သတင်းကောင်းကို စောင့်နေပါ
Vol. 46 Ch. 690
ညအမှောင်ထု၏ အကာအကွယ်အောက်တွင် ဆင်းရဲသားရပ်ကွက်များ၌ လျှပ်စစ်မီးကို ကန့်သတ်ထားသော်လည်း လူချမ်းသာရပ်ကွက်တွင်မူ ထိန်ထိန်လင်းနေ၏။ ဇိမ်ခံဟိုတယ်များမှ ခမ်းနားသော တေးဂီတသံများ ပျံ့လွင့်နေပြီး နီယွန်မီးရောင်များက မိုးမျှော်တိုက်ကြီးများရှိ ပုပ်သိုးနေသော ဝိညာဉ်များကို အလင်းပေးနေလေသည်။
ဖိနပ်ပေါ်က ရွှံ့များကို သုတ်လိုက်ရင်း ကောင်းမင်နှင့် အဖွဲ့သားသုံးယောက်သည် တော်ဝင်ဟိုတယ်၏ နောက်ဖေးလမ်းကြားထဲတွင် ပုန်းအောင်းနေကြသည်။ သူတို့ ပတ်ပတ်လည်တွင် နံစော်နေသော အမှိုက်ပုံးများနှင့် ပြေးလွှားနေသော ကြွက်များ ရှိနေ၏။သို့သော်လည်း သူတို့၏ အကြည့်များက ထိန်ထိန်လင်းနေသော နေရာတစ်ခုဆီသို့ ရောက်နေလေသည်။ ထိုနေရာတွင် ဆွဲဆောင်မှုရှိသော ကချေသည်မလေးများက သေသေသပ်သပ်ဝတ်စားထားသော "အထက်တန်းလွှာ" ပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ကာ လှုပ်ရှားသွားလာနေကြသည်။
"သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်ပြီး အထင်မကြီးနဲ့၊ သူတို့က တခြားသူတွေထက် ပိုညစ်ညမ်းတဲ့ အလုပ်တွေကို လုပ်နေကြတာ၊ ဒီမြို့မှာ လူကောင်းဆိုတာ မရှိဘူး၊ မင်းပိုပြီး ယုတ်မာလေလေ ပိုအနေအစားချောင်လေလေပဲ"
ကျားယိုကျစ်က မနာလိုစိတ်ဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာမူ ကချေသည်မလေးများ၏ အဝတ်အစားကြားထဲသို့ ကျွံဝင်လုမတတ် ဖြစ်နေလေသည်။
"ရှင်တံတွေးတွေကို သုတ်လိုက်စမ်းပါ၊ ရှင်က အဲ့ဒီလုပ်ဖို့အတွက် အသက်ကြီးလွန်းနေပါပြီ၊ ကြည့်ရုံနဲ့တင် ကျေနပ်လိုက်စမ်းပါ"
တင်းရှန်းက ကောင်းမင်၏ ဘေးသို့ တိုးကပ်လာသည်။
"ဒါရိုက်တာလီ... ကျွန်မရဲ့ သတင်းပေးက ပြောတယ်၊ ပုမင်က ညနေ ၅ နာရီမှာ ဟိုတယ်ကို ရောက်လာပြီး အခုထိ ပြန်မထွက်သေးဘူးတဲ့"
"မင်းမှာ ဒီမှာ သတင်းပေး ရှိတာလား"
ကောင်းမင် အတော်လေး အံ့ဩသွားသည်။ လီဆန်းစီ၏ မှတ်ဉာဏ်ထဲတွင် တင်းရှန်းသည် အောက်ခြေအဆင့် သရုပ်ဆောင်မလေးသာ ဖြစ်သည်။
တင်းရှန်းက ကချေသည်မလေးများဘက်သို့ မေးငေါ့ပြလိုက်သည်။
"ကျွန်မရဲ့ နောက်ဆုံးအလုပ်က ဒါမျိုးပဲလေ"
ထပ်မမေးတော့ဘဲ ကောင်းမင်က အသံနှိမ့်လိုက်သည်။
"ငါ့အစီအစဉ်ကို ထပ်ပြောမယ်၊ ငါတို့ အထဲဝင်သွားပြီးရင် ပုမင်ကို ဖမ်းပြီး ငွေညှစ်… မဟုတ်ဘူး ၊ ဝူဝေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးနဲ့ ငါတို့အဖွဲ့ရဲ့ လစာတွေအတွက် လျော်ကြေး တောင်းမယ်၊ လူဆိုတာ အဝတ်အစားမရှိတဲ့အချိန်မှာ အားအနည်းဆုံးပဲ၊ ငါတို့ဆီမှာ ကင်မရာအသေးလေး ရှိတယ်၊ သူပြန်ခုခံဖို့ ကြိုးစားရင် အရင်ဆုံးရိုက်နှက်ပြီးမှ ဒီသက်သေတွေကို သူ့ရဲ့ တခြားရည်းစားတွေဆီ ပို့ပစ်မယ်"
"မြန်မြန် စကြရအောင်၊ ကျွန်တော် မစောင့်နိုင်တော့ဘူး"
လေးဦးသား ဟိုတယ်တံခါးမကြီးဆီသို့ လျှောက်သွားလိုက်ကြသည်။ သို့သော်လည်း သူတို့ အနားမရောက်ခင် လုံခြုံရေးဝန်ထမ်းများက တားဆီးလိုက်ကြသည်။
"ဒီနေရာက မင်းတို့ လာရမယ့်နေရာလား၊ နံစော်နေတာပဲ၊ ထွက်သွားစမ်း၊ လာဘ်ပိတ်တဲ့ကောင်တွေ"
လုံခြုံရေးအစောင့်သည် အရပ်ရှည်ပြီး ကြွက်သားများ ဖုထစ်နေ၏။ သူ့ဝတ်စုံအောက်တွင် လက်နက်တစ်ခု ဝှက်ထားပုံရသည်။
"ထွက်သွားကြစမ်း၊ မနေ့က ပြဿနာရှာတဲ့ကောင်တွေ အခုထိ ရင်ခွဲရုံထဲမှာ အေးစက်နေတုန်းပဲနော်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်တို့ အခုပဲ ပြန်လိုက်ပါ့မယ်"
ကျားယိုကျစ်သည် ထိုလုံခြုံရေးအစောင့်ကိုယ်ပေါ်က ဂိုဏ်းတက်တူးကို မြင်လိုက်ရသောအခါ အစီအစဉ်အားလုံးကို မေ့သွားပြီး ခေါင်းငုံ့ကာ နောက်ဆုတ်သွားတော့သည်။
"ဒီဟိုတယ်က အခု ခရိုင် ၃က ဝမ်ရှန့်ရဲ့အကာအကွယ်အောက်မှာ ရှိနေတာ၊ သူတို့ကို သွားရှုပ်လို့ မဖြစ်ဘူး၊ ပိုက်ဆံရလာရင်တောင် ကျွန်တော်တို့ အသက်ရှင်ရက် ပြန်ထွက်နိုင်မှာ မဟုတ်ဘူး"
"ဝမ်ရှန့်ဂိုဏ်းလား"
ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် လီဆန်းစီ၏ အမှတ်သညာများ ပေါ်လာလေသည်။ ခရိုင် ၃တွင် အဓိက အဖွဲ့အစည်း သုံးခုရှိသည်။ ဆေးဝါးလုပ်ငန်းကနေ စတက်လာသည့် ကျူးချွမ်းအဖွဲ့ ၊ ခရိုင် ၄ကို သိမ်းပိုက်ပြီး ခရိုင် ၄ထဲ ခြေဆန့်လာသော ညရဲတပ်ဖွဲ့နှင့် ဤနယ်မြေတွင် သက်တမ်းအကြာဆုံးဖြစ်သည့် ဝမ်ရှန့်ဂိုဏ်းတို့ ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဝမ်ရှန့်ဂိုဏ်း၏ နယ်မြေများသည် တဖြည်းဖြည်း လုယက်ခံနေရသဖြင့် ဂိုဏ်းသားအားလုံးမှာ မုန်းတီးမှုများ ပြည့်နှက်နေကြသည်။ ခရိုင် ၃ရပ်ကွက်တစ်ခုလုံးသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် ယမ်းပုံကြီးကဲ့သို့ ဖြစ်နေလေသည်။
"ထွက်သွားကြစမ်း"
လုံခြုံရေးဝန်ထမ်းက ရာဘာတုတ်ကို ထုတ်ပြီး ရိုက်နှက်ရန် ပြင်လိုက်စဉ် ကောင်းမင်သည် အဝေးတစ်နေရာ၌ သူ့လူများနှင့် ဝိုင်းရံထားသော ခွေးမည်းကို မြင်လိုက်ရသည်။
"ခဏလေးနေပါဦး၊ ကျွန်တော်တို့ကို ခေါ်ထားလို့ လာတာပါ"
ကောင်းမင်သည် ယနေ့မနက်မှ အတင်းအဓမ္မ ရေးခိုင်းထားခံရသည့် ခွေးမည်းနှင့် ကျူးချွမ်းအဖွဲ့၏ တံဆိပ်ပါသော အကြွေးစာချုပ်ကို ထုတ်ပြလိုက်သည်။
"ကျွန်တော် ခွေးမည်းဆီမှာ အကြွေးတွေ အများကြီး တင်နေတာပါ၊ အဲ့ဒါ လာဆပ်တာပါ"
လုံခြုံရေးဝန်ထမ်းက ထိုစာချုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ကချေသည်မလေးများနှင့်အတူ ဟိုတယ်ထဲသို့ ဘောက်ဆူးပေး၍ ကချေသည်မလေးများနှင့်အတူ ဝင်သွားကြသော ကျူးချွမ်းအဖွဲ့ဝင်များကို လှမ်းကြည့်လိုက်သည်။
ဝမ်ရှန့်ဂိုဏ်းသည် အရင်ကဲ့သို့ မဟုတ်တော့ပေ၊ အောက်ခြေအဆင့် ဂိုဏ်းသားများပင်လျှင် လှုပ်ရှားရမည်ကို တွန့်ဆုတ်နေကြသည်။ လုံခြုံရေးဝန်ထမ်းက ထိုစာချုပ်ကို ကောင်းမင်၏ ရင်ဘတ်ဆီသို့ ပစ်ပေးလိုက်ရင်း စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"ဝင်သွား၊ မင်းတစ်ယောက်တည်းပဲဝင်"
သူ့အစီအစဉ်မှာ လုံးဝ ပျက်စီးသွားပြီဖြစ်သော်လည်း ကောင်းမင်က တည်တည်ငြိမ်ငြိမ်ပင် ဝူဝေဘက် လှည့်လိုက်သည်။
"ခွေးမည်းကို 'ဂါရဝပြု' မယ့် ပစ္စည်းကို ငါ့ကိုပေးပါ"
ဝူဝေက သဘောပေါက်သွားပြီး ကင်မရာအသေးလေးတစ်လုံးပါသော ကျောပိုးအိတ်ကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။
"မင်းတို့သုံးယောက် ပြန်နှင့်ကြတော့၊ ငါ့ဆီက သတင်းကောင်းကို စောင့်နေပါ"
ကျောပိုးအိတ်ကို ဆွဲယူရင်း ကောင်းမင်သည် လုံခြုံရေးဝန်ထမ်း သံသယမဝင်စေရန်အတွက် ခွေးမည်းရှိရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဟိုတယ်အတွင်းသို့ ဝင်လိုက်သည်နှင့် နှာခေါင်းထဲသို့ လန်းဆန်းသော ရနံ့တစ်ခုတိုးဝင်လာသည်။ ကောင်းမင် အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ဖုန်းကို ကြည့်လိုက်သည်။ တင်းရှန်းက သူ့ဆီသို့ ပုမင်၏ အခန်းနံပါတ်ကို ပို့ထားသည်။ စတုတ္ထထပ် အခန်း ၄၀၁၇။
ဓာတ်လှေကားနားသို့ ချဉ်းကပ်သွားပြီး ကောင်းမင် လှစ်ခနဲဝင်လိုက်သည်။ ဓာတ်လှေကား ခလုတ်များပေါ်တွင် နံပါတ် ၄ မရှိပေ။ တတိယထပ်အပြီးတွင် ပဉ္စမထပ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
"စတုတ္ထထပ် မရှိဘူးလား"
ကောင်းမင်က နံပါတ် ၃ ကို နှိပ်ကြည့်သော်လည်း အကြိမ်ကြိမ် ကြိုးစားသော်လည်း အလုပ်မဖြစ်ပေ။ ဟိုတယ် ဓာတ်လှေကားများသည် အခန်းကတ်ရှိမှသာ အလုပ်လုပ်ခြင်းဖြစ်သည်။
သံသယမဖြစ်စေရန် ကောင်းမင်က သူ့အိတ်ကိုဆွဲကာ အပြင်သို့ ပြန်ထွက်လာလိုက်သည်။ သူသည် ကြောက်ရွံ့နေသည့် ပုံစံဖမ်း၍ ခွေးမည်းရှိရာသို့ ဦးတည်လိုက်သည်။
ရှောင်လွှဲ၍ မရတော့ပေ။ ဝန်ထမ်းများက သူ့ကို စောင့်ကြည့်နေကြပြီး အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
"ဘော့စ်... ကျွန်တော့်မှာ ဘော့စ်ကို ချမ်းသာစေမယ့် ရုပ်ရှင်အကြံဉာဏ်အသစ်တစ်ခု ရှိတယ်ဗျ"
ကောင်းမင်သည် အဝေးမှနေ၍ အသံကျယ်ကျယ် မဟုတ်ဘဲ ပြောလိုက်သည်။ ခွေးမည်းက သူ့ကို သတိမထားမိသော်လည်း ဘေးက ဝန်ထမ်းများကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူ အကွာအဝေးကို အမြန်ဆုံး လျှော့ချလိုက်သည်။ ခမ်းနားလှသော ခန်းမကြီးအတွင်း၌ ကာမဂုဏ်ခံစားမှုနှင့် ယုတ်မာမှုများမှာ ဧည့်သည်များရှေ့တွင် ပွင့်ပွင့်လင်းလင်းပင် ရှိနေကြသည်။ မီးရောင်များကိုပင် မှိန်ထားခြင်းမရှိပေ။
"မင်းတို့ကောင်တွေ ဒီနေရာကို စောင့်နေကြ"
ခွေးမည်းသည် ဝိုင်းများကို ဘိုကင်လုပ်ခဲ့ပြီးသားဖြစ်သည်။ သူ့လူများကို စိတ်ကြိုက် ပျော်ပါးခိုင်းထားကာ သူကိုယ်တိုင်တော့ စင်နောက်ရှိ သရုပ်ဆောင်များ သွားရာလမ်းကြောင်းဆီသို့ ဦးတည်သွားသည်။
"ဒီကောင် ဘာလုပ်မလို့လဲ"
ထိုလမ်းကြောင်း၏ အခြားတစ်ဖက်တွင် လုံခြုံရေးများ ရှိနေသဖြင့် ကောင်းမင် ဖြတ်သွားရန် မဖြစ်နိုင်ပေ။ သူသည် အနီးနားက ဝိုင်းတစ်ခုတွင် ထိုင်၍ ပုမင်ကို ရှာရန်စဉ်းစားနေရသည်။
ပုလင်းအလွတ်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး သစ်သီးများကြားတွင် အဝတ်အစားများ ဟိုတစ်စ ဒီတစ်စ ရှိနေလေသည်။ အရက်သည် ဆင်ခြင်တုံတရားကို ထုံထိုင်းစေသည်။ လူများသည် ဟိုတယ်ရနံ့များ၏ လှုံ့ဆော်မှုကို မခုခံနိုင်ကြတော့ပေ။ သူတို့၏မျက်နှာများမှာ နီမြန်းနေပြီး လူသားများထက် ထိန်းချုပ်မရသော တောရိုင်းတိရစ္ဆာန်များနှင့် ပိုတူနေကြသည်။
ဆူညံသံများက တေးဂီတကို ဖုံးလွှမ်းနေခဲ့သည်။ တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ပြီးနောက် ကောင်းမင် အခွင့်အရေး ရသွားသည်။
ဝမ်ရှန့်ဂိုဏ်း လုံခြုံရေးများနှင့် ခွေးမည်း၏လူများကြားတွင် ပြဿနာတက်ကြတော့သည်။ ရိုးရိုးစကားများရာကနေ စပြီး တစ်ယောက်ကိုတစ်ယောက် တွန်းထိုးကြတော့သည်။ ကောင်းမင်သည် ထိုအခိုက်အတန့်ကို အမိဖမ်းကာ စောင့်ကြည့်ကင်မရာနှင့် လွတ်သောနေရာကို ရှာပြီး ပုလင်းတစ်လုံးကို ကိုင်၍ ကိုယ်တိုင်ပါဝင်တိုက်ခိုက်လိုက်သည်။ ပဋိပက္ခမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
နှစ်ဖက်စလုံသေည် တေးဂီတသံများကြားတွင် တိုက်ခိုက်ကြတော့သည်။ ကောင်းမင်သည် တိုက်ပွဲကြားထဲမှ လုံခြုံရေးတစ်ဦး၏ အခန်းကတ်ကို ဆွဲယူလိုက်ပြီး သရုပ်ဆောင်များ သွားရာလမ်းကြောင်းထဲသို့ လှစ်ခနဲဝင်သွား၏။ သီးသန့်ဓာတ်လှေကားတစ်ခုကို သူရှာတွေ့လိုက်သည်။
အပြင် ဓာတ်လှေကားသည် အများသုံးဖြစ်သော်လည်း ဤလျှို့ဝှက်ဓာတ်လှေကားမှာ အထူးဧည့်သည်များအတွက်သာ ဖြစ်ပုံရသည်။ ဧည့်သည်များ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် စောင့်ကြည့်ကင်မရာများလည်း မရှိပေ။
ထိုနေရာတွင် စောင့်ကြပ်နေသော လုံခြုံရေးများသည်လည်း အပြင်ဘက်က ရုန်းရင်းဆန်ခတ်မှုကို သွားရောက်ထိန်းသိမ်းနေကြသည်။ ကောင်းမင်သည် ကတ်ကိုသုံး၍ ဓာတ်လှေကားထဲ ဝင်လိုက်သည်။ ဓာတ်လှေကားထဲတွင် နံပါတ် ၄ ဟူသော ခလုတ်တစ်ခုသာ ရှိသည်။
"ပုမင်က ဒီလောက်တောင် အဆင့်မြင့်တာလား၊ သူက ပဉ္စမတန်းစား သရုပ်ဆောင်တောင် မဟုတ်ဘူး၊ ရုပ်လေး ချောရုံပါပဲ"
စတုတ္ထထပ်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားပြီးနောက် ကောင်းမင်သည် ကျောပိုးအိတ်ထဲမှ ကင်မရာအသေးလေးကို အဆင်သင့်ပြင်ကာ ကော်ရစ်ဒါတစ်လျှောက် ခြေဖျားထောက်၍ လျှောက်သွားလိုက်သည်။
ကြမ်းပြင်ပေါ်တွင် ထူထဲသော ကော်ဇောများ ခင်းထားပြီး နံရံမီးအိမ်များကို ဖယောင်းတိုင်မီးအလင်းရောင်မျိုး ဖြစ်အောင် တမင်ချိန်ညှိထားသည်။ နံရံကပ်စက္ကူများပေါ်တွင်လည်း ကာမစိတ်ကို နှိုးဆွပေးသည့် ရုပ်ပုံများပါဝင်နေသည်။
အခန်း ၄၀၁၇ သည် ကော်ရစ်ဒါအဆုံးတွင် ရှိခြင်းဖြစ်သည်။ ကောင်းမင် လမ်းတစ်ဝက်လောက် ရောက်သောအခါ အခန်း ၄၀၀၃ တံခါးက ရုတ်တရက် ပွင့်လာ၏။ ရင်းနှီးနေသော နောက်ကျောနှင့် အမျိုးသားတစ်ဦးသည် ထွက်သွားရန် ပြင်နေသော်လည်း တစ်စုံတစ်ဦး၏ ဆွဲငင်မှုကြောင့် နောက်သို့ ပြန်ပါသွားသည်။
စတုတ္ထထပ်ရှိ အခန်းများမှာ အသံလုံလွန်းလှသည်။ကောင်းမင်သည် တံခါးပွင့်လာမှသာ အတွင်းထဲက စကားများသံကို ကြားလိုက်ရသည်။
"ခွေးမည်း... နင် ငါ့ကိုပေးတဲ့ ဆေးတွေက ပိုနည်းလာပြီနော်၊ ဒီအတိုင်းဆို ငါ့မောင်လေး သေသွားလိမ့်မယ်"
"ဒါဆိုလည်း နည်းနည်းပဲသုံးပေါ့ကွာ၊ လွှတ်စမ်း၊ ငါ့လူတွေ အောက်ထပ်မှာ ပြဿနာတက်နေကြပြီ"