← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 26 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 26 Ch. 361-362

အပိုင်း(၃၆၁)

မှန်ပေသည်။ ဟုဒ်... ထိုလူငယ်ပင်...။

အကယ်၍ ဂျိုးဇက်၏ အတွေးသာ မှန်ကန်ခဲ့လျှင် အရာအားလုံးသည် ယုတ္တိတန်သွားပေလိမ့်မည်။ အကြောင်းမူကား မစ္စတာလင်တွင်သာ ထိုကဲ့သို့သော တန်ခိုးစွမ်းအားမျိုး ရှိနိုင်သောကြောင့်ပင်။ သာမန် ပညာရှင်မျိုးဆက်သစ် လူငယ်လေးတစ်ဦးကို ထူးကဲသော ပါရမီရှင်တစ်ဦးအဖြစ် ပြောင်းလဲပေးနိုင်စွမ်းမှာ မစ္စတာလင်အတွက် မခဲယဉ်းသည့် ကိစ္စဖြစ်သည်။

သို့သော် ဂျိုးဇက် မမျှော်လင့်ထားသည့် အရာ တစ်ခုရှိသည်။ သူ သိထားသလောက်ဆိုလျှင် ထိုလူငယ်မှာ မစ္စတာလင်ကို စော်ကားခဲ့သူ မဟုတ်ပါလော။ သို့ပါလျက်နှင့် အဘယ်ကြောင့် အကူအညီ ပေးခဲ့သနည်း။ ထို့အပြင် သူရရှိထားသော အကျိုးကျေးဇူးမှာ အခြားသူများထက်ပင် သာလွန်နေပုံရသည်။

ဥပမာအားဖြင့် ကျိကျစ်ရှို့ကို ကြည့်လျှင် သူမသည် စာအုပ်ဆိုင်၏ အစောဆုံး ဖောက်သည်တစ်ဦး ဖြစ်သော်လည်း ယခုမှသာ 'ငရဲဘုံ အဆင့်' အထွတ်အထိပ် အဆင့်သို့သာ ရောက်ရှိသေးသည်။ သူမ၏ တိုးတက်မှုမှာ တရွေ့ရွေ့သာ ရှိနေပြီး 'ဖျက်ဆီးခြင်း အဆင့်' သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။ သို့သော် ဟုဒ်မှာမူ သာမန်ပညာရှင်များ စိတ်ကူးပင် မယဉ်နိုင်သော အမြင့်သို့ ရောက်ရှိနေလေပြီ။

ထောက်လှမ်းရေး ဌာန၏ ခွဲခြမ်းစိတ်ဖြာချက် အစီရင်ခံစာအရ မစ္စတာလင်သည် ဖောက်သည်တစ်ဦးချင်းစီအပေါ် ပေးအပ်သော အကူအညီမှာ အဆင့်အတန်း ကွာခြားမှု ရှိသည်ဟု ဆိုသည်။ ထိုအဆင့်အတန်းကို သတ်မှတ်ရာတွင် ဖောက်သည်က မည်မျှအထိ ပေးဆပ်ရန် ဆန္ဒရှိသနည်းဟူသည့်အချက်အပေါ် မူတည်နေပုံရသည်။

ဂျိုးဇက် ကိုယ်တိုင်ပင်လျှင် သူ၏ စွမ်းအားများ ပြန်လည်ရရှိပြီး 'အခရာ အဆင့်' သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရခဲ့ခြင်းမှာ မစ္စတာလင်ထံသို့ မိစ္ဆာဓားကို ဆက်သခဲ့ခြင်းနှင့် အကြိမ်ကြိမ် အကူအညီ ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

ဗင်းဆင့်၏ အခြေအနေမှာမူ ပို၍ပင် ရှုပ်ထွေးလှသည်။ သူသည် သူ၏ သာမန်လူသားဘဝ တစ်ခုလုံးကို ရင်းနှီးပေးဆပ်ခဲ့ရပြီး မစ္စတာလင်၏ လက်နက်ကိရိယာတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ပေးဆပ်မှုကြီးမားသလောက် သူသည် 'အခရာ အဆင့်' သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီး ဘာသာတရားသစ်တစ်ခုကိုပင် ဦးဆောင်ခွင့် ရခဲ့သည်။

ကျိကျစ်ရှို့မှာ စာအုပ်ဆိုင်နှင့် စောစီးစွာ ထိတွေ့ခဲ့သော်လည်း သူမ၏ ပေးဆပ်မှုမှာ အတိုင်းအတာတစ်ခုအထိသာ ရှိသဖြင့် ရရှိသော အကျိုးကျေးဇူးမှာလည်း ထိုမျှသာ ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဟုဒ်သည် မည်သို့သော တန်ဖိုးကို ပေးဆပ်ခဲ့၍ ယခုကဲ့သို့ စွမ်းအားကို ရရှိခဲ့သနည်း။ ဂျိုးဇက်တွင် ထိုအဖြေ မရှိသေးပေ။

ခဏအကြာတွင် ဂျိုးဇက်သည် အတွေးစကို ဖြတ်ကာ သူနှင့်အတူ ပါလာသော အဖွဲ့ကို ပြန်လည် စုစည်းလိုက်သည်။ ရှေ့ဆက်လုပ်ရမည့် တာဝန်များကို ထပ်လောင်းမှာကြားပြီး ပြင်ဆင်မှုများ ပြုလုပ်စေသည်။ ထို့နောက် လူယုံအချို့ကို ခေါ်ဆောင်၍ အင်ဒရူးနှင့် ဟုဒ်တို့၏ နောက်မှနေကာ နော်ဇင်၏ အနက်ရှိုင်းဆုံး ဗဟိုချက်ဆီသို့ လိုက်ပါသွားတော့သည်။

ကလောက်မှာ ယခင် အော့စဝေါလ်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ယခုတိုင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သဖြင့် ဤခရီးတွင် ပါမလာနိုင်ပေ။ ထို့ကြောင့် ကလောက် လုပ်ဆောင်ရမည့် တာဝန်များကိုပါ ဂျိုးဇက်က ပုခုံးထမ်းထားရသည်။

ဤသည်ကို တွေးမိတိုင်း ဝယ်လ်အပေါ် ထားရှိသည့် ဂျိုးဇက်၏ အမုန်းတရားနှင့် အငြိုးအတေးမှာ ပို၍ တောက်လောင်လာခဲ့သည်။ သို့သော်... သူ ထိုအမုန်းတရားကိုပင် အားအဖြစ် ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ချုပ်တည်းထားရလေသည်။

ထိုသို့သော အတွေးများကြားမှာပင် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ရပ်တစ်ခုက သူ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေပြန်သည်။ နောက်ဆုံးတွေ့ခဲ့စဉ်က ဝယ်လ်က... ‘သူ အော့စ်ဝေါလ်၏ ဝိညာဉ်ကို လိုချင်နေခြင်းမှာ မစ္စတာလင်ကို လက်ဆောင်ပေးခဲ့ဖူးသည့် ဂါဂွိုင်းရုပ်အား ပြန်လည် ပြုပြင်ရန်အတွက် ဖြစ်သည်’ ဟု ပြောသွားခဲ့သည်။ ထို့ပြင် မစ္စတာလင်ကိုလည်း သူ၏ 'အရှင်သခင်' ဟု သုံးနှုန်းသွားခဲ့သည်။

ဆိုလိုသည်က ဝယ်လ်၏ လုပ်ရပ်အားလုံးကို မစ္စတာလင် သိရှိနေရုံသာမက သူကိုယ်တိုင်ပင် ထိုသို့လုပ်ရန် လမ်းညွှန်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများနှင့် ကယ်ရိုလိုင်း၏ ထွက်ဆိုချက်များအရ အော့စဝေါလ်သည် 'မီးလျှံဓား လမ်းစဉ်' အဖွဲ့က နှစ်ပေါင်းများစွာ မြှုပ်နှံထားသော သူလျှိုတစ်ဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

အကယ်၍ အရာအားလုံးမှာ မစ္စတာလင်၏ အစီအစဉ်အတိုင်းသာ ဖြစ်ခဲ့လျှင် ရလဒ်အနေဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အပေါ် သူက ကောင်းကျိုးပြုခဲ့ခြင်းပင်။ သို့သော်လည်း... ဂျိုးဇက်၏ အမြင်တွင်မူ ထိုလုပ်ငန်းစဉ် တစ်ခုလုံးမှာ နာကျင်စရာကောင်းလှသည်။

ဝယ်လ်သည် မစ္စတာလင်၏ အလိုတော်အတိုင်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို ကူညီနေသကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင်မူ သူသည် ဂျိုးဇက်အပေါ် ရန်ငြိုးထားကာ အခွင့်ကောင်းယူ၍ ကလဲ့စားချေနေခြင်းသာ ဖြစ်သည်။

အခြားသူသာဆိုလျှင် အော့စဝေါလ်ကို သတ်ဖြတ်ပြီးသည်နှင့် ဇာတ်လမ်း ပြီးသွားနိုင်သော်လည်း စာအုပ်ဆိုင်ရှင်မှာမူ ဂျိုးဇက်ကို အမုန်းဆုံးဖြစ်သည့် လူကိုမှ စေလွှတ်ခဲ့သည်။ ဝယ်လ်သည် အော့စ်ဝေါလ်ကို အင်အားကြီးမားသော မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲပစ်ခဲ့သဖြင့် မျှော်စင်မှ သူရဲကောင်း အတော်များများ အသက်ဆုံးရှုံးခဲ့ရပြီး ဂျိုးဇက်၏ တစ်ဦးတည်းသော တပည့်ဖြစ်သူမှာလည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံး ထွက်ခွာသွားချိန်တွင်ပင် ဝယ်လ်က သူသည် မျှော်စင်ကို ကူညီနေခြင်းဖြစ်ကြောင်း အောင်နိုင်သူတစ်ဦးကဲ့သို့ စော်ကားပြောဆိုသွားခဲ့သေးသည်။

ထိုအခိုက်တွင် ဂျိုးဇက်သည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နတ်ဘုရားတစ်ပါးအဖို့ အရေးမပါသော သတ္တဝါလေးများ၏ အမြင်ကို ဂရုစိုက်နေပါမည်လော။ မစ္စတာလင်၏ အမြင်တွင် အရာအားလုံးမှာ ပြီးပြည့်စုံစွာ ပြီးဆုံးသွားခြင်း ဖြစ်နိုင်သော်လည်း ဂျိုးဇက်အဖို့မူ ၎င်းမှာ ရှုပ်ထွေးမှုများ၏ ပြယုဂ်သာ ဖြစ်သည်။ ၎င်းမှာ ယုတ်မာသော ရှုပ်ထွေးမှုမျိုး မဟုတ်ဘဲ စင်ကြယ်လွန်းသော ဖရိုဖရဲ ဖြစ်တည်မှုမျိုးသာ ဖြစ်ပေလိမ့်မည်။

အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ထွက်ပေါ်လာခြင်းကို ကြည့်လျှင် ဂျိုးဇက်၏ အတွေးများမှာ ပို၍ပင် ရှင်းလင်းလာသည်။ ဝယ်လ်က မစ္စတာလင်ကို 'အရှင်' ဟု ခေါ်ဆိုလျှင် ထိုအောက်လမ်း မှော်ဆရာကြီး ထူထောင်ထားသည့် ထိုမိစ္ဆာဂိုဏ်း၏ အရှင်သခင်မှာလည်း လင်ကျဲ အမည်ရှိ စာအုပ်ဆိုင်ရှင်ပင် ဖြစ်ရပေမည်။

ထိုဂိုဏ်းဝင်များ ကျူးလွန်ခဲ့သော သွေးဖြင့် ပူဇော်ခြင်းနှင့် အခြား ယုတ်မာသော လုပ်ရပ်များကို စာအုပ်ဆိုင်က လျစ်လျူရှုထားခြင်း သို့မဟုတ် အားပေးအားမြှောက် ပြုနေခြင်းလည်း ဖြစ်နိုင်သည်။ ဂိုဏ်းသားများက သူတို့၏ အရှင်သခင်ကို 'ဒေသနာတော်များအား ရေးသားသူ' ဟု ခေါ်ဆိုနေကြခြင်းမှာလည်း စာအုပ်ဆိုင်ရှင်နှင့် ကွက်တိပင်။ ထို့ကြောင့် ထိုဂိုဏ်း၏ အယူဝါဒများကို မစ္စတာလင် ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားနေသည်။

အကယ်၍ ထိုသို့သာ မှန်ခဲ့လျှင်... ဂျိုးဇက် ဆက်မတွေးဝံ့တော့ပေ။ သူ၏ စိတ်ထဲမှ တရားမျှတမှု စိတ်ဓာတ်က တစ်စုံတစ်ခုကို ပြောဆိုချင်နေသော်လည်း အံ့ဩဖွယ်ကောင်းသော အကြောင်းရင်းအချို့ကြောင့် သူသည် နှုတ်ဆိတ်နေမိသည်။

...

"မငြိမ်းသေတဲ့ မြင့်မြတ်သော မီးလျှံကြီး... ကျွန်တော် ဘာကြောင့် ခင်ဗျားကို အထူးတလည် ဖိတ်ခေါ်ခဲ့ရတာလဲဆိုတာ သိပါသလား"

အန္တရာယ်ရှိသည့် စမ်းသပ်နယ်မြေအချို့နှင့် ထူးဆန်းသော သတ္တဝါအချို့ကို ရှင်းလင်းပြီးနောက် ဆူးကြိုးများသဖွယ် သံစည်းရိုးများ ကာရံထားသော နေရာတစ်ခု၏ တံခါးဝသို့ ရောက်သောအခါ အင်ဒရူးက ရုတ်တရက် မေးလိုက်သည်။

ဂျိုးဇက် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ သူရဲကောင်းများမှာ အတန်ငယ် ကွာဝေးသော နေရာမှ လိုက်ပါလာကြသော်လည်း နားစွင့်ထားလျှင် ကြားနိုင်သော အနေအထားတွင် ရှိနေသည်။

'သူ သိပ်ပြီး လျှို့ဝှက်တဲ့ ကိစ္စတွေကိုတော့ ပြောမှာ မဟုတ်လောက်ဘူး'

ဂျိုးဇက် ထိုသို့ တွေးရင်း မေးလိုက်၏။

"ဘာကြောင့်လဲဗျ"

အင်ဒရူးက ပြုံးလိုက်ရင်း...

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးဟာ စာအုပ်ဆိုင်ရဲ့ ဖောက်သည်တွေ ဖြစ်နေလို့ပါပဲ... တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ဟာ အဖွဲ့အစည်းတစ်ခုတည်းက မဟုတ်ရင်တောင် အချင်းချင်း ယုံကြည်မှု ရှိသင့်တဲ့ သူတွေ ဖြစ်နေလို့ပါ"

အင်ဒရူးက ဤမျှအထိ တည့်တိုးကြီး ပြောလာလိမ့်မည်ဟု ဂျိုးဇက် မမျှော်လင့်ထားခဲ့ချေ။ ရှေ့တွင်တော့ ဟုဒ်က သံစည်းရိုးတံခါးကို ဖွင့်နေသည်ကို မြင်နေရ၏။

"မက်ရှင်းလုဟာ အမှန်တရား အသင်းတော်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက် နယ်မြေပဲ... တခြားသူတွေ နားမလည်နိုင်ရင်တောင် ဒီနေရာကို ဘယ်အဖွဲ့အစည်းကိုမှ မပြသသင့်ဘူး... ခင်ဗျားကို ခေါ်လာဖို့ ပေးခဲ့တဲ့ အကြောင်းပြချက်တွေက အပိုတွေပါ... တကယ့် အကြောင်းရင်းကတော့ စာအုပ်ဆိုင်ဟာ ကျွန်တော်တို့ရဲ့ အမြင်တွေကို တူညီစေတဲ့ ယုံကြည်မှု တံတားဖြစ်နေလို့ပဲ... ဒါပေမဲ့... ခင်ဗျားကို တကယ်တမ်း တွေ့လိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော် အနည်းငယ် မှားသွားပြီဆိုတာ သိလိုက်ရတယ်... ခင်ဗျားကို ယုံကြည်နိုင်သေးပေမဲ့ အကန့်အသတ်မရှိတော့ မယုံကြည်နိုင်တော့ဘူး"

ဂျိုးဇက် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"ကျွန်တော်၊ ခင်ဗျား၊ ဟုဒ် နဲ့ ဝယ်လ်... ကျွန်တော်တို့ အားလုံးဟာ စာအုပ်ဆိုင်ထဲကို ဝင်ခဲ့ဖူးတဲ့ ဖောက်သည်တွေ ဖြစ်ပေမဲ့ ခင်ဗျားကတော့ သူတို့နဲ့ မတူဘူး"

အင်ဒရူးက ဂျိုးဇက်ဘက်သို့ လှည့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းနေပြီး လေသံမှာလည်း တိုးညှင်းသွား၏။

"ခင်ဗျားက... မစင်ကြယ်ဘူး"

"ပွင့်ပြီ..."

ထိုအခိုက်တွင်ပင် ရှေ့မှ ဟုဒ်၏ အော်သံကြောင့် အင်ဒရူးမှာ စကားစ ပြတ်တောက်သွား၏။ အားလုံး ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ကြရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားကြတော့သည်။

ပထမ ပေါ်ထွက်လာသည်က စူးရှသော အလင်းတန်းတစ်ခု ဖြစ်သည်။ ထို့နောက် မြင်လိုက်ရသည်မှာ ပျားအုံကြီးတစ်ခုနှင့် တူသော ကြီးမားလှသည့် အဆောက်အဦကြီးတစ်ခုပင်။ မျက်နှာကျက် တစ်ခုလုံးတွင် အလွန်တောက်ပသော အလင်းလုံးကြီးများ ပြည့်နှက်နေပြီး သံမဏိ ဘောင်များနှင့် စက်သွားကြီးများက အခန်းအသီးသီးကို ချိတ်ဆက်ပေးထားသည်။ ပို၍ ထူးခြားသည်မှာ ထိုအဆောက်အဦကြီးအတွင်းတွင် လူပေါင်းများစွာ ရှိနေခြင်းပင်။

လူအုပ်ကြီးမှာ အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အလုပ်ကိုယ်စီ လုပ်နေကြသည်။ လူတိုင်း၏ မျက်နှာပေးမှာ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ ထုံထိုင်းနေကြလေသည်။

***

အပိုင်း(၃၆၂)

ထိုသတ္တဝါတိုင်း၏ မျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့နေပြီး မျက်နှာထက်တွင်လည်း မည်သည့် ခံစားချက်မျှ အရိပ်အယောင် မရှိပေ။ သူတို့သည် ပျားအုံသဖွယ် ရှုပ်ထွေးလှသော ဤအဆောက်အဦအတွင်း၌ မိမိတို့ တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ အချင်းချင်း ဆက်သွယ်ပြောဆိုခြင်း လုံးဝမရှိဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးထားသည်။

သူတို့သည် လူသားများထက် ကြိုတင် ထည့်သွင်းပေးထားသော အမိန့်များကိုသာ နာခံဆောင်ရွက်နေသည့် စက်ရုပ်များနှင့် ပို၍ တူနေလေသည်။

ဂျိုးဇက်၏ နောက်မှ သူရဲကောင်းများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ အကယ်၍ သူတို့ ရှေ့မှောက်တွင် မြင်တွေ့ရသည်မှာ သွေးချောင်းစီးနေသော စစ်တလင်းပြင် ဖြစ်နေလျှင်ပင် ဤမျှ တုန်လှုပ်ကြမည် မဟုတ်ပေ။ သို့သော် ယခု မြင်တွေ့နေရသည့် အေးစက်စက်နှင့် ထူးဆန်းသော တိတ်ဆိတ်မှုက သူတို့ကို အမည်မဖော်နိုင်သော ထိတ်လန့်မှုကို ပေးစွမ်းနေသည်။

"ဒါတွေက ဘာတွေလဲ"

ဂျိုးဇက် သူ့ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသော မေးခွန်းကို တိုးညှင်းစွာ မေးလိုက်သည်။ သူသည် အမှန်တရား အသင်းတော်၏ မက်ရှင်းလု အနက်ရှိုင်းဆုံးနေရာတွင် မည်သည့်အရာများ ရှိနေနိုင်သည်ကို ယခင်က အမျိုးမျိုး ခန့်မှန်းခဲ့ဖူးသည်။ စမ်းသပ်ချက်များ ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသော ဇုန်များ၊ သို့မဟုတ် ထိန်းချုပ်မရတော့ဘဲ သောင်းကျန်းနေသည့် စက်ပစ္စည်းများ၊ သို့မဟုတ် နှစ်ပေါင်းများစွာ စွန့်ပစ်ထားသဖြင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော နေရာမျိုးကိုသာ သူ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

အမှန်တရား အသင်းတော်၏ အောက်ခြေတွင် ဤမျှ ရှုပ်ထွေးဆန်းပြားပြီး ပြည့်စုံလွန်းသော ဗိသုကာလက်ရာကြီး ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤနေရာသည် ကမ္ဘာသစ်တစ်ခုအလားပင်။

၎င်းမှာ အမှန်တကယ်ပင် စဉ်းစားရခက်လှသည်။ အမှန်တရား အသင်းတော်က အမြဲတမ်း ချိပ်ပိတ်ထားပြီး သော့ပင် ပျောက်ဆုံးနေသည်ဟု ဆိုသော ကန့်သတ်နယ်မြေအတွင်းတွင် ဤမျှ ကြီးမားသော ဓာတ်ခွဲခန်းကြီးတစ်ခု စနစ်တကျ လည်ပတ်နေသည်မှာ မယုံနိုင်စရာပင်။ လက်တွေ့တွင်မူ ဤနေရာသည် အသင်းတော်ရှိ အခြားသော ဓာတ်ခွဲခန်းကြီးများနှင့်ပင် များစွာ ကွာခြားမှု မရှိချေ။

သို့ဆိုလျှင် ဤနေရာရှိ လူများသည် ကပ်ပါးရပ်ပါးများလော။ မက်ရှင်းလုအတွင်းတွင် ဆယ်စုနှစ်များ၊ ရာစုနှစ်များ၊ သို့မဟုတ် ထောင်စုနှစ်များစွာကြာအောင် တိတ်တဆိတ် နေထိုင်လာခဲ့ကြခြင်းလော။

အမှန်တရား အသင်းတော်မှ ပညာရှင်များသည် ဤအရာများနှင့် နံရံတစ်ခုသာ ခြားပြီး တစ်မြေတည်း နေထိုင်လာခဲ့ကြသော်လည်း ဘာမှ မသိရှိခဲ့ကြခြင်းမှာ တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ် ကောင်းလှသည်။

သူတို့က ရန်သူများလော၊ သို့မဟုတ် ပျောက်ဆုံးသွားသော ခေတ်ကာလတစ်ခုမှ အကြွင်းအကျန်များလော။

ဂျိုးဇက် အင်ဒရူး၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေစဉ် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ၏ နောက်မှ သူရဲကောင်းများသည်လည်း တိုက်ပွဲဝင်စွမ်းရည် မရှိသော ပညာရှင်နှစ်ဦးကို ဝိုင်းရံကာ ကာကွယ်ရေး အနေအထား ပြင်ဆင်လိုက်ကြသည်။

ဂျိုးဇက် မျက်ခုံးပင့်လိုက်မိ၏။ သူ လေ့လာလေလေ ပို၍ ထိတ်လန့်လေလေ ဖြစ်ရသည်။

ပထမအချက်... လှုပ်ရှားသွားလာနေကြသည့် ထိုလူများသည် အပေါ်ယံတွင် လူနှင့် တူသော်လည်း အခြားသော အချက်များမှာ လုံးဝ မတူညီခြင်းပင်။ သူတို့ အဖွဲ့အတွင်းသို့ ဝင်လာကတည်းက ဂျိုးဇက် အကဲခတ်မိသည့် အရာ တစ်ခု ရှိသည်။ ထိုသတ္တဝါများသည် သူတို့ကို မြင်နိုင်စွမ်း ရှိသော်လည်း မမြင်သကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုမျှ မပြုဘဲ သူတို့ အလုပ်ကိုသာ သူတို့ ဆက်လုပ်နေကြသည်။ ဂျိုးဇက်နှင့် အဖွဲ့မှာ သူတို့အတွက် မရှိသကဲ့သို့ပင်။

ထိုသတ္တဝါများတွင် ကိုယ်ပိုင် စိတ်ဝိညာဉ် မရှိသည်မှာ ထင်ရှားလှသည်။ ထို့အပြင်... ပစ္စည်းကိရိယာများနှင့် ကြမ်းပြင်များမှာ ဟောင်းနွမ်းနေသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် သန့်ရှင်းစင်ကြယ်နေသည်။ ဆိုလိုသည်က ဤအရာများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖန်တီးထားခဲ့ခြင်း မဟုတ်ဘဲ အမြဲမပြတ် အသုံးပြုနေခြင်း ဖြစ်ကြောင်း သက်သေပြနေသည်။

ဤအချက်နှစ်ချက်မှာ ရှေ့နောက်မညီသကဲ့သို့ ရှိသော်လည်း ယုတ္တိနည်းကျ ပေါင်းစပ်ကြည့်လျှင် မေးခွန်းအတော်များများကို အဖြေထုတ်ပေးနိုင်သည်။ သို့သော် ပြဿနာအသစ် တစ်ခုက ထပ်ပေါ်လာပြန်သည်။ အမည်မသိ အဖွဲ့အစည်းတစ်ခုက အမှန်တရား အသင်းတော်၏ အောက်ခြေတွင် ခိုအောင်းနေပြီး ဤကန့်သတ်နယ်မြေကို ကာလရှည်ကြာစွာ အသုံးချနေခြင်းပင်။

သူတို့ အနေဖြင့် ဤအောက်ခြေတွင်သာ သီးခြားခိုအောင်း၍ အရာအားလုံးကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ဟုဒ် ဖွင့်ပေးခဲ့သော လမ်းအပြင် မြေပြင်ပေါ်သို့ ဆက်သွယ်ထားသည့် အခြားလမ်းကြောင်းများ ရှိနေရမည်။

ထို့ကြောင့် ကောက်ချက်ချနိုင်သည့် အရာ တစ်ခု ပေါ်လာသည်။ အမှန်တရား အသင်းတော်အတွင်း၌ ထို 'အရာ' များကို လက်ခံထားပြီး လိုအပ်သော အကူအညီနှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးနေသည့် သူလျှိုတစ်ဦး ရှိနေခြင်းပင်။

ဂျိုးဇက်သည် ယခင်က အမှန်တရား အသင်းတော်တွင် ဖြစ်ပွားခဲ့သော သူလျှိုကိစ္စများကို ဆက်စပ်တွေးတောမိပြီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။

အင်ဒရူးသည် ဤနေရာရှိ အရာအားလုံးကို သိထားပြီး ဖြစ်ရမည်။ အနည်းဆုံးတော့ ဤနေရာတွင် လူများ ရှိနေကြောင်း သူ သိသည်။ သူက ဂျိုးဇက်ကို ဤနေရာသို့ ခေါ်လာခြင်းမှာ အန္တရာယ်ရှိသော နေရာကို ရှင်းလင်းရန် မဟုတ်ဘဲ သူရဲကောင်းကြီး၏ အကူအညီဖြင့် ထိုသူလျှိုကို ဖမ်းဆီးရန်သာ ဖြစ်သည်။

‘ခွေးကောင်ကြီး... တကယ့်ကို မရိုးသားဘူး... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့လို အသုံးချနေတာပဲ'

ဂျိုးဇက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူတို့ အဖွဲ့သည် တစ်နေရာတွင် ယာယီ လူစုခွဲကာ ခိုအောင်းလိုက်ကြသည်။ ထိုလူသားတူ သတ္တဝါများမှာ သူတို့ကို လျစ်လျူရှုထားသော်လည်း ရန်သူမှာ မျက်စိကန်း၊ နားပင်းနေမည်ဟုတော့ ပုံချ မထားဝံ့ပေ။

သူတို့သည် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရမည်။

"ဆိုတော့ သူတို့က ဟိုမွန်ကူးလပ်စ် (ဉာဏ်ရည်တု လူသား) တွေပေါ့"

အင်ဒရူးက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ အဖြေကို အတည်ပြုပေးလိုက်သည်။

"ဒါတွေအားလုံးက ဖလော်ဆိုဖာ ကျောက်တုံးတွေကို အမြုတေ အဖြစ် သုံးပြီး ဖန်တီးထားတဲ့ လူသားတူ သတ္တဝါတွေပဲ"

ဂျိုးဇက် ခေါင်းကို ဆတ်ခနဲ လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"ဟိုမွန်ကူးလပ်စ် ဟုတ်လား... ခင်ဗျားတို့ တာဝန်ယူထားတဲ့ ရွှံ့ရုပ်တု စီမံကိန်းကဟာတွေလား"

အင်ဒရူးက ခပ်မှိုင်းမှိုင်း မျက်နှာပေးဖြင့် ခေါင်းညိတ်ပြသည်။

"ဒီနေ့အထိ ကျွန်တော်တို့ရဲ့ မြေစေးရုပ် စီမံကိန်းက ထွက်လာတဲ့ အရာအားလုံးကို ကျရှုံးထုတ်ကုန်တွေလို့ပဲ သတ်မှတ်လို့ ရမယ်..."

"ဒါဆို ဒီနေရာက ဟာတွေကတော့ အောင်မြင်တဲ့ ထုတ်ကုန်တွေပေါ့ ဟုတ်လား"

ဂျိုးဇက်မှာ အင်ဒရူး၏ စကားထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ဖမ်းဆုပ်မိပြီး ခံစားချက်မဲ့နေသော ထိုသတ္တဝါများကို ညွှန်ပြကာ မေးလိုက်၏။

"ဟုတ်တယ်... ဒါပေမဲ့ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်"

အင်ဒရူးက ပြန်ဖြေသည်။ ဂျိုးဇက်မှာ ထိုလူကို ဤနေရာတွင်တင် လက်သီးနှင့် ထိုးပစ်ချင်စိတ် ပေါက်သွား၏။

"ရှင်းအောင် ပြောစမ်းပါ"

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်.

"ဒီဟိုမွန်ကူးလပ်စ်တွေကို အောင်မြင်တယ်လို့ သတ်မှတ်တာက သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဖလော်ဆိုဖာ ကျောက်တုံးတွေနဲ့ တစ်သားတည်း ကျနေလို့ပဲ... သူတို့မှာ ဘာအားနည်းချက်မှ မရှိသလောက်ပဲ... သူတို့ ခန္ဓာကိုယ်ထဲမှာ အီသာ တွေ အတားအဆီးမရှိ စီးဆင်းနေတာကို ခင်ဗျားလည်း ခံစားမိမှာပါ... သူတို့ရဲ့ တုံ့ပြန်မှု အဆင့်က ကြောက်စရာကောင်းတဲ့ အမြင့်ဆုံး အခြေအနေကို ရောက်နေတယ်... သူတို့ကိုသာ သင်ယူခွင့်နဲ့ အတုခိုးခွင့် ပေးလိုက်မယ်ဆိုရင် ချက်ချင်းပဲ အစွမ်းထက်တဲ့ မှော်ဆရာတွေ ဒါမှမဟုတ် ထူးချွန်တဲ့ ပညာရှင်တွေ ဖြစ်လာကြမှာ..."

ထိုအချက်ကို ကြည့်လျှင် ဤအရာများသည် ပြီးပြည့်စုံလွန်းသော ဖန်တီးမှုများ ဖြစ်ကြသည်။

ဂျိုးဇက်၏ သတ်ချင်ဖြတ်ချင်နေသည့် မျက်လုံးများကို သတိမထားမိဟန်ဖြင့် အင်ဒရူးက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်၏။

"ဘာကြောင့် သူတို့ကို အရှုံးလို့ သတ်မှတ်ရသလဲဆိုတော့ သူတို့မှာ အသိစိတ် မရှိလို့ပဲ... ကိုယ်ပိုင် အသိစိတ် မရှိတဲ့ ဟိုမွန်ကူးလပ်စ် ဆိုတာ အသုံးဝင်တဲ့ ကိရိယာ သက်သက်ပဲ... 'သက်ရှိ' လို့ အမည်တပ်လို့ မရဘူး"

သူ၏ မျက်နှာပေးမှာ ပို၍ ခန့်မှန်းရ ခက်လာသည်။

"ဒါပေမဲ့ ဒီအရှုံးဟာ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာလို့ ကျွန်တော် ခံစားရတယ်... ဆိုလိုတာက ဒီဟိုမွန်ကူးလပ်စ်တွေကို ဖန်တီးတဲ့သူဟာ အရည်အချင်း မရှိလို့ မဟုတ်ဘဲ သူတို့ကို 'ကိရိယာ' အဖြစ်ပဲ သုံးချင်လို့..."

“...”

ဂျိုးဇက်မှာ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ အကယ်၍ ဤသို့သာ အမှန်ဖြစ်ခဲ့လျှင် နောက်ကွယ်မှ လူများသည် သူတို့ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားနှင့် ရဲတင်းမှု ရှိနေကြခြင်း ဖြစ်သည်။

အမှန်တရား အသင်းတော်၏ ဟိုမွန်ကူးလပ်စ် စီမံကိန်းအကြောင်းနှင့် ၎င်းအတွက် လိုအပ်သည့် မတွေးဝံ့စရာ အရင်းအမြစ်များအကြောင်းကို သူ ကြားဖူးသည်။ ယခု မျက်စိရှေ့တွင် မြင်တွေ့နေရသော ပြီးပြည့်စုံသည့် ဟိုမွန်ကူးလပ်စ် အရေအတွက်မှာ ထိုထက်မကသော အရင်းအမြစ်များစွာ လိုအပ်ပေလိမ့်မည်။

ဤမျှ များပြားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ပြီးမှ ထွက်လာသော ရလဒ်များကို အခြေခံ အလုပ်သမားများအဖြစ်သာ သုံးစွဲနေခြင်းမှာ ရူးသွပ်လောက်အောင် ဖြုန်းတီးခြင်းပင်။ အကယ်၍ သူတို့ကို တိုက်ပွဲဝင် ကိရိယာများအဖြစ် လေ့ကျင့်ပေးခဲ့မည်ဆိုလျှင် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။

ဂျိုးဇက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။

'ဖန်တီးသူက အခရာ အဆင့် ဖြစ်နေလို့များ ဒီလို အသေးအမွှားလေးတွေကို အမှုမထားတာလား'

"နောက်ပြီး... သူတို့ရဲ့ မူလ ပုံစံတွေက..."

အင်ဒရူးက အဖြူရောင် ဝတ်စုံနှင့် ဖြတ်သွားသည့် ဟိုမွန်ကူးလပ်စ် တစ်ကောင်ကို ကြည့်လိုက်၏။

"...မက်ရှင်းလုက ဓာတ်ခွဲခန်း တိုက်ခိုက်ဖျက်ဆီးခံရတုန်းက ပျောက်ဆုံးသွားတဲ့ ပြီးပြည့်စုံတဲ့ နမူနာ T1383 သုံးခုနဲ့ အတူတူပဲ... အဲဒီ တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက အဲဒီ နမူနာတွေကို သူလျှိုတွေက တခြားတစ်နေရာကို ခိုးထုတ်သွားပြီလို့ ကျွန်တော်တို့ ထင်ခဲ့ကြတာ... ဒါကြောင့်လည်း နော်ဇင် တစ်မြို့လုံးကို အနှံ့ရှာခဲ့ကြပေမဲ့ အခုထိ ဘာမှ မတွေ့ခဲ့ရတာပေါ့... အခုတော့ ကျွန်တော်တို့ အားလုံး မှားနေခဲ့မှန်း သိလိုက်ရပြီ... သူတို့ဟာ မက်ရှင်းလုကနေ တစ်ခါမှ မထွက်ခွာခဲ့ကြဘူးပဲ"

***

All Chapters