တိုက်ပွဲ
Vol. 46 Ch. 678
ညှဉ်းပန်းနှိပ်စက်ခန်းထံမှ ထွက်ပေါ်လာသော စွမ်းအားကိုခံစားရင်း ဆုတောင်းသရဲကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားခြင်းက ကောင်းခြင်းလော ဆိုးခြင်းလော ကောင်းမင် မသိတော့ပေ။
“ငါ့နှလုံးသားထဲမှာ အရာတွေ ပိုပြည့်လာပြီပဲ”
အသားနံ့များ ပျောက်ကွယ်သွား၏။ ကောင်းမင်သည် သူ၏ အသွေးအသားနှင့် ဝိညာဉ်အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး စက်ရုံမန်နေဂျာကို ကျေးဇူးတင်စကားပြောရန် ပြင်လိုက်သည်။ ကျေးဇူးတင်စကား စတင်မပြောရသေးမီမှာပင် အမှောင်ထဲရှိ ခွေးနက်ကြီးက အန္တရာယ်ကို အာရုံခံမိသွားသည်။
ဆုတောင်းထွက်ခွာသွားပြီးနောက်တွင် ဆုတောင်းစက်ရုံသည် ပုံမှန်အတိုင်း ပြန်မဖြစ်သေးပေ။ အမှောင်ထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေပြီး စက်ရုံအပြင်ဘက်တွင် ကားများ တိတ်တဆိတ်ဆိုက်ရောက်လာကြသည်။
“ကြည့်ရတာ ငါ့ဦးလေးက ဆက်မစောင့်နိုင်တော့ဘူး ထင်တယ်”
ဝမ်ကျားက ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်၏ ဘေးတွင် ရပ်ကာ မာန်ပါပါ ပြောလိုက်သည်။
“မန်နေဂျာချူ... ဒါက ဘာအဓိပ္ပာယ်လဲ”
အဖွဲ့ခေါင်းဆောင်က သူ့နာရီကို ထိတွေ့ကာ တင်မာသောမျက်နှာထားဖြင့် မေးလိုက်သည်။
“ဝမ်ကျားရဲ့ မိသားစုက ခင်ဗျားတို့ကို ဖိတ်ကြားချင်လို့ပါ၊ မြို့တော်တောင်ပိုင်းအထိ တကူးတက လာခဲ့ကြတာဆိုတော့ ကျွန်တော်တို့ဘက်က ဧည့်ဝတ်ကျေပွန်တာကို ပြသင့်တာပါ”
စက်ရုံမန်နေဂျာသည် ဝမ်ကျား၏ ဦးလေးက ဆုတောင်းအိမ်ကို စောင့်ကြည့်နေကြောင်း သိသည်။ သို့သော်လည်း ကင်မရာမှ မြင်ရခြင်းနှင့် ကိုယ်တိုင်တွေ့ကြုံရခြင်းမှာ လုံးဝခြားနားကြောင်း သူနားလည်ပေသည်။ သူသည် အိတ်ကပ်ထဲမှ ဆက်သွယ်ရေးကိရိယာကို အသုံးပြုကာ မြို့တော်တောင်ပိုင်း စုံစမ်းစစ်ဆေးရေးဌာနကို စိတ်အေးအေးထားရန် သတိပေးချက်များ အဆက်မပြတ် ပေးပို့နေရသည်။
“ငါ့မှာ တခြားကိစ္စတွေ ရှိသေးတယ်၊ နောက်မှပဲ လာခဲ့တော့မယ်”
ကောင်းမင်က တိုက်ရိုက် ငြင်းဆိုလိုက်သည်။သူက လူအုပ်ကြီးကို တိုးဝှေ့ကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ မီးခိုးရောင်ဝတ် ဝန်ထမ်းများက သူ့ကို မတားရဲကြပေ။
စက်ရုံတံခါးဝသို့ ရောက်သောအခါ ကားရှေ့မီးကြီးများ လင်းထိန်နေပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စုံစမ်းရေးမှူးများက စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့နောက်ရှိ ယာဉ်များပေါ်တွင် ရပ်ကွက်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော အန္တရာယ်ရှိကျိန်စာမျိုးစုံကို တင်ဆောင်ထားကြသည်။
“ဒါ မြို့တော်တောင်ပိုင်းက ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံလား”
ကောင်းမင်သည် ဟန်ဟိုင်းသို့ ပြန်ရောက်ကတည်းက စုံစမ်းစစ်ဆေးရေးဌာနနှင့် ဆွေးနွေးရန်သာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ အခြားအင်အားစုများကိုမူ သိပ်ဂရုမစိုက်ချေ။
ကောင်းမင်အကြည့်နှင့် ဆုံမိသော စုံစမ်းရေးမှူးတိုင်း မသိစိတ်ဖြင့် ခေါင်းငုံ့သွားကြသည်။ သူတို့ရှေ့တွင် ရှိနေသူသည် လူသားတစ်ယောက်မဟုတ်ဘဲ အဆုံးမရှိသောသမုဒ္ဒရာကြီး သို့မဟုတ် အောက်ခြေမရှိသော ချောက်နက်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
သူ ရှေ့သို့ လှမ်းလာသော်လည်း ဘယ်သူမှ ရုတ်တရက် မလှုပ်ရှားဝံ့ကြပေ။ ကောင်းမင်သည် လူအုပ်ကြားမှ ဖြတ်လျှောက်သွားကာ အဖွဲ့ခေါင်းဆောင်၏ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
“မြန်မြန်သွားရအောင်၊ အကြီးဆုံးရပ်ကွက်တွေကို သွားစစ်ဖို့ လိုသေးတယ်”
...
နှစ်ရက်နှင့်တစ်ည ကြာပြီးနောက် ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာန တံဆိပ်ပါသော ကားများသည် အဝေးပြေးလမ်းမပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေကြသည်။ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အဖွဲ့ခေါင်းဆောင်သည် အားဖြည့်အချိုရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး လက်များကမူ စတီယာရင်ကို တင်းတင်းဆုပ်ထား၏။
“ရောက်ပြီ၊ ရှေ့မှာပဲ”
မြင့်မားခမ်းနားသော အဆောက်အဦးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းမင်၏မြင်ကွင်းထဲတွင် အသစ်တည်ဆောက်ထားသော မြို့သစ်တစ်ခု ရောက်ရှိလာလေသည်။ မြောက်ဘက်ဆိပ်ကမ်း ခရိုင်သစ်တွင် တည်ရှိသော ထိုနေရာသည် စုံစမ်းစစ်ဆေးရေးဌာန တည်ဆောက်ထားသည့် ‘နောဧသင်္ဘော’ပင် ဖြစ်သည်။ ဤနေရာတွင် သန္ဓေပြောင်းလက္ခဏာများ သို့မဟုတ် အရိပ်လောက၏ လက္ခဏာများ လုံးဝမရှိပေ။ နေမင်းကြီးပင်လျှင် ဤကုန်းမြေကို မျက်နှာသာပေးသကဲ့သို့ တိမ်တိုက်များကို ဖောက်ထွက်ကာ နွေးထွေးသော အလင်းတန်းအချို့ ချပေးထားလေသည်။
များစွာသော အိပ်မက်သရဲများနှင့် တွေ့ဆုံပြီးနောက် ကောင်းမင်သည် ရပ်ကွက်အသီးသီးသို့ အပြေးအလွှား သွားရောက်ခဲ့ရသည်။ သူ မြင်တွေ့ထားသော အနာဂတ်နှင့် ရပ်ကွက်များအတွင်းရှိ အစွမ်းထက်သရဲများကို နှိုင်းယှဉ်လေ့လာခဲ့သည်။ လိုအပ်သော ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးနောက် သူနှင့် အဖွဲ့ခေါင်းဆောင်တို့သည် နောက်ဆုံးမှတ်တိုင်ဖြစ်သော ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနချုပ်သို့ ရောက်ရှိလာကြခြင်းဖြစ်တော့သည်။
ဆယ်မိုင်ကျော်အကွာကတည်းက ကောင်းမင်သည် တစ်စုံတစ်ယောက်က စိုက်ကြည့်နေကြောင်း ခံစားမိသည်။သို့သော်လည်း သူသည် ဖုံးကွယ်ရန် မကြိုးစားဘဲ အဖွဲ့ခေါင်းဆောင်အား ပွင့်ပွင့်လင်းလင်းပင် မောင်းဝင်ခိုင်းလိုက်သည်။
ဟွန်းသံများ ထွက်ပေါ်လာပြီး ကားနှင့် ထွက်ပြူလာသော နေမင်းကြီးသည် မြို့တော်သစ်ဆီသို့ တစ်ပြိုင်တည်း ရောက်ရှိလာတော့သည်။
မြို့တော်သစ်၏ ဝင်ပေါက်ခြောက်ခုလုံးကို ပိတ်ချထား၏။ ယင်းသည် မြို့တော်သစ် တည်ဆောက်ပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်သည်။
သာမန်လမ်းကြောင်း သုံးခုသည် လူအများ မြို့တွင်းသွားလာရန် ဖြစ်သည်။ အရေးပေါ် လမ်းကြောင်း နှစ်ခုသည် စုံစမ်းစစ်ဆေးရေးဌာနအတွက် သီးသန့်ဖြစ်ကာ နောက်ဆုံးအထူးလမ်းကြောင်းမှာမူ သုတေသနဌာနသို့ တိုက်ရိုက်သွားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အနည်းဆုံး လမ်းကြောင်းသုံးခုကို ဖွင့်ထားလေ့ရှိတတ်သည်။သို့သော်လည်း ယနေ့နံနက်တွင်မူ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် မြို့တော်သစ်ကို ပိတ်ဆို့ထားပြီး သတိအပြည့်ထားရန် အရေးပေါ် ညွှန်ကြားချက်တစ်ခု ရရှိထားကြသည်။
“မင်းအတွက် အခမ်းအနားကြီးနဲ့ပါလား”
ကားပေါ်မှ ဆင်းပြီးနောက် အဖွဲ့ခေါင်းဆောင်က စီးကရက်တစ်လိပ် မီးညှိကာ ကားတံခါးကို မှီ၍ အေးအေးလူလူ သောက်လိုက်သည်။ သူ စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး ဌာနချုပ်က ဤမျှအထိ ပြင်းထန်သော တုံ့ပြန်မှုမျိုး ပြုလုပ်သည်ကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
ကားနောက်ခန်းတွင် သက်သောင့်သက်သာ ထိုင်နေသော ကောင်းမင်သည် တင်းကျပ်စွာ ပိတ်ထားသော မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ သူ့မျက်ဆံအတွင်းရှိ ထူးဆန်းသော သင်္ကေတများသည် သရဲများ၏ ကတိသစ္စာများကဲ့သို့ပင်။
ရပ်ကွက်အသီးသီးမှ ပြန်လာပြီးနောက် ကောင်းမင်သည် အကျိုးကျေးဇူးများစွာ ရိပ်သိမ်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် ခြောက်ခြားဂိမ်းကစားသမားများကိုသာမက ရပ်ကွက်အသီးသီးကိုပါ ကိုယ်စားပြု၍ လာခဲ့ခြင်းဖြစ်သည်။
နေရောင်ခြည်သည် မြို့တော်သစ်အပေါ်သို့ ထွန်းလင်းနေသည်။ ကောင်းမင် ကားတံခါးကိုဖွင့်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ဟန်ဟိုင်းတစ်မြို့လုံး အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းနေသော်လည်း ဌာနချုပ်တည်ရှိရာ မြောက်ဘက်ဆိပ်ကမ်းရှိ နေရာလေးတစ်ခုတွင်သာ နေရောင်ခြည်အနည်းငယ် ရှိနေခြင်းဖြစ်သည်။
“ကောင်းမင်”
အထူးလမ်းကြောင်းရှိ တံခါးငယ်တစ်ချပ်လေး ပွင့်လာပြီး ကျင်းထောင်ရှန်းတစ်ဦးတည်း ထွက်လာလေသည်။ သူသည် ကျားတစ်ဝက်မတစ်ဝက်ပုံစံဖြင့် ထူးဆန်းစွာလှပနေသော်လည်း အရေးကြီးသော အချိန်များတွင်မူ ရက်စက်ပြတ်သားသူ ဖြစ်သည်။
“ငါတို့ အနက်ရောင်မြူတွေထဲမှာ ခွဲခွာခဲ့ပြီးတဲ့နောက် အခုလို နတ်ဘုရားတွေနဲ့ လူသားတွေအဖြစ် ပြန်ဆုံရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး”
ကောင်းမင်တွင် အိပ်မက်သရဲတစ်ကောင်၏ စွမ်းအားပိုင်ဆိုင်ထားခြင်းသည် အလွန်လျှို့ဝှက်သော ကိစ္စတစ်ခုဖြစ်သည်။ကျင်းထောင်ရှန်းက ထိုသတင်းကို မည်သည့်နေရာမှ ရရှိခဲ့မှန်းမသိပေ။
“ကျုပ်ကို ခင်ဗျားတို့အကြီးအကဲနဲ့ တွေ့ဖို့ခေါ်သွားပေးပါ၊ ဟန်ဟိုင်းရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအကြောင်း ဆွေးနွေးချင်တယ်”
စွမ်းအားသာရှိလျှင် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနကို သေချာပေါက် ဖြိုချပစ်မည်ဖြစ်သည်။ သူသည် ယခင်က စုံစမ်းစစ်ဆေးရေးဌာန၏ လှည့်စားခြင်းကို ခံခဲ့ရဖူးသူ ဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင် လက်ရှိဟန်ဟိုင်း၏ အခြေအနေသည် ထိုကဲ့သို့ အတွင်းရေးပဋိပက္ခများကို ခံနိုင်စွမ်းမရှိတော့ပေ။
“အကြီးအကဲက မင်းကို စောင့်နေတာ သုံးရက်ရှိပြီ”
ကျင်းထောင်ရှန်း ယခုတစ်ကြိမ်တွင် အလွန်နှိမ့်ချသော အမူအရာကို ပြသနေလေသည်။
“နောက်က လိုက်ခဲ့ပါ”
ကျင်းထောင်ရှန်းသည် မြို့ထဲသို့ မဝင်ဘဲ ထိုအစား ကောင်းမင်ကို ရေနက်ဆိပ်ကမ်းဆီသို့ ခေါ်ဆောင်သွားသည်။
“မြို့တော်သစ်မှာ ခုနစ်ခုမြောက် လမ်းကြောင်းတစ်ခု ရှိတယ်၊ အဲ့ဒါကတော့ ထူးခြားတဲ့ ဧည့်သည်တော်တွေအတွက် သီးသန့်ပြင်ဆင်ထားတာပဲ၊ ဒါက ပထမဆုံးအကြိမ် အသုံးပြုတာပဲ”
ကျင်းထောင်ရှန်းက သူ၏ အဖြူရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။ ရေအောက်တွင် အရိပ်တစ်ခု ပေါ်လာလေသည်။ ရေအောက်တံခါးပွင့်သွားသောအခါ ကောင်းမင်၏ အသိဟောင်း နှစ်ယောက် ဖြစ်သော ပိုင်ဖုန်း၏သားဖြစ်သူ ပိုင်ရှောင်နှင့် ကောင်းမင်၏ အခန်းဖော်ဟောင်း ကျိုးကျွင်းတို့ကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်၏ အခြေအနေသည် ယခင်ကနှင့် လုံးဝ ခြားနားသွားပြီဖြစ်သည်။ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည်လည်း အလွန်ကြောက်မက်ဖွယ် ကောင်းနေလေသည်။
“နတ်ဆိုးနတ်ဘုရားတွေရဲ့ အသွင်ပြောင်းလဲမှု ခံခဲ့ရတဲ့ စုံစမ်းရေးမှူး ထောင်ပေါင်းများစွာထဲမှာ ငါးယောက်ပဲ အဆင့် ၉ အထိ အသက်ရှင်ခဲ့ကြတယ်၊ အဲ့ဒီထဲမှာ ဒီနှစ်ယောက်လည်း ပါတယ်”
ကျင်းထောင်ရှန်းက ရှေ့မှ လျှောက်သွားလိုက်သည်။ “ကြွပါ”
ထိုကြီးမားသော အရိပ်ကြီးသည် ရေအောက်တွင် တည်ဆောက်ထားသော ဓာတ်လှေကားကြီးတစ်ခု ဖြစ်သည်။ အတွင်းသို့ ဝင်လိုက်သောအခါ အမျိုးမျိုးသော ရေအောက်အလှတရားများကို မြင်တွေ့နိုင်ပေသည်။သို့သော် ၎င်းက ကောင်းမင်ကို အံ့အားသင့်စေသော အရာမဟုတ်ပေ။
ဓာတ်လှေကား အောက်သို့ ဆက်ဆင်းသွားသည်နှင့်အမျှ ဖန်ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းများ ပြောင်းလဲသွားသည်။ ပင်လယ်ရေများက သိပ်သည်းသော အနက်ရောင် မြူထုကြီးအဖြစ် ပြောင်းလဲသွားပြီး ကူးခတ်နေသော ငါးများမှာလည်း ထူးဆန်းသော အလောင်းများအဖြစ် ပြောင်းလဲသွားကြသည်။
“တည်ဆောက်ထားတဲ့ အရာတွေဟာ အတုအယောင်တွေဖြစ်ပြီး အရိပ်ကမ္ဘာကပဲ ဂူသင်္ချိုင်းအစစ်ဖြစ်တယ်လို့ ဟန်ဟိုင်းက ယုံကြည်ထားတယ်၊ စုံစမ်းစစ်ဆေးရေးဌာနရဲ့ အရေးပါမှုက မင်းထင်တာထက် အများကြီး ပိုတယ်၊ ငါတို့က အရှိတရားနဲ့ အတုအယောင်တွေကြားမှာ တည်ဆောက်ထားကြတာပဲ”
ကျင်းထောင်ရှန်းသည် ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ ကောင်းမင်ကို အကုန်ပြောပြလိုက်သည်။
အောက်သို့ ဆက်တိုက် ဆင်းသွားပြီးနောက် အချိန်အတော်ကြာသောအခါမှ ဓာတ်လှေကား ရပ်သွားသည်။ ကောင်းမင်နောက်ဘက်ရှိ တံခါးက ပွင့်သွားပြီး မီးများ တစ်ခုပြီးတစ်ခု လင်းလာသည်။
“ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနချုပ်မှ ကြိုဆိုပါတယ်”
ကျင်းထောင်ရှန်းက သူတို့ကို ဝင်ရန် လက်ဟန်ပြလိုက်သည်။
လမ်းကြောင်းပေါ်တွင် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသည့် ပုံစံကွက်များကို ထွင်းထုထားပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။ ရံဖန်ရံခါတွင် သတ္တုချင်း ထိခိုက်သံများနှင့် ဂီယာများ လည်ပတ်သံများကို ကြားနေရသည်။ မြေအောက်အနက်ရှိုင်းဆုံးတွင် တည်ဆောက်ထားသော ဤခံတပ်ကြီးသည် ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနချုပ်၏ တကယ့်ခန္ဓာကိုယ်အစစ်ပင် ဖြစ်တော့သည်။
ရူးသွပ်ရက်စက်လှသော ဓာတ်ခွဲခန်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာကြသည်။ ကောင်းမင်သည် ဝင်္ကပါကဲ့သို့သော လမ်းကြောင်းမျိုးစုံကို ဖြတ်ကျော်ခဲ့ရသည်။ သူ့နှလုံးခုန်သံမှာ ထိန်းချုပ်မရအောင် စတင်ခုန်ပေါက်လာသည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းမှ သားစားကြူးနတ်ဘုရား၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူခံစားလိုက်ရသည်။