← Chapters

အခန်း (၁၉၅၃-၁၉၅၄)

Vol. 140 Ch. 1953-1954

အခန်း (၁၉၅၃-၁၉၅၄)

Vol. 140 Ch. 1953-1954

အပိုင်း(၁၉၅၃)

ဝှစ်...

ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အကာအကွယ်လွှာ အစွန်းတွင် မီးလျှံရောင် ဟင်းလင်းပြင် သင်္ဘောတစ်စင်း တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။ သင်္ဘောပေါ်ရှိ လူတိုင်းမှာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့်တိုင်အောင် ဟင်းလင်းပြင် ဖြတ်ကျော်မှုကြောင့် အနည်းငယ် မူးနောက်ကာ ယိမ်းယိုင်နေကြဆဲ ဖြစ်သည်။

ဝေ့ဝူယင်က သိမ်မွေ့သော လက်ဟန်ဖြင့် ယွီစွန်းလီနှင့် ချင်ချူးမူတို့၏ သွယ်လျလျ ခါးလေးများကို လှမ်းဖက်ကာ မလဲအောင် ထိန်းထားပေးလိုက်သည်။ ယွီစွန်းလီက ပြုံးပြသော်လည်း ချင်ချူးမူမှာမူ ပါးပြင်လေးများ နီမြန်းသွားကာ သူမ၏ ခါးပေါ်ရှိ သန်မာသော လက်ကြီးဆီမှ အာရုံလွှဲရန် ကြိုးစားနေရှာသည်။

အခြားတစ်ဖက်တွင်မူ မီးခိုးရောင်နှင်းဆီမှာ ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် မှင်တက်နေ၏။ သူမသည် ဝေ့ဝူယင် ဖန်တီးလိုက်သော ‘ဂလက်ဆီအဆင့် ဟင်းလင်းပြင် တံခါး’ မှတစ်ဆင့် ဖြတ်ကျော်လာခဲ့ရသည့် အကွာအဝေးကို ခံစားမိပြီး အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားနေမိသည်။ ချောင်စွေ့ဖုန်း ပြောပြခဲ့စဉ်က သူမ လုံးဝ မယုံကြည်နိုင်ခဲ့သော်လည်း ယခုမူ... လက်တွေ့ ဖြစ်နေချေပြီ။

သူမ သိရှိထားသလောက်... ထိုအဖွဲ့သည် သက်တံ့ရောင် အလင်းတံတားပေါ်တွင် ရက်သတ္တပတ်ပေါင်းများစွာ ခရီးနှင်ခဲ့ကြပြီးနောက် ကျန်ရှိသော ခရီးကို ဝေ့ဝူယင်၏ စွမ်းအားဖြင့် ခုန်ကူးခဲ့ကြသည်ဟူ၍ ဖြစ်သည်။ သူမ၏ အတွေးတွင် သူတို့သည် ခရီးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရောက်ရှိနေပြီဖြစ်၍ ကျန်သည့် အနည်းငယ်ကိုသာ ခုန်ကူးခဲ့ကြသည်ဟု မှတ်ထင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူ... သူတို့သည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှ ထွက်ခွာလာကာစသာ ရှိသေးသည်။ နောက်ဆုံးအချိန်အထိ သူမသည် မျက်လုံးကျင့်စဉ်ဖြင့် အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို လှမ်းမြင်နေရဆဲ ဖြစ်သလို ဂလက်ဆီအတွင်းရှိ အစီအရင်များနှင့် ချိတ်ဆက်မှုလည်း ရှိနေဆဲ ဖြစ်သည်။

သို့သော်... ယခု ဝေ့ဝူယင် ဖွင့်လိုက်သော ဟင်းလင်းပြင် တံခါးမှာ ခရီးတိုလေး မဟုတ်ပေ။ မယုံနိုင်လောက်သည့် အကွာအဝေးမျိုးကို တစ်ခဏချင်း ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အာဏာရှင် ရှန့်ထို တစ်ဦး အနေဖြင့်ပင် သူမ၏ ဂလက်ဆီကို လှမ်း၍ မမြင်နိုင်တော့သလို အစီအရင်များနှင့် ချိတ်ဆက်မှုလည်း လုံးဝ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

မိန်းကလေး၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုများ လှိုင်းထလာတော့၏။ ဤမျှ ဝေးကွာသော ခရီးကို ဟင်းလင်းပြင် တံခါးဖြင့် ဆက်သွယ်နိုင်ခြင်းက... မည်သို့သော စွမ်းအားမျိုးနည်း။ မီးခိုးရောင်နှင်းဆီ၏ စိတ်ထဲတွင် ကျန်ရှိနေသေးသော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦး၏ မာန်မာနတို့သည် အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားရတော့သည်။

သခင်လေးရှန့်ကမူ ပြုံးစိစိဖြင့်သာ ရှိနေ၏။ သူ၏ အရင်က တုံ့ပြန်မှုများမှာ မှန်ကန်ကြောင်း ယခု သက်သေပြနေပြီ ဖြစ်သည်။ အခြားသူများမှာ ဝေ့ဝူယင်၏ စွမ်းဆောင်နိုင်ရည်ကို အမှန်တကယ် မသိကြသေးပေ။

ချောင်စွေ့ဖုန်းကတော့ ရင်ဘတ်အတွင်းရှိ မွန်းကြပ်မှုကို လျော့ပါးစေရန် ချောင်းအသာဟန့်လိုက်သည်။ ကျင့်ကြံခြင်း ရည်မှန်းချက်ကို ပြောင်းလဲခဲ့ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာလည်း ပိုမို သန်မာလာခဲ့သည်။ ဝေ့ဝူယင်သည် သူမ၏ ရည်မှန်းချက်များအတွက် အစွမ်းကုန် ကူညီပေးရုံသာမက အာဏာရှင် ရှန့်ထို တစ်ဦးကိုပင် အစေခံအဖြစ် ပေးအပ်ခဲ့သည် မဟုတ်ပါလား။

မိန်းကလေး၏ စိမ်းလဲ့သော မျက်ဝန်းအစုံမှာ ဝေ့ဝူယင်ဆီသို့ ဦးတည်သွားပြီး နွေးထွေးသော အပြုံးတစ်ခု ပေါ်လာ၏။ ဝေ့ဝူယင်မှာ အလှလေး နှစ်ဦးကို တစ်ပြိုင်နက် ဖက်ထားသည့်တိုင် သူမ စိတ်ခုခြင်း အလျဉ်းမရှိပေ။ သူမ၏ နှလုံးသားထဲတွင်မူ သူသည် အခြား အမျိုးသမီး တစ်ထောင်နှင့်ပင် အတူရှိပါစေဦးတော့... ထိုအထဲမှ တစ်ဦး ဖြစ်နေသရွေ့၊ ဝေ့ဝူယင်၏ စိတ်ထဲတွင် သူမ ရှိနေသရွေ့... ထိုအရာက လုံလောက်လှပြီ ဖြစ်သည်။

မကြာမီတွင် သင်္ဘောပေါ်ရှိ လူအားလုံးမှာ ကောင်းကင်နှလုံးသား ဂလက်ဆီကို ငေးမောကြည့်နေမိကြပြီး ရင်ထဲတွင်လည်း တုန်လှုပ်နေကြသည်။ မျက်လုံးကျင့်စဉ်များဖြင့် ကြည့်ရှုလိုက်ရာတွင် တွေ့မြင်ရသော အာကာသ အပျက်အစီးများနှင့် ကြယ်တာရာများ၏ စီစဉ်ထားမှုမှာ ကမောက်ကမ ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင်... အမှောင် ဟင်းလင်းပြင် အတွင်း၌လည်း အမျိုးအမည်မသိသော အရိပ်မည်းကြီးများ ဟိုဟိုဒီဒီ ပျံသန်းနေကြသည်ကိုလည်း တွေ့ရ၏။ မီးခိုးရောင်နှင်းဆီသည် အခြားသူများထက် ပိုမို မြင်တွေ့နိုင်စွမ်း ရှိသည်။ သူမသည် အာဏာရှင် ရှန့်ထို တစ်ဦး ဖြစ်သော်လည်း အခြား ဂလက်ဆီတစ်ခုသို့ တစ်ခါမျှ မရောက်ဖူးခဲ့ပေ။ ဂလက်ဆီများအကြားရှိ နတ္ထိ ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန်မှာ သူမအတွက် အန္တရာယ် များလှသလို နှစ်ပေါင်းများစွာ အချိန်ပေးရမည်လည်း ဖြစ်ပေသည်။

ဝေ့ဝူယင်၏ ဟင်းလင်းပြင် တံခါး ဖန်တီးမှုကြောင့်သာ သူတို့အဖွဲ့မှာ ဤမျှ လွယ်ကူစွာ ခရီးနှင်နိုင်ခြင်း ဖြစ်၏။

ဝေ့စီ၏ မျက်လုံးများမှာမူ စူးရှနေပြီး အန္တရာယ်ရှိသော အရိပ်အယောင်များ ဖြတ်ပြေးနေသည်။ သခင်လေးရှန့်ကမူ သူ၏ အရက်ဘူးလေးကို တစ်ငုံသောက်လိုက်ရင်း ဂလက်ဆီ အကာအကွယ်လွှာကို အကဲခတ်နေကာ ခပ်တိုးတိုး ဆိုလိုက်၏။

"ဒီသင်္ဘောနဲ့တော့ ဂလက်ဆီထဲကို ဝင်လို့ မရဘူး... ဒီဂလက်ဆီရဲ့ ဥပဒေသတွေနဲ့ ဆက်နွှယ်မှုက 'ကောင်းကင်ဘုံ တုံ့ပြန်မှု' အဆင့်မှာ ရှိနေတယ်... အထဲဝင်ချင်ရင်တော့ အစီအရင်တွေ အကုန်ပိတ်ပြီး အမြုတေကို သိမ်းထားမှ ရလိမ့်မယ်"

"ဘာဖြစ်လို့လဲ..."

ချင်ချူးမူက ဝေ့ဝူယင်၏ ဖက်ထားမှုအတွင်းမှ မရုန်းထွက်ဘဲ သခင်လေးရှန့်၏ သတိပေးချက်ကို စိတ်ဝင်တစား မေးမြန်းလိုက်လေသည်။

သခင်လေးရှန့်က ‘ကောင်းကင်နှလုံးသား ဂလက်ဆီ’ ၏ နောက်ခံသမိုင်းကြောင်းနှင့် ဂလက်ဆီတစ်ခုလုံးကို ပျက်သုဉ်းစေခဲ့သော အရှုပ်တော်ပုံအကြောင်းကို စတင်ပြောပြလေသည်။ သားရဲတို့၏ လက်ချက်ဖြင့် မည်သို့မည်ပုံ ဖရိုဖရဲဖြစ်ကာ ပျက်စီးခဲ့ရသည်ကို ရှင်းပြရင်း အာကာသအတွင်းရှိ ပုံသဏ္ဌာန်မမှန်သော အရိပ်မည်းကြီးများကို လက်ညှိုးညွှန်ပြကာ...

“ဟောဟိုက အရိပ်တွေက ‘ရောခ့်’ ငှက်ကြီးတွေပဲ”

ထို့နောက်... သူက အရက်ကို တစ်ငုံသောက်လိုက်ပြီး ဂလက်ဆီဘက်သို့ လက်ဝေ့ယမ်းပြလိုက်ကာ...

“မင်းတို့ ဒီမှာ ပျက်စီးနေတဲ့ ဂြိုဟ်တွေအများကြီး တွေ့ရလိမ့်မယ်... စည်းမဲ့ကမ်းမဲ့ တိုက်ပွဲတွေကြောင့် ပတ်လမ်းလွဲနေတဲ့ ကြယ်တာရာတွေလည်း အပြည့်ပဲ... သိပ်တော့ အံ့သြမနေနဲ့ဦး... စိတ်ဝိညာဉ်ကိုတောင် ချမ်းစိမ့်သွားစေမယ့် သင်္ချိုင်းဂူကြီးတွေကိုတောင် တွေ့ရဦးမှာ”

“...”

မဟာစက်ဝန်း ကြယ်ကွင်းပြင်သားများကတော့ ထိုအခြေအနေကို ကောင်းစွာ နားလည်ကြသည်။ တစ်ချိန်က သေမျိုးတစ်ပိုင်း အဆင့် ကျင့်ကြံသူ နှစ်ဦးသည် ဂလက်ဆီ တစ်ခုလုံးကို ရိုက်ခတ်စေသည့် တိုက်ပွဲတစ်ခုကို စည်းမဲ့ကမ်းမဲ့ ဆင်နွှဲခဲ့ဖူးသည်။ ထိုစဉ်က ပျက်စီးဆုံးရှုံးမှုနှင့် သေကြေမှုများမှာ များပြားလှသဖြင့် ထိုခေတ်က အုပ်စိုးသူ ‘ထျန်း’ မိသားစုမှာ ထိုကျင့်ကြံသူနှစ်ဦးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရသည်။

ထိုမျှ အတိုင်းအတာကြီးမားသော တိုက်ပွဲများသည် လူတိုင်းအတွက် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် နယ်မြေအသီးသီးမှ အုပ်စိုးသူများသည် နှစ်ပေါင်း ရာချီ၊ ထောင်ချီ အချိန်ပေးကာ ဂြိုဟ်ကာကွယ်ရေး စနစ်များကို တည်ဆောက်ခဲ့ကြရသည်။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီမှာလည်း ထိုနည်းအတိုင်းပင်။

ဂလက်ဆီ၏ အစွန်းပိုင်းတွင်ပင် ဖရိုဖရဲ ဖြစ်နေသည့် အကြွင်းအကျန်များကို ကြည့်ရှုရင်း သူတို့အားလုံးမှာ လက်တွေ့ဘဝ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သဘောပေါက်လာကြတော့သည်။ ‘အာဏာရှင်များ’ မှာမူ ကြိုတင် သိရှိထားပြီးသားဖြစ်၍ သိပ်မအံ့သြသော်လည်း ယခု အချက်အလက်သစ်များမှာ ယွီစွန်းလီ၊ ချင်ချူးမူနှင့် ချောင်စွေ့ဖုန်းတို့အတွက်မူ စိတ်ဝင်စားစရာနှင့် တုန်လှုပ်စရာများ ဖြစ်နေတော့သည်။

ဝေ့ဝူယင်က သခင်လေးရှန့်၏ ရှင်းပြချက်ကို ဂရုမစိုက်ဘဲ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် ရှေ့တွင်ရှိသော အကာအကွယ်လွှာကို စိုက်ကြည့်ရင်း “ဒါကြောင့်ကိုး...” ဟုသာ မှတ်ချက်ပြုလိုက်သည်။

ရုတ်တရက် မီးခိုးရောင်နှင်းဆီ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားကာ သူမ၏ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သခင်လေးရှန့်မှာတော့ အံ့သြပုံမပြဘဲ အရက်ကိုသာ အေးအေးလူလူ ဆက်သောက်နေ၏။ အခြား ‘အာဏာရှင်’ အဖွဲ့ဝင်များ အားလုံးလည်း မီးခိုးရောင်နှင်းဆီ ကြည့်ရာ ဘယ်ဘက်သို့ လိုက်ကြည့်လိုက်ကြသည်။

နတ္ထိ ဟင်းလင်းပြင်ထဲမှ နေ၍ သင်္ဘောတစ်စင်း ရုတ်ချည်း ပေါ်ထွက်လာချေပြီ။

“ကဲ... ဒါကို ဖြေရှင်းရမယ့် အချိန်ရောက်ပြီပေါ့”

ဝေ့ဝူယင်က သိမ်မွေ့စွာ ပြုံးရင်း ဆိုလိုက်လေတော့၏။

...

အီလီစီယမ် အသေးစား သင်္ဘောကုန်းပတ်ပေါ်ရှိ လူတိုင်း၏ အာရုံသည် ဟင်းလင်းပြင်ထဲမှ ရုတ်ချည်း ထွက်ပေါ်လာသော သင်္ဘောကြီးထံသို့ ရောက်ရှိသွားကြသည်။ ထိုသင်္ဘောကြီးသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး ချဉ်းကပ်လာပြီး ၎င်း၏ တည်ရှိမှုကို ပတ်ဝန်းကျင်တစ်ခုလုံး သိစေရန် ကြေညာမောင်းခတ်နေသည့်အလား ရှိနေ၏။ အထူးသဖြင့် အီလီစီယမ် အသေးစား သင်္ဘောကို ဦးတည်၍ ဖိအားပေးနေခြင်း ဖြစ်သည်။

ထိုသင်္ဘော၏ ပုံသဏ္ဌာန်မှာ တြိဂံပုံစံ အတိအကျ ဖြစ်ပြီး ထောင့်စွန်းနှစ်ဖက်မှာ သွေးရင့်ရောင် လွှမ်းနေကာ ကျန်ထောင့်စွန်း တစ်ဖက်မှာမူ ကောင်းကင်ပြာရောင် တောက်ပနေသည်။ တြိဂံ၏ ဗဟိုချက်တည့်တည့်တွင် သင်္ဘော၏ ဆယ်ပုံတစ်ပုံခန့် အရွယ်အစားရှိသော ခရမ်းရောင် စက်ဝိုင်းပုံစံ တစ်ခု ရှိပြီး အပေါ်နှင့် အောက်သို့ အနည်းငယ် ငေါထွက်နေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ခွဲခြားသတ်မှတ်ထားသော အထပ်ပေါင်း တစ်ဆယ့်ငါးထပ်ကို မြင်တွေ့နိုင်ပြီး အထပ်တိုင်းတွင် ကျင့်ကြံသူများအတွက် အထောက်အကူပြု အဆောက်အအုံများ သို့မဟုတ် လျှို့ဝှက်နယ်မြေများ၊ လောကငယ်များပင် ရှိနေနိုင်ခြေ ရှိသည်။

အီလီစီယမ် အသေးစား သင်္ဘောသားများ၏ အမြင်တွင်မူ ထိုသင်္ဘောကြီးသည် ကောင်းကင်ပြာရောင် ထောင့်စွန်းကို ဦးတည်ရာအဖြစ် အသုံးပြုကာ အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေခြင်း ဖြစ်သည်။ အလယ်ရှိ ခရမ်းရောင်စက်ဝိုင်းမှာမူ သင်္ဘော တည်ငြိမ်မှု ရှိစေရန် ထိန်းကျောင်းပေးသော စနစ်ဖြစ်ပုံရသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ကြည့်လိုက်လျှင် ထိုခရမ်းရောင် စက်ဝိုင်းအတွင်း၌ သင်္ဘော၏ အမြုတေ ရှိနေပြီး ‘ဥပဒေသ’ အော်ရာ တို့မှာ စည်းချက်ကျကျ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသည်။

ထိုသင်္ဘောကြီးသည် အလွန်တရာ ထုထည်ကြီးမားလှပြီး ထျန်းကလန်၏ ကောင်းကင်ဖျက်ဆီးသူ သင်္ဘော တစ်စင်းနှင့် အရွယ်အစားချင်း မတိမ်းမယိမ်း ရှိသည်။ အီလီစီယမ် အသေးစားနှင့် နှိုင်းယှဉ်လျှင်မူ ရေမြင်းကြီးတစ်ကောင်ရှေ့က ပိုးစုန်းကြူးလေးတစ်ကောင်နှယ် ဖြစ်နေတော့၏။

သို့သော်လည်း လှိုင်းတံပိုးများကဲ့သို့ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်လာသော အပျက်အစီး မန်နာ စွမ်းအင်များမှာ အီလီစီယမ် အသေးစားကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ပေ။

ထိုစဉ် လျှို့ဝှက်စွမ်းအားတို့ ပြည့်နှက်နေသော အသံကြီးတစ်သံသည် ကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဉ်အင်အား နှင့်အတူ သူတို့ထံသို့ ပျံ့လွင့်လာသည်။ ထိုအသံရှင်မှာ အလွန်ပင် စွမ်းအားကြီးမားသူ ဖြစ်ရမည်။

“ဟင်းလင်းပြင် သင်္ဘောသားတို့... မင်းတို့ရဲ့ အကြောင်းအရာကို တင်ပြ... အာ...”

စကားပြောနေစဉ် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး အံ့သြမှု အငွေ့အသက်များက ဝိညာဉ်အင်အားထဲတွင်ပင် သိသာစွာ ရောယှက်လာ၏။

“ခင်ဗျားတို့ နောက်တစ်ခါ ပြန်လာတာလား”

***

အပိုင်း(၁၉၅၄)

“ခင်ဗျားတို့ နောက်တစ်ခါ ပြန်လာတာလား”

အသံမှာ ယခင်ကကဲ့သို့ ခက်ထန်ခြင်း မရှိတော့ဘဲ ပိုမို ပြေပြစ်သွားသည်။ အီလီစီယမ် အသေးစား၏ ရှေ့ မိုင်ပေါင်း ရာချီအကွာတွင် အဝါရောင် လျှို့ဝှက်စွမ်းအားများ စုဝေးကာ လေပွေတစ်ခု ဖြစ်ပေါ်လာပြီး လူသားပုံသဏ္ဌာန် ပြောင်းလဲသွားသည်။ ခဏအကြာတွင် အသားကျသွားကာ ခန္ဓာကိုယ်အစစ်အမှန်အဖြစ် ပေါ်ထွက်လာတော့သည်။

သူသည် အနီရောင် ဆံပင်၊ မုတ်ဆိတ်မွေး ထူထူနှင့် လိမ္မော်ရောင် မျက်ဝန်းစုံကို ပိုင်ဆိုင်ထားသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်း လူသားအမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ ကြွက်သားအမြှောင်းမြှောင်းနှင့် တောင့်တင်းလှပြီး ဝတ်စုံမှာလည်း ခန္ဓာကိုယ်နှင့် ကပ်လျက် ရှိသည်။ သူ၏ အပြုံးမှာ အလွန်အမင်း ရင်းနှီးဖော်ရွေမှု မရှိသော်လည်း ရန်လိုသည့် အငွေ့အသက်လည်း ကင်းမဲ့နေသည်။

ယခု ပေါ်လာသည်မှာ ကိုယ်ပွားတစ်ခု မျှသာ ဖြစ်သော်လည်း ၎င်းကို ဖန်တီးထားသော လျှို့ဝှက်စွမ်းအားကို ကြည့်ခြင်းဖြင့် သူ ပိုင်ဆိုင်ထားသည့် စွမ်းအင် အနက်အရှိုင်းကို ခန့်မှန်းနိုင်သည်။

မီးခိုးရောင်နှင်းဆီက ချောင်စွေ့ဖုန်းထံသို့ ဝိညာဉ်အသံဖြင့် လှမ်းပြောလိုက်၏။

“သခင်မချောင်... အဲဒီလူရဲ့ လျှို့ဝှက်အော်ရာထဲမှာ ကောင်းကင်ဘုံ ရောင်စဉ်တွေ ပါနေတယ်... သူက ကောင်းကင်ရှန့်ထို တစ်ယောက် ဒါမှမဟုတ် ထူးခြားတဲ့ နည်းလမ်းနဲ့ ကျင့်ကြံထားတဲ့ ‘လောကရှန့်ထို’ တစ်ယောက် ဖြစ်နိုင်ပါတယ်... ကျွန်မ... တားဆီးလိုက်ရမလား”

ချောင်စွေ့ဖုန်းက ထိုကိုယ်ပွားကို အကဲခတ်ရင်း မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ ယခင်ကဆိုလျှင် သူမ၏ ကျင်လည်ခဲ့သည့် လောက ကန့်သတ်ချက်ကို ကျော်လွန်နေသည့် ဤကဲ့သို့ ကြောက်မက်ဖွယ် ရန်သူမျိုးကို ရင်ဆိုင်ရပါက ကြောက်ရွံ့တုန်လှုပ်နေမိမည် ဖြစ်သော်လည်း ယခုမူ ဝေ့ဝူယင်နှင့် မီးခိုးရောင်နှင်းဆီတို့ ရှိနေသောကြောင့် စိတ်အေးလက်အေးပင် ရှိနေသည်။

“ငါ့ခင်ပွန်း ဖြေရှင်းပါလိမ့်မယ်”

သူမက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“အမိန့်အတိုင်းပါ သခင်မချောင်”

မီးခိုးရောင်နှင်းဆီသည် တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း ယခုမူ ပြန်လည် လျှော့ချလိုက်ပြီး ချောင်စွေ့ဖုန်း၏ ဘေးတွင်သာ အကာအကွယ်ပေးရင်း ငြိမ်သက်စွာ ရပ်နေလိုက်သည်။ သူမ၏ အေးစက်သော မျက်ဝန်းများကမူ တြိဂံသင်္ဘောကြီးထံသို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ထိုလူက ရွှင်ပျစွာပင်...

“အကိုကြီးထိန်... ခင်ဗျား ဒီလောက်အစောကြီး ပြန်ရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး... ချက်ချင်းပဲ ပြန်လာတာလား”

သူ၏ မျက်လုံးများက အီလီစီယမ် အသေးစားကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားသည်။ သင်္ဘောက အဖြူရောင် မဟုတ်လား... ယခု အဘယ်ကြောင့် မီးလျှံရောင် ဖြစ်နေရသနည်း။ မောင်းနှင်သူ ပြောင်းသွားခြင်းလော။ လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ တွေ့ဆုံခဲ့ဖူးသည့် အီလီစီယမ် အသေးစား၏ ထူးခြားသော ပုံစံကြောင့်သာ မဟုတ်လျှင် သူ ဤသင်္ဘောကို မှတ်မိလိမ့်မည် မဟုတ်ပေ။

ဝေ့ဝူယင်က ချင်ချူးမူနှင့် ယွီစွန်းလီတို့ကို လွှတ်ပေးလိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးလိုက်၏။

“ထိန်ကျန်းဝမ် ဆိုတဲ့သူက ဒီလောကမှာ မရှိတော့ဘူး... မင်းက ဘယ်သူလဲ”

သူက ဝိညာဉ်အသံဖြင့် မေးမြန်းလိုက်သည်။

“မရှိတော့ဘူး... သေသွားပြီလား...”

ကိုယ်ပွား မျက်နှာတွင် အံ့သြမှုနှင့် မယုံကြည်နိုင်မှုတို့ သိသာစွာ ပေါ်လာသည်။ ထိန်ကျန်းဝမ်သည် စွမ်းအားကြီးမားသည့် သူတော်စင် တစ်ဦး ဖြစ်သလို ထူးခြားသော အရှိန်အဝါရှိသူလည်း ဖြစ်သည်။ သူသာ အလိုရှိပါက ဂလက်ဆီတစ်ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ပေသည်။

“ဘယ်လိုဖြစ်လို့လဲ”

မိတ်ဆွေတစ်ဦး သေဆုံးသွားသည်ဟူသော သတင်းကြောင့် မယုံကြည်နိုင်ပဲ မေးလိုက်မိ၏။ ထိန်ကျန်းဝမ်သည် သူ့အတွက် ကျင့်ကြံခြင်းလောကတွင် အရေးပါသည့် အဆက်အသွယ် တစ်ခု ဖြစ်ပြီး အနှောင်အဖွဲ့ကင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အခြားသူများကို ခြိမ်းခြောက်ရာတွင် အသုံးဝင်လှသော မိတ်ဆွေကောင်း တစ်ဦးလည်း ဖြစ်သည်။

“ကျုပ် သူ့ကို အဆုံးစီရင်လိုက်တာ”

ဝေ့ဝူယင်က အမှန်အတိုင်း ဖြေလိုက်သည်။

“...”

ထိုလူ၏ သူငယ်အိမ်များ ကျုံ့သွား၏။ သူ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ပေ။

“ခင်ဗျားကို ဆယ်စက္ကန့် အချိန်ပေးမယ်... ဒီမှာနေပြီး အသေခံမလား၊ ဒါမှမဟုတ် အသက်ရှင်လျက် ထွက်သွားမလား... ခင်ဗျား ကိုယ်တိုင် ရွေးချယ်ပါ”

ဝေ့ဝူယင်က တည်ငြိမ်အေးဆေးစွာ ပင်ပြောလိုက်သည်။ သို့သော်လည်း... သူ၏ အေးစက်လှသော အသံက တြိဂံသင်္ဘောပေါ်ရှိ လူအားလုံး၏ စိတ်ဝိညာဉ်ကို ချမ်းစိမ့်သွားစေ၏။

“...”

ထိုလူမှာ ရရှိလာသော သတင်းအချက်အလက်များကို အလျင်အမြန် စဉ်းစားနေရသည်။ မီးလျှံ သင်္ဘောထက်ရှိ လူမှာ ထိန်ကျန်းဝမ်၏ အမည်ကို တိုက်ရိုက်ပြောလိုက်ခြင်းကြောင့် ဤလူမှာ မိမိတို့ မည်သူဖြစ်သည်ကို သိရှိထားပုံရကြောင်း သူ သဘောပေါက်သွားသည်။

မည်သို့ပင် ဖြစ်စေ သူက တာဝန်ရှိသူတစ်ဦး ဖြစ်လေရာ...

“မင်း ဘာပြောနေတာလဲဆိုတာ သိရဲ့လား... မင်း...”

“ကိုး”

ဝေ့ဝူယင်က ကြားဖြတ် ပြောလိုက်သည်။

“...”

ထိုလူ ဆွံ့အသွားကာ မျက်လုံးများထဲတွင် ဒေါသရိပ်များ လွှမ်းလာသည်။ သူသည် စကားပြောနေစဉ် ကြားဖြတ်ပြောသည်ကို အမုန်းဆုံး ဖြစ်ပြီး ထိုသို့ ပြုမူသူများကို သတ်ဖြတ်ခဲ့ဖူးသည်။

“ရှစ်”

“မင်း...”

“ခုနစ်”

ဒုတိယအကြိမ် ကြားဖြတ်ပြောခြင်း ခံရပြီးနောက် ကိုယ်ပွားမှာ ငြိမ်သက်သွားသော်လည်း သူ၏ လျှို့ဝှက်အော်ရာက ပြင်းထန်လာကာ ပတ်ဝန်းကျင်မှ မန်နာများကို ရိုက်ခတ်စေတော့သည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းထဲတွင်မူ ပြင်းထန်သော ဒေါသမီးများ တောက်လောင်နေပြီ ဖြစ်သည်။

အီလီစီယမ် အသေးစား၏ ကုန်းပတ်ပေါ်ရှိ လူတိုင်းသည် ဤကိုယ်ပွားတွင် ‘လောကရှန့်ထို’ တစ်ဦး၏ အစွမ်းရှိနေသည်ကို ခံစားမိကြသည်။ ထိုသို့ဆိုလျှင် သူ၏ ခန္ဓာကိုယ် အစစ်အမှာ ကောင်းကင်ရှန့်ထို တစ်ဦး သို့မဟုတ် အာဏာရှင် ရှန့်ထို တစ်ဦးပင် ဖြစ်နေနိုင်ချေ ရှိသည်။

“ခြောက်...”

ဝေ့ဝူယင်၏ ရေတွက်သံမှာ မည်သည့် စိတ်ခံစားမှုမျှ မပါဘဲ ပုံမှန်အတိုင်းသာ ရှိနေ၏။ ထို့အပြင် အီလီစီယမ် အသေးစားသည် မည်သည့် ကာကွယ်ရေး အစီအရင်ကိုမှ မသုံးထားသော်လည်း ထိုလူ၏ အရှိန်အဝါအောက်တွင် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

“ငါက...”

“ကျုပ် စိတ်မဝင်စားဘူ... ငါး...”

ဝေ့ဝူယင်က ပြတ်သားစွာ ဆိုလိုက်သည်။ ယောင်ဟုန်ရီက မြားပစ်မည့် ပုံစံသို့ ပြောင်းလဲလိုက်၏။ လေကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ မမြင်နိုင်သည့် လေးကို တစ်ဖက်က ကိုင်ရင်း ကျန်တစ်ဖက်က မြားကြိုးကို ဆွဲလိုက်သည်။ ထိုပုံစံကို မြင်ရရုံမျှဖြင့် မီးခိုးရောင်နှင်းဆီ၏ ရင်ထဲ တုန်သွားခဲ့၏။ ယောင်ဟုန်ရီ၏ ထံမှ ကြောက်မက်ဖွယ်ကောင်းသော ‘ရည်ရွယ်ချက်’ များ ပျံ့လွင့် နေပေသည်။

“စိတ်မဝင်စားဘူး ဟုတ်လား...”

ထိုလူမှာ ဝေ့ဝူယင်၏ အလွန်အမင်း အကျိုးအကြောင်းမဲ့လှသော အပြုအမူနှင့် မောက်မာသော အသံအောက်တွင် မည်သို့တုံ့ပြန်ရမှန်းပင် မသိတော့ပေ။ ဝိညာဉ်အကာအကွယ်လွှာကြောင့် သင်္ဘောပေါ်ရှိ လူများကို အကဲခတ်ရန် ခဲယဉ်းလှသဖြင့် ဝိညာဉ်အာရုံကို သုံး၍ အတင်းအဓမ္မ ထိုးဖောက်ကြည့်ရှုပြီး တိုက်ခိုက်လိုစိတ်တို့မှာ သူ၏ ရင်ထဲတွင် တရိပ်ရိပ် တက်လာတော့သည်။

“လေး...”

ယောင်ဟုန်ရီက မမြင်နိုင်သော လေးကြိုးကို နောက်သို့ ဆွဲလိုက်ရာ ကြယ်တာရာ အလင်းတန်းများ တောက်ပနေသည့် လေးတစ်စင်း၏ ပုံရိပ်က တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ မြားကြိုးကို ကိုးဆယ်ကိုး ရာခိုင်နှုန်းခန့် ဆွဲလိုက်ချိန်တွင် မြားတစ်စုံ၏ ပုံသဏ္ဌာန်မှာ ထင်ရှားလာသည်။ ပြင်းထန်လှသော အရှိန်အဝါတို့က သင်္ဘောပေါ်ရှိ လူတိုင်းကို ရိုက်ခတ်သွားသော်လည်း သူတို့အားလုံးမှာ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ စိတ်လှုပ်ရှားစွာဖြင့်သာ စောင့်ကြည့်နေကြသည်။

“ဒါက သတ်မှတ်ထားတဲ့ ဥပဒေသတွေကို ဖောက်ဖျက်တာပဲ... သူတော်စင် နွေဦး”

“သုံး...”

ယောင်ဟုန်ရီ မြားကို လွှတ်လိုက်ပြီ ဖြစ်သည်။ ရွှေဖုန်းပေါင်၏ ဥပဒေသ အကာအကွယ်လွှာထဲမှ ဟင်းလင်းပြင် တစ်ခုမှာ အချိန်ကိုက် ပွင့်ထွက်သွားပြီး ထိုမြားသည် အာကာသ၊ အချိန်နှင့် အပျက်အစီး မန်နာတို့ကို အံ့သြဖွယ် အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားတော့သည်။ ယောင်ဟုန်ရီ ရပ်နေသည့် နေရာမှ ပြင်းထန်သော လေလှိုင်းကြီးတစ်ခု တိုက်ခတ်သွားရာ လူတိုင်း၏ ဝတ်ရုံများ တဖျတ်ဖျတ် လွင့်ခါသွာ်ခဲ့၏။

“သူ... သူတော်စင် နွေဦး”

ကိုယ်ပွားမှာ စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။ သူသည် ရင်ဘတ်ရှိ ဟောင်းလောင်းပေါက်ကြီးကို ငုံ့ကြည့်ရင်း မှင်သက်နေမိ၏။ အာကာသ၊ အချိန်နှင့် ဖျက်ဆီးခြင်း စွမ်းအားတို့ ပေါင်းစပ်ထားသည့် ဝဲဂယက်သည် ထိုကိုယ်ပွားအတွင်းရှိ တည်ငြိမ်မှုနှင့် လျှို့ဝှက်စွမ်းအား အားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့ပြီ ဖြစ်သည်။ ကိုယ်ပွားမှာ ခေါင်းကို မော့ရန် ကြိုးစားရင်းပင် အမတေနှင့် စွမ်းအင်များအဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားတော့သည်။

“နှစ်...”

ဝေ့ဝူယင်က ရေတွက်ခြင်းကို မရပ်တန့်ပေ။ တြိဂံသင်္ဘောကြီးမှာ တုံ့ဆိုင်းနေဆဲ ဖြစ်သော်လည်း နောက်ဆုံး ရေတွက်သံ ထွက်ပေါ်လာချိန်တွင်မူ...

***

All Chapters