အခန်း (၃၅၉-၃၆၀)
Vol. 26 Ch. 359-360
အပိုင်း(၃၅၉)
ဘုန်း... ဘုန်း... ဘုန်း...
ဝေဝါးနေသော ပုံရိပ်နှစ်ခု...၊ တစ်ဦးက အနက်ရောင်နှင့် တစ်ဦးက ကြက်သွေးရောင်...၊ အလင်းနှင့် အရိပ်တို့ အရှိန်ပြင်းစွာ ရွေ့လျားနေသကဲ့သို့ ကောင်းကင်နှင့် မြေပြင်အနှံ့ အပြန်အလှန် ချိတ်ဆက်တိုက်ခိုက်နေကြသည်။ ထိပ်တိုက်တွေ့တိုင်း လေဟာနယ်ကို တုန်ခါသွားစေသော တုန်ခါလှိုင်းများကို ဖန်တီးနေကြသည်။
ဖုန်မှုန့်များ လွင့်စဉ်နေသည့် ပေါက်ကွဲမှုလှိုင်းများကြားတွင် လမ်းမပေါ်ရှိ အဆောက်အဦးများမှာ ပြိုကျပျက်စီးကာ ကြေမွနေသော မြေပြင်နှင့်အတူ နိမ့်ဆင်းသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာကို အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း က သိမ်းပိုက်ထားသည်မှာ ကြာပြီဖြစ်သဖြင့် သာမန်အရပ်သား နေထိုင်သူ အနည်းငယ်သာ ရှိတော့သည်။
ထို့ပြင် တိုက်ပွဲအစတွင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သူရဲကောင်းများသည် အမှန်တရား အသင်းတော်၏ အယ်ခီမီ ထုတ်ကုန်တစ်ခုဖြစ်သော 'အိပ်မက် ဖန်တီးစက်' ကို အသုံးပြုထားခဲ့ကြသည်။
နာမည်က ကလေးကလား ဆန်သော်လည်း ဤစက်မှာ အိပ်မက်များ ဖန်တီးရန် အသုံးပြုခြင်း မဟုတ်ပေ။ ၎င်းမှာ ဖလော်ဆိုဖာ ကျောက်တုံးကို အသုံးပြု၍ အိပ်မက်နယ်ပယ်တု တစ်ခုကို ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ၎င်းမှာ အိပ်မက်သားရဲတစ်ကောင် ဆင်းသက်လာသည့်အခါ တိုက်စားခံရတတ်သော လက်တွေ့နှင့် အိပ်မက်တို့ ဆုံစည်းရာ ထူးဆန်းသော နယ်ပယ်တစ်ခု ဖြစ်သည်။
ဤနည်းဖြင့် စစ်မြေပြင်အတွင်းရှိ အရာအားလုံးမှာ 'တစ်ပိုင်းအိပ်မက်' အခြေအနေသို့ ရောက်ရှိနေသည်။ တိုက်ပွဲအပြီးတွင် အိပ်မက်ဖန်တီးစက်ကို ပိတ်လိုက်ရုံနှင့် အပေါ်ယံမျှသာ ထိခိုက်ထားသော လက်တွေ့ကမ္ဘာမှာ အလိုအလျောက် ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။ သို့သော်လည်း... လက်တွေ့ပတ်ဝန်းကျင် တိုက်စားခံရမှု အဆင့်မှာ ပြင်းထန်လွန်းနေလျှင် သို့မဟုတ် ထိုပုဂ္ဂိုလ်၏ အသိစိတ်မှာ ပျောက်ဆုံး သို့မဟုတ် သေဆုံးသွားလျှင်မူ... ထိုသူမှာ မူလအခြေအနေသို့ ဘယ်သောအခါမှ ပြန်မရောက်နိုင်တော့ပေ။
၎င်းမှာ အလွန်အန္တရာယ်များသော စက်တစ်လုံး ဖြစ်သည်။ သို့သော်လည်း... ဤတီထွင်မှုကြောင့်ပင် မျှော်စင်သူရဲကောင်းများသည် အခြားအရာများကို စိုးရိမ်စရာမလိုဘဲ အစွမ်းကုန် တိုက်ခိုက်နိုင်ကြခြင်း ဖြစ်သည်။ ယခု စစ်မြေပြင်ရှိ ညဉ့်သိမ်းငှက် နှင့် ဗီဗီယန်တို့၏ အားပြိုင်မှုကဲ့သို့ပင်။ 'ငရဲဘုံ အဆင့်' အမြင့်ဆုံး၌ ရှိနေကြသော ထိုနှစ်ဦးမှာ အစွမ်းကုန် တိုက်ခိုက်နေကြပြီး သာမန်လူများ၏ အမြင်တွင်မူ 'ဖျက်ဆီးခြင်း အဆင့်' နှင့် မခြားသော ကြောက်မက်ဖွယ် အရှိန်အဝါကို ဖန်တီးနေကြသည်။
မေလီဆာသည် တဖြည်းဖြည်း နောက်ဆုတ်နေသော်လည်း စစ်မြေပြင်မှ ထွက်မသွားခဲ့ပေ။
'သေချာပေါက် ဖြစ်လာပြီပဲ... အဲ့ဒီနည်းပြမှာ တစ်ခုခု မှားနေတာပဲ'
သူမ စိတ်ထဲမှ ထိတ်လန့်သွားကာ အံကြိတ်ထားမိ၏။ ညဉ့်သိမ်းငှက် အမည်ရ မုဆိုးသည် သူမကို တိုက်ရိုက် ပစ်မှတ်ထားကာ လာခြင်းဖြစ်ကြောင်း မေလီဆာ သေချာပေါက် သိသည်။ ထို့အပြင်... ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ဝေဝါးစွာ မြင်လိုက်ရသော ငွေရောင်အမွေးနှင့် ခွေးကြီးမှာလည်း ဝယ်လ်၏ 'ကောင်းကင်ဝံပုလွေ' ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဝယ်လ်သည် သူမ ဤနေရာတွင် ရှိနေသည်ကို သိရှိပြီးသားဖြစ်ကာ သူမအား တိုက်ခိုက်ရန် သူ့ လူများကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ဤတာဝန်ကို အကြီးအကဲများ ကောင်စီသာ အမှန်တကယ် ပေးအပ်ခြင်း ဖြစ်ပါက သူမ၏ အခြေအနေကို သူတို့ ထည့်မတွက်ဘဲ နေမည်မဟုတ်ပေ။ မေလီဆာသည် အစပိုင်းတွင် သံသယဖြစ်ခဲ့သော်လည်း ကောင်စီက အရာအားလုံးကို တွက်ချက်ပြီးသား ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဥပမာအားဖြင့် ကင်းထောက်မှုများအရ ပုန်းအောင်းရာနေရာတွင် အသက်စွမ်းအား အနည်းငယ်သာ ရှိသည်ဟု ပြနေသဖြင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များ မသိမီ အမြန်စီးနင်းပြီး အမြန်ပြန်ဆုတ်နိုင်မည်ဟု သူမ တွက်ဆခဲ့သည်။
သို့သော် ယခုမူ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ တုံ့ပြန်မှုမှာ မြန်ဆန်ရုံသာမက ဝယ်လ်၏ တိုက်ရိုက်လက်ထောက်များကိုပင် စေလွှတ်ထားခဲ့သည်။ သူမ မျှော်လင့်ထားသော ကာကွယ်ရေး အစီအစဉ်များမှာ လုံးဝ ရှိမနေပေ။
မေလီဆာသည် အလွန်အမင်း အန္တရာယ်ရှိနေပြီဟု ခံစားလိုက်ရကာ စစ်မြေပြင်ပေါ်မှ ပျံသန်းနေသည့် အလင်းတန်းနှစ်ခုကို စိုးရိမ်တကြီး စိုက်ကြည့်နေမိ၏။ သို့သော်... စိုက်ကြည့်နေရင်းမှပင် မေလီဆာသည် တစ်စုံတစ်ရာကို စွဲလန်းသွားမိ၏။
သူမ၏ မျက်ဝန်းထဲတွင် ရွှေရောင် သင်္ကေတငယ်လေးများမှာ အချက်အလက် စီးကြောင်းများကဲ့သို့ အဆက်မပြတ် ဖျတ်ခနဲ ပေါ်လာကြသည်။ ၎င်းတို့က ထိုနှစ်ဦး၏ လှုပ်ရှားမှုများကို အလိုအလျောက် နှေးကွေးသွားစေကာ သူမအား ပတ်ဝန်းကျင်ရှိ အီသာစီးဆင်းမှုနှင့် တည်ဆောက်ပုံများကို တစ်ကွက်ချင်း ခွဲခြမ်းစိတ်ဖြာခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
အပေါ်ယံလွှာမှသည် အနက်ရှိုင်ဆုံး အဆင့်အထိ...
ပုံသဏ္ဌာန်မှသည် အနှစ်သာရအထိ...
မေလီဆာသည် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်သည်။ သူမသည် မျှော်စင်၏ 'အရာရှိ မျိုးဆက်သစ်' တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီး တိုက်ခိုက်ရေးတွင် ပါရမီပါသူ ဖြစ်သည်။ သူမသည် လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိသလို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်း ခံထားရသဖြင့် တိုက်ပွဲ အတွေ့အကြုံလည်း မနည်းလှပေ။
ယခုအခါတွင်မူ သူမသည် စာအုပ်ဆိုင် ပိုင်ရှင်ထံမှ 'အရာအားလုံး၏ မူလ' ကို ထိုးထွင်းမြင်နိုင်သော စွမ်းအားကို ရရှိထားသည်။ အကယ်၍ သူမသည် ထိုနှစ်ဦး ပြသနေသော တိုက်ခိုက်ရေး စွမ်းရည်များကို လေ့ကျင့်မည်ဆိုပါက ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်ကို ချက်ချင်း ဆုပ်ကိုင်နိုင်မည်မှာ သေချာသည်။
သို့သော်လည်း ယခုအချိန်တွင် သူမသည် ထိုအရာကို အာရုံမစိုက်ပေ။ ခုနစ်ရက် အကျဉ်းကျနေစဉ်အတွင်း မေလီဆာသည် အပေါ်ယံ အတတ်ပညာများကို သင်ယူနေခြင်းမှာ အချိန်ကုန်ခြင်းသာ ဖြစ်ကြောင်း နားလည်ခဲ့သည်။ ယခုအခါ သူမတွင် တံခါးအားလုံးကို ဖွင့်နိုင်သည့် သော့ရှိနေပြီ ဖြစ်သည်။ သို့သော် ထိုတောက်ပသော တံခါးများစွာမှာ သူမ၏ အမြင်ကို ရှုပ်ထွေးစေသည်။ အမှန်စင်စစ် သူမ ဖွင့်ရန်လိုအပ်သည့် တံခါးမှာ တစ်ခုတည်းသာ ရှိသည်။
အပြောင်းအလဲများနှင့် ပေါင်းစပ်မှုများ၊ တည်ဆောက်မှုများနှင့် ဖြိုခွဲမှုများ... အရာအားလုံးမှာ တူညီသော ညွှန်ကြားချက်များကို အကောင်အထည်ဖော်နေခြင်းသာ ဖြစ်သည်။
မျက်စိရှေ့မှ တိုက်ပွဲမှာ ပိုမို ပြင်းထန်ပြီး အရှိန်တက်လာ၏။ မေလီဆာ၏ အမူအရာမှာ တဖြည်းဖြည်း ဗလာဖြစ်သွားပြီး ဗီဗီယန်အတွက် စိုးရိမ်စိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ လက်ချောင်းများမှာ တစ်စုံတစ်ခုကို ဆုပ်ကိုင်ရန် သို့မဟုတ် ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ ရံဖန်ရံခါ လှုပ်ရှားနေမိ၏။
“ရှာတွေ့ပြီ တကယ့်ကို သူပဲ... ဒီကောင်မလေးကို ဖမ်းနိုင်ရင် ငါတို့ အကြီးအကျယ် ဆုလာဘ် ရတော့မယ်”
မေလီဆာ၏ နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးသည် ထိုဆံပင်နီနှင့် သူရဲကောင်းမလေးကို လောဘဇောတိုက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤနှစ်ဦးမှာ ထိုပုန်းအောင်းရာနေရာတွင် အခြေစိုက်ထားသော 'ငရဲဘုံ အဆင့်' ရှိသူများ ဖြစ်သည်။ သူတို့သည် ယခင်က အောက်လမ်း မှော်ဆရာများ ဖြစ်ကြသော်လည်း ယခုမူ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။
သူတို့၏ အနောက်ဘက် စစ်မြေပြင်တွင်မူ ဖြတ်တောက်ထားသော ခြေလက် အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ သတ္တဝါကြီးတစ်ကောင် ရှိသည်။ ၎င်းသည် မျှော်စင် သူရဲကောင်းများစွာကို တစ်ပြိုင်နက် ရင်ဆိုင်ကာ ဟန့်တားထား၏။ ဤသည်မှာ သူတို့ နတ်ဘုရားများထံ ယဇ်ပူဇော်မှု ပြုလုပ်ထားခြင်း၏ ရလဒ်ပင် ဖြစ်သည်။ သူတို့သည် မိမိတို့၏ စွမ်းအားကို မြှင့်တင်မည့်အစား ဂျိုးဇက်၏ သမီးကို ရှာဖွေရန်အတွက် ထိုသတ္တဝါကို ခေါ်ယူရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
မေလီဆာမှာ ရုတ်တရက် ဖြစ်ပေါ်လာသော တိုက်ပွဲကြောင့် ထိတ်လန့်သွားပုံရပြီး မှင်တက်နေပုံ ပေါက်နေ၏။ အနက်ရောင် ဝတ်ရုံဝတ် အမျိုးသားနှစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ ဝတ်ရုံအောက်မှ ယဇ်ပူဇော်သည့် ဓားမြှောင်များကို ထုတ်ယူလိုက်ကြလေတော့သည်။
...
အမှန်တရား အသင်းတော်၊ မက်ရှင်းလု...
ဖျပ်... ဖျပ်... ဖျပ်...
ခြေသံများသည် ဗလာဖြစ်နေသည့် သတ္တုစင်္ကြံလမ်းများအတွင်း ပဲ့တင်ထပ်နေ၏။ ဂျိုးဇက် ဦးဆောင်သော သူရဲကောင်းတစ်စုမှာ အမှန်တရား အသင်းတော် ဒု-ဥက္ကဋ္ဌ အင်ဒရူး၏ အနောက်မှ လိုက်ပါလာကြသည်။ ဖလော်ဆိုဖာ ကျောက်တုံးများ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ဓာတ်ခွဲခန်း အချို့မှာ ယခုအခါ လုံးဝ ပြန်လည် ပြုပြင်ပြီးသား ဖြစ်သည်။ လမ်း၏ ဝဲယာရှိ ဓာတ်ခွဲခန်းများကို ဖောက်ထွင်းမြင်ရသော မှန်များဖြင့် ကာရံထားသဖြင့် အတွင်း၌ အလုပ်ရှုပ်နေကြသော ပညာရှင်များကို အထင်းသား မြင်တွေ့နေရသည်။
အင်ဒရူးက ဂျိုးဇက်ကို လှည့်ကြည့်ကာ ခပ်အေးအေးပင် မိတ်ဆက်ပေးလိုက်၏။
“ဒါတွေက ကျုပ်တို့ရဲ့ အလျှို့ဝှက်ဆုံး ဓာတ်ခွဲခန်းတွေပါ... ခင်ဗျားတို့ဆီကို မကြာခင်ကပဲ ထောက်ပံ့ပေးလိုက်တဲ့ 'အိပ်မက် ဖန်တီးစက်' လိုမျိုး အဆင့်မြင့်ဆုံး စီမံကိန်းတွေကို ဒီမှာ လုပ်ဆောင်နေတာပါ”
“ဥက္ကဋ္ဌကြီး”
ဆန့်ကျင်ဘက် အရပ်မှ လျှောက်လာသော အဖြူရောင် ဝတ်စုံဝတ် ပညာရှင်တစ်ဦးက အင်ဒရူးကို ဦးညွှတ်ကာ အလွန်အမင်း ရိုသေသော ပုံစံဖြင့် နှုတ်ဆက်လိုက်သည်။
ဂျိုးဇက်၏ မျက်လုံးများမှာ ထိုဖြတ်သွားသူနောက်သို့ ခဏမျှ လိုက်ပါသွား၏။ ဤသည်မှာ အင်ဒရူးကို အသင်းတော်၏ ဥက္ကဋ္ဌကဲ့သို့ ဆက်ဆံနေသူ ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်မြောက် ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ထိုပညာရှင်များ၏ လေသံမှာ တစ်ခုခု ထူးဆန်းနေသည်။ ၎င်းမှာ ပညာရှင်များတွင် ရှိတတ်သော အေးစက်ပြီး ကျိုးကြောင်းဆီလျော်သည့် လေသံမျိုး မဟုတ်ဘဲ စွဲလန်းမှုနှင့် ကြည်ညိုမှုများ ရောပြွမ်းနေသည့် လေသံမျိုး ဖြစ်သည်။ ဤကဲ့သို့သော စွဲလန်းမှုမျိုးကို ယခင်က အမှန်တရား အသင်းတော်တွင် အစွန်းရောက်ဆုံး 'အမှန်တရား ရှာဖွေသူများ' အဖွဲ့တွင်သာ တွေ့ရလေ့ရှိသည်။ ယခုမူ ဂျိုးဇက် တွေ့ခဲ့သမျှ ပညာရှင် အများစုမှာ ထိုကဲ့သို့ ဖြစ်နေကြသည်။
ဂျိုးဇက် အင်ဒရူး၏ မျက်လုံးများကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။
“အမှန်တရား အသင်းတော်ရဲ့ အလျှို့ဝှက်ဆုံး သတင်းအချက်အလက်တွေကို ကျုပ်တို့ကို ဒီလို ပြနေတာကော အဆင်ပြေရဲ့လား...”
သူသည် ဤဒု-ဥက္ကဋ္ဌကို သိပ်ပြီး စိတ်မဝင်စားပေ။ စာအုပ်ဆိုင်အပေါ် သူ၏ ဆင်ခြင်တုံတရားမဲ့သော အပြုအမူမှာ သူလျှိုတစ်ဦး၏ လက်ချက်ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်သော်လည်း ဂျိုးဇက်အနေဖြင့်မူ ဤကဲ့သို့သော ဟန်ဆောင်မှုများပြီး 'လူကြီးလူကောင်း' အယောင်ဆောင်ထားသူမျိုးကို အထင်မကြီးပေ။ ၎င်းမှာ... တစ်နည်းနည်းဖြင့် ဝယ်လ်ကို သွား၍ သတိရစေသည်။
အင်ဒရူးက ပေါ့ပေါ့ပါးပါးပင် ပြုံးပြလိုက်၏။
“အမှန်တရား အသင်းတော်နဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ဆိုတာ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်လာခဲ့တဲ့ မဟာမိတ်တွေပဲလေ... ဒါကြောင့် ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ကို အမြင့်ဆုံး ယုံကြည်မှု ပေးရမှာပေါ့... ဒီတစ်ခါမှာလည်း 'မမှိတ်မသုန် မြင့်မြတ်သော မီးလျှံ' ကို မက်ရှင်းလုရဲ့ အလျှို့ဝှက်ဆုံး တားမြစ်နယ်မြေကို သန့်ရှင်းရေးလုပ်ဖို့ ဖိတ်ခေါ်ထားတာ မဟုတ်လား”
“ဒါနဲ့ နှိုင်းယှဉ်ရင် ဒီလို ထိပ်တန်းလျှို့ဝှက်ချက်ဆိုတာ ဘာမှမဟုတ်ပါဘူး... ပြီးတော့ မျှော်စင်သူရဲကောင်းတွေရဲ့ ကိုယ်ကျင့်တရားကိုလည်း ကျုပ် အကြွင်းမဲ့ ယုံကြည်ပါတယ်”
သူက ခေတ္တမျှ ရပ်လိုက်ပြီး လှောင်ပြုံးလေးဖြင့် ဆက်ပြောလိုက်၏။
“နောက်ပြီး... ခင်ဗျားတို့ ကြည့်လည်း ဘာမှ နားလည်မှာ မဟုတ်ပါဘူး...”
"..."
ဂျိုးဇက်...။
***
အပိုင်း(၃၆၀)
‘ဒီတော့ကာ ခင်ဗျား ရှေ့က ပြောသမျှတွေက အပိုတွေပေါ့လေ... နောက်ဆုံးတစ်ခွန်းကမှ ခင်ဗျားရဲ့ စိတ်ရင်းအမှန်ပဲ မလား...’
ဂျိုးဇက် မျက်မှောင်ကြုတ်ရင်း ပြုံးဖြီးဖြီး လုပ်နေသော အင်ဒရူးကို စိုက်ကြည့်လိုက်၏။ 'ဒီဓာတ်ခွဲခန်းထဲက လုပ်ငန်းစဉ် အသေးစိတ်တွေကို ချပြရင်တောင် ခင်ဗျားတို့လို လူပြိန်းတွေ နားလည်မှာ မဟုတ်ဘူး... ဒါကြောင့် ဒီဓာတ်ခွဲခန်းတစ်ခုလုံးက ငရဲထက်တောင် ပိုပြီး လုံခြုံနေဦးမှာပဲ' ဟု ထိုလူက သွယ်ဝိုက်၍ ပြောဆိုနေခြင်း ဖြစ်ကြောင်း ဂျိုးဇက် ကောင်းကောင်းကြီး သိနားလည်နေသည်။
သို့သော်... အင်ဒရူး၏ ဆိုလိုရင်းမှာ အမှန်တရားဖြစ်ကြောင်းကိုမူ ဂျိုးဇက် ဝန်ခံရပေမည်။ သူတို့ကို ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ခွင့်ပြုပြီး အနီးကပ် လေ့လာခွင့်၊ ထိတွေ့ခွင့် ပေးခဲ့လျှင်ပင် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ သူရဲကောင်းများမှာ ဘာကိုမှ နားလည်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။
အင်ဒရူး၏ ရွံရှာဖွယ်ကောင်းသော မျက်နှာပေးနှင့် အထက်စီးဆန်မှုတို့က 'အမှန်တရား အသင်းတော်' မှာ အဘယ်ကြောင့် အစားထိုးမရနိုင်သည့် အဖွဲ့အစည်း ဖြစ်နေရသနည်းဟူသည့် အဖြေကို ဂျိုးဇက်အား ကွက်ကွက်ကွင်းကွင်း မြင်စေခဲ့သည်။
ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က သယံဇာတများကို လက်ဝါးကြီးအုပ်ထားသည်ဆိုလျှင် အမှန်တရား အသင်းတော်ကမူ အသိပညာ ဗဟုသုတများကို လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်သည်။ ထိုအသိပညာမှာ သာမန်အသိပညာမျိုး မဟုတ်ဘဲ နယ်ပယ်အသီးသီးမှ သဘာဝလွန် စွမ်းအားရှင်များပင် လုံးဝ နားမလည်နိုင်သည့် အဆင့်မြင့် မဟာဗဟုသုတများ ဖြစ်ကြပေသည်။
ထို့ကြောင့်လည်း အမှန်တရား အသင်းတော်မှ ပညာရှင်များမှာ မောက်မာဝင့်ကြွားခွင့် ရှိနေကြခြင်း ဖြစ်သည်။
အဇီး၌ အဆင့်မြင့်စွမ်းအားရှင်များမှအစ အခြေခံလူတန်းစားများအထိ သူတို့၏ အကျိုးကျေးဇူးကို ခံစားနေကြရသည်။ ဖွံ့ဖြိုးဆဲ အဆင့်နိမ့် ထုတ်ကုန်ပစ္စည်းများကို လူထုအတွင်းသို့ ဖြန့်ချိပေးခြင်းဖြင့် သာမန်အရပ်သားများ၏ လူနေမှုဘဝကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်ခဲ့သည်။
ပို၍ ကြောက်စရာကောင်းသည်က အမှန်တရား အသင်းတော်သည် အသိပညာကိုသာမက ထိုအသိပညာကို ဖန်တီးသူများကိုပါ လက်ဝါးကြီးအုပ် ထိန်းချုပ်ထားခြင်းပင်။ အသင်းတော်အတွင်း၌ 'အခရာ အဆင့်' ပညာရှင် တစ်ဦးတစ်ယောက်မျှ မရှိသေးသော်လည်း နော်ဇင် ဒေသတစ်ခုလုံးအပေါ် သူတို့၏ သြဇာလွှမ်းမိုးမှုမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
အမှန်စင်စစ် ဂျိုးဇက်အနေဖြင့် တစ်ဖက်လူ၏ မောက်မာမှုလေးတစ်ခုအတွက်နှင့် အငြိုးအတေး ထားနေမည် မဟုတ်ချေ။ အမှန်တရား အသင်းတော်၏ ဒုတိယဥက္ကဋ္ဌ မျက်နှာကို လက်သီးနှင့် ထိုးကြိတ်ရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စပင်။ အကယ်၍ သူသာ ထိုသို့ ပြုမူခဲ့ပါက အမှန်တရား အသင်းတော်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့မှာ ချက်ချင်းပင် စစ်မီးတောက်ကြပေလိမ့်မည်။
ကံကောင်းစွာပင်... အင်ဒရူးသည်လည်း အတိုင်းအတာကို သိသူဖြစ်၍ တဟားဟား ရယ်မောလိုက်ရင်း...
"နောက်တာပါဗျာ... မငြိမ်းသေတဲ့ မြင့်မြတ်သော မီးလျှံကြီး အနေနဲ့ ဒီကိစ္စအတွက် စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင် ကျွန်တော့်လို အားနွဲ့တဲ့ ပညာရှင် ခန္ဓာကိုယ်က ခင်ဗျားရဲ့ လက်သီးဒဏ်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး"
ဂျိုးဇက်က မျက်မှောင်ကြုတ်လျက်ပင် လိုက်ဖက်ညီစွာ ရယ်မောလိုက်သည်။
"ကျွန်တော်လည်း တကယ် လုပ်ချင်နေတာပါပဲ... ဒါပေမဲ့ ခင်ဗျားရဲ့ အခု အဆင့်အတန်းအရဆိုရင် ကျွန်တော် တစ်ခုခု မလုပ်ခင်မှာတင် 'အီသာ ဖျက်ဆီးရေး အမြောက်' နဲ့ အမှုန့်ဖြစ်အောင် အပစ်ခံရမှာ မဟုတ်လား"
လမ်းတွင် ဖြတ်သန်းသွားသည့် နောက်ထပ် ပညာရှင်တစ်ဦးက အင်ဒရူးကို ရိုသေစွာ အလေးပြုသွားသည်ကို ဂျိုးဇက် မြင်လိုက်ရပြန်သည်။
ဂျိုးဇက်၏ စကားက လေးနက်သော အဓိပ္ပာယ်များကို ဖော်ဆောင်ထားပေသည်။ 'အီသာ ဖျက်ဆီးရေး အမြောက်' ကို အသက်သွင်းရန် နည်းလမ်း နှစ်မျိုးသာ ရှိသည်။ ပထမနည်းလမ်းမှာ အမှန်တရား အသင်းတော်၊ အထက်တန်းလွှာ ပညာရှင်များ အစည်းအဝေး ခေါ်ယူပြီး မဲခွဲဆုံးဖြတ်၍ ကွပ်ကဲသူကို ရွေးချယ်ခြင်း ဖြစ်သည်။ (ယခင် မိုးနတ်မင်းကို နှိမ်နင်းစဉ်ကကဲ့သို့ ဖြစ်သည်။) ဒုတိယနည်းလမ်းမှာ ဥက္ကဋ္ဌ ကိုယ်တိုင် အမိန့်ပေးခြင်းဖြစ်ပြီး ၎င်းသည် ပထမလုပ်ငန်းစဉ်ကို ကျော်လွန်၍ အာဏာတည်သည်။
ဂျိုးဇက်၏ အမြင်တွင် အင်ဒရူး၏ ရည်မှန်းချက်မှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ရှင်းလင်းနေသည်။ ဥက္ကဋ္ဌ မာရီယာ ပျောက်ဆုံးနေသည်မှာ လနှင့်ချီပြီ ဖြစ်ပြီး သတင်းအစအန မရရှိသေးသဖြင့် အင်ဒရူးသည် အမှန်တရား အသင်းတော်ကို သူ၏ ကိုယ်ပိုင်အဖွဲ့အစည်းကဲ့သို့ ပြုလုပ်ထားပုံရသည်။ 'ဒုတိယဥက္ကဋ္ဌ' ဆိုသည့် ရာထူးမှ 'ဒုတိယ' ဆိုသော စကားလုံးမှာ မရှိသလောက်ပင် ဖြစ်နေလေပြီ။
ထို့အပြင်... ဤပညာရှင်များအကြားတွင်လည်း တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။ ဂျိုးဇက်၏ ယခု ခရီးစဉ်မှာ အသင်းတော်ကို စုံစမ်းစစ်ဆေးရန် မဟုတ်သော်လည်း သူ၏ အလိုလိုသိစိတ်က တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု သတိပေးနေသည်။
အင်ဒရူးကမူ ဂျိုးဇက်၏ စကားပါ အဓိပ္ပာယ်ကို နားမလည်ဟန်ဖြင့် တည်ငြိမ်စွာပင် ဆက်လက် လမ်းပြနေ၏။
"မစ္စတာ ဂျိုးဇက်ကတော့ နောက်ပြောင်တတ်တာပဲ... ကျွန်တော့် လက်အောက်က ပညာရှင် အတော်များများက ခင်ဗျားရဲ့ ပရိသတ်တွေ ဖြစ်နေကြတာ... အမိန့်ပေးလိုက်ရင်တောင် အမြောက်က ကျွန်တော့်ဘက်ကို အရင် ပြန်လှည့်လာမှာတောင် ကြောက်နေရတယ်..."
သူ၏ လေသံမှာ ပေါ့ပေါ့ပါးပါး ရှိသော်လည်း ဂျိုးဇက်ကမူ ထိုစကားထဲမှ လှောင်ပြောင်သံကို ကြားနေရသည်။ အားလုံး သိကြသည့်အတိုင်း 'ပရိသတ်' ရှိခြင်းမှာ ‘အိုင်ဒေါ’ များအတွက်သာ ဖြစ်သည်။ အိုင်ဒေါ ဆိုသည်မှာ လူအရေခွံကို ချောချောမောမော ခြယ်သထားသော သစ်သားအရုပ်မျှသာ မဟုတ်ပါလော။
ထိုစကားလုံးများက ဂျိုးဇက်မှာ အပေါ်ယံတွင် တောက်ပထည်ဝါနေသော်လည်း လက်တွေ့တွင်မူ ကြိုးဆွဲရာ ကနေရသူ ဖြစ်ကြောင်း လှောင်ပြောင်လိုက်ခြင်း ဖြစ်လေမည်လော။
လက်ရှိတွင် သူ့ကို ထိန်းချုပ်နိုင်သူမှာ အကြီးအကဲများ ကောင်စီ သာ ရှိသည်။ သို့သော်လည်း... အမှန်တကယ် ပြန်စဉ်းစားကြည့်လျှင် ယခု သူလုပ်ဆောင်နေသမျှမှာ သူတို့၏ ကြိုးဆွဲမှုအောက်တွင် ရှိနေသည် မဟုတ်ပါလား။ အော့စဝေါလ်ကို အနိုင်ယူပြီး 'ရောင်စဉ် သူရဲကောင်း' ဘွဲ့ကို ပြန်လည် ရယူနိုင်ခဲ့ခြင်းမှာလည်း ကောင်စီ၏ စီစဉ်မှုသာ ဖြစ်သည်။ စာအုပ်ဆိုင်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆိုင်ရှင် မစ္စတာလင်ကို စိတ်ကျေနပ်အောင် ထားရန်မှာလည်း သူတို့၏ အမိန့်ပင် ဖြစ်သည်။
ထို့ကြောင့် အင်ဒရူး၏ စကားလုံးများက သူ့ကို သတိပေးနေခြင်းလော။ သို့မဟုတ် ရန်စနေခြင်းလော။
ဂျိုးဇက် ထိုလူအိုကြီး၏ ကျောပြင်ကို ကြည့်ကာ တိတ်ဆိတ်စွာပင် နောက်မှ လိုက်လာခဲ့သည်။ ဤလူနှင့် အကျွမ်းတဝင် မရှိသော်လည်း သတင်းအချက်အလက် အရောင်းအဝယ် ကိစ္စများကြောင့် ယခင်က အဆက်အသွယ် ရှိခဲ့ဖူးသည်။ သူ၏ မှတ်မိသလောက် ဤအဖိုးကြီးမှာ မိန်းမလိုက်စားတတ်သူ တစ်ဦးသာ ဖြစ်ပြီး ယခုကဲ့သို့ စရိုက်မျိုး ရှိခဲ့သူ မဟုတ်ပေ။
သို့ဆိုလျှင် အဘယ်အရာက သူ့ကို ပြောင်းလဲစေပြီး အမှန်တရား အသင်းတော်ကိုပါ ဤသို့ ပြောင်းလဲသွားစေခဲ့သနည်း။
ဂျိုးဇက် စဉ်းစားနေစဉ်မှာပင် ရှေ့မှ လမ်းပြနေသော အင်ဒရူးက ရပ်လိုက်၏။
"ရောက်ပါပြီ... ရှေ့မှာ ရှိနေတာကတော့ ချိပ်ပိတ်ထားတဲ့ မက်ရှင်းလုရဲ့ ကန့်သတ်နယ်မြေပဲ ဖြစ်ပါတယ်..."
ဂျိုးဇက် မော့ကြည့်လိုက်၏။ စင်္ကြံလမ်း၏ အဆုံးတွင် ကြီးမားသည့် သံမဏိတံခါးကြီး တစ်ချပ် ရှိနေသည်။ တံခါးပေါ်တွင် ရှုပ်ထွေးလှသော အင်းကွက်များမှာ ဗဟိုမှ ဘေးပတ်ပတ်လည်သို့ ဖြာထွက်နေပြီး မှိန်ပျပျ အလင်းတန်းများ လက်နေသည်။ တံခါး၏ အလယ်ဗဟိုတွင် တစ်စုံတစ်ခု ထည့်ရန်အတွက် ချိုင့်ခွက်တစ်ခု ပါရှိသည်။
တံခါးဝတွင် အရပ်ပုပုနှင့် လူငယ်လေးတစ်ဦး စောင့်ဆိုင်းနေပြီး အင်ဒရူးကို မြင်သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်သည်။
"ဟုဒ်... အားလုံး အဆင်သင့် ဖြစ်ပြီလား"
အင်ဒရူးက မေးလိုက်၏။
ဟုဒ်က သူ့ လက်ထဲမှ 'ဖလော်ဆိုဖာ ကျောက်တုံး' ကို မြှောက်ကာ ဖြီးပြလိုက်ရင်း...
"မီးဖိုထဲက ထွက်လာတာ လတ်လတ်ဆတ်ဆတ်ပဲ ဆရာ..."
ထို့နောက် သူက နှုတ်ခမ်းဆူလိုက်၏။
"ဒီလောက် အရည်အသွေးမြင့်တဲ့ ဖလော်ဆိုဖာ ကျောက်တုံးကို ကျိုချက်ရတာ ဒါ ပထမဆုံးပဲ... ပြီးတော့ ဒီတံခါးပေါ်က အင်းကွက် လမ်းကြောင်းတွေနဲ့ ကိုက်ညီအောင် လုပ်ရတာ... တော်သေးလို့... ဓာတ်ခွဲခန်းတွေဘက်က အပြည့်အဝ ကူညီပေးလို့၊ တခြား စမ်းသပ်ချက်တွေအတွက် သုံးမယ့် အရင်းအမြစ်တွေကိုလည်း ယာယီ လွှဲသုံးလိုက်ရလို့ နာရီဝက်လောက်ပဲ ကြန့်ကြာသွားတာ"
သူက မျက်လုံးလှန်ပြကာ ညည်းတွားလိုက်ပြန်သည်။
"မူလ သော့က ပျက်စီးသွားပြီဆိုတော့ တော်တော့်ကို အလုပ်ရှုပ်သွားတာပဲ"
ဂျိုးဇက်သည် မေလီဆာထက်ပင် ငယ်ဦးမည့် ထိုလူငယ်လေးကို ကြည့်ကာ မျက်ခုံးပင့်မိသည်။ အရည်အသွေးမြင့် ဖလော်ဆိုဖာ ကျောက်တုံး ဆိုသည်မှာ 'ဖျက်ဆီးခြင်း အဆင့်' ပညာရှင်တစ်ဦး၏ အမှတ်အသားပင်။ ထို့အပြင် ဤကျောက်မှာ တံခါးဖွင့်ရန် သော့အဖြစ် အသုံးပြုရမည် ဖြစ်သဖြင့် သာမန်ကျောက်များထက် ပို၍ နက်နဲရှုပ်ထွေးသော အတွင်းပိုင်း ဖွဲ့စည်းပုံ လိုအပ်ပေလိမ့်မည်။
သို့သော် ဤလူငယ်ကမူ အလွန်ပင် ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်။ အခြားသူများ တစ်သက်လုံး ကြိုးစားသော်လည်း မရရှိနိုင်သည့် အောင်မြင်မှုကို သူကမူ 'နာရီဝက်ခန့် ကြန့်ကြာသွားခြင်း' ဟုသာ မှတ်ချက်ပြုနေသည်။
အင်ဒရူးက ကျေနပ်စွာဖြင့် ပြုံးရင်း မိတ်ဆက်ပေးလိုက်၏။
"ဒါကတော့ ဥက္ကဋ္ဌ မာရီယာရဲ့ တူ၊ 'ပညာရှာဖွေသူများ' အဖွဲ့ရဲ့ ခေါင်းဆောင် ဟုဒ် ပါ... အခု အမှန်တရား အသင်းတော်မှာ ဒုတိယမြောက် 'ဖျက်ဆီးခြင်း အဆင့်' ပညာရှင်ပေါ့"
“...”
ဂျိုးဇက်မှာ သူ့ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ အမှန်တရား အသင်းတော်တွင် နောက်ထပ် 'ဖျက်ဆီးခြင်း အဆင့်' တစ်ဦး မည်သည့်အချိန်က ထွက်ပေါ်လာသနည်း။
သူသည် မာရီယာ၏ တူ ဖြစ်သောကြောင့် တစ်ဦးတစ်ယောက်က ရုပ်ဖျက်ထားခြင်းလည်း မဖြစ်နိုင်ပေ။ အမှန်တကယ်ပင် ကလေးအရွယ်သာ ရှိသေးသည်။ သို့သော် ကလေးအရွယ်နှင့် 'ဖျက်ဆီးခြင်း အဆင့်' ပညာရှင် တစ်ယောက် ဖြစ်နေခြင်း... ထိုအရာမှာ စိတ်ကူးယဉ် ကမ္ဘာထဲက ကိစ္စမျိုး မဟုတ်ပါလား။
ဂျိုးဇက်၏ ထိတ်လန့်သွားသော မျက်နှာပေးကို မြင်သောအခါ ဟုဒ်က ပြုံးလျက် ပုခုံးတွန့်ပြလိုက်၏။
"ကျွန်တော် တစ်ယောက်တည်း ကျိုချက်တာ မဟုတ်ပါဘူး... ပြီးတော့ ကျွန်တော့်ကို 'ဖျက်ဆီးခြင်း အဆင့်' လို့ အတိအကျ သတ်မှတ်လို့ မရသေးပါဘူး၊ ဒါပေမဲ့ ရောက်တော့မှာပါ"
အင်ဒရူးက ရှေ့သို့ ဆက်သွားရန် လက်ဟန်ပြလိုက်ရင်း...
"ကဲ... အဆင့် သတ်မှတ်ချက်ကိုတော့ နောက်ရက်တွေကျမှ စီစဉ်တာပေါ့၊ အခုတော့ အချိန်ကို အကျိုးရှိရှိ သုံးကြရအောင်"
ဟုဒ်က ခေါင်းညိတ်ကာ ခြေဖျားလေး ထောက်၍ ဖလော်ဆိုဖာ ကျောက်တုံးကို တံခါးပေါ်ရှိ ချိုင့်ခွက်အတွင်းသို့ ထည့်လိုက်သည်။
ဝမ်... ဝမ်...
ခဏအကြာတွင် တံခါးပေါ်မှ အင်းကွက်များ မှိန်သွားပြီး၏။ ထို့နောက် တစ်ဖန် ပြန်လည် တောက်ပလာကာ ဗဟိုမှနေ၍ အမှုန်အမွှားလေးများအဖြစ် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ တံခါးကြီး ပွင့်သွားသည်နှင့် အထဲတွင် မှောင်မည်းနေသော လမ်းကြောင်းတစ်ခု ပေါ်လာပြီး လမ်းဘေး တစ်ဖက်တစ်ချက်တွင် စွန့်ပစ်ထားသော ဓာတ်ခွဲခန်းများကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရ၏။
ဂျိုးဇက် ဒိတ်ခနဲ ရင်ခုန် သွားခဲ့သည်။
ဟုဒ်...
သူ ထိုနာမည်ကို ကြားဖူးသည်။ ကလောက်က တစ်ခါက ပြောပြဖူး၏။ ညတစ်ညတွင် ဥက္ကဋ္ဌ မာရီယာ၏ တူ ဟုဒ်သည် စာအုပ်ဆိုင်ထဲသို့ အတင်းဝင်ရောက်သွားသဖြင့် မစ္စတာလင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။ ထိုစဉ်က ကလောက်သည် ထိုကိစ္စကို ဖြေရှင်းရန်အတွက် စေလွှတ်ခြင်း ခံခဲ့ရသူ ဖြစ်လေသည်။
***