← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အပိုင်း (၂၂၃) အန္တရာယ်နှင့် ကြုံတွေ့ခြင်း (၁)

လီကျင့်သည် ယနေ့တွင် ချောင်အိမ်တော်တွင် နေရစ်ခဲ့ပြီး ဒုတိယသခင်လေးဖန်းက သတို့သမီး လာရောက်ခေါ်ဆောင်မည်ကို စောင့်ဆိုင်းရမည် ဖြစ်လေသည်။

လုမင်ယွိက လီကျင့်ထံသို့ လူလွှတ်ပြီး သတင်းစကား ပို့ခိုင်းလိုက်ပြီးနောက် ချောင်အိမ်တော်မှ ထွက်ခွာကာ မြင်းလှည်းပေါ်သို့ တက်လာခဲ့၏။

ယခုအချိန်သည် နေမြင့်ချိန်နီးပါးသို့ပင် ရောက်ရှိနေပြီဖြစ်ပြီး နေအရှိန်မှာ အလွန်ပြင်းထန်လျက် ရှိသည်။ ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးတို့သည် ပူလောင်မှုကို အလွယ်တကူ ခံစားရတတ်သည်။ လုမင်ယွိသည် သာမန်အမျိုးသမီးများထက် ပိုပြီး အပူဒဏ်ကို ကြောက်ရွံ့သူဖြစ်ရာ မြင်းလှည်းပေါ်သို့ တက်လိုက်သည်နှင့် လေမဝင်သဖြင့် မွန်းကြပ်သည်ဟု ခံစားလိုက်ရသဖြင့် ချီယွင်ကို ဝါးခန်းဆီး ဆွဲဖွင့်ရန် အမိန့်ပေးလိုက်၏။

မြင်းလှည်းပြတင်းပေါက်သည် ကြီးလွန်းခြင်းလည်း မရှိ၊ ငယ်လွန်းခြင်းလည်း မရှိပေ။ ဝါးခန်းဆီးကို ဆွဲဖွင့်လိုက်ပြီးနောက် လေနုအေးတို့သည် တဖြူးဖြူး တိုက်ခတ်ဝင်ရောက်လာခဲ့ပြီး နွေဦးရာသီ၏ ပူလောင်ခြောက်သွေ့မှုကို အနည်းငယ် သယ်ဆောင်သွားလေသည်။

လုမင်ယွိသည်ကား ကျေနပ်မှု မရှိသေးဘဲ လေသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။ "မြင်းစီးရတာကမှ ပိုလွတ်လပ်သေး"

မြင်းကို အရှိန်ကုန်ခိုင်းနှင်လျက် လေပြင်းများ တရွှီရွှီ တိုက်ခတ်နေသည့်အကြားက လွတ်လပ်ပေါ့ပါးခြင်း၊ ပျော်ရွှင်လွတ်လပ်ခြင်းတို့ ရှိလှသည်။ ထိုအခြေအနှေင့် နှိုင်းယှဉ်လိုက်ပါက သည်လို ကျဉ်းကျဉ်းကြပ်ကြပ် မြင်းလှည်းထဲတွင် ထိုင်နေရပြီး လှုပ်ရှားလို့လည်း မရသည်မှာ အမှန်တကယ်ပင် စိတ်မွန်းကြပ်စရာ ကောင်းလှပေသည်။

ချီယွင်က သူမ၏ သခင်မကို ပြုံးကာ နှစ်သိမ့်လိုက်လေသည်။ "ကိုယ်ဝန်နဲ့ ဘယ်လိုလုပ် မြင်းစီးလို့ ရမှာလဲ၊ နောက်ထပ် လအနည်းငယ်လောက် သည်းခံလိုက်ပါဦး။ တကယ်လို့ ပူတယ်လို့ထင်ရင် ကျွန်မ ပြန်ရောက်တာနဲ့ မြင်းလှည်းထဲမှာ ရေခဲဇလုံ ထည့်ထားခိုင်းလိုက်ပါ့မယ်"

လုမင်ယွိက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်၏။ "ဒီလိုပဲ လုပ်ရတော့မှာပေါ့"

ကိုယ်ဝန်ဆောင်ပြီးနောက်တွင် နေရာတိုင်း၌ သတိကြီးစွာ ထားရပြီး အရာရာကို စောင့်ကြည့်ရလေသည်။ စားသောက်ဖွယ်ရာများကို အထူးဂရုပြုရသည့်အပြင် အိမ်တော်အပြင်သို့ ထွက်သည့်အခါတိုင်းလည်း ပိုပြီးပင် သတိထားရ၏။ ထိုသို့သော အဆင်မပြေမှု အမျိုးမျိုးကို သူမကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေတော့မည်။

လုမင်ယွိသည် သာမန်အချိန်များတွင် သည်းခံနိုင်စွမ်း ရှိသော်လည်း ရံဖန်ရံခါတွင်တော့ စိတ်ရှုပ်ထွေး မွန်းကြပ်ရသည့် အချိန်များလည်း ရှိတတ်သည်။ တည်ငြိမ်ပြီး အသေးစိတ် ဂရုစိုက်တတ်သော ချီယွင်က အနားတွင် အမြဲရှိနေပြီး နှစ်သိမ့်ဖျောင်းဖျပေးနေလို့သာ တော်သေးသည်ဟု ဆိုရမည်။

မြင်းလှည်းသည် ခရီးတစ်ထောက်မျှ သွားလာခဲ့ပြီးနောက် အနည်းငယ် ကျဉ်းမြောင်းသော လမ်းမတစ်ခုပေါ်သို့ တည့်တည့်မတ်မတ် မောင်းနှင်လာခဲ့သည်။

ဤလမ်းမသည် ကျဉ်းသည်ဟု ဆိုရသော်လည်း မြင်းလှည်းနှစ်စီး ယှဉ်ကာ သွားလာနိုင်သည်အထိတော့ ကျယ်ဝန်းသဖြင့် အလွန်အမင်း ကျဉ်းမြောင်းလှသည်ဟု မဆိုသာပေ။

တိုက်ဆိုင်လှသည်ဟု ဆိုရမည်။ လမ်းကွေ့တစ်ခုသို့ ချိုးဝင်လိုက်သည်နှင့် ရှေ့ဘက်မှ အမြန်မောင်းနှင်လာသည့် မြင်းအချို့ ထွက်ပေါ်လာခဲ့သည်။

လုမင်ယွိ၏ အကြားအာရုံသည် ထက်မြက်လှသဖြင့် လျင်မြန်စွာ ဒုန်းစိုင်းလာသော မြင်းခွာသံများကို ကြားလိုက်ရသည်နှင့် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိတော့၏။

လမ်းမရဲ့ ဘေးနှစ်ဖက်မှာ ဈေးသည်တွေ ရှိသလို သွားလာနေကြတဲ့ ပြည်သူတွေလဲ ရှိနေတာ။ လူအများ စုဝေးရာနေရာမှာ မြင်းစီးသမားတွေက ဒီလို ဒုန်းစိုင်းစီးနင်းနေကြတာ ပြည်သူတွေကို ဝင်တိုက်မိမှာ မစိုးရိမ်ကြဘူးလား။

သူမ၏ အတွေး မဆုံးသေးမီမှာပင် ရှေ့ဘက်မှ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး ကလေးငယ်တစ်ဦး၏ အော်ဟစ်ငိုယိုသံသည်လည်း ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။

မြင်းလှည်းမောင်းသမားသည် တုန်လှုပ်သွားပြီး ဇက်ကြိုးကို လျင်မြန်စွာ ဆွဲတင်းလိုက်၏။ အတူလိုက်ပါလာသော ကိုယ်ရံတော်များ အားလုံးသည်လည်း သတိကြီးစွာဖြင့် မြင်းလှည်းကို ချက်ချင်း ဝိုင်းရံထားလိုက်ကြသည်။

ဒီသူများသည် လုအိမ်တော်မှ အထူးလေ့ကျင့်ထားသော ကိုယ်ရံတော်များဖြစ်ကြပြီး စုစုပေါင်း အယောက် ၂၀ ကျော် ရှိလေသည်။ သူတို့သည် လူအယောက် ၁၀၀ ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိကြ၏။ မည်မျှပင် သိုင်းပညာ မြင့်မားသော လုပ်ကြံသတ်ဖြတ်သူများ ဖြစ်စေကာမူ အချိန်တိုအတွင်းတွင် သည်ကာကွယ်မှုကို ထိုးဖောက်ပြီး မြင်းလှည်းအနီးသို့ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။

လုမင်ယွိ စီးနင်းလိုက်ပါလာသော မြင်းလှည်းကိုလည်း အထူးစီမံပြုလုပ်ထားခြင်း ဖြစ်သည်။ သစ်သားပြားနှစ်ချပ်၏ အလယ်တွင် မာကျောသော သံမဏိပြားတစ်ချပ်ကို ညှပ်၍ ကာရံထား၏။ လျှို့ဝှက်နေရာမှ မြားပစ်ကျွမ်းကျင်သူများက ချောင်းမြောင်းပစ်ခတ်လျှင်ပင် မြင်းလှည်းကို ထိုးဖောက်နိုင်မည် မဟုတ်ချေ။

လုမင်ယွိသည် မြင်းလှည်းထဲတွင်သာ နေနေသမျှ ကာလပတ်လုံး ဘေးကင်းလုံခြုံနေလိမ့်မည်။

ချီယွင်သည် မျက်စိလျှင်ကာ လက်မြန်မြန်သဖြင့် ဝါးခန်းဆီးကို ချက်ချင်း ဆွဲချလိုက်ပြီး ကိုယ်ရံတော်များကလည်း ပြတင်းပေါက်ကို လုံခြုံစွာ ပိတ်လိုက်ကြသည်။ လှုပ်ရှားမှုအားလုံးသည် မြင်းလှည်း၏ အပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့၏။ ကလေးငယ်၏ စူးရှ၍ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာမတတ် ဖြစ်နေသော ငိုယိုသံကသာ နားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။

လုမင်ယွိသည် အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်လာပြီး အသံမြှင့်ကာ မေးမြန်းလိုက်သည်။ "အပြင်မှာ ဘာဖြစ်နေတာလဲ"

လုယိ၏ အသံသည် နားထဲသို့ ဝင်ရောက်လာခဲ့သည်။ "ဟွမ်စစ်ဖေးညန်ညန် စိတ်အေးအေးထားပါ။ ကျွန်တော် လူလွှတ်ပြီး ကြည့်ခိုင်းလိုက်ပါပြီ"

သာမန်အချိန်မျိုးမှာဆိုရင် ဘာဖြစ်တာလဲ သိရအောင် အစောကြီး ပြေးကြည့်နေလောက်ပြီ။ အခု ကိုယ်ဝန်ရှိလာတော့ ခြေတွေလက်တွေ ပြတ်သွားသလိုပဲ။ ဒီမြင်းလှည်းထဲမှာ အောင့်သက်သက်နဲ့ ထိုင်နေရတယ်။

လုမင်ယွိသည် မျက်နှာထားတင်းတင်းဖြင့် မြင်းလှည်းထဲတွင် ထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

ခဏအကြာတွင် လုယိက လျှောက်တင်လာ၏။ "မြို့တော်ထဲက လူမိုက်တစ်ချို့ပါ။ မြင်းအရှိန် အရမ်းမြန်သွားတော့ ဈေးသည်တစ်ယောက်ရဲ့ ဆိုင်ခင်းကို ကန်မှောက်သွားတယ်။ ပြီးတော့ အသက် ၅ နှစ် ၆ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကိုလဲ ဒဏ်ရာရသွားတယ်။ ကလေးမလေးက ခြေထောက်ကို မြင်းခွာနဲ့ အခိုက်ခံလိုက်ရလို့ အသည်းအသန် ငိုနေပါတယ်။ ကျွန်တော် လူလွှတ်ပြီး သမားတော် သွားပင့်ခိုင်းလိုက်ပါပြီ၊ ပြီးတော့ ဟိုလူမိုက်တွေကိုလဲ ဖမ်းထားခိုင်းလိုက်တယ်။ ခဏနေရင် တရားရုံးကို ပို့ပြီး အရေးယူခိုင်းလိုက်ပါ့မယ်"

လုယိ၏ လုပ်ဆောင်ပုံသည် အတွေ့အကြုံ ရင့်ကျက်လှပြီး သည်လို စီမံခန့်ခွဲမှုအပေါ် အပြစ်ပြောစရာ တစ်စုံတစ်ရာမှ မရှိပေ။

လုမင်ယွိက အင်း ဟု တစ်ချက် မြည်တမ်းလိုက်ပြီး သူမ၏ နှုတ်ဖျားသို့ ရောက်လုဆဲဆဲ ဖြစ်နေသော "ငါ အပြင်ထွက်ကြည့်လိုက်ဦးမယ်" ဟူသည့် စကားကို မြိုသိပ်ထားလိုက်ရသည်။

...

သည်လမ်းမပေါ်တွင် ဆေးကုခန်း မရှိဘဲ အနီးဆုံး ဆေးကုခန်းမှာ အခြားလမ်းနှစ်ခု၏ အကျော်တွင်မှ ရှိလေသည်။

ခြေထောက်ကျိုးသွားသော ကလေးမလေးထံမှ သွေးတို့သည် အိုင်ထွန်းလျက်ရှိပြီး အသည်းခိုက်မတတ် ငိုယိုနေလေသည်။ ရိုးသားဖြောင့်မတ်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကလေးမလေးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း လမ်းသွားလမ်းလာများကို ငိုယို တောင်းပန်နေ၏။ "ခင်ဗျားတို့ထဲမှာ ဘယ်သူ့ဆီ တွန်းလှည်းအပြား ရှိပါသလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်သမီးကို ဆေးကုခန်း ပို့ပေးကြပါဦး။ ထပ်ပြီး ကြန့်ကြာနေရင် ကလေးရဲ့ ခြေထောက်က သုံးမရတော့ဘဲ ဖြစ်သွားလိမ့်မယ်"

သည်အမျိုးသားသည် စကားပြော သွက်လက်သူတစ်ဦး မဟုတ်သဖြင့် ထိုစကားနှစ်ခွန်းကိုသာ ထပ်တလဲလဲ အော်ဟစ်နေလေသည်။

လမ်းမပေါ်တွင် ဈေးရောင်းနေသော ဈေးသည်ငယ်များထံတွင် တွန်းလှည်းအပြားများ ရှိကြသည် မှန်သော်လည်း လှည်းများပေါ်တွင် ပစ္စည်းများ အပြည့် တင်ဆောင်ထားကြသဖြင့် ပစ္စည်းများ ချရန် အချိန်အနည်းငယ် ယူရပေဦးမည်။

ထိုကလေးမလေး၏ ငိုသံသည် တဖြည်းဖြည်း ပိုပြီး သနားစဖွယ် ကောင်းလာတော့သည်။

လုမင်ယွိသည် နောက်ဆုံးတွင် မခံမရပ်နိုင် ဖြစ်လာပြီး လုယိကို ခေါ်လိုက်ကာ ပြောလိုက်သည်။ "မင်း လူတစ်ယောက်ကို မြင်းနဲ့ ဟိုဒဏ်ရာရနေတဲ့ ကလေးမလေးကို ဆေးကုခန်း လိုက်ပို့ခိုင်းလိုက်"

လုယိသည် နှလုံးသား မရှိသူတစ်ဦး မဟုတ်သော်လည်း ယခုအချိန်တွင် အနည်းငယ် တွေဝေသွားသည်။ "ကလေးမလေးက ခြေထောက်မှာ ဒဏ်ရာရထားတာဆိုတော့ လှုပ်ရှားလို့ မသင့်တော်ဘူး၊ မြင်းနဲ့ ဆေးကုခန်း ပို့ရတာက အဆင်မပြေတာတွေ အများကြီး ရှိနိုင်တယ်"

အခုလောလောဆယ်တော့ မြင်းလှည်း ရှိနေတာပဲ။ ဒါပေမဲ့ သခင်မကိုတော့ မြင်းလှည်း ပေးလိုက်ဖို့ သူ ဘယ်လိုမှ ခွင့်ပြုမှာ မဟုတ်ဘူး

လုမင်ယွိကလည်း မိမိကိုယ်တိုင် မြင်းလှည်းထဲတွင် နေခြင်းက အလုံခြုံဆုံးဖြစ်ကြောင်း သိလေသည်။ သို့သော် အပြင်ဘက်မှ သားအဖနှစ်ဦး၏ ငိုသံများကို ကြားနေရသောအခါ ဆက်ထိုင်မနေနိုင်တော့ဘဲ နှုတ်ဖွင့်ကာ ပြောလိုက်သည်။ "ဒါမှမဟုတ်ရင် ငါ မြင်းလှည်းပေါ်က ခဏ ဆင်းစောင့်နေလိုက်မယ်။ မင်းက မြင်းလှည်းနဲ့ သူတို့ သားအဖနှစ်ယောက်ကို ဆေးကုခန်း ပို့ပေးလိုက်"

လုယိသည် စဉ်းပင်မစဉ်းစားဘဲ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ "လုံးဝ မဖြစ်နိုင်ပါဘူး"

မတော်တဆ ဆိုသည့် ဖြစ်ရပ်မျိုးကို အထူးဂရုပြုရလိမ့်မည်။

အဲ့ဒီ သားအဖနှစ်ယောက်က တကယ် သနားစရာ ကောင်းတာ မှန်တယ်။ ဒါပေမဲ့ ဒါက ဒုတိယမင်းသားကြင်ရာတော်ကို ပစ်မှတ်ထားပြီး ဆင်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်နေမှာကိုလဲ ကာကွယ်ထားရမယ်။ ဘယ်အရာကမှ သခင်မရဲ့ လုံခြုံရေးလောက် အရေးမကြီးဘူး။

လုမင်ယွိသည် စိတ်မရှည်နိုင်တော့သဖြင့် လုယိကို ပြတင်းပေါက် ဖွင့်ခိုင်းလိုက်ပြီး ခေါင်းထွက်ကာ အပြင်သို့ တစ်ချက် ကြည့်လိုက်လေသည်။

ကလေးမလေးကို ပွေ့ဖက်ထားသော ထိုအမျိုးသားသည် လုမင်ယွိကို လှမ်းမြင်လိုက်ရသောအခါ လုမင်ယွိ ရှိရာအရပ်သို့ ဦးညွှတ်ရင်း ငိုယိုတောင်းပန်လေသည်။ "ဒီက သခင်မ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ။ မြင်းလှည်းကိုသုံးပြီး ကျွန်တော့်ကလေးရဲ့ အသက်ကို ကယ်တင်ပေးပါ"

ထိုအမျိုးသားသည် သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာ ဦးတိုက်လိုက်ရာ နဖူးပြင်တစ်ခုလုံး နီရဲသွားသည်အထိ ဖြစ်လေသည်။

လမ်းမပေါ်မှ ပြည်သူများနှင့် ဈေးသည်များကလည်း အပြေးအလွှား လှမ်းကြည့်လိုက်ကြသည်။

ဤကိုယ်ရံတော်အုပ်စုသည် တစ်ဦးချင်းစီတိုင်းက သန်မာထွားကျိုင်းပြီး ရဲရင့်ကြသည်။ မြင်းလှည်းမှာလည်း ကျယ်ဝန်းခမ်းနားလှပြီး မြင်းလှည်းဆွဲသော မြင်းလေးကောင်လုံးမှာလည်း အမွေးအမှင် တောက်ပြောင်လျက် အလွန်ခန့်ညားလှ၏။ ကြည့်လိုက်သည်နှင့်ပင် သူကောင်းမျိုးနွယ်တစ်ဦး ခရီးထွက်လာခြင်း ဖြစ်ကြောင်း သိသာလှသည်။

ကလေးမလေး၏ ခန္ဓာကိုယ်တစ်ခြမ်းလုံးသည် သွေးများဖြင့် ပြည့်နှက်နေပြီး ငိုသံမှာလည်း တဖြည်းဖြည်း အားနည်းလာကာ မကြာမီ အသက်ထွက်တော့မည့် အခြေအနေသို့ပင် ဆိုက်နေပြီ။

ဒီသခင်မက ပြဿနာရှာတဲ့ လူမိုက်တွေကို ဖမ်းထားခိုင်းပြီးပြီ။ အခုရော ကောင်းမှုကို အဆုံးထိ လုပ်ပြီး မြင်းလှည်းကို ငှားရမ်းကာ ကလေးမလေးရဲ့ အသက်တစ်ချောင်းကို ကယ်တင်ပေးမှာလား။

လုမင်ယွိက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အမိန့်ပေးလိုက်တော့သည်။ "လုယိ၊ တံခါးဖွင့်လိုက်။ သူတို့ သားအဖနှစ်ယောက်ကို မြင်းလှည်းပေါ် ခေါ်တင်ခဲ့"

လုယိသည် တုန်လှုပ်သွားပြီး ချက်ချင်းပင် ထွက်ဆိုလိုက်သည်။ "မဖြစ်ဘူး"

လုမင်ယွိ၏ အကြည့်တို့သည် ပြတင်းပေါက်ကို ဖြတ်ကျော်ကာ လုယိ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ "ငါ ပြောတဲ့အတိုင်း လုပ်"

လုယိ: "..."

ကိုယ်ရံတော်တစ်ယောက်အနေနှင့် ပထမဆုံး စည်းမျဉ်းက သခင့်အမိန့်အတိုင်း လိုက်နာရန်ပင်။

လုယိသည် မတတ်သာသည့်အဆုံး ခေါင်းညိတ်ကာ အဖြေပေးလိုက်ရသည်။

တော်သေးတာက လုမင်ယွိက အတိုင်းအဆမရှိ ကူညီတတ်တဲ့ လူကောင်းတစ်ယောက် မဟုတ်ဘူး။ လူကို ကယ်တင်ရင်းနဲ့ မြင်းလှည်းကိုတော့ စွန့်လွှတ်လိုက်တာ မဟုတ်ဘူး။ သားအဖနှစ်ယောက်ကို မြင်းလှည်းပေါ် တက်ခိုင်းလိုက်ရုံပဲ။ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင်တောင် သခင်မလေးရဲ့ သိုင်းပညာနဲ့ဆိုရင် ဖြေရှင်းနိုင်မှာပါ။

လုယိသည် စိတ်ပိုင်းဖြတ်လိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် ရှေ့သို့ တိုးကာ ကလေးမလေးကို ကိုယ်တိုင် ပွေ့ချီလာခဲ့သည်။

ထိုသက်လတ်ပိုင်း အမျိုးသားက ကျေးဇူးတင်လွန်း၍ ဦးတိုက်မည့်ဟန် ပြင်လိုက်ရာ လုယိက ခပ်ဖျော့ဖျော့ ပြောလိုက်သည်။ "မြန်မြန် မြင်းလှည်းပေါ် တက်"

သက်လတ်ပိုင်း အမျိုးသားသည် သူ၏ လက်ခုံဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ရှိုက်ငိုရင်း အဖြေပေးလိုက်၏။

ကြည့်ရသည်မှာ သမီးဖြစ်သူကို အလွန်ချစ်သော သနားစရာ ဖခင်တစ်ဦးသာဖြစ်ပြီး မသင်္ကာစရာ တစ်စုံတစ်ရာ မတွေ့ရပေ။

သို့သော် လုယိသည် စိတ်ထဲ၌ တိတ်တဆိတ် သတိထားလျက်ရှိပြီး ကလေးမလေးကို ပွေ့ချီထားရင်းကပင် မျက်လုံးထောင့်ဖြင့် ထိုသက်လတ်ပိုင်း အမျိုးသားကို အကဲခတ်နေလိုက်သည်။

မြင်းလှည်းတံခါးကို ဖွင့်လိုက်သည့် ခဏမှာပင် ထိုသက်လတ်ပိုင်း အမျိုးသားသည် ရုတ်တရက် ခေါင်းမော့လာခဲ့ပြီး သူ၏ မျက်ဝန်းများထဲတွင် ကြမ်းကြုတ်ရက်စက်သော အရောင်အဝါတို့ ပေါ်ထွက်လာခဲ့လေတော့သည်။

...

အပိုင်း (၂၂၄) အန္တရာယ်နှင့်တွေ့ကြုံခြင်း (၂)

လုယိ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားလေတော့သည်။ "လုပ်ကြံသူ သတိထား" ဟူသော စကားတစ်ခွန်း မထွက်သေးခင်မှာပင် ထိုသတ်လတ်ပိုင်း အမျိုးသား၏ ညာဘက်လက်သည် တစ်ချက်လှုပ်ရှားသွားပြီး အင်္ကျီလက်အတွင်းတွင် ဝှက်ထားသော ဓားမြှောင်က သူ့လက်ဖဝါးထဲသို့ လျှောကျလာခဲ့၏။

ဓားမြှောင်သည် လူကို ထိတ်လန့်စေသည့် ခရမ်းပြာရိပ် သမ်းနေလေသည်။ ကြည့်လိုက်ရုံနှင့် ပြင်းထန်သော အဆိပ်လူးထားသည့် လက်နက်ဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်၏။ အဆိပ်အပြင်းဆုံး မြွေတစ်ကောင်က အဆိပ်ငွေ့ကို ထုတ်လွှတ်လိုက်သည့်အလား တိတ်ဆိတ်စွာပင် လုမင်ယွိထံသို့ ထိုးစိုက်သွားတော့သည်။

သည်အချိန်တွင် ကိုယ်ရံတော်များ အားလုံးသည် မြင်းလှည်း၏ အပြင်ဘက်တွင် ရှိနေကြ၏။ မြင်းလှည်းနှင့် အနီးဆုံးဖြစ်သော လုယိ၏ ရင်ခွင်ထဲတွင် အသက်ငွေ့ငွေ့လေးသာ ကျန်တော့သည့် ခြေထောက်ကျိုးနေသော ကလေးမလေး ရှိနေသေးကာ ဝင်ရောက်တားဆီးရန်လဲ အချိန်မှီတော့မည် မဟုတ်ချေ။

မြင်းလှည်းထဲတွင် ကိုယ်ဝန်ဆောင်ထားသော လုမင်ယွိနှင့် သိုင်းပညာ သာမာန်မျှသာရှိသည့် ချိယွင်တို့နှစ်ဦးသာ ရှိကြလေသည်။

ချီယွင်သည် ရုတ်တရက် အပြောင်းအလဲကြောင့် ကြောက်လန့်တကြား ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်ဖြင့် သခင်မကို ကာကွယ်ရန် အလိုအလျောက်ပင် ပြေးဝင်သွားတော့သည်။

သို့သော်ငြား လုပ်ကြံသူ၏ ဒီတစ်ချက်သည် အလွန် ရုတ်တရက်ဆန်လှပြီး အလွန်နီးကပ်ကာ အလွန်လဲ မြန်ဆန်လှလေသည်။ ချီယွင်၏ အရှိန်နှုန်းဖြင့် ကယ်တင်ရန် လုံးဝမမှီနိုင်တော့ချေ။

လုမင်ယွိ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ခြင်းနှင့် ဒေါသရိပ်တို့ ဖြတ်ပြေးသွားပြီး သူမ၏ ခန္ဓာကိုယ်က ဦးနှောက်ထက်ပင် ပိုပြီးလျင်မြန်စွာ တုံ့ပြန်လိုက်ကာ မြန်မြန်လှိမ့်ကာ ရှောင်လိုက်၏။

သူမ၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်သွက်လက်လှပြီး မြင်းလှည်းခန်းထဲတွင် တပတ်တိတိ လှိမ့်သွားတော့သည်။

လုပ်ကြံသူသည် ပထမတစ်ချက် မအောင်မြင်သဖြင့် မျက်လုံးထဲတွင် ကြမ်းကြုတ်သည့် အရိပ်အယောင်များ လက်ခနဲဖြစ်သွားပြီး ဓားမြှောင်ဖြင့် နောက်တစ်ချက် ထိုးစိုက်လိုက်ပြန်သည်။

ထိုဓားမြှောင်သည် အလွန်ထက်ရှလှပြီး ရှပ်ထိရုံမျှဖြင့် အသက်ပျောက်စေနိုင်သော ပြင်းထန်သည့်အဆိပ်ကို လူးထားလေသည်။ အဓိကနေရာကို ထိမှန်ရန်မလိုဘဲ အရေပြားကိုသာ အနည်းငယ် ရှပ်ထိသွားရုံမျှဖြင့် လူကို သေစေနိုင်၏။

ချီယွင်က ပြေးဝင်လာရာ လုပ်ကြံသူသည် အစေခံတစ်ဦးအပေါ် ဓားမြောင်ကို အလဟဿ အသုံးမပြုလိုသဖြင့် ချီယွင်ကို အပြင်းအထန် ကန်ကျောက်လိုက်၏။

ချီယွင်သည် ဖြူဖျော့သွားသည့် မျက်နှာဖြင့် ရင်ဘတ်ထဲက ပြင်းထန်သည့် နာကျင်မှုကို ကြိတ်မှိတ်ခံရင်း လုပ်ကြံသူ၏ ဘယ်ဘက်ခြေထောက်ကို အသည်းအသန် ဆွဲထားလိုက်တော့သည်။ လုပ်ကြံသူသည် ဒီလိုတားဆီးခံလိုက်ရသဖြင့် ရှေ့သို့တိုးနေသည့်အရှိန်မှာ အခိုက်အတန့် ရပ်တန့်သွားရ၏။

ထိုအနည်းငယ် နှောင့်နှေးမှုကြောင့် ဓားမြှောင်သည် လုမင်ယွိ၏ အင်္ကျီစကို ကပ်သီလေးသာ လွဲချော်သွားခဲ့တော့သည်။

လုပ်ကြံသူမှာ တတိယဓားချက်ကို ထုတ်ခွင့်မရတော့ချေ။

လုမင်ယွိသည် လှိမ့်လျက်အနေအထားမှပင် ခြေထောက်ကို လွှဲကာကန်လိုက်ကာ လုပ်ကြံသူ၏ ညာဘက်လက်ကောက်ဝတ်ကို တည့်တည့် ထိမှန်သွားတော့၏။

ခွပ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး လုပ်ကြံသူ၏ ညာဘက်လက်ကောက်ဝတ်သည် ချက်ချင်းကျိုးသွားတော့သည်။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဓားမြှောင်သည်လဲ လက်ထဲမှ လွတ်ကျသွားတော့၏။

လုမင်ယွိက မြန်မြန်ဆန်ဆန် ပျံသန်းကာ ရောက်ရှိလာပြီး ဓားမြှောင်ကို လက်ထဲရောက်အောင် လုယူကာ အရှိန်မသတ်ဘဲ ပြင်းထန်စွာ ဆွဲထားလိုက်ပြီး လုပ်ကြံသူ၏ ညာဖက်ခြေထောက်ကို ထိမှန်သွားပြန်သည်။ လုပ်ကြံသူသည် နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ညာဘက်ခြေထောက်မှ ထွက်လာသော သွေးများမှာ အနက်ရောင်သို့ ပြောင်းလဲသွားတော့၏။

အဆိပ်ပြင်းအားက မည်မျှပြင်းထန်သည်ကို တွေ့နိုင်လေသည်။

အသက်နှစ်ချက် ရှူလိုက်သည့်အတွင်းမှာပင် လုပ်ကြံသူ၏ မျက်နှာသည် အနက်ရောင် ပြောင်းလဲသွားပြီး ပြင်းထန်စွာလဲကျသွားကာ ချက်ချင်းပင် အသက်ရှူ ရပ်တန့်သွားတော့သည်။

ထိုအချိန်ကြမှ လုယိသည် အထိတ်တလန့် အော်ဟစ်ကာ ပြီးဆုံးသွားတော့၏။

ထိုအချိန်ကြမှ လုယိ၏ အထိတ်တလန့် အော်ဟစ်သံကလဲ အဆုံးသတ်သွားတော့သည်။

လုပ်ကြံသူ သတိထား။

ကိုယ်ရံတော်များအားလုံး၏ မျက်နှာအမူအယာများမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားပြီး မြင်းလှည်းအနီးသို့ အပြေးအလွှား ရောက်လာကြလေသည်။ မြင်းလှည်းထဲတွင် အဆိပ်မိကာ သေဆုံးနေသော အလောင်းတစ်လောင်းနှင့် လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိထားကာ ဖြူဖျော့နေသည့် ချီယွင်ကိုသာ တွေ့လိုက်ရလေသည်။ လုမင်ယွိသည် လူသတ်လိုက်သည့် တခဏက အနေအထားအတိုင်းပင် ရှိနေသေးပြီး သူမ၏ မျက်ဝန်းထဲက ကြမ်းကြုတ်မှုတို့သည် ပျောက်ကွယ်မသွားသေးဘဲ အမူအယာကလဲ အေးစက်တင်းမာလို့နေသည်။

အချိန်တိုလေးအတွင်းမှာပင် အလွန်အန္တရာယ်များခဲ့ရသည်။ အကယ်၍ ချီယွင်က အသက်စွန့်ကာ သခင်မကို မကာကွယ်ခဲ့ပါလျှင်၊ အကယ်၍ လုမင်ယွိ၏ တုံ့ပြန်မှုက လျင်မြန်မနေခဲ့ပါလျှင် ဖြစ်ပျက်သွားမည့် အကြောင်းအရာများကို တွေးပင်မတွေးရဲစရာပင်။

လုယိသည် စိတ်ထဲက အတိုင်းအဆမရှိ ဒေါသကို ဖိနှိပ်ထားလိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်၏။ "လုပ်ကြံသူ သေသွားပြီ။ မင်းတို့ တစ်ချို့ ပတ်ဝန်းကျင်ကိုသွားရှာ ဒီလုပ်ကြံသူမှာ အပေါင်းအပါ ရှိ၊ မရှိ သွားကြည့်"

"ပြီးတော့ မင်းတို့နှစ်ယောက် ရုံးတော်ကို တစ်ခေါက်သွား မြင်းကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ အဲဒီ့ လူကိုဒဏ်ရာရအောင်လုပ်ခဲ့တဲ့ လူမိုက်တွေကိုလဲ လုအိမ်တော်ကို ခေါ်ခဲ့။ ငါကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်"

ကိုယ်ရံတော် အယောက်၂၀ကျော်ထဲက ထက်ဝက်ကို မြင်းလှည်းဘေးတွင် စောင့်ကြပ်ရန်ထားခဲ့ပြီး ကျန်တဝက်ကိုတော့ အမိန့်အတိုင်း ဆာင်ရွက်ခိုင်းလိုက်၏။ ထို့အပြင် နှစ်ယောက်ကို ထပ်မံစေလွှတ်လိုက်သေးရာ တစ်ယောက်က ချောင်အိမ်တော်သို့ သတင်းပို့ရန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ လုအိမ်တော်သို့ သတင်းပို့ရန်ဖြစ်လေသည်။

လုယိသည် လုမင်ယွိကို လေသံတိုးတိုးဖြင့် မေးလိုက်၏။ "သခင်မလေး အဆင်ပြေရဲ့လား"

လုမင်ယွိသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ ပြောလိုက်တော့၏။ "ကျွန်မ ဒဏ်ရာမရပါဘူး။ ဘာမှ ကြီးကြီးမားမားလဲ မဖြစ်ပါဘူး။ ချီယွင်ကတော့ ရင်ဝကို အကန်ခံလိုက်ရတယ်။ ဒဏ်ရာရသွားမှာ သေချာတယ်"

ချီယွင်သည် လက်ဖြင့် ရင်ဘတ်ကိုဖိထားရင်း ဖြူဖျော့နေသော မျက်နှာလေးဖြင့် စကားလုံး အနည်းငယ်ကို ညှစ်ထုတ်ကာ ပြောလိုက်လေသည်။ "ကျွန်မ ဘာမှမဖြစ်ပါဘူး"

လုမင်ယွိက ဘာမှမပြောရသေးခင်မှာပင် လုယိသည် အလွန်စိတ်ပူပန်စွာဖြင့် ပြောလိုက်တော့၏။ "မင်းက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ရမှာလဲ။ မျက်နှာကိုလည်း ကြည့်အုံး။ သရဲလို ဖြူဆုတ်နေတာပဲ။ အတွင်းဒဏ်ရာ ရမရလဲ မသိနိုင်သေးဘူး။ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေ။ သမားတော်လာတာကို စောင့်"

သူ့စကားပြောပုံက အလွန်မြန်ဆန်နေပြီး စိတ်တိုခြင်းနှင့်အတူ စိုးရိမ်ပူပန်မှုတို့ ရောယှက်လို့ နေလေသည်။

ချီယွင်တစ်ယောက်မှာ တအံ့တသြဖြင့် ပြန်မပြောနိုင်ဘဲ မြင်းလှည်းထဲတွင် ငြိမ်သက်စွာ လှဲနေလိုက်ရတော့သည်။

လုမင်ယွိ၏ စိတ်တို့သည် ရှုပ်ထွေးနေသဖြင့် ဒီလိုထူးခြားသည့် အခြေအနေကို သတိမထားမိလိုက်ချေ။ သူမကလဲ ဖြည်းညင်းစွာ ပြန်ထိုင်ချလိုက်လေသည်။ သွေးများစွန်းပေနေသော ဓားမြှောင်ကို လုပ်ကြံသူ၏ကိုယ်ပေါ်သို့ ပစ်တင်လိုက်တော့၏။

လုပ်ကြံသူသည် အဆိပ်မိပြီး သေဆုံးသွားပြီဖြစ်ကာ ထပ်ပြီးသေစရာလဲ မရှိတော့ချေ။ ဓားမြှောင်သည် လုပ်ကြံသူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး မှိန်ပျပျအလင်းရောင်လေးကတော့ တောက်ပနေဆဲပင်။

ကလေးမလေးသည် လုံးဝကို သတိလစ်သွားခဲ့ပြီး လုယိ၏ ရင်ခွင်ထဲတွင် ရှိနေဆဲပင်။

လမ်းမဘေးနှစ်ဖက်က ပြည်သူများနှင့် စျေးသည်များသည်လဲ မူလက ပွဲကြည့်ရန် လည်ပင်းများ ဆန့်တန်းထားသော်ငြား ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာသောအခါ တစ်ယောက်တစ်လေကမှ သတိမဝင်လာဘဲ ကြောက်လန့်ကာ ကြက်သေသေ သွားကြတော့သည်။

...

အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာမြင့်ပြီးနောက်တွင် ဆေးပေးခန်းက သမားတော်လဲ အလျင်အမြန် ရောက်ရှိလာခဲ့၏။

ထိုဆေးပေးခန်းက သမားတော်သည် အသက်ငါးဆယ်အရွယ်ခန့်ရှိပြီး ဆေးပညာကျွမ်းကျင်ကာ အနည်းငယ်လဲ နာမည်ကျော်ကြားသူဖြစ်သည်။ ဒီလို အလျင်စလို ပင့်ဆောင်ခံလိုက်ရသဖြင့် မူလက အနည်းငယ် မကျေမန ပ်ဖြစ်နေသော်ငြား မြင်းလှည်းထဲက အလောင်းကို မြင်လိုက်ရသော်အခါ ချက်ချင်း မျက်စိပျက် မျက်နှာပျက်ဖြစ်သွားပြီး စကားအပိုပင် မပြောဝံ့တော့သည့်အပြင် မျက်နှာထားကလဲ မတင်းမာဝံ့တော့ချေ။

လုယိကလဲ ပြောလိုက်လေသည်။ "အရင်ဆုံး အာ့ဟွမ်စစ်ဖေးကို သွေးခုန်နှုန်း စမ်းသပ်ပေးပါ။ ကိုယ်ဝန် ထိခိုက်သွားလား ကြည့်ပေး" ဒါနာမည်ကြီးပြီး အစွမ်းကြီးတယ်ဆိုတဲ့ အာ့ဟွမ်စစ်ဖေးပဲ။

သမားတော်သည် ဟုတ်ကဲ့ ဟုတ်ကဲ့ဟုသာ အဖြေပေးပြီး လုပ်ကြံသူ၏ အလောင်းကို တုန်တုန်ယင်ယင်ဖြင့် ကျော်ဖြတ်ကာ လုမင်ယွိအတွက် သွေးခုန်နှုန်းကို အရင်ဆုံး စမ်းသပ်ပေးလိုက်လေသည်။

ရုတ်တရက် လုပ်ကြံသူနှင့် တွေ့ကြုံခဲ့ရပြီး ဒီလိုထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကို ဖြတ်သန်းခဲ့ရသဖြင့် လုမင်ယွိသည် ဘယ်လောက်ပင် တည်ငြိမ်အေးဆေးသည်ဆိုစေ ယခုအချိန်တွင် သူမ၏ သွေးခုန်နှုန်းကတော့ အနည်းငယ် ပုံမမှန်ဘဲ ဖြစ်နေလေသည်။

သမားတော်က သွေးခုန်းနှုန်းစမ်းသပ်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အာ့ဟွမ်စစ်ဖေး တကယ်ပဲ ကိုယ်ဝန်ကို ထိခိုက်သွားပါတယ်။ ပြန်ရောက်ရင် ကိုယ်ဝန်တည်ငြိမ်ဆေး ရက်အနည်းငယ်လောက်သောက်ပြီး စိတ်ကိုအေးချမ်းအောင်ထားပြီး အနားယူရပါမယ်"

သမားတော်သည် အလိုက်သိသူဖြစ်ကာ ကိုယ်ဝန်တည်ငြိမ်ဆေးမျို ပေးခြင်းကဲ့သို့သောအရာများကို မပြောခဲ့ချေ။

လုမင်ယွိကလဲ ပါးစပ်ဖွင့်ဟကာ အမိန့်ပေးလိုက်တော့သည်။ "ရှင် ချင်ယွီကို သွားကြည့်ပေးအုံး။ သူက လုပ်ကြံသူက ရင်ဘတ်ကို ကန်တာခံလိုက်ရတာ။ အတွင်းဒဏ်ရာ ရသွားမလား မသိဘူး"

ရင်ဘတ်တွင် ဒဏ်ရာရခြင်းဖြစ်သဖြင့် ယခုအချိန်တွင် အပြင်ဒဏ်ရာကို ကြည့်ရှုရန် အဆင်မပြေဘဲ သွေးခုန်နှုန်းကိုသာ အရင်ဆုံး စမ်းသပ်နိုင်လေသည်။

သမားတော်၏ အမူအယာသည် အနည်းငယ် တည်ငြိမ်လေးနက်သွား၏။ "သွေးခုန်းနှုန်း ကြည့်ရတာတော့ ချီယွင်သခင်မလေးက တကယ်ပဲ အတွင်းဒဏ်ရာ နည်းနည်းရသွားပါတယ်။ ဆေးညွှန်းဖွင့်ပြီး သေချာဂရုစိုက် ကုသရပါမယ်"

ဆေးညွှန်းဖွင့်ရမည့်ကိစ္စကတော့ အလျင်စလို လုပ်စရာမလိုချေ။ လုအိမ်တော်ကို ပြန်ရောက်ပြီးမှ တော်ဝင်သမားတော်ကို ကြည့်ရှုခိုင်းပြီး ဆေးညွှန်းတောင်းရုံသာ ဖြစ်သည်။

ထို့နောက် လုယိသည် သူ့ရင်ခွင်ထဲက သတိလစ်နေသည့် ကလေးမလေးကို မြင်းလှည်းထဲသို့ ပို့ထားလိုက်လေသည်။

ကလေးမလေး၏ ခန္ဓာကိုယ်တစ်ခြမ်းသည် သွေးများဖြင့်စွန်းပေနေပြီး ခြေထောက်ကျိုးသွားသော ဒဏ်ရာမှာ ကြည့်လိုက်ရုံဖြင့် မသေးငယ်ကြောင်း သိသာလှ၏။ သမားတော်သည် နောက်ဆုံးတွင် အသုံးဝင်သွားပြီး ဆေးသေတ္တာကိုဖွင့်ကာ ကလေးမလေး၏ ခြေထောက်ကဒဏ်ရာကို သုတ်သင်ရှင်းလင်းပေးလိုက်လေသည်။ ဒဏ်ရာကို တို့ထိမိသည်နှင့် ကလေးမလေးသည် နာကျင်မှုကြောင့် နိုးလာပြီး မျက်လုံးများပင် မဖွင့်သေးဘဲ ထပ်မံငိုယိုလိုက်ပြန်သည်။

ငိုယိုသံမှာ အလွန်သနားစဖွယ်ကောင်းလှပြီး ကြားရသူတိုင်းကို စိတ်ရှုပ်ထွေးသွားစေတော့သည်။

လုယိသည် မခံမရပ်နိုင်ဖြစ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်တော့၏။ "ငိုသံက ကျယ်လွန်းတယ်။ ညန်ညန်ကို အနှောက်အယှက် ဖြစ်နေအုံးမယ်။ ဒါမှမဟုတ်ရင် သူ့ကို ဝေးဝေးခေါ်သွားလိုက် ..."

"မလိုပါဘူး" လုမင်ယွိက လုယိ၏ စကားကို ခပ်တိုးတိုးသာ ဖြတ်ပြောလိုက်လေသည်။ "သူ့ဒဏ်ရာကို ပတ်တီးစည်းပြီးတာနဲ့ ကျွန်မ သူ့ကို မေးစရာရှိတယ်"

ဒီလုပ်ကြံသူက တကယ်တော့ ဘယ်သူလဲ။

ဒီကလေးမလေးက လုပ်ကြံသူနဲ့ တကယ်သားအဖတော်စပ်ရဲ့လား။

လုပ်ကြံသူရဲ့ နောက်ကြောင်းရာဇဝင်ကို စုံးစမ်းဖို့ ဒီကလေးမလေးအပေါ်မှာပဲ မူတည်နေလောက်တယ်။

လုယိသည် စကားပြန်မပြောတော့ချေ။

မကြာခင်မှာပင် ရုံးတော်အရာရှိများ ရောက်ရှိလာကြလေသည်။

မိမိတို့၏ တာဝန်ယူရာနေရာတွင် လူသတ်မှုကြီး ဖြစ်ပွားခဲ့၏။ လုပ်ကြံခံရသူမှာ ဒုတိယမင်းသားကြင်ရာတော် ဖြစ်နေသဖြင့် အရာရှိများသည် စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည်ဟု တွေးတောရင်း အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

သတင်းပို့ရန်သွားလိုက်သည့် လုအိမ်တော်က ကိုယ်ရံတော်နှစ်ဦးသည်လဲ ပြန်ရောက်လာကြပြီး သူတို့၏ မျက်နှာအမူအယာမှာ အလွန်ဆိုးရွားနေကာ လေသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောလာသည်ကို ကြားလိုက်ရလေသည်။

လုယိ၏ မျက်နှာအမူအယာကလဲ အနည်းငယ်ပြောင်းလဲသွားပြီး လုမင်ယွိကို လှမ်းကြည့်လိုက်တော့၏။

"အာ့ဟွမ်စစ်ဖေးညန်ညန် ရုံးတော်ကို ပို့လိုက်တဲ့လူတွေ အဆိပ်မိပြီး သေဆုံးသွားခဲ့ပါတယ်"

...

အပိုင်း (၂၂၅) ပြင်းထန်သော ဒေါသ (၁)

ပြောရမည်ဆိုလျှင်တော့ ဒီအရာရှိများကို အပြစ်တင်လို့လည်း မရပေ။

လူမိုက်သုံးဦးကို တရားရုံးသို့ ပို့လိုက်ပြီးနောက် အရာရှိများသည် လမ်းမပေါ်တွင် မြင်းစီးကာ လူကိုဒဏ်ရာရစေခဲ့သည်ဟု ကြားသိရသည်နှင့်ချက်ချင်းပင် သူတို့ကို အကျဥ်းထောင်ထဲသို့ ထည့်ပိတ်ထားလိုက်ကြသည်။ ရက်အနည်းငယ် ခြောက်လှန့်ပြီးမှ တရားခွင်ဖွင့်ကာ စစ်ဆေးမေးမြန်းရန် ကြိုတင်ပြင်ဆင်ထားလိုက်၏။

တရားရုံး၏ ထုံးစံအစဥ်အလာအတိုင်းပင် ဒီလူမိုက်အုပ်စုသည် အကျဥ်းထောင်ထဲသို့ ဝင်သွားပြီးနောက် ကောင်းမွန်သောအဆုံးသတ်မျိုး ရရှိမည်မဟုတ်သည်ကလဲ သေချာလှသည်။ အရင်ဆုံး ခြိမ်းခြေက်သည့်အနေဖြင့် ရိုက်နှက်ဆုံးမပြီး ကြိမ်ဒဏ်ကို တစ်ကြိမ်ခံရမည်ဖြစ်ပြီး နောက်ရက်အနည်းငယ်တွင် အငတ်ထားထားခြင်း ခံရပေအုံးမည်။

မထင်မှတ်ထားသည်မှာ ကြိမ်ဒဏ်က ကျရောက်မလာသေးခင်မှာပင် မြင်းစီးကာ လူကို ဒဏ်ရာရစေခဲ့သည့် လူမိုက်သည် သူ၏ ရင်ဘတ်ထဲက ဓားမြှောင်တစ်လက်ကို ထုတ်ယူပြီး ရုတ်တရက်ပင် ဘေးဘီဝဲယာရှိ လူမိုက်နှစ်ဦး၏ ကိုယ်ပေါ်သို့ ဓားဖြင့် တစ်ချက်စီဆွဲခြစ်လိုက်ကာ ဆက်ပြီး သူ၏နှလုံးထဲသို့ ထိုးစိုက်လိုက်လေသည်။

ခဏအတွင်းမှာပင် သုံးယောက်စလုံး အဆိပ်မိပြီး သေဆုံးသွားကြကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့၏။

အရာရှိများသည်လဲ သာမာန်အချိန်များတွင် တာဝန်ထမ်းဆောင်ကာ အမှုစစ်ဆေးရင်း သူခိုးဓားပြများကို ဖမ်းဆီးလေ့ရှိကြသော်ငြား သည်လို ကြောက်မက်ဖွယ်ရာ သေဆုံးမှုမြင်ကွင်းကို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူးချေ။ ထိုအချိန်တွင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် ခြေထောက်များပင် ပျော့ခွေသွားခဲ့ရလေသည်။

ထို့နောက်တွင်တော့ လုအိမ်တော်မှ ကိုယ်ရံတော်များ ရောက်ရှိလာကြ၏။

ဒုတိယမင်းသားကြင်ရာတော်သည် လမ်းပေါ်တွင် လုပ်ကြံခံရပြီး လုပ်ကြံသူကလဲ နေရာတွင်ပင် သေဆုံးသွားသည်တဲ့။

ဘုရားရေ!

ဘယ်သူက ဒီလောက်သတ္တိတွေကောင်းပြီး အာ့ဟွမ်စစ်ဖေးညန်ညန်ကို ရက်ရက်စက်စက် လက်စွမ်းသွားပြရတာလဲ။

အရာရှိများသည် ထိတ်လန့်တကြား ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော် သွားကြတော့သည်။

လုမင်ယွိသည် လူမိုက်သုံးဦးလုံး အဆိပ်မိကာ သေဆုံးသွားသောအခါ သူမ၏ မျက်နှာအမူအယာမှာ ပိုလို့ပင် အေးစက်တင်းမာသွားတော့၏။

လုယိသည် အတွေ့အကြုံ ရင့်ကျက်လှသူပီပီ လုမင်ယွိ၏ အမိန့်ကို မစောင့်ဆိုင်းတော့ဘဲ လေသံခပ်လေးလေးဖြင့် လက်ထောက်အရာရှိများကို ပြောလိုက်တော့သည်။ "ခင်များတို့ကို ဒုက္ခပေးရပါအုံးမယ်။ အဲဒီ့အလောင်းသုံးလောင်းကို လုအိမ်တော်ကို ပို့ပေးပါ။ အကြောင်းစုံကို စစ်ဆေးပြီးသွားရင် ကျွန်တော်ကိုယ်တိုင် ရုံးတော်ကိုလာပြီး အမှုပိတ်ပေးပါ့မယ်"

အလောင်းများထံမှ အသုံးဝင်သော သတင်းအချက်အလက်များ အကြောင်းကို စုံစမ်းနိုင်ပေလိမ့်မည်။ ဥပမာ ဒီလူများ၏ နောက်ကြောင်းရာဇဝင် မသေမှီက မည်သူမည်ဝါတို့နှင့် တွေ့ဆုံထိတွေ့ခဲ့သည်ဆိုသည့် အချက်များပင်။ ဒီလို ရှပ်ထိရုံမျှဖြင့် အသက်ပျောက်စေနိုင်သော ပြင်းထန်သည့်အဆိပ်သည်လဲ သာမာန်အရာတစ်ခု မဟုတ်သည်မှာ သေချာလေသည်။

ဒီလိုလုပ်ရပ်မျိုးသည် ရုံးတော်၏ စည်းမျဥ်းစည်းကမ်းများနှင့် မကိုက်ညီသည်ကလဲ အမှန်ပင်။

စုံစမ်းရေးမှူးတစ်ချို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အရပ်အရှည်ဆုံးဖြစ်သူက သတ္တိမွေးကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "တပ်မှူးကြီးလု ကျွန်တော်တို့က တမင်တကာ အခက်တွေ့အောင် လုပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာက တကယ်ပဲ စည်းကမ်းနဲ့ မညီလို့ပါ။ လူလေးယောက်လုံး သေဆုံးသွားရတဲ့အပြင် အာ့ဟွမ်စစ်ဖေးညန်ညန်ကိုလဲ လမ်းပေါ်မှာ လုပ်ကြံသွားတာပါ။ ဒီအမှုကြီးမျိုးက စည်းကမ်းအရဆိုရင် စုံစမ်းစစ်ဆေားရေးဌာနကို လွှဲပြောင်းပေးရမှာပါ ..."

လုယိကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ဒုတိယမင်းသား အရှင်မင်းသား မကြာခင်ရောက်လာပါ့လိမ့်မယ်။ စုံစမ်းစစ်ဆေးရေးဌာနဘက်ကိုတော့ အရှင်မင်းသားကိုယ်တိုင် ရှင်းပြပါလိမ့်မယ်"

စုံစမ်းရေးမှူးများသည်လဲ ထပ်ပြီးစကားမပြောကြတော့ဘဲ လုအိမ်တော်က ကိုယ်ရံတော်များနှင့်အတူ လမ်းပေါ်ရှိ ပြညအသူများနှင့်စျေးသည်များကို သွားရောက်မေးမြန်းကြလေသည်။ အဓိကအားဖြင့် သေဆုံးသွားသော လုပ်ကြံသူနှင့်ကပ်လျက်ရှိသည့် ဆိုင်ခန်းနှစ်ခုမှ စျေးသည်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုစျေးသည်နှစ်ဦးလုံးမှာ ကြောက်လန့်ကာ ကြက်သေသေသွားကြပြီး တုန်တုန်ယင်ယင်ဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်ကြတော့ချေ။ "ဒီလူက ချူမျိုးရိုးပါ။ သူ့ကိုသူ ချူတာ့လို့ပြောပါတယ်။ လွန်ခဲ့တဲ့တလလောက်က ဒီနေရာကိုလာပြီး မုန့်ပြားဆိုင်ခင်းပြီး ရောင်းတာပါ"

"ဒဏ်ရာရသွားတဲ့ကလေးကတော့ သူ့သမီးပါ။ ငယ်ငယ်လေးကတည်းက အဖျားဝင်ပြီး ဦးနှောက်ကို ထိခိုက်သွားလို့ တနေ့လုံး စကားမပြောဘဲ အရူးလို ရယ်နေတတ်တယ်လို့ ကြားပါတယ်"

"သူက သာမာန်အချိန်တွေမှာ ရိုးသားပြီး အူတူတူနိုင်တယ်။ လူကလဲ ... လူက လုံလဝီရိယတော့ ရှိပါတယ်"

"ကျွန်တော်တို့က သူ့ကို သိုင်းပညာတတ်လိမ့်မယ်လို့ တကယ်မသိခဲ့ပါဘူး။ သူက အာ့ဟွမ်စစ်ဖေးညန်ညန်ကို လုပ်ကြံရဲလိမ့်မယ်လို့ ပိုပြီးတော့တောင် မထင်ထားခဲ့ပါဘူး"

"ဒါက ကျွန်တော်တို့နဲ့ တကယ်ဘာမှမဆိုင်ပါဘူး။ လူကြီးမင်းတို့ ရှင်းရှင်းလင်းလင်း သိမြင်ပေးပါ။ လူကြီးမင်းတို့ ကျေးဇူးပြုပြီးတော့ အသက်ချမ်းသာပေးပါ!"

စျေးသည်များသည် ဖြူဖျော့နေသော မျက်နှာများဖြင့် ဒူးထောက်လိုက်ကြပြီး ဦးတိုက်ကာ အသားနားခံ တောင်းပန်ကြလေသည်။

စုံးစမ်းရေးမှူးများက အမှူစစ်ဆေးရာတွင် အတွေ့အကြုံပြည့်ဝကြသဖြင့် စကားအနည်းငယ် မေးမြန်းလိုက်သည်နှင့် သူတို့ပြောနေသည့်စကားမှာ အမှန်တရားဖြစ်ကြောင်း သိရှိလိုက်ကြ၏။

ဒီလုပ်ကြံသူသည် သူ၏ တကယ့်ပုံစံကို ဖုံးကွယ်ထားပြီး ဒီလမ်းမပေါ်တွင် တလတိတိထိုင်ခဲ့ကာ နေ့စဥ် မီးဖိုဘေးတွင် မုန့်ပြားများ ပြုလုပ်နေခဲ့သည်။ ရိုးသားဖြောင့်မတ်ဟန် ဆောင်နေခြင်းမှာ ဒုတိယမင်းသားကြင်ရာတော်ကို လုပ်ကြံသတ်ဖြတ်ရန် ဒီတနေ့တည်းအတွက်သာ ဖြစ်လေသည်။ ကြိုတင်ကြံစည်ထားခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။

ဒီစျေးသည်များသည်လဲ သာမာန်ပြည်သူများဖြစ်ကြကာ ရိုးသားဖြောင့်မတ်ဟန်ရှိသော ချူတာ့သည် အသေခံလုပ်ကြံသူ ဖြစ်နေလိမ့်မည်ဟု အဘယ်မှာ သိနိုင်ပါမည်နည်း။

တခြားစျေးသည်တစ်ချို့ကလဲ တုန်တုန်ယင်ယင်ဖြင့် ထိုလူမိုက်သုံးဦးအကြောင်းကို ပြောပြကြလေသည်။ "မြင်းစီးပြီး လူကို ဒဏ်ရာရအောင်လုပ်တဲ့သူက ကျောက်မျိးရိုးပါ။ အိမ်မှာဆိုရင်တော့ တတိယသားပါ"

"ကျောက်စန်းက အရင်တုန်းက စစ်တပ်ထဲဝင်ခဲ့ဖူးတယ်။ နောက်ပိုင်း စစ်တပ်စည်းကမ်း မလိုက်နာလို့ ပြန်နှင်ထုတ်ခံလိုက်ရတာပါ။ အရပ်ရှည်ပြီး အားကြီးတာကို အခွင့်ကောင်းယူပြီး လူတွေကို ခဏခဏ အနိုင်ကျင့်တတ်ပါတယ်။ သာမာန်အချိန်တွေမှာ လောင်းကစားလုပ်ရတာကို အကြိုက်ဆုံးပဲ။ တခြားနှစ်ယောက်ကတော့ တနေ့လုံး ကျောက်စန်းနဲ့ပဲ ပေါင်းသင်းနေပြီး ကောင်းတဲ့လူတွေမဟုတ်ပါဘူး။

"ဒီကျောက်စန်းက ဒီနေရာမှာ ခဏခဏလာလည်ပြီး ကျွန်တော်တို့ဆီက ငွေညှစ်တတ်တယ်။ ချူတာ့လဲ နှစ်ကြိမ်လောက် ပေးခဲ့ရတယ်။ ဒါပေမဲ့ ကျောက်စန်းနဲ့ လုံးဝစကားပြောတာမျိုးမရှိဘူး"

...

ဒုန်းစိုင်းလာသည့် မြင်းခွာသံများသည် အဝေးမှအနီးသို့ တဖြည်းဖြည်းနီးကပ်လာပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် အနားနားသို့ ရောက်ရှိလာခဲ့လေသည်။

လုယိသည် ရောက်လာသည်ကို တစ်ချက်လှမ်းမြင်လိုက်ရသည်နှင့် အမှတ်တမဲ့ သက်ပြင်းချလိုက်မိတော့၏။ သူက ရှေ့သို့ထွက်ကာ မကြိုဆိုရသေးခင်မှာပင် မြင်းပေါ်မှ ချောမောခံ့ညားသည့် လူငယ်လေးသည် လွှားခနဲ ခုန်ဆင်းလာပြီး မြင်းလှည်းထဲသို့ တဟုန်ထိုးပြေးဝင်သွားတော့၏။

သူ၏ ဂုဏ်ပုဒ်အမူအယာကိုပင် ဂရုမစိုက်နိုင်တော့သလို သာမာန်အချိန်များတွင် ရှိတတ်သည့် နူးညံ့သိမ်မွေ့မှုများလည်း ပျောက်ကွယ်လို့နေသည်။

အလွန်အမင်း စိတ်လှုပ်ရှားခြင်းကြောင့်သာ သို့တည်းမဟုတ် တစ်လမ်းလုံး အရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းလာခဲ့ရခြင်းကြောင့်လားတော့ မသိချေ။ သူ့နဖူးပြင်တွင် ချွေးသီးချွေးပေါက်များ ပြည့်နှက်နေပြီး ချောမောသောမျက်နှာလေးသည်လဲ အထူးပင် ဖြူဖျော့နေတော့၏။

သူသည် မြင်းလှည်းထဲက အလောင်းကိုမကြည့်ဘဲ ကလေးမလေး၏ ဒဏ်ရာကို ကုသပေးနေသော သမားတော်ကိုလည်းမကြည့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မကြည့်ချေ။ သူ၏ မျက်လုံးထဲတွင် မျက်မှောင်ကြုတ်လျက် စကားမဆိုဘဲရှိနေသည့် လုမင်ယွိတစ်ဦးတည်းသာ ရှိလေသည်။

လုမင်ယွိက တည်ငြိမ်သွားပြီဖြစ်ကာ ပျော့ပျောင်းစွာဖြင့်ပြောလိုက်၏။ "ရှင် မကြောက်ပါနဲ့။ ကျွန်မ ဘာမှမဖြစ်ပါဘူး"

လီကျင့်သည် ဘာတစ်ခွန်းမှ မပြောဘဲ လက်ကိုဆန့်တန်းလိုက်ပြီး သူမကို တင်းကျပ်နေအောင် ပွေ့ဖက်ထားလိုက်၏။

သူ့ခန္ဓာကိုယ််တစ်ခုလုံးကလဲ တုန်ယင်နေလို့ပင်။

ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ယင်မှုပင်။

ယခင်က လုပ်ကြံသူ၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်ပြီး ရုတ်တရက်ဆန်လှသဖြင့် လုမင်ယွိမှာ အများကြီး တွေးတောချိန် မရလိုက်ချေ။ ယခုအချိန်ကြမှသာ နောက်ဆက်တွဲ ကြောက်ရွံ့မှုတို့ အနည်းငယ် တိုးဝင်လာခဲ့တော့သည်။ ထို့အပြင် သူ့အတွက် မပြစ်ရှိစိတ်နှင့် သနားကြင်နာစိတ်တို့လည်း အနည်းငယ် ပေါ်ထွက်လာတော့၏။ "လီကျင့် ကျွန်မ တကယ်ဘာမှမဖြစ်ပါဘူး"

လီကျင့်သည် သူ့ခေါင်းကို သူမ၏ လည်တိုင်တွင် မြှုပ်နှံထားပြီး အချိန်အကြာကြီး စကားမဆိုဘဲနေနေ၏။

သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသည့် လက်များကလဲ တုန်ယင်နေဆဲပင်။

ဘာကြောင့်မှန်းမသိ လုမင်ယွိ၏ နှာခေါင်းဝတွင်လည်း မွှန်လာသလို ခံစားလိုက်ရပြီး ပူနွေးသည့် အရည်ကြည်များသည် သူမ၏ မျက်ဝန်းအိမ်ထဲတွင် ရစ်ဝဲလာလေတော့သည်။

သူမသည် မွေးရာပါ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ပြီး လူရှေ့တွင် ဘယ်တော့မှ မျက်ရည်ကျလေ့မရှိချေ။ အရင်ဘဝက လီဟောက်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရစဥ်ကပင် မျက်ရည်တစ်စက်ကလေးမှ မကျခဲ့ချေ။

ဒီဘဝတွင်တော့ လီကျင့်နှင့် လင်မယားဖြစ်လာခဲ့ပြီး သူက သူမကို နေရာတိုင်းတွင် အကာအကွယ်ပေးသောကြောင့်လည်း ဖြစ်နိုင်သည်။ သူမသည်လဲ အနည်းငယ် ပျော့ညံ့လာခဲ့ဟန်တူ၏။ သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ခံထားရပြီး သူက သူမကို ရှားရှားပါးပါး ရတနာလေးတစ်ခုလို တန်ဖိုးထားမြတ်နိုးသဖြင့် မျက်ရည်များက မျက်ဝန်းအိမ်မှ ကျဆင်းလုဆဲဆဲ ဖြစ်လာတော့သည်။

"ဒီနေ့ လုပ်ကြံမှုက အစောကြီးကတည်းက ကြိုတင်ကြံစည်ထားတာ"

လုမင်ယွိသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သူ၏ နားနားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ကျွန်မက လုအိမ်တော်မှာပဲ အမြဲတမ်းနေနေတာ။ အိမ်တော်အပြင်ကိုတောင် လုံးဝမထွက်သလောက်ပဲ။ လုအိမ်တော်က လုံခြုံရေးတင်းကျပ်ပြီး ရေစက်တောင် ဝင်လို့မရဘူး။ အဘွားတော်က ကျွန်မကို နန်းတော်ထဲကို ခေါ်တာကလဲ ရုတ်တရက် သတိရလို့ ခေါ်လိုက်တာ။ ဒါကြောင့် ဒီအမှောင်ထဲမှာ ပုန်းနေတဲ့လူက လက်စွမ်းပြဖို့ အခွင့်အရေး မရခဲ့တာ"

"ဒီလူက ချောင်ပြောင်မေ့ရဲ့ လက်ထပ်ရက်ကို သိနေတယ်။ ပြီးတော့ ကျွန်မက ချောင်အိမ်တော်ကို ဂုဏ်ပြုစကား သွားပြောမှာကိုလည်း သေချာပေါက် သိနေတယ်။ ဒါကြောင့် ဒီထောင်ချောက်ကို အစောကြီးကတည်းက ဆင်ထားခဲ့တာ"

လီကျင့်သည် နောက်ဆုံးတော့ ခေါင်းမော့လာခဲ့ပြီး သူ၏ မျက်ဝန်းနက်နက်များထဲတွင် ဒေါသတကြီး အေးစက်သောအရောင်အဝါတို့ ဖြတ်ပြေးသွားလေသည်။ "ကို သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး"

သူဆိုတာ ဘယ်သူလဲ။ ဒါမှမဟုတ် သူမလား။

လုမင်ယွိနှင့် လီကျင့်တို့သည် ခဏလောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြပြီး သူတို၏ ဦးနှောက်ထဲတွင် လူရိပ်တစ်ချို့ ဖြတ်ပြေးသွားကြ၏။

"မင်းအခု ဘယ်လိုနေသေးလဲ" လီကျင့်၏ လက်များသည် နောက်ဆုံးတော့ တုန်ယင်နေခြင်းမရှိတော့ဘဲ လုမင်ယွိ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ကိုယ်ဝန် ထိခိုက်သွားသေးလား။ ကလေးကို ဒဏ်ရာရသွားသေးလား"

လုမင်ယွိက သက်ပြင်းတစ်ချက် ခပ်ဖွဖွချလိုက်ကာ "ကိစ္စက ရုတ်တရက် ဖြစ်သွားတာ။ ကံကောင်းတာက ချီယွင်က လုပ်ကြံသူကို ခဏလောက် ဆွဲထားနိုင်ခဲ့လို့။ ကျွန်မ သူ့လက်ထဲက ဓားမြှောင်ကို လုယူပြီး သူ့ကို ဓားနဲ့တစ်ချက် ထိုးလိုက်နိုင်ခဲ့တယ်"

လီကျင့်သည် ချီယွင်ကို ကျေးဇူးတင်သောအကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်လေသည်။ "ချီယွင် ကျေးဇူးတင်ပါတယ်"

ချီယွင်ကလဲ အားနဲချိနဲ့စွာဖြင့် ပြုံးပြလိုက်၏။ "သခင်မလေး ဘေးကင်းလုံခြုံနေရင် ကျွန်တော်မျိုးမ အရိုးကြေကြေ အရည်ခမ်းခမ်း ဖြစ်သွားပါစေ စိတ်ရင်းနဲ့ ကျေနပ်ပါတယ်"

လုမင်ယွိ၏ နှာခေါင်းဝမှာ တစ်ဖန်မွှန်ထူလာတော့ပြန်သည်။

ဟုတ်တယ်။ ချီယွင်က အဲဒီ့တုန်းကလဲ ပြေးဝင်လာခဲ့တာ။ သူ့အသက်ကိုတောင်မှ ဂရုမစိုက်ဘဲ သူမအတွက် ဓားချက်ကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တာ။

"အဲလိုမပြောပါနဲ့" လုမင်ယွိသည် သူမ၏ ကျန်လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ချီယွင်၏ လက်ကို ဆုပ်ကိုင်လိုက်လေသည်။ "လူတိုင်းမှာ အသက်တစ်ချောင်းတည်းပဲ ရှိတာ။ ချီယွင် နင်က ငါ့အတွက် အရိုးကြေကြေ အရည်ခမ်းခမ်း ဖြစ်သွားတာမျိုး ငါ မလိုချင်ဘူး။ နင်က ငါ့အတွက် ကောင်းကောင်းအသက်ရှင်ပေးနေရမယ်"

ချီယွင်၏ မျက်လုံးများသည် နီရဲသွားကာ အားတက်သရော ခေါင်းညိမ့်ပြလိုက်လေတော့သည်။

...

All Chapters