← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 26 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 26 Ch. 351-352

အပိုင်း(၃၅၁)

သွေးယဇ်ပူဇော်ခြင်း

စာအုပ်၏ အမည်နာမကို မြင်လိုက်ရသည်နှင့် ကျိကျစ်ရှို့၏ ရင်ခုန်သံများမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မြန်ဆန်လာပြန်သည်။ ရှေ့စာအုပ်များ၏ အမည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါမှု ရှိသော်လည်း စာမျက်နှာကို မလှန်ကြည့်ရသေးသရွေ့ သာမန်လူတစ်ယောက်အဖို့ စိတ်ကူးဖြင့်သာ မှန်းဆနိုင်ပေလိမ့်မည်။ မစ္စတာလင်၏ စွမ်းဆောင်ရည်ကို သိနားလည်ထားသော ကျိကျစ်ရှို့အဖို့မူ ထိုစာအုပ်များအပေါ် အလိုအလျောက် ရိုသေခန့်ညားမိပြီးသား ဖြစ်သည်။

သို့သော် ယခုနောက်ဆုံးစာအုပ်မှာမူ ကွဲပြားခြားနားလှသည်။ စာအုပ်မျက်နှာဖုံးပေါ်ရှိ သွေးရောင်လွှမ်းနေသော အမည်နာမမှာ မြင်သူတိုင်းကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်လှ၏။ စာအုပ်ထဲ၌ မည်သည့်အကြောင်းအရာများ ပါဝင်နေမည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။

“သွေးယဇ်ပူဇော်ခြင်း…”

အသက်ရှိသော သတ္တဝါတို့၏ အသားနှင့် သွေးကို နတ်ဘုရားများထံ ပူဇော်ရသည့် ထုံးတမ်းစဉ်လာများပင်။ သို့သော် မေးခွန်းထုတ်စရာ တစ်ခုရှိသည်မှာ... မည်သူ့သွေးသားကို အသုံးပြုမည်နည်း၊ မည်ကဲ့သို့သော ထုံးတမ်းစဉ်လာမျိုးကို ကျင့်သုံးမည်နည်း၊ ထိုယဇ်ကို လက်ခံမည့် နတ်ဘုရားမှာကော မည်သူနည်း။

ကျိကျစ်ရှို့၏ ရင်တွင်း၌ မငြိမ်မသက် ဖြစ်လာခဲ့၏။ သူမသည် ထိုမိုးအေးသော ညတစ်ညက စာအုပ်ဆိုင်အပြင်ဘက်တွင် သူမကို ဖြတ်ကျော်သွားခဲ့သော အဘိုးအို ဝယ်လ် ကို ပြန်လည်အမှတ်ရမိသည်။ လတ်တလော ကြားသိရသော သတင်းများအရ ထိုအဘိုးအိုသည် နော်ဇင်မြို့၏ မှောင်မိုက်သော အရိပ်များကြားတွင် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ဟု အမည်ရသည့် အစွမ်းထက်သော အမှောင်အင်အားစုသစ်တစ်ခုကို တည်ထောင်ထားသည်ဟု ဆိုသည်။

ထိုဂိုဏ်းသည် 'စကြဝဠာနှင့်အမျှ အနှိုင်းမဲ့သော အသိဉာဏ်နှင့် စွမ်းအားကို ပိုင်ဆိုင်သည့် နတ်ဘုရား' တစ်ပါးကို ကိုးကွယ်ကြပြီး၊ သူတို့၏ ရန်သူများကို သတ်ဖြတ်ကာ ထိုနတ်ဘုရားထံ ရက်စက်ကြမ်းကြုတ်စွာ ယဇ်ပူဇော်လေ့ရှိသည်ဟု သတင်းကြီးနေသည်။

အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ သြဇာမှာ နော်ဇင်မြို့တွင် တဟုန်ထိုး မြင့်တက်လာနေပြီး 'နေမင်း ယုံကြည်ခြင်း' အဖွဲ့နှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ သူတို့ နှစ်ဖွဲ့မှာ အလင်းနှင့် အမှောင်ကဲ့သို့ပင်။ တစ်ဖွဲ့က လူသားတို့အပေါ် ကျရောက်သည့် နေရောင်ခြည်နှင့် တူသော်လည်း အခြားတစ်ဖွဲ့မှာမူ အရှိန်အဟုန်ဖြင့် ပြန့်နှံ့လာသည့် မှိုဆိုးများကဲ့သို့ပင်။

လူမဆန်သော လုပ်ရပ်များ၊ တင်းကြပ်သော စည်းမျဉ်းများနှင့် နောက်လိုက်များ၏ အစွန်းရောက် ယုံကြည်မှုများကြောင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို လူတိုင်းက ကြောက်ရွံ့နေကြသည်။ လူအများက ထိုဂိုဏ်းကို ကပ်ရောဂါတစ်ခုကဲ့သို့ မြင်ကြပြီး သူတို့ကိုးကွယ်သည့် အနန္တတန်ခိုးရှင်ကိုလည်း 'မိစ္ဆာနတ်ဘုရား' အဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း ထိုမိစ္ဆာနတ်ဘုရား၏ အမည်နှင့် နောက်ခံသမိုင်းကြောင်းကိုမူ မည်သူမျှ သေချာမသိကြပေ။ ဤအရာအားလုံးမှာ ဝယ်လ် ဖန်တီးထားသော လှည့်ကွက်များသာ ဖြစ်နိုင်သည်။

သို့သော်လည်း စာအုပ်ဆိုင်၏ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သူ ကျိကျစ်ရှို့၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ဝင်လာသည်။ ထိုမိစ္ဆာနတ်ဘုရားသည် ဤစာအုပ်ဆိုင်နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေနိုင်သည်ဟူ၍ပင်။ သို့သော်လည်း… မစ္စတာလင်သည် တစ်စုံတစ်ရာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသလော။

ကျိကျစ်ရှို့မှာ ထိုမေးခွန်း၏ အဖြေကို မသိသကဲ့သို့ မည်သို့မျှလည်း မခန့်မှန်းရဲပေ။ သို့သော်လည်း… ယခုအခါတွင်မူ အဖြေမှာ သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ကျိကျစ်ရှို့ ထိုစာအုပ်ကို စိုက်ကြည့်နေမိ၏။

လင်ကျဲမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အစောပိုင်းက စာအုပ်များမှာ မိန်းကလေးကို ယခုမျှ ထိတ်လန့်သွားစေခြင်း မရှိခဲ့ပေ။ ကျိကျစ်ရှို့အနေဖြင့် 'မွန်တီခရစ္စတို မြို့စားကြီး' သို့မဟုတ် 'မာနနှင့် အစွဲ' ကဲ့သို့သော ဝတ္ထုများကို ပို၍ စိတ်ဝင်စားလိမ့်မည်ဟု သူထင်ထားသော်လည်း ယခုမူ ဤသာမန်စာအုပ်ကလေးအပေါ်တွင်မှ အာရုံအစိုက်ဆုံး ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

ရှေးလူကြီးများ ပြောသကဲ့သို့ 'အစွန်းနှစ်ဖက်သည် ဆုံတတ်သည်' ဟူသော စကားမှာ အမှန်ပင် ဖြစ်နိုင်သည်။ သူမကဲ့သို့ အထက်တန်းစား လူမှုပတ်ဝန်းကျင်၏ ချစ်ခြင်း၊ မုန်းခြင်း၊ အာဃာတများကြားတွင် နေသားကျနေသူအဖို့ ယခုကဲ့သို့ သာမန်ဟင်းချက်နည်း စာအုပ်မျိုးက ပို၍ ဆွဲဆောင်မှု ရှိနေခြင်း ဖြစ်နိုင်ပေသည်။

ထို့ကြောင့် လင်ကျဲက မနေနိုင်ဘဲ မေးလိုက်၏။

“ခင်ဗျား ဟင်းချက်နည်း စာအုပ်ကို စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး… ခင်ဗျား ကိုယ်တိုင် ဟင်းချက်ကြည့်ဖို့ စိတ်ကူးရှိလို့လား”

“...”

ရွှေဇွန်းကိုက် မွေးဖွားလာသော ကျိကျစ်ရှို့မှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ မစ္စတာလင်၏ စကားလုံးများကို သူမ၏ ဦးနှောက်က ပြန်လည်ဘာသာပြန်နေစဉ်မှာပင် ထိတ်လန့်မှုများက ပို၍ တိုးလာခဲ့၏။

“ရှင်... ဟင်းချက်နည်း စာအုပ် ဟုတ်လား”

လင်ကျဲက စာအုပ်ကို ကောက်ကိုင်ကာ စာအုပ်မှားနေသလားဟု နောက်တစ်ကြိမ် လှန်ကြည့်လိုက်သည်။

“အေးလေ... ဒါ ဟင်းချက်နည်း စာအုပ် မဟုတ်လို့လား”

လင်ကျဲက မျက်လုံးလေး အဝိုင်းသားဖြင့် ဇဝေဇဝါ ဖြစ်နေသော လေသံဖြင့် ပြန်မေးလိုက်သည်။

အကယ်၍သာ စာအုပ်မျက်နှာဖုံးပေါ်ရှိ 'သွေးယဇ်ပူဇော်ခြင်း' ဟူသော သွေးနီရောင် စာသားကြီးများကိုသာ မမြင်ခဲ့လျှင် ကျိကျစ်ရှို့တစ်ယောက် မစ္စတာလင်၏ သရုပ်ဆောင်ကောင်းမှုကြောင့် အယုံသွင်းခံလိုက်ရမည်မှာ သေချာသည်။

'မစ္စတာလင်ကတော့ မရယ်ရတဲ့ ဟာသ တွေကို သုံးနေပြန်ပြီ'

ကျိကျစ်ရှို့ တွေးလိုက်မိသော်လည်း ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့၏။ ဖြစ်နိုင်သည်က...

မစ္စတာလင်အတွက်မူ ဤစာအုပ်သည် တကယ်ပင် ဟင်းချက်နည်း စာအုပ်မျှသာ ဖြစ်နေခြင်းပေလော။

ထိုသို့တွေးလိုက်မိသည်နှင့် ကျိကျစ်ရှို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာခဲ့သည်။ 'သွေးယဇ်ပူဇော်ခြင်း' ဆိုသည်မှာ လူသားတစ်ဦးကို သတ်ဖြတ်ကာ သူ၏ သွေးနှင့် အလောင်းကို နတ်ဘုရားများ ကျေနပ်စေရန် ပူဇော်ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက်အဖို့ ဤသည်မှာ လူမဆန်သော ရက်စက်မှု ဖြစ်သော်လည်း ယုံကြည်သူများအတွက်မူ ၎င်းမှာ မြင့်မြတ်သော ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။

သို့သော်လည်း... အမြင့်မြတ်ဆုံးသော နတ်ဘုရားတစ်ပါးအတွက် ထိုပူဇော်သက္ကာရများမှာ 'ဟင်းလျာ အမျိုးမျိုး' မျှသာ ဖြစ်နေသည်လား။

ကျိကျစ်ရှို့၏ ဦးနှောက်မှာ ထုံကျင်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း တစ်စထက်တစ်စ အေးစက်လာ၏။ သူမသည် နတ်ဘုရားတို့၏ ရှုထောင့်မှနေ၍ လောကကြီးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရပြီး ရေပြင်ပပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အသက်ရှူရ ခက်ခဲလာခဲ့သည်။ အကယ်၍သာ ဤသို့ဆိုလျှင် မစ္စတာလင်သည်…

“ဘာလို့ ငြိမ်သွားတာလဲ”

လင်ကျဲက ကျိကျစ်ရှို့၏ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်ပြီး စာအုပ်ကို နောက်တစ်ကြိမ် လှန်ကြည့်လိုက်၏။ သူက မျက်မှောင်ကြုတ်ကာ မိမိကိုယ်ကိုယ်ပင် သံသယဝင်လာသည့် လေသံဖြင့် ထပ်မေးလိုက်သည်။

“ကျွန်တော်ပြောတာ မှားနေလို့လား… ဒါ ဟင်းချက်နည်း စာအုပ် မဟုတ်ဘူးလား”

ကျိကျစ်ရှို့က အတင်းအကြပ် ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်… ကျွန်မ တခြားအကြောင်းတွေ တွေးနေလို့ပါ… မစ္စတာလင် ပြောတာ မှန်ပါတယ်၊ ဒါက ဟင်းချက်နည်း စာအုပ်ပါပဲ”

“အင်းပါ... ကျွန်တော်လည်း ဟုတ်ပါ့မလားလို့”

လင်ကျဲ လက်ထဲမှ 'အိမ်ချက်ဟင်း ၁၀၀၀ ( ၃၆၅ ရက်စာ အစုံအလင်)' စာအုပ်ကို ငုံ့ကြည့်ရင်း ကျိကျစ်ရှို့ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားမိသည်။ မိန်းကလေးမှာ လတ်တလောတွင်မှ ဟင်းချက်သင်နေသဖြင့် ထိုအကြောင်းကို တွေးမိပြီး သူမ၏ ရည်းစားဟောင်းကို ပြန်သတိရကာ ဝမ်းနည်းသွားခြင်း ဖြစ်နိုင်ပေသည်။

လင်ကျဲ သူမ၏ စိတ်ဒဏ်ရာကို မထိခိုက်စေရန် ထိုအကြောင်းကို ထပ်မမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။

“ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီစာအုပ်က ငါးအုပ်ထဲမှာ လူကြိုက်အများဆုံး ဖြစ်လိမ့်မယ်… ဒါကြောင့် ဒီစာအုပ်ကို ပိုပြီး ကြော်ငြာပေးစေချင်တယ်… ဘာပဲဖြစ်ဖြစ် လူတိုင်းကတော့ ဟင်းချက်တဲ့ နည်းလမ်းကို အနည်းနဲ့အများ သိထားသင့်တာပဲလေ… နောက်ပြီး ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဟင်းလျာတွေကလည်း အိမ်တိုင်းမှာ အလွယ်တကူ ရနိုင်တဲ့ ကုန်ကြမ်းတွေကိုပဲ သုံးထားတာ”

လင်ကျဲက ဆက်ပြောလိုက်သေးသည်။

“ဒါပေမဲ့ ဒီစာအုပ်ထဲက နည်းလမ်းတွေကတော့ ကျွမ်းကျင်ဖို့ မလွယ်ဘူး… ချက်နည်းတွေ ရေးထားပေးပေမဲ့ ရလဒ်ကတော့ ချက်တဲ့သူရဲ့ စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်လိမ့်မယ်”

ကျိကျစ်ရှို့မှာ တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်ရ၏။ မှန်ပေသည်။ ဤ 'ဟင်းချက်ခြင်း' (ယဇ်ပူဇော်ခြင်း) တွင် လူတိုင်း ပါဝင်ပတ်သက်နေကြရသည် မဟုတ်ပါလား။ အဆုံးသတ်တွင် မည်သူက ဟင်းလျာအဖြစ် (ယဇ်ကောင်အဖြစ်) အသုံးတော်ခံရမည်ကို မည်သူသိနိုင်မည်နည်း။ ကုန်ကြမ်းများမှာလည်း အိမ်တိုင်းတွင် ရှိနေကြသည်ပင် (လူသားများ)။

'ကျွမ်းကျင်ဖို့ မလွယ်ဘူး' ဆိုသည်မှာ အလွန်ပင် လျော့ပေါ့ပြောဆိုခြင်း ဖြစ်သည်။ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ ယဇ်ကောင်ဖြစ်လာမည့်သူမှာ အနည်းဆုံး 'ငရဲဘုံ အဆင့်' ရှိရမည်ဟု သတင်းထွက်နေသည်။ အကယ်၍ ယဇ်ကောင်တွင် လုံလောက်သည့် အစွမ်းမရှိပါက သို့မဟုတ် ထုံးတမ်းစဉ်လာကို မကျွမ်းကျင်ပါက အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် စနစ်တကျ ပြုလုပ်နိုင်ရန်မှာ အလွန်ပင် အရေးကြီးလှသည်။

“ကဲ... စာအုပ်ငါးအုပ်လုံးအတွက် ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကို သခင်မလေးကျိ နားလည်ပြီလို့ ယူဆပါတယ်”

လင်ကျဲက စာအုပ်များကို ထပ်လိုက်ပြီး ကျိကျစ်ရှို့၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။ မိန်းကလေးမှာ လက်ထဲမှ လေးလံသော အလေးချိန်ကြောင့် ခဏတာ ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင်ထားကာ ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ… ရိုးလ်အဖွဲ့က မစ္စတာလင်အတွက် အသင့်တော်ဆုံး ဝယ်ယူသူတွေကို ရှာဖွေပေးပါ့မယ်”

“အဲ့ဒီလောက်ကြီးတော့ မလိုပါဘူး… ခင်ဗျားတို့ သင့်တော်တယ် ထင်တဲ့သူဆိုရင် ရပါပြီ”

လင်ကျဲက သူတို့အပေါ် များစွာ ဖိအားမပေးကြောင်း ပြသသည့်အနေဖြင့် ပြုံးပြလိုက်၏။

သို့သော်လည်း… ကျိကျစ်ရှို့ကတော့ ပုခုံးပေါ်မှ ဖိအားများ ပို၍ပင် ကြီးမားလာသယောင် ခံစားလိုက်ရသည်။

“ကျွန်မတို့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာလင်… ဒါကတော့ ကျွန်မရဲ့ မွေးနေ့ပါတီ ဖိတ်စာပါ… အဲ့ဒီနေ့ကျရင် ကျွန်မတို့ဘက်က ကားလွှတ်ပြီး လာကြိုပေးပါ့မယ်”

လင်ကျဲသည် ဖိတ်စာကို လက်ခံကာ ဖတ်ကြည့်လိုက်၏။ ထို့နောက် ခေါင်းခါရင်း…

“အဲ့ဒီလောက်အထိ ဒုက္ခမရှာပါနဲ့… ကျွန်တော့် ဘာသာငါပဲ လာခဲ့ပါ့မယ်”

***

အပိုင်း(၃၅၂)

“...”

ကျိကျစ်ရှို့မှာ အံ့အားသင့်သွားခဲ့၏။ သူမ တစ်စုံတစ်ခုကို ထပ်မံပြောဆိုလိုသော်လည်း ဤနေရာမှာ စီးပွားရေးဆွေးနွေးပွဲတစ်ခု မဟုတ်သဖြင့် ဈေးစကားပြောဆိုရန် အခွင့်အရေးမရှိမှန်း သိလိုက်သည်။ ထို့ကြောင့် သူမက အလျင်အမြန်ပင် ခေါင်းညိတ် လိုက်ရသည်။

“မစ္စတာလင် ဖြစ်စေချင်တဲ့အတိုင်းပါပဲ”

“အင်း...”

လင်ကျဲသည် ခေါင်းညိတ်ပြလိုက်သော်လည်း ကျိကျစ်ရှို့၏ မျက်နှာထက်မှ သိမ်မွေ့သော အမူအရာအပြောင်းအလဲနှင့် ဝေခွဲမရသည့် အရိပ်အယောင်များကို ကျွမ်းကျင်စွာပင် သတိပြုမိလိုက်သည်။

မိန်းကလေးသည် သူ့ကို ပါတီပွဲသို့ ကိုယ်တိုင်လာရောက်မကြိုဆိုရသဖြင့် စိတ်ပျက်သွားပုံရသည်။ ဆိုလိုသည်က သူမမှာ သူ့ကို လာကြိုရန် တကယ်ပင် မျှော်လင့်နေခဲ့ခြင်းလော။

လင်ကျဲ မျက်ခုံးကို အသာပင့်လိုက်မိသည်။ ပွဲ၏ အဓိကဇာတ်ဆောင် အနေဖြင့် သူမမှာ အခြားသူများ၏ လက်ဆောင်နှင့် ဂါရဝပြုမှုများကို အေးအေးလူလူ ထိုင်၍ လက်ခံနေရမည့်သူ မဟုတ်ပါလား။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် နိမ့်ချပြီး ဤစာအုပ်ဆိုင်အထိ ကိုယ်တိုင်လာကြိုချင်နေရသနည်း။ အိမ်ရှင်တစ်ယောက်အနေနှင့် ကြည့်လျှင် အလွန်ထူးဆန်းသော စီစဉ်မှုပင်။

သို့သော်လည်း… ယခင်က လာရောက်ခဲ့စဉ်များတွင် မိန်းကလေး ပြသခဲ့သော စိုးရိမ်တကြီး အမူအရာများ၊ မျက်နှာတပြင်လုံး နီမြန်းသွားတတ်ပုံများမှာ အထင်အရှားပင် ဖြစ်သည်။ ထို့ပြင် သူမသည် သူ့ထံမှ နှင်းဆီပန်းတစ်ပွင့်ကို တောင်းဆိုခဲ့သလို၊ သူမ၏ မွေးနေ့ပွဲသို့လည်း ဖိတ်ကြားခဲ့သေးသည်။

ထို့ထက်ပိုသည်က… ကျိကျစ်ရှို့ ဤစာအုပ်ဆိုင်သို့ ပထမဆုံး စတင်ရောက်ရှိလာချိန်မှာ စိတ်ဒဏ်ရာအနာဟောင်းများနှင့် သစ္စာဖောက်ခံရမှုဒဏ်ကြောင့် အလွန်ပင် စိတ်ဓာတ်ကျနေချိန် ဖြစ်သည်။ ထိုသို့ အားကိုးရာမဲ့နေသည့်အချိန်တွင် လင်ကျဲက သူမကို 'စိတ်ဓာတ်ခွန်အားဖြစ်စေမည့် စာပေအဟာရများ' ဖြင့် နွေးထွေးစွာ ပြုစုပေးခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ဤနွေးထွေးမှုနှင့် စိတ်သက်သာရာရမှုကို လင်ကျဲနှင့် ထပ်တူပြုကာ မရှိသင့်သော သံယောဇဉ်များ ငြိတွယ်သွားခြင်း ဖြစ်နိုင်ပေသည်။

ဤသည်မှာ လင်ကျဲ၏ ရဲတင်းသော ခန့်မှန်းချက်ပင်။ ထို့ကြောင့် လင်ကျဲအနေဖြင့် ဤလမ်းပျောက်နေသော သိုးငယ်လေးအား နောင်တရစရာများ မဖြစ်လာစေရန်နှင့် လက်တွေ့မကျသော အိပ်မက်များထဲတွင် နစ်မွန်းမသွားစေရန် လမ်းမှန်သို့ ပြန်လည်ပို့ဆောင်ပေးရမည်ဟု ခံစားလိုက်ရသည်။

ကျိကျစ်ရှို့က စာအုပ်ငါးအုပ်ကို စနစ်တကျ ထုပ်ပိုးကာ သီးသန့်သေတ္တာတစ်ခုထဲသို့ ထည့်လိုက်ပြီးနောက် သတိကြီးစွာဖြင့် ဆိုလိုက်သည်။

“ဒါဆိုရင် ကျွန်မ ဒါတွေကို ပြင်ဆင်လိုက်ပါဦးမယ်...”

“ခဏလေး...”

လင်ကျဲသည် ပုံမှန်ကိုယ်ဟန် အနေအထားအတိုင်း လက်ပိုက်လျက် ဆိုလိုက်သည်။

“အခြေအနေတွေ လမ်းမှားမရောက်ကုန်အောင် ကျွန်တော့်ဘက်က တချို့အချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုမယ်ထင်တယ်”

“...”

ကျိကျစ်ရှို့မှာ မီးရောင်အောက်တွင် အမိခံလိုက်ရသော သမင်ငယ်တစ်ကောင်ကဲ့သို့ ထိတ်လန့်သွားခဲ့၏။ သူမ၏ လျှို့ဝှက်ချက်အားလုံးကို လင်ကျဲက ဖောက်ထွင်းမြင်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။

“အဲ့ဒီလောက်ကြီးလည်း စိုးရိမ်မနေပါနဲ့”

လင်ကျဲက လေသံကို အသာအယာ လျှော့လိုက်သည်။

“ကျွန်တော်က သခင်မလေကျိကို ပြင်းပြင်းထန်ထန် ပြောချင်တာ မဟုတ်ပါဘူး… အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ လူတွေအနေနဲ့ ဒီလိုခံစားချက်မျိုး ရှိတတ်တာ သဘာဝပါပဲ… ဆန္ဒက ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားတယ်ဆိုတာ မဆန်းပါဘူး”

လင်ကျဲကတော့ သူပြောသော စကားလုံးများသည် မှန်ကန်သည်ဟု ယူဆထားသည်။ မိမိကို ကယ်တင်ခဲ့သူအပေါ် စိတ်ကစားမိခြင်းမှာ သာမန်စိတ်ပညာ သဘောတရားမျှသာ ဖြစ်သည်။

'ငါ အစောက စာအုပ်ငါးအုပ်ကို ငါတို့ ကျိမိသားစုရဲ့ ထောက်ခံသူတွေကိုပဲ ရောင်းဖို့ စိတ်ကူးမိတာကို သူ သိသွားပြီပဲ'

ကျိကျစ်ရှို့ တစ်ယောက် ထူပူသွားခဲ့၏။ သူမက ခေါင်းကို ငုံ့လိုက်ပြီး နောင်တရဟန်ဖြင့် ပြန်ပြောလိုက်သည်။

“တောင်းပန်ပါတယ်... ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဒီလိုအတွေးတွေ ဝင်ခဲ့မိတာပါ… ဒီလို မပြည့်စုံတဲ့ အတွေးမျိုး ရှိခဲ့မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

'အဟက်'

လင်ကျဲ စိတ်ထဲမှ ရယ်လိုက်မိ၏။ သူ ထင်သည့်အတိုင်းပင်၊ သူမသည် သူ့အပေါ် တကယ်ပင် ခံစားချက်များ ရှိနေခဲ့ခြင်း ဖြစ်သည်။

“ဟူး...”

လင်ကျဲ သက်ပြင်းချလိုက်သည်။

“ဒါက လူသားတွေရဲ့ သဘာဝပဲလေ၊ သခင်မလေးကျိမှာ အပြစ်မရှိပါဘူး… ဒါပေမဲ့ ခင်ဗျား နားလည်ထားဖို့ လိုတာ တစ်ခုရှိတယ်… အချို့သော အတွေးတွေဆိုတာ အစကတည်းက မရှိသင့်တာမျိုးပါ… အဲ့ဒါက သခင်မလေး အတွက်ရော၊ ကျွန်တော့် အတွက်ရော၊ သခင်မလေးရဲ့ ဖခင်အတွက်ပါ ပြဿနာတွေပဲ သယ်ဆောင်လာလိမ့်မယ်… အခြေအနေတွေက ကောင်းလာမှာမဟုတ်ဘူး... အထူးသဖြင့် သခင်မလေး သိတဲ့အတိုင်း ကျွန်တော်တို့ကြားက ခြားနားချက်က အရမ်းကြီးလွန်းတယ်လေ”

လင်ကျဲက စစ်မှန်သော စေတနာဖြင့် ပြုံးကာ အကြံပေးလိုက်သည်။

“အကယ်၍ သခင်မလေးသာ ကျွန်တော်နဲ့ အရမ်းနီးကပ်အောင် ကြိုးစားမယ်ဆိုရင် ကျွန်တော် ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး”

မဟာစီးပွားရေးလုပ်ငန်းစုကြီး၏ အမွေခံမင်းသမီးတစ်ယောက်နှင့် ချမ်းသာကြွယ်ဝမှုများ၏ ဆွဲဆောင်မှုကို သူ ကိုယ်တိုင်ပင် တောင့်ခံနိုင်မည်မဟုတ်ဟု လင်ကျဲ ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေကို တွေးကြည့်ရုံနှင့်ပင် သူ ကြက်သီးထမိသည်။

ကျိကျစ်ရှို့မှာမူ သူတို့ကြားက ကွာဟချက်ကို သိရှိပြီးသား ဖြစ်သည်။ သူမအနေဖြင့် 'ဖျက်ဆီးခြင်း အဆင့်' သို့မဟုတ် 'အခရာ အဆင့်' သို့ ရောက်ရှိသွားလျှင်ပင် မစ္စတာလင်နှင့် သူမကြားက ကွာဟချက်မှာ ပို၍ပင် ကြီးမားလာမည်ကို သိထားသည်။ မစ္စတာလင်နှင့် အဆင့်တူရန် သူမ ဘယ်သောအခါမှ မမျှော်လင့်ရဲပေ။

သို့သော်... မစ္စတာလင်က ဘာကို မတားဆီးနိုင်ရသနည်း။

ကျိကျစ်ရှို့သည် သူမလက်ထဲက သေတ္တာကို ငုံ့ကြည့်လိုက်သည်။ ထိုအထဲတွင် မစ္စတာလင်က 'ဟင်းချက်နည်း စာအုပ်' ဟု တင်စားထားသော 'သွေးယဇ်ပူဇော်ခြင်း' စာအုပ် ပါရှိသည်။ ဤသို့ဆိုလျှင် “ငါ့ကိုယ်ငါ တားဆီးနိုင်မှာ မဟုတ်ဘူး” ဆိုသည့် စကားမှာ အဓိပ္ပာယ်တစ်ခုတည်းသာ ရှိပေသည်။

၎င်းက သူမကို 'ဝါးမြိုပစ်ရန်' သူ မတားဆီးနိုင်ခြင်းပင်။

ဤအသိမှာ ကျိကျစ်ရှို့ကို အစွန်းကုန် ထိတ်လန့်သွားစေ၏။ သူမ တုန်လှုပ်ချောက်ခြားစွာဖြင့် လင်ကျဲကို ကြည့်လိုက်မိသည်။ သူမသည် မစ္စတာလင်ကို အစဉ်သဖြင့် ရိုသေလေးစားခဲ့သော်လည်း ယခုအချိန်တွင်မူ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။

လင်ကျဲ ထိုအရာအားလုံးကို အထင်အရှား မြင်လိုက်ရသည်။ ကျိကျစ်ရှို့၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်လာ၏။ သူမသည် သူ၏ ပြတ်သားသော ငြင်းပယ်မှုကို ခံလိုက်ရသဖြင့် အကြီးအကျယ် စိတ်ထိခိုက်သွားပုံရသည်။

'တကယ်ပဲ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ဖို့က ငါ့ရဲ့ အကြီးမားဆုံး တာဝန်ပဲလေ'

လင်ကျဲက သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး ဆိုလိုက်သည်။

“ကျွန်တော်က အရမ်းရက်စက်တယ်လို့ သခင်မလေး ထင်နေပြီလား”

ကျိကျစ်ရှို့က ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

“မဟုတ်ပါဘူး... မစ္စတာလင်က တကယ်ကို နူးညံ့သိမ်မွေ့တဲ့သူလို့ ကျွန်မ ယုံကြည်ပါတယ်”

သူမက အတင်းအကြပ် ပြုံးလိုက်ရသည်။ အကယ်၍သာ သူမက သူရက်စက်သည်ဟု ဝန်ခံလိုက်ပါက ချက်ချင်းပင် ဟင်းလျာတစ်ခွက် (ယဇ်ကောင်) အဖြစ် အပြောင်းခံလိုက်ရမည် မဟုတ်ပါလား။

လင်ကျဲက မျက်တောင်ခတ်ရင်း 'ဒီကလေးကတော့ ကယ်လို့မရတော့ဘူး' ဟု တွေးလိုက်မိသည်။

အခြေအနေတွေက အားလုံး သိသာနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှအထိ ဇွဲနပဲကြီးနေရသနည်း။

“ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကြားမှာ အကွာအဝေးတစ်ခု ထားတာက ပိုကောင်းပါလိမ့်မယ်… အရင်က ကျွန်တော့်ရဲ့ 'နူးညံ့သိမ်မွေ့မှု' တွေက သခင်မလေးကို အထင်မှားစေခဲ့ပုံရတယ်၊ ဒါတွေအားလုံးက အထင်လွဲမှုတစ်ခုပဲဆိုတာ သခင်မလေး နားလည်စေချင်တယ်”

လင်ကျဲက တမင်တကာပင် အေးစက်သော လေသံကို အသုံးပြုလိုက်သည်။ သူ ဤအခွင့်အရေးကို အသုံးချကာ အကျိုးအမြတ်များစွာ ရယူနိုင်သော်လည်း တစ်ပါးသူ၏ ခံစားချက်ကို အလွဲသုံးစားလုပ်ရန် အတွက်မူ သူ့ စာရိတ္တက ခွင့်မပြုပေ။

“ဒါကို သေချာလေး ပြန်စဉ်းစားကြည့်ပါဦးနော်”

***

All Chapters