လူလိမ်တစ်သိုက်
Vol. 46 Ch. 688
ယဇ်ပလ္လင်တံခါး ပွင့်သွားသည့်နှင့် တစ်ပြိုင်နက် လူတိုင်း၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ကြိုတင်အသိပေးချက်မရှိဘဲ ဟိန်းထွက်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။
အမှောင်ထု၏ ကျူးကျော်မှုကို ခုခံနိုင်သူ အနည်းငယ်သာရှိသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ထုသည် နေရာတိုင်းတွင် ရှိနေသောကြောင့်ဖြစ်သည်။ နှလုံးသား၏ အနူးညံ့ဆုံးသော ထောင့်စွန်းများနှင့် ဝေဝါးနေသော မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးနေရာများတွင် အမှောင်ထုက ကိန်းအောင်းနေတတ်ပြီး သတိပြုမိချိန်တွင် အရောင်အသွေးအားလုံးမှာ ဝါးမြိုခံရပြီး ဖြစ်နေတတ်သည်။
"အမှောင်ထဲက သရဲတွေ လာနေပြီဟေ့"
ဟွမ်ရင်၏ အော်ဟစ်သံက သေလုအောင်တိတ်ဆိတ်နေသော အမှောင်ထုကို ဖြိုခွင်းလိုက်သည်။
"တိုက်ကြ"
သူ့ခန္ဓာကိုယ်တွင် ချည်နှောင်ထားသော ကြိုးများကို ဖြည်မနေတော့ဘဲ ကောင်းမင်၏ တစ်ကိုယ်လုံးမှ သွေးမြို့တော်သရဲတက်တူး ပွင့်ထွက်လာ၏။ လေထုထဲတွင် အသားနံ့များ ပျံ့လွင့်လာပြီး တောက်ပသော သွေးရောင်အလင်းတန်းများက အဆုံးမဲ့အမှောင်ထုကြီးကို အက်ကြောင်းထင်အောင် ခွဲပစ်လိုက်သည်။
မည်သည့်အချိန်က ပွင့်သားမှန်းမသိသော ညှဉ်းပန်းနှိပ်စက်ခန်း တံခါးထဲမှ ဟန်ဟိုင်းမှ သေဆုံးပြီးသော ဝိညာဉ်များသည် ယဇ်ပလ္လင်နှင့်အတူ အမှောင်ထဲတွင် ပုန်းကွယ်နေသော ရုပ်တုဆီသို့ အလုံးအရင်းနှင့် တိုးဝင်သွားကြသည်။ အိပ်မက်သရဲသုံးကောင်၏ စွမ်းအားများ ရောယှက်သွားပြီး မရေမတွက်နိုင်သော လက်များသည် မပြောသင့်သူရုပ်တုအတွင်းသို့ တိုးဝင်ထိုးဖောက်သွားကြတော့သည်။
"အိပ်မက်လွှတ်စမ်း"
ဤသည်မှာ ဟန်ဟိုင်းသွေးမြို့တော် ပျက်စီးသွားပြီးကတည်းက အိပ်မက်သရဲများက မပြောသင့်သူတစ်ပါးကို ပထမဆုံးအကြိမ် အမဲလိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ဟန်ဟိုင်း၏ တခြားသွေးမြို့တော်များကို ပေးခဲ့ဖူးသည့် ခြောက်ခြားမှုများသည် ကောင်းမင်လက်ထဲတွင် ပြန်လည်အသက်ဝင်လာသလိုပင်။
"ဖြတ်၊ ဖြတ်၊ ဖြတ်စမ်း"
"ဒါက ဘယ်လို အမှိုက်တွေလဲကွ၊ ချီးပဲ… မင်း ငါ့ပိုက်ဆံတွေကို သုံးပြီး ဖင်သုတ်လိုက်တာမှ ပိုတန်ဦးမယ်"
ထူထဲသော ဇာတ်ညွှန်းစာလိပ်တစ်ခုက ကောင်းမင်၏ ခေါင်းပေါ်သို့ အားဖြင့် ရိုက်ချလိုက်သဖြင့် ဝေဝါးနေသော သူ၏မျက်လုံးများက ချက်ချင်း အာရုံပြန်စိုက်လာသည်။
အိပ်မက်သရဲက ဆင်းသက်လာခဲ့ချေပြီ။ သူနှင့် ညှဉ်းပန်းနှိပ်စက်ခန်းထဲက မကောင်းဆိုးဝါးများသည် မပြောသင့်သူ၏ ကမ္ဘာဖြစ်သော အမှောင်ယဇ်ပလ္လင်ထဲသို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
"မင်းရဲ့ မျက်လုံးတွေကို ပြူးကြည့်လိုက်စမ်း၊ မင်းလုပ်ထားတဲ့ ဒီအမှိုက်တွေကို ကြည့်ဦး၊ ကောင်စုတ်လေး"
သူ၏ အင်္ကျီကော်လံသည် ကြမ်းတမ်းစွာ ဆွဲကိုင်ခံလိုက်သည်။ ကောင်းမင်သည် အနက်ရောင် ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် သက်လတ်ပိုင်းတစ်ဦး၏ ဆွဲခေါ်ရာသို့ ပါသွားကာ တီဗီဖန်သားပြင်ရှေ့သို့ ရောက်ရှိသွားသည်။ ရှေးဟောင်းပုံစံ တီဗီသေတ္တာလေးထဲတွင် ရုပ်ရှင်ရုံအတွင်း ဆူညံသံမလုပ်ရန် တိုက်တွန်းသည့် ပြည်သူ့အကျိုးပြု ကြော်ငြာတစ်ခုကို ပြသနေလေသည်။
ကာတွန်းဇာတ်ကောင် သုံးကောင်က ရုပ်ရှင်ရုံထဲတွင် ဆူညံစွာအော်ဟစ်ကစားနေကြသဖြင့် လုံခြုံရေးဝန်ထမ်းများက အပြင်သို့ မောင်းထုတ်လိုက်သည့် ပြကွက်ဖြစ်သည်။
"ဒါက ခွေးချေးပဲ၊ မင်းဇာတ်လမ်းကို ခွေးချေးလို့ ပြောရင် ခွေးချေးကို စော်ကားရာ ရောက်တယ်"
ထိုလူက ကောင်းမင်၏ ခေါင်းကို တီဗီထဲသို့ အတင်းတိုးထည့်လိုက်သည်။
"ဟိုလူတွေ ဘာလုပ်ထားလဲဆိုတာ သေချာကြည့်စမ်း"
သူက လက်ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ တက်တူးထိုးထားသော လူနှစ်ယောက်က လိုင်းပြောင်းလိုက်သည်။ တီဗီဖန်သားပြင်ပေါ်တွင် ကြော်ငြာအသစ်တစ်ခု ပေါ်လာသည်။
မှောင်မည်းနေသော ရုပ်ရှင်ရုံထဲတွင် ကြည့်ရှုသူတစ်ဦး၏ ထိုင်ခုံမှာ ရုတ်တရက် အားဖြင့် အကန်ခံလိုက်ရသည်။ ရှေ့ခုံတန်းက ကလေးက ငိုယိုနေသည်။ ဘေးနားက စုံတွဲက ရုပ်ရှင်ဇာတ်လမ်းအကြောင်းကို ကျယ်လောင်စွာပြော၍ Spoils လုပ်နေသည်။ ထိုကြည့်ရှုသူက လူတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် လာရှင်းပြလေသည်။သူက ဆူညံသံမလုပ်ရန် တောင်းဆိုနေသည်။ သို့သော် ဘယ်သူမှ နားမထောင်ပေ။ အကြိမ်ကြိမ် ပြောဆိုပြီးနောက်တွင် ထိုကြည့်ရှုသူသည် သူ့အိတ်ထဲမှ ရိုင်ဖယ်သေနတ်တစ်လက်ကို ထုတ်လိုက်ပြီး ထိုင်ခုံပေါ်တက်ကာ ရမ်းသန်းပစ်ခတ်တော့သည်။
ရုပ်ရှင်ထဲက အသံသက်ရောက်မှုများနှင့် ကြည့်ရှုသူ၏ သေနတ်သံများသည် ဖန်သားပြင်ပေါ်တွင် ထပ်တူကျနေပြီး အသွေးအသားများ နေရာအနှံ့ လွင့်စင်သွားသည်။ နောက်ဆုံးတွင် ဖန်သားပြင်ပေါ်၌ သွေးစွန်းနေသော စာသားတစ်ခု ပေါ်လာလေသည်။
"ကျေးဇူးပြု၍ ရုပ်ရှင်ရုံအတွင်း ဆူညံသံမပြုလုပ်ပါနှင့်"
"ကြည့်စမ်း၊ ဒါမှ အနုပညာကွ၊ မင်းကတော့ ငါ့ပိုက်ဆံတွေကို အကုန်ဖြုန်းတီးပစ်လိုက်တယ်"
ဇာတ်ညွှန်းစာလိပ်ဖြင့် ကောင်းမင်၏ မျက်နှာကို ထပ်မံရိုက်ချလိုက်သည်။ သို့သော်လည်း ထိုသက်လတ်ပိုင်းလူက မကျေနပ်သေးပေ။
စာချုပ်နှစ်စောင်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး ကောင်းမင် တုံ့ပြန်ချိန်မရခင်မှာပင် ဘေးက လူမိုက်နှစ်ယောက်က သူ့ကို အတင်းအကျပ် လက်ဗွေနှိပ်ခိုင်းလိုက်ကြသည်။
"မင်းလို အသုံးမကျတဲ့ ဒါရိုက်တာက ယွမ် ၉ သိန်းကျော် အကြွေးတင်နေပြီကွ၊ အဲ့ဒီအကြွေးကို ဒီကြော်ငြာရိုက်ပြီး မဆပ်နိုင်ရင်တော့ မင်းရဲ့ ကလီစာတွေကို ထုတ်ရောင်းရလိမ့်မယ်၊ ငါ့ရဲ့ စိတ်ရှည်မှုက အတိုင်းအတာရှိတယ်၊ နားလည်လား"
ကောင်းမင်က ဘာမှတုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ ထိုလူက ကောင်းမင်ကို ထပ်မံထိုးကြိတ်လိုက်ပြီးမှ သူ့လူတွေနှင့်အတူ ထွက်သွားတော့သည်။
စတူဒီယိုတံခါးများ ပိတ်သွားပြီး သူတို့ ထွက်သွားပြီးနောက် အမှိုက်ပုံနှင့်တူသော ပစ္စည်းသိုလှောင်ရုံထဲမှ ကာတွန်းဝတ်စုံဝတ်ထားသော ဝန်ထမ်းသုံးဦး ပြေးထွက်လာကြသည်။
"ဒါရိုက်တာလီ... အသက်ရှိသေးရဲ့လား၊ ခင်ဗျား သေလို့မရဘူးသေးနော်၊ ခင်ဗျား ကျွန်တော်တို့ကို ငါးလစာပေးဖို့ ကျန်သေးတယ်"
အနက်ရောင် ကာတွန်းကြွက်ခေါင်းစွပ်ဝတ်ထားသော သရုပ်ဆောင်တစ်ဦးက ကောင်းမင်နားကို ပြေးလာပြီး ငိုချင်းချတော့သည်။ကောင်းမင် အရိုက်ခံနေရစဉ်ကတော့ သူတစ်ခွန်းမှ မဟရဲခဲ့ပေ။
“ဒီဒါရိုက်တာလီနဲ့ ဆက်လုပ်နေရင် လစာရဖို့နေနေသာသာ ငါတို့ရဲ့ ကလီစာတွေပါ ရောင်းစားခံရလိမ့်မယ်”
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ရာဘာဖြင့်လုပ်ထားသော ဘဲခေါင်းစွပ်ကို ချွတ်ရင်း ကောင်းမင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“စတူဒီယိုထဲက ပစ္စည်းတွေကို အကုန်ရောင်းပစ်ကြရအောင်၊ ရသလောက်လေးပေါ့”
“ဘာတွေပြောနေကြတာလဲ”
နောက်ဆုံး ကာတွန်းဇာတ်ကောင်ဖြစ်သည့် နားရွက်ရှည်ယုန်ဝတ်စုံဝတ်ထားသော ကင်မရာမန်းက ပြောလိုက်သည်။
“ဒါရိုက်တာလီက ဘယ်လိုပဲဖြစ်ဖြစ် ကလီစာတွေ ထုတ်ရောင်းခံရမှာပဲလေ၊ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ပေါ့၊ ငါတို့ လစာအတွက် ဒါရိုက်တာလီကို ငါတို့ကိုယ်တိုင်ပဲ ရောင်းစားလိုက်တာ ပိုကောင်းမယ်”
အရိုက်ခံထားရသည့် ကောင်းမင်မှာ ထိုသရုပ်ဆောင်သုံးဦး၏ စကားကို ကြားသောအခါ မူးနောက်နောက် ဖြစ်သွားသည်။ ဤယဇ်ပလ္လင်ကမ္ဘာက ထူးဆန်းလှသည်။ လူတိုင်းက သူတို့ရဲ့ စိတ်ယုတ်မာများကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေကြပြီး အမှောင်ဖက်ခြမ်းကို ထုတ်ဖော်ပြနေကြသည်။
“ငါ မသေသေးဘူးနော်”
ကောင်းမင်က အံကိုတင်းတင်းကြိတ်ရင်း မြေပြင်ပေါ်မှ ကုန်းထလိုက်သည်။ သူ့အသိစိတ်က ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များနှင့် စတင်ပေါင်းစပ်လာသည်။ ယဇ်ပလ္လင်ကို ကျူးကျော်ဝင်ရောက်လာသော အိပ်မက်သရဲသည် ယဇ်ပလ္လင်ကမ္ဘာ၏ အောက်ခြေကတိုင် ယုံကြည်မှုများကို တဖြည်းဖြည်း တိုက်စားသွားပြီး နတ်ဘုရားများကို သိမ်းပိုက်မည် ဖြစ်သည်။
သူ အခုရောက်ရှိနေသော ခန္ဓာကိုယ်၏အမည်သည် လီဆန်းစီ ဖြစ်ပြီး ကြော်ငြာရိုက်ကူးရသော တတိယတန်းစား ဒါရိုက်တာတစ်ဦး ဖြစ်သည်။သူသည် စိတ်အားထက်သန်စွာ ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း ရုပ်ရှင်မရိုက်ရသေးခင်မှာတင် ကြွေးမြီများကြား နစ်မွန်းနေရသူ ဖြစ်သည်။
အစောပိုင်းက သူ့ကို ရိုက်နှက်သွားသော အဖွဲ့ကား ရုပ်ရှင်ဖြန့်ချိရေးပိုင်းကို တာဝန်ယူထားသည့် လူမိုက်ဂိုဏ်းက ဖြစ်သည်။ တကယ်တမ်းတွင် ရုပ်ရှင်တင်မကဘဲ မြို့ထဲရှိ ဆေးကုသမှု၊ ပညာရေး၊ အစားအသောက် စသည့်အရာအားလုံးကို ထိုအဖွဲ့အစည်းကြီးတွေကပဲ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဝတ်စုံနက်နှင့် သက်လတ်ပိုင်းလူက ကောင်းမင်၏ ကိုယ်တွင်းအင်္ဂါများကို ရောင်းစားပစ်မည်ဟု ခြိမ်းခြောက်ခြင်းမှာ အလကားပြောခြင်း မဟုတ်ပေ။ သူတို့အဖွဲ့အစည်းတွင် သက်ဆိုင်ရာ ဌာနများ ရှိပြီးသားဖြစ်ပြီး ကောင်းမင်ကို တခြားလုပ်ဖော်ကိုင်ဖက်များဆီ လွှဲပေးလိုက်ရုံဖြင့် အလုပ်ပြီးမြောက်သွားမည် ဖြစ်သည်။ အလွန်ပင် စနစ်ကျပြီး ထိရောက်လှသည်။
"ဒါရိုက်တာလီ၊ ခင်ဗျားမသေတာ ဝမ်းသာပါတယ်၊ ဒါနဲ့ ကျွန်တော်တို့လစာကော… ကျွန်တော်တို့ ထပ်ရှုံးပြန်ပြီ၊ ခင်ဗျားရဲ့ အိမ်ကို ထပ်ပေါင်ကြည့်ပါလား"
အနက်ရောင် ကာတွန်းကြွက်ခေါင်းစွပ်ကို ချွတ်လိုက်သော ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူကို ကြည့်ပြီး ကောင်းမင် ခေါင်းကိုက်သွားသည်။ ဒါရိုက်တာ လီဆန်းစီ၏ရုပ်ရှင်အဖွဲ့သည် ပျက်စီးသွားခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ အခုတွင် သူလိမ်ခေါ်ထားသည့် လက်အောက်ငယ်သား သုံးယောက်သာ ကျန်တော့သည်။
ကြွက်နက်နေရာတွင် သရုပ်ဆောင်သောလူကို ကျားယိုကျစ်ဟု ခေါ်ပြီး ပစ္စည်းထိန်းတာဝန်ခံလည်း ဖြစ်သည်။ သူ့နာမည်သည် "ကြိုးစားအားထုတ်မှု" ဟု အဓိပ္ပာယ်ရသော်ငြား သူကတော့ ရည်မှန်းချက်မရှိဘဲ ထိုင်နေတာထက် လှဲနေတာကို ပိုကြိုက်သည့် လူပျင်းတစ်ယောက် ဖြစ်သည်။ သူသည် အသက် ၅၀ နားနီးနေပြီဖြစ်သလို လူပျိုကြီးတစ်ယောက်လည်း ဖြစ်သည်။ သူ ဒါရိုက်တာလီဆီ ဆက်လုပ်နေခြင်းမှာ ထွက်ပြေးရန် ပျင်းလွန်းလို့သာ ဖြစ်သည်။
ရာဘာဘဲကြီးအဖြစ် သရုပ်ဆောင်သော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးမှာ တင်းရှန်း ဖြစ်သည်။ သူမသည် အဖွဲ့ထဲတွင် တစ်ယောက်တည်းသော မင်းသမီးဖြစ်သည်။ ဒါရိုက်တာလီကဲ့သို့ပင် သူမသည် လူမိုက်ဂိုဏ်းတွင် အကြွေးအများအပြား တင်နေလေသည်။ လက်ရှိတွင် သူမသည် အကြွေးဆပ်ရန် ကြော်ငြာများ ရိုက်ကူးနေရသည်။ အကြွေးမဆပ်နိုင်ရင်တော့ တခြားအရာများ (ညစ်ညမ်းကားများ) ရိုက်ကူးရတော့မည်ဖြစ်သည်။ ထိုကြောင့် သူမသည် ဒါရိုက်တာလီထက်ပင် ပိုပူပန်နေပြီး နေ့တိုင်းလိုလို ပိုက်ဆံရှာရန် ကြိုးစားနေသူ ဖြစ်သည်။
နောက်ဆုံး နားရွက်ရှည်ယုန်ဝတ်စုံ ဝတ်ထားသူမှ ကင်မရာမန်း ဝူဝေဖြစ်သည်။ သူမ အရင်အဖွဲ့တုန်းက မင်းသားတစ်ယောက်ထံ ငွေရော စိတ်ပါ အလိမ်ခံခဲ့ရသည်။ ထိုလူ ပျောက်သွားပြီးနောက် သူမသည် လုံးဝ စိတ်ပျက်လက်ပျက်ဖြင့် ဤအဖွဲ့ထဲတွင်သာ သောင်တင်နေခြင်း ဖြစ်သည်။
"ဒါရိုက်တာလီ၊ ဒါရိုက်တာလီ၊ ခင်ဗျား ရူးသွားတာလား၊ ကျွန်တော်တို့ ဘာထပ်ပေါင်လို့ရမလဲ စဉ်းစားရအောင်လေ"
ကျားယိုကျစ်က ဈေးပေါလှသည့် ဝတ်စုံထူကြီးကို ချွတ်လိုက်ပြီး ပစ္စည်းပုံကြီးထဲမှ ကြိမ်ဖန်များစွာ သုံးထားသော ပတ်တီးအချို့ကို ရှာဖွေတွေ့ရှိသွားသည်။
"ငါ့ရှေ့က ဖယ်စမ်း၊ ဒါတွေက အပေါ်ယံဒဏ်ရာလေးတွေပဲ"
ကောင်းမင်က သူ့လူများကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဒါရိုက်တာလီ၏ မှတ်ဉာဏ်များကို ပြန်ရှာကြည့်လိုက်ရာ သူ့အိမ်သည် လူမိုက်ဂိုဏ်းသုံးဂိုဏ်းထံ ပေါင်နှံထားပြီးသား ဖြစ်နေသည်။ အကယ်၍ တစ်ပတ်အတွင်း ထိုဂိုဏ်းသုံးခုလုံးကို အတိုးမဆပ်နိုင်ပါက သူ့ကိုယ်တွင်းအင်္ဂါများကို ခွဲဝေယူလျှင်ပင် လောက်ငှမည် မဟုတ်ပေ။
"ဒါက တကယ့်ကို ကံဆိုးတဲ့အစပဲ၊ တခြားလူတွေကော ဘယ်လိုနေမလဲ မသိဘူး"