အခန်း (၁၉၄၉-၁၉၅၀)
Vol. 140 Ch. 1949-1950
အပိုင်း(၁၉၄၉)
ကြယ်တာရာတို့၏ သံသရာ...
စိမ်းပြာရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး တောက်ပသည့် မျက်ဝန်းအစုံရှိသည့် အမျိုးသမီးငယ်တစ်ဦးသည် ‘ကြယ်တာရာ အမြုတေ အဆင့်’ ၏ စမ်းသပ်မှုဖြစ်သည့် ‘ကြယ်တာရာ အမြုတေ ကပ်ဘေး’ ကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် ဤဟင်းလင်းပြင်ထဲတွင် လွင့်မျောနေ၏။
သူမ၏ နွဲ့နှောင်းသော ကိုယ်လုံးလေးမှာ တုန်ရီနေပြီး မျက်တောင်ရှည်လေးများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူမ၏ အကြည့်တို့မှာ တစ်ဘဝစာ မှတ်ဉာဏ်များကို တမ်းတနေသကဲ့သို့ အဝေးတစ်နေရာသို့ ရောက်ရှိနေသည်။ ဝမ်းနည်းမှု မြစ်တစ်စင်းနှင့် ပျော်ရွှင်မှု စမ်းချောင်းလေးတစ်ခု ပေါင်းစုံသွားသည့်အလား မျက်ရည်များမှာ သူမ၏ မျက်ဝန်းအစုံမှ တရွေ့ရွေ့ စီးကျလာသည်။
တဖြည်းဖြည်းချင်းပင် အသိစိတ်များ ပြန်လည်ဝင်ရောက်လာ၏။ သူမ မသိစိတ်ဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ရှိုက်သံသဲ့သဲ့နှင့်အတူ ‘ဝိညာဉ်အာရုံ’ ကို ဖြန့်ကျက်လိုက်သည်။
သေမျိုးတာအို အတွင်း သူမ၏ ကျင့်ကြံခြင်း တစ်ဘဝလုံးကို ပြန်လည် မြင်ယောင်နေရခြင်းမှာ ချိုမြိန်သလိုလိုနှင့် ခါးသီးလှသော်လည်း ဤသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော အရာပင်။ သူမသည် အပျက်အစီး မန်နာများ၊ အပူ၊ အအေးနှင့် လေထုပင် မရှိသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိနေကြောင်း ခံစားလိုက်ရသည်။
“ဒါက ကြယ်တို့ရဲ့ သံသရာ ဆိုတဲ့ နေရာလား...”
မိန်းကလေးက စိတ်ထဲတွင် ကျန်ရစ်နေသော ခံစားချက်များကို ထိန်းချုပ်ရင်း မှတ်ချက်ပြုလိုက်သည်။ သို့သော်လည်း... ဤဟင်းလင်းပြင် နေရာကျယ်ကြီးကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သည်ကို သူမ သိသည်။ ပထမဆုံးသော ‘ကြယ်တာရာ အမြုတေ ကပ်ဘေး’ ကို ရင်ဆိုင်စဉ်ကလည်း သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်အား ထင်ဟပ်နေသည့် နေကြယ်တစ်စင်းကို အလွန်ဝေးကွာလှသော နေရာမှ မြင်တွေ့ခဲ့ဖူးသည်။
ရုတ်တရက်... သူမ၏ ကြယ်တာရာ ဝိညာဉ်မှာ တုန်ရီသွားသည်။ သတိပေးချက်တစ်ခုပင်။ ၎င်း... လာနေလေပြီ။
မိန်းကလေးက ‘စိတ်ငြိမ် ဂါထာ’ ကို ရွတ်ဆိုကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ‘အသိစိတ် ပင်လယ်’ ကို ခိုင်ခံ့အောင် ပြုလုပ်လိုက်၏။ ထို့နောက်... ‘လောကချည်နှောင် ကြယ်တာရာ နယ်မြေ’ ကို ဖြည်းဖြည်းချင်း ထုတ်ဖော်လိုက်သည်။ သူမသည် ကိုးခုမြောက် ‘ကြယ်တာရာ ကပ်ဘေး’ ဖြစ်သော ‘သေမျိုးကြယ်တာရာ ပျက်သုဉ်းခြင်း ကပ်ဘေး’ အကြောင်းကို အတော်အတန် သိရှိထားပြီး ဖြစ်သည်။ အသက် အန္တရာယ် ရှိသည့် ဤကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် သူမ အနေဖြင့် ကိုယ်ပိုင်စွမ်းအားကိုသာ အားကိုးရမည်ကိုလည်း သိသည်။
ထို့နောက်... သူမ အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူမ ပထမဆုံး ခံစားလိုက်ရသည်က... မျှော်လင့်ချက်မဲ့ခြင်း... အစွန်းကုန် မျှော်လင့်ချက်မဲ့ခြင်း။
စိမ်းပြာရောင်ဝတ် မိန်းကလေး၏ မျက်ဝန်းများမှာ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် မှေးမှိန်သွားသည်။ သူမသည် သူမ၏ မျိုးနွယ်စုနှင့် ကျင့်ကြံခြင်းလောကတွင် ထိပ်သီးပါရမီရှင် တစ်ဦးဖြစ်သည်။ အကယ်၍ သူမက မိမိကိုယ်ကိုယ် မျိုးနွယ်စုအတွင်း ဒုတိယမြောက် ပါရမီအရှိဆုံးဟု ကြေညာလျှင်ပင်၊ မည်သူကမျှ ပထမဟု မပြောဝံ့ကြပေ။
သူမ၏ ‘လောကချောင်နှောင် ကြယ်တာရာ နယ်မြေ’ သည် ‘ဧရာမ’ အရွယ်အစား၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ‘အကြွင်းမဲ့’ အရွယ်အစားသို့ ရောက်ရန် လက်တစ်ကမ်းအလိုသာ လိုတော့သည်။ ‘အစစ်အမှန် ဝိညာဉ်’ ကို ပိုင်ဆိုင်ထားသည့် သူတော်စင် အဆင့် ဖခင်က ကူညီသော်လည်း ထိုနောက်ဆုံးခြေလှမ်းကို သူမ မလှမ်းနိုင်ခဲ့ပေ။
ထိုခြေလှမ်းကို လှမ်းနိုင်ရန်အတွက် ကပ်ဘေးအတွင်း မဟာတာအို ထံမှ ကောင်းချီး သို့မဟုတ် ကောင်းကင်ရတနာ သို့မဟုတ် အဂ္ဂိရတ်ဆေးလုံး တစ်ခုခု လိုအပ်သည်ဟု ဖခင်က အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။ အနည်းဆုံးတော့ သေမျိုးတစ်ဦးအတွက် ထိုသို့ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း... ဖခင်က ပြင်ပရတနာများ သို့မဟုတ် ဆေးလုံးများကြောင့် အခြေခံတွင် အားနည်းချက်များ ရှိသွားမည်ကို စိုးရိမ်သဖြင့် မဟာတာအို၏ ကောင်းချီးဖြင့်သာ သဘာဝအတိုင်း ထိုအဆင့်သို့ ရောက်စေချင်ခဲ့သည်။
မိန်းကလေး၏ နွဲ့နှောင်းသော ကိုယ်လုံးလေးနှင့် လှပသော ရင်အစုံတို့မှာ တုန်ရီနေ၏။ သူမ ပုလဲရောင် သွားလေးများကို ခပ်တင်းတင်း ကြိတ်ထားမိသည်။
အဝေးတစ်နေရာတွင် ကြီးမားထည်ဝါလှသော နေကြယ်ကြီးတစ်စင်းသည် သူမ၏ထံသို့ ဦးတည်လာနေလေပြီ။ သူမ အရွယ်အစားကို တိုင်းတာနိုင်သော အထူး ‘မျက်လုံးကျင့်စဉ်’ ကို အသုံးပြု၍ ကြည့်လိုက်ရာ၊ ၎င်းမှာ ‘အကြွင်းမဲ့’ အရွယ်အစား၏ ကန့်သတ်ချက်ကို ကျော်လွန်ကာ ‘အထွတ်အထိပ် အကြွင်းမဲ့’ အဆင့်သို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။
ကျင့်ကြံသူများအတွက် ‘အကြွင်းမဲ့’ အရွယ်အစားရှိ နေကြယ်မှာ အချင်း ၁.၀၈ ထရီလီယံမိုင် ဖြစ်သော်လည်း၊ ကိုးခုမြောက် ‘ကြယ်တာရာ ကပ်ဘေး’ သည် ကျင့်ကြံသူများကို စမ်းသပ်ရန် သို့မဟုတ် သုတ်သင်ရန်အတွက် ထိုကန့်သတ်ချက်ကို ကျော်လွန်သော ‘အထွတ်အထိပ်’ ပုံစံမျိုးကို ပို့လွှတ်တတ်သည်ဟု သူမ သင်ကြားခဲ့ဖူးသည်။ သို့သော် ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် အတွေ့အကြုံမှာမူ လုံးဝ ခြားနားလှပေသည်။
သူမသည် ‘ဧရာမ’ အရွယ်အစား၏ အထွတ်အထိပ်တွင် ရှိသော စိမ်းပြာရောင် ‘လောကချည်နှောင် ကြယ်တာရာ’ ကို ဆင့်ခေါ်လိုက်သည်။
မိန်းကလေး၏ ခြေဖဝါးအောက်တွင် ပြင်းထန်သည့် နေကြယ်ရောင်ခြည်များ ဖြာထွက်နေပြီး၊ သူမသည် အပြစ်ပြောစရာမရှိလောက်အောင် သန့်စင်သည့် ‘နယ်မြေထိန်းချုပ်ခြင်း နည်းစနစ်’ ကို အသုံးပြုလိုက်သည်။ သူမ၏ ထိန်းချုပ်မှုမှာ ပြီးပြည့်စုံလှသော်လည်း နှလုံးသားထဲတွင်မူ မျှော်လင့်ချက်မဲ့စွာ တုန်လှုပ်နေဆဲပင်။
သို့သော်လည်း မိန်းကလေးမှာ အိုးထဲက ပန်းပင်လေး မဟုတ်ပေ။ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ တိုက်ပွဲများနှင့် သေခြင်းတရားများကြားတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် လူများစွာမှာ သူမ၏ လက်ထဲတွင် အသက်ပျောက်ခဲ့ရဖူးသည်။
ထို့ပြင် ဤစိန်ခေါ်မှုသည် သူမ၏ ထူးချွန်သော ပါရမီနှင့် ကျင့်ကြံထားသော အခြေခံကို ထင်ဟပ်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမ လွယ်လွယ်နှင့် အရှုံးမပေးလိုပေ။
“လာစမ်း... ချီးထုပ်ကြီး...”
ဖခင်ဖြစ်သူ၏ ကြီးကြပ်မှု မရှိသည့်အတွက် သူမ စိတ်ထဲရှိသလို အော်ဟစ် ဆဲဆိုလိုက်၏။ ချက်ချင်းပင်... စိတ်လှုပ်ရှားမှုများနှင့် တင်းမာနေသည့် ကျောရိုးမှာ အနည်းငယ် ပြေလျော့သွားသည်။
သေမျိုးကြယ်တာရာ ဝင်္ကပါ ကပ်ဘေးနှင့် ခြားနားစွာပင် သေမျိုးကြယ်တာရာ ပျက်သုဉ်းခြင်း ကပ်ဘေးမှာ အသက်ကို နှုတ်ယူရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမျှ အံ့အားသင့်ဖွယ်ကောင်းသည့် အစွမ်းကို ပိုင်ဆိုင်ရန် ထိုက်တန်မှု ရှိ၊ မရှိ မဟာတာအိုက စမ်းသပ်ခြင်း ဖြစ်သည်။
ဝှစ်...
မိန်းကလေးမှာ လက်ဟန်ချိပ်စည်း တစ်ခုကို ဖော်ထုတ်လိုက်၏။ သူမ ထိန်းချုပ်ထားသည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ နေကြယ်ကို ချိတ်ဆက်ကာ နောက်သို့ ဆွဲငင်လိုက်ပြီး၊ ဝင်ရောက်လာသည့် နေရောင်ခြည်များကို ချေဖျက်ရန် ကိုယ်ပိုင် နေအလင်းရောင်ခြည်များကို ထုတ်လွှတ်လိုက်သည်။
သူမသည် ယခင်က သေမျိုး အဂ္ဂိရတ်ပညာရှင် လူငယ် တစ်ဦး အသုံးပြုရန် ကြံစည်ခဲ့ဖူးသော နည်းဗျူဟာကို အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော်လည်း... ထိုလူငယ်မှာမူ နေကြယ်၏ ဆွဲငင်အားနှင့် အပူရှိန်တို့အောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး လောင်ကြွမ်းကာ သေဆုံး သွားခဲ့ရသည်။
သို့သော်လည်း... ဤမိန်းကလေးမှာမူ ခြားနားပေသည်။
ဟူး... ဟူး...
သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဆောင် တစ်ခုမှာ အေးမြသော စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ၊ နေကြယ် ရောင်ခြည်များ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသည့် အပူရှိန်မှာ သက်သာသွားသည်။ ဤသည်မှာ သူမ၏ ကြိုတင်ပြင်ဆင်မှုပင် ဖြစ်သည်။
မိန်းကလေးတွင် အခြားသော ပြင်ဆင်မှုများလည်း ရှိသေးသည်။ သူမသည် အစစ်အမှန် ဝိညာဉ် ရှိသည့် သူတော်စင် တစ်ဦးကို ဖခင်အဖြစ် ပိုင်ဆိုင်ထားသူဖြစ်ရာ၊ ကပ်ဘေး၌ အခြေအနေ ဆိုးရွားသွားလျှင်ပင် လွတ်မြောက်နိုင်မည့် နည်းလမ်းများ ရှိနေသည်။
သူမအား အမြစ်ပြတ် သုတ်သင်ရန်နှင့် မဟာတာအိုက ပေးသနားထားသမျှကို ပြန်လည် သိမ်းယူရန် လိုက်လံတိုက်ခိုက်နေသော နေကြယ်ကြီးကို ကြည့်ရင်း က မိန်းကလေးမှာ မှင်သက် နေခဲ့၏။
သို့သော်လည်း... ရုတ်တရက် ဆိုသလိုပင် သူမအား လိုက်လံတိုက်ခိုက်နေသည့် စိမ်းပြာရောင်ကြယ်ကြီးမှာ ရုတ်တရက် ရပ်တန့်သွားသည်။
“ဘာလဲ...”
မိန်းကလေး၏ နွဲ့နှောင်းသော ကိုယ်လုံးလေးမှာ တုန်ရီခြင်းပင် မပြုနိုင်တော့ချေ။ အော်ရာတစ်ခုမှာ သူမကို လွှမ်းမိုးကာ ဝန်းရံထားပြီး၊ တာအို အော်ရာ အမျိုးမျိုးကို သူမ ခံစားလိုက်ရသည်။ ဤဖြစ်ရပ်မှာ သူမ သိရှိထားသော အသိပညာများနှင့် လုံးဝ ဆန့်ကျင်နေသဖြင့် မိန်းကလေးမှာ မယုံကြည်နိုင် ဖြစ်နေရသည်။
‘မဟာတာအို’ ဆိုသည်မှာ အဘယ်နည်း။၎င်းတို့မှာ ‘သေမျိုး’ ၊ ‘လျှို့ဝှက်’ နှင့် ‘တန်ခိုးရှင်’ တို့ ဖြစ်ကြသည်။ ဤသည်မှာ သူမ သိရှိထားသမျှ ဖြစ်သည်။
ထို့ပြင် ကျင့်ကြံခြင်းဆိုင်ရာ စာပေပညာရှင်များနှင့် အဆင့်မြင့် ကျင့်ကြံသူများ ဆွေးနွေးလေ့ရှိသော ‘နာမ်ပိုင်းဆိုင်ရာ တာအို’၊ ‘ရုပ်တာအို’ နှင့် ‘စိတ်တာအို’ ကဲ့သို့သော အခြားသော တာအိုများ ရှိသည်ကိုလည်း သူမ သိရှိသည်။ ၎င်းတို့ကို မဟာတာအိုများက အုပ်ချုပ် သို့မဟုတ် ထိန်းကျောင်းထားခြင်း ဖြစ်သည်။
သူမ သိထားသည့် ပိုမို နက်နဲဆန်းကြယ်သော တာအိုများလည်း ရှိသေးသည်။ ၎င်းတို့၏ တည်ရှိမှုမှာ ပို၍ လျှို့ဝှက်ပြီး ပို၍ ကြောက်စရာကောင်းလှသည်။ ဥပမာအားဖြင့် ‘စစ်တာအို’ က အုပ်ချုပ်သည်ဟု ဆိုကြသော ‘အကန့်အသတ်မဲ့ စစ်တလင်း’ ၊ အရာခပ်သိမ်း ပါဝင်သော ‘အဂ္ဂိရတ် တာအို’၊ နေရာတိုင်းတွင် ရှိနေသော ‘ဟင်းလင်းပြင် တာအို’ ၊ ကန့်သတ်ချက်ရှိသော ‘လက်နက်တာအို’ နှင့် သားရဲတို့၏ ‘ကမ္ဘာဦး တာအို’ တို့ ဖြစ်ကြပေသည်။
***
အပိုင်း(၁၉၅၀)
တာအိုများနှင့် ပတ်သက်၍ ပြောစမှတ်ပြုကြသည့် အရာများ ရှိသည်။ လောက၌ တာအိုပေါင်း ၃,၀၀၀ သာ ရှိသည်ဟူ၍လည်းကောင်း၊ မဟာတာအိုတစ်ခုစီက တာအို ၉၉၉ ခုစီကို အုပ်ချုပ်ပြီး စုစုပေါင်း ၃,၀၀၀ သော တာအိုများက အရာခပ်သိမ်း၊ သက်ရှိအားလုံး၊ ဥပဒေသအားလုံးနှင့် ကျင့်ကြံခြင်းအပါအဝင် ဖန်တီးခြင်းအားလုံး၏ ‘မဟာတာအို’ ကို ဖွဲ့စည်းထားသည်ဟူ၍လည်းကောင်း အမျိုးမျိုးပင်။
မိန်းကလေး အနေဖြင့် ဤမျှ နက်နဲလှသော အယူအဆများကို အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံထားရသော ခန္ဓာကိုယ်ကြောင့် ‘တာအိုအော်ရာ’ များကို ထူးခြားစွာ အာရုံခံနိုင်သည်။
မိန်းကလေးသည် သူမ၏ ဘဝတွင် ‘အဂ္ဂိရတ် တာအို’ ကို တစ်ကြိမ် ခံစားခဲ့ဖူးသည်။ ဖခင်ဖြစ်သူက သူမအား ‘လောက အဂ္ဂိရတ် ရှန့်ထို’ တစ်ဦး၏ ‘လောကနိုးထခြင်း’ ဖြစ်စဉ်ကို သွားရောက် လေ့လာစေခဲ့စဉ်က ဖြစ်သည်။
ထိုစဉ်က သူမ၏ ဖခင်သည် အဆင့်တက်ရန် လက်တစ်ကမ်းအလိုရှိသော အဂ္ဂိရတ်ပညာရှင်ကို ကူညီပေးခဲ့ပြီး၊ သူမနှင့် အခြားသူများကို ထိုအံ့ဖွယ်ဖြစ်ရပ်အား ကိုယ်တိုင်ခံစားစေကာ သူမနှင့် သင့်တော်မည့် ‘လောကသင်္ကေတ’ ကို ရွေးချယ်စေခဲ့သည်။ ဤသည်မှာ အစွမ်းထက်သော မိဘနှင့် ကြွယ်ဝသော ချမ်းသာသူများသာ ရရှိနိုင်သည့် အခွင့်အရေးပင် ဖြစ်သည်။ ယခု ထိုအော်ရာမှာ ဤနေရာတွင် ရှိနေသည်။
မိန်းကလေးသည် ‘ဟင်းလင်းပြင် တာအို’ ကိုလည်း တစ်ကြိမ် ခံစားခဲ့ဖူးသည်။ သဘာဝအတိုင်း ဖြစ်ပေါ်လာသော ‘ဟင်းလင်းပြင် ပေါ်တယ်’ သို့မဟုတ် ‘ဟင်းလင်းပြင် တံတား’ ဟု ခေါ်သည့် ကောင်းကင်ဖြစ်ရပ်ကို လေ့လာစဉ်က ဖြစ်ပေသည်။
သူမ၏ ဖခင်သည် သူမအား နေအိမ်မှ ကွင်ထရီလီယံပေါင်းများစွာ ဝေးကွာသော ဂလက်ဆီ၏ အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားပြီး ကိုယ်တိုင် မြင်တွေ့စေခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် သူမသည် အာကာသနှင့် ထိတွေ့မှု ပိုမိုမြင့်မားလာပြီး အချိန်နှင့် ပတ်သက်သည့် နားလည်မှုများလည်း တိုးတက်လာခဲ့သည်။ ဖခင်ဖြစ်သူသည် သူမအတွက် အစွမ်းထက် ကောင်းကင် ပုရောဟိတ် တစ်ဦး ထံမှ အချက်အလက်များကို ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။ ယခု ထိုအော်ရာမှာလည်း ဤနေရာတွင် ရှိနေပြန်သည်။
ထို့ပြင်... သူမ တစ်ခါမျှ မခံစားခဲ့ဖူးသော ထက်ရှလှသည့် တာအိုတစ်ခုကိုလည်း ခံစားနေရသည်။ ၎င်းမှာ သူမ ကြုံဖူးသမျှ မည်သည့် ‘ဓားရည်ရွယ်ချက်’ ထက်မဆို သာလွန်နေပြီး ‘အဆုံးသတ်ခြင်း’ ၏ အနှစ်သာရများ ပါဝင်နေသကဲ့သို့ ရှိသည်။ ထိုခံစားချက်က သူမ၏ အသိစိတ်ကို ဗလာနယ် ထဲသို့ နစ်မြုပ်သွားစေသည်။ ဤနေရာတွင် မည်သည့် အရာများ ရှိနေသနည်း။
ထို့အပြင် သူမအား ကယ်တင်ခြင်း ပေးသနားသည့် အလား ‘အစပြုခြင်း တာအို’ တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက သူမ၏ မွေးဖွားခြင်း၊ နေကြယ်များ၊ ဂြိုဟ်များ၊ သက်ရှိအားလုံးနှင့် အရာခပ်သိမ်းတို့၏ ‘အစပြုခြင်း’ ကို ပြန်လည် မြင်ယောင်စေကာ သူမ၏ အသိစိတ်ကို ဆွဲထုတ်လိုက်သည်။ မိန်းကလေး မသိလိုက်ခင်မှာပင် သူမ၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ထပ်မံ ဝဲတက်လာပြန်သည်။
‘ဒါက... မူလ ဖန်တီးခြင်း လား...’
အခြားသော တာအိုများမှာ မဟာတာအိုအတွင်း အမြဲရှိနေသည်။ သူမသည် ကျင့်ကြံခြင်း နည်းစနစ်များ သို့မဟုတ် နားလည်မှုများမှတစ်ဆင့် ၎င်းတို့နှင့် ထိတွေ့ခဲ့ဖူးသည်။
‘နာမ်ပိုင်းဆိုင်ရာ တာအို’ - သူမ၏ ဓား ရည်ရွယ်ချက်၊ တိုက်ပွဲ ရည်ရွယ်ချက်နှင့် ကောင်းကင် ရည်ရွယ်ချက်...
‘စိတ် တာအို’ - သူမ ပိုင်ဆိုင်ထားသည့် စိတ်ငြိမ် ဂါထာနည်းစနစ်...
‘ဒြပ်စင်တာအို’ - သူမ၏ ဒြပ်စင်ရည်ရွယ်ချက်များ၊ စိမ်းပြာရောင် ရည်ရွယ်ချက်နှင့် တိမ်တိုက် ရည်ရွယ်ချက်...
ရုတ်တရက် နားမလည်နိုင်လောက်သည့် တည်ရှိမှုတစ်ခု ထွက်ပေါ်လာရာ သူမ၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ ၎င်းတွင် သူမအား စိတ်ရှုပ်ထွေးစေပြီး ကြောက်ရွံ့စေသည့် လျှို့ဝှက်နက်နဲမှုများ ပါဝင်နေသည်။ မိန်းကလေးမှာ အလွန် မြင့်မားလှသော အဆင့်အတန်းကြောင့် ဘဝတွင် ထိုအော်ရာအချို့ကို ခံစားဖူးသည်။
‘ဒါက... လျှို့ဝှက်တာအို လား...”
သို့သော်လည်း မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူမ၏ နက်ပြာရောင်မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားပြီး နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့သည်။ မဟာတာအိုတို့သည် တစ်ခုနှင့်တစ်ခု နယ်ပယ်ချင်း ကျူးကျော်ဝင်ရောက်ခြင်း မရှိဟု သူမ၏ ဖခင်က တစ်ခါက ပြောပြခဲ့ဖူးသည်... သို့ဆိုလျှင် ယခု သူမ မြင်တွေ့နေရသည်မှာ အဘယ်နည်း။
ဘုန်း...
ရုတ်တရက်... ကြယ်တို့၏ သံသရာ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ သူမ၏ ဝိညာဉ်မှာ နာကျင်စွာ တွန့်လိမ်သွားကာ ဝိညာဉ်အမတေသွေးအချို့ကို အန်ထုတ်လိုက်ရသည်။ သူမ၏ မျက်နှာတစ်ခုလုံး ဖြူရော် သွားလေ၏။
‘ဒါက သေမျိုးတာအိုရဲ့ တုံ့ပြန်မှုလား...’
သို့သော်လည်း ထိုနားမလည်နိုင်သည့် တည်ရှိမှုကြီးမှာမူ မယိမ်းမယိုင် ခိုင်ခိုင်မာမာ တည်ရှိနေဆဲပင်။ ဤသည်မှာ မဟာတာအိုအချင်းချင်း အငြင်းပွားနေကြခြင်း ဖြစ်သည်ဟူသော အတွေးနှင့် အတူ သူမ အလွန်အမင်း ကြောက်လန့်သွားပြီး ထွက်ပြေးချင်စိတ်များ ပေါ်ပေါက်လာသည်။
သို့သော်လည်း... ရုတ်တရက် ဆိုသလိုပင် သူမကို ကြိတ်ချေရန် လာနေသည့် ‘အထွတ်အထိပ် အကြွင်းမဲ့’ နေကြယ်ကြီးသည် ပိုမိုမြန်ဆန်စွာ လည်ပတ်သွားကာ မယုံကြည်နိုင်စရာ အစွမ်းတစ်ခု၏ ခေါ်ဆောင်မှုကြောင့် (သူမထံသို့ နေရောင်ခြည် အနည်းငယ်သာ ထုတ်လွှတ်ပေးပြီးနောက်) အလင်းအလျင်နှုန်းဖြင့် ဝေးရာသို့ ထွက်ခွာသွားသည်ကို သူမ မြင်လိုက်ရသည်။
မိန်းကလေး၏ စိတ်မှာ များစွာ တုန်လှုပ်နေသဖြင့် ကောင်းကောင်း တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ သူမ သတိပြန်ဝင်လာချိန်တွင် သူမ၏ ‘လောကချည်နှောင် နေကြယ်’ မှာ စတင် ပြောင်းလဲနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ ဖခင် ပြောခဲ့ဖူးသကဲ့သို့ပင် ‘အကြွင်းမဲ့’ ကန့်သတ်ချက်မှာ သဘာဝအတိုင်း ပွင့်ထွက်သွားလေပြီ။
သူမ ကပ်ဘေးကို မရင်ဆိုင်မီက ဖခင်ဖြစ်သူ ပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရမိသည်။
“ယွီအာ... လောကကြီးမှာ နေကြယ် အရွယ်အစား သတ်မှတ်ချက်အသစ်တစ်ခု ပေါ်ပေါက်လာပြီ... သေမျိုးလောကရဲ့ ကျင့်ကြံခြင်း ကန့်သတ်ချက်တွေက မြင့်တက်သွားပြီ... ဒီအခွင့်အရေးကို လက်လွတ်သွားပြီး လျှို့ဝှက် အာဏာရှင် အဆင့် ထဲကို ရောက်သွားတဲ့သူတွေကတော့ နောင်တရပြီး ငိုယိုနေကြတာပေါ်... ဟား ဟား... အဲဒီလို ခေါ်တဲ့ အထွတ်အထိပ်ဆိုတာ သူတို့ လက်လှမ်းမမီနိုင်တော့ဘူးလေ... ဒါပေမဲ့ သမီးအတွက်တော့ မဟုတ်ဘူး... ကောင်းကင်ဘုံက ကြင်နာသလို ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အလကား မဖြစ်ခဲ့ဘူး”
“အဲဒါကို ဖီဆန်ခြင်း လို့ ခေါ်တယ်... တကယ့်ကို ဆီလျော်တဲ့ နာမည်ပဲ... ဟားဟား... သမီး အဆင့်တက်တဲ့အခါ သမီးရဲ့ လောကချည်နှောင် နေကြယ်က အကြွင်းမဲ့ အရွယ်အစားကို သဘာဝအတိုင်း ရောက်ရှိသွားလိမ့်မယ်... အဲဒီအခါမှာ မဟာတာအိုတွေဆီက စိတ်ဆန္ဒ အရိပ်အယောင်တစ်ခုနဲ့ အဲဒီအဆင့်ရဲ့ အချက်အလက်တွေကို သမီး ရလိမ့်မယ်... အဲဒါဆိုရင် သမီး အဲဒီအဆင့်ကို ရောက်နိုင်မှာဖြစ်ပြီး ဒီမျိုးဆက်ရဲ့ အစစ်အမှန် ထိပ်သီးပါရမီရှင် ဖြစ်လာလိမ့်မယ်”
သူမ၏ လောကချည်နှောင် ကြယ်တာရာ နယ်မြေသည် ကြယ်တာရာ အမြုတေ တည်ဆောက်ပုံ ရှိပြီးသားဖြစ်ကာ ‘အကြွင်းမဲ့’ နေကြယ် ဖြစ်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။ ဖခင်ဖြစ်သူ၏ အစီအစဉ်မှာ ထိုအခြေအနေမှတစ်ဆင့် နောက်ထပ် အဆင့်မြင့် အထွတ်အထိပ်သို့ တက်လှမ်းရန် လမ်းညွှန်မှုကို ရယူရန်ပင် ဖြစ်သည်။ သူမ ထိုအထွတ်အထိပ်သို့ အရောက်လှမ်းပေမည်။
သို့သော်လည်း သူမ ဝမ်းသာရမလား၊ ဝေခွဲမရ ဖြစ်ရမလား မဆုံးဖြတ်နိုင်မီမှာပင် အစစ်အမှန် ထာဝရတရား၏ အော်ရာတစ်ခု ဆင်းသက်လာခဲ့သည်။ မိန်းကလေး၏ မျက်ဝန်းများမှာ မှေးမှိန်သွားပြီး သူမ၏ ဝိညာဉ်မှာလည်း ထိုထာဝရတရား၏ အလှတရားတွင် နစ်မျောသွားခဲ့သည်။ သူမ၏ ဝိညာဉ်၊ သူမ၏ အစစ်အမှန် ဝိညာဉ်သည် ထိုအရာကို တမ်းတမိသွားသည်။
‘ဒါက... တန်ခိုးရှင် တာအိုလား...’
‘ဒါပေမဲ့... ဒါပေမဲ့... ဘာလို့လဲ...’
အဂ္ဂိရတ် တာအို၊ ဟင်းလင်းပြင် တာအို၊ ကြောက်မက်ဖွယ်ကောင်းသော အမည်မသိ တာအို၊ ကရုဏာ တရားရှိသည့် တာအို၊ လျှို့ဝှက်တာအို နှင့် တန်ခိုးရှင် တာအို...
ကြယ်တို့၏ သံသရာ ထဲတွင် အမြဲရှိနေသည့် သေမျိုးတာအိုကိုပါ ထည့်တွက်လျှင် တာအိုပေါင်း ခုနစ်ခု အထိ ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် ‘အဂ္ဂိရတ် တာအို’ နှင့် ‘ဟင်းလင်းပြင် တာအို’ တို့တွင်လည်း ထူးခြားမှု တစ်ခုခု ရှိနေပုံရသည်။ မိန်းကလေး ခန္ဓာကိုယ်နှင့် ဗီဇအာရုံကို အားကိုး၍ ခံစားကြည့်ရာ၊ အခြားသော တည်ရှိမှု နှစ်ခုလည်း ပါဝင်နေသကဲ့သို့ ခံစားရသည်။ သူမ ခန့်မှန်းနိုင်သည့် အနီးစပ်ဆုံးအရာမှာ သားရဲတို့၏ ‘ကမ္ဘာဦး တာအို’ ပင် ဖြစ်သည်။
သူမ ဘာကိုမျှ နားမလည်နိုင်မီမှာပင် ကြိတ်ချေရန် လာနေသည့် နေကြယ်ကြီး ပျောက်ကွယ်သွားသဖြင့် သူမ၏ ကပ်ဘေးမှာ ပြီးဆုံးသွားခဲ့သည်။ သူမ၏ ဝိညာဉ်ထဲတွင် ထူးဆန်းသော ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားလိုက်ရသည်။
‘ဒါက... ဝါးမြိုခံလိုက်ရတာလား...’
နောက်ထပ်အတွေးတစ်ခုပင် မဝင်နိုင်မီမှာပင် သူမနှင့် သူမ၏ ‘လောကချည်နှောင် နေကြယ်’ တို့မှာ ကြယ်တို့၏ သံသရာ ထဲမှ အပြင်သို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
သူမသည် ယခုအခါ ‘အထွတ်အထိပ် အကြွင်းမဲ့’ နေကြယ်ကို စိန်ခေါ်နိုင်ခဲ့သော ကြယ်တာရာ သခင် စစ်စစ်တစ်ဦး ဖြစ်သွားလေပြီ။ အထွတ်အထိပ်သို့ သွားရာလမ်းကြောင်းမှာ ပျက်ပြားမသွားခဲ့သော်လည်း သူမ၏ ‘လောကချည်နှောင် နေကြယ်’ ‘ဖီဆန်ခြင်း’ အရွယ်အစားသို့ အမှန်တကယ် ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိမှာမူ ကံတရားနှင့် ကံကောင်းမှုအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
***