်။

ဒီနေ့တွင်တော့ ပုံစံအသစ် ပြောင်းသွားပြန်ပြီး အချိုများ စားချင်နေပြန်သည်။

မီးဖိုချောင်မှက ယွမ်ရှောင်း (မွှေးပန်းပွဲတော်မုန့်လုံး) ပန်းကန်လုံးကြီးတစ်လုံး ပို့ဆောင်လာခဲ့သည်။ ချိုမြိန်ပြီး စေးကပ်နေကာ အလွန် အရသာရှိလှ၏။

လုမင်ယွိသည် တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ ထည့်သွင်းကာ အရသာခံပြီး စားသုံးနေလေသည်။

ရှန်းလန်သည် အခုလေးတင် တစ်ကြိမ် အန်ထားသဖြင့် လူတစ်ကိုယ်လုံး နွမ်းနယ်နေ၏။ လုမင်ယွိ၏ အစားအသောက်စားကောင်းနေသော ပုံစံကို ကြည့်ရင်း မည်မျှ မနာလိုဖြစ်နေသည်ကို ပြောလို့ပင် ကုန်နိုင်မည်မဟုတ်ပေ။ "နင်က ဘာစားစား အကုန်စားနိုင်တာပဲ။ အစားအသောက် တော်တော် စားကောင်းတာပဲ"

လုမင်ယွိက မျက်ခုံးပင့်ကာ ပြုံးလိုက်၏။ "နင်လည်း နည်းနည်းလောက် မြည်းကြည့်မလား"

ရှန်းလန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး တစ်လုံး စားကြည့်လိုက်ရာ ခံစားမှုက မဆိုးလှသဖြင့် နောက်တစ်လုံး ထပ်စားလိုက်သည်။ ဆက်တိုက် အလုံးအနည်းငယ်လောက် ဗိုက်ထဲသို့ ရောက်သွားသော်လည်း အံ့ဩဖွယ်ရာပင် ပြန်အန်မထွက်လာခဲ့ပေ။ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ဗိုက်ပြည့်တင်းသည့် ခံစားမှုသည် အလွန်တရာမှပင် ကောင်းမွန်လှ၏။

ရှန်းလန်သည် ပျော်ရွှင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

လုမင်ယွိသည် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ "ဗိုက်ပြည့်သွားတဲ့ ခံစားချက်က ဘယ်လိုနေလဲ"

"ခံစားလို့ တော်တော်ကောင်းတာပဲ" ရှန်းလန်က ရယ်မောရင်း ပြောလိုက်သည်။ "ငါ ဒီလဝက်ကျော်လုံးလုံး ဘာစားစား အကုန်အန်တာ။ တစ်နေ့ကို အနည်းဆုံး ငါးခါ၊ ခြောက်ခါလောက်တော့ အန်ဖြစ်တယ်။ ပါးစပ်ထဲမှာလည်း ခါးစော်နံပြီး ဗိုက်ထဲမှာလည်း အချဉ်တွေ တက်နေတာ။ ဘယ်လောက်တောင် ခံရခက်လဲ ပြောမနေနဲ့တော့။ ပြောရရင်လည်း ထူးဆန်းသားပဲ။ ဒီနေ့ ဒီမုန့်လုံးကို စားကြည့်တော့ တော်တော်လေး အာစပ်နဲ့ကိုက်ညီနေတယ်"

ထို့နောက်တွင် လုမင်ယွိကို မနာလိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ "နင်ကမှ တော်သေးတယ်။ ကိုယ်ဝန်ရှိလာပြီးတည်းက တစ်ခါမှ မအန်ဖူးဘူး။ နေ့တိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နဲ့။ မျက်နှာသွေးရောင်က ပုံမှန်အချိန်တွေထက်တောင် ပိုကောင်းနေသေးတယ်"

မဟုတ်လို့လား။

သည်လဝက်ကျော် ကာလအတွင်း ရှန်းလန်သည် သိသိသာသာ ပိန်လှီဖျော့တော့သွားခဲ့သည်။ လုမင်ယွိကတော့ မျက်နှာသွေးရောင် လည်ပတ်မှု ကောင်းမွန်ကာ ယခင်ကထက်ပင် အနည်းငယ် ဝဖြိုးလာခဲ့သေးသည်။

လုမင်ယွိသည် ခပ်ရေးရေး ပြုံးလိုက်၏။

အမှန်တကယ်တွင် ယခင်ဘဝက သူမ ယန့်အာလေးကို လွယ်ထားရစဉ်အခါကလည်း အတော်ပင် ဒုက္ခခံစားခဲ့ရသည်။ သည်တစ်ကြိမ် ကိုယ်ဝန်ရှိလာသောအခါတွင်တော့ တည်ငြိမ်အေးချမ်းပြီး သက်သောင့်သက်သာ ရှိလှသည်။ ထို့ကြောင့် လူတစ်ယောက်တည်း ကိုယ်ဝန်ဆောင်သည့်တိုင် ကိုယ်ဝန်ဆောင် လက္ခဏာ တုံ့ပြန်မှုများမှာ မတူညီနိုင်ကြောင်း ထင်ရှားလှသည်။

သည်အချက်ကို ပိုပြီး ရှင်းလင်းစွာ သဘောပေါက်လာလေလေ၊ ယန့်အာလေးသည် နောက်တစ်ကြိမ် ပြန်လာနိုင်တော့မည် မဟုတ်ကြောင်းကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာလေလေပင်။

နှမြောတသဖြစ်မှုနှင့် မခွဲခွာနိုင်သော ခံစားချက်များ ရှိနေဆဲ ဖြစ်သော်လည်း ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုသည်လည်း တဖြည်းဖြည်း ပိုမို နက်ရှိုင်းလာခဲ့သည်။

ရှန်းလန်သည် ရုတ်တရက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လုမင်ယွိ၏ နားနားသို့ တိုးကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး မေးမြန်းလိုက်လေသည်။

လုမင်ယွိသည် ရှားရှားပါးပါးပင် အနည်းငယ် ရှက်ရွံ့သွားပြီး သူမကဲ့သို့ပင် ပါးပြင်များ နီမြန်းနေသော ရှန်းလန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ "ကိုယ်ဝန် ပထမ သုံးလမှာ အတူတူမနေသင့်ဘူးလေ။ ကလေးကို ထိခိုက်သွားမှာ စိုးရတယ်။ လရင့်လာတဲ့အခါကျမှ သတိထားပြီး နေရင်တော့ ကိစ္စမရှိပါဘူး"

ရှန်းလန်သည် အသံတိုးတိုးဖြင့် စကားအနည်းငယ် ထပ်မံပြောလိုက်ပြန်သည်။

လုမင်ယွိသည် 'ခစ်' ခနဲ အသံထွက်အောင် ရယ်မောလိုက်ပြီး လက်ဆန့်ကာ ရှန်းလန်၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။ နှစ်ယောက်စလုံးသည် လက်ထပ်ပြီးသား အမျိုးသမီးငယ်များ ဖြစ်နေကြပြီဖြစ်ရာ ယခင်ကထက်စာလျှင် စကားပြောဆိုရာတွင် ပိုပြီး ပွင့်လင်းရဲတင်းလာကြသည်။

အိပ်ဆောင်အတွင်းမှ တိုးတိုး တိတ်တိတ် ပြောဆိုနေကြသော စကားများကိုတော့ တစ်ခုချင်း အသေးစိတ် ဖော်ပြနေတော့မည် မဟုတ်ပေ။

...

အမှန်တကယ်တွင် ယောက်ျားတစ်ယောက်သည် ဖောက်ပြန်လိုစိတ် ရှိနေပါက မိန်းမဖြစ်သူ ကိုယ်ဝန်ရှိသည်အထိ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ အကယ်၍သာ စိတ်ရောကိုယ်ပါ သစ္စာစောင့်သိရန် ဆန္ဒရှိနေပါက မည်မျှပင် များပြားသော အလှတရားများ မျက်စိရှေ့တွင် လာရောက် လှုပ်ယမ်းနေစေကာမူ အသုံးဝင်မည် မဟုတ်ချေ။

ထိုနေ့တွင် ညီလာခံ သိမ်းပြီးနောက် လီကျင့်သည် မယ်တော်ကြီးကျောက်၏ ခေါ်တော်မူခြင်းကို ခံရသဖြင့် ရှို့နဉ်နန်းဆောင်သို့ သွားရောက်ခဲ့ရသည်။

မယ်တော်ကြီးကျောက်သည် ချစ်ခင်ကြင်နာစွာ ဂရုစိုက်သော မျက်နှာထားဖြင့် လုမင်ယွိ၏ အခြေအနေကို မေးမြန်းလေသည်။

မယ်တော်ကြီးကျောက်သည် အကြိမ်အနည်းငယ် တိတ်တဆိတ် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ပြီးနောက် ပညာဉာဏ်များစွာ တိုးပွားလာခဲ့သည်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ အပေါ်ယံ ဟန်ဆောင်မှုပညာသည် တဖြည်းဖြည်း ပိုမိုကောင်းမွန်လာခဲ့သည်။

အကြောင်းစုံကို မသိသောသူများသာ မြင်ပါက မယ်တော်ကြီးကျောက်သည် မြေးချွေးမတော်ကို သည်လောက်အထိ ချစ်ခင်ကြင်နာနေသည်ဟု ထင်မှတ်သွားနိုင်ဖွယ် ရှိလေသည်။

လီကျင့်က ရယ်မောရင်း တစ်ခုချင်း ပြန်လည်ဖြေကြားလိုက်၏။ "အဘွားတော်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ရှောင်ယွိက ကိုယ်ဝန်ဆောင်လက္ခဏာ သိပ်မပြပါဘူး။ ဒါပေမဲ့ အစားအသောက် စားချင်စိတ်ကတော့ တော်တော်လေး ထူးဆန်းနေတယ်။ နေ့တိုင်း ချဉ်၊ ချို၊ စပ်၊ ငန် အရသာစုံအောင် စားချင်ပြီး စားတဲ့အရာတွေကလည်း တစ်နေ့နဲ့တစ်နေ့ မထပ်ဘူး ဖြစ်နေတယ်။ ဒီလဝက်ကျော်မှာ ရှောင်ယွိရဲ့ မျက်နှာသွေးရောင်က အရင်ကထက်တောင် ပိုကောင်းလာပြီး လူလည်း နည်းနည်း ပြည့်လာတယ်"

မယ်တော်ကြီးကျောက်က ရယ်မောလိုက်၏။ "ဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ အိုက်ကျားလည်း စိတ်အေးရတာပေါ့။ ဒါပေမဲ့ လုရှီက ဘာပဲပြောပြော မင်းသားကြင်ရာတော်တစ်ယောက်လေ။ မိဘအိမ်မှာ အမြဲတမ်း နေနေတာက သတင်းကြားလို့ မကောင်းဘူး။ မင်းသားအိမ်တော်ကို အစောဆုံး ပြန်ပြီး ကိုယ်ဝန်စောင့်ရှောက်တာကမှ သင့်တော်မှာ။ နန်းတော်ထဲမှာ ဆေးပညာကျွမ်းကျင်တဲ့ တော်ဝင်သမားတော်တွေ ဒီလောက်များတာ။ အိုက်ကျားက အတော်ဆုံး နှစ်ယောက်ကို ရွေးပြီး ပို့ပေးလိုက်မယ်"

လီကျင့်က ပြုံးရင်း ဖြေလေသည်။ "အဘွားတော် ပြောတာ မှန်ပါတယ်။ ကျွန်တော်နဲ့ ရှောင်ယွိ တိုင်ပင်ပြီးပါပြီ။ ရှောင်ယွိ ကိုယ်ဝန် သုံးလပြည့်လို့ ဒီကိုယ်ဝန် တည်ငြိမ်သွားပြီဆိုရင် မင်းသားအိမ်တော်ကို ပြန်ပါ့မယ်"

မယ်တော်ကြီးကျောက်သည် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း တစ်စုံတစ်ရာ ထပ်မပြောတော့ဘဲ မြေးဖြစ်သူကိုသာ ဂရုစိုက်သောဟန်ဖြင့် ဆိုလိုက်သည်။ "လုရှီက ကိုယ်ဝန်ရှိနေတော့ စိတ်အေးလက်အေး ကိုယ်ဝန်ကို စောင့်ရှောက်ရမှာပေါ့။ မက်းရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကိုလည်း ဂရုစိုက်ပေးမယ့်သူ တစ်ယောက်ယောက်တော့ ရှိရမှာပဲ။ အိုက်ကျားက မင်းအတွက် နူးညံ့သိမ်မွေ့ပြီး သဘောကျစရာကောင်းတဲ့ နန်းတွင်းသူ နှစ်ယောက်ကို ရွေးထားပေးတယ်။ မင်း ဒီနေ့ပဲ သူတို့ကို ခေါ်သွားလိုက်တော့"

...

အပိုင်း (၂၁၅) စိတ်အနှောက်အယှက်ဖြစ်စေခြင်း (၁)

မယ်တော်ကြီးကျောက်က စကားဆုံးသည်နှင့် အမိန့်ချမှတ်လိုက်လေသည်။

မကြာမှီမှာပင် ၁၆ ၁၇နှစ်အရွယ် နန်းတွင်းအပျိုတော်နှစ်ယောက်သည် လီကျင့်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

ထိုနန်းတွင်း အပျိုတော်နှစ်ယောက်စလုံးမှာ ရုပ်ရည်ချောမောလှပြီး ကိုယ်လုံးကိုယ်ပေါက် သွယ်လျကြလေသည်။ တစ်ယောက်က တည်ငြိမ်အေးဆေးပြီး နူးညံ့သိမ်မွေ့ဟန်ရှိပြီး နောက်တစ်ယောက်ကတော့ မျက်ခုံးမျက်လုံးများကြားတွင် သွက်လက်ထက်မြက်ဟန်ရှိနေ၏။ ဤသည်မှာ လီကျင့်အကြိုက်ကို အတိအကျသိရှိကာ အထူးတလည် ရွေးချယ်ထားခြင်းဖြစ်သည်မှာ ထင်ရှားလေသည်။

ဂါရဝပြုချိန်တွင် နန်းတော်အပျိုတော်နှစ်ယောက်စလုံးသည် ရွှန်းလဲ့နေသည့် မျက်လုံးများဖြင့် ချောမောခံ့ညားသည့် ဒုတိယမင်းသားကို တစ်ချက်ခိုးကြည့်လိုက်ကြလေသည်။

နန်းတွင်းအပျိုတော်တစ်ယောက်အနေဖြင့် မင်းသားများထံက ချီးမြှင့်ခံရခြင်းသည် အလွန်တရာ ကြီးမားလှသည့် မျက်နှာသာပေးခြင်းတစ်ခုပင်။ အပျိုတော်ယန်ကိုသာ ကြည့်ပါလေ။ ခဏလောက် ခစားပြီးနောက် ကိုယ်ဝန်ရရှိခဲ့ကာ သားသမီး မွေးဖွားပြီးသည်နှင့် ကြင်ရာတော်ငယ်အဖြစ် တိုးမြှင့်ခံရမည် မဟုတ်ပါလား။

အပျိုတော်ယန်၏ ရှေ့က နမူနာရှိခဲ့သဖြင့် မယ်တော်ကြီးကျောက်က ဒုတိယမင်းသားအတွက် နန်းတွင်းသူများ ရွေးချယ်ပေးမည်ဟု အနည်းငယ် အရိပ်အမြွက် ပြောလိုက်သည်နှင့် ရှို့နဥ်နန်းဆောင်ရှိ နန်းတွင်းအပျိုတော်များအားလုံးသည် စိတ်အားထက်သန်စွာ တက်ကြွလို့နေလေသည်။

နန်းတွင်းအပျိုတော်များထဲက ထူးချွန်စွာ ရွေးချယ်ခံရသည့်အတွက် သူတို့နှစ်ယောက်စလုံးသည် ရုပ်ရည်ချောမောလှပမှုတွင် ထူးကဲနေသူများဖြစ်သည်ကလဲ သဘာဝကျလေသည်။

ဟုတ်နေပါပြီ။ ဒီနည်းလမ်းကို သုံးလိုက်တာပဲ။

လီကျင့်၏ မျက်နှာထားသည် မပြောင်းမလဲ ရှိနေသော်ငြားလည်း စိတ်ထဲတွင်တော့ အေးစက်စွာ ပြုံးလိုက်၏။

လုမင်ယွိ၏ ကျန်းမာရေးကို အမှန်တကယ် ဂရုစိုက်သော ချောင်မိဖုရားခေါင်သည် ကိုယ်လုပ်တော်များ ထားရှိခြင်းကိစ္စကို လုံးဝစကားမစခဲ့ချေ။ မယ်တော်ကြီးကျောက်သာလျှင် စကားနည်းနည်းလေးပင် မပြောရသေးခင် အလျင်စလိုပင် မရိုးသားသည့် အကြံအစည်များ ဖော်ပြလာခဲ့သည်။

ဒါက နန်းတွင်းအပျိုတော်နှစ်ယောက်ကို အသုံးချပြီး လုမင်ယွိကို စိတ်အနှောက်အယှက်ဖြစ်စေရန် ကြံရွယ်နေခြင်းပင်။ သူတို့လင်မယားကြားက သဘောထားကွဲလွဲကာ မသင့်မမြတ် ဖြစ်စေဖို့ရန် ရည်ရွယ်နေခြင်းပင်။

လီကျင့်သည် ချောမောလှပသည့် နန်းတွင်းအပျိုတော်နှစ်ယောက်ကို မကြည့်ဘဲ မယ်တော်ကြီးကျောက်ကိုသာ ရိုရိုသေသေ လေသံဖြင့် လျှောက်တင်လိုက်၏။ "အဘွားတော်ရဲ့ စေတနာကို မြေးတော် မငြင်းဆန်သင့်ပါဘူး။ ဒါပေမဲ့ သာ့ကောနဲ့ သာ့စောင်တို့ရဲ့ နမူနာကလဲ ရှေ့မှာရှိနေမှတော့ မြေးတော်က သိသိကြီးနဲ့ အမှားထပ်ကျူးလွန်လို့ ဘယ်ဖြစ်မလဲ"

ပထမမင်းသားကြင်ရာတော်အကြောင်း ပြောမိသည်နှင့် မယ်တော်ကြီးကျောက်၏ အပြုံးသည် ခဏတာ ရပ်တန့်သွားလေတော့သည်။

ပထမမင်းသားကြင်ရာတော် လျန်ရှီသည် စိတ်နှလုံးငြိုးငယ်ပူဆွေးမှုကြောင့် ကိုယ်ဝန်ပျက်ကျရခြင်းမှာ မုန့်ကွေ့ဖေး ချီးမြှင့်ခဲ့သည့် နန်းတွင်းအပျိုတော် နှစ်ယောက်နှင့် မသက်ဆိုင်ဘဲတော့ မနေချေ။ ယောက္ခမနှင့် ချွေးမနှစ်ယောက်ကြားက အထုံးအဖွဲ့သည် တနေ့တခြား ပိုပိုပြီးနက်ရှိုင်းလာခဲ့၏။

မယ်တော်ကြီးကျောက်သည် မိမိကိုယ်တိုင် ဒီလိုဆိုးသွမ်းသည့် အကြံအဉာဏ် ရှိနေသည်ကို လုံးဝန်ခံလိမ့်မည် မဟုတ်ပေ။ မြန်မြန်ဆန်ဆန်ပင် ရယ်မောကာ ပြောလိုက်တော့သည်။ "လုရှီက ငယ်ငယ်ကတည်းက သိုင်းပညာလေ့ကျင့်ခဲ့တော့ ကျန်းမာရေး ကောင်းမွန်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဘာလက္ခဏာမှ မပြဘူးဆိုတာ သူ့ကျန်းမာရေးက တော်တော်ကောင်းတယ်ဆိုတာ ... "

"မြေးတော်ကတော့ နည်းနည်းလေးတောင် မစွန့်စားကြည့်ချင်ပါဘူး" လီကျင့်၏ အမူအယာသည် နူးညံ့နေသော်ငြားလည်း ပြတ်သားလို့နေ၏။ "မြေးတော်ရဲ့စိတ်ထဲမှာ ဘယ်အရာကမှ ဇနီးနဲ့ကလေးထက် အရေးမကြီးပါဘူး"

မြေးဖြစ်သူ၏ လူပုံအလယ်တွင် ပြန်လည်ချေပခြင်းကို ခံလိုက်ရသဖြင့် မယ်တော်ကြီးကျောက်သည် မျက်နှာထားစရာမရှိတော့ဘဲ ရယ်မောနိုင်စွမ်းလဲ မရှိတော့ချေ။ "မင်း အခုပြောတဲ့စကားက ဘာ အဓိပ္ပါယ် လဲ။ အိုက်ကျားက မင်းကိုသနားလို့ မင်းရဲ့ နေရေးထိုင်ရေး စားသောက်ရေးကို ပြုစုစောင့်ရှောက်ဖို့ နူးညံ့သိမ်မွေ့တဲ့ နန်းတွင်းသူနှစ်ယောက်ကို အထူးတလည် ရှာဖွေပေးခဲ့တာလေ။ မင်းပါးစပ်ထဲ ရောက်သွားမှပဲ ဘယ်လိုဖြစ်ပြီး မရိုးသားတဲ့အကြံအစည် ဖြစ်သွားရတာလဲ"

လီကျင့်သည် မော့ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသည့် မျက်နှာထားနှင့် မယ်တော်ကြီးကျောက်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "အဘွားတော်ရဲ့ စေတနာကို မြေးတော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီနန်းတွင်းသူနှစ်ယောက်ကိုတော့ မြေးတော် လက်ခံပြီးခေါ်သွားလို့ မဖြစ်ပါဘူး"

မယ်တော်ကြီးကျောက် "..."

မယ်တော်ကြီးကျောက်သည် စိတ်ထဲတွင် မရိုးမယွ ဖြစ်သွားသော်ငြားလည်း ထိုနေရာတွင်ပင် ဒေါသထွက်မပြနိုင်ဘဲ ရယ်မောကာ ပြောလိုက်တော့၏။ "တော်ပါပြီ။ မင်းမလိုချင်ဘူးဆိုရင်လည်း အိုက်ကျားက မင်းကို အတင်းအကြပ် လက်ခံခိုင်းလို့မှမရတာ"

အကြည့်တစ်ချက် လွှဲလိုက်သည်တွင် ထိုနန်းတွင်းအပျိုတော် နှစ်ယောက်သည်လဲ တုန်တုန်ရီရီဖြင့် ဆုတ်ခွာသွားကြလေတော့သည်။

မယ်တော်ကြီးကျောက်က စကားဆက်ပြောရန် စိတ်မပါတော့သဖြင့် ရောက်တတ်ရာရာ စကားနည်းနည်းပါးပါး ပြောဆိုလိုက်ပြီး လီကျင့်ကို ပြန်လွှတ်လိုက်တော့သည်။

...

လီကျင့်သည် ရှို့နဥ်နန်းဆောင်က ထွက်လာပြီးနောက် စိတ်ထဲက မကျေမနပ်ခံစားချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်လေတော့သည်။

မယ်တော်ကြီးကျောက်သည် ဘက်လိုက်တတ်ပြီး အသိဉာဏ် မရှင်းလင်းသော်လည်း သွေးသားအရင်းအချာဖြစ်သည့် အဘွားတော် ဖြစ်လေသည်။ ရာထူးအဆင့်အတန်း အမြင့်ဆုံး၊ မျိုးရိုးအားဖြင့် အကြီးဆုံးဖြစ်သည့် မိဘဘိုးဘွားတို့အပေါ် သိတတ်ရိုသေရမည့် ကျင့်ဝတ်ကြောင့် သူ့စိတ်ထဲတွင် မည်မျှပင် ဒေါသထွက်မိသော်ငြား မျက်နှာချင်းဆိုင် ပြဿနာရှာလို့လဲ မဖြစ်ချေ။

ကံကောင်းသည်မှာ ယနေ့ သူသည် မိမိ၏ သဘောထားကို ရှင်းလင်းစွာ ပြသခဲ့ပြီးဖြစ်၏။ မယ်တော်ကြီးကျောက်က ဒီလမ်းကြောင်းက အဆင်မပြေမှန်း သိသွားလျှင် ချုပ်တည်းသွားသင့်ပေသည်။

အဖြစ်မှန်က လီကျင့်သည် မယ်တော်ကြီးကျောက်ကို လျှော့တွက်ခဲ့မိခြင်းဖြစ်ကြောင်း သက်သေပြလို့နေသည်။

ထိုနေ့ညနေစောင်းတွင် လီကျင့်သည် လုအိမ်တော်သို့ ပြန်ရောက်လာသောအခါ တံခါးစောင့်အိမ်တော်ထိန်းက ထူးဆန်းသည့် မျက်လုံးများဖြင့် သူ့ကို ကြိုဆိုလို့နေ၏။

အိမ်တော်ထိန်းချုပ်ကြီး လုကျား၏ မျက်နှာထားသည်လဲ သိပ်မကောင်းလှဘဲ အသံကလဲ အနည်းငယ် ခက်ထန်မာကျောကာ မကျေနပ်မှုကို ဖော်ပြလို့နေသည်။ "အရှင်မင်းသား ဒီနေ့နန်းတော်ထဲကနေ နန်းတွင်းသူနှစ်ယောက် ချီးမြှင့်လိုက်ပါတယ်။ မယ်တော်ကြီးကျောက်ရဲ့ ရှို့နဥ်နန်းဆောင်က လူတွေလို့ပြောပါတယ်။ အရှင်မင်းသားရဲ့ နေရေးထိုင်ရေး စားသောက်ရေးတွေကို ပြုစုစောင့်ရှောက်ဖို့ပါတဲ့။ ဒီလိုဆိုမှတော့ ဒီနန်းတွင်းသူနှစ်ယောက်ကို အရှင်မင်းသားရဲ့ အိမ်တော်ကိုပဲ ပို့လိုက်တာ မကောင်းဘူးလား"

လီကျင့် "..."

လီကျင့်၏ စိတ်ထဲက ဒေါသမီးသည် ဟုန်းခနဲလောင်လာပြီး သူ့အမူအယာကလဲ တင်းမာသွားလေတော့သည်။

မယ်တော်ကြီးကျောက် ... သိပ်ဟုတ်နေပါလား။

သူသည် ရှင်းရှင်းလင်းလင်း ငြင်းဆန်ခဲ့ပြီးသာပင်။ မယ်တော်ကြီးကျောက်က လူများကို လုအိမ်တော်သို့ တိုက်ရိုက်ပို့ဆောင်လာခဲ့သည်တဲ့!

လုမင်ယွိသည် ကိုယ်ဝန်လွယ်ထားရလေသည်။ အကယ်၍များ ဒါသတကြီးဖြင့် လူများကို ပြန်ပို့လိုက်ပါက လူကြီးမိဘအပေါ် မရိုမသေ ပြုမူသည်ဟူသည့် နာမည်ဆိုး ထွက်ပေါ်လာပေတော့မည်။ ဒီအတိုင်းသာ နန်းတွင်းအပျိုတော်နှစ်ယောက်ကို လက်ခံထားလိုက်လျှင်လည်း လုမင်ယွိက ဒေါသမထွက်ဘဲ အဘယ်မှာနေပါမည်နည်း။

ဒါသည် သူတို့လင်မယားနှစ်ယောက်ကို စိတ်အနှောက်အယှက် ဖြစ်စေရန် တမင်တကာ ကြံရွယ်နေခြင်းပင်။

လုကျားသည် သိသိသာသာ အထင်အမြင်လွဲသွားလေသည်။ လီကျင့်က မိမိ၏ စိတ်အကြံအစည်ကို ထုတ်ဖော်ပြောဆိုခံလိုက်ရသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသည်ဟု ထင်မှတ်လိုက်ပြီး စိတ်ထဲမှပင် လေးပင်စွာဖြင့် နှာခေါင်းရှုံ့မိတော့၏။

လွန်လွန်းတယ်။

သခင်မလေးက ကိုယ်ဝန်နဲ့။ ကိုယ်ဝန်ကို ဂရုတစိုက် စောင့်ရှောက်နေရတဲ့အချိန် နန်းတော်ထဲကနေ ဒီလို ပေါ်ပေါ်ထင်ထင်ကြီး လူတွေကို ချီးမြှင့်လိုက်တယ်။ ဒါက သခင်မလေးကို တမင်တကာ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။ ဒီကိစ္စကို ဒုတိယမင်းသားက လုံးဝမသိဘဲနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သတင်းစကားလေးတစ်ခုတောင်မှ ကြိုပို့မလာဘူး။ ဒါက ဘာသဘောလဲ။

လုကျား၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေချိန်မှာပင် လီကျင့်ကလဲ လေးနက်သည့်အသံဖြင့် မေးမြန်းလာသည်ကို ကြားလိုက်ရ၏။ "ရှောင်ယွိ ဘယ်မှာလဲ။ ဟိုနန်းတွင်းသူ နှစ်ယောက်ရော"

လုကျားသည် ဘာအမူအယာမှမပြဘဲ ပြန်ဖြေလိုက်လေသည်။ "အာ့ဟွမ်စစ်ဖေးက အဆောင်ထဲမှာရှိပါတယ်။ ဟိုနန်းတွင်းသူနှစ်ယောက်က လုအိမ်တော်ကို လွန်ခဲ့တဲ့နာရီဝက်လောက်တုန်းက ရောက်လာတာပါ။ ကျွန်တော်မျိုးက သူတို့ကို အာ့ဟွမ်စစ်ဖေးရဲ့ အိပ်စက်မှုကို အနှောက်အယှက်မပေးချင်လို့ ဒီကိစ္စကို အာ့ဟွမ်စစ်ဖေးကို သတင်းမပို့လိုက်ပါဘူး။ လူတွေကို ဧည့်ဆောင်ကိုပဲ အရင်ပို့ထားလိုက်ပါတယ်။ အရှင်မင်းသားက သူတို့ကို တွေ့ချင်တယ်ဆိုရင် ကျွန်တော်မျိုး.အခုချက်ချင်းပဲ အရှင်မင်းသားကို လမ်းပြပေးပါ့မယ်"

လီကျင့်သည် လုကျားကို တစ်ချက်ကြည့်လိုက်လေသည်။ "ဒီကိစ္စကို ခင်များ လုပ်တာမှန်ပါတယ်။ ရှောင်ယွိကို အရင်ဆုံး မပြောပြသေးနဲ့။ နန်းတွင်းသူနှစ်ယောက်ကို ခေါ်လာခဲ့ပါ။ ကျွန်တော် သူတို့ကို နန်းတော်ကို ပြန်ပို့လိုက်မယ်"

လုကျားသည် ထိုစကားကို ကြားလိုက်ရချိန်တွင် စိတ်အခြေအနေ တော်တော်လေး ပြေလျော့သွားပြီး လေသံသည်လဲ ပျော့ပျောင်းသွားခဲ့သည်။ "မိုးချုပ်တော့မှာပဲ။ နန်းတော်တံခါးလဲ ပိတ်တော့မှာ။ အရှင်မင်းသားအနေနဲ့ မနက်ဖြန်ကြမှ ဒီနန်းတွင်းသူနှစ်ယောက်ကို ဖြေရှင်းလိုက်တာ ပိုကောင်းတယ် ထင်တယ်"

လီကျင့်ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "သူတို့ကို လုအိမ်တော်မှာ တစ်ညတောင် မအိပ်ခိုင်းနိုင်ဘူး။ မနက်ဖြန်မှ ဖြေရှင်းမယ်ဆိုရင်တော့ နောက်ကျသွားပြီ။ ထပ်မပြောနဲ့တော့။ ကျွန်တော်မှာတဲ့အတိုင်းသာ သွားလုပ်လိုက်ပါ"

ဒါမှ ယောက်ျားကောင်း။ ယောက်ျားပီသတာ!

ဒီလိုကိစ္စမျိုးကြုံလာရင် ကိုယ်တိုင်က ရှေ့ထွက်ပြီး ဇနီးဖြစ်သူကို ကာကွယ်ပေးထားရမှာပေါ့။

လုကျား၏ စိတ်အခြေအနေသည် တော်တော်လေး ပြေလျော့သွားပြီး ထပ်ပြီးမတိုက်တွန်းတော့ချေ။

လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်ကြာမြင့်ပြီးနောက်တွင် နန်းတွင်းအပျိုတော် နှစ်ယောက်ကို ခေါ်ဆောင်လာခဲ့လေသည်။

ချောမောလှပသည့် နန်းတွင်းအပျိုတော်နှစ်ယောက်သည် အစကတည်းက စိတ်ထဲတွင် တထိတ်ထိတ် ဖြစ်နေကြသည်တွင် ဒုတိယမင်းသား၏ အေးစက်သော မျက်နှာထားကို မြင်လိုက်ရသည့်အခါ နှလုံးသားထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး တပြိုင်တည်း ဒူးထောက်လိုက်ကြတော့၏။

သခင်များအချင်းချင်း အားပြိုင်နေကြချိန်တွင် သူတို့နှစ်ယောက်မှာတော့ မိမိကိုယ်တိုင် မပိုင်ဆိုင်သည့် စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးများသာ ဖြစ်တော့သည်။

လီကျင့်က သူတို့နှစ်ယောက်ကို အေးစက်စက် ဝေ့ကာ လှမ်းကြည့်လိုက်သည်။ "ချက်ချင်း မြင်းလှည်းပေါ်တက်။ ငါ မင်းတို့ကို နန်းတော်ထဲ ပြန်ပို့ပေးမယ်"

နန်းတွင်းအပျိုတော်နှစ်ယောက်၏ မျက်နှာများမှာ အရောင်ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာကာ တရစပ် ဦးခိုက်ကာ အသနားခံကြတော့သည်။ "မယ်တော်ကြီးကျောက်က အမိန့်တော် ရှိထားပါတယ်။ အရှင်မင်းသားနဲ့ အာ့ဟွမ်စစ်ဖေးတို့က ကျွန်မတို့ကို လက်မခံချင်ဘူးဆိုရင် ... ကျွန်မတို့တွေ ရှို့နဥ်နန်းဆောင်ကိုလဲ ပြန်လာစရာမလိုတော့ဘူးတဲ့"

"အရှင်မင်းသားက ကျွန်မတို့ကို နန်းတော်ကို ပြန်ပို့လိုက်ရင် ကျွန်မတို့မှာ အသက်ရှင်စရာ လမ်းမရှိတော့ပါဘူး"

"အရှင်မင်းသားကို တောင်းပန်ပါတယ်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ။ ကျွန်မတို့ကို ဒီမှာပဲထားခဲ့ပါ။ ကျွန်မတို့ အရှင်မင်းသားနဲ့ အာ့ဟွမ်စစ်ဖေးကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ပါ့မယ်။ မရိုးသားတဲ့စိတ် တစက်ကလေးမှ မထားရဲပါဘူး"

ချောမောလှပသည့် နန်းတွင်းအပျိုတော်နှစ်ယောက်သည် ငိုကြွေးရင်း ဦးခိုက်ကာ အသနားခံနေကြပြီး မျက်ရည်များ တသွင်သွင်စီးကျနေသည့် မြင်ကွင်းမှာ အလွန်သနားစရာ ကောင်းနေလေတော့သည်။

ဖြစ်ချင်တော့ သူတို့သည် မည်မျှပင် သနားစဖွယ် ငိုယိုပြနေသည်ဖြစ်စေ လီကျင့်ကတော့ မလှုပ်မရှားပင်။

လီကျင့်သည် ပုံမှန်အချိန်များတွင် နူးညံ့ပြီး ရယ်မောနေတတ်သူ ဖြစ်သော်ငြားလည်း ဒီလိုအချိန်တွင်တော့ ရေခဲတမျှ အေးစက်နေပြီး နည်းနည်းလေးမှပင် စိတ်လှုပ်ရှားဟန်မပြချေ။ "လာကြစမ်း။ သူတို့နှစ်ယောက်ကို မြင်းလှည်းပေါ်တင်ပေးလိုက်"

နန်းတွင်းသူနှစ်ယောက်သည် ဆွဲခေါ်ခြင်းခံလိုက်ရကာ မြင်းလှည်းပေါ်သို့ တက်သွားကြပြီး ငိုရှိုက်သံများကိုလည်း ရှင်းလင်းစွာကြားနေရ၏။

ထိုအချိန်မှာပင် ရင်းနှီးနေသည့် အသံတစ်ခုထွက်လာလေတော့သည်။ "ဒါက ဘာဖြစ်နေကြတာလဲ"

လုမင်ယွိပင်။

လီကျင့်၏ စိတ်ထဲတွင် တင်းကြပ်သွားပြီး လှည့်ကြည့်လိုက်လေသည်။ "ရှောင်ယွိ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

လုမင်ယွိ၏ အကြည့်သည် မိန်းကလေးများ၏ ငိုသံထွက်ပေါ်လာသည့် မြင်းလှည်းကို ဖြတ်ကျော်သွားပြီး လီကျင့်၏ တင်းမာကာ ဒေါသထွက်နေသော မျက်နှာပေါ်သို့ ကျရောက်လာခဲ့တော့သည်။

"ဘာဖြစ်ထားတာလဲ"

...

အပိုင်း (၂၁၆) စိတ်အနှောက်အယှက်ဖြစ်ခြင်း (၂)

ယခုအချိန်သည် ညနေစောင်းအချိန်ဖြစ်ပြီး ညနေခင်းတို့၏ ရောင်စုံတိမ်တိုက်များက ကောင်းကင်အနှံ့ ပြန့်နှံ့လို့နေသည်။

လုမင်ယွိ၏ အမူအယာသည် ဝေခွဲရခက်နေပြီး လီကျင့်ကို ကြည့်နေသည့် သူမ၏ အကြည့်တို့မှာ အချိန်တော်တော်ကြာအောင် မတွေ့ခဲ့ရသည့် ပြတ်သားမှုတို့ ပါဝင်လို့နေသည်။

လီကျင့်၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားတော့၏။ သူသည် လုမင်ယွိ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိနားလည်ထားပြီး ဒါက လုမင်ယွိ ဒေါသထွက်တော့မည့် ရှေ့ပြေးနမိတ်ပင်။ ယခင်ဘဝက လီဟောက်၏ သစ္စာဖောက်မှုသည် လုမင်ယွိ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမှတ်အသားတစ်ခု စွဲထင်စေခဲ့လေသည်။

လက်ထပ်ပြီး နှစ်လတာကာလအတွင်း သူသည် သူမ၏ နှလုံးသားတံခါးဆီသို့ တဖြည်းဖြည်းချင်း ချဥ်းကပ်နိုင်ခဲ့သည်။ ပြင်းပြလှသည့် ချစ်ခြင်းမေတ္တာနှင့် အနည်းငယ် အလှမ်းဝေးသေးသော်ငြား လင်မယားနှစ်ယောက်သည် သင့်မြတ်စွာ နေထိုင်ခဲ့ကြလေသည်။ တခါမှ စိတ်ဆိုးစိတ်ကောက်ခြင်းလဲ မရှိခဲ့ချေ။

ယခုတော့ ဒီနန်းတွင်းအပျိုတော်နှစ်ယောက်သည် သူ့ကို ရှင်းပြခွင့်မရအောင် ပြုလုပ်နေသည့် ပူလောင်သော အာလူးနှစ်လုံးလို ဖြစ်နေတော့၏။ လုမင်ယွိသာ ဒေါသမထွက်လျှင် ထိုအချက်ကမှ ထူးဆန်းစရာ ဖြစ်နေပေအုံးမည်။

လီကျင့်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ရှောင်ယွိ စိတ်မဆိုးသေးပါနဲ့။ ဒီနေ့ နန်းတော်ထဲမှာ အဘွားတော်က ကို့ကိုခေါ်ပြီး နန်းတွင်းအပျိုတော်နှစ်ယောက် ပေးသနားချင်တယ်လို့ ပြောတယ်။ ကို ပြတ်ပြတ်သားသား ငြင်းခဲ့ပါတယ်။ အဘွားတော်က လူတွေကို လုအိမ်တော်ဆီ တိုက်ရိုက်လွှတ်လိုက်မယ်လို့ တကယ်ထင်မထားခဲ့ဘူး"

လုကျားသည် အားလုံးအံ့အားသင့်သွားအောင်ပင် စကားဖြတ်ပြောလိုက်လေသည်။ "ဒီနန်းတွင်းအပျိုတော်နှစ်ယောက်က လုအိမ်တော်ကို လွန်ခဲ့တဲ့နာရီဝက်လောက်က ရောက်လာတာပါ။ ကျွန်တော်မျိုးက ဟွမ်စစ်ဖေးကို စိတ်အနှောက်အယှက် မဖြစ်စေချင်လို့ သူတို့ကို ဧည့်သည်ဆောင်မှာ နေရာချထားလိုက်ပါတယ်။ အရှင်မင်းသား အိမ်တော်ပြန်ရောက်လာတာနဲ့ ဒီကိစ္စကိုသိသွားပြီး သူတို့ကို နန်းတော်ထဲ ချက်ချင်းပြန်ပို့ဖို့ လုပ်နေတာပါ"

လီကျင့်သည် လုကျားကို ကျေးဇူးတင်သည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

တကယ်ထင်မထားဘူး။ အရေးကြီးတဲ့အချိန်ကြမှ လုကျားက သူ့ကို ဝင်ပြောကူပေးလိမ့်မယ်လို့လေ။

လုကျားကလဲ အရှင်မင်းသား စိတ်ချပါဟူသည့် အဓိပ္ပါယ် ဖြင့် ကြည့်ကာ ပြန်တုံ့ပြန်လေသည်။

သခင်မလေးက ဒေါသကြီးတာတော့ အမှန်ပဲ။ ဒေါသထွက်လွယ်ပြီး လက်ပါတာလဲ မြန်တယ်။ ဒါပေမဲ့ ဘယ်လိုမှ ကျိုးကြောင်းမသင့်တဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။

ထင်ထားသည့်အတိုင်းပင်။ လုမင်ယွိသည် အဖြစ်အပျက်အစအဆုံးကို ကြားသိသွားပြီးနောက်တွင် သူမ၏ မျက်ဝန်းထဲက ပြတ်သားမှုနှင့် အေးစက်မှုတို့သည် ပျောက်ကွယ်သွားပြီး အနည်းငယ် စိတ်တိုဒေါသထွက်နေသည့် အရိပ်အယောင်ကသာ အစားထိုး ဝင်ရောက်လာတော့၏။ သူမ၏ လေသံထဲတွင်လည်း လှောင်ပြောင်သရော်နေသည့်ဟန် ပေါ်လွင်လို့နေသည်။ "ကျွန်မက ကိုယ်ဝန်ရှိနေပြီဆိုတော့ အဘွားတော်က အရှင်မင်းသားကို ပြုစုဖို့ လူတွေ ချက်ချင်း ချီးမြှင့်လိုက်တာပဲ။ တကယ့်ကို ဂရုစိုက်တတ်တာပဲနော်"

လီကျင့်က ချက်ချင်း ရှေ့သို့တိုးလာကာ လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "မင်း ကောင်းကောင်းအနားယူပါ။ ဒီကိစ္စကို မသိသလိုဘဲနေလိုက်။ ကို အခုပဲ သူတို့ကို နန်းတော်ထဲပြန်ပို့လိုက်မယ်"

လုမင်ယွိ၏ မျက်ဝန်းများက တစ်ချက်လင်းလက်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "ဒါက ကျွန်မကို တမင်ပစ်မှတ်ထားနေတာပဲ။ ကျွန်မ ရှင်နဲ့အတူတူ နန်းတော်ကိုလိုက်ခဲ့မယ်"

လီကျင့်မှာ အထိတ်တလန့် ဖြစ်သွားပြီး မဆိုင်းမတွပင် ပြောလိုက်တော့သည်။ "မဖြစ်ဘူး! ဒီကိစ္စကို ကိုတစ်ယောက်တည်းပဲ ဖြေရှင်းရမယ်။ မင်းသာ မျက်နှာပြလိုက်ရင် မိဘဘိုးဘွားတွေကို ဆန့်ကျင်ပြီး မရိုသေတဲ့နာမည်ဆိုး ထွက်သွားလိမ့်မယ်"

လုမင်ယွိနှင့် လီကျင့်တို့နှစ်ယောက်လုံး မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ကြ၏။ "ရှင် သူတို့ကို နန်းတော်ထဲ ပြန်ပို့လိုက်ရင်လည်း အတူတူပဲလေ။ လူတွေအပြောခံရမှာပဲ"

လူကြီးမိဘက ပေးသနားသည့်အရာကို ငြင်းပယ်လို့မရချေ။ မြေးချွေးမတစ်ယောက်အနေဖြင့် မိဘက ချီးမြှင့်လိုက်သည့်လူကို နန်းတော်သို့ ပြန်ပို့လိုက်ခြင်းသည် နာမည်ဂုဏ်သတင်းအတွက် လုံးဝမကောင်းချေ။ လီကျင့်က ထိုသို့ပြုလုပ်လိုက်လျှင်လည်း မိဘကို မရိုသေရာရောက်ပေတော့မည်။

ပညာတတ်အရာရှိကြီးများ အားလုံးသည် မိဘဘိုးဘွားအပေါ် ရိုသေလေးစားမှုကို အလွန်အလေးထားကြလေသည်။ သူတို့သည် တရားဝင်ကြင်ရာတော်က မွေးဖွားသည့် မင်းသားဖြစ်သော လီကျင့်ကိုလဲ မွေးရာပါအတိုင်း ထောက်ခံကြ၏။ လီကျင့်အနေဖြင့် ထီးနန်းဆက်ခံခွင့်အတွက် ဖြောင့်ဖြောင့်တန်းတန်း ယှဥ်ပြိုင်လိုလျှင် မိဘဘိုးဘွားကို မရိုသေဟူသော နာမည်ဆိုးကို တွင်ခံလို့ မဖြစ်ချေ။

ထို့ကြောင့် မယ်တော်ကြီးကျောက်က ဒီလိုလှည့်ကွက်ကို သုံးလိုက်ခြင်းဖြစ်ရာ အလွန်ပင် ကောက်ကျစ်လှလေသည်။

ရုတ်တရက် လေပွေတစ်ချက်သည် ဖြတ်တိုက်လာပြီး စင်္ကြန်လမ်း တံစက်မြိတ်အောက်က မီးပုံးများက ဟိုဒီယိမ်းနွဲ့သွားတော့၏။ မတည်ငြိမ်နိုင်သော အလင်းရောင်တို့သည် လီကျင့်၏ ချောမောလှပသည့် မျက်နှာထက်သို့ ကျရောက်နေလေသည်။

လီကျင့်ကတော့ တစ်ခွန်းတည်းသာ ပြောလိုက်တော့၏။ "ကိုက ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန် နေထိုင်တာ။ လူတွေစကားကို မကြောက်ဘူး"

ထိုတိုတောင်းလှသည့် စကားသည် လေးပင်လှသည့် တူကြီးသဖွယ် ကျဆင်းလာခဲ့လေသည်။

လုမင်ယွိ၏ နှလုံးသားထဲတွင် တစ်ချက်လောက် တုန်လှုပ်သွားခဲ့၏။ ပြောစရာစကားများ များပြားစွာရှိသော်ငြား လည်ချောင်းဝသို့ ရောက်လာခဲ့ပြီးမှ စကားတစ်လုံးမှ ထွက်မလာခဲ့ချေ။

မြင်းလှည်းထဲက ချောမောလှသည့် နန်းတွင်းအပျိုတော်နှစ်ယောက်သည် လေသံတိုးတိုးဖြင့် ငိုရှိုက်နေကြဆဲပင်။ လုကျားနှင့် တခြားသူများက ဘေးကရပ်ကြည့်နေကြ၏။ လုမင်ယွိသည် သူမ၏ ရှုပ်ထွေးလှသည့် ခံစားချက်ကို မျိုသိပ်ထားလိုက်ပြီး ခေါင်းညိမ့်လိုက်တော့သည်။ "ကောင်းပြီလေ။ ကျွန်မ ရှင် ပြောသလိုလုပ်မယ်။ ဒီကိစ္စကို ရှင်ပဲ ဖြေရှင်းလိုက်ပါ။ ကျွန်မ မသိသလိုပဲနေပါ့မယ်"

လီကျင့်၏ အနည်းငယ် တင်းမာနေသော မျက်မှောင်သည် ချက်ချင်းဆိုသလို ပြေလျော့သွားတော့၏။

သူက လုမင်ယွိကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ လက်ကိုလွှတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် မြင်းပေါ်သို့ တက်သွားတော့သည်။ အမိန့်တစ်ချက်တွင် စစ်သည်များသည် ရှေ့ကလမ်းဖွင့်ပေးကာ လုအိမ်တော်၏ မြင်းသည်လည်း မြန်မြန်ဆန်ဆန် ထွက်ခွာသွားလေတော့သည်။

လုမင်ယွိသည် ပင်မတံခါးဝတွင် မတ်တပ်ရပ်ရင်း ထွက်ခွာသွားသည့်လူတစ်စုကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိ၏။

လုကျားက ချောင်းတစ်ချက်ဟန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဟွမ်စစ်ဖေး အိမ်တော်ထဲကိုဝင်ပြီး အနားယူပါတော့။ ဒီကိစ္စကို အရှင်မင်းသားက ဟွမ်စစ်ဖေးကို မပါဝင်စေချင်တာကလဲ အရှင်မင်းသားရဲ့ စေတနာနဲ့ဂရုစိုက်မှုပါပဲ"

လုမင်ယွိသည် သတိပြန်ဝင်လာပြီး လုကျားကို ပြုံးကာ တစ်ချက်ကြည့်လိုက်လေသည်။ "ဒီလောက် မြန်မြန်ပဲ သူ့ဖက်ပါသွားတာလား။ ပါးစပ်လေးဖွင့်လိုက်တာနဲ့ သူ့အတွက်ချည်းပဲ ပြောပေးနေတော့တာပဲ"

လုကျားသည် လုမင်ယွိ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သူဖြစ်ပြီး လုမင်ယွိ၏ စိတ်ထဲတွင် သူသည် လူကြီးတစ်ပိုင်းသဖွယ် ဖြစ်လေသည်။

လုကျားက လုမင်ယွိကို စကားပြောသည့်အခါ ထိုမျှလောက် တင်းတင်းကျပ်ကျပ် နေလေ့မရှိချေ။ ထိုစကားကို ကြားလိုက်ရသည်တွင် သူကလဲ ပြုံးလိုက်ပြီး ပြောလိုက်တော့သည်။ "အရှင်မင်းသားက သခင်မလေးအပေါ် တကယ်ကောင်းတာကို ကျွန်တော်မျိုး မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့တာပါ။ ဒါက အရှင်မင်းသားအတွက် စကားပြောပေးတာ မဟုတ်ပါဘူး"

ဟုတ်သားပဲလေ။

လူတစ်ယောက်က ကိုယ့်ကို တကယ်ဂရုစိုက်လား ဂရုမစိုက်ဘူးလားဆိုတာ သူ ဘာပြောလဲ နားထောင်စရာမှ မလိုတာ။ သူ ဘာလုပ်တယ်ဆိုတာကိုပဲ ကြည့်နေရင် သိနိုင်တာပဲလေ။

ကိုယ့်ကို တစ်ကယ် တန်ဖိုးထားတဲ့လူက ကိုယ့်ကို ရှေ့တန်းစစ်မျက်နှာကို တွန်းမလွှတ်ဘူး။ ကိုယ့်မှာ တိုက်ခိုက်ရေးစွမ်းရည် သာလွန်နေမှန်း သိသိကြီးနဲ့တောင် ကိုယ့်ကို အလွယ်တကူ ကွဲရှနိုင်တဲ့ ကြွေထည်ပစ္စည်းလေး တစ်ခုလိုမျိုးသဘောထားပြီး သူ့အနောက်မှာ ကာကွယ်ထားပေးလိမ့်မယ်။

လုမင်ယွိသည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်လေသည်။ "အရှင်မင်းသားက တကယ်ပဲ ခင်ပွန်းကောင်းတစ်ယောက်ပါ။ သူ့ကို လက်ထပ်ရတာက ကျွန်မရဲ့ ကံကောင်းခြင်းပါပဲ"

...

လုမင်ယွိက ခြံဝန်းထဲသို့ပြန်သွားပြီး သိပ်မကြာခင်မှာပင် ရှန်းလန် ရောက်လာခဲ့လေသည်။

ရှန်းလန်၏ ဝမ်းဗိုက်သည် အနည်းငယ် ပူနေပြီဖြစ်ပြီး ခပ်စူစူလေးဖြစ်နေ၏။ လမ်းလျှောက်ပုံကလဲ ယခင်နေ့များထက် ပိုမိုနှေးကွေးနေကာ သတိထားနေရ၏။ "ရှောင်ယွိ မယ်တော်ကြီးက အရှင်မင်းသားကို နန်းတွင်းအပျိုတော်နှစ်ယောက် ချီးမြှင့်လိုက်တယ်။ အရှင်မင်းသားက သူတို့ကို နန်းတော်ထဲ ပြန်ပို့လိုက်တယ်လို့ကြားတယ် ဟုတ်လား"

လုမင်ယွိကလဲ ခေါင်းညိမ့်ပြလိုက်သည်။

ရှန်းလန်လို စိတ်ထားကောင်းသူကပင် ဒေါသချောင်းချောင်း ထွက်သွားရတော့၏။ "နင်က ကိုယ်ဝန်လွယ်ထားရတာ။ စိတ်ကို အေးအေးချမ်းချမ်းထားပြီး ကိုယ်ဝန်ကို ဂရုစိုက်ရမှာ။ မယ်တော်ကြီးက ဂရုမစိုက်တဲ့အပြင် တမင်သက်သက် နန်းတွင်းအပျိုတော်နှစ်ယောက်ကို ပို့လိုက်သေးတယ်။ ဒါက တကယ်လွန်လွန်းတာပဲ!"

လုမင်ယွိ၏ မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။ "မယ်တော်ကြီးက ငါ့ကို စိတ်အနှောက်အယှက် ဖြစ်စေချင်တာ။ ဒီကိစ္စကို အသုံးချပြီး ငါတို့လင်မယားကြား သွေးခွဲချင်တာ။ အကောင်းဆုံးကတော့ ငါ့ကိုယ်ဝန်ပျက်ကျသွားရင် သူ့စိတ်ထဲ ကျေနပ်သွားမှာ"

ဒီလိုလူကြီးကို တစ်ခါမှ မတွေ့ဖူးဘူး!

ရှန်းလန်သည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိလေတော့သည်။

သို့သော်ငြား ဒီလူက သာ့ဝေတိုင်းပြည်၏ မယ်တော်ကြီးဖြစ်ပြီး လီကျင့်၏ အဘွားအရင်း ဖြစ်နေသည်။ မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ ကြမ်းကြမ်းတမ်းတမ်း စကားလုံးများကို ပေါ့ပေါ့ဆဆ ပြောဆိုလို့လည်း မဖြစ်ချေ။

ရှန်းလန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ "တော်သေးတာပေါ့။ အရှင်မင်းသားက နင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေလို့။ သူကိုယ်တိုင်က အပျိုတော်တွေကို ပြန်ပို့လိုက်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်သွားတော့ မြေးဘွားနှစ်ယောက် စိတ်မကြည်မလင် ဖြစ်ကြတော့မှာ သေချာတယ်။ ဒီသတင်းပြန့်သွားရင် အရှင်မင်းသားရဲ့ နာမည်ဂုဏ်သတင်းအတွက်လည်း မကောင်းတော့ဘူး"

လုမင်ယွိကလဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ .မယ်တော်ကြီးက ဘက်လိုက်ပြီး အသိဉာဏ်မဲ့တာ လူတိုင်းသိတာပဲ။ ဒီကိစ္စပြန့်သွားရင် အရှင်မင်းသားရဲ့နာမည်အတွက် မကောင်းဘူးဆိုပေမဲ့လည်း မယ်တော်ကြီးရဲ့ နာမည်ကရော ဘယ်လောက်များ ကောင်းသွားမှာမလို့လဲ"

ထိုစကားကလဲ အမှန်ပင်။

ရှန်းလန်သည် ထပ်ပြီးမစဥ်းစားတော့ဘဲ လုမင်ယွိကို လေသံတိုးတိုးဖြင့် မှာလိုက်တော့၏။ "ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စအတွက်နဲ့တာ့ စိတ်မဆိုးပါနဲ့"

လုမင်ယွိကလဲ ပြုံးကာ ခပ်တိုးတိုး အင်းဟုပြောလိုက်တော့သည်။

...

နာရီဝက်ခန့်ကြာမြင့်ပြီးနောက်

ဝမ်ဟွားနန်းဆောင်ထဲတွင် ယုံးကျားဧကရာဇ်သည် တော်ဝင်လျှောက်တင်လွှာများကို ကြည့်ရှုစစ်ဆေးနေလေသည်။ မင်းဆက်အသစ် တည်ထောင်ထားသည်မှာ မကြာသေးသဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များသည် ရှုပ်ထွေးပွေလီလှ၏။ ယုံးကျားဧကရာဇ်က သက်လတ်ပိုင်းအရွယ် အင်းအားအပြည့်ဝဆုံး အချိန်ဖြစ်သော်ငြားလည်း ညဦးပိုင်း သန်းခေါင်အချိန်အထိ တော်ဝင်လျှောက်တင်လွှာများကို စစ်ဆေးနေရဆဲပင်။

လျိုကုန်းကုန်းသည် တိတ်တဆိတ် ဝင်ရောက်လာပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒုတိယမင်းသားက အပြင်မှာ အခစားဝင်ခွင့် တောင်းနေပါတယ်"

ယုံးကျားဧကရာဇ်သည် အနည်းငယ် အံ့သြသွားပြီး သူ၏ စုတ်တံကို ရပ်ထားလိုက်ကာ လျိုကုန်းကုန်းကို မော့ကြည့်လိုက်တော့သည်။ "သူ့နန်းတော်ကနေ လုအိမ်တော်ကို ပြန်သွားတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရုတ်တရက် နန်းတော်ထဲ ပြန်ဝင်လာတာလဲ"

လျိုကုန်းကုန်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်လျှောက်တင်လေသည်။ "ဒုတိယမင်းသားတစ်ယောက်တည်း မဟုတ်ပါဘူး။ နန်းတွင်းအပျိုတော် နှစ်ယောက်ကိုလဲ ခေါ်လာပါတယ်"

ယုံးကျားဧကရာဇ် "..."

အကြောင်းမရှိဘဲနဲ့ နန်းတွင်းအပျိုတော်တွေကို ဝမ်ဟွားခန်းမဆောင်ထဲကို ခေါ်လာတာ ဘာသဘောလဲ။

ယုံးကျားဧကရာဇ်၏ စိတ်တို့သည် လျင်လျင်မြန်မြန် လည်ပတ်သွားပြီး မကောင်းသည့် ခန့်မှန်းချက်တစ်ခုကို တွေးလိုက်မိကာ ခပ်လေးလေးလေသံဖြင့် ပြောလိုက်တော့သည်။ "သူ့ကို ဝင်ခိုင်းလိုက်"

ခဏအကြာတွင်တော့ ဒုတိယမင်းသား လီကျင့်သည် ပင်မဆောင်ထဲသို့ ခြေလှမ်းကြဲများဖြင့် ဝင်လာခဲ့တော့သည်။

မျက်လုံးများနီရဲကာ မျက်နှာပြင်ပေါ်တွင်လည်း မျက်ရည်စများအပြည့် ဖြစ်နေသည့် ချောမောလှပသော နန်းတွင်းအပျိုတော်နှစ်ယောက်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခန်းမဆောင်ထဲသို့ အတူတကွ ဝင်ရောက်လာကြလေသည်။ ဒူးထောက်ချလိုက်ပြီးနောက်တွင်တော့ ခေါင်းပင်မဖော်ဝံ့ကြတော့ချေ။

"သားတော် ဖုဟွမ်ကို ဂါရဝပြုပါတယ်"

လီကျင့်သည်လဲ ဒူးထောက်ချလိုက်၏။ "ဖုဟွမ် သားတော် ဒီလောက်ညဥ့်နက်နေမှ နန်းတော်ထဲဝင်လာတာက ဖုဟွမ်ကို သားတော်အတွက် ထောက်ခံဖို့ တောင်းဆိုချင်လို့ပါ!"

ယုံးကျားဧကရာဇ် "..."

...

All Chapters