← Chapters

အခန်း (၁၉၅၅-၁၉၅၆)

Vol. 140 Ch. 1955-1956

အခန်း (၁၉၅၅-၁၉၅၆)

Vol. 140 Ch. 1955-1956

အပိုင်း (၁၉၅၅)

“တစ်”

ဝှစ်...

၎င်းက လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ဝုန်းကနဲ လှည့်ထွက်သွားတော့၏။ တစ်စက္ကန့်မျှပင် နောက်မကျစေဘဲ ဟင်းလင်းပြင်ထဲသို့ ပြန်လည် ဝင်ရောက်ကာ လုံးဝ ပျောက်ကွယ်သွားလေပြီ။

သခင်လေးရှန့်မှာ ခါးသက်သက် အပြုံးဖြင့်သာ ကြည့်နေမိ၏။ အလွန်တရာပင် ပြင်းထန်လွန်းလှသည်။ သို့သော်လည်း သူ၏ ယောက်ဖလောင်း ဖြစ်လာမည့်သူမှာ ဤမျှ စွမ်းအားကြီးနေခြင်းက ပို၍ ကောင်းသည် မဟုတ်ပါလား။ သို့သော်လည်း... မိခင်ဖြစ်သူနှင့် ဝေ့ဝူယင်တို့ တွေ့ဆုံကြမည့် အချိန်ကို တွေးမိလျှင်မူ... သူ တော်တော်လေး စိတ်လေးသွားမိသည်။

“အဲ့တာက ဘယ်သူလဲ”

ယွီစွန်းလီက ရှေ့သို့ လှမ်းလာပြီး မေးလိုက်သည်။ ဝေ့ဝူယင်၏ ရန်လိုသော ဆုံးဖြတ်ချက်အပေါ် သူမ ဘာမှ မှတ်ချက်မပေးပေ။ အထူးသဖြင့် ထိုသူမှာ သူမကို လိုချင်တပ်မက်ခဲ့သည့် ထိန်ကျန်းဝမ်၏ မိတ်ဆွေ ဖြစ်နေခြင်းကြောင့်ပင်။

“သူက သူတော်စင် တစ်ယောက်ရဲ့ အစေခံ သက်သက်ပါပဲ... သူတို့ရဲ့ အစီအစဉ်တွေကို ဘယ်သူမှ လာမဖျက်စီးနိုင်အောင် အာဏာပြဖို့ ထားထားတာ... အရေးကြီးတာ မဟုတ်ပါဘူး”

ဝေ့ဝူယင်၏ စကားကို ယွီစွန်းလီက လက်ခံလိုက်သည်။ ဝေ့ဝူယင်က ဂရုမစိုက်လျှင် သူမလည်း ဂရုစိုက်နေစရာ မလိုတော့ပေ။

“ကျွန်မတို့ အထဲဝင်ကြမှာလား”

သူမက ဂလက်ဆီအတွင်းရှိ ဝေဝါးသော အရိပ်မည်းကြီးများကို ကြည့်ရင်း ဆက်မေးလိုက်သည်။

“အင်း... ငါ မင်းတို့ အားလုံးကို ဒီဂလက်ဆီရဲ့ မတူညီတဲ့ နေရာတွေကို ပို့ပေးမယ်... တစ်လ အချိန်ပေးမယ်... အဲဒီအချိန်မှာ မင်းတို့ စိတ်ကြိုက် လေ့ကျင့်တာ၊ ခရီးသွားတာ ဒါမှမဟုတ် ကျင့်ကြံတာတွေ လုပ်လို့ရတယ်”

ဝေ့ဝူယင်က ဆိုလိုက်ပြီးနောက် အီလီစီယမ် အသေးစား၏ ပတ်ပတ်လည်တွင် ‘ဟင်းလင်းပြင် တံခါး’ ခုနစ်ခုကို ဖန်တီးလိုက်သည်။

“တစ်ခုစီ ရွေးကြတော့”

မူလ အာဏာရှင်မှာ တုံ့ဆိုင်းမနေချေ။ ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့မှာ အနီးရှိ တံခါးနှစ်ခုကို ရွေးချယ်ကာ ဝင်သွားကြသည်။ ထိုတံခါးများမှာလည်း ချက်ချင်း ပိတ်သွား၏။ စုမေ့သည် ဝေ့ဝူယင်ကို တစ်ချက်ကြည့်ပြီးနောက် ရှောင်ပိုင်ကို ခေါ်ကာ တံခါးတစ်ခုထဲသို့ ဝင်သွားသည်။ မင်းရှုဖုန်းကလည်း သူမနောက်မှ အပြေးအလွှား လိုက်ပါသွား၏။ ယခု တံခါး လေးခု ကျန်ရှိတော့သည်။

ချောင်စွေ့ဖုန်းက တံခါးတစ်ခုကို စိုက်ကြည့်ရင်း ပြုံးလိုက်၏။ သူမသည် အစစ်အမှန် ကျင့်ကြံသူတစ်ဦး၏ လမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ မည်သည့် အန္တရာယ်ကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။ ဝေ့ဝူယင်၏ အကူအညီကို အမြဲတမ်း မျှော်လင့်မနေဘဲ ကိုယ်တိုင် ရှေ့သို့ တိုးရန် သူမ ဆုံးဖြတ်လိုက်သည်။

မီးခိုးရောင်နှင်းဆီမှာမူ သူမ၏ နောက်တစ်လှမ်းအကွာတွင် ရှိနေ၏။ သူမသည် ချောင်စွေ့ဖုန်း၏ အစွမ်းတစ်ခု ဖြစ်လာပြီဖြစ်ရာ ချောင်စွေ့ဖုန်း သွားရာနောက်သို့ အဆုံးအထိ လိုက်ပါရန်သာ ရည်ရွယ်ထားသည်။ သူတို့နှစ်ဦး ပျောက်ကွယ်သွားပြီးနောက် တံခါး သုံးခု ကျန်ရစ်သည်။

ဝေ့ဝူယင်က လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုမှာ တံခါးတစ်ခုထဲသို့ ဝင်သွားသည်။ ထိုအလင်းတန်းထဲမှ အထွတ်အထိပ် အမဲလိုက် သားရဲကြီးတစ်ကောင်၏ ကြမ်းတမ်းသော အရှိန်အဝါနှင့် အူသံသဲ့သဲ့ ထွက်ပေါ်လာ၏။ ယခု တံခါး နှစ်ခုသာ ကျန်တော့သည်။

ယွီစွန်းလီနှင့် ချင်ချူးမူတို့က ဝေ့ဝူယင်ကို ကြည့်လိုက်ကြသည်။

“မင်းတို့ နှစ်ယောက် အတူတူသွားကြပါ... ဝေ့စီကိုလည်း ခေါ်သွားလိုက်... ငါ အမြဲ စောင့်ကြည့်နေမယ်”

ဝေ့ဝူယင်၏ စကားကြောင့် ယွီစွန်းလီက ပြုံးလျက် ခေါင်းညိတ်ကာ ချင်ချူးမူ၏ လက်ကိုဆွဲ၍ တံခါးတစ်ခုထဲသို့ ဝင်သွားတော့သည်။

ဝေ့စီက ဝေ့ဝူယင်ကို ကြည့်ကာ ပြုံးပြလိုက်၏။

“ကျွန်တော် သူတို့ကို စောင့်ရှောက်လိုက်ပါ့မယ်...”

ထို့နောက် သူသည်လည်း တံခါးထဲသို့ ခုန်ဝင်သွားခဲ့သည်။ ယခု တံခါး တစ်ခုသာ ကျန်ရှိတော့၏။

သခင်လေးရှန့်က အရက်ကို တစ်ငုံသောက်ရင်း နှုတ်ခမ်းစူလိုက်သည်။

“ယောက်ဖ... ငါကတော့ မလိုက်ဘူး”

ဝေ့ဝူယင်မှာ ထူးခြားသော အစီအစဉ်ကြီးကို ပြုလုပ်တော့မည် ဖြစ်ကြောင်း သူ ကောင်းစွာ ရိပ်မိနေသည်။

ဝေ့ဝူယင်က သခင်လေးရှန့်ကို လျစ်လျူရှုထားလိုက်၏။

ထို့ပိဟန်က ပြုံးရင်း သက်ပြင်းချလိုက်၏။

“ဆိုတော့... အဲဒီ နောက်ဆုံး တံခါးက ငါ့အတွက်လား ခေါင်းဆောင်ကြီး”

“ခင်ဗျား သွားချင်တယ်ဆိုရင်ပေါ့”

ထို့ပိဟန်က ကိုယ်လက်လှုပ်ရှားကာ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာပြီး ချက်ချင်းပင် တံခါးထဲသို့ ခုန်ဝင်သွားတော့သည်။ သူ၏ အရိပ်ကလည်း ဝေ့ဝူယင်ကို အရိုအသေပေးကာ နောက်မှ လိုက်ပါသွားလေသည်။

ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ အဝေးမှ ချောင်းကြည့်နေသော တြိဂံသင်္ဘောကြီးထံသို့ ကျရောက်သွားသည်။ သူ၏ အကြည့်ကြောင့် သင်္ဘောပေါ်ရှိ လူလတ်ပိုင်းအမျိုးသားမှာ ထိတ်လန့်သွားကာ လျှို့ဝှက်အကာအကွယ်များကိုပင် မသိစိတ်မှ ထုတ်ဖော်လိုက်မိသည်။

ဝေ့ဝူယင်က တိုက်ခိုက်ခြင်း မပြုဘဲ ဟင်းလင်းပြင်မှတစ်ဆင့် သူတို့၏ အစီအရင်များကို ကျော်ဖြတ်ကာ ဝိညာဉ်အသံ ပို့လွှတ်လိုက်၏။

“မင်းရဲ့ သခင်ကို သွားပြောလိုက်... ငါ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက သူ့အတွက် ကမ်းလှမ်းချက် တစ်ခု ရှိတယ်လို့”

ရုတ်တရက်ဆိုသလို မိုင်ပေါင်း သိန်းချီရှိသော နတ္ထိ ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားကာ ကမ္ဘာလောက၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

ထိုအရာက အဂ္ဂိရတ် ကြယ်တာရာများ၏ စွမ်းရည် ခုနစ်မျိုးထဲမှ တစ်ခုဖြစ်သော... “အစစ်အမှန် ရှန့်ထို လောကနိုးထခြင်း” ပင် ဖြစ်လေတော့သည်။

...

ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အပြင်ဘက်တွင် ‘အစစ်အမှန် ရှန့်ထို လောက နိုးထခြင်း’ ဖြစ်စဉ် ပေါ်ပေါက်လာသည်နှင့်အမျှ တစ်လောကလုံး နိုးကြားတုန်လှုပ်သွားတော့သည်။ ဤနိုးထခြင်းသည် ‘လောကသင်္ကေတ’ များ ဖြစ်ပေါ်လာသည်အထိ ခိုင်မာသည့် ချိတ်ဆက်မှုမျိုး မရှိသေးသော်လည်း ဖြစ်ပေါ်လာသော တုန်ခါမှုမှာ ကြည့်ရှုနေသူတိုင်း၏ ဝိညာဉ်ကို လှုပ်ခတ်စေရန် လုံလောက်လှသည်။

လောကရှန့်ထို အဆင့်ရှိ အဂ္ဂိရတ်ပညာရှင်တစ်ဦး...

သာမန်အားဖြင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် မိမိ၏ ‘အဂ္ဂိရတ် ကြယ်တာရာများ’ ကို ထုတ်ဖော်ပြရုံဖြင့် သူ၏ အရည်အချင်းကို ကြွားဝါနိုင်သော်လည်း ယခု ဖြစ်စဉ်မှာမူ ထိုထက်မက ခန့်ညားထည်ဝါလှ၏။ ၎င်းသည် အဂ္ဂိရတ် တာအိုလောကတွင် မိမိ၏ တရားဝင်မှုနှင့် အစွမ်းသတ္တိကို သက်သေပြရန် အသုံးပြုလေ့ရှိသော နည်းလမ်း ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် အဆင့်ခြောက် ကောင်းကင် ရှန့်ထို အဆင့်ရှိ လူလတ်ပိုင်း ကျင့်ကြံသူမှာ အံ့သြလွန်းသဖြင့် စကားပင် မဆိုနိုင်တော့ဘဲ အထစ်ထစ် အငေါ့ငေါ့ဖြင့်သာ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။ သူ၏ ကိုယ်ပွား တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရပြီးနောက် သူသည် ‘အီလီစီယမ် အသေးစား’ ပေါ်ရှိ လူများကို အလွန်အမင်း သတိထား ကြောက်ရွံ့သွားရသည်။ အထူးသဖြင့် သူတော်စင် တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟူသော ပြောကြားချက်ကြောင့် ပို၍ပင် ဖြစ်၏။

သူတော်စင် တစ်ဦး၏ လက်အောက်တွင် အမှုထမ်းနေသူ ဖြစ်သည့်အတိုင်း သူတော်စင် တစ်ဦးကို သတ်ဖြတ်ရန် မည်မျှ ခဲယဉ်းကြောင်း သူ ကောင်းစွာ သိသည်။ ၎င်းမှာ သာမန် လျှို့ဝှက်အာဏာရှင် တစ်ဦးကို သတ်ဖြတ်သည်ထက် အဆပေါင်းများစွာ ခက်ခဲလှ၏။ သူတို့သည် အာဏာရှင် ရှန့်ထို အဆင့်နှင့် အစစ်အမှန် သူတော်စင် အဆင့်များတွင် ကျင့်ကြံခြင်း အစွမ်းထက်ကျော်လွန်၍ လျှို့ဝှက်နည်းနာများစွာကို ရရှိထားကြသူများ ဖြစ်သည်။

အမှောင် ဟင်းလင်းပြင် အတွင်း ပေါ်ထွန်းလာသော အဂ္ဂိရတ် တာအို ဖြစ်စဉ်ကြောင့် တုန်လှုပ်နေသည်မှာ ထိုလူတစ်ယောက်တည်း မဟုတ်ပေ။ သင်္ဘောသားများမှာလည်း အလွန်အမင်း ထိတ်လန့်နေကြသဖြင့် အဝေးဆုံးသို့ အမြန်ဆုံး ဆုတ်ခွာသွားကြပြီး သူတို့၏ ဖုံးကွယ်ခြင်း အစီအရင်အားလုံးကို အစွမ်းကုန် အသက်သွင်းထားကြသည်။

သို့သော်လည်း ထိုမျှ ဖုံးကွယ်ထားသည့်ကြားမှ ဝိညာဉ်အသံကို တိုက်ရိုက် လက်ခံရရှိလိုက်ခြင်းက သူတို့၏ အစီအရင်များမှာ အချည်းနှီးသာ ဖြစ်ကြောင်း သက်သေပြလိုက်သကဲ့သို့ ရှိနေသည်။ ဤလောကရှန့်ထို အဂ္ဂိရတ်ပညာရှင်သည် သူတော်စင် တစ်ဦးလော... သို့မဟုတ် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးလော... သို့မဟုတ်... ဒဏ္ဍာရီလာ...

ထိုဖြစ်နိုင်ခြေကို တွေးမိရုံမျှဖြင့် လူအများမှာ တံတွေးကို ခက်ခဲစွာ မျိုချနေမိကြသည်။

လူလတ်ပိုင်း အမျိုးသားက မဆိုင်းမတွပင် သူတော်စင် နွေဦးကွင်းပြင် ထံသို့ အသေးစိတ် အစီအရင်ကို အလျင်အမြန် ပေးပို့လိုက်သည်။ သူ၏ နှောင့်နှေးမှုကြောင့် သူတော်စင်၏ အစီအစဉ်များ ပျက်စီးသွားမည်ကို အလွန်အမင်း စိုးရိမ်နေမိသည်။ သက်တန့်ရောင် ဝိညာဉ်အလင်းတန်း တစ်ခုမှာ အမှောင်ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အလွန်ဝေးကွာသော နေရာတစ်ခုသို့ ဦးတည်ထွက်ခွာ သွားလေ၏။

ဝေ့ဝူယင်သည် ထိုအလင်းတန်းကို မြင်သောအခါ အဂ္ဂိရတ် ဖြစ်စဉ်ကို တည်ငြိမ်စွာ ပြန်လည် ရုပ်သိမ်းလိုက်သည်။ ဤသည်မှာ သူ ဤစွမ်းရည်ကို လက်တွေ့နယ်ပယ်တွင် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။ ၎င်းမှာ အဂ္ဂိရတ် ကြယ်တာရာများ၏ အခြေခံ စွမ်းရည်ခုနစ်မျိုးထဲမှ တစ်ခုဖြစ်သော ‘ဖြစ်စဉ် ပေါ်ထွန်းခြင်း’ ပင် ဖြစ်သည်။

သို့သော်လည်း ယခု အသုံးပြုလိုက်သည်မှာ ‘သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာ’ ကိုသာ အသုံးပြု၍ ဖြစ်သည်။ အကယ်၍ သူသာ ‘သာလွန် ဝိညာဉ်’ သို့မဟုတ် ‘သာလွန် သန့်စင်’ အဂ္ဂိရတ် ကြယ်တာရာများကို အသုံးပြုမည်ဆိုပါက ပိုမို လက်တွေ့ကျကာ ပိုမို အစွမ်းထက်သည့် လောကနိုးထခြင်း ဖြစ်စဉ်ကို ဖန်တီးနိုင်ကြောင်း သူ သိရှိထားသည်။

အဂ္ဂိရတ် တာအို၏ အဆင့် ပိုမို မြင့်မားလာလေလေ အခြေခံ စွမ်းရည် ခုနစ်မျိုးမှာလည်း ပိုမို တိုးတက်လာလေလေ ဖြစ်၏။

“ငါ့မှာ အဂ္ဂိရတ် ကြယ်တာရာ စွမ်းရည်တွေကို သုံးဖို့ အခွင့်အရေး သိပ်မရသေးဘူး... သာလွန် ဝိညာဉ်ရဲ့ ထူးခြားတဲ့ စွမ်းရည်ကိုလည်း မသုံးရသေးသလို သာလွန် သန့်စင်ရဲ့ စွမ်းအားကိုလည်း မသုံးရသေးဘူး.... ဒါပေမဲ့ အခြေခံ စွမ်းရည် ခုနစ်မျိုး ဖြစ်တဲ့ ‘သေမျိုး ပျက်သုဉ်းခြင်း’၊ ‘သေမျိုး ဝိညာဉ် ပုံဖော်ခြင်း’၊ ‘ဝိညာဉ် အပိုင်းအစများ ဖန်တီးခြင်း’၊ ‘အဂ္ဂိရတ် ကြယ်တာရာများ ပေါင်းစည်းခြင်း’၊ ‘ဆေးဖော်စပ်မှု ရပ်တန့်ခြင်း’၊ ‘ဖြစ်စဉ် ပေါ်ထွန်းခြင်း’ နဲ့ ‘အဂ္ဂိရတ် ကြယ်တာရာ ကျိန်စာ’ တို့ကတော့ ကျင့်ကြံခြင်း အဆင့်တက်တိုင်း ပိုပြီး အစွမ်းထက်လာခဲ့တယ်”

အဂ္ဂိရတ် ကြယ်တာရာများကို ‘သာလွန် သန့်စင်’ အဆင့်သို့ မြှင့်တင်လိုက်သောအခါ ကြယ်တာရာ ခုနစ်လုံးမှာ လျှို့ဝှက်ဆန်းကြယ်သည့် အမြုတေတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့သည်။ ထိုပေါင်းစည်းမှုမှ ရရှိလာသော စွမ်းရည်သစ်ကိုမူ ‘အီဒယ် လျှို့ဝှက်’ဟု ခေါ်ဝေါ်သည်။

နှစ်ပေါင်းများစွာကြာအောင် ထိုစွမ်းရည်၏ အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပြီးနောက် အဂ္ဂိရတ်ပညာရှင် တစ်ဦးကို ရန်စမိလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ဝေ့ဝူယင် ထပ်မံ သတိပြုမိခဲ့သည်။ အဂ္ဂိရတ်ပညာရှင်များ၏ အရှိန်အဝါသည် ဆေးလုံးများ ဖော်စပ်နိုင်ခြင်းကြောင့်သာ မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏ အနာဂတ်ကို လုံးဝ ပျက်စီးသွားအောင် ပြုလုပ်နိုင်သော ကလဲ့စားချေနိုင်စွမ်းကြောင့်လည်း ဖြစ်နိုင်သည်။

ဤစွမ်းရည် အားလုံးသည် အဂ္ဂိရတ် တာအို၏ ကောင်းချီးကြောင့် ရရှိလာခြင်း ဖြစ်သော်လည်း အဂ္ဂိရတ် ကြယ်တာရာများက အခြားသော နည်းလမ်းများကိုလည်း ခွင့်ပြုထားသည်။ ဥပမာအားဖြင့် ‘အဂ္ဂိရတ် အမြုတေဖွဲ့ခြင်း’၊ ‘တာအို အပ်နှင်းခြင်း’ နှင့် ‘အဂ္ဂိရတ် သင်္ကေတများ ဖန်တီးခြင်း’ တို့ ဖြစ်သည်။ ချင်ကူးယဉ် ရရှိထားသော ‘အဂ္ဂိရတ် သင်္ကေတ’ နှင့် ဝေ့ဝူယင် လေ့လာထားသော သင်္ကေတ ခုနစ်မျိုးတို့သည် အလွန်တရာ နက်ရှိုင်းလှ၏။

သာလွန် သန့်စင်၏ အီဒယ်လျှို့ဝှက် စွမ်းရည်သည် ရန်သူများကို သွေးပျက်စေရန် လုံလောက်လှသည်။ ထို့ပြင်... သူ၏ အခြေခံ စွမ်းရည်များ ဖြစ်သော ‘သေမျိုး ပျက်သုဉ်းခြင်း’ အစရှိသည်တို့သည်လည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ဝေ့ဝူယင်သည် သက်တမ်းကို အသုံးပြု၍ ‘အစစ်အမှန် ရှန့်ထို လောကနိုးထခြင်း’ ကို ဖန်တီးပေးခြင်းဖြင့် သူ၏ ‘တာအို အစောင့်အရှောက်’ များကို လောကရှန့်ထို အဆင့်သို့ တိုက်ရိုက် လမ်းညွှန်ပေးနိုင်စွမ်း ရှိပေသည်။

***

အပိုင်း(၁၉၅၆)

“ယောက်ဖ... မင်းကတော့ တကယ့်ကို ကြွားတာပဲ...”

သခင်လေးရှန့်က ပျောက်ကွယ်သွားသော အဂ္ဂိရတ် ဖြစ်စဉ်ကို ကြည့်ရင်း ရယ်မောကာ ဆိုလိုက်သည်။ ဝေ့ဝူယင်မှာ ငယ်ရွယ်သော်လည်း သူ၏ အပြုအမူနှင့် အစွမ်းအစများမှာမူ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော ကျွမ်းကျင်သူကြီး တစ်ဦးကဲ့သို့ ခန့်ညားလှသည်။ ထို့ကြောင့်လည်း အာဏာရှင် ရှန့်ထိုများပင်လျှင် သူ့ကို သူတော်စင် တစ်ဦးဟု အလွယ်တကူ ထင်မှတ်မှားကြခြင်း ဖြစ်သည်။

ဝေ့ဝူယင်က ပုခုံးတစ်ချက် တွန့်ပြလိုက်၏။ ယခု သတင်းစကား ပေးပို့ပြီးပြီ ဖြစ်၍ သူ စောင့်ရုံသာ ရှိတော့သည်။ အချိန်သိပ်မကြာဖို့တော့ သူ မျှော်လင့်မိသည်။ သူ ကောင်းကင်နှလုံးသား ဂလက်ဆီကို လှမ်ကြည့်ရင်း တစ်ဖက်တွင်လည်း သူ၏ ဘယ်ဘက်လက်မှ အင်္ကျီလက်ကို မတင်လိုက်လေသည်။

[ဘယ်ဘက်လက်မောင်း]

ကမ္မကံ တန်ဖိုး... ချိပ်ပိတ်ထားဆဲ

သွေးမျိုးဆက်... ရှာဖွေတွေ့ရှိပြီး... အပြစ်သား ထုံးတမ်း စတင်ရန် ပေးပို့နေသည်

ပထမ ကပ်ဘေး...

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများသည် လက်မောင်းပေါ်ရှိ စာလုံးများကို ဖတ်ရှုရင်း သိသိသာသာ လှုပ်ခတ်သွား၏။

‘မက်ဂီ မျိုးနွယ်တွေရဲ့ အမွေအနှစ်ကြောင့်ပဲ ငါ ဒီအပြစ်သား စာလုံးတွေနဲ့ တခြား ထူးခြားတဲ့ စာလုံးတွေကို ဖတ်နိုင်တာ ဖြစ်ရမယ်... ဒါပေမဲ့ ငါ ငယ်ငယ်တုန်းက ဘယ်ဘက်လက်မောင်းမှာ ဒါမျိုးတွေ မတွေ့ခဲ့ဖူးဘူး... မျိုးရိုးက နောက်မှ ပေါ်လာတာလား”

အမှန်စင်စစ် ‘အပြစ်သား တက်တူး’ က ယခုကဲ့သို့ အရိပ်အမြွက်များ ပေးနေခြင်းသည် ကျင့်ကြံသူ တစ်ယောက်ကို သတိပေးရာရောက်ပြီး ပြင်ဆင်ရန် အချိန်ပေးလိုက်သကဲ့သို့ ဖြစ်နေ၍ ‘အပြစ်သား ထုံးတမ်း’ ၏ ရည်ရွယ်ချက်ကို လျော့ပါးစေသည်ဟု ခံစားရသည်။

အခြားသော အမွေခံ အပြစ်သားများ (သူတော်စင် အဆင့်များ အပါအဝင်) ဤစာလုံးများကို မဖတ်နိုင်ကြသော်လည်း ဝေ့ဝူယင်ကမူ ဝေ့စီ၏ မက်ဂီများအကြောင်း ပြောပြချက်နှင့် အပြစ် ခုနစ်ပါးကို မြင်တွေ့ခဲ့ရပြီးနောက်၌ ဤမေးခွန်းကို ပို၍ တိကျစွာ အဖြေထုတ်နိုင်ခဲ့သည်။

ထို့ကြောင့်... ဝေ့ဝူယင်သည် ‘အပြစ်သား ထုံးတမ်း’ မှ ကျရောက်လာမည့် ‘ကောင်းကင်တံတိုင်း’ မှ လွတ်မြောက်ရန် မိမိကိုယ်ကို အသင့်ပြင်ထားရင်း နိုးနိုးကြားကြား ရှိနေတော့သည်။ ကောင်းကင်ဘုံက သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် အင်အားတို့ အပေါ် မူတည်၍ ကပ်ဘေးကို ဖန်တီးမည်ကို စိုးရိမ်သဖြင့် သူသည် အခြားသူများနောက်သို့ လိုက်မသွားဝံ့ပေ။ အထူးသဖြင့် ‘မူလ သာမည ဥပဒေသ’ ခြောက်ခုကို ကောင်းကင်ဘုံနှင့် လောကကြီးရှေ့တွင် တစ်ပြိုင်နက် ထုတ်ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျရောက်လာမည့် ကပ်ဘေးက အလွန် ပြင်းထန်မည်ကို သူ စိုးရိမ်နေမိသည်။

ထို့အပြင်... ဤ ‘အပြစ်သား ထုံးတမ်း’ ၏ စိန်ခေါ်မှုကို မကျော်လွှားနိုင်မီ သူသည် အဆင့်တက်ရန် မကြိုးစားဝံ့သေးပေ။ အကယ်၍ ကပ်ဘေးမှာ သူ အဆင့်တက်နေစဉ်အတွင်း ကျရောက်လာပါက မည်သို့လုပ်မည်နည်း။ သူ အလုပ်များနေစဉ်အတွင်း သူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လျှင်ရော...။ ထိုမျှ အန္တရာယ်ကြီးသောအရာကို သူ မစွန့်စားဝံ့ပေ။

သခင်လေးရှန့်နှင့် ပတ်သက်၍မူ ကပ်ဘေး စတင်လာပါက သူ့ကို ‘လောကရှန့်ထို လက်စွပ်’ ထဲသို့ လော့နင်နှင့် အခြားသူများကဲ့သို့ ‘အီလီစီယမ် အသေးစား’ နှင့်အတူ ပစ်ထည့်ထားလိုက်မည် ဖြစ်သည်။ ဤဖရိုဖရဲ ဖြစ်စဉ်အတွင်း သင်္ဘော ပျက်စီးသွားမှာမျိုး သူ အဖြစ်မခံနိုင်ပေ။

ကံဆိုးသည်မှာ... သူ၏ စွမ်းအားများကို ကောင်းကင်ဘုံအောက်တွင် အထင်းသား ထုတ်ဖော်ပြသခဲ့ခြင်းက ကောင်းကင်တာအို အနေဖြင့် သူ့အတွက် အခွင့်အရေးများ ဖန်တီးပေးရန် ခဲယဉ်းသွားစေခဲ့ပုံရသည်။ သူ ကမ္မ အမှတ်များကို မသုံးခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။ သူ ရရှိခဲ့သော ‘အမိန့်တော် မျိုးစေ့’ မှာပင် သူ၏ ကိုယ်ပိုင် စွမ်းအားဖြင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်၍ ကောင်းကင်ဘုံက ဖန်တီးပေးသော ကံကောင်းမှုဟု ဆိုရန် ခက်လှသည်။

ကောင်းကင်ဘုံက သူ့အတွက် မည်သည့်အချိန်တွင် အခွင့်အရေးသစ်များ ထပ်မံ ပေးအပ်မည်ကို သူ မသိသော်လည်း၊ သူ ပြသခဲ့သော စွမ်းအားများအရ နောက်တစ်ကြိမ် ရရှိလာမည့် ကံကောင်းမှုများမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်လိမ့်မည်ကိုမူ ဝေ့ဝူယင် ယုံကြည်နေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဝေ့ဝူယင်၏ ဘယ်ဘက်မျက်ခုံးမှာ စူးစမ်းလိုစိတ်ဖြင့် ပင့်တက်သွားသည်။

“ဘယ်မှာလဲ... အဲဒီ ကပ်ဘေးက...”

...

ကောင်းကင်နှလုံးသား ဂလက်ဆီ...

သားရဲတို့ အုပ်စိုးရာ ဤဂလက်ဆီ၏ နေရာ အနှံ့အပြားတွင် မူလ အာဏာရှင်များ၊ ဝေ့ဝူယင်၏ ဇနီးများ၊ ကောင်းကင် နိမိတ်ဖတ် ပညာရှင်၊ နတ်မြင်းပျံနှင့် ဝေ့စီတို့သည် လုံးဝ အသစ်အဆန်းဖြစ်သော ကျင့်ကြံသူ လူ့အဖွဲ့အစည်းတစ်ခုကို စူးစမ်းလေ့လာနေကြသည်။ ထိုလူ့အဖွဲ့အစည်းသည် သားရဲတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ စည်းကမ်းမဲ့ခြင်း၏ နောက်ဆက်တွဲ ရလဒ်များ၊ ပျက်စီးယိုယွင်းမှုနှင့် ဖရိုဖရဲ ဖြစ်တည်မှုများ၊ လူမျိုးနွယ်စု တစ်ခုလုံး၏ နာကျင်စွာ အော်ဟစ်သံများကို သူတို့အား နားလည်စေခဲ့သည်။

ထိုစဉ် လွင့်မျောဂြိုဟ်တစ်ခု၏ ကုတ်ခြစ်ခံထားရသော မြေပြင်နှင့် စုတ်ပြဲနေသော ကောင်းကင်ယံအောက်တွင် ငွေရောင်ဆံပင်၊ ခြေဗလာနှင့် ရှို့ရန် တစ်ဦး လမ်းလျှောက်နေ၏။ သူ၏ နီမြန်းသော မျက်ဝန်းများသည် ပါးလွှာလှသော ကောင်းကင်အလွှာကို စူးစမ်းစွာ ကြည့်နေသည်။

ဟူး... ဟူး...

ကောင်းကင်အလွှာ၏ အပြင်ဘက်တွင်တော့ အတောင်ပံပါသော ဝေဝါးသည့် အရိပ်မည်းကြီးတစ်ခုသည် ဥက္ကာခဲကဲ့သို့ အရှိန်အဟုန်ဖြင့် ထိုဂြိုဟ်ဆီသို့ ဦးတည် လာနေလေတော့သည်။

...

ဟူး... ဟူး...

ဝေဝေဝါးတါး အတောင်ပံပါ အရိပ်မည်းကြီးသည် ဂြိုဟ်ထံသို့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါဖြင့် တစ်ဟုန်ထိုး ဆင်းသက်လာ၏။ ထိုဂြိုဟ်၏ ကောင်းကင်အလွှာမှာ ပါးလွှာနေပြီ ဖြစ်ရာ အရိပ်ကြီး ဆင်းသက်လာသည့် အရှိန်ပြင်းပြင်းကပင် နဂိုကတည်းက ပျက်စီးလွယ်လှသော အကာအကွယ်လွှာ အတော်များများကို အဝေးမှနေ၍ ဖယ်ရှားပစ်လိုက်သကဲ့သို့ ရှိနေသည်။

အပျက်အစီး မန်နာစွမ်းအင်များမှာ စုတ်ပြဲနေသည့် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာရာ ဂြိုဟ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့သည်။ နတ္ထိ ဟင်းလင်းပြင်၏ အအေးဓာတ်များက ဂြိုဟ်၏ လေးပုံတစ်ပုံခန့်အထိ ပျံ့နှံ့သွားရာ ထိုဒေသအတွင်းရှိ သက်ရှိအားလုံး ထိခိုက်ခံစားရတော့သည်။

သနားစဖွယ် ကောင်းလှစွာပင်... အသက်မသေရုံတမယ် ရုန်းကန်နေရသော သက်ရှိသတ္တဝါတို့၏ နာကျင်အော်ဟစ်သံ၊ ကြောက်လန့်တုန်လှုပ်သံတို့မှာ ခဏတာ ထွက်ပေါ်လာပြီးနောက် လုံးဝ ငြိမ်သက်သွားတော့သည်။

၎င်းမှာ စစ်မှန်သော ဝေဒနာ ခံစားရမှုများ၏ အသံပင် ဖြစ်၏။

ခြေဗလာ၊ ငွေရောင်ဆံပင်နှင့် ဝတ်ရုံပွပွကို ဝတ်ဆင်ထားသော ပုံရိပ်သည် အရာအားလုံးကို စောင့်ကြည့်နေသူတစ်ဦးအလား မတ်မတ်ရပ်နေ၏။ အာရုံခံစားမှုနှင့် အတူ ထိုဝေဒနာသံများကို နားထောင်နေရင်း၊ သူ၏ မျက်ဝန်းများကမူ မီတာသောင်းချီ၍ ရှည်လျားကာ အတောင်ပံများကို ဖြန့်ထားသည့် အလွန်တရာ ကြီးမားလှသော အရိပ်မည်းကြီးထံသို့ စိုက်ကြည့်နေသည်။

ဝိညာဉ်အာရုံမှ တစ်ဆင့် ထိုကြမ်းတမ်းလှသော ပတ်ဝန်းကျင်တွင် အသက်ရှင်သန်ရန် ရုန်းကန်နေရသော သက်ရှိများမှာ ‘လူသား’ များ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလိုက်သည်။ သို့သော်လည်း... သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာမူ သနားစဖွယ် ကောင်းလောက်အောင် နိမ့်ပါးလှ၏။

မကြာမီ ထိုအရိပ်မည်းကြီးသည် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီး၏။ ၎င်း၏ ထုထည်ကြီးမားပုံနှင့် ငှက်မျိုးနွယ် ဖြစ်ကြောင်း အချက်အလက်များမှာ ထင်ရှားလာသည်။

၎င်းတွင် အညိုရောင်အမွေးအတောင်များ၊ ချွန်ထက်ကာ ကွေးညွတ်နေသည့် ရွှေရောင်နှုတ်သီးရှိပြီး နှုတ်သီးအလယ်တွင် အမည်းရောင် အစင်းကြောင်းတစ်ခု ပါရှိသည်။ ဝမ်းဗိုက်ပိုင်းမှာ အဝါနုရောင် ဖြစ်၏။ ၎င်း၏ ခြေသည်းများမှာ ခပ်မှိန်မှိန် ရွှေရောင်ရှိသော်လည်း ထိပ်ဖျားများမှာ သွေးရောင်စွေးနေကာ သွေးထဲက မွေးဖွားလာသည့်အလား ရှိသည်။ ထိုဧရာမ သားရဲကြီး၏ အရွယ်အစားကို ကြည့်ရုံမျှဖြင့် ၎င်း၏ ခြေသည်းများမှာ တောင်တန်းများကို ဆုပ်ကိုင်နိုင်ပြီး ဂြိုဟ်များကိုပင် မတင်နိုင်စွမ်းရှိကြောင်း စိတ်ဝိညာဉ်ထဲမှ ခံစားမိစေသည်။

ဘုန်း... ဘုန်း...

သားရဲကြီး မြေပြင်ပေါ် နင်းလိုက်ချိန်တွင် ဖြစ်ပေါ်လာသော ခြေသည်းရာကြီးများမှာ သာမန်သေမျိုး လူသားများအတွက်မူ ချောက်ကမ္ဘာကြီးများနှယ် ရှိပြီး မြေပြင်ကို မီတာရာချီ၍ စုတ်ဖြဲပစ်လိုက်သည်။ ၎င်းသည် ရှောင်ပိုင်ထက် ပိုမိုနက်ရှိုင်းလှသော ဟိန်းဟောက်သံကို လွှတ်လိုက်ရာ ဖြစ်ပေါ်လာသော လေလှိုင်းများက ပါးလွှာသော ကောင်းကင်အလွှာအတွင်းရှိ တိမ်တိုက်များကိုပင် လွင့်စဉ်သွားစေသည်။

သားရဲကြီး၏ ဝါဝင်းသော မျက်လုံးများမှ ထွက်ပေါ်လာသော အလင်းတန်းသည် လောက၏ လနှင့် ကြယ်များကို အစားထိုးလိုက်သည့်အလား တစ်လောကလုံးကို ထိန်ထိန်လင်းသွားစေ၏။

အဝေးမှနေ၍ လူသားများ၏ တိုးညှင်းသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျင့်ကြံခြင်း အခြေခံ အနည်းငယ်ရှိသော လူကြီးများက ကလေးငယ်များကို ဆွဲကာ မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာများသို့ ထွက်ပြေးရန် ကြိုးစားနေကြသည်။ သူတို့ သိသည့် အရာတစ်ခုတည်းသာ ရှိသည်။

“ပြေးကြ... ပုန်းကြ...”

မွေးကတည်းက အရိုးထဲအထိ စွဲနေသည့် ရှင်သန်လိုစိတ်တို့က နိုးကြားလာ၏။ အချို့က ကြိုတင်ပြင်ဆင်ထားသော မြေကျင်းများထဲသို့ ခုန်ဝင်ပုန်းအောင်းကြသည်။ သူတို့သည် အသက်ကို အောင့်ထားရင်း ကောင်းကင်ဘုံထံ ဆုတောင်းနေကြ၏။ ဂြိုဟ်တစ်ခုလုံးရှိ အခြေချ နေထိုင်ရာ နေရာများမှာလည်း စွန့်ပစ်ခံလိုက်ရပြီ ဖြစ်သည်။ ထိုနေရာများသည် ယာယီနေထိုင်ရန်သာ ဖြစ်ပြီး ယခု သားရဲကြီး၏ အရှိန်အဝါအောက်တွင် ပြိုလဲပျက်စီးသွားကြကုန်လေပြီ။

နတ္ထိ ဟင်းလင်းပြင်၏ အအေးဓာတ် ကျဆင်းသွားသော နေရာများတွင်မူ ကလေးငယ်များမှအစ လူကြီးများအထိ အလောင်းများမှာ ပြန့်ကျဲနေလေသည်။

***

All Chapters