မဲပေးခြင်း
Vol. 46 Ch. 681
“ကျုပ်က ဟန်ဟိုင်းရဲ့ အပြင်ဘက်မှာ အိပ်မက်သရဲအဖြစ် အဆင့်တက်လှမ်းနိုင်ခဲ့တာ၊ ကျုပ်ပိုင်ဆိုင်တဲ့ စွမ်းအားက ခင်ဗျားတို့နဲ့ နည်းနည်းကွဲတယ် ၊ ကျုပ်ရထားတဲ့ စည်းမျဉ်းတွေကလည်း ဟန်ဟိုင်းအပြင်က လာတာပဲ”
ကောင်းမင်သည် ဟန်ဆောင်ကတိများပေးနေခြင်း မဟုတ်ဘဲ အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။
“အပြင်လောကမှာ ယဇ်ပလ္လင်တွေနဲ့ ယုံကြည်မှုတွေ အများကြီးရှိတယ်၊ ကမ္ဘာကြီးပေါ်မှာ သရဲတွေလိုအပ်တဲ့ ခံစားချက်အာဟာရတွေ ကြွယ်ဝနေသလို ညမှောင်ပြီးနောက်မှာလည်း အိပ်မက်ဆိုးတွေထဲမှာ ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေ မရေမတွက်နိုင်အောင် ရှိတယ်၊ ဒါတွေအားလုံးဟာ အိပ်မက်သရဲတစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ ‘အာဟာရ’ တွေပဲ”
အစည်းအဝေးစားပွဲပတ်လည်ရှိ လူငါးဦးမှာ အတွေးချင်း ဖလှယ်လိုက်ကြပြီးနောက် အငယ်ဆုံးကောင်လေးက မနေနိုင်ဘဲ ပြောလိုက်သည်။
“အနက်ရောင်မြူခိုးတွေ ထိန်းချုပ်မှုလွတ်သွားရတဲ့ အကြောင်းရင်းကို ငါတို့ စုံစမ်းပြီးပြီ၊ အမှောင်ထုထဲမှာ ပေါင်းစည်းသွားတဲ့ သွေးမြို့တော်က ဗဟိုသွေးမြို့တော်နဲ့ စစ်ဖြစ်နေတာ၊ တခြား သွေးမြို့တော်တွေက ကူညီဖို့ စိတ်ကူးမရှိကြဘဲ ရှင်းလု သွေးမြို့တော်ကိုပါ ဝိုင်းပြီး ဝါးမျိုဖို့ ကြံစည်နေကြတယ်၊ ဒါက ငါတို့အတွက် ရှားပါးတဲ့ အခွင့်အရေးပဲ”
ထိုကောင်လေး၏ စကားကြောင့် ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ နံပါတ် ၂ မှာ တင်းမာသွားသည်။ သူသည် မသေဆေးကုမ္ပဏီထဲတွင် ပိတ်မိနေခဲ့ပြီး ရှင်းလုနှင့် အဆက်အသွယ် ပြတ်နေသည်မှာ အချိန်ကြာပြီဖြစ်ရာ ထိုနေရာတွင် ဘာတွေဖြစ်နေသည်ကို လုံးဝ မသိရှိခဲ့ပေ။
“ရှင်းလု သွေးမြို့တော်ဟာ အစစ်အမှန်နဲ့ ပုံရိပ်ယောင်လောကကို ဆက်သွယ်ပေးထားတာ၊ အဲ့ဒီနေရာက အတွင်းကမ္ဘာထဲမှာ လက်တွေ့ကမ္ဘာနဲ့ အနီးစပ်ဆုံးနေရာဖြစ်ပြီး ခန့်မှန်းလို့မရတဲ့ စွမ်းအားတွေနဲ့ မှတ်ဉာဏ်တွေ စုစည်းနေတဲ့ နေရာပဲ၊ သွေးမြို့တော်ပိုင်ရှင်တွေတောင် အဲ့ဒီနေရာကို လောဘတက်နေကြတယ်၊ ငါတို့သာ အဲ့ဒီကနေ အရင်းအမြစ်တွေ လုံလုံလောက်လောက် ရနိုင်ရင် ဟန်ဟိုင်းကို ပြန်တည်ဆောက်ဖို့ တကယ့်အခွင့်အရေး ရလိမ့်မယ်”
ကောင်လေးက ကျန်လေးဦးကို ဖျောင်းဖျလိုက်သည်။ သူသည် စိတ်လိုက်မာန်ပါ ပြောဆိုနေခြင်းမဟုတ်ဘဲ သူပြောသမျှ စကားတိုင်းက ယုတ္တိရှိနေသည်။
“တကယ်လို့ ရှင်းလုက အဲ့လောက်ကောင်းနေရင် ဘယ်လိုလုပ် ငါတို့ဘက်လှည့်လာမှာလဲ”
အဖိုးအိုက တုံ့ဆိုင်းနေ၏။
“ငါတို့ ကြားဝင်လိုက်တာက ဘေးဒုက္ခတွေကို ခေါ်ဆောင်လာပြီး ငါတို့ရဲ့ ပျက်စီးမှုကို ပိုမြန်သွားစေနိုင်တယ်ကွ”
“အခွင့်အရေးဆိုတာ ရှားပါးသလို ခဏလေးပဲ ရှိနေတတ်တာ၊ တခြားသွေးမြို့တော်ပိုင်ရှင်တွေက ရှင်းလုကို ခွဲဝေယူပြီးသွားရင် ငါတို့အတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး”
ကောင်လေးက လော့ဂျစ်ကျကျ ငြင်းခုံလိုက်သည်။ သူတို့သည် စရိုက်ချင်း မတူကြသော်လည်း အားလုံးက ဟန်ဟိုင်းအတွက်ပင် ဖြစ်သည်။ စင်မြင့်အောက်တွင်မူ ကျင်းထောင်ရှန်းသည် ခေါင်းငုံ့ထားကာ ထိုမြင်ကွင်းကို အသားကျနေဟန် ရှိသည်။
ကောင်းမင်က အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ သူသည် အနာဂတ်ပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးဌာန၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိကာ ၎င်း၏လျှို့ဝှက်ချက်များကို သိရှိရခြင်းသည် ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။
“တကယ်တော့ ငါတို့ ငြင်းခုံနေစရာ မလိုပါဘူး၊ ငါတို့ သဘောမတူရင်တောင် သူက လုပ်မှာပဲ”
ကြင်နာတတ်သော မျက်နှာရှိသည့် သက်လတ်ပိုင်းအမျိုးသမီးက သူမ၏ ဆံပင်များကို သပ်တင်လိုက်သည်။
“ဟန်ဟိုင်းက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး၊ ငါတို့မှာ သူ့ကို ဖျက်ဆီးနိုင်စွမ်း မရှိတဲ့အတွက် သူ့ရဲ့ အကြံဥာဏ်ကို လက်ခံရမှာပဲ၊ ကဲ... မဲပေးကြရအောင်၊ ဟန်ဟိုင်းကနေ ထွက်ပြီး ရှင်းလုကို ဝင်ရောက်ဖို့ ပြီးတော့ သွေးမြို့တော်ပြန်လည်တည်ဆောက်ရေးအတွက် ပြင်ဆင်ဖို့… သဘောတူရင် လက်မြှောက်ကြပါ”
အငယ်ဆုံးကောင်လေးနှင့် သက်လတ်ပိုင်း အမျိုးသားတို့က လက်မြှောက်ကြသည်။ အဖိုးအိုနှင့် သက်လတ်ပိုင်းအမျိုးသမီးက မလှုပ်ရှားကြပေ။ သူတို့အားလုံးသည် ထောင့်တွင် ထိုင်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောသေးသည့် ကောင်မလေးကို လှည့်ကြည့်လိုက်ကြသည်။ သူမသည် အိပ်ပျော်နေပုံရပြီး မျက်လုံးများ မှိတ်လျက်သား ရှိနေသည်။ သူမသည် ပြင်ပကမ္ဘာတွင် ဘာဖြစ်နေသည်ကို စိတ်ဝင်စားပုံ မရပေ။
“နှစ်မဲစီနဲ့ သရေဖြစ်နေပြီ၊ သူ့ကို နှိုးလိုက်ကြစို့”
အဖိုးအိုက ကောင်မလေးကို ခေါ်ရန် ပြင်လိုက်စဉ် ကောင်းမင်က ရှေ့တစ်လှမ်း တိုးလိုက်သည်။
“ကျုပ်ရဲ့ အဆိုပြုချက်က ဟန်ဟိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ဟန်ဟိုင်းမှာရှိတဲ့ သရဲတွေ၊ မကောင်းဆိုးဝါးတွေအားလုံး မဲပေးရာမှာ ပါဝင်ရမယ်”
ညှဉ်းပန်းနှိပ်စက်ခန်း တံခါးက တဖြည်းဖြည်း ပွင့်လာပြီး အိပ်မက်သရဲများ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာလေသည်။ ကောင်းမင် လက်မြှောက်လိုက်သောအခါ သားစားကြူးနတ်ဘုရား၊ ယန်ရှီကျီး၊ ကွေ့ယွမ်၊ ရပ်ကွက်အသီးသီးမှ ကျိန်စာသင့်သတ္တဝါများနှင့် ဟန်ဟိုင်းတစ်မြို့လုံးရှိ ခြောက်ခြားဂိမ်းကစားသမားများအားလုံး ၎င်းကို ခံစားလိုက်ရသည်။ မြို့တော်အရှေ့ပိုင်း ကြီးမားလှသောအသားသစ်ပင်ကြီးက မြို့တစ်မြို့လုံး၏ ကြောက်ရွံ့မှုများကို ရှူထုတ်လိုက်သည်။ မြို့ထဲတွင် လှည့်လည်နေသော ကျောင်းသားကောင်စီဝင်များက မြောက်ဘက်သို့ လှည့်ကြည့်လာကြသည်။ အရိပ်ကမ္ဘာ၏ အနက်ရှိုင်းဆုံး နေရာများကပင် တုံ့ပြန်လာကြတော့သည်။
“ကျုပ်က ဒါကို ခင်ဗျားတို့နဲ့ ဆွေးနွေးဖို့လာတာ မဟုတ်ဘူး”
စုံစမ်းစစ်ဆေးရေးဌာနအား မည်သို့ကိုင်တွယ်ရမည်ကို ကောင်းမင် ကောင်းကောင်းသိသည်။
“ကျုပ် ခင်ဗျားတို့ကို တစ်ခါ ယုံကြည်ခဲ့ဖူးတယ်၊ ခင်ဗျားတို့က ကျုပ်ကို အမဲလိုက်ဖို့ ထောင်ချောက်ဆင်ခဲ့ကြတယ်၊ အဲ့ဒီတုန်းက ခင်ဗျားတို့ အောင်မြင်လုနီးပါး ဖြစ်ခဲ့တယ်၊ နောက်တစ်ခါ ဒီလိုထပ်မဖြစ်အောင် ဒီတစ်ခါမှာတော့ အဆိုးဆုံးအတွက် ပြင်ဆင်လာခဲ့တယ်၊ ခင်ဗျာတို့က ကျုပ်ထင်ထားတာထက် ပိုပြီးအကျိုးအကြောင်း သိတတ်လို့သာ ကျုပ်အခုထိ ထိန်းထားတာပဲ”
လူတစ်ယောက်သည် အကျိုးအကြောင်း သိတတ်၊ မတတ်ဆိုသည်မှာ အလွန်ပျော့ပြောင်းသော စံနှုန်းများဖြင့် ဆုံးဖြတ်နိုင်ပေသည်။ ကောင်းမင်၏ နည်းလမ်းသည်လည်း ရိုးရှင်းပါသည်။ စုံစမ်းစစ်ဆေးရေးဌာနအနေဖြင့် သူ့ကို ရန်သူလုပ်မည်ဆိုပါက ပေးဆပ်ရမည့် တန်ဖိုးကို မခံနိုင်အောင် လုပ်ထားခြင်းပင် ဖြစ်သည်။
“ငါတို့ တစ်ယောက်ကို တစ်မဲစီ ရမယ်၊ သူကတော့ သုံးမဲရတယ်”
သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းခါရင်း လက်မြှောက်လိုက်သည်။ သူမ၏ အမြင်အရ အိပ်မက်သရဲများသာ မဲပေးပိုင်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ဟန်ဟိုင်းအပေါ် ထိန်းချုပ်မှုကို လုံးဝ ဆုံးရှုံးသွားပြီဖြစ်သည်။
အဖိုးအိုက သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ပြည့်နေလေသည်။
“အိပ်မက်သရဲ ငါးကောင်ဆိုတာ လုံလောက်ဖို့ ဝေးပါသေးတယ်၊ မပြောသင့်သူတစ်ယောက်ကို ဝိုင်းသတ်ဖို့တောင် ခက်ခဲလိမ့်မယ်၊ မင်း အရမ်းစွန့်စားလွန်းတယ်”
“မဲပေးတာ အောင်မြင်ပြီ၊ အခု မင်းတို့ စဉ်းစားရမှာက နောက်အစီအစဉ်ကို အမြန်ဆွဲဖို့၊ အဲ့ဒီလူတွေကို ရှင်းလုကို ပို့ဖို့နဲ့ သွေးမြို့တော်ပိုင်ရှင်တွေ ကြံစည်ထားတဲ့ ဒီအမဲလိုက်ပွဲမှာ အကောင်းဆုံး အသုံးချဖို့ပဲ”
အငယ်ဆုံးကောင်လေးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သူ့စကားများက နံပါတ် ၂ ကို အကြီးအကျယ် နာကျင်စေခဲ့မှန်း သူမသိခဲ့ပေ။
ဟန်ဟိုင်းသည် အကျဉ်းထောင်တစ်ခု ဖြစ်လာခဲ့ပြီး ယခု ရှင်းလုမှာမူ စားပွဲပေါ်က အသားတစ်ပိုင်း ဖြစ်လာချေသည်။ သွေးမြို့တော်ပိုင်ရှင်များက ဓားနဲ့ ခက်ရင်းများကို အဆင်သင့် ပြင်ထားကြသော်လည်း ကယ်တင်ရှင်များကတော့ အခုထိ ပြန်မလာကြသေးပေ။
“ရှင်းလု သွေးမြို့တော်ကို ရောက်တာနဲ့ ငါမင်းကို ကယ်တင်ရှင်တွေရဲ့ ယဇ်ပလ္လင်ကို ရှာပေးမယ်၊ သူတို့ကို ဆက်သွယ်နိုင်ဖို့ ငါ့စွမ်းအားရှိသမျှ ကူညီပေးမယ်”
ကောင်းမင်က နံပါတ် ၂ ကို ခပ်တိုးတိုး ပြောလိုက်သည်။
“ဟန်ဟိုင်းက တခြားသွေးမြို့တော်ပိုင်ရှင်တွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာ၊ ဒါကြောင့် ငါက သူတို့ရဲ့ ရန်သူဖြစ်ဖို့ ကံပါလာပြီးသားပဲ၊ အခု မင်းအားကိုးနိုင်တာဆိုလို့ ဟန်ဟိုင်းပဲ ရှိတော့တယ်”
နံပါတ် ၂ ပြန်မဖြေသည်ကို မြင်သောအခါ ကောင်းမင် ဆက်မပြောတော့ပေ။
“ငါ့ရဲ့ ကတိကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး”
တကယ်တမ်း ကောင်းမင်၏ အမြင်တွင် ရှင်းလုနှင့် ဟန်ဟိုင်းသည် တစ်လှေတည်း စီးနေကြသူများ ဖြစ်သည်။ ဟန်ဟိုင်းသည် တခြားသွေးမြို့တော်များကို တစ်ဦးတည်း ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်။ ကယ်တင်ရှင်များ ပြန်လာချိန်အထိ တောင့်ခံထားနိုင်လျှင် အခြေအနေက ပြောင်းလဲသွားနိုင်သည်။
“ဟန်ဟိုင်းဟာ ရှင်းလုက ကယ်တင်ရှင်တွေကြောင့် ပြောင်းလဲလာခဲ့တာ၊ ဟန်ဟိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းအားရှိလာတာနဲ့ ရှင်းလုရဲ့ အခက်အခဲတွေကို သဘာဝကျကျ ကူညီပေးသွားမှာပါ၊ ဒါဟာ ကမ္မအကျိုးပေးပဲ ဖြစ်မှာပါ”
“ကံမ္မအကျိုးပေးတွေအကြောင်း လာမပြောနဲ့၊ မင်း လက်တွေ့ကမ္ဘာထဲ ဝင်သွားပြီးရင် သက်ရှိတွေရဲ့ ဝိညာဉ်တွေကို စတေးတာမျိုး မလုပ်ရင်ပဲ ငါကျေနပ်လှပြီ”
နံပါတ် ၂မှာ မငြင်းဆန်နိုင်တော့ပေ။ ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲမှာ ကျန်ရှိနေသည်မှာ စိတ်ဆန္ဒသက်သက်သာ ဖြစ်ပေသည်။
“ကောင်းမင်... အဲ့ဒီလမ်းကြောင်းရဲ့ တိကျတဲ့တည်နေရာနဲ့ ဖွင့်နည်းကို ငါတို့ကို ပြောပြလို့ရမလား၊ ဒါမှ ငါတို့ ပါဝင်ဖို့ သင့်တော်တဲ့ စုံစမ်းရေးမှူးတွေကို သေသေချာချာ ရွေးချယ်နိုင်မှာ”
ထိုလူအိုကြီးက သတင်းအချက်အလက် ပိုရချင်နေသော်လည်း ကောင်းမင်က စဉ်းစားမနေဘဲ ငြင်းလိုက်သည်။
“ဟန်ဟိုင်းမှာ အိပ်မက်သရဲတစ်ကောင် ဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲတယ်၊ ရှင်းလုမှာဆိုရင်တော့ အခွင့်အရေးတွေ ပိုများလိမ့်မယ်၊ ပြီးတော့ စောင့်ကြည့်သူတွေ သိသွားမှာကိုလည်း စိုးရိမ်စရာ မလိုဘူး၊ ကျုပ်အကြံပေးချင်တာကတော့ နောက်ဆုံးအဆင့်ကို တက်လှမ်းဖို့ တွန့်ဆုတ်နေတဲ့ သရဲတချို့ကို ရှာဖို့ပဲ၊ စုံစမ်းရေးမှူးတွေအတွက်တော့ ခင်ဗျားတို့ စိတ်ကြိုက် ရွေးချယ်လို့ရတယ်၊ ပထမအသုတ်မှာ နေရာ ၅၀ ပေးမယ်”
“ငါးဆယ်ပဲလား”
“ဒါတောင် တော်တော်များနေပြီ၊ နေရာတိုင်းက အရမ်းတန်ဖိုးရှိတယ်၊ ခင်ဗျားတို့ ဆုံးဖြတ်ပြီးရင် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန အဆောက်အအုံမှာ ကျုပ်ကို လာရှာလိုက်ပါ”
နှစ်ဖက်လုံးသည် အသေးစိတ်အချက်အလက်များကို အပြီးသတ် ဆွေးနွေးလိုက်ကြသည်။ ကောင်းမင်၏ ခရီးစဉ်မှာ ထင်ထားသည်ထက် ပို၍ ချောမွေ့ခဲ့သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြိုတင်ချမှတ်ထားပြီးသား ဖြစ်ပုံရပြီး သူ့အား ပြပွဲတစ်ခု လုပ်ပြနေခြင်းသာ ဖြစ်သည်။
“ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုနက်ရှိုင်းလာမှာပါ၊ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ကျုပ်လူတစ်ယောက်ကို လိုချင်တယ်၊ သူက ရှင်းလုစုံစမ်းစစ်ဆေးရေးဌာန လုံခြုံရေးဌာန ခေါင်းဆောင်ဟောင်း ဝမ်ကျားပဲ”
ဝမ်ကျားသည် မသေဆေးကုမ္ပဏီကို ကိုင်တွယ်မည့် ကောင်းမင်၏ အစီအစဉ်တွင် အလွန်အရေးပါသော ကွင်းဆက်တစ်ခု ဖြစ်သည်။
“ဝမ်ကျားလား”
တက်ကြွနေသော ကောင်လေးမှာ တိတ်ဆိတ်သွား၏။ သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးတို့ကလည်း အဖိုးအိုကို လှည့်ကြည့်လိုက်ကြသည်။
“ဒါက ခက်ခဲလို့လား”
“ငါတို့ သူ့ကို စောင့်ကြည့်ပေးဖို့ တခြားလူတစ်ယောက်ကို ကတိပေးထားလို့ပါ၊ ဒါပေမဲ့ မင်းနဲ့ ပူးပေါင်းဖို့က အခုအချိန်မှာ အရေးကြီးဆုံးပဲ၊ ယူသွားလိုက်ပါ”
အဖိုးအိုက လက်ဝှေ့ယမ်းပြလိုက်သည်။ ကျင်းထောင်ရှန်းက အမိန့်ကို နာခံလိုက်ပြီး ကောင်းမင်ကို အပြင်ဘက်သို့ ခေါ်ဆောင်သွားသည်။ သေခြင်းနှင့် ရှင်ခြင်း ပုံစံကွက်များ ထွင်းထုထားသော လမ်းကြောင်းမှာ ထပ်မံပြောင်းလဲသွား၏။ ပေတစ်ရာမြင့်သော စင်မြင့်ကြီးမှာ တဖြည်းဖြည်း ဝေဝါးလာသည်။ အမူအရာမရှိသော သက်ရှိလူသားများသည် ပြင်ပကမ္ဘာသို့ သတင်းအချက်အလက်များ ပေးပို့နေကြသည်။ စုံစမ်းစစ်ဆေးရေးဌာနသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် လည်ပတ်နေသော စစ်ပွဲယန္တရားကြီးတစ်ခုကဲ့သို့ ဖြစ်လာလေသည်။