← Chapters

အမဲလိုက်ပလန်

Vol. 46 Ch. 684

အမဲလိုက်ပလန်

Vol. 46 Ch. 684

ဝါယာကြိုးများကို တစ်ချောင်းပြီးတစ်ချောင်း ဆွဲဖြုတ်လိုက်သည်နှင့် အိပ်မက်ထဲသို့ ဝင်ရောက်သည့် ကိရိယာအားလုံးပေါ်မှ အချက်ပြမီးများ တဖျတ်ဖျတ်လင်းလာသည်။ နှစ်ပေါင်းများစွာ မှိတ်ထားခဲ့သည့် မျက်လုံးများမှာ နောက်ဆုံးတွင် ပွင့်လာကြပြီး သူတို့ အလွန်တောင့်တခဲ့ရသော လက်တွေ့ကမ္ဘာကြီးကို မြင်တွေ့လိုက်ရတော့သည်။

"ငါတို့ အိမ်ပြန်ရောက်ပြီ"

အာဟာရပျော်ရည်ထဲတွင် နစ်မြုပ်နေကြသဖြင့် ငိုကြွေးလျှင်ပင် မျက်ရည်ကို မမြင်နိုင်ကြပေ။ ဧရာမ အာဟာရကန်ကြီးထဲတွင် "အသက်ရှင်နေသည့် လူသေများ" ရာနှင့်ချီ၍ လွင့်မျောနေသော်လည်း ၅၈ ယောက်သာ နိုးထလာနိုင်ခဲ့သည်။

"ရည်ရွယ်ချက်ထက် လုပ်ရပ်ကိုပဲ ကြည့်မယ်ဆိုရင် မင်းရဲ့ အကူအညီမပါရင် ဒီလူတွေဟာ ဟန်ဟိုင်းထဲမှာ ထာဝရ ပိတ်မိနေကြမှာ"

နံပါတ် (၂) ၏ အသံက ညှဉ်းပန်းနှိပ်စက်ခန်းထဲမှ ထွက်ပေါ်လာ၏။

"ဒါပေမဲ့ ငါ မင်းကို အလေးအနက် တောင်းပန်ချင်တာကတော့ လက်တွေ့ကမ္ဘာမှာ ညှဉ်းပန်းနှိပ်စက်ခန်းတံခါးကို မဖွင့်ပါနဲ့၊ ရှင်းလုမြို့ဟာ အရိပ်တွေရဲ့ သက်ရောက်တာ ခံရလိမ့်မယ်၊ ပြီးတော့ နံပါတ် (၀) လည်း မင်းကို သတိထားမိသွားလိမ့်မယ်"

နံပါတ် (၂) ကို ပြန်မပြောဘဲ ကောင်းမင်သည် အိပ်မက်ကိရိယာကို ချွတ်လိုက်ပြီး ကျန်းတင်းကို မေးလိုက်သည်။

"ကျွန်တော် မရှိတုန်း မသေဆေးကုမ္ပဏီက လူတွေ လာစုံစမ်းတာမျိုးရှိသေးလား"

"စုစုပေါင်း ခုနစ်ဖွဲ့ လာခဲ့တယ်"

ကျန်းတင်းက ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။

"ကံကောင်းတာက ဒီသင်္ဘောကြီးက ပင်လယ်ထဲမှာ ခုတ်မောင်းနေတာလေ၊ ငါက ရေရှိတဲ့နေရာဆိုရင် အရမ်းသန်မာတယ်လေ၊ ငါက ရေကြီးတုန်းက သေခဲ့တာကိုး"

"သူတို့ စုံစမ်းပြီးပြီဆိုရင် မပြောသင့်သူစွမ်းအားတွေကို သုံးလာနိုင်တယ်၊ ငါတို့ အမြန်ဆုံး ရွှေ့ပြောင်းတာ ပိုကောင်းမယ်"

နံပါတ် (၂) က ကောင်းမင်ကို စတင် အကြံပေးလာသည်။

"တကယ်တော့ ဟန်ကျန်းမြို့က ရွေးချယ်စရာကောင်းတစ်ခုပဲ"

ကောင်းမင် ရှင်းလုမြို့သားများကို အန္တရာယ်မပေးမိစေရန် နံပါတ် (၂) သည် ကောင်းမင်အား ဟန်ကျန်းမြို့သို့ သွားရန် ဂရုတစိုက်အကြံပြုလိုက်ပြီး ကောင်းကျိုးများစွာကိုပင် စာရင်းပြုစုပြနေလေသည်။

ကောင်းမင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူပိုင်ဆိုင်ထားသည့် အင်အားကို ခန့်မှန်းတွက်ချက်ရင်း တိတ်ဆိတ်နေခဲ့သည်။

"မင်း ဘာတွေ တွေးနေတာလဲ၊ တခြား သွေးမြို့တော်တွေက မပြောသင့်သူတွေ မကြာခင်ရောက်လာတော့မယ်၊ မင်းသာ ရှင်းလုသွေးမြို့တော်ရဲ့ အကျိုးအမြတ်ကို ခံစားချင်တယ်ဆိုရင် မင်းပုန်းလျှိုးကွယ်လျှိုး နေနိုင်လေ ပိုကောင်းလေပဲ"

နံပါတ် (၂) က ဆက်လက် ဖျောင်းဖျနေ၏။ ရုတ်တရက် သူသည် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ အသိစိတ်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်ကို သတိပြုမိသွားသည်။

"မင်း..."

"ငါ ဟန်ဟိုင်းက သရဲတွေကို လက်တွေ့ကမ္ဘာထဲ ခေါ်လာဖို့ ဒီလောက်ဒုက္ခခံခဲ့တာက ဒီမှာ ဟိုပုန်းဒီပုန်း လုပ်နေဖို့ မဟုတ်ဘူး"

ကောင်းမင်၏ စိတ်ဆန္ဒက ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းသို့ စိမ့်ဝင်သွားသည်။ တစ္ဆေသရဲအားလုံး သူ့ခံစားချက်များကို ခံစားမိကြသည်။

"ငါတို့က တခြားသွေးမြို့တော်တွေက မပြောသင့်သူတွေအကြောင်း သိပ်မသိပေမဲ့ မင်းကတော့ မတူဘူး"

"ငါလား"

"မင်းက တဖက်က အခြေအနေတွေကို အကြမ်းဖျင်း သိနိုင်တယ်၊ အနည်းဆုံးတော့ မင်းကို ချုပ်နှောင်ထားခဲ့တဲ့ မပြောသင့်သူအကြောင်း မင်းနားလည်ထားတာ ရှိတယ်"

ကောင်းမင်သည် အလွန် သတ္တိရှိသူဖြစ်သည်။ မပြောသင့်သူများအကြောင်း ဆွေးနွေးခြင်းမှာ ၎င်းတို့၏ ရှာဖွေတွေ့ရှိခြင်းကို ခံရနိုင်ပြီး ကျိန်စာတိုက်ခံရနိုင်သော်လည်း သူကတော့ ဘာကိုမှ ဂရုမစိုက်ပေ။

နံပါတ် (၂) ၏ အကြွင်းအကျန် အသိစိတ်မှာ ထိတ်လန့်သွားသည်။ သူ့အသံကို ညှဉ်းပန်းနှိပ်စက်ခန်း အပြင်ဘက်သို့ မထွက်ရဲတော့ဘဲ အစွမ်းကုန် ကျုံ့ဝင်သွားလေသည်။

"မင်းရဲ့ ပစ်မှတ်က မပြောသင့်သူလား"

"မြို့တစ်ဝက်စာရှိတဲ့ လူတွေကို ယဇ်ပူဇော်တာကပဲ အိပ်မက်သရဲရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ၊ အဲ့ဒါက အရမ်းနှေးလွန်းတယ်၊ မပြောသင့်သူရဲ့ ယဇ်ပလ္လင်ကို လုယူတာက ပိုကောင်းလိမ့်မယ်"

ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်းအတွင်း၌သာ နံပါတ် (၂) နှင့် ဆက်သွယ်နေခြင်းဖြစ်သည်။

"မင်းကို ချုပ်နှောင်ထားခဲ့တဲ့ မပြောသင့်သူဟာ ငါတို့ရဲ့ ရန်သူဖြစ်ဖို့ ကံပါလာပြီးသားပဲ၊ သူ့ကိုပဲ ငါတို့ရဲ့ ပစ်မှတ် လုပ်လိုက်ကြစို့၊ ငါတို့သာ သူ့ကို အောင်အောင်မြင်မြင် အမဲလိုက်နိုင်ရင် ဟန်ဟိုင်းက အိပ်မက်သရဲတွေအားလုံး အကျိုးရှိမှာတင်မဟုတ်ဘူး၊ မင်းရဲ့ မူရင်းခန္ဓာကိုယ်ကိုပါ ကယ်ထုတ်နိုင်ပြီး ငါတို့ဘက်က အင်အား ပိုတောင့်လာလိမ့်မယ်"

ကောင်းမင်က "ငါတို့" ဟု ပြောလိုက်သည်ကို ကြားသောအခါ နံပါတ် (၂) ၏ အသိစိတ်မှာ အနည်းငယ် မိန်းမောသွားသည်။ ကယ်တင်ရှင်များ ထွက်ခွာသွားကတည်းက သူသည် ရှင်းလုကို တစ်ယောက်တည်း ထောက်ပံ့ပေးခဲ့ရသည်။ မည်သူတစ်ဦးတစ်ယောက်ထံမှ ထိုကဲ့သို့သော စကားမျိုး မကြားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

"မပြောထိုက်သူ၊ မကြားထိုက်သူ၊ မသိထိုက်သူဆိုတဲ့ အဆင့်သုံးဆင့်နဲ့ သွေးမြို့တော် နတ်ဘုရားသရဲတွေကို အဆင့်ခွဲထားတယ်၊ ငါ့ကို အကျဉ်းချထားခဲ့တဲ့သူက မသိထိုက်သူတစ်ယောက်ပဲ၊ သူ့စွမ်းအားက မင်းရဲ့ အခုရှိနေတဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်၊ မင်း သွေးမြို့တော်ကို ပြန်တည်ဆောက်ပြီးမှသာ သူ့ကို ယှဉ်တိုက်နိုင်လိမ့်မယ်"

နံပါတ် (၂) သည် သူ့ကို ကယ်တင်မည့် ကောင်းမင်၏ စိတ်ကူးအတွက် ကျေးဇူးတင်မိသော်လည်း လက်တွေ့တွင် အောင်မြင်နိုင်ခြေမှာ သုညသာ ရှိသည်။

"သူတို့သာ လက်တွေ့ကမ္ဘာမှာ ကြီးမားတဲ့ ကန့်သတ်မှုတွေနဲ့ မရင်ဆိုင်ရဘူးဆိုရင် ငါတို့တွေ အခုချိန်မှာ အပြတ်အသတ် အကုန်ရှင်းခံရပြီးလောက်ပြီ"

နံပါတ် (၂) ၏ အသိစိတ်ထဲတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ရှင်းလု သွေးမြို့တော်က အတွင်းကမ္ဘာကနေ လက်တွေ့ကမ္ဘာနဲ့ အနီးဆုံးနေရာ လမ်းကြောင်းတစ်ခုပဲ၊ သူတို့သာ ရှင်းလုကို သိမ်းပိုက်လိုက်ရင် လက်တွေ့ကမ္ဘာရဲ့ တံခါးတွေက သူတို့အတွက် ပွင့်သွားလိမ့်မယ်၊ အဲ့ဒီကျရင် ဒီကမ္ဘာကြီးမှာ ငါတို့ ပုန်းစရာနေရာ ရှိတော့မှာ မဟုတ်ဘူး"

"ဒါဆို အခု အရေးကြီးဆုံးက ရှင်းလု သွေးမြို့တော်ကိုသွားပြီး မင်းအတွက် ကယ်တင်ရှင်ရဲ့ ယဇ်ပလ္လင်ကို ရှာပေးဖို့ပေါ့ ဟုတ်လား"

ကောင်းမင်သည် နံပါတ် (၂) အကြောင်းကို ကောင်းစွာသိသည်။ တစ်ဖက်လူ၏ စကားလှည့်ပတ်ပြောဆိုမှုများသည် သူ၏အခြေခံရည်ရွယ်ချက်ကို ဘယ်တော့အခါမှ လွဲချော်ခြင်း မရှိပေ။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကယ်တင်ရှင်တွေ ပြန်မလာသရွေ့ ငါတို့မှာ အခွင့်အရေး မရှိဘူး"

နံပါတ် (၂) သည် ရန်သူအပေါ်တွင်ရော သူ့ကိုယ်သူတွင်ပါ အလွန်လက်တွေ့ကျသူဖြစ်သည်။

"အဲ့ဒီ သွေးမြို့တော်ပိုင်ရှင်တွေ ရှင်းလုကို ဘယ်လိုခွဲဝေမလဲဆိုတာ ဆွေးနွေးပြီးတာနဲ့ ငါတို့ရဲ့ သေနေ့ရောက်လာပြီပဲ"

"မင်းကတော့ တကယ်ကို အဆိုးမြင်သမားပဲ"

"မင်းသာ ဟန်ကျန်းကို တကယ်မသွားချင်ဘူးဆိုရင် မင်းကို ကူညီနိုင်မယ့် တစ်ယောက်ကို ငါသိတယ်၊ သူကတော့ လုံးဝယုံကြည်ရတဲ့သူပဲ"

နံပါတ် (၂) သည် ဤကဲ့သို့ အသေအချာ ပြောလေ့မရှိချေ။ သူသည် အမြဲတမ်းလိုလို သူ့ကိုယ်သူအတွက် လွတ်လမ်းချန်ထားတတ်သော်လည်း ယခုတစ်ကြိမ်မှာတော့ ထူးခြားနေသည်။

"ဘယ်သူလဲ"

"ဟွမ်ရင်"

"ရှင်းလုရဲ့ နံပါတ်တစ် ရာဇဝတ်ကောင်လား"

ကောင်းမင်သည် ဟွမ်ရင်အကြောင်း သိပ်မသိချေ။ တားမြစ်ဂိမ်းကစားသမားများထံမှ ရရှိထားသော အချက်အလက် အနည်းငယ်လောက်သာ သိသည်။ ဟွမ်ရင်သည် ကယ်တင်ရှင်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ပြီး သစ္စာရှိကာ အားကိုးထိုက်ပြီး အစွမ်းထက်သူဖြစ်သည်။ သူသည် အမှောင်ထုထဲတွင် တောက်လောင်နေသော မီးလျှံတစ်ခုဖြစ်ပြီး တားမြစ်ဂိမ်းကစားသမားများ၏ ယုံကြည်မှုလည်း ဖြစ်သည်။

"ဟွမ်ရင်မှာ ကယ်တင်ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိတယ်၊ တကယ်တော့ သူက ငါ့ထက်တောင် ကယ်တင်ရှင်ရဲ့ ယုံကြည်မှုကို ပိုရထားတာလေ"

နံပါတ် (၂) သည် ကောင်းမင်အား ယုံကြည်ထိုက်သူဟု သတ်မှတ်လိုက်ပြီ ဖြစ်သောကြောင့် ဟွမ်ရင် ပုန်းအောင်းနေသည့် နေရာကို ထုတ်ဖော်ပြောပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ငါသိတယ်၊ သူ့ဆီကို ခေါ်သွားပေးလို့ရတယ်၊ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ဒီသင်္ဘောပေါ်က အသက်ရှင်နေတဲ့ လူသေတွေကို အရင်ကိုင်တွယ်ရမယ်"

"သဘောတူတယ်"

ကောင်းမင်သည် ဟွမ်ရင်နှင့် ကယ်တင်ရှင်များအပေါ် အလွန် စိတ်ဝင်စားနေမိသည်။

ရှင်းလုသည် စားပွဲပေါ်က ထမင်းဝိုင်းတစ်ခုလို စားသုံးခံရတော့မည်ဖြစ်သော်လည်း သူတို့၏ သွေးမြို့တော်ပိုင်ရှင်မှာ ပြန်မလာသေးပေ။ ဘာတွေက သူတို့ကို တားဆီးနေတာလဲ။

"ကောင်းမင်"

အိပ်မက်ဝင်ကိရိယာ အချက်ပြမီး လင်းလက်လာပြီး လျှပ်စီးပတ်လမ်းကြောင်း ပြတ်တောက်သွား၏။ ဝမ်ကျား၏ အသံက ထိန်းချုပ်ရေး ဧရိယာအတွင်း ထွက်ပေါ်လာသည်။ သူသည် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး မျက်လုံးဖွင့်လိုက်သောအခါ သူ၏မျက်စိသူငယ်အိမ်များမှာ လုံးဝ ဖြူဖွေးနေလေသည်။ သူ့မျက်လုံးများသည် ယူဆောင်ခံလိုက်ရပြီဖြစ်၍ သူသည် လက်တွေ့ကမ္ဘာကြီးကို အထိတွေ့အာရုံဖြင့်သာ ခံစားသိရှိနိုင်တော့သည်။

"ကပ္ပတိန်ဝမ်၊ ကျုပ်တို့ ပြန်ရောက်ပြီ၊ ကျုပ်တို့ ပြန်ရောက်လာပြီ..."

အဖွဲ့ခေါင်းဆောင်သည်လည်း နိုးထလာသည်။သူအလေးစားရဆုံး ပုဂ္ဂိုလ်၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲတွင် ဆစ်ခနဲ ခံစားလိုက်ရသည်။

ဝမ်ကျားသည် သူရဲကောင်းတစ်ဦးဖြစ်ပြီး ဤအာဟာရကန်ထဲရှိ "အလောင်း" တိုင်းသည်လည်း သူရဲကောင်းများ ဖြစ်ကြသည်။ သူတို့သည် ဤကဲ့သို့ မဆက်ဆံခံရသင့်ပေ။

တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိလာသော ရှင်းလုစုံစမ်းစစ်ဆေးရေးဌာန လုံခြုံရေးအဖွဲ့ဝင်များသည် ကောင်းမင်ရှိရာ နေရာသို့ စုဝေးလာကြသည်။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်နှင့် အသားမကျသေးပေ။သူတို့က အလိုအလျောက်ပင် ဝမ်ကျားကို အလယ်တွင် ထားကာ ကာကွယ်ထားကြသည်။

ဟန်ဟိုင်းထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် သူတို့၏ ခန္ဓာကိုယ်များသည် သရဲတက်တူးများဖြင့် နက်နက်ရှိုင်းရှိုင်း ရောယှက်နေခဲ့ပြီဖြစ်သည်။သူတို့သည် လူလည်းမဟုတ်၊ သရဲလည်းမဟုတ်သည့် မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲနေခဲ့ချေပြီ။ သူတို့၏ ကိုယ်တွင်းအင်္ဂါများနှင့် ခြေလက်အချို့ပင် ကူးစက်ခံထားရပြီး သန္ဓေပြောင်းနေခဲ့ပြီ ဖြစ်သည်။

"မင်းတို့ နိုးလာတာ ကောင်းတယ်၊ အရင်ဆုံး အဝတ်အစားတွေ ဝတ်လိုက်ကြပါ၊ စမ်းသပ်ခန်း အပြင်ဘက်မှာ ကာကွယ်ရေးဝတ်စုံတွေ ရှိတယ်"

ပြန်လာသူအားလုံး နိုးလာပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကောင်းမင်သည် ကျန်ရှိနေသော အသက်ရှင်နေသည့် လူသေများကို ကြည့်ကာ အတွေးနက်သွားသည်။

"သူတို့တွေက ထာဝရ ထွက်ခွာသွားကြပြီ၊ သူတို့ရဲ့ ဝိညာဉ်တွေဟာ ဟန်ဟိုင်းမှာ မြှုပ်နှံခံလိုက်ရပြီး အသိစိတ်တွေလည်း လုံးဝ ပျောက်ကွယ်သွားကြပြီ"

အဖွဲ့ခေါင်းဆောင်သည် ကောင်းမင်စီစဉ်နေသည်ကို သိနေသဖြင့် ဆက်လက်မပြောရက်တော့ပေ။

"မင်း သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သုံးချင်တယ်ဆိုရင် သူတို့ရဲ့ ကံကြမ္မာကို တာဝန်ယူရမယ်၊ ပြီးတော့ သူတို့အတွက် တရားမျှတမှု ရှာပေးရမယ်"

"စိတ်မပူပါနဲ့၊ မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွားပဲ၊ သူတို့ရဲ့ စတေးမှုတွေက အချည်းနှီး ဖြစ်သွားမှာ မဟုတ်ပါဘူး"

ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် သရဲမိစ္ဆာများဖြင့် ပြည့်နှက်နေပြီး အများစုမှာ ပုံသေရုပ်သွင်များမရှိဘဲ လက်တွေ့ကမ္ဘာ၏ စည်းမျဉ်းများဖြင့် ချည်နှောင်ခံထားရသည်။ သက်ရှိလူသားတို့၏ ခန္ဓာကိုယ်များသည် သူတို့အတွက် အလုပ်ကိစ္စများကို ပိုမိုအဆင်ပြေစွာ လုပ်ဆောင်နိုင်ရန် ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

All Chapters