← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အပိုင်း (၂၁၇) လူမိုက် (၁)

ဝမ်ဟွာခန်းမဆောင်ထဲတွင် ဖယောင်းတိုင်မီးများ ထိန်လင်းလျက် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေလေသည်။

ယုံးကျားဧကရာဇ်၏ ရှေ့မှောက်တွင် ဒူးထောက်နေသော လီကျင့်၏ ချောမောသော မျက်နှာထက်တွင် ဖုံးကွယ်ထားသည့် ဒေါသနှင့် မတရားခံစားရသည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။ "... ကျွန်တော် ရှောင်ယွိကို လက်ထပ်ပြီးတဲ့နောက်မှာ လင်မယားနှစ်ယောက် ချစ်ခင်ကြင်နာပြီး သံယောဇဉ်လည်း ပိုခိုင်မြဲလာပါတယ်။ ရှောင်ယွိက အိမ်တော်ကို ဝင်လာတာနဲ့ ကိုယ်ဝန်ရှိလာတော့ ကျွန်တော့်စိတ်ထဲမှာ ဘယ်သူ့ထက်မဆို ပိုပျော်မိတယ်"

"စည်းကျော်တဲ့ စကားတစ်ခွန်း ပြောရရင် ဒါက ဒုတိယမင်းသားအိမ်တော်ရဲ့ မင်္ဂလာသတင်းတင် မဟုတ်ဘဲ တော်ဝင်မိသားစုရဲ့ မင်္ဂလာသတင်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်က ဖုဟွမ်ရဲ့ တရားဝင်ကြင်ယာတော်ကမွေးတဲ့ သားတော်ပါ။ ရှောင်ယွိက သားလေးမွေးခဲ့ရင် တရားဝင် မြေးတော်တစ်ယောက် ဖြစ်လာမှာ။ သမီးလေးမွေးခဲ့ရင်လည်း ဂုဏ်သရေမြင့်မားတဲ့ တော်ဝင်မင်းသမီးလေးတစ်ပါး ဖြစ်လာမှာပဲ"

"ကျွန်တော် ဖုဟွမ်ကို ဘာမှ ဖုံးကွယ်မထားပါဘူး။ ရှောင်ယွိကို လုအိမ်တော်မှာ အနားယူစေတာက ကျွန်တော့်ရဲ့ အကြံဉာဏ်ပါ။ ဘာလို့လဲဆိုတော့ အိမ်တော်ထဲက လူတွေကို ကျွန်တော်ကိုယ်တိုင်တောင် ယုံကြည်စိတ်ချမှု မရှိလို့ပဲ"

"နန်းတော်ထဲမှာ လူတွေ ဒီလောက်များတာ။ ကျွန်တော်တို့ လင်မယားအတွက် စိတ်ရင်းမှန်နဲ့ ပျော်ရွှင်ပေးမယ့်သူဆိုလို့ ဖုဟွမ်နဲ့ မူဟုပ်ပဲ ရှိလောက်မယ် ထင်တယ်"

"ကျွန်တော်က အဘွားတော်လည်း မြစ်တော်လေးတွေ မွေးဖွားလာတာကို တွေ့ရရင် အရမ်းပျော်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ပထမဆုံး စိတ်အနှောင့်အယှက် လာပေးမယ့်သူက အဘွားတော် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဒီနေ့ အဘွားတော်က ကျွန်တော့်ကို ရှို့နဉ်နန်းတော်ကို ခေါ်ပြီး ကျွန်တော့်ရဲ့ နေထိုင်စားသောက်မှုကိစ္စတွေကို ပြုစုဖို့ နန်းတွင်းအပျိုတော် နှစ်ယောက် ချီးမြှင့်ချင်တယ်လို့ ပြောတယ်။ ကျွန်တော် ငြင်းဆန်ခဲ့ပြီးသားပါ။ ဒါပေမဲ့ ချက်ချင်းပဲ အဘွားတော်က လူတွေကို လုအိမ်တော်ဆီ ပို့လိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"အဘွားတော်က ကျွန်တော့်ကို တကယ်ပဲ ချစ်ခင်တယ်ဆိုရင် ဒီလိုအပြုအမူမျိုး လုံးဝ မလုပ်သင့်ပါဘူး။ သာ့စောင် ဘာကြောင့် ကိုယ်ဝန်ပျက်ကျသွားလဲဆိုတာ လူတိုင်း စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိကြပါတယ်။ အဘွားတော် ဒီလိုလုပ်တာက ရှောင်ယွိကို ဒေါသထွက်ပြီး ကိုယ်ဝန်ထိခိုက်စေချင်လို့လား။ သူလည်း ကိုယ်ဝန်ပျက်ကျသွားစေချင်လို့လား..."

"ပါးစပ်ပိတ်လိုက်!"

ယုံးကျားဧကရာဇ်သည် သည်းမခံနိုင်တော့ဘဲ လီကျင့်၏ စကားကို ဖြတ်တောက်လိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။ "မိုက်ရိုင်းတဲ့ကောင်! အဲဒါ မင်းရဲ့ အဘွားအရင်းနော်! မင်း ဒါ မိဘဘိုးဘွားကို ဆန့်ကျင်ပြီး မရိုမသေ လုပ်နေတာပဲ!"

လီကျင့်သည် ခါးကို မတ်မတ်ရပ်လိုက်ပြီး သူ၏ မျက်ဝန်းထဲမှ ဒေါသမီးသည် ယုံးကျားဧကရာဇ်ထက် မည်သို့မျှ မလျော့နည်းချေ။ "ဒါဆို ဖုဟွမ်ပဲ ကျွန်တော့်ကို သင်ပေးပါ။ ကျွန်တော် ဘယ်လိုလုပ်မှ အဘွားတော်အပေါ် ရိုသေရာ ရောက်မှာလဲ။ ကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးကို လျစ်လျူရှုပြီး ဒီအပျိုတော်နှစ်ယောက်ကို တိတ်တိတ်လေး လက်ခံလိုက်ရမှာလား။ အကောင်းဆုံးက စားပွဲပွဲ နှစ်ပွဲလောက် ခင်းကျင်းပြီး သူတို့ကို ရာထူးတိုးပေးလိုက်ရမှာလား"

ယုံးကျားဧကရာဇ်သည် ထိုစကားကြောင့် ရင်ဘတ်ထဲတွင် အောင့်သက်သက် ခံစားလိုက်ရသည်။

ဒီမိုက်ရိုင်းလိုက်တဲ့ သား!

ကိုယ့်အဖေအရင်းကို ဒီလို စကားပြောတဲ့သူ ရှိလို့လား!

ယုံးကျားဧကရာဇ်သည် လီကျင့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "စကားကို ကောင်းကောင်းပြော။ မဟုတ်ရင် ကျန်း မင်းကို ကြာပွတ်နဲ့ တစ်ခါလောက် ကောင်းကောင်း ဆုံးမပစ်မယ်!"

လီကျင့်သည် ခြေတစ်လှမ်းမှ နောက်မဆုတ်ဘဲ ခါးကို ပိုပြီး မတ်မတ်ရပ်လိုက်သည်။ "ဖုဟွမ်က အိမ်တော်စည်းကမ်းနဲ့ပဲ အပြစ်ပေးပေး။ သားတော်ကတော့ စိတ်ထဲရှိတဲ့ စကားတွေ အကုန်ထုတ်ပြောရမှာပဲ။ လူကြီးမိဘကို ရိုသေတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အမှားအမှန် မခွဲခြားဘဲ ရိုသေတာကတော့ မိုက်မဲတဲ့ ရိုသေမှုပဲ"

"ဒီအပျိုတော်နှစ်ယောက်ကို ကျွန်တော် ဒီနေ့ ခေါ်လာခဲ့ပြီ။ ကျွန်တော် ရှို့နဉ်နန်းတော်ကို မသွားတာက အဘွားတော်နဲ့ ရန်မဖြစ်ချင်လို့ပါ။ ဒါကြောင့် ကျွန်တော် အပျိုတော်တွေကို ဝမ်ဟွာခန်းမဆောင်ထဲ ပို့လိုက်တာ။ ဖုဟွမ် ဘယ်လိုပဲ အပြစ်ပေးပေး။ ဖုဟွမ် သဘောအတိုင်းပဲ။ ဘာပဲဖြစ်ဖြစ် ဖုဟွမ်က ကျွန်တော့်ကို ထောက်ခံပေးရမယ်!"

ယုံးကျားဧကရာဇ်: "..."

ယုံးကျားဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိလေသည်။ "မင်းက ကျန်းဆီ လာပြီး လူမိုက်လုပ်နေတာပဲ!"

လီကျင့်သည် အပြစ်ရှိသလို၊ အရှုံးပေးသလို အမူအရာ လုံးဝမရှိပေ။ "ဟုတ်တယ်။ သားတော် အခက်အခဲ ကြုံလာလို့ ဖုဟွမ်ဆီ မလာရင် တခြား ဘယ်သူ့ဆီ သွားရမှာလဲ"

ယုံးကျားဧကရာဇ်သည် လီကျင့်ကို စိုက်ကြည့်နေလေသည်။

လီကျင့်ကလည်း တည်ငြိမ်စွာပင် ပြန်လည် ကြည့်ရှုလိုက်သည်။

ဘေးက လျိုကုန်းကုန်းကတော့ စိတ်ထဲမှနေ၍ ဒုတိယမင်းသား အရှင်မင်းသားကို လက်မထောင်လိုက်မိသည်။

ဒုတိယမင်းသား အရှင်မင်းသားရဲ့ ဒီတစ်ကွက် ရွှေ့လိုက်တာက တကယ်ကို ပါးနပ်လွန်းတယ်။

မယ်တော်ကြီးကျောက်က အနောက်နန်းဆောင်မှာ ထင်တိုင်းကြဲပြီး အကျိုးအကြောင်း မခွဲခြားဘဲ ရမ်းကားနေနိုင်တာက ယုံးကျားဧကရာဇ်ဆီက ရတဲ့ သတ္တိတွေကြောင့်ပဲ။ မယ်တော်ကြီးကျောက်ကို တားဆီးနိုင်တဲ့ တစ်ဦးတည်းသောသူကလည်း ယုံးကျားဧကရာဇ်ပဲ ရှိတယ်။

ဒုတိယမင်းသား အရှင်မင်းသားက ဝမ်ဟွာခန်းမဆောင်ကို ကိုယ်တိုင်လာပြီး အကြောင်းစုံကို ရှင်းရှင်းလင်းလင်း ပြောပြတယ်။ ပြီးတော့ ဒီဒုက္ခပုံကြီးကိုလည်း ယုံးကျားဧကရာဇ်ရဲ့ ခေါင်းပေါ် ပုံချလိုက်တာပဲ။

အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့ အရှုပ်အထုပ်ကို ရှင်းပေးရမှာက ဖြစ်သင့်တာပဲလေ။

ယုံးကျားဧကရာဇ်က မျက်နှာတစ်ခုလုံး ဒေါသထွက်နေသလို မြင်ရပေမဲ့ တကယ်တမ်း ဒေါသအစစ်အမှန် ထွက်နေတာ မဟုတ်ဘူး။ မဟုတ်ရင် ကြာပွတ်က စောကြီးကတည်းက ထွက်လာလောက်ပြီ။

ထင်သည့်အတိုင်းပင်။ ခဏအကြာတွင် ယုံးကျားဧကရာဇ်က နှုတ်ဖွင့်ကာ ပြောလိုက်သည်။ "ညဉ့်နက်နေပြီ။ မင်း အရင်ဆုံး လုအိမ်တော်ကို ပြန်တော့။ လုရှီကို ကောင်းကောင်း ရှင်းပြပြီး နှစ်သိမ့်လိုက်။ နန်းတော်ထဲက ကိစ္စကိုတော့ ကျန်းဆီ ထားခဲ့လိုက်!"

လီကျင့်၏ မျက်မှောင်သည် ချက်ချင်း ပြေလျော့သွားသည်။ "ဖုဟွမ်ကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်သည် မတိုးမကျယ် ဟမ့် ခနဲ နှာခေါင်းရှုံ့လိုက်လေသည်။ "ကျန်းကို ကျေးဇူးတင်စရာ မလိုဘူး။ နောင်ဆို ဒုက္ခရှာတာ နည်းနည်း လျှော့တာကမှ ပိုကောင်းမယ်"

လီကျင့်ကတော့ သူ့ရည်ရွယ်ချက် ပြီးမြောက်သွားသဖြင့် စကားပြောသည်မှာ ပိုနူးညံ့သာယာသွားလေသည်။ "ဖုဟွမ် ပြောတာ မှန်ပါတယ်။ နောင်ဆို ကျွန်တော် အဘွားတော်နဲ့ ဖုဟွမ်ကို ကောင်းကောင်း ရိုသေပါ့မယ်"

အရင်တုန်းက တည်ကြည်ပြီး နှိမ့်ချတတ်ပေမဲ့ အခုတော့ ဘယ်လိုဖြစ်ပြီး ဒီလို လူမိုက်ဆန်ပြီး မျက်နှာပြောင်တိုက်တဲ့ ပုံစံမျိုး ဖြစ်လာရတာလဲ မသိဘူး။

ယုံးကျားဧကရာဇ်သည် သူ၏ နားထင်ကို နှိပ်နယ်လိုက်၏။ "သွားတော့ သွားတော့ သွားတော့! ကျန်းရဲ့ မျက်စိရှေ့က မြန်မြန် ထွက်သွား!"

လီကျင့်က ရိုသေသော အသံဖြင့် ပြန်ဖြေလိုက်၏။ "သားတော် အခုပဲ ထွက်သွားပါ့မယ်!"

ယုံးကျားဧကရာဇ်: "..."

လီကျင့်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး ချောမောလှပသော နန်းတွင်းအပျိုတော် နှစ်ယောက်ကို ဝမ်ဟွာခန်းမဆောင်ထဲတွင် ထားခဲ့ကာ မိမိဘာသာ ဖင်ခါပြီး ထွက်သွားလေတော့သည်။

ယုံးကျားဧကရာဇ်သည် ဒေါသကြောင့် ရယ်မောလိုက်မိပြန်ပြီး လျိုကုန်းကုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒီမိုက်ရိုင်းတဲ့ ကောင်။ မနှစ်ကတည်းက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာ။ မယားရပြီးတဲ့နောက်မှာ ပိုပြီးတောင် လူမိုက်ဆန်လာသေးတယ်"

သူ၏ လေသံထဲတွင် အဖေအရင်းတစ်ယောက်၏ မတတ်နိုင်သည့်ဟန်နှင့် မသိမသာ ပြုံးရယ်လိုသည့် အရိပ်အယောင်တို့ ပေါ်လွင်နေလေသည်။

ယခင်က လီကျင့်သည် သူ့အပေါ် နူးညံ့သိမ်မွေ့ပြီး ရိုသေလေးစားသဖြင့် သားအဖနှစ်ယောက်ကြားတွင် အနည်းငယ် တင်းကျပ်ပြီး စိမ်းကားမှု ရှိနေခဲ့သည်။ ယခုတော့ သားအဖနှစ်ယောက်သည် အခါအားလျော်စွာ အငြင်းပွားတတ်ကြသော်လည်း ယခင်ကထက် ပိုပြီး ရင်းနှီးလာခဲ့သည်။

သားတစ်ယောက်အနေနဲ့ အခက်အခဲကို အဖေအရင်းဆီ ပုံချတာကလည်း ဘာမှ ပြောပလောက်တဲ့ ကိစ္စ မဟုတ်ပါဘူး။

လျိုကုန်းကုန်းက အလိုက်တသိ ပြုံးရယ်ကာ ပြောလိုက်သည်။ "အရှင်မင်းသားက အရှင်မင်းကြီးကို တစ်ခါလောက် အကူအညီတောင်းတာ ရှားပါတယ်။ အရှင်မင်းကြီးကတော့ အရှင်မင်းသားအတွက် အားပေးထောက်ခံပေးရတော့မှာ ရှောင်လွဲလို့မရတော့တာပါပဲ"

ယုံးကျားဧကရာဇ်သည် သူ၏ နားထင်ကို နှိပ်နယ်လိုက်ပြီး သူ၏ အကြည့်သည် တုန်လှုပ်နေသော ချောမောလှပသည့် နန်းတွင်းအပျိုတော် နှစ်ယောက်ထံသို့ ဝေ့ဝဲသွားလေသည်။

...

လီကျင့်သည် ထွက်သွားစဉ်က မျက်နှာထားသည် တင်းမာနေပြီး ဒေါသများ ပြည့်နှက်နေသော်လည်း ပြန်လာချိန်တွင်တော့ မျက်နှာထားသည် ပြေလျော့ကာ ပေါ့ပါးနေလေသည်။

လုရှောင်ယွိသည် စိတ်ထဲတွင် ထူးဆန်းသွားပြီး ပါးစပ်ဖွင့်ကာ မေးမြန်းလိုက်သည်။

လီကျင့်ကလည်း ဖုံးကွယ်မထားဘဲ ဤတစ်ခေါက် သွားခဲ့ရသည့် အကြောင်းစုံကို လုရှောင်ယွိအား ပြောပြလိုက်လေသည်။

လုရှောင်ယွိမှာ အံ့အားသင့်သွားသလို ရယ်လည်း ရယ်ချင်သွားတော့သည်။ "ရှင် တကယ်ပဲ လူတွေကို ဝမ်ဟွာခန်းမဆောင်ကို ပို့လိုက်တာလား"

"ဟုတ်တယ်" လီကျင့်က ဖြစ်သင့်ဖြစ်ထိုက်သည်ဟူသော မျက်နှာထားဖြင့် "ကိုက ဘယ်လိုပဲဖြစ်ဖြစ် မြေးပဲလေ။ ဒီနေ့ အဘွားတော်နဲ့ စိတ်မကောင်းစရာတွေ ဖြစ်ခဲ့ပြီးပြီ။ တကယ်လို့ လူတွေကို ရှို့နဉ်နန်းတော်ကို တိုက်ရိုက် ပို့လိုက်မယ်ဆိုရင် အဘွားတော် မျက်နှာပျက်ရပြီး ဘယ်လိုတွေ ရမ်းကားမလဲ မသိနိုင်ဘူး။ ဘယ်လိုအဖြေပဲ ထွက်လာလာ။ နစ်နာရမှာက ကိုပဲ"

"ဒါကြောင့် ဒီပူလောင်နေတဲ့ အာလူးကို ဖုဟွမ်ဆီ ပေးလိုက်တာကပဲ ပိုကောင်းတယ်"

လုရှောင်ယွိ: "..."

တကယ် မျက်နှာပြောင်တိုက်ပြီး စိတ်ဓာတ် ကောက်ကျစ်တာပဲ!

လီကျင့်၏ ယနေ့ အပြုအမူသည် သူ့အပေါ် သူမ၏ အမြင်ကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်လေသည်။

လီကျင့်သည် မျက်လုံးများ ဝိုင်းစက်ကာ စိုက်ကြည့်နေသော လုရှောင်ယွိ၏ အမူအရာကြောင့် ရယ်မောလိုက်မိပြီး လုရှောင်ယွိ၏ ခါးကို ပြုံး၍ ဖက်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အရင်ဘဝက အဲဒီနှစ်တွေမှာ ကို လေးရှည်တစ်လက်ပေါ်မှာ ကပ်ငြိနေရင်း ကိစ္စတော်တော်များများကို စဉ်းစားမိခဲ့တယ်"

"ဖုဟွမ်က ထက်မြက်တဲ့ တိုင်းပြည်တည်ထောင်သူ ဧကရာဇ်တစ်ပါးပဲ။ ပြီးတော့ အဖေကောင်း တစ်ယောက်လည်း ဟုတ်ပါတယ်။ သူက အစ်ကိုကြီးကို ပိုချစ်တာမှန်ပေမဲ့ ငါ့ကို မချစ်တာတော့လည်း မဟုတ်ပါဘူး"

"ဒါပေမဲ့ လူ့စိတ်ဆိုတာကတော့ ဘက်လိုက်တတ်တာပဲလေ။ ဖုဟွမ်ရဲ့ စိတ်ထဲမှာ မုန့်ကွေ့ဖေးက သူချစ်ရတဲ့ မိန်းမ။ အစ်ကိုကြီးက သူ့ရဲ့ သားဦး။ ပြီးတော့ အစ်ကိုကြီးရဲ့ ရုပ်ရည်နဲ့ စိတ်ထားကလည်း ဖုဟွမ်နဲ့ တူတယ်။ သိုင်းပညာနဲ့ စစ်တိုက်တာမှာလည်း ပါရမီပါတယ်။ ဖုဟွမ်က အစ်ကိုကြီးကို သဘောကျတာကလည်း ဘာမှ မှားယွင်းတာ မရှိပါဘူး"

"ကို့စိတ်ထဲမှာ မကျေနပ်ချက်တွေ ရှိနေခဲ့တော့ ဖုဟွမ်နဲ့ သိပ်မရင်းနှီးခဲ့ဘူး။ ဖုဟွမ်က အုပ်ချုပ်ရေးကိစ္စတွေနဲ့ ရှုပ်နေတယ်။ တိုင်းပြည်ကို တည်ထောင်ဖို့ အလုပ်များနေတာ။ သားတော်အားလုံးရဲ့ စိတ်ဆန္ဒကို လိုက်ပြီး ဂရုစိုက်ဖို့ အချိန်နဲ့ စိတ်ကူးတွေ ဘယ်မှာ အများကြီး ရှိမှာလဲ"

"ဒါပေမဲ့ ဖုဟွမ်က အစ်ကိုကြီးကို ဘယ်လောက်ပဲ ချစ်ချစ်။ သူ့ကို အိမ်ရှေ့စံ မတင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒါက ကို့ရဲ့ ရှင်သန်ရာလမ်းကို ဖြတ်တောက်ပစ်လိုက်သလို ဖြစ်သွားမှာမို့လို့ပဲ။ ဖုဟွမ်ရဲ့ စိတ်ထဲမှာ အမြဲတမ်း တုံ့ဆိုင်းနေခဲ့တာ"

"သားအဖကြားက ဆက်ဆံရေး စိမ်းကားတာက ဖုဟွမ်ရဲ့ အကြောင်းပြချက်ချည်းပဲ မဟုတ်ဘူး။ ကိုလည်း မှားခဲ့တယ်။ ဒီဘဝမှာ ကို ဖုဟွမ်နဲ့ ဆက်ဆံရေးကို ကောင်းကောင်း ပြန်လည် ပြုပြင်ရမယ်"

လုရှောင်ယွိသည် စကားလုံးများ တောက်ပနေသော လီကျင့်ကို ရှုပ်ထွေးပြီး ပြောမပြတတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဒါကြောင့် ရှင်ရဲ့ နည်းလမ်းက ဒီကိစ္စကို ဖုဟွမ်ဆီ ပုံချပြီး ဖြေရှင်းခိုင်းလိုက်တာပေါ့"

လီကျင့်က ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။ သားတစ်ယောက်အနေနဲ့ အခက်အခဲကြုံလာရင် ကိုယ့်အဖေအရင်းကို သတိရတာ မှားလို့လား"

လုရှောင်ယွိ: "..."

...

အပိုင်း (၂၁၈) လူမိုက် (၂)

လုမင်ယွိ၏ ဆွံ့အသွားသော အမူအယာသည် လီကျင့်ကို ရယ်မောရစေတော့သည်။

လီကျင့်က ခပ်ဖွဖွလေး ပြုံးရယ်လိုက်ပြီး လုမင်ယွိ၏ ပါးလေးကို ဖွဖွလေးနမ်းရှိုက်လိုက်ကာ လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်၏။ "ဖုဟွမ်သာ တကယ် ဒေါသထွက်နေရင် ကျာပွတ်နဲ့ အိမ်တော်စည်းကမ်းအတိုင်း အပြစ်ပေးတာကြာပြီပေါ့။ ဒီနေ့ညက မိုးခြိမ်းသံကကျယ်ပြီး မိုးစက်ကသေးသေးလေးပဲ။ ကို့ကို ဆူရုံလေး ပဲဆူလိုက်တာ။ ကို့နည်းလမ်းက မှန်သွားတယ်ဆိုတောင် မြင်သာတယ်။ ဒီကိစ္စက နောက်ဆုံး ဘယ်လိုအဆုံးသတ်လဲဆိုတာကတော့ မနက်ဖြန်ကြမှပဲ ကြည့်ရတော့မှာပဲ"

ဒါကလဲ ဟုတ်လေသည်။

ယုံကျားဧကရာဇ်ကိုယ်တိုင် ပါဝင်လာမှတော့ မယ်တော်ကြီးကျောက်ကလဲ သူမ၏ ကျိုးကြောင်းမဲ့ အပြုအမူကို အနည်းငယ်တော့ ရုတ်သိမ်းရပေတော့မည်။

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်မဆီကို လူလွှတ်ပြီး သတင်းပို့ဖို့သတိရနော်"

လီကျင့်က ခေါင်းညိမ့်ကာ သဘောတူလိုက်၏။ လူငယ် လင်မယားနှစ်ယောက်သည် စကားစမြည် အနည်းငယ် ပြောဆိုလိုက်ကြရင်း အချင်းချင်းပွေ့ဖက်ကာ အိပ်စက်လိုက်ကြလေတော့သည်။

နောက်တနေ့တွင် လီကျင့်သည် မနက်ခင်းစောစော နန်းတော်ထဲသို့ ညီလာခံတက်ရန် ဝင်ရောက်သွားခဲ့၏။

မည်သည့်လှုပ်ရှားမှု တစ်စုံတစ်ရာမှ မရှိခဲ့ချေ။

ကျင်းလွမ်ခန်းမဆောင်ထဲတွင် နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ထားသည့် ယုံးကျားဧကရာဇ်သည် နဂါးပလ္လင်ထက်တွင် ထိုင်နေပြီး သူ့မျက်နှာ အမူအယာသည် တင်းမာခံ့ညားလျက်ရှိရာ အစကအဆုံးအထိ သူ့ကို တစ်ချက်လေးမှမကြည့်ခဲ့ချေ။ ညီလာခံ ပြီးဆုံးသွားသည့်တိုင် သူ့ကို သီးသန့်တွေ့ဆုံရန် ခေါ်ထားမည့် အရိပ်အယောင်လည်း မရှိခဲ့ချေ။

ရှို့နဥ်နန်းဆောင်ကလဲ သူ့ကို လာရောက်ရှာဖွေရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ စေလွှတ်ခြင်းမရှိခဲ့။

လီကျင့်သည် ခဏလောက် စဥ်းစားလိုက်ပြီးမှ ကျောင်းဖန်နန်းဆောင်သို့ သွားရောက်လိုက်လေတော့သည်။ ခေါင်မိဖုရားခေါင်ကို မြင်လိုက်သည်၌ သူချက်ချင်း သိလိုက်တော့၏။ မနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စများကို ချောင်မိဖုရားခေါင် လုံးဝမသိရှိသေးဘဲ အမှောင်ချခံထားရဆဲ ဖြစ်လေသည်။

ကျိုးကြောင်းသင့်စွာ ပြောရမည်ဆိုလျှင် ချောင်မိဖုရားခေါင်သည် အနောက်နန်းဆောင်၏ အုပ်ချုပ်သူဖြစ်သဖြင့် ဒီမျှလောက် လှုပ်ရှားမှုမျိုးကို စောစောစီးစီး သိထားသိသင့်ပင်။ ချောင်မိဖုရားခေါင်၏ သားဖြစ်သူကို ချစ်ခင်သောစိတ်ထားအရဆိုလျှင် မယ်တော်ကြီးကျောက် လုပ်ခဲသည်များကို သိရှိသွားပါက ဒေါသထွက်လိမ့်မည်မှာ သံသယဖြစ်စရာပင် မလိုချေ။

သို့သော်ငြား ယခုအချိန်တွင်တော့ ချောင်မိဖုရားခေါင်၏ မျက်နှာထက်တွင် အပြုံးများ ပြည့်နှက်နေပြီး မယ်တော်ကြီးကျောက်ကို တစ်ခွန်တပါဒမျှ ထုတ်ပြောဆိုခဲ့ခြင်းမရှိချေ။

နန်းတော်ထဲတွင် ဒီကိစ္စကို လုံးဝဖုံးကွယ်ထားနိုင်ပြီး ကျောင်းဖန်နန်းဆောင်သို့ သတင်းတစက်ကလေးမှ မရအောင် ပြုလုပ်နိုင်သူမှာ ယုံးကျားဧကရာဇ်ကလွဲလျှင် တခြားမည်သူ ရှိပါအုံးမည်နည်း။ "အားကျင့် လုရှီ နေကောင်းရဲ့လား"

ချောင်မိဖုရားခေါင်သည် ထုံးစံအတိုင်း ကိုယ်ဝန်ဆောင်ထားသည့် ချွေးမဖြစ်သူ၏ ကျန်းမာရေးကို အရင်ဆုံး သတင်းမေးမြန်းလေသည်။

လီကျင့်ကလဲ အိန္ဒြေဆည်ထားလိုက်ပြီး ပြုံးကာပြောလိုက်၏။ "တနေ့သုံးနပ်လုံး မင်ယွိက အဝအပြဲစားပါတယ်။ အပိုသရေစာနဲ့ ညလယ်စာတော င်စားသေးတယ်။ အစားအသောက် ပျက်တယ်ဆိုတာ မရှိပါဘူး”

ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အဖို့ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး စိတ်ချမ်းသာနေခြင်းထက် ပိုကောင်းသည့်အရာ မရှိတော့ချေ။

ချောင်မိဖုရားခေါင်၏ မျက်မှောင်ကြုတ်ထားသည့် အမူအယာမှာ ပြေလျော့သွားပြီး ပြုံးကာပြောလိုက်တော့၏။ "ဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ ပန်ကုန်းလဲ စိတ်ပူရတာ နည်းနည်းလျော့သွားတာပေါ့"

လီကျင့်ကတော့ အမူအယာမပျက်ဘဲ သွေးတိုးစမ်းကာ မေးလိုက်လေသည်။ "မူဟုပ် နန်းတော်ထဲမှာ အဆင်ပြေရဲ့လား!"

ချောင်မိဖုရားခေါင်ကတော့ ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာပြန်ဖြေလေသည်။ "နန်းတော်ထဲမှာ အရာအားလုံးက အရင်အတိုင်းပါပဲ။ ဟုတ်သားပဲ။ မုန့်ရှီက နေ့တိုင်း နန်းတော်ထဲကို ဂါရဝပြုဖို့လာတယ်။ စူးဖေးကတော့ ချွေးမတော် အားပေးထောက်ခံမှုကို ရသွားတော့ စကားပြောတာတောင် တော်တော်လေး ခိုင်မာလာတာပဲ"

လီကျင့်သည် နှုတ်ခမ်းထောင့်ကို ကွေးထားလိုက်ပြီး သူ့မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့၏။

လီဟောက်က တကယ်ကို ပါးနပ်လှပါပေတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ မုန့်ယွင်လော်ကို သူတစ်ယောက်တည်းအပေါ် စွဲစွဲလန်းလန်ဖြစ်သွားအောင် ချော့မြူနိုင်ခဲ့တယ်။

မိဖုရားခေါင်သည် ယောက္ခမတစ်ယောက်၏ရှု့ထောင်မှ ရပ်တည်ကာ ဒီကိစ္စကို ကြည့်မြင်သည့်အခါ ခံစားချက်မတူညီတော့ဘဲ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်မိတော့သည်။ "စူးရှီက မျိုးရိုးနိမ့်ပါးပြီး မွေးဖွားလာတာ။ ကြည့်ကောင်းတဲ့ မျက်နှာတစ်ခုကလွဲလျှင် တခြားဘာတစ်ခုမှ အသုံးမကျဘူး။ ဒါပေမဲ့ သူ့ရဲ့ကံတရားကတော့ တကယ်ကို ကောင်းလွန်းပါတယ်။ လီဟောက်ကလဲ သူ့အပေါ် တကယ်ကို ရိုသေလေးစားရှာပါတယ်"

အမေအရင်း တစ်ယောက်အနေနဲ့ သားဖြစ်သူက ရိုသေလေးစားတာကို မမြင်ချင်တဲ့သူ ဘယ်သူရှိမှာလဲ။

ဇနီးမယားရပြီးတဲ့အထိ အမေအရင်းကို ပထမနေရာမှာပဲ ထားတယ်။ ဒါကပဲ ပထမတန်းစား သားကောင်းတစ်ယောက် ဖြစ်နေတာပေါ့။

လီကျင့်သည် ထိုစကားအထဲက အဓိပ္ပါယ် တစ်ချို့ကို နားလည်လိုက်သဖြင့် မျက်နှာပြောင်ပြောင်နှင့်ပင် ရယ်မောလေတော့သည်။ "မူဟုပ်က စန်းတိကို ဒီလောက် ချီးကျူးနေတာ မဟုတ်မှလွဲရော ကိုယ့်သားက ရိုသေမှုမရှိဘူးလို့ မကျေမနပ် ဖြစ်နေတာလား"

ချောင်မိဖုရားခေါင်သည် လီကျင့်ကို ပြုံးကာတစ်ချက် ကြည့်လိုက်လေသည်။ "မင်းကိုယ်တိုင်ပဲ ပြောကြည့်လေ။ ပန်ကုန်းနဲ့ လုရှီတို့ အငြင်းပွားကြရင် မင်း ဘယ်သူ့ဘက်က လိုက်မှာလဲ"

လီကျင့်ကတော့ ခပ်မြန်မြန်ပင် စကားကို ဝင်ထောက်လိုက်တော့သည်။ "ပါးစပ်ကတော့ ဇနီးဘက်လိုက်မှာပေါ့။ စိတ်ထဲကတော့ အမေအရင်းဘက်မှာ ရှိပါတယ်"

ချောင်မိဖုရားခေါင် "..."

ပြောရင်းဆိုရင်းနဲ့ကို နောက်ဆုံးတော့လည်း ကိုယ့်ဇနီးဘက်ကပဲ လိုက်တာပဲ မဟုတ်လား။

ချောင်မိဖုရားခေါင်သည် ဒေါသထွက်ချင်သလို ရယ်ချင်စိတ်လဲဖြစ်သွားပြီး သားဖြစ်သူကို စိတ်ဆိုးဟန်ဖြင့် ပြန်ပြောလိုက်တော့သည်။ "မင်းရဲ့ ဒီလိုစိတ်နှင့် ကိုယ်တစ်ထပ်တည်း မကျတဲ့ပုံစံကို ပန်ကုန်းက ရှားရှားပါးပါး တန်ဖိုးထားရအုံးမှာလား"

လီကျင့်ကလဲ ရယ်မောကာ ပြောလိုက်တော့သည်။ "ဒါပေါ့။ မူဟုပ်မှာ ကျွန်တော့်လို သားတစ်ယောက်တည်းပဲ ရှိတာလေ။ ကျွန်တော့်ကို တန်ဖိုးမထားရင် ဘယ်သူ့ကို သွားပြီးတန်ဖိုးထားမှာလဲ"

သားအမိနှစ်ယောက်သည် စကားအနည်းငယ် ပြောဆိုရယ်မောလိုက်ပြီးနောက် တော်ဝင်စားတော်ဆောင်ကို စားတော်ပွဲ ပြင်ဆင်ရန် အမိန့်ပေးလိုက်လေသည်။

...

ရှို့နဥ်နန်းဆောင်ထဲတွင်တော့ သာ့ဝေတိုင်းပြည်၏ ဂုဏ်အရှိဆုံး သားအမိနှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။

မယ်တော်ကြီးကျောက်သည် မျက်နှာတစ်ခုလုံး တင်းမာနေပြီး နှုတ်ခမ်းများက အောက်သို့ညွတ်ကျနေတော့သည်။

ယုံးကျားဧကရာဇ်သည်လဲ စကားစပြောရန် အလျင်မလိုဘဲ မယ်တော်ကြီးကျောက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေလိုက်တော့၏။ မယ်တော်ကြီးကျောက်၏ မနှစ်မြို့ဖွယ်မျက်နှာထားကို မြင်လိုက်သော်ငြား မမြင်ချင်ဟန် ဆောင်ထားလေသည်။

အချိန်တော်တော်လေး ကြာသွားပြီးနောက်တွင် နောက်ဆုံးတော့ မယ်တော်ကြီးကျောက်ကပဲ သည်းမခံနိုင်တော့ဘဲ နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလေတော့သည်။ "အရှင်မင်းကြီးက နေ့တိုင်းအလုပ်များပြီး တိုင်းပြည်ရေးရာကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေတာ ဝမ်ဟွားနန်းဆောင်ကိုပြန်ပြီး လျှောက်တင်လွှာတွေကို စစ်ဆေးနေသင့်တယ်။ အိုက်ကျားလို အသက်ငါးဆယ်ကျော်နေတဲ့ အဘွားကြီးက မြေကြီးထဲ တစ်ဝက်ရောက်နေတဲ့လူပဲ။ နေ့ရက်တိုင်းကို အဆင်ပြေပြေဖြတ်သန်းရတာ မဖြတ်သန်းရတာက ဘာများအရေးကြီးမှာမလို့လဲ"

ယုံးကျားဧကရာဇ်သည် သက်ပြင်းရှည်ကြီးချလိုက်ကာ "မူဟုပ်က ဘာဖြစ်လို့ ဒီလိုစိတ်ဆိုးမာန်ဆိုးစကားတွေ ပြောနေတာလဲ"

မယ်တော်ကြီးကျောက်သည် မိမိကိုယ်ကို အလွန်အမင်း မတရားခံနေရသည့်ဟု ခံစားနေရပြီး ယုံးကျားဧကရာဇ်၏ သက်ပြင်းချသံကြောင့် ထိုခံစားချက်အားလုံးမှာ အုံကြွလာလေတော့သည်။ "ဒါက ဘယ်လိုလုပ်ပြီး စိတ်ဆိုးမာန်ဆိုးစကား ဖြစ်ရမှာလဲ။ အားလုံးက အမှန်တရားတွေချည်းပါပဲ"

"မင်းက အခု ဧကရာဇ်ဖြစ်လာတော့ အိုက်ကျားက အသိဉာဏ်မဲ့တယ်လို့ မင်းက ထင်နေပြီ။ အိုက်ကျားက မင်းရဲ့ညီမဝမ်းကွဲကို မြှောက်စားတော့ မင်းရဲ့စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်။ သူ့ရဲ့ရာထူးကို လျှော့ချလိုက်တာကို ထားလိုက်အုံး။ သူ့ကို အကျယ်ချုပ်တောင် ထားလိုက်သေးတယ်။ အိုက်ကျားက သူ အနားမှာ စကားပြောဖော်လုပ်ပေးတာကို အသားကျနေပြီ။ ဒီလဝက်ကျော်လုံး အိုက်ကျားစိတ်ထဲ ဘယ်လောက်တောင် မွန်းကျပ်နေလဲဆိုတာ မင်းရော သိရဲ့လား"

"ပြီးတော့ အိုက်ကျားက မြေးတော်ကို အပျိုတော်နှစ်ယောက် ချီးမြှင့်တာ ဘာဖြစ်သွားလို့လဲ။ အိုက်ကျားက မြေးတော်ကို ဂရုစိုက်တာတောင် မရတော့ဘူးလား။ အားကျင့်က ကျေးဇူးမတင်တဲ့အပြင် အပျိုတော်တွေကို ဝမ်ဟွားနန်းဆောင်ထဲကိုတောင် ပို့လိုက်သေးတယ်။

"မင်းက အဖေအရင်း ဖြစ်နေပြီးတော့ သူ့ကို တစ်ခွန်းလေးမှ မဆူတဲ့အပြင် အဲဒီ့ အပျိုတော်နှစ်ယောက်ကိုလဲ စစ်တပ်ထဲက လက်မထပ်ရသေးတဲ့ စစ်သူကြီးတွေကိုတောင် ချီးမြှင့်လိုက်သေးတယ်။ ဒါက အိုက်ကျားကို တမင်သက်သက် ဒေါသထွက်အောင် လုပ်တာမဟုတ်ဘူးလား"

မယ်တော်ကြီးကျောက်သည် ပြောရင်းဆိုရင်း ဒေါသထွက်လာပြီး မျက်လုံးအိမ်များက နီရဲလာကာ အသံသည်လဲ တဖြည်းဖြည်း ရှိုက်သံပါလာတော့သည်။ "အိုက်ကျားဆိုတဲ့ မယ်တော်ကြီးက အခုတော့ မြေးချွေးမရဲ့ဒေါသကိုတောင် ခံနေရပြီ။ အဲဒီ့ လုမင်ယွိ အိမ်တော်ထဲဝင်လာပြီး လက်ဖက်ရည်ကမ်းတဲ့ အချိန်ကတည်းက အိုက်ကျားကို သူက မျက်လုံးထဲထည့်တာ မဟုတ်ဘူး။ အိုက်ကျားက အားကျင့်ကို အပျိုတော်နှစ်ယောက် ချီးမြှင့်လိုက်တာကလဲ သူ့ကို နည်းနည်းပါးပါး သတိပေးချင်တဲ့ ရည်ရွယ်ချက်လဲပါတယ်။ အိုက်ကျားလုပ်တာ မှားသွားလို့လား"

မယ်တော်ကြီးကျောက်ကို ကျိုးကြောင်းပြ ရှင်းပြရသည်ကလဲ လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်မှာ သေချာသည်။

ယုံးကျားဧကရာဇ်သည် စိတ်ရှည်စွာဖြင့် မယ်တော်ကြီးကျောက်ကို ပြောလိုက်၏။ "မူဟုပ် လုရှီကို မနှစ်သက်ဘူးဆိုရင် နောက်ဆို သူ့ကို တွေ့တာလျှော့လိုက်ပါ။ အခုအချိန်မှာ လုရှီက ကိုယ်ဝန်လွယ်ထားရတာ။ သားပဲမွေးမွေး သမီးပဲမွေးမွေး အားလုံးက တော်ဝင်မိသားစုရဲ့ တရားဝင်သွေးသားတွေပါပဲ"

“တကယ်လို့ လုရှီက ဒေါသထွက်ပြီး ကိုယ်ဝန်ကိုထိခိုက်သွားခဲ့ရင် ဒါမှမဟုတ် လျန်ရှီလို ကိုယ်ဝန်ပျက်ကျသွားခဲ့ရင် မူဟုပ် စိတ်မကောင်းမဖြစ်ဘူးလား"

မျိုးဆက်သည် အရေးအကြီးဆုံးပင်။

တခြားအချိန်များတွင်သာဖြစ်ပါက ယုံးကျားဧကရာဇ်သည် အလွန်ဆုံး နှုတ်ဖြင့်သာ ကာကွယ်ပြောဆိုလိမ့်မည်ဖြစ်ပြီး ဒီအခြေအနေထိ လုပ်လိမ့်မည် မဟုတ်ချေ။

မယ်တော်ကြီးကျောက်သည် သူ့စိတ်ထဲက အကြံအစည်ကို ထိုးနှက်ပြောဆိုခံလိုက်ရသဖြင့် မိမိကိုယ်တိုင် ထိုသို့သော ရည်ရွယ်ချက်ရှိခဲ့သည်ကို လုံးဝဝန်ခံချင်စိတ် မရှိတော့ချေ။ "ဘယ်မှာ အဲလောက်အထိ တိုက်ဆိုင်တာမျိုးရှိမှာလဲ!"

ယုံးကျားဧကရာဇ်က မယ်တော်ကြီးကျောက်ကို တစ်ချက်စွေကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "သူ တစ်ခုခုဖြစ်သွားမှာကို မကြောက်တာထက် တစ်ခုခု ဖြစ်သွားခဲ့ရင်ဆိုတာကို ကြောက်ရတယ်။ မူဟုပ်က မြေးတော်နဲ့ မြေးချွေးမတွေအတွက် မတွေးပေးရင်တောင် သားတော်အတွက် စဥ်းစားပေးစေချင်တယ်။ သားတော်လဲ အသက်လေးဆယ်နီးပါးရှိပြီ။ နောက်နှစ်ဆိုရင် စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်ရတော့မယ်။ စစ်မထွက်ခင်မှာ သားတော်က တရားဝင်မြေးတော်လေး မွေးဖွားလာတာကို မြင်တွေ့သွားရမှ စိတ်အေးရမှာ"

မယ်တော်ကြီးကျောက်သည် စကားမဆိုတော့ချေ။

ဒါက သူကိုယ်တိုင် အကျိုးအကြောင်း မခိုင်လုံမှန်းသိသွားသည့် သဘောပင်။

ယုံးကျားဧကရာဇ်က အားပြန်တင်းထားလိုက်ကာ မယ်တော်ကြီးကျောက်ကို အချိန်အနည်းငယ် ချော့မြူလိုက်လေသည်။ ဖြစ်ချင်တော့ သက်ရောက်မှုက မရှိသလောက်ပင်။ မယ်တော်ကြီးကျောက်သည် ယခင်အတိုင်း သုန်မှုန်နေပြီး မပျော်မရွှင် ဖြစ်နေဆဲပင်။

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မတတ်သာတော့ဘဲ ပါးစပ်ဖွင့်ကာ အလျှော့ပေးလိုက်ရတော့၏။ "ချင်ကျဲယွီကို အကျယ်ချုပ် ၆လချထားတာက တကယ်ပဲ နည်းနည်းလွန်သွားပါတယ်။ သုံးလပြည့်သွားရင်တော့ သားတော်က သူ့ကို အကျယ်ချုပ်အမိန့်ကို ပြန်ရုတ်သိမ်းပေးမယ်"

မယ်တော်ကြီးကျောက်၏ မျက်လုံးများက လင်းလက်သွားပြီး ချက်ချင်းပြောလာတော့သည်။ "သုံးလကလဲ ကြာလွန်းပါတယ်။ တလပဲထား ..." ယုံးကျားဧကရာဇ်၏ မျက်နှာသည် ပြန်လည် တင်းမာသွားသည်ကို မြင်လိုက်ရသောအခါ မယ်တော်ကြီးကျောက်ကလဲ ချက်ချင်းဆိုသလို စကားပြောင်းလိုက်တော့သည်။ "အပြစ်ပေးတာ နှစ်လလောက်က တော်သင့်ရုံပါပဲ"

ယုံးကျားဧကရာဇ်သည် သူ့နားထင်ကို နှိပ်နယ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ရပြီး ခေါင်းညိမ့်လိုက်တော့၏။ "မူဟုပ် သဘောအတိုင်းပါဘဲ။ သူ့ကို အကျယ်ချုပ် နှစ်လချထားလိုက်မယ်"

မယ်တော်ကြီးကျောက်၏ ဒေါသသည် သိသိသာသာ ပြေလျော့သွားလေတော့သည်။ ခဏလောက် သေချာစဥ်းစားလိုက်ပြီးမှ သူက ပြန်ပြောလိုက်၏။ "ကျဲယွီဆိုတဲ့ရာထူးက နိမ့်လွန်းတယ်။ သူ့ကို ရှန်ဖေးပဲ လုပ်ခိုင်းလိုက်ပါ!"

ယုံးကျားဧကရာဇ် "..."

...

အပိုင်း (၂၁၉) နောက်ဆက်တွဲဂယက် (၁)

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မှ ချောင်မိဖုရားခေါင်သည် မယ်တော်ကြီးကျောက် လုပ်ခဲ့သည့် ‘ကောင်းမှုများ’ကို သိရှိသွားလေတော့သည်။ ဒေါသထွက်ရလွန်းသဖြင့် မျက်နှာတော်ပင် အရောင်ပြောင်းသွားတော့၏။

လဆန်းတရက်နေ့နှင့် ကြုံကြိုက်နေသဖြင့် ယုံကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ကြွရောက်လာပြီး ညအိပ်ခဲ့လေသည်။

အားလပ်ချိန်အနည်းငယ် ရှားရှားပါးပါးရခဲ့သည့် ယုံးကျားဧကရာဇ်သည် ဒီကိစ္စကို အစအဆုံး ပြောပြလိုက်တော့၏။ ချောင်မိဖုရားခေါင်သည် တစ်စက်ကလေးမှ ထိန်းမထားတော့ဘဲ ဒေါသတို့မှာ သူမ၏ တည်ငြိမ်နေသော မျက်နှာဖုံးကို ထိုးဖောက်သွားတော့သည်။ "မူဟုပ်က အားကျင့်မှာ တရားဝင်သားတော်တစ်ပါး ရလာမှာကို ဒီလောက်တောင် မခံစားနိုင်ဖြစ်နေတာလား"

ဒီစကားက အရမ်းကို ရက်စက်လွန်းတာပဲ!

ယုံးကျားဧကရာဇ်၏ မျက်နှာတော်သည် ချက်ချင်းတင်းမာသွားပြီး ချောင်မိဖုရားခေါင်ကို ကြည့်လိုက်၏။ "ဟွမ်ဟုပ် စကားကို သတိထားပြော!"

ချောင်မိဖုရားခေါင်သည် ပုံမှန်အချိန်များတွင် နှိမ့်ချပြီး သည်းခံတတ်လေ့ရှိသော်ငြား သားသမီးနှင့် ပတ်သက်လာလျှင်တော့ ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ဘဲ အေးစက်စွာ ပြုံးရင်း ပြောလိုက်တော့သည်။ "ဟုတ်ကဲ့ပါ။ ချန်ချဲ့ ပါးစပ်ပိတ်လိုက်ပါ့မယ်။ ဘယ်နေ့မှာ လူတွေက ခေါင်းပေါ်တက်ပြီး အနိုင်လာကျင့်တဲ့အခါကျရင်လည်း ချန်ချဲ့နဲ့ အားကျင့်တို့ လင်မယားနှစ်ယောက်ကလဲ တိတ်တိတ်လေး သည်းခံလိုက်ပါ့မယ်။ တစ်ခွန်းမှတောင် ပြန်မပြောပါဘူး။ အရှင်မင်းကြီး နှစ်ဖက်မျက်နှာပူရမှာ စိုးလို့ပါ!"

ဒီကိစ္စမှာတော့ မယ်တော်ကြီးကျောက်က တကယ်ကို ကျိုးကြောင်းမဲ့လွန်းတယ်။

ယုံးကျားဧကရာဇ်သည် မတတ်သာတော့ဘဲ စိတ်ရှည်ရှည်ဖြင့် ချောင်မိဖုရားခေါင်ကို နှစ်သိမ့်ရတော့သည်။ "ကျန်းလဲ အားလုံးကို ကောင်းကောင်းမွန်မွန် စီစဥ်ပြီးသွားပါပြီ။ တကယ်လို့ ကျန်းသာ မပြောပြရင် မင်းတောင် ဒီကိစ္စကို သိမှာမဟုတ်ဘူး"

"မူဟုပ်ဖက်ကိုတော့ ကျန်း ပြောပြီးသွားပြီ။ ဒီနေ့ကစပြီး မူဟုပ်က လင်မယားငယ်လေးနှစ်ယောက်ကြားက ကိစ္စကို ဘယ်တော့မှ ဝင်စွက်ဖက်တော့မှာ မဟုတ်ဘူး"

အနည်းဆုံးတော့ လုမင်ယွိရဲ့ ဗိုက်ထဲကကလေး မွေးမလာခင် မယ်တော်ကြီးကျောက်က လုမင်ယွိကို ထပ်ပြီးတော့ ဒုက္ခရှာတော့မှာ မဟုတ်ဘူး။

ချောင်မိဖုရားခေါင်သည် စကားတစ်ခွန်းမှ မပြောသော်ငြားလည်း သူမ၏ မျက်လုံးထဲတွင်တော့ မယုံကြည်မှုတို့က ရှင်းရှင်းလင်းလင်း ဖြတ်ပြေးသွား၏။

ယုံးကျားဧကရာဇ်က ချောင်းတစ်ချက်ဟန့်ကာ ထပ်ပြောလိုက်သည်။ "ကျန်း မူဟုပ်ကို ကတိပေးလိုက်ပြီ။ ချင်ရှီကို အကျယ်ချုပ် နှစ်လချထားပြီးရင် နန်းဆောင်ထဲကို ပြန်ထွက်ခွင့်ပေးမယ်။ ပြီးတော့ ချင်ရှီက ဘယ်လိုပဲဖြစ်ဖြစ် စတုတ္ထမင်းသားကို မွေးဖွားပေးခဲ့တာ။ ကျဲယွီအဖြစ် ရာထူးလျှော့ချလိုက်တာက တကယ်ပဲ မျက်နှာပျက်စရာဖြစ်တယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အခါ အကြောင်းပြချက် တစ်ခုခုရှာပြီး သူ့ကို ဖေးအဆင့် ရာထူးပြန်ပေးလိုက်တာ ပိုကောင်းမယ်!"

ချောင်မိဖုရားခေါင် "..."

ဟက် ဟက်!

ဒီလိုယောက္ခမမျိုးနဲ့ ကြုံရတာ ၈ဘဝစာလောက် ကံဆိုးမိုးမှောင်ကျတာပဲ!

ချောင်မိဖုရားခေါင်သည် မျက်နှာအမူအယာ မပျက်ဘဲ ပြန်ဖြေလိုက်လေသည်။ "အရှင်မင်းကြီး ပြောတာ မှန်ပါတယ်"

ဧကရာဇ်က တစ်ခွန်းတည်းသာ စကားကိုသာ ပြောတယ်။ အမိန့်တော်ထုတ်ပြီး ချင်ရှီကို အပြစ်ပေးခဲ့တာမှ တလပဲ ရှိသေးတယ်။ အခုကျတော့ အတွေးပြောင်းသွားပြန်ပြီ။ ဒီသတင်းပျံ့သွားရင် တကယ်ပဲ ကြည့်လို့ မကောင်းပြန်ဘူး။ ဒါကြောင့် ချောင်မိဖုရားခေါင်က ကိုယ်တိုင်ထွက်ပြီး ချင်ရှီအတွက် "စကားပြောပေးရမယ်" ပြီးမှ သူက "မတတ်သာလို့" သဘောတူပေးရမှာပေါ့။

ချောင်မိဖုရားခေါင်ကို ဒီဇာတ်လမ်းအတိုင်း လိုက်ပါသရုပ်ဆောင်စေရန်အတွက် ယုံးကျားဧကရာဇ်သည် စကားကောင်းကောင်းလေးများဖြင့် နှစ်သိမ့်လိုက်ရလေသည်။ "မူဟုပ်က အသက်ကြီးနေပြီလေ။ တခါတလေ အသိဉာဏ်မဲ့တဲ့ကိစ္စတွေ လုပ်မိတတ်တယ်။ ကျန်းက သားဖြစ်ပြီး မင်းကလဲ ချွေးမဖြစ်တော့ သူ့ကို နည်းနည်းပါးပါး အလျှော့ပေးလိုက်ရုံပဲ ရှိတာပေါ့"

"ပြောရမယ်ဆိုရင် အားကျင့်ကလဲ ကျန်းကို တော်တော်လေး အမြင်တမျိုးဖြစ်သွားသေးတယ်"

"မူဟုပ်က အပျိုတော်တွေကို လုအိမ်တော်ကို ချီးမြှောက်လိုက်တယ်။ သူကတော့ ဟုတ်နေတာပဲ။ လက်မခံနိုင်တဲ့အပြင် လူတွေကို ချက်ချင်း ကျန်းရဲ့ဝမ်ဟွားခန်းမထဲကို ပို့လိုက်တယ်။ အကြောင်းစုံကို တစ်ခွန်းပြောပြီးတာနဲ့ ဒီပူနေတဲ့အာလူးကြီးကို ကျန်းဆီ ပစ်ပေးလိုက်တာပဲ"

"ကျန်းကလဲ မူဟုပ်စိတ်ထဲမှာ ဒီကိစ္စကို မှတ်ထားပြီး နောက်ဆိုရင် မြေးအဘွားတွေ မျက်နှာချင်းဆိုင်ရမှာ ခက်နေမှာစိုးလို့သာ ချင်ရှီရဲကိစ္စမှာ အလျှော့ပေးလိုက်ရတာ"

လီကျင့်အကြောင်း ပြောမိသည်နှင့် ချောင်မိဖုရားခေါင်၏ မျက်နှာထားသည် အနည်းငယ် ပြေလျော့သွားတော့သည်။ "အရှင်မင်းကြီးက အားကျင့်အတွက် အခက်အခဲကို ဖြေရှင်းပေးခဲ့တာ။ ချန်ချဲ့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ယုံးကျားဧကရာဇ်က ရယ်မောကာ ပြောလိုက်၏။ "အားကျင့်က မင်းတစ်ယောက်တည်းရဲ့ သားမှမဟုတ်တာ။ ကျန်းက သူအဖေအရင်းပဲ။ သူ့ရဲ့အရှုပ်ထုပ်ကို ရှင်းပေးရတာက ဘာမှပြောစရာမရှိပါဘူး"

ချောင်မိဖုရားခေါင်သည် အနည်းငယ် တည်ငြိမ်သွားပြီး ဖြည်းညင်းစွာဖြင့် ပြောလိုက်လေသည်။ "အရှင်မင်းကြီးက ချင်ရှီကို ဘယ်လိုစီစဥ်ပေးချင်လဲ။ ချန်ချဲ့ကို ပြောပြလို့မရဘူးလား"

ယုံးကျားဧကရာဇ်က လှည့်ပတ်ကာ အရိပ်အမြွက် ပြောလိုက်လေသည်။ "အနောက်နန်းဆောင်က ကိစ္စတွေက အစကတည်းက မိဖုရားခေါင်ကပဲ အဓိက တာဝန်ယူရမှာလေ။ ချင်ရှီသာ အဖော်မလုပ်ပေးတော့ရင် မူဟုပ်က အမြဲတမ်း စိတ်မချမ်းမသာ ဖြစ်နေလိမ့်မယ်။ ဟွမ်ဟုပ်က အမြဲတမ်း ရိုသေလေးစားတတ်တဲ့သူပဲ။ မူဟုပ်ရဲ့ ကျန်းမာရေးအတွက် ကျန်းဆီလာပြီး စကားပြောပေးမယ်ဆိုရင် ကျန်းက ဘယ်လိုလုပ်ပြီး မလိုက်လျောဘဲ နေနိုင်မှာလဲ"

ချောင်မိဖုရားခေါင်က ခေါင်းညိမ့်လိုက်ပြီး နားလည်သွားပြီဖြစ်ကြောင်း ပြသလိုက်လေသည်။

...

နောက်တနေ့ မွန်းတည့်ချိန်တွင် လီကျင့်သည် ကျောင်းဖန်နန်းဆောင်သို့ ဝင်ရောက်လာသောအခါ ချောင်မိဖုရားခေါင်က သားဖြစ်သူကို ပြစ်တင်စကား ဆိုလိုက်ရတော့သည်။ "... ဒီလောက်ကြီးတဲ့ကိစ္စကို ဘာဖြစ်လို့ အမြဲတမ်း ဖုံးကွယ်ထားရတာလဲ။ မင်းရဲ့ အဘွားတော်က မင်းကို အခက်တွေ့အောင် လုပ်တာကို မင်းက ပန်ကုံးကို ချက်ချင်း လာပြောသင့်တာပေါ့။ ပန်ကုံးက မင်းအတွက် သွားပြီးဖြေရှင်းပေးပါပေါ့!"

လီကျင့်ကတော့ ပြန်ဖြေလိုက်၏။ "ကျွန်တော်က ရှောင်ယွိ မတရားခံရတာကို မလိုလားဘူး။ မူဟုပ်က ကျွန်တော့်အတွက် ဒေါသထွက်ခံရမှာကို ပိုပြီးတော့ မလိုလားဘူး"

ချောင်မိဖုရားခေါင်သည် လည်ချောင်းထဲတွင် အလုံးကြီးတစ်ခု ဆို့တက်သွားသလို ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများကလဲ မျက်ရည်များ ဝေ့တက်လာတော့၏။

မယ်တော်ကြီးကျောက်က သူမဆိုတဲ့ချွေးမကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ အခွင့်အရေးရှာပြီး သူမကို မထိုးနှက်ရင်တောင် ဟုတ်နေလှပြီ။ သူမက ရှို့နဥ်နန်းဆောင်ကို သွားခဲ့ရင်တောင် သားဖြစ်သူကို ကာကွယ်နိုင်လိမ့်မယ်လို့လည်း အာမမခံနိုင်ဘူး။

ချောင်မိဖုရားခေါင်သည် မိမိကိုယ်ကို မသနားခင်မှာပင် လီကျင့်က ပြုံးကာပြောလိုက်ပြန်၏။ "အခုလိုမျိုးဆိုတော့ ပိုကောင်းတာပေါ့။ ဖုဟွမ်ကိုယ်တိုင် ဝင်ပါလာမှတော့ အဘွားတော်က ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ ဆက်ပြီးရမ်းကားလို့ မရတော့ဘူးလေ"

ချောင်မိဖုရားခေါင်က သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ပြီး ယုံးကျားဧကရာဇ်က မယ်တော်ကြီးကျောက်ကို သဘောတူလိုက်သည့်ကိစ္စကို အားကျင့်အား ပြောပြလိုက်တော့သည်။

လီကျင့်ကတော့ အံ့သြသွားသည့်အမူအယာ လုံးဝမပြလာချေ။ "ဒီလိုဖြစ်လာမယ်ဆိုတာ သိပြီးသားပါ" သူက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်၏။ "ဒီကိစ္စနဲ့ အဘွားတော်ကို နှစ်သိမ့်လိုက်ပြီး အေးချမ်းတဲ့ လတစ်ဝက်လောက်ကို လဲလှယ်လိုက်ရတာလဲ တန်ပါတယ်"

မယ်တော်ကြီးကျောက်၏ ဂုဏ်ပုဒ်နှင့်သာဆိုလျှင် လီကျင့်တို့ လင်မယားနှစ်ယောက်ကို စိတ်အနှောက်အယှက် ဖြစ်စေချင်ပါက အလွန်လွယ်ကူလှလေသည်။

ချောင်မိဖုရားခေါင်ကလဲ သက်ပြင်းချမိတော့၏။ "ပြောတာလဲ ဟုတ်တာပါပဲ။ ပန်ကုံးကလဲ မင်းရဲ့ ဖုဟွမ်ကို သဘောတူလိုက်ပြီ။ ဇာတ်လမ်းတစ်ပုဒ်ကို ကောင်းကောင်း သရုပ်ဆောင်ပြီး အရင်ဆုံး ချင်ရှီရဲ့ ဖေးအဆင့်ရာထူးကို ပြန်ပေးလိုက်မယ်။ နောက်ထပ် ခဏကြာရင် သူ့ကို နန်းဆောင်ထဲက ထွက်ခွင့်ပေးလိုက်မယ်"

ချင်ရှီက မယ်တော်ကြီးကျောက်ရဲ့ဘေးမှာ အဖော်လုပ်ပေးရင်း အခွင့်သင့်တိုင်း သွေးထိုးလှုံ့ဆော်နေတာက တကယ်ပဲ လူကို ဒေါသထွက်ရစေတာပဲ။

ဒါပေမဲ့ ချင်ရှီသာမရှိတော့ရင် မယ်တော်ကြီးကျောက်ကလဲ ပိုပြီးတော့ ဖြေရှင်းရခက်သွားလိမ့်မယ်။ အားကုန်သုံးပြီး မကျေမနပ်ဖြစ်ပြီး ဒုက္ခရှာနေတာကလဲ လူကို တော်တော်လေး ခေါင်းကိုက်ရစေတာပဲ။

သားအမိနှစ်ယောက်သည် စကားစမြည် နည်းနည်းပါးပါး ပြောဆိုလိုက်ပြီးနောက် ချောင်မိဖုရားခေါင်က ရုတ်တရက် ပြောလာလေသည်။ "အားကျင့် မင်းနဲ့ မင်းရဲ့ဖုဟွမ်က အရင်ကထက် ပိုပြီးရင်းနှီးလာကြတယ်"

လီကျင့်၏ မျက်လုံးများသည် အနည်းငယ် လင်းလက်သွားပြီး ပေါ့ပေါ့ပါးပါးသာ ပြုံးလိုက်၏။ "အရင်တုန်းက ကျွန်တော်က တင်းကျပ်လွန်းပြီး ဖုဟွမ်နဲ့ မရင်းနှီးခဲ့တာပါ။ တကယ်တော့ သားအဖကြားမှာ ဒီလိုပဲ ဆက်ဆံသင့်တာ။ ကျွန်တော် အရင်တုန်းက အတွေးလွန်နေခဲ့တာပါ"

ချောင်မိဖုရားခေါင်ကလဲ ကျေနပ်စွာဖြင့် ပြုံးလိုက်တော့၏။ "ဟုတ်ပါတယ်။ ပန်ကုံးကလဲ မင်းနဲ့ အရှင်မင်းကြီးတို့ သားအဖနှစ်ယောက် သင့်မြတ်ကြတာကို မျှော်လင့်ခဲ့တာပါ"

...

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက်တွင် အားလုံးက ရှို့နဥ်နန်းဆောင်သို့ သွားကာ ဂါရဝပြုရန် ရောက်လာခဲ့ကြ၏။ ချောင်မိဖုရားခေါင်သည် လူအများရှေ့တွင် ပါးစပ်ဖွင့်ကာ ယုံးကျားဧကရာဇ်ထံ တောင်းဆိုလိုက်လေသည်။ "ချင်ရှီက မကြာခဏဆိုသလို စကားမှားသွားတတ်တယ်။ အရှင်မင်းကြီးကလဲ အပြစ်ပေးသင့်သလောက် ပေးပြီးသွားပါပြီ။ အခုလည်း ဒီလောက်ကြာနေပြီဆိုတော့ ဒေါသပြေသင့်ပါပြီ"

"မူဟုပ်ဘေးမှာ ချင်ရှီ အဖော်မလုပ်ပေးတော့တဲ့အတွက် ဒီရက်ပိုင်းတွေမှာ စိတ်မချမ်းမသာဖြစ်ပြီး ကျန်းမာရေးတောင် ချူချာသလို ဖြစ်နေပါတယ်။ မူဟုပ်ရဲ့ ကျန်းမာရေးအတွက် အရှင်မင်းကြီးက ကျေးဇူးပြုပြီး ချင်ရှီရဲ့ ဖေးအရာ ရာထူးကို ပြန်ပေးပြီး သူ့ကို နန်းဆောင်ထဲက စောစောထွက်ခွင့်ပေးလိုက်ပါ"

ယုံးကျားဧကရာဇ်က တမင်ပင် မျက်နှာကို တင်းမာထားကာ "ရှင်ဘုရင်ရဲ့ စကားတစ်ခွန်းကသာ ထောင်ပေါင်းများစွာသော ရွှေစင်လိုပဲ လေးနက်တယ်။ ဘယ်လိုလုပ်ပြီး မနက်တစ်မျိုး ညတစ်မျိုး ပြောင်းလဲနိုင်မှာလဲ"

မုန့်ကွေ့ဖေးနှင့် စူးဖေးတို့သည် တစ်ချိန်တည်းမှာပင် စိတ်ထဲမှနေ၍ ဟက်ခနဲ လှောင်ပြောင်လိုက်ကြလေသည်။

ဒီလောက်တောင် သိသာထင်ရှားတဲ့ ဟန်ဆောင်သရုပ်ဆောင်တာကို သူတို့ကို အရူးတွေလို့ ထင်နေတာတဲ့လား။

ချောင်မိဖုရားခေါင်ကလဲ ညင်ညင်သာသာဖြင့် ဆက်ပြောလိုက်၏။ "နန်းတွင်း အရေးကြီးကိစ္စကြီးလဲ မဟုတ်ပါဘဲနဲ့ အနောက်နန်းဆောင်က ဒီလိုကိစ္စလေးက မနက်တစ်မျိုး ညတစ်မျိုး ပြောင်းလဲတယ်လို့ ပြောရလောက်အောင် ဘယ်မှာ ဆိုးရွားနေလို့လဲ။ အရှင်မင်းကြီးက ချန်ချဲ့ကို မျက်နှာသာပေးတယ်လို့ သဘောထားပြီး ချန်ချဲ့စကားကို သဘောတူလိုက်ပါ!"

ယုံးကျားဧကရာဇ်သည်လဲ ထိုအခါမှသာ မတတ်သာတော့သည့်ဟန့်ဖြင့် ခေါင်းညိမ့်လိုက်လေသည်။ "ရှိပါစေတော့။ ဟွမ်ဟုပ်က ချင်ရှီအတွက် စကားပြောပေးမှတော့ ကျန်းကလဲ ဟွမ်ဟုပ်ရဲ့ မျက်နှာကို ထောက်ထားရမှာပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်ပဲနော်။ နောက်တခါဆိုရင် ထပ်လုပ်လို့ မရတော့ဘူး!"

မုန့်ကွေ့ဖေးနှင့် စူးဖေးတို့သည် စိတ်ထဲမှနေ၍ တစ်ညီတစ်ညွတ်တည်း တံတွေးထွေးလိုက်ကြတော့သည်။

မယ်တော်ကြီးကျောက်သည် စိတ်တိုင်းကျသွားသဖြင့် ချောင်မိဖုရားခေါင်ကို ချီးကျူးသည်မှာလည်း အများကြီး ပိုပြီးသဘောကျလာဟန်တူ၏။ သူမက ချောင်မိဖုရားခေါင်ကိုပင် ချီးကျူးစကား ပြောလိုက်သေးသည်။ "မိဖုရားခေါင်က အမြဲတမ်း ရိုသေလေးစားတတ်ဆုံးပဲ"

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် မအီမသာဖြစ်နေသည်ကို သည်းခံထားလိုက်ပြီး ပြုံးကာပင် ပြန်ဖြေလိုက်တော့၏။ "အာရှီက မူဟုပ်ကို ရိုသေလေးစားရမှာက ဖြစ်သင့်ဖြစ်ထိုက်တာပါ"

ထိုနေ့ နေ့လယ်တွင်ပင် ချောင်မိဖုရားခေါင်သည် ချင်ကျဲယွီကို ဖေးအရာ ပြန်လည်ပေးအပ်လိုက်သည့် အမိန့်တော်ကို ထုတ်ပြန်လိုက်လေသည်။

အကျယ်ချုပ်တလကျော် နေထိုင်ခဲ့ရသဖြင့် ပိန်လှီသွားသော ချင်ဖေးသည် အမိန့်တော်ကို ကိုင်ဆောင်ရင်း နေရာမှာပင် မျက်ရည်များ ကျလုနီးပါး ဖြစ်သွားလေတော့၏။

စတုတ္ထမင်းသားသည် မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ပြီး ပျော်ရွှင်နေသည့်မျက်နှာဖြင့် ချင်ဖေးကို ပြောလိုက်၏။ "နောက်ထပ် လဝက်ကျော်လောက်ဆိုရင် မူဖေး နန်းဆောင်ထဲက ထွက်လို့ရပါပြီ"

ချင်ဖေးသည် သူမ၏ အင်္ကျီလက်နှင့် မျက်ရည်များကို သုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်တော့၏။ "အဲဒီ့လောက် ကြာကြာ စောင့်စရာ မလိုပါဘူး။ မင်း ကြည့်နေလိုက်။ ရက်အနည်းငယ်အတွင်းမှာပဲ မင်းရဲ့အဘွားတော်က ငါ့ကို နန်းဆာင်ထဲကထွက်ပြီး လူတွေတွေ့ခွင့်ရအောင် နည်းလမ်းရှာပေးလိမ့်မယ်"

စတုတ္ထမင်းသား "..."

...

All Chapters