အိပ်မက်သရဲပဲ တည်ရှိခွင့်ပြုတယ်
Vol. 46 Ch. 679
ကော်ရစ်ဒါလမ်းရှိ မီးအလင်းရောင်များ ရုတ်တရက် တဖျတ်ဖျတ် ဖြစ်သွားသည်။ ဘေးတစ်ဖက်တစ်ချက်တွင်ရှိသော ဓာတ်ခွဲခန်းများအတွင်းမှ စမ်းသပ်သူများမှာ အော်ဟစ်နေကြသည်။ မူမမှန်ဖြစ်ရပ်မျိုးစုံက လိမ်ဖည်ပုံပျက်နေကြသည်။
ကောင်းမင်ရှေ့တွင် သရဲပုံစံကွက်များ ကော်ရစ်ဒါတစ်လျှောက် စီးဆင်းသွားပြီး တဖြည်းဖြည်း ဝေဝါးလာလေသည်။ သူတို့သည် ရပ်နေခြင်းဖြစ်သော်လည်း တစ်ခုသော ဦးတည်ရာသို့ ဆက်တိုက် နီးကပ်သွားနေသည်။ ဤကြီးမားသော မြေအောက်ဘန်ကာကြီးသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကြီးဖြစ်ပုံရပြီး စိတ်ကြိုက်ထိန်းချုပ်မောင်းနှင်နေခြင်း ဖြစ်သည်။
“ကြည့်ရတာ အကြီးအကဲက ဆက်မစောင့်နိုင်တော့ဘူး ထင်တယ်”
ကောင်းမင်က သူ့ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ တစ်ဖက်လူ ပြသထားသော စွမ်းအားသည် အလွန်ကြီးမားလှသည်။ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းသည် ခန့်မှန်းရခက်ပြီး ထူးဆန်းကာ သေခြင်း၊ ရှင်ခြင်း အရှိန်အဝါများဖြင့် ရောယှက်နေသည်။ တစ်ဖက်လူ၏ စွမ်းရည်အစစ်အမှန်ကို မှန်းဆရန် မဖြစ်နိုင်ပေ။
စက္ကန့်အနည်းငယ်အကြာတွင် ကောင်းမင်ရှေ့မှ မြင်ကွင်းမှာ ပွင့်ဟသွားသည်။ သူတို့သည် စုံစမ်းစစ်ဆေးရေးဌာန၏ အလုံခြုံဆုံးနှင့် အဓိကအကျဆုံး ဗဟိုချက်မသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
ရုံးခန်းအကန့်လေးများသည် သေတ္တာငယ်များကဲ့သို့ ဆင့်စီနေပြီး အမူအရာမရှိသော သက်ရှိလူသားများက အစီရင်ခံစာမျိုးစုံကို လုပ်ဆောင်နေကြသည်။ သူတို့သည် ဘယ်သောအခါမှ မပင်ပန်းသကဲ့ပင်။ သူတို့၏ ခန္ဓာကိုယ်အထက်ပိုင်းက အလုပ်များနေကြသော်လည်း အောက်ပိုင်းမှာမူ စားပွဲများနောက်တွင် လုံးဝကွယ်နေပြီး လှုပ်ရှားမှု မရှိပေ။
“ဒါဟာ ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနရဲ့ နှလုံးသားနဲ့ ဦးနှောက်ပဲ၊ နေ့စဉ် မူမမှန်ဖြစ်ရပ် အစီရင်ခံစာ ပေါင်းထောင်ချီကို ကိုင်တွယ်ဖြေရှင်းနေပြီး အရိပ်ကမ္ဘာကို တိုက်ခိုက်ဖို့ မြို့ထဲက ဌာနခွဲအားလုံးရဲ့ အင်အားကို စုစည်းပေးနေတာပဲ”
ကျင်းထောင်ရှန်းသည် သူ၏ မောက်မာမှုများကို ဘေးဖယ်ထားသည်။သူသည် ကောင်းမင်ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် နှိမ့်ချစွာ ပြောဆိုလိုက်သည်။
မိနစ်တိုင်း မိနစ်တိုင်းတွင် ထိုရုံးခန်းအကန့်များမှ ညွှန်ကြားချက်များစွာ ထွက်ပေါ်လာနေခြင်းဖြစ်သည်။ ဝန်ထမ်းများသည် ၎င်းတို့၏ ထိုင်ခုံများတွင် ထာဝရတွဲကပ်နေသည့်အလား ဖြစ်နေလေသည်။
“သူတို့ မပင်ပန်းကြဘူးလား”
စီးကရက်ကိုင်ထားသော အဖွဲ့ခေါင်းဆောင်၏ လက်ချောင်းများက အသာအယာတုန်ယင်နေခဲ့သည်။
“ဘာလို့ သူတို့ဆီက သရဲအရှိန်အဝါတွေကို ခံစားနေရတာလဲ”
“ဝမ်ကျား တန်ဖိုးအထားရဆုံး လုံခြုံရေးအဖွဲ့ခေါင်းဆောင် ဖြစ်ထိုက်ပါတယ်၊ သူတို့တွေက တကယ်တော့ လူသားတွေ မဟုတ်ကြဘူးလေ”
ကျင်းထောင်ရှန်း၏ စကားအဆုံးတွင် ရုံးခန်းအကန့်များထဲရှိ ဝန်ထမ်းများအားလုံး အလုပ်ရပ်လိုက်ကြသည်။ ၎င်းတို့၏ အေးစက်သော မျက်နှာများပေါ်တွင် ခြောက်ခြားဖွယ်ရာ အပြုံးများ ဖြစ်ပေါ်လာလေသည်။ ၎င်းတို့၏ မျက်လုံးများက အဖွဲ့ခေါင်းဆောင်နှင့် ကောင်းမင်ဆီသို့ စိုက်ကြည့်လာကြသည်။
ရုံးခန်းအကန့်များစွာဖြင့် ဖွဲ့စည်းထားသော မြင့်မားသည့် စင်မြင့်ကြီးက တုန်ခါလာ၏။ ၎င်းသည် ကွဲထွက်သွားပြီး အတွင်း၌ ကွယ်ဝှက်ထားသော အစည်းအဝေးခန်းတစ်ခု ပေါ်လာလေသည်။ စားပွဲဝိုင်းပတ်လည်တွင် စုံစမ်းစစ်ဆေးရေးဌာန ယူနီဖောင်းဝတ်ထားသူ ငါးဦး ထိုင်နေကြသည်။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုံလင်လှသည်။ ထိုငါးဦး၏ ခန္ဓာကိုယ်အထက်ပိုင်းသည် သာမန်လူနှင့် မခြားနားသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းမှာမူ သွေးကြောများဖြင့် ဆက်သွယ်ထားကြသည်။
ပိုထိတ်လန့်ဖွယ်ကောင်းသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ငုံ့ကြည့်လိုက်သည့် အချိန်တွင်ဖြစ်သည်။ ထိုငါးဦးသာမက စင်မြင့်တစ်ခုလုံးရှိ မရေမတွက်နိုင်သော ရုံးခန်းအကန့်များထဲမှ ဝန်ထမ်းအားလုံး၏ ကိုယ်အောက်ပိုင်းများသည်လည်း သွေးကြောများဖြင့် တစ်ခုနှင့်တစ်ခု တင်းတင်းကျပ်ကျပ် ရစ်ပတ်ဆက်သွယ်ထားခြင်း ဖြစ်သည်။
“နောက်ဆုံးတော့ မင်းရောက်လာပြီပဲ”
ထိုငါးဦးအနက် အလယ်တွင် ထိုင်နေသူမှာ အသက် ၈၀ ကျော် အရွယ်ရှိ လူအိုကြီးတစ်ဦးဖြစ်ပြီး သူ၏ ဆံပင်နှင့်မုတ်ဆိတ်များက ဖြူဖွေးနေပြီဖြစ်သည်။သူ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများစွာသည်လည်း ပျက်စီးနေပြီ ဖြစ်သည်။ သူသည် ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးကြောများဖြင့်သာ အသက်ဆက်နေရခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ အချိန်တုန်းက မင်းရဲ့ သူငယ်ချင်းတစ်ယောက် ဒီထဲကို ကျူးကျော်လာခဲ့ဖူးတယ်၊ ငါက သူ့ကို ငါ့နေရာမှာ အစားထိုးချင်တာနဲ့ သူ့ခေါင်းကို ဖြုတ်ခဲ့မိတယ်၊ မင်း အထင်မလွဲဖို့ မျှော်လင့်ပါတယ်”
ထိုလူအိုကြီး ပြောနေသူမှာ ကျန်းတင်းပင်။
ကောင်းမင် ထာဝရဘဝအိမ်ရာသို့ သွားခဲ့စဉ်က ကျန်းတင်းနှင့် သူ့အဖွဲ့သည် စုံစမ်းစစ်ဆေးရေးဌာနသို့ ခိုးဝင်ခဲ့ကြသည်။သို့သော်လည်း သူတို့သည် အိပ်မက်သရဲနှင့် မထင်မှတ်ဘဲ ထိပ်တိုက်တွေ့ခဲ့ကြသည်။ ကျန်းတင်း၏ စတေးမှုကြောင့်သာ အခြားလူများ ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးဌာနကို ကျူးကျော်တာကို ဓာတ်ခွဲခန်းထဲ ပိတ်လှောင်ထားပြီး သူ့ရဲ့ ရိုးတွင်းခြင်ဆီတွေ မထုတ်တာတောင် ကြင်နာလှပြီ”
ထိုငါးဦးထဲမှ အငယ်ဆုံးကောင်လေးက ကောင်းမင်ကို စိုက်ကြည့်ကာ ခက်ထန်စွာ ပြောဆိုလိုက်သည်။ သူ့မျက်လုံးများမှာမူ ရင့်ကျက်တည်ငြိမ်နေလေသည်။
ထိုငါးဦးသည် သွေးကြောများဖြင့် ဆက်သွယ်နေသော်လည်း ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် ဖြေရှင်းပုံနည်းလမ်းများမှာ လုံးဝ ခြားနားကြသည်။ ခက်ခဲသော ပြဿနာများနှင့် ရင်ဆိုင်ရလျှင် ထိုငါးဦးသည် မဲပေးစနစ်ဖြင့် ဆုံးဖြတ်ကြပြီး အနည်းစုက အများစု၏ ဆန္ဒကို လိုက်နာကြရသည်။
“ကျင်းထောင်ရှန်း ... ခင်ဗျားတို့ဌာနမှာ အကြီးအကဲငါးယောက် ရှိတာလား”
ကောင်းမင်သည် ဌာနချုပ်တွင် အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူနှင့်သာ ဆွေးနွေးလိုခြင်းဖြစ်သည်။
“လူငါးယောက်လို့လည်း ပြောလို့ရတယ်၊ ဒါမှမဟုတ် ထောင်သောင်းချီတဲ့ လူတွေလို့လည်း ပြောလို့ရသလို လူတစ်ယောက်တည်းလို့လည်း ပြောလို့ရပါတယ်”
ထိုငါးဦးထဲမှ ကြင်နာတတ်ပုံရသော အမျိုးသမီးတစ်ဦးက မိခင်ကဲ့သို့ နွေးထွေးစွာပြောလိုက်သည်။ သူမ၏ သိမ်မွေ့ညင်သာသော အသံက လူများကို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
အစည်းအဝေးစားပွဲရှိ ထိုင်ခုံများက ဖြည်းဖြည်းချင်း နောက်သို့လည်သွားပြီး ထိုငါးဦးက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ထို့နောက် ၎င်းတို့အောက်ရှိ စင်မြင့်မှာ ထပ်မံပြောင်းလဲသွားပြန်သည်။ ရုံးခန်းအကန့်တစ်ခုချင်းစီသည် အပြင်ဘက်နံရံများအဖြစ် ပြောင်းလဲသွားပြီး စင်မြင့်တစ်ခုလုံးက နက်ရှိုင်းသော ရေတွင်းကြီးတစ်ခု ဖြစ်သွားသည်။ ရေတွင်းအတွင်း၌ လူသားပုံစံဟုတ်မဟုတ် မသဲကွဲတော့သော ကြီးမားလှသည့် အသားစိုင်ကြီးတစ်ခု ရှိနေလေသည်။
ထိုအသားစိုင်ကြီးပေါ်တွင် အိပ်မက်တက်တူးများ ထွင်းထုထား၏။ ၎င်း၏ ရင်ဘတ်နှင့် ဝမ်းဗိုက်မှ မရေမတွက်နိုင်သော သွေးကြောများ ထွက်ပေါ်နေပြီး စင်မြင့်ပေါ်ရှိ သက်ရှိလူသားများ၏ ဝမ်းဗိုက်များကို ထိုးဖောက်၍ အားလုံးကို တစ်သားတည်း ဖြစ်အောင် ချိတ်ဆက်ထားသည်။
“စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲရဲ့ တကယ့်ပုံစံက... အလောင်းတစ်ခုလား”
တခြားသူများက ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ကောင်းမင်မှာမူ ခြားနားသည်။ အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရားတို့၏ စွမ်းအားကြောင့် ထိုကြီးမားလှသော အသားစိုင်ကြီးပေါ်တွင် ရစ်ပတ်နှောင်ဖွဲ့နေသော ကံမ္မအကြောင်းတရားများကို သူ ရှာတွေ့လိုက်ရသည်။
“မင်းမှာ မေးခွန်းတွေ အများကြီးရှိနေမယ်ဆိုတာ ငါသိပါတယ်၊ ငါ တစ်ခုချင်းစီ ဖြေပေးမယ်”
ထိုလူအိုကြီးမှာ ရုတ်တရက် အင်အားများ ပြည့်လာသကဲ့သို့ သူ့မျက်နှာက နီမြန်းလာလေသည်။
“ဟန်ဟိုင်း သွေးမြို့တော်ဟာ တခြားသွေးမြို့တော် ၁၂ ခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တာ၊ ဒီနေရာမှာ ဘယ်သရဲ၊ ဘယ်မကောင်းဆိုးဝါးမှ နေထိုင်ခွင့်မရှိဘူး၊ ဒါဟာ လုံးဝ တားမြစ်နယ်မြေပဲ၊ နောက်ပိုင်းတော့ ရှင်းလုကနေ မပြောသင့်သူတွေ ရောက်လာပြီး သက်ရှိအများအပြားရဲ့ စိတ်ဆန္ဒကို သယ်ဆောင်လာခဲ့ကြတယ်၊ သူတို့မှာ အလှပဆုံးစံပြရည်မှန်းချက်တွေ ရှိကြပြီး ဒီနေရာကြီးကို လူသားနဲ့ သရဲတွေ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ခဲ့ကြတယ်၊ သူတို့က ဒီနေရာကို နည်းလမ်းမျိုးစုံနဲ့ စတင်ပြောင်းလဲခဲ့ကြပြီး အဲ့ဒီအချိန်မှာ ငါတို့ ပေါ်လာကြတာပဲ”
“ခင်ဗျားတို့ ပေါ်လာတာက ရှင်းလုက အဲ့ဒီကယ်တင်ရှင်တွေနဲ့ ပတ်သက်နေတာလား”
အဖိုးအိုက မငြင်းဘဲ အသာအယာ ခေါင်းညိတ်ပြသည်။
“ဟန်ဟိုင်း သွေးမြို့တော်ဟာ တားမြစ်နယ်မြေတစ်ခုပဲ၊ ပြောင်းလဲမှုတွေတိုင်းဟာ မလွဲမသွေ သေဆုံးခြင်းတွေကို ဖြစ်ပေါ်စေတယ်၊ များပြားလှတဲ့ သက်ရှိသိစိတ်တွေနဲ့ သရဲတွေ အမြောက်အမြား မြှုပ်နှံခံခဲ့ရတယ်၊ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်လိုတဲ့ ပြင်းပြတဲ့ စွဲလမ်းမှုတွေက စုစည်းသွားခဲ့ကြတယ်၊ အဲ့ဒီစွဲလမ်းမှုတွေက သွေးမြို့တော်ထဲမှာ မြှုပ်နှံခံထားရတဲ့ အလောင်းတွေနဲ့ ပေါင်းစပ်သွားပြီး မင်းအခုမြင်နေရတဲ့ ပုံစံမျိုး ဖြစ်လာတာပဲ”
“ဒီအသွေးအသားတုံးကြီးဟာ ဟန်ဟိုင်း ဂူသင်္ချိုင်းထဲမှာ မြေမြှုပ်ခံထားရတဲ့ အလောင်းလား”
ကောင်းမင် တကယ်ပင် အံ့အားသင့်သွားသည်။ သူ ဟန်ဟိုင်းမှ ထွက်ခွာခဲ့စဉ် မြို့ကြီးသည် အဝေးမှကြည့်လျှင် ဂူသင်္ချိုင်းကြီးတစ်ခုနှင့် တူနေသည်ကို သူသိခဲ့သည်။
“မဟုတ်ဘူး၊ အတိအကျပြောရရင် ဒါဟာ အသားတစ်စပဲ ရှိသေးတယ်၊ အလောင်းအပြည့်အစုံကိုတော့ အရိပ်ကမ္ဘာထဲမှာ သေချာပေါက်ဝှက်ထားတယ်၊ ဒီအသားပိုင်းဟာ မတော်တဆမှု အမျိုးမျိုးနဲ့ သက်ရှိတွေရဲ့ ကျန်ရှိနေတဲ့ စွဲလမ်းမှုတွေကြောင့် လွတ်မြောက်လာခဲ့တာပဲ”
လူအိုကြီးက အလွန်သတိထားကာ ပြောလိုက်သည်။
မရေမတွက်နိုင်သော သက်ရှိပေါင်းများစွာ၏ စွဲလမ်းမှုများနှင့် ပေါင်းစပ်ထားသော အသားတစ်စပင်လျှင် အိပ်မက်သရဲတစ်ကောင်နှင့် ညီမျှသော စွမ်းအားကို ထုတ်ဖော်နိုင်လျှင်။ ပြီးပြည့်စုံသော အလောင်းကြီးသာဆိုလျှင် မည်မျှကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။ ကောင်းမင် ယင်းကို တွေးတောနေမိသည်။ နောက်ထပ် မေးခွန်းတစ်ခုမှာ - ဒီအလောင်းက ဘယ်သူ့အလောင်းလဲ။ ဟန်ဟိုင်းမှာ ဘယ်သူ့ကို မြှုပ်နှံထားခဲ့တာလဲ။
သွေးမြို့တော်တိုင်းတွင် ပိုင်ရှင်ကိုယ်စီ ရှိကြပေသည်။သို့သော်လည်း ကောင်းမင်သည် နေရာအနှံ့ ရောက်ဖူးသော်လည်း ဟန်ဟိုင်းသွေးမြို့တော်ပိုင်ရှင်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ အရာအားလုံး ဖျက်ဆီးခံထားရလေသည်။
“ဒီအလောင်းကြီးက ဟန်ဟိုင်းသွေးမြို့တော် အရှင်သခင်ဟောင်းရဲ့ အလောင်း ဖြစ်နိုင်မလား”
မပြောသင့်သူသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီးနောက် လုံးဝမေ့ပျောက်ခြင်း ခံရမည်ဖြစ်သည်။ ပြန်လည်ရှင်သန်ရန် အခွင့်အလမ်း မရှိပေ။ ကောင်းမင်သည် သူ့ခန့်မှန်းချက် မှန်ကန်သည်ဟု ခံစားရသည်။
“မင်း ငါတို့ဆီကို တစ်နေ့နေ့တံခါးလာခေါက်လိမ့်မယ်ဆိုတာ ငါသိပြီးသားပါ စုံစမ်းစစ်ဆေးရေးဌာနဟာ မင်းထင်သလောက် မဆိုးယုတ်မာပါဘူး၊ ငါတို့က ငါတို့ရဲ့ မူဝါဒတွေကို ဆုပ်ကိုင်ပြီး ဒီမြို့ကြီးကို ငါတို့နည်း ငါတို့ဟန်နဲ့ ကာကွယ်နေတာပါပဲ”
သက်လတ်ပိုင်း အမျိုးသမီးက ဖြည်းဖြည်းချင်း ပြောသည်။
“ကယ်တင်ရှင်တွေဟာ ဒီသန္ဓေပြောင်းအသားကို တွေ့ရှိခဲ့ပြီးနောက် သူတို့အတွက် မသိမ်းပိုက်ခဲ့ကြဘူး၊ အဲ့ဒီအစား ဒါကို မျှော်လင့်ချက်အသစ်တစ်ခုအနေနဲ့ တန်ဖိုးထားခဲ့ကြတယ်၊ ဒီအသားပိုင်းထဲက စွမ်းအားတွေ ပိုအားကောင်းလာတာနဲ့အမျှ ကယ်တင်ရှင်တွေက ဒါကို လမ်းညွှန်ပေးခဲ့ပြီး ရှင်းလုစုံစမ်းစစ်ဆေးရေးဌာနကို နမူနာယူပြီး ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနကို တည်ထောင်ခဲ့ကြတာ”
“အရာအားလုံးဟာ အဆင်ပြေပြေ ဖြစ်သင့်တာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှင်းလုက မပြောသင့်သူတွေဟာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းကို ရွေးချယ်ခဲ့ကြတယ်၊ သူတို့ဟာ ကမ္ဘာကြီးရဲ့ ပိုနက်ရှိုင်းတဲ့ အဆင့်တစ်ခုကို စူးစမ်းလေ့လာဖို့ ရွေးချယ်ခဲ့ကြတယ်”