← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 25 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 25 Ch. 337-338

အပိုင်း(၃၃၇)

ချိုးငှက်အသွင် ပြောင်းထားသော ဝေါလစ်သည် တစ်ကိုယ်လုံး တုန်ယင်နေမိ၏။ ယခုလေးတင် သူ မြင်တွေ့လိုက်ရသော ထူးဆန်း ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် တောင်ပံများကို ပျာပျာသလဲ ခတ်မိပြီး အမိုးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ မည်သည့် အရာများ ကြုံတွေ့ခဲ့ရသနည်း။

…

လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်…

လူဝီသည် စာအုပ်ဆိုင်အတွင်းသို့ အလွန်လျင်မြန်စွာ ချောချောမွေ့မွေ့ ခိုးဝင်နိုင်ခဲ့သည်။ သူသည် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်သေးဘဲ ထုံးစံအတိုင်း စာအုပ်စင်များ၏ အရိပ်ထဲတွင်သာ ငြိမ်သက်စွာ ပုန်းကွယ်နေခဲ့သည်။

ဤသည်မှာ သူ့ အတွက် နေ့စဉ်အလုပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အခုထိတော့ ဘာပြဿနာမျှ ရှိပုံမရသေးပေ။ စာအုပ်ဆိုင်ပိုင်ရှင်မှာလည်း ကောင်တာနောက်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကိုသာ အာရုံစိုက်ဖတ်နေသည်။ ကျူးကျော်သူ ရောက်ရှိနေသည်ကို လုံးဝ သတိပြုမိပုံမရချေ။

အရိပ်လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအတွက်မူ ဤကဲ့သို့ လှပသော ခိုးဝင်မှုမျိုးမှာ သဘာဝကျလှပေသည်။ အမှန်စင်စစ် လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာမှာ သူတို့၏ အထူးပြုကျွမ်းကျင်မှု မဟုတ်ပါလား။

သူတို့သည် ခန္ဓာကိုယ် တည်ဆောက်ပုံကိုပင် ပြုပြင်ပြောင်းလဲထားသဖြင့် အရိပ်သတ္တဝါများအဖြစ် ပြောင်းလဲနိုင်ကြသည်။ ပုံမှန်အားဖြင့် ဖျက်ဆီးခြင်းအဆင့် ရှိသူများပင်လျှင် သူတို့၏ တည်ရှိမှုကို မရိပ်မိနိုင်ချေ။ လူဝီကဲ့သို့ အဆင့်ရှိသူတစ်ဦးမှာမူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်သရွေ့ အခရာအဆင့် ရှိသူများထံမှပင် ပုန်းကွယ်နေနိုင်စွမ်း ရှိလေသည်။

မီးလျှံဓားလမ်းစဉ် အဖွဲ့မှ မွေးမြူထားသော ဤ “အရိပ်ပိုးကောင်” များသည် အဖွဲ့အစည်း၏ အစွန်အဖျားတွင် ရှိသော်လည်း အဆင့်မြင့်ဆုံးသော လက်ပါးစေများ ဖြစ်ကြသည်။ သူတို့သည် အောက်ခြေအဆင့် အဖွဲ့ဝင်များနှင့် ဆက်သွယ်ရေး လုပ်ဆောင်ပေးရပြီး နောက်ကွယ်က မသန့်ရှင်းသော အလုပ်မှန်သမျှကို တာဝန်ယူရသူများ ဖြစ်သည်။

ယင်းအလုပ်များထဲတွင် အဖွဲ့သို့ ဝင်ရောက်လိုသူများကို စမ်းသပ်စစ်ဆေးခြင်းနှင့် အဖွဲ့အစည်းအတွက် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။ ဝေါလစ်ကို ဤအဖွဲ့အစည်းနှင့် စတင်မိတ်ဆက်ပေးခဲ့သူမှာ ဆေပါမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင် “ဝံပုလွေဘုရင်” ဟော့ဖ်မန်း ကိုယ်တိုင်ပင် ဖြစ်သည်။

မှန်ပေသည်။ ဆေပါမျိုးနွယ်စု၏ ခေါင်းဆောင်ကိုယ်တိုင်က မီးလျှံဓားလမ်းစဉ် ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေခြင်းပင်။

ဝေါလစ်သည် ဟော့ဖ်မန်း၏ ယုံကြည်စိတ်ချရသော လက်ရုံးတစ်ဦးဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ဟောင်းအပေါ်တွင်လည်း သစ္စာစောင့်သိသူ ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်သစ်တိုင်း လုပ်ဆောင်ရမြဲဖြစ်သော အရည်အချင်းစစ် တာဝန်ကို လုပ်ဆောင်ရန်အတွက် ဤအရိပ်လုပ်ကြံသတ်ဖြတ်သူ (လူဝီ) နှင့်အတူ ခေတ္တပူးပေါင်းခဲ့ရခြင်း ဖြစ်သည်။

ဟော့ဖ်မန်း၏ အာမခံချက်ရှိနေသဖြင့် ဝေါလစ်အတွက် ဤတာဝန်မှာ အပျော့လေးသာ ဖြစ်သည်။

သာမန် တစ်ပတ်ရစ် စာအုပ်ရောင်းသူ တစ်ဦးထံမှ ထူးခြားသော စာအုပ်တစ်အုပ်ကို ယူရုံသာဖြစ်ပြီး၊ စိုးရိမ်စရာဟူ၍ ထိုစာအုပ်ကို လိုချင်နေကြသော အခြားသော အစွမ်းထက်ပုဂ္ဂိုလ်များသာ ရှိပေလိမ့်မည်။

ဝေါလစ်၏ အမြင်တွင်မူ ထိုသူများထဲ၌ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ သူ၏ လက်တွဲဖော် အရိပ်လုပ်ကြံသတ်ဖြတ်သူ လူဝီဆိုလျှင်မူ ဆိုဖွယ်ရာမရှိပြီ။ ဤတာဝန်သည် ကလေးလက်ထဲက မုန့်ကို ယူရသလောက်ပင် လွယ်ကူလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာမှာမူ ဝေါလစ်တစ်သက် မေ့နိုင်တော့မည် မဟုတ်ပေ။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ လူဝီသည် စာအုပ်စင်များကြားရှိ အရိပ်ထဲသို့ ပျော်ဝင်သွား၏။

ထိုအခိုက်၌ ဝေါလစ်၏ တောင်ပံများပင် ခတ်လို့ မပြီးသေးပေ။ သူ၏ ချိုးငှက်ခြေထောက်များမှာ အမိုးစွန်းပေါ်သို့ နင်းမိရုံသာ ရှိသေးသည်။

ထို့နောက် သူ၏ ချိုးငှက်မျက်လုံးများ မှတစ်ဆင့် အရိပ်ထဲ၌ ပိုမိုနက်မှောင်သော မှောင်ရိပ်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ကိုယ်ပိုင် ပင့်ကူအိမ်ထဲသို့ အရသာရှိသော အစာတစ်ခု ကျရောက်လာချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီးမှ ရုတ်တရက် ခုန်အုပ်ဖမ်းဆီးကာ ဝါးမြိုလိုက်သော ပင့်ကူတစ်ကောင်လိုပင်။

ဝေဝေဝါးဝါး လူပုံသဏ္ဌာန် အရိပ်တစ်ခုမှာ ထိုမှောင်ရိပ်ထဲတွင် အပြင်းအထန် ရုန်းကန်နေရသည်ကို မြင်တွေ့ရပြီး၊ မှောင်ရိပ်တစ်ခုလုံးမှာ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ လှုပ်ရှားရုန်းကြွလာသည်။ ထိုသူမှာ လူဝီဖြစ်ပြီး သူက အပြင်သို့ လွတ်မြောက်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ဝေါလစ် သေချာပေါက် သိနေသည်။

အရိပ်ထဲတွင် ရှိနေသော အရိပ်သတ္တဝါတစ်ဦးကို အခြားအရိပ်သတ္တဝါတစ်ဦးကသာ ဒုက္ခပေးနိုင်သည်။

အကယ်၍သာ သူ အရိပ်ထဲမှ ထွက်ခွာပြီး သာမန်လူသားအသွင်သို့ ပြန်ပြောင်းနိုင်ခဲ့လျှင် ဘေးကင်းသွားလိမ့်မည်ဟု ဝေါလစ် သေချာပေါက် ခံစားနေမိသည်။

သို့သော်လည်း လူဝီ အစွမ်းရှိသမျှဖြင့် မည်မျှပင် လိမ်ဖယ်ရုန်းကန်ပါစေ၊ ပြားချပ်နေသော အရိပ်များမှာ ဖောင်းကြွ လိမ်ရှုံ့လာသော်လည်း ရွှံ့နွံနက်ကြီးကဲ့သို့သော အရိပ်ထဲမှ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။

ရှည်လျားလှသော အရိပ်လက်တံများစွာမှာ ဘေးပတ်ပတ်လည်မှ ထွက်ပေါ်လာပြီး လူပုံသဏ္ဌာန် အရိပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လိမ်ချိုးဖျက်ဆီးပြီး ဝါးမြိုပစ်လိုက်ကြလေသည်...။

အသံတစ်သံမျှပင် ထွက်မလာခဲ့ချေ။

ထို့နောက်တွင်မူ ထိုအရိပ်မှာ ဘာမှမဖြစ်ခဲ့သလို ပြန်လည်ငြိမ်သက်သွားတော့သည်။ ထူးခြားသည်က ထိုအရိပ်မှာ ရုတ်တရက် အနည်းငယ် ပိုမိုကြီးထွားသွားခြင်းပင် ဖြစ်သည်။

ဝေါလစ်အနေဖြင့် လူဝီ ခံစားခဲ့ရသော အကြွင်းမဲ့ မျှော်လင့်ချက်မဲ့သွားသည့် ခံစားချက်ကိုပါ သိရှိနေရသဖြင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေမိသည်။

ထိုအချိန်မှာပင် မှတ်တမ်းစာအုပ်ကို ဖတ်ရှုနေသည့် စာအုပ်ဆိုင်ပိုင်ရှင်မှာ စာအုပ်စင်များကြားရှိ အရိပ်ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်များစွာပါဝင်သော ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

ထိုအပြုံးနှင့်အတူ ပါလာသည်မှာ ဝိညာဉ်ကိုပါ ဝါးမြိုပစ်မည့် ကြောက်စရာကောင်းသော ချောက်ကမ္ဘာကြီးနှင့်တူသည့် နက်မှောင်လှသော မျက်ဝန်းများပင်…။

‘သူ အစကတည်းက သိနေတာပဲ…’’

‘ငါတို့ရဲ့ အကြံအစည်တွေ၊ ငါတို့ နောက်ယောင်ခံလိုက်နေတာတွေ၊ လူဝီ ခိုးဝင်တာနဲ့ ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို သူ အကုန်သိနေတာပဲ… သူက လူဝီ အဖမ်းခံရမှာကို တမင်တကာ ထိုင်စောင့်နေခဲ့တာ…’

‘သူ ပြုံးနေတယ်၊ သူ ပြုံးနေတယ်… သူက ငါတို့ရဲ့ မိုက်မဲမှုကို လှောင်ပြုံး ပြုံးနေတာ…’

‘ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ… ဒီစာအုပ်ဆိုင်ပိုင်ရှင်က ကောလာဟလတွေအတိုင်း တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ… သူက ဘာခံစားချက်မှ မပြဘဲနဲ့ အခရာအဆင့် ရှိတဲ့သူတွေကိုတောင် မြက်ဖြတ်သလို အလွယ်တကူ သတ်ပစ်နိုင်တဲ့သူပဲ…’’

‘မဖြစ်ဘူး၊ မဖြစ်ဘူး… ငါ အမြန်ပြေးမှဖြစ်မယ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်…’

‘မီးလျှံဓားလမ်းစဉ်တို့၊ အရိပ်လုပ်ကြံသတ်ဖြတ်သူတို့ ဆိုတာတွေက အကုန် အလိမ်အညာတွေပဲ…’

အမိုးပေါ်ရှိ ချိုးငှက်သည် ခြေချော်သလို ဖြစ်သွားပြီးနောက် တုန်တုန်ယင်ယင်နှင့် ‘ကူ ကူး’ ဟု မြည်တမ်းကာ နောက်သို့ လှည့်မကြည့်ဘဲ အဝေးသို့ ပျံထွက်သွားလေတော့သည်။

…

သီအိုဒို သည် ကောင်တာတွင် ပူပန်စွာ ထိုင်နေရင်း သူ့အား ဒုက္ခမျိုးစုံ ပေးခဲ့သော စာအုပ်အပေါ် စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေမိသည်။ အကယ်၍ ဤနောက်ဆုံး မျှော်လင့်ချက်ကသာ သူ့ကို မကူညီနိုင်ခဲ့လျှင် သူ၏ ဘဝနိဂုံးမှာ မလှပနိုင်တော့ကြောင်း တွေးနေမိသည်။

အလွန်အမင်း မျှော်လင့်ချက်မဲ့ပြီး စိုးရိမ်နေရသည့် အချိန်များတွင် ထိုစာအုပ်ကို ထိုလူများလက်ထဲသို့ ကိုယ်တိုင် သွားပေးလိုက်လျှင် ကောင်းမလားဟုလည်း သူ စဉ်းစားခဲ့ဖူးသည်။ သို့သော် အသိတရားက သူ့ကို တားဆီးခဲ့သည်။

သီအိုဒိုမှာ လူမိုက်တစ်ယောက် မဟုတ်ပေ။ နှစ်ပေါင်းများစွာ တစ်ပတ်ရစ်စာအုပ် ရောင်းလာခဲ့သူ ဖြစ်သည့်အားလျော်စွာ အာဏာရှိသူ၊ အစွမ်းရှိသူ အများအပြားနှင့် ထိတွေ့ခဲ့ဖူးသည်။ သာမန်လူများ၏ အထက်တွင် ရှိနေသူများသည် သူတို့၏ အကျိုးစီးပွားအတွက်ဆိုလျှင် သူတို့၏ လျှို့ဝှက်ချက် သိထားသူများကို မည်သည့်အခါမျှ အသက်ရှင်ခွင့် ပေးကြမည် မဟုတ်ပေ။

အကယ်၍သာ သီအိုဒိုသည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသပြီး ထိုလူများထံသို့ စာအုပ် သွားပေးခဲ့လျှင် သူ မည်သည့်အခါမျှ နေရောင်ခြည်ကို ပြန်မြင်ရတော့မည် မဟုတ်ပါ။ ထို့ကြောင့်ပင် သူသည် အကြံကုန် ဂဠုန်ဆားချက် ဆိုသလို ဤစာအုပ်ဆိုင်ပိုင်ရှင်ထံသို့ စာအုပ် လာပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သီအိုဒို မိနစ် ၂၀ ခန့် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ အစပိုင်းတွင် သူသည် အလွန်ပင် စိတ်မအေးဖြစ်နေပြီး ထိုင်ခုံပေါ်တွင် ဂယောက်ဂယက် ဖြစ်နေခဲ့သော်လည်း၊ လင်ကျဲက စာမျက်နှာများကို တစ်ရွက်ချင်း အေးအေးလူလူ လှန်နေသည်ကို ကြည့်ရင်း ထူးဆန်းစွာပင် သီအိုဒို စိတ်ငြိမ်သွားခဲ့သည်။

‘အနည်းဆုံးတော့... ဒီလူငယ်လေးက ငါ့ရဲ့ တောင်းဆိုမှုကို အလေးအနက်ထားပြီး ကြည့်ပေးနေတာပဲ… သူ ငါ့ကို မကူညီနိုင်ရင်တောင် လူကောင်းတစ်ယောက်နဲ့ ဆုံခဲ့ရတာပဲဆိုပြီး ငါ နောင်တရမှာ မဟုတ်ပါဘူး’

‘ပြီးတော့ မစ္စတာလင်ရဲ့ မျက်လုံးတွေကို ကြည့်ရတာ သူ တကယ်ပဲ ဒီစာလုံးတွေကို ဖတ်တတ်ပုံရတယ်... ဘယ်သူသိမှာလဲ၊ တကယ်ပဲ အဆင်ပြေသွားမလားဆိုတာ…’

သီအိုဒို ထိုမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားစဉ်မှာပင် လင်ကျဲက သူ့ကို ရုတ်တရက် မော့ကြည့်လိုက်၏။ မဟုတ်သေး... သူက သီအိုဒို၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မရေမရာ အပြုံးတစ်ခုကို ပြုံးလိုက်ခြင်း ဖြစ်သည်။

“ဟို... မစ္စတာလင်... ဘာဖြစ်လို့လဲခင်ဗျ…”

သီအိုဒိုက နောက်သို့ လှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ လင်ကျဲက ခေါင်းခါလိုက်ပြီး ပြန်ဖြေ၏။

“ဘာမှမဟုတ်ပါဘူး… ရယ်စရာတစ်ခု သွားသတိရလို့ပါ… ဒါနဲ့... ခင်ဗျားရဲ့ စာအုပ်ကို ကျွန်တော် ခဏလောက် ထပ်ပြီး လေ့လာဖို့ လိုဦးမယ် ထင်တယ်… ဒီမှာပဲ ခေတ္တ ထားခဲ့လို့ ရမလား… ရက်နည်းနည်းကြာရင် ကျွန်တော် ပြန်ပေးပါ့မယ်”

သီအိုဒိုမှာ အတိုင်းမသိ ဝမ်းသာသွား၏။ စာအုပ်ကို ဤနေရာတွင် ထားခဲ့ခိုင်းသည်မှာ စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကို ကူညီရန် ကတိပေးလိုက်ခြင်းပင် ဖြစ်သည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ရတာပေါ့ခင်ဗျာ… အကယ်၍ မစ္စတာလင် အလိုရှိမယ်ဆိုရင် ဒီစာအုပ်ကို လက်ဆောင်တောင် ပေးခဲ့ပါ့မယ်”

လင်ကျဲက ခပ်တိုးတိုး ရယ်မောလိုက်၏။

“အဲဒီလောက်ထိတော့ မလိုပါဘူး... ဟင်…”

ရင်ခွင်ထဲရှိ အဖြူလေးမှာ ဂဏာမငြိမ် ဖြစ်လာသဖြင့် သူ စကားကို ခဏရပ်လိုက်သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ ထိုဝဖြိုးသော ကြောင်လေးမှာ တစ်ခုခုကို အငမ်းမရ ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လင်ကျဲက အဖြူလေး ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ ပြတင်းပေါက် အပြင်ဘက်တွင် ချိုးငှက်တစ်ကောင် တောင်ပံခတ်ပြီး ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ရသည်။

သူက အနည်းငယ် အံ့ဩသွားသလိုဖြင့် အဖြူလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“မင်း အဲဒါကို စားချင်လို့လား…”

***

အပိုင်း(၃၃၈)

လင်ကျဲသည် ပျံသန်းထွက်ခွာသွားသော ချိုးငှက်လေးကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ တွေးနေမိသည်။

‘အဲဒီ ချိုးငှက်က တော်တော်လေး ဝတာပဲ…’’

မွန်းက နေ့တိုင်း ကြောင်စာတွေ ကျွေးနေတာတောင် အဖြူလေး အဘယ်ကြောင့် ဂဏာမငြိမ် ဖြစ်နေရသလဲဆိုတာကို လင်ကျဲ အခုမှပဲ သဘောပေါက်တော့သည်။ အိမ်က ထမင်းထက် ဆိုင်က ရေနွေးကြမ်းက ပိုကောင်းသည်ဆိုသလို အိမ်စာထက် အပြင်က အစာကို ပိုပြီး လောဘတက်နေခြင်း ဖြစ်ပေလိမ့်မည်။ တကယ့်ကို အစားကြီးတဲ့ ကြောင်လေးပင်။

‘ငှက်ဖမ်းရတာက ကြောင်တွေရဲ့ သဘာဝပဲ မဟုတ်လား… ကြောင်ကစားစရာတံလေးနဲ့ ကစားပေးရတာကလည်း ဒီသဘောပဲလေ... ဒါက ကျိုးကြောင်းဆီလျော်ပါတယ်'

လင်ကျဲ၏ အကြည့်မှာ ခုနလေးတင် သူ ဘေးသို့ ချထားခဲ့သော ကြောင်ကစားစရာတံလေးပေါ်သို့ ကျရောက်သွားသည်။

‘အင်း... ဒါ ငါ့အပြစ်ပါပဲ… ငါကိုယ်တိုင် ဒီကစားစရာတံကို လုပ်ပေးလိုက်လို့ အဖြူလေးရဲ့ မူလဗီဇတွေ နိုးကြားလာတာ ဖြစ်နိုင်တယ်…’’

သူ အဖြူလေး၏ အမွှေးအမျှင်လေးများကို ပွတ်သပ်ပေးရင်း သက်ပြင်းတစ်ချက်ချကာ ထိုအိမ်မွေးတိရစ္ဆာန်လေးကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

“ကဲ... အဲဒါကလည်း အသက်လေး တစ်ချောင်းပဲလေ… အိမ်မှာလည်း မင်းအတွက် ကြောင်စာတွေ ရှိသားပဲ မဟုတ်လား အဖြူလေး… ဗိုက်မဝဘူးလား… ပြီးတော့ မင်းရဲ့ အမွှေးတွေကလည်း ဖြူဆွတ်နေတာပဲကို...”

“မြောင်…”

အဖြူလေးက မော့ကြည့်လိုက်ပြီး လင်ကျဲ၏ လက်မောင်းပေါ်သို့ သူ၏ နူးညံ့လှသော ခြေဖဝါးလေးနှစ်ဖက်ကို အသာအယာ တင်လိုက်သည်။ ထို့နောက် သတ္တိမွေးကာ မော့ကြည့်ရင်း တိုးတိုးလေး အော်လိုက်လေသည်။

၎င်း၏ ကြည်လင်ပြီး ဝါဝင်းနေသော မျက်ဝန်းလေးများမှာ နောင်တရနေသလိုလို၊ တောင့်တနေသလိုလိုဖြင့် သနားစဖွယ် ဖြစ်နေသည်။

၎င်းမှာ လိမ္မာသော်လည်း အနည်းငယ် ဆိုးချင်နေသော ကြောင်လေးတစ်ကောင်၏ ပုံရိပ်ကို အပြည့်အဝ ဖော်ဆောင်နေလေသည်။

‘ကျွန်တော် ဒီကြောင်ကစားစရာနောက်ကို ဘယ်လောက်တောင် လိုက်ခဲ့ရသလဲဆိုတာ ကြည့်ပါဦး ဖေကြီးရယ်… အဲဒီ အနံ့မွှေးမွှေးလေးနဲ့ ငှက်ကြီးကို စားခွင့်ပြုပါ…’

အဖြူလေးက ထိုကဲ့သို့ အသနားခံနေ သယောင်ပင်…။

ကြောင်ချစ်တတ်သူ တစ်ယောက်ဖြစ်သည့် လင်ကျဲအတွက်မူ ထိုမြင်ကွင်းက နှလုံးသားကို အရည်ပျော်သွားစေသည်။

၎င်းက ချိုးငှက်တစ်ကောင်မျှသာ ဖြစ်သည် မဟုတ်လား။ သူ၏ ကလေးလေး အလိုရှိနေသည်ကို ဘာကြောင့် မပေးဘဲ နေနိုင်ပါမည်နည်း။

“အင်းလေ... ကောင်းပါပြီ...”

ဖျောင်းဖျမည့် စကားလုံးများမှာ နှုတ်ခမ်းဖျားတွင်တင် ရပ်တန့်သွားတော့၏။ သူ သက်ပြင်းအသာချရင်း အဖြူလေး၏ ခြေဖဝါးလေးကို ဆွဲညှစ်ကာ ပြောလိုက်သည်။

“သွား... သွားပြီး ပျော်ပျော်ပါးပါး ကစားချေတော့… ခဏနေရင် မွန်းကို မင်းကို လိုက်ရှာခိုင်းလိုက်မယ်… သိပ်ပြီးတော့ အဝေးကြီး မသွားနဲ့ဦးနော်…”

ထိုအခိုက်၌ လင်ကျဲသည် ခရီးထွက်မည့် ကလေးအတွက် ပူပန်နေရသော ‘မိခင်’ တစ်ယောက်ကဲ့သို့ ခံစားနေမိသည်။ အဖြူလေးက သူပြောသည်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူကတော့ မွန်းကို အကြောင်းကြားထားပြီး ကြောင်လေးကို စောင့်ကြည့်ခိုင်းရမည် ဖြစ်သည်။

ထို့ပြင် ပုံမှန် လှုပ်ရှားမှုများကို ကြည့်ရသလောက် အဖြူလေးမှာ အတော်လေး ဉာဏ်ကောင်းသည့်ပုံ ရသည်။ ထို့ကြောင့် ကြောင်လေးအနေဖြင့် သူ၏ သခင်၏ စိုးရိမ်ပူပန်မှုကို နားလည်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

“မြောင်…”

အဖြူလေး၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားပြီး လင်ကျဲ၏ လက်ဖမိုးကို လျှာဖြင့် လျက်ပြလိုက်သည်။ သဘောတူပါသည်ဟု ပြောလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ထို့နောက် သူက ပျော်ရွှင်စွာဖြင့် အောက်သို့ ခုန်ဆင်းကာ တံခါးကို တွန်းဖွင့်ပြီး ထွက်ပြေးသွားသော ချိုးငှက်နောက်သို့ လိုက်ရန် ဆိုင်ထဲမှ ပြေးထွက်သွား လေတော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း သီအိုဒိုမှာ မှင်တက်သွားရသည်။

‘ရိုးလ် သယံဇာတ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ သခင်မလေးတောင်မှ လာတွေ့ရတဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း ထူးခြားပါပေတယ်… သူ မွေးထားတဲ့ ကြောင်ကတောင် တခြားကြောင်တွေနဲ့ မတူဘူး… တကယ့်ကို ဉာဏ်ကောင်းလိုက်တာ...’

ထိုကြောင်လေးကို အံ့ဩနေစဉ်မှာပင် ခုနလေးတင် ပြတင်းပေါက် အပြင်ဘက်၌ ကယောင်ကတမ်းဖြင့် ပျံထွက်သွားသော ချိုးငှက်ကို ပြန်လည် သတိရမိသည်။ အစပိုင်းတွင် သူ သိပ်ပြီး ဂရုမထားမိသော်လည်း ကြောင်လေး၏ လှုပ်ရှားမှုကြောင့် ချိုးငှက်၏ အသွင်အပြင်မှာ သူ၏ အာရုံထဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ထို့ကြောင့်ပင် သူ၏ မျက်နှာတွင် သံသယများ ဖြစ်ပေါ်လာ၏။

အကြောင်းကား… သူ၏ အာရုံထဲတွင် ပြန်လည် မြင်ယောင်လာသော ထိုချိုးငှက်၏ မျက်လုံးများမှာ ခံစားချက်များ ပြည့်နှက်နေပြီး လူသားတစ်ယောက်၏ မျက်လုံးများနှင့်ပင် ဆင်တူနေသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင်ပင် လင်ကျဲက သီအိုဒိုဘက်သို့ ရုတ်တရက် ပြန်လှည့်လာပြီး ပြုံးပြလိုက်၏။

“ကျွန်တော်တို့ စကား ဆက်ပြောကြရအောင်… တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးက နည်းနည်း ဆိုးနေလို့ပါ…”

သူက ခဏတာမျှ ရပ်လိုက်ပြီးနောက် မေးလိုက်သည်။

“ဪ... ဒါနဲ့ သီအိုဒို၊ ခင်ဗျား ဒီကို ပြောင်းလာတာ မကြာသေးဘူး မဟုတ်လား… ဒီနားတစ်ဝိုက်မှာ အသစ်ဖွင့်ထားတဲ့ ချိုးငှက်မွေးမြူရေးခြံ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ချိုးငှက်တွေကို အစာကျွေးတဲ့ နေရာမျိုး မြင်မိသေးလား… တောရိုင်းထဲမှာ ဒီလောက်အထိ အမွှေးအမျှင် ပြောင်လက်ပြီး ဝဖြိုးနေတဲ့ ချိုးငှက်မျိုး တွေ့ရခဲတယ်ဗျ”

ထိုချိုးငှက်မှာ တစ်စုံတစ်ယောက်က မွေးထားသော ငှက် သို့မဟုတ် လွတ်ထွက်လာသော အိမ်မွေးငှက် ဖြစ်နေမည်ကို စိုးရိမ် နေမိသည်။ အကယ်၍သာ ထိုသို့ဆိုလျှင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။

သီအိုဒိုမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ အံ့ဩတုန်လှုပ်သွား၏။

“မရှိပါဘူး...”

သူက ငေးငိုင်စွာ ပြန်ဖြေလိုက်သည်။ သူ ဤနေရာသို့ ပြောင်းလာခါစက အလေ့အကျင့်အရ ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ ဤလမ်းတစ်လျှောက်တွင် ချိုးငှက်မွေးမြူရေးခြံဟူ၍ မရှိသလို၊ အဆောက်အအုံများ ထူထပ်လွန်းသဖြင့် ချိုးငှက်များကို အစာကျွေးနိုင်သည့် နေရာမျိုးလည်း မရှိပေ။ ထို့ပြင် မကြာမီက ဖြစ်ပွားခဲ့သည့် ကြီးမားသော ဂက်စ်ပေါက်ကွဲမှုကြောင့် သစ်ပင်များလည်း သိပ်မကျန်တော့ပေ။

ထို့ကြောင့် ဤအရပ်တွင် လူမွေးထားသော ချိုးငှက်များ ပေါ်လာရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

‘အဲဒီ ချိုးငှက်က... တစ်ခုခုတော့ မှားနေပြီ…’

သီအိုဒို လင်ကျဲကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရပြီး ထိုအပြုံး၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။ စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကို သတိပေးလိုက်ခြင်းပင်…။

ဤနေရာတွင် မရှိသင့်သော ထိုချိုးငှက်သည် မည်သည့် နေရာမှ ရောက်လာသနည်း။

သီအိုဒိုသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ အတွေ့အကြုံကို ပြန်လည် မြင်ယောင်လာသည်။

လမ်းထောင့်တွင် ရုတ်တရက် လင်းယုန်ငှက် အဖြစ် ပြောင်းလဲသွားသော ဖောက်သည် တစ်ယောက်…

သူက လင်းယုန်အဖြစ် ပြောင်းနိုင်လျှင် ချိုးငှက်အဖြစ်လည်း သေချာပေါက် ပြောင်းလဲနိုင်ပေလိမ့်မည်။

'ဟုတ်တယ်… အဲဒီ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေ… အဲဒါတွေက နူးညံ့သိမ်မွေ့တဲ့ ချိုးငှက်တစ်ကောင်ရဲ့ မျက်လုံးတွေ မဟုတ်တာ သေချာတယ်… အဲဒီမျက်လုံးတွေက ချိုးငှက်ရဲ့ မျက်လုံးတွေနဲ့တင်မကဘဲ လင်းယုန်အဖြစ် ပြောင်းသွားတဲ့ လူရဲ့ မျက်လုံးတွေနဲ့ပါ တူနေတယ်’

‘အဲဒီ ချိုးငှက်က သူတို့ထဲက တစ်ယောက်ပဲ…’

‘သူတို့တွေ ရောက်လာကြပြီ…’’

သီအိုဒိုသည် ချက်ချင်းပင် စိုးရိမ်ထိတ်လန့် လာတော့သည်။

‘သူတို့က ငါ့ဆီကို လာနေကြပြီ၊ ငါ့အသက်နဲ့ ငါ့ရဲ့ မှတ်တမ်းစာအုပ်ကို လာယူကြပြီ… ဖြစ်နိုင်တာကတော့ ငါ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး…’

သူ့ကို ရက်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သော ထူးဆန်းနက်နဲသည့် ပုဂ္ဂိုလ်များမှာ သူ့ ရှေ့တွင် အတားအဆီးမရှိ ထပ်မံ ပေါ်လာပြန်ပြီ ဖြစ်သည်။

‘နေဦး... အတားအဆီး… အတားအဆီး မရှိတာတော့ မဟုတ်ဘူး… ကြောင်ရှိသေးတယ်’

သီအိုဒိုသည် ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ခုနလေးတင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ဆက်စပ်ကြည့်လိုက်ရာ အံ့ဩဝမ်းသာသွားခဲ့သည်။

ချိုးငှက်က ရောက်လာခဲ့သော်လည်း သူ အလုအယက် ထွက်ပြေးသွားရသည့် အကြောင်းရင်းက တစ်ခုတည်း ရှိသည်။ ၎င်းက သူ့ထက် ပိုမို အစွမ်းထက်သည့် တည်ရှိမှုတစ်ခုနှင့် ဆုံလိုက်ရလို့ ကြောက်သွားတာပင်။

‘ဒါကြောင့်မို့လို့ကိုး... မစ္စတာလင် မွေးထားတဲ့ ဒီကြောင်က ဘာလို့ ဒီလောက် ဉာဏ်ကောင်းနေရသလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး… ဒီကြောင်ကလည်း အဲဒီ လင်းယုန်နဲ့ ချိုးငှက်လိုပဲ လူအဖြစ် ပြောင်းလဲနိုင်မှာ သေချာတယ်… ဒါမှမဟုတ်ရင်လည်း... ဒါဟာ လူကနေ ပြောင်းလဲထားတဲ့ အသွင်တစ်ခုပဲ…’’

သီအိုဒိုသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဘေးအန္တရာယ်များလှသော ‘အတွင်းကမ္ဘာ’ ထဲသို့ အနည်းငယ် ချောင်းကြည့်လိုက်ရသလို ခံစားလိုက်ရသည်။

လင်ကျဲကတော့ သီအိုဒို၏ စကားကို ကြားရသည့်အခါ စိတ်သက်သာရာ ရသွား၏။

“မရှိဘူး ဟုတ်လား… ကြည့်ရတာ ဒီအနီးအနားက လာတာ မဟုတ်ဘူး ထင်တယ်… အဲဒါဆိုရင်တော့ ဘာမှ ပြဿနာ မရှိတော့ပါဘူး...”

အကယ်၍ ချိုးငှက်သည် ဤရပ်ကွက်မှ မဟုတ်ပါက၊ ၎င်၌ ပိုင်ရှင် ရှိမရှိကိုလည်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

‘ငါလည်း ဘာမှ မသိဘူး၊ ငါ့ကြောင်လည်း ဘာမှ မသိဘူး… တကယ်လို့ ချိုးငှက်က အစားခံလိုက်ရတယ်ဆိုရင်တောင် ဒါက မတော်တဆ ဖြစ်ရပ်တစ်ခုပဲ… ဒါကြောင့် လျော်ကြေးပေးဖို့လည်း မလိုတော့ဘူးပေါ့'

လင်ကျဲက သူ့ စိတ်ထဲက မကောင်းသော အတွေးများကို ဖုံးကွယ်ရန် ချောင်းတစ်ချက် ဟန့်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလိုမျိုး သီအိုဒိုဘက်သို့ အာရုံပြန်လှည့်ကာ ပြုံးလျက် ပြောလိုက်၏။

“ဒီမှာ ချိုးငှက်တွေကို အစာကျွေးတဲ့ နေရာတွေလည်း မရှိဘူးဆိုတော့ ဒါက တောရိုင်းငှက်ပဲ ဖြစ်ရမယ်… အဲဒါကို စားလိုက်ရင်လည်း ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး… ကျွန်တော် ပြောတာ မှန်တယ် မဟုတ်လား မစ္စတာသီအိုဒို”

တစ်ဦးတည်းသော မျက်မြင်သက်သေကို စည်းရုံးပြီးသွားပြီ ဖြစ်ရာ အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။

သီအိုဒိုကလည်း နားလည်သဘောပေါက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါပေါ့ခင်ဗျာ၊ ကျွန်တော်လည်း မစ္စတာလင် ပြောတာကို သဘောတူပါတယ်…”

သူ၏ စိုးရိမ်ပူပန်မှုများမှာ ငြိမ်သက်သွားပြီး စိတ်ထဲမှ တွေးနေမိသည်။

‘မစ္စတာလင်က တကယ့်ကို ပြတ်သားတဲ့ ပုဂ္ဂိုလ်ပဲ… ငါ အကူအညီ တောင်းလိုက်တာနဲ့ အဲဒီလူတွေကို ချက်ချင်း ရှင်းပစ်တော့တာပဲ… ကြည့်ရတာ မစ္စတာလင်က ဒီအတွင်းကမ္ဘာမှာ တကယ့်ကို ထူးခြားတဲ့ အစွမ်းနဲ့ အဆင့်အတန်း ရှိတဲ့သူပဲ ဖြစ်ရမယ်’

‘အဖေ ပြောတာ မှန်တယ်… ငါ့ရဲ့ ပင်ကိုအသိစိတ်ကိုပဲ ငါ ယုံကြည်ရမယ်…’

***

All Chapters