← Chapters

ပြည်နယ်ကိုးခုကို စောင့်ကြပ်ခြင်း

Vol. 42 Ch. 414

ပြည်နယ်ကိုးခုကို စောင့်ကြပ်ခြင်း

Vol. 42 Ch. 414

ချင်ကျိုး ယန်အန်းစီရင်စု နယ်စပ်

ယဲ့ဝမ်ရွှမ်သည် ကောင်းကင်ယံတွင် နတ်ဘုရားတစ်ပါးလှည့်လည်သွားလာနေသကဲ့သို့ တိမ်တိုက်များကြားတွင် ကိုယ်ယောင်ဖျောက်ကာ ရပ်နေ၏။

ဝူထုံတောင်မှ ထွက်ခွာလာပြီးနောက် သူမသည် မဟာချန်၏ မြို့တော်ရှိ သိုင်းဘုံကျောင်းသို့ တိုက်ရိုက်သွားရန် ရည်ရွယ်ခဲ့သည်။ သို့သော် လမ်းခုလတ်တွင် မထင်မှတ်ထားသော သတင်းတစ်ခုကို သူမ ကြားလိုက်ရ၏။

နတ်ဆိုးများအားလုံး ဂူထဲမှထွက်လာကြပြီး မဟာချန်ကို လက်စားချေရန်ပြင်နေကြပြီဟူသော သတင်းပင်။

"ဒါက မင်းတို့လုပ်ချင်နေတဲ့ ကိစ္စပေါ့လေ"

ယဲ့ဝမ်ရွှမ်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။

သူမသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သူဖြစ်သည်။

လိုအပ်သည့် ပစ္စည်းများရှိမှလွဲ၍ သူမဘဝတွင် နတ်ဆိုးနှိမ်နင်းခြင်းကဲ့သို့သော အလုပ်များကို ရည်ရွယ်ချက်ရှိရှိ မည်သည့်အချိန်ကမှ မလုပ်ဆောင်ခဲ့ပေ။

သို့သော် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားနေလျှင် နတ်ဆိုးတစ်ထောင်ဂူအတွင်းရှိ နတ်ဆိုးကြီးများသည် လောကထဲသို့ ထွက်၍ဒုက္ခပေးရန် အလွန်ပင် ဝန်လေးကြ၏။

သူမအနေဖြင့် ရေကန့်လန်ကာဂူအတွင်း ငြိမ်သက်စွာလဲလျောင်းနေရုံဖြင့် နန်ယန်ဂိုဏ်းကို တည်ငြိမ်သောအခြေအနေတွင် ထိန်းသိမ်းထားနိုင်သည်။ နတ်ဆိုးငယ်လေးများ၏အနှောင့်အယှက်အချို့ ရှိနိုင်သော်လည်း ကြီးမားသောထိခိုက်မှုတော့ မရှိပေ။

မဟာချန်ကိုပင် ဥပမာကြည့်ပါ။ ဤမျှ နှစ်ပေါင်းများစွာအတွင်း မည်သည့်အချိန်တုန်းက ပျက်သုဉ်းမည့်ဘေးနှင့် ရင်ဆိုင်ခဲ့ရဖူးသနည်း။

ယခုတော့ မည်သို့ဖြစ်နေသနည်း။

သူမသည် အဝေးသို့တည်ငြိမ်စွာ လှမ်းကြည့်လိုက်ရာ မျက်လုံးထဲတွင် ခံစားချက်အချို့ ပေါ်လာသည်။ ယခုကဲ့သို့ သူမ မတော်တဆဖြတ်သန်းလာစဉ်မြင်တွေ့လိုက်ရလျှင်ပင် တစ်ဖက်လူကို ကူညီရန် စိတ်ကူး လုံးဝမရှိပေ။

ယဲ့ဝမ်ရွှမ်သည် အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့်အရာကို ခွဲခြားသိသည်။ အကယ်၍ ထိုခွေးအိုကြီးက သူမ၏သဲလွန်စကို သိသွားပြီး သူမ အသတ်ခံလိုက်ရပါက နန်ယန်ဂိုဏ်းသည် မည်သို့သောအခါမှ အလင်းတန်းကို ပြန်လည်မြင်တွေ့ရတော့မည် မဟုတ်ပေ။

သို့သော် သူမအနေဖြင့် ခေတ္တမျှစောင့်ကြည့်ရန်တော့ ဝန်မလေးပေ။

ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ခါမှမတွေ့ဖူးသေးသောထိုလူငယ်လေးကို အရာရာကိုလွှတ်ထားခြင်းဖြင့်အုပ်ချုပ်ခြင်းဆိုသည်မှာ အဘယ်နည်းဟု သင်ခန်းစာပေးရန် သူမကြံစည်နေသည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ၏အာရုံခံနိုင်စွမ်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူမ၏စောင့်ကြည့်မှုအောက်တွင် မြူနှင်းများကြားမှ များပြားလှသော ပုံရိပ်များသည် ဤနေရာသို့ ဦးတည်၍ တရွေ့ရွေ့ လျှောက်လှမ်းလာကြသည်။

...

မြို့တံခါးဝတွင် ကင်းစောင့်နေသော အစောင့်တစ်ဦးသည် သမ်းဝေလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။

"မဟုတ်မှလွဲရော... ထပ်လာပြန်ပြီလား"

မကြာသေးမီကပင် လူယောင်ဆောင်ထားသော ဝံပုလွေအိုကြီးတစ်ကောင် ခန့်ခန့်ညားညား လမ်းလျှောက်ဝင်လာသည်ကို သူ မြင်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် ကံကောင်း၍ အသက်မသေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ထိုဝံပုလွေအိုသည် အလွန်သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ပြီး ဝံပုလွေအူသံများမှာ မြို့တစ်မြို့လုံးကို လွှမ်းမိုးသွားခဲ့သည်ဟု ကြားသိရသည်။

ယခုအခါ လောကကြီးမှာ ပိုမိုအေးချမ်းလာပြီး အစိုးရကဘဏ္ဍာတိုက်ကို ဖွင့်လှစ်ကာ ယန်အန်းစီရင်စုတစ်ခွင်တွင် ဒဏ္ဍာရီလာနတ်ဘုရားအစီအရင်များကို တည်ဆောက်ခဲ့သည်။ ချင်ကျိုးဒေသတွင် သိုင်းသင်တန်းကျောင်းများကိုပင် ဖွင့်လှစ်ကာ တပည့်များ လက်ခံရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဤသေချင်းဆိုးနတ်ဆိုးများက အသက်ရှင်ရတာ ငြီးငွေ့နေပြီး ထပ်မံ လာရောက်ကျူးကျော်ရဲကြသေးသည်လော။

အစောင့်သည် တဖြည်းဖြည်းတိုးကပ်လာသော ကြီးမားလှသည့် သားရဲကြီးကို ကြည့်ကာ တုန်ရီနေသော လက်ဖြင့် ဓားကိုဆွဲထုတ်လိုက်သည်။

"ဘယ်... ဘယ်က နတ်ဆိုးလဲ၊အခုချက်ချင်း နောက်ဆုတ်စမ်း"

ယဲ့ဝမ်ရွှမ်သည် သာမန်လူသားတစ်ယောက်က နတ်ဆိုးဘုရင်ကို ဓားနှင့် ချိန်နေသည်ကို ကြည့်ကာ ခေတ္တမျှတိတ်ဆိတ်သွား၏။ သူမသည် တောင်ပေါ်တွင် ကြာမြင့်စွာနေထိုင်ခဲ့သဖြင့် ဤလောကကြီးနှင့် စိမ်းသက်သွားပြီလားဟုပင် တွေးမိသွားသည်။

တစ်ဖက်လူ၏အသက်ရူထုတ်လိုက်သောတစ်ချက်မျှဖြင့်ပင် ဤအစောင့်လေးကို ပြာဖြစ်သွားစေနိုင်သည်။

သူမ ထင်မှတ်ထားသည့်အတိုင်းပင်။ ကြီးမားလှသောသားရဲကြီးသည် ခေတ္တမျှကြောင်အသွားပြီးနောက် နားကွဲမတတ် ဟိန်းဟောက်လိုက်လေ၏။

ဝူးးးးးး

ညှီစော်နံသောနတ်ဆိုးလေပြင်းများသည် မြို့ထဲသို့ သောင်းကျန်းစွာ တိုက်ခတ်လာ၏။ ထိုအစောင့်လေးသည် ကြောက်လန့်တကြား ဓားကိုပစ်ချကာ နားကို လက်နှင့်သာ အုပ်လိုက်သော်လည်း သူ၏ ဝိညာဉ်လွင့်ထွက်မသွားပေ။

အဘယ်ကြောင့်ဆိုသော် မြို့ပြင်တွင် မှိန်ပြပြ အလင်းကာရံတစ်ခု ပေါ်ထွက်လာပြီး ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။

"မင်း အခုထိ ပြန်မလာသေးဘူးလား"

ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားသော လမ်းမကြီးပေါ်တွင် သံချပ်ကာအနက်နှင့် ဝတ်ရုံနီကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အစီအရင်ပစ္စည်းကို ကိုင်ဆောင်ကာ ထိုအစောင့်ကို အော်ဟစ်လိုက်သည်။

ယန်အန်းစီရင်စု၏နတ်ဆိုးနှိမ်နင်းရေးစစ်သူကြီးသည် မြို့ပြင်ကို စိုက်ကြည့်နေသည်။ တစ်ချိန်က မဟာလနတ်ဆိုးဘုရင်တစ်ကောင်တည်းနှင့်ပင် ချင်ကျိုးတစ်ခွင်လုံးကို နှစ်ရှည်လများ အိပ်မက်ဆိုးများ ပေးနိုင်ခဲ့သည်။

ယခုမူ ဤနတ်ဆိုးဘုရင်သည် ရှေ့ပြေးတပ်သားတစ်ဦးမျှသာ ဖြစ်သည်။

သိပ်မကြာလိုက်ဘဲ လူအုပ်ကြီးကဲ့သို့ များပြားလှသော နတ်ဆိုးပုံရိပ်များသည် မြို့အနီးသို့ ရောက်ရှိလာကြ၏။

၎င်းတို့အနက် အကြီးမားဆုံးသော နတ်ဆိုးသည် မြို့တစ်မြို့လုံးကို တစ်လုတ်တည်းနှင့် မျိုချနိုင်မည့်အလား ရှိနေသည်။ ၎င်းတို့၏ခြေလှမ်းတိုင်းကြောင့် မြေကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်။

အကယ်၍ အစီအရင်သာ မရှိပါက ဤမြို့လေးသည် ပြာပုံဖြစ်သွားသည်မှာ ကြာလှပြီဖြစ်၏။

ထိုအမြင့်ဆုံးသော မီးခိုးရောင်ဆင်ကြီး၏ ဦးခေါင်းပေါ်တွင် ပုံရိပ်သုံးခုသည် မတ်မတ်ရပ်နေသည်။

"ဂလု..."

ယန်အန်းစီရင်စု စစ်သူကြီးသည် တုန်တုန်ရင်ရင်ဖြင့်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်သည်။ ဤပုံမှာ ရွှီချင်းအာက ပြည်နယ်တစ်ခုချင်းစီအတွက် အထူးရေးဆွဲပေးထားခြင်း ဖြစ်သည်။ ပုံထဲက အသွင်အပြင်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပြီးနောက် သူမူးလဲမတတ် ဖြစ်သွား၏။

အိုးကို ကိုင်ဆောင်ထားသော ဝက်ဝံနက်ကြီးသည် ဒဏ္ဍာရီလာနတ်ဆိုးဧကရာဇ် ၁၀ ပါး အနက်မှ တစ်ပါး ဖြစ်နေသည်။ ချင်ကျိုးဒေသသည် ဤမျှအထိအရေးပါသော နေရာဖြစ်သွားပြီလော။

"နင်းခြေပစ်စမ်း၊ ချင်ကျိုးကို မြေလှန်ပစ်"

ဝက်ဝံနက်သည် အရှေ့ကိုအေးအေးဆေးဆေး ကြည့်နေသည်။ ဤချင်ကျိုးမြို့လေးကို သူ၏ မျက်လုံးထောင့်မှပင် ကြည့်ရန် မတန်ဟု ယူဆထားပုံရသည်။ အကယ်၍ ဂူသခင်၏အမိန့်သာ မရှိပါက သူသည် မဟာချန်ကဲ့သို့ နေရာမျိုးကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

ထိုစဉ်ကောင်းကင်ယံရှိ ယဲ့ဝမ်ရွှမ်သည် မျက်ခုံးအနည်းငယ် တွန့်သွားကာ လမ်းမ၏အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

နတ်ဆိုးအုပ်ကြီး ခြေလှမ်းပြင်လိုက်သည့် ခဏ၌ပင်ဝိညာဉ်ဖိအားတစ်ခုသည် မမြင်ရသော ရေလှိုင်းအလားဖြည်းညှင်းစွာ ပြန့်လွင့်လာပြီးနောက် ၎င်းတို့ကိုပြင်းထန်စွာ ရိုက်ထုတ်လိုက်လေ၏။

လမ်းမအဆုံးတွင် အမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာ၏။ သူမ၏ မျက်လုံးအိမ်များသည် အသစ်ပြန်ပေါက်လာခါစ ဖြစ်ပုံရပြီး အဖြူရောင်တိမ်လွှာတစ်ခု ဖုံးအုပ်နေဆဲပင်။ သူမသည် ကြီးမားသောနန်ယန်ဝတ်ရုံနက် ကို ဝတ်ဆင်ထားပြီး ဝတ်ရုံပေါ်ရှိ နန်ယန်ပုံရိပ်များမှာ ခမ်းနားထည်ဝါလှသဖြင့် တကယ့်နေမင်းကြီး တစ်စင်းကဲ့သို့ပင်။

"..."

အလွန်ရင်းနှီးနေသော ထိုမျက်နှာကို ကြည့်ရင်း ယဲ့ဝမ်ရွှမ်သည် ရုတ်တရက်စိမ်းသက်မှုကို ခံစားလိုက်ရသည်။ အူတူတူအတတဖြစ်သော လင်းရှီသည် အခြားသူများရှေ့တွင် မောက်မာနိုင်သော်လည်း နတ်ဆိုးဧကရာဇ် ၁၀ ပါးထဲမှ တစ်ပါး၏ရှေ့တွင်တော့ မဖြစ်နိုင်ပေ။

ထို့အပြင် ယခု လင်းရှီ၏ပုံစံမှာ မောက်မာနေခြင်း မဟုတ်ဘဲပြောမပြနိုင်သော တည်ငြိမ်မှုတစ်မျိုး ရှိနေသည်။

လင်းရှီဝတ်ဆင်ထားသော ဝတ်ရုံကို ကြည့်ရင်း ယဲ့ဝမ်ရွှမ်သည် သူမကိုယ်တိုင် လက်ဖြင့် ချုပ်လုပ်ထားသည့် သူမဝတ်ရုံပေါ်မှ နန်ယန်အမှတ်အသားကို တိတ်ဆိတ်စွာငုံ့ကြည့်လိုက်၏။

သူမသည် မူလက ထွက်ခွာသွားရန် ကြံရွယ်ထားသော်လည်း စိတ်ကိုထိန်းချုပ်ကာ ဆက်လက် စောင့်ကြည့်နေလိုက်၏။

"ငါက ဘယ်သူများလဲလို့၊ ရွှေတောင်ပံလက်ထဲမှာ အကြိမ်ကြိမ် အရိုက်ခံရပြီး ငိုယိုထွက်ပြေးခဲ့ရတဲ့ ငတုံးမလေးပဲကိုး."

ဝက်ဝံနက်သည် နတ်ဆိုးဧကရာဇ် နှစ်ပါးနှင့်အတူ ဆင်ကြီးပေါ်မှ ခုန်ဆင်းလာသည်။ ရှေ့က လူ၏ ပုံစံကို မြင်လိုက်ရသောအခါ သူသည် မကြောက်သည့်အပြင် လှောင်ပြောင်လိုက်သေး၏။

"သူ့ကို ငါ့လက်ထဲထားခဲ့လိုက်၊ အကုန်သတ်စမ်း"

အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုးများမှာ ဟိန်းဟောက်ကာ ပြေးဝင်လာကြသည်။ ထိုစဉ် အဝေးမှအလင်းတန်းနှစ်ခု ပြန်လည် ရောက်ရှိလာသည်။ တစ်ဦးမှာ နတ်ဆိုးနှိမ်နင်းရေးဌာန၏ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးမှာ သာမန်ဝတ်စုံနှင့် ဖြစ်သည်။

သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် ခဏမှာပင် နတ်ဆိုးဘုရင်နှစ်ကောင်မှာ ကိုယ်ခန္ဓာများ ပေါက်ကွဲကာ လွင့်ထွက်သွားသည်။

"စီနီယာ လင်းရှီ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ."

ချန်ကျုံးသည် လက်ယှက်၍ နှုတ်ဆက်လိုက်ပြီး ဘေးကလူကလည်း ရိုသေစွာ ခေါင်းညိတ်ပြ၏။

လှုပ်ရှားမှုတိုင်းတွင် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်၏အရှိန်အဝါများသည် ဖုံးကွယ်ထားခြင်း မရှိဘဲ ထွက်ပေါ်နေသည်။

"ရပါတယ်."

လင်းရှီသည် ခေါင်းခါပြလိုက်ပြီး ထိုနှစ်ယောက် ထွက်သွားသည်ကို ကြည့်ကာ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ ဝက်ဝံနက်မှလွဲ၍ အခြားနတ်ဆိုးဧကရာဇ်တစ်ပါးကိုပါ သူမ၏ တိုက်ခိုက်မှုအတွင်း ဆွဲသွင်းလိုက်သည်။

သူမသည် တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဟူးးးး."

ယဲ့ဝမ်ရွှမ်သည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာမှုတ်ထုတ်လိုက်ရင်း မျက်လုံးတစ်ဝက် ကွယ်နေသော သူမ၏တပည့်ကြီးကို စိုက်ကြည့်နေမိသည်။

တစ်ဖက်လူသည် သေချာပေါက် ကြီးမားသော နစ်နာမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဝူထုံတောင်သို့ ပြန်လာကာ သူမအား ငိုယိုတိုင်တန်းခြင်း မပြုခဲ့ပေ။

သို့သော် ယခု သူမ၏လုပ်ဆောင်ချက်များကို ကြည့်ရသည်မှာ ယခင်ကနှင့် လုံးဝ ခြားနားသွားခဲ့ပြီဖြစ်၏။

ထို့အပြင် မဟာချန်တွင် မည်သည့်အချိန်က နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသစ်များ ပေါ်ထွက်လာပြီး ဤနေရာသို့ မတော်တဆ ရောက်ရှိနေရသနည်း။

သူမ၏အတွေးများ လွင့်ပျံ့နေစဉ်အတွင်း ထိုသုံးဦးမှာ နတ်ဆိုးဧကရာဇ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီ ဖြစ်သည်။ ကျန်ရှိသော နတ်ဆိုးဘုရင်များမှာမူ ဤအခြေအနေကို မြင်သောအခါ ချင်ကျိုးဒေသအတွင်းသို့ တိုးဝင်တိုက်ခိုက်ကြတော့သည်။

ယန်အန်းစီရင်စု စစ်သူကြီးသည် အသက်ကို ပြင်းပြင်းရှုကာ အစီအရင်ပစ္စည်းကို တင်းတင်းဆုပ်ကိုင်လိုက်၏။

မဟာချန်၏အခြားနေရာများတွင် အစီအရင်များ မပြီးသေးသော်လည်း ယန်အန်းစီရင်စုကတော့ မတူပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ဘိုင်ယွင်ခရိုင်ရှိနေသောကြောင့် ဖြစ်သည်။

ထိုမြို့ငယ်လေးမှာ သခင်ရှန်း၏ ဇာတိမြေ ဖြစ်သည်။

ထို့ကြောင့် ယန်အန်းစီရင်စု၏အစီအရင်ကို ရွှီမိသားစုဘိုးဘေးများနှင့် ရွှီချင်းအာတို့က ကိုယ်တိုင် ကိုယ်ကျတည်ဆောက်ခဲ့ခြင်းပင်။

ကောင်းကင်ယံရှိ အလင်းကာရံမှာ ပိုမိုထူထဲသိပ်သည်းလာသည်။ အလင်းတန်းလေးများသည် နူးညံ့သောမိုးစက်များအလား ကြွေကျလာသည်။ ၎င်းတို့သည် တကယ့် နတ်ဆိုးဧကရာဇ်များကို မယှဉ်နိုင်သော်လည်း သာမန် နတ်ဆိုးဘုရင်များအတွက်မူ အသံတိတ် သတ်ဖြတ်ပွဲကြီး ဖြစ်နေသည်။

သန်မာလှသော နတ်ဆိုးကြီးများသည် အစီအရင်ထဲသို့ဝင်လိုက်သည်နှင့် သူတို့၏အသက်ဓာတ်များ လျင်မြန်စွာ စုပ်ယူခံလိုက်ရကြောင်း ခံစားလိုက်ရ၏။ သူတို့သည် ခြေလှမ်းမှားကာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကြသည်။

မြို့ထဲရှိ အိမ်များမှာပြင်းထန်စွာ တုန်ခါနေသော်လည်း ပြိုကျပျက်စီးခြင်း မရှိပေ။ မိဘများ၏ရင်ခွင်ထဲတွင် ပုန်းနေသော ကလေးငယ်များသည် တံခါးပြင်ပမှ သားရဲကြီးကို ကြောက်လန့်တကြား ကြည့်လိုက်မိသော်လည်း ထိုသားရဲကြီး၏မျက်နှာမှာ သူတို့ထက်ပင် ပိုမို ကြောက်လန့်နေသည်ကို တွေ့လိုက်ရသည်။

ညှီစော်နံသော နတ်ဆိုးသွေးများသည် မြေကြီးထဲသို့စိမ့်ဝင်သွားပြီး လမ်းမတစ်ခုလုံးကို အနီရင့်ရောင် ဆိုးသွားလေ၏။

"..."

ယဲ့ဝမ်ရွှမ်သည် အောက်ဘက်တွင် ဖြစ်ပျက်နေသမျှကို တိတ်ဆိတ်စွာစောင့်ကြည့်နေရင်း နှစ်ယောက်ကို ယှဉ်တိုက်နေသော်လည်း အရေးမနိမ့်သေးသော လင်းရှီကို ကြည့်လိုက်သည်။

သူမ၏ တပည့်မှာ အသိဉာဏ် ပိုရှိလာခဲ့ပြီ။ ဝတ်ရုံ၏ကာကွယ်မှုကို အသုံးချတတ်လာပြီး နည်းလမ်းမျိုးစုံကို ကျွမ်းကျင်စွာ အသုံးချနေသည်။

နတ်ဆိုးတစ်ထောင်ဂူ၏ အင်တိုက်အားတိုက် လက်စားချေမှုမှာ ဤမြို့ငယ်လေးကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိပေ။

ဤအရာက သူမ သိထားသော မဟာချန် ဟုတ်သေးသည်လော။

ဤသည်ကို တွေးမိရင်း သူမသည် မင်းဆက်မြို့တော်ဘက်သို့ လှည့်၍ ထွက်ခွာလာခဲ့သည်။

ဝင်မပါဘူးဟု ပြောပြီးလျှင် မပါခြင်းပင်။ အောက်ဘက်တွင် သူမကို အားအကိုးဆုံးတပည့် ရှိနေလျှင်ပင်။

အကယ်၍ ဤမျှလောက်သော သည်းခံနိုင်စွမ်းပင် မရှိပါက ဤနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်မှာ အလကားပင် ဖြစ်ပေလိမ့်မည်။

...

ပြည်နယ်ကိုးခုအနှံ့တွင် နတ်ဆိုးဘေးအန္တရာယ်များ ဖြစ်ပွားနေသည်။

အခြေအနေမှာ ချင်ကျိုးနှင့် ဆင်တူလှသည်။

ဝူထုံတောင်မှ စီနီယာများသည် နေရာအသီးသီးတွင် စောင့်ကြပ်နေကြပြီး ရွှမ်ဓားကို စီးနင်းထားသည့် လူငယ်လေးသည် ပြည်နယ်များအကြား ကူးသန်းသွားလာကာ သူ၏ညီအစ်ကို မောင်နှမများအတွက် အဆုံးသတ် တိုက်ပွဲများကို ကူညီပေးနေသည်။

နန်ယန်ဝတ်ရုံနက်လောကထဲတွင် ပေါ်လာတိုင်း မြေပြင်ပေါ်တွင် သွေးများစွန်းထင်းကျန်ရစ်ခဲ့သည်။

သေချာပေါက် နီကျွင်းသည် အသတ်အဖြတ် အကြမ်းဆုံးတော့ မဟုတ်ပေ။

၎င်းနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးဘုရင်များကိုသာ သတ်ဖြတ်နေသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကြီးမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

၁၀ ကျန်းကျော်မြင့်မားသော ကိုယ်ထည်နှင့် ရွှေရောင်မှိန်မှိန်အမွေးဝတ်ရုံများ၏အရှိန်အဝါဖြင့် နတ်ဆိုးဘုရင် ပေါင်းများစွာ၏ အသက်ကို ခြွေယူခဲ့သည်။

သို့သော် ဒေသအသီးသီးမှ စစ်သူကြီးများကို အံ့အားအသင့်စေဆုံးအရာမှာ ထိုအရာမဟုတ်ပေ။

ဝူထုံတောင် ကျင့်ကြံသူများ၏ကျော်ကြားမှုမှာ ကမ္ဘာသိဖြစ်ပြီး ထိုရွှေရောင်နတ်ဘုရားပုံရိပ်မှာလည်း သခင်ရှန်းကို ကိုယ်စားပြုမှန်း သူတို့ သိကြသည်။

သူတို့ နားမလည်နိုင်ဆုံးအရာမှာ ရုတ်တရက် ပေါ်ထွက်လာသော နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၀ ဦးကျော်ပင် ဖြစ်သည်။

မျက်နှာတိုင်းမှာ အလွန်ရင်းနှီးနေသော်လည်း သူတို့ထံမှထွက်ပေါ်နေသော အားကောင်းသည့် အရှိန်အဝါမှာ လူတိုင်းကို တုန်လှုပ်စေသည်။

လီပြည်နယ်စစ်သူကြီး ဟိုဝမ်ရှန်းသည် သူ၏ညီဖြစ်သူကို မနာလိုစွာ စိုက်ကြည့်နေမိသည်။

နှစ်ဦးစလုံးမှာ ဟွမိယွမ်အထွတ်အထိပ်အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ကြသူများ ဖြစ်သည်။

သို့သော် သူ၏ညီဖြစ်သူမှာ ဘာကြောင့်မှန်းမသိ တစ်နေ့တည်းနှင့် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်အဆင့်သို့ ရောက်ရှိသွားပြီး သူ၏စစ်သူကြီး ရာထူးကိုပါ အစားထိုးလိုက်ရာ သူမှာ ကောင်းကင်တွင် ဟိုဟိုဒီဒီပျံသန်းနေရုံမှတစ်ပါး ဘာမှလုပ်စရာ မရှိတော့ပေ။

ဤသည်မှာ နတ်ဆိုးတစ်ထောင်ဂူ၏ လက်စားချေမှု ဖြစ်သည်။

သို့သော် ယခုအချိန်ထိ နတ်ဆိုးများသည် မြို့ငယ်လေးတစ်မြို့ကိုပင် မသိမ်းပိုက်နိုင်သေးပေ။

၎င်းအစား မီးပုံထဲတိုးဝင်သည့် ပိုးဖလံများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် သေပွဲဝင်နေကြသည်။

နတ်ဘုရားပုံရိပ်ကြီးက နတ်ဆိုးလောင်း အမြောက်အမြားကို သယ်ဆောင်ကာ လီပြည်နယ်ဒေသမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း၊

ဟိုဝမ်ရှန်းသည် သူ၏အကြည့်ကို ရုပ်သိမ်းကာ ငြိမ်းချမ်းသာယာနေသော စီရင်စုများဆီသို့ လှမ်းကြည့်လိုက်၏။

မဟာချန်၏ပြင်ပတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ပြည်သူလူထုအပေါ် လုံးဝ သက်ရောက်မှု မရှိသကဲ့သို့ပင်။ လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့်ကမူ သူတို့သည် ဟွမ်ယွမ်အဆင့် ဝံပုလွေတစ်ကောင်ကြောင့် ချင်ကျိုးဒေသကို စွန့်လွှတ်ရန်ပင် စဉ်းစားခဲ့ရသည်ကို ယခုအခါ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

သို့သော်လည်း...

ဝူထုံတောင်မှ တပည့်များ ဖြစ်စေ၊ ရုတ်တရက် ပေါ်လာသော နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ ဖြစ်စေ၊ လျှို့ဝှက်ဆန်းပြားလှသော အစီအရင်များ ဖြစ်စေ။အားလုံးမှာ မြို့တော်တွင်ထိုင်နေသော ထိုပုံရိပ်ကြောင့် ဖြစ်ပေါ်လာပုံရသည်။

သခင်ရှန်းသည် တိတ်ဆိတ်စွာပင် သူ၏ကိုယ်ပိုင်အစွမ်းဖြင့်ပြည်နယ်ကိုးခုလုံးရှိ လူသားများကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့ပြီဖြစ်၏။

...

တစ်ချိန်တည်းမှာပင် မြို့တော် သိုင်းဘုံကျောင်း (က) အဆောင်အတွင်း၌

ရှန်းယီသည် ချင်းဟွာဆီမှ ပြန်လည် ရောက်ရှိလာသောနတ်ဆိုးသွေးများကို ထုတ်ယူလိုက်သည်။

ငှက်နတ်ဆိုးသွေးများမှာ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူသည်မီးဓာတ်ပါဝင်နိုင်ခြေရှိသော နတ်ဆိုးသွေးအားလုံးကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက်၊

သူ၏ဆေးဖော်စပ်နည်းမှာ ပိုမိုကျွမ်းကျင်လာ၏။

ရှန်းယီသည် သူ၏ရှေ့တွင်ရှိနေသော အရောင်အသွေးစုံလင်သည့် ထျန်းဟွမ်ဆေးလုံးများကို ကြည့်ကာ ကျေနပ်သွားသည်။ အနည်းဆုံးတော့ ဆေးမီးဖိုပေါက်ကွဲတာမျိုး မဖြစ်တော့ပေ။

"..."

[ဟင်းလင်း‌ပြင်လျှောက်လှမ်းခြင်း - ကောင်းကင်ဘုံဖီးနစ်ထာဝရမူခန္ဓာကိုယ် - အခြေခံအဆင့်]

ဆေးလုံးကိုမျိုချလိုက်ပြီးနောက် ရှန်းယီသည် သူ၏စနစ်မျက်နှာပြင်ကို ဖွင့်ကာ ကောင်းကင်ဘုံဖီးနစ်ထာဝရမူခန္ဓာကိုယ်ကို ဆက်လက် လေ့ကျင့်နေသည်။

ဆေးလုံးရှိသည်၊ သက်တမ်း လုံလောက်သည်၊ ကျင့်စဉ်လည်း ရှိသည်။ ဤအရာဟာ သူ အနှစ်သက်ဆုံး ခန္ဓာကိုယ်ကျင့်စဉ်မျိုးလည်း ဖြစ်သည်။

သို့သော် သိသာသော တိုးတက်မှုတော့ မရှိသေးပေ။

[နှစ်ပေါင်း ၂၉၀၀၀ အရောက်တွင် သင်သည် ဆေးလုံးမျိုးစုံကိုသုံးစွဲကာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ကျွမ်းကျင်အောင်လုပ်ဆောင်ခဲ့သည်။ မကြာမီ ဆေးစွမ်းအင်ကိုကုန်ဆုံးစေခဲ့ပြီး စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ ပိုမို ခိုင်မာလာခဲ့သည်။]

ရှန်းယီ ခဏမျှတိတ်ဆိတ်သွား၏။

ဤအရာက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကျင့်စဉ်ဖြစ်သည်မှာ ထင်ရှားသော်လည်း ၎င်းသည် ပြန်လည်မွေးဖွားခြင်းနတ်ငှက်ကိုသာ အဆင့်မြှင့်တင်ပေးနေပြီး ၎င်းထဲတွင် ပါဝင်သော ထူးခြားသည့် တန်ခိုးစွမ်းအားများကိုတော့ ထိတွေ့နိုင်ခြင်း မရှိသေးပေ။

သူသည် ယခင်က ခံစားခဲ့ရသော အတားအဆီးကို ယခုမှ နားလည်သွားသည်။

နန်ယန်ဂိုဏ်း၏လက်ရှိအခြေအနေအရ စစ်မှန်သည့်ကျင့်ကြံသူတစ်ဦးကို မွေးထုတ်ရန်မှာ အလွန် ခက်ခဲပုံရသည်။

အရင်းအမြစ်များ ဖြစ်စေ၊ မိုးမြေ၏စွမ်းအင်များ ဖြစ်စေ အလွန်ပင် ရှားပါးလွန်းလှသည်။

ထိုစဉ်

ရှန်းယီသည် စနစ်မျက်နှာပြင်ကို ရုတ်တရက် ပိတ်လိုက်ပြီး သူ၏ရှေ့မှ ခရမ်းရွှေဆေးမီးဖိုမှာလည်း ကောင်းကင်မှ သူ၏လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။

သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဝတ်ရုံဖြူကိုဝတ်ဆင်ထားသော စိမ်းသက်သည့် အမျိုးသမီးပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

"ဟင်း..."

ယခင်က နန်ယန်ဝတ်ရုံကိုဝတ်ဆင်ထားခဲ့စဉ်ကနှင့် ယခုမှာ မတူတော့ပေ။ တစ်စုံတစ်ယောက်က မိမိ၏အနောက်သို့ တိတ်တဆိတ်ရောက်ရှိလာသည်ကို သတိမထားမိခဲ့ပေ။

ဝတ်ရုံနက်အောက်မှ ခန္ဓာကိုယ်သည် ချက်ချင်း တင်းမာသွား၏။ သို့သော် သူ ချက်ချင်းတုံ့ပြန်ခြင်း မပြုသေးပေ။

သူ့တွင် ဝတ်ရုံမရှိလျှင်ပင် သူသည် နတ်ဘုရားစိတ်ဝိညာဉ်အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ၏ရှေ့တွင် ဤသို့ ပြုလုပ်နိုင်သူမှာ ဤလောကတွင် တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

"မင်းဒီလိုအဆင့်အထိ ရောက်နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး"

ယဲ့ဝမ်ရွှမ်သည် သူမကိုယ်သူမ မိတ်ဆက်ရန် အချိန်မဖြုန်းပေ။ သူတို့ကဲ့သို့သော အဆင့်အတန်းတွင် လှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်သည်။

သူမသည် ရှန်းယီ၏ဘေးတွင် လျှောက်လာပြီး ကောင်းကင်ယံကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည့်အရာများက ယဲ့ဝမ်ရွှမ်ကို အတော်ပင်အံ့အားသင့်စေခဲ့သည်။ တစ်ဖက်လူသည် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို အထွတ်အထိပ်သို့ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဤအရာဟာ လောကထဲသို့ အခုမှစတင်ခြေချသည့် လူငယ်တစ်ယောက် ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

"ဒါပေမဲ့ ငါ ပိုသိချင်တာက... မင်း ဘယ်လိုနည်းနဲ့ ငါ့ရဲ့အသုံးမကျတဲ့ တပည့်တွေကို မဟာချန်ကို ခေါ်ပြီး နတ်ဆိုးတွေကို စောင့်ခိုင်းထားတာလဲ ဆိုတာပဲ."

"မင်း သူတို့ကို ဘာတွေကတိပေးလိုက်လို့ သူတို့က ငါ့ကို အလွယ်တကူ မေ့သွားကြတာလဲ."

ယဲ့ဝမ်ရွှမ်သည် မျက်လုံးတစ်ဖက်ဖြင့် စောင်းကြည့်လိုက်ကာ "ရတနာဆေးလုံးတွေလား ဒါမှမဟုတ် နန်ယန်ဂိုဏ်း အကြီးအကဲဝတ်ရုံတွေလား"

ထိုပေါ့ပေါ့ပါးပါး ပြောဆိုသံကို ကြားသော်လည်း ရှန်းယီက ပြန်မဖြေဘဲ ခြံဝင်းပြင်ပကိုသာ လှည့်ကြည့်လိုက်၏။

"..."

ထိုနေရာတွင် သစ်သီးခြောက်များကို ဝါးစားနေသော လူငယ်လေးသည် ရုတ်တရက် အေးခဲသွား၏။

ထို့နောက် သူ၏လက်များကို အားငယ်စွာ ချလိုက်ပြီး အားတင်းကာ ပြုံးလိုက်မိသည်။

ချင်းဖုန်းသည် သူ၏ဆရာကို ကောင်းကောင်းသိသည်ဟု ထင်ခဲ့သည်။

သို့သော် သူတို့ ညီအစ်ကိုမောင်နှမတွေအားလုံး ဆရာ့မျက်လုံးထဲမှာ ယခုလိုလူစားမျိုးများဟု သူ မထင်ထားခဲ့ပေ။

ရှန်းယီ၏ကျေးဇူးကို သိတတ်လို့ ပြန်လည်ကူညီပေးနေကြတာမဖြစ်နိုင်ဘူးလား။သူတို့ကိုယ်တိုင်ကလည်း နတ်ဆိုးတွေလောကကို ဒုက္ခပေးနေတာကို မကြည့်ရက်လို့ လုပ်ဆောင်နေကြတာလေ။ အရင်က တောင်ပေါ်မှာပဲနေခဲ့ရလို့ ဘာမှမမြင်ခဲ့ရပေမယ့် အခု ကိုယ်တိုင်မြင်ရတော့ တစ်ခုခု လုပ်ချင်တာ ဘာမှားလို့လဲ။

"ထားလိုက်ပါ၊ အဲဒါတွေက အရေးမကြီးပါဘူး."

ယဲ့ဝမ်ရွှမ်သည် ချင်းဖုန်းကို ဂရုမစိုက်ပေ။ သူမ၏ အဆင့်အတန်းအရ ဤတပည့်လေး ရှိနေမှန်းကို သိပြီးသားဖြစ်သည်။ သူမသည် သူ့ကို ရှောင်လွှဲရန် မရည်ရွယ်သကဲ့သို့ ချင်းဖုန်း စိတ်မကောင်းဖြစ်သွားမှာကိုလည်း ဂရုမစိုက်ပေ။

All Chapters