အခန်း (၃၆၃-၃၆၄)
Vol. 26 Ch. 363-364
အပိုင်း(၃၆၃)
"သူတို့ တစ်ခါမှ မက်ရှင်းလုကနေ မထွက်ခွာခဲ့ကြဘူးပဲ"
ဂျိုးဇက်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားခဲ့သည်။ ကြီးမားရှုပ်ထွေးလှသော လှုပ်ရှားမှုကြီးတစ်ခုသည် အမှန်တရား အသင်းတော်၏ ဗဟိုချက်မတွင် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်နှင့်ချီ၍ တည်ရှိနေခဲ့သော်လည်း အသင်းတော်ဘက်ကမူ အရိပ်အယောင်မျှပင် မသိရှိခဲ့ကြချေ။
ရယ်စရာကောင်းသည်မှာ အမှန်တရား အသင်းတော်သည် သူတို့၏ ရွှံ့ရုပ်တု စီမံကိန်းအတွက် လူအင်အား၊ ရင်းမြစ်အင်အား အမြောက်အမြား အသုံးပြုခဲ့သော်လည်း သူတို့၏ အအောင်မြင်ဆုံး ထုတ်ကုန်များမှာမူ မျက်စိအောက်တွင်တင် အခိုးခံရကာ အခြားသူများ၏ အသုံးချခြင်းနှင့် အမြောက်အမြား ထုတ်လုပ်ခြင်းကို ခံနေရခြင်းပင်။
နော်ဇင်တွင် ပြိုင်ဘက်ကင်း အဆင့်အတန်းရှိပြီး သဘာဝတရား၏ စွမ်းအားများကိုပင် ထိန်းချုပ်နိုင်သည်ဟု ကျော်ကြားသော အဖွဲ့အစည်းကြီးသည် ကလေးကစားသလို အကစားခံထားရခြင်း ဖြစ်သည်။ ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက သူတို့သည် သမိုင်းတွင် အကြီးမားဆုံး ရယ်စရာအဖွဲ့အစည်း ဖြစ်သွားပေလိမ့်မည်။
ဆိုလိုသည်က အမှန်တရား အသင်းတော်အတွင်းရှိ သူလျှိုများသည် 'မီးလျှံဓားလမ်းစဉ်' နှင့် ဆက်နွှယ်နေကြခြင်း ဖြစ်သည်။ မက်ရှင်းလုအတွင်းရှိ ဤကြီးမားလှသော ကပ်ပါးအသိုက်အမြုံကြီးမှာ အသင်းတော်အတွင်း မြှုပ်နှံထားသော သူလျှိုများ၏ အခြေစိုက်စခန်းပင် ဖြစ်ပေလိမ့်မည်။
သူတို့ အမြဲတမ်း ရှာဖွေနေခဲ့သော ရန်သူသည် သူတို့၏ ခြေဖဝါးအောက်တွင်ပင် အချိန်အတော်ကြာ ရှိနေခဲ့ခြင်းပင်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူတို့ အလုပ်ရှုပ်နေကြသည်ကို ရန်သူက အမှောင်ထဲမှနေ၍ ရယ်မောကြည့်ရှုနေခဲ့ပေလိမ့်မည်။
ဂျိုးဇက်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းတစ်ဦးဖြစ်၍ အမှန်တရား အသင်းတော်အတွက် ပြင်ပလူတစ်ဦး ဖြစ်သော်လည်း ဤအဖြစ်မှန်ကြောင့် တုန်လှုပ်ချောက်ချားမိသည်။
အမှန်တရား အသင်းတော်မှ ပညာရှင်များဖြစ်ကြသော အင်ဒရူးနှင့် ဟုဒ်တို့၏ စိတ်ထဲတွင် မည်သို့ ခံစားနေရမည်ကို ခန့်မှန်းရန်ပင် ခဲယဉ်းလှသည်။ သူတို့ အမြဲဂုဏ်ယူခဲ့ရသော အီသာ စောင့်ကြည့်ရေးကွန်ရက်မှာ အပိုပစ္စည်းသက်သက်သာ ဖြစ်နေခဲ့သည်။ နော်ဇင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ဟု ဝင့်ကြွားနေသော ပညာရှင်များအဖို့ ဤသည်မှာ မျက်နှာကို လက်သီးနှင့် အထိုးခံလိုက်ရသကဲ့သို့ပင်။ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့်အတွက် သူတို့ ဒေါသပေါက်ကွဲမည်ဆိုလျှင်လည်း မည်သူမျှ အပြစ်ဆိုနိုင်မည် မဟုတ်ပေ။
သို့သော် ဂျိုးဇက်က အင်ဒရူး၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်သောအခါ ဒုတိယဥက္ကဋ္ဌမှာ သူထင်ထားသလောက် ဒေါသထွက်မနေဘဲ တည်ငြိမ်လွန်းနေသည်ကို တွေ့လိုက်ရသည်။
အင်ဒရူး အခြေအနေအပေါ် စိတ်ရှုပ်ထွေးနေပုံရသော်လည်း သူ၏ ခံစားချက်များထဲတွင် အံ့ဩခြင်း၊ ရှုံးနိမ့်မှုကို လက်ခံခြင်း၊ တွေးတောခြင်းနှင့် အံ့သြဘနန်း ဖြစ်ခြင်းတို့သာ ရောပြွမ်းနေသည်။
ထို့အပြင်... သူ၏ မျက်နှာပေးမှာ 'တကယ်ပဲ ဒီလို ဖြစ်နေတာကိုး' ဟု ပြောနေသကဲ့သို့ပင်။ သူသည် ဤကိစ္စကို ကြိုတင်၍ မသိရှိခဲ့သော်လည်း တစ်စုံတစ်ဦး၏ လမ်းညွှန်မှုကြောင့် ကြိုတင် အသိပေးခြင်း ခံထားရပုံရသည်။ ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါမှ ထိုသတင်း၏ မှန်ကန်မှုကို အတည်ပြုနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
အင်ဒရူးတင်မကဘဲ ဟုဒ်သည်လည်း ထိုအတိုင်းပင်။ သူတို့၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ မရှိဘဲ ထူးဆန်းသော ကြည်ညို ထက်သန်မှုတို့ဖြင့် တောက်ပနေ၏။
၎င်းမှာ အခြားသော အဖွဲ့အစည်းတစ်ခုက အမှန်တရား အသင်းတော်၏ နေရာတွင် အစားထိုး ဝင်ရောက်လာသကဲ့သို့ပင်။ အမှန်တကယ်တွင်မူ ၎င်းမှာ သူတို့အတွက် အသိပညာအသစ်နှင့် သတင်းအချက်အလက်သစ်များ ဖြစ်လာပြီး သူတို့၏ ယုံကြည်ကိုးကွယ်မှု ပြယုဂ်တစ်ခု ဖြစ်လာပုံရသည်။ ဤနက်ရှိုင်းလှသော ယုံကြည်ချက်ကြောင့်ပင် ယခုမြင်တွေ့နေရသော မကြုံစဖူး မြင်ကွင်းအပေါ် ထုံထိုင်းနေကြခြင်း ဖြစ်နိုင်သည်။
ဂျိုးဇက်၏ စိတ်ထဲတွင် အတွေးအချို့ စတင် စီးဆင်းလာသည်။ ထိုအရာက မစ္စတာလင်၏ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုလော။ မက်ရှင်းလုထဲတွင် မီးလျှံဓားလမ်းစဉ်မှ သူလျှိုများ ပုန်းအောင်းနေကြောင်း မစ္စတာလင်က သူတို့ကို ပြောပြခဲ့ခြင်းလော။
ဝယ်လ်က မစ္စတာလင်ကို 'အရှင်သခင်' ဟု မှတ်ယူကာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ကို တည်ထောင်ခဲ့သည်။
ဤသို့ဆိုလျှင် အင်ဒရူးတို့ အုပ်စုကရော...။ မစ္စတာလင်နှင့် ထိတွေ့ပြီးနောက် သူတို့မှာ ဝယ်လ်ကဲ့သို့ပင် ဖြစ်သွားကြပြီလော။ ပညာရပ်အပေါ် ထားရှိခဲ့သော သူတို့၏ မူလ ယုံကြည်ကိုးကွယ်မှုမှာ ယခုအခါ မစ္စတာလင်ထံသို့ ပြောင်းလဲသွားပြီလော။
ဂျိုးဇက် စဉ်းစားလေလေ ပို၍ ရှင်းလင်းလာလေလေ ဖြစ်သည်။ ယခင်က သူခံစားခဲ့ရသော ထူးဆန်းသည့် ခံစားချက်၏ အကြောင်းရင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
ဟုဒ်သည် မူလက အစွန်းရောက် 'အမှန်တရား ရှာဖွေသူ' တစ်ဦး ဖြစ်သဖြင့် ဘာသာတရားသစ်ကို အကြောင်းမဲ့ ကိုးကွယ်မည့်သူ မဟုတ်ပေ။ လမ်းတွင် တွေ့ခဲ့သော ပညာရှင်များမှာလည်း အင်ဒရူးကို ရိုသေကြသော်လည်း ၎င်းမှာ ရိုးရိုးရိုသေခြင်းထက် ခေါင်းဆောင်နောက်သို့ အရူးအမူး လိုက်ပါနေကြသည့် ဂိုဏ်းဝင်များနှင့် ပိုတူနေသည်။
'အမှန်တရား အသင်းတော်က အရင်လို မဟုတ်တော့ဘူး... သူတို့က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ယုံကြည်တဲ့ ဘာသာတရားသစ်တစ်ခုရဲ့ မြစ်ဖျားခံရာလို ဖြစ်နေပြီ... ဒါတွေအားလုံးဟာ မစ္စတာလင်နဲ့ သူတို့ရဲ့ စာအုပ်ဆိုင်ကို ဆက်သွယ်မိရာကနေ စတင်ခဲ့တာပဲ'
"ဒါကြောင့်ကိုး..."
ဂျိုးဇက်က အခြေအနေကို သဘောပေါက်သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ အင်ဒရူးက သူရဲကောင်း လူအိုကြီးဘက်သို့ ခေါင်းလှည့်လိုက်ရင်း...
"ဘာဖြစ်လို့လဲ... တစ်ခုခုကို သဘောပေါက်သွားတာလား..."
"နားလည်သွားပြီ... ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို 'မတူညီဘူး'၊ 'မစင်ကြယ်ဘူး' လို့ ပြောခဲ့တာလဲဆိုတာ ကျွန်တော် သိသွားပြီ"
ဂျိုးဇက်က သက်ပြင်းတစ်ချက် ချရင်း ပြန်ပြောလိုက်သည်။
"အိုး..."
အင်ဒရူးမှာ စိတ်ဝင်စားသွား၏။ သူက ဂျိုးဇက်၏ မျက်နှာကို အကဲခတ်ကာ အသာအယာ ခေါင်းညိတ်ပြရင်း...
"ခင်ဗျား တကယ်ပဲ နားလည်သွားပုံရတယ်.... ဒါဆိုရင်လည်း ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... ခင်ဗျားရဲ့ နှလုံးသားထဲမှာ တခြားသော အရာတွေ၊ တခြားသော စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ်... ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့... တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ နှလုံးသားထဲက တစ်ဦးတည်းသော အရှင်သခင်အတွက် အရာအားလုံးကို ပေးအပ်ထားပြီးသာ... နည်းလမ်းတွေသာ ကွာချင်ကွာမယ်... ဒါကြောင့် ခင်ဗျားဟာ ကျွန်တော်တို့ရဲ့ ရန်သူ ဖြစ်လာဖို့ဆိုတာ အချိန်တစ်ခုပဲ လိုအပ်မယ့် ကိစ္စပဲ"
"ကျွန်တော်တို့... တဲ့လား"
ဂျိုးဇက် သက်ပြင်းတစ်ချက်ချလိုက်ရင်း...
"ဆိုလိုတာက ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ ရန်သူ ဖြစ်နေပြီပေါ့"
အင်ဒရူးက ပြုံးလိုက်၏။
"ခင်ဗျား တကယ်ပဲ နားလည်သွားတာပဲ"
"ဒါပေမဲ့..."
သူက ပြတ်သားစွာ ဆက်ပြောသည်။
"အနည်းဆုံးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့ဟာ အတူတကွ တိုက်ပွဲဝင်ဖို့ တစ်ဦးကိုတစ်ဦး အမှီပြုရဦးမယ်... မဟုတ်ရင် ကျွန်တော်တို့ထဲက ဘယ်သူမှ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ဂျိုးဇက် ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ စက်ယန္တရားများ ပိတ်သွားသည့် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာ၏။ အားလုံး လန့်သွားကာ လှည့်ကြည့်လိုက်ကြလေရာ သူတို့ ဝင်လာခဲ့သည့် တံခါးကြီးမှာ ပိတ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"လိုက်ဖက်တဲ့ စကားလုံးတွေပဲ... မင်းတို့ထဲက ဘယ်သူမှ ထွက်သွားရမှာ မဟုတ်ဘူး"
အပေါ်စီး တစ်နေရာမှ အသံတစ်ခု သဲ့သဲ့ ထွက်ပေါ်လာ၏။ ထိုအသံမှာ သံမဏိ ပျားအုံကြီး၏ နေရာအနှံ့အပြားသို့ ပဲ့တင်ထပ်သွားပြီးမှ ပြန်လည် စုစည်းလာသည်။
အဖွဲ့ဝင်များ စိတ်ကို ပြန်စုစည်းကာ လှည့်ကြည့်လိုက်သောအခါ ယခင်က မိမိတို့အလုပ်နှင့် မိမိတို့ ရှုပ်နေကြသော ဟိုမွန်ကူးလပ်စ် အားလုံးမှာ ယခုအခါ သူတို့အဖွဲ့ကို ဝိုင်းအုံ၍ စိုက်ကြည့်နေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဤခြောက်ခြားဖွယ်ရာ လေထုကြောင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှ သူရဲကောင်းများအားလုံး ဓားများကို ဆွဲထုတ်လိုက်ကြသည်။ သို့သော်လည်း... ရန်သူကို မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။ အကြောင်းမူကား ထိုဟိုမွန်ကူးလပ်စ်များထံမှ ရန်လိုမှု သို့မဟုတ် သတ်ဖြတ်လိုသည့် အငွေ့အသက်များ မထွက်ပေါ်လာသောကြောင့်ပင်။ ထုံထိုင်းပြီး သက်မဲ့နေသော မျက်လုံးပေါင်းများစွာကသာ သူတို့ကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။
အသံ၏ မြစ်ဖျားခံရာကိုလည်း ရှာမတွေ့နိုင်သော်လည်း ၎င်းနှင့်အတူ ကြီးမားလှသော အရှိန်အဝါ ဖိအားတစ်ခုက သက်ရောက်လာသည်။ သူရဲကောင်းများသည် အံကြိတ်လျက် ဓားရိုးများကို တင်းတင်းဆုပ်ထားကြသဖြင့် လက်ဆစ်များပင် ဖြူရော်ကုန်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
သံသယဖြစ်ဖွယ် မရှိပေ... ၎င်းမှာ 'အခရာ အဆင့်' တစ်ဦး၏ အရှိန်အဝါပင်။
ဂျိုးဇက် တစ်ယောက် ရင်ထဲတွင် လေးလံသွားသော်လည်း သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် မီးလျှံများ ရုတ်တရက် ပွင့်ထွက်လာကာ တိုက်ပွဲအတွက် အီသာ စွမ်းအင်များကို အသင့်ပြင်လိုက်သည်။ ထိုအခါမှသာ သူ့ နောက်မှ သူရဲကောင်းများမှာ အနည်းငယ် သက်ပြင်းချနိုင်တော့သည်။
သို့သော်လည်း... ဂျိုးဇက်ကမူ အနည်းငယ်မျှပင် စိတ်မလျှော့ဝံ့ပေ။
‘ချီးပဲ... ရန်သူက ငါတို့ကို လျှော့တွက်နေတာပဲ... ဒီတစ်ခါ ရင်ဆိုင်ရမှာက နတ်ဘုရားတု မဟုတ်ဘူး၊ တကယ့် အခရာ အဆင့် စစ်စစ်ပဲ... ပေါ့ပေါ့ဆဆ လုပ်လို့ကတော့ ငါတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး'
သူသည် ဤ 'အခရာ အဆင့်' ပိုင်ရှင် မည်သည့်နေရာတွင် ရှိနေသနည်းကို သိနိုင်ရန် အီသာ စွမ်းအင်များ စုစည်းနေသည့် နေရာကို အာရုံစိုက် ရှာဖွေလိုက်သည်။ သို့သော်လည်း... သူ၏ ကြိုးစားမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
ရန်သူ၏ ပုန်းခိုရာနေရာမှာ အမှန်တရား အသင်းတော်၏ ကိုယ်ပိုင်နယ်မြေအတွင်းတွင် ရှိနေလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။ အားလုံးမှာ အငိုက်မိသွားကြခြင်းပင်။
ထိုစဉ်မှာပင် ရှေ့ဘက်ရှိ စင်မြင့်တစ်ခုပေါ်တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် မျက်မှန် တပ်ထားသည့် ပညာရှင်တစ်ဦး ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်တွင် အထင်ရှားဆုံး အင်္ဂါရပ်မှာ ဦးခေါင်းဘေးဘက်တွင် ရှိနေသော သွေးရောင်လွှမ်းသည့် မဟူရာ အပေါက်ကြီးပင်။ ထိုအပေါက်အတွင်းရှိ အသားစများမှာ တလှုပ်လှုပ်နှင့် ဖြစ်နေသည်ကို အတိုင်းသား မြင်နေရသည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသော ဖိအားများလည်း ပျောက်ကွယ်သွား၏။ သူက အားလုံးကို အပေါ်စီးမှ ကြည့်ကာ လက်ဝှေ့ယမ်းပြပြီး ပြုံးလိုက်သည်။
"စတာပါ... အဲဒီလောက်လည်း စိတ်မလှုပ်ရှားကြပါနဲ့"
သို့သော်လည်း... အင်ဒရူးနှင့် ဟုဒ်တို့မှာမူ ယခင်က တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး ထိုပညာရှင်ကို မြင်သည်နှင့် တပြိုင်နက် အော်ဟစ်လိုက်ကြတော့သည်။
"အီမာ..."
ဟုဒ်၏ မျက်လုံးများမှာ ဝိုင်းစက်သွား၏။ ဤလူငယ်ပညာရှင်လေး၏ စိတ်ဓာတ်မှာ မည်မျှပင် ခိုင်မာသည်ဆိုစေကာမူ ကျောင်းသုံးစာအုပ်များထဲမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးကို လူကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်ပေသည်။
"အီသာရီယယ် ဝတ်ဇ်ဒမ် ဂရန်သမ် အီမာ..."
"ဟုတ်ပါတယ်... ငါပါပဲ"
ပေါ်လာသူမှာ ရာဇီယယ်ပင် ဖြစ်သည်။ သူက ပြုံးဖြီးဖြီးနှင့်ပင် ကြေညာလိုက်၏။
"မင်းတို့ အားလုံးကို ဂုဏ်ယူပါတယ်... အခု မင်းတို့ဟာ တကယ့် အစစ်အမှန် 'အမှန်တရား အသင်းတော်' ကို ရှာတွေ့သွားကြပြီ"
***
အပိုင်း(၃၆၄)
"အစစ်အမှန် အမှန်တရား အသင်းတော် ဟုတ်လား"
ထိုစကားကို ကြားလိုက်ရချိန်တွင် အင်ဒရူးနှင့် ဟုဒ်တို့၏ မျက်နှာထက်၌ အံ့ဩမှင်တက်မှုများ အတိုင်းသား ပေါ်လွင်သွားတော့၏။ မက်ရှင်းလု၏ အောက်ခြေတွင် 'မီးလျှံဓား လမ်းစဉ်' မှ ရန်သူများ ပုန်းအောင်းနေကြောင်း မစ္စတာလင် ပေးခဲ့သည့် သဲလွန်စမှာ အမှန်တရားဖြစ်ကြောင်း သက်သေပြပြီးဖြစ်၍ သူတို့ နှစ်ဦးစလုံးမှာ အစပိုင်းတွင် ထူးထူးခြားခြား အံ့ဩခြင်း မရှိခဲ့ကြပေ။ သို့သော် 'အီသာရီယယ် ဝတ်ဇ်ဒမ်' ဂရန်သမ် အီမာ ပေါ်လာခြင်းမှာမူ ကြက်သီးထဖွယ် ကောင်းလွန်းလှသည်။
သူတို့ နှစ်ဦးမှာ သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ပင်။ ကျောင်းသုံးစာအုပ်များထဲမှ မျက်နှာတစ်ခု သူတို့ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာခြင်းမှာ ကျောင်းသားများ နောက်ပြောင်တတ်သည့် ပြက်လုံးတစ်ခုနှင့် တူနေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက သေဆုံးသွားသင့်ပြီဖြစ်သော သိပ္ပံပညာရှင်ကြီး တစ်ဦး ခေါင်းတလားထဲမှ ခုန်ထွက်လာပြီး သူတို့ ရှေ့တွင် ကိုယ်ထင်ပြနေသကဲ့သို့ပင်။ ၎င်းမှာ အံ့သြဖွယ်ဖြစ်သလို ထိတ်လန့်ဖွယ်လည်း ကောင်းလှသည်။
ထို့ပြင် 'အစစ်အမှန် အမှန်တရား အသင်းတော်' ဆိုသည့် စကားလုံးမှာလည်း သူတို့ လက်ရှိ သိထားသော အဖွဲ့အစည်းဆိုင်ရာ အသိတရားများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ အီမာ ဆိုသည်မှာ မည်သူနည်း။
အီမာသည် အမှန်တရား အသင်းတော်ကို စတင်တည်ထောင်သူ၊ ပထမဆုံးသော ဥက္ကဋ္ဌ၊ သံမဏိမြို့တော် နော်ဇင်ကို ဖန်တီးသူနှင့် ပညာရှင် ဂိုဏ်းဂဏကို စတင်ပျိုးထောင်သူ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် 'လောကီဗဟုသုတ အဖြာဖြာ၏ မြစ်ဖျားခံရာ'၊ ‘အစစ်အမှန် ပညာရှိ' နှင့် 'အီသာရီယယ် ဝတ်ဇ်ဒမ်' ဟု ကျော်ကြားသော ပထမဆုံးသော 'အခရာ အဆင့်' ပညာရှင်လည်း ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် အင်ဒရူးနှင့် ဟုဒ်တို့သည် သူတို့အိမ်ထဲက သူခိုးကို ဖမ်းရန် လာခဲ့ကြသော်လည်း အိမ်ကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေးကြီးကိုသာ ဖမ်းမိလိုက်သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် တစ်ဖက်လူက သူတို့၏ အိမ်မှာ အတုဖြစ်ပြီး ယခု နေရာကသာ အစစ်အမှန်ဖြစ်ကြောင်း ပြောဆိုနေပြန်သည်။ သူခိုးက မိမိကိုယ်ကို အိမ်ရှင်အစစ်ဟု ကြေညာနေခြင်းပင်။
အကယ်၍ သူသည် အီမာ အစစ်အမှန် ဖြစ်နေလျှင်ပင် သူသည် သူခိုး သာ ဖြစ်ရမည်။
အမှန်တရား အသင်းတော်အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကတည်းက ပျောက်ကွယ်သွားသည့် ပညာရှင်တစ်ဦးကို ခေါင်းဆောင်အဖြစ် ပြန်လည် အသိအမှတ်ပြုရန် မလိုအပ်ပေ။ လက်ရှိတွင် 'ပညာရှာဖွေသူများ' အဖွဲ့မှာ အသင်းတော်အတွင်း အောင်မြင်မှုများစွာ ရရှိနေပြီး အသင်းတော်ကြီး တစ်သားတည်းဖြစ်ရန်မှာ အချိန်ကိစ္စသာ လိုတော့သည်။ အကယ်၍ အီမာ ဤနေရာတွင် ရှိနေသည်ဟု ပေါက်ကြားသွားပါက မလိုအပ်သော ပြဿနာများနှင့် သဘောထားကွဲလွဲမှုများသာ ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုမျှသာမက... အီမာသည် ယခုကဲ့သို့သော အခြေအနေမျိုးတွင် ပေါ်လာခြင်း ဖြစ်သည်။ အချက်အလက်များကို ဆက်စပ်ကြည့်လျှင် သူသည် 'မီးလျှံဓား လမ်းစဉ်' ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီး သူတို့၏ ရန်သူလည်း ဖြစ်နေသည်။ အမှန်တရား အသင်းတော်အနေဖြင့် လမ်းမှားရောက်သွားသည့် ဤတည်ထောင်သူ ဘိုးဘေးဟောင်းကို လုံးဝ အသိအမှတ်ပြု၍ မဖြစ်ပေ။
သို့သော် အင်ဒရူး တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ဂျိုးဇက်က အရင်ဦးအောင် စကားဆိုလိုက်သည်။ အထက်ရှိ ရာဇီယယ်ကို စိုက်ကြည့်ရင်း ရောင်စဉ် သူရဲကောင်းကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ခြင်းပင်။
"ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အီမာလို့ ပြောရုံနဲ့ အီမာ ဖြစ်သွားရောလား"
"ဒါဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားပြီဖြစ်တဲ့ အဲဒီ ပုဂ္ဂိုလ်မြတ်ကြီးရဲ့ အဆင့်အတန်းက အရမ်းကို တန်ဖိုးနည်းသွားမှာပေါ့... အခရာ အဆင့် ရှိတဲ့ တစ်ယောက်ယောက်က ရုပ်ဖျက်ပြီး အီမာလို့ ပြောရုံနဲ့ ကျုပ်တို့က အီမာလို့ ရုံရမှာလား...”
'အခရာ အဆင့် ဖြစ်နေတာတောင် တန်ဖိုးမနည်းပါဘူးဗျာ'
အင်ဒရူးက စိတ်ထဲမှ ကန့်ကွက်လိုက်မိသည်။ သို့သော်လည်း... အပြင်ပန်းတွင်မူ သူသည် ဂျိုးဇက်၏ စကားကို ထောက်ခံသည့်အနေဖြင့် မျက်နှာသေနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။
ဂျိုးဇက်က တစ်ချက်ခုတ်လျှင် နှစ်ချက်ပြတ်သည့် စကားလုံး ပရိယာယ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း သူ သိသည်။ 'ကွယ်လွန်သွားပြီဖြစ်တဲ့ ပုဂ္ဂိုလ်မြတ်ကြီး' ဟု သုံးနှုန်းခြင်းဖြင့် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဖြစ်စေရုံသာမက တစ်ဖက်လူ၏ အဆင့်အတန်းကိုပါ မြှောက်ပေးထားသည်။ အကယ်၍ တစ်ဖက်လူမှာ အီမာ အစစ်အမှန်ဖြစ်လျှင်ပင် ယုတ္တိနည်းကျအရ ဤစကားကြောင့် အကြီးအကျယ် ဒေါသထွက်လိမ့်မည် မဟုတ်ပေ။
‘မြင့်မြတ်သော မီးလျှံမှာ ပရိသတ်တွေ အများကြီး ရှိနေတာ မဆန်းတော့ဘူး'
အင်ဒရူးက တွေးတောရင်း ရာဇီယယ်၏ တုံ့ပြန်မှုကို စောင့်ကြည့်လိုက်သည်။
ရာဇီယယ်ကမူ သူ၏ အေးဆေးသော အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး ပုခုံးတွန့်ပြလိုက်၏။
"မင်းတို့က ငါ့ကို အီမာ မဟုတ်ဘူးလို့ သတ်မှတ်ရင်လည်း ငါ မဟုတ်ဘူးပေါ့လေ... အီမာ ဆိုတာက သမိုင်းထဲမှာ ထပ်ခါတလဲလဲ ရွတ်ဆိုနေကြတဲ့ ဆွေးမြည့်နေတဲ့ သင်္ကေတ တစ်ခုသာ ဖြစ်သွားပြီ... တကယ်တော့ သူက အဲဒီလောက်လည်း ကြီးကျယ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး"
သူက ဆက်ပြောလိုက်၏။
"အခု ငါ့ကို ရာဇီယယ် လို့ပဲ ခေါ်ပါ... စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို လေ့လာစမ်းသပ်နေတဲ့ ပညာရှင် တစ်ယောက်မျှသာပါပဲ..."
ဂျိုးဇက်က လှုပ်ရှားမှုမရှိဘဲ ရပ်နေကြသည့် ဟိုမွန်ကူးလပ်စ် အားလုံးကို အကဲခတ်ရင်း သတိအပြည့် ထားထား၏။
"ဒါက ခင်ဗျား ရှာတွေ့ထားတဲ့ စိတ်ဝင်စားစရာ စီမံကိန်းပေါ့ ဟုတ်လား"
ယခုအခါ သူတို့သည် ရန်သူ့နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာနှင့် 'အခရာ အဆင့်' ပညာရှင်တစ်ဦး၏ နယ်မြေထဲသို့ ရောက်ရှိနေကြသည်။ ဆိုလိုသည်က တစ်ဖက်လူတွင် ကြိုတင်ပြင်ဆင်မှုများ ရှိနေသည်။ သူ၏ ခန္ဓာကိုယ်မှာ အားနည်းသည်ဆိုစေဦးတော့... သူတို့အား အမှုန့်ပြုနိုင်သည့် လက်နက်ကိရိယာများ ရှိနေပေလိမ့်မည်။
အကယ်၍ တိုက်ပွဲဖြစ်ပွားခဲ့ပါက အနိုင်ရရှိရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှသည်။ ဂျိုးဇက်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ထံသို့ အကူအညီတောင်းခံသည့် အချက်ပြမှု ပေးပို့ထားပြီး ဖြစ်သဖြင့် စကားပြောဆိုခြင်းဖြင့် အချိန်ဆွဲထားရန်မှာ အကောင်းဆုံး နည်းလမ်းပင်။
"ဟုတ်တယ်"
ရာဇီယယ်က ပြန်ဖြေသည်။
အင်ဒရူးက သူ ကာလရှည်ကြာစွာ သံသယဖြစ်ခဲ့သော ကိစ္စတစ်ခုကို ထုတ်မေးလိုက်၏။
"ရွှံ့ရုပ်တု စီမံကိန်းကို အမှန်တရား အသင်းတော် အဖွဲ့ဝင်အားလုံးက သဘောတူခဲ့ကြတယ်... ကျွန်တော် ကိုယ်တိုင်လည်း လက်မှတ်ထိုးခဲ့တယ်... ဒီလောက် များပြားလှတဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို အကန့်အသတ်မရှိ သုံးနေတာတောင် ဘယ်သူကမှ ကန့်ကွက်တာ မရှိခဲ့ဘူး... အခု ပြန်စဉ်းစားကြည့်ရင် ဒါဟာ မယုံနိုင်စရာပဲ... အဲ့တာ ခင်ဗျားတို့ ကျွန်တော်တို့ကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ထားခဲ့တာ မဟုတ်လား"
ရာဇီယယ်က သူ၏ အထက်ရှိ ပျားအုံသဖွယ် အဆောက်အဦကြီးကို လက်ညှိုးညွှန်ပြကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"မှန်တာပေါ့... ဟို အစိမ်းရောင် အလင်းတွေ ထွက်နေတဲ့ အခန်းလေးတွေကို မြင်လား... အဲဒီ အခန်းတိုင်းရဲ့ အထဲမှာ ပညာရှင် တစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ 'ဦးနှောက် တစ်ရှူးလွှာ' တွေ ရှိတယ်လေ"
ထိုအဆောက်အဦကြီးတွင် အခန်းပေါင်း မြောက်မြားစွာ ပါဝင်ပြီး အခန်းတစ်ခုချင်းစီမှ ထွက်ပေါ်လာသော အလင်းရောင်များမှာ မတူညီကြပေ။ အစိမ်းရောင် အလင်းလွှတ်နေသော အခန်းပေါင်း ရာနှင့်ချီ၍ ရှိနေသည်။
အင်ဒရူးမှာ ၎င်းတို့ကိုကြည့်ရင်း တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရ၏။
ပညာရှင် တစ်ဦးချင်းစီရဲ့ ဦးနှောက် တစ်ရှူးလွှာ...
သူက အမှန်တရား အသင်းတော် အဖွဲ့ဝင်တိုင်း၏ ဦးနှောက်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဟု ဆိုလိုခြင်းလော။
သူ မည်သို့ လုပ်ဆောင်ခဲ့သနည်း။
လူတစ်ဦး၏ ဦးခေါင်းခွံကို ခွဲပြီး ဦးနှောက်ဆဲလ် တစ်လွှာကို ထုတ်ယူနေချိန်တွင် ကာယကံရှင်ကိုယ်တိုင် မသိရှိလိုက်ရခြင်း...
ထိုအတွေးကြောင့်ပင် အင်ဒရူး၏ တစ်ကိုယ်လုံး ထုံကျင်သွားပြီး စိတ်မနှံ့တော့သည့်အလား ခံစားလိုက်ရ၏။
ဂျိုးဇက်သည် ပညာရှင်တစ်ဦး မဟုတ်သော်လည်း ဤနေရာတစ်ခုလုံးတွင် ဖုံးလွှမ်းနေသော ထူးဆန်းသည့် ထိတ်လန့်မှုကို ခံစားနေရသည်။
ဆိုလိုသည်က ဤပုဂ္ဂိုလ်သည် အမှန်တရား အသင်းတော် တစ်ခုလုံးကို ကြိုးဆွဲ ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်။ ဤမျှ ကြောက်စရာကောင်းသော ရန်သူမျိုး... ၎င်းက 'အခရာ အဆင့်' တစ်ဦး၏ စစ်မှန်သည့် စွမ်းဆောင်ရည်လော။
ရာဇီယယ်က တဟားဟား ရယ်မောလိုက်၏။
"မေ့သွားကြပြီလား... အမှန်တရား အသင်းတော် အဖွဲ့ဝင် ပညာရှင်တိုင်းဟာ နှစ်စဉ် ဆေးစစ်မှု ခံယူကြရတယ်လေ... အဲဒီ ဆေးစစ်မှုကို 'အမိုးခုံး ဘုရားကျောင်းတော်' နဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာလေ"
အမိုးခုံး ဘုရားကျောင်းတော်...
ယခုအခါ ပျက်စီးသွားပြီဖြစ်သော ထိုဘာသာရေးအဖွဲ့အစည်း၏ အမည်ကို ကြားလိုက်ရချိန်တွင် အားလုံး ဆွံ့အသွားကြသည်။ လက်စသတ်တော့...။
ဟုဒ်က ရာဇီယယ်၏ ဦးခေါင်းခွံပေါ်ရှိ အပေါက်ကြီးကို ရုတ်တရက် လက်ညှိုးညွှန်ပြကာ မေးလိုက်၏။
"ဒါဆို... အဲဒါကရော ဘာလဲ... ခင်ဗျား ကိုယ့်ဘာသာကိုယ်လည်း အတွေးလှုံ့ဆော်တဲ့ စမ်းသပ်ချက် လုပ်ထားတာလား"
ဂျိုးဇက် ချက်ချင်းပင် ဓားရိုးကို တင်းတင်းဆုပ်လိုက်၏။ သူ၏ နဖူးပေါ်မှ အကြောများမှာ ပေါက်ထွက်တော့မည့်အလား ပေါ်လာသည်။ ထိုကလေး၏ ပါးစပ်ကို လှမ်းပိတ်ပစ်ချင်စိတ် ပေါက်သွားသည်။
'ဒါ ဒီလို ကိစ္စမျိုးကို ပြောရမယ့် အချိန်လား... ရန်သူနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလောက် အခြေခံ အသိတရားလေးတောင် မရှိဘူးလား'
မျှော်လင့်ထားသည့်အတိုင်းပင် ရာဇီယယ်မှာ ဆတ်ခနဲ ငြိမ်သက်သွားပြီးနောက် သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားကာ ခေါင်းကို ထူးထူးဆန်းဆန်း စောင်းလိုက်ပြီး တိုးညှင်းခြောက်ခြားဖွယ်ရာ ရယ်မောလိုက်ပြန်သည်။
"မဟုတ်ပါဘူး..."
သူက ထိုအပေါက်ထဲသို့ လက်တစ်ဖက်ကို ထည့်ကာ အရှိန်အဝါဖြင့် မွှေနှောက်လိုက်သည်။ သူက ထိုသို့လုပ်ဆောင်နေခြင်းကို ပျော်ရွှင်နေသကဲ့သို့ ပြုံးနေပြီး ညည်းသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားတို့ ယုံကြည်ကိုးကွယ်နေတဲ့ အဲဒီ စာအုပ်ဆိုင်ရှင်က တကယ်ကို အစွမ်းထက်တာပဲ၊ ဟဲဟဲ... သူက ကြိုတင်ပြင်ဆင်ထားပြီး ငါ့ရဲ့ စိတ်ကို ပြောင်းပြန်လှန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်.... ဒါပေမဲ့ ငါက အရာအားလုံးကို ကောင်းကောင်းကြီး သိမြင်ထားပြီးသားပါ"
သူက သွေးများဖြင့် စိုရွှဲနေသော လက်ကို ပြန်ထုတ်လိုက်သည်။ ထိုလက်တွင် ဦးနှောက် အစိတ်အပိုင်း တစ်ခုမျှ ပါမလာပေ။
"ဟားဟားဟား... မထင်ထားဘူး မဟုတ်လား... ငါ့မှာသာ ဦးနှောက် မရှိတော့ဘူးဆိုရင် မင်းတို့ ငါ့ကို ဘယ်လို ထိန်းချုပ်နိုင်တော့မှာလဲ"
***