← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 25 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 25 Ch. 339-340

အပိုင်း(၃၃၉)

ဖလပ်… ဖလပ်…

ဝေါလစ်သည် ထိုနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် သူ၏ တောင်ပံများကို အစွမ်းကုန် ခတ်လိုက်သည်။ သူသည် တစ်သက်တာလုံး သင်ယူခဲ့ဖူးသမျှ အရှိန်မြှင့်တင်သည့် မှော်ပညာအားလုံးကို အသုံးပြုလိုက်ရာ ခဏချင်းအတွင်းမှာပင် လမ်းပေါင်း ရာနှင့်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့သည်။

သို့သော် အဝေးသို့ ရောက်လေလေ၊ သူ့နောက်မှ လိုက်ပါလာသော ဘေးအန္တရာယ်၏ အရိပ်အယောင်ကို ပိုမို ခံစားလာရလေလေ ဖြစ်သည်။

“ဝေါလစ်… မင်း ဘာလုပ်နေတာလဲ… လူဝီကော ဘယ်မှာလဲ…”

ဝှစ်…

အသံတစ်သံနှင့် အတူ သူ့ ဘေးနားတွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ သူ့ကို လာကြိုသည့် အခြားသော အရိပ်လုပ်ကြံသတ်ဖြတ်သူ တစ်ဦးပင် ဖြစ်သည်။

‘ငါ ဘာလုပ်နေတာလဲ ဟုတ်လား… အသက်လုပြီး ပြေးနေတာပေါ့ကွ…’

‘လူဝီဆိုတဲ့ကောင်ကတော့ သေတွင်းထဲ ခြေစုံပစ်ဝင်သွားပြီ… မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေကို ဖြေနေဖို့ ငါ့မှာ အချိန်မရှိဘူး၊ လမ်းဖယ်စမ်း…”

ထိုအရာက ဝေါလစ် တကယ်တမ်း ဟစ်ကြွေးချင်နေသည့် စကားလုံးများပင်…။

သို့သော်လည်း တစ်ဖက်လူမှာ မီးလျှံဓားလမ်းစဉ် အဖွဲ့အတွင်း၌ သူ့ထက် ရာထူးကြီးသလို အစွမ်းလည်း သာလွန်သူဖြစ်နေသည်။

အကယ်၍ ထိုစကားလုံးများကိုသာ ရင်ထဲ ရှိသည့်အတိုင်း ပြောထွက်လိုက်လျှင် ဝေါလစ် အနေဖြင့် အသက်လုပြေးနေစရာ မလိုတော့ဘဲ ထိုနေရာတင် မြေမြှုပ်ခံလိုက်ရပေလိမ့်မည်။

ထို့ကြောင့် စိတ်ထဲရှိသမျှကို အောင့်အီးမြိုသိပ်ကာ မူလလူသားပုံစံသို့ ပြန်ပြောင်းပြီး လမ်းထောင့် တစ်နေရာ၌ ဆင်းသက်လိုက်ရသည်။

ဝေါလစ်သည် မြေပြင်ပေါ်သို့ ဆင်းသက်ရာတွင် အထူးပင် ဂရုစိုက်နေရသည်။ အရိပ်အာဝါသ ရှိသည့်နေရာများကို ကြောက်လန့်တကြား ရှောင်ကွင်းပြီး နေရောင်ခြည် အပြည့်အဝရသည့် နေရာ၌သာ ရည်ရွယ်ချက်ရှိရှိ ရပ်လိုက်သည်။ စောစောက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းက သူ့ကို အကြီးအကျယ် ခြောက်လှန့်ထားကြောင်း သိသာ ထင်ရှားလှပေသည်။

ယခုအချိန်အထိ ဝရမ်းပြေးတစ်ဦးအဖြစ် မှောင်ရိပ်ခိုကာ နေထိုင်လာခဲ့သည့် ဝေါလစ်အဖို့ နေရောင်ခြည်အောက်တွင် အကာအကွယ်မဲ့ ရပ်နေရခြင်းမှာ အလွန်ပင် နေရခက်လှသည်။ သို့သော်လည်း အသက်ဘေးနှင့် ယှဉ်လျှင်မူ ဤသို့ နေမထိထိုင်မသာဖြစ်မှုက ပြောပလောက်သည့် အရာမဟုတ်တော့ပေ။

အရိပ်ထဲသို့ ကျွံဝင်သွားပြီး ထူးဆန်းဆိုးဝါးစွာ သေဆုံးသွားခဲ့သည့် လူဝီလိုမျိုး သူ အဖြစ်မခံနိုင်ပေ။

သို့သော်လည်း… တစ်ဖြည်းဖြည်းနှင့် ဝေါလစ်၏ စိတ်ထဲတွင် နိမိတ်မကောင်းသည့် အကြောက်တရားက တစ်စထက်တစ်စ ပိုမိုပြင်းထန်လာနေသည်။

သူ နားမလည်နိုင်ချေ။ ထိုကြောက်မက်ဖွယ် ကောင်းလှသည့် စာအုပ်ဆိုင်ထဲမှ သူ အစွမ်းကုန် ပြေးထွက်လာခဲ့ပြီးပြီ ဖြစ်သလို၊ မည်သည့်အရိပ်နှင့်မျှ မထိတွေ့မိအောင်လည်း နေခဲ့ပါလျက်နှင့် အဘယ်ကြောင့်များ အန္တရာယ်ကို ခံစားနေရသနည်း။

'ငါ ဝေးဝေးမရောက်သေးလို့ ဖြစ်မှာပဲ၊ ချီးပဲ... ဒီမိန်းမက လမ်းပိတ်ထားလို့… သူ့ကို အမြန်ရှင်းပြီးမှဖြစ်မယ်၊ မဟုတ်ရင် အခြေအနေတွေ ပိုဆိုးကုန်တော့မှာ...'

ဝေါလစ်က စိတ်ကိုတင်းကာ စကားစလိုက်သည်။

"အစီရင်ခံပါတယ် မဒမ်ပါရှာ… ကျွန်တော်တို့ရဲ့ ပစ်မှတ်က စာအုပ်ကို စာအုပ်ဆိုင်ထဲ ယူသွားခဲ့ပြီး ဆိုင်ရှင်ရဲ့ အကာအကွယ်ကိုလည်း ရသွားပုံရပါတယ်… ဒီမစ်ရှင်ရဲ့ ခက်ခဲမှုကို ပြန်သုံးသပ်ရပါလိမ့်မယ်… ကျွန်တော်ကတော့ ယာယီဆုတ်ခွာလာခဲ့ရပေမဲ့ ဆရာလူဝီကတော့... သူ သေသွားပါပြီ"

မှောင်ရိပ်ထဲမှ အလွန်အမင်း ထိတ်လန့်သွားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

"သူ သေသွားတယ် ဟုတ်လား…"

အလွန် နက်မှောင်လှသည့် အရိပ်များမှာ အနက်ရောင် ဝတ်စုံကိုယ်ကြပ် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ သူမက မယုံကြည်နိုင်မှုများ၊ အေးစက်လှသည့် ဒေါသရိပ်များဖြင့် ရှေ့သို့ နှစ်လှမ်းခန့် တိုးလာ၏။

"စာအုပ်ဆိုင်… နင် ဘာတွေပြောနေတာလဲ… သူက သာမန်လူသား တစ်ယောက်ပဲလေ... အခရာ အဆင့် မဟုတ်ရင် ဘယ်သူကမှ အရိပ်လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ကို အရိပ်ထဲမှာ မသတ်နိုင်ဘူး… လူဝီ အနေနဲ့ အရိပ်ထဲမှာ ပုန်းလျှိုးမနေဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရင်တောင် သူ မကိုင်တွယ်နိုင်တဲ့ တိုက်ပွဲဆိုတာ မရှိသလောက်ပဲ"

"ပြီးတော့... သူသေတာတောင် နင်က ဘာလို့ အသက်ရှင်နေရသေးတာလဲ…"

ပါရှာက ဝေါလစ်အား လိမ်လည်နေသူ သို့မဟုတ် သစ္စာဖောက်တစ်ဦးအဖြစ် သံသယဝင်နေသည့်အလား ခြိမ်းခြောက်သော အမူအရာဖြင့် ရှေ့သို့ တိုးလာသည်။

"ဘာလို့လဲဆိုတော့ အဲ့ဒီလူက အနည်းဆုံး အခရာအဆင့် ရှိနေလို့ပဲ..."

အစပိုင်းတွင် ပါရှာ၏ တစ်ဖက်သတ် စွပ်စွဲချက်များကြောင့် ဝေါလစ် စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း၊ သူမက မည်သည့် 'စာအုပ်ဆိုင်' ကို ဆိုလိုနေသည်ကို မသိဘဲ သီအိုဒို၏ အဟောင်းဆိုင်ဟုသာ ထင်မှတ်နေကြောင်း ရိပ်မိသွားသည်။

"ကျွန်တော်ပြောတာက ဟိုစာအုပ်ဆိုင်၊ အမည်မရှိတဲ့ ဆိုင်ကို ပြောတာနော်..."

ဝေါလစ်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ရှင်းပြနေသော်လည်း၊ တစ်ချိန်တည်းမှာပင် တစ်ခုခု အကြီးအကျယ် လွဲချော်နေသည်ကို သတိပြုမိသွားသည်။ ထိုစာအုပ်ဆိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပိတ်ဆို့ထားသည်ဟု ဆိုသော်ငြားလည်း မီးလျှံဓားလမ်းစဉ် အဖွဲ့ကြီးအနေဖြင့် မသိဘဲနေစရာ အကြောင်းမရှိပေ။

အဖွဲ့အစည်းက အဘယ်ကြောင့် သီအိုဒို ထိုစာအုပ်ဆိုင်နားကို ပြောင်းသွားကြောင်း၊ ထိုကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်နှင့် ထိတွေ့မိနိုင်ကြောင်း သူတို့ကို ကြိုမပြောခဲ့သနည်း။

ဖျက်ဆီးခြင်းအဆင့် ကိုပင် ထိပ်တိုက်မရင်ဆိုင်နိုင်သည့် လူတစ်သိုက်ကို အဘယ်ကြောင့် သေတွင်းထဲ လွှတ်လိုက်ရသနည်း။

သို့သော်လည်း… အချိန်မှာ တန်ဖိုးရှိလှရာ ဝေါလစ်အနေဖြင့် ထိုအကြောင်းများကို ဆက်တွေးမနေနိုင်တော့ဘဲ အမြန်ဆုံး ထွက်ပြေးရန်သာ စိတ်ကူးလိုက်ရသည်။

"ပြီးတော့ အဲ့ဒီရန်သူမှာ အရိပ်သတ္တဝါတွေကို ကိုင်တွယ်နိုင်တဲ့ ထူးခြားတဲ့နည်းလမ်း ရှိတယ်… ကျွန်တော်တို့ ဒီနေ့ လှုပ်ရှားမယ်ဆိုတာကိုလည်း သူက ကြိုသိနေပုံရပြီး ထောင်ချောက်ဆင်ထားတာ… ဆရာလူဝီကို အရိပ်တွေက ဝါးမြိုသွားတာ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာဗျ... မဒမ်ပါရှာ၊ ထွက်သွားရအောင်... မဟုတ်ဘူး၊ ပြေးရအောင်... အခုမှ မပြေးရင် မမှီတော့ဘူး..."

ဝေါလစ်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံတက်လာကာ ပါရှာနှင့် မတော်တဆ ထိတွေ့မိမည်ကို စိုးရိမ်သဖြင့် နောက်သို့ အလန့်တကြား ဆုတ်လိုက်သည်။

အရိပ်သတ္တဝါများအဖြစ် အသွင်ပြောင်းထားသည့် ဤလုပ်ကြံသတ်ဖြတ်သူများမှာ ယခုအခါ ဝေါလစ်၏ မျက်လုံးထဲတွင် လမ်းလျှောက်နေသည့် ဗုံးများကဲ့သို့ပင် ဖြစ်နေတော့သည်။

ပါရှာ၏ တင်းမာနေသော မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွား၏။ သူမကိုယ်တိုင်လည်း တစ်ခုခု မှားယွင်းနေသည်ကို ဝေဝါးစွာ ခံစားမိလာ၏။ ဝေါလစ်၏ ပျာယာခတ်နေသော အမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ချေ။

သို့သော်လည်း… ပါရှာသည် လူဝီ သေဆုံးသွားသည်ဟူသော အချက်ကို မယုံကြည်နိုင်သေးဘဲ ဝေါလစ်၏ စကားများကို အမှန်၊ အမှား ချိန်ဆနေဆဲဖြစ်သည်။

'အရိပ်သတ္တဝါတွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်း… ဟုတ်လား…’

နောက်ဆုံး၌ သူမက အေးစက်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

"ထားတော့… လောလောဆယ် နင့်စကားကို ယုံပေးမယ်… သွားကြ"

မြောင်…

ရုတ်တရက် သာယာလှသော ကြောင်အော်သံလေးတစ်ခုက ပါရှာ၏ စကားကို ဖြတ်တောက်လိုက်၏။

ဝေါလစ် တစ်ယောက် သက်ပြင်းချလိုက် ရုံသာရှိသေး၊ အသက်ရှူပင် မှားသွားသည်။ လမ်းဆုံမှနေ၍ အေးအေးလူလူ လမ်းလျှောက်လာသော ဝဖိုင့်ဖိုင့် အဖြူလေးကို ကြည့်ရင်း သူ့နှလုံးခုန်သံမှာ ရူးသွပ်မတတ် မြန်ဆန်လာ၏။

ထိုကြောင်ကလေး၏ လမ်းလျှောက်ပုံမှာ အလွန်ပင် ချစ်စဖွယ်ကောင်းပြီး အပြစ်ကင်းစင်သော မျက်နှာလေးမှာလည်း လမ်းကြုံဖြတ်သန်းသွားသည့် ကြောင်လေးတစ်ကောင်နှင့်သာ တူလှသည်။

ပါရှာက မျက်ခုံးပင့်ရုံသာ ရှိသေးသော်လည်း၊ ဘေးမှ ဝေါလစ်မှာမူ ထိတ်လန့်တကြားဖြင့် နောက်လှည့်ပြေးရန် ပြင်နေပြီဖြစ်သည်။ ထိုကြောင်မှာ စာအုပ်ဆိုင်ရှင်၏ ရင်ခွင်ထဲတွင် သူမြင်ခဲ့ရသော ကြောင်ပင် မဟုတ်ပါလား...။

၎င်းက သူ့နောက်ကို လိုက်လာခဲ့ခြင်းပင်...။

"ဟင့်အင်း... မလာနဲ့..."

ဝေါလစ် မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်နှာ ပျက်ယွင်းကာ အော်ဟစ်လိုက်၏။

ပါရှာလည်း ချက်ချင်းပင် အသိဝင်ကာ သူမကျောပေါ်မှ အနက်ရောင်ဓားနှစ်လက်နှင့် ခါးပတ်မှ ဓားမြှောင် ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်သည်။

ဝှစ်… ဝှစ်…

မဆိုင်းမတွပင် ထိုလက်နက်များမှာ အဖြူလေးဆီသို့ အရိပ်စွမ်းအားနှင့် အဆိပ်များကို သယ်ဆောင်လျက် လှပသော အကွေးအဝိုင်းပုံသဏ္ဌာန်ဖြင့် ပျံသန်းသွားတော့၏။

ရွှစ်... ရွှစ်...

တစ်ချိန်တည်းမှာပင် ပါရှာ ထိုဓားမြှောင်များပေါ်တွင် ထွင်းထားသည့် မန္တန်များကို နှိုးဆော်လိုက်သည်။ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။ ပါရှာ၏ တုံ့ပြန်မှုမှာ အရိပ်လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ဂုဏ်ပုဒ်နှင့်အညီ လျင်မြန်လှပေသည်။

သာမန် ဖျက်ဆီးခြင်းအဆင့် ရှိသူ တစ်ဦးဦးသာဆိုလျှင် ဤတိုက်ကွက်ကို ရင်ဆိုင်ရန် အချိန်ပေးရပေလိမ့်မည်။ သို့သော်လည်း သူမ ရင်ဆိုင်နေရသည်မှာ နတ်ဘုရားတု တစ်ပါး၏ စွမ်းအားကို ခိုးယူထားဖူးသည့် သန္ဓေသားလောင်း သတ္တဝါတစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။

ဝှစ်… ဝှစ်…

ဓားမြှောင်များမှာ အဖြူလေး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြပြီး ၎င်း၏ ကိုယ်ပေါ်တွင် ဖြူတစ်ကောင်၏ ဆူးများကဲ့သို့ ဖုံးလွှမ်းသွားသည်။ သို့သော်လည်း သွေးတစ်စက်မျှ မထွက်ခဲ့ချေ။

အဖြူလေး၏ ပုံသဏ္ဌာန်မှာ ဓားချက်များကြောင့် ထူးဆန်းစွာ ပျက်ယွင်းသွားပြီးနောက် ပါးစပ်ကို ဟလိုက်ရာ အတွင်းပိုင်းမှ ရုန်းကန်လှုပ်ရှားနေသော ရေဘဝဲလက်တံများနှင့် မျက်လုံးပေါင်းများစွာ ထွက်ပေါ်လာသည်။

ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ အဆပေါင်း ရာနှင့်ချီကာ ကြီးထွားလာပြီး ပတ်ဝန်းကျင်ရှိ အဆောက်အဦးများကို ပြိုပျက်စေလျက် ဧရာမ သားရဲကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

မြောင်…

၎င်းက ဧရာမ မျက်လုံးကြီးကို ဖွင့်ကာ သားကောင်နှစ်ကောင်ကို ကြည့်၍ လှောင်ပြုံးပြုံးလိုက်ပြီး ထူးဆန်းသော အသံလေးဖြင့် အော်လိုက်လေသည်။

***

အပိုင်း(၃၄၀)

"မွန်းရေ… အဖြူလေးတော့ ချိုးငှက်ဖမ်းဖို့ အပြင်ထွက်သွားပြန်ပြီ… ခဏနေရင် သွားကြည့်ပေးဦး၊ ဝေးဝေးမရောက်စေနဲ့… တစ်ယောက်ယောက်က ခိုးသွားမှာ စိုးရတယ်"

သီအိုဒိုကို ပြန်လွှတ်ပြီးနောက် လင်ကျဲက သက်ပြင်းချရင်း သူ့လက်ထောက်မလေးကို လှမ်းပြောလိုက်သည်။

"ဒီဘက်ခေတ် လောကကြီးက သိပ်ပြီး အန္တရာယ်များတာပဲ…"

မိန်းကလေးက သူ့ကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်လေသည်။

“ဩော်... ဒါနဲ့ နေဦး”

မွန်း တစ်ယောက် အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် လင်ကျဲက လှမ်းခေါ်လိုက်သည်။

သူ ကောင်တာအောက်သို့ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီးနောက် အဖြူရောင် သိုးမွေးပုဝါ တစ်ထည်ကို ထုတ်ယူလိုက်သည်။

သူက မွန်းကို ကြည့်ကာ ပြုံးပြလိုက်၏။

“ဆောင်းတွင်း ရောက်တော့မယ်လေ၊ တော်သေးတာပေါ့... လောလောလတ်လတ် လျှော်ထားတဲ့ ဒီပုဝါလေး ရှိနေလို့… ဒါလေးကို အခုလောလောဆယ် သုံးထားလိုက်ဦး၊ နောက်ရက်ကျမှ အသစ်တစ်ထည် သွားဝယ်ပေးမယ်”

“အပြင်မှာ အပူချိန်က တော်တော်လေး ကျနေတာ… ဆိုင်ထဲမှာနေရင်တော့ အဆင်ပြေသေးပေမဲ့ အပြင်ထွက်ရင်တော့ ဂရုစိုက်မှ ဖြစ်မယ်”

မွန်း ခြေလှမ်းများကို ရပ်တန့်ကာ ကောင်တာရှေ့သို့ လှမ်းလာခဲ့သည်။ ပုဝါကို လှမ်းယူလိုက်ချိန်တွင် ခံစားလိုက်ရသည့် နူးညံ့အိစက်မှုကြောင့် သူမ အံ့ဩသွားရသည်။

ဤပုဝါ၏ အထိအတွေ့မှာ 'အဖြူလေး' ၏ အမွှေးအမျှင်များနှင့် ဆင်တူသော်လည်း ပို၍ နူးညံ့ကာ နွေးထွေးလှပေသည်။ မိန်းကလေးငယ်သည် ထိုအရာကို စူးစမ်းသလိုဖြင့် သတိထားကာ ပွတ်သပ်ကြည့်နေမိသည်။

မွန်းတစ်ယောက် ဝေခွဲမရဘဲ ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်သောအခါ လင်ကျဲ သူ့နဖူးသူ လက်ဝါးဖြင့် ရိုက်ကာ ရယ်မောလိုက်၏။

“ငါ မေ့သွားတယ်၊ မင်းက ဒီလိုပုဝါမျိုး တစ်ခါမှ မပတ်ဖူးဘူးပဲ... ကဲ... လာ၊ ခေါင်းလေး နည်းနည်း ငုံ့လိုက်ဦး”

သူ မွန်း၏ လက်ထဲမှ သိုးမွေးပုဝါကို ယူလိုက်ပြီး ကောင်တာပေါ်သို့ ကိုယ်ကိုကိုင်းကာ သူမ၏ လည်ပင်းတွင် လှပသော ဖဲပြားပုံစံလေး ဖြစ်အောင် စနစ်တကျ ပတ်ပေးလိုက်သည်။

“ကဲ... ရပြီ”

လင်ကျဲမှာ စိတ်တိုင်းကျသွားကာ ပုဝါ၏ အနေအထားကို နောက်ဆုံးအချောသတ် ပြင်ဆင်ပေးလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော မိန်းကလေးငယ်မှာ ယခုအခါ ဆောင်းရာသီ ဖက်ရှင်သို့ ပြောင်းလဲသွားချေပြီ။ သူမ၏ မျက်နှာလေးမှာ ပွပွယောင်းယောင်း အဖြူရောင် ပုဝါကြီးထဲတွင် နစ်မြုပ်နေသဖြင့် ပုံမှန်ထက်ပင် ပို၍ ညှက်နေသလို ထင်ရသည်။

မွန်းက ခေါင်းလေးကို စောင်းကာ ပုဝါ၏ အနားသတ်များကို သူမ၏ နှာခေါင်းဖျားဖြင့် စပ်စုသလို ပွတ်တိုက်ကြည့်နေသည်။ သူမ၏ ကိုယ်ငွေ့များမှာ ပုဝါထဲတွင် ပိတ်မိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးလာစေသည်ကို ခံစားလိုက်ရ၏။

“ပုဝါတွေက တကယ့်ကို အံ့သြဖို့ကောင်းတယ်... ဆောင်းတွင်းမှာ ပုဝါပတ်ထားတာဟာ အဝတ်တစ်ထပ် ပိုဝတ်ထားသလိုပဲပေါ့”

လင်ကျဲက ပြောလိုက်သည်။ မွန်းကတော့ စဉ်းစားဟန်ဖြင့် ခေါင်းကိုသာ ညိတ်ပြရှာ၏။

လင်ကျဲ ပြုံးလျက် မိန်းကလေး၏ ခေါင်းကို ပုတ်လိုက်သည်။

“ကဲ... သွားလို့ရပြီ... အဖြူလေးလို ပေါ့ပေါ့ပါးပါးနဲ့ အဆော့မက်တဲ့ အိမ်မွေးတိရစ္ဆာန်မျိုးက လူတွေရဲ့ အာရုံစိုက်မှုကို ခံရတတ်တယ်... တစ်ယောက်ယောက်ကများ ခိုးသွားရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလိမ့်မယ်”

“နောက်ပြီး ဒီဘက်ခေတ်မှာက လူထူးလူဆန်းတွေက ပေါမှပေါ... တကယ်လို့ သူတို့က ကြောင်မုန်းတဲ့သူတွေသာ ဆိုရင် ဘယ်လောက်တောင် ရက်ရက်စက်စက် လုပ်ကြမလဲ တွေးကြည့်စမ်း... အဖြူလေး အပြင်ထွက်နေတာက အမြဲတမ်း အန္တရာယ်ရှိနေတာ”

မွန်းက နားလည်ကြောင်း ပြောဆိုပြီးနောက် ဆိုင်တံခါးကို ပိတ်ကာ အပြင်သို့ ထွက်ခွာသွားတော့သည်။

မွန်းလေး ထွက်ခွာသွားသည်ကို လက်ဝေ့ယမ်း နှုတ်ဆက်လိုက်ပြီးနောက် လင်ကျဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ မျက်နှာပေါ်မှ အပြုံးများကလည်း တဖြည်းဖြည်း မှေးမှိန်သွား၏။ သူ နေရာတွင် ပြန်ထိုင်ကာ ဒိုင်ယာရီစာအုပ်ကို တစ်ဖန် ပြန်ဖွင့်လိုက်၏။

သူ့မျက်လုံးတို့သည် ပါမောက္ခလင် နှင့် ပါမောက္ခကျန်း ဟူသော အမည်များပေါ်တွင် သွေးစက်များ စွန်းထင်နေသည့် စာမျက်နှာထံ၌ ရပ်တန့်သွားသည်။

လင်ကျဲသည် အစကတည်းက ဤပါမောက္ခလင် ကို အထူးအာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူနှင့် မျိုးရိုးနာမည် တူနေသည့်အပြင် ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည့် ရှေးဟောင်းသုတေသနအဖွဲ့၏ ခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။

မှတ်တမ်းစာအုပ်ထဲရှိ အချက်အလက်များမှာ မပြည့်စုံသေးပေ။ ဒိုင်ယာရီရေးသူမှာ ပါမောက္ခနှင့် ပတ်သက်မှု နည်းပါးပုံရပြီး သူတို့ကြားတွင် အပြန်အလှန် ဆက်ဆံမှုလည်း အလွန်နည်းပါးသည်။

သူသည် ရှေးဟောင်းသုတေသနအဖွဲ့၏ သာမန်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်ပြီး သူ့အလုပ်ကိုသူ တာဝန်ကျေအောင် လုပ်ဆောင်ရင်း ကံကောင်းထောက်မစွာ အချိန်အတော်ကြာ အသက်ရှင်ကျန်ရစ်သူ ဖြစ်ပုံရသည်။ သူတို့ အဖွဲ့၏ ရှာဖွေရေး ရည်မှန်းချက်ကို သိခွင့်မရသည့်အတွက် ဒိုင်ယာရီပိုင်ရှင်မှာလည်း သူတို့ ဘာအတွက် သုတေသန လုပ်နေကြသလဲဆိုသည်ကို မသိခဲ့ပုံ ရသည်။

လင်ကျဲအနေဖြင့် ဤလောကသို့ ကူးပြောင်းမလာခင်ကပင် ဤအကြောင်းအရာနှင့် ပတ်သက်၍ တစ်ခါမျှ မကြားဖူးခဲ့ချေ။ ဆိုလိုသည်က... ဤသုတေသနသည် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေသည်။

ဤသည်မှာလည်း ကျိုးကြောင်းဆီလျော်လှပါသည်။ ရှေးဟောင်းသုတေသနအဖွဲ့ တစ်ဖွဲ့လုံး သုတ်သင်ခံလိုက်ရသည့်အပြင် မြေပြင်ပေါ်ရှိ ဆောက်လုပ်ရေးအဖွဲ့နှင့် သုတေသနဌာနတို့ပါ ထိခိုက်ပျက်စီးသွားခဲ့ပြီဆိုလျှင် မည်သူကများ စိတ်ပါလက်ပါ ဆက်လက် လုပ်ဆောင်ချင်ပါဦးမည်နည်း။

သို့သော် ထိုအရာများကို မတွေးတောမီ သူ စဉ်းစားရမည့် အချက်တစ်ချက် ရှိပေသည်။ ဤရှေးဟောင်းသုတေသန အဖွဲ့ကို မည်သူက နောက်ကွယ်မှ ပံ့ပိုးပေးခဲ့သနည်း။

ဒိုင်ယာရီထဲတွင် ဖော်ပြထားသည့် သုတေသနဌာနလော သို့မဟုတ် အခြား အဖွဲ့အစည်းတစ်ခုခုလော။

ဒိုင်ယာရီကို လှန်လှောကြည့်ရုံမျှဖြင့် ထိုမေးခွန်းများကို အဖြေရနိုင်မည် မဟုတ်ပေ။

'ပါမောက္ခလင်' နှင့် 'ပါမောက္ခကျန်း' တို့မှာ ဦးဆောင်သူများအဖြစ် အဖန်တလဲလဲ ပါဝင်နေသည်။ သူတို့သည် အဖွဲ့ဝင်တစ်ဝက်ခန့် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်နေသော်လည်း၊ အကူအညီ ရနိုင်မရနိုင်ကို ဂရုမပြုဘဲ အမည်မသိ အန္တရာယ်များဆီသို့ ဆက်လက် တိုးဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအဖွဲ့အတွင်းတွင် ပြဿနာတစ်စုံတစ်ရာ ရှိနေသည်မှာ မလွဲဧကန်ပင်။

လင်ကျဲ ကြမ်းတမ်းသော စက္ကူသားကို ပွတ်သပ်ရင်း စဉ်းစားခန်း ဝင်နေမိ၏။ ပါမောက္ခလင်မှာ အသက် (၃၀) ကျော်အရွယ်တွင် ရှေးဟောင်းသုတေသနလုပ်ငန်း၌ (၇) နှစ်မှ (၈) နှစ်ခန့် အတွေ့အကြုံ ရှိနေပြီ ဟု ဆိုသည်။

တကယ်တော့ လင်ကျဲ၏ စိတ်ထဲတွင် ဝေဝါးသော ခန့်မှန်းချက်တစ်ခု ရှိနေသည်။ သူသိသမျှ လူများထဲတွင် ဤအချက်အလက်အားလုံးနှင့် ကိုက်ညီနေသော 'လင်' ဟု အမည်ရသည့် ပါမောက္ခ တစ်ဦးရှိနေသည်။

ထိုပါမောက္ခလင်၏ အမည်အပြည့်အစုံမှာ 'လင်မင်ဟိုင်' ဖြစ်၏။ သူသည် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ပြည်ပရှိ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ရှေးဟောင်းသုတေသန ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ နိုင်ငံသို့ ပြန်လာကာ အလုပ်လုပ်ကိုင်ရင်း အရေးပါသော ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုများစွာတွင် ပါဝင်ခဲ့သူဖြစ်သည်။

ပြောင်မြောက်လှသော ကိုယ်ရေးရာဇဝင်နှင့်အတူ သူသည် အသက် (၃၇) နှစ်အရွယ်တွင် ဂုဏ်သရေရှိပြီး ဩဇာတိက္ကမကြီးမားသော ပါမောက္ခတစ်ဦး ဖြစ်လာခဲ့ကာ တပည့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သည်။

သို့သော်လည်း... ထိုတောက်ပလှသော ကိုယ်ရေးရာဇဝင်များအပြင် ပါမောက္ခလင်တွင် အခြား အရေးမပါလှသော ဝိသေသတစ်ခုလည်း ရှိနေသေးသည်။ ၎င်းကား... သူသည် လင်ကျဲ၏ ဖခင် ဖြစ်နေခြင်းပင်။

'ငါ မှတ်မိသလောက်ဆိုရင် အဲ့ဒီမတော်တဆမှုက သူ အသက် ၃၀ ကျော် အသက် ၄၀ လောက် နီးပါးမှာ ဖြစ်ခဲ့တာ'

ဒိုင်ယာရီကို ကြည့်ရင်း လင်ကျဲက တစ်ဦးတည်း ရေရွတ်လိုက်မိသည်။ ငယ်ရွယ်စဉ်မှာပင် တောက်ပသော အောင်မြင်မှုများ ရရှိခဲ့သည့် လင်မင်ဟိုင်သည် အသက် ၄၀ ကျော်ပြီးနောက် ရှေးဟောင်းသုတေသနနှင့် ပတ်သက်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ကိုင်တော့ချေ။

အကြောင်းကား အသက် ၄၀ နီးပါး အရွယ်တွင် ကြုံတွေ့ခဲ့ရသော ကားမတော်တဆမှုကြောင့် သူ၏ ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်လိုက်ရကာ တစ်သက်လုံး ဝှီးချဲလ် ပေါ်တွင်သာ နေထိုင်ခဲ့ရသောကြောင့် ဖြစ်သည်။

လက်ထပ်ပြီး နှစ်နှစ်ပင် မပြည့်သေးသော သူ့ ဇနီးသည်မှာလည်း (၈) လသား ကိုယ်ဝန်ကို ခက်ခက်ခဲခဲ မွေးဖွားပေးပြီးနောက် ကွယ်လွန်သွားခဲ့ရှာသည်။

ထိုကြီးမားသော ရိုက်ခတ်မှုကြောင့် လင်မင်ဟိုင်သည် အောက်ခြေသို့ ထိုးဆင်းသွားခဲ့ရသည်။ စိတ်ကျန်းမာရေး ချို့ယွင်းလာသည့်ကြားမှ လင်မင်ဟိုင်သည် အစပိုင်းတွင် ပုံမှန်ဘဝကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း၊ တဖြည်းဖြည်းနှင့် စိတ်မမှန်တော့ဘဲ လင်ကျဲ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

သူသည် အိပ်ဆေးများ သောက်ပြီးနောက် ဂတ်စ်အိုးကို ဖွင့်ထားခဲ့ခြင်းပင်။

လင်ကျဲသည် သူ ဤလောကသို့ ကူးပြောင်းလာချိန်တွင် ဟိုဘက်ကမ္ဘာ၌ မည်သည့် တွယ်တာမှုမျှ ကျန်မနေခဲ့ဟု ယုံကြည်ထားခဲ့သူ ဖြစ်သည်။ ထိုသို့သော စိတ်နေစိတ်ထား ဖြစ်ပေါ်လာရခြင်းတွင် လင်မင်ဟိုင်၏ အခန်းကဏ္ဍက အဓိကကျခဲ့သည်။

ရိုးရာ ဓလေ့ထုံးတမ်းများ လေ့လာရေးကို အထူးပြု ဘာသာရပ်အဖြစ် ရွေးချယ်ခဲ့ခြင်းနှင့် ငယ်စဉ်ကတည်းက လက်တွေ့အတွေ့အကြုံများ ရရှိခဲ့ခြင်းမှာလည်း သူ့ဖခင်၏ လွှမ်းမိုးမှုများစွာ ပါဝင်နေသည်။

ဝမ်းနည်းစရာ ကောင်းသည်က လင်မင်ဟိုင်၏ စိတ်မတည်ငြိမ်မှုများကြောင့် လင်ကျဲသည် သူ့ဖခင်၏ အတိတ်အတွေ့အကြုံများနှင့် ပတ်သက်၍ ရှင်းလင်းသော ပုံရိပ်များကို မရရှိခဲ့ခြင်းပင်။ သူသိသမျှ အချက်အလက်များမှာ ဖခင်၏ တပည့်ဟောင်းများထံမှ စုံစမ်းရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့မှာလည်း ပြည့်စုံမှု မရှိလှပေ။ ယနေ့အချိန်အထိ လင်ကျဲကိုယ်တိုင်ပင်လျှင် ဖခင်အကြောင်းကို သိပ်မမှတ်မိတော့ချေ။

“ပါမောက္ခက အရင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာ နည်းနည်းရှိခဲ့တာ... ပါမောက္ခကျန်းက အဲ့ဒီတုန်းက သူ့ကို တာဝန်ယူရတဲ့ စိတ်ကျန်းမာရေး ဆရာဝန်ပေါ့၊ အဲ့ဒါနဲ့ပဲ သူတို့ ချက်ချင်း လက်ထပ်လိုက်ကြတာပဲ”

ထိုစကားများမှာ အောင်မြင်ကျော်ကြားနေကြသော လူများက လင်ကျဲကို လာရောက်နှစ်သိမ့်ရာတွင် ပြောလေ့ရှိသည့် စကားများဖြစ်သည်။

လင်ကျဲသည် ထိုအကြောင်းကို ပြန်လည် တွေးတောရင်း သက်ပြင်းသာ ချနိုင်တော့သည်။

မှန်ပေသည်။

ပါမောက္ခကျန်း....

လင်မင်ဟိုင်သည် ပါမောက္ခ ဖြစ်ပြီး နှစ်နှစ်အကြာတွင် သူ့ကို ကုသပေးနေသော စိတ်ကျန်းမာရေး ဆရာဝန်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆရာဝန်၏ အမည်မှာ ကျန်းချိုက်ယုံ ဖြစ်သည်။

ပါမောက္ခလင်၊ ပါမောက္ခကျန်း...

ယခု အရာအားလုံးက ပိုပြီး ရှင်းလင်းလာသလိုရှိသည်။ လင်ကျဲသည် အကျင့်ပါနေသည့်အတိုင်း လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မေးစေ့ကို တင်ကာ ဒိုင်ယာရီကို စိုက်ကြည့်နေမိသည်။

'သူတို့က ကားအက်စီးဒင့်အကြောင်းကို ခဏခဏ ပြောကြတယ်.... ငါကိုယ်တိုင် စုံစမ်းကြည့်တော့လည်း အဲ့ဒါက အမှန်ပဲ၊ ဆေးရုံတက်ခဲ့တဲ့ မှတ်တမ်းတွေတောင် ရှိသေးတာ'

‘ဒါက တိုက်ဆိုင်မှုတစ်ခုလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာလား...’

တစ်ခုတည်းသော သဲလွန်စမှာ ဤဒိုင်ယာရီထဲတွင် အမည်အပြည့်အစုံ ရေးသားထားခြင်း ခံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။

ပါမောက္ခလင်၏ တပည့်၊ တွမ့်ရွှယ်မင်...

လင်ကျဲ မျက်လုံးများကို မှိတ်လိုက်၏။ အိမ်တွင် ရှိခဲ့သော ကျောင်းသားဟောင်း မှတ်တမ်းစာအုပ်များကို သူ မြင်ယောင်နေမိသည်။ မျိုးရိုးနာမည် 'တွမ့်' ဟု အစပြုသူ အနည်းငယ် ရှိခဲ့သော်လည်း သူတို့၏ အမည်များကိုမူ သူ ကောင်းကောင်း မမှတ်မိတော့ပေ။

ကျောင်းသား တွမ့်...

ဒိုင်ယာရီ...

လင်ကျဲ ဒိုင်ယာရီစာအုပ်ကို ပိတ်ကာ မျက်နှာဖုံးသို့ လှန်လိုက်သည်။ ဤမှတ်တမ်းစာအုပ်ကို သူ မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို အမှတ်ရသွားချေပြီ။

ရှန်တူး ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန...

...

All Chapters