← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အပိုင်း(၃၄၁)

လင်ကျဲသည် မှတ်တမ်းစာအုပ်၏ မျက်နှာဖုံးပေါ်တွင် အလွှာလိုက် ကပ်ငြိနေသော သွေးကွက်များနှင့် ဖုန်မှုန့်များကို ခြစ်ထုတ်ရန်အတွက် အီသာ စွမ်းအင်ကို ညင်သာစွာ ထိန်းချုပ်အသုံးပြုလိုက်သည်။

သူသည် ဤကဲ့သို့ အီသာစွမ်းအင်ကို အသုံးပြုလေ့ မရှိလှပေ။ အမှန်စင်စစ် သူသည် သာမန်လူတစ်ဦးသာ ဖြစ်ပြီး အီသာကို အသုံးပြုရန် အခွင့်အရေး သိပ်မရခဲ့ခြင်းကြောင့်ပင်။

လင်ကျဲသည် အိပ်မက်ဘုံထဲတွင် ရှိနေစဉ်အချိန်များ၌သာ အီသာစွမ်းအင်များကို တစ်စစ စုဆောင်းလေ့ရှိသည်။ ဆောင်းခိုဖို့ အတွက် သစ်စေ့များ စုဆောင်းထားသည့် ရှဉ့်ကလေးတစ်ကောင်ကဲ့သို့ပင်... ယခုလိုမျိုး စုဆောင်းထားခြင်းက သူ့ကို ဖော်ပြမပြနိုင်သော လုံခြုံမှုမျိုး ပေးစွမ်းသည်။

မမြင်နိုင်သော အီသာစွမ်းအင်၏ 'ထွင်းထုမှု' ကြောင့် မျက်နှာဖုံးပေါ်ရှိ 'အခွံ' မာကြီးမှာ တဖြည်းဖြည်း ကွဲအက်လာပြီး အစအနလေးများမှာ ကောင်တာပေါ်သို့ လွင့်စင်ကျလာသည်။

မှတ်တမ်းစာအုပ်၏ ဘယ်ဘက်အောက်ခြေထောင့်တွင် ဖုန်မှုန့်များအောက်၌ ဖုံးကွယ်နေသော စာလုံးအချို့မှာ ပုံပေါ်လာတော့သည်။

ဖူး...

လင်ကျဲသည် စားပွဲပေါ်ရှိ အညစ်အကြေးများကို မှုတ်ထုတ်လိုက်ရာ 'အသစ်စက်စက်' ဒိုင်ယာရီလေးတစ်ခု ပေါ်ထွက်လာသည်။

အောက်ပိုင်းခရိုင်က မှောင်ခိုသမားလက်မှ သီအိုဒိုလက်ထဲသို့ ရောက်ရှိလာသည်အထိ မည်သူကမှ ဤစာအုပ်၏ ညစ်ပတ်နေသော အခွံမာကြီးကို ခြစ်ထုတ်ရန် စိတ်မကူးခဲ့ကြပေ။

အချိန်မရှိခြင်းကြောင့်လည်း ဖြစ်နိုင်သလို၊ မလိုအပ်ဟု ထင်မှတ်ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်လျှင်လည်း ကျွမ်းကျင်မှုမရှိသဖြင့် မကြိုးစားဝံ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ပုံမှန်အားဖြင့် ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပြုပြင်ရာတွင် သီးသန့်ကိရိယာများကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် လင်ကျဲမှာ အိမ်မှာလည်းမဟုတ်၊ ကျောင်းမှာလည်းမဟုတ်ချေ။ လက်ထဲတွင်ရှိသည့် တစ်ခုတည်းသော ကိရိယာမှာ ဝက်အူလှည့် တစ်ခုသာဖြစ်သည်။ ထိုအရာကို ဤကဲ့သို့ နုနယ်လှသော စာအုပ်ပေါ်တွင် အသုံးပြု၍ မဖြစ်နိုင်သည်မှာ အသေအချာပင်။

ထို့ကြောင့်ပင်... လင်ကျဲသည် သူကိုယ်တိုင်ပင် မေ့လျော့နေလုနီးပါးဖြစ်နေသော စုဆောင်းထားသည့် အီသာစွမ်းအင်ကိုသာ ပညာရှင်သုံး ကိရိယာများနေရာတွင် အစားထိုး အသုံးပြုလိုက်ရခြင်း ဖြစ်သည်။

ရလဒ်ကို ကြည့်ရသလောက် လုပ်ငန်းစဉ်မှာ ချောမွေ့လှပေသည်။

“ရှန်တူး ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာန... ဒီဌာနက ရှေးဟောင်းသုတေသန ဆွေးနွေးပွဲ တက်ရောက်တဲ့သူတွေကို ဒီလိုမှတ်တမ်းစာအုပ်မျိုး အမှတ်တရ လက်ဆောင်ပေးလေ့ရှိတာ အမှန်ပဲ”

ဤစာအုပ်အား အဘယ်ကြောင့် ရင်းနှီးနေရသလဲဆိုသည်ကို လင်ကျဲ အဖြေရသွားပြီဖြစ်သည်။ အကြောင်းကား သူ့တွင်လည်း ဤဒီဇိုင်းအတိုင်း အတိအကျတူညီပြီး အပိုပါလာသည့် ဖောင်တိန်နှင့်တကွ မှတ်တမ်းစာအုပ်တစ်အုပ် ရှိနေသောကြောင့်ပင်။

လင်ကျဲသည် သူ့မိသားစု၏ 'ပညာရှင်မျိုးရိုး' ကြောင့် ရိုးရာပုံပြင် လေ့လာရေးဘာသာရပ်ကို အထူးပြုခဲ့သော်လည်း၊ သူ ငယ်စဉ်က အိမ်သို့ လာလေ့ရှိသောသူများမှာ ရှေးဟောင်းသုတေသနနှင့် သမိုင်းဘာသာရပ်ကို လေ့လာသူများသာ ဖြစ်သည်။

ထိုသူများနှင့် အမြဲထိတွေ့နေရသဖြင့် လင်ကျဲ၏ ရှေးဟောင်းသုတေသန ဗဟုသုတမှာလည်း အတော်အတန် ကြွယ်ဝလှသည်။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျောင်းရှိ ဘေးချင်းကပ် ရှေးဟောင်းသုတေသနဌာနတွင် လူအင်အား လိုအပ်သည့်အခါတိုင်းလည်း လင်ကျဲမှာ ကူညီပေးရန် ခေါ်ဆောင်ခြင်း ခံရလေ့ရှိသည်။

ထို့အတူ ကွယ်လွန်သူ ပါမောက္ခလင်ကို လေးစားကြသူများမှာလည်း လင်ကျဲအပေါ် သနားကြင်နာမှုများ ထားရှိကြပြီး၊ သူ့အား လင်မင်ဟိုင်၏ 'အမွေ' ကို ဆက်ခံစေချင်ကြသည်။

သူတို့သည် လင်ကျဲကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများစွာသို့ ခေါ်ဆောင်သွားလေ့ရှိသလို၊ ရှေးဟောင်းသုတေသန တူးဖော်ရေး နယ်မြေများသို့လည်း တိုက်ရိုက် ခေါ်သွားတတ်ကြသည်။

သို့သော်လည်း... လင်ကျဲမှာ ထိုအရာများအပေါ် စိတ်ဝင်စားမှု မရှိခဲ့ပေ။ သေဆုံးသွားသူများနှင့် ရှေးဟောင်းပစ္စည်းများကို သုတေသနလုပ်ရသည်ထက်၊ လက်ရှိကမ္ဘာပေါ်တွင် ရှင်သန်နေသော လူသားတို့၏ ယဉ်ကျေးမှုကဲ့သို့သော သူကိုယ်တိုင် လက်တွေ့ခံစားနိုင်သည့် အရာများကိုသာ ပို၍ နှစ်သက်သည်။

ထို့အပြင် ထိုသူတို့၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်များမှာ တကယ်တမ်း လင်ကျဲဆိုသည့် သူ့ထံသို့ တိုက်ရိုက် ဦးတည်နေခြင်း မဟုတ်ပေ။ လင်မင်ဟိုင်၏ အမွေအား ဆက်ခံနိုင်မည့် သားထံသို့သာ ဦးတည်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ သူက အဘယ်ကြောင့် ထိုသူတို့၏ စိတ်ကျေနပ်မှုအတွက် ကြိုးစားပေးနေရမည်နည်း။

မှန်ပေသည်။ လင်ကျဲမှာ နုံအသူ မဟုတ်သဖြင့် သူ့စိတ်ထဲရှိ အတွေးများကို ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။ သူသည် ထိုဆွေးနွေးပွဲများကို ဆက်လက် တက်ရောက်ခဲ့သော်လည်း အများစုမှာ အယောင်ပြရန်သာ ဖြစ်သည်။

ရှန်တူး ရှေးဟောင်းယဉ်ကျေးမှုနှင့် သုတေသနဌာနက ပြုလုပ်သော ဆွေးနွေးပွဲမှာ လင်ကျဲ တက်ရောက်ခဲ့သည့် အသေးအဖွဲ ပွဲလေးတစ်ခုသာ ဖြစ်သည်။ ထိုမှတ်တမ်းစာအုပ်မှာလည်း လင်ကျဲ၏ အခြားသော အမှတ်တရပစ္စည်းများကြားတွင် တစ်ခါမျှ ပြန်မကိုင်ဖြစ်တော့ဘဲ ရှိနေခဲ့သည်။

“ဒီလိုမှတ်တမ်းစာအုပ်မျိုးကို တစ်ခြားကမ္ဘာမှာ ပြန်တွေ့ရလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး...”

မျက်နှာဖုံးပေါ်ရှိ မှိန်ဖျော့ဖျော့ စာလုံးများကို ကြည့်ရင်း လင်ကျဲသည် သူခံစားနေရသော ခံစားချက်ကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ပေ။

“အဲ့ဒီဌာန ညွှန်ကြားရေးမှူးရဲ့ မျိုးရိုးနာမည်က 'တွမ့်' လို့ ထင်တယ်... ဘယ်သူလဲ မမှတ်မိတော့ပေမဲ့ တစ်ယောက်ယောက်က သူ့ကို လင်မင်ဟိုင်ရဲ့ တပည့်တစ်ယောက်လို့ မိတ်ဆက်ပေးဖူးတယ်... ရှန်တူးမှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပုံရပေမဲ့ ဒီညွှန်ကြားရေးမှူး တွမ့်က ငါတို့ဆီကို တစ်ခါမှ မလာခဲ့ဖူးဘူး၊ နာရေးတုန်းကတောင် ပေါ်မလာခဲ့ဘူး”

“ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်ပဲလို့ ဆိုရမယ်”

“ငါသာ အဲ့ဒီတုန်းက ဒီထက်ပိုပြီး စူးစမ်းခဲ့မယ်ဆိုရင် အဲ့ဒီညွှန်ကြားရေးမှူး တွမ့်ဟာ ဒီဒိုင်ယာရီထဲမှာ ပါတဲ့ တွမ့်ရွှယ်မင် ဟုတ်မဟုတ် သိနိုင်မှာပဲ”

လင်ကျဲသည် ခေါင်းကိုခါယမ်းကာ တစ်ဦးတည်း ဆက်လက် ရေရွတ်နေမိသည်။

“ဒါပေမဲ့ ဒီလို သီးသန့်ထုတ်ထားတဲ့ စာအုပ်မျိုး ရှိနေတယ်ဆိုရင် ရှန်တူး ရှေးဟောင်းယဉ်ကျေးမှုနဲ့ သုတေသနဌာနဟာ ဒီဖြစ်ရပ်တစ်ခုလုံးနဲ့ ဆက်စပ်နေရမယ်... မှတ်တမ်းတွေထဲမှာ ပါတဲ့ သုတေသနဌာနကလည်း ဒါပဲ ဖြစ်ဖို့ များတယ်”

“ပြဿနာတစ်ခုပဲ ရှိတယ်... အကယ်၍ ဒီဒိုင်ယာရီပိုင်ရှင်ဟာ ငါ့လိုပဲ အတိတ်က ဆွေးနွေးပွဲတစ်ခုခုကနေ ဒီစာအုပ်ကို ရထားတာဆိုရင်ရော...”

ဟင်း...

လင်ကျဲ သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့ ညစ်ပေနေသော မှတ်တမ်းစာအုပ်လေး တစ်အုပ်တည်းမှနေ၍ အမှန်တရားကို ညှစ်ထုတ်ယူရန်မှာ အလွန်ပင် ခက်ခဲလှသည်။ မသေချာသော အချက်များနှင့် လိုအပ်နေသော အဓိကအချက်များစွာ ရှိနေသေးသည်။ သီအိုဒို၏ ပြောကြားချက်နှင့် သူ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဤစာအုပ်မှာ အနည်းဆုံး နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိနေပုံရသည်။

သို့သော် လင်မင်ဟိုင် ကားအက်စီးဒင့် ဖြစ်ခဲ့သည်မှာ လွန်ခဲ့သော (၂၄) နှစ်ကမှ ဖြစ်သည်။

အကယ်၍ သူသည် ထိုအချိန်က ရှေးဟောင်းသုတေသနအဖွဲ့ကို ဦးဆောင်နေခဲ့သည်ဆိုပါက၊ ကမ္ဘာနှစ်ဖက်စလုံး၏ အချိန်စီးဆင်းမှုမှာ မတူညီဟု ဆိုရပေလိမ့်မည်။

သို့မဟုတ်ပါကလည်း သူတို့ 'တံခါး' ကို ဖြတ်ကျော်ဝင်ရောက်သွားချိန်တွင် အာကာသနှင့် အချိန် အနန္တတို့၏ ကမောက်ကမ ဖြစ်မှုကြောင့် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) က အောက်ပိုင်းခရိုင်သို့ ရောက်ရှိသွားပြီး လင်ကျဲ ယခုမြင်နေရသော သဲလွန်စများကို ချန်ထားရစ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

“နော်ဇင်ရဲ့ အောက်ပိုင်းခရိုင်ထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ဖုံးကွယ်နေပုံပဲ... ဒုတိယခေတ် ဒါမှမဟုတ် အဲ့ဒီထက် စောတဲ့ အကြွင်းအကျန်တွေလည်း အဲ့ဒီမှာ ရှိနေနိုင်တယ်... အဲ့ဒီလိုသာဆိုရင် မြေအောက်ထဲမှာ ရှေးဟောင်း လျှို့ဝှက်အစွမ်းတွေတောင် ရှိနေနိုင်တာပဲ”

ထိုအရာက လင်ကျဲ အောက်ပိုင်းခရိုင်ကို သွားချင်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။ အဖွဲ့ဝင် (၃၀) နီးပါးကို သူတို့၏ အတွေ့အကြုံများအား မှတ်တမ်းတင်ဖို့ အမိန့်ပေးထားသည် ဆိုလျှင်၊ ဤဒိုင်ယာရီ တစ်အုပ်တည်းသာ ကျန်ရစ်ခဲ့တာတော့ မဖြစ်နိုင်ပေ။

အကယ်၍ လင်ကျဲ အနဖြင့် အခြားလူများ၏ ဒိုင်ယာရီများကိုပါ ရရှိခဲ့မည် ဆိုလျှင် အမှန်တရားနှင့် ခြေတစ်လှမ်း ပိုမို နီးကပ် သွားပေလိမ့်မည်။

“နောက်ပြီး ကမ္ဘာနှစ်ခုကြားမှာ ဘာသာစကား အခက်အခဲ ရှိနေတော့၊ ဒီဒိုင်ယာရီဟာ ဒီက ဒေသခံတွေအတွက် ဖတ်လို့မရတဲ့ အဓိပ္ပာယ်မရှိတဲ့ စာသားတွေပဲ ဖြစ်မှာပါ... ဒါပေမဲ့ သီအိုဒိုပြောတာကတော့ ဒီစာအုပ်ကို ကိုင်ထားမိလို့ ပြဿနာတွေ အများကြီးတက်ခဲ့ရသလို၊ စောင့်ကြည့်တာကိုလည်း ခံခဲ့ရတယ်တဲ့”

“အဇီးက လူတစ်စုဟာ ဒီမှတ်တမ်းစာအုပ်ရဲ့ တန်ဖိုးကို သိနေကြပြီဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါကြောင့်လည်း ဝယ်လိုအားတွေ ရှိနေတာပေါ့”

“ဒီစာအုပ် တစ်အုပ်တည်းနဲ့ အရာအားလုံးကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒါပေမဲ့ ငါသာ ရဲရဲဝံ့ဝံ့ ခန့်မှန်းရမယ်ဆိုရင်၊ သူတို့လက်ထဲမှာ တခြားဒိုင်ယာရီတွေ ရှိနေနိုင်သလို၊ ကမ္ဘာမြေက တခြားပစ္စည်းတွေတောင် ရှိနေနိုင်တယ်”

...

ဝါဂွမ်းရောင် ပုံဆောင်ခဲများဖြင့် ပြုလုပ်ထားသော ဆွဲသီးလေးတစ်ခုသည် လေထဲတွင် လှုပ်ခတ်နေပြီး အရောင်တလက်လက် တောက်ပနေ၏။

“အဇီးမှာ မရှိတော့တဲ့ ဒီရတနာလေးရဲ့ လှပမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ...”

ရောင်ပြန်ဟပ်နေသော အလင်းတန်းများ ကြားမှနေ၍ ကလိဗ်လန်းသည် တစ်ကိုယ်လုံးတွင် မျက်လုံးပေါင်းများစွာ ပါရှိသည့် ဧရာမ သတ္တဝါကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ၎င်းသည် မကြာသေးမှီကမှ လူနှစ်ယောက်ကို ဝါးမြိုထားခြင်းဖြစ်ပေသည်။

“အရွယ်မရောက်သေးတဲ့ အိပ်မက်သားရဲ တစ်ကောင်က ဒီလောက် အစွမ်းထက်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး... အနည်းဆုံးတော့ အခရာ အဆင့်မှာ ရှိရမယ်”

သူ အောင်နိုင်သူတစ်ဦး၏ အပြုံးဖြင့် ဆွဲသီးကို အိတ်ကပ်ထဲ ထည့်လိုက်သည်။

“အရှင်ဆန်ဒါဖွန်က ဘာလို့ အစီအစဉ်ကို ရုတ်တရက် ပြောင်းလိုက်လဲဆိုတာ အခုမှ နားလည်တော့တယ်... ဒီလို ထူးခြားတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ရဖို့အတွက်ဆိုရင်တော့ ဒီအသုံးမကျတဲ့ နယ်ရုပ်နှစ်ယောက်ကို စတေးပြီး ထောင်ချောက်ဆင်ရကျိုး တကယ်နပ်ပါတယ်”

***

အပိုင်း(၃၄၂)

သွေးသားတို့ အပြည့်ဖြင့် ဖွဲ့စည်းထားသော ဧရာမ သားရဲကြီးသည် ပတ်ဝန်းကျင် မီတာရာပေါင်းများစွာအထိ ဖြန့်ကျက်ထား၏။

အလယ်ဗဟိုရှိ ဧရာမ မျက်လုံးကြီး ပွင့်အာလာသောအခါ အတွင်းပိုင်းမှ သွေးကြောများ ယှက်သန်းနေသော အသားပိုများနှင့် တဖျပ်ဖျပ် တုန်ခါနေသော ကိုယ်တွင်းအင်္ဂါများကို မြင်တွေ့ရသည်။

ပုပ်ဟောင်နေသော အသားဆိုင်များကြားမှ နေ၍ ဖြူဖွေးသော အလင်းတန်းများသဏ္ဌာန် လက်တံများသည် ဟိုဒီယမ်းခါလျက် အကာအကွယ်မဲ့နေသော လူသားနှစ်ဦးကို ရစ်ပတ်ကာ ဖိညှစ်လိုက်ကြသည်။ သူတို့ထံမှ သွေးများကို အကုန်အစင် ညှစ်ထုတ်ပြီးနောက်တွင်မူ... သားရဲကြီးက တမဟုတ်ချင်း စုပ်ယူ ဝါးမြိုပစ်လိုက်တော့သည်။

အသားစိုင်များအဖြစ် ကြေမွသွားရသူနှစ်ဦးမှာ အရိပ်လုပ်ကြံသတ်ဖြတ်သူ ပါရှာနှင့် ဒရူးဝစ် ဝေါလစ်တို့ပင် ဖြစ်သည်။

သူတို့သည် ဤဧရာမ သားရဲကြီးအတွက် အစားအစာမျှသာ ဖြစ်ပြီး၊ သားကောင်၏ ခံစားချက်ကို အနည်းငယ်မျှ ဂရုမစိုက်သော ဤငတ်မွတ်နေသည့် သတ္တဝါကြီးက သူတို့ကို ပေါင်မုန့်ကလေးများ ကဲ့သို့ပင် ပုံပျက်ပန်းပျက် 'နယ်ဖတ်' ပစ်လိုက်ခြင်း ဖြစ်သည်။

ဝေါလစ်၏ မျက်လုံးများမှာ မျက်တွင်းမှ ကျွတ်ထွက်လုနီးပါး ဖြစ်နေပြီး သူကိုင်ဆောင်ထားသော ရွှေရောင်ဝံပုလွေခေါင်း တောင်ဝှေးမှာလည်း နောက်တစ်ဖက်မှနေ၍ သူ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။

သူ၏ ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်း ခန္ဓာကိုယ်မှာ ချိုချဉ်ကြိုး တစ်ခုကဲ့သို့ လိမ်တွန့်နေကာ ကျောရိုးမှာလည်း အပြင်သို့ ဖောက်လျှက် ထွက်ပေါ်နေသည်။ အာရုံကြောများ၏ တဆတ်ဆတ် တုန်ခါမှုကသာ သူ၏ နောက်ဆုံးရုန်းကန်မှုကို ပြသနေသည်။

အရွယ်မရောက်သေးသော ဖျက်ဆီးခြင်းအဆင့် ရှိ နတ်ဘုရားတု တစ်ပါး၏ ရှေ့တွင် ဝေါလစ်အနေဖြင့် အနည်းငယ်မျှ ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။ သူ၏ အသွင်ပြောင်းလဲရန် ကြိုးပမ်းမှုမှာလည်း တစ်ဝက်တစ်ပျက်နှင့်ပင် သေမင်းထံ လက်ဆောင်အဖြစ် ပေးအပ်လိုက်ရသည်။

ဂျွတ်... ဂျွတ်...

အဖြူလေးက ၎င်း၏ မေးရိုးကို ဖြဲကာ ချိုးငှက်ကို အနည်းငယ်မျှ ကိုက်ဝါး၍ မျိုချလိုက်၏။ ၎င်းမှာ အလွန်ပင် သေးငယ်လှသဖြင့် သရေစာအဆင့်မျှပင် မရှိလှပေ။

ပိုမိုအစွမ်းထက်သော ပါရှာမှာမူ သတိရှိနေသေးသည်။ သူမ၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေလျက် ရှေ့မှ သားရဲကြီးကို စိုက်ကြည့်နေမိသည်။

သူမကို ရစ်ပတ်ထားသော ရွံရှာဖွယ် အသားပိုများမှာ အဆိပ်၏ တိုက်စားမှုကြောင့် အပြာရောင်နှင့် အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်နေသည်။ အချို့အစိတ်အပိုင်းများမှာ ပြည်ပုပ်များအဖြစ် အရည်ပျော်ကျနေပြီး လက်တံများနှင့် အင်္ဂါရပ်များစွာမှာ ပြတ်တောက်ကာ မြေပြင်ပေါ်တွင် တဆတ်ဆတ် တုန်ခါလျက် ကျဆင်းနေသည်။

ထိုပြတ်တောက်သွားသော အစိတ်အပိုင်းများပေါ်ရှိ မျက်လုံးများမှာလည်း မနားတမ်း ပုတ်ခတ်နေကြပြီး စူးရှသော မြည်သံများကို ထုတ်ဖော်နေကြသည်။ ၎င်းတို့ကား ထိုအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်အသိဉာဏ်ရှိသော သီးခြားသက်ရှိများသဖွယ်ပင်။

ထိုအရာက ပါရှာ၏ တိုက်ကွက်များကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများပင် ဖြစ်၏။ ဤအရိပ်လုပ်ကြံသတ်ဖြတ်သူကို အထင်သေး၍ မရကြောင်း ပြသနေသည့် တိုက်ရိုက်သက်သေလည်း ဖြစ်သည်။

ထို့အပြင် အသွင်ပြောင်းထားသော အရိပ်ခန္ဓာကိုယ်ကြောင့် သူမသည် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေသော်လည်း အသက်မသေသေးဘဲ ရှိနေခြင်းဖြစ်သည်။

သို့သော် ဝမ်းနည်းစရာက.... ထိုစွမ်းရည်မှာ သူမ၏ ဝေဒနာကို ပိုမိုရှည်ကြာစေရန်သာ အထောက်အကူ ပြုနေတော့သည်။

အရိပ်လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်မှတ်မှာ များသောအားဖြင့် လူသားများသာ ဖြစ်သဖြင့် သူတို့၏ နည်းလမ်းများမှာလည်း လူသားများကို သတ်ဖြတ်ရန်သာ ရည်ရွယ်သည်။

အကယ်၍ ပါရှာ၏ တိုက်ကွက်ကို ခံလိုက်ရသူမှာ အစွမ်းထက် လူသားတစ်ဦးသာဆိုလျှင် ထိုသူမှာ သေဆုံးသွားလောက်ပြီ ဖြစ်သည်။

သို့သော်လည်း အရွယ်မရောက်သေးသော ဧရာမ နတ်ဘုရားတုကြီးအတွက်မူ ထိုအဆိပ်များမှာ 'လက်မောင်း' ပေါ်တွင် အနည်းငယ် 'ယားကျိကျိ' ဖြစ်စေရုံမျှသာ ရှိပေသည်။

'ဒါက လူဝီကို သတ်ခဲ့တဲ့ဟာလား...'

ပါရှာ အားကိုးရာမဲ့စွာ ရုန်းကန်ရင်း အမြင်အာရုံများ ဝေဝါးလာကာ အသက်ရှူရန်ပင် အလွန်ခက်ခဲလာသည်။ လက်မောင်းနှစ်ဖက်စလုံးမှ အင်အားများ ဆုတ်ယုတ်သွားသည်နှင့်အမျှ စိတ်ပျက်အားငယ်မှုကြီးက သူမကို လွှမ်းမိုးလာသည်။ သူမအနေဖြင့် ဤအမှန်တရားကို နားမလည်နိုင်အောင် ဖြစ်နေရသည်။

'မဟုတ်ဘူး... မဖြစ်နိုင်တာ... အဖွဲ့အစည်းက ဒီလောက်နီးနီးကပ်ကပ်မှာ ဒီလိုမျိုး သတ္တဝါကြီး ရှိနေတာကို ငါတို့ကို ဘာလို့ သတင်းမပေးတာလဲ... မီးလျှံဓားလမ်းစဉ် ဆိုတာက အရာအားလုံးကို သိနေတဲ့ အဆင့်မြင့်အဖွဲ့အစည်းလေ... ဒီလောက် အစွမ်းထက်ပြီး ရွံစရာကောင်းတဲ့ သတ္တဝါကြီး ရှိနေတာကို သူတို့ မသိဘဲ မနေပါဘူး...'

'သိရဲ့သားနဲ့ ထုတ်မပြောဘူးဆိုရင်တော့ သေချာပေါက် ရည်ရွယ်ချက်တစ်ခု ရှိရမယ်... အဲ့ဒီရည်ရွယ်ချက်က ငါတို့ကို ဒီကို လွှတ်လိုက်ပြီး စာအုပ်ဆိုင်နဲ့ ထိပ်တိုက်တွေ့အောင်လုပ်၊ နောက် ဒီသတ္တဝါကြီး ပေါ်ထွက်လာအောင် မြှူထုတ်ဖို့ပဲ ဖြစ်ရမယ်...'

ပါရှာ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ အရာအားလုံးကို သူမ သဘောပေါက်သွားပြီဖြစ်သည်။

ပါရှာ နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်ရင်း သူမအား အဆုံးစီရင်တော့မည့် လက်တံများကြားမှနေ၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ လေထဲတွင် ဝဲပျံနေသည့် လူသားတစ်ဦးနှင့် သူ၏ ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသည်။

ဤလူမှာ သူမ၊ လူဝီနှင့် ဝေါလစ်တို့ကို တာဝန်များ ပေးအပ်ခဲ့သူ ဖြစ်သည်။ အဖွဲ့ဝင်သစ်များကို စစ်ဆေးအကဲဖြတ်ရန် ရောက်ရှိနေသော အဆင့်မြင့် အရာရှိပင် ဖြစ်၏။

သူသည် အေးစက်သော်လည်း ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားဖြင့် ဧရာမ သားရဲကြီးကိုသာ စိုက်ကြည့်နေသည်။ သေအံ့ဆဲဆဲ ရုန်းကန်နေရသော အဖွဲ့ဝင်များကိုမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လျစ်လျူရှုထားသည်။

'ဪ... ငါ့ဘဝရဲ့ နောက်ဆုံးအချိန်က ဒီလိုပဲ ပြီးဆုံးသွားရမှာကိုး'

ပါရှာ တွေးလိုက်မိသည်။ သူမ၏ နှုတ်ခမ်းထောင့်များမှာ ရုတ်တရက် ကျေနပ်သွားသည့်အလား အနည်းငယ် ကွေးညွှတ်သွား၏။

'ဒါတွေအားလုံးက အဖွဲ့အစည်းရဲ့ အစီအစဉ်ပဲ... အဖွဲ့အစည်းက အရာအားလုံးကို သိတယ်... ငါ့ရဲ့ သေဆုံးမှုဟာ အဖွဲ့အစည်းအတွက် နောက်ဆုံးပေးဆပ်မှုအဖြစ် ထက်မြက်တဲ့ ဓားတစ်လက် ဖြစ်လာလိမ့်မယ်... ငါ့အသက်က တန်ဖိုးရှိသွားပြီ...'

'ဒါက တကယ့်ကို ကောင်းတယ်'

ကလိဗ်လန်းကတော့ သေခါနီးအချိန်မှာပင် ပြုံးနေသော အရိပ်လုပ်ကြံသတ်ဖြတ်သူကို စိတ်ဝင်တစား မရှိလှပေ။ ထိုလူများမှာ ရှုံးနိမ့်ခဲ့သော စမ်းသပ်မှုများ၏ ရလဒ်များသာ ဖြစ်သည်။ တစ်ခါသုံး ကိရိယာများအဖြစ်သာ အသုံးပြုရန် ရည်ရွယ်ထားသူများ ဖြစ်သည်။

ဤအရိပ်ပိုးကောင်လေးတွေ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ မည်သူကများ ဂရုစိုက်မည်နည်း။

လက်ရှိတွင် သူအလေးထားသည်မှာ ရှေ့မှ ဧရာမ သတ္တဝါကြီးပင် ဖြစ်သည်။ နယ်ရုပ်နှစ်ခုကို စတေးပြီး ရရှိလာသော ရလဒ်များကို အနီးကပ် လေ့လာကြည့်ရှုပြီးနောက် ကလိဗ်လန်းသည် ဤသားရဲကြီးအပေါ် ပိုမို၍ စွဲလန်းနှစ်သက်သွားလေသည်။

“ကြမ္မာဆိုးအသံ နဲ့ သွေးဖလား ကနေ ထုတ်လုပ်ထားတဲ့ အဆိပ်တွေကို ပေါင်းစပ်ထားတာတောင် ထိထိရောက်ရောက် မပျက်စီးစေနိုင်ဘူးပဲ... ဒီအရိပ်ပိုးကောင်တွေ ဆောင်ထားတဲ့ အဆိပ်က ပုံမှန်ဆိုရင် ဖျက်ဆီးခြင်းအဆင့် တစ်ယောက်ကိုတောင် ပြည်ပုပ်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ်... ဒါပေမဲ့ ဒီအိပ်မက်သားရဲရဲ့ လက်တံတွေက နည်းနည်းလေးပဲ ပြတ်သွားတာ... သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တကယ့်ကို အံ့မခန်းပဲ...”

ကလိဗ်လန်း၏ မျက်နှာထက်တွင် ရူးသွပ်သော လောဘရိပ်များ ပေါ်လွင်နေ၏။ အကယ်၍ သူသာ ဤအစွမ်းထက်သော အိပ်မက်သားရဲ၏ ခန္ဓာဗေဒကို ခွဲခြမ်းစိတ်ဖြာနိုင်မည်ဆိုလျှင် ပို၍ အစွမ်းထက်သည့် လက်နက်တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

အဆိပ်များ၏ ပြင်းအားကို ကလိဗ်လန်းထက် ပိုသိသူ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းကြောင့်ပင်။

လူအများက 'အဆိပ်သခင်' ဟု သိထားကြသော ကလိဗ်လန်းမှာ အထက်လမ်းမှော်ဆရာ တစ်ဦးဖြစ်သလို ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ အထက်လမ်းမှော်ဆရာတစ်ဦးအနေဖြင့် သူ၏ အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းမှာ 'ငရဲဘုံအဆင့်' မျှသာ ရှိသော်လည်း၊ ပညာရှင်တစ်ဦးအနေဖြင့်မူ သူသည် 'ဖျက်ဆီးခြင်းအဆင့်' အထိ ရှိနိုင်ပေသည်။

မီးလျှံဓားလမ်းစဉ် အဖွဲ့အတွင်းရှိ ဇီဝဗေဒနှင့် ဆေးဝါးဗေဒဆိုင်ရာ စမ်းသပ်မှု အများစုကို သူကသာ ကြီးကြပ်ကွပ်ကဲနေခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် အရိပ်ပိုးကောင်များကို ဖန်တီးခဲ့သည့် 'အရိပ်ဇီဝပြုပြင်ပြောင်းလဲမှု စမ်းသပ်ချက်' နှင့် ‘ကြမ္မာဆိုးအသံ' ကဲ့သို့သော အဆိပ်များကို ဖော်စပ်ခြင်းတို့လည်း ပါဝင်သည်။

လိုအပ်သော ကိရိယာများနှင့် ကုန်ကြမ်းများကိုမူ ရာဇီယယ် ဘက်မှ ပံ့ပိုးပေးထားခြင်း ဖြစ်သည်။

ထို့ကြောင့် ကျိုးကြောင်းဆီလျော်စွာဆိုလျှင် ကလိဗ်လန်းသည် ရာဇီယယ်၏ လက်အောက်ခံ ဖြစ်သင့်သည်။ သို့သော်လည်း လမ်းပြသူ ဆန်ဒါဖွန်သည် အဆင့်မြင့်အဖွဲ့ဝင်သစ်များကို စုဆောင်းရန်နှင့် အခြားသော တမန်တော် ကိုးပါးနှင့် ဆက်ဆံရေး ထိန်းသိမ်းရန် တာဝန်ရှိသူ ဖြစ်သဖြင့် သူမတွင်လည်း ကိုယ်ပိုင် လက်အောက်ခံများ ရှိနေသည်။ အဆင့်မြင့် အရာရှိများစွာမှာ သူမ၏ ထောက်ခံမှုကို ရရှိထားသူများဖြစ်သလို သူမနှင့် အလွန်နီးစပ်သူများ ဖြစ်ကြသဖြင့် သူမ၏ စေခိုင်းမှုကို လိုလိုလားလား နာခံကြသည်။ ကလိဗ်လန်းမှာလည်း ထိုသူများထဲမှ တစ်ဦးပင် ဖြစ်သည်။

သူတို့၏ မူလ အစီအစဉ်မှာ အောက်ပိုင်းခရိုင်မှ မှောင်ခိုသယ်ဆောင်လာသော လျှို့ဝှက်မှတ်တမ်းစာအုပ်ကို ပြန်လည်ရယူရန်သာ ဖြစ်သည်။ ၎င်းမှာ အတော်အတန် လွယ်ကူသည့် မစ်ရှင်ဖြစ်သော်လည်း ဆန်ဒါဖွန်က အရိပ်ပိုးကောင် နှစ်ကောင်ကို လွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုမှတ်တမ်းစာအုပ်သည် မီးလျှံဓားလမ်းစဉ် ၏ မူလအစနှင့် ဆက်နွယ်နေသည်ဟု သတင်းထွက်နေသဖြင့် အဖွဲ့အစည်းက အထူးအလေးထားနေခြင်း ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ထိုသာမန်လူသားမှာ 'စာအုပ်ဆိုင်' ထံသို့ ရောက်သွားခဲ့သည်။

ထိုကြောင့်ပင် အစီအစဉ်မှာ မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့ရပြီး စုံစမ်းစစ်ဆေးရေး မစ်ရှင်အဖြစ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ယခုအခါတွင်မူ အရှင်ဆန်ဒါဖွန်က ရလဒ်များကို စုဆောင်းရန် သူ့ကို အမိန့်ပေးထားချေပြီ ဖြစ်သည်။

“ကြိုတင်ပြင်ဆင်ထားတဲ့ အစီအရင်က အပြည့်အဝ အလုပ်လုပ်နေပြီပဲ... အခရာ အဆင့် တစ်ပါးရဲ့ အင်းတွေက တကယ့်ကို အစွမ်းထက်တယ်... ဒီကြောင်ကလေးကတော့ သူ ထောင်ချောက်ထဲကို ခြေစုံပစ်ဝင်လာမိပြီဆိုတာ အခုထိ သိပုံမရသေးဘူး”

***

All Chapters