အခန်း (၃၄၅-၃၄၆)
Vol. 25 Ch. 345-346
အပိုင်း(၃၄၅)
ဂူကြီးတစ်ခုလုံး တုန်ခါသွားပြီးနောက် ခဏအကြာတွင် အသားညိုပြီး ဆံပင်ငွေရောင်ရှိသော လူပုလေး အချို့ ကျောက်နံရံအပေါက်များထဲမှ ထွက်ပေါ်လာကြသည်။
သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အဲ့လ်ဖ် ဘာသာစကားဖြင့် အော်ဟစ်ငိုယိုသူ ကငို၊ ပျော်ရွှင်စွာ ကခုန်သူက ကနှင့် အားလုံးမှာ ရူးသွပ်နေသည့်အလား ဖြစ်နေကြသည်။
ဤ 'လူပုလေး' များမှာ လောက၏ ပယ်စွန့်ခြင်းကို ခံထားရသည့် 'အမှောင်အဲ့လ်ဖ်' များပင် ဖြစ်သည်။ ဆန်ဒါဖွန်နှင့် နှိုင်းယှဉ်လျှင် သူတို့၏ ခန္ဓာကိုယ်များမှာ တကယ့်ကို သေးငယ်လှပေသည်။ အဆုံးမဲ့ ဂူကြီးအတွင်းတွင် မတ်တပ်ရပ်နေသော ဆန်ဒါဖွန်မှာ မကျော်လွှားနိုင်သည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်။
'ဆန်ဒါဖွန်' ဟူသော ကုဒ်နံမည်ရှိသည့် ဤတမန်တော်မှာ အမှန်တကယ်ပင် အမှောင်အဲ့လ်ဖ်များ ကိုးကွယ်ကြသည့် 'ပင့်ကူနတ်ဘုရားမ' ဖြစ်သည်။ ၎င်းကို 'မိခင်ကြီး' ဟုလည်း ခေါ်ကြသည်။အဲ့လ်ဖ်များ မပေါ်ပေါက်မီ ကနဦးအစကတည်းက တည်ရှိခဲ့သော ဒဏ္ဍာရီလာ သတ္တဝါကြီးပင်။
သူမ၏ အဆင့်အတန်းမှာ ဘီလူကြီးနှင့် တန်းတူပင် ဖြစ်သည်။
"ဒါနဲ့... စာအုပ်ဆိုင်ကို စုံစမ်းဖို့ ငါလွှတ်လိုက်တဲ့ ရုပ်သေးလေးတွေကော... အခုလောက်ဆို သတင်းရောက်သင့်နေပြီ"
ဆန်ဒါဖွန်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေကြသည့် အမှောင်အဲ့လ်ဖ်များကို ဂရုမစိုက်ဘဲ မေးစေ့ကို လက်ချောင်းများဖြင့် ပုတ်ကာ စဉ်းစားနေမိသည်။
ဆန်ဒါဖွန်သည် အရိပ်ကမ္ဘာ၌ အရိပ်သတ္တဝါအဖြစ် မွေးဖွားလာသူ ဖြစ်ကြောင်း အပြင်လောကတွင် သိသူ များများစားစား မရှိပေ။ သူမ ဖန်တီးထားသော ထိုအရိပ်ပိုးကောင်များကို သူမ၏ ကျွန်များအဖြစ် သတ်မှတ်နိုင်သည်။ သူတို့၏ အလိုဆန္ဒကိုလည်း သူမက အလွယ်တကူ ပြောင်းလဲနိုင်သည်။
သို့သော်လည်း... သူမ အခြေအနေကို သိရှိနိုင်ရန် ချည်မျှင်များကို ဆွဲငင်လိုက်စဉ်မှာပင် မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
အဘယ်ကြောင့်နည်း။
အရိပ်ပိုးကောင်များမှာ ထိန်းချုပ်မရဘဲ တစ်စစီ ကြေမွပျက်စီးနေကြသည်ကို ခံစားလိုက်ရသောကြောင့်ပင်...။
တစ်ကောင်၊ နှစ်ကောင် မဟုတ် အားလုံးပင်...
"ဘာတွေဖြစ်နေတာလဲ... ဘယ်သူက ဒါကို လုပ်နေတာလဲ..."
ဆန်ဒါဖွန်၏ မျက်နှာတွင် ဒေါသ အရိပ်များ ပေါ်လွင်လာသည်။ သူမသည် မဆိုင်းမတွပင် ပင့်ကူမျှင်များအပေါ် လက်တင်ကာ ကြားဝင်နှောက်ယှက်ရန် ကြိုးပမ်းလိုက်သည်။
အရိပ်ပိုးကောင် တစ်ကောင်နှင့် ဆက်သွယ်မိလိုက်သည်နှင့် သူမ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ ရှုံ့တွသွားတော့သည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အကြောင်းနဲ့ အကျိုး နိယာ စွမ်းအား…”
“ဒီလောက်မြင့်တဲ့အဆင့်ရှိတဲ့ နိယာမ မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ…”
ဆန်ဒါဖွန် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ သူမသည် ခြေထောက်ရှစ်ချောင်းစလုံးကို ကျောက်နံရံများထဲသို့ အားပြုစိုက်သွင်းထားပြီး တင်းကြပ်နေသော ပင့်ကူမျှင်များကို ဆွဲငင်နေမိသည်။ သူမ၏ ဧရာမ ဝမ်းဗိုက်ပေါ်တွင် အသားပိုတစ်ခု ပေါ်ထွက်လာပြီး အက်ကွဲကြောင်းကြီး တစ်ခု အဖြစ် ကွဲဟသွားကာ ရက်စက်ကြမ်းကြုတ်သော သွေးရောင်ပင့်ကူမျက်လုံးကြီး တစ်လုံး ပေါ်ထွက်လာသည်။
သူမ၏ အပြစ်ဆိုဖွယ်မရှိသော ပုလဲနက်ရောင် ကဲ့သို့ မျက်နှာပေါ်တွင်လည်း နီရဲသော အမှတ်အသားများ ဝေဝါးစွာ ပေါ်ပေါက်လာခဲ့သည်။
ဝေါ...
ဂူကြီးမှာ ဟိန်းသံနှင့်အတူ လုံးဝပြိုကျသွားပြီး ဝပ်စင်းနေသော အမှောင်အဲ့လ်ဖ်များအားလုံး အရှင်လတ်လတ် မြေမြုပ်ခံလိုက်ရသည်။
အလွန် များပြားလှသော အီသာ စွမ်းအင်များ စီးဝင်လာပြီး ဆန်ဒါဖွန်၏ ဗိုက်ပေါ်မှ မျက်လုံးပေါ်တွင် လက်ဝါးကပ်တိုင်ပုံစံအဖြစ် စုစည်းသွားသည်။ သူမသည် လျင်မြန်စွာ ပျံ့နှံ့နေသော ပုံသဏ္ဌာန်မဲ့ နိယာမစွမ်းအားများကို ဖယ်ရှားရန် အတွက် သူမ၏ ကိုယ်ပိုင်စွမ်းအားကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
အစောပိုင်းက ဆိုခဲ့သည့်အတိုင်း 'အခရာအဆင့်' နှင့် 'ဖျက်ဆီးခြင်းအဆင့်' တို့၏ အကြီးမားဆုံး ကွာခြားချက်မှာ 'နိယာမ' များကို အသုံးချနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့ပင် ဖြစ်သည်။
သို့သော်... နိယာမများကြားတွင်လည်း အနိမ့်အမြင့် ကွာခြားချက် ရှိသလို ထိန်းချုပ်နိုင်သည့် အဆင့်အတန်းချင်းလည်း မတူညီကြပေ။ ထို့ကြောင့်ပင် အခရာအဆင့်များ အချင်းချင်းကြားရှိ ကွာဟချက်မှာ အခရာအဆင့်နှင့် ဖျက်ဆီးခြင်းအဆင့်ကြားရှိ ကွာဟချက်ထက်ပင် ပိုမိုကြီးမားနိုင်ခြင်း ဖြစ်သည်။
အမှန်စင်စစ် တိုက်ခိုက်ရေးတွင် အသုံးမဝင်သော နိယာမအချို့လည်း ရှိနေသည်။ ထိုနိယာမများကို ပိုင်ဆိုင်ထားသော အခရာအဆင့်များကိုမူ အတုအယောင်ဟုသာ သတ်မှတ်နိုင်ပြီး စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်၍မရပေ။
ဥပမာအားဖြင့် ဝံပုလွေဖြူ အဖွဲ့က ခေါ်ယူခဲ့သော အိပ်မက်သားရဲ 'မိုးနတ်ဘုရား' မှာ အခရာအဆင့်များကြားတွင် အဆင့်နိမ့် အတုအယောင်မျှသာ ဖြစ်သည်။
နော်ဇင်တွင် အခရာအဆင့်များစွာ မရှိသော်လည်း အိပ်မက်ဘုံထဲ၌ မည်ရွေ့မည်မျှရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။
အဆင့်အတန်း သတ်မှတ်ချက်ဆိုသည်မှာ လူသားတို့ ဖန်တီးထားသောအရာသာ ဖြစ်ပြီး အိပ်မက်ဘုံထဲတွင် ရှိနေသူများမှာ လူသားများ မဟုတ်ကြပေ။
အမှန်တရားမှာ ပို၍ပင် စိတ်ပျက်စရာကောင်းလှသည်။ အိပ်မက်ဘုံအတွင်းရှိ အခရာအဆင့် အရေအတွက်မှာ နော်ဇင်တွင်ရှိသည်ထက် များစွာ သာလွန်နေသည်မှာ အများသိပင် ဖြစ်သည်။ တော်သေးတာ တစ်ခုက နော်ဇင်မှာ ထိုသတ္တဝါများအတွက် အဖိုးတန် ရတနာတွင်းကြီးတစ်ခု မဟုတ်ခြင်းပင်။
သို့မဟုတ်ပါက ဤနေရာရှိ လူများသည် အိပ်မက်ဘုံ၏ ထိတ်လန့်စရာများကို တားဆီးရန်အတွက် နံရံသုံးထပ်နှင့် ဝန်းရံထားရပေလိမ့်မည်။ သို့သော်လည်း... မြူတံတိုင်းကြီးသာ မရှိခဲ့လျှင် နော်ဇင်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပေပြီ။
ထို့နေ့က ကန်ဒယ်လာ၏ ရှေးဟောင်းဝိညာဉ် ပေါ်မလာခဲ့လျှင်ပင် အမှန်တရား အသင်းတော်၏ အီသာ ဖျက်ဆီးခြင်း အမြောက်မှာ ထိုမိုးနတ်ဘုရား၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပျက်ပြယ်စေနိုင်ပေသည်။ ထို့နောက် ဖျက်ဆီးခြင်းအဆင့် တိုက်ခိုက်ရေးသမားများက ဝင်ရောက်ကိုင်တွယ်မည်ဆိုပါက ထိုဖြစ်ရပ်ကို 'ပြီးပြည့်စုံစွာ' ဖြေရှင်းနိုင်ပေလိမ့်မည်။
မူလအကြောင်းအရာသို့ ပြန်သွားရလျှင် မိုးနတ်ဘုရား ပိုင်ဆိုင်သော စွမ်းအားမှာ 'မိုး' ဟူသော နယ်ပယ် နိယာမ ဖြစ်ပြီး ၎င်းမှာ အဆင့်နိမ့် ဒြပ်စင်နိယာမနှစ်ခုဖြစ်သည့် 'ရေ' နှင့် 'လျှပ်စီး' တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ဒြပ်စင်များကို တိုက်ရိုက်စေခိုင်းနိုင်ရုံသာရှိပြီး ပိုမိုမြင့်မားသော 'အယူအဆ' အဆင့်သို့ မတက်လှမ်းနိုင်ပေ။ ၎င်းမှာ စွမ်းအား မပြည့်ဝမှု၏ လက္ခဏာပင် ဖြစ်သည်။
အကယ်၍ မိုးနတ်ဘုရားသာ မြင့်မားသည့် နိယာမအယူအဆကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက 'မိုး' သည် 'ရေ' နှင့် 'လျှပ်စီး' မျှသာ ဖြစ်တော့မည်မဟုတ်ပေ။
၎င်းအစား 'သံသရာ' နှင့် 'အသွင်ပြောင်းလဲခြင်း' တို့ ဖြစ်လာပေလိမ့်မည်။ ထိုထက်ပို၍ အဆင့်မြှင့်တင်နိုင်လျှင်မူ 'ထာဝရ' ဖြစ်လာပေမည်။
ဤသုံးမျိုးကြားတွင် နှိုင်းယှဉ်စရာ သိပ်မရှိချေ။ သူတို့ကြားရှိ ကွာဟချက်ကပင် အခရာအဆင့်များကြားရှိ ကွာခြားချက်ကို ဖော်ပြနေခြင်းဖြစ်သည်။
အခြေခံ ၊ မူလ ၊ နိယာမ...
၎င်းတို့မှာ အခရာအဆင့်၏ ကွဲပြားသော အဆင့်သုံးဆင့်ပင် ဖြစ်သည်။ တိတိကျကျဆိုရလျှင် တတိယအဆင့်ကို ရောက်ရှိမှသာ အစစ်အမှန် အခရာအဆင့်ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်သည်။
မွန်း၏ စွမ်းရည်ဖြစ်သော ရင်းမြစ် သေဆုံးခြင်း ကို ဥပမာထားကြည့်လျှင် အခြေခံမှာ 'သတ်ဖြတ်ခြင်း'၊ မူလမှာ 'သေခြင်း' နှင့် နိယာမမှာ ‘အကြောင်းနှင့် အကျိုး’ တို့ ဖြစ်ကြသည်။
သူမသည် လမင်း၏ ရာထူးကို ဆက်ခံထားသူဖြစ်သဖြင့် အထက်ပါ စွမ်းအားအားလုံးကို အလိုအလျောက် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူမ လိုအပ်သည်မှာ ၎င်းတို့ကို ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ချိန်ပေးရန်သာ ဖြစ်သည်။
အခြားသော အခရာအဆင့်များမှာမူ ဤအဆင့်များသို့ ရောက်ရှိရန် မိမိဘာသာ ကြိုးပမ်းအားထုတ်ကြရသည်။
ပင့်ကူ နတ်ဘုရားမ ဆန်ဒါဖွန်၏ အခြေခံမှာ 'ရက်လုပ်ခြင်း' ဖြစ်သည်။ ၎င်းကို မူလ အဆင့်သို့ မြှင့်တင်လိုက်သောအခါ 'ဆက်နွှယ်မှု' ဖြစ်လာသည်။ ၎င်းတွင် 'တွယ်ကပ်ခြင်း' နှင့် 'ဖြတ်တောက်ခြင်း' တို့ ပါဝင်သည်။
'ကံကြမ္မာ' ဟူသော နိယာမကိုမူ ဆန်ဒါဖွန်မှာ အနည်းငယ်မျှသာ ထိတွေ့နိုင်သေးသည်။
လက်ရှိတွင် သူမသည် 'ဆက်နွှယ်မှု' စွမ်းအားကို အသုံးပြု၍ ရန်သူ၏ အကြောင်းနှင့် အကျိုး ကို ဖြတ်တောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ပင့်ကူမျှင်များဖြင့် ဆက်သွယ်ထားသည့် ဟာလာဟင်းလင်း နယ်မြေသည် မရေတွက်နိုင်သည့် အရိပ်ပိုးကောင်များ၏ တည်နေရာနှင့် ဆက်နွှယ်နေသည်။ လက်ရှိတွင် အရိပ်ပိုးကောင် စုစုပေါင်း ၃,၇၂၂ ကောင် ရှိနေသည်။
ဖယောင်းတိုင်မီးကို လေတိုက်၍ ငြှိမ်းသတ်လိုက်သကဲ့သို့ပင်၊ ကလိဗ်လန်း လရောင်အဖြစ် ကြေမွသွားသည့်အခါ သူနှင့်ဆက်နွှယ်နေသမျှ အရာအားလုံးမှာလည်း ပုံသဏ္ဌာန်မဲ့ နိယာမစွမ်းအားကြောင့် ဖုန်မှုန့်များအဖြစ် လွင့်စင်သွားခဲ့သည်။ ဤကြေမွပျက်စီးမှုသည် ကလိဗ်လန်းနှင့် သူတို့ကြားရှိ ဆက်နွှယ်မှု အတိုင်းအတာအလိုက် ရှေ့သို့ ဆက်လက်တိုးဝင်နေခြင်း ဖြစ်သည်။
ရန်သူပြသလိုက်သည့် နိယာမအဆင့်ကြောင့် ဆန်ဒါဖွန်မှာ အံ့ဩသွားသော်လည်း ဝါရင့်အခရာအဆင့် တစ်ဦးပီပီ ရန်သူမှာ ဤစွမ်းအားအပေါ် အတွေ့အကြုံ သိပ်မရှိသေးကြောင်း သိမြင်လိုက်သည်။ အရိုးရှင်းဆုံး ပြောရလျှင် ရန်သူသည် အမြောက်ကြီးကို ကိုင်ထားသည့် ကလေးငယ်တစ်ဦးနှင့် တူနေသည်။
လက်နက်၏ ဖျက်ဆီးအားက အံ့မခန်းသော်လည်း ကိုင်ဆောင်သူမှာ ၎င်းကို သယ်ဆောင်ရန်ပင် ရုန်းကန်နေရသည့် ပုံစံမျိုး ဖြစ်သည်။
အမြောက်တစ်လက်၏ ဖျက်ဆီးအားမှာ ချိန်ရွယ်မထားလျှင်ပင် လူအုပ်ကြီးကို ချေမှုန်းနိုင်လောက်အောင် ပြင်းထန်သော်လည်း၊ လက်နက်ငယ်ကိုင်ထားသည့် လူကြီးတစ်ယောက်ကလည်း အလားတူ ပျက်စီးမှုကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
***
အပိုင်း(၃၄၆)
“သောက်ချီးပဲ... ငါ သူတို့ရဲ့ သုံးပုံတစ်ပုံကိုပဲ ကယ်နိုင်ခဲ့တယ်...”
ဆန်ဒါဖွန်၏ မျက်နှာမှာ ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ပတ်ဝန်းကျင်ရှိ ပင့်ကူမျှင်များ၏ ဆယ်ပုံတစ်ပုံမှာ ၎င်းတို့၏ ဖြူဖွေးတောက်ပသော အဆင်းကို ဆုံးရှုံးသွားရပြီဖြစ်သည်။ ညှိုးနွမ်းသွားသော နွယ်ပင်များကဲ့သို့ပင် ၎င်းတို့မှာ လောင်ကျွမ်းခြင်း သို့မဟုတ် ရှုံ့တွခြင်းများ ဖြစ်ပေါ်လာကာ ပြတ်တောက်ကျဆင်းကုန်ကြသည်။
ထိုအရာများမှာ သူမ ထိန်းချုပ်ထားသော အရိပ်ပိုးကောင်များပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ မီးလျှံဓားလမ်းစဉ် အသုံးပြုသည့် အကောင်းဆုံး ကိရိယာများလည်း ဖြစ်ကြသည်။ ယခုမူ ထက်ဝက်ကျော်မှာ ချေဖျက်ခြင်း ခံလိုက်ရချေပြီ...။
ပို၍ ဆိုးသည်က မီးလျှံဓားလမ်းစဉ် အဖွဲ့ဝင် အချို့မှာလည်း အဆင့်ဆင့်သော မတော်တဆမှုများ ကြုံတွေ့ရပြီး အသက်ဆုံးရှုံးနေကြခြင်း ဖြစ်သည်။
ဒေါသထွက်နေသည့် ဆန်ဒါဖွန်သည် မန္တန် တစ်ပုဒ်ကို ရေရွတ်ကာသူမ၏ ခြေထောက်ရှစ်ချောင်းစလုံးဖြင့် ရူးသွပ်စွာ ဆောင့်နင်းလိုက်သည်။
ဝှစ်...
ဆန်ဒါဖွန်၏ အကြီးမားဆုံး ကိုယ်ပွားမှာ ဟာလာ ဟင်းလင်း နယ်မြေထဲ၌ ပေါ်လာခဲ့၏။ နောက်ဆုံး၌ ဆန်ဒါဖွန် သူမ၏ 'ဆက်နွှယ်မှု' ဆယ်ပုံတစ်ပုံခန့်အား ဖျက်ဆီးပစ်လိုက်သည့် အရာကို သူမ ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
မိန်းမငယ်လေး တစ်ဦး... တိတိကျကျ ဆိုရလျှင် လရောင်များ ဖုံးလွှမ်းနေသည့် အမူအရာကင်းမဲ့သော မိန်းမငယ်လေး တစ်ဦး...
“မဖြစ်နိုင်တာ... ဖျက်ဆီးခြင်းအဆင့် တစ်ယောက်လား... ဖျက်ဆီးခြင်းအဆင့် တစ်ယောက်က ဘယ်လိုလုပ် နိယာမစွမ်းအားကို ရထားတာလဲ၊ နောက်ပြီး အဲ့တာက သာမန်တောင် မဟုတ်ဘူး... အကြောင်းနဲ့ အကျိုး နိယာမလေ...”
ဝှစ်...
ထိုအခိုက်တွင်ပင် လရောင် တစ်ခု သူမထံ တိုးဝင်လာသည်ကို တွေ့လိုက်ရ၏။ မဟုတ်သေး... လရောင်ဖြင့် ဖန်တီးထားသည့် လှံကြီး တစ်စင်းပင်။
ကိုယ်ပွားမှာ တားဆီးဖို့ ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဝှစ်...
လရောင်လှံတံသည် မိုင်ပေါင်းထောင်ချီသော ခရီးကို မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဖြတ်သန်းလာကာ ဖြတ်သန်းလာပြီး ဆန်ဒါဖွန်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။ ထို့နောက်တွင်မူ လရောင်မှာ စက်ဝိုင်းပုံစံ ပွင့်အာလာပြီး ဧရာမ ကိုယ်ပွားကြီးကို နေရာတွင်ပင် ချုပ်နှောင်ထားလိုက်တော့သည်။
ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ဆန်ဒါဖွန်အနေဖြင့် သူမ၏ နိယာမစွမ်းအားကို အသက်သွင်းရန် အချိန်ပင် မရခဲ့ချေ။
‘ဒါဟာ လရောင်ရဲ့ အရှိန်အဝါ ရောင်ခြည် ထုတ်လွှတ်ခြင်း မလား...’
ဆန်ဒါဖွန်၏ အကြည့်မှာ လရောင်ပေါ်တွင် ရပ်တန့်နေ၏။ သူမသည် နောက်ထပ် နိယာမတစ်ခု၏ အရှိန်အဝါကို ထပ်မံခံစားလိုက်ရပြန်ပြီ ဖြစ်သည်။
“ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နိယာမ နှစ်မျိုးတောင်လား...”
သူမသည် 'ကံကြမ္မာ' နိယာမကို အသုံးပြု၍ ဤကိုယ်ပွားရုပ်သေးကို ဖန်တီးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ ပြောရလျှင် ၎င်းမှာ သူမ၏ အခြားဗားရှင်းတစ်ခု ဖြစ်ပြီး သူမ 'ရက်လုပ်ခြင်း' စွမ်းအားကို စတင်ရရှိစဉ်က အဆင့်အတန်းနှင့် တူညီသည်။
ယခုမူ ထိုကိုယ်ပွားမှာ ရန်သူကိုပင် သတိမမူမိလိုက်ဘဲ အထိုးခံလိုက်ရပြီ ဖြစ်သည်။
အကယ်၍ ဤအရာက သူမ၏ အစစ်အမှန် ခန္ဓာကိုယ်၌သာ ဖြစ်ပွားခဲ့မည်ဆိုလျှင်... ဆန်ဒါဖွန် ယခုတော့ အနည်းငယ် ထိတ်လန့်သွားမိသည်။
သိရှိထားသမျှ အရာအားလုံး ပြောင်းပြန်လှန်ခံလိုက်ရသဖြင့် သူမကိုယ်သူမ ကျောက်တုံးအောက်တွင် ပုန်းအောင်းနေသည့် အသိဉာဏ်မရှိသူတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်လည်း... ပို၍ အရေးကြီးသော မေးခွန်းတစ်ခုက ဆန်ဒါဖွန်၏ စိတ်ထဲတွင် ပေါ်လာသည်။
သူမက မည်သူနည်း။
မှန်ပေသည်။ သူမ၏ ဆက်နွှယ်မှု ဆယ်ပုံတစ်ပုံကို ဖျက်ဆီးပစ်ခဲ့ရုံတင်မကဘဲ ကိုယ်ပွားကိုပါ ဖျက်ဆီးပစ်ခဲ့သည့် ဤမိန်းကလေးငယ်မှာ မည်သူနည်း။
ဆန်ဒါဖွန်သည် သူမ၏ စွမ်းရည်ကို အသုံးပြု၍ တိုက်ရိုက် စုံစမ်းရန် မဝံ့ရဲတော့ပေ။ သူမ လုပ်နိုင်သည်မှာ ကိုယ်ပွားထံမှ မှတ်ဉာဏ်များကို ထုတ်ယူရန်သာ ဖြစ်သည်။
“ဒါ... ဒါက စာအုပ်ဆိုင်ရှင်ရဲ့ လက်ထောက် မဟုတ်လား...”
...
ဤအခိုက်အတန့် မတိုင်မီအထိ ဆန်ဒါဖွန်သည် နိယာမနှစ်မျိုးကို တစ်ပြိုင်နက် ကိုင်တွယ်နိုင်သော ရန်သူမျိုးနှင့် တစ်ခါမျှ မဆုံဖူးခဲ့ပေ။
စာအုပ်ဆိုင်ပိုင်ရှင်ကို ဖျက်ဆီးလိုကြသည့် အခြားတမန်တော်များကို ဆက်သွယ်ပြီး စည်းလုံးရန်ဟူသော သူမ၏ စောစောက အစီအစဉ်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လက်ရှိ ဦးစားပေးက လရောင်ကို စီးနင်း၍ ရောက်ရှိလာသော ဤမိန်းမငယ်လေး ဖြစ်သည်။ အဘယ်ကြောင့်မှန်း မသိ... အခရာအဆင့် တို့၏ အရှိန်အဝါမျိုး မရှိသော်လည်း ဤကလေးငယ်သည် နိယာမတစ်ခု၏ အခြေခံသဘောတရားများကိုမူ အပြည့်အဝ အသုံးချနိုင်စွမ်း ရှိနေသည်။ သို့သော်လည်း တည်ရှိမှု အရ ဆိုပါက သူမမှာ ဖျက်ဆီးခြင်းအဆင့်မျှသသာ ဖြစ်သည်။
ထိုအရာမှာ ဆန်ဒါဖွန် သိရှိထားသည့် အသိဉာဏ် ဗဟုသုတများထက် အဆပေါင်းများစွာ သာလွန်နေပြီး ရှေ့နောက်မညီညွတ်သည့် ပဟေဠိကြီးတစ်ခုလို ဖြစ်နေသည်။
‘ရန်သူက တကယ်ပဲ နိယာမနှစ်မျိုးကို ပိုင်ဆိုင်ထားတာလား...’
‘ဒါဆို သူမက ဘာလို့ အခရာအဆင့်ကို မရောက်သေးတာလဲ...’
ဆန်ဒါဖွန်မှာ ဇဝေဇဝါ ဖြစ်နေမိသည်။ နောက်ဆုံး၌ ဤရန်သူမှာ အခရာအဆင့်ကိုပင် လှည့်စားနိုင်သည့် အတုအယောင် စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်ဟုသာ မှတ်ယူလိုက်တော့သည်။
ထိုသို့ တွေးလိုက်မိသည်နှင့် ရန်သူ၏ ရှိနိုင်စွမ်းသော စွမ်းအားမှာ သူမ၏ စိတ်ထဲတွင် တစ်ရှိန်ထိုး မြင့်တက်သွားပြန်သည်။
“ဒီလောက် စွမ်းရည်ရှိတဲ့ အခရာအဆင့်တစ်ယောက်က ဘာလို့ အဲ့ဒီစာအုပ်ဆိုင်မှာ ဘေးချင်းကပ် အလုပ်လုပ်နေရတာလဲ... အခရာအဆင့်တွေ အချင်းချင်းကြားမှာတောင် အတူလက်တွဲဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စပဲလေ...”
မီးလျှံဓားလမ်းစဉ် အတွင်း ဆက်သွယ်ရေးကွန်ရက်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့သူ ဖြစ်သဖြင့် ဆန်ဒါဖွန်သည် ထိုအချက်ကို အလွန်နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်ဟု ဆိုနိုင်သည်။
အခရာအဆင့်တိုင်းတွင် သူတို့၏ ထူးကဲသော မာနကိုယ်စီ ရှိကြသည်။ အမှန်စင်စစ် နယ်ပယ်တစ်ခုတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိကာ ကမ္ဘာ့နိယာမများကို ထိန်းချုပ်နိုင်သူတစ်ဦးအဖို့ မောက်မာဝင့်ကြွားမှု မရှိရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည်မှာ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပို၍ နက်နဲသည်။ တစ်ခါတစ်ရံတွင် ၎င်းမှာ အခြားသူ၏ ညွှန်ကြားချက်ကို လိုက်နာရန် လိုအပ်သည်။ ထိုသို့ ထိပ်တိုက် တွေ့ကြသည့် အခါ ရန်ပွဲတစ်ခု ဖြစ်လာနိုင်သည်။ မဟုတ်သေး... ရန်ပွဲတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။
၎င်းမှာ အခရာအဆင့်များ၏ မာနကြောင့်ပင် ဖြစ်၏။ သူတို့သည် ဆုံးဖြတ်ချက် တစ်ခုချပြီးလျှင် လွယ်လွယ်နှင့် ပြောင်းလဲလေ့မရှိကြပေ။ ထင်မြင်ချက်များ ကွဲလွဲလာသည့်အခါ စည်းလုံးညီညွတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ထိုအရာကလည်း သက်တမ်း ကြာရှည်သည့် မီးလျှံဓားလမ်းစဉ် အဖွဲ့ကြီး ယခုတိုင် တစ်ကွဲတစ်ပြား ဖြစ်နေရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ယခုမူ ရန်သူများမှာ အတူတကွ လက်တွဲလုပ်ဆောင်နေရုံတင်မကဘဲ သူတို့ကြား၌ သခင်နှင့်ကျွန် ဆက်ဆံရေးမျိုး ရှိနေသည်မှာ သိသာလှသည်။
‘ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ... အခရာအဆင့်တစ်ယောက်က ဘယ်လိုလုပ်ပြီး နောက်ထပ် အခရာအဆင့်တစ်ယောက်ရဲ့ အစေခံ ဖြစ်နေနိုင်မှာလဲ...’
ဆန်ဒါဖွန် သူမ၏ လက်အောက်ခံများထံမှ မှတ်ဉာဏ်များကို အမြန်ပင် ပြန်လည်စစ်ဆေးလိုက်သည်။ သူမ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ အိပ်စက်ရာမှ နိုးထလာကာစ ဖြစ်သဖြင့် မှတ်ဉာဏ်များမှာ အပြည့်အဝ မရှိသေးပေ။
သူမသည် မွန်းဟု ခေါ်သော ဤမိန်းကလေးနှင့် စာအုပ်ဆိုင်တို့ အကြား ပတ်သက်သည့် သက်ဆိုင်ရာ မှတ်ဉာဏ်အားလုံးကို စုပ်ယူလိုက်သည်။ ထို့နောက်... လွန်ခဲ့သည့် တစ်နှစ်ခန့်က အမှန်တရား အသင်းတော်၏ ဓာတ်ခွဲခန်းတစ်ခု၌ မွန်း၏ မျက်နှာကို မြင်တွေ့ခဲ့ဖူးကြောင်း သိရှိလိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားရသည်။
‘ဉာဏ်ရည်တု လူသား..’
ဆန်ဒါဖွန်၏ ကျောရိုးမှာ အလိုအလျောက် ကွေးညွှတ်သွားပြီး ထိတ်လန့်မှုကြောင့် ဦးခေါင်းအထိ အေးစိမ့်သွား၏။သူမ၏ ကျောရိုးမှာ အရေပြားအောက်တွင် ပုစွန်စုန်းတစ်ကောင်ကဲ့သို့ တဆတ်ဆတ် လှုပ်ရှားလာတော့သည်။
နှလုံးသားထဲ၌ ဖော်ပြ၍ မပြနိုင်သည့် ထိတ်လန့်မှုကြီးကို ခံစားလိုက်ရသဖြင့် ဆန်ဒါဖွန်၏ စိတ်မှာ ဗလာကျင်းသွားကာ မည်သည့်အတွေးကိုမျှ စုစည်း၍ မရတော့ပေ။
အကယ်၍ မွန်းသည် တကယ်ပဲ ဉာဏ်ရည်တု လူသားတစ်ဦး ဖြစ်ခဲ့မည်ဆိုလျှင် သူမ ဤလောကထဲသို့ မွေးဖွား လာခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသည်ဟု အဓိပ္ပာယ်ရသည်။
သူမသည် မည်သည့် နေရာကမှန်းမသိဘဲ ရုတ်တရက် ပေါ်လာသည့ စာအုပ်ဆိုင်ရှင်နှင့် မတူပေ။ သူမ၏ မူလဇစ်မြစ်ကို လိုက်လံစုံစမ်း၍ ရနေသေးသည်။ သူမနှင့် ပတ်သက်သည့် ရုပ်ပိုင်းဆိုင်ရာ အချက်အလက် အားလုံးမှာ သူမ ပျောက်ကွယ်မသွားမီအထိ အမှန်တရား အသင်းတော် ဓာတ်ခွဲခန်းတွင် မှတ်တမ်းတင်ထားပြီးသား ဖြစ်သည်။
အီသာနှင့် လိုက်လျောညီထွေမှု အလွန်မြင့်မားစေရန် ဖလော်ဆိုဖာ ကျောက်တုံးဖြင့် ဖန်တီးထားသည်မှအပ၊ ထိုဓာတ်ခွဲခန်းသည် သူမ ထွက်ပြေးမသွားမီအထိ သူမ၏ မွေးရာပါ စွမ်းရည်များကို မြှင့်တင်ရန်အတွက် ဘာမှ မလုပ်ဆောင်နိုင်ခဲ့ပေ။
“ဒါဆိုရင် သူက ဓာတ်ခွဲခန်းကနေ ထွက်မသွားခင်အထိ ဘယ်လို အီသာစွမ်းအင်ကိုမှ မစုပ်ယူနိုင်ခဲ့ဘူးပေါ့... သူက သာမန်လူထက် နည်းနည်းလောက် ပိုသန်မာတဲ့ ခန္ဓာကိုယ်ရှိတဲ့ သာမန် ဉာဏ်ရည်တု လူသားစစ်စစ်ပဲ...”
ဆန်ဒါဖွန်သည် နားမလည်နိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရီနေလျက် ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ တဟားဟား ရယ်မောလိုက်တော့သည်။
***