အခန်း (၃၅၅-၃၅၆)
Vol. 26 Ch. 355-356
အပိုင်း(၃၅၅)
နည်းပြ၏ မျက်ဝန်းထဲ၌ ပေါ်ပေါက်လာသော ပုံရိပ်မှာ ခဏတာမျှသာ ဖြစ်ကာ သူ၏ သူငယ်အိမ် အနက်ရှိုင်းဆုံး နေရာဆီသို့ ပြန်လည် နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်နှာပေါ်တွင် ခေတ္တမျှ ပေါ်ပေါက်ခဲ့သော ထူးဆန်းသည့် လှောင်ပြုံးမှာလည်း နှင်းများ အရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားပြီးနောက် သူက ငေးငေးငိုင်ငိုင် အမူအရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“ဘာ... ဘာတွေ ဖြစ်နေတာလဲ… ငါ ဘာလို့ ဒီကို ရောက်နေတာလဲ… ငါ ဘာလုပ်နေတာပါလိမ့်”
နည်းပြက မိမိ၏ လက်နှစ်ဖက်ကို ငုံ့ကြည့်ရင်း ဇဝေဇဝါဖြင့် ရေရွတ်နေမိသည်။ အနည်းငယ် မူးနောက်နောက် ဖြစ်လာသောကြောင့် သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့သွားရ၏။
သူ စိတ်ကို ပြန်လည်စုစည်းရန် ခေါင်းကို အသာခါယမ်းလိုက်ပြီး ငြိမ်သက်စွာ ရပ်နေမိသည်။ ထို့နောက် ရှေ့မှ ဗလာဖြစ်နေသော အကျဉ်းခန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။ ဝေဝါးနေသော မှတ်ဉာဏ်များမှာ သူ၏ စိတ်ထဲသို့ တဖြည်းဖြည်း ပြန်လည် စီးဝင်လာခဲ့သည်။
သူသည် အထက်လူကြီးထံမှ မေလီဆာကို အကျဉ်းခန်းမှ လွှတ်ပေးရန် အမိန့်ရရှိခဲ့သည်... သူလည်း လွှတ်ပေးခဲ့ပြီးပြီ။ ထို့နောက် မေလီဆာအား တိုက်ခိုက်ရေးဌာနမှ သူမ၏ ဖခင် ဂျိုးဇက် ရှိရာ ထောက်လှမ်းရေးဌာနသို့ ပြောင်းရွှေ့ရန်အတွက် စာရွက်စာတမ်း ကိစ္စများ ဆောင်ရွက်ရန် သူက အကြောင်းကြားခဲ့ရသည်။
ဤအမိန့်မှာ အကြီးအကဲများ ကောင်စီမှ တိုက်ရိုက်ပေးအပ်သော အမြင့်ဆုံး ဦးစားပေး အမိန့်ဖြစ်သဖြင့် ယခင် အမိန့်အားလုံးထက် ပိုမို အတည်ဖြစ်ပေသည်။ ယင်းမှာ အထူးအခွင့်အရေး ပေးထားသကဲ့သို့ ထင်ရသော်လည်း ဂျိုးဇက်မှာ ယခုအချိန်တွင် အလွန် အရေးပါနေသူ ဖြစ်သဖြင့် အကြီးအကဲများ ကောင်စီက သူ့ကို မျှော်စင်၏ အမာခံ အချက်အချာအဖြစ် မွေးမြူရန် ဆုံးဖြတ်ထားကြောင်း လူတိုင်း သိကြသည်။
ထို့ပြင် ၎င်းမှာ ရောင်စဉ် သူရဲကောင်းချုပ် ရာထူးကို ပြန်လည် ရရှိရုံမျှ မကပေ။ ဂျိုးဇက်သည် ယခင်ကတည်းက ဤဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားပြီး ဖြစ်သဖြင့် ယခုအခါတွင်မူ အကြီးအကဲများ ကောင်စီက သူ့ကို သူတို့၏ အသိုင်းအဝိုင်း ထဲမှ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ရန် ရည်ရွယ်နေပုံရသည်။ ဤသို့ စဉ်းစားကြည့်လျှင် ဂျိုးဇက်၏ တစ်ဦးတည်းသော သမီး မေလီဆာအတွက် မည်သည့် အထူးအခွင့်အရေးမျိုးမဆိုမှာ လွန်ကဲသည်ဟု မဆိုနိုင်ပေ။
“ဒါဆို... ငါ သူ့ကို အကြောင်းကြားပြီးပြီလား”
နည်းပြမှာ မိမိကိုယ်ကိုယ် ပြန်၍ သံသယ ဖြစ်လာရသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် မေလီဆာကို အကြောင်းကြားခဲ့သည်၊ စကားအချို့ ပြောခဲ့သည်၊ ထို့နောက် မေလီဆာကလည်း ခေါင်းညိတ် လက်ခံခဲ့သည်ဟု ဝေဝါးစွာ မှတ်မိနေသည်။ သို့သော်လည်း တစ်စုံတစ်ခုမှာမူ မူမမှန် ဖြစ်နေသကဲ့သို့ ခံစားနေရသော်လည်း မည်သည့်အရာမှန်း သူ အဖြေရှာမရပေ။
“ထားလိုက်ပါတော့လေ... သူ ထွက်သွားပြီဆိုတော့ ငါ့တာဝန် ပြီးပြီပေါ့… ဘာပြဿနာမှလည်း ရှိမှာမဟုတ်ပါဘူး”
နည်းပြသည် ခေါင်းကို ခါယမ်းကာ ရှက်ကိုးရှက်ကန်း ရယ်လိုက်မိ၏။
“ဘာတွေ မှားနိုင်မှာ မို့လို့လဲ”
သူ အကျဉ်းခန်းကို တစ်ချက် စစ်ဆေးလိုက်ပြီး တံခါးကို ပိတ်ကာ ထွက်ခွာသွားတော့သည်။
“ငါ ဒီရက်ပိုင်း တာဝန်တွေ အရမ်းများလို့ ပင်ပန်းနေတာ နေမှာပါ။ ခွင့်ယူပြီး ရက်ပိုင်းလောက် နားမှ ဖြစ်တော့မယ်”
နည်းပြ၏ ကျောပြင် ဝေးကွာသွားသည်နှင့်အမျှ အကျဉ်းခန်း၏ အဝင်ဝတွင် တိတ်ဆိတ်မှုများက ပြန်လည် စိုးမိုးသွားတော့သည်။
…
အမည်မဖော်နိုင်သော ဟင်းလင်းပြင် တစ်နေရာတွင်…
နွမ်းဖတ်စုတ်ပြတ်နေသော အနက်ရောင် ဝတ်ရုံရှည်ကြီးကို ခေါင်းမြီးခြုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုက လှောင်ပြုံးတစ်ခု ပြုံးလိုက်၏။
“ဟင်း… ဟင်း…”
ထိုလှောင်ပြုံးနှင့် အတူ ဖြစ် ပေါ်လာသော ရယ်သံမှာ ထူးဆန်းလှ၏။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်တို့၏ အသံများ ရောပြွမ်းနေပြီး တိုးညှင်းသော်လည်း ကျောချမ်းဖွယ် ကောင်းလှသည်။ ၎င်းမှာ သေမင်း၏ ခေါင်းလောင်းသံကဲ့သို့ ဟင်းလင်းပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ အသံကို ကြားရသူတိုင်း စိတ်ဝိညာဉ် ခြောက်ခြားသွားရပေလိမ့်မည်။
သူ့ အရိပ်၏ အလယ်ဗဟိုတွင် ဓားရှည်ကြီး တစ်လက်မှာ မီးလျှံများ တောက်ပလာပြီးနောက် ခဏချင်းမှာပင် ပြန်လည် ငြိမ်းသတ်သွားခဲ့သည်။ ထူထဲ လေးလံသော ဝတ်ရုံကြီး၏ အောက်တွင် တစ်စုံတစ်ခု လှုပ်ရှားနေ၏။ သံချေးရောင် ချွဲကျိကျိ ရွံရှာဖွယ် အာရုံခံ လက်တံအချို့ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ ဟင်းလင်းပြင်ထဲမှ စာတစ်စောင်ကို ဆွဲထုတ်လိုက်သည်။
ဤစာမှာ မကြာမီကပင် 'အရိပ်ပင့်ကူ' ထံမှတစ်ဆင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းမှာ သွေးမိခင်ကြီး ဆန်ဒါဖွန် ထံမှ 'ဟင်းလင်းပြင် ကြားခံကိုယ်စားလှယ်' ဇာ့ဖ်ကီယဲလ် ထံသို့ ပေးပို့သော စာဖြစ်သည်။
ဤသည်မှာ 'မီးလျှံဓား လမ်းစဉ်' မှ ခေါင်းဆောင်ဆယ်ဦးတို့ အချင်းချင်း သတင်းဖလှယ်သည့် နည်းလမ်းပင် ဖြစ်သည်။ သို့သော် ဇာ့ဖ်ကီယဲလ်အတွက်မူ သူ့ထံ ရောက်လာသော သတင်းအများစုမှာ အမှိုက်များသာ ဖြစ်သဖြင့် ဖျက်ဆီးပစ်လေ့ရှိသည်။ သူသည် မိမိကိုယ်ကိုယ် ဟင်းလင်းပြင်အဖြစ် အသွင်ပြောင်းကာ လောကကြီးကို စွန့်ပစ်ထားသော သီးခြား တည်ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
သူသည် အလွန်ပင် တစ်သီးပုဂ္ဂလဆန်ကာ မာနကြီးသူ ဖြစ်သည်။ မိမိ၏ လမ်းစဉ်ကိုသာ မိမိ လျှောက်လှမ်းလိုသူ ဖြစ်သဖြင့် အခြားသော စွမ်းအားရှင်များနှင့် ပြောဆိုဆက်ဆံလေ့ မရှိပေ။ သူသည် 'မီးလျှံဓား လမ်းစဉ်' အဖွဲ့ကို အမြဲတစေ မထီမဲ့မြင် ပြုမူခဲ့သည်။ ထို့ကြောင့် သူ့ထံ ပေးပို့သော တာဝန်များနှင့် သတင်းအချက်အလက်များကို တစ်ချက်မျှပင် ကြည့်လေ့မရှိဘဲ စိတ်အခြေအနေပေါ် မူတည်၍သာ လျစ်လျူရှုထားလေ့ ရှိသည်။
ဇာ့ဖ်ကီယဲလ်သည် 'အခရာ အဆင့်' ရှိသူတစ်ဦး ဖြစ်သော်လည်း မိမိ၏ တည်ရှိမှု သဘာဝကြောင့် သူတစ်ပါးထက် ပိုမို သာလွန်သည်ဟု ခံစားနေရသူ ဖြစ်သည်။ သူသည် ရှေးအကျဆုံးသော မှော်ဆရာတစ်ဦး ဖြစ်သလို ဟင်းလင်းပြင်ကို ကိုယ်ပိုင် နယ်မြေအဖြစ် သိမ်းပိုက်ထားသော အရှင်သခင်လည်း ဖြစ်သည်။ ဤတစ်ဦးတည်းသော ဘုရင်နိုင်ငံတော်တွင် သူသည် အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ခံစားနေရပြီး ဤသည်မှာ သူ ရှာဖွေနေသော ပြည့်စုံသည့် နယ်ပယ်ပင် ဖြစ်သည်။ 'မီးလျှံဓား လမ်းစဉ်' အဖွဲ့က ဘာတွေလုပ်နေပါစေ သူ ဂရုမစိုက်ပေ။
သို့သော်လည်း မိုက်ကယ်က လှည့်စား၍ ပြုလုပ်ထားသော ကတိကဝတ်မှာ သူ့အား ချည်နှောင်ထားသဖြင့် သူ တာဝန်ယူရမည် ဖြစ်သည်။ အခြားသော ကိစ္စအဝဝကို သူ လျစ်လျူရှုထားနိုင်သော်လည်း ယခုတစ်ကြိမ်မှာမူမိုက်ကယ်၏ တောင်းဆိုချက် ဖြစ်နေသဖြင့် သူ ပြန်လည် တုံ့ပြန်ရပေလိမ့်မည်။
“အင်အားစုချင်း ပူးပေါင်းဖို့ ဟုတ်လား… ဟမ့်...”
ဇာ့ဖ်ကီယဲလ်သည် လက်ထဲမှ စာကို ဖတ်ပြီးနောက် လက်တံများဖြင့် ထိုစာကို လုံးခြေပစ်လိုက်၏။
“ငါ နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့တဲ့ ကိစ္စကို သူက စာတစ်စောင်တည်းနဲ့ ပြီးစေချင်နေတာလား… ပျင်းစရာကောင်းလိုက်တာ… သူတို့မှာ စွမ်းအားတွေ ရှိပေမဲ့ ဦးနှောက်ကတော့ ဗလာပဲ၊ သာမန် လူမိုက်တွေနဲ့ ဘာမှမခြားဘူး”
စာမှာ ဟင်းလင်းပြင်၏ တိုက်စားဝါးမြိုခြင်းကို ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း... ယခုတစ်ကြိမ်မှာမူ တစ်ခုခုတော့ စိတ်ဝင်စားစရာ ကောင်းနေပုံရသည်။
“ဟင်းလင်းပြင်ကတောင် သတိမထားမိတဲ့ 'အခရာ အဆင့်' စွမ်းအားရှင် တစ်ယောက် ရုတ်တရက် ပေါ်လာတာလား… ကြည့်ရတာ သူက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ”
ဇာ့ဖ်ကီယဲလ်သည် စာထဲတွင် ဖော်ပြထားသော စာအုပ်ဆိုင်ရှင်အပေါ် စိတ်ဝင်စားသွားခဲ့သည်။ သူ လောကကြီးကို ဂရုမစိုက်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း 'အခရာ အဆင့်' စွမ်းအားရှင်တစ်ဦး၏ မွေးဖွားမှုနှင့် ကွယ်လွန်မှုကိုမူ ဟင်းလင်းပြင်က သိရှိနိုင်စွမ်း ရှိပေသည်။ သို့သော် စာထဲက စာအုပ်ဆိုင်ရှင်အကြောင်းကိုမူ သူ လုံးဝ သတိမထားမိခဲ့ပေ။ ထို့ပြင် ဂါဘရီယယ် သေဆုံးသွားသည်ကိုပင် သူ မသိလိုက်ပေ။
၎င်းကား… ရန်သူမှာ ဤအချိန်နှင့် ဟင်းလင်းပြင်ထဲ၌ တည်ရှိမနေသကဲ့သို့ပင်။ ဂါဘရီယဲလ် သေဆုံးသွားသည့် အခါတွင်လည်း သူသည် တည်ရှိမနေသည့် အချိန်နှင့် ဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရခြင်း ဖြစ်နိုင်သည်။ ဇာ့ဖ်ကီယဲလ်သည် လူသားကို မယုံကြည်ဘဲ ဟင်းလင်းပြင်ကိုသာ ယုံကြည်သူ ဖြစ်သည်။ အကြောင်းပြချက်လား… ရှင်းသည်။ ဟင်းလင်းပြင်သည် ဘယ်သောအခါမှ မုသားမဆိုသောကြောင့်ပင်။
ထို့ကြောင့် သူသည် ဤ 'အခရာ အဆင့်' စွမ်းအားရှင်ကို စိတ်ဝင်စားသွားပြီး သူနှင့် ထိပ်တိုက်တွေ့ဆုံလိုသော ဆန္ဒ ခဏတာ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူသည် ဦးနှောက်မရှိသော ထို 'အခရာ အဆင့်' စွမ်းအားရှင် အုပ်စုနှင့် ပူးပေါင်းရန် အစီအစဉ်မရှိပေ။ သူက မိမိဘာသာ အချိန်ယူကာ စာအုပ်ဆိုင်ရှင်၏ သတင်းအချက်အလက်များကို ရှာဖွေလိုခြင်း ဖြစ်သည်။
ဤနေရာမှ ရရှိသော သတင်းအချက်အလက် အများစုမှာ စာအုပ်ဆိုင်ရှင်၏ ဝါသနာအကြောင်း ဖြစ်သည်။ ၎င်းမှာ သာမန်ဆိုင်ရှင်တစ်ဦးအဖြစ် ဟန်ဆောင်နေခြင်းနှင့် စွမ်းအားရှင်အချို့ကို တားမြစ်ထားသော အသိပညာများပါသည့် စာအုပ်များ ရောင်းချကာ သူတို့ကို ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်သည်။ ထိုစွမ်းအားရှင်များထဲတွင် ထင်ရှားသူ အများအပြား ရှိသော်လည်း ဝယ်လ် နှင့် ဂျိုးဇက်တို့မှာ အထင်ရှားဆုံး ဖြစ်သည်။
ဤနှစ်ယောက်မှာ စာအုပ်ဆိုင်ရှင် အားစိုက်ထုတ်၍ ချထားသော အင်အားအကောင်းဆုံး နယ်ရုပ်နှစ်ရုပ် ဖြစ်ပုံရသည်... သူတို့ နှစ်ဦးစလုံးမှာ 'အခရာ အဆင့်' သို့ တက်လှမ်းနိုင်ရန် အလားအလာ အရှိဆုံးသူများလည်း ဖြစ်သည်။ ထို့ကြောင့် ဇာ့ဖ်ကီယဲလ်သည် ထိုနယ်ရုပ်နှစ်ရုပ်ကို အသုံးချကာ စာအုပ်ဆိုင်ရှင်အား 'ခင်မင်ပျူငှာစွာ နှုတ်ဆက်' ရန် ဆုံးဖြတ်လိုက်သည်။
'မင်းက သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေကို မပေါက်ကွဲအောင် အစွမ်းကုန် ထိန်းထားတယ်ပေါ့လေ... ငါကတော့ အဲ့ဒါကို အလွယ်တကူပဲ ဖောက်ခွဲပစ်လိုက်မယ်… ဒါဆို မင်းရဲ့ အားထုတ်မှုတွေအားလုံး အလဟဿ ဖြစ်ကုန်တာပေါ့'
ဤသည်မှာ စစ်ကြေညာခြင်း ဖြစ်သကဲ့သို့ စွမ်းအားပြခြင်းလည်း ဖြစ်ပေသည်။
“ဟဲဟဲ... တကယ်ကို လွယ်ကူတဲ့ ကိစ္စပဲ… ဟိုမိန်းကလေးသာ စစ်မြေပြင်မှာ ပေါ်လာခဲ့ရင် သူတို့နှစ်ယောက်ကြားက ပဋိပက္ခက ဖြေရှင်းလို့ မရနိုင်တော့ဘူး… ဒီအခွင့်အရေးကို ပေးခဲ့တဲ့ ရာဇီယဲလ်ကို ကျေးဇူးတင်ရမယ် ထင်တယ်”
ဆန်ဒါဖွန်တို့ ကြောက်ရွံ့နေသောအရာမှာ စိုးရိမ်စရာ မရှိကြောင်း ပြသရန် အချိန်တန်ပြီ။ ဇာ့ဖ်ကီယဲလ်သည် သူ၏ စိတ်အာရုံကို ဟင်းလင်းပြင်မှတစ်ဆင့် စေလွှတ်ကာ သွေးမိခင်ကြီး ထံသို့ သူ၏ အောင်မြင်မှုကို ကြွားဝါရန် ဆုံးဖြတ်လိုက်သည်။
“ဟင်... ဘာဖြစ်တာလဲ”
ဇာ့ဖ်ကီယဲလ် ရုတ်တရက် တောင့်ခဲသွားရ၏။ အကြောင်းကား… ဟင်းလင်းပြင် စွမ်းအားကို ဆန့်ထုတ်ကြည့်လိုက်သောအခါ ဆန်ဒါဖွန်၏ အသိုက်အမြုံထဲတွင် ဘာမျှ မရှိတော့ဘဲ သူမ တည်ရှိခဲ့သည့် အစအနပင် ရှာမတွေ့တော့ခြင်းကြောင့် ဖြစ်သည်။ သူနှင့် ဆုံတွေ့လိုက်ရသည်မှာ အေးစက်စက်နှင့် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသော အမှောင်ထုကြီးသာ ဖြစ်လေတော့သည်။
***
အပိုင်း(၃၅၆)
ဇာ့ဖ်ကီယဲလ်အား 'ဟင်းလင်းပြင် ကြားခံကိုယ်စားလှယ်' ဟု ခေါ်ဝေါ်ကြသည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ သူသည် ဝိညာဉ်နှင့် စိတ်အာရုံကို ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်အောင် ရောယှက်ထားနိုင်ခဲ့ခြင်းကြောင့်ပင်။ သူ၏ ပြုပြင်ပြောင်းလဲထားသော ခန္ဓာကိုယ်မှာ ထိုရောယှက်မှု၏ ရလဒ်၊ တစ်နည်းအားဖြင့် သက်သေပင် ဖြစ်သည်။
ယခုအချိန်တွင် ဟင်းလင်းပြင်အတွင်း စီးဆင်းနေသော သူ၏ အသိစိတ် အမျှင်တန်းများသည် သွေးမိခင်ကြီး ၏ အသိုက်အမြုံထဲသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
'ဆန်ဒါဖွန် ဘယ်ရောက်သွားတာလဲ'
ဇာ့ဖ်ကီယဲလ်သည် ခြောက်ကပ်နေသည့် အသိုက်ကို ကြည့်ရင်း တွေးတောနေမိ၏။ သူ မျက်မှောင်ကြုတ်ကာ ဟင်းလင်းပြင်စွမ်းအားကို ထိုဂူ၏ ထောင့်ပေါင်းစုံသို့ ဖြန့်ကျက်ရှာဖွေခိုင်းလိုက်သည်။ သို့သော်လည်း အက်ကွဲနေသည့် ရှေးဟောင်း ကျောက်နံရံများ၊ ပင့်ကူမျှင်များစွာနှင့် ကြေမွနေသော အမှောင်အဲ့လ်ဖ် အလောင်းအချို့မှလွဲ၍ ထူးခြားသည့်အရာ ဘာမျှမရှိပေ။ ဂူတစ်ခုလုံးမှာ သရဲခြောက်သော မြို့ပျက်ကြီးတစ်ခုကဲ့သို့ တိတ်ဆိတ်လွန်းလှသည်။
သို့သော်လည်း... ဤနေရာသည် ဆန်ဒါဖွန် နှစ်ပေါင်းထောင်ချီ၍ အောင်းနေခဲ့သော နေရာပင် ဖြစ်ကြောင်း ဇာ့ဖ်ကီယဲလ် အသေအချာ သိသည်။ 'အခရာ အဆင့်' စွမ်းအားရှင်တစ်ဦးအနေဖြင့် 'တံခါးမှားဝင်မိခြင်း' ကဲ့သို့သော အမှားမျိုး သူဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။ အမှန်စင်စစ် မကြာမီကပင် ဆန်ဒါဖွန်၏ အရိပ်ပင့်ကူများက မိုက်ကယ်၏ အမိန့်ကို သူ့ထံ လာရောက်ပေးပို့ခဲ့သေးသည်။ ဤသည်မှာ သူမ နိုးထလာပြီ ဖြစ်ကြောင်း ခိုင်မာသော သက်သေပင်။
‘ဆန်ဒါဖွန် နိုးနေပြီဆိုရင်တော့ ဒီအတိုင်းကြီး ပျောက်သွားဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ အခုက လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ... တခြားသူတွေကို ကိုယ်တိုင်သွားအကြောင်းကြားတာလား... ဒါပေမဲ့ ဒီလိုရိုးရှင်းတဲ့ အခြေအနေမျိုးအတွက် လူတိုင်းကို လိုက်စည်းရုံးနေစရာ လိုလို့လား’
ဇာ့ဖ်ကီယဲလ်သည် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်၏။ ထိုအခါ ဂူအတွင်း၌ ထူးခြားသော အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ ကျောက်နံရံနှင့် မြေပြင်ဆုံရာ နေရာများတွင် ထူးဆန်းသော ခြစ်ရာများ ရှိနေသည်။ ၎င်းမှာ တစ်စုံတစ်ယောက်က အသက်လုကာ အတင်းကုတ်တွယ်ထားခဲ့သည့် ပုံစံမျိုးနှင့် တူလှသည်။
အကယ်၍ ဤခြစ်ရာများသည် လက်ချောင်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါက ဆန်ဒါဖွန်မှလွဲ၍ အခြားသူ ဖြစ်နိုင်စရာ မရှိပေ။ တစ်နည်းအားဖြင့် အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဤနေရာတွင် အပြင်းအထန် ရုန်းကန်ခဲ့သူမှာ ဆန်ဒါဖွန်ပင် ဖြစ်ရမည်။
'သူက ရန်သူနဲ့ တွေ့ခဲ့တာလား'
ဇာ့ဖ်ကီယဲလ်၏ မျက်မှောင်က ပိုမို၍ မည်းမှောင်လာကာ မှတ်ချက်ချလိုက်၏။ ဤကဲ့သို့သော အချိန်မျိုးတွင် ရန်သူနှင့် တွေ့ဆုံခြင်းမှာ အလွန်ပင် တိုက်ဆိုင်လွန်းလှသည်။
ချက်ချင်းပင် သူသည် သူတို့အားလုံး ရင်ဆိုင်ရမည့် ဘုံရန်သူကို ချက်ချင်း သတိရလိုက်သည်။ ၎င်းမှာ အမည်တပ်မထားသည့် စာအုပ်ဆိုင်၏ ပိုင်ရှင် 'လင်ကျဲ' ပင် ဖြစ်သည်။
'သူက ဆန်ဒါဖွန်ကို တိုက်ခိုက်ခဲ့တာလား...’
ဇာ့ဖ်ကီယဲလ် ထိုဖြစ်နိုင်ခြေကို သံသယနှင့် ဇဝေဇဝါဖြင့် စဉ်းစားနေမိသည်။ သီအိုရီအရဆိုလျှင် လောက၏ ထောင့်ပေါင်းစုံကို လွှမ်းခြုံထားသော ဟင်းလင်းပြင် အတွင်း၌ ထိုတိုက်ပွဲ ဖြစ်ပွားခဲ့ပါက သူ ချက်ချင်းပင် သိရမည် ဖြစ်ည်။ သို့သော်လည်း... သူ ဘာကိုမျှ မသိလိုက်ရချေ။
ဇာ့ဖ်ကီယဲလ်သည် ဟင်းလင်းပြင်မှ ရရှိသော သတင်းအချက်အလက်ကိုသာ အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်မှာ သူ့အား မရေမရာ ဖြစ်စေရုံသာမက အဖြေရှာမရသော မေးခွန်းများစွာကိုလည်း ထွက်ပေါ်လာစေခဲ့သည်။ ပထမ တစ်ကြိမ်ကလည်း... ဂါဘရီယယ်သည် အစအနမကျန် ပျောက်ကွယ်သွားခဲ့ရသည် မဟုတ်ပါလား။ 'အခရာ အဆင့်' စွမ်းအားရှင်တစ်ဦးက အငွေ့ပျံသွားသလိုမျိုး မည်ကဲ့သို့ ပျောက်သွားနိုင်ပါမည်နည်း။
'ဒါက တခြား အခရာ အဆင့် တစ်ယောက်ယောက် လှုပ်ရှားလိုက်တာလား... ငါတော့ မယုံဘူး... ဘာပဲဖြစ်ဖြစ် စာအုပ်ဆိုင်ပိုင်ရှင် ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်... သူ့ရဲ့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ အင်အားစုတစ်ခု ရှိနေတာ ဖြစ်မယ်'
‘ကမ္ဘာဦး စုန်းမ တစ်ယောက်ယောက်လား...'
ကမ္ဘာဦး စုန်းမ ဟူသော စကားလုံး ဇာ့ဖ်ကီယဲလ်၏ စိတ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော ဟင်းလင်းပြင်ကြီးသည် ရုတ်တရက် တုံ့ပြန်လာခဲ့၏။ သတင်းအချက်အလက်များစွာက သူ့ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။
လမင်း၊ ဘုရားကျောင်းတစ်ခု၊ မတူ ကွဲပြားသော မိန်းကလေးများ၊ ကတိကဝတ်များ၊ ငွေရောင်လက်စွပ် တစ်ကွင်းနှင့် နောက်ဆုံး အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသမီးတစ်ဦး...
ဟင်းလင်းပြင်ကြီးမှာ ဆူပွက်နေသကဲ့သို့ ဖြစ်လာပြီး ဇာ့ဖ်ကီယဲလ်အား သတင်းအချက်အလက်များဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် သူ၏ ဝတ်ရုံအောက်မှ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ လိမ်တွန့်လာကာ ဖြူဖွေး ချောမွတ်သော လက်တံများစွာ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
ဇာ့ဖ်ကီယဲလ်၏ လက်တံများမှာ ရူးသွပ်စွာ လှုပ်ရှားနေကြ၏။ အချိန်အတန်ကြာမှသာ သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး ဟင်းလင်းပြင်ကြီးမှာလည်း တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ဇာ့ဖ်ကီယဲလ် အနည်းငယ် ထိတ်လန့်သွားသော်လည်း ခေါင်းကို ခါယမ်းကာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ညဉ့်နက်ပိုင်းကို အစိုးရသော စုန်းမ 'ဝါးပူဂစ်' သည် နောက်ဆုံးတွင် အိပ်မက်ထဲမှ နိုးထလာပြီး ဤလောကသို့ ပြန်လည်ရောက်ရှိလာပုံရသည်။
'ဒါဆိုရင် ငါတို့ မီးလျှံဓားလမ်းစဉ်အဖွဲ့ ဘယ်လိုပဲ စုံစမ်းစုံစမ်း အဖြေရှာမရခဲ့တဲ့ နေမင်း ယုံကြည်ခြင်း ဆိုတဲ့ ဘာသာသစ်ဟာ ဝါးပူဂစ်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... ဒါဆိုရင် အားလုံး အဓိပ္ပာယ်ရှိသွားပြီ'
'စာအုပ်ဆိုင်ပိုင်ရှင်က ဘာလို့ ဒီလောက် စွမ်းအားကြီးနေရလဲဆိုတာ မဆန်းတော့ဘူး... သူ့နောက်ကွယ်မှာ ရှိနေတာက လူသားတွေကို အကာအကွယ်ပေးခဲ့တဲ့ ဝါးပူဂစ် ကိုယ်တိုင်ပဲကိုး'
ဇာ့ဖ်ကီယဲလ် အရာအားလုံးကို နားလည်သွားခဲ့သည်။ ကမ္ဘာဦး စုန်းမတစ်ဦး၏ စွမ်းအားကြောင့်ပင် သူ ဘာကိုမှ သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။
ဇာ့ဖ်ကီယဲလ်သည် ထိုထူးဆန်းသော ခြစ်ရာများကို ပိုမိုလေ့လာလေလေ၊ တစ်ခုခု မူမမှန်ကြောင်း ပို၍ ခံစားရလေလေ ဖြစ်လာသည်။ ခြစ်ရာများမှာ အပေါ်ယံ မြေပြင်သို့ ဦးတည်နေခြင်း မဟုတ်ဘဲ မြေအောက်ထဲသို့ ဦးတည်နေခြင်း ဖြစ်သည်။ လမ်းခုလတ်တွင် ထိုခြေရာများမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တစ်စုံတစ်ယောက်က မြေအောက်မှနေ၍ အတင်းဆွဲချလိုက်သည့် ပုံစံမျိုးပင်။ ဝါးပူဂစ်က သူမ၏ ကိုယ်ပိုင် 'နိယာမ နယ်ပယ်' ကို အသုံးပြု၍ ဆန်ဒါဖွန်အား ဆွဲခေါ်သွားပြီး သတ်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော် ဇာ့ဖ်ကီယဲလ် ထိုအချက်ကို မသေချာပေ။
သူ ဟင်းလင်းပြင်ကို မေးမြန်းလိုက်၏။
“ဆန်ဒါဖွန် သေသွားပြီလား...”
သူ့ စိတ်ဝိညာဉ်မှာ ဟင်းလင်းပြင်နှင့် ရောယှက်နေသော်လည်း မည်သို့ပင် ဆိုစေ... သူသည် ဟင်းလင်းပြင်၏ အကြွင်းမဲ့ လက်ခံခြင်းကို မရရှိသေးပေ။ ထို့ကြောင့် သတင်းအချက်အလက် အားလုံးကို အလိုအလျောက် မသိနိုင်ဘဲ မေးမြန်းရခြင်း ဖြစ်သည်။
“မရေရာဘူး”
၎င်းမှာ ဟင်းလင်းပြင်က ပြန်လည် ပေးအပ်သော အဖြေပင် ဖြစ်သည်။
“...”
ဇာ့ဖ်ကီယဲလ် ထိတ်လန့်သွားခဲ့၏။ သူသည် ဟင်းလင်းပြင်ထံမှ ဤကဲ့သို့သော အဖြေမျိုး တစ်ခါမျှ မကြားဖူးပေ။ ဤသည်မှာ တိကျသော မေးခွန်းဖြစ်ပြီး အဖြေမှာ 'သေသည်' သို့မဟုတ် 'ရှင်သည်' ဟူ၍ နှစ်ခုသာ ရှိရမည် ဖြစ်သည်။ သို့သော် ဟင်းလင်းပြင်က 'မရေရာဘူး' ဟု ဆိုသည်။
ဆန်ဒါဖွန်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း ကြားက အခြေအနေတစ်ခုခုတွင် ပိတ်မိနေသလော။ သို့မဟုတ်... ဝါးပူဂစ်က ဟင်းလင်းပြင် သတင်းမရအောင် အချက်အလက်များကို ဖုံးကွယ်ထားသလော။
ဇာ့ဖ်ကီယဲလ် တွေးနိုင်သမျှမှာ ထိုမျှသာ ရှိသည်။ သူက ဆက်လက်၍
“ဆန်ဒါဖွန် အခု ဘယ်မှာလဲ”
ဟု မေးလိုက်ပြန်သည်။ သို့သော်လည်း... ဟင်းလင်းပြင်မှာ တိတ်ဆိတ်နေဆဲ။
“စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ နောက်ခံက ဘာလဲ”
တိတ်ဆိတ်နေဆဲ...။
“ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါ့မလား”
တိတ်ဆိတ်နေဆဲ...။
မေးခွန်းသုံးခုလုံးအတွက် အဖြေမရှိပေ။ ဇာ့ဖ်ကီယဲလ်မှာလည်း ဘာလုပ်ရမှန်း မသိတော့ပေ။ သူ ညိုမှောင်နေသော ဟင်းလင်းပြင်ကြီးကို ငေးကြည့်ရင်း နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်၏။ သို့သော်လည်း ၎င်းက မိမိကိုယ်ကိုလော၊ အခြားလူ တစ်ဦးတစ်ယောက်ကိုလော သူ ကိုယ်တိုင်ပင် မသိချေ။
“ဒီစစ်ဆင်ရေးက ထိုက်တန်ပါ့မလား”
ဟင်းလင်းပြင်ကြီးသည် ရုတ်တရက် တုံ့ပြန်လာ၏။ ၎င်းမှာ အန္တရာယ် ရှိသော်လည်း 'ဘုရားသခင်' နှင့် ပိုမိုနီးစပ်ရန်အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်ဟူ၍ပင်။
ဟင်းလင်းပြင်မှာ အလုပ်မလုပ်တော့ခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ဇာ့ဖ်ကီယဲလ် သက်ပြင်းချလိုက်နိုင်သည်။
“ငါတို့ရဲ့ အစီအစဉ်တွေကို ဆက်လုပ်ရမှာပဲ... သူတို့နဲ့ ဆုံတဲ့အခါမှ ဆန်ဒါဖွန် သေဆုံးသွားနိုင်တဲ့အကြောင်း သတိပေးပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ပြင်ဆင်ခိုင်းရမယ်”
ထို့နောက် သူ အဖြေမရခဲ့သော မေးခွန်းသုံးခုကို ပြန်လည် သတိရလိုက်ပြီး ညည်းညူလိုက်သည်။
“ကမ္ဘာဦးစုန်းမတွေကို ကိုင်တွယ်ရတာ တကယ်ကို လက်ဝင်တာပဲ...”
***