အခန်း (၁၉၅၇-၁၉၅၈)
Vol. 140 Ch. 1957-1958
အပိုင်း(၁၉၅၇)
ဂါး...
သားရဲကြီးမှာ တစ်လောကလုံးကို တုန်ခါသွားစေသည့် နောက်ထပ် ဟိန်းဟောက်သံတစ်ခုကို လွှတ်လိုက်ပြန်သည်။ ၎င်း၏ မျက်ဝန်းထဲတွင်မူ ကစားလိုစိတ်များ ဖြတ်ပြေးနေ၏။
ဂြိုဟ်၏ ကောင်းကင်အလွှာက သဘာဝအတိုင်း ပြန်လည်ပြုပြင်ရန် ကြိုးစားနေစဉ်အတွင်း ထိုသားရဲကြီးမှာ သူ၏ အတောင်ပံများကို နှုတ်သီးဖြင့် ပွတ်သပ်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ တစ်နာရီခန့် ကြာပြီးနောက် လူသားများနှင့် အခြားသက်ရှိများ အားလုံး ပုန်းအောင်းသွားပြီ ဖြစ်ကြောင်း သိလိုက်ရချိန်တွင်မှ အတောင်ပံများကို ဖြန့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လေဆင်နှာမောင်းများ ဖြစ်ပေါ်လာတော့သည်။
အအေးဓာတ်ကြောင့် သေဆုံးနေသော အလောင်းများမှာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် အစအနမကျန် ပျက်စီးသွားပြီး ကောင်းကင်ယံကို သွေးရောင်ဖျော့ဖျော့ လွှမ်းသွားစေသည်။ ထို့နောက် ၎င်းသည် ခုန်လိုက်၏။ ပျံတက်ခြင်း မဟုတ်ဘဲ ခုန်ကူးခြင်း ဖြစ်သည်။
သာမန်ငှက်ကလေးတစ်ကောင် သစ်ကိုင်းတစ်ခုပေါ်မှ နောက်တစ်ခုသို့ ခုန်လိုက်သကဲ့သို့ပင် ရိုးရှင်းသည်။ သို့သော်လည်း ထိုသားရဲကြီးအတွက်မူ တစ်ခါခုန်လျှင် မိုင်ပေါင်းရာချီသော ခရီးကို ရောက်ရှိသွားစေသည်။
ဘုန်း...
မြေပြင်ပေါ်သို့ ၎င်း၏ ခြေသည်းကြီးများ ကျရောက်လာပြီး မြေကြီးကို တူးဆွပစ်လိုက်၏။ သွေးရောင်စွန်းနေသော ခြေသည်းထိပ်ဖျားများမှာ လူသားတို့၏ အသားကို ဖောက်ထွက်ကာ အရိုးများကို အက်ကွဲသွားစေသည်။ သို့သော်လည်း... မြေအောက်ရှိ လူသားများမှာ သေခါနီးအချိန်မှာပင် မအော်ရဲကြပေ။
ဘုန်း...
သားရဲကြီးသည် ဥက္ကာခဲတစ်ခု ကျရောက်လာသကဲ့သို့ ပြင်းထန်သော အရှိန်ဖြင့် မြေပြင်ကို နှုတ်သီးဖြင့် ပေါက်လိုက်ရာ မြေပြင်ကြီး အက်ကွဲသွားလေ၏။
နှုတ်သီးကို ပြန်ရုပ်လိုက်ချိန်တွင်မူ တီကောင်များအလား လူသားများစွာမှာ ၎င်း၏ နှုတ်သီးအတွင်း ပါလာတော့သည်။ မိမိ၏ ရိတ်သိမ်းမှုအပေါ် ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ၎င်းသည် ခေါင်းကို မော့လိုက်ရာ နှုတ်သီးအတွင်းရှိ လူသားများမှာ ၎င်း၏ ဝမ်းဗိုက်ထဲသို့ လျှောကျသွားတော့သည်။ ဤအချိန်တွင်မူ သားကောင်လေးများမှာ ထိန်းမထားနိုင်တော့ဘဲ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ကြတော့သည်။
သားရဲကြီးက ခေါင်းကို တစ်ချက် ခါလိုက်ရာ လူသားအားလုံး သူ၏ အစာအိမ်ထဲသို့ ကျဆင်းသွားပြီး အသံများ အားလုံးလည်း ငြိမ်သက်သွားတော့သည်။ ၎င်းက သွေးစွန်းနေသော နှုတ်ခမ်းများကို လျှာဖြင့် လျက်ကာ အရသာခံနေ၏။
မြေအောက်တွင် တီကောင်များအလား ပုန်းအောင်းနေသည့် လူသားထောင်ပေါင်းများစွာကို စားသောက်ပြီးနောက်မှသာ ၎င်းက အခြားတစ်နေရာသို့ ကြည့်လိုက်သည်။ သို့သော်လည်း... ၎င်းသည် မိမိ၏ အစားအစာများကို အကုန်အစင် မစားသင့်ကြောင်း ကောင်းစွာ သိရှိထားသည်။ သူတို့ ပိုပြီး မျိုးပွား ပေါများလာအောင် ထားရမည် မဟုတ်ပါလား။
ဘုန်း...
ထို့ကြောင့် ၎င်းသည် အခြားတစ်နေရာသို့ ခုန်ကူးသွားပြန်သည်။ သို့သော် ၎င်းသည် အလွန်အမင်း နိမ့်ပါးသော နေရာအချို့ကိုမူ လျစ်လျူရှုထားခဲ့သည်။ ထိုနေရာရှိ လူသားများသည် ကျင့်ကြံခြင်း အဆင့် နိမ့်ပါးလွန်းသေးသဖြင့် ရင်မှည့်ချိန် ရောက်ရန် အချိန်လိုသေးကြောင်း ၎င်း သိသည်။
သူတို့သည် မြေကြီးဒြပ်စင် ကျင့်စဉ်များဖြင့် မိမိကိုယ်ကို ကောင်းစွာ ဖုံးကွယ်နိုင်သည့် အဆင့်သို့ ရောက်မှသာ အရင်းအမြစ်များအဖြစ် လာရောက် ရိတ်သိမ်းမည် ဖြစ်သည်။
သူတို့ ဤသို့ပင် လုပ်နေကြ ဖြစ်ပေသည်။
ထိုအတောအတွင်း အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ ‘အစွယ်နှင့် လက်သည်းများ’ ဟု တင်စားကြသည့် ကျူးဟိုင်သည် မြေစာပုံ မြင့်မြင့်တစ်ခုပေါ်မှနေ၍ ဤမြင်ကွင်း အားလုံးကို မည်သည့် စိတ်ခံစားမှုမျှ မပါဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေသည်။
မြေအောက်တွင် တုန်တုန်ယင်ယင်ဖြင့် ကောင်းကင်ဘုံထံ ဆုတောင်းနေကြသည့် လူသားများ၏ သွေးပျက်ဖွယ် မြင်ကွင်းသည် သူ၏ ရင်ထဲ၌ သနားစိတ်ကို ဖြစ်ပေါ်စေနိုင်ခြင်း မရှိပေ။ သူသည် ရက်စက်တတ်သူ မဟုတ်ချေ။ သို့သော်လည်း... ဝေ့ဝူယင်၏ မူဝါဒမှာ ဘက်လိုက်မှု ကင်းမဲ့သည်။ လူသားနှင့် သားရဲ၊ အခြားသော သက်ရှိများ၊ အပင်များ ပင်လျှင် တန်းတူညီမျှ အရေးပါသည်ဟု သူ ယုံကြည်ထားသည်။
လူသားတစ်ဦး၏ အမြင်တွင်မူ... ငှက်ကြီး၏ လုပ်ရပ်များမှာ အလွန်တရာ စက်ဆုပ်ရွံရှာဖွယ် ကောင်းပြီး ရက်စက်ကြမ်းကြုတ်လှသဖြင့် အသက်ကို ရင်း၍ တိုက်ခိုက်လိုစိတ် ပေါက်စေမည် ဖြစ်သည်။ သို့သော် သားရဲတစ်ကောင်၏ အမြင်တွင်မူ ထိုငှက်ကြီးမှာ ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် လူသားပုံသဏ္ဌာန်ရှိသော ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးနေခြင်းသာ ဖြစ်သည်။ ဤနေရာသည် ကောင်းချီးပေးထားသော မြေ... အစားအစာများ ပေါပွားရာ နယ်မြေတစ်ခုသာ ဖြစ်၏။
ကျူးဟိုင် မသိလိုက်သည့် အရာ တစ်ခုက... ဝေ့ဝူယင်၏ ‘ဘက်လိုက်မှုကင်းသော မူဝါဒ’ နောက်ကွယ်တွင် ရှေးဟောင်းသစ်ပင်ကြီး ‘ဧဒင်’ သစ်ပင်ကြီး၏ မှတ်ဉာဏ်များ ပါဝင်နေခြင်းပင်။ ထိုသစ်ပင်ကြီးသည် သူ၏ သားသမီးများ (အစေ့များ) ကို လူသားများက မည်သို့မျှ စာနာစိတ်မရှိဘဲ စားသောက်ကာ ကျင့်ကြံခြင်း အရင်းအမြစ်အဖြစ် သုံးစွဲနေမှုကို နှစ်ပေါင်း ကုဋေကုဋာတိုင်အောင် မြင်တွေ့ခဲ့ရဖူးသည်။
ထို့ကြောင့်... ကျူးဟိုင်သည်လည်း သနားစိတ် မဝင်ပေ။ ကျင့်ကြံခြင်းလောကသည် ရက်စက်လှသလို ကျင့်ကြံခြင်း လမ်းစဉ်သည်လည်း ခက်ခဲလှသည်။ ဝေ့ဝူယင်က မိစ္ဆာနည်းလမ်းများကိုပင် အမှောင် နည်းလမ်းများ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်မှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
မည်သည့် လုပ်ရပ်ကိုမျှ ‘မိစ္ဆာဆန်သည်’ ‘ဆိုးယုတ်သည်’ ဟု သတ်မှတ်၍ မရနိုင်ကြောင်း ပြသလိုခြင်း ဖြစ်၏။ အကယ်၍ ထိုသို့သာ သတ်မှတ်မည်ဆိုလျှင် ငါးဖမ်းသော၊ တိရစ္ဆာန်များကို သတ်ဖြတ်သော၊ သစ်သီးများကို စားသုံးသော ကျင့်ကြံသူတိုင်းသည်လည်း မိစ္ဆာများသာ ဖြစ်နေမည် မဟုတ်ပါလား။
သို့သော်လည်း... ကျူးဟိုင်သည် အမှားအမှန်ကို မသိသူတော့ မဟုတ်ပေ။ အကယ်၍ သူသာ လူသားမျိုးနွယ် စစ်စစ် တစ်ဦး ဖြစ်ခဲ့ပါက ဤမတရားမှုများကို ရင်ဆိုင်တိုက်ခိုက်ရန် အခွင့်အရေး ယူပေလိမ့်မည်။ ဝေ့ဝူယင်သည်လည်း ထိုသို့ ပြုမူခြင်းကို ကန့်ကွက်မည် မဟုတ်ဘဲ အားပေးထောက်ခံပေလိမ့်မည်။ ဘက်လိုက်မှုမှာ မျိုးနွယ်စု တစ်ခုလုံးအပေါ် အမုန်းတရားများ မဖြစ်ပေါ်နေသရွေ့ ဝေ့ဝူယင်က ခွင့်ပြုထားပြီးသား ဖြစ်သည်။
ကံဆိုးသည်က ကျူးဟိုင်မှာ လူသားများ၊ အယ်ဗန်များ၊ တိုက်တန်များ၊ ကောင်းကင်မျိုးနွယ်များ၊ အဘိဿဲလ်များ၊ နတ်ဆိုးများနှင့် ရှို့ရန် အများစု၏ ကံကြမ္မာအပေါ်တွင် အလွန်အမင်း စာနာတတ်သူ မဟုတ်ပေ။ ခွေးအနွယ်ဝင် သွေးချင်းများအတွက်သာ သူ့ထံတွင် ခုခံကာကွယ်လိုစိတ်နှင့် ကလဲ့စားချေလိုစိတ် ဖြစ်ပေါ်နိုင်ခြေ ရှိသည်။ သို့သော်လည်း... ထိုသို့ဖြစ်ရန်မှာ သာမန်မျိုးစိတ်တူရုံမျှဖြင့် မရဘဲ ဘိုးဘွားစဉ်ဆက် သွေးချင်းနီးစပ်မှု ရှိရန်လည်း လိုအပ်ပေသေးသည်။
“အရှင်ဝေ့ ပြောတာ မှန်တယ်... ဒီဂလက်ဆီကို သားရဲတွေ သိမ်းပိုက်လိုက်ပြီ... ဒီနယ်မြေကိုတော့ ‘ရော’ ငှက်ကြီးတွေက စိုးမိုးထားတယ်...”
ကျူးဟိုင်က အတောင်ပံပါ အရိပ်မည်းကြီးများ ကြယ်တာရာများနှင့် ဂြိုဟ်များအား စားသောက်နေသည်ကို ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ အချို့မှာမူ အမှောင်ဟင်းလင်းပြင်အတွင်း စိုးမိုးနယ်မြေအတွက် အချင်းချင်း တိုက်ခိုက်နေကြ၏။
“ဒီအကောင်ကတော့ ကြယ်တာရာ သခင်အဆင့်လောက်ပဲ ရှိတယ်”
ကျူးဟိုင်က ဂြိုဟ်တစ်ခုလုံးကို ဝါးမြိုနေသည့် ရောငှက်ကြီးတစ်ကောင်ကို အကဲခတ်ရင်း ဆိုသည်။
“ပြီးတော့ သူတို့က အရိုင်းအစိုင်းတွေ မဟုတ်ဘူး... တော်တော်လေး ဉာဏ်ကောင်းကြတယ်... မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ဖို့အတွက် ကိုယ်ပိုင် ကျင့်ကြံခြင်း စနစ်တစ်ခုတောင် ရှိပုံရတယ်... ဒါပေမဲ့ လူသား ကျင့်ကြံသူတွေနဲ့ သားရဲတွေကြားမှာတော့ သိသာတဲ့ ကွာခြားချက်တွေ ရှိတယ်”
ဝုန်း...
ကျူးဟိုင်၏ အကြည့်က ရုတ်တရက် ပြောင်းသွား၏။ အချိန်သခင် အဆင့်ရှိသော ရော့ငှက်ငယ်နှစ်ကောင်သည် အသေးစား ဂြိုဟ်တစ်လုံးကို သူတို့၏ ခြေသည်းများဖြင့် ဆွဲဖြဲကာ နှစ်ခြမ်းခွဲ ပစ်လိုက်ပေသည်။ ထိုအခါ အမှောင်ဟင်းလင်းပြင်အတွင်းသို့ လူသားသောင်းပေါင်းများစွာ၏ အလောင်းများ ပြန့်ကျဲထွက်လာပြီး ၎င်းတို့အထဲတွင် ‘နတ်ဆိုးကပြား’ အချို့ကိုပါ သူ တွေ့ရှိလိုက်ရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အခြား ရော့ငှက်ငယ်လေးများသည် အခွင့်အရေးရသည်နှင့် သေဆုံးနေသော သို့မဟုတ် သေအံ့ဆဲဆဲ လူသားများကို ထိုးသုတ်ရန် ပျံသန်းလာကြသည်။ ထိုလူသားများ၏ ကျင့်ကြံခြင်း အဆင့်မှာ ချီပျစ်ခဲခြင်း အဆင့်မှသည် ‘ကြယ်တာရာ အမြုတေ အဆင့်’ အဆင့်နှစ် ဖြစ်သည့် ‘ကောင်းကင်အုပ်စိုးသူ အဆင့်’ အထိ ရှိကြသည်။ သို့သော်လည်း... သူတို့မှာ အမဲလိုက်ထွက်လာသော သားရဲငယ်လေးများကိုပင် မခုခံနိုင်သလို၊ အမှောင်ဟင်းလင်းပြင်၏ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်ဒဏ်ကိုလည်း မခံနိုင်ကြပေ။
ယခု၌... ကျူးဟိုင်သည် ရော့ငှက်တို့၏ အမဲလိုက်ကွင်း သို့မဟုတ် အစာကျွေးရာ နယ်မြေအတွင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဤအချက်ကို အတည်ပြုနိုင်လိုက်သည်နှင့် သူ၏ နီမြန်းသော မျက်ဝန်းအစုံမှာ ကြမ်းတမ်းရက်စက်လာကာ၊ တောရိုင်းဆန်သော၊ သွေးဆာနေသော အလင်းတန်းများဖြင့် တောက်ပလာတော့သည်။
သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ အထွတ်အထိပ် အမဲလိုက် သားရဲကြီးတစ်ကောင်၏ အရှိန်အဝါများ ထွက်ပေါ်လာ၏။ သူ နှုတ်ခမ်းများကို လျှာဖြင့် သိမ်းလျက်လိုက်သည်။
ချွန်ထက်လှသော အစွယ်များကို ထုတ်ဖော်လိုက်စဉ် ကျူးဟိုင်၏ အာရုံများကို လွှမ်းမိုးသွားသည်မှာ ‘ဆာလောင်မှု’ ပင် ဖြစ်၏။ သူတို့က အမဲလိုက်နေမှတော့ ‘တန်းတူညီမျှခြင်း’ နိယာမအရ သူတို့ကိုယ်တိုင်လည်း ပြန်လည် အမဲလိုက်ခံရမည်ကို စိတ်ခုနေကြလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူတို့ စိတ်ခုနေကြမည် ဆိုလျှင်လည်း သူ ဂရုစိုက် နေလိမ့်မည် မဟုတ်ချေ။
“အူး... ဝူး...”
ဝံပုလွေတစ်ကောင်၏ အူသံနှင့် အတူ ကျူးဟိုင်၏ ခြေသည်းများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာ၏။ သူသည် ခြေထောက်များတွင် အားအင်များကို စုစည်းကာ အမဲလိုက်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ အနေအထားကို ပြင်ဆင်လိုက်ပြီးနောက် တစ်ရှိန်ထိုး ခုန်အုပ်လိုက်တော့သည်။
မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။
***
အပိုင်း(၁၉၅၈)
ဘုန်း...
ကျူးဟိုင် ရပ်နေခဲ့သော နေရာမှာ ပြိုကျသွားပြီး ဂြိုဟ်၏ ချော်ရည် ဗဟိုချက်အထိ နက်ရှိုင်းသော ချောက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုအချိန်တွင် ရော့ငှက်ကြီးမှာမူ လူသားများကို ထပ်မံ ဝါးမြိုရန် နှုတ်သီးကို ပြင်နေဆဲ ရှိသေးသည်။
ရုတ်တရက် အသက်အန္တရာယ်နှင့် ကြုံတွေ့ရတော့မည့် အာရုံက လွှမ်းခြုံလာသဖြင့် ၎င်းသည် မသိစိတ်ဖြင့် အတောင်ပံများကို ခတ်ကာ ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလိုက်၏။
၎င်း၏ ဦးနှောက်မှာ ခန္ဓာကိုယ်သို့ အမိန့်ပေးချက်များ အကြိမ်ကြိမ် ပေးပို့နေမိသည်။ အမှောင်ဟင်းလင်းပြင်ထဲသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိကာ ခုနက ခံစားလိုက်ရသော အန္တရာယ်ကို ပြန်လည် ဆန်းစစ်ရန် ကြိုးစားနေသော်လည်း မြင်ကွင်းမှာ တစ်ချက်သာ လွင့်ခနဲ ဖြစ်သွားပြီး ပါးလွှာသော ကောင်းကင်အလွှာနှင့် ပို၍ပင် ဝေးကွာသွားသလို ခံစားလိုက်ရသည်။
ကျူးဟိုင်သည် ရော့ငှက်ကြီးကို ခန္ဓာကိုယ်မှ ဆွဲဖြဲလိုက်ကာ ဦးခေါင်းကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ထား၏။ သူ အစွယ်များကို ထုတ်ကာ ဦးခေါင်းခွံကို ကိုက်ချလိုက်ရာ အရိုးများ ကြေမွသွားပြီး ဦးနှောက်မှာလည်း တစ်ချက်တည်းဖြင့် ပျက်စီးသွားတော့သည်။ စိတ်ဝိညာဉ်ကို အေးစိမ့် တုန်ရီသွားစေမည့် မြည်သံများနှင့်အတူ ကျူးဟိုင်သည် ထိုအရသာအသစ်ကို ကျေနပ်စွာ ခံစားနေ၏။
“ရော့ငှက်ရဲ့ ဦးနှောက်၊ အရိုးနဲ့ အသားတွေက ဒီလို အရသာမျိုးကိုး... တကယ့်ကို အရသာရှိတယ်”
ကံဆိုးစွာပင် ထိုသားရဲကြီး၏ ဗိုက်ထဲတွင် ရှိနေသော လူသားများမှာမူ အစာအိမ် အက်ဆစ်များနှင့် ခန္ဓာကိုယ်အတွင်းရှိ ဖိအားများကြောင့် သေဆုံးသွားကြပြီ ဖြစ်သည်။ သို့သော်လည်း တစ်နည်းအားဖြင့်ဆိုရလျှင်... သူတို့ ကလဲ့စားချေလိုပါက ယခု ကလဲ့စားချေမှု ရရှိသွားပြီဟု ဆိုနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အတွက် သတ်မှတ်ထားသော ဤအမဲလိုက်ကွင်းကြီးမှာ ပြောင်းလဲသွားတော့မည် ဖြစ်သောကြောင့်ပင်။
ယခုအခါ ‘ရော့ငှက်’ သည် စားစရာ စာရင်းဝင်သွားခဲ့ပြီ ဖြစ်တော့သည်။
...
အမဲလိုက်ပွဲကြီး တစ်ခု စတင်လေပြီ။ သွေးနီရောင် မြစ်ရေပြင်ထက်တွင် ကခုန်နေသော ငွေရောင်ဝံပုလွေတစ်ကောင်သည် ရွှေရောင်နှုတ်သီးရှိသည့် ‘ရော့’ ငှက်ဆိုးကြီးများ၏ အသားကို မြိန်ရည်ယှက်ရည် စားသုံးနေ၏။ ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အနောက်တောင်ဘက် ဒေသရှိ ‘ရော့’ ငှက်တို့အဖို့မူကား ဤသည်မှာ ကပ်ဘေးဆိုးကြီး တစ်ခုပင်။
အဘယ်ကြောင့်နည်း။
အကြောင်းမူကား ထိုငွေရောင်ဝံပုလွေက ၎င်းတို့အသားကို ကြိုက်နှစ်သက်နေပြီး... ထို့ထက်ပို၍လည်း လိုချင်တပ်မက်နေသောကြောင့်တည်း။
...
“ဒါ ဘယ်နေရာလဲ...”
ရွှေဖုန်းပေါင်သည် ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ရင်း ခေါင်းကို ကုပ်လိုက်မိ၏။ မီတာ ၅၀ ခန့် မြင့်မားသည့် မင်ရည်ကဲ့သို့ မည်းနက်သော သစ်ပင်ကြီးများ ရှိရာ သစ်တောကြီးမှာ စိုပြည်စိမ်းလန်းလှသော်လည်း ခြောက်ထောင့်ပုံသဏ္ဌာန်ရှိသော သစ်ရွက်များမှာမူ သွေးကဲ့သို့ နီရဲနေသည်။ လေထုထဲ၌ သွေးညှီနံ့တို့မှာ ထူထပ်လွန်းလှသဖြင့် လူကို အသက်ရှူကြပ်မတတ် ခံစားရစေသည်။
အကယ်၍ သူသာ ‘အာဏာရှင်’ တို့၏ ပြင်းထန်သော လေ့ကျင့်မှုများကို မခံယူထားခဲ့ပါက ဤနေရာတွင် လွန်စွာ စိတ်မသက်မသာ ဖြစ်မိပြီး ကြောက်ရွံ့တုန်လှုပ်မိမည်မှာ အမှန်ပင်။
“ဝိညာဉ်အာရုံနဲ့ မြင်ရသမျှက ညစ်ညမ်းနေတဲ့ သွေးနံ့တွေပဲ ဖြစ်နေတယ်... ထူးဆန်းလိုက်တာ...”
ရွှေဖုန်းပေါင်သည် သေမျိုးတစ်ဦးကဲ့သို့ ပုံမှန်ခြေလှမ်းများဖြင့် လျှောက်လှမ်းနေ၏။ ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်သည့်အခါတိုင်း သွေးရောင်သစ်ရွက်ရှိသော သစ်ပင်နက်ကြီးများမှာ လူသား ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်သည့် အဆိပ်အတောက်များကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်ရှိ မန်နာတို့ကို တစ်နည်းနည်းဖြင့် ဖောက်ပြန်ပျက်စီးစေပြီး ယုတ်ညံ့သော စွမ်းအင်များအဖြစ် ပြောင်းလဲပစ်နေကြသည်။
အမှန်စင်စစ် လေထုထဲ၌ အဆိပ်အတောက်များ ပြည့်နှက်နေခြင်း ဖြစ်သည်။ သူ လွတ်လပ်စွာ အသက်ရှူလိုက်သည့်အခါ သွေးညှီနံ့များရှိသော လေထုထဲမှ အဆိပ်အတောက်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားကြသည်။ သို့သော်လည်း... ၎င်းတို့ အားလုံးမှာ မူလအခြေခံ အမှုန်အမွှား အဆင့်အထိပင် မီးလောင်တိုက်သွင်း ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ဤသို့ မီးတောက်ဖြင့် သန့်စင်စစ်ထုတ်မှုမှာ ရွှေဖုန်းပေါင်၏ ကြယ်တာရာခန္ဓာကိုယ်ကြောင့် အလိုအလျောက် ဖြစ်ပေါ်နေခြင်းပင်။ သူသည် ထိုအဆိပ်အတောက်များထဲမှ အာဟာရဖြစ်စေသော အမတေများကိုပင် ပြန်လည်ထုတ်ယူနိုင်ပြီး မိမိ၏ သွေးစွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်နိုင်သေးသည်။
ဤနေရာသည် အဆိပ်အတောက်များ ဝန်းရံထားသည့် ကြားမှ ကောင်းချီးပေးထားသော မြေထူးမြေမြတ်တစ်ခု ဖြစ်နေပေသည်။
သူ့အတွက် ရရှိသည့် အကျိုးကျေးဇူးမှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း ဤသို့သော ရှာဖွေတွေ့ရှိမှုမှာ မှတ်သားလောက်ပေသည်။ သုံးမိနစ်ခန့် လျှောက်လှမ်းကြည့်ပြီးနောက် ဤပတ်ဝန်းကျင်သည် ချီပျစ်ခဲခြင်း အဆင့်နှင့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများအတွက် အကျိုးရှိနိုင်ကြောင်း ခန့်မှန်းမိသည်။ အထူးသဖြင့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများအနက် အစောပိုင်းနှင့် အလယ်အလတ် အဆင့်များအတွက် ပို၍ သင့်တော်ပေလိမ့်မည်။
“တကယ်ကို ထူးခြားတဲ့ ပတ်ဝန်းကျင်ပဲ… ဒီလိုနေရာမျိုးဆို သားရဲတွေ သဘောကျမှာပဲ ဟုတ်တယ် မလား...”
ရွှေဖုန်းပေါင် တစ်ကိုယ်လုံး ရေရွတ်ရင်းသူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်အလွှာ အထပ်ထပ်နှင့် ထူးဆန်းသော ပတ်လမ်းကြောင်းအတိုင်း လည်ပတ်နေသည့် နေကြယ် နှစ်စင်းကို တွေ့လိုက်ရသည်။
သို့သော် အဘယ်ကြောင့် ထူးဆန်းနေသည်ကိုမူ သူ ချက်ချင်း လက်ငင်း သဘောမပေါက်သေးပေ။ အသေအချာ စဉ်းစားလိုက်သည့်အခါမှသာ သူ လေ့လာခဲ့ဖူးသော ကောင်းကင် ကြယ်တာရာများ တည်ရှိပုံနှင့် နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုများအရ ထူးဆန်းနေရသည့် အကြောင်းရင်းကို နားလည်သွားတော့သည်။
“ဒီဂြိုဟ်က ဒီနေကြယ် နှစ်စင်းကြားမှာ လွန်ဆွဲပွဲ လုပ်ဖို့အတွက် ကြိုးတစ်ချောင်းလို အသုံးချခံနေရတာပဲ... တစ်စင်းကတော့ ရှုံးနေပြီ... သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုခုသာ မရှိရင် နောက်ထပ် အနှစ် ၂၀ ဒါမှမဟုတ် ၃၀ လောက်နေရင် ဒီဂြိုဟ်က ပိုပြီး ဆွဲအားကောင်းတဲ့ နေကြယ်ရဲ့ ပတ်လမ်းကြောင်း သတ်မှတ်ချက်အရ ရှုံးနိမ့်သွားတဲ့ နေကြယ်ဆီကို မလွဲမသွေ သွားတိုက်မိတော့မှာပဲ...”
ဂြိုဟ်ငယ်၏ ကံကြမ္မာဆိုးကို အကဲခတ်ပြီးနောက် သူသည် ကြယ်အင်အား တစ်စက်ကလေးမျှ အသုံးမပြုဘဲ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
“ဒီသစ်ပင်တွေက သဘာဝအတိုင်း ပေါက်နေတာ မဟုတ်ဘူး... ကျင့်ကြံခြင်း နည်းလမ်း တစ်ခုခုရဲ့ ရလဒ်နဲ့ တူတယ်...”
ရွှေဖုန်းပေါင် သစ်ပင်၏ မည်းနက်နေသော အခေါက်ကို ထိတွေ့ကြည့်လိုက်ရာ သန့်စင်ပြီးသား ကြယ်တာရာ စွမ်းအားတို့၏ တုံ့ပြန်မှုကို ခံစားလိုက်ရသည်။ ဤသည်မှာ သစ်သား ဒြပ်စင် ကျင့်ကြံသူ တစ်ဦးက စိုက်ပျိုးထားခြင်း ဖြစ်ပေမည်။ အခြားသစ်ပင် အချို့ကို ထပ်မံ ထိတွေ့ကြည့်သောအခါ စွမ်းအား မတူညီသည့် မူလပိုင်ရှင် အချို့၏ လက်ရာများကိုပါ အာရုံခံမိသည်။ ထိုလူများသည် ဤသစ်ပင်များ၏ သက်တမ်းကို နည်းပညာများဖြင့် ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အခြေအနေများ ပြောင်းလဲသွားပြီးနောက် ဤသစ်ပင်များသည် ရေ၊ နေရောင်ခြည်နှင့် မြေဩဇာ ကောင်းရုံမျှဖြင့် ဆက်လက် မရှင်သန်နိုင်ကြတော့ပေ။
“ဘယ်လို သစ်ပင်တွေလဲ... ဒီနေရာမှာ ဘယ်လိုမျိုး ‘အမှောင်ကျင့်စဉ်’ ကို သုံးထားတာလဲ...”
ရွှေဖုန်းပေါင် သိလိုက်သည့် အရာတစ်ခုတော့ ရှိသည်။ ဤသစ်ပင်များသည် ရှင်သန်နိုင်ရန် သွေးကို အစဉ်တစိုက် စုပ်ယူနေကြရခြင်းပင်။
အကယ်၍ ဤနေရာသာ အာရုဏ်ဦး ဖီဆန်ခြင်းခေတ် မတိုင်မီက ရှေးဟောင်း ချိပ်ပိတ် နယ်မြေသာ ဖြစ်ခဲ့ပါက ဤသစ်ပင်များကို မိစ္ဆာ နည်းလမ်းများ၏ ဘေးထွက်ရလဒ်များဟု ယူဆကြပေလိမ့်မည်။ ခေတ်သစ်တွင်မူ ၎င်းတို့ကို အမှောင်နည်းလမ်းဟုသာ ခေါ်ဆိုကြပြီး ၎င်းတို့နှင့် သက်ဆိုင်သော နည်းလမ်းများကိုလည်း မိစ္ဆာ နည်းလမ်း မဟုတ်ဘဲ အမှောင်မန္တန် နှင့် အမှောင်ကျင့်စဉ် များဟုသာ သတ်မှတ်ကြတော့သည်။
“ဘာလို့များလဲ...”
ရွှေဖုန်းပေါင် သက်ပြင်းချမိသည်။ သူသည် စုံထောက်ဆန်ဆန် စဉ်းစားတတ်သူ မဟုတ်ပေ။ အချက်အလက်များအား ခေါင်းစားခံ စဉ်းစားခြင်းမျိုးကိုမူ ယောင်ဟုန်ရီ ကဲ့သို့ ဉာဏ်ရည်ထက်မြက်ပြီး စူးရှသော မျက်လုံးရှိသူများကိုသာ လွှဲထားချင်သည်။ ကံဆိုးသည်က သူသည် ယခုအခါ တစ်ယောက်တည်း ဖြစ်နေသဖြင့် ထိုတာဝန်ကိုပါ ယူရတော့မည် ဖြစ်သည်။
အရှင်ဝေ့က ဤဂြိုဟ်သို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့လေရာ... ဤနေရာမှာ လေ့လာစရာ သို့မဟုတ် တိုက်ခိုက်ရေး လေ့ကျင့်ရန်အတွက် အရေးပါသော နေရာတစ်ခု ဖြစ်ရမည်။ ထို့ကြောင့် သူ အနည်းငယ် ပို၍ အလေးအနက်ထားရန် လိုအပ်ပေသည်။
ပတ်ဝန်းကျင် အခြေအနေနှင့် ဤဂြိုဟ် ကြုံတွေ့ရမည့် ကပ်ဘေးဆိုးကို ခန့်မှန်းနိုင်စွမ်း ရှိရုံဖြင့် သူသည် တုံးအသူ မဟုတ်ကြောင်း သိသာလှပေသည်။ သူက ပျင်းရုံသာ ပျင်းခြင်း ဖြစ်သည်။
ရှဲ... ရှဲ...
လေတိုက်ခြင်း မရှိပါဘဲ သွေးရောင်သစ်ရွက်များ လှုပ်ခတ်သွား၏။ ၎င်းမှာ အလွန် သိမ်မွေ့လှသဖြင့် သေမျိုးတစ်ဦး၏ မျက်လုံးနှင့် နားဖြင့်ဆိုလျှင် မည်သို့မျှ မသိနိုင်ပေ။ သို့သော်လည်း... ရွှေဖုန်းပေါင်မှာမူ မည်သည့် ရှုထောင့်မှ ကြည့်ကြည့် သာမန် သေမျိုးတစ်ဦး မဟုတ်ပေ။
သူ ခြေလှမ်းများကို ရပ်တန့်လိုက်၏။ အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေကြီးထဲတွင် နစ်မြုပ်နေသည့် ခြောက်ထောင့်ပုံစံ သစ်ရွက်ကြီး တစ်ရွက်ကို တွေ့လိုက်ရသည်။ သူက ထိုသစ်ရွက်၏ အနားသတ်ကို နင်းမိခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် သစ်ပင်များအကြား တစ်ပင်နှင့်တစ်ပင် ဆက်သွယ်လိုက်သကဲ့သို့ တုံ့ပြန်မှုတစ်ခု ပျံ့နှံ့သွားခြင်း ဖြစ်ပေသည်။
“သတိပေးတဲ့ စနစ်လား...”
ထိုအတွေးကြောင့် ရွှေဖုန်းပေါင် ဇဝေဇဝါ ဖြစ်သွားသည်။ သစ်ရွက်က သိပ်ပြီး မကြီးလှပေ။ ဤသည်မှာ ကျင့်ကြံသူများ ပြုလုပ်ထားသော သတိပေးစနစ်တစ်ခုလော။ အရှင်ဝေ့၏ ဖော်ပြချက်အရ ဤလောကမှာ သားရဲများ စိုးမိုးရာ မြေဖြစ်သည်။ ကျင့်ကြံသူများအချင်းချင်း တိုက်ခိုက်နေရလောက်အောင် အချိန်ပိုတွေ ရှိနေကြလိမ့်မည် မထင်ချေ။
“ရှိတာပေါ့... ရှိမှာပေါ့...”
ရွှေဖုန်းပေါင် မိမိ၏ အတွေးကိုပင် အဓိပ္ပာယ်မရှိဟု ယူဆကာ နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ ကျင့်ကြံသူတို့၏ သဘာဝဟူသည် ရှင်သန်ရေးနှင့် သိမ်းပိုက်ခြင်းတို့အပေါ်တွင် နက်ရှိုင်းစွာ အခြေခံထားသည် မဟုတ်ပါလား။
သားရဲများသည် နယ်မြေလုတတ်ကြသလို ကျင့်ကြံသူများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကျင့်ကြံသူများ အခြေချ နေထိုင်ကြသော ဂြိုဟ်အစုအဝေးတိုင်းသည် နယ်မြေနှင့် အာဏာကို အရယူလိုသည့် သူတို့၏ ပြင်းထန်သည့် ဗီဇများကို သက်သေပြနေကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းကိုလည်း ရှင်သန်ရပ်တည်ရေးနှင့် နောင်လာနောက်သားများ သက်သောင့်သက်သာ ရှိစေရေးဟူသော အကြောင်းပြချက်များဖြင့် ဆင်ခြေပေးတတ်ကြသေးသည်။
ရွှေဖုန်းပေါင် နေရာမှ မရွေ့ဘဲ စောင့်နေလိုက်သည်။ သတိပေးစနစ်ကို သိရှိသွားသူမှာ တစ်ခုခုကို ကြောက်ရွံ့၍ ထွက်ပြေးသွားနိုင်သလို၊ ဤနေရာသို့ ရောက်ရှိလာနိုင်ချေလည်း ရှိသည်။ အနည်းဆုံးတော့ ထိုပုဂ္ဂိုလ်များမှာ ဝိညာဉ်အာရုံဖြင့် ဖြစ်စေ၊ ဝိညာဉ် အစီအရင် တစ်ခုခုဖြင့် ဖြစ်စေ စမ်းသပ် စုံစမ်းကြပေလိမ့်မည်။
ထိုအခါမှသာ သူတို့၏ တည်နေရာနှင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။ ပတ်ဝန်းကျင်ကို အသုံးချ၍ အဝေးမှ တိုက်ခိုက်လာလျှင်လည်း ထိုတိုက်ခိုက်မှု၏ မူလမြစ်ဖျားခံရာကို သူ လိုက်လံ ရှာဖွေနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ အခြားလူ တစ်ယောက်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခြင်းမှာ အနည်းငယ် ပျော့ညံ့သလို ရှိပြီး၊ အခွင့်အရေး မှန်သမျှကို အရယူတတ်သည့် အာဏာရှင် တို့၏ လမ်းစဉ်နှင့် ဆန့်ကျင်နေသော်လည်း ရွှေဖုန်းပေါင်ကမူ အမြဲတမ်း ဤအတိုင်းပင် ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာတုန်းလည်း သူသည် အစပိုင်းတွင် တည်ငြိမ်စွာ စောင့်ကြည့်နေပြီးမှ နောက်ပိုင်းတွင်မှ ဦးဆောင်မှုကို မရပ်မနား အရယူခဲ့သည် မဟုတ်ပါလား။
ဤနည်းဖြင့်ပင် သူ၏ ကိုယ်လုပ်တော်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင်မူ သူ၏ သားသမီးများကို ထိုအကြောင်းများ ပုံပြင်သဖွယ် ပြန်ပြောပြကောင်း ပြောပြပေလိမ့်မည်။
***