← Chapters

ညှင်းပန်းနှိပ်စက်ခန်း၏ အကန့်အသတ်

Vol. 46 Ch. 682

ညှင်းပန်းနှိပ်စက်ခန်း၏ အကန့်အသတ်

Vol. 46 Ch. 682

“အားလုံး အဆင်ပြေခဲ့ရဲ့လား”

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အဖွဲ့ခေါင်းဆောင်သည် ကောင်းမင်ကို မြင်သောအခါ သူ့စီးကရက်ကိုပစ်ချလိုက်ပြီး အပြေးအလွှားရောက်လာ၏။

“အရမ်းကို ချောချောမွေ့မွေ့ဖြစ်လွန်းလို့ တကယ်မဟုတ်သလိုတောင် ခံစားရတယ်”

ကောင်းမင်က ကျင်းထောင်ရှန်းကို သာမန်လျံကာ ကြည့်လိုက်သည်။မြေအောက်ခံတပ်ထဲတွင် သူမပြောခဲ့သည့် အချက်တစ်ချို့ ရှိနေသေးသည်။အစည်းအဝေးစားပွဲတွင် ထိုင်နေသော လူငါးဦးသည် စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အကြီးအကဲဖြစ်ကြောင်း သိသာပေသည်။သူတို့သည် ကောင်းမင်ရောက်လာမည်ကို ကြိုသိနေပုံရပြီး သူ့အား မျှော်လင့်ချက်မြို့သစ်ထဲသို့ ပေးမဝင်ဘဲ မြေအောက်ဓာတ်ခွဲခန်းဆီသို့ တိုက်ရိုက်ခေါ်သွားခြင်းခဲ့ခြင်းဖြစ်သည်။

သူတို့သည် အလွန်ရိုးသားပုံရပြီး ကောင်းမင်အား အရေးကြီးဆုံး လျှို့ဝှက်ချက်များကို ပြသခဲ့ကြသည်။ အကြီးအကဲ၏ ဖြစ်တည်မှုအမှန်နှင့် အသားထဲတွင် ပုန်းအောင်းနေသည့် နောက်ထပ် အိပ်မက်သရဲတစ်ကောင်အကြောင်းကိုပါ တက်ကြွစွာ ထုတ်ဖော်ပြသခဲ့ကြသည်။မည်သည့် အပြစ်အနာအဆာမှ မရှိလေဟန်ပင်။ သို့သော်လည်း သူတို့သည် သားစားကြူးနတ်ဘုရား၏ အာရုံခံနိုင်စွမ်းကို လျှော့တွက်ခဲ့ကြ၏။

မျှော်လင့်ချက်မြို့သစ်အတွင်း မနီးမဝေးတစ်နေရာမှ အလွန်လျှို့ဝှက်လှသော အသိစိတ်တစ်ခုသည် ကောင်းမင်ကို တိတ်တဆိတ် ကြည့်ရှုခဲ့သေးသည်။ သားစားကြူးနတ်ဘုရားအနေဖြင့် ထိုထက်ပိုသော အချက်အလက်များကို မဖော်ထုတ်နိုင်သော်လည်း ယန်ရှီကျီးနှင့် ကွေ့ယွမ်တို့၏ မျက်စိအောက်တွင် ပုန်းကွယ်၍ မျှော်လင့်ချက်မြို့သစ်အတွင်း ရှိနေနိုင်ခြင်းက ၎င်းသည်လည်း အိပ်မက်သရဲတစ်ကောင် ဖြစ်ရမည်သာ။

ဟန်ဟိုင်စုံစမ်းစစ်ဆေးရေးဌာနချုပ်တွင် အိပ်မက်သရဲ သုံးကောင်ရှိနေခြင်းဖြစ်သည်။ မျှော်လင့်ချက်မြို့သစ်ထဲတွင် ဖုံးကွယ်ထားဆဲ လျှို့ဝှက်ချက်များ ရှိနေသေးသည်။

"အကြီးအကဲကတော့ ဝမ်ကျားကို စောင့်ကြည့်ပေးဖို့ တစ်ယောက်ယောက်ကို ကတိပေးထားတယ်လို့ ပြောခဲ့တယ၊ သူတို့က မသေဆေးကုမ္ပဏီက နံပါတ် (၀) နဲ့လည်း အဆက်အသွယ်ရှိပုံရတယ်၊ ဒါပေမဲ့ အခု နံပါတ် (၀) နဲ့ ငါ့ကြားမှာ ငါ့ကိုပဲ ရွေးလိုက်ပြီ"

ကောင်းမင်က ကျင်းထောင်ရှန်း၏ ရှေ့တွင် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ကျင်းထောင်ရှန်းကမူ မကြားချင်ယောင်ဆောင်နေခဲ့သည်။

သူတို့အဖွဲ့သည် လျှောက်လာရင်းဖြင့် ဖြူဆွတ်နေသည့် လူနာဆောင်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ထိုအခန်းထဲတွင် ဆံပင်များဖရိုဖရဲဖြစ်နေသော မျက်မမြင်တစ်ဦး ရှိနေလေ၏။

"ကပ္ပတိန်ဝမ်"

အဖွဲ့ခေါင်းဆောင်သည် အခန်းထဲသို့ ပြေးဝင်သွား၏။သူသည် သူ့ဓားဖြင့် ကြိုးများကို ဖြတ်တောက်လိုက်ပြီး ဝမ်ကျားကို ပွေ့ထူလိုက်သည်။

"နည်းလမ်းအသစ်နဲ့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား၊ ငါ့မျက်လုံးတွေ ဆုံးရှုံးသွားပေမဲ့ ဒီလောက်လှည့်ကွက်လေးကို ငါမသိဘူးလို့ မင်းတို့ထင်နေတာလား"

ဝမ်ကျား၏ အသံမှာ အားနည်းနေလေသည်။ သူပြောလိုက်သည့် စကားများအရ သူသည် ယခုအခါ အမှန်တကယ်ပင် ဒုက္ခိတဖြစ်သွားပြီဆိုသည်ကို သက်သေထူနေသည်။

"ဝမ်ကျားရဲ့ မျက်လုံးတွေ ဘယ်မှာလဲ"

ကောင်းမင်က ကျင်းထောင်ရှန်းကို ကြည့်ကာ မေးလိုက်သည်။

"ငါ တကယ်မသိဘူး"

ကျင်းထောင်ရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြရင်း "မင်းက အိပ်မက်သရဲပဲ၊ ငါ့ကိုမယုံရင် ငါ့ဦးနှောက်ကို မင်းကိုယ်တိုင် ရှာကြည့်လို့ရတယ်"

သူ့စကားပင် မဆုံးသေးမီ ကောင်းမင်က ကျင်းထောင်ရှန်း၏ ခေါင်းကို ဖမ်းဆွဲလိုက်ပြီး ဘယ်သူမှ မတုံ့ပြန်နိုင်ခင် သူ့အား ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ထိုးထည့်လိုက်လေသည်။

သူ့လုပ်ရှားမှုများက မြန်ဆန်လွန်းလှသဖြင့် မြေအောက်ခံတပ်ကို အမြဲမပြတ် စောင့်ကြည့်နေသည့် အကြီးအကဲပင် အချိန်မီ မတားဆီးနိုင်ခဲ့ပေ။ ကျင်းထောင်ရှန်းကိုယ်တိုင်လည်း လုံးဝ အထိတ်တလန့် ဖြစ်သွားရသည်။ စောစောလေးတင် ကောင်းမင်နှင့် ကောင်းကောင်းမွန်မွန် စကားပြောနေခဲ့သည် မဟုတ်ပါလား။ တစ်ဖက်လူက ဘာကြောင့် ရုတ်တရက် တိုက်ခိုက်လာရသနည်း။

ခဏချင်းမှာပင် ကျင်းထောင်ရှန်းသည် အိပ်မက်တစ်ခုအတွင်းသို့ နစ်မြုပ်သွားတော့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းမင်သည် သူ၏ မှတ်ဉာဏ်များစွာကို မွှေနှောက်ရှာဖွေပြီးသွားပြီဖြစ်သည်။

အကြီးအကဲ၏ အသိစိတ် ဝင်ရောက်စွက်ဖက်လာချိန်တွင် ကောင်းမင်က ကျင်းထောင်ရှန်းကို အသာအယာ ပြန်ဆွဲထုတ်လိုက်သည်။

"သူကိုယ်တိုင် ရှာကြည့်ဖို့ ပြောတာလေ၊ ဒါကြောင့် ခင်ဗျားကျုပ်ကို အပြစ်တင်လို့မရဘူး"

အဖွဲ့ခေါင်းဆောင်၏ ပုခုံးကို ပုတ်ရင်း ကောင်းမင်က ခေါင်းကို အသာခါလိုက်သည်။

"ကျင်းထောင်ရှန်းရဲ့ မှတ်ဉာဏ်တွေထဲမှာ ဝမ်ကျားရဲ့ မျက်လုံးတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တစ်ခုမှ မရှိဘူး၊ သွားကြစို့"

ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေသည့် ကျင်းထောင်ရှန်းကို ဂရုမစိုက်ဘဲ ကောင်းမင်နှင့် အဖွဲ့ခေါင်းဆောင်တို့သည် ဓာတ်လှေကားထဲသို့ ဝင်သွားကြသည်။

ကျိုးကျွင်းမှာ တခြားနေရာသို့ အခေါ်ခံလိုက်ရသဖြင့် ဓာတ်လှေကားထဲတွင် ပိုင်ရှောင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ပြန်မရောက်မချင်း ကောင်းမင်ကို မသိသလို ဟန်ဆောင်နေခဲ့သည်။

ဓာတ်လှေကားတံခါး ပွင့်သွား၏။ ပိုင်ရှောင်နှင့် ကောင်းမင်တို့ ပခုံးချင်းဝိုက်တိုက်မိသွားစဉ် ပိုင်ရှောင်က ကောင်းမင်လက်ထဲသို့ ပုလင်းလေးတစ်လုံးကို မသိမသာ ထည့်ပေးလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပင် ထွက်ခွာသွားသည်။

လတ်ဆတ်သော လေကို ပြန်လည်ရှူရှိုက်ရင်း ကောင်းမင်သည် ဟန်ဟိုင်းတစ်ခုလုံးတွင် နေရောင်ခြည် ဖြာကျနေသည့် တစ်ခုတည်းသော နေရာဖြစ်သော မျှော်လင့်ချက်မြို့သစ်ဆီသို့ လှမ်းကြည့်လိုက်သည်။

"အဲ့ဒီမှာ နေရောင်ခြည်ထဲ ပုန်းအောင်းနေတဲ့ အိပ်မက်သရဲတစ်ကောင် ရှိနေတာလား"

"ဘာပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေးဌာနက ကောင်တွေက လူကောင်းတွေ မဟုတ်ဘူးလို့ ငါထင်တယ်"

အဖွဲ့ခေါင်းဆောင်သည် ဝမ်ကျားကို ကားပေါ်သို့ ကူတင်ပေးလိုက်သည်။သူက လျှို့ဝှက်အချက်ပြမှု များစွာ ပြုလုပ်ပြီးမှ ဝမ်ကျားက သူ့ကို ယုံကြည်သွားလေသည်။

"ငါ့ကို မင်းကယ်တင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိဖူးဘူး"

ဝမ်ကျားသည် မျက်ခွံများကို ခက်ခဲစွာ ဖွင့်လိုက်သည်။ သူ၏ မှောင်မည်းနေသော မျက်လုံးအိမ်နှစ်ခုက ကောင်းမင်ကို အပေါက်ဖောက်မတတ် စိုက်ကြည့်နေသော်လည်း သူဘာကိုမျှ မမြင်ရတော့ပေ။

"မသေဆေးကုမ္ပဏီကတော့ နံပါတ် (၀) လက်ထဲမှာ အသုံးချစရာကိရိယာတစ်ခု လုံးလုံးဖြစ်သွားပြီ၊ မင်းကို ရှင်းလုကို ပြန်သွားစေချင်တယ်၊ အချိန်တန်ရင် သူ့ရဲ့ မျက်နှာဖုံးကို ခွာချဖို့ပေါ့"

"ငါက အခု ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ၊ ငါပြန်သွားလည်း မင်းကို မကူညီနိုင်တော့ဘူး"

ဝမ်ကျားက မျက်လုံးမှိတ်လိုက်သည်။

"နံပါတ် (၀) က အရမ်းကြောက်ဖို့ကောင်းတယ်၊ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ကောင်"

"ဒါဆို ငါ သူ့ကို ပိုတောင်တွေ့ချင်သွားပြီ"

ကောင်းမင်က ပိုင်ရှောင်ပေးလိုက်သည့် ပုလင်းကို ဖွင့်ကြည့်လိုက်သည်။ ပုလင်းထဲတွင် ပုံသဏ္ဌာန်မကျသော သင်္ကေတများဖြင့် ပြည့်နှက်နေသည့် လူ့အရေပြား အပိုင်းအစလေး တစ်ခုရှိနေလေသည်။ ၎င်းသင်္ကေတများကို အသားနှင့် ဝိညာဉ်တို့၏ သွေးဖြင့်သာ ဖတ်ရှုနိုင်မည်ဖြစ်သည်။

သွေးတစ်စက် ချလိုက်သောအခါ နားမလည်နိုင်သည့် သင်္ကေတများသည် စာသားများအဖြစ် ပြောင်းလဲသွားသည်။ စုံစမ်းစစ်ဆေးရေးဌာနချုပ်အတွင်းတွင် သွေးမြို့တော်၏ အမွေခံ(ကိုယ်စားလှယ်)သုံးဦးရှိနေပြီး တစ်ဦးချင်းစီသည် အိပ်မက်သရဲသုံးကောင်၏ ထောက်ပံ့မှုကို ရရှိထားကြောင်း ဖော်ပြထားသည်။(မှတ်ချက် - ဒီနေရာမှာ Candidate=ကိုယ်စားလှယ်လောင်းကို Heir=အမွေခံအဖြစ် သုံးထားပါတယ်)

အကြီးအကဲအသားပိုင်းသည် ကျင်းထောင်ရှန်းကို ထောက်ခံသူဖြစ်သည်။ အကြီးအကဲအသားပိုင်း ဝါးမြိုလိုက်သည့် အိပ်မက်သရဲသည် စီတုအန်းကို ထောက်ခံခဲ့ဖူးသည်။ နောက်ဆုံး အိပ်မက်သရဲကမူ မျှော်လင့်ချက်မြို့သစ်တွင် ပုန်းအောင်းနေပြီး ထိုမြို့တွင် နေထိုင်သည့် သာမန်လူသား သွေးမြို့တော်အမွေခံတစ်ဦးကို ထောက်ခံထားသည်။

"စီတုအန်းနဲ့ သူ့ကိုထောက်ခံတဲ့ အိပ်မက်သရဲကတော့ ဂိမ်းထဲက ထွက်သွားရပြီ၊ အခု ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနချုပ်က ကျင်းထောင်ရှန်းအပေါ်မှာပဲ ပုံအောထားတော့တာလား"

ကောင်းမင်သည် လူ့အရေပြားကို ပြာအဖြစ် ပြောင်းလဲလိုက်ပြီး ထိုင်ခုံတွင်မှီကာ မျက်စိမှိတ် အနားယူလိုက်သည်။

မြို့ဟောင်းသို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီဖြစ်သည်။ ကောင်းမင်သည် မွေးနေ့ဓာတ်ပုံထဲတွင် ပြောထားသည့် အိမ်ကို ရှာရန် မြို့စွန်သို့ သွားခဲ့သေးသည်။ ကံမကောင်းစွာဖြင့် အနက်ရောင်မြူများက အလွန်မြန်ဆန်စွာ ပျံ့နှံ့လာပြီး နေရာအတော်များများကို ဖုံးလွှမ်းသွားခဲ့သည်။ မြူထုထဲမှ မပြောသင့်သူများ၏ ရှာတွေ့ခံရမည်ကို စိုးရိမ်သဖြင့် သူလက်လျှော့ပြန်လာခဲ့ရသည်။

ကျန်းတင်း၏ စူပါမားကတ်သည် ယခုအခါ ခြောက်ခြားဂိမ်းကစားသမားများအတွက် လွတ်လပ်သော ဈေးကွက်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ ကျိန်စာသင့်ပစ္စည်း အမျိုးမျိုးကို လမ်းပေါ်တွင် စုပုံထားပြီး ဆိုင်ခန်းပေါင်းစုံဖြင့် ပြည့်နှက်နေလေသည်။ ခြောက်ခြားဂိမ်းကစားသမားများသည် ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်ကြပုံရသည်။ ဘယ်သူကမှလည်း ဤနေရာတွင် ပြဿနာမရှာရဲကြပေ။

"မင်း ရုတ်တရက်ကြီး ထွက်သွားလို့ ငါတော့ မင်းကို..."

ဝေတယိုက မျက်ရည်တစ်စက် ထွက်လာအောင် အတင်းညှစ်ထုတ်ရန် ကြိုးစားနေသော်လည်း ကောင်းမင်က လက်ကာပြလိုက်သည်။

"အဲ့လိုကြီး မပြောစမ်းပါနဲ့၊ ငါသေသွားတာကျနေတာပဲ"

"အချိန်တွေက ပြောင်းလဲသွားပြီ၊ လွန်ခဲ့တဲ့ လအနည်းငယ်က ငါတို့တွေ ခြောက်ခြားဂိမ်းတစ်ခု ဖန်တီးဖို့ အတူတူတိုင်ပင်နေခဲ့ကြတာ၊ အခုတော့ ငါတို့က သရဲမြို့တော်ထဲက NPC တွေ ဖြစ်နေကြပြီ"

ဝေတယိုသည် မည်သည့် သရဲစွမ်းအားမှ နိုးထခြင်း မရှိသေးပေ။ သူသည် ကြောက်တတ်ပြီး နာကျင်မှုကို မခံစားနိုင်သဖြင့် သူ့ကိုယ်ပေါ်တွင် သရဲတက်တူးများ ခတ်နှိပ်ရန် မဝံ့ရဲပေ။ သူသည် သူ့အဆက်အသွယ်များနဲ့နှင့် သရဲအပေါင်းအသင်းများ၏ အကူအညီဖြင့်သာ အဆင်ပြေပြေ နေထိုင်နေသူ ဖြစ်သည်။

"ဟုတ်တယ်၊ အချိန်တွေကုန်တာ မြန်လိုက်တာ"

သူတို့လမ်းလျှောက်လာကြစဉ် လူအနည်းငယ်ကသာ ကောင်းမင်ကို သိကြသည်။ ဆိုင်ရှင်အများစုမှာ ဝေတယိုကိုသာ နှုတ်ဆက်နေကြ၏။

"တယို၊ မင်း တကယ့်ကမ္ဘာကြီးကို မြင်ချင်လား"

"မမြင်ချင်ပါဘူး၊ ဒီမှာ နေရတာပဲ ကောင်းပါတယ်"

နှစ်ဦးသား လမ်းလျှောက်လာရင်း ဝေတယိုသည် ကောင်းမင်တစ်ယောက် မြို့ဟောင်း၏ အကြီးဆုံး လူနာဆောင်ဖြစ်သော လီစန်းဆေးရုံအတွင်းသို့ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။

ဤနေရာသည် တစ်ချိန်က စီတုအန်း၏ အခြေစိုက်စခန်းဖြစ်ခဲ့ဖူးသည်။ သူ့အမေ ပုန်းအောင်းခဲ့သည့် နေရာလည်း ဖြစ်သည်။ လုဇန်သည် စီတုအန်းနှင့်အတူ ကြောက်မက်ဖွယ်ရာ အကြံအစည်များစွာကို ဤနေရာတွင် ကြံစည်ခဲ့ကြဖူးသည်။

ဆေးရုံတံခါးကို တွန်းဖွင့်လိုက်သည်။ရေသေဖိုရမ်မှ အသိပေးချက်ကြောင့် ကစားသမားများ အားလုံး ထွက်ခွာသွားကြပြီဖြစ်သည်။ ယခုအခါ ကောင်းမင်နှင့် အရိပ်ထဲမှ ထွက်လာသော မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးများသာ ဆေးရုံထဲတွင် ကျန်ရှိတော့သည်။

"စလို့ရပြီ"

သူ့ရင်ဘတ်ကို ခွဲချလိုက်သောအခါ သွေးများ ပန်းထွက်လာပြီး လေထုထဲတွင် အသားနံ့များ လွင့်ပျံလာတော့သည်။ ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးသည် လီစန်းဆေးရုံအတွင်းတွင် ပွင့်လာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထိန်းချုပ်ထားနိုင်သည့် အတိုင်းအတာအတွင်း၌သာ ထိန်းထားသည်။

သရဲနှင့် မကောင်းဆိုးဝါးများက အရပ်ရှစ်မျက်နှာမှ လမ်းပျောက်ဝိညာဉ်များကို အေးစက်စက် စောင့်ကြည့်နေကြသည်။ လက်ရှစ်ဖက်ကလည်း ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထား၏။ ကောင်းမင်သည် ဆေးရုံခေါင်မိုးပေါ်သို့ တစ်လှမ်းချင်း တက်သွားပြီး ဆေးရုံအတွင်းရှိ သရဲနှင့် မိစ္ဆာအားလုံးကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ မောင်းသွင်းလိုက်လေသည်။

ဟန်ဟိုင်း၏စွမ်းအားများကို ပိုမိုယူဆောင်လာနိုင်ရန်အတွက် ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်း၏ ကန့်သတ်ချက်ကို သိချင်နေခြင်းဖြစ်သည်။

"ဝင်လာကြ… ငါ မင်းတို့ကို ကမ္ဘာသစ်တစ်ခုဆီ ခေါ်သွားပေးမယ်"

All Chapters