အခန်း (၃၄၇-၃၄၈)
Vol. 25 Ch. 347-348
အပိုင်း (၃၄၇)
“ဟား ဟား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“တကယ်လို့ ဒါသာ အမှန်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာ... မဟုတ်ဘူး... တစ်နှစ်တောင် မရှိသေးဘူး... ဓာတ်ခွဲခန်းမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို ဖယ်လိုက်ရင် အဲဒီကောင်မက ချို့ယွင်းချက်ရှိတဲ့ သာမန် ဉာဏ်ရည်တု လူသား ဘဝကနေ နိယာမနှစ်မျိုးကို ကိုင်တွယ်နိုင်တဲ့ အခရာအဆင့် တစ်ယောက် ဖြစ်လာဖို့ လေးလပဲ ကြာခဲ့တယ်ပေါ့...”
“ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်တာ...”
ဆန်ဒါဖွန်၏ ဦးခေါင်းမှာ အပြင်းအထန် ခါယမ်းနေပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ရှိ ပင့်ကူမျက်လုံးများမှာလည်း တဖျပ်ဖျပ် ခတ်နေကာ လှုပ်စိလှုပ်စိဖြစ်ပြီး ပေါက်ကွဲထွက်ကုန်ကြသည်။ သူမ၏ နှလုံးသားမှာ ဒေါသတို့ဖြင့် တုန်ရီနေ၏။ ဤအရာမှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်ရမည်။ အမှန်စင်စစ် ဤအရာမှာ ကမ္ဘာဦး နိယာမတရားများကိုပင် စော်ကားနေခြင်း ဖြစ်သည်။
နှစ်ပေါင်းထောင်ချီ အားထုတ်မှု မရှိဘဲ အခရာအဆင့် ဖြစ်လာခြင်းဆိုသည်မှာ အိပ်မက်မျှသာ ဖြစ်သင့်သည်။ ဤသည်မှာ အခရာအဆင့်များ၏ အောင်မြင်မှုများကို ဗြောင်ကျကျ နင်းခြေလိုက်ခြင်းပင်။ ရယ်စရာကောင်းလိုက်သည့် လေးလ၊ ထိုလေးလအတွင်းမှာ ဘာလုပ်နိုင်မှာမလို့နည်း။ အိပ်မက်ထဲမှာသာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ၎င်းမှာ အိပ်မက်မဟုတ်ဘဲ ဆန်ဒါဖွန်အတွက်မူ အိပ်မက်ဆိုးသာ ဖြစ်ပေတော့သည်။
ဆန်ဒါဖွန် ရုတ်တရက် ငြိမ်သက်သွား၏။ ပို၍ ထိတ်လန့်စရာကောင်းသော အတွေးတစ်ခု သူမခေါင်းထဲ ပေါ်လာသည်။
မွန်းသည် ဓာတ်ခွဲခန်းတွင် အရေးမပါသော ဉာဏ်ရည်တု လူသားလေး ဖြစ်ခဲ့သော်လည်း လေးလအတွင်းမှာပင် အခရာအဆင့် ဖြစ်လာခဲ့သည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် ပြောင်းလဲသွားသည့် တစ်ခုတည်းသော အချက်မှာ သူမသည် စာအုပ်ဆိုင်၏ လက်ထောက် ဖြစ်လာခြင်းပင်။
နုပျိုသော စာအုပ်ဆိုင်ပိုင်ရှင်၏ နွေးထွေးသော အပြုံးမှာ သူမ၏ စိတ်ထဲတွင် ရုတ်တရက် ဖျပ်ခနဲ ပေါ်လာ၏။
“ဟုတ်တယ်... သူပဲ... သူကြောင့်ပဲ...”
ဆန်ဒါဖွန်သည် ရုတ်တရက် သဘောပေါက်သွားသည်။ သူမ၏ ယခင်က ဆုံးဖြတ်ချက်မှာ သေလောက်အောင် မှားယွင်းခဲ့ချေပြီ။
စာအုပ်ဆိုင်ရှင်သည် ဤအရာအားလုံးကို နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်သည်။ သူ၏ စွမ်းအားအဆင့်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်သော အဆင့်တွင် ရှိနေသည်။ မူလ စုန်းမကြီး တစ်ဦးနှင့် တန်းတူ၊ သို့မဟုတ် ထိုထက်ပင် သာလွန်နေနိုင်သည်။
ထိုအခိုက်တွင်ပင် သူမ ဟာလာဟင်းလင်းနယ်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်း၌ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
လမင်း၏ သရဖူပုံရိပ်သည် ဝေဝါးသည့် အလင်းကွင်းအဖြစ် ပြောင်းလဲသွားကာ ရုန်းကန်နေသည့် ကိုယ်ပွားကို ချုပ်နှောင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းကွင်းမှာ ကျုံ့သွားပြီး ပြတ်သားလှသော အစွမ်းဖြင့် ကိုယ်ပွားကို တစ်ဝက်စီ ပိုင်းဖြတ်လိုက်သည်။
တောက်ပသော အလင်းရောင်များ ပျောက်ကွယ်သွားချိန်တွင် ထိုမိန်းကလေးငယ်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
'အချိန်ရှိသေးတယ်... အခုချက်ချင်း စာတွေကို ပြန်ရုပ်သိမ်းရင် မှီသေးတယ်...'
ဆန်ဒါဖွန်သည် သူမ၏ ကိုယ်ပွား သေဆုံးသွားခြင်းကြောင့် ရရှိလာသည့် ပြင်းထန်သော ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူမက တစ်ဦးတည်း ရေရွတ်ရင်း ပင့်ကူမျှင်များကို ဆွဲငင်ကာ စာများကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း... သူမကိုယ်သူမ ပြန်လည်တားဆီးကာ ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ ဒါက အရမ်း အရေးကြီးနေပြီ... ငါကိုယ်တိုင် လူချင်းတွေ့ပြီး သတိပေးမှ ဖြစ်မယ်... မဟုတ်ရင် သူတို့တွေက ဒါကို အလေးအနက် ထားကြမှာ မဟုတ်ဘူး...”
ဆန်ဒါဖွန်၏ လူတစ်ပိုင်း ပင့်ကူတစ်ပိုင်း ခန္ဓာကိုယ်မှာ အနက်ရောင် အရည်များ အဖြစ် ပြောင်းလဲသွားကာ ကြမ်းပြင်ပေါ်တွင် ရွှံ့ဗွက်အိုင် တစ်ခု ဖြစ်သွား၏။ ၎င်းတို့က သူမ၏ အရိပ်နှင့် စတင် ပေါင်းစည်းလာခဲ့၏။ ဂူကြီးအတွင်း၌ ပင့်ကူအိမ်များ အပျက်အစီးများသာ ကျန်ရစ်ခဲ့တော့သည်။
အရိပ်ကမ္ဘာကို အုပ်စိုးသူဖြစ်သည့်အတိုင်း ခရီးသွားရန် အမြန်ဆုံးနည်းလမ်းမှာ အရိပ်ကမ္ဘာထဲသို့ ခုန်ဆင်းကာ ဖြတ်သန်းသွားလာခြင်းပင် ဖြစ်သည်။
ရှဲ... ရှဲ...
သို့သော်လည်း ချက်ချင်း ဆိုသလိုပင် ရွှံ့ဗွက်အိုင်နှင့် အရိပ်တို့ ပေါင်းစည်းသည့် လုပ်ငန်းစဉ်မှာ ရပ်တန့် သွား၏။ အနက်ရောင် အရည်များက ပွက်ပွက်ဆူလာကာ ပုလဲနက်ကဲ့သို့ နုနယ်သော အသားအရေရှိသည့် သွယ်လျလျ လက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်သည် သူမ၏ ရှည်လျားသော လက်သည်းများ ပျက်စီးသွားသည်ကိုပင် ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်ရှိ ကျောက်နံရံများကို အသည်းအသန် လှမ်းကိုင်ရန် ကြိုးစားနေသည်။ သူမသည် အသက်ဘေးမှ ထွက်ပြေးနေရသကဲ့သို့ပင်။
သို့သော် အောက်ဘက်ရှိ အရိပ်များထဲတွင်မူ မရေမတွက်နိုင်သည့် လက်တံများသည် ရစ်ပတ်လိမ်တွန့်လျက် နောက်မှ လိုက်ပါလာကြပြီး အခြားသော အရိပ်လက်တစ်ဖက်အဖြစ် ပုံပေါ်လာသည်။
၎င်းမှာ အမျိုးသားတစ်ဦး၏ လက်ပင် ဖြစ်သည်။
ထိုလက်သည် ဆန်ဒါဖွန်၏ ရုန်းကန်နေသည့် လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းချင်း ယှက်နွှယ်လိုက်သည်။ ချစ်သူမောင်နှံ လက်ချင်းချိတ်ထားသည့်အလားပင်။
သို့သော် ထိုအရိပ်လက်သည် ဆန်ဒါဖွန်၏ လက်ကို သွေးစက်လက် ဖြစ်အောင် ညှစ်ခြေပစ်လိုက်ပြီး အရိပ်များထဲသို့ ပြန်လည် ဆွဲခေါ်သွားတော့သည်။
ဆန်ဒါဖွန်သည် သေလောက်အောင် မှားယွင်းသော အမှားတစ်ခုကို လုပ်မိခဲ့သည်။ သူမသည် မွန်းက ကလိဗ်လန်းကို သတ်ဖြတ်ရန် 'ရင်းမြစ် သေဆုံးခြင်း' အား အသုံးပြုသည်ကိုသာ သတိထားမိခဲ့သလို၊ ဝေါလစ်နှင့် ပါရှာတို့ အဖြူလေး၏ ကိုက်ခဲခြင်းကို ခံရသည်ကိုသာ မြင်တွေ့ခဲ့သည်။
သို့သော်လည်း အရိပ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသော 'လူဝီ' ကိုမူ သူမ သတိမပြုမိလိုက်ပေ။
...
ဟူး... ဟူး...
လရောင်များ စုစည်းသွားပြီးနောက် မွန်းသည် လေထဲမှတစ်ဆင့် စာအုပ်ဆိုင်နှင့် မလှမ်းမကမ်းတွင် ပေါ်ထွက်လာသည်။ သူမ၏ မျက်နှာမှာ ယခင်ကထက် ပိုမိုဖြူရော်နေ၏။
အစစ်အမှန် 'အခရာအဆင့်' တစ်ဦးနှင့် တိုက်ပွဲမှာ မြန်ဆန်ကောင်း မြန်ဆန်နိုင်သော်လည်း လွယ်ကူသော ကိစ္စတော့ မဟုတ်ခဲ့ချေ။
ဆန်ဒါဖွန်၏ ကိုယ်ပွားသည် နိယာမ၏ ပထမအဆင့်ကိုသာ ပိုင်နိုင်သေးပြီး ဒုတိယအဆင့်ဖြစ်သော မူလသို့ တက်လှမ်းရန် ကြိုးပမ်းနေဆဲ ဖြစ်သော်လည်း ၎င်းမှာ အခရာအဆင့်ပင် ဖြစ်သည်။ ထို့အပြင် ဆန်ဒါဖွန်ကိုယ်တိုင်က သူမ၏ ကိုယ်ပွားအပေါ်တွင် အာမခံချက်အဖြစ် 'ရက်လုပ်ခြင်း' စွမ်းအားဖြင့် ကံကြမ္မာမျှင်တန်းများစွာကို ထည့်သွင်းပေးထားခဲ့သည်။
မသေဆုံးမီတွင် ထိုကိုယ်ပွားသည် သူမ၏ ကံကြမ္မာမျှင်တန်းများကို အပါးလွှာဆုံးနှင့် ပျက်စီး အလွယ်ဆုံး အခြေအနေသို့ ရောက်အောင် လုပ်ဆောင်ပြီး ရန်သူအပေါ်သို့ ရက်လုပ်ထားသမျှ ကံဆိုးမှုများအားလုံး ပုံအောကျရောက်စေရန် တန်ပြန်တိုက်စစ် ဆင်နွှဲခဲ့သည်။
ထို့နောက် ရန်သူ၏ ကံကြမ္မာမျှင်တန်းများကို 'ဖြတ်တောက်' ပြီး ထိုနေရာ၌ပင် အဆုံးသတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့်... သူမသည် သူမ၏ စွမ်းအားကို လုံးဝဥဿုံ တန်ပြန်နိုင်သည့် နိယာမတစ်ခုနှင့် ထိပ်တိုက်တွေ့ခဲ့ရခြင်းပင်။
ရင်းမြစ် သေဆုံးခြင်း'၏ အကူအညီဖြင့် 'ရောင်ခြည်လွှတ်ထုတ်ခြင်း' သည် သက်ရှိများ၏ အသက်ကိုသာမက ဒြပ်ရှိဒြပ်မဲ့ အရာအားလုံး၊ ကံကြမ္မာကိုပါ ချေဖျက်ပစ်နိုင်စွမ်း ရှိသည်။
အတိုချုပ်ပြောရလျှင် ရင်းမြစ်သေဆုံးခြင်းသည် ဆန်ဒါဖွန်၏ နိယာမထက် တစ်ဆင့်မြင့်မားသည်။ အကယ်၍ ဆန်ဒါဖွန်သာ 'ကံကြမ္မာ' နိယာမကို အပြည့်အဝ ပိုင်နိုင်ခဲ့လျှင် ၎င်းကို ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်လိမ့်မည်။ သို့သော် သူမမှာ 'ဆက်နွှယ်မှု' အဆင့်မှာသာ ရှိနေသေးသဖြင့် ရလဒ်မှာ သိသာထင်ရှားလှပေသည်။
သို့သော်လည်း မွန်းမှာ ဒဏ်ရာရရှိခဲ့သည်။ သူမသည် လက်ရှိတွင် ဖျက်ဆီးခြင်းအဆင့် မျှသာ ရှိသေးပြီး သူမ၏ တစ်ခုတည်းသော အတွေ့အကြုံမှာ နတ်ဘုရားတုနှင့် တိုက်ပွဲဝင်ခဲ့ခြင်းသာ ဖြစ်သည်။ နိယာမများကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ အတွေ့အကြုံမှာ အားနည်းနေဆဲပင်။
ဆန်ဒါဖွန်၏ ကိုယ်ပွားမှ စုစည်းလိုက်သော ကံကြမ္မာစွမ်းအားသည် မွန်း၏ ခန္ဓာကိုယ်အတွင်းရှိ ချို့ယွင်းချက်အားလုံးကို ပိုမိုကြီးထွားစေခဲ့သည်။ သူမ စတင်ဖန်တီးခံရကတည်းက ပါဝင်လာသော အဆင့်နိမ့် ဖလော်ဆိုဖာ ကျောက်တုံး' များမှာ သူမ၏ အသားနှင့် အရိုးများထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ အက်ကြောင်းများစွာ ဖြစ်ပေါ်စေခဲ့သည်။
'ငါ အားမကောင်းသေးဘူး...'
မွန်းသည် တွေးလိုက်မိသည်။ သူမ နှုတ်ခမ်းပေါ်မှ သွေးစများကို သုတ်လိုက်ပြီး ကြောင်ဖြူလေးကို ပွေ့ချီကာ စာအုပ်ဆိုင်သို့ ပြန်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် နတ်ဘုရား ကောင်းချီး နည်းလမ်း ကိုလည်း အသုံးချလိုက်သည်။
မွန်း၏ ဖြူရော်နေသော မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း ‘ရင်းမြစ်’ ထံမှ ရရှိခဲ့သော ပျက်စီးမှုများမှာမူ သူမ၏ ခန္ဓာကိုယ် အတွင်း အမြစ်တွယ် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို ပြန်လည်ကုသနိုင်လျှင်ပင် 'ပျက်စီးနေသော အဆင့်နိမ့် ကျောက်တုံး' မှာ 'ပြီးပြည့်စုံသော အဆင့်နိမ့် ကျောက်တုံး' အဖြစ်သို့သာ ပြောင်းလဲနိုင်မည် ဖြစ်သည်။ ဤသည်က သူမကို မသန်စွမ်းသူတစ်ဦးကဲ့သို့ ဖြစ်စေလိမ့်မည်။
ပြီးပြည့်စုံသည့် ဖလော်ဆိုဖာ ကျောက်တုံး တစ်ခုကို ရှာဖွေပြီး အစားထိုးနိုင်မှသာ သူမ နေပြန်ကောင်းနိုင်ပေလိမ့်မည်။
'ပြီးပြည့်စုံတဲ့ ကျောက်တုံးကို ရှာဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ...'
မွန်းသည် ခေါင်းခါယမ်းရင်း တွေးတောနေမိသည်။
သူမသည် အမှန်တရား အသင်းတော်၏ ဓာတ်ခွဲခန်း အတွင်း၌ တစ်နှစ်တာ အချိန် ကုန်ဆုံးစဉ်အတွင်း အယ်ခီမီ ပညာအကြောင်း အနည်းငယ် သိရှိထားသည်။
ဖလော်ဆိုဖာ ကျောက်တုံးကို ဖော်စပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ သာမက အဆင့် အမြင့်ဆုံး ပညာရှင်များလည်း လိုအပ်သည်။ အမှန်တရား အသင်းတော်၏ ဥက္ကဋ္ဌပင်လျှင် တစ်ကြိမ်သာ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုကြသည်။
ထိုတစ်ကြိမ်တည်းကပင် သူမကို အခရာအဆင့်သို့ တက်လှမ်းရန် နီးကပ်စေခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရန်အတွက် အနားယူ တရားကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
သူမ ဖော်စပ်ခဲ့သော ကျောက်တုံးကိုမူ အမှန်တရား အသင်းတော်က အီသာ ဖျက်ဆီးရေး အမြောက်တွင် စွမ်းအင်ပေးရန် အသုံးပြုခဲ့သည်။ အီသာအမြောက် တစ်ချက်ပစ်ရန်အတွက် ပြီးပြည့်စုံသည့် ကျောက်တုံးတစ်တုံး လိုအပ်သော်လည်း ၎င်း၏ စွမ်းအားမှာ သာမန် အခရာအဆင့် တစ်ဦးကို သတ်ဖြတ်နိုင်လောက်အောင် ပြင်းထန်လှသည်။
ဤအချက်ကပင် ဖလော်ဆိုဆာ ကျောက်တုံးများ မည်မျှတန်ဖိုးရှိကြောင်း ပြသနေသည်။ ထို့အပြင် ၎င်းကပင် သဘာဝလွန် တန်ခိုးရှင်များကြားတွင် 'ပညာရှင်' များ၏ ကြီးမြတ်မှုကိုလည်း ဖော်ပြနေခြင်း ဖြစ်သည်။
အတိုချုပ်ပြောရလျှင်… ထိုကဲ့သို့သော ကျောက်တုံးများကို ပိုင်ဆိုင်ထားသော လူများ သို့မဟုတ် အဖွဲ့အစည်းများမှာ တင်းကြပ်စွာ စောင့်ကြပ်ခံထားရမည်မှာ သေချာသည်။ ထိုကျောက်တုံးများကို ဖန်တီးနိုင်သူများမှာမူ လက်ရှိတွင် တစ်ဦးတစ်ယောက်မျှ မရှိသလောက်ပင်။
***
အပိုင်း(၃၄၈)
မွန်းသည် ကြောင်ဖြူလေးကို ပွေ့ချီလျက် စာအုပ်ဆိုင်တံခါးကို ဖွင့်လိုက်၏။
ကြောင်ဖြူလေးမှာ ဒဏ်ရာအနာတရ မရရှိခဲ့ပေ။ မွန်း၏ ကာကွယ်မှုအောက်တွင် ၎င်းမှာ ဘေးကင်းရုံတင်မကဘဲ ဝလင်စွာပင် စားသောက်ခဲ့ရသေးသည်။
သို့သော်… ၎င်းမှာ မိုက်မဲခြင်းမရှိပေ။ အမှန်စင်စစ် အဖြူလေးမှာ နတ်ဘုရားတု၏ ကောက်ကျစ်ပြီး အလိုရမ္မက်ကြီးသော မျိုးဆက်တစ်ခု ဖြစ်သည်။ အကယ်၍ မွန်းသာ နောက်က လိုက်မလာခဲ့လျှင် ယနေ့ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ဖို့ မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။
ထို့ကြောင့်ပင်… အဖြူလေးသည် နောင်တွင် ခွင့်ပြုချက်မရှိဘဲ လျှောက်မသွားတော့ကြောင်း ပြသသည့် အနေဖြင့် မွန်း၏ လက်ထဲတွင် ငြိမ်ဝပ်စွာ လိုက်ပါလာခဲ့သည်။
စာအုပ်ဆိုင် ပိုင်ရှင်၏ ထူးထူးခြားခြား ခွင့်ပြုချက်မှာ သူ့ကို သင်ခန်းစာပေးရန် ဖြစ်ပုံရသည်ဟု အဖြူလေး ခံစားမိလာသည်။ 'အပြင်လောကက အန္တရာယ်များတယ်၊ ထွက်ပြေးဖို့ မကြိုးစားနဲ့' ဆိုသည့် သတိပေးချက်ပင်။
"ဟင်… ပြန်လာပြီလား..."
ကောင်တာနောက်ဘက်မှ လင်ကျဲမှာ မော့ကြည့်လိုက်ပြီး ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွား၏။
အဘယ်ကြောင့်နည်း။ မွန်း၏ပုံစံမှာ အတော်ပင် နွမ်းနယ်နေသောကြောင့် ဖြစ်သည်။ သူမသည် အဝတ်အစားများတွင် ဖုန်မှုန့်များ ပေကျံနေပြီး မောပန်းနေပုံရသည်။ အဖြူလေး၏ အမွှေးများမှာလည်း ဖရိုဖရဲ ဖြစ်နေပြီး ၎င်း၏ နှုတ်ခမ်းထောင့်တွင် အနီရောင် အရည်အချို့ ပေနေသည်။
မွန်း အပြင်ထွက်သွားသည်မှာ အတော်ကြာသွားပြီဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
လင်ကျဲ၏ နှုတ်ခမ်းများ တွန့်သွား၏။ သူမက တကယ်ပဲ ကြောင်သူခိုးများနှင့် တိုးခဲ့သည်လား။
ဒိုရစ်ကို 'အရာအားလုံး ကောင်းသွားမှာပါ' ဟု ကတိပေးပြီးနောက် နော်ဇင်တွင် ရေကြီးခဲ့သည်။ ယခုလည်း ဤဖြစ်ရပ်က နိမိတ်မကောင်းတာတွေ ပြောမိလို့များလော။
လင်ကျဲက ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။
"မွန်း… အားလုံး အဆင်ပြေရဲ့လား.. အန္တရာယ်ရှိတာမျိုးနဲ့ မတိုးခဲ့ဘူးမလား... တကယ်လို့ တစ်ယောက်ယောက် နင့်ကို အနိုင်ကျင့်ခဲ့ရင် ငါ့ကိုပြော၊ ငါ နင့်အတွက် ပြန်လက်စားချေပေးမယ်"
သူကိုယ်တိုင် သွားမှာတော့ မဟုတ်ပါချေ။ ရဲတိုင်တာတို့ ဂျိုးဇက်ကို ဖြေရှင်းခိုင်းတာတို့ကို ဆိုလိုခြင်း ဖြစ်သည်။
မွန်းက ခေါင်းခါပြလိုက်၏။
"အဆင်ပြေပါတယ်… ကြောင်သူခိုးတစ်စုနဲ့ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲ… ကျွန်မ သူတို့ကို အပြတ်ရှင်းခဲ့ပြီးပါပြီ"
ဤဖြစ်ရပ်တစ်ခုလုံးမှာ အသက် အန္တရာယ် မရှိသော်လည်း သူမ မသန်စွမ်း တစ်ယောက် ဖြစ်သွားပြီဟူသော အတွေးကြောင့် စိတ်မကောင်း ဖြစ်နေရခြင်း ဖြစ်သည်။
လင်ကျဲသည် သူ၏ လက်ထောက်မှာ အမြဲတမ်း ရိုးသားပြီး လိမ်ပြောတတ်သူ မဟုတ်ကြောင်း သိသည်။ 'အဆင်ပြေပါတယ်' ဆိုလျှင် အမှန်တကယ် အဆင်ပြေခြင်းပင် ဖြစ်မည်။
လင်ကျဲ စိတ်သက်သာရာရသွားပြီး မျက်နှာဝင်းပသွား၏။
"အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့။"
ထို့နောက် သူ၏ အပြုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်။
‘နေပါဦး… အပြတ်ရှင်းခဲ့တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ…’
‘ပြီးတော့ နောက်ကွယ်က ကြိုးကိုင်သူကို ဒီလောက် အချိန်တိုအတွင်းမှာ အပြတ်ရှင်းခဲ့တယ်ဆိုတာကရော ဘာလဲ…’
လင်ကျဲ မမေးဘဲ မနေနိုင်တော့ချေ။
"မွန်း... လူဆိုးတွေကို နှိမ်နင်းတာ ကောင်းပေမဲ့… နောက်ကွယ်က ကြိုးကိုင်သူဆိုတာ ဒီလောက်လွယ်လွယ်နဲ့ တွေ့နိုင်ပါ့မလား… နင် တစ်ခုခု မှားသွားတာများလား"
မွန်းမှာ ထိတ်ခန့်သွားပြီး သတိပြန်ဝင်လာ၏။
'ဟုတ်သားပဲ... အခရာအဆင့်တစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ သတ်လို့ရပါ့မလား…'
ပြန်တွေးကြည့်လျှင် ရန်သူပြသခဲ့သော အစွမ်းမှာ ပုံမှန်ထက် များစွာ နိမ့်ကျနေသည်။ ထို့အပြင် ရန်သူ၏ တုံ့ပြန်မှုမှာလည်း ထူးဆန်းနေခဲ့သည်... ၎င်းမှာ ကိုယ်ပွား သို့မဟုတ် ရုပ်သေးတစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။
‘ဘော့စ်က တကယ် အံ့ဩဖို့ကောင်းတာပဲ... ငါ မမျှော်လင့်ထားတဲ့ အချက်ကို သူ အလွယ်တကူပဲ တွေးမိသွားတယ်'
"ကျွန်မ ပေါ့ဆသွားတယ်"
မွန်းက အလေးအနက် ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်… "
လင်ကျဲမှာ ခေါင်းခါလိုက်မိသည်။ သူ၏ လက်ထောက်လေးမှာ ဆယ်ကျော်သက် အရွယ် စိတ်ကူးယဉ်ရောဂါ ပြန်ထလာပြီဟု သူ ခံစားလိုက်ရသည်။ သူမသည် လူမိုက်အချို့ကို ခြောက်လှန့်လိုက်ပြီး သူတို့ရဲ့ ခေါင်းဆောင်ကိုပါ တစ်ခါတည်း ခြိမ်းခြောက်ခဲ့ပုံရသည်။ ထို့ကြောင့် ‘အပြတ်ရှင်းခဲ့တယ်’ ဟူသော ကြောက်စရာ စကားလုံးမျိုး သုံးစွဲနေခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
လင်ကျဲ ချက်ချင်းပင် လူကြီးတစ်ဦးကဲ့သို့ ပုံစံဖမ်းကာ သူ၏ အရှိန်အဝါကို ထိန်းသိမ်းရင်း လက်ထောက်ကို လေးနက်စွာ သတိပေးလိုက်၏။
"အင်း... ငါ အခုတော့ သတိပေးလို့ ရပေမဲ့ နောက်တစ်ခါမှာတော့ ငါ ရှိနေမယ်လို့ အာမမခံနိုင်ဘူး… နင် ဒီထက် ပိုပြီး မဆင်မခြင် မလုပ်နဲ့တော့နော်၊ ဟုတ်ပြီလား…"
မွန်းက လိမ္မာစွာ ခေါင်းညိတ်ပြသည်။
လောကကြီး၏ အန္တရာယ်များကို မသိရှာသည့် ကြောင်ဖြူလေးကတော့ မွန်း လက်ထဲကနေ ချက်ချင်း ခုန်ထွက်ပြီး ကောင်တာပေါ်မှတစ်ဆင့် လင်ကျဲ၏ ရင်ခွင်ထဲကို တိုးဝင်သွားတော့သည်။ ၎င်းက အနိုင်ကျင့်ခံရသည့် ပုံစံမျိုးဖြင့် တုန်တုန်ရီရီလုပ်ပြကာ နှစ်သိမ့်မှုကို မျှော်လင့်နေပုံရသည်။
သို့သော်လည်း ၎င်းအတွက် အံ့ဩစရာ ဖြစ်သွားရသည်က လင်ကျဲသည် မျက်နှာလိုက်တတ်သူ ဖြစ်သည်။
လင်ကျဲက ထိုဝဖိုင့်နေသော ကြောင်ကြီး၏ ခေါင်းကို လက်ဆစ်ဖြင့် ခေါက်လိုက်ပြီး ဆူပူလိုက်၏။
"နင်ကများ ကလေးဆိုးလို လုပ်ပြနေသေးတယ်ပေါ့… ဒီမှာကြည့်ဦး၊ ဗိုက်က စူထွက်နေတာပဲ၊ နင် ဝဝလင်လင် စားခဲ့မှန်း ငါ သိတာပေါ့... နောက်တစ်ခါ အပြင်ထွက်ဝံ့သေးလား ကြည့်ကြသေးတာပေါ့ ပြဿနာရှာတဲ့ကောင်လေး..."
အဖြူလေးမှာ အဆူခံလိုက်ရသဖြင့် ခေါင်းကို ခြေထောက်များကြားတွင် ဝှက်ကာ 'မြောင်' ခနဲ တိုးတိုးလေး အော်လိုက်သည်။ နောက်တစ်ခါ မလုပ်တော့ပါဟု ဝန်ခံသည့်ပုံစံပင်။
"ဪ... ဒါနဲ့…"
လင်ကျဲသည် ပန်းရောင် အသည်းပုံသေတ္တာလေးတစ်ခုကို ထုတ်ပြီး မွန်းကို ပေးလိုက်သည်။ သူက အသံကို နူးညံ့အောင် ပြုပြင်လိုက်ရင်း…
"ဒါ နင့်အတွက် လက်ဆောင်... ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း စာအုပ်ဆိုင်အတွက် နင် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်တဲ့အနေနဲ့ပါ… ဖွင့်ကြည့်လိုက်ဦး"
မွန်းမှာ ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ရှေ့သို့ လက်ဆန့်ကာ ပန်းရောင် အသည်းပုံ လက်ဆောင်သေတ္တာလေးကို လှမ်းယူလိုက်သည်။
သူမ၏ မျက်နှာမှာ အရင်အတိုင်းပင် အမူအရာ ကင်းမဲ့နေသော်လည်း နှလုံးသားထဲတွင်မူ ခံစားချက်လှိုင်းလုံးများ ရိုက်ခတ်နေ၏။
သူမသည် အနည်းငယ် အံ့အားသင့်မိသလို သံသယလည်း ဖြစ်မိသည်။ ထိုခံစားချက်နှစ်ခု ပေါင်းစပ်သွားသည့်အခါ စိုးရိမ်စိတ်လေး တစ်ချက် ဝင်လာတော့သည်။
သူမ အပြင်လောက၌ ကျင်လည်လာခဲ့သည်မှာ လပိုင်းခန့် ရှိပြီ ဖြစ်လေရာ လူ့အဖွဲ့အစည်း အတွင်း အတွေ့ရများသော အရာများကို ရင်းနှီးကျွမ်းဝင် နေခဲ့ပြီ ဖြစ်သည်။
ပန်းရောင်အသည်းပုံသည် များသောအားဖြင့် 'အချစ်'၊ 'ဖွင့်ပြောခြင်း'၊ 'မြတ်နိုးခြင်း' နှင့် အလားတူ ခံစားချက်များကို ကိုယ်စားပြုလေ့ရှိသည်။
ထိုအချက်အပေါ် အခြေခံ၍ စဉ်းစားလျှင် လက်ဆောင်သေတ္တာကို ထိုကဲ့သို့ ပုံဖော်ပေးခြင်းမှာ ထိုပုဂ္ဂိုလ်ကို နှစ်သက်မြတ်နိုးသည်ဟု အဓိပ္ပာယ်မရပေဘူးလော။
ထိုအရာက အခြေခံအားဖြင့် အချစ်ကို ဖွင့်ပြောလိုက်တာ မဟုတ်ပေဘူးလော။
မွန်း သေတ္တာလေးကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်ရင်း ၎င်း၏ လေးလံမှုကို ခံစားလိုက်ရသည်။ မိန်းမငယ်လေး၏ အမူအရာကင်းမဲ့သော မျက်နှာထက်တွင် ဇဝေဇဝါဖြစ်မှုများ သိသာစွာ ပေါ်လွင်နေ၏။ ထို့နောက် သူမသည် လင်ကျဲကို ကြည့်ကာ သူမ သိလိုသည်များကို အလေးအနက် မေးမြန်းလိုက်လေသည်။
“ဘော့စ်… အသည်းပုံက... အချစ်ကို ကိုယ်စားပြုတာ မဟုတ်ဘူးလား”
လင်ကျဲမှာ အနည်းငယ် အနေရခက်သွားသည်။ သူသည် အစပိုင်းတွင် အမျိုးသမီးတစ်ဦးနှင့် ပိုမိုလိုက်ဖက်မည့်၊ အမျိုးသမီးထု ပိုမိုနှစ်သက်မည့် လက်ဆောင်သေတ္တာမျိုးကို ဖန်တီးချင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ စေတနာမှာ အစစ်အမှန်ဖြစ်ကြောင်း ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။
အမှတ်အသားများ၏ အလှအပဆိုင်ရာ ဒီဇိုင်းများ သို့မဟုတ် ရှေးဟောင်းအဝတ်အထည်များ၏ ပုံစံများအကြောင်း နားလည်သဘောပေါက်မှုနှင့် ပတ်သက်လာလျှင် ဆရာလင်မှာ သီအိုရီပေါင်းများစွာကို ကျွမ်းကျင်စွာ ရှင်းပြနိုင်သူ ဖြစ်သည်။ ကိုယ်တိုင် ပုံဆွဲပြရန်ပင် သူ့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။
ခန့်ညားထည်ဝါသော ပုံစံဖြစ်စေ၊ လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြစ်စေ သူ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အတွေ့အကြုံများစွာ ရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း မိန်းကလေး တစ်ဦးအတွက် ဤကဲ့သို့ အရာမျိုးနှင့် ပတ်သက်လာသည့် အခါတွင်မူ ဆရာလင်မှာ သုံးနှစ်သားလေးတစ်ဦးကဲ့သို့ ဘာမှမသိဘဲ လုံးဝ တိုင်ပတ်နေတော့သည်။
နောက်ဆုံး သူ စဉ်းစားမိသမျှမှာ ပန်းရောင်နှင့် အသည်းပုံများ ပါဝင်သည့် ဒီဇိုင်းမျိုးသာ ဖြစ်နေသည်။ ထိုသို့ဖြင့် ဤလက်ဆောင်သေတ္တာလေး ဖြစ်လာရခြင်းပင်။
သို့သော်လည်း… ၎င်းမှာ အမှန်တကယ်ပင် မစ္စတာလင်က အချစ်ကို ဖွင့်ပြောရန် လက်ဆောင်ပေးနေသည့် ပုံစံမျိုး ပေါက်နေတော့သည်။
"အဟွတ် အဟွတ်..."
လင်ကျဲသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ အနည်းငယ် ချောင်းဟန့်လိုက်ရင်း မသိမသာပင် ပြန်လည် ဖြေကြားလိုက်သည်။
"အချစ် ဆိုတဲ့ စကားလုံးက ချစ်သူရည်းစားတွေကြားမှာပဲ ကန့်သတ်ထားတာ မဟုတ်ပါဘူး… အလုပ်ရှင် တစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်ပြီး အလုပ်ကို အလေးအနက်ထားတဲ့ ဝန်ထမ်းတွေ ချစ်တာက သဘာဝကျပါတယ်”
မွန်းက ထိုအချက်ကို စဉ်းစားကြည့်ပြီး အလေးအနက် ခေါင်းညိတ်လိုက်သည်။
'ဟုတ်သားပဲ… အဲ့ဒါက တကယ်ကို သဘာဝကျပါတယ်'
'ဒီကလေးလေးက တကယ်ကို ရိုးသားရှာတာပဲ'
လင်ကျဲ စိတ်ထဲမှ တွေးလိုက်မိသည်။ ထို့နောက် ပြုံးလျက် သူမ၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း…
"ဖွင့်ကြည့်လိုက်ဦး… နင် ဒီလက်ဆောင်ကို ကြိုက်လိမ့်မယ်လို့ ငါထင်တယ်"
***