အကျိုးအမြတ်က အဓိက
Vol. 46 Ch. 689
ရှုပ်ထွေးမှု၊ ရူးသွပ်မှုနှင့် အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်ခြင်း။
ကောင်းမင် နိုးလာသည်မှာ နာရီဝက်ပင် မရှိသေးသော်လည်း လူတော်တော်များများက ကိုယ်တွင်းအင်္ဂါ ရောင်းစားခြင်းအကြောင်း ပြောနေကြသည်ကို သူကြားခဲ့ရပြီးပြီ ဖြစ်သည်။
ထိုဘုရားသခင် စွန့်ပစ်ထားသောနေရာတွင် ပိုက်ဆံမရှိလျှင် သင်၏ ကိုယ်တွင်းအင်္ဂါများပင်လျှင် သင့်ကိုယ်ပိုင် မဟုတ်တော့ချေ။
"ဒါရိုက်တာလီ၊ တစ်ခုခု ပြောဦးလေ၊ အားလုံးရဲ့ တစ်နှစ်စာလစာတွေကို ဘယ်တော့ ပေးမှာလဲ"
"စောစောကပြောတော့ ခြောက်လစာဆို"
ကောင်းမင်က ကျားယိုကျစ်ကို စိုက်ကြည့်လိုက်သည်။ ထိုအကောင်က အတော်လေး အရှက်မရှိမှန်း သိထားသဖြင့် သူစကားများမနေတော့ဘဲ အတည်ငြိမ်ဆုံးပုံစံ ပေါက်သည့် ဝူဝေကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း ဒီကို လာခဲ့ဦး"
"ရှင် ကျွန်မကို အခွင့်အရေးယူဖို့ ကြိုးစားနေတာလား"
ဝူဝေက စတူဒီယိုထဲတွင် အဖိုးတန်ဆုံးဖြစ်သည့် ကင်မရာကို ပိုက်ထားလေသည်။
"ဒီလို အခြေအနေမှာတောင် ရှင်က ဒါမျိုးတွေ ကြံစည်နိုင်သေးတယ်ပေါ့"
ကောင်းမင်၏ လက်များက ဒေါသကြောင့် တုန်ရီလာတော့သည်။
"ဒီလို အခြေအနေမှာတောင် ဒါမျိုးတွေ စဉ်းစားနေတာက မင်းတို့ မဟုတ်ဘူးလား၊ ငါ ပိုက်ဆံရှာဖို့ လိုနေတယ်၊ အဲ့တော့ အားလုံးပါးစပ်ပိတ်ပြီး ငါ့ကို အေးအေးဆေးဆေး စဉ်းစားခွင့်ပေးကြစမ်းပါ"
ကောင်းမင်သည် နားထင်ကို ဖိထားရင်း ကျားယိုကျစ် ယူလာပေးသည့် သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ မပြောသင့်သူ၏ ယဇ်ပလ္လင်ကမ္ဘာတိုင်းသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အိပ်မက်သရဲများက တိတ်တဆိတ် ကျူးကျော်ဝင်ရောက်၍ ၎င်း၏ အနှစ်သာရအူတိုင်ကို ရှာဖွေကာ တဖြည်းဖြည်း ဝါးမြိုရမည်ဖြစ်သည်။
အကယ်၍ အိပ်မက်သရဲသည် ယဇ်ပလ္လင်ကမ္ဘာစည်းမျဉ်းများ၏ ခွင့်ပြုထားသည်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်သုံးလိုက်ပါက မပြောသင့်သူက ချက်ချင်းအာရုံခံမိသွားမည်ဖြစ်ပြီး ဖျက်ဆီးခြင်း သို့မဟုတ် ယဇ်ပလ္လင်ထဲမှ နှင်ထုတ်ခြင်းကို ခံရပေလိမ့်မည်။
လက်ရှိတွင် ဤမြို့၌ သာမန်လူသားများသာ အဓိက နေထိုင်ကြသဖြင့် ဟန်ဟိုင်းမှ သရဲနှင့် မကောင်းဆိုးဝါးများသည်လည်း စည်းမျဉ်းများအောက်တွင် ကန့်သတ်ခံထားရသည်။ ယဇ်ပလ္လင်၏ အနှစ်သာရကို မတိုက်စားနိုင်သေးခင်အထိ စွမ်းအားအမြောက်အမြား ထုတ်သုံး၍ မရနိုင်သေးပေ။
အားကိုးမရသော လက်အောက်ငယ်သား သုံးဦးနှင့်အတူ ကောင်းမင်သည် လီဆန်းစီ၏ မှတ်ဉာဏ်များထဲမှ သဲလွန်စများကို သူ့ဘာသာ ရှာဖွေရတော့သည်။ သူတို့ နေထိုင်သော ဤမြို့သည် တရားဝင်အမည်မရှိဘဲ စတင်တည်ရှိကတည်းက ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ခရိုင် ၁၃ ခုကို လူမိုက်ဂိုဏ်း ၂၀ ကျော်က သိမ်းပိုက်ထားပြီး အစိုးရကောင်စီဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်။ ဂိုဏ်းများ၏ သဘောတူညီချက်မပါဘဲ မည်သည့် အဆိုပြုချက်ကိုမျှ အကောင်အထည် မဖော်နိုင်ပေ။
"မပြောသင့်သူကို ပထမဆုံးအကြိမ် အမဲလိုက်ရတာဆိုတော့... ငါတို့မှာ အတွေ့အကြုံ မရှိသေးဘူး..."
ကောင်းမင် သူ့ဘာသာ စဉ်းစားနေစဉ် သူ၏လက်အောက်ငယ်သား သုံးဦးက ကာတွန်းဝတ်စုံများကို ချွတ်လိုက်ကြပြီး စတူဒီယိုထဲတွင် ပိုက်ဆံနှင့်လဲလှယ်နိုင်မည့် ပစ္စည်းများကို စတင်မွှေနှောက် ရှာဖွေနေကြပြီ ဖြစ်သည်။
“ရှောင်ဝူ... ဒီကင်မရာကိုပဲ ရောင်းလိုက်ပါလား။ မင်း လူပျောက်ကြော်ငြာတွေ ကပ်ဖို့နဲ့ လူမိုက်ဂိုဏ်းတွေဆီကတစ်ဆင့် မင်းရဲ့လူယုတ်မာ ရည်းစားကို ရှာဖို့ ပိုက်ဆံလိုတယ် မဟုတ်လား”
“သူ့အကြောင်းကို ကျွန်မရှေ့မှာ လာမပြောနဲ့”
“အဲ့ဒီကောင်က စကားပြောကောင်းတယ်လေ၊ အခုဆိုရင် သူဌေးမကြီး တစ်ယောက်ယောက်ရဲ့ အိပ်ရာပေါ် ရောက်နေလောက်ပြီ”
ကျားယိုကျစ်က မီးလောင်ရာလေပင့် လုပ်လိုက်သည်။
“ငါက ပြဿနာရှာချင်လို့ ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ရည်းစားဟောင်းက တကယ့် လူလိမ်ကောင်ပဲ၊ သူက သူဌေးမတွေဆီက ပိုက်ဆံလိမ်ရုံတင်မကဘဲ မင်းလို ဆင်းရဲတဲ့ ကျောင်းသူလေးကိုတောင် လိမ်သွားသေးတယ်၊ တကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်ပဲ”
“သေစမ်း”
ဝူဝေက ကင်မရာကို ချလိုက်ပြီး လက်သီးစာကျွေးရန် ကျားယိုကျစ်နောက်သို့ လိုက်တော့သည်။ တင်းရှန်းကတော့ ကျားယိုကျစ်နှင့် ကြိုတင်တိုင်ပင်ထားသကဲ့သို့ ကင်မရာကို ဆွဲယူကာ အပြင်သို့ ထွက်ပြေးရန် ပြင်လိုက်သည်။
အားလုံး ဖရိုဖရဲ ဖြစ်နေကြတော့သည်။ တင်းရှန်းက ကင်မရာကို "ခိုးယူ၍" ထွက်သွားခါနီးတွင် အခန်းထဲရှိ လူလေးဦးလုံး၏ ဖုန်းများသည် တစ်ပြိုင်နက်တည်း အရေးတကြီးမြည်လာကြသည်။
ကောင်းမင်က လီဆန်းစီ၏ ဖုန်းကို ကြည့်လိုက်သည်။ အစိုးရကောင်စီထံမှ အရေးပေါ် သတိပေးချက်တစ်ခု ရောက်ရှိလာခြင်း ဖြစ်သည်။
"ပြည်သူများ သတိပြုရန်၊ သံသယဖြစ်ဖွယ် ပြင်ပလူများကို တွေ့ရှိပါက နီးစပ်ရာဂိုဏ်းသို့ ချက်ချင်း ဆက်သွယ်ပါ၊ သင့်ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက်သည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး တစ်ခြားလူဖြစ်သွားသည်ဟု ခံစားရပါက မြို့တော်ခန်းမသို့ ချက်ချင်းသတင်းပို့ပါ။ သတင်းပို့မှုတစ်ခုစီအတွက် ဆုငွေ ၅၀၀ ပေးအပ်မည်ဖြစ်ပါသည်"
အစိုးရကောင်စီ၏ အရေးပေါ် သတိပေးချက်အပြီးတွင် လီဆန်းစီ၏ ဖုန်းထဲသို့ လူမိုက်ဂိုဏ်းများထံမှ အလားတူသတင်းစကားများ ထပ်မံရောက်ရှိလာသည်။
"တစ်ခြားလူ ဖြစ်သွားတာလား၊ လူစားထိုးခံရတာလား"
ကျားယိုကျစ်နှင့် ကျန်သူများမှာလည်း ထိုသတင်းစကားများကို လက်ခံရရှိကြသဖြင့် သူတို့မျက်နှာများက ရှုပ်ထွေးသွားကြသည်။ ကောင်းမင်၏ မျက်ခွံများမှာမူ အနည်းငယ် လှုပ်ခတ်သွား၏။
"ဒီမြို့ကို ကိုယ်စားပြုတဲ့ အစိုးရကောင်စီနဲ့ ဂိုဏ်းကိုယ်စားလှယ်တွေရဲ့ နောက်ကွယ်က မပြောသင့်သူရဲ့ အသိစိတ်လား၊ သူ့ရဲ့ တန်ပြန်တိုက်စစ်က စနေပြီပေါ့"
ဂိုဏ်းများနှင့် မပြောသင့်သူကြားက ဆက်ဆံရေးကို ကောင်းမင် ရှင်းရှင်းလင်းလင်း မသိချေ။ သို့သော်လည်း ဂိုဏ်းများ၏ လက်ထဲကိုတော့ လုံးဝကျရောက်၍ မရဟူသော ဆိုးဝါးသည့် အာရုံတစ်ခုကို သူရရှိထားသည်။
"ငါ့ကို အကြွေးဆပ်ဖို့ ပြည်သူ့အကျိုးပြုကြော်ငြာ ရိုက်ခိုင်းတဲ့ သက်လတ်ပိုင်းလူရဲ့ နာမည်က ခွေးမည်းတဲ့၊ သူက ခရိုင် ၃က ကျူးချွမ်းအဖွဲ့ရဲ့ အောက်ခြေခေါင်းဆောင်တစ်ယောက်ပဲ၊ ရုပ်ရှင်ဖြန့်ချိရေးနဲ့ ထုတ်လုပ်ရေးကို တာဝန်ယူရတယ်၊ သူက အမြတ်အနည်းဆုံး အလုပ်ကို လုပ်ရပေမဲ့ အစိုးရိမ်တတ်ဆုံးလူပဲ၊ တကယ်လို့ သူငါ့ကို ပြန်ခေါ်သွားရင် ဂိုဏ်းမှာ လူတစ်ယောက် အစားထိုးခံထားရတာ ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ ကိရိယာတွေ ရှိနိုင်တယ်"
အိပ်မက်သရဲများ၏ ကျူးကျော်ဝင်ရောက်ခြင်းသည် သတိမထားမိနိုင်သော်လည်း အိပ်မက်သရဲ၏ စရိုက်နှင့်မှတ်ဉာဏ်မှာ မူလပိုင်ရှင်နှင့် အနည်းငယ် ကွဲပြားနိုင်သဖြင့် လုံးဝ အပြစ်အနာအဆာ မရှိဟုတော့ ပြောမရပေ။
"ပိုဆိုးတာက လီဆန်းစီက ရုပ်ရှင်ရိုက်ဖို့အတွက် သူ့အိမ်ကို ဂိုဏ်းတွေမှာ အကြိမ်ကြိမ် ပေါင်ထားပြီးသား၊ နောက်အပတ် အတိုးမဆပ်နိုင်ရင် သူတို့ တံခါးလာခေါက်မှာ သေချာတယ်"
ကောင်းမင်သည် လီဆန်းစီကို အားရပါးရ ပါးရိုက်ချင်စိတ် ပေါက်သွားသည်။ ဤကဲ့သို့ ရှုပ်ထွေးမှောင်မည်းနေသော မြို့ပျက်ကြီးထဲတွင် သူ ဘယ်လိုရုပ်ရှင်မျိုး ရိုက်နိုင်မည်နည်း။
ယဇ်ပလ္လင်ကမ္ဘာထဲသို့ ဆင်းသက်လာပြီးနောက်တွင် ပုန်းစရာနေရာမရှိပေ။ အိပ်မက်သရဲအတွက် တစ်ခုတည်းသော ဘေးကင်းရာမှာ လူအုပ်ကြားထဲတွင် ပုန်းအောင်းနေခြင်းသာ ဖြစ်သည်။
"သူတို့ ငါတို့ကို အမြန်ရှာမတွေ့စေဖို့ ပိုက်ဆံရှာမှရမယ်"
ကောင်းမင်တွင် ဘာသဲလွန်စမှ မရှိသေးသဖြင့် သူ၏ ကံဆိုးမိုးမှောင်ကျနေသော လက်အောက်ငယ်သား သုံးယောက်ကို ကြည့်လိုက်သည်။
"ကင်မရာ တစ်လုံးတည်းနဲ့ ရန်ဖြစ်နေလို့ ဘာထူးမှာလဲ၊ အဲ့ဒီပိုက်ဆံက လောက်မှာမို့လို့လား"
ကောင်းမင် ထရပ်လိုက်ပြီး တင်းရှန်းဆီသို့ လျှောက်သွားလိုက်သည်။
"ဒါက မင်းရဲ့ လွတ်လပ်ခွင့်ကို ဝယ်ဖို့ လောက်ပါ့မလား၊ မင်း လိုချင်တဲ့ အိတ်တွေ၊ အလှကုန်တွေကို အရူးအမူးဝယ်ဖို့ လောက်ပါ့မလား၊ မင်း ဒီတံခါးက ထွက်သွားရင် နောက်တစ်ခါ ငါတို့ပြန်ဆုံမှာက တားမြစ်(Ban)ထားတဲ့ ရုပ်ရှင်စတူဒီယိုမှာ ဖြစ်လိမ့်မယ်၊ မင်းက မင်းရဲ့ ခန္ဓာကိုယ်ကို ရိုက်ကူးနေရပြီး ငါကတော့ ငါ့ရဲ့ကလီစာတွေကို ရိုက်ကူးနေရလိမ့်မယ်"
တင်းရှန်းကို ကြည့်မနေတော့ဘဲ ကောင်းမင်က ဝူဝေဆီသို့ ဆက်လျှောက်သွားသည်။
"ပြီးတော့ မင်း... မင်း တကယ်ပဲ ဒီလိုအနိုင်ကျင့်ခံနေတော့မှာလား၊ မင်းသာ ငါ့သမီးဆိုရင် အခုချိန်မှာ..."
"ကျွန်မ ကတ်ကြေးယူပြီး အဲ့ဒီလူယုတ်မာရဲ့ ပစ္စည်းကို ဖြတ်ပစ်လိုက်မှာ"
ဝူဝေ၏ လက်များကို ဖယ်ရှားပေးလိုက်ပြီးနောက် ကောင်းမင်သည် ကျားယိုကျစ်ကို ဆွဲထူလိုက်သည်။
"ဒီအဖွဲ့ထဲမှာ မင်းက အပါးနပ်ဆုံးပဲ၊ ငါ မင်းကို အလေးစားဆုံးပဲ၊ ဒါကြောင့်လည်း ငါမင်းကို ပစ္စည်းထိန်းခန့်ပြီး ဒီလို အရေးကြီးတဲ့ တာဝန်ကို ပေးခဲ့တာပေါ့၊ မင်း လစာ လိုချင်တာလား ၊ ပြဿနာမရှိဘူး၊ အဲ့ဒါက မင်းရသင့်ရထိုက်တာပဲ၊ ဒါပေမဲ့ အရင်ဆုံး ပြောပြပါဦး... ငါတို့ ပတ်သက်ခဲ့ဖူးတဲ့လူတွေထဲမှာ ဘယ်သူက အဆိုးဆုံး လူယုတ်မာလဲ ၊ ဘယ်သူက အဆိုးဆုံး လူလိမ်ကောင်လဲ၊ ဘယ်သူက အချမ်းသာဆုံးလူလဲ"
ကျားယိုကျစ်၊ ဝူဝေနှင့် တင်းရှန်းတို့က သူ့ကို ကြည့်နေကြကြောင်း သတိထားမိလိုက်သဖြင့် ကောင်းမင်က မည်းမှောင်သော မျက်နှာထားဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"ငါနဲ့ မင်းတို့သုံးယောက်ကိုတော့ ဖယ်ထားလိုက်"
"ဒါဆိုရင်တော့ ပုမင်ပဲ ဖြစ်ရမယ်"
တင်းရှန်းက ကင်မရာကို မနိုင်မနင်း ပြန်သယ်လာ၏။
"သူက ဝူဝေဆီက ပိုက်ဆံလိမ်သွားတဲ့ ပလေးဘွိုင်းကောင်ပဲ၊ ကျွန်မတို့အဖွဲ့ထဲက သရုပ်ဆောင်တစ်ယောက်ပေါ့၊ သူ့မှာ ရည်းစားတွေ အများကြီး ရှိတယ်၊ အခုလည်း အရမ်းချမ်းသာတဲ့ မိန်းမအသစ်တစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတယ်၊ ဒါပေမဲ့ သူက အတ္တကြီးတော့ တခြားရည်းစားဟောင်းတွေနဲ့ အဆက်အသွယ် ဖြတ်ထားတယ်လေ"
"ပုမင်မှာ ရည်းစားတွေ အများကြီး ရှိတာလား"
ဝူဝေက တင်းရှန်းကို ဒေါသတကြီး ဆွဲလိုက်သည်။
"နင် ဘာတွေ မနာလို ဖြစ်နေတာလဲ၊ အတိအကျပြောရရင် နင်က သူ့ရည်းစားတောင် မဟုတ်ဘူး၊ နင်က အဆင့်အနိမ့်ဆုံး ပိုက်ဆံအိတ်လေးပဲ၊ အဲ့ဒါတောင် အရမ်းဆင်းရဲတဲ့ ပိုက်ဆံအိတ်လေးပေါ့"
"ငါ နင့်ကို ... မယ်"
"တော်ကြစမ်း"
ကောင်းမင်က အမျိုးသမီးနှစ်ဦးကို အမြန်ဆွဲလိုက်သည်။
"အခုက ဘယ်လိုအချိန်ရှိနေပြီလဲ၊ အချစ်ရေးအကြောင်း စဉ်းစားနေတုန်းလား၊ တင်းရှန်း... မင်း ပုမင်အကြောင်း တစ်ခုခုစုံစမ်းနိုင်မယ်လို့ ယုံကြည်ချက်ရှိလား၊ ဝူဝေအတွက် လက်စားချေပေးတာက တစ်ပိုင်းပေါ့၊ အဓိကက ငါတို့ပိုက်ဆံရဖို့ အကြောင်းပြချက် လိုတယ်"
ပိုက်ဆံအကြောင်း ကြားရသောအခါ တင်းရှန်းက ချက်ချင်းငြိမ်ကျသွားပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်။
"အဲ့ဒီကောင်က ဒီလောကထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်၊ သူက မိန်းကလေးတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ခဏခဏဖြန့်တတ်တယ်၊ သူက ဟိုတယ်တစ်ခုနဲ့ တိတ်တဆိတ် ပတ်သက်နေတာကို ကျွန်မသိတယ်၊ ကျွန်မတို့ အဲ့ဒီဟိုတယ်နားမှာ သွားစောင့်ကြည့်ရင် တစ်ခုခုတော့ ရမှာသေချာတယ်"
"တကယ့်ကို အရှက်မဲ့တဲ့ လူလိမ်ကောင်ပဲ"
ကောင်းမင်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကောင်းပြီ၊ ဒီည သူ့ကို သွားချောင်းကြမယ်"