သေခြင်း၊ ပြန်လည်မွေးဖွားခြင်းနှင့် တောင်းဆုများ
Vol. 46 Ch. 677
တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းမင်၏ တောင်းဆုက အမှန်တကယ်ပြည့်ဝသွားခြင်း ဖြစ်သည်။
သူ့ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းဇနီးမောင်နှံသည် ရှင်းလုက နေထိုင်သူများ မဟုတ်သလို ဟန်ဟိုင်းမြို့သားများလည်း မဟုတ်ကြပေ။ တစ်မြို့လုံးရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကြည့်လျှင်ပင် ဝမ်ကျား၏ ဦးလေးနှင့် တခြားသူများသည် ထိုလူများနှင့် ပတ်သက်သည့် မည်သည့်သတင်းအစအနကိုမျှ ရှာတွေ့ကြမည်မဟုတ်ပေ။
ဟန်ဟိုင်းတစ်မြို့လုံးတွင် ကောင်းမင်တစ်ယောက်သာလျှင် ထိုသူတို့ကို အမှန်တကယ်နားလည်နိုင်သည်။အဘယ်ကြောင့်ဆိုသော် သူတို့သည် သူ၏အဖေနှင့်အမေ ဖြစ်နေသောကြောင့်ပင်တည်း။
အနည်းဆုံးတော့... သူတို့၏ မျက်နှာသွင်ပြင်ချင်းက တစ်ပုံစံတည်းမဟုတ်ပါလား။
တစ္ဆေဆုတောင်းသည် မြို့ဟောင်းတွင် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပင်မအူတိုင်မှာ "ငါ့အဖေနဲ့အမေ ငါနဲ့အတူ ထာဝရရှိနေနိုင်ပါစေ" ဟူသောအချက် ဖြစ်သည်။
ကောင်းမင်သည် မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီး ထိုဆုတောင်းတစ်ခုတည်းကိုသာ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။ ထိုစွဲလမ်းမှုများ စုစည်းလာခြင်းမှတဆင့် မူမမှန်ဖြစ်ရပ်များအဖြစ် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။ တစ္ဆေဆုတောင်းနှင့် ကောင်းမင်တို့ကြားတွင် ဖြတ်တောက်မရသော ဆက်နွှယ်မှုတစ်ခု ရှိနေပြီး သူတို့၏ ကံကြမ္မာများသည် ခွဲခြားမရအောင် ရစ်ပတ်နေကြသည်။ ကောင်းမင် ဟန်ဟိုင်းမှ အောင်မြင်စွာထွက်ခွာသွားပြီးနောက် တစ္ဆေဆုတောင်းက သူ့ကမ္မကို ဆက်ခံခဲ့ရခြင်းဖြစ်သည်။၎င်း၏ စွမ်းအားများ အဆမတန် တိုးလာရခြင်းမှာလည်း ဤအချက်ကြောင့်ပင်။
သူ့မိဘများ၏ မျက်နှာကို ဝတ်ဆင်ထားသော တစ္ဆေဆုတောင်းကို မြင်သောအခါ ကောင်းမင်၏ ခံစားချက်များ ရှုပ်ထွေးနေရသည်။ သူသည် သူ့မိဘများကို နှစ်သိမ့်ရန်အတွက်သာ ထိုဆုတောင်းကို လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ခဲ့မိပေ။
ကွေ့ယွမ်ဟုခေါ်သော ထိုသရဲသည် စစ်မှန်သော အိပ်မက်သရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ ကြောက်မက်ဖွယ်အရှိန်အဝါများသည် မြို့တော်တောင်ပိုင်းရှိ ခရိုင်ခြောက်ခုလုံးကို လွှမ်းခြုံထားပြီး သက်ရှိအားလုံးအပေါ်တွင် ရှောင်လွှဲမရသော အမှောင်ထုကြီးအဖြစ် တည်ရှိနေလေသည်။ ၎င်းသည် ယန်ရှီကျီးထက်ပင် ပိုမိုစွမ်းအားကြီးပြီး ပိုမိုထူးဆန်းလှသည်။
ဘေးကပ်ဆိုးကြီးဖြစ်တာ ဘယ်လောက်တောင် ရှိခဲ့ပြီလဲ၊ ဟန်ဟိုင်းထဲက မကောင်းဆိုးဝါးတွေ တစ်ကောင်ပြီးတစ်ကောင် စပေါ်လာနေပြီ၊ ဒီသွေးမြို့တော်က သတ်ဖြတ်ခံခဲ့ရတယ်ဆိုရင်တောင်မှ လျှော့တွက်လို့ မရသေးဘူးပဲ”
ကောင်းမင်သည် ထိတ်လန့်နေသော စက်ရုံဝန်ထမ်းများကို လျစ်လျူရှုထားသည်။ သူသည် မွေးနေ့ကိတ်ကို ချထားလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းဒဏ်ရာများဖြင့် ကွေ့ယွမ်အနားသို့ တဖြည်းဖြည်း လျှောက်သွားသည်။
“မင်းက ငါ့ရဲ့ တောင်းဆိုမှုကြောင့် ပေါ်လာတာပဲ၊ မင်းငါ့ကို ရင်းနှီးတယ်လို့ ခံစားရလား၊ တကယ်တော့... မင်းနဲ့ငါက မိသားစုတွေပဲကွ၊ ငါတို့ရဲ့ ကံကြမ္မာတွေက နီးနီးကပ်ကပ် ရစ်ပတ်နေတာလေ”
ကောင်းမင် ထိုသို့ပြောလိုက်စဉ် အပြင်းထန်ဆုံး တုံ့ပြန်သူသည် ကွေ့ယွမ် မဟုတ်ပေ။ ပိုမိုပြင်းထန်စွာ တုံ့ပြန်လာသူမှာ အထူးစက်ကိရိယာများမှတစ်ဆင့် အခြေအနေအားလုံးကို စောင့်ကြည့်နေသော ဝမ်ကျား၏ ဦးလေးပင် ဖြစ်တော့သည်။
မြို့တော်တောင်ပိုင်း စုံစမ်းစစ်ဆေးရေးဌာနသည် ရာနှင့်ချီသောအသက်များကို စတေး၍ ဤအိပ်မက်သရဲကို ပျိုးထောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်ငြား ကောင်းမင်ဆိုသည့် သကောင့်သားကမူ ၎င်းကို မိသားစုဝင်ဟု ခေါ်ဆိုနေချေသည်။
ဝမ်ကျားဦးလေး၏ စိတ်မသက်မသာဖြစ်မှုက ပိုမိုကြီးထွားလာတော့သည်။ သူ့မျက်နှာသည်လည်း အေးစက်စက် ဖြစ်သွားသည်။ ရုံးခန်းအတွင်းတွင် ငြိမ်ကျသွားပြီး အခြေအနေက အလွန်အမင်း တင်းမာလျက်ရှိနေလေသည်။
ဝမ်ကျား၏ဦးလေးသည် စိတ်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ လက်မောင်းရှိ သွေးကြောများ ဖောင်းကြွလာ၏။သူသည် မြို့တော်တောင်ပိုင်းဌာနခွဲရှိ အင်အားစုအားလုံးကို ဆုတောင်းစက်ရုံဆီသို့ ဦးတည်သွားကြရန် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်တော့သည်။
ဆုတောင်းခန်းအတွင်းရှိ မီးခိုးရောင်ဝတ်ဝန်ထမ်းများနှင့် စက်ရုံမန်နေဂျာတို့သည်လည်း ထိတ်လန့်နေကြသည်။ ဆုတောင်းတစ်ခုက တကယ့်လူသားပုံစံအဖြစ် ပြောင်းလဲလာသည်ကို သူတို့တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူတို့ရှေ့တွင် မြင်နေရသော မြင်ကွင်းသည် သူတို့၏ တွေးခေါ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။
ဆုတောင်းမှုမှ အကောင်အထည်ဖြစ်တည်လာသော သက်လတ်ပိုင်းဇနီးမောင်နှံသည် ကောင်းမင်၏ မိဘအရင်းများ မဟုတ်ကြသော်လည်း ကောင်းမင်၏ မူလအရင်းခံဆုတောင်းကြောင့် ၎င်းတို့သည် ကောင်းမင်အပေါ်တွင် ထူးခြားသောသက်ရောက်မှုတစ်ခု ရှိနေကြသည်။ ကြားရသည်မှာ ထူးဆန်းသော်လည်း အမှန်တကယ်တွင်မူ ထိုဆုတောင်းက ကောင်းမင်အား ၎င်း၏ကလေးအဖြစ် သိမ်မွေ့စွာမှတ်ယူထားခြင်း ဖြစ်သည်။
သာမန်လူများ ဆုတောင်းလျှင် အမြဲတမ်းလိုလို အသက်နူတ်ယူခံရလေ့ရှိသော်လည်း ကောင်းမင်မှာမူ သန်းခေါင်ယံမတိုင်ခင် ဆုတောင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆုတောင်းသည်လည်း သူကိုယ်တိုင်ဆီမှ အစပြုလာခြင်းဖြစ်ရာ ခြားနားချက်မှာ အလွန်ကြီးမားလှသည်။
ထိုဆုတောင်းသရဲသည် သူ့အား ရန်ပြုလိုစိတ်မရှိကြောင်း ကောင်းမင်သိရှိသွားသည်။ ထိုခြောက်ခြားဖွယ်အရှိန်အဝါများသည် သူ့ကို ပြင်ပလောကမှ သီးခြားခွဲထုတ်ထားပေးခြင်းသာ ဖြစ်သည်။
“မင်းရဲ့ ခံစားချက်တွေ အကုန်မှန်ပါတယ်၊ ငါတို့ဟာ တစ်သားတည်းပဲ၊ အဲ့ဒါကို ငါသက်သေပြနိုင်တယ်”
သူ့လက်ချောင်းဖြင့် သူ့ရင်ဘတ်ကို လှီးဖြတ်လိုက်ရာ ညှဉ်းပန်းနှိပ်စက်ခန်းတံခါး ပွင့်သွားသည်။ အချိန်တခဏ တုံ့ဆိုင်းနေပြီးနောက် သူသည် ချိတ်ပိတ်ထားသော သူ့မှတ်ဉာဏ်များကို ဆုတောင်းသရဲအား ပြသလိုက်သည်။
သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်းနှင့် ဆုတောင်းခြင်းများ... ကောင်းမင် ဖွင့်ပေးလိုက်သော ညှဉ်းပန်းနှိပ်စက်ခန်းတံခါးမှာ အိမ်ပြန်လမ်းတစ်ခုကဲ့သို့ ခံစားရလေသည်။
တစ္ဆေဆုတောင်းက အထဲသို့ လက်လှမ်းလိုက်သော်လည်း ကောင်းမင်က ခေါင်းကို အသာအယာခါပြသည်။
“ဒါက မင်းရဲ့ ဆုတောင်းခန်းနဲ့ မတူဘူး၊ ငါ့အခန်းထဲကို ဝင်လာရင် မင်းရဲ့ လွတ်လပ်မှုကို ဆုံးရှုံးရလိမ့်မယ်”
ကောင်းမင်၏ အကြံပြုချက်ကို ကြားသောအခါ တစ္ဆေဆုတောင်းက ရပ်တန့်သွား၏။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာ၏။ ကောင်းမင်၏ အဖေနှင့်အမေ ပုံစံရှိသော လူရိပ်နှစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။
ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲ ဝင်သွားလျှင် ပြန်ထွက်မရနိုင်ကြောင်း ပြောလိုက်ပြီးနောက် တစ္ဆေဆုတောင်းမှ ဖြစ်ပေါ်လာသော အဖေနှင့် အမေတို့သည် တစ်စုံတစ်ခုကို လျှို့ဝှက်တိုင်ပင်နေကြသကဲ့သို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စက္ကန့်အနည်းငယ်အကြာတွင် အဖေဖြစ်သူက ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့သည်။ အမေဖြစ်သူကမူ ကောင်းမင်ကို ပြုံးပြလိုက်ပြီး သူ့ရင်ဘတ်ထဲသို့ တွားဝင်သွားကာ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်သွားလေတော့သည်။
တစ္ဆေဆုတောင်း၏ စွမ်းအားတစ်ဝက်သည် ဟန်ဟိုင်းတွင် ရှိနေပြီး ကျန်တစ်ဝက်မှာမူ ကောင်းမင်၏ နှလုံးသားထဲတွင် ရှိနေလေသည်။ သူတို့သည် သူတို့ မြင်သမျှအရာအားလုံးကို အတူတကွ မျှဝေခံစားနေကြခြင်းဖြစ်သည်။
သေဆုံးခြင်းများစွာက ညှဉ်းပန်းနှိပ်စက်ခန်းကို တည်ဆောက်ခဲ့ပြီး ဆုတောင်းခြင်းများစွာက မူမမှန်မှုများကို ဖန်တီးခဲ့သည်။ နှစ်ဦးလုံးသည် တူညီသောလမ်းကြောင်းကို လျှောက်လှမ်းနေကြခြင်းသာ။
တစ္ဆေဆုတောင်း၏ အမူအရာမှာ အေးစက်တောင့်တင်းမနေတော့ပေ။ သူသည် ကောင်းမင်ဘေးတွင် ကြာကြာနေလေလေ ပို၍လူသားဆန်လာလေလေဟု ထင်ရသည်။ သူသည် ကောင်းမင်ထံမှ တစ်ခုခုကို စုပ်ယူလိုက်ခြင်းလား သို့မဟုတ် ပြည့်စုံသော သူ့ကိုယ်ပိုင်ဗားရှင်းကို ရှာတွေ့နေခြင်းလားဆိုသည်မှာ မသဲကွဲပေ။
“ငါ မင်းကို မလိမ်ပါဘူး၊ မင်းဆီကို လာတာက မင်းနဲ့ ဆွေးနွေးစရာ ရှိလို့ပါ”
ကောင်းမင်က သူ့ပါးစပ်ကို ပိတ်ထားသော်လည်း သူ့အသိစိတ်က ညှဉ်းပန်းနှိပ်စက်ခန်းထဲအထိ ထိုးဖောက်သွားပြီး တစ္ဆေဆုတောင်းနှင့် တိုက်ရိုက်ဆက်သွယ်လိုက်သည်။
“သွေးမြို့တော်ကို ပြန်တည်ဆောက်နိုင်မှပဲ ငါတို့ တကယ့်လွတ်လပ်မှုကို ရနိုင်လိမ့်မယ်၊ နောက်ကျရင် ငါ စုံစမ်းစစ်ဆေးရေးဌာနကို သွားမှာ ၊ ငါ မင်းအကူအညီ လိုကောင်းလိုလိမ့်မယ်”
ယင်းသည် ဆုတောင်းခြင်း မဟုတ်ဘဲ ဆွေးနွေးတိုင်ပင်ခြင်းသာ ဖြစ်သည်။ ကောင်းမင်သည် တစ္ဆေဆုတောင်း၏ သဘောတူညီချက်ကို စောင့်ဆိုင်းနေသော်လည်း တစ်ဖက်ကမူ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ထူးဆန်းသော အပြုံးဖြင့် ကောင်းမင်ကို စိုက်ကြည့်နေဆဲဖြစ်သည်။
“ဒါမှမဟုတ် မင်းရဲ့ အတွေးကို ငါ့ကို ပြောပြလို့ရပါတယ်”
ကောင်းမင်က လက်ကို ပင့်မြှောက်လိုက်ရာ တစ္ဆေဆုတောင်းကို ထိတွေ့နိုင်သွားသည်။ တစ္ဆေဆုတောင်းသည် ၎င်းအား အကာအကွယ်မဲ့စွာ အထိတွေ့ခံထားသဖြင့် ကောင်းမင်သည် ၎င်း၏ ပင်မလိုအင်ဆန္ဒကို ထိတွေ့မိလိုက်သည်။
သူ့လက်ဖဝါးထဲမှ ခံစားချက်သည် အလွန်ထူးဆန်းနေပြီး ပြောင်းလဲနေသော နူးညံ့သည့် နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားရသလိုပင်။ ၎င်းအတွင်းတွင် ရှုပ်ထွေးဆူညံနေသော အသံပေါင်းစုံကို ကောင်းမင် ကြားနေရသည်။ ထိုအရာများသည် အရိပ်နှင့်သွေးများ ဖုံးလွှမ်းနေသည့် မတူညီသည့် ဆုတောင်းမျိုးစုံပင် ဖြစ်သည်။ ထိုဆုတောင်းများမှာ စည်းမျဉ်းများကို ဂရုမစိုက်ကြပေ။ စုစည်းထားသော အတွေးအမြင်လည်း မရှိကြပေ။ ၎င်းတို့၏ အလိုရမ္မက်အတိုင်းသာ အမြဲတစေ ပြောင်းလဲနေကြခြင်းဖြစ်သည်။
“သွေးမြို့တော်ကို ပြန်တည်ဆောက်ရင် မင်းအပါအဝင် ဟန်ဟိုင်းမှာရှိတဲ့ သက်ရှိအားလုံး ပြန်လည်မွေးဖွားလာလိမ့်မယ်”
ကောင်းမင်က ဆက်လက် ဖျောင်းဖျလိုက်သည်။ မူမမှန်ဖြစ်ရပ်များ စတင်ကွယ်ပျောက်တော့မည့် အချိန်သို့ ရောက်သောအခါမှသာ အဖေနှင့်အမေ ပုံစံဖြင့် ရှိနေသော တစ္ဆေဆုတောင်းက စကားတစ်ခွန်း ပြန်ပြောလိုက်သည်။
"မင်းရဲ့ ဆုတောင်း ပြည့်သွားပြီ"
“ဆုတောင်း၊ ငါ့ဆုတောင်းလား”
အဖေအသွင်ဆောင်ထားသော တစ္ဆေဆုတောင်းက ထူးဆန်းသော ဖြစ်ရပ်အားလုံးနှင့်အတူ ပြန်လည်ဆုတ်ခွာသွား၏။သို့သော်လည်း အမေအသွင်ဆောင်ထားသူမှာမူ ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး ကောင်းမင်နှင့်အတူ ထာဝရရှိနေတော့မည်ဖြစ်သည်။
မြို့တော်တောင်ပိုင်းကို လွှမ်းခြုံထားသော ခြောက်ခြားမှုများသည် အပိုင်းနှစ်ပိုင်း ကွဲသွားတော့သည်။ တစ်ဝက်သည် ဆုတောင်းသူအားလုံး၏ နှလုံးသားထဲတွင် ရှိနေပြီး ကျန်တစ်ဝက်မှာမူ ကောင်းမင်၏ နှလုံးသားထဲတွင် ကိန်းအောင်းနေတော့သည်။
နံရံပေါ်ရှိ ကာတွန်းရုပ်ပုံများ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ချိုအီသော ရနံ့များလည်း လေထုထဲတွင် ပြန်လည်ပြည့်နှက်လာလေသည်။ အိပ်မက်ယောင်နေသော ကလေးအားလုံးမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။
“အောင်မြင်သွားပြီလား”
အသွင်ပြောင်းမှု ပြီးဆုံးသွားပြီးနောက်မှသာ အဖွဲ့ခေါင်းဆောင်က အနားသို့ ချဉ်းကပ်ဝံ့တော့သည်။ အိပ်မက်သရဲ၏ ဖိအားသည် အလွန်ပြင်းထန်လှသည်။ အစောပိုင်းက ကောင်းမင်မှလွဲ၍ လူတိုင်းသည် တစ်စစီ ဆွဲဖြဲခံနေရသလို ခံစားခဲ့ကြရသည်။
“ဘယ်လိုပြောရမလဲ၊ ငါက လူတစ်ယောက်ဆီကနေ ယွမ်သုံးထောင်လောက် ချေးချင်တာကို၊ သူက ငါ့ကိုကြည့်ရတာ သူ့ကလေးနဲ့ တူတယ်ဆိုပြီး သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလိုက်သလိုမျိုးပေါ့”
ကောင်းမင်၏ စကားကြောင့် အဖွဲ့ခေါင်းဆောင်က ကြောင်သွားသည်။ ခဏကြာမှ ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။
“အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပုံရတယ်၊ ဒါပေမဲ့ တချို့လူတွေကတော့ မင်းကို ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူးနော်”
ဝမ်ကျားက မီးခိုးရောင်ဝတ် ဝန်ထမ်းများကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများသည် သူတို့၏ မီးခိုးရောင်အဝတ်အစားများနှင့် အတူတူဖြစ်နေကြသည်။သူတို့သည် ယခုလေးတင် အလွန်အမင်း ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်သည်။
သူ့ဦးလေး မရမကကြိုးစားခဲ့ရသော အရာအား ကောင်းမင်က အလွန်လွယ်လွယ်ကူကူ လုပ်ပြလိုက်တာကို တွေးပြီး ဝမ်ကျားက ရယ်ချင်နေလေသည်။သူက လျှို့ဝှက်ကင်မရာအသေးစားများ ဝှက်ထားသော နေရာအချို့ကို ညွှန်ပြကာ ပြောလိုက်သည်။
“အိပ်မက်သရဲနဲ့ ကောင်းမင်တို့က မိသားစုဝင်တွေ ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားမိခဲ့ဘူး၊ ပြန်စဉ်းစားကြည့်ရင် မြို့ဟောင်းဆိုတာ ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ နယ်မြေပဲလေ၊ တချို့လူတွေကတော့ အရာအားလုံးကို ဆုံးရှုံးသွားပြီပေါ့၊ ပင်ပင်ပန်းပန်း လုပ်ခဲ့သမျှအားလုံး စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်သွားရတာ နှမြောစရာပဲ…”