အခန်း (၃၄၃-၃၄၄)
Vol. 25 Ch. 343-344
အပိုင်း(၃၄၃)
ကလိဗ်လန်းသည် မျက်မှောင်ကြုတ်လျက် ထောင့်ငါးထောင့်တွင် ကြိုတင် ရေးဆွဲထားသော အနက်ရောင် အင်းကွက်များကို အကဲခတ်နေသည်။ လေထဲတွင် ဝဲပျံနေသည့် ခရမ်းရင့်ရောင် သင်္ကေတများမှာ တစ်ကီလိုမီတာခန့် အချင်းရှိသော လှောင်အိမ်ကြီးတစ်ခုသဖွယ် ဝေဝါးစွာ ဖြစ်ပေါ်နေသည်။
ဘာမှမသိသေးသော သားရဲကြီးမှာမူ ၎င်း၏ အစားအစာကို အရသာခံစားနေဆဲဖြစ်ပြီး ရှေ့တွင် ကြုံတွေ့ရတော့မည့် ဘေးအန္တရာယ်ကို သတိမမူမိဘဲ ရှိနေသည်။
'ဟ ဟ... နာမည်ကျော် စာအုပ်ဆိုင်ရှင်ဆိုတာလည်း ပြောသလောက် မဟုတ်ပါဘူး... အရှင်ဆန်ဒါဖွန်လို တကယ့် အခရာ အဆင့် ပုဂ္ဂိုလ်မျိုးရဲ့ ရှေ့မှာတော့ ဒီအရာရာကို သိမြင်သူ ဆိုတဲ့ ဘွဲ့ထူးဟာ သူများကို လှည့်စားဖို့ ဟန်ပြသက်သက်ပါပဲ'
ကလိဗ်လန်း နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဆင်မြန်းလျက် ရှေ့သို့ ဆက်လက် တိုးကပ် သွားခဲ့သည်။ ထို့နောက်တွင်မူ သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားလေ၏။
အဘယ်ကြောင့်နည်း။ သူ၏ရှေ့တွင် လရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။
'ဘာလို့ ဒီနေရာမှာ လရောင် ရှိနေရတာလဲ...'
ထိုအရာက ကလိဗ်လန်း၏ အမြင်အာရုံများ အမှောင်ကျမသွားမီ နောက်ဆုံး တွေးလိုက်မိသော အတွေးပင် ဖြစ်သည်။
ဟူး... ဟူး...
ကလိဗ်လန်း၏ မြှောက်ထားသော လက်များ၊ လက်မောင်းများ... ထိုမှတစ်ဆင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တဖြည်းဖြည်းနှင့် နူးညံ့သော လရောင်များအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲတွင် ပျော်ဝင်ကွယ်ပျောက်သွားတော့သည်။
ထိုလရောင် အလင်းတန်းများကြားတွင်တော့ အေးစက်တည်ငြိမ်နေသော မိန်းမငယ်လေး တစ်ဦးသည် ကလိဗ်လန်း၏ အကြွင်းအကျန်များကို မည်သည့် ခံစားချက်မျှ မပါသော မျက်လုံးများဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေလေ၏။
ရင်းမြစ် သေဆုံးခြင်း...
မွန်းသည် လက်ကိုဆန့်လိုက်ပြီး တစ်ချိန်က ကလိဗ်လန်း ဖြစ်ခဲ့ဖူးသော လရောင်များကို သိမ်းဆည်းလိုက်သည်။ သူမ၏ လက်ဖဝါးထက်တွင် မြူခိုးများရစ်ပတ်နေသည့် လခြမ်းကွေးလေးတစ်ခု ပေါ်ထွက်လာပြီး အလင်းရောင်အားလုံးကို ဝါးမြိုလိုက်သည်။ ဤသည်က ဝေဝါးနေသော လမင်း၏ ပုံရိပ်လွှာကို ပိုမိုထင်ရှားလာစေသလို လမင်း၏ ဧရိယာကိုလည်း ပိုမိုကျယ်ပြန့်လာစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကလိဗ်လန်းသည် အော်ဟစ်ချိန်ပင်မရလိုက်ဘဲ သူ၏ တည်ရှိမှု ဇစ်မြစ်ကအစ လုံးဝဥဿုံ ချေဖျက်ခြင်း ခံလိုက်ရလေပြီ ဖြစ်သည်။
ရင်းမြစ် သေဆုံးခြင်း ဟူသည်မှာ လမင်းထံသို့ တရားဝင် ပြန်လည်ရောက်ရှိလာသော စွမ်းအင်ခုနစ်ပါးထဲမှ တစ်ခုဖြစ်သည်။ ခုနစ်ပါးအနက် အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။
အမိုးခုံး ဘုရားကျောင်းတော်၊ တမန်တော် ဘတ်ခ်၏ လက်ထဲတွင်ရှိခဲ့စဉ်က ဤစွမ်းရည်သည် အစစ်အမှန် စွမ်းပကား၏ ဆယ်ပုံတစ်ပုံခန့်ကိုပင် မထုတ်ဖော်နိုင်ခဲ့ပေ။
အမှန်စင်စစ် သူသည် ဤစွမ်းရည်ကို ဘုရားကျောင်းတော်၏ အယူလွဲသူများအပေါ် အပြစ်စီရင်သည့် 'မိစ္ဆာစစ်ဆေးခြင်း' ပုံစံမျိုးဖြင့်သာ အသုံးချခဲ့ခြင်းဖြစ်သည်။ လူသားတို့၏ အသက်ကိုသာ နှုတ်ယူရန် သုံးစွဲခဲ့သဖြင့် ၎င်း၏ ထိရောက်မှု အတိုင်းအတာမှာ များစွာ လျော့ပါးနေခဲ့ရသည်။
မွန်း၏အမြင်တွင် ဘတ်ခ်အား ပေးထားသည့် 'သေမင်းနိုင်ငံတော်' ဟူသည့် အမည်နာမမှာ ဤစွမ်းရည်အတွက် အကြီးအကျယ် စော်ကားမှုတစ်ခုပင် ဖြစ်၏။
သို့သော် မွန်းက ဤစွမ်းရည်ကို ပြန်လည်ရရှိခဲ့သည့် အချိန်မှစ၍ ၎င်းသည် မူလဇစ်မြစ်ထံသို့ ပြန်လည်ရောက်ရှိသွားကာ ရှိသင့်ရှိထိုက်သော အဆင့်အတန်းသို့ ပြန်လည်ဦးမော့လာခဲ့ပြီ ဖြစ်သည်။
လရောင်များ ဖိတ်စင်လွင့်မျောနေစဉ် မွန်း၏ လက်ဖဝါးထဲရှိ လမင်းထံမှ ပုံသဏ္ဌာန်မဲ့ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဝှစ်... ဝှစ်...
ကလိဗ်လန်း၏ အသက်ကို နှုတ်ယူလိုက်ပြီးနောက် မွန်းသည် သူနှင့် ဆက်နွှယ်နေသော မည်သည့်ပစ္စည်း သို့မဟုတ် မည်သည့် အမှတ်အသားကိုမဆို ဖျက်ဆီးပစ်လိုက်သည်။ ဥပမာအားဖြင့်... သူ အသက်သွင်းတော့မည့် အင်းကွက် အစီရင်များ၊ သူ ကိုယ်တိုင် ပါဝင်ဖန်တီးခဲ့သော ဆေးဝါးများနှင့် ပြုပြင်ပြောင်းလဲထားသော လူသားများ အားလုံး အပါအဝင်ပင်...။
နောက်ဆုံးတွင်မူ မွန်းသည် အခြားအရာများ၏ အသိအမှတ်ပြုမှု၌ရှိနေသည့် သူ၏ 'တည်ရှိမှု' ကိုပါ စကြဝဠာ နိယာမနှင့် ပညတ်ချက်များကို ကွေးညွှတ်ပြောင်းလဲခြင်းအားဖြင့် ဖြတ်တောက်လိုက်တော့သည်။
သို့သော်လည်း မွန်း၏ လက်ရှိအစွမ်းမှာ လုံးဝဥဿုံ မပြည့်စုံသေးချေ။ ဒုတိယအဆင့် အထိသာ ရောက်ရှိထားပေသေးသည်။
ဟူး... ဟူး...
ပတ်ဝန်းကျင်ရှိ အင်းကွက် အစီရင်ကြီးမှာလည်း ချက်ချင်းပင် ပုံသဏ္ဌာန်မဲ့ လရောင်များအဖြစ် အရည်ပျော်သွားခဲ့သည်။
အကယ်၍ ဤစွမ်းရည်၏ နောက်ဆုံး တတိယအဆင့် ကို ပိုင်နိုင်သွားမည့်နေ့ ရောက်လာလျှင်မူ သူမသည် အစစ်အမှန် 'အခရာ အဆင့်' သို့ တက်လှမ်းနိုင်ပြီဟု မှတ်ကျောက်တင်နိုင်ပေလိမ့်မည်။
“မြောင်..”
သွေးနှင့် အသားစိုင်များ၊ လက်တံများဖြင့် ဖွဲ့စည်းထားသည့် သားရဲကြီးသည် ခြေထောက်တစ်ဖက်၏ နောက်ဆုံးအပိုင်းကို မျိုချရင်း ကြောင်အော်သံ စူးစူးလေးကို ထုတ်ဖော်လိုက်၏။ ၎င်း၏ ဧရာမ မျက်လုံးကြီးမှာ လှုပ်စိလှုပ်စိဖြစ်သွားပြီး အထက်သို့ လှမ်းကြည့်လိုက်ရာ ရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည်။
တစ်ချိန်က လမင်း၏ စွမ်းအားကို ခိုးယူခဲ့သော နတ်ဘုရားတု၏ မျိုးဆက်ဖြစ်သည့် 'အဖြူလေး' အဖို့မူ မွန်းသည် အစစ်အမှန် လနတ်သမီးပင် ဖြစ်သည်။ မွန်းထံမှ ရရှိနေသည့် အရှိန်အဝါမှာ ၎င်းအတွက် အလွန်ရင်းနှီးလှသော နူးညံ့သိမ်မွေ့မှုနှင့် ခန့်ညားထည်ဝါမှုတို့ ပေါင်းစပ်နေပြီး 'မိခင်' ကဲ့သို့ပင် ခံစားရသည်။
သခင်မှာ ပို၍ ကြောက်စရာကောင်းသော်လည်း၊ ဤမိခင်သဖွယ် မိန်းကလေးမှာလည်း ခန့်ညားထည်ဝါမှုနှင့် လေးစားမှုတို့ကို ခံယူထိုက်သူပင် ဖြစ်၏။
မြောင်...
မည်သည့် အရာများဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း အဖြူလေးမှာ မြူးတူးသော အသံလေးပေးကာ မွန်းထံသို့ တလိမ့်ခေါက်ကွေး တိုးကပ်လာသည်။
ကြောင်တစ်ကောင်အနေဖြင့် တစ်ခါတစ်ရံ ၎င်း၏ ဖောင်းကားနေသော ခန္ဓာကိုယ်ကြောင့် ပက်လက်လှန်ရန် ခက်ခဲတတ်ပြီး လမ်းခုလတ်မှာတင် တစ်ပတ်မလည်ဘဲ တန့်နေတတ်သည်။ သို့သော် ယခုမူ မူလပုံစံသို့ ပြန်ပြောင်းထားသဖြင့် လက်တံများကို အသုံးချကာ အားထုတ်နိုင်ပေပြီ ဖြစ်သည်။ ခန္ဓာကိုယ် မည်မျှပင် ကြီးမားနေပါစေ ကိုယ့်ကိုယ်ကိုယ် တွန်းထုတ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
ဝုန်း...
ဧရာမ အသားလုံးကြီးမှာ မွန်းရှိရာသို့ လိမ့်ဝင်လာရာ လမ်းတစ်လျှောက်ရှိ အဆောက်အဦးများ ပြားချပ်သွားစေပြီး မြေပြင်မှာလည်း ကွဲအက်သွားခဲ့၏။
နောက်ဆုံးတွင် ၎င်းသည် 'ဗိုက်' ကို လှန်ပြလိုက်ကာ မျက်လုံးလေးများမှာလည်း ပွတ်သပ်ပေးစေလိုသော မွေးရာပါ ဆန္ဒတို့ဖြင့် တောက်ပနေသည်။
အဖြူလေး၏ အမြင်တွင်မူ ၎င်းမှာ တစ်လောကလုံးအတွက် အလွန်ပင် ချစ်စဖွယ်ကောင်းနေသည်ဟု ထင်မှတ်နေပေလိမ့်မည်။
သို့သော် သာမန်လူသားတို့၏ မျက်စိထဲတွင်မူ ၎င်းမှာ နိမိတ်မကောင်းသော ဖျက်ဆီးမှု မြင်ကွင်းတစ်ခုသာ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော အကြည့်များရှိသည့် ဧရာမ မျက်လုံးကြီးက လူသားများကို ဝါးမြိုပစ်လိုသော ဆန္ဒကို ဖော်ပြနေသည့်အလားပင်။
မွန်း အောက်သို့ ဆင်းသက်လာပြီး အဖြူလေး၏ ပျော်ရွှင်နေသော ပုံစံကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူမသည် လက်ကိုဆန့်ကာ အဖြူလေး၏ ဗိုက်ကို ပွတ်ပေးလိုက်၏။ ယခုအချိန်တွင် သူမ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
‘ဘော့စ် ပြောတာ မှန်တယ်၊ ဒီလောကကြီးက အဖြူလေးလို အပြစ်ကင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးအတွက် တကယ်ကို အန္တရာယ်များတဲ့ နေရာပဲ...'
'အဖြူလေးကို ချောင်းမြောင်းပြီး ခိုးယူဖို့၊ ရက်ရက်စက်စက် လုပ်ဖို့ ကြံစည်နေတဲ့ လူဆိုးတွေ အမြဲရှိနေတာပဲ...'
'ဒါကြောင့်လည်း ဆိုင်ရှင်က ငါ့ကို လွှတ်လိုက်တာပေါ့...'
မွန်းသည် ယခုမှပင် စာအုပ်ဆိုင် ပိုင်ရှင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။ အဖြူလေးမှာ အစားမက်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သော်လည်း၊ ရန်သူများမှာမူ မှောင်ရိပ်ထဲမှနေ၍ အခွင့်ကောင်းကို အမြဲစောင့်ဆိုင်းနေကြသည်။ အကယ်၍ မွန်းသာ အချိန်မီ ရောက်မလာခဲ့လျှင် အဖြူလေးမှာ ဖမ်းဆီးခံလိုက်ရလောက်ပြီ ဖြစ်သည်။
စာအုပ်ဆိုင် ပိုင်ရှင်သည် သူ၏ အိမ်မွေးတိရစ္ဆာန်အပေါ် တကယ့်ကို ဂရုစိုက်လှသည်။ တစ်ဖက်တွင် သူသည် အဖြူလေး၏ ချစ်စဖွယ် အလှပြ တိုက်ကွက်ကို မလွန်ဆန်နိုင်ဘဲ အပြင်ထွက် အစာစားခွင့် ပြုခဲ့သည်။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် သူသည် ဤအခွင့်အရေးကို အသုံးချကာ စာအုပ်ဆိုင်အပေါ် မကောင်းကြံစည်နေသည့် ကျူးကျော်သူများကို ရှင်းလင်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း... သူသည် အဖြူလေး၏ ဘေးကင်းရေးအတွက် စိုးရိမ်သဖြင့် အကယ်၍ ဖမ်းဆီးခံရလျှင် ကယ်တင်နိုင်ရန် မွန်းကို နောက်က လိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
'ဒါပေမဲ့ ဒီနေ့ ရန်သူတွေကတော့ သာမန်မဟုတ်ဘူး...'
မွန်း အဝေးသို့ လှမ်းကြည့်လိုက်သည်။
'ငါ ဝါးပူဂစ်ရဲ့ အိပ်မက်ဘုံကို အပြည့်အဝ မပိုင်နိုင်သေးသလို သူရဲ့ စွမ်းအားတွေကိုလည်း အကုန်အစင် အမွေမဆက်ခံနိုင်သေးပေမဲ့၊ လမင်းရဲ့ အခွင့်အာဏာကို ပြန်ရရှိထားတာကြောင့် ငါ့ခန္ဓာကိုယ်ဟာ အခုဆိုရင် အခရာ အဆင့်ကို ရောက်နေသင့်ပြီ...’
'ဒါပေမဲ့ ငါက ဉာဏ်ရည်တု လူသား တစ်ဦး ဖြစ်ခဲ့တာကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်က အစကတည်းက ချို့ယွင်းချက် ရှိနေခဲ့တာ... ငါသာ တကယ့် အခရာအဆင့် စစ်စစ် ဖြစ်ချင်တယ်ဆိုရင် ဒီချို့ယွင်းချက်ကို အရင်ပြင်ရလိမ့်မယ်...'
'ဘယ်လိုပဲ ဖြစ်ဖြစ်... ငါက နာမည်အရတော့ အခရာအဆင့် ဖြစ်နေပြီ... ဒါတောင် ဘော့စ် သတိမပေးမချင်း ဒီချောင်းမြောင်းတိုက်ခိုက်မှုကို သတိမထားမိခဲ့ဘူး'
'ရန်သူကို ကြည့်ရတာ တစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ အစွမ်းထက်လာတဲ့ ရော့ဒ်နီတို့၊ ခိုးယူထားတဲ့ စွမ်းအားကြောင့် သဘာဝအရ နိမ့်ကျနေတဲ့ နတ်ဘုရားတုတို့နဲ့ မတူဘူး... တကယ့် အခရာအဆင့် စစ်စစ် ဖြစ်ပုံရတယ်'
မွန်း၏ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာ၏။ သူမ လက်ဖဝါးထဲရှိ လရောင်ကို ဦးတည်ချက်တစ်ခုသို့ ချိန်ရွယ်လိုက်ရာ ၎င်းမှာ အလင်းလှံတံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်... ကောင်းကင်ယံကို ဖြတ်သန်းကာ ချောင်းမြောင်းတိုက်ခိုက်မှုအား နောက်ကွယ်မှ ကြိုးကိုင်သူရှိရာသို့ ကြယ်တံခွန်တစ်ခုအလား ပျံသန်းသွားတော့သည်။
ယခုမူ စာအုပ်ဆိုင်ပိုင်ရှင်၏ အစစ်အမှန် ရည်ရွယ်ချက်ကို သူမ နားလည်သွားပြီ ဖြစ်သည်။ သူမ၏ လျင်မြန်စွာ တိုးတက်နေသော စွမ်းအားများကို သွေးမြေကျတိုက်ပွဲများဖြင့် ပိုမိုထက်မြက်အောင် ပြုလုပ်ရန် လိုအပ်နေခြင်းပင်။
မွန်းသည် စာအုပ်ဆိုင်၏ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးကို လက်ဖျားနှင့် ထိဝံ့သူများအား လက်စားချေပြီး ပြဿနာ၏ ရင်းမြစ်ကို အမြစ်ပြတ် ရှင်းလင်းပစ်တော့မည် ဖြစ်သည်။
***
အပိုင်း(၃၄၄)
ဤနေ့သည် မီးလျှံဓားလမ်းစဉ် အဖွဲ့ဝင်များအတွက် ထူးခြားဆန်းပြားသော နေ့တစ်နေ့ ဖြစ်ရန် ကံပါလာခဲ့သည်။ ၎င်းသည် သူတို့၏ ဘဝတစ်လျှောက်လုံး မေ့ပျောက်နိုင်တော့မည်မဟုတ်သော ကြောက်ရွံ့မှုကြီးကို ပေးအပ်မည့် အချိန်အခါလည်း ဖြစ်သည်။
ကလိဗ်လန်း၏ လုပ်ဖော်ကိုင်ဖက်များသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ပထမဆုံး သတိပြုမိကြသူများ ဖြစ်သည်။ ဇီဝပြုပြင်ပြောင်းလဲမှုနှင့် ဆေးဝါးဗေဒတွင် အတူလုပ်ဆောင်ခဲ့ကြသော သုတေသီများမှသည် သူနှင့်အတူ အင်းကွက်များကို လေ့လာခဲ့ကြသော မှော်ဆရာများအထိ ကလိဗ်လန်းနှင့် ပတ်သက်သည့် အစအန မှန်သမျှမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကလိဗ်လန်း ကိုယ်တိုင် ပြုလုပ်ခဲ့သော သို့မဟုတ် ပါဝင်ခဲ့သော စမ်းသပ်မှုများမှ ထွက်ရှိလာသည့် ရလဒ်ပစ္စည်း မှန်သမျှမှာလည်း ထိုအခိုက်အတန့်မှာပင် ကြေမွပျက်စီးသွားခဲ့သည်။
တာဝန်ထမ်းဆောင်နေကြသော အရိပ်လုပ်ကြံသတ်ဖြတ်သူများမှာလည်း တစ်ပြိုင်နက်တည်းမှာပင် အရိပ်ကမ္ဘာ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင်မူ သူတို့၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားသော အရိပ်သတ္တဝါများနှင့် လုံးဝဥဿုံ ကွဲကွာသွားတော့သည်။
အလွန် အစွမ်းထက်ကာ မမြင်နိုင်သည့် အင်အားတစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသော သက်ရှိနှစ်မျိုးကို အတင်းအဓမ္မ ဆွဲခွာပစ်လိုက်ခြင်းပင်။ ရလဒ်အနေဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ ပေါက်ကွဲထွက်သွားပြီး သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤဖြစ်ရပ်ဆိုးမှာ အရိပ်လုပ်ကြံသတ်ဖြတ်သူ အားလုံး၏ သုံးပုံနှစ်ပုံခန့်တွင် ဖြစ်ပွားခဲ့သည်။
သူတို့ ထုတ်လွှတ်ထားသည့် အဆိပ်များ အာနိသင်ပြတော့မည်ကို စောင့်မျှော်ကာ လှောင်ပြုံးပြုံးနေကြသော ချောင်းမြောင်းသူများမှာလည်း ထိုသို့ မလုပ်နိုင်တော့ချေ။ ကြိုတင် ရေးဆွဲထားသော အင်းကွက်များကို အသက်သွင်းရန် ပြင်ဆင်နေကြသော မှော်ဆရာများသည်လည်း ထိုအရာများက ဘာလဲဆိုသည်ကိုပင် မေ့လျော့သွားကြသည်။
အဖွဲ့ဝင်များစွာ သေဆုံးသွားပြီးနောက် မီးလျှံဓားလမ်းစဉ် ၏ လှုပ်ရှားမှုများမှာလည်း ဗလာကျင်း ပေါ်ထွက်လာတော့သည်။ ဖော်ထုတ်ခြင်း မခံရသေးသော အစီအစဉ် မှန်သမျှမှာလည်း ရပ်တန့်သွားရပြီး အဖွဲ့အစည်းတစ်ခုလုံးမှာ ရုတ်ရုတ်သည်းသည်းနှင့် ဖရိုဖရဲ ဖြစ်သွားတော့သည်။
...
ဆန်ဒါဖွန်သည် စာတစ်စောင် ရေးနေ၏။ သူမသည် မိုက်ကယ်၏ အလိုဆန္ဒကို အခြားသော တမန်တော်များထံသို့ အသိပေးလိုခြင်း ဖြစ်သည်။ သူက ကျန်ရှိသော တမန်တော်များ အားလုံး စည်းလုံးညီညွတ်ကြရန်နှင့် ရုတ်တရက် ပေါ်ထွက်လာသော စာအုပ်ဆိုင်ရှင်ကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်တစ်ခု ရေးဆွဲလိုခြင်းပင်။
ဆန်ဒါဖွန်၏ ဖောင်တိန်မှာ စက္ကူပေါ်တွင် ပေါ့ပေါ့ပါးပါးပင် ရွေ့လျားနေ၏။ အမှန်အတိုင်း ပြောရလျှင် ဤအရာမှာ ကောင်းမွန်သော အကြံဉာဏ်တစ်ခုဟု သူမ မထင်ပေ။
အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့ (၁၀) ယောက်စလုံး... မဟုတ်သေး... (၉) ယောက်စလုံးသာ စုပေါင်းလိုက်မည်ဆိုလျှင် သူတို့ကို မည်သူကများ ရင်ဆိုင်နိုင်ပါဦးမည်နည်း။
ထိုမေးခွန်းသည်ပင် ဤစစ်ဆင်ရေး၏ ရလဒ်မရှိသော အဆုံးသတ်ကို ဖော်ပြနေသကဲ့သို့ ရှိနေတော့သည်။
ဆန်ဒါဖွန်၏ ယုံကြည်ချက်မှာ အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ မီးလျှံဓားလမ်းစဉ်ကို စတင်တည်ထောင်ခဲ့သူ အဖွဲ့ဝင် (၁၀) ဦး ရှိခဲ့သည်။ ထိုသူများထဲတွင် ရှေးဟောင်းခေတ်ဦးမှ ဒြပ်စင်ပညာရှင်များ၊ အစွမ်းထက်လှသော မှော်ဆရာများနှင့် လူသားမျိုးနွယ် ထွန်းကားစည်ပင်အောင် ဦးဆောင်ခဲ့သည့် အမြော်အမြင်ရှိသော ပညာရှင်များ ပါဝင်ကြသည်။ ထို့အပြင် တတိယခေတ်ဦး အစကတည်းက နော်ဇင်ကို နှစ်ပေါင်းထောင်ချီ ထိန်းချုပ်ခဲ့သည့် ဘုရားကျောင်းတော်၏ တည်ထောင်သူလည်း ပါဝင်သေးသည်။
သူတို့ တစ်ဦးချင်းစီတိုင်းမှာ ပြိုင်ဘက်ကင်း အစွမ်းရှိသည့် 'အခရာ အဆင့်' များ ဖြစ်ကြသည်။
ဂါဘရီယယ်တို့ ကဲ့သို့သော သူများမှာမူ သူတို့နှင့်ယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျသည့် မျိုးဆက်သစ်များသာ ဖြစ်၏။ သို့သော်လည်း ဂါဘရီယယ်သည် နော်ဇင်၌ လမင်း၏အမည်ကို အသုံးချကာ 'အမိုးခုံး ဘုရားကျောင်းတော်' ကို တည်ထောင်ပေးခဲ့သဖြင့် အတော်အတန် အသုံးဝင်ခဲ့သည်ဟု ဆိုရမည်။
နော်ဇင်တွင် မီးလျှံဓားလမ်းစဉ် အဖွဲ့ကြီး လျင်မြန်စွာ အမြစ်တွယ်နိုင်ခဲ့ခြင်းမှာ အမိုးခုံး ဘုရားကျောင်းတော်ကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ဆိုနိုင်ပေသည်။
သူတို့သည် နော်ဇင်တစ်ခုလုံးကို ဗြောင်ကျကျဖြစ်စေ၊ မှောင်ရိပ်ထဲမှဖြစ်စေ လွှမ်းမိုးထားသူများ ဖြစ်သည်။ မီးလျှံဓားလမ်းစဉ် ဟု လူသိများသော ဤအစွမ်းထက် အဖွဲ့အစည်းကြီးမှာ ပင့်ကူအိမ်တစ်ခုကဲ့သို့ပင် လက်လှမ်းမီသမျှ အရာအားလုံးကို ဖုံးလွှမ်းထိန်းချုပ်ထားသည်။
"ဒါပေမဲ့ တည်ထောင်သူတွေက အရမ်းကို အစွမ်းထက်ပြီး မာနကြီးကြလွန်းတော့ မိုက်ကယ်က ဦးဆောင်နေရင်တောင် သူတို့က တကွဲတပြားစီ ဖြစ်နေကြတုန်းပဲ... နော်ဇင်က အဖွဲ့အစည်း တော်တော်များများထဲကို ထိုးဖောက်ဝင်ရောက်ထားနိုင်ပေမဲ့ သူတို့က သီးခြားစီနေထိုင်ကြပြီး သခင်အမျိုးမျိုးကိုပဲ ခစားနေကြတာ..."
"ငါတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခဲ့တာ ဖြစ်နိုင်ပေမဲ့ သတင်းအချက်အလက် စီးဆင်းမှုကတော့ ချောမွေ့နေခဲ့တုန်းပဲ... ဒါပေမဲ့ ဂါဘရီယယ်နဲ့ အမိုးခုံး ဘုရားကျောင်းတော်တို့ တစ်ပြိုင်နက်တည်း ပျက်စီး သွားပြီးတဲ့ နောက်မှာတော့ ငါတို့ရဲ့ အကြီးဆုံး သတင်းအချက်အလက်ဗဟိုဌာနကြီး ဆုံးရှုံးသွားခဲ့ရတယ်... အဲ့ဒီနောက်ပိုင်းမှာတော့ အမှန်တရား အသင်းတော် နဲ့ အဲ့ဒီအရိပ်ပိုးကောင်တွေကိုပဲ အားကိုးခဲ့ရတာ..."
"အဲ့ဒါတောင် အခုတော့ အားလုံးက ဖရိုဖရဲ ဖြစ်ကုန်ပြီ... အမိုးခုံး ဘုရားကျောင်းတော်ဆိုတာ မီးလျှံဓားလမ်းစဉ် ရဲ့ မျက်လုံးတွေနဲ့ တူတယ်... သူတို့က အသုံးမကျတဲ့ နယ်ရုပ်တွေပဲ ဆိုပေမဲ့ အခုလို ရန်သူအသစ် ပေါ်လာတဲ့ အချိန်မှာတော့ ငါတို့ရဲ့ တစ်ဦးချင်းစီ စွမ်းအားတွေအပေါ်မှာပဲ အားကိုးနေလို့ မရတော့ဘူး"
ဆန်ဒါဖွန်၏ စိုးရိမ်မှုမှာ ရန်သူ၏ အစွမ်းထက်မှုကြောင့် မဟုတ်ဘဲ မီးလျှံဓားလမ်းစဉ် အတွင်း စည်းလုံးမှုမရှိခြင်းကြောင့်သာ ဖြစ်သည်။
ဤသို့ ပေါ့လျော့လှသော အဖွဲ့အစည်းအတွင်း၌ သစ္စာရှိ အစွန်းရောက်အချို့ ရှိနေသော်လည်း၊ သူတို့၏ သစ္စာရှိမှုမှာ သူတို့နောက်လိုက်နေသည့် သက်ဆိုင်ရာ 'တမန်တော်' များအပေါ်၌သာ ရှိကြသည်။ အမှန်စင်စစ် အလတ်တန်းစား အဖွဲ့ဝင် အတော်များများမှာ အဖွဲ့ကြီးကို တည်ထောင်သူ တမန်တော် (၁၀) ပါးရှိသည်ကိုပင် လုံးဝမသိကြချေ။
ယခုမူ သူတို့၏ အတွင်းပိုင်း ဆက်သွယ်ရေး ကွန်ရက်ကြီးတစ်ခုလုံး ပြတ်တောက်သွားသဖြင့် ဖရိုဖရဲဖြစ်မှုမှာ ပိုမိုကြီးထွားလာနေသည်။
အမှန်စင်စစ် နေမင်း ယုံကြည်မှုကို စတင် တည်ထောင်စဉ်က အဖွဲ့အစည်း၏ မူလအစီအစဉ်မှာ ထိုဘာသာတရားသစ်ကို ထိန်းချုပ်နိုင်ရန်အတွက် သူလျှိုများ လွှတ်ကာ အဖွဲ့ဝင်များနေရာတွင် ထိုးဖောက်ဝင်ရောက်ရန် ဖြစ်သည်။
သို့သော်လည်း နေမင်း ယုံကြည်မှုဘက်တွင် သူလျှိုများကို ဖော်ထုတ်နိုင်သည့် အမည်မသိ နည်းလမ်းတစ်ခု ရှိနေသဖြင့် သူတို့၏ လူများမှာ ချက်ချင်းပင် ဖမ်းဆီးခံရကာ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ထံ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ ဤနည်းဖြင့် မီးလျှံဓားလမ်းစဉ် မှာ အတွင်းပိုင်း သတင်းအချက်အလက်များကို မစုဆောင်းနိုင်ခဲ့ပေ။
ထို့အပြင် လတ်တလော စုံစမ်းစစ်ဆေးမှုများအရ နေမင်း ယုံကြည်မှုမှာ ညဉ့်နက်ပိုင်းကို စိုးမိုးထားသည့် စုန်းမကြီး ဝါးပူဂစ်နှင့် ဆက်နွယ်နေပုံရသည်။
‘အဲ့တာက မူလ စုန်းမကြီးတွေ ပြန်ရောက်လာနိုင်တဲ့ အလားအလာပဲ...’
ပြောရလျှင် ၎င်းမှာ မီးလျှံဓားလမ်းစဉ် အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပင် ဖြစ်သည်။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် ၎င်းမှာ သူတို့အတွက် အကြီးမားဆုံးသော အခွင့်အရေးလည်း ဖြစ်နေပြန်သည်။
ရုတ်တရက် ပေါ်ထွက်လာသော စာအုပ်ဆိုင်နှင့် ယှဉ်လျှင် မူလ စုန်းမကြီးများမှာ အစွမ်းအထက်ဆုံး တည်ရှိမှုများ ဖြစ်ကြဆဲပင်။ ဒဏ္ဍာရီများအရ တစ်လောကလုံးကို သူတို့ကပင် ဖန်တီးခဲ့ကြသည် မဟုတ်ပါလား။
အိပ်မက်ဘုံထဲသို့ ဝင်ရောက်ပြီး နောက်ပိုင်း လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာနိုင်ခြင်းက သူတို့ အနေဖြင့် အိပ်မက်ဘုံအတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ကြောင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် ဝင်ပေါက်တစ်ခုကို ဖန်တီးနိုင်ကြောင်း သက်သေပြနေသည်။
မီးလျှံဓားလမ်းစဉ် အနေဖြင့် ထိုစွမ်းအားကို မိမိတို့အတွက် ခိုးယူလိုကြသည်၊ သို့မဟုတ်လျှင်လည်း ထိုဝင်ပေါက်တံခါးကို လုံးဝဥဿုံ ဖွင့်ချပစ်ချင်ကြသည်။
"မိုက်ကယ်ရဲ့ စာက တကယ့်ကို အချိန်ကိုက် ရောက်လာတာပဲ... အခု မီးလျှံဓားလမ်းစဉ် တစ်ခုလုံး စည်းလုံးညီညွတ်ရမယ့် အချိန်ရောက်ပြီ... အဲ့ဒီလိုမှပဲ ငါတို့အားလုံးရဲ့ စုပေါင်းဆန္ဒတွေက အကောင်အထည် ပေါ်လာမှာ"
ဆန်ဒါဖွန်သည် ရေးသားပြီးစီးသွားသော စာကို ကြည့်ကာ ကျေနပ်အားရမှုကြောင့် မျက်လုံးများ တောက်ပနေသည်။
"ငါကပဲ ဒီခမ်းနားတဲ့ ကြေညာချက်ကို ပေးပို့သူ ဖြစ်လာမယ်... ဒီသတင်းက သူတို့ရဲ့ နှလုံးသားတွေကို လှုပ်ခတ်စေလိမ့်မယ်လို့ ငါယုံကြည်တယ်... သူတို့တွေဟာ ခဏတာ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး နှစ်ပေါင်းထောင်ချီကြာအောင် မအောင်မြင်ခဲ့တဲ့ အောင်မြင်မှုကြီးကို အရယူကြလိမ့်မယ်"
မီးလျှံဓားလမ်းစဉ် စတင်တည်ထောင်ချိန်မှစ၍ ဆန်ဒါဖွန်သည် အဖွဲ့အစည်းအတွင်းရှိ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် တာဝန်ယူခဲ့သူ ဖြစ်သည်။
အမိုးခုံး ဘုရားကျောင်းတော် မပေါ်ထွန်းမီအထိ သူမနှင့် သူမ၏ လက်အောက်ခံများမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူမ၏ အလုပ်မှာ အလွန်အရေးကြီးပြီး ဝန်ထမ်းရေးရာ ကိစ္စရပ်များမှစ၍ သတင်းအချက်အလက် စီးဆင်းမှုအထိ အရာအားလုံးကို ခြုံငုံမိသည်။
"ဟ ဟ... စောင့်နေလိုက်စမ်းပါဦး... ငါတို့ရောက်လာရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး... သူက အခရာ အဆင့် တစ်ယောက်ပဲလေ... နတ်ဘုရားစစ်စစ် ဖြစ်နေရင်တောင် ဘာဖြစ်လဲ... မီးလျှံဓားလမ်းစဉ်ဟာ အတိတ်တုန်းကလည်း အခရာအဆင့် ပေါင်းများစွာကို သတ်ခဲ့တာပဲ၊ နောက်ထပ် တစ်ယောက်တိုးတာ ဘာဆန်းလို့လဲ"
ဆန်ဒါဖွန် သူမ၏ ရှည်လျားပြီး ညိုမှောင်သော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သည်။ အနက်ရောင် ပုလဲလုံး တစ်လုံး အလား အပြစ်ဆိုဖွယ်မရှိအောင် လှပသော သူမ၏ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိ သော်လည်း ခြိမ်းခြောက်နေဟန် ရှိသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူမက ထက်မြက်ပြီး မည်းနက်နေသည့် လက်သည်းများကို အသုံးပြုကာ ဘေးနားရှိ ပန်းကန်ဆေး အဝတ်စမှ ချည်မျှင်တစ်ခုကို လိမ်လိုက်သည်။
ချက်ချင်းပင် ပင့်ကူလေးများ တရွရွ ပြေးလွှားရောက်ရှိလာကြပြီး သူမ ရေးသားထားသော စာများကို သယ်ဆောင်သွားကြသည်။
သူမသည် ပင့်ကူလေးများကို မြတ်နိုးသည့် မျက်လုံးများဖြင့် ကြည့်ရင်း သူတို့၏ အမွှေးအမျှင်လေးများကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ထုတ်လိုက်ပြီး အကျင့်ပါနေသည့်အတိုင်း ရှေ့သို့ နှစ်လှမ်းခန့် လှမ်းလိုက်သည်။
ဘုန်း...
မြေအောက် ဂူကြီးတစ်ခုလုံးတွင် အလွန် ကျယ်လောင်သော ဟိန်းသံကြီး မြည်ဟည်းသွားတော့၏။ ပင့်ကူမျှင်များနှင့် ကျောက်တုံးများ ဖုံးလွှမ်းနေသည့် ဆန်ဒါဖွန်၏ ဧရာမ ခန္ဓာကိုယ် အောက်ပိုင်းကြီးကြောင့် အသိုက်တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။
ထိုလှုပ်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်နံရံများတွင် အက်ကြောင်းများစွာ ဖြစ်ပေါ်လာ၏။
ဆန်ဒါဖွန် သူမ၏ အသိုက်အတွင်းရှိ ဖရိုဖရဲ ဖြစ်နေမှုများကို ကြည့်ကာ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်၏။
"အိုး... ငါ လှုပ်လှုပ်ရှားရှား မလုပ်တာ တော်တော်ကြာသွားပုံရတယ်"
သူမ ခြေထောက် (၈) ချောင်းစလုံး၏ အဆစ်များကို လှုပ်ရှားလိုက်ပြီး ပလပ်ဖောင်းပေါ်မှနေ၍ ရှေ့သို့ ဆက်လှမ်းလိုက်သည်။
ဝုန်း...
ကျောက်တုံး၊ ကျောက်ခဲများမှာ ကြေမွသွားက ဆန်ဒါဖွန်၏ ဧရာမ ဝမ်းဗိုက်ကြီး ထွက်ပေါ်လာသည်။
သူမ၏ ခန္ဓာကိုယ် အထက်ပိုင်းမှာ ဗလာကျင်းနေပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသမီးပုံစံ ဖြစ်သော်လည်း၊ အောက်ပိုင်းမှာမူ ရွံရှာဖွယ်ကောင်းသော ပင့်ကူကြီး၏ ပုံသဏ္ဌာန်ပင် ဖြစ်နေတော့သည်။
***