← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အပိုင်း (၂၂၀) နောက်ဆက်တွဲဂယက် (၂)

"ဒါဆို ရှန်ဖေးက တစ်လကျော်လောက် ကျဲယွီ လုပ်ပြီးတော့ အခု ချင်ဖေးကိုယ်တိုင် ပြန်ဖြစ်သွားပြီပေါ့ ဟုတ်လား” လုမင်ယွိက လီကျင့်ကို အေးအေးဆေးဆေး မေးလိုက်လေသည်။

လီကျင့်က မတတ်နိုင်သည့်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။ "ဟုတ်တယ်။ မူဟုပ်က ဒီနေ့ အမိန့်တော် ထုတ်ပြန်လိုက်ပြီ။ ချင်ကျဲယွီက ဖေးအရာ ရာထူး ပြန်ရသွားပြီ” ခဏရပ်ပြီး သူက ထပ်ပြောလိုက်လေသည်။ "ကို ခန့်မှန်းရသလောက်တော့ နှစ်လတောင် မဟုတ်လောက်ဘူး။ ရက်အနည်းငယ်အတွင်းမှာ ချင်ဖေးက အပြင်ထွက်ပြီး လူတွေ့လို့ ရလောက်ပြီ”

လုမင်ယွိ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ "မယ်တော်ကြီးက နောက်ကနေ ထောက်ခံပေးနေတာကိုး။ ချင်ဖေးကိုယ်တိုင်က ဒီလောက် မွှေနိုင်တာလည်း မဆန်းတော့ပါဘူး”

တကယ့် အသေအလဲ ရန်သူတော်ကြီးဖြစ်သည့် စူးဖေးကတော့ လှုပ်တောင်မလှုပ်ဘဲ ပုန်းကွယ်နေဆဲ။ နန်းတော်ထဲမှ မျက်နှာသာပေးခံရသော မုန့်ကွေ့ဖေးကလည်း လောလောဆယ်တွင် ဝင်မပါသေး။ ချင်ဖေးကတော့ မယ်တော်ကြီးကျောက်၏ အရှိန်အဝါကို အခွင့်ကောင်းယူပြီး အကြိမ်ကြိမ် နှောင့်ယှက်နေလေသည်။

အချက်အလက်များက သက်သေပြနေသည်မှာ ချင်ဖေး၏ ခေါင်းပေါ်မှ မိုးထားပေးသော ဤသစ်ပင်ကြီးသည် အလွန်အမင်း အကိုင်းအခက်များ ဝေဆာနေပြီး ယုံးကျားဧကရာဇ်ပင်လျှင် အနည်းငယ် သည်းခံနေရသည် ဟူ၍ပင်။

လီကျင့်က လုမင်ယွိကို ပွေ့ဖက်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီကိစ္စက ကို့ခန့်မှန်းချက်ထဲမှာ စောကြီးကတည်းက ရှိပြီးသားပါ။ ဖုဟွမ်က ဒီလို အလျှော့ပေးလိုက်မှတော့ နောက်ဆိုရင် အဘွားတော်ကလည်း မင်းနဲ့ကို့ကို ဒုက္ခလာရှာဖို့ အဆင်မပြေတော့ဘူး”

လုမင်ယွိက အသာခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုလည်း ကောင်းတာပါပဲ။ အရင်ဆုံး ကလေးကို အေးအေးချမ်းချမ်း မွေးပြီးမှပဲ ဆက်ပြောတာပေါ့”

လီကျင့်က အင်း ဟု အသံပြုလိုက်ပြီး သူ၏ ညာလက်ကို လုမင်ယွိ၏ ဝမ်းဗိုက်ငယ်ပေါ်သို့ ညင်သာစွာ တင်လိုက်လေသည်။ လုမင်ယွိသည် ကိုယ်ဝန်နှစ်လ ရှိနေပြီဖြစ်ပြီး ဗိုက်တော့ မထွက်သေးချေ။ လီကျင့်၏ လက်ဖဝါးသည် ပူနွေးနေပြီး ထိုအနွေးဓာတ်သည် ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် သူမ၏ အရေပြားပေါ်သို့ ကူးစက်သွားလေသည်။

လုမင်ယွိက ရယ်သံသဲ့သဲ့ ပြုလိုက်သည်။ "ရှင် ညတိုင်း ညတိုင်း အကြိမ်ပေါင်းများစွာ လာပွတ်နေတာ။ ဗိုက်ကလည်း မစူသေးဘူး။ ကလေးလှုပ်တာကိုလည်း မခံစားရသေးဘူး။ ဘာတွေ လာပွတ်နေစရာ ရှိလို့လဲ”

လီကျင့်ကလဲ ထိုလက်ကို ဖယ်မပစ်နိုင်သေးဘဲ အတော်ကြာအောင် ပွတ်သပ်ပြီးမှ ပြုံးကာ ပြောလိုက်သည်။ "မင်း ကောင်းကောင်းထိုင်။ ကိုတို့ကလေးအတွက် ကို စာဖတ်ပြမယ်”

လုမင်ယွိသည် အံ့အားသင့်ကာ ရယ်မောလိုက်မိပြီး မငြင်းဆန်ရက်ဘဲ တိတ်တဆိတ် ထိုင်ချလိုက်တော့သည်။ လီကျင့်သည် နားလည်လွယ်သော ကဗျာကျမ်းတစ်အုပ်ကို ယူလာပြီး အသံအနိမ့်အမြင့်ဖြင့် ရွတ်ဖတ်နေလေသည်။

လုမင်ယွိသည် "ကွမ်ကွမ်ကျူးကျိုး မြစ်ကမ်းနားမှာ" ဟူသော အသံကို နားထဲတွင် ကြားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ "ရှင် တခြားတစ်ပုဒ်လောက် ပြောင်းလို့ မရဘူးလား”

လီကျင့်က ခပ်တိုးတိုး ရယ်မောလိုက်၏။ သူ၏ လှပပြီး နက်ရှိုင်းသော မျက်ဝန်းများက သူမကို စိုက်ကြည့်နေသည်မှာ ချိတ်နှစ်ခုနှယ်ပင်... လေထုသည် အကြောင်းရင်းမရှိ ပူနွေးလာခဲ့သည်။

လုမင်ယွိက ချောင်းတစ်ချက် ဟန့်လိုက်သည်။ "နောက်ကျနေပြီ။ အနားယူကြရအောင်လေ!"

လီကျင့်က အင်း ဟု အသံပြုလိုက်ပြီး လုမင်ယွိကို ဂရုတစိုက် အဝတ်အစား လဲလှယ်ပေးရင်း လက်နှစ်ဖက်က အခွင့်အရေးယူကာ ဟိုပွတ်ဒီပွတ် လုပ်နေလေတော့သည်။ လုမင်ယွိသည် ထိုအပွတ်အသပ်များကြောင့် တစ်ကိုယ်လုံး ပျော့ခွေသွားရတော့၏။ ကိုယ်ဝန်ရှိမှန်း သိပြီးနောက်တွင် နှစ်ယောက်သား အတူမအိပ်ဖြစ်ကြတော့ဘဲ လက်ချိုးရေတွက်ကြည့်လျှင် တစ်လနီးပါး ရှိနေလေပြီ။

လူပျိုပေါက်အရွယ်၏ ခန္ဓာကိုယ်သည် ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိသည် မဟုတ်သဖြင့် မကြာမီတွင် နှစ်ယောက်လုံး၏ အသက်ရှူသံများ မြန်ဆန်လာကြသည်။ လီကျင့်က လုမင်ယွိ၏ လက်ကို ဆွဲယူလိုက်ပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

လုမင်ယွိ၏ ပါးပြင်များ နီမြန်းလာသော်လည်း မငြင်းဆန်လိုက်ချေ။

...

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် မယ်တော်ကြီးကျောက်သည် ရုတ်တရက် အအေးမိသွားပြီး နေထိုင်မကောင်း ဖြစ်လေသည်။

ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့သည် အတူတကွ သွားရောက် ပြုစုမေးမြန်းကြသည်။ သလွန်တော်ထက်တွင် လဲလျောင်းနေသော မယ်တော်ကြီးကျောက်သည် ဟိုဟိုဒီဒီ ညည်းညူရင်း ခေါင်းကိုက်ကြောင်း အော်ဟစ်နေသည်။ တော်ဝင်သမားတော်က သွေးခုန်နှုန်းကို လာရောက်စမ်းသပ်ပြီးနောက် အခြေအနေကို သုံးသပ်ကာ သာမန်ဆေးညွှန်းတစ်စောင်ကို ပေးအပ်လိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ဆေးညွှန်းကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသော်လည်း မျက်နှာထက်တွင် ဂရုစိုက်သော အမူအရာကို ပြုလုပ်လိုက်သည်။ "အရှင်မင်းကြီး၊ မူဟုပ် နေထိုင်မကောင်း ဖြစ်နေတာ။ မင်းသား မင်းသမီးတွေကိုလည်း နန်းတော်ထဲ လာပြီး ရိုသေလေးစားမှု ပြခိုင်းလိုက်ပါဦး!"

ယုံးကျားဧကရာဇ်က ခေါင်းအသာညိတ်လိုက်ပြီး ဆေးညွှန်းကို လှမ်းယူကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များလည်း တွန့်ကွေးသွားသည်။ "မိဖုရားခေါင်ပဲ စီစဉ်လိုက်!"

မယ်တော်ကြီးကျောက်ကတော့ ချက်ချင်း ပြောလိုက်လေသည်။ "အိုက်ကျားက ဘာမှ အများကြီး ဖြစ်တာ မဟုတ်ပါဘူး။ ဒီလောက် လှုပ်လှုပ်ရှားရှား လုပ်စရာမလိုပါဘူး။ ချင်ဖေးကိုပဲ အိုက်ကျားဘေးမှာ စကားပြောဖော် လုပ်ဖို့ လာခိုင်းလိုက်ရင် ရပါပြီ”

ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ချောင်မိဖုရားခေါင်က စကားမဆိုဘဲ နေလိုက်သည်။ ယုံးကျားဧကရာဇ်သာ ပါးစပ်ဖွင့်လိုက်ရတော့သည်။ "မူဟုပ်၊ ချင်ရှီက အကျယ်ချုပ် ကျနေတုန်းလေ..."

မယ်တော်ကြီးကျောက်သည် သူ၏ ရင်ဘတ်ကို လက်ဖြင့် ဖိကာ "အား...ကျွတ်ကျွတ်" ဟု အော်ဟစ် ညည်းညူလိုက်လေသည်။

ယုံးကျားဧကရာဇ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။ "တော်ပြီ၊ တော်ပြီ။ ကျန်း အခုပဲ ချင်ဖေးကို လာဖို့ လူလွှတ်လိုက်မယ်”

လျိုကုန်းကုန်းသည် လျင်မြန်စွာ နောက်ဆုတ် ထွက်ခွာသွားပြီး အမွှေးတိုင် တစ်တိုင်စာခန့် ကြာမြင့်ပြီးနောက် လျိုကုန်းကုန်း ပြန်လည် ရောက်ရှိလာခဲ့သည်။ ချင်ဖေးသည်လည်း လျိုကုန်းကုန်းနှင့်အတူ လိုက်ပါလာခဲ့သည်။

ချင်ဖေးသည် နန်းဆောင်ထဲသို့ ဝင်ရောက်သည်နှင့် ချက်ချင်း ဒူးထောက်ကာ အပြစ်ကို တောင်းပန်တော့၏။

အကျယ်ချုပ် တစ်လကျော် ကျခံခဲ့ရသဖြင့် ချင်ဖေးသည် အလွန် ပိန်လှီသွားပြီး အလှပြင်ပစ္စည်းများ မလိမ်းခြယ်ထားဘဲ အသားအရေမှာလည်း ညိုညစ်နေကာ အတော်လေး အိုမင်းသွားသယောင် ထင်ရသည်။

ယုံးကျားဧကရာဇ်၏ အကြည့်သည် ပင်ပန်းနွမ်းနယ် ပိန်လှီနေသော ချင်ဖေးထံသို့ ဖြတ်ပြေးသွားရာ စိတ်အနည်းငယ် ပျော့ပျောင်းသွားပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "မယ်တော်ကြီး နေထိုင်မကောင်း ဖြစ်နေတယ်။ မင်း မယ်တော်ကြီးကို ကောင်းကောင်း ပြုစုလိုက်။ မယ်တော်ကြီး နေကောင်းသွားရင် ကျန်း မင်းကို ဘွဲ့တစ်ခု မှတ်တမ်းတင်ပေးမယ်”

ချင်ဖေးသည် အထူးသဖြင့် နူးညံ့သိမ်မွေ့ပြီး ရိုသေစွာ ပြောလိုက်သည်။ "ချန်ချဲ့က မယ်တော်ကြီးကို ပြုစုရမှာက ဖြစ်သင့်ဖြစ်ထိုက်တာပါ။ အရှင်မင်းကြီးရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး”

ချောင်မိဖုရားခေါင်သည် ချင်ဖေးကို တစ်ချက် စွေကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်တော့သည်။ "ဒီနေ့ကစပြီး မင်း နေ့တိုင်း ရှို့နင်နန်းတော်ကို လာခဲ့"

ချင်ဖေးက ခေါင်းငုံ့ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ "မိဖုရားခေါင်ကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်”

မယ်တော်ကြီးကျောက်က ချောင်းတစ်ချက် ဟန့်လိုက်ကာ "ချင်ရှီက အိုက်ကျားဘေးမှာ အဖော်လုပ်ပေးနေမှတော့ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်တို့လည်း ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့!"

ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ ထွက်ခွာသွားကြသောအခါ မယ်တော်ကြီးကျောက်က ချက်ချင်း ပြောလိုက်လေသည်။ "ချင်ရှီ၊ ဒူးထောက်မနေနဲ့တော့။ အိုက်ကျားဆီ လာခဲ့"

ချင်ဖေးက ဟုတ်ကဲ့ ဟု ဖြေကြားလိုက်ပြီး ထကာ သလွန်တော်နားသို့ သွားရောက် ထိုင်လိုက်၏။ မယ်တော်ကြီးကျောက်သည် ချင်ရှီ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်သောအခါ မည်မျှ စိတ်မကောင်း ဖြစ်သွားသည်မသိ။ "ဒါမှ တစ်လကျော်ပဲ ရှိသေးတာ။ နင် ဘယ်လိုဖြစ်ပြီး ဒီလောက် ပိန်သွားရတာလဲ!"

ချင်ဖေး၏ မျက်ဝန်းအိမ်များ နီရဲလာပြီး ရှိုက်သံဖြင့် ပြောလိုက်သည်။ "ချန်ချဲ့က စကားအပြောအဆို မဆင်ခြင်မိဘဲ အရှင်မင်းကြီးကို စိတ်ဆိုးအောင် လုပ်မိတာ။ အပြစ်ပေးခံရတာက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ မယ်တော်ကြီးကိုပါ စိတ်ထဲမှာ ချန်ချဲ့အတွက် အမြဲတမ်း စိတ်ပူနေအောင် လုပ်မိပြီး အခုဆို အိပ်ရာထဲတောင် လဲနေရပြီ။ ချန်ချဲ့ စိတ်ထဲမှာ တကယ်ပဲ ရှက်မိပါတယ်"

မယ်တော်ကြီးကျောက်၏ နေမကောင်းဟန်ဆောင်ခြင်းသည်လည်း သားတော်နှင့် ချွေးမတော်ကို ထိန်းချုပ်သည့် ဇာတ်လမ်းဟောင်းကြီးတစ်ခုသာ ဖြစ်ပြီး အံ့အားသင့်စရာ မရှိပေ။

မယ်တော်ကြီးကျောက်က ချင်ဖေးကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အိုက်ကျားက ရက်အနည်းငယ်လောက် လှဲနေလိုက်ရင် ကောင်းသွားမှာပါ။ နင် စိတ်မပူနဲ့"

ချင်ဖေးသည် မည်မျှပင် အတွေးများနေပါစေ မယ်တော်ကြီးကျောက်ကြောင့် မျက်ရည်များ ဝဲတက်လာပြီး မယ်တော်ကြီးကျောက်၏ လက်ကို ဆုပ်ကိုင်ကာ တစ်ခါ ငိုကြွေးလိုက်လေသည်။

မယ်တော်ကြီးကျောက်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "နင့်ရဲ့ ဒီပုံစံကို ကြည့်ပါဦး။ ဘာလို့ ငိုနေရတာလဲ။ အိုက်ကျားက တမင်သက်သက် ရန်ရှာလိုက်တာ။ ကြည့်လိုက်ဦး။ နင့်ကို အပြင်ထွက်လာအောင် လုပ်လိုက်တာ မဟုတ်ဘူးလား"

ချင်ဖေးသည် ထိတ်လန့်သွားပြီး သူ၏ လက်စနှင့် မျက်ရည်များကို သုတ်လိုက်သည်။ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "ယိမူ တကယ်ပဲ ဘာလုပ်လိုက်တာလဲ"

မယ်တော်ကြီးကျောက်သည် ကျေနပ်စွာ ပြုံးရယ်လိုက်ပြီး သူ အပျိုတော်များ ချီးမြှင့်ခဲ့သည့် ကိစ္စကို ပြောပြလိုက်သည်။ "...အိုက်ကျားက စောကြီးကတည်းက တွေးထားပြီးသားပါ။ အားကျင့်ကသာ အပျိုတော်တွေကို လက်ခံလိုက်ရင် သူတို့လင်မယားကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ။ တကယ်လို့ လက်မခံဘဲ အပျိုတော်တွေကို ပြန်ပို့လိုက်ရင်လည်း အိုက်ကျားကို ဖြေရှင်းချက်တစ်ခုတော့ ပေးရမှာပဲ"

"အရှင်မင်းကြီး ကိုယ်တိုင် အိုက်ကျားဆီ လာပြီး စကားပြောတာ။ အိုက်ကျားလည်း အရှင်မင်းကြီးကို ကတိပေးလိုက်ပြီ။ နောက်ဆို လုရှီကို ဒုက္ခမရှာတော့ဘူးပေါ့။ ဒီလိုနဲ့ နင့်ကို အပြင်ထွက်ခွင့် ပေးလိုက်တာပဲလေ။ ဒါပေမဲ့ အိုက်ကျား ဘယ်လိုပဲ ပြောပြော။ အရှင်မင်းကြီးက နင့်ရဲ့ ‘ဖေး’ရာထူးကိုပဲ ပြန်ပေးဖို့ သဘောတူတယ်။ ရှန်ဖေးဆိုတဲ့ ရာထူးကိုတော့ လုံးဝ သဘောမတူဘူး"

မယ်တော်ကြီးကျောက်သည် နိုင်ငံရေးအသိပညာ သို့မဟုတ် ထက်မြက်သော အရည်အချင်း ရှိသူတစ်ယောက် မဟုတ်သော်ငြားလည်း သူသည် သူ၏ ရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် ကိုယ်ပိုင်နည်းလမ်းတစ်စုံ ရှိနေလေသည်။

ချင်ဖေးက တဖန် စိတ်လှုပ်ရှားစွာ ငိုကြွေးလိုက်ပြန်သည်။ "ယိမူက ကျွန်မအပေါ် ဒီလောက်ကောင်းတာ။ ကျွန်မက နွားလို မြင်းလို အလုပ်အကျွေး ပြုရင်တောင် ယိမူရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး"

မယ်တော်ကြီးကျောက်သည် ချောင်မိဖုရားခေါင်အပေါ် ရက်စက်ခက်ထန်သလောက် ချင်ဖေးအပေါ် ထိုမျှလောက်ပင် ချစ်ခင်ကြင်နာလေသည်။ သူက ချင်ဖေး၏ လက်ဖမိုးကို ပုတ်လိုက်ကာ "ဒါက ဘာစကားတွေ ပြောနေတာလဲ။ နင်က ငယ်ငယ်ကတည်းက အမေဆုံးသွားတာ။ အိုက်ကျားကပဲ စောင့်ရှောက်ပြီး ကြီးပြင်းလာအောင် လုပ်ခဲ့ရတာ။ အိုက်ကျားရဲ့ စိတ်ထဲမှာ အရှင်မင်းကြီးကလွဲရင် နင်က အရင်းနှီးဆုံးပဲ။ အိုက်ကျားက နင့်ဘက်က မလိုက်ရင် ဘယ်သူ့ဘက်က လိုက်ရမှာလဲ"

မယ်တော်ကြီးကျောက်သည် ချင်ဖေးအပေါ်တွင် တူတော်မောင် ဖူယန်မြို့စားထက်ပင် ပိုပြီး ရင်းနှီးလေသည်။ အမှန်စင်စစ် သွေးသားတော်စပ်မှုအရ ပြောရလျှင် ဖူယန်မြို့စား၏ ကွယ်လွန်သွားသော ဖခင်အရင်းသည် တရားဝင်ဇနီးမှ မွေးဖွားသူဖြစ်ပြီး ချင်ဖေး၏ မိခင်အရင်းကတော့ မယ်တော်ကြီးကျောက်နှင့် မိခင်တစ်ဦးတည်းမှ မွေးဖွားသော ညီမအရင်း ဖြစ်လေသည်။

ချင်ဖေးက မျက်ဝန်းအိမ်များ နီရဲနေလျက် ပြောလိုက်လေသည်။ "ရာထူး မြင့်တာ နိမ့်တာကို ကျွန်မ ဂရုမစိုက်ပါဘူး။ ယိမူရဲ့ ဘေးမှာ အမြဲတမ်း အဖော်လုပ်ပေးခွင့်ရရင် တော်ပါပြီ"

သို့ပေသိ စိတ်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

....

အပိုင်း (၂၂၁) ပြောင်းလဲခြင်း

ချင်ဖေးသည် ဒီတစ်ကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အထူးတလည် တည်ငြိမ်လို့နေလေသည်။ နေ့တိုင်း မနက်ခင်းစောစောတွင် ရှို့နဥ်နန်းဆောင်သို့ သွားရောက်ပြီး မိုးချုပ်မှသာ ပြန်လာလေ့ရှိ၏။ မယ်တော်ကြီးကျောက်အတွက် ကိုယ်တိုင်ဆေးနည်းပေးပြီး မယ်တော်ကြီးကျောက်ကို ဆေးတိုက်ကျွေးပြုစုလေသည်။

ယုံးကျားဧကရာဇ်သည် ထိုအကြောင်းကို သိရှိသွားသောအခါ ချင်ဖေးကို ဆုလာဘ်များချီးမြှင့်ရန် စေလွှတ်လိုက်၏။ ချောင်မိဖုရားခေါင်သည်လဲ ချင်ဖေးကို အကောင်းစား နန်းတွင်းပိုးထည် ၁၀လိပ်ကျော် ချီးမြှင့်လိုက်လေသည်။

ချင်ဖေးသည် ကျောင်းဖန်နန်းဆောင်သို့ ကျေးဇူးတင်စကား လာရောက်လျှောက်တင်သောအခါ ချောင်မိဖုရားခေါင်ကလဲ နူးညွံ့သောလေသံဖြင့် ပြန်ပြောလိုက်၏။ "မင်းက မယ်တော်ကြီးကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်တာ မင်းကို ဆုချီးမြှင့်တာက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ မယ်တော်ကြီးရဲ့ဘေးမှာ မင်းကို မရှိမဖြစ်လိုအပ်နေတာက မင်းရဲ့ ကံကောင်းခြင်းပဲ။ ဒါပေမဲ့ လူတစ်ယောက်က ကိုယ့်ကံတရားကို တန်ဖိုးထားရမယ်။ မဆင်မ့ခင် မရမ်းကားရဘူး။ ကိုယ့်ကံကောင်းခြင်းတွေ ကုန်ဆုံးသွားမှာကို ရှောင်ရှားရမယ်"

ဒီစကားတစ်ခွန်းသည် နူးညံ့သော်ငြားလည်း ဆူးများပါဝင်နေပြီး သတိပေးနေသည့် အဓိပ္ပါယ် အပြည့်အဝ ပါနေလေသည်။

ချင်ဖေး၏ နှလုံးသားထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး အလျင်အမြန် ရိုသေစွာ ပြန်ဖြေလိုက်တော့၏။ "ဟွမ်ဟုပ်ညန်ညန်ပြောတာ မှန်ပါတယ်။ ချန်ချဲ့ မယ်တော်ကြီးကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ပါ့မယ်"

အနည်းဆုံးတော့ အချိန်တိုအတွင်းတွင် ချင်ဖေးသည် နောက်ထပ်ပြဿနာများ ရှာဝံ့မည်မဟုတ်ပေ။

ချင်ဖေးက နှုတ်ဆက်ထွက်ခွာသွားပြီးနောက် ဟွေ့အန်းကုန်းကျူသည် နန်းတော်ထဲသို့ ဂါရဝပြုရန် ဝင်ရောက်လာခဲ့၏။

ဟွေ့အန်းကုန်းကျူသည် သုံးလေးငါးရက်တစ်ခါ နန်းတော်ထဲသို့ တစ်ကြိမ်ဝင်ရောက်လာလေ့ရှိပြီး မိဘအိမ်သို့ ပြန်လာခြင်းသည် ယောက္ခမအိမ်သို့ သွားခြင်းထက်ပင် ပိုပြီးကြိမ်ဖန်များပြားလေသည်။ ချောင်မိဖုရားခေါင်က သမီးဖြစ်သူကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် ပျော်ရွှင်သွားပြီး မျက်နှာထက်တွင်လည်း အပြုံးများ ဝေဆာလာတော့၏။

သားအမိနှစ်ယောက်သည် စကားစမြည်ပြောဆိုကြရင်း ချင်ဖေးအကြောင်း ရောက်သွားသောအခါ ဟွေ့အန်းကုန်းကျူက နှုတ်ခမ်းဆူထားလိုက်ပြီး လေသံထဲတွင်လည်း မထီမဲ့မြင် အမူအယာများ ပြည့်နှက်နေတော့၏။ "အဲဒီ့ ချင်ဖေး တစ်ခြား ဘာအရည်အချင်းမှ မရှိဘူး။ အဘွားတော်ကို တွယ်ကပ်တတ်တာပဲရှိတယ်"

ချောင်မိဖုရားခေါင်သည် မိမိကိုယ်ကို လှောင်ပြောင်သရော်သည့်ဟန်ဖြင့် နှုတ်ခမ်းထောင့်ကို တွန့်ကွေးထားလိုက်ကာ "ဒါကလည်း အရည်အချင်းတစ်ခုပဲလေ။ ပန်ကုံးကတောင် သစ်ပင်ကြီးတစ်ပင်ကို ကပ်တွယ်ပြီး အရိပ်ခိုချင်ပါသေးတယ်။ ဒါပေမဲ့ သစ်ပင်ကြီးက အရေးမလုပ်ချင်ဘူးလေ"

ဟွေ့အန်းကုန်းကျူသည် မရည်ရွယ်ပါဘဲ ချောင်မိဖုရားခေါင်၏ နာကျင်ရသည့်နေရာကို ထုနှက်မိသွားသဖြင့် အနည်းငယ် နောင်တရသွားပြီး မြန်မြန်ပင် စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "ဟုတ်သားပဲ။ ကျွန်မ အာ့တိမေ့ကို မတွေ့ရတာလဲ အတော်ကြာသွားပြီ။ မူဟုပ်ကို ဂါရဝပြုရင်း လုအိမ်တော်ကိုသွားပြီး အာ့တိမေ့ကို သွားကြည့်လိုက်အုံးမယ်"

ကိုယ်ဝန်ဆောင်ထားသည့် ချွေးမတော်အကြောင်း ပြောမိသည်နှင့် ချောင်မိဖုရားခေါင်သည်လဲ ချက်ချင်းဆိုသလို စိတ်ဓာတ်တက်ကြွလာပြီး ပြုံးကာပြောလိုက်တော့၏။ "ပန်ကုံးက နန်းတော်ထဲက ထွက်လို့အဆင်မပြေဘူး။ မင်းက ပန်ကုံးကိုယ်စား လုရှီကို သွားကြည့်လိုက်တာလည်း ကောင်းပါတယ်။ ခဏနေရင် ပန်ကုံး လူလွှတ်ပြီးတော့ အားဖြည့်အစားအစာတစ်ချို့ ပြင်ဆင်ခိုင်းလိုက်မယ်။ မင်း လုအိမ်တော်ကို တခါတည်း ယူသွားပေးလိုက်"

ဟွေ့အန်းကုန်းကျူကလဲ ပြုံးကာ သဘောတူလိုက်တော့၏။

ချောင်မိဖုရားခေါင်သည် စိတ်မချသေးဘဲ ထပ်ပြီးမှာ ကြားလိုက်ပြန်သည်။ "မင်းက စိတ်မြန်လက်မြန်ရှိတဲ့သူမှန်း ပန်ကုံး သိပါတယ်။ လုရှီနဲ့လည်း နည်းနည်းအဆင်မပြေလှဘူး။ အခု လုရှီက ကိုယ်ဝန်လွယ်ထားရတာ စိတ်ဆိုးလို့မဖြစ်ဘူးနော်။ မင်းက အစ်မကြီး ဖြစ်နေပြီ။ သူ့ကို နည်းနည်းအလျှော့ပေးလိုက်။ သူနဲ့ အပြိုင်အဆိုင် မဖြစ်နေနဲ့"

ဟွေ့အန်းကုန်းကျူမှာ ထိုစကားကို ကြားရသည့်အခါ မကျေမနပ်ဖြင့် ပြန်လည်ချေပလေတော့သည်။ "မူဟုပ်က ဘယ်လို စကားပြောလိုက်တာလဲ။ မဟုတ်မှလွဲရော ကျွန်မက ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ သွားပြီး စိတ်ဆိုးဒေါသထွက်နေမယ်လို့ ထင်နေတာလား။ မျက်စိစပါးမွှေးစူးစရာဖြစ်ဖြစ် မစူးစရာဖြစ်ဖြစ် သူက ကျွန်မရဲ့ ယောက်မတော်အရင်းပဲလေ။ သူက ကျွန်မရဲ့ တူလေး တူမလေးကို လွယ်ထားရတာ။ ကျွန်မက ဘာဖြစ်လို့ သူနဲ့သွားပြီး အပြိုင်အဆိုင် ဖြစ်ရမှာလဲ။ သူ့ကို ချော့မြူရတာတောင် အချိန်မလောက်ဘူး!"

ချောင်မိဖုရားခေါင်သည် ထိုစကားကြောင့် ပြုံးရယ်လိုက်မိသော်ငြား စိတ်ထဲတွင်တော့ မတင်မကျဖြစ်လို့နေလေသည်။

ဟွေ့အန်းကုန်းကျူက အရွယ်ရောက်တာ လေးနှစ်နီးပါးရှိပြီ။ ဝူဖုမာနဲ့လည်း ချစ်ခင်ကြင်နာကြတယ်။ နောက်ကွယ်မှာ သမားတော် ဘယ်နှစ်ယောက်ပြပြီးပြီလဲ။ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လောက်တောင် ပြုပြင်ကုသနေပြီလဲ မသိဘူး။ ဒါပေမဲ့ ဝမ်းဗိုက်ကတော့ လှုပ်ရှားမှုမရှိသေးဘူး။

သူ့မိသားစုက မတိုက်တွန်းရဲပေမဲ့ ဟွေ့အန်းကုန်းကျူရဲ့ စိတ်ထဲမှာ ဘယ်လိုလုပ်ပြီး မစိုးရိမ်ဘဲနေနိုင်မှာလဲ။

လုမင်ယွိက အိမ်တော်ထဲကို ဝင်လာတာနဲ့ ချက်ချင်းကိုယ်ဝန်ရလာခဲ့တယ်။ ဟွေ့အန်းကုန်းကျူက စိတ်ထဲမှာ ပျော်ရွှင်နေတာအပြင် ဘယ်လောက်တောင် အားကျလိုက်မလဲ မသိဘူး။ ဒီလောက်တောင် စိတ်အားထက်သန်စွာနဲ့ လုမင်ယွိကို အဆက်အသွယ်လုပ်နေတာက မင်္ဂလာရှိတဲ့ ကံတရားလေး ကပ်ငြိလာအောင် လုပ်ချင်လို့ဖြစ်လောက်တယ်!

ချောင်မိဖုရားခေါင်သည် တွေးရင်းဖြင့် ဟွေ့အန်းကုန်းကျူကို လေသံတိုးတိုးဖြင့် မေးလိုက်မိတော့သည်။ "မင်း ဒီလရော ဓမ္မတာလာပြီးပြီလား"

ဟွေ့အန်းကုန်းကျူကလဲ ညှိုးငယ်သွားသည့် အမူအယာဖြင့် ခေါင်းညိမ့်ပြလိုက်၏။

ချောင်မိဖုရားခေါင်မှာ ခပ်တိုးတိုး သက်ပြင်းချပြီး ဘာမှထပ်မပြောလိုက်တော့ချေ။

-

၁နာရီခန့်ကြာမြင့်ပြီးသွားသည့်နောက် ဟွေ့အန်းကုန်းကျူသည် လုအိမ်တော်သို့ ဆိုက်ရောက်လာခဲ့လေသည်။

လုမင်ယွိနှင့် ရှန်းလန်တို့သည် ပင်မတံခါးဝအထိ ကိုယ်တိုင် သွားရောက်ကြိုဆိုလိုက်ကြ၏။ လမ်းတစ်လျှောက်တွင် ရှန်းလန်က လေသံတိုးတိုးဖြင့် ပြုံးရယ်ကာ ပြောလိုက်လေသည်။ "နင် ကိုယ်ဝန်ရှိသွားတာနဲ့ ဟွေ့အန်းကုန်းကျူက ချက်ချင်း ပုံစံတစ်မျိုးပြောင်းသွားတာပဲ။ ဒီလထဲမှာ နင့်ကိုလာတွေ့တာ သုံးကြိမ်တောင်ရှိပြီ"

အမှန်ပဲ!

အရင်တုန်းကဆိုရင် ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့။ ဘယ်လိုကြည့်ကြည့် မျက်စိထဲကိုမဝင်ဘူး။ တွေ့ဆုံလိုက်တာနဲ့ တစ်ကြိမ်လောက်တော့ အငြင်းမပွားရရင် မပြီးဘူး။ သူမ ကိုယ်ဝန်ရှိသွားပြီးတဲ့နောက်မှာ ဟွေ့အန်းကုန်းကျူက ရုတ်တရက် တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။ အကျိုးအကြောင်း နားလည်လာတာတော့ မပြောသေးနဲ့အုံး။ သူမဆိုတဲ့ ယောက်မတော်လေးအပေါ်မှာလည်း အထူးတလည် ဂရုစိုက်လာခဲ့တယ်။

လုမင်ယွိကလဲ ပြုံးကာ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ "ဒီလောက်တောင် နွေးထွေးဖော်ရွေနေတော့ ငါလဲ တကယ်ကို မနေတတ်တော့ဘူး"

ရှန်းလန်မှာ ခစ်ခနဲ ရယ်မောလိုက်လေသည်။ "နင်ကလဲ ကောင်းတာရပြီးတော့ စိတ်ညစ်မနေပါနဲ့တော့။ ဘာပဲဖြစ်ဖြစ်လေ စိတ်အားထက်သန် နွေးထွေးတာက မျက်နှာထားတင်းတင်းနဲ့ အေးစက်တာထက် အများကြီးပိုကောင်းပါတယ်"

ဒါလည်းဟုတ်တာပဲ။

လုမင်ယွိသည်လဲ ပြုံးမိလေတော့သည်။

ဟွေ့အန်းကုန်းကျူသည် အဝေးမှနေ၍ လုမင်ယွိ လာနေသည်ကို မြင်လိုက်ရသောအခါ ပြုံးလျက် ရှေ့တိုးလာပြီး လုမင်ယွိ၏ လက်ကိုဆုပ်ကိုင်ကာ ရယ်မောရင်း ပြောလိုက်လေသည်။ "အမြဲတမ်း သွားလာနေကြတာပဲ။ သူစိမ်းတွေမှ မဟုတ်တာ။ ဒီလောက်ယဥ်ကျေးနေစရာ လိုလို့လား။ နောက်ဆိုရင် အပြင်ထွက်ပြီး ကြိုဆိုတာမျိုး မလုပ်နဲ့တော့။ စိတ်အေးအေးထားပြီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်ပါ"

လုမင်ယွိက "သူမကို ရန်စတဲ့သူတိုင်းကို ပြန်ပြီးတော့တိုက်ခိုက်မယ်" "ငါ့အပေါ် ယဥ်ကျေးရင်တော့ ငါကလဲ သုံးဆအလျှော့ပေးမယ်" ဆိုသည့်စိတ်ထားမျိုးရှိသူဖြစ်သည်။

ဟွေ့အန်းကုန်းကျူက ပြုံးရွှင်စွာ ဆက်ဆံလာသဖြင့် လုမင်ယွိသည်လဲ ပြုံးကာ ပြန်ဖြေလိုက်တော့၏။ "တနေ့လုံး အိမ်တော်ထဲမှာပဲ နေနေရတာပါ။ အားနေလို့ကို ပျင်းနေတာ။ ဟွမ်ကျဲက ကျွန်မကို လာတွေ့ဖို့ သဘောတူတာကို ကျွန်မစိတ်ထဲမှာ ပျော်နေတာလေ။.ခြေလှမ်းလေးနည်းနည်းလောက် လျှောက်လာပြီး လာကြိုတာလဲ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်"

"ဟွမ်ကျဲ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ဒီရုပ်ရည်ကိုကြည့်ပါအုံး။ ကျွန်မ ကိုယ်ဝန်ကို ဂရုစိုက်တဲ့ကိစ္စအတွက် စိတ်ပူနေရာလိုသေးလို့လား"

ဟွေ့အန်းကုန်းကျူသည် အနည်းငယ် အကဲခတ်ကြည့်လိုက်ပြီးနောက် အံ့သြသွားကာ ရယ်မောလိုက်တော့သည်။ "ဒါလဲဟုတ်တာပဲလေ။ ငါလဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အများကြီးတွေ့ဖူးပါတယ်။ တစ်ယောက်က နုနယ်ပြီးအားနည်းတယ်။ နောက်တစ်ယောက်ကတော့ တနေ့လုံးပျို့အန်ပြီး မျက်နှာတွေ ဝါကျင့်နေတာ။ တနေ့လုံး အတွေးလွန်ပြီး သံသယတွေဝင်နေတဲ့သူကလဲ ရှိသေးတယ်။ နင်ကတော့ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး ရုပ်ရည်က ငါ့ထက်တောင်မှ ပိုကောင်းနေသေးတယ်။ နင်သာမပြောရင် ဘယ်သူကမှ နင့်မှာကိုယ်ဝန်ရှိနေပြီလို့တောင် ခန့်မှန်းမိမှာလဲ"

သမီးယောက်မနှစ်ယောက်သည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြလေသည်။

ရှန်းလန်ကလဲ ရှေ့သိုတိုးလာကာ ဂါရဝအပြုတွင် ဟွေ့အန်းကုန်းကျူက ရယ်မောကာပြောလိုက်၏။ "မင်းလဲ ကိုယ်ဝန်လွယ်ထားရတာ ဗိုက်တောင်မှ ထွက်နေပြီပဲ။ ဂါရဝပြုမနေနဲ့တော့"

လုမင်ယွိနှင့်ယှဥ်လျှင် ရှန်းလန်၏ ကိုယ်ဝန်သည်ဘ တကယ့်ကို ဒုက္ခအများကြီး ခံစားခဲ့ရလေသည်။ တလလုံးလုံး ပျို့အန်နေခဲ့ရသဖြင့် လူတစ်ကိုယ်လုံး တပတ်စာလောက် ပိန်ကျသွားခဲ့ရသည်။ သုံးလကျော်ကြာသော်အခါ ပျို့အန်ခြင်းရပ်တန့်သွားပြီး စားသောက်ချင်စိတ် ပြန်ပေါ်လာသည်ကပင် တော်သေးသည်။ မကြာသေးခင်ကမှ ရုပ်ရည်သည် ပိုပြီးကြည့်ကောင်းလာခဲ့၏။

သုံးယောက်သား လက်တွဲကာ အတွင်းခန်းဆောင်ထဲသို့ စကားပြောရန် ဝင်သွားကြတော့သည်။

လုမင်ယွိက မယ်တော်ကြီးကျောက်၏ ကျန်းမာရေးအခြေအနေကို အရင်ဆုံး မေးမြန်းလိုက်၏။

ဟွေ့အန်းကုန်းကျူက နှုတ်ခမ်းစူလုနီးပါး ဖြစ်သွားသော်ငြားလည်း ပြန်လည်ထိန်းချုပ်ထားလိုက်ရ၏။ "ချင်ဖေးက သေသေချာချာ ပြုစုစောင့်ရှောက်နေတော့ အဘွားတော်ရဲ့ ကျန်းမာရေးက တနေ့ထက်တနေ့ ပိုကောင်းလာပါတယ်။ ဒီနေ့ မူဟုပ်ကတောင်မှ ချင်ဖေးကို နန်းတွင်းပိုးထည် ၁၀လိပ်ကျော်ချီးမြှင့်လိုက်သေးတယ်"

လုမင်ယွိ၏ မျက်လုံးထဲတွင် အကြောင်းသိပါတယ် ဟူသည့် အကြည့်တစ်ခု ဖြတ်ပြေးသွားပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်တော့သည်။ "အဘွားတော်က ဒီလောက် မြန်မြန်နေကောင်းလာတာ ချင်ဖေးက တကယ်ပဲ ဂုဏ်ပြုခံရသင့်တာပေါ့"

ဟွေ့အန်းကုန်းကျူကလဲ တဟင်းဟင်း ရယ်မောလိုက်ပြီး ချင်ဖေးအကြောင်းကို ဆက်မပြောချင်တော့ဘဲ လုမင်ယွိနှင့် တခြားအကြောင်း စကားစမြည် ပြောဆိုလိုက်လေသည်။ "ဟုတ်သားပဲ။ သိပ်မကြာခင်မှာ ချောင်ဝမ် ညီမလေးဝမ်းကွဲရဲ့ မင်္ဂလာဆောင်တဲ့နေ့ကြီးပဲ။ နင် ချောင်အိမ်တော်ကို မင်္ဂလာဆောင်သွားဖို့ စိတ်ကူးထားလား"

ပြီးခဲ့သည့်ရက်အနည်းငယ်က ကျင်းချန်အာသည် ကျောက်အိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားခဲ့လေသည်။

လုမင်ယွိနှင့် ကျင်းချန်အာတို့၏ ဆက်ဆံရေးသည် သာမာန်မျှသာဖြစ်သဖြင့် ကျင်းအိမ်တော်သို့ မင်္ဂလာလက်ဆောင်တစ်ခု ပေးပို့ရုံဖြင့် ပြီးဆုံးသွားခဲ့၏။ ချောင်ဝမ်နှင့် ပတ်သက်လာလျှင်တော့ ဆက်ဆံရေးက မတူတော့ပေ။

ချောင်မိသားစုသည် လီကျင့်၏ မယ်တော်ဘက်က ဆွေမျိုးများဖြစ်ကြသည်။ ဒီခေတ်အခါတွင် တူအရီးမိသားစုတို့ ရင်းနှီးစွာ သွားလာဆက်ဆံကြသည်ကလဲ သာမာန်ကိစ္စပင်။ ထို့အပြင် ချောင်ကောလောင်သည် နန်းတွင်းထဲတွင် လီကျင့်၏ သစ္စာအရှိဆုံး ထောက်ခံသူဖြစ်လေသည်။

ချောင်မိသားစုတွင် မင်္ဂလာပွဲရှိသဖြင့် လီကျင့်နှင့် ဟွေ့အန်းကုန်းကျူတို့က မဖြစ်မနေသွားရောက်ရပေမည်။

လုမင်ယွိက ဒီကိစ္စကို အစောကြီးကတည်းက စဥ်းစားထားပြီးဖြစ်သဖြင့် ပြုံးကာပြောလိုက်တော့၏။ "မင်္ဂလာဆောင်တဲ့နေ့ကျရင် ကျွန်မ အရှင်မင်းသားနဲ့အတူတူ မင်္ဂလာဆောင်ကို သွားတက်လိုက်ပါ့မယ်။ စားပွဲသောက်ပွဲမစားဘဲ မျက်နှာပြပြီး မင်္ဂလာစကားပြောပြီးတာနဲ့ ပြန်လာခဲ့မှာ"

ဟွေ့အန်းကုန်းကျူက ပြောလိုက်၏။ "ဒီလိုဆိုလည်း ကောင်းတာပါပဲ။ နင်က အခုချိန်မှာ ဘယ်လောက် သတိထားထား လွန်တယ်လို့ မရှိပါဘူး။ ချောင်အိမ်တော်ကို မျက်နှာပြပြီး စေတနာကို ပြသရုံပါပဲ။ အဘိုးနဲ့အဘွားတို့ကလဲ အပြစ်တင်မှာမဟုတ်ပါဘူး"

လုမင်ယွိက ပြုံးကာ ခေါင်းညိမ့်ပြလိုက်၏။ "ကျွန်မနဲ့ ဟွမ်ကျဲက အတွေးတူသွားပြီ"

လွန်ခဲ့တဲ့နှစ်လလောက်ကသာဆိုရင် ဟွေ့အန်းကုန်းကျူက ဒီလောက် ကျိုးကြောင်း ဆီလျော်တဲ့စကားမျိုး ပြောထွက်လာလိမ့်မှာ မဟုတ်ဘူး။ လုမင်ယွိ တွေးတောင်မတွေးကြည့်နိုင်ဘူး။

ဖြစ်နိုင်တာက ကိုယ့်ရဲ့ဂုဏ်ပုဒ်က ပြောင်းလဲသွားတော့ စိတ်နေစိတ်ထားကလဲ အရင်ကနဲ့ မတူတော့တာ ဖြစ်မယ်။ အခု ဟွေ့အန်းကုန်းကျူကို ကြည့်ရတာ နည်းနည်းလေး ချစ်ဖို့တောင် ပိုကောင်းလာသလိုပဲ။

...

အပိုင်း (၂၂၂) ဂုဏ်ပြုစကားပြောခြင်း

ချောင်ဝမ်၏ မင်္ဂလာပွဲသည် မြန်မြန်ဆန်ဆန် ကျရောက်လာခဲ့လေသည်။

လုမင်ယွိနှင့်လီကျင့်တို့သည် ချောင်အိမ်တော်သို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောရန် မြင်းလှည်းတစ်စည်းဖြင့် အတူတူ ထွက်ခွာလာခဲ့ကြ၏။

လီကျင့်က ပြုံးကာ မှာကြားလိုက်သည်။ "ချောင်အိမ်တော်ကိုရောင်ရင် ခဏပဲထိုင်ပြီးပြန်ခဲ့။ သဘောထားလေး သွားပြရုံပါပဲ။ လူတွေကများတော့ ပါးစပ်တွေကလဲစုံတယ်။ ဂရုစိုက်နေစရာမလိုဘူး။ ပြီးတော့ လူများတဲ့နေရာမှာ မင်းသတိထားနော်။ တွန်းတိုက်မိတာမျိုး မဖြစ်စေနဲ့ ..."

သူသည် ဆက်တိုက်ဆိုသလို တရစပ် မှာကြားနေလေတော့သည်။

လုမင်ယွိက ပြုံးလိုက်ပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ကာ "ဒီစကားတွေပဲ ထပ်ကာတလဲလဲပြောနေရတာ ရှင် မပင်ပန်းဘူးလား"

လီကျင့်ကတော့ သွားများဖြဲကာ ပြုံးရယ်လိုက်ပြီး သူ့၏ လက်ကြီးကို သူမ၏ ဝမ်းဗိုက်လေးပေါ်သို့ တင်လိုက်ရင်း ပြောလိုက်လေသည်။ "မပင်ပန်းဘူး။ လုံးဝမပင်ပန်းဘူး"

ပထမဦးဆုံးအကြိမ် ဖခင်ဖြစ်ရသူတိုင်းသည် ဒီလိုပင် ဖြစ်ပျက်တတ်ကြပြီး မည်သို့မည်ပုံပြုမူရသည်ကိုပင် မသိနိုင်ဘဲ ဝမ်းမြောက်နေတတ်ကြ၏။ အမှန်တွင်တော့ လုမင်ယွိ၏ ကျန်းမာရေးက ကောင်းမွန်ပြီး ကိုယ်ဝန်ကလဲ တည်ငြိမ်နေသဖြင့် ထိုမျှလောက် စိုးရိမ်ပူပန်နေရန် မလိုအပ်ခဲ့ချေ။

ဒုတိယမင်းသားနှင့် ဒုတိယမင်းသားကြင်ရာတော်တို့ ကိုယ်တိုင်ကြွရောက်လာသဖြင့် ချောင်မိသားစုတစ်ခုလုံးကလဲ အိမ်တော်တစ်ခုလုံးနှင့်အတူ ထွက်ကြိုကြလေသည်။ ချောင်ကောလောင်ကိုယ်တိုင်ကပင် ထွက်ကာကြိုဆိုလေ၏။

လီကျင့်သည် မိခင်ဘက်က ဆွေမျိုးများနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ရာ တစ်ယောက်ချင်းစီကို ပြုံးကာနှုတ်ဆက်လိုက်လေသည်။ လုမင်ယွိကတော့ ဒုတိယမင်းသားကြင်ရာတော်၏ ဂုဏ်ပုဒ်ဖြင့် ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး လူတိုင်းကို အပြုံးဖြင့် နှုတ်ခွန်းဆက်စကား ပြောရတော့သည်။

"အာ့ဟွမ်စစ်ဖေးက ကိုယ်ဝန်နဲ့ဆိုတော့ ကိုယ်ဝန်ကိုပဲ ဂရုစိုက်နေသင့်တာ" ချောင်သခင်မကြီးက ကြည်လင်ရွှင်ပျစွာဖြင့် ပြောလာသည်။ "ဒီနေ့ ဘာဖြစ်လို့ ကိုယ်တိုင်ကြွရောက်လာရတာလဲ"

လုမင်ယွိ ကိုယ်ဝန်ရှိနေသည့်ကိစ္စကို အတိအလင်း ကြေငြာထားခြင်းမရှိသော်ငြား သတင်းအနည်းငယ် ကြားရသူများကတော့ သိနေနှင့်ပြီးသားဖြစ်၏။ ချောင်သခင်မကြီးသည် လုမင်ယွိက တစ်ကြိမ်တည်းနှင့် သားယောက်ျားလေး ဖွားမြင်စေရန် တိတ်တိတ်ကလေး အမွှေးတိုင်ထွန်းကာ ဘုရားထံဆုတောင်းနေခဲ့ရလေသည်။

လုမင်ယွိကလဲ ပြုံးကာပြောလိုက်၏။ "ချောင်ပြောင်မေ့ လက်ထပ်တာကို ကျွန်မက အစ်မဝမ်းကွဲ ယောင်းမတစ်ယောက်အနေနဲ့ ကိုယ်တိုင်လာပြီး ဝမ်းမြောက်ကြောင်းပြောသင့်တာပေါ့"

လုမင်ယွိ ပြသလိုက်သည့် ခင်မင်ရင်းနှီးမှုက ချောင်သခင်မကြီးကို အလွန်အမင်း ကျေနပ်ရစေလေသည်။ သူမကိုယ်တိုင် လုမင်ယွိကို ချောင်ဝမ်၏ အိပ်ဆောင်သို့ လိုက်ပို့ပေးရင်း ပြောလိုက်၏။ "ဝမ်အာ ဘယ်သူလာလဲ မြန်မြန်ကြည့်စမ်း"

အပျိုတော်ဆောင်က ချောင်ဝမ်ကို ပြင်ဆင်ပေးနေဆဲပင်။

လက်ထပ်ထိမ်းမြားသည့်နေ့နွင် အမျိုးသမီးတစ်ဦး၏ ဘဝသည် အလှပဆုံးအချိန်ဖြစ်လေသည်။ ချောင်ဝမ်သည် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသူဖြစ်ရာ ယနေ့တွင် မင်္ဂလာအရှိန်အဝါများ ပြည့်နှက်နေပြီး သူမ၏ မျက်ဝန်းနက်နက်ထဲတွင်လည်း ဝမ်းသာခြင်းနှင့် ရှက်သွေးဖြာနေသည့် အရောင်အဝါတို့ တောက်ပနေ၏။

လုမင်ယွိကိုယ်တိုင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားလာပြောသဖြင့် ချောင်ဝမ်သည် အံ့အားသင့်သွားသလို ဝမ်းလဲသာပြီး အမှတ်တမဲ့ထကာ အရိုအသေပေးရန် ပြင်လိုက်လေသည်။ လုမင်ယွိကလဲ ချင်ချင်းပြန်ပြုံးကာပြောလိုက်၏။ "ချောင်ပြောင်မေ့ အများကြီး ယဥ်ကျေးမနေပါနဲ့။ ဒီနေ့က မင်းရဲ့မင်္ဂလာနေ့ပဲလေ။ ကျွန်မက ဝမ်းမြောက်ကြောင်းလာပြောတာပါ။ မင်းက ငြိမ်ငြိမ်လေးထိုင်ပြီး အပျိုတော်ကိုသာ ပြင်ဆင်ခိုင်းလိုက်ပါ"

ချောင်ဝမ်၏ ပါးပြင်တို့သည် နီမြန်းသွားပြီး ဆက်ပြီးထရန်မကြိုးစားတော့ဘဲ ပြောလိုက်တော့၏။ "အာ့ဟွမ်စစ်ဖေးကို ကျေးဇူးတင်ပါတယ်"

"ကျွန်မကို ပြောင်စောင်လို့ခေါ်ရင် ရပါပြီ" လုမင်ယွိက ရယ်မောရင်းပြောလိုက်သည်။ "ဒုတိယသခင်လေးဖန်းကလဲ ဟန်လင်းကျောင်းတော်မှာ အမှုထမ်းနေပြီ။ မြို့တော်မှာလဲ အိမ်ရှိတာပဲ။ လက်ထပ်ပြီးသွားရင် ဒုတိယမင်းသားအိမ်တော်ကို အလည်လာဖြစ်အောင် လာခဲ့နော်"

ချောင်ဝမ်က နှုတ်ခမ်းများကိုစေ့ကာ ပြုံးရင်း ခေါင်းညိမ့်ကာ အဖြေပေးလိုက်၏။ လွန်ခဲ့သည့်လအနည်းငယ်က လုမင်ယွိနှင့် ရင်ဖွင့်စကားပြောခဲ့ပြီးနောက်တွင် ချောင်ဝမ်သည် စိတ်ထဲတွင် မွန်းကြပ်မှုများမရှိတော့ဘဲ တနေ့ထက်တနေ့ စိတ်ခံစားမှု ပိုကောင်းမွန်လာခဲ့လေသည်။

ဒုတိယသခင်လေးဖန်းက ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်။ မနှစ်ကပဲ ကျင့်ရှီစာမေးပွဲကို အောင်ခဲ့တာ။ မင်းကလဲ စာပေကျမ်းဂန်တွေနှံ့စပ်တော့ ဒုတိယသခင်လေးဖန်းနဲ့ စိတ်သဘောထားခြင်း တိုက်ဆိုင်ကြမှာပါ"

လုမင်ယွိသည် ပန်းလေးနှယ် လန်းဆန်းတောက်ပနေသော ချောင်ဝမ်ကို စူးစိုက်ကြည့်ရင်း စိတ်ရင်းအမှန်ဖြင့် ဆုတောင်းပေးလိုက်၏။ "လက်ထပ်ပြီးသွားရင် လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ တစ်ဘဝလုံး ပျော်ရွှင်စေဖို့ မျှော်လင့်ပါတယ်"

အရင်ဘဝတုန်းကလိုတော့ စောစောစီးစီး ကြွေလွင့်မသွားပါစေနဲ့။

ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ အသက်ရှင်သွားပါ!

လုမင်ယွိ၏ စကားထဲက နက်နဲသော အဓိပ္ပါယ် ကို ချောင်ဝမ်သည် နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူမသည် လုမင်ယွိက စေတနာကောင်းနှင့် ဆုတောင်းစကား ပြောလာသည်ကိုတော့ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်လေသည်။

ချောင်ဝမ်သည် စိတ်ထဲတွင် ကြိတ်ပြီး ကြည်နူးသွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ပြောင်စောင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မကလဲ ပြောင်စောင်နဲ့ ပြောင်ကောတို့ သံယောဇဥ်ခိုင်မြဲပြီး ဝမ်းထဲက ကလေးလေး ကျန်းကျန်းမာမာရှိစေဖို့ ဆုတောင်းပေးပါတယ်"

...

လုမင်ယွိသည် ဘေးတွင်ထိုင်လျက် ချောင်ဝမ်နှင့် မကြာခဏ စကားတီးတိုးပြောနေလေသည်။ ချောင်ဝမ်သည် အစကတော့ အနည်းငယ် စိတ်လှုပ်ရှားနေသော်ငြား ယခုအချိန်တွင်တော့ စိတ်တို့သည် အတော်လေး ငြိမ်သက်အေးချမ်းသွားခဲ့၏။

မကြာခင်မှာပင် လူတစ်ချို့ကလဲ ရောက်လာခဲ့ကြပြန်သည်။

ရောက်လာကြသူများမှာလည်း ရင်းနှီးနေကြမျက်နှာများသာပင်။ လူတိုင်းက လုမင်ယွိကို မြင်လိုက်သောအခါ ပြုံးရယ်ပြီး နှုတ်ဆက်စကားပြောလာကြ၏။

ယခင်အပျိုဘဝတွင် လုမင်ယွိ၏ လူမှုဆက်ဆံရေးမှာ သာမာန်မျှသာရှိခဲ့သည်။ ပုံမှန်အားဖြင့် သူမ၏ သိုင်းပညာစွမ်းရည်က မြင့်မားပြီး စိတ်နေစိတ်ထားကလဲ သိပ်မကောင်းလှလေရာ ရင်းနှီးသည့် မိန်းကလေးသူငယ်ချင်းများမှာ လက်ချိုးရေတွက်လို့ရနိုင်သည်အထိ နည်းပါးခဲ့လေသည်။

လက်ထပ်ပြီးနောက်တွင်တော့ ဇနီးသည်၏ဂုဏ်မှာ ခင်ပွန်းသည်ပေါ် မူတည်လေသည်။ ဒုတိယမင်းသားသည် မိဖုရားခေါင်မှ ဖွားမြင်သည့် မင်းသားတစ်ပါးဖြစ်ပြီး လုမင်ယွိမှာ ဒုတိယမင်းသားကြင်ရာတော် ဖြစ်သည့်အပြင် ယခု ကိုယ်ဝန်လဲ ရှိနေပြီဖြစ်သဖြင့် လူအများ၏အမြင်တွင် သူမ၏ အဆင့်အတန်းက အများကြီး ပိုမြင့်တက်သွားခဲ့၏။

မုန့်ယွင်လော် ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် လုမင်ယွိကို ကြယ်များက လကိုဝန်းရံထားသကဲ့သို့ လူအများ ဝိုင်းဝိုင်းလည်နေသည့် မြင်ကွင်းကို တွေ့လိုက်ရ၏။

မုန့်ယွင်လော်နှင့် လီဟောက်တို့သည် ကြင်စဦးဇနီးမောင်နှဲ ချစ်မေတ္တာထက်သန်နေချိန်ဖြစ်ပြီး ချစ်ခင်နေကြသည်ဟု ဆိုနိုင်၏။ သာမာန်အချိန်များတွင် လုမင်ယွိကို မတွေ့လျှင်လည်း ရှိစေတော့။ သူမကို မြင်လိုက်သည်နှင့် ရန်ငြိုးဟောင်း၊ ရန်ငြိုးသစ်များအားလုံးက စိတ်ထဲသို့ တပြိုင်နက်တည်း တိုးဝင်လာတော့သည်။ မုန့်ယွင်လော်ကလဲ လှိုက်လှိုက်လှဲလှဲ ရယ်မောကာပြောလိုက်၏။ "အာ့စောင်ကို လာကြည့်ပါအုံး။ ဘယ်နေရာရောက်ရောက် လူတွေရဲ့ အာရုံစိုက်မှုကို ခံနေရတာပဲ။ ဒီနေ့တော့ သတို့သမီးရဲ့ အရှိန်အဝါကို လုမယူလိုက်နဲ့အုံးနော်"

လုမင်ယွိက နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ပြီး ခပ်ဖျော့ဖျော့ ပြန်တုံ့ပြန်လိုက်လေသည်။ "လူတိုင်းက ဒီနေ့ ချောင်ပြောင်မေ့အတွက် ဝမ်းမြောက်ကြောင်း လာပြောကြတာပါ။ တကယ့်ဇာတ်လိုက်က ချောင်ပြောင်မေ့ပါပဲ။ အရှိန်အဝါလုတယ် ဘာညာဆိုတဲ့စကားမျိုးက သွေးထိုး လှုံ့ဆော်သလိုဖြစ်နေတယ်။ စန်းတိမေ့ စကားမပြောခင် ဦးနှောက်နဲ့ နည်းနည်းလေး စဥ်းစားသင့်တယ်။ မဟုတ်ရင် တခြားသူတွေ အထင်လွဲသွားမှာ စိုးရတယ်"

လူအားလုံး "..."

လုမင်ယွိနှင့် မုန့်ယွင်လော်တို့ နည်းနည်းလေး မတည့်ကြကြောင်း အစောကြီးကတည်းက ကြားသိထားပြီးဖြစ်သော်ငြား ယနေ့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရမှ အမှန်တကယ် ဖြစ်နေကြောင်း သိလိုက်ရတော့သည်။

အားလုံးကလဲ တပြိုင်တည်း ပြောနေသည့်စကားများကို ရပ်တန့်ထားလိုက်ပြီး လှမ်းကြည့်လိုက်ကြ၏။

မုန့်ယွင်လော်သည် လုမင်ယွိ၏ စကားကြောင့် သူမ၏ အပြုံးမှာ အေးခဲသွားသော်ငြားလည်း မကြာမှီပင် ဘာမှမဖြစ်သလို ရယ်မောရင်း ပြောလိုက်၏။ "အာ့စောင်ကတော့ နောက်ပြောင်တတ်တာပဲ"

လုမင်ယွိကလဲ ခပ်ရေးရေးလေး ပြုံးလိုက်လေသည်။ "ဟုတ်တယ်။ ကျွန်မက နောက်ပြောင်ရတာကို သဘောကျတယ်လေ။ စန်းတိမေ့လဲ ကျွန်မရဲ့ စိတ်နေစိတ်ထားကို သိသားပဲ။ ကျွန်မက တခါတလေ စကားပြောတာ ပြင်းထန်သွားရင် စိတ်ထဲမထားနဲ့နော်"

လုမင်ယွိ၏ တည်ငြိမ်အေးဆေးနေသော ဟန်ပန်ကိုကြည့်ရင်း မုန့်ယွင်လော်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်လာလေတော့သည်။ သူမ၏ အကြည့်များသည် လုမင်ယွိ၏ အခုအချိန်ထိ မသိသာသေးသော ဝမ်းဗိုက်လေးပေါ်သို့ အမှတ်မထင် ရောက်ရှိသွားပြီး ထိုမကျေနပ်မှုသည် အဆုံးမရှိသော မနာလိုမှုအဖြစ် ပြောင်းလဲသွားပြန်သည်။

တော်ဝင်မိသားစု၏ ချွေးမတော်များ ဖြစ်ကြသည့်အလျောက် တစ်ယောက်ယောက်က သားသမီးကို အရင်ဆုံး မွေးဖွားနိုင်ရင်ဆိုသည့်အပေါ် မူတည်ပြီး နန်းတော်ထဲက အလေးပေးမှုမှာလည်း ကွာခြားသွားလေသည်။ သူမသည် လုမင်ယွိထက် တလနောက်ကျပြီးမှ လက်ထပ်ခဲ့ရ၏။ လုမင်ယွိက ကိုယ်ဝန်နှစ်လပင်ကျော်နေပြီ ဖြစ်သော်ငြား သူမထံတွင်တော့ ယခုတိုင် သတင်းကောင်း မကြားရသေးချေ။

တစ်လှမ်းနောက်ကျလျှင် အရာရာနောက်ကျရတော့သည်။

စဥ်းစားကြည့်လေ မုန်းဖို့ကောင်းလေပဲ။

ထိုအခိုက်မှာပင် ရင်နှီးနေသည့် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ "ငါက စောစောရောက်တယ် ထင်ထားတာ။ နင်တို့က ပိုတောင် စောနေသေးတယ်။ ကျောက်ယွီ ရောက်လာခြင်းပင်။

ကျောက်ယွီနှင့် ပဉ်စမမငျးသားတို့၏ လက်ထပ်ရက်ကို နှစ်ကုန်ပိုင်းတွင် သတ်မှတ်ထားလေသည်။ စေ့စပ်ကြောင်းလမ်းထားပြီးသော အမျိုးသမီးအနေဖြင့် အပြင်သို့ မကြာခဏ ထွက်လည်ခြင်းမပြုသင့်ချေ။ ဒီကာလများအတွင်းတွင် ကျောက်ယွီသည်လဲ အိမ်တော်မှ အပြင်သို့ သိပ်မထွက်ခဲ့ချေ။

လုမင်ယွိက ပြုံးကာ ကျောက်ယွီကို နှုတ်ဆက်လိုက်၏။ "ကျောက်မေ့မေ့"

ကျောက်ယွီကလဲ ပြုံးကာပြန်တုံ့ပြန်လိုက်ပြီး အရင်ဆုံး ချောင်ဝမ်ထံသို့ သွားရောက်ကာ ဂုဏ်ပြုစကား ပြောကြားလိုက်၏။ ထို့နောက်တွင်တော့ လုမင်ယွိ၏ဘေးသို့ အလိုက်တသိ ဝင်ထိုင်လိုက်ကာ စိတ်အားထက်သန်စွာ မေးမြန်းလိုက်လေသည်။ "နင်ကိုယ်ဝန်ရှိနေတာ မဟုတ်လား။ အိမ်တော်မှာ အေးအေးဆေးဆေး အနားမယူဘဲနဲ့ ချောင်အိမ်တော်ကို ဘာလို့လာရတာလဲ"

တခြားသူများက ဒီအကြောင်းကို ဖွင့်ဟမေးမြန်းရန် အားနာနေကြသော်ငြားလည်း ကျောက်ယွီကတော့ ထိုသို့ ထိန်းချုပ်နေမည် မဟုတ်ချေ။ သူမသည် လူတိုင်းသိချင်နေသည့် အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ချက်ချင်းမေးမြန်းလိုက်တော့သည်။

လူတိုင်းကလဲ နှုတ်ဆိတ်ကာ နားစွင့်နေကြတော့၏။

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြန်ဖြေလိုက်သည်။ "တနေ့လုံး အိမ်တော်ထဲမှာပဲနေရတော့ တော်တော်လေး ပျင်းစရာကောင်းလို့ပါ။ ဒီနေ့က ချောင်ပြောင်မေ့ရဲ့ မင်္ဂလာရက်လေ။ ငါက ဘယ်လိုပဲဖြစ်ဖြစ် အိမ်တိုင်ရာရောက် ဝမ်းမြောက်ကြောင်း လာပြောရမှာပေါ့။ ခဏနေရင် စားသောက်ပွဲ မတက်တော့ဘဲ စောစောပြန်မှာပါ"

ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူမကလဲ ထပ်ပြီးမေးမြန်းလိုက်ပြန်သည်။ "နင့်ရဲ့ စစ်စောင်ရော ဘာဖြစ်လို့ အတူတူ မလာတာလဲ"

ကျင်းချန်အာသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ကျောက်အိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီး ကျောက်ယွီနှင့် သမီးယောက်မ တော်စပ်သွားခဲ့လေသည်။

သဘာဝအရဆိုလျှင် သမီးယောက်မနှစ်ယောက်သည် အတူတူ သွားလာကြလျှင် ပိုပြီးအဆင်ပြေလေသည်။

ကျောက်ယွီက နှုတ်ခမ်းမဲ့ချင်သလို ဖြစ်သွားသော်ငြားလည်း ပြန်ထိန်းချုပ်ထားလိုက်ပြီး ပြောလိုက်တော့၏။ "ငါက အရင်လာလိုက်တာ။ ခဏနေရင် စစ်ကောက စစ်စောင်ကို လိုက်ပို့ပေးလိမ့်မယ်"

ကြည့်ရသည်မှာ ကျင်းချန်အာသည် ကျောက်အိမ်တော်သို့ လက်ထပ်ပြီးနောက် ကျောက်ယွီနှင့် ဆက်ဆံရေး အဆင်ပြေပုံမရချေ။

လူအများ၏ရှေ့တွင် လုမင်ယွိက အသေးစိတ်မေးမြန်းလျှင်လည်း မသင့်တော်သဖြင့် ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

ချောင်ဝမ်သည် ပြင်ဆင်ပြီးသွားပြီဖြစ်ကာ မင်္ဂလာဝတ်စုံကိုလည်း လဲလှယ်ဝတ်ဆင်ပြီး ကုတင်ဇောင်းတွင် တည်တည်ငြိမ်ငြိမ်ထိုင်ကာ ထပြီးလိုက်ပို့ရန်လဲ အဆင်မပြေတော့ချေ။ သူမက လုမင်ယွိ၏ ကျောပြင်ကို ပြုံးကာကြည့်ရင်း မျက်စိတစ်ဆုံး လိုက်ပို့မိလိုက်တော့သည်။

...

All Chapters