အခန်း (၃၅၇-၃၅၈)
Vol. 26 Ch. 357-358
အပိုင်း(၃၅၇)
ဇာ့ဖ်ကီယဲလ်သည် ဆန်ဒါဖွန်၏ အသိုက်အမြုံထဲမှ သူ၏ အသိစိတ်လက်တံများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက်... တင်ပျဉ်ခွေထိုင်နေရာမှ ဖြည်းညှင်းစွာ ထလိုက်သည်။
ဝတ်ရုံအောက်၌ ခန္ဓာကိုယ် အဖြစ် ဖွဲ့စည်းထားသည့် မရေမတွက်နိုင်သည့် လက်တံများသည် အဆက်မပြတ် လှုပ်ခါနေပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် လှိုင်းထသွားစေသည်။ အမှောင်ထုထဲမှ လျှပ်စီးများကဲ့သို့ ကျဉ်းမြောင်းသော အစင်းကြောင်းများမှာ ခဏချင်း ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေကြ၏။
နောက်တစ်ခဏတွင်... သူသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်သွားသော သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွသ်းမှာပင် ဇာ့ဖ်ကီယဲလ်သည် မူလနေရာမှ ပျောက်ကွယ်သွားတော့၏။ မိုက်ကယ်၏ စာထဲတွင် ပါရှိသည့်အတိုင်း သူတို့အားလုံးသည် ကတိကဝတ် ပြုလုပ်ခဲ့သည့် နေရာသို့ သွားရောက်ကြရမည် ဖြစ်သည်။
၎င်းမှာ 'သစ်ပင်များ၏ စုန်းမ' ဖရက်ဆီနပ်စ် မွေးဖွားရာ မြေဖြစ်ပြီး ယခုအခါတွင်မူ အဲ့လ်ဖ် အကြွင်းအကျန် အချို့ စုဝေး နေထိုင်ကြသည်။ ယခုအခါ ထိုမြေပြင်သည် 'မီးလျှံဓား လမ်းစဉ်' ၏ ကတိကဝတ်ကို ဖြည့်ဆည်းရန်အတွက် နောက်တစ်ကြိမ် အသုံးပြုခြင်း ခံရတော့မည် ဖြစ်သည်။
...
တစ်ချိန်တည်း၌... ပိုမိုလျှို့ဝှက်သော နေရာတစ်ခုတွင်လည်း အလားတူ ဖြစ်ရပ်များ တစ်ပြိုင်နက် ပေါ်ပေါက်နေသည်။ မေလီဆာသည် အဖွဲ့ (၇) ၏ စုရပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သူရဲကောင်းများသည် သတ်မှတ်ထားသော အဖွဲ့များအလိုက် စနစ်တကျ ခွဲထွက်ကာ အမိန့်များကို နာခံလျက် တိတ်ဆိတ်စွာ ရပ်စောင့်နေကြသည်။
မေလီဆာသည် သူမ၏ အဖွဲ့ကို အမြန်ရှာဖွေတွေ့ရှိသွားပြီး သူတို့ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။ သူမသည် ယခင်က အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးသဖြင့် ထိုအဖွဲ့ကို သူမကပင် ဦးဆောင်ရမည် ဖြစ်သည်။ သို့သော်လည်း... ယခုအချိန်တွင်မူ သူမ၏ အဖွဲ့မှာ ယာယီအပြောင်းအလဲများ ပြုလုပ်ထားပုံရပြီး အဖွဲ့ခေါင်းဆောင် ရာထူးကို (မူလအဖွဲ့တွင် သူမပြီးလျှင် ဒုတိယအဆင့်ရှိသော (မိုင်လွန်) က ရယူထားသည်။
“မေလီဆာ... နင် ဒီကို ဘာလို့ လာတာလဲ”
လူစာရင်း စစ်ဆေးနေသည့် မိုင်လွန်မှာ မေလီဆာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး မေးလိုက်၏။ မေလီဆာမှာလည်း တစ်ခုခု မူမမှန်ကြောင်း ဝေဝါးစွာ ခံစားမိနေသည်။ သို့သော်လည်း... သူမ၏ အဖွဲ့ခေါင်းဆောင်နေရာ အပြောင်းခံလိုက်ရခြင်းနှင့် သူစိမ်းတစ်ယောက်ကဲ့သို့ မေးခွန်းထုတ်ခံရခြင်းက သူမကို အနည်းငယ် ဒေါသထွက်စေသည်။
“ငါက ဘာလို့ ဒီမှာ ရှိနေလို့ မရရမှာလဲ...”
မေလီဆာ ပြန်၍ ချေပလိုက်၏။ သူမ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး နည်းပြ၏ စကားများကို ပြန်သတိရကာ ဆက်ပြောလိုက်သည်။
“ဒါက အကြီးအကဲများ ကောင်စီရဲ့ မဖြစ်မနေ လိုက်နာရမယ့် အမိန့် မဟုတ်ဘူးလား...”
မိုင်လွန်မှာ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ သို့သော်လည်း... သူက ခေါင်းကို ခါယမ်းကာ တွန့်ဆုတ်စွာဖြင့်...
“ဒီတာဝန်က အကြီးအကဲများ ကောင်စီက ပေးတာ မှန်ပါတယ်... ဒါ... ဒါပေမဲ့ နင်က ဂျိုးဇက်ရဲ့ သမီးလေ၊ အခုဆိုရင် နင့်ကို အထူးအခွင့်အရေး ရထားတဲ့သူလို့ သတ်မှတ်လို့ရတယ်... အထူးသဖြင့် ဂျိုးဇက်နဲ့ ဝယ်လ်တို့ရဲ့ မဟာ အငြိုးအတေးတွေကလည်း လူတိုင်းသိကြတာပဲ... ဝယ်လ်ရဲ့ အဖွဲ့တွေနဲ့ ရင်ဆိုင်ရမယ့် ဒီတာဝန်က အန္တရာယ် အဆင့် အရမ်းတက်သွားတာ သိသာနေတာပဲ... မျှော်စင်က နင့်ကို ဘယ်လိုလုပ်ပြီး ဒီလို အန္တရာယ်ထဲ အရောက်ခံမှာလဲ...”
မိုင်လွန်၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့်ပင် သူပြောလိုသည့် နောက်ကွယ်မှ အဓိပ္ပာယ်ကို မေလီဆာ ချက်ချင်း သိမြင်လိုက်သည်။ မေလီဆာက သူ့စကားကို ဖြတ်ပြောလိုက်၏။
“အဖွဲ့ (၇) ရဲ့ အဖွဲ့ဝင်တိုင်း ပါဝင်ရမယ်ဆိုတဲ့ အမိန့်ရှိနေသရွေ့ ငါလည်း ဒီအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတာပဲလေ၊ ငါ ဒီမှာ ရှိနေတာ ဘာမှားလို့လဲ...”
“...”
မိုင်လွန်မှာ ပါးစပ်အဟောင်းသားနှင့် ဘာမှပြန်မပြောနိုင်တော့ပေ။ မေလီဆာ၏ စကားမှာ ကျိုးကြောင်းဆီလျော်ပေသည်။ မေလီဆာမှာ မကြာခင် ထောက်လှမ်းရေးဌာနသို့ ပြောင်းရွှေ့တော့မည်ကို လူတိုင်းသိကြသော်လည်း ယခုလောလောဆယ်တွင်မူ သူမသည် ဤနေရာ၌သာ ရှိနေသေးပြီး စာရွက်စာတမ်း ကိစ္စများမှာလည်း မပြီးပြတ်သေးပေ။ ထို့ကြောင့် သူမသည် တိုက်ခိုက်ရေးဌာန၏ အဖွဲ့ဝင် ဖြစ်နေဆဲပင်။
တိုက်ခိုက်ရေးဌာန၏ အဖွဲ့ဝင် ဖြစ်နေသရွေ့ အထက်လူကြီး၏ အမိန့်ကို နာခံခြင်းနှင့် တိုက်ပွဲများတွင် ပါဝင်ခြင်းမှာ လုပ်ရိုးလုပ်စဉ် ဖြစ်သည်။ ဤသို့ စဉ်းစားကြည့်လျှင် မိုင်လွန်ကသာ အသေးအဖွဲကို အကြီးအကျယ် လုပ်နေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။
“ကောင်းပြီလေ... ဒါပေမဲ့ အခုတော့ ငါက ယာယီ အဖွဲ့ခေါင်းဆောင်ပဲ”
“ပြဿနာမရှိပါဘူး၊ ခေါင်းဆောင်တစ်ယောက် လုပ်သင့်တဲ့အတိုင်း အမိန့်တွေကို ဆက်ပေးပါ... ငါက အခု သာမန် အဖွဲ့ဝင် တစ်ယောက်ပါပဲ”
မေလီဆာသည် အဖွဲ့သားများကြားသို့ တိုးဝင်လိုက်ရင်း ဆိုလိုက်သည်။
“ဒါက ငါ့ရဲ့ နောက်ဆုံး တာဝန် ဖြစ်လိမ့်မယ်... ငါ့ရဲ့ ဌာနပြောင်းရွှေ့မှု အတည်ဖြစ်သွားပြီဆိုရင်တော့ နင်က တရားဝင် အဖွဲ့ခေါင်းဆောင် ဖြစ်လာမှာပါ”
မိုင်လွန်မှာ အနည်းငယ် ပျာယာခတ်သွား၏။
“အဖွဲ့က...”
“အဖွဲ့က ပြင်ဆင်မှုတွေ ပြီးနေပြီ မဟုတ်လား... ငါက ခေါင်းဆောင် မဟုတ်တော့ဘူး၊ နင်က ခေါင်းဆောင်ပဲ... လူစာရင်းကို ဆက်စစ်ပါ”
မေလီဆာက စကားဖြတ်လိုက်သည်။
“ဟုတ်... ဟုတ်ကဲ့”
မိုင်လွန်က အယောင်ယောင် အမှားမှားဖြင့် ခေါင်းညိတ်လိုက်၏။ အဖွဲ့ဝင် အချို့မှာ ထိုအဖြစ်ကို ကြည့်ကာ ရယ်မောလိုက်ကြသဖြင့် မိုင်လွန်၏ မျက်နှာမှာ ကြက်သွေးရောင်ကဲ့သို့ နီမြန်းသွားခဲ့သည်။
သို့သော်လည်း... မေလီဆာပါ အခြားသူများနှင့်အတူ လိုက်ပြုံးနေသည်ကို မြင်ရသောအခါ သူ တအား မရှက်တော့ချေ။ မိုင်လွန် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး အခြားသူများကို ဟန့်တားလိုက်သည်။ သူ လူစာရင်းကို ဆက်လက် စစ်ဆေးပြီးနောက် အထက်လူကြီးထံသို့ အင်အားအပြည့်ရှိကြောင်း အစီရင်ခံလိုက်၏။
ဤသို့ဖြင့် မေလီဆာသည် သူမ၏ အဖွဲ့ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ခေါင်းဆောင်အဖြစ် မဟုတ်ဘဲ သာမန် အဖွဲ့ဝင်တစ်ဦး အနေနှင့်သာ ဖြစ်သည်။ အဖွဲ့ (၇) တွင် စုစုပေါင်း အဖွဲ့ငယ် ၂၀ ရှိပြီး အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ဝင် ဆယ်ယောက် ပါဝင်သည်။ မေလီဆာမှာ အဖွဲ့ (၈) မှ ဖြစ်သည်။
အဖွဲ့၏ နောက်ဆုံးတန်းတွင် ရပ်နေရင်း မေလီဆာသည် မဟာ ရောင်စဉ် သူရဲကောင်း ဆယ်ဦးအနက် တစ်ဦးဖြစ်သော 'ကြက်သွေးရောင် လှံရှင်' ဗီဗီယန်ကို လှမ်းမြင်လိုက်ရသည်။
ဘွဲ့နာမည်အတိုင်းပင် ဗီဗီယန်သည် သူမ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပတ်ထားသော ထူထဲသည့် ကြက်သွေးရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူမသည် သုံးမီတာ ရှည်လျားသော လှံရှည်ကြီးကို ကိုင်ဆောင်ကာ အနက်ရောင် မြင်းကြီးကို စီးနင်းထား၏။ ဦးထုပ်ဆောင်းထားသည့် နောက်ဘက်မှ မြေရောင် ဆံပင်မြီးလေးမှာ ထွက်ပေါ်နေ၏။ ကြွက်သားများ ဖုထစ် ထွက်ပေါ်နေသည့် လက်မောင်းများကြောင့် ဗီဗီယန်မှာ သာမန် အမျိုးသမီးတစ်ဦးထက် များစွာ ပိုမို ခန့်ညားထည်ဝါနေသည်။
သို့သော်လည်း... အမှန်စင်စစ် မေလီဆာသည် ဗီဗီယန်၏ တကယ့် စရိုက်စစ်စစ်ကို သိထားသည်။ သူမသည် သူရဲကောင်းဆန်ပြီး လှပသော အမျိုးသမီးတစ်ဦး ဖြစ်ကာ ရံဖန်ရံခါတွင် ဆွဲဆောင်မှုရှိသော အမူအရာမျိုးကိုလည်း ပြသတတ်သေးသည်။ မေလီဆာ ဤမျှလောက်အထိ သိထားရခြင်းမှာ မငြိမ်းသေသည့် မြင့်မြတ်သော မီးလျှ် ဂျိုးဇက်ကြောင့်ပင်။ ဂျိုးဇက်၏ နှလုံးသားမှာ သူ၏ သမီးနှင့် ကွယ်လွန်သူ ဇနီးသည်တို့အတွက်သာ ဖြစ်သော်လည်း သူ့အား စွဲလန်းနေကြသူများမှာ များစွာ ရှိပေသည်။
ဗီဗီယန်က တိုက်ပွဲမဝင်မီ အားပေးစကားများ ပြောကြားနေစဉ် မေလီဆာကတော့ ပျင်းရိပျင်းတွဲဖြင့် လူကြီးများ၏ အတင်းအဖျင်း စကားများကို ပြန်လည် တွေးတောနေမိ၏။
“ဒီတစ်ကြိမ် ငါတို့တွေ အတုမဲ့ အောင်ပွဲနဲ့အတူ ပြန်လာကြမယ်... အောင်ရမယ်...”
ဗီဗီယန်က သူမ၏ လှံကို မြှောက်ကာ ဟိန်းဟောက်လိုက်၏။
“အောင်ရမည်”
အောက်မှ အဖွဲ့ဝင်များ အားလုံးကလည်း တညီတညွတ်တည်း ဟစ်ကြွေးလိုက်ကြသည်။ ထိုစဉ် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ ငှားရမ်းထားသော မှော်ဆရာများသည် တယ်လီပို့ အစီအရင်ကို အသက်သွင်းလိုက်ပြီး ဦးဆောင်တပ်ဖွဲ့များကို စစ်မြေပြင်သို့ ပို့ဆောင်လိုက်တော့သည်။ အဖွဲ့တိုင်းတွင် မိမိတို့၏ တာဝန်များ ရှိပြီးသား ဖြစ်သဖြင့် ယခုအခါတွင်မူ ထိုတာဝန်များကို ကျေပွန်ရန်သာ လိုအပ်သည်။ အကယ်၍ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ၏ ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံပါက ဗီဗီယန်က တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။
မေလီဆာမှာ တာဝန်ထမ်းဆောင်ပုံ လုပ်ငန်းစဉ်များကို ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် အဖွဲ့နှင့်အတူ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားခဲ့သည်။ ယခု စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ အကြီးစား ပုန်းအောင်းရာ နေရာတစ်ခု ဖြစ်ပြီး ၎င်းကို 'ငရဲဘုံ အဆင့်' ရှိသူ သုံးဦးက အုပ်ချုပ်နေသည်။
ထိုသုံးဦးအနက် တစ်ဦးမှာ ဝယ်လ်၏ နောက်လိုက်ဖြစ်ပြီး ညဉ့်သိမ်းငှက် ဟု ဘွဲ့အမည်ရှိသော အစွမ်းထက် မုဆိုးတစ်ဦး ဖြစ်သည်။ သူ၏ စွမ်းအားမှာ 'ငရဲဘုံ အဆင့်' ၏ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဗီဗီယန်က သူ့ကို ကိုင်တွယ်မည် ဖြစ်သည်။ ကျန်နှစ်ဦးမှာမူ သာမန် 'ငရဲဘုံ အဆင့်' များသာ ဖြစ်ပြီး မစ္စတာလင်၏ လမ်းညွှန်မှု မခံယူရမီ မေလီဆာထက် အနည်းငယ်သာ ပိုမို အားကောင်းကြသူများ ဖြစ်သည်။
သာမန် အခြေအနေမျိုးတွင် ဤအဆင့်ရှိသည့် တာဝန်တစ်ခုကို မျှော်စင်၏ တပ်ဖွဲ့တစ်ခုလုံးအား စုပြုံစေလွှတ်စရာ မလိုပေ။ သို့သော်လည်း အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းမှာ ယဇ်ပူဇော်မှုများမှတစ်ဆင့် စွမ်းအားရယူတတ်သည့် အလွန်ယုတ်မာသော အဖွဲ့အစည်း ဖြစ်သည်။
လူများ စတင်သေဆုံးသည်နှင့် အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်ပြီး မျှော်စင်အတွက် အထိနာနိုင်ပေသည်။ အတိတ်က သင်ခန်းစာများကို ယူ၍ ယခုအခါတွင်မူ ထိုဂိုဏ်းကို အင်အားအလုံးအရင်းဖြင့် နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“သတိရှိကြပါ၊ အစီအစဉ်အတိုင်း လုပ်ကြ... အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်တွေက ယဇ်ပူဇော်ဖို့ ပြင်နေတာကို တွေ့တာနဲ့ သူတို့ကို ချက်ချင်း သတ်ပစ်ကြ...”
ဗီဗီယန်က နောက်ဆုံး အမိန့်ကို ပေးလိုက်ပြီး တယ်လီပို့ အစီအရင်ထဲ ခုန်ဝင်သွားခဲ့၏။
“ဟုတ်ကဲ့”
လူတိုင်းက ဆက်သွယ်ရေး စက်များမှတစ်ဆင့် တညီတညွတ်တည်း ပြန်ထူးလိုက်ကြသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ လျှို့ဝှက် စစ်ဆင်ရေးကြီးမှာ စတင်ခဲ့ပြီ ဖြစ်ကာ လူတိုင်းကို ၆၇ လမ်းမပေါ်သို့ စနစ်တကျ ပို့ဆောင်ပေးလိုက်တော့သည်။
[အဒေါ် ဗီဗီယန်... မတွေ့ရတာ ကြာပြီနော်...]
ဗီဗီယန်သည် ရုတ်တရက် သီးသန့် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် သတင်းစကားတစ်ခုကို ရုတ်တရက် လက်ခံရရှိလိုက်၏။ သူမသည် နောက်ထပ် အမိန့်များကို စောင့်ဆိုင်းနေချိန် ဖြစ်သဖြင့် ထိုစာကို အဆင်ပြေသလို ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်နှာမှာ ဖြူလျော်သွားခဲ့၏။
[မေလီဆာ နင် ဘာလို့ ဒီမှာ ရှိနေတာလဲ...]
သူမက အလျင်အမြန်ပင် ပြန်စာပို့လိုက်သည်။
[နင် အခု ဘယ်မှာလဲ...]
[ကျွန်မက ကင်းထောက်တာဝန် ယူထားတာဆိုတော့... အခု ၆၇ လမ်းမပေါ်ကို ရောက်နေပြီ...]
***
အပိုင်း(၃၅၈)
“...”
ထောက်လှမ်းရေးဌာနတွင် အစီရင်ခံရမည့် မေလီဆာသည် အလွန် အန္တရာယ်များလှသည့် စစ်ဆင်ရေး အတွင်း ပါဝင်နေလေပြီ။ ဗီဗီယန်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အတွင်းမှ တစ်စုံတစ်ယောက်က ကစားကွက်ရွှေ့လိုက်ပြီဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့လေသည်။
မည်သူမဆို ခဏမျှ စဉ်းစားကြည့်ရုံနှင့်... ဤပြဿနာ၏ အတိမ်အနက်ကို သိရှိနိုင်ပေသည်။ မေလီဆာ ဤစစ်မြေပြင်တွင် ရှိနေခြင်းမှာ အချိန်ကိုက်ဗုံးတစ်လုံးနှင့် တူလှပြီး ကြိုတင်ကာကွယ်မှုများ မပြုလုပ်ပါက လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး ငြိမ်သက်နေခဲ့သည့် ဝယ်လ်နှင့် ဂျိုးဇက်တို့၏ ပဋိပက္ခကို ပေါက်ကွဲသွားစေနိုင်ပေသည်။
ထို့အပြင် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့၏ တိုက်ပွဲမှာလည်း စတင်တော့မည် ဖြစ်သည်။ ဤသည်မှာ မလွဲမသွေ ဖြစ်လာမည့် တိုက်ပွဲဖြစ်သော်လည်း ယခုက အတော်လေး စောလှသေးသည်။ ကွယ်ရာမှ ကြိုးကိုင်သူများထံတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ သေချာသည်။ သူတို့သည် လန်စီ မှော်ကြေးမုံ ဖြစ်ရပ်တုန်းကကဲ့သို့ပင် ရုန်းရင်းဆန်ခတ်မှုများကို အခွင့်ကောင်းယူကာ တစ်စုံတစ်ခုကို လုပ်ဆောင်လိုကြခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ထိန်းချုပ်၍မရသော အချက်များဖြစ်သဖြင့် ချက်ချင်း ဟန့်တားရမည် ဖြစ်သည်။
သို့သော်လည်း ဗီဗီယန်၏ လက်ရှိ အကြီးမားဆုံးသော စိုးရိမ်မှုမှာ မေလီဆာ၏ အသက်ဘေးပင် ဖြစ်သည်။ မေလီဆာသည် သူမအတွက် မိသားစုဝင်တစ်ဦးကဲ့သို့ပင် ဖြစ်သည်။
“မေလီဆာ... အခုချက်ချင်း ပြန်လှည့်ခဲ့...”
ဗီဗီယန် စစ်မြေပြင်၏ ကွပ်ကဲမှုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရေးပေါ် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် မေလီဆာအား ပြတ်သားစွာ အမိန့်ပေးလိုက်၏။ ယခုစစ်ဆင်ရေးမှာ စခန်း တစ်ခုတွင် စုဝေးနေသည့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင် (အဆင့်နိမ့်နှင့် အဆင့်လတ်) အချို့ကို ရှင်းလင်းရန်သာ ဖြစ်သည်။ ရန်သူဘက်မှ 'ငရဲဘုံ အဆင့်' များ ပေါ်မလာသေးသဖြင့် ဗီဗီယန်သည် လောလောဆယ်တွင် နောက်တန်းမှ ဘေးကင်းစွာ စောင့်ကြည့်နေခြင်း ဖြစ်သည်။
မေလီဆာမှာ အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်းပင် ပြန်လည်ဖြေကြား၏။
“ကောင်းပါပြီ... ကျွန်မ အခုပဲ ပြန်လာခဲ့ပါ့မယ်”
စစ်မြေပြင်တွင် အထက်လူကြီး၏ အမိန့်ကို အကြွင်းမဲ့ နာခံခြင်းမှာ မျှော်စင်သူရဲကောင်းများအတွက် မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်သည်။ သံသယရှိလျှင်ပင် အမိန့်ကို အရင်ဆောင်ရွက်ရမည်ဖြစ်ပြီး တိုက်ပွဲပြီးဆုံးမှသာ အထက်လူကြီးထံ ရှင်းလင်းချက် တောင်းခံရမည် ဖြစ်သည်။
မေလီဆာ၏ အဖြေကို ကြားရသောအခါမှ ဗီဗီယန် သက်ပြင်းချနိုင်တော့၏။
'တော်သေးတာပေါ့... အခြေအနေက အရမ်းကြီး မဆိုးသေးဘူး'
မေလီဆာ ပြန်ရောက်လာသည်နှင့် သူမကို မည်သူက စေလွှတ်လိုက်သနည်းဆိုသည်ကို သေချာပေါက် မေးမြန်းရမည်။ တစ်စုံတစ်ယောက်က တမင် ဖန်တီးလိုက်ခြင်း ဖြစ်ရမည်။
တကယ်ဆိုလျှင်... မေလီဆာမှာ မျှော်စင်တွင် ဌာနပြောင်းရွှေ့ရေး စာရွက်စာတမ်းများ လုပ်နေရမည်ဖြစ်ပြီး ဤနေရာသို့ ရောက်လာစရာ အကြောင်းမရှိပေ။ ထို့ပြင် အထက်လူကြီးများကလည်း မေလီဆာအား ဤစစ်ဆင်ရေးတွင် ပါဝင်ရန် မလိုကြောင်း အတည်ပြုပေးထားပြီး ဖြစ်သည်။
ထိုအတွေးကြောင့် ဗီဗီယန်၏ မျက်နှာမှာ မှောင်ကျသွား၏။ သို့သော်လည်း ဆက်သွယ်ရေးစက်အတွင်းမှ ဆူညံသံများက သူမ၏ အတွေးကို ဖြတ်တောက်ပစ်လိုက်သည်။ ဟစ်အော်သံများ၊ တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများကို သူမ ကြားလိုက်ရသည်။
မေလီဆာဘက်မှ အသံမှာ ခဏတာ ပြတ်တောက်သွား၏။ ထို့နောက်... ပြတ်တောင်းပြတ်တောင်း ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
“ကျွန်မ လောလောဆယ် ပြန်လာလို့ မရတော့ပုံပဲ...”
ဗီဗီယန်၏ ရင်ထဲတွင် လေးလံသွား၏။ သူမ အဝေးသို့ လှမ်းကြည့်လိုက်ရာ စွမ်းအားရှင် အုပ်စုကြားမှ ထွက်ပေါ်လာသော စွမ်းအင်နှင့် အီသာလှိုင်းများကို ခံစားလိုက်ရသည်။ ၎င်းမှာ အချိန်နှင့် ဟင်းလင်းပြင်ကို ဦးတည်နေပေသည်။
ဝယ်လ်၏ ပဋိညာဉ်ခံ အိပ်မက်သားရဲ 'ကောင်းကင်ဝံပုလွေ ဂရေဒီ' မှာ ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို ဖွင့်ပေးလိုက်ပြီး ဝယ်လ်၏ နောက်လိုက်တစ်ဦးကို ပို့ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ရမည်။
အဆင့်နိမ့် 'ငရဲဘုံ အဆင့်' နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် ယခုထွက်ပေါ်လာသော စွမ်းအားမှာ အစစ်အမှန် 'ငရဲဘုံ အဆင့်' ပင် ဖြစ်သည်။ စွမ်းအားရှင် တစ်ထောင်ကျော်အား ထိတ်လန့်သွားစေနိုင်သူကို 'ငရဲဘုံ အဆင့်' ဟု အကြမ်းဖျင်း သတ်မှတ်နိုင်ပေသည်။
ယခု ရောက်ရှိလာသူ၏ စွမ်းအားမှာ သာမန် 'ငရဲဘုံ အဆင့်' ထက် များစွာ သာလွန်နေသည်။ မဟာ ရောင်စဉ် သူရဲကောင်း တစ်ဦး၏ အဆင့်အတန်းနှင့် မခြားပေ။ ဗီဗီယန်ထက်ပင် မနိမ့်ကျလှပေ။ ဗီဗီယန် စိတ်ထဲတွင် အမြန်တွက်ချက်လိုက်၏။ သူမတို့ အကြောက်ရဆုံးအရာ ဖြစ်ပျက်လာခဲ့လေပြီ...။ ရောက်ရှိလာသူမှာ သူမတို့ ကြိုတင်ပြင်ဆင်ထားသော ဝယ်လ်၏ နောက်လိုက်လေးဦးအနက် တစ်ဦးဖြစ်သည့် ညဉ့်သိမ်းငှက် အမည်ရ မုဆိုးပင် ဖြစ်သည်။
“ဟူး...”
ဗီဗီယန် သက်ပြင်းတစ်ချက်ချကာ အမိန့်ပေးလိုက်၏။
“မေလီဆာ... နင် အစွမ်းကုန် မိမိကိုယ်ကိုယ် ကာကွယ်ပါ... နင့်ရဲ့ ဘေးကင်းရေးက အဓိကပဲ”
ထို့နောက် မေလီဆာထံမှ အဖြေကိုပင် မစောင့်တော့ဘဲ ဗီဗီယန် မြင်းကုန်းနှီးပေါ်တွင် မတ်မတ်ထိုင်လိုက်သည်။ လက်တစ်ဖက်က သုံးမီတာရှည်သည့် လှံရှည်ကြီးကို ရန်သူရှိရာသို့ ချိန်ရွယ်လိုက်ပြီး အခြားလက်တစ်ဖက်က မြင်းဇက်ကြိုးကို တင်းတင်းဆွဲလိုက်၏။ လူနှင့်မြင်းမှာ တင်းထားသော လေးကြိုးမှ မြားတစ်စင်ကဲ့သို့ အဆင်သင့် ဖြစ်သွားတော့သည်။
ဝုန်း...
အံ့သြဖွယ် စွမ်းအင်လှိုင်းများသည် ကြက်သွေးရောင် သံချပ်ကာဝတ် အမျိုးသမီး သူရဲကောင်းနှင့် အနက်ရောင် မြင်းကြီး၏ ပတ်ပတ်လည်တွင် ဝဲကယက်တစ်ခုကဲ့သို့ စုဖွဲ့လာပြီး ရှေ့တွင် ရှိသမျှကို ကြေမွသွားစေနိုင်သည့် အရှိန်အဝါမျိုး ထွက်ပေါ်လာ၏။
မြင်းကြီးက ကျယ်လောင်စွာ ဟီလိုက်၏။ ၎င်း၏ မျက်လုံးများတွင် ရဲရဲနီသော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာသည်။ မြင်းခွာများ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ပြင်းထန်သော စွမ်းအားများကြောင့် ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ အက်ကွဲသွားတော့၏။
ပြင်းထန်သော လေလှိုင်းတစ်ခုမှာ ၁၀ မီတာ ပတ်လည်တွင် ပေါက်ကွဲထွက်သွားပြီး ဖုန်မှုန့်များမှာ အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။ ရုတ်တရက်... လူနှင့်မြင်းမှာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့တော့၏။ သူတို့နှစ်ဦးသည် အနက်နှင့် ကြက်သွေးရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စစ်မြေပြင်၏ အလယ်ဗဟိုကို ဖြတ်ကျော်ကာ ရန်သူများ၏ သင်္ချိုင်းမြေဆီသို့ ဦးတည်သွားလေတော့သည်။
သူမသည် 'ကြက်သွေးရောင် လှံရှင်' ဖြစ်သည်။ အနီရောင် ပုံရိပ်သည် စစ်မြေပြင်ရှိ ရန်သူများအတွက် အိပ်မက်ဆိုးပင် ဖြစ်ရပေမည်။
...
ညဉ့်သိမ်းငှက် သည် စစ်မြေပြင်သို့ ရောက်လာသည်နှင့် မေလီဆာကို ချက်ချင်းပင် ပစ်မှတ်ထားလိုက်၏။ သူသည် ဤရည်ရွယ်ချက်အတွက် ရောက်လာခြင်း ဖြစ်သည်။
မေလီဆာမှာ ဂျိုးဇက်၏တစ်ခုတည်းသော အားနည်းချက်ဖြစ်ကြောင်း ဝယ်လ်က သူ့ကို ရှင်းလင်းစွာ ပြောထားပြီး ဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကိုသာ အရယူနိုင်ပါက ဂျိုးဇက်၏ အခြေအနေကို ပျက်ပြားသွားစေနိုင်မည် ဖြစ်သည်။ အလွန်အမင်း ကာကွယ်ထားခြင်း ခံရသော ဤကျောက်မျက်လေးသည် စစ်မြေပြင်၏ ရှေ့တန်းသို့ မည်သို့ ရောက်လာသည်ကို သူ မသိသော်လည်း ဤသည်မှာ သူတို့အတွက် တစ်သက်တွင် တစ်ခါရခဲသော အခွင့်အရေးပင် ဖြစ်သည်။
ညဉ့်သိမ်းငှက်သည် သူ၏ လက်မောင်းများကို အတောင်ပံများ ဖြန့်လိုက်သကဲ့သို့ ဆန့်ထုတ်လိုက်၏။ အနက်ရောင် အမွေးအတောင်များမှာ သူ၏ ကိုယ်ပေါ်တွင် ပေါက်ထွက်လာပြီး အမှောင်ထု ဝတ်ရုံကြီးတစ်ခုအဖြစ် ရက်လုပ်လိုက်သည်။
ဟူး... ဟူး...
ညဉ့်မှောင်ထုကို အကာအကွယ်ယူထားသည့် သိန်းငှက်တစ်ကောင်ကဲ့သို့ပင် ထိုမုဆိုးသည် ဓားကိုင်ကာ မျှော်စင် သူရဲကောင်းအချို့ကို သွေးပူလေ့ကျင့်ခန်းအဖြစ် သတ်ဖြတ်လိုက်၏။ ပြီးနောက်မှ မေလီဆာရှိရာသို့ ခုန်ပျံသွားခဲ့သည်။ သူ၏ လှုပ်ရှားမှုမှာ သတ်ဖြတ်ခြင်း အနုပညာ တစ်ခုကဲ့သို့ ပြေပြစ်လှပြီး လေထဲတွင် သွေးစက်များမှာ ပြတ်တောင်းပြတ်တောင်း မျဉ်းကြောင်းများအဖြစ် ကျန်ရစ်ခဲ့၏။
ဖျတ်... ဖျတ်... ဖျတ်...
နောက်ဆုံးတွင် မေလီဆာ၏ ထိတ်လန့်နေသော ပုံရိပ်မှာ သူ၏ မျက်ဝန်းထဲ၌ ထင်ဟပ်လာသည်။ ညဉ့်သိမ်းငှက်သည် လေထဲတွင် ဝေ့ဝဲကာ အေးစက်စက် ဓားချက်ဖြင့် မေလီဆာကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဂလန်း...
ဘယ်ကမှန်းမသိ ပေါ်လာသော ကြက်သွေးရောင် သူရဲကောင်း၏ လှံရှည်ကြီးက ထိုဓားချက်ကို ကြားဖြတ် ခုခံလိုက်သည်။
ဝုန်း...
စွမ်းအားနှစ်ခု ဆုံချက်မှ လေလှိုင်းများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး မြေပြင်မှာလည်း ကြေမွသွားသည်။ မြင်းစီးထားသော ထိုအမျိုးသမီး သူရဲကောင်းသည် မေလီဆာ အန္တရာယ် ကင်းနေသေးသည်ကို မျက်လုံးထောင့်မှ ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ရှေ့မှ မုဆိုးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ထို့နောက်... သူမက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းရဲ့ ယုတ်မာတဲ့ ရာဇဝတ်ကောင်တွေ... တရားမျှတမှု ရောက်လာပြီ... နင်တို့ရဲ့ အဆုံးသတ်ဟာ အခုပဲ”
ညဉ့်သိမ်းငှက်က လှောင်ပြုံးပြုံးလိုက်၏။
“အရှင်သခင်ရဲ့ အလင်းတောင်ပံဟာ ကောင်းကင်က လမင်းလိုပဲ၊ မင်းတို့က ပိုးစုန်းကြူးတွေထက် မပိုပါဘူး... အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို ဆန့်ကျင်တဲ့သူတွေဟာ တကယ့် ပြဿနာထဲ ရောက်နေတာကို မသိကြတဲ့သူတွေပဲ”
ရန်သူတော် နှစ်ဦး၏ မျက်လုံးများမှာ သူတို့၏ လက်နက်များကဲ့သို့ပင် ထိပ်တိုက်ဆုံတွေ့သွားကြသည်။ နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်တော် နှစ်ဦး၏ သေကြေပျက်စီးမည့် တိုက်ပွဲကြီးမှာ တရားဝင် စတင်ခဲ့လေပြီ။
***