← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 26 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 26 Ch. 353-354

အပိုင်း(၃၅၃)

ကျိကျစ်ရှို့သည် စာအုပ်ဆိုင်ထဲမှ ထွက်လာပြီး သက်ပြင်းရှည် တစ်ချက်ချလိုက်သည်။ သူမ လက်ထဲမှ စာအုပ်ငါးအုပ်၏ အလေးချိန်မှာ စာအုပ်များ၏ အလေးချိန်မဟုတ်ဘဲ ရိုးလ်အဖွဲ့၏ အနာဂတ်အလေးချိန်ဟုပင် ခံစားနေရသည်။

ဤစာအုပ်များအတွက် သင့်တော်သော ဝယ်ယူသူ ငါးဦးကို ရှာဖွေခြင်းမှာ မစ္စတာလင်၏ နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်သည်။

သူက ပါတီပွဲသို့ တစ်ယောက်တည်း လာမည်ဟု ပြောခဲ့သော်လည်း အကယ်၍ ဤအရောင်းအဝယ်သာ ပျက်ပြားသွားခဲ့လျှင် လာရောက်ခြင်း မပြုဖို့လည်း ဆုံးဖြတ်နိုင်ပေသည်။

သူမ၏ ကြိုဆိုမှုကို ငြင်းပယ်ခြင်းမှာလည်း အကွာအဝေးတစ်ခု ထားရှိရန် သွယ်ဝိုက်သတိပေးခြင်းပင်။

မစ္စတာလင်၏ ယခင်က သတိပေးချက်များ၊ သြဇာအာဏာကို ပြသခဲ့ပုံများကို ပြန်စဉ်းစားကြည့်လျှင် သူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ပေးကမ်းသော 'ပဏ္ဏာ' များကြောင့်သာ ဤပုရွက်ဆိတ်ငယ်များ၏ ကစားပွဲကို လိုက်ကစားပေးနေခြင်း ဖြစ်သော်လည်း သူသည် သူတို့နှင့် တစ်တန်းတည်း ရပ်တည်နေသူ မဟုတ်ပေ။

ထို့ကြောင့်ပင် ယခုကဲ့သို့ ပြတ်သားသော သတိပေးချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

'မင်းတို့ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ငါသိတယ်၊ ခိုင်းတာကိုပဲ ကောင်းကောင်းလုပ်ပါ၊ ကျွေးတဲ့လက်ကို ပြန်မကိုက်ပါနဲ့… အဲ့ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ သည်းခံမှုနဲ့ ကရုဏာတွေဟာ ကွယ်ပျောက်သွားလိမ့်မယ်'

ဤသည်မှာ မစ္စတာလင် ပေးလိုသော သတင်းစကား ဖြစ်မည်မှာ သေချာသည်။ သူ၏ သဘောထားကြီးမှုကို သူမ၏ မဆင်မခြင်မှုများဖြင့် အခွင့်ကောင်းမယူသင့်ပေ။

ဤသို့ဖြင့် ကျိကျစ်ရှို့၏ စိတ်ထဲတွင် ခဏတာ ပွင့်လန်းခဲ့သော မျှော်လင့်ချက် မျိုးစေ့လေးမှာ အညှောက်ပင် မထွက်နိုင်သေးမီမှာပင် ရိုက်ချခြင်း ခံလိုက်ရလေတော့သည်။

…

အော့စဝေါ၏ မြေးဖြစ်သူကို သတိလစ်မေ့မြောသွားသည်အထိ ထိုးနှက်ခဲ့ပြီးနောက် မေလီဆာသည် ဖခင်ဖြစ်သူထံမှ တစ်ပတ်တိတိ အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။ မေလီဆာသည် တိုက်ခိုက်ရေးဌာနမှ ဖြစ်သဖြင့် အမှန်စင်စစ် ဂျိုးဇက် ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသည်မဟုတ်ပေ။ သို့သော်လည်း ဂျိုးဇက်တွင် ရန်သူများသကဲ့သို့ပင် ရင်းနှီးသော မိတ်ဆွေဟောင်းများလည်း ဒုနဲ့ဒေး ရှိပေသည်။

မေလီဆာ၏ လက်ရှိအထက်လူကြီး ဝင်စတန် သည်လည်း ဂျိုးဇက်၏ ရိုးမြေကျ မိတ်ဆွေရင်း တစ်ဦးဖြစ်နေသည်။ ထို့ကြောင့်ပင် မေလီဆာ၏ လုပ်ရပ်မှာ 'အဖွဲ့အစည်းအတွင်းရှိ အကျင့်ပျက်ခြစားသော ဂိုဏ်းဝင်တစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူငယ်ဝန်ထမ်း' အနေဖြင့် ဂုဏ်ပြုထိုက်သော အလုပ်တစ်ခု ဖြစ်ခဲ့ရသည်။

သို့သော် သူမ၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းခဲ့သဖြင့် တော့ဒ်မှာ ဦးနှောက်အတွင်း ပြင်းထန်သော ဒဏ်ရာရရှိသွားခဲ့သည်။ ဆေးကုသမှု ပေးရန် အချိန်အနည်းငယ် နှောင့်နှေးသွားခဲ့ခြင်းကြောင့် တော့ဒ်၏ ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်ကာ မသန်စွမ်းဘဝသို့ ရောက်ရှိသွားခဲ့ရသည်။ ထို့ကြောင့်ပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ စည်းမျဉ်းစည်းကမ်းများအရ တစ်ပါးသူအား ပြင်းထန်စွာ နာကျင်စေမှုဖြင့် သူမကို ခုနစ်ရက်ကြာ အကျဉ်းချပြစ်ဒဏ် ပေးခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ဤသည်မှာ အပေါ်ယံ အကြောင်းပြချက်မျှသာ ဖြစ်ပေသည်။ ဂျိုးဇက်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ချက်ချင်းပင် မဟာ ရောင်စဉ် သူရဲကောင်း ရာထူးကို ပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် အခြေအနေမှာ သာမန် သူရဲကောင်းအချို့ ပတ်သက်နေသည့် ကိစ္စထက် များစွာ ပိုမိုနက်နဲသွားခဲ့သည်။

သို့သော်… အော့စဝေါ အုပ်စုသည် မျှော်စင်၏ ဌာနကြီးလေးခုလုံးတွင် သြဇာလွှမ်းမိုးထားဆဲ ဖြစ်သည်။ အော့စဝေါသည် သူတို့ကို အရိပ်ပေးထားသော သစ်ပင်ကြီးတစ်ပင်ဆိုလျှင် ထိုလူများသည် အဖွဲ့အစည်း၏ ထောင့်ပေါင်းစုံသို့ ထိုးဖောက်ဝင်ရောက်နေသည့် အမြစ်များကဲ့သို့ပင် ဖြစ်သည်။ ထိုပြဿနာကို အမြစ်ပြတ်အောင် ရှင်းထုတ်ရန်မှာ မလွယ်ကူလှပေ။

လောလောဆယ်တွင် သူတို့၏ အကြီးမားဆုံး အကာအကွယ်ပေးသူမှာ ပြိုလဲသွားပြီ ဖြစ်သဖြင့် ထိုလူများမှာ သူ၏ အရိပ်အောက်တွင် ပုန်းအောင်း၍ မရတော့ပေ။ သို့သော်လည်း ခေါင်းဆောင်ကို နှိမ်နင်းရသည်ထက် နောက်လိုက်နောက်ပါများကို ရှင်းလင်းရသည်မှာ ပို၍ ခက်ခဲလှသည်။ အင်အားနည်းသော သာမန်အဖွဲ့ဝင်များသည် များသောအားဖြင့် လူမသိသူမသိ အေးအေးဆေးဆေး နေတတ်ကြသဖြင့် သူတို့ကို ရှာဖွေရသည်မှာ ပို၍ ခက်ခဲခြင်း ဖြစ်သည်။

ထို့ပြင် ဂျိုးဇက်သည် ရောင်စဉ် သူရဲကောင်း ခေါင်းဆောင် အဖြစ် တာဝန်ယူစဉ်တွင် သူ၏ ဖြောင့်မတ်မှန်ကန်လွန်းသော စရိုက်ကြောင့် လူများစွာကို အငြိုးအတေး ဖြစ်စေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုမုန်းတီးမှုများမှာ ပိုမိုကြီးထွားလာပြီး အမှောင်ထဲတွင် မုန်တိုင်းငယ်တစ်ခုကဲ့သို့ စုဖွဲ့လာခဲ့သည်။

ထင်ရှားသော သာဓကတစ်ခုမှာ ဂျိုးဇက်က အော့စဝေါ၏ အိမ်တော်ကို ဝင်ရောက်စီးနင်းခဲ့သည့် ကိစ္စပင် ဖြစ်သည်။ သူသည် အကြီးအကဲ ကောင်စီ၏ ညွှန်ကြားချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း လူအချို့က ထိုကိစ္စအပေါ် ပြဿနာရှာခဲ့ကြသည်။ သူတို့က ဂျိုးဇက်ကို အော့စဝေါ သေဆုံးစေရန် တမင်ဖန်တီးခဲ့သူ အဖြစ် စွပ်စွဲကြသည့်အပြင် ပိုမိုဆိုးဝါးလာသော ရာဇဝတ်ကောင် ဝယ်လ် ကိုလည်း ထပ်မံလွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သူဟု အပုပ်ချကြသည်။

အချို့ဆိုလျှင် ဂျိုးဇက်သည် ဝယ်လ်နှင့် ပူးပေါင်းကာ အော့စဝေါနှင့် သူ၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ဝယ်လ်ကို အသုံးချနေခြင်းဖြစ်သည်ဟုပင် သံသယဝင်နေကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် အဓိက တရားခံဖြစ်သူ မေလီဆာကို ပုံမှန်အတိုင်း လေ့ကျင့်ခန်းများ၊ တာဝန်များ ဆက်လက်ပေးအပ်ထားခြင်းမှာ သူမကို မုန်တိုင်း၏ ဗဟိုချက်ထဲသို့ ပို့ဆောင်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ လုပ်ကြံသတ်ဖြတ်မှုများကို ထားဦး၊ အတင်းအဖျင်း စကားများကပင် ဤမိန်းကလေးငယ်အား အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သည်။

ဂျိုးဇက်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများက မေလီဆာ၏ ကြီးထွားမှုကို အထောက်အကူပြုမည်ဟု ယူဆထားသော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း သူ၏ လျစ်လျူရှုမှုများကြောင့် တော့ဒ်၏ ဖြစ်ရပ်ကဲ့သို့ အမှားမျိုး ပေါ်ပေါက်ခဲ့ရသည်ကို သူကောင်းစွာ သိမြင်သွားသည်။ ဤကဲ့သို့သော 'လေ့ကျင့်ခန်းများ' က အချိန်အတော်ကြာခဲ့ပြီ... ယခု သူပြန်လည်ရောက်ရှိလာချိန်တွင် ဂျိုးဇက်သည် ဖခင်တစ်ဦး၏ တာဝန်ကို ကျေပွန်ရန် မေလီဆာ၏ ဘဝထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် 'အကျဉ်းချခြင်း' ဆိုသည်မှာ နာမည်ခံမျှသာ ဖြစ်ပြီး အမှန်တကယ်မှာမူ သူ၏ သမီးကို အကာအကွယ်ပေးထားခြင်းပင် ဖြစ်သည်။

…

ဖျတ်…

မေလီဆာသည် လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ဖတ်ရှုခဲ့သမျှ အကြောင်းအရာများကို ပြန်လည် စဉ်းစားနေမိသည်။ ယခုအချိန်တွင် သူမသည် အလွန်ပင် နွမ်းနယ်နေသော်လည်း စိတ်ထဲတွင် ကျေနပ်မှုအပြည့် ရှိနေသည်။

အရာအားလုံး၏ အခြေခံအုတ်မြစ်မှာ အတူတူပင် ဖြစ်သည်။ သို့သော်လည်း… စနစ်၊ ပေါင်းစပ်မှုနှင့် အစီအစဉ်များ ကွဲပြားသွားခြင်းကြောင့် မတူညီသော ဂုဏ်သတ္တိများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ ဤ 'အခြေခံအုတ်မြစ်' များကို အီသာ စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်ပါက ၎င်းတို့၏ ပုံသဏ္ဌာန်နှင့် တည်ရှိမှုများကိုပါ အစိုးရနိုင်ပေလိမ့်မည်။

ယခင်က သူမသည် ထိုအုတ်မြစ်များ၏ တည်ရှိမှုနှင့် ဖွဲ့စည်းပုံကို 'မြင်' ရုံသာ မြင်နိုင်ခဲ့သည်။ ယခုမူ အခြေခံအားလုံးကို နားလည်သွားပြီ ဖြစ်သဖြင့် အရာဝတ္ထုတစ်ခု၏ အားနည်းချက်နှင့် မတည်ငြိမ်သော အပိုင်းများကို အသုံးချနိုင်ပြီ ဖြစ်သည်။ တော့ဒ်ကို သူမ ကိုင်တွယ်ခဲ့ သလိုမျိုးပင် ယခုဆိုလျှင် 'ဖျက်ဆီးခြင်း အဆင့်' ရှိသော တိုက်ခိုက်မှုများအား တောင့်ခံနိုင်သည့် ဒိုင်းလွှားတစ်ခုကိုပင် သူမ အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။

သို့သော် အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း ဤသည်မှာ သူမ တတ်နိုင်သမျှ၏ အဆုံးစွန်သော ခွန်အားပင် ဖြစ်သည်။

အကယ်၍ သူမ၏ ရှေ့တွင် 'ဖျက်ဆီးခြင်း အဆင့်' စွမ်းအားရှင်တစ်ဦး တကယ်ရှိနေပါက သူမအနေဖြင့် တစ်ချီပင် တောင့်ခံနိုင်မည် မဟုတ်ပေ။ အကြောင်းကား ထိုစွမ်းအားရှင်ကို ခုခံကာကွယ်အောင် ဖိအားပေးနိုင်သည့် အခွင့်အရေးမျိုး သူမတွင် မရှိသောကြောင့် ဖြစ်သည်။ သူမသည် သူတို့၏ စွမ်းရည်များကို ဖောက်ထွင်းမြင်နိုင်ရုံသာ ရှိပြီး ခုခံကာကွယ်နိုင်စွမ်း မရှိသေးပေ။

သို့သော်လည်း အကယ်၍ သူမသာ ထိုစွမ်းအားများကိုပါ ထိန်းချုပ်နိုင်ခဲ့လျှင် သို့မဟုတ် သူတို့၏ အီသာ စွမ်းအင်များကိုပါ ဖြိုခွဲနိုင်ခဲ့လျှင်... 'ဖျက်ဆီးခြင်း အဆင့်' ရှိသော တိုက်ခိုက်မှုများပင်လျှင် ဖဲချပ်အိမ်လေးများကဲ့သို့ ပြိုလဲသွားပေလိမ့်မည်။ ဤသည်မှာ တကယ့် စွမ်းအားအစစ်ပင် ဖြစ်သည်။

မေလီဆာ၏ မျက်လုံးများမှာ ထိုအတွေးများကြောင့် တောက်ပလာပြီး စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရ၏။ သူမ၏ မျက်နှာမှာ ဖြူလျော်ပြီး မျက်ကွင်းညိုနေကာ ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်နှာတစ်ပြင်လုံးတွင်မူ ဝမ်းမြောက်မှုများ ဖုံးဖိ၍ မရအောင် ပေါ်လွင်နေသည်။

စာအုပ်ဆိုင်မှ 'တံခါးသော့ - မူလအစ' ဟု အမည်ရသော စာအုပ်ကို ရရှိခဲ့သည်မှာ သုံးလတိတိ ရှိပြီဖြစ်သော်လည်း သူမ ယခုမှသာ ထိုတံခါးကို တစ်ချက်မျှ လှမ်းမြင်ခဲ့ရခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် သူမသည် ဤစာအုပ်ကို ဖတ်သည့်အချိန်တိုင်း အသိစိတ်လွတ်ကာ မေ့လဲသွားတတ်သည်။

သူမအနေဖြင့် တိုးတက်မှု ရှိနေသည်မှာ မှန်သော်လည်း ၎င်းမှာ မူလတန်းကျောင်းသားတစ်ယောက်က အဆင့်မြင့်စာပေများကို ဇွတ်ဖတ်နေသကဲ့သို့ ဖြစ်နေသဖြင့် အကျိုးရှိမှုမှာ အလွန်ပင် နည်းပါးလှသည်။ သူမ၏ ယခင်အဆင့်အတန်းနှင့်ဆိုလျှင် ဤစာအုပ်ထဲမှ အကြောင်းအရာများ၏ တစ်ထောင်ပုံတစ်ပုံကိုပင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ သူမသည် အသိပညာကို စုဆောင်းနေခြင်း မဟုတ်ဘဲ အသိပညာ၏ ဝါးမြိုခြင်းကို ခံနေရခြင်း ဖြစ်သည်။

သူမ နားမလည်လေလေ၊ ပို၍ သိချင်လေလေ ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် သူမ၏ ခန္ဓာကိုယ်က စိတ်စွမ်းအားကို မတောင့်ခံနိုင်တော့သည့်တိုင် စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက် ဆက်တိုက် လှန်နေမိခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပြင်ပလူတစ်ယောက်က သူမအား ထိုအာရုံဝင်စားမှုထဲမှ အတင်းဆွဲမထုတ်ပေးခဲ့လျှင် သူမ ထိုနေရာ၌ပင် လဲကျသေဆုံးသွားနိုင်ပေသည်။

ဤကဲ့သို့သော နာကျင်ဖွယ်ရာ သင်ယူမှုဖြစ်စဉ်မှတစ်ဆင့် မေလီဆာ၏ စိတ်နှင့် ခန္ဓာမှာ ကြိမ်ဖန်များစွာ အားကောင်းလာခဲ့သည်။ သူမ၏ စွမ်းအားမှာလည်း တဟုန်ထိုး မြင့်တက်လာပြီး 'ဖျက်ဆီးခြင်း အဆင့်' သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ရပ်တည်ချက်မှာ မရေမရာ ဖြစ်နေသေးသဖြင့် သူမသည် မိမိ၏ ကိုယ်ပိုင် စွမ်းအားကို ဝှက်ထားခဲ့သည်။ ထိုအကြောင်းကို လူအနည်းငယ်သာ သိကြသည်။

'သိပ်မကြာခင် ငါ ဒါတွေကို ဝှက်ထားဖို့ မလိုတော့ဘူး… အဖေ ပြောပုံအရဆိုရင် မျှော်စင်က မစ္စတာလင်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် အစွမ်းကုန် ကြိုးစားတော့မှာ'

အကြီးအကဲများ ကောင်စီ၏ 'မစ္စတာလင်၏ မျက်နှာသာပေးမှုကို ရယူရန်' ဆိုသည့် ရည်ရွယ်ချက်မှာ ထင်သလောက် မရိုးရှင်းသော်လည်း မေလီဆာအနေဖြင့် ထိုသို့သာ တွေးထားလိုက်သည်။

“ဟ ဟ...”

မေလီဆာ တစ်ယောက်တည်း ပြုံးလိုက်မိ၏။ စာအုပ်ဆိုင်နှင့် ပထမဆုံး ထိတွေ့မှုရှိခဲ့သော ဂျိုးဇက်၊ မေလီဆာနှင့် ကယ်ရိုလိုင်း တို့မှာ မျှော်စင်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ တစ်နည်းအားဖြင့် ဂျိုးဇက်အပေါ် အငြိုးအတေး ရှိနေကြသူများသည် အကြီးအကဲများ ကောင်စီကို ပြန်လည် ဆန့်ကျင်နေကြခြင်းသာ ဖြစ်ပေလိမ့်မည်။

'ဒါကတော့ နင်တို့ဘာသာ ရှာတဲ့ဘေးပဲ'

မေလီဆာသည် စာအုပ်ကိုကိုင်ကာ မတ်တတ်ရပ်ရင်း စဉ်းစားနေမိ၏။

လက်ရှိ၌ သူမသည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အတွင်းရှိ သေးငယ်သော အကျဉ်းခန်းလေးတစ်ခုထဲတွင် ရှိနေခြင်း ဖြစ်သည်။ ထိုအခန်းလေးထဲတွင် စားပွဲတစ်လုံးနှင့် ခုံတန်းလျားတစ်ခုသာ ရှိပေသည်။ အကျဉ်းကျနေစဉ်အတွင်း မေလီဆာအား တစ်နေ့လျှင် သုံးနာရီကြာ လူမှုဆက်ဆံရေး ပြုလုပ်ခွင့် ပေးထားသည်။ ထိုသုံးနာရီကို ထမင်းစားချိန်များတွင် ခွဲဝေပေးထားခြင်း ဖြစ်သည်။

ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရန် မေလီဆာအား စာအုပ်များ၊ မှော်ပစ္စည်းများနှင့် အခြားသော အသုံးအဆောင်များကို ယူဆောင်ခွင့် ပေးထားသည်။ အမှန်စင်စစ် အကျဉ်းချခြင်းမှာ ညှဉ်းပန်းနှိပ်စက်ရန် မဟုတ်ဘဲ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရန်အတွက်သာ ဖြစ်ပေသည်။ မေလီဆာသည် ယခင်ကလည်း ရံဖန်ရံခါ အကျဉ်းချခံခဲ့ဖူးသည်။ မျှော်စင်အဖွဲ့ဝင်များသည် သာမန်လူသားများ မဟုတ်ကြသဖြင့် သုံးရက်မှ တစ်ပတ်ခန့် အကျဉ်းကျခြင်းမှာ သူတို့အတွက် စိတ်ဒဏ်ရာ ရစရာ အကြောင်းမရှိပေ။

ယနေ့မှာ သူမ၏ နောက်ဆုံး အကျဉ်းကျသည့်နေ့ ဖြစ်သည်။ မေလီဆာ မတ်တတ်ရပ်လိုက်သည့်အချိန်တွင် သူမ၏ အနောက်ဘက် နံရံပေါ်တွင် တံခါးတစ်ချပ် ပေါ်လာပြီး ဖြည်းညှင်းစွာ ပွင့်သွားခဲ့သည်။ တိုက်ခိုက်ရေးဌာနမှ နည်းပြတစ်ဦးသည် တံခါးဝတွင် ရပ်နေပြီး မေလီဆာထံသို့ စာရွက်စာတမ်း အချို့ကို အမူအရာမဲ့စွာ ကမ်းပေးလိုက်သည်။

“မေလီဆာ... မင်းရဲ့ အကျဉ်းကျတဲ့ကာလ ပြီးဆုံးပြီ… မင်းအတွက် တာဝန်အသစ် တစ်ခု ချပေးထားတယ်”

မေလီဆာ စာရွက်များကို ယူ၍ ကြည့်လိုက်ရာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားရ၏။

‘၆၇ လမ်းမပေါ်က အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ရဲ့ ပုန်းအောင်းရာနေရာကို ဝင်ရောက်စီးနင်းမယ့် ကိစ္စက တစ်ခုခုတော့ မဟုတ်သေးဘူး’

***

အပိုင်း(၃၅၄)

“တစ်ခုခုတော့ မှားနေပြီ”

တာဝန်တစ်ခု ပေးအပ်ခံရသည်ဟု ကြားလိုက်ရသည်နှင့် မေလီဆာ၏ စိတ်အာရုံတို့မှာ ချက်ချင်းပင် နိုးကြားတက်ကြွသွားတော့သည်။ သူမ အကျဉ်းမကျမီကပင် ဖခင်ဖြစ်သူ ဂျိုးဇက်က သူမအား ပိုမိုဘေးကင်းစေရန်နှင့် နီးနီးကပ်ကပ် လမ်းညွှန်ပြသနိုင်ရန်အတွက် ထောက်လှမ်းရေး ဌာနသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောခဲ့ဖူးသည်။

ယခုအခါ ဂျိုးဇက်သည် အံ့မခန်း တစ်ကျော့ပြန် အောင်မြင်မှုများဖြင့် လောကအလယ်တွင် ဝင့်ထည်လာခဲ့ပြီ ဖြစ်သော်လည်း ရှေ့ဆက်ရမည့် လမ်းခရီးတွင်မူ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် မေလီဆာသည် သူ၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်နေပေသည်။ ထို့ကြောင့် သူမအား ထောက်လှမ်းရေး ဌာနသို့ ပြောင်းရွှေ့ခြင်းမှာ ဂျိုးဇက်အတွက်ရော သူမအတွက်ပါ အသင့်တော်ဆုံးနှင့် တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်သည်။

တိုက်ခိုက်ရေးဌာနသည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ဌာနကြီးလေးခုတွင် အင်အားအကြီးဆုံးဖြစ်ပြီး လက်ရှိ 'မဟာ ရောင်စဉ် သူရဲကောင်း' ဆယ်ဦးအနက် ထက်ဝက်ကျော်မှာ ထိုဌာနတွင် ရှိနေကြသည်။ သို့သော်လည်း ၎င်းသည် အန္တရာယ်အရှိဆုံး တာဝန်များကို ထမ်းဆောင်ရသည့် ဌာနဖြစ်ပြီး တိုက်ပွဲများနှင့် အစဉ်မပြတ် ရင်ဆိုင်နေရသော နေရာလည်း ဖြစ်သည်။ မျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ဦးအဖို့ ရာထူးတက်လှမ်းလိုပါက တိုက်ခိုက်ရေးဌာနသို့ ဝင်ရောက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ အမှန်ပင်။ အခြားဌာနများမှ လူအများစုမှာလည်း တိုက်ခိုက်ရေးဌာနတွင် တာဝန်ထမ်းဆောင်ရခြင်းကို ဂုဏ်ယူစရာဟု မှတ်ယူကာ ထိုဌာနသို့ ရောက်ရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းကြလေ့ရှိသည်။

သို့သော်လည်း တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် ယခင်က ရောင်စဉ် သူရဲကောင်း ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ ဂျိုးဇက်နှင့် ယှဉ်နိုင်သူ ယခုမျှော်စင်တွင် ရှိပါသလော။

အကယ်၍ မေလီဆာသာ တိုက်ခိုက်ရေးအတတ်ကို သင်ယူလိုပါက ဖခင်ထံမှ သင်ယူခြင်းက ပို၍ မလွယ်ကူပေဘူးလော။

ထို့အပြင်… ဂျိုးဇက်၏ တစ်ကျော့ပြန် ရောက်ရှိလာမှုမှာ အကြီးအကဲများ ကောင်စီ၏ ဆုံးဖြတ်ချက် ဖြစ်သဖြင့် သူတို့က ဂျိုးဇက်ကို အစွမ်းကုန် ထောက်ခံအားပေးကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်က အော့စဝေါ၏ ကိစ္စတွင်လည်း အောင်မြင်မှု အဝဝကို ဂျိုးဇက်၏ ဂုဏ်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့ကြပြီး နောက်တစ်နေ့မှာပင် 'မဟာ ရောင်စဉ် သူရဲကောင်း' ဘွဲ့ထူးကို ပြန်လည် အပ်နှင်းခဲ့သည်။

ထိုသတင်းမှာ မုန်တိုင်းတစ်ခုကဲ့သို့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။ ဂျိုးဇက်ကို ကြည်ညိုလေးစားသူများမှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ခဲ့ကြရသည်။ အော့စဝေါသည် ဝါရင့် ရောင်စဉ် သူရဲကောင်းတစ်ဦး ဖြစ်သလို အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း အစစ်အမှန် 'ဖျက်ဆီးခြင်း အဆင့်' စွမ်းအားရှင် တစ်ဦး ဖြစ်ပေသည်။

ထိုစဉ်က ဂျိုးဇက်၏ “နှမြောစရာပဲ အော့စဝေါ... မင်းရဲ့ အုတ်ဂူပေါ်မှာ ရေးရမယ့် ကမ္ပည်းစာကတော့ 'ယုတ်မာသူ' ဆိုတာပဲ ဖြစ်လိမ့်မယ်” ဟူသော အေးစက်စက် မှတ်ချက်နှင့်အတူ အော့စဝေါ၏ ဦးခေါင်းကို မမြင်ရသော စွမ်းအားတစ်ခုဖြင့် ဆွဲဖြတ်လိုက်သည့် ပုံရိပ်မှာလည်း မှတ်တမ်းတင်ခြင်း ခံလိုက်ရပြီး စွမ်းအားရှင် လောကအတွင်းသို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။

တစ်ညအတွင်းမှာပင် နော်ဇင်မြို့ တစ်ခုလုံးသည် မည်သူမျှ ယှဉ်နိုင်စွမ်းမရှိသော 'မငြိမ်းသေသည့် မြင့်မြတ်သော မီးလျှံ' ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိသွားကြတော့သည်။

အစပိုင်းတွင် လူအများက ဂျိုးဇက် တစ်ယောက် တိုက်ခိုက်ရေးဌာန၏ အကြီးအကဲ ရာထူးကို တိုက်ရိုက် ရယူလိမ့်မည်ဟု မျှော်လင့်ထားကြသော်လည်း ဂျိုးဇက်ကမူ ထောက်လှမ်းရေး ဌာန၏ အကြီးအကဲအဖြစ်သာ ဆက်လက် တာဝန်ယူမည်ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။

ဤသည်မှာ တိုက်ခိုက်ရေးဌာနမှ သူရဲကောင်းများကို စိတ်ပျက်သွားစေသော်လည်း ထူးခြားသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းကား 'ဌာနကူးပြောင်းခြင်း' ပင် ဖြစ်သည်။

မျှော်စင်၏ သူရဲကောင်းများသည် အကြီးအကဲများ ကောင်စီ၏ ခွင့်ပြုချက် ရရှိပြီး ကူးပြောင်းလိုသော ဌာန၏ စစ်ဆေးမှုကို အောင်မြင်ပါက ဌာန ပြောင်းရွှေ့ခွင့် ရှိကြသည်။ ဂျိုးဇက် ကိုယ်တိုင်လည်း တိုက်ခိုက်ရေးမှ ထောက်လှမ်းရေးသို့ ပြောင်းရွှေ့ခဲ့ဖူးသည် မဟုတ်ပါလား။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တိုက်ခိုက်ရေးဌာနမှ သူရဲကောင်း အများအပြားသည် ထောက်လှမ်းရေးဌာနသို့ ပြောင်းရွှေ့ရန် လျှောက်လွှာများစွာ တင်ခဲ့ကြသည်။ သူတို့က ဤသည်မှာ သူတို့၏ စံပြပုဂ္ဂိုလ်နောက်သို့ လိုက်ခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း အချို့သော အစွန်းရောက်သူများကမူ ဤသည်ကို 'ဘုရားဖူးခရီးစဉ်' ဟုပင် တိတ်တဆိတ် တင်စားကြကုန်သည်။

ထို့ကြောင့် ဂျိုးဇက်သည် ဝင်စတန်၏ တိုက်ခိုက်ရေးဌာန အကြီးအကဲ ရာထူးကို မလုယူပါဟု ကတိပေးခဲ့သော်လည်း ခေတ္တခဏအတွင်းမှာပင် တိုက်ခိုက်ရေးဌာန၏ မူလ အင်အား သုံးပုံတစ်ပုံခန့်မှာ ထောက်လှမ်းရေးဌာနသို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ ဤသည်မှာ ရာထူးကို လုယူသည်ထက်ပင် ပို၍ ဆိုးဝါးလှပေသည်။ ဤသို့သာ ဆက်ဖြစ်နေပါက နောင်တွင် ထောက်လှမ်းရေးဌာန၏ အဆင့်အတန်းမှာ တိုက်ခိုက်ရေးဌာနနှင့် ရင်ဘောင်တန်းနိုင်တော့မည် ဖြစ်သည်။

မေလီဆာကို ယခုကဲ့သို့ အကျဉ်းချထားရခြင်းမှာလည်း နောင်တွင် သူမအား ထောက်လှမ်းရေးဌာနသို့ တိုက်ရိုက်ပြောင်းရွှေ့ပေးရန်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်သည်မှာ လူတိုင်းသိသော ကိစ္စပင်...။

သို့ဆိုလျှင် ယခုကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် သူမအား အဘယ်ကြောင့် တာဝန်သစ်တစ်ခု ချက်ချင်းပေးအပ်ရသနည်း။ ထို့အပြင် ထိုတာဝန်မှာ သာမန်တာဝန်မျိုး မဟုတ်ဘဲ တစ်လခန့် ကြာမြင့်နိုင်သည့် အလွန်အန္တရာယ်များသော အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ၏ ပုန်းအောင်းရာနေရာကို ဝန်းရံစီးနင်းရမည့် တာဝန် ဖြစ်နေသည်။

ဤအလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ၏ ခေါင်းဆောင်မှာ 'ဖျက်ဆီးခြင်း အဆင့်' ရှိသော အောက်လမ်း မှော်ဆရာ ဝယ်လ် ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ပြင် ဝယ်လ်နှင့် ဂျိုးဇက်မှာလည်း မဟာရန်သူတော်ကြီးများ မဟုတ်ပါလော။ ယခုအခါ ဂျိုးဇက်၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်သည့် သမီးဖြစ်သူကို ဝယ်လ်၏ အဖွဲ့ကို သွားရောက် စီးနင်းခိုင်းခြင်းမှာ သိုးငယ်တစ်ကောင်ကို ကျားဂူထဲသို့ လွှတ်လိုက်ခြင်းနှင့် ဘာမျှ မခြားနားပေ။

ဤတာဝန်မှာ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီ...။

မေလီဆာ၏ မျက်နှာမှာ မည်းမှောင်သွား၏။ သူမသည် စာရွက်စာတမ်းများကို ချလိုက်ပြီး နည်းပြ၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဒီတာဝန်မှာ ကျွန်မအပြင် ဘယ်သူတွေ ပါသေးလဲ။ အန္တရာယ် အဆင့်ကော ဘယ်လောက်လဲ”

နည်းပြက ပြန်ဖြေသည်။

“တိုက်ခိုက်ရေးဌာန၊ အဖွဲ့ (၅) ရဲ့ အဖွဲ့ဝင်အားလုံး ပါဝင်ပါလိမ့်မယ်။ မဟာ ရောင်စဉ် သူရဲကောင်း ဗီဗီယန်လည်း ပါပါတယ်။ အန္တရာယ် အဆင့်ကတော့ P-D အဆင့်ပါ”

တိုက်ခိုက်ရေးဌာနတွင် အဖွဲ့ (၁၀) ဖွဲ့ ရှိပြီး ပထမဆုံး အဖွဲ့များကို ရောင်စဉ် သူရဲကောင်းများက ဦးဆောင်ကြသည်။ အဖွဲ့ (၇) ၏ ခေါင်းဆောင်မှာ 'ကြက်သွေးရောင် လှံရှင်' ဗီဗီယန် ဖြစ်သည်။ မေလီဆာမှာ အဖွဲ့ (၇) မှ အဖွဲ့ငယ် ခေါင်းဆောင်တစ်ဦးသာ ဖြစ်သဖြင့် အဖွဲ့ (၇) ၏ စစ်ဆင်ရေးတစ်ခုတွင် ပါဝင်ရခြင်းမှာ မဆန်းလှပေ။

P-D အဆင့် ဆိုသည်မှာ များသောအားဖြင့် 'ငရဲဘုံ အဆင့်' (Pandemonium-rank) ရှိသူများ ဆောင်ရွက်နိုင်သော်လည်း တာဝန်ထမ်းဆောင်နေစဉ်အတွင်း 'ဖျက်ဆီးခြင်း အဆင့်' ရန်သူများနှင့် ရင်ဆိုင်ရနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

နည်းပြက ဆက်ပြောသည်။

“ဒါက အကြီးအကဲများ ကောင်စီက တိုက်ရိုက်ပေးအပ်တဲ့ အရေးပေါ် မဖြစ်မနေ တာဝန်ပါ… ငြင်းပယ်လို့ မရပါဘူး”

သို့သော် မေလီဆာမှာ ထိုစကားကို မယုံကြည်ပေ။ သူမက သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်၏။

“ကျွန်မ မငြင်းပါဘူး… ဒါပေမဲ့ မသွားခင် အဖေကြီးကို နှုတ်ဆက်ခွင့်ရချင်ပါတယ်… P-level အထက် တာဝန်တွေကို ထမ်းဆောင်ရမယ့် ငရဲဘုံ အဆင့် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မိသားစုတွေကို နှုတ်ဆက်ခွင့်ရှိတယ်လို့ မျှော်စင်ရဲ့ စည်းမျဉ်းမှာ ရှိတယ် မဟုတ်လား”

နည်းပြက အမူအရာမဲ့စွာဖြင့်…

“မင်းရဲ့ ဖခင်ဆီကို ငါ သတင်းပါးပေးနိုင်ပါတယ်… ဒါပေမဲ့ သူက အားချင်မှ အားမှာပါ”

မေလီဆာက အေးစက်စက် တုံ့ပြန်လိုက်သည်။

“ကျွန်မ အဖေ အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ... သူ့သမီးက P-D အဆင့် တာဝန်ကို ထမ်းဆောင်ရတော့မယ်ဆိုတာ သိရင် သူ သေချာပေါက် အချိန်ပေးမှာပါ”

နည်းပြသည် သူမကို စိုက်ကြည့်လိုက်၏။

“ဆရာဂျိုးဇက်က အခုလောလောဆယ် တခြား အရေးပေါ် တာဝန်တစ်ခု ထမ်းဆောင်နေရတယ်”

“ဘာတာဝန်လဲ”

မေလီဆာက နောက်မဆုတ်ဘဲ မေးလိုက်သည်။ နည်းပြမှာ ခဏတာ တွန့်ဆုတ်သွားပြီးမှ ပြန်ဖြေ၏။

“ဒါက လျှို့ဝှက်ချက် ဖြစ်ပေမဲ့ မင်းက ဆရာဂျိုးဇက်ရဲ့ မိသားစုဝင်ဖြစ်သလို တိုက်ခိုက်ရေးဌာနရဲ့ အဖွဲ့ဝင်လည်း ဖြစ်နေတော့ ပြောပြရင်လည်း ရပါတယ်… အမှန်တရား အသင်းတော်ရဲ့ ဒု-ဥက္ကဋ္ဌ အင်ဒရူးက မက်ရှင်းလုကို သန့်ရှင်းရေးလုပ်ဖို့ လူလွှတ်ပေးပါဦးဆိုပြီး မျှော်စင်ထံ အကူအညီ တောင်းလာလို့ပါ”

မေလီဆာမှာ တစ်ခါမျှ မကြားဖူးသော ထိုတာဝန်ကြောင့် အံ့အားသင့်သွားရသည်။ မက်ရှင်းလု ဆိုသည်မှာ အမှန်တရား အသင်းတော်က အမျိုးမျိုးသော စမ်းသပ်မှုများ ပြုလုပ်ရာ နေရာဖြစ်ပြီး သူတို့၏ အလုံခြုံဆုံးသော မြေအောက်ခန်းနှင့် တူပေသည်။ ယခင်ကဆိုလျှင် သူတို့သည် ထိုနေရာကို ရတနာတစ်ခုကဲ့သို့ ဖုံးကွယ်ထားလေ့ ရှိသည်။ ယခုမူ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အား ထိုနေရာသို့ ဝင်ခွင့်ပေးသည်မှာ သူတို့၏ တိတ်တိတ်ပုန်း ချစ်သူကို လူပုံအလယ်သို့ ထုတ်ပြလိုက်သကဲ့သို့ ထူးဆန်းလွန်းလှသည်။

“ဘာဖြစ်လို့လဲ”

မေလီဆာက အံ့သြတကြီး မေးလိုက်၏။

“အင်ဒရူး ပေးတဲ့ အကြောင်းပြချက်ကတော့... မကြာခင်က ပညာရှင် နှစ်ယောက်ဟာ စမ်းသပ်နေတုန်း စာရွက်စာတမ်း တချို့နဲ့အတူ ပျောက်ဆုံးသွားခဲ့ပြီး မက်ရှင်းလုရဲ့ တားမြစ်ထားတဲ့ နေရာတွေထဲကို ရောက်သွားပုံရတယ် တဲ့… ဒါကြောင့် သူတို့က မရှာဖွေရသေးတဲ့ နေရာတွေကိုပါ တစ်ခါတည်း ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်တာပါ… အန္တရာယ် အရမ်းများတဲ့အတွက် ဆရာဂျိုးဇက်ကို စေလွှတ်လိုက်ရတာပါ”

နည်းပြက အချိန်ကို ကြည့်ကာ ဆိုလိုက်၏။

“ကဲ... မင်း တစ်ခုခု ပြောချင်တာရှိရင် ငါ ဆရာဂျိုးဇက်ဆီကို သတင်းပါးပေးပါ့မယ်… အခုတော့ အချိန်မရှိတော့ဘူး”

မေလီဆာမှာ မကျေမနပ် ဖြစ်နေသေးသော်လည်း တာဝန်ပေးအပ်ပုံ လုပ်ထုံးလုပ်နည်းများတွင် အမှားအယွင်း မရှိသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ် လက်ခံလိုက်ရတော့သည်။

မေလီဆာ ထွက်ခွာသွားသည်ကို ကြည့်ရင်း နည်းပြ၏ နှုတ်ခမ်းထောင့်တွင် လှည့်စားလိုသော အပြုံးတစ်ခု ပေါ်လာ၏။ သူ၏ မျက်ဝန်းထဲတွင်မူ မီးလျှံများ ဝန်းရံနေသည့် ဓားရှည်ကြီးတစ်လက်၏ ပုံရိပ်မှာ ဝေဝါးစွာ ပေါ်ပေါက်လာခဲ့လေတော့သည်။

***

All Chapters